ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း ၉၆
…
ယဲ့ဖန်သည်လည်း သူ၏ ခန္ဓာကိုယ်ကို အကောင်းဆုံး အနေအထားဖြင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။ ဒုက္ခ ပင်လယ်တွင်းမှ ရွှေရောင်စာအုပ်သည် ထူးဆန်းသော အလင်းတန်းများဖြင့် အရောင် တောက်ပလာတော့သည်။
မိုးကောင်းကင်၏ ကောင်းချီးပေးမှုကို ခံရသည်ဟု တွေးတောကာ အကြီးအကဲ ဟန်သည် အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။ တုန်ယင်နေသော ညာလက်ဖြင့် အဖုံးကို ကိုင်လိုက်ကာ စွမ်းအင်အားလုံး အသုံးပြုရင်း မတင်တော့လေသည်။ စိတ်ထဲတွင် အထဲ၌ ရတနာဆေးလုံး ပေါ်ထွက်လာတော့မည်ဟု တွေးထင်နေခဲ့သည်။
တောက်ပသော ရွှေရောင်အလင်းတန်းသည် မျက်စိကျိမ်းလှသဖြင့် လူများအား မျက်စိမှိတ်သွားစေမည်မှာ အသေအချာပင်တည်း။ ထိုရွှေရောင်အလင်းတန်းသည် အကြီးအကဲ ဟန်ဆီသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။ အသိဉာဏ်ရှိသော ဆေးလုံးများ အလိုအလျောက် ထွက်ပေါ်လာသည်ဟု အကြီးအကဲ ဟန် ချက်ချင်း တွေးထင်မိလိုက်တော့သည်။ သို့သော် သူ၏ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားခဲ့လေပြီး မိုးကောင်းကင်မှ တိုက်ရိုက် ပြုတ်ကျကာ ငရဲသို့ ရောက်သွားသည့်အတိုင်း ခံစားလိုက်ရတော့သည်။
” တန်ဖိုးကြီး ဆေးတွေက ဘယ်မှာလဲ။ သေချာပေါက် ကြည်လင်တောက်ပနေတဲ့ သတ္တုတစ်ခုပဲ ငါ့လည်ပင်းကို ဖြတ်သွားတာ ခံစားလိုက်ရတယ်။ ”
ထို့အပြင် အိုးအတွင်း၌ ချောမွေ့သော ရုပ်ရည်ဖြင့် လူငယ်တစ်ဦးသည် တင်ပျင်ခွေချိတ်ထိုင်ကာ အိုးအတွင်း၌ ရှိနေခဲ့သည်။ မထိမခိုက်ဘဲ တည်ရှိနေရုံမျှမက ဆေးအဖြစ်လည်း အသွင် မပြောင်းသွားခဲ့ပါ။ သူ့အား ဒီအတိုင်းသာ စိုက်ကြည့်နေခဲ့တော့သည်။
” မကောင်းတော့ဘူး။ ”
အကြီးအကဲဟန် တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲကာ အထိတ်တလန့်ဖြင့် အော်ခဲ့လိုက်လေတော့သည်။ ထွက်ပြေးချင်သော်ငှား နောက်ကျလို့သွားခဲ့ပြီ ဖြစ်သည့်အပြင် ရွှေရောင်အလင်းတန်းသည် သူ၏ လည်ပင်းအောက်မှ ဖောက်ထွက်၍ သွားခဲ့သည်။
သွေး စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် အကြီးအကဲ ဟန်အား မူးဝေလာစေခဲ့သည်။ မြင်ကွင်းတစ်ခုလုံး မှောင်မိုက်သွားပြီးသည့်နောက် သွေးအိုင်ထဲသို့ လဲကျသွားလေတော့သည်။
ရွှေရောင် စာရွက်သည် အကြီးအကဲဟန်၏ လည်ပင်းအား ဖြတ်ထွက်ကာ လုံးဝ ဖျက်စီးလိုက်တော့သည်။
အင်အားကြီး ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် အကြီးအကဲ ဟန်သည် အချိန်မရွေးသေတော့မည့်ပုံ ပေါ်နေသော်ငြား သူ၏ ခန္ဓာကိုယ်အတွင်း၌ များပြားသော စွမ်းအင်များ ရှိနေခဲ့သည်။ လည်ပင်းတစ်ခုလုံး ပြတ်သွားသော်ငြား ချက်ချင်း မသေဆုံးသေးပေ။ ညာလက်အား လှမ်းကာ ခေါင်းကို ဖိပြီးသည့်နောက် ပြန်ချိတ်ဆက်ရန် ကြိုးစားတော့သည်။
တစ်ချိန်တည်း၌ပင် သူ၏ ဒုက္ခပင်လယ်သည် တောက်ပလာခဲ့ပြီး များပြားသော စွမ်းအားများ ထွက်ပေါ်လာလေတော့သည်။ အစိမ်းရောင် သစ်သားဓားများသည် ယဲ့ဖန်ဆီ ချက်ချင်းပင် ပြေးဝင်လာခဲ့သည်။
မတူညီသည့် အဆင့်များကြား ကွာခြားချက်တွေ ဖြတ်ကျော်၍ မရနိုင်ပေ။ ယဲ့ဖန်သည် နောက်ဆုံးအချိန်အထိ သည်းခံစောင့်ဆိုင်းနေပြီး မနေခဲ့လျှင် သေချာပေါက် အကြီးအကဲ ဟန်ကို သတ်ဖို့ မျှော်လင့်ချက် ရှိရန် မလွယ်ကူချေ။ ကျားသစ်တစ်ကောင်ကဲ့သို့ အမြန်နှုန်းဖြင့် ချက်ချင်းပင် ခုန်ကာ အိုးကြီး၏ နောက်သို့ ပြေးဝင်တော့သည်။
အကြီးအကဲ ဟန်သည်လည်း များပြားသော ဒဏ်ရာများအား ခံစားနေရပြီးသည့်နောက် အသက်ရှင်နိုင်ဖို့ အခြေအနေ ရှိ၊ မရှိ ပြောရန် ခက်ခဲပေလိမ့်မည်။ အစိမ်းရောင် ဓားများသည်ကား အလျင်အမြန် ပြေးထွက်လာပြီး ယဲ့ဖန်၏ အကောင်းဆုံးသော စွမ်းအင်များသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။
သို့သော် ခပ်မြန်မြန်ပင် အလင်းတန်းများ မှိန်ဖျော့သွားကာ ဓားများသည်လည်း တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
ရွှေစာရွက်သည် သတ္တုများအားလုံးထက် ပိုပြီး မာကျောသည့်အပြင်၊ နေမင်းကြီးတစ်စင်းသဖွယ် တောက်ပကာ ပူပြင်းလေသည်။ ဓားများအား ချက်ချင်းပင် ဖြတ်ထုတ်လိုက်ပြီးသည့်နောက် ဆက်တိုက်ပင် အသံလှိုင်းများဖြင့် လှည့်ပတ်ကာ ဖျက်စီး တိုက်ခိုက်တော့လေသည်။
ယခုအချိန်မှာ ယဲ့ဖန် သတိလက်လွတ် မနေဝံ့ချေ။ ရွှေရောင်စာရွက်သည် တောက်ပသော အလင်းတန်း သက်တန့်တစ်ခုအသွင်ဖြင့် ကောင်းကင်၌ ပျံဝဲကာ ကြောက်စရာကောင်းသော စွမ်းအင်များကို ထုတ်လွှတ်ပြီး အကြီးအကဲ ဟန်၏ ဝမ်းဗိုက်ဆီသို့ ဖြတ်သွားခဲ့သည်။
အကြီးအကဲ ဟန်၏ ဒုက္ခပင်လယ်သည် အသံတစ်ခုနှင့် အတူ ချက်ချင်းပင် ပျက်စီးသွားပြီးသည့်နောက် ခန္ဓာကိုယ်သည်လည်း နောက်ကို လွင့်ထွက်သွားခဲ့ရသည်။ နံရံသို့ ပြင်းပြင်းထန်ထန် ဝင်စောင့်မိကာ လူသားအသွင် အနီရောင်အမှတ်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီးသည့်နောက် မြေပြင်သို့ ဖြည်းဖြည်းချင်း ပြန်ကျလာတော့သည်။
ထောင်ချီသော အလင်းတန်းများနှင့်အတူ ရွှေရောင်စာအုပ်သည် ယဲ့ဖန်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်သွားခဲ့လေသည်။ အကြီးအကဲ ဟန်သည် အပြည့်အဝ မသေသေးပေ။ သူ၏ ညာလက်အား အသုံးပြုရင်း ခေါင်းကို ဖိထားပြီးသည့်နောက် ဇက်မလန်အောင် ထိန်းထားနေသည်။ ဒုက္ခပင်လယ်အဆင့်အား ကျော်ဖြတ်ပြီးသည့် ကျင့်ကြံသူတစ်ယောက်သည် အသက် မည်မျှပြင်းသည်ကို ကြည့်ရုံဖြင့် သိနိုင်သည်။
ယဲ့ဖန်သည်လည်း နဖူးမှ ချွေးများအား မြန်မြန်ဆန်ဆန်ပင် သုတ်နေခဲ့သည်။ ခုနှစ်ရက်၊ ခုနှစ်ညတိတိ တောင့်ခံမနေခဲ့လျှင် ဒီလို အခြေအနေထိ ဖြစ်လာနိုင်မည်မဟုတ်ပါ။
အကြီးအကဲ ဟန်သည် ဒေါသ မီးတောက်နေသော မျက်လုံးများဖြင့် အခြေအနေအား လုံးဝ လက်မခံနိုင်ပဲ ရှိနေခဲ့သည်။ တုနှိုင်းမဲ့ လောက ထိပ်တန်း ဆေးလုံးများအား မတွေ့ရဘဲ သေမင်း၏ တံစဉ်ဖြင့် ခုတ်ချခံလိုက်ရသည့် အခြေအနေကို ရင်ဆိုင်နေခဲ့ရသည်။
မိုးကောင်းကင်မှ ဘုံကြိုးပြတ်လာသည့်အသွင် ရိုက်ခတ်မှုက သူ့ကို ရူးသွပ်သွားစေတော့သည်။
သွေးများ ဆက်တိုက် ကျဆင်းနေသော အကြီးအကဲ ဟန်၏ လည်ချောင်းသည် အသံများ တဝေါဝေါ ထွက်လာတော့သည်။ ထို့အပြင် နှုတ်ခမ်းထောင့်မှာလည်း သွေးများ ကျဆင်းလာခဲ့သည့်အတွက် စကားမပြောနိုင်ပါ။ ယဲ့ဖန်အား မျက်လုံးပြူးကြီးများ ဖြင့်သာ စိုက်ကြည့်နေတော့သည်။
” ဘာကြောင့်လဲ….ဘာကြောင့်လဲ ”
အဆုံးသတ်တွင် မပီပြင်သော စကားတချို့ထွက်လာခဲ့သည်။ လက်ရှိအခြေအနေအတိုင်း သူ မသေချင်ခဲ့ချေ။
” ငါ့ကို ခြေမပါ၊ လက်မပါနဲ့ မျောက်လို့များ မှတ်နေတာလား။ ”
ယဲ့ဖန်သည် အကြီးအကဲ ဟန်အား ခပ်ဝေးဝေးမှ ကြည့်ကာ ပြောလာတော့လေသည်။
” ကံမကောင်းစွာနဲ့ပဲ ခင်များက မဟာအကြီးအကဲ ဟုတ်မနေခဲ့ဘူးလေ။ ”
” မင်းကို ငါ မုန်းတယ်။ ”
အကြီးအကဲ ဟန်သည် လည်ပင်းအား လက်ဖြင့် ဖိကာ တစ်ခွန်းချင်း ပြောလာခဲ့သည်။
များပြားသော သွေးများကို ပါးစပ်အတွင်းမှ အန်ထုတ်ကာ စိတ်ပျက် အားလျော့မှု အပြည့်ဖြင့် လဲကျနေခဲ့ပြန်သည်။ သူ၏ နှလုံးသားထဲတွင် ကြီးမားသော အမုန်းတရား ရှိနေခဲ့သည့်အပြင် မခံမရပ်နိုင်မှုကလည်း ကြီးစိုးနေခဲ့သေးသည်။ အရာအားလုံး အဆင်ပြေနေသော်ငြား နောက်ဆုံးရလဒ်သည် ရက်စက်လွန်းသည့်အတွက် သေဆုံးမည်ဆိုလျှင်တောင် ဒီအချက်ကို သူ လက်မခံနိုင်ပေ။
” ငါက နူးညံ့လွန်းလို့ မင်း လုပ်ချင်တိုင်း လုပ်လို့ရမဲ့ ကောင်လို့ ထင်နေတာလား။ ငါ့ကို ဆေးလုံးဖြစ်အောင် မီးထဲ ထည့်ပစ်ပြီး ကြိုချက်ချင်နေတယ်ပေါ့။ မင်းလိုမျိုး ရက်စက်တဲ့သူက ဒီလို အဆုံးသတ်မျိုးနဲ့ပဲ ထိုက်တန်တယ်။”
” မင်း သေတယ်ဆိုတာ တကယ်တော့ မတရားတာ မဟုတ်ဘူးလေ။ ငါက ခုနှစ်ရက် ခုနှစ် ညတိတိ ဒီလို တိုက်ခိုက်ဖို့အတွက် အိုးထဲမှာ ဒုက္ခခံပြီး နေခဲ့ရတာ။ နောင်ဘဝမှာ လူကောင်းသူကောင်းဖြစ်အောင် နေ။ မဟုတ်ရင် အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး။ ”
အကြိးအကဲ ဟန်သည် ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ၏ လည်ပင်းမှာ ပြုတ်ထွက်လုမတတ် ဖြစ်နေပြီး နောက်ဆုံး ထွက်သက်ကို မရှူရှိုက်ချင်ပေ။
” ငါ မင်းကို လက်မ လွှတ်.. သေဖို့ … မတန် …။ ”
ယဲ့ဖန်သည် အကြီးအကဲ ဟန်အား စိုက်ကြည့်ကာ သူ၏ ဘေးနားမှ ဆေးဗီဒိုကြီးအား ဖွင့်လိုက်တော့သည်။ ချက်ချင်းပင် ဆေးဝါးအနံ့များသည် နှာခေါင်းတွင်းသို့ ဝင်ရောက်လာတော့သည်။ စိတ်ဝိညာဉ်ဆေးဝါး ဆယ်ခုထက် မနည်းကို သူထုတ်ယူလာကာ အကြီးအကဲ ဟန်ရှေ့၌ ဝှေ့ရမ်း ပြလိုက်သည်။
” အဘိုးကြီး …။ မင်း အတော်လေး ကြိုးစားခဲ့တယ်ဆိုတာ ဒါတွေ ကြည့်ရုံနဲ့ မြင်နိုင်တယ်။ တဘဝတာလုံး နွားတစ်ကောင်လို ရုန်းကန် ကြိုးစားခဲ့သားပဲ။ သာမာန်လူတွေ တွေးတောင် မတွေးဝံ့တဲ့ စိတ်ဝိညာဉ် ရှားပါးဆေးတွေကို စုဆောင်းနိုင်တာ တကယ် အံ့ဩစရာကောင်းလွန်းတယ်။ ဒီတော့ ငါလည်းကျေးဇူးတင်စိတ် အပြည့်နဲ့ လက်ခံရတော့တာပေါ့။”
အကြီးအကဲ ဟန်သည် ဒေါသထွက်လွန်းသည့်အတွက် နောက်ထပ် သွေးများ အန်ထွက်လာခဲ့တော့သည်။ လက်ရှိအချိန်တွင် မီးဝင်းဝင်း တောက်နေသောမျက်လုံးများဖြင့် ယဲ့ဖန်အား အရှင်လတ်လတ် မြိုချချင်နေခဲ့သည်။
” မစိုးရိမ်ပါနဲ့။ ကြိုးစားထားသမျှ အားလုံး အလကား မဖြစ်စေရဘူး။ ဒီရတနာတွေကို ကောင်းကောင်း အသုံးချပြီး ၂ နှစ်အတွင်းမှာ နွေဦးစမ်းေချာင်းအဆင့်ကို ကျော်ဖြတ်နိုင်စေရမယ်။ ”
” ေ–ိုးလေး ”
ဤစကား ထွက်ပေါ်လာပြီးနောက် မကျေနပ်သဖြင့် သူ တုန်လှုပ်ကာ ဆက်ပြီးမပြောနိုင်တော့ပါ။
” ပြဿနာတွေ ကြုံလာပြီဆိုရင် တည်တည်ငြိမ်ငြိမ် ဖြေရှင်းရမယ်။ အခွင့်အရေးတွေ ဆိုတာက ပြင်ဆင်ထားတဲ့သူအတွက် ဖြစ်လာတာပဲ။ ”
” ရှေးလူကြီးတွေက ဒီစကားကို ပြောခဲ့တာ .. တကယ် လှည့်စားခဲ့တာ မဟုတ်ဘူး။ ”
ရှေးလူကြီးတွေ မလှည့်စားဘူးဆိုသည့် စကားကို ကြားလိုက်ရပြီးနောက် အကြီးအကဲ ဟန် အမှန်တကယ်ပင် ရူးသွပ်သွားလေတော့သည်။ နောက်ထပ်စကားလုံးအချို့ကို သွေးများ အန်ထုတ်ကာ သူ ပြောလာခဲ့သည်။
” ရှေးလူကြီးတွေကို ငါ မုန်းတယ်။”
အကြီးအကဲ ဟန်သည် ဒေါသထွက်လွန်းသဖြင့် သေလုမတတ် ဖြစ်နေခဲ့သည်။ သူ၏ ခေါင်းသည် လက်လွှတ်လိုက်သည်နှင့် တပြိုင်နက် ပြုတ်ထွက်သွားလေတော့သည်။ အသေဆိုးနှင့် သေဆုံးခဲ့ရသည့်အတွက် မျက်လုံးပြူးကြီးများပင် မပိတ်နိုင်ကာ မကျေမချမ်း ဖြစ်နေခဲ့ရသည်။
” နောင်ဘဝမှာ မိသားစုကောင်းကို ရှာပြီး ကောင်းကောင်း နေ။”
အကြီးအကဲ ဟန်၏ စကားများကို ယဲ့ဖန်တစ်ထပ်တည်း ပြန်ပြောလေသည်။
လက်ရှိအချိန်တွင် ပြောသည့် ခံစားချက်များသည်လည်း ထပ်တူ ကျနေသော်ငြား ရလဒ်သည် လုံးဝ ကွာခြားနေခဲ့သည်။
အကယ်၍ အကြီးအကဲ ဟန်သာ ထိုကိစ္စအား သိခဲ့လျင် သေချာပေါက် ခက်ခက်ခက်ခဲ ထရပ်ပြီး သုံးလီတာမျှ သွေးများကို အန်ထုတ်ပေလိမ့်မည်။
ကျောက်တုံးအခန်း၏ ထောင့်တွင် ယဲ့ဖန် လှည့်ပတ်နေရင်း သူ၏ ဗောဓိသစ်ေစ့အား ရှာဖွေလိုက်ကာ ခန္ဓာကိုယ်အတွင်းသို့ ပြန်ထည့်လိုက်ပြန်တော့သည်။
ထူးဆန်းသော ဗောဓိသစ်ေစ့သည် လူများအား နားလည်သဘောပေါက်မှုကို ယူဆောင် လာပေးနိုင်သည်။ သူ၏ တန်ဖိုးသည် နှိုင်းယှဉ်မရနိုင်အောင် ကြီးမားလွန်းလှသည်။ အကယ်၍ ထိုသတင်းသာ ပြန့်နှံ့သွားခဲ့လျှင် အရှေ့နယ်မြေမှ ကျင့်ကြံသူများအားလုံး အပြေးလာကာ ခိုးယူဖို့ ကြိုးစားကြလိမ့်ပေမည်။
ထို့အပြင် ထူးဆန်းသည့် အစေ့အား လိုချင်ကြသော အင်အားကြီး ကျင့်ကြံသူများမှာ ထောင်နှင့်သောင်းနှင့် ချီ၍ ပေါ်လာပေလိမ့်မည်။ လူများသည် မြင့်မားသော အဆင့်သို့ ရောက်ရှိလေ အဆင့် တက်နိုင်ရန် ပိုမို ခက်ခဲလေ ဖြစ်သည်။ တစ်ကြိမ်တခါမျှ အသိပညာမြင့်မားသွားခဲ့လျှင် နောက်တကြိမ်အခွင့်အရေးကို ကြုံတွေ့ဖို့ ခက်ခဲပေးလိမ့်မည်။
ထို့အပြင် အသိဉာဏ် အလင်းပွင့်မှု တစ်ခုအား ရရှိခဲ့လျှင် မခန့်မှန်းနိုင်လောက်သော အခွင့်အရေးနှင့် အကျိုးအမြတ်ကို ပိုင်ဆိုင်ရပေလိမ့်မည်။
ယဲ့ဖန်၏ ကျင့်ကြံဆင့်မှာ နည်းလွန်းနေသည့်အတွက် ထိုအတွေ့အကြုံအား ရရှိရန် ခက်ခဲနေသေးသည်။ ထို့အပြင် တာအိုအား နားလည်ရန်ဆိုသည့် အခြေအနေကို မည်သို့ ကျော်ဖြတ်ရမည်မှန်း မတွေးတတ်သေးပါ။ အချိန်ကျလာရင် ရတနာများနှင့် ဆေးဝါးများအားလုံးတို့သည် အကျိုးမရှိ ဖြစ်သွားကြလိမ့်မည်။
စစ်မှန်သော ထိပ်တန်း ကျင့်ကြံသူများသာ အဆင့်ကျော် တိုးတက်နိုင်မှုအတွက် နားလည် သဘောပေါက်မှုကို လိုအပ်လာလိမ့်ပေမည်။
အပိုင်း ၉၆ ပြီး၏။
Chapter – 96
? Views, Released on September 1, 2024