Switch Mode

Chapter – 95

ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း ၉၅

အကြီးအကဲ ဟန်၏ ဘဝတစ်သက်တာတွင် ယနေ့သည် အပျော်ဆုံး ဖြစ်သည်။ သူ၏မျက်နှာမှ အရေးအကြောင်းများပင် ပျော်ကျပြီး နုပျိုသွားသယောင် ထင်နေခဲ့ရသည်။ ကခုန်ကာ ပျော်ရွှင်မှုအပြည့်ဖြင့် ရယ်မောနေရင်း ပိုမို စိတ်လှုပ်ရှားလာခဲ့လေသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ရေကန်ကြီး တစ်ခုသဖွယ် တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်း၍ နေခဲ့သည်။ ဒုက္ခ ပင်လယ်ကို အာရုံ စူးစိုက်ထားရင်း နှလုံးသားအား တည်ငြိမ်စေရန် လေ့ကျင့်နေခဲ့သည်။
လှိုင်းသံများသည် မရပ်တန့်သွားခဲ့ပေ။ ထို့အပြင် ဆုနာမီ ရေလှိုင်းကြီးများသည် ကောင်းကင်အား တုန်ခါလာစေတော့သည်။ ကျယ်လောင်သော မိုးခြိမ်းသံနှင့် လျှပ်စီးတန်း၏ အသံများသည် ကျောက်တုံးအခန်း၌ ပဲ့တင်သံ ထပ်နေခဲ့သည်။ အကြီးအကဲ ဟန်သည် ပျော်ရွှင်မှု၊ တောင့်တမှုအပြည့်ဖြင့် ခုနှစ်ရက်တာ အချိန်ကာလ အလျင်အမြန် ကုန်ဆုံးသွားစေရန် မျှော်လင့်နေခဲ့တော့သည်။
ငွေရောင်မီးလျှံဖြင့် ဖုံးလွှမ်း ခံထားရသော အိုးကြီးသည် စိတ်ဝိညာဉ် စွမ်းအားများကို ဆက်တိုက် စုပ်ယူနေခဲ့သည်။ မြင့်မြတ်သော ရောင်စဉ်တန်းသည် အရပ် မျက်နှာပေါင်းစုံမှ စီးဆင်းလာကာ ကျောက်တုံးအခန်းတစ်ခုလုံးကို ရီဝေနေစေခဲ့သည်။
လေးနာရီတိတိ အသံများ ဆက်တိုက် ထွက်ပေါ်‌လာပြီးသည့်နောက်၌ မိုးခြိမ်းသံများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။ အိုးကြီးသည်လည်း တည်ငြိမ်သွားခဲ့ပြီးသည့်နောက် ငွေရောင်မီးတောက်များသာ ကျန်ရှိနေတော့သည်။
အကြီးအကဲ ဟန်လည်း မစိုးရိမ်ခဲ့ချေ။ ခုနှစ်ရက်၊ ခုနှစ်ည တိတိကြာပြီးမှသာ အိုးကြီးကို ဖွင့်ရန် သူ စီစဉ်ထားခဲ့သည်။ ထူးဆန်းသော ဖြစ်စဉ်များသည် ထာဝရ မဖြစ်ပျက်နိုင်ဟု သူ တွေးတောမိခဲ့သည်။ ထို့အပြင် လောက ထိပ်တန်း အဆင့်မြင့်ဆေးဝါးအား ရရှိရန်အတွက် ရှေးစာလွှာများတွင် မှတ်တမ်းတင်ထားသည့်အတိုင်း လုပ်ဆောင်ဖို့ရာ ဆုံးဖြတ်လို့ ထားခဲ့သည်။
တစ်နေ့နဲ့ တစ်ညတိတိ ကုန်ဆုံးသွားပြီးသည့်နောက် အိုးကြီးမှာ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်တည်း။
မီးစွမ်းအား တစ်ခုတည်းသာ လှုပ်ရှားနေရင်း အဖြူရောင် အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
အိုးကြီးထဲတွင် ယဲ့ဖန်သည် တောင့်တင်းနေသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် အိပ်ပျော်လို့ သွားခဲ့သည့်အတွက် လက်ရှိအချိန်မှသာ ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။ သူ၏‌ေရွှရောင် ဒုက္ခပင်လယ်မှာ နောက်တစ်ကြိမ် ဆူပွက်လာခဲ့ပြီးဖြစ်သည့်အပြင် ယခင်ကထက်ပင် ပိုမို ကြီးမားလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အခွံမခွာရသေးသည့် လိုင်ချီးသီး အရွယ်အစားကဲ့သို့ ကြီးမားလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင်း၌ တောက်ပသော ကြယ်တစ်ပွင့် ရောက်ရှိလာသည့်အတိုင်း အလင်းတန်းများလည်း ဖြာထွက်နေခဲ့သည်။
ထို့အပြင် နတ်ဘုရား အမှတ်အသား ၁၇ ခုတိတိ ပေါ်ထွက်၍ လာခဲ့ပြီး သံမဏိချိန်းကြိုးကြီးများသဖွယ် ဒုက္ခ ပင်လယ်၏ ကောင်းကင်ထက်၌ တည်ရှိနေခဲ့လေသည်။ ထူးဆန်းသော အဖြစ်အပျက်များသည် ဒုက္ခပင်လယ်အား လှိုင်းထန်လာစေခဲ့သည်။ ထို့နောက် ပူစီဖောင်းများ ပေါ်ထွက်လာခဲ့ပြီး ပေါက်ကွဲထွက်ကာ မြူခိုးများ အသွင် ပြောင်းလဲသွားခဲ့လေသည်။
ယဲ့ဖန်သည်လည်း ဒုက္ခပင်လယ်အတွင်းမှ အပြောင်းအလဲများအား ခံစားသိရှိနေသည်။ အားကောင်းလှသော အသက်စွမ်းအားများသည် ခန္ဓာကိုယ်အတွင်း၌ ပေါ်ထွက်လာပြီး မျက်လုံးမှ အလင်းတန်းများသည် ပိုမိုအားကောင်းလာခဲ့လေသည်။ ထိုမျှနှင့် သူ မကျေနပ်နိုင်သေးပေ။ ကျောက်စိမ်း ကြာပန်း သစ်သီးအား ဆွဲယူကာ စတင် စားသုံးဖို့ ပြင်လိုက်သည်။
ထိုကြာပန်းသည် အားကောင်းသော မိစ္ဆာများ ဝန်းရံကာ ပြုစုပျိုးထောင် ခံထားရသည့်အတွက် တစ်လုံးအား ခူးဆွတ်ရန် ရှစ်နှစ်တိတိ အကြီးအကဲ ဟန် ကြိုးစားခဲ့ရသည်။
အသီးအား ယူပြီးပြီးချင်းမှာပင် အရိုးကွဲမတတ် အေးစက်မှုအား ယဲ့ဖန် ခံစားမိလိုက်လေသည်။ ပွက်ပွက်ဆူနေသော ဆေးရည်များသည် အသီးအား အရည် မပျော်နိုင်စေခဲ့ပေ။
ဂရုတစိုက် စားကြည့်လိုက်ချိန်တွင်မူ ပန်းသီးတစ်လုံး၏ အရသာနှင့် တူညီနေသည်ကို သတိထားလိုက်မိသည်။ ဒီတကြိမ်တွင် အသံတစ်သံမှ မထွက်စေရန် အထူးအားစိုက်ကာ သူ ကြိုးစားထားခဲ့သည်။
တစ်ညနှင့်တစ်ရက် ကုန်ဆုံးသွားခဲ့ပြိးသည့်နောက် ပုံမှန် အခြေအနေဖြင့် စဉ်းစားမည်ဆိုလျှင် သူ၏ အသားများမှာ ကောင်းကောင်းကျက်သည့် အနေအထား ရောက်နေလောက်ပြီ ဖြစ်သည်။
ကျောက်စိမ်း သစ်သီးသည် ချိုမြကာ လန်းဆန်းစေသော အရသာရှိသော်ငြား ရေခဲတမျှ အေးစက်နေသေးသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်သည်လည်း မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်လာခဲ့ပြီးသည့်နောက် အားကောင်းသော စွမ်းအားများသည် ခြေလက်နှင့် စွမ်းအင်အရင်းအမြစ်များဆီသို့ စီးဆင်းသွားလေတော့သည်။‌
နောက်ဆုံးတွင် အစိမ်းရောင် အလင်းတန်းသည် ယဲ့ဖန် တစ်ကိုယ်လုံးအား လွှမ်းခြုံသွားပြီးသည့်နောက် အရေပြားသည်လည်း အစိမ်းရောင် ပြောင်းသွားခဲ့တော့သည်။ အိုးအတွင်းမှ အပူချိန်သည် ဆက်တိုက် ကျဆင်းလာခဲ့ပြီးသည့်အပြင် ဆေးရည်များသည် မဆူပွက်တော့ပေ။
တစ်နာရီ ကြာပြီးသည့်နောက် နောက်တကြိမ် မုန်တိုင်းသံများ ထွက်ပေါ်လာခဲ့ပြန်သည်။ ဒီတကြိမ်တွင် အရှိန်အဟုန်သည် ပိုမို ကောင်းမွန်ပြီးသည့်နောက် အိုးကြီးတစ်ခုလုံးပါ လှုပ်ရှားလာလေတော့သည်။
အကြီးအကဲ ဟန်သည် လက်ရှိအချိန်တွင် ကျယ်လောင်လှသော အသံများအား နားထောင်ရင်း အိုးကြီးအား စိုက်ကြည့်ကာ ပိုမို စိတ်လှုပ်ရှား လာတော့သည်။
” နောက်ထပ် ထူးဆန်းတဲ့ ဖြစ်စဉ် ဖြစ်လာတာပဲ။ ရတနာ ဆေးကတော့ သေချာပေါက် အောင်မြင်ပြီ .. ။”
လက်ရှိအချိန်တွင် ဆယ်စုနှစ် တစ်ခုမျှ ငယ်ရွယ်သွားသော ပုံဖြင့် အကြီးအကဲဟန်သည် မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပနေတော့သည်။ ခုနှစ်ရက် ကြာခြင်းအား သူ အမှန်တစ်ကယ် ‌မစောင့်ဆိုင်းနိုင်တော့ပေ။
နားကွဲမတတ် လှိုင်းခတ်သံများနှင့် လျှပ်စီး မိုးကြိုးအသံများ ပေါ်ထွက်နေခဲ့သည့်အတွက် အခန်းတစ်ခုလုံးပင် တုန်ခါလာခဲ့တော့သည်။
” ဆေးဖော်ပြီးတဲ့နေ့က ငါ အဆင့်တက်တဲ့ နေ့ပဲ။”
အောင်မြင်မှုအတွက် ပျော်ရွှင်ကာ အကြီးအကဲ ဟန် ပီတိဖြာနေခဲ့သည်။ ထို့အပြင် မဟာဆေးလုံးသည် သူ့အားနောက်ထပ် အဆင့် နည်းနည်း ထပ်တက်စေဖို့ အထောက်အကူ ဖြစ်လာလိမ့်မည်။
အိုးထဲတွင် အသံကျယ်ကြီးများ ပေါ်ထွက်လာနေသော်ငြား အကြီးအကဲ ဟန်သည် ဖွင့်မကြည့်ရဲသေးပေ။ အခန်းအတွင်း၌ ပတ်ကာ လမ်းသာ လျှောက်နေခဲ့တော့သည်။
ဤတကြိမ်တွင် ဆူနာမီမုန်တိုင်းနှင့် မိုးကြိုးများသည် ခြောက်နာရီထိမျှ ကြာမြင့်နေခဲ့ပြီးသည့်နောက် ဖြည်းဖြည်းချင်း ပြန်လည် တိတ်ဆိတ်သွားပြန်တော့သည်။
” ဆေးအိုးကို ချိတ်ပိတ်ထားတယ်ဆိုမှတော့ အခုဖွင့်လို့ မရသေးဘူး။ ငါ ခုနှစ်ရက်ပြည့်အောင် စောင့်ရမယ်။ စောင့်ရမယ်။ ”
အကြီးအကဲ ဟန်သည် သတိကြီးကာ ဆေးဝါးများ အကုန် မထည့်လိုက်သည့်အတွက် နောင်တရနေခဲ့သည်။ အကယ်၍ ဆေးအကုန်လုံးကိုသာ ထည့်လိုက်ခဲ့ရင် ပိုထူးဆန်းသော ဖြစ်စဉ်များသည် ပေါ်ထွက်လာနိုင်ချေ ရှိသည်။ ထို့အပြင် ရှေးစာအုပ်များထဲမှ ဖော်ပြချက်အရ ခုနှစ်‌ေရာင်ခြယ် သက်တန့်ဖြာနေသော ရောင်စဉ်တန်းများသည်လည်း ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင်သည်။
အကြီးအကဲ ဟန်သည် ယုံကြည်ချက် အပြည့်ဖြင့် ရှိနေခဲ့သည်။ သူ၏ ကောင်းမွန်သော ကံတရားဖြင့် မည်သည့်အရာမှ အနှောင့်အယှက် မဖြစ်နိုင်ဟု တွေးထင်နေခဲ့သည်။
နောက်တစ်ည ကြာပြီးသည့်နောက် ယဲ့ဖန် နိုးလာခဲ့ပြန်သည်။ သူ၏ ခန္ဓာကိုယ်သည်လည်း နောက်တကြိမ် ပြန်လည် တောက်ပလာခဲ့ပြီး ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားခဲ့လေသည်။ အမာရွတ်ပင် မကျန်ခဲ့ပါ။
ယဲ့ဖန်၏ ရွှေရောင် ဒုက္ခပင်လယ်သည်လည်း နောက်တကြိမ် ပြောင်းလဲ သွားခဲ့ပြန်သည်။ လက်ရှိအချိန်တွင် အသံများပိုမိုကျယ်လောင်လာခဲ့ပြီး အလယ်ဗဟိုရှိ လှိုင်းများသည် ပို၍ အားကောင်း လာခဲ့လေသည်။ ပူစီဖောင်းများသည် အပြင်သို့ လျှံထွက်ကာ အဖြူရောင် မြူခိုးများအသွင် ပြောင်းလဲရင်း ဒုက္ခပင်လယ် တစ်ခုလုံးသည် ဆန်းကြယ်နေခဲ့လေသည်။
လက်ရှိအချိန်တွင် ယဲ့ဖန်သည်လည်း အကြီးအကဲ ဟန် ကဲ့သို့ပင် အောင်မြင်မှု၏ အငွေ့အသက်ကြောင့် ပျော်ရွှင်နေခဲ့သည်။
ထိုမျှနှင့် သူ မကျေနပ်နိုင်ပဲ အရွက် ကိုးရွက်ပါသော မီး နတ်မြက်အား ဆွဲယူကာ စားသုံးရန် ပြင်လိုက်တော့သည်။ ထိုမြက်သည် ကျစ်ကျစ်တောက် ပူပြင်းနေခဲ့ပြီး စွမ်းအင် လှိုင်းများလည်း အပြင်သို့ ထွက်နေခဲ့သည်။
ယဲ့ဖန် ပါးစပ်အတွင်းသို့ ထည့်ပြီးသည့်နောက် အချိန် အနည်းငယ် ဝါးလိုက်ချိန်တွင် တောက်ပသော အနီရောင်အလင်းတန်းသည် သူ၏ ခန္ဓာကိုယ်တွင်းသို့ ချက်ချင်းပင် စီးဝင်သွားလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အနီရောင် အလင်းတန်းဖြင့် လွှမ်းခြုံခံထားရကာ တောက်ပလာခဲ့တော့သည်။
သာမာန်လူ၏ ခန္ဓာကိုယ် ဖြစ်ခဲ့မည်ဆိုလျှင် သေချာပေါက် ပြာဖြစ်သွားမည်မှာ အမှန်ပင်။ သို့သော် ယဲ့ဖန်၏ ခန္ဓာကိုယ်သည် အထူးပင် ကွာခြားမှု များလေသည်။ ဒုက္ခ ပင်လယ်မှာ အဆုံးမဲ့သော အသူရာချောက်နက်ကြီးပမာ နက်ရှိုင်းနေခဲ့သည့်အပြင် တောက်ပသော အနီရောင်အလင်းတန်းများသည်လည်း ပင်လယ်ထဲသို့ ကျရောက်သည့်အလား စုပ်ယူခံလိုက်ရသည်။
လက်ရှိအချိန်တွင် သူ၏ အသွေးအသား၊ ကိုယ်တွင်း ကလီစာများပင် အစိုင်အခဲတစ်ခုအသွင် ကြည်လင်၍ လာခဲ့သည်။ ဖုန်မှုန့်များနှင့် အညစ်အကြေး ကင်းစင်ကာ အနုပညာ လက်ရာဖြင့် တောက်ပ၍ လာခဲ့လေသည်။
တတိယအကြိမ် အသံကျယ်ကြီးပေါ်ထွက်လာချိန်တွင် အကြီးအကဲ ဟန်သည် နောက်တကြိမ် အထိတ်တလန့် ထရယ်လာသည်။
” ငါကတော့ တကယ် မိုးကောင်းကင်ကြီး တစ်ခုလုံးက ကောင်းချီး မင်္ဂလာပေးတာကို ခံထားရတာပဲ။ ”
ယဲ့ဖန် နိုးထလာချိန်တွင် သူ၏ ဒုက္ခပင်လယ် ကျယ်ပြန့်လာသည်ကို ခံစားလိုက်ရသော်ငြား အရွယ်အစားမှာ အများကြီး မကြီးမားခဲ့လာပေ။ သို့သော် ကျင့်ကြံဆင့် တန်ဖိုးသည် အပေါ်သို့ တက်လေလေ တိုးတက်မှု ရရန် ခက်ခဲလေပင် ဖြစ်သည်။ စိတ်ဝိညာဉ် ဆေးဝါးအစွမ်းအစသည် တူညီသည့်အတွက် ပထမဆုံး တစ်ခုသည် အကျိုးသက်ရောက်မှာပင် ဖြစ်သည်
ဆေးဝါး သုံးခုအား စားပြီးသည့်နောက် ယဲ့ဖန်၏ ဒုက္ခ ပင်လယ်သည် ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲ သွားခဲ့သည်။ အလယ်ဗဟိုတွင် အရောင်စုံ တောက်ပနေသည့် မြူခိုးများ ဖြစ်ပေါ်လာသည့်အပြင် မရေမတွက်နိုင်သည့် အမှတ်အသားများလည်း ပေါ်ထွက်၍ လာခဲ့သည်။
ယဲ့ဖန် ၄င်းကို နားလည်ထားသည့်အတွက် စိတ်ရှုပ်ထွေးမှု မဖြစ်ခဲ့ချေ။ ဒုက္ခ ပင်လယ်အား ကျင့်ကြံသူများသည် မရေမတွက်နိုင်သည့် ဖြစ်စဉ်များအား ကျော်ဖြတ်နိုင်ရန် လိုအပ်သည်။ ပထမဆုံးအကြိမ်တွင် ဒုက္ခပင်လယ်အတွင်း၌ စွမ်းအားပမာဏ အချို့ စတင် စုစည်းလာသည်။ အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားများ စုစည်းလာပြီးနောက် နတ်ဘုရား အမှတ်အသားများဖြင့် ပြောင်းလဲသွားပေလိမ့်မည်။
နတ်ဘုရား အမှတ်အသားများသည် သံမဏိ ချိန်းကြိုးကြီးများသဖွယ် ဒုက္ခပင်လယ်အပေါ်၌ ရှိနေလိမ့်မည်။
ဒုက္ခပင်လယ် ကျယ်ပြန့်လာပြီးသည့်နောက် ကျင့်ကြံဆင့် နက်ရှိုင်းလာမှုနှင့်အတူ ပူစီဖောင်းများ ထွက်ပေါ်လာခဲ့သည်။ ပူစီဖောင်းများ ကွဲထွက်ချိန်တွင် တိမ်တိုက်များ ပေါ်လာခဲ့သည်။ ထို့နောက် ဒုက္ခပင်လယ်သည် စမ်းချောင်းတစ်ခုအသွင် ရှိနေခဲ့ပြီး မီးတောင်တစ်ခု အသက်ဝင်လာသော ပုံစံဖြင့် တလက်လက် တောက်ပသော ပုံစံပေါ်လာလိမ့်မည်။ တစ်နေ့တွင် ဒုက္ခပင်လယ်၏ အောက်မှ မီးတောင် အပြည့်အဝ ထလာချိန်တွင် တိမ်တိုက်များသည် အရည်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ထိုအချိန်ကို ဖြတ်ကျော်ပြီးမှသာ နွေဦးစမ်းချောင်း အသက်စွမ်းအား အဆင့်ကို ကျော်ဖြတ်နိုင်လိမ့်ပေမည်။ အောင်မြင်သွားခဲ့လျှင် အက်ကွဲကြောင်းများမှာ စမ်းချောင်း အသွင် စီးဆင်းလာပေလိမ့်မည်။
ဒုက္ခ ပင်လယ် ကျင့်ကြံသူများသည် နွေဦးနတ်စမ်းချောင်းအစစ်အား ဖြတ်ကျော်နိုင်ရန် ဖြစ်စဉ်သုံးခုကို ဖြတ်ကျော်ဖို့ လိုလေသည်။
ယနေ့‌တွင် ဒုတိယ ဖြစ်စဉ်ကို ယဲ့ဖန် ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် ဆူပွက်နေသော စွမ်းအားသည် ဒုက္ခပင်လယ်၏ အလယ်ဗဟို၌ တည်ရှိနေကာ မီးတောင်ကြီး အသက်ဝင်လာသည့်သဖွယ် အလင်းတန်းများ စတင်ပေါ်ပေါက်လာသည်။
” အကယ်၍ ငါသာ အကြီးအကဲ ဟန် စုဆောင်းထားတဲ့ ဆေးဝါးတွေအားလုံးကို စားပြီး သန့်စင်လိုက်မယ်ဆိုရင် နေရာကောင်းကောင်းတစ်ခုမှာ လေ့ကျင့်လိုက်လို့ကတော့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ နွေဦး အသက်စမ်းချောင်း အဆင့်ကို ဖြတ်ကျော်နိုင်လိမ့်မယ်။ ”
ယဲ့ဖန်နောက်ဆုံးတွင် မျှော်လင့်ချက် ရှိလာတော့သည်။
ပထမဆုံးအနေဖြင့် သူ၏ ရှေ့မှ အန္တရာယ်အား ဖယ်ရှားကာ အသက်ကို ကယ်တင်ရန် လိုလိမ့်ပေမည်။ အသက်ရှင်နေမှသာ အိပ်မက်များကို အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ပေလိမ့်မည်။
စိတ်ဝိညာဉ် ဆေးဝါး သုံးခုအား အပြည့်အဝ သန့်စင်ပြီးနောက် အလောတကြီး မလှုပ်ရှားခဲ့ပေ။ တိတ်တဆိတ်ဖြင့်သာ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့၏။ သုံးရက်အချိန်ကုန်ဆုံးသွားပြီးသည့်အတွက် အိုးအဖုံး မဖွင့်ခင် လေးရက်တိတိ စောင့်ဆိုင်းရန် လိုပေလိမ့်မည်။
အိုးအတွင်းမှ ဆေးရည်များသည် သူ စားသုံးခဲ့သော ဆေးဝါးများနှင့် မယှဉ်နိုင်သော်ငှား အသက်စွမ်းအား ပါဝင်မှု မြင့်မားလေသည်။
သုံးရက်ကြာပြီးသည့်နောက် ထူးဆန်းသည့် အဖြစ် နောက်ထပ် မဖြစ်ပေါ်လာတော့သည့်အတွက် အကြီးအကဲဟန်သည်လည်း ထူးဆန်းနေခဲ့သည်။ ထို့အပြင် အိုးကြီးထဲမှ မွှေးရနံ့များသည် ပိုမိုပျောက်ကွယ်လာခဲ့ ပြီးသည့်နောက် အနံ့ပါ မထွက်တော့ချေ။
” တန်ဖိုးကြီးတဲ့ ဆေးက အခုပဲ ဖြစ်သွားလို့ အမွှေး အဆီအနှစ်တွေ ကန့်သတ်ခံလိုက်ရတာလား။ ”
သံသယဝင်လာသော အကြီးအကဲ ဟန်က သူ့ဘာသာသူတွေးနေခဲ့သည်။
” အဲ့ဒီလိုပဲ ဖြစ်ရမယ်။ ဒဏ္ဍာရီတွေအရ ဆေးလုံးဖြစ်ပေါ်တော့မဲ့ အချိန်မှာ စွမ်းအားတွေအားလုံးက ကန့်သတ်ခံရတယ်တဲ့။ အနံ့တစ်ခုတောင် ထွက်မလာဘူး။ ဒါကြောင့်သာ ဆေးရဲ့အစွမ်းအစ တစ်ခုမှ အလဟဿ မဖြစ်တာပဲ။ ”
” ဒါဆိုရင် သေချာပေါက် ဒဏ္ဍာရီလာ ထိပ်တန်းဆေးကို ငါ အောင်အောင်မြင်မြင် သန့်စင်နိုင်ပြီလို့ သေချာသွားပြီ။ ”
နှစ်ရက်တာ အချိန်အတွင်းတွင် ဆေးဝါးမှ စွမ်းအင် အဆီအနှစ်များအား ယဲ့ဖန် အပြည့်အဝ စုပ်ယူပြီးသွားခဲ့လေသည်။ သူ၏ ဒုက္ခပင်လယ်မှာ စမ်းချောင်းတစ်ခုအသွင် လှည့်ပတ်နေကာ မီးတောင်ရှင်ကြီးအား နိုးထရန် အသင့်ပြင်နေခဲ့သည်။ အလင်းတန်းများဖြင့် ဝန်းရံခံထားရသည့်အတွက် သူ၏ ခန္ဓာကိုယ်မှာ မြူခိုးများအကြား ရောင်စဉ်ဖြာနေလေသည်။
အိုးကြီးအား ဖွင့်ရန် နောက်ထပ် အချိန် နှစ်ရက်သာ လိုတော့သည်။ ယဲ့ဖန်သည် တိတ်တဆိတ် အခွင့်အရေးအား စောင့်ဆိုင်းနေခဲ့ရင်း မီး၏ စွမ်းအားကို အသုံးချကာ ခန္ဓာကိုယ်အား သန့်စင်နေခဲ့သည်။
နှစ်ရက်တာအချိန်သည် မျက်တောင် တစ်ခတ်အတွင်း ကုန်ဆုံး၍ သွားခဲ့သည်။ အကြီးအကဲ ဟန်သည်လည်း ဆက်တိုက်ရယ်မောနေခဲ့သည့်အပြင် သူ၏ တန်ဖိုးကြီး ဆေးဝါးအား ထုတ်ယူရန် ဆေးအဖုံးကို အသင့်ပြင်နေခဲ့တော့သည်။
” ခွေးမသားလေး … မင်း အဲ့ဒီမြင့်မြတ် သစ်သီးကို စားပြီး မြင့်မြတ်တဲ့ စမ်းချောင်းထဲက ရေကို သောက်မိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်တော့။ နောက်ဘဝမှာ မိသားစု ကောင်းကောင်းဆီ သွားတော့။ ဒီဘဝမှာတော့ မင်းက ငါ့ကို ကူညီဖို့ ကံကြမ္မာဖန်လာတာပဲ။”
အပိုင်း ၉၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset