ဇဗ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း – ၉၇
…
အကြီးအကဲ ဟန်အား ဖြေရှင်းပြီးနောက် အရာအားလုံး တည်ငြိမ်လို့ သွားတော့သည်။
ယဲ့ဖန်သည်လည်း စိတ်ငြိမ်သွားပြီးသည့်နောက် ကျောက်တုံး ကုလားထိုင် တစ်ခုအပေါ်၌ ထိုင်ချလိုက်သည်။ မည်သည့်အရာများကို ဆက်လုပ်ရမည်နည်းဟု သူ စတင်တွေးတော့သည်။
ကျန်း မိသားစု၏ စစ်သည်တော်များမှာ သူ့အား လိုက်ဖမ်းနေဆဲပင် ဖြစ်သည်။ အားလုံးကို အနိုင်ယူတိုက်ခိုက်နိုင်ရန် အင်အားလည်း လုံလုံလောက်လောက် မရှိသေးပေ။
လက်ရှိအချိန်တွင် အပြင်ထွက်ကာ မျက်နှာပြဖို့အတွက်က ကောင်းမွန်သော ရွေးချယ်မှု တစ်ခု မဟုတ်ချေ။ အကောင်းဆုံး ရွေးချယ်မှုသည်ကား ပုန်းအောင်းကာ ကျင့်ကြံဆင့် တိုးမြင့်လာအောင် လေ့ကျင့်ဖို့ပင် ဖြစ်နေခဲ့သည်။
တောင်၏ အတွင်းပိုင်းထဲ၌ ဆောက်လုပ်ထားသော လက်ရှိ ဂူသည် ပုန်းအောင်းရန် ကောင်းမွန်လွန်းသော နေရာတစ်ခုဖြစ်နေသည်မှာ သေချာလွန်းနေခဲ့သည်။ တောင်ကျောက်တုံး များထဲတွင် တာအိုအမှတ်အသားများ ထွင်းထူထားသည့်အတွက် အပြင်မှ လူများ ထိုနေရာကို ရှာတွေ့မည် မဟုတ်ဟု အကြီးအကဲဟန် ပြောခဲ့ဖူးသည်။
” ကောင်းပြီလေ ။ ငါ ဒီနေရာမှာပဲ လေ့ကျင့်တော့မယ်။ ”
ဆုံးဖြတ်ချက် ချပြီးသည့်နောက် ကျောက်တုံးအခန်းအား ယဲ့ဖန် စပြီး ရှင်းလင်းတော့သည်။ ပထမဆုံးအနေဖြင့်အကြီးအကဲ ဟန်၏ ခန္ဓာကိုယ်ကို ဆေးကြိုအိုးထဲသို့ ပစ်ထည့်ကာ အဖုံးကို ပိတ်လိုက်တော့သည်။
” တစ်ဘဝလုံး ဆေးတွေကို ကြိုချက်လာတယ်ဆိုမှတော့ ဒီအိုးကို အခေါင်းလုပ်ပြီး အေးအေးဆေးဆေး အနားယူလိုက်တော့ .. ။ ”
ထိုနေရာကြီး တခုလုံးသည် အတော်အတန်ပင် ကျယ်ဝန်းလှကာ ကမ္ဘာကြီးတစ်ခုအတိုင်း ရှိနေခဲ့သည်။ ယဲ့ဖန် အမှတ်အသား တချို့ကို ဂရုတစိုက် ထားရှိခဲ့ပြီးသည့်နောက် အရှေ့သို့ လျှောက်ကာ ဆက်လာခဲ့သည်။ ဆေးကြိုအိုးကြီးအား တောင်၏ အနက်ရှိုင်းဆုံး နေရာတစ်ခုအထိ သယ်ဆောင်လာပြီးနောက် ကျောက်တုံးဂူ တခုကို တူးလိုက်ကာ ချိတ်ပိတ်လိုက်တော့သည်။
ထို့နောက် အခန်းထဲသို့ ပြန်လာကာ အရာအားလုံးကို ရှင်းလင်းမှု လုပ်တော့သည်။ စိတ်ဝိညာဉ် ဆေးဝါးများအား သေချာပြန်လည်သိမ်းဆည်းကာ ဗီရိုများထဲသို့ သူ လိုက်ထည့်သည်။
ဆေးဘူးများအပြင် မြောက်များလှစွာသော ဆေးကြိုအိုးကြီးများ၊ ကျောက်တုံးစားပွဲများနှင့် ကျောက်တုံး ကုလားထိုင်တချို့တို့လည်း အခန်းထဲတွင် ရှိနေသေးသည်။ ကျောက်တုံးတစ်ခုအပေါ်တွင် တိရစ္ဆာန် သားရေများဖြင့် ပြုလုပ်ထားသော ရှေးစာအုပ်နှစ်အုပ်လည်း ရှိနေခဲ့သေးသည်။ ထိုစာအုပ်များမှာ နှစ်ပေါင်းရာချီ သက်တမ်းရှိနေခဲ့ပြီး ဖြစ်သည်။
အကြီးအကဲ ဟန် မကြာခဏ ဖတ်ရှုလေ့ရှိသည့်အတွက် ထိုနေရာမှာ ပွတ်တိုက်မှုကြောင့်ပင် ချောမွေ့နေလေသည်။ ထိုအပြင် အကြီးအကဲ ဟန်၏ မှတ်သားချက်များပါသော စာအုပ်တစ်အုပ်လည်း ရှိနေခဲ့သည်။ စာအား အနည်းငယ် ဖတ်ပြီးသည်နောက် ယဲ့ဖန် အထိတ်တလန့် ဖြစ်လာတော့သည်။ ပထမ စာမျက်နှာပေါ်တွင် သားရဲကောင် အရေပြားတချို့ ရှိနေခဲ့ပြီး ထူးခြားသော အသွင်သဏ္ဍာန်များလည်း အပေါ်တွင် ရေးထွင်းထားလေသည်။ စာလုံးဟူ၍ တစ်လုံးမှ မပါခဲ့ပေ။
ဖတ်ရှုလို့ပင် မဖြစ်နိုင်သည့် ရုပ်ပုံများ ဖြစ်နေခဲ့သည်။ အကြီးအကဲ ဟန်သာ မှတ်သားချက်များ ချန်ရစ်မထားခဲ့လျှင် ထိုထူးဆန်းသော သင်္ကေတများ၏ အဓိပ္ပါယ်ကို ယဲ့ဖန် မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။
” ဒါ တာအို အမှတ်အသားတွေပဲ။ ”
ယဲ့ဖန် ထိတ်လန့်သွားခဲ့ရလေသည်။ စာရွက် အနည်းငယ်သာ ပါရှိသော်ငြား တာအို အမှတ်အသားများကို မှတ်တမ်းတင်ထားသည့် တန်ဖိုးကြီး ရှေးဟောင်းစာအုပ် တစ်အုပ်ဖြစ်နေခဲ့သည်။
တာအိုသင်္ကေတများသည် ယင်းအချိန်ကမူ ကောင်းကင်နှင့်ေမြကမ္ဘာ၏ သဘာဝ သဘောတရားများကို နားလည်စေရန်အတွက် အရေးကြီးသော လက္ခဏာများ ဖြစ်ခဲ့သည်ဟု သတ်မှတ်ကြလေသည်။ တာအို အမှတ်အသား တစ်ခုကို ရရှိဖို့ပင် မလွယ်ကူပေ။
ထိုအပြင် အမှတ်သားတစ်ခုအား ရရှိပြီးသည့်နောက် ပုံတူပွားကာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။
တာအို အမှတ်အသားများသည် ရှေးခေတ်က စွမ်းအားကြီးသူများ၏ အစွမ်းအစကို ပုံတူ ပွားထားသော အရာများဟုလည်း ပြောလို့ရပေသည်။
ကျင့်ကြံသူတစ်ယောက် ပို၍ အင်အားကြီးလာခဲ့လျှင် သူတို့ ယူလာရသော တာအိုအမှတ်အသားများကို လောကကြီးထဲ၌ ပို၍ မြန်မြန်ဆန်ဆန် လက်ဆင့်ကမ်းပေး နိုင်မည် ဖြစ်ပေလိမ့်မည်။
ယဲ့ဖန် ဂရုတစိုက် ကြည့်နေခဲ့ပြန်သည်။ ရှေးစာလုံးများအား သူ နားလည်ထားသလောက်အရဆိုလျှင် ထိုရှေးစာအုပ်သည် တာအို အမှတ်အသားများ၏ အခြေခံ စာအုပ်တစ်အုပ် ဖြစ်ပေလိမ့်မည်။
သို့သော် သာမန် အဆင့်အတန်း တာအိုအမှတ်အသား မဟုတ်ပေလျှင် အကြီးအကဲ ဟန် ရရှိရန် အင်မတန်ကို ခက်ခဲလွန်းပေလိမ့်မည်။ နားမလည်နိုင်သော အပိုင်းများစွာ ရှိသည့်အတွက် နားလည်သလောက်ကိုသာ မှတ်ချက်များရေးသားခဲ့သည်။
” ဒီတာအို အမှတ်အသားတွေက တကယ်ကြီး ခိုင်မာနက်နဲတာပဲ။ အင်အားကြီးတဲ့ ကျင့်ကြံသူတွေ တောင်မှ ဒါတွေ အားလုံး ကို နားမလည်နိုင်သေးဘူး ။ အကြီးအကဲဟန်တောင်မှ နားလည်ခါစလောက်ပဲ ရှိသေးတယ်။ ”
ဂူ အပြင်ဘက်မှ တာအို အမှတ်အသားများသည် အကြီးအကဲ ဟန် ထိုစာအုပ်ထဲမှာ ရေးထွင်းထားခြင်းဖြစ်လေသည်။
” ဒီစာအုပ်ကိုတော့ ငါ နားမလည်နိုင်ပေမယ့် မှတ်သားထားတွေကိုတော့ သေချာေလ့လာရမယ်။ ဒါမှမဟုတ်ရင် ငါလည်း ဒီထဲကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး။ ”
နောက်ထပ် တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော ရှေးစာအုပ် တစ်အုပ်အား ယဲ့ဖန် ဖွင့်လိုက်ပြန်လေသည်။ ထိုစာအုပ်သည်လည်း စာမျက်နှာ အနည်းငယ်သာရှိနေခဲ့သည်။ ထိုအပြင် ရှေးဟောင်းဆေးဝါး ဆေးညွှန်းများအား မှတ်တမ်းတင်ထားခဲ့သည့်။ သို့သော် စိတ်ဝိညာဉ်စွမ်းအားများ အကြောင်း နားလည်နိုင်မှုသည် ရက်ပိုင်းအတွက် အကန့်အသတ်ရှိသည်။
စာအုပ်တွင်းမှ ဆေးဝါးများအား သူ့ေရှ့မှ လာချထားလျှင်တောင် မှတ်မိရန်မလွယ်ကူချေ။ တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော ရှေးစာအုပ်များထဲတွင် လူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအကြောင်းကို မှတ်တမ်းတင်ထားလေသည်။ ကျင့်ကြံသူ၏ သက်တမ်းအား မြှင့်တင်ပေးနိုင်ရုံသာမက ကျင့်ကြံဆင့်ကိုပါ တိုးတက် ပြောင်းလဲစေနိုင်သည်။ ထို့အပြင် မည်သည့် ကျင့်ကြံဆင့်ကိုမဆို ရောက်နေသည့် ကျင့်ကြံသူများအတွက် အကျိုးအမြတ်ကလည်း ကြီးမားပေလိမ့်မည်။
” ဒီအဖိုးကြီး ငါ့ကို ဖမ်းချင်တာ အံ့သြစရာ မရှိဘူးဘဲ။”
အဲဒီနောက် ဂူ၏ အပေါ်ပိုင်း သိုလှောင်ရုံတချို့တွင် အကြီးအကဲ ဟန် သိုလှောင်ထားသော အစားအသောက်များအားလုံး ကို ယဲ့ဖန် ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထိုကြောင့် စိတ်အေးလက်အေးဖြစ်သွားကာ ကျင့်ကြံရန် ဆုံးဖြတ်ချက် ပိုမို ခိုင်မြဲသွားတော့သည်။
နောက်ရက်ပိုင်းများအထိ အကြီးအကဲဟန် လေ့လာခဲ့သော အမှတ်အသားများ ဆက်တိုက်ပင် သူ လေ့လာနေခဲ့တော့သည်။ နောက်ဆုံးတွင် သဲလွန်စများအား နားလည်သွားကာ ဂူအပြင်ဘက်တွင် သူ အောင်မြင်မြင် ထွက်လာနိုင်ခဲ့သည်။
အချိန်အတော်ကြာသည်အထိ တစ်ကိုယ်တည်း နေခဲ့ပြီးသည်နောက် တစ်ခါတစ်ရံမှသာ အပြင်သို့ ထွက်ကာ အသီးရိုင်းများကို ခူးယူလေသည်။ အချိန်အများစုတွင် လေ့ကျင့်နေကာ အမှတ်အသားများအား နားလည်ရန် သူကြိုးစားနေခဲ့သည်။
အချိန်ကုန်ဆုံးသည်မှာ မြန်ဆန်လွန်းလှသည်။ မျက်တောင်တခပ်အတွင်း၌ပင် တနှစ်အချိန်မှာ ကုန်ဆုံးသွားခဲ့သည်။ စိတ်ဝိညာဉ်ဆေးဝါးများ အားလုံးကို ယဲ့ဖန်သုံးစွဲပြီးဖြစ်သည့်အပြင် သူ၏ ဒုက္ခပင်လယ်မှာလည်း လက်သီးတစ်ဝက်လောက်အထိ ကြီးမား၍ လာခဲ့သည်။ တောက်ပနေသည့်အပြင် စွမ်းအင်များက အဆုံးမဲ့ များပြားနေတော့သည်။
ဒုက္ခပင်လယ်၏ အလယ်ဗဟိုတွင် မီးခိုးများ အုံ့ဆိုင်းနေသည့် တိမ်တိုက်များ ရှိသည့်အပြင် ကြယ်အလင်းတန်းများကလည်း ရံဖန်ရံခါပေါ်ထွက်နေသေးသည်။ ပေါက်ကွဲတော့မည့် မီးတောင်ရှင်ကြီး လှုပ်ရှားနေသည့်အလားလည်း ဖြစ်ပေါ်နေခဲ့သည်။
ယဲ့ဖန်၏ ရွှေရောင် ဒုက္ခပင်လယ်မှာ တည်ငြိမ်မှု အလျှင်းမရှိပေ။ ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည့်အပြင် ကံကြမ္မာစက်ဝန်းအား ဆက်သွယ်ကာ အဆင့်တက်ရန် ကြိုးစားနေသည့်အလား ရှိေနခဲ့သည်။
တရားထိုင်သည့် အဆင့်သို့ ရောက်ရှိသွားချိန်တိုင် ဒုက္ခပင်လယ်ထဲ၌ လိုင်းများအစဥ်အမြဲ ပေါ်ထွက်လျက်ရှိသည်။ လိုင်းများ၏ အသံနဲ့ လူတကိုယ်လုံး ရွှေစင်ရွှေသားရုပ်ထုသဖွယ် အသွင်ပြောင်းသွားလေ့ ရှိတတ်သည်။
တာအို စာလွှာများထဲမှ ထူးဆန်းသည့် နည်းလမ်းများကို သူ လုပ်ဆောင်ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အားကောင်းလွန်းလှသော အသက်စွမ်းအားများ လွင့်ထွက်သွားလေ့ရှိသည်။
” နွေဦး အသက်စမ်းချောင်း အဆင့်ကိုရောက်ဖို့ ဘယ်လောက် ခက်ခဲတာလဲ ..။ ”
သူက အနည်းငယ် နောင်တရစွာဖြင့် ပြောနေခဲ့သည်။ ထိုအဆင့်အား ကျော်ဖြတ်ရန် ငါးကြိမ်တိတိ ကြိုးစားခဲ့သော်ငြား လက်ရှိအချိန်အထိ မအောင်မြင်သေးချေ။ လွန်ခဲ့သည့် နှစ်အတွင်း သူ၏ ကိုယ်ပိုင်လက်နက်အား သန့်စင်နေကာ တာအို အမှတ်အသားများကို နားလည်နိုင်ရန် ကြိုးစားနေခဲ့သည်။ ထို့အပြင် သူရှာဖွေတွေ့ရှိထားခဲ့သော နတ်ဘုရားသတ္တုသည်လည်း ယခုအခါတွင် ဖြည်းဖြည်းချင်း အရှိန်အဝါ ကောင်းလာခဲ့ပြီး ဖြစ်သည်။
အချိန် အတော်ကြာမြင့်ပြီးသည့်နောက် ကျန်း မိသားစု၏ စစ်သည်တော်များသည် သူ့အား လက်လျှော့သွားပြီဟု ထင်မိနေခဲ့သည်။ တစ်နှစ်ကျော်ကြာပြီးသည့်အထိ ဇွဲရှိရှိ လိုက်ရှာနေဖို့က မဖြစ်နိုင်ဘူးမလား။
တစ်နေ့တွင် ဂူအပြင်ဘက်သို့ သူ ထွက်လာကာ တောင်စဉ်တောင်တန်းများထဲမှာ စွမ်းအားများကို ထိန်းချုပ်ရန် စတင်ကြိုးစား ကြည့်လိုက်သည်။ ဒုက္ခပင်လယ်ထဲမှ လိုင်းများသည် ကောင်းကင်သို့ ထိုးတက်သွားပြီးသည့်နောက် တောက်ပပူပြင်းသည့် အလင်းတန်းတစ်ခု သူ၏ ခန္ဓာကိုယ်တွင် ပေါ်ထွက်လာကာ သုံးပေအကွာအထိ ပျံသန်းသွားသည်။
ကံမကောင်းစွာဖြင့် သူ ကိုယ်တိုင်သည်လည်း မီတာသုံးဆယ်ကျော်အထိသာ ပျံသန်းနိုင်ပြီးနောက် မြေပြင်ပေါ်ကို ပြုတ်ကျလေတော့သည်။
” နွေဦးအသက်စမ်းေချာင်း အဆင့်ကို မရောက်သေးရင် အကြာကြီး ကျင့်ကြံဖို့ကခက်သေးတယ် ။ ငါ့အနေနဲ့ ကောင်းကောင်း ပျံသန်းနိုင်ဖို့ အဆုံးမဲ့တဲ့ စွမ်းအား အရင်းအမြစ်တချို့ ရှိနေမှ ရမယ်။ ”
ကောင်းကင်ပေါ်သို့ ပျံသန်းနိုင်ခြင်း မရှိသော်ငြား အကွာအဝေး တချို့အထိ ပျံသန်းနိုင်သည်ဆိုလျှင် ယဲ့ဖန်အတွက် အတော်ပင် တိုးတက်မှုတစ်ခု ဖြစ်လေသည်။ ဆက်တိုက် လေ့ကျင့်ပြီးသည်နောက် မီတာတစ်ရာ နီးပါးအထိ သူပျံသန်းလာနိုင်ခဲ့သည်။
ပြေးလွှားသည်နှင့် ယှဉ်လိုက်လျှင် အရှိန်နှုန်းမှာ များစွာ ပိုမိုမြန်ဆန်လာသည့်အပြင် မြက်ပင်များနှင့် အပင်များကိုပါ မထိစေဘဲ လေေပြညင်းတခုပမာ သူလှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
နွေဦး အသက်စမ်းချောင်း အဆင့်ကို မရောက်ရှိသ၍ ဂူထဲမှ သူ မထွက်ခွာချင်ပေ။ သူ၏စွမ်းအားက နိမ့်ပါးလွန်းသည့်အတွက် အပြင်ဘက်သို့ ထွက်ခွာရန် အင်မတန် အန္တရာယ်များလွန်းလှသည်ကို တွေးနေခဲ့သည်။
ထို့အပြင် တောင်၏ အောက်ခြေမှ မီးလျှံသည်လည်း ကျင့်ကြံနိုင်ရန် ကူညီပေးနေခဲ့သည်။
” ငါ ခရမ်း သူရိယ သုခဘုံဆီ သွားပြီးတော့ အဲဒီ စွမ်းအား အရင်းအမြစ်ကိုလည်း ပြန်ရှာရဦးမယ်။ ”
ခရီးရှည် ထွက်ဖို့ရာ မသင့်တော်သေးသည်ကို သူ နားလည်သော်ငြား ထွက်ခွာလာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်မှာ ထူးခြားလှသည့်အပြင် အဆုံးမဲ့သည့် ချောက်နက်ကြီးတခုနဲ့ တူညီကာ များပြားလှသော စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖြည့်သွင်းနိုင်ရန် အစဉ်အမြဲ လိုအပ်နေသည်။
လမ်းတလျှောက်တွင် ကျန်း မိသားစု၏ စစ်သည်တော်များ ထွက်ခွာသွားသည့် အကြောင်းကိုပါ ကြားနေခဲ့ရသည်။ ထို့အပြင် ယန် နိုင်ငံတော်ကြီးသည်လည်း တည်ငြိမ်သွားပြီ ဖြစ်ခဲ့သည်။
ခရမ်း သူရိယာ သုခဘုံသို့ လာရောက်ချိန်တွင် အထူးပင် သတိထားနေခဲ့ရသည်။ မျိုးနွယ်စုမှ လူများအား မတွေ့ဆုံနိုင်စေရန် ရှောင်ရှားရသည့်အပြင် မြစ်ဆီသို့ ကွေ့ပတ်လာပြီးသည့်နောက် ချောက်ထဲသို့ ခုန်ချလိုက်လေတော့သည်။
နာရီဝက်ကြာ ဆက်တိုက်ေရငုပ်နေပြီးသည့်နောက် သူ ပစ်ချထားခဲ့သည် စွမ်းအားအရင်းမြစ်အား ပြန်လည် ရှာတွေ့သွားလေတော့သည်။
” ကံကောင်းပေလို့ ရှိနေသေးတယ်”
ထိုနေရာသို့ သူ လာနေသည့့်လမ်းတလျှောက်တွင် စွမ်းအား အရင်းအမြစ်အား တစ်စုံတစ်ယောက် ရှာဖွေတွေ့ရှိကာ ယူဆောင်သွားမည်ကို စိုးရိမ်နေခဲ့ရသည်။ အမှန်တကယ်တွင် ထိုနေရာသည် လူသူကင်းမဲ့လွန်းလှသည့်အတွက် မည်သူမှ စွမ်းအားအရင်းအမြစ်ကို အာရုံမခံနိုင်ပေ။
ယဲ့ဖန်သည်လည်း အချိန်အကြာကြီး မနေချင်တော့သည့်အတွက် လာရာလမ်းအတိုင်း ပြန်လှည့်ဖို့ ပြင်ဆင်နေသည်။
” သူ ရောက်လာပြန်ပြီ”
ယဲ့ဖန် ရုတ်တရက် ရပ်တန့်သွားတော့သည်။ ငယ်ရွယ်လှသော လူတချို့ရောက်လာသည်ကို မြင်လိုက်ရသည့်အပြင် ထိုအထဲ၌ လီရှောင်းမာန်ပါနေသည်ကို သူ သတိထားမိလေသည်။ ယဲ့ဖန်သည် မရပ်တန့်ဝံ့တော့ပဲ ခပ်မြန်မြန်ပင် ထောင့်ထဲသို့ ဝင်ရောက်ကာ ပြေးထွက်သွားလေတော့သည်။
တအောင့်ကြာပြီးသည့်နောက် အကြီးအကဲ ဟန်၏ ဂူထဲတွင် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာလေတော့သည်။
မုန်တိုင်းကြီးတခု ဖြစ်ပေါ်လာသည့်အတိုင်း နားကန်းမတတ် မိုးခြိမ်းသံများပါ ထွက်ပေါ်နေတော့လေသည်။
ထိုအချိန်တွင် အားကောင်းလှပြီး အရှိန်အဝါ ပြင်းထန်လှသည့်အတွက် ဂူတစ်ခုလုံးသည်လည်း တုန်ခါ၍ နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ စွမ်းအားအပြည့်ဖြင့် တောက်ပ၍ နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တခုလုံးတွင် နတ်ဘုရားမီးလျှံများသည် တောက်လောင်၍ နေခဲ့လေသည်။ မျက်လုံးထဲမှ အလင်းတန်းသည် လျှပ်စီးတန်းတစ်ခုအသွင်ဖြင့် ဂူထဲ၌ အလင်းဖြာနေခဲ့သည်။
ယဲ့ဖန် ထရပ်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော အရှိန်အဝါကြောင့် အခန်းတခုလုံးပင် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီးသည့်နောက် ကြီးမားသည့် အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့သည်။
” နောက်ဆုံးတော့ ငါ နွေဦး အသက်စမ်းချောင်း နယ်ပယ်ကို ရောက်သွားပြီပဲ .. ။ ”
ထို့နောက် လျှပ်စီးတန်းတစ်ခုအသွင်ဖြင့် ဂူအပြင်ဘက်သို့ သူ ပြေးထွက်သွားလေတော့သည်။ သူ၏ တစ်ကိုယ်လုံးကို သက်တန့်တခုမှ ကာကွယ်ပေးထားပြီးနောက် ဖြည်းဖြည်းချင်း လေထဲသို့ မြင့်တက်လာလေတော့သည်။
ထိုအချိန်တွင် ယဲ့ဖန်၏ ဒုက္ခပင်လယ် အလယ်ဗဟို၌ စမ်းချောင်းတစ်ခု ပေါ်ထွက်၍လာကာ ကံကြမ္မာနှင့် တိုက်ဆိုင်နေတော့သည်။
ထိုစမ်းချောင်းသည် ရောင်စုံ ရေငွေ့များနျင့် ဖုံးလွှမ်းနေပြီးသည့်နောက် ရေစီးသံများလည်း ဆက်တိုက်ပေါ်ထွက်၍ နေသည်။
အပိုင်း ၉၇ ပြီး၏။
Chapter – 97
? Views, Released on September 1, 2024