ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း – ၉၉
…
ယဲ့ဖန်သည် အများကြီး စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။ ထူးဆန်းသော အစိမ်းရောင် ကြေးပြား အပိုင်းအစလေးသည် သူ၏ ဒုက္ခ ပင်လယ်ထဲ၌ လဲလျောင်းနေခဲ့သည်။ လက်ရှိအချိန်အထိ မည်သူမှ ထိုအကြောင်း မသိခဲ့ပေ။ ထို့ကြောင့်သာ ပြဿနာများမှ ဝေးကွာနေခဲ့သည် ။
” အလယ်ပိုင်း မြေပြန့်က လူတွေ အရှေ့နယ်မြေနဲ့ ပူးပေါင်းကြတာလဲ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက်ဆုံးတော့လည်း နှစ်ဖက်စလုံးက အဲဒီ ဂူ သင်္ချိုင်းထဲမှာ ရှိတဲ့ရတနာတွေကို ဆုံးရှုံးသွားကြတာပဲလေ။ ”
” ဒဏ္ဍာရီတွေ အရဆိုရင် သီးခြား မျှော်စင်က မသေမျိုးတွေကိုတောင် သေအောင် သတ်နိုင်ခဲ့တယ်။ အကယ်၍ ဒါသာ ပေါ်လာခဲ့မယ်ဆိုရင် မိစ္ဆာ ဂူ သင်္ချိုင်းကို ချိတ်ပိတ်ဖို့ အင်အားအပြည့် ရှိသွားလိမ့်မယ်။ ”
” သီးခြား မျှော်စင်က ရှေး နတ်ဆိုးဧကရာဇ်ရဲ့ ဂူ သင်္ချိုင်းမှာ ရှိနေခဲ့တာလေ။ မင်း ပြောတဲ့အတိုင်းသာ ဆိုရင် ဂူသင်္ချိုင်းကို ဖွင့်ဖို့ နည်းလမ်းမှ မရှိဘဲ။ ”
” ဒါဆိုရင် အလယ်ပိုင်း မြေပြန့်က လူတွေကော ဒီရတနာကို လာရှာကြတာဘဲ။ ဒါအပြင် သူတို့လည်း ဘာဖြစ်လို့ ငါတို့နယ်မြေထဲမှာ ပစ္စည်းပျောက်ရတာလဲ။ ”
” အလယ်ပိုင်း မြေပြန့်မှာ ရှိတဲ့ လူတွေက ရှေးကျပြီးတော့ ထူးဆန်းတယ်။ သူတို့ရဲ့ ရတနာတွေဆိုတာက ဒီလောကကြီး ဖြစ်တည်ကတည်းက တည်ရှိနေတာလို့ ပြောကြတာဘဲ။ ငါတို့လို လူမျိုးတွေ သိလို့ ရတဲ့ အဆင့်အတန်း မဟုတ်ဘူးတဲ့။ ”
” ပြောကြတာကတော့ အရှေ့နယ်မြေမှာ ပျောက်သွားတာက အပိုင်းအစတစ်ခုလို့ ပြောကြတယ်။ ဘာအပိုင်းအစလည်း ဆိုတာကိုတော့ သူတို့တွေ မသိဘူး။ ”
ကျင့်ကြံသူများသည် စားသောက်နေရင်းနဲ့ပဲ ဆွေးနွေးနေခဲ့ကြသည်။ ထို့ကြောင့် အသုံးဝင်သည့် အချက်အလက် အများအပြားကို ယဲ့ဖန် ရလိုက်လေသည်။
” အချိန်က ၂နှစ်တောင် ကျော်သွားခဲ့ပြီ .. ။ ဒီနေရာက အလောင်းတွေ တောင်လိုပုံလို့ သွေးပင်လယ်တောင် ဖြစ်နေခဲ့ပြီ။ ဘယ်အချိန်မှ ရလဒ် ထွက်လာမလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဘယ်လောက်များများ ထပ်သေကြမလဲဆိုတာလည်း ပြောလို့ မရသေးဘူး။ အခု တွေးကြည့်ရအောင် ငါတို့လိုမျိုး တစ်ကိုယ်တည်း ကျင့်ကြံရေးသမားတွေက လွတ်လွတ်လပ်လပ် သွားနိုင်တာ မဟုတ်ရင် ငါတို့သာ မျိုးနွယ်စုကြီးရဲ့လက်အောက် ရောက်နေလို့ကတော့ အဖမ်းခံနေရလောက်ပြီ။ ဒါ့အပြင် အဲဒီရေကန်ကြီးနား သွားကပ်မယ်ဆိုရင် ငါတို့တွေ သေသွားနိုင်ခြေများတယ်။ ”
” မျိုးနွယ်စု တော်တော်များများက အင်အားကြီးတဲ့ သူတွေရဲ့ အကြံဉာဏ်ကိုပဲ နားထောင်ကြတာလေ။ ဒါကြောင့် မရေမတွက်နိုင်တဲ့ အသက်တွေကို စတေးပြီး သွေး ယဇ်ပူဇော်မှု လုပ်ရင်း အဲဒီရေကန်ကြီးကို ဖွင့်ချင်နေကြတာပဲ ဖြစ်လိမ့်မယ်။ အကယ်၍ ငါတို့သာ သီးခြားမျှော်စင်ကို ဖွင့်မလာနိုင်ဘူးဆိုရင် သေချာပေါက် ငါတို့ အရှေ့နယ်မြေကြီး တခုလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မှာ မဟုတ်ဘူး။ ဒီနေရာကြီးက သွေးစွန်းနေတဲ့ မိစ္ဆာမြေကြီး ဖြစ်ဖို့ကံကြမ္မာ ဖန်လာပြီပဲလေ။ နတ်ဆိုးဧကရာဇ်က ကြောက်စရာကောင်းလွန်းလှတယ် .. ။ ဒီရလဒ်ကို ခန့်မှန်းနေတာကြောင့်လည်း အဲဒီလို နှစ်ပေါင်းထောင်သောင်းချီပြီး ကြာမြင့်စေတဲ့ ကပ်ဆိုးကြီးကို ဖန်တီးခဲ့တာ ဖြစ်မှာပေါ့။ ”
” ဟုတ်တယ်။ သုခဘုံ တော်တော်များများလည်း ရှေးမျိုးနွယ်စုတွေက သီးခြားမျှော်စင်ကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ သူတို့တွေ ဘယ်လိုလုပ် အလွယ်တကူ လက်လျှော့ကြမှာလဲ ။”
ယဲ့ဖန်သည် နားထောင်ရင်းနှင့် စိတ်အေးလက်အေး ဖြစ်လာခဲ့တော့သည်။ ကြေးအပိုင်းအစကို ရပြီးသည့်နောက် သီးခြားမျှော်စင်အကြောင်း သူ အတွေး မရှိခဲ့ပေ။ ထိုအရာသည် သူ ရရှိနိုင်သော အရာမဟုတ်ခဲ့ပေ။ ထူးဆန်းသော အပိုင်းအစ တစ်ခုအဖြစ်ပင် လုံလောက် နေခဲ့ပြီဖြစ်သည်။
လက်ရှိအချိန်တွင် သူ စဉ်းစားဖို့ လိုအပ်သောအရာသည် ကန့်သတ်မြေထဲသို့ မည်သို့ ဝင်ရောက်ရမည်နည်း ဆိုသည့်အကြောင်းပင်တည်း။ ရတနာလုသည့် တိုက်ပွဲထဲတွင် သူ မပါဝင်ချင်ပေ။ ထို့ကြောင့် ဝေးနိုင်သလောက်ေဝးအောင် ပုန်းကွယ် နေထိုင်ဖို့ သူ ဆုံးဖြတ်ခဲ့သည်။
ထွက်ခွာတော့မည့် အချိန်၌ အရေးကြီးသည့် အချက်အလက်အား ယဲ့ဖန်ကြားလိုက်ရသည်။ ထို့ကြောင့် သူ့ကိုသူ ပြန်ထိန်းချုပ်ကာ ပြန်ထိုင်လိုက်တော့လေသည်။
” သုခဘုံနဲ့ ရှေးမျိုးနွယ်စုထဲမှာ ရှိတဲ့ အရေးကြီး ပုဂ္ဂိုလ်တွေ တော်တော်များများက သေခါနီး အခြေအနေတွေ ဆိုတာမင်းသိတယ်မလား။ ငါ ကြားတာတော့ သူတို့တွေက ရှေးကန့်သတ်နယ်မြေထဲမှာ တစ်ခုခု လုပ်ဖို့ စီစဉ်နေတယ်တဲ့။ ”
” မဖြစ်နိုင်လိုက်တာ။ ဘယ်သူက အဲ့ထဲသွားရဲမှာလဲ။ ဟိုးရှေးရှေးခေတ်ကတည်းက လူတွေ အများကြီးပဲ အဲဒီနေရာကို သွားကြပေမယ့် အားလုံးသေသွားကြတယ်လေ။ ပြောရမယ်ဆိုရင် သေမျိုး မျိုးနွယ်စုက လူတွေတောင်မှ အင်အားကုန်သုံးပြီး လူထောင်သောင်းချီကို စုဆောင်းလို့ အဲဒီနေရာကို ထိုးဖောက်ဝင်တာတောင် အကုန် သေကုန်ကြတာပဲ မလား။ သူတို့တွေ ပြာဖြစ်ချင်ကြလို့လား။ အဲ့ဒီနေရာက သက်ရှိတွေအတွက် မဝင်သင့်တဲ့ နေရာပဲ။”
” သုခမြေတွေဆိုတာက ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင် မကြာခင်မှာ သူတို့လည်းဖျက်ဆီးခံရတော့မယ်။ သူတို့က ချောက်နက်ကြီးတွေထဲကို ဝင်ပြီး နေချင်ကြတာပဲ။ ဒီတကြိမ်တော့ သုခဘုံမျိုးနွယ်ထဲမှာ ရှိတဲ့ လူတချို့က အထဲကို ထိုးဖောက် ဝင်ကြတော့မယ်။ ဒါ့အပြင် သူတို့ရဲ့အထင်ကရ ပုဂ္ဂိုလ် တော်တော်များများက သေလုမျောပါး ဖြစ်နေကြတယ်ဆိုတာ သေချာပေါက် တောင်စဉ်ကိုးသွယ်မှာရှိတဲ့ နတ်ဘုရား ဆေးဝါးတွေကို လိုချင်ကြမှာပေါ့။ ဒါမှသာ သူတို့ အသက်ကို ကယ်နိုင်မှာလေ။ ”
” ငါ့အထင်တော့ အထဲကို ဝင်တဲ့ ဘယ်သူမဆို သေကုန်ကြမှာပဲ။ အဲ့ဒီ ကန့်သတ်နယ်မြေက မိစ္ဆာဘုရင်ရဲ့ ဂူသင်္ချိုင်းထက် ကြောက်စရာ ပိုကောင်းတယ်။ ”
” အဲဒီလိုတော့လည်း ဘယ်ဟုတ်မလဲ။ ဟိုးရှေးရှေးခေတ်မှာကတည်းက အောင်အောင်မြင်မြင် ထွက်လာနိုင်တဲ့ သူတွေ ရှိတာပဲလေ။ ဘယ်လိုတန်ဖိုးကို ပေးဆပ်ရမယ်ဆိုတာတော့ ဘယ်သူမှ မသိဘူးပေါ့။ သုခဘုံနဲ့ ရှေးမျိုးနွယ်စုတွေရဲ့ အခြေခံက ခိုင်မာလွန်းတယ်။ သူတို့တွေက အဲ့ဒီနေရာထဲက စုပြီး ပြင်ဆင်နေပြီးလောက်ပြီ။ ဒါကြောင့် အောင်မြင်နိုင်ခြေကလည်း မြင့်တာပေါ့။ ”
” အရှေ့နယ်မြေကြီး တခုလုံးကို တုန်လှုပ်စေမယ့် ကိစ္စကြီးတစ်ခုလည်း ရှိသေးတယ်။ ကန့်သတ်နယ်မြေတွေထဲမှာ ရှိတဲ့ အရှေ့နယ်မြေတွေရဲ့ ဖွင့်ပွဲထဲက တခုကို လွန်ခဲ့တဲ့ နှစ်တွေတုန်းက လုပ်ပေးထားခဲ့တာ မင်း မှတ်မိသေးလား။ အခုတော့ ပြန်ဖွင့်ပြီး ဝင်နေပြီတဲ့။ ”
” ဘယ်အချိန်က သူတို့တွေ အကုန်လုံး ဒီလောက်အထိ အတင့်ရဲသွားကြတာလဲ။ ငါတို့ရော အပျော်ဝင်ပြီးတော့ သွားသင့်သလား။ အကယ်၍ သူတို့သာ မြင့်မြတ်တဲ့ တောင့်တန်းတွေဆီကို ရောက်နိုင်မယ်ဆိုရင် သေချာပေါက် နတ်ဘုရားဆေးဝါးတွေကို ရနိုင်မှာပဲလေ။ ငါတို့လည်း သာမန်ဆေးဝါး နည်းနည်းပါးပါးလောက်တော့ စုစည်းလို့ ရချင် ရနိုင်တာပဲလေ။ ဒါပေါ့ ..။ ဒါဆိုရင်ပြဿနာတော့ မဖြစ်လောက်ဘူး။ ”
” ငါတို့ ခဏလောက် စောင့်ရဦးမယ်။ ကန့်သတ်နယ်မြေက အန္တရာယ် အများဆုံး အချိန်မှာ ကျရောက်နေပြီးပြီ။ ”
အဆုံးသတ်တွင်မူ ယဲ့ဖန်သည်လည်း မြို့ငယ်ထဲမှ ထွက်ခွာလာခဲ့တော့သည်။ လှည့်လည် ကျင့်ကြံသူများ၏ စကားကို သူ တွေးတောနေခဲ့ပြန်သည်။
” အဲဒီ ကန့်သတ်နယ်မြေက ငါ ထင်ထားတာထက် ပိုပြီး အန္တရာယ်များတာပဲ။ ငါအဲဒီတုန်းက အသက်ရှင်ခဲ့တယ်ဆိုတာ နဂါး အလောင်းကြီး ကိုးလောင်း စွဲလာခဲ့တဲ့ ကြေး အခေါင်းတလား ကြောင့်ပဲ ဖြစ်ရမယ်။ ”
ယဲ့ဖန် မပျံသန်းတော့ချေ။ ထိုအစား ယန်မြို့တော်ကြီးဆီသို့ လမ်းလျှောက်ရင်းသာ ဝင်ရောက်လာခဲ့သည်။ မြို့တော်ကြီးသည် အခမ်းနားမှုအပြည့်ဖြင့် တောက်ပနေခဲ့ပြီး မဟာတံတိုင်းကြီးသဖွယ် ကြီးမားသော မြို့တံတိုင်းများကို ပိုင်ဆိုင်ထားခဲ့လေသည်။
ယန်မြို့တော်ကြီး၏ လမ်းမများသည် ဆူပူ လှုပ်ရှားမှုများဖြင့် ပြည့်နက်နေခဲ့သည်။ လမ်းပေါ်မှာ လူများကိုကြည့်ရင်း ယဲ့ဖန်စိတ်မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိလေသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း တောင်ထဲ၌သာလျှင် လေ့ကျင့်နေခဲ့သည့်အတွက် ဆူပူလှုပ်ရှားမှုများပြားသော မြို့ကြီးသည် သူနှင့်ဆန့်ကျင်ဘက် ဖြစ်လို့နေလေသည်။
နေ့စဉ်နေ့တိုင်း တောတောင်မြစ်ချောင်းများကိုသာ မြင်တွေ့နေခဲ့ရသည့်အတွက် ဆူပူလှုပ်ရှားမှုများ များပြားသောမြို့တော်ကြီးနဲ့ ရင်ဆိုင်လိုက်ရချိန်တွင် သူ၏သွေးများမှာ ဆူပွက်ကာ တက်ကြွလာလေသည်။
” ရွှေရောင်ေတာက်နေတဲ့ စွန်ပလွန်သီးတွေပါလား။ အကြီးကြီးနဲ့ ချိုလိုက်တာ။ ”
” ဟို ကြက်တောင်ပံတွေက မာမဲ့ပုံပဲ။ ကြည့်ရတာအရသာမရှိလောက်ဘူး။ ”
” ဒီဖက်ထုတ်ပြုတ်က အခွံပါးပါးလေးနဲ့ အထဲမှာ အသားတွေအပြည့်ပဲ။ သွားစားကြည့်ရင်ကောင်းမလား။ ”
” အချိုပွဲအဖြစ် စားလို့ရတဲ့ အသီးဒုတ်ထိုးတွေ ရနေပြီ။ တစ်ခုမှ ကြေးပြားတစ်ပြားပဲ။ ”
ဆိုင်ရှင်များသည် အော်ဟစ်ကားရောင်းချရင်း လူအများအား ဆွဲဆောင်နေခဲ့သည်။ ယဲ့ဖန်သည်လည်း ဟိုဟိုသည်သည် လျှောက်ကြည့်ကာ အတွေးမျိုးစုံ တွေးနေခဲ့မိပြန်သည်။ ထို့အပြင် လူများအား ဒုက္ခပေးမည့်သူများသည်လည်း လမ်းထောင့်များမှာ ရှိနေခဲ့သည်။ ထိုအပြင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစည်းနေသော စားသောက်ဆိုင်များလည်း အပြည့်ရှိနေခဲ့သည်။ ဆိုင်တိုင်း၏ရှေ့တွင် ပျူငှာဖော်ေရွလှသော စားပွဲထိုးများ ရှိနေခဲ့သည်။ ကြိုဆိုစကားများအား ဆိုနေခဲ့သည်။
” ကျင့်ကြံမှုဆိုတာ ခက်ခဲလွန်းတာပဲ။ ဒီသေမျိုးတွေရဲ့ လောကကမှ တကာ်ကို ပျော်စရာကောင်းတာ။ ”
ယဲ့ဖန် တွေးတောရင်းနှင့်ပင် စိတ်ထဲ၌ လှုပ်ရှားလာတော့လေသည်။ နွေးထွေးကာ သက်ဝင် လှုပ်ရှားလှသော လူများသည် ခက်ခဲလှသော ကျင့်ကြံမှုနှင့် ယှဉ်လိုက်လျှင် သူ တမ်းတသော ရိုးရှင်းသည့် ဘဝဖြစ်နေခဲ့ပြန်သည်။
သို့သော် လက်ရှိအချိန်တွင် အိမ်ပြန်ချင်သည့်အတွက် သူ၏ ကျင့်ကြံမှု အခြေခံအား ထိခိုက်အောင် လုပ်၍ မရပေ။ မွေးဖွားကာ ကြီးပြင်းခဲ့သည့်နေရာသို့ ပြန်ရန်အတွက် ခိုင်မာသော ကျင့်ကြံမှု ရှိရန် လိုအပ်လိမ့်မည်။
ယခုလောကတွင် ၃နှစ်တိတိ ယဲ့ဖန်နေထိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ခက်ခဲသည့်ကျင့်ကြံမှုများ ပြီးဆုံးသွားသည့်နောက် သေမျိုးတို့၏ လောကသို့ ပြန်လည် ရောက်ရှိလာတော့သည်။ ထို့ကြောင့် ချက်ချင်းပဲ သူ၏ ဇာတိမြို့အကြောင်း မတွေးဘဲမနေနိုင် ဖြစ်လာခဲ့ရတော့သည်။
” အချိန်တွေကုန်တာ မြန်လိုက်တာ။ သုံးနှစ်တောင်ရှိ သွားပြီး။ ငါ့ရဲ့တခြား အဖော်တွေရော ဘယ်လိုရှိမလဲ။ ”
ပထမဆုံးအကြိမ်အဖြစ် ဖန်းပေါ်အကြောင်း တွေးလိုက်မိပြီးသည်နောက် စိုးရိမ်ပူပန် သွားတော့လေသည်။ ထို့နောက် လျိုယီးယီး၊ ကျန်းကျစ်လင်၊ လင်ကျား၊ ဝမ်ကျစ်ဝမ်၊ ကျိုးယိ နှင့် အခြားသူများကိုပါ တွေးမိတော့လေသည်။
” ငါ ရှေးကန့်သတ်နယ်မြေထဲကို မဝင်ခင် အရင် အတန်းဖော်တွေကို သွားတွေ့သင့်တယ်မဟုတ်လား။ ”
လျိုယီးယီးနှင့် ကျန်းကျစ်လင်တို့ကို ပိုတွေ့ချင်နေခဲ့သည်။ ၃နှစ်ကြာအောင် ခွဲခွာပြီးသည့်နောက် သူတို့၏အခြေအနေအား သူသိချင်နေခဲ့သည်။
” အစ်ကိုကြီး …။ ကျွန်ေတာ် ဗိုက်ဆာလို့ ကျွန်ေတာ့်ကို ပေါက်စီလေး တစ်လုံးလောက် ဝယ်ကျွေးပါ။ တောင်းပန်ပါတယ် အရမ်းဆာနေလို့ပါ။ ”
ထိုအချိန်၌ပင် ညစ်တီးညစ်ပတ်ဖြင့် ပေရေနေသော မျက်လုံးဝိုင်းဝိုင်း မိန်းကလေးမှာ သူ့အား တောင်းပန်နေသည်ကို သူ တွေ့လိုက်ရလေသည်။ သူမ၏ မျက်လုံးများသည် အင်မတန်ပင် ကြည်လင် တောက်ပ၍ နေခဲ့သည်။
ထိုသို့ မြင်ကွင်းအား ယဲ့ဖန် မကြည့်ရက်နိုင်ပေ။ ထိုကဲ့သို့ ကြုံရသည့် အချိန်တိုင်း သူ၏ နှလုံးသားမှာ ခါးသီးသွားရလေသည်။ ထိုကြောင့် အနီးအနား ပေါက်စီဆိုင်မှ ပူပူနွေးနွေး ပေါက်စီနှင့် ဖက်ထုတ်ပြုတ်တပွဲအား ဝယ်ကာ သနားစရာကောင်မလေးအား ပေးလိုက်တော့သည်။ ထိုအပြင် သူ့မှာ ရှိသော ပိုက်ဆံများအား ထုတ်ယူလာကာ သူမ မသိခင်အချိန်၌ ထိုးထည့်ပေးလိုက်လေသည်။
ယဲ့ဖန်သည် ထိုသို့လုပ်ပြီးသည့်နောက် တောအုပ်ထဲ၌ တိုးဝင်ေပျာက်ကွယ်သွားတော့လေသည်။ ထိုကောင်မလေးမှာမူ ကြောင်အအနဲ့သာ ကျန်ခဲ့တော့လေသည်။
မြို့တွင်း၌ လှည့်လည်နေရင်း သူ သွားလိုသည့် ကျောက်စိမ်းအိုး သုခဘုံမှာ မိုင်လေးရာသာ ကွာဝေးကြောင်း ရှာဖွေတွေ့ရှိသွားရတော့သည်။ ထို့ကြောင့် လျိုယီးယီးအား တွေးမိကာ ထိုနေရာသို့ သွားကြည့်ရန် ပထမဦးစွာ ဆုံးဖြတ်လိုက်သည်။
အပိုင်း ၉၉ ပြီး၏။
Chapter – 99
? Views, Released on September 1, 2024