Switch Mode

Chapter – 98

ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း – ၉၈

ထိုအတွေ့အကြုံက သစ်ဆန်းနေခဲ့ပြီး ယဲ့ဖန်သည် ကောင်းကင်အမြင့်တွင် ရပ်လျက် သူ၏ ဝတ်ရုံစအား လေထဲတွင် လွင့်ပါးစေကာ အဝေးကို မျှော်ကြည့်နေခဲ့သည်။ တောင်တန်းများနှင့် မြစ်ချောင်းများမှာ ခြေထောက်အောက်တွင် ရှိနေခဲ့သော ခံစားချက်သည် အရာအားလုံးကို ထိန်းချုပ်နိုင်သည့်အလား စိတ်နှလုံးထဲအထိ ပီတိ ဘဝင်ခိုက်စေခဲ့သည်။
မြင်နေရသော မြင်ကွင်းသည် ကျယ်ပြောနေခဲ့ပြီး ပြိုင်ဘက်ကင်းဟု ခံစားရစေသည်။ သူ၏ ကိုယ်ပိုင်အင်အားဖြင့် မိုးကောင်းကင်ပေါ်သို့ ထိုးတက်လာရာ သူ နေထိုင်ရာ လောကကြီးကို နောက်တကြိမ် ကြည့်လိုက်မိပြန်သည်။ ထိုမြင်ကွင်းက တုန်လှုပ်စရာ ကောင်းလွန်းလှသည်။
ခန့်ညားသော တောင်တန်းများနှင့် မြစ်ချောင်းများအပြင် ကျယ်ပြောလွန်းလှသော မြေကမ္ဘာကြီးသည် မျက်စိတဆုံးတွင် ရှိနေခဲ့ပြန်သည်။ လောကကြီးမှ အရာအားလုံးတို့သည် သူ၏ နှလုံးသားထဲသို့ ဖြည်းဖြည်းချင်း ရိုက်ခတ်ကာ စိတ်ကူးစိတ်သန်းများ ပေးနေခဲ့ပြန်သည်။
” ဒါက နွေဦး အသက် စမ်းချောင်းနယ်ပယ်လား။ အင်အားက သန်မာလိုက်တာ။ ”
လေထဲ၌ ရပ်နေရင်း သူ၏ ခန္ဓာကိုယ်သည် သန့်စင် တည်ငြိမ်နေသည်ကို ခံစားနေခဲ့ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အနုပညာ လက်ရာ တစ်ခုသဖွယ် တောက်ပ၍ နေခဲ့သည်။ အသစ် တစ်ဖန် ပြန်လည်မွေးဖွားလာသည့်အလား အသက်စွမ်းအားများမှာ တောက်ပနေခဲ့သည်။
လက်ရှိအချိန်တွင် နယ်ပယ်များ၏ ကွာခြားချက် မည်မျှ ကြီးမားကြောင်း ယဲ့ဖန် နားလည်သွားခဲ့တော့သည်။ သူ၏ အသားအရေမှာ ခြောက်ပစ်ကင်းသဲလဲစင်ကာ ပြီးပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပြီး ဒုက္ခပင်လယ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် သူ တွေ့ကြုံခဲ့သည်ရှိသော် ထိုသူအား လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့်ပင် ပြာဖြစ်အောင် လုပ်လိုက်နိုင်ပေမည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ သန်မာမှုများသည် အတွေးအမြင် မှားကာယုံကြည်ချက် မြင့်မားနေမှု မဟုတ်မှန်း ရှင်းရှင်းလင်းလင်း နားလည်နိုင်ပေသည်။
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အလင်းတန်းအား စီးနင်းကာ မြေကမ္ဘာနှင့် မိုးကောင်းကင်တစ်လျှောက် ခုန်ကူးနေခဲ့လေသည်။ တောက်ပသော အလင်းတန်းသည် ကောင်းကင်၌ ရွေ့လျားရင်း ကြယ်ဥက္ကာပျံ တစ်ခုသဖွယ် မြေပြင်သို့ ကျဆင်းကာ အပေါ်သို့ ခုန်တက်သွားခဲ့ပြန်သည်။
နာရီဝက်နီးပါးမျှ ပျံသန်းပြီး သူ တည်ငြိမ်သွားခဲ့ရသည်။ တောင်ကြောတစ်ခု၏ အပေါ်၌ ရပ်ကာ လေပြေညှင်းများအား ရှုရှိုက်ရင်း တောက်ပသော မျက်ဝန်းများဖြင့် အဝေးသို့ စိုက်ကြည့်နေခဲ့ပြန်သည်။ သူ၏ အားကောင်းလွန်းလှသော အရှိန်အဝါများသည် လက်ရှိအချိန်တွင် အပြည့်အဝ တားဆီးခံထား ရသည့်အတွက် တည်ငြိမ် အေးချမ်းမှုအရှိန်အဝါသည်သာ ခန္ဓာကိုယ်‌ေဘးပတ်လည်၌ ကျန်ရှိနေခဲ့ပေသည်။ အဝတ်အစားများသည် လေ တိုက်ခိုက်မှုကြောင့် ဝေ့ဝဲနေခဲ့သည့်အပြင် တောင် အမြင့်၌ ရှိနေသော သူ၏ သွင်ပြင်မှာ သေမျိုးလူသားမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးသဖွယ် ထင်ရပေသည်။ ထိုသဘာဝကျသော ခန့်ညားသည့် ခံစားချက်သည် လက်ရှိအချိန်တွင် သူ့အားပံ့ပိုးနေခဲ့လေသည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ ဒုက္ခပင်လယ်သည် လက်ရှိအချိန်တွင် ကြမ်းတမ်းသော လှုပ်ရှားမှု မရှိသည့်အတိုင်း အပြည့်အဝ တည်ငြိမ်နေခဲ့လေသည်။ ရွှေရောင် ဒုက္ခပင်လယ်၏ အလယ်ဗဟိုအတွင်း၌ သန်မာသော အသက်စွမ်းအားများ ရှိနေခဲ့ပြီး နတ်စွမ်းအား အရင်းအမြစ်သည်လည်း စီးဆင်းနေခဲ့သည်။
ကံကြမ္မာ ဘီးလုံးကမူ ဒုက္ခ ပင်လယ် တစ်ခုလုံးအား လွမ်းခြုံထားကာ အဆုံးမဲ့သည့် အသက်စွမ်းအားများကို ချိတ်ဆက်ထားလေသည်။ ထိုနေရာသည် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအား အရင်းအမြစ် ပင် ဖြစ်လေသည်။
ဒုက္ခပင်လယ်၏ အရပ် ရှစ်မျက်နှာ၌ သေးငယ်သော လှိုင်းများ ထနေခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားတို့၏ သဘော သဘာဝကို ဖော်ပြနေခဲ့သည်။
ရွှေရောင်ပင်လယ် လှိုင်းထန်လာမှုနှင့်အတူ နတ်ဘုရား စမ်းချောင်းသည် အဆုံးမဲ့သော အသက်စွမ်းအား၏ အရှိန်အဝါအား ဖော်ထုတ်နေခဲ့သည်။
ထိုအချိန်တွင် ထူးဆန်းသည့် အစိမ်းရောင် ဆေးပစ္စည်းမှာ နေရာပြောင်းသွားခဲ့ပြီး နွေဦး အသက်စမ်းချောင်း၏ အောက်ခြေတွင် ရှိနေခဲ့တော့သည်။
ယဲ့ဖန် သန့်စင်ချင်ခဲ့သော ထိုအရာသည် လက်ရှိအချိန်တွင် ပုံသဏ္ဍာန် ပေါ်လာရုံမျှသာ ရှိနေခဲ့ပြီး အပြည့်အဝ မဖြစ်ပေါ်ခဲ့သေးပေ။
ဒုက္ခ ပင်လယ်အဆင့်၊ နွေဦး အသက်စမ်းချောင်း အဆင့် ၊ နတ်ဘုရား တံတားအဆင့်နဲ့ ပါရမီဖြည့်တင်းမှု အဆင့် အားလုံးတို့သည် တစ်ခုချင်းစီ အလိုက် လက်နက်တစ်ခုကို ဖန်တီး သန့်စင်နိုင်လေသည်။ သို့သော် လက်ရှိအချိန်တွင် ဒုတိယ နယ်ပယ်သို့ ရောက်ရှိပြီ ဖြစ်သော်ငြား လက်နက် တခုတစ်လေကိုမှ မသွန်းလုပ်ရသေးချေ။ ထိုအချက်က ယဲ့ဖန်အားမျက်မှောင် ကြုံ့မိစေသည်။
လက်နက်အား ဖန်တီးပြုလုပ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။ သို့သော် သူ မစိုးရိမ်ခဲ့ပေ။ တာအို စာလွှာထဲမှ မှတ်တမ်းတင်ချက်များအရ ပိုမိုထူးဆန်း ရှုပ်ထွေးသော လက်နက်တစ်ခုအား ဖန်တီးနိုင်ရန် ခက်ခဲသော အချိန်နှင့် နည်းလမ်း လိုအပ်လေသည်။ ထို့အပြင် မိုးကောင်းကင်နှင့် မြေကမ္ဘာမှ စည်းမျဉ်းစည်းကမ်းများအားလည်း လိုအပ်လေသည်။
တာအိုစာလွှာပါ အကြောင်းအရာ များအရ ထိုလက်နက်တစ်ခုအား အဆင့် လေးခု ပေါင်းစည်းမှသာ ဖန်တီးနိုင်ပေလိမ့်မည်။ တစ်နည်းဆိုရလျှင် အင်အားအကြီးဆုံး လက်နက်တခုကို ဖန်တီးနိုင်ရန်အတွက် ဒုက္ခပင်လယ်၊ အသက်စမ်း‌ေချာင်း၊ နတ်ဘုရား တံတားနှင့် ပါရမီဖြည့်ကျင့်မှု အစရှိသည့် လေးခု ပေါင်းစည်းရပေလိမ့်မည်။ ထို့အပြင် တစ်ခုချင်းစီမှလက်နက်တစ်ခုစီ ထုတ်လုပ်မည့်အစား လေးခု ပေါင်း၍ တစ်ခု ထုတ်လုပ်ခြင်းသည် ပို၍ ကောင်းပေလိမ့်မည်။
ပါရမီရှင်များသည် အချိန်ယူကာ မွေးမြူကြရလေသည်။ အရှေ့နယ်မြေကြီး တစ်ခုလုံးထဲတွင် ထူးဆန်း နည်းလမ်းများစွာ ရှိသော်လည်း လက်နက်အား ဖန်တီးနိုင်ရန်အတွက် မှတ်တမ်းတင်ထားမှုသည် အနည်းငယ်သာ ရှိပေသည်။ ထို့ကြောင့် သာမာန် ကျင့်ကြံသူများသည် ထိုအရာအား နားလည်နိုင်ရန် အခွင့်အရေးပင် မရှိခဲ့ကြပါ။
သို့သော ရှေးစာလွှာများအား ပိုင်ဆိုင်သော မျိုးနွယ်စု နေရာများသည် စွန့်စားဝံ့ကြလေသည်။ အခွင့်အရေးဟူသည်စွန့်စားမှုများနှင့် ပူးတွဲကာ အစဉ်အမြဲ တည်ရှိနေသည်။ အကျိုးအမြတ် ပိုမို ရရှိလိုလျှင် ပေးဆပ်ရမည့် တန်ကြေးကိုလည်း နားလည်ရလိမ့်မည်။
ရှေးရှေးခေတ်များ အတိုင်းကပင် လူ အများစုသည် အချိန်များသာ ကုန်လျက် လက်နက်တစ်ခုအား သန့်စင်ရန် မအောင်မြင်ခဲ့ကြပေ။ ကိုယ်ပိုင် လက်နက် မရှိသူများသည် ထိန်းချုပ်နိုင်သော အရာဝတ္ထုများ မရှိတော့သည့်အတွက် ဒုက္ခိတဖြစ်သည်နှင့် မခြားနားပါ။ ထို့ကြောင့် အနည်းငယ်သော သူများသည်သာ ထိုသို့ရွေးချယ်မှု လုပ်ကြပေသည်။
ဒုက္ခပင်လယ်အဆင့် တွေ့ရှိစဉ်က ယဲ့ဖန်သည် ဆုံးဖြတ်ချက် မချခဲ့ပေ။ သူ၏ လက်နက်တစ်ခုအား ဖန်တီးရန်သာ အာရုံစိုက်ခဲ့သည်။ သို့သော် နွေဦးအသက် စမ်းချောင်းအဆင့်သို့ တိုးတက်ခဲ့ပြီး ယခုအချိန်အထိ လက်နက်ကို မဖန်တီးရသေးသည့်အတွက် ဆုံးဖြတ်ချက်ချရန် လိုအပ်လာခဲ့တော့သည် ။
” မအောင်မြင်ရင် သေချာပေါက် အန္တရာယ် အများကြီး ရှိနိုင်တယ်။ ငါ့မှာလည်း အကြံ မရှိတော့ဘူး။ ပိုပြီးအားကောင်းတဲ့ လက်နက်ကို ရနိုင်ဖို့အတွက် ငါ သေချာပေါက် လက်နက်တခုတည်းကို သန့်စင်ဖို့ပဲ ရွေးမှ ဖြစ်မယ်။ ဒီအချိန်မှာ ငါ မိုးကောင်းကင်နဲ့ မြေကမ္ဘာစွမ်းအင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖန်တီးချင်လည်း ဖန်တီးနိုင်မှာပေါ့။ အဆင့် လေးဆင့်ကို ပေါင်းပြီး လက်နက်တစ်ခုကို ဖန်တီးတယ်ဆိုတာက ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်နေတယ်။ တကယ်ပဲ ခက်ခဲလိုက်တာ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုတ်စရာအကြောင်း မရှိဘူး။ ”
လက်ရှိအချိန်တွင် သူ့အနေဖြင့် အရာအားလုံးအား ဖျက်ဆီးနိုင်မည့် တစ်ခုတည်း‌ေသာ လက်နက်ကို ဖန်တီးရန် စိတ် အခြေအနေမှာ အသင့်ဖြစ်နေခဲ့သည်။
” ငါ့ဘဝရဲ့ အချိန်တွေ အလဟသ မကုန်စေဖို့ မဟာ လက်နက်တခု ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ ”
နွေဦး အသက်စမ်းချောင်းအဆင့်သို့ ရောက်ရှိနိုင်ပြီးသည့်နောက် ကောင်းကင်၌ ပျံသန်းနိုင်တော့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ကန့်သတ်နယ်‌ေမြအား နောက်တကြိမ် သွားရောက်ရန် စတင် စဉ်းစား ရတော့သည်။ သို့သော် လုံလောက်အောင် ပြင်ဆင်ဖို့ လိုအပ်လေသည်။ အကယ်၍ မပြင်ဆင်နိုင်ခဲ့လျှင် ထိုနေရာ၌ပင် အရှင်လတ်လတ် မြေမြှုပ်ခံရပြီးလိမ့်မည်။
အလောတကြီး သူ မထွက်ခွာခဲ့ချေ။ အဲဒီအစား သူ၏ ကျင့်ကြံမှုအား ခိုင်မာသိပ်သည်းစေရန် ထိုနေရာ၌ပင် နေထိုင်ကာ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်တစ်ဆင့်သို့ တိုးတက်ပြီးသည်နောက် ခန္ဓာကိုယ်နှင့် ကျင့်သားရစေရန် အချိန်လိုအပ်လေသည်။ နောက်ပိုင်းအချိန်များတွင် ယဲ့ဖန်သည် မြေအောက်ဂူတစ်ခုအား ဖန်တီးကာ နောက်ထပ် စတင် ကျင့်ကြံလေတော့သည်။
နောက်ထပ် တစ်နှစ်အချိန်ပါ ကုန်ဆုံးသွားခဲ့လေသည်။ ထို့အပြင် မြေအောက်မီးလျှံသည်လည်း သူ၏ စုပ်ယူမှုကြောင့်ခမ်းခြောက်လုနီးပါး ဖြစ်သွားခဲ့သည်။ ယဲ့ဖန်၏ ကျင့်ကြံဆင့်သည်လည်း တည်ငြိမ်သွားခဲ့သည်။ ထို့အပြင် တည်တည်ငြိမ်ငြိမ် တိုးတက်မှုရှိနေခဲ့လေသည်။
အကြီးမားဆုံး အကျိုးအမြတ်သည် သူ၏ လက်နက် ရအပိုင်းအစ ကနဦးအခြေအနေ စတင် ဖြစ်ပေါ်လာခြင်းပင်ဖြစ်နေခဲ့သည်။
ထူးဆန်းသော စိတ်ဝိညာဥ် မီးလျှံ၏ အကူအညီဖြင့် အကြိမ်ပေါင်း သန်းနှင့်ချီအောင် နာနာကျင်ကျင် ကျော်ဖြတ်ခဲ့ပြီးသည့်နောက် လုံးဝန်းသည့် ခြေထောက်သံုး‌ေချာင်းထောက် အိုးတလုံးသည် အပေါ်ယံ အသွင်ဖြစ်ပေါ်လာခဲ့လေသည်။
” ကြည့်ရတာ ဒီအိုးတလုံး ပုံစံ ကောင်းကောင်း ပေါ်လာဖို့ ဆိုရင် ငါ အဲ့ဒီထူးဆန်းတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ထပ်လိုဦးမဲ့ပုံပဲ။ ဒီလိုမျိုး နတ်မီးလျှံကတော့ အတော်လေး အသုံးဝင်လိမ့်မယ်။ တကယ့် အပြင်လောကမှာ လက်နက်တွေကို ဖန်တီးဖို့ဆိုရင် မီးလိုတယ်မလား။ သေချာပေါက် ငါ့ရဲ့ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အိုးကို ပုံသွင်းဖို့ ဆိုရင်လည်း အဲလို မီးမျိုး ထပ်လိုလိမ့်မယ်။ ”
ယဲ့ဖန်၏ ဒုက္ခပင်လယ်အထက်တွင် သန္ဓေသား တစ်ခု အရွယ်သေးငယ်သော အိုးတလုံး ရှိနေခဲ့သည်။ ချယ်ရီသီး တစ်လုံးအရွယ် ပမာဏ ရှိနေခဲ့ပြီးနောက် မိန့်ဖျော့ဖျော့ အလင်းများလည်း ဖြာထွက်နေခဲ့သည်။ လွန်ခဲ့သည့် နှစ်အတွင်းတွင် အကြိမ်ကြိမ် အားဖြည့်ကာ ပွတ်တိုက် ဖန်တီးခံရပြီးသည်နောက် သူ၏ တာအို အရှိန်အဝါများသည် စတင်ဖြစ်ပေါ်လာခဲ့လေသည်။
တစ်ချက် တွေးတောလိုက်ရုံဖြင့်ပင် သေးငယ်သော အိုးကလေးသည် သူ၏ ခန္ဓာကိုယ် အပြင်ဘက်သို့ ပြေးထွက်သွားလေတော့သည်။ အသံတစ်သံမှ မထွက်ပဲ ကျောက်တုံးနံရံအား ခပ်မြန်မြန်ပင် ထိုးဖောက်သွားကာ ဆယ်မီတာကျော်ကို ဖြတ်သန်းသွားပြီးသည်နောက် ကောင်းကင်၌ ပြန်လည် လွင့်မျောနေခဲ့ပြန်သည်။
” အိုးတစ်လုံး ၊ နားရွက် နှစ်ဖက်၊ သုံးပေ တာအိုတွေဆိုတာက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ တစ်ခုကနေ နှစ်ခုကိုပြောင်းလဲ ..။ နှစ်ခုကနေ သုံးခုကို ပြောင်းလဲ …။ သုံးခုက‌ေန အရာအားလုံးဖြစ်နိုင်တယ်။ အရာအားလုံးဆိုတာက ယင်ကို ဖန်တီးပြီး ယန်ကို လွမ်းခြုံတယ်။ ကောင်းတယ်…..ကောင်းတယ် ”
တွေးတောရင့်ဖြင့် ယဲ့ဖန် ကျေနပ်နေခဲ့မိသည်။ ထိုရိုးရှင်းသော အိုးလေးထဲတွင် သဘာဝတရား၏ တာအိုစွမ်းအားများကို သူ အာရုံခံမိနေခဲ့သည်။ ထူးဆန်းကာ ကျယ်ပြောလှသော လောကကြီး၏ အမှန်တရားမှာ ထိုအိုးထဲတွင် ဖြစ်တည်နေသည့်အလား ခိုင်မာလွန်းလှပေသည်။
” စည်းမျဉ်းတွေ အားလုံးကို ဒီအိုးဖျက်ဆီးလိုက်တဲ့ အချိန်ရောက်တဲ့အထိ ငါ‌ေစာင့်ရမှာပေါ့။ ”
ထိုအိုးလေး ပေါ်ထွက်လာပြီး အချိန်ကတည်းက စတင်၍ အင်အားကြီး လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ တိုက်ခိုက်မှုနှင့် ခုခံမှု နှစ်ခုစလုံးအတွက် အသုံးပြုနိုင်ရုံတင်မက ဖျက်ဆီးရန်လည်း ခက်ခဲလေသည်။ ထူးဆန်းသော စွမ်းအားများနှင့် တာအိုအမှတ်အသားများ ပေါင်းစပ်ထားသည့် ဖန်တီးမှုက အစဉ်အမြဲ ပြောင်းလဲမှုကိုအထောက်အကူ ပြုနိုင်သည်။
ယခုလောကတွင် ယဲ့ဖန် ရောက်ရှိလာသည်မှာ ၃နှစ်ပင် ပြည့်ခဲ့လေသည်။ ဂူထဲ၌ နှစ်နှစ်နီးပါး ကြာအောင် လေ့ကျင့်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်သည်လည်း ၁၇၀ စင်တီမီတာအထိ မြင့်မားလာခဲ့ပေသည်။ သူ၏ ရုပ်ရည်မှာ ၁၄ နှစ်ကလေး အရွယ်များလောက်သာရှိကာ အတော်ပင် ငယ်ရွယ်လွန်နေခဲ့သည်။
လက်ရှိအချိန်တွင် ဆံပင်မှာ ၂ပေကျော်မျှ ရှည်လျားနေခဲ့ပြီးဖြစ်သည့်အပြင် ပုခုံးပေါ်မှာ ဝဲကျကာ နောက်ကျောအထိသို့ ရောက်ရှိလို့နေခဲ့ပေသည်။ နူးညံ့ကာ ချောမောသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားခဲ့သည့်အတွက် ဘယ်သူကမှ သူအား နွေဦးအသက် စမ်းချောင်း ကျင့်ကြံသူတစ်ယောက်ဟု ထင်ကြမည် မဟုတ်ပါ။
” သွားဖို့ အချိန်တန်ပြီပဲ ”
ဂူအား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် တောင်ကြောဘက်သို့ သူ ပျံသန်း ထွက်ခွာလာခဲ့တော့သည်။ ထိုနောက် မြူငယ်လေး တစ်ခုအနီးသို့ တမင်တကာ အားစမ်းကာ သွားရောက်ပြီး ပထမဆုံးအကြိမ်အဖြစ် ငွေပြားတချို့ကို ရရှိလာခဲ့လေသည်။
ထို့နောက် သင့်တော်သော အဝတ်အစားတချို့အား ရှာဖွေဝယ်ယူကာ လဲလှယ်လာသည့် သူ၏ အဝတ်အစားများမှာ စုတ်ပြဲကုန်ကြပြီ ဖြစ်ခဲ့သည်။ ထို့ကြောင့် မြို့ထဲသို့ ဝင်လာချိန်တွင် လူများမှာ သူအား စောင့်ကြည့်ရင်း တီးတိုးပြောဆိုနေခဲ့ကြသည်။
” ဒီလောကထဲမှာ လေ့ကျင့်ဖို့အတွက် ပထမဆုံးလုပ်ရမှာက သေမျိုး လူသားတွေရဲ့ လောကထဲကို ဝင်ရောနှောဖို့ပဲ။ ”
အစာစားဖို့ နေရာတစ်ခုအား ရှာပြီးသည့်နောက် ထောင့်နားမှ စားပွဲအား ရွေးကာ သူ ထိုင်လိုက်လေသည်။ သူ၏ ဘေးတွင် မြောက်များလှစွာသော လူများရှိနေခဲ့သည်။
စစ်မှန်သော ကျင့်ကြံသူများသည် သာမန်လူသားများနှင့် အဆက်အဆံ မပြုလုပ်ကြပေ။ သူတို့၏ ထူးခြားမှုများအားလောကသို့ ထုတ်မပြဘဲ ဖုံးကွယ်ထားလေ့ ရှိသည်။ ထို‌ေကြာင့် မျက်နှာချင်းဆိုင် တွေ့လျှင်တောင် သာမန်လူများသည်လည်း သိကြမည်မဟုတ်ချေ။
လက်ရှိအချိန်တွင် သူ့အနားမှ လူများအားလုံးတို့သည် ကျင့်ကြံသူများ ဖြစ်နေခဲ့ကြသည်။ သူတို့သည်လည်း သာမန်လူသားများနှင့် ရောနှော မနေချင်ကြသည့်အတွက် စကားပြောဆိုမှုကပင် ထူးခြား၍ နေခဲ့လေသည်။
စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်း စူးရှထက်မြက်မှု မရှိခဲ့လျှင် သူတို့ပြောနေသော စကားများကို သာမန်လူများ ကြားနိုင်မည် မဟုတ်ပေ။
” နတ်ဆိုး ဧကရာဇ်ရဲ့ အဲဒီ ဂူ သင်္ချိုင်းက အရမ်း ကြောက်စရာကောင်းလွန်းတယ်။ အဲ့ဒီနေရာမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သေပြီးတဲ့ ကျင့်ကြံသူ ဘယ်လောက်တောင်များနေမလဲ မသိဘူး။ ငါတို့တွေ ရေတွက်လို့တောင် မရနိုင်တော့ဘူး။ ဒါပေမယ့်အခုချိန်ထိ ဘယ်သူမှလဲ မဖွင့်နိုင်သေးဘူး။ ”
အရှေ့ပိုင်းနယ်မြေ တစ်ခုလုံးလည်း ယခုတော့ တော်တော်ကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ အဓိက မျိုးနွယ်စုတွေအားလုံးက သူတို့ရဲ့ဆီမှာရှိတဲ့ ပညာရှင်တွေကို အဲဒီ အပျက်အစီးဆီ လွှတ်နေကြတယ်လေ။ ဒါပေမဲ့ အဲဒီ ဂူသင်္ချိုင်းကြီးကို ဖွင့်ဖို့ ဘယ်လိုမှ နည်းလမ်း မရှိသေးဘူး။
” အဓိက ပညာရှင်ကြီးတွေတောင်မှ အဲဒီနေရာကို သွားပြီးတော့ လှုပ်လှုပ်ရှားရှား မလုပ်ဝံ့ဘူး။ ငါ ကြားတာတော့ ဂူသင်္ချိုင်းကြီးက ကြောက်စရာကောင်းလွန်းလို့ စိတ်ဝိဉာဉ်တစ်ခုတောင် မရှိတော့မယ့် ပုံစံ ဖြစ်နေတယ်တဲ့။ အဲဒီနေရာမှာ မဟာရတနာ တစ်ခုခု မရှိဘူးဆိုရင် သေချာပေါက် သူ့ကို ထိန်းချုပ်နိုင်မယ့် သခင် ပေါ်မလာသ၍ ရပ်တန့်လို့ ရမှာမဟုတ်ဘူး။ ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သေချာပေါက် အ‌ေရှ့နယ်မြေတစ်ခုလုံးကို သူက ဖျက်ဆီးသွားလိမ့်မယ်။ ဒါ့အပြင် သူ ပျောက်သွားတဲ့ အချိန်မှာလည်း ငါတို့‌ေခြရာတောင် ပြန်ခံလို့ ရမှာ မဟုတ်ဘူး။ ”
” ကောလဟာလတွေ အရတော့ ဆရာကြီး သုံးယောက်လုံး သေသွားတယ်တဲ့။ ဟုတ်ရော ဟုတ်ရဲ့လား မသိဘူး။ ”
” ဒါပေါ့…။ အမှန်ပဲပေါ့ ။ လွန်ခဲ့တဲ့ ၂နှစ်အတွင်းက မရေမတွက်နိုင်တဲ့ လူတွေ သေသွားခဲ့တာလေ။ အဲ့ဒီအထဲမှာ ရှိနေတဲ့ ရေကန်ကတော့ အလောင်းတွေနဲ့တောင် ပြည့်နေပြီ။ ငါတို့ ကြားဖူးတဲ့ နာမည်ကြီး တော်တော်များများလည်း သေသွားတယ် မဟုတ်လား။ ပြောတာတော့ အခု လက်ရှိအချိန် အဲဒီနေရာမှာ အသက်ငင်နေတဲ့ လူတချို့တောင် ရှိနေသေးတယ်တဲ့။ ”
ယဲ့ဖန်သည်လည်း အံ့အားသင့်သွားခဲ့ရလေသည်။ ၂နှစ်ကြာပြီးသည်နောက် နတ်ဆိုး ဧကရာဇ်၏ ဂူ သင်္ချိုင်း မှာ မပွင့်သေးပေ။ ထို့အပြင် သူ၏ သတ်ဖြတ်လိုစိတ်သည်လည်း များပြားသော ကျင့်ကြံသူများ၏ အသက်အား နှုတ်ယူသွားခဲ့သည်။ စားသောက်နေရင်းနဲ့ပင် ယဲ့ဖန် တိတ်တဆိတ် နားထောင်နေခဲ့လေသည်။ ကျင့်ကြံသူများ သတိထားမိမှာကို မစိုးရိမ်သည်အတွက် သူ၏ အမူအရာမှာလည်း အပြောင်းအလဲ မရှိခဲ့ချေ။
” အဲဒီ ရေကန်ကြီးဆိုရင် အလောင်းတွေတောင်လို ပုံနေလို့ လက်ရှိအချိန်မှာတော့ မိစ္ဆာ နယ်မြေကြီးတောင် ဖြစ်သွားပြီးပြီဆိုပဲ။ အဝေးကနေ ကြည့်ရုံနဲ့ပဲ ငါတို့ဆံပင်တွေတောင် ထောင်လာကုန်တယ် …။ ဒါ့အပြင် အဲဒီနေရာမှာ အမုန်းတရားနဲ့ နောင်တတရားတွေက ကြီးလွန်းလို့ မြေပြင်ရဲ့ တလက်မမှ မကျန် ကျင့်ကြံသူတွေရဲ့ သွေးတွေတောင် စွန်းကုန်ပြီတဲ့။ ”
” အဲဒီ ရေကန်ကြီးက အလောင်းတောင်ကုန်းနဲ့ သွေးပင်လယ်ဖြစ်နေပြီ ဆိုမှတော့ ဘာဖြစ်လို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်ပြီး သွားနေကြသေးတာလဲ။ ”
” ရူးရူးမိုက်မိုက် လုပ်တဲ့သူတွေဆိုတာ အကျိုးအမြတ် မရှိဘဲ ဘယ်လုပ်ကြမလဲလေ။ အဲဒီ နတ်ဆိုးဧကရာဇ်ရဲ့ ဂူ သချိုင်းက အရှေ့ပင်လယ် မိစ္ဆာမျိုးနွယ်ရဲ့ ဂူသင်္ချိုင်းကို စုစည်းစေတဲ့ သူရဲ့ ဂူပဲ။ အဲဒီတော့ အထဲမှာ သေချာပေါက် ရတနာတွေ အများကြီးရှိမှာလေ။ ”
” အမှန်ပဲ။ ဒါ ကြောင့်သာ နာမည်ကြီးတဲ့ လူတွေ တော်တော်များများက အဲဒီနေရာကို သွားနေကြတာပေါ့။ ပြောကြတာဆိုရင် အဲဒီမှာ ရှိနေတဲ့ ရတနာက သီးခြားမျှော်စင်တဲ့။ ”
” အင်မော်တယ်တွေကိုတောင် သတ်နိုင်တယ်။ မသေမျိုးတွေကိုတောင် သတ်နိုင်တယ်။ သီးခြား မျှော်စင်ကြီးလား။ ”
” ဟုတ်တာပေါ့။ မဟုတ်ရင် ဘာကြောင့်များ ကိုယ့် အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်ပဲ သူတို့ တစ်ချိန်လုံး သွားနေမှာလဲ .. ။ ”
” ၂နှစ်တောင် ရှိခဲ့ပြီ …။ အခု မျိုးနွယ်စု တော်တော်များများက တပည့်တွေ အဲဒီအပျက်အစီးနားတောင် မကပ်ရဲကြတော့ဘူး။ ဒါပေမဲ့ မျိုးနွယ်စုကြီးတွေက ဆက်တိုက် လူတွေ ပို့နေတယ်လေ။ ထပ်သွားမယ်ဆိုရင် လူတွေ ဘယ်လောက် သေမလဲဆိုတာ တွေးလို့တောင် ရမှာမဟုတ်ဘူး။။ ”
” မင်းတို့ သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြောတာအရတော့ အလယ်ပိုင်းက လူတွေတောင်မှ ဒီအကြောင်းကို သိနေကြပြီတဲ့။ ဒါအပြင် ထူးဆန်းတဲ့ လူတချို့ အဲဒီ အ‌ေရှ့နယ်‌ေမြထဲကို ဝင်ဖို့ လုပ်နေတယ်တဲ့ပြောကြတယ်။ ”
” ဒါဆို ရတနာကို လာယူကြတာလား။”
” အဲဒီလိုတော့ မဟုတ်ဘူး။ သူတို့တွေလည်း အဲ့လောက်ကြီး လက်လှမ်းမမီလောက်သေးဘူး။ အလယ်ပိုင်း မြေပြန့်ရဲ့ လူတွေ အင်အားကောင်းတာ မှန်ပေမယ့် သူတို့က ဒီအရှေ့ ကန့်သတ်နယ်မြေ ထဲမှာတော့ အရမ်းကြီး လှုပ်လှုပ်ရှားရှားလုပ်ဝံ့‌ေသးမှာ မဟုတ်ဘူး။ တခြားနယ်မြေ လေးခုက လူတွေနဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် စစ်ပွဲ ဖြစ်လာလိမ့်မယ်လေ။ လူတွေ ဘယ်လောက်တောင် ထပ်သေဦးမလဲ မသိပါဘူးကွာ။ ကြည့်ရတာတော့ အဲဒီနေရာက ရတနာ သွားရှာရင်းကနေ အလောင်းကောင်ကြီးတွေ ထပ်ပြီးတိုးလာဦးမှာပဲ … ။ ”
မနီးမဝေးမှာ ရှိနေသော ယဲ့ဖန်၏ နှလုံးသားသည် အခုန်မြန်သွားခဲ့လေသည်။
အလယ်ပိုင်း တိုက်ကြီးမှ အရေးကြီးသော သူများသည်ထူးဆန်းသော ကြေးစိမ်းပြားများအား လာရှာကြသည် ဖြစ်သလော။
အပိုင်း ၉၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset