ဇမ္ဗူဒီပါ တောင်ကျွန်း သခင်
အပိုင်း ၉၄
…
မြေပြင်ပေါ်မှ ထွက်ပေါ်လာသော ငွေရောင် မီးတောက်သည် အဆုံးမဲ့သော အပူများဖြင့် အလျှံတညီးညီးတောက်လောင်နေတော့သည်။ စိတ်ဝိညာဉ် စွမ်းအားတချို့ ပါဝင်နေခဲ့သည့်အပြင် မြင့်မြတ်သော အလင်းတန်းမှာ ဆေးကြိုသည့် အိုးအတွင်းသို့ ဝင်ရောက်လာလေ၏။
ကျောက်တုံးအခန်း တစ်ခုလုံးသည် သန့်စင်သော အဖြူရောင် အလင်းတန်းများဖြင့် ဝန်းရံခြင်း ခံထားရသည်။ မြူခိုးဝေကာ အုံ့စိုင်းနေသော ဂူကြီးတစ်ခုအသွင် သိပ်သည်းသော စိတ်ဝိညာဉ် စွမ်းအားများဖြင့် ပြည့်နှက်လာခဲ့သည်။
ထိုမီးလျှံသည် သာမာန် မဟုတ်ပေ။ သင့်တော်သော အပူရှိန်ကို ပိုင်ဆိုင်ထားရုံ မျှမက ထူးခြားသော စိတ်ဝိညာဉ်စွမ်းအားပါ ပါဝင်နေသည့်အပြင် အသက်စွမ်းအားများကို သိပ်သည်းစေသော အစွမ်းအစ ပါရှိလေ၏။ ထို့အပြင် စိတ်ဝိညာဉ် ဆေးလုံးများအဖြစ်လည်း ပြောင်းလဲနိုင်လေသည်။
ကခုန်နေသော ငွေရောင် မီးတောက်နှင့်အတူ ဆေးကြိုသည့် အိုးကြီးသည် သက်ရှိတစ်ဦးသဖွယ် လှုပ်ရှားလာခဲ့တော့သည်။
အကြီးအကဲ ဟန်ကမူ ဘေးတွင် မျက်လုံးများကို မှိတ်ကာ စောင့်ကြပ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ခြောက်ကပ်လွန်းနေသဖြင့် သက်ရှိတစ်ယောက်အသွင် ပေါက်မနေခဲ့ချေ။
လက်ရှိအချိန်တွင် ချိတ်ပိတ်ထားသော အိုးကြီးအတွင်း၌ နာကျင်မှု တစ်ခုတည်းကိုသာ ယဲ့ဖန်ခံစားရသည်။ ခြေလက်များက ဓားဖြင့် ထိုးဖောက်ခံထားရသည့်အပြင် ရင်ဘတ်၌လည်း ဓားဒဏ်ရာကြီး ရှိနေခဲ့သည် ။ သွေးများ ဆက်တိုက် စီးဆင်းနေသည့်အတွက် ဒဏ်ရာငါးခုလုံးမှာ ပြင်းထန်လွန်းလှသည်။
တစ်ကိုယ်လုံး အားအင် နည်းပါးနေသည့်အတွက် သတိလစ်မတတ်ဖြစ်နေခဲ့သည်။ သို့သော် အကြီးအကဲ ဟန် ပြောခဲ့သည့်အတိုင်း အချိန် အတိုင်းအတာ တစ်ခုအထိ အသက်အန္တရာယ် မရှိနိုင်ပေ။ တစ်ကိုယ်လုံး အစိမ်းရင့်ရောင် ဆေးရည်ထဲ၌ စိမ်ထားခံရသည့်အတွက် သွေးထွက်မှုမှ ရပ်တန့်သွားပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် အိုးကြီးအတွင်းမှ အပူရှိန်သည် လေပူဖောင်းများ ဆက်တိုက် ပေါ်ထွက်လာသည့်အပြင် အပူရှိန်မှာ ဆက်လက် မြင့်တက်လျှက် ရှိသည်။ ဆေးရည်များသည် ယဲ့ဖန်၏ မေးစေ့ထိပင် ရောက်ရှိလို့ လာခဲ့သည်။ ဆက်တိုက် ရုန်းကန်နေသော်ငှား ခန္ဓာကိုယ်ကို အကြီးအကဲဟန်က ချိတ်ပိတ်ထားသည့်အတွက် အများကြီး မလှုပ်ရှားနိုင်ခဲ့ချေ။
” ဒီလိုနည်းနဲ့ သေရတာ စိတ်ဖိစီးဖို့ကောင်းလိုက်တာ။ ငါ တကယ်ပဲ မသေချင်သေးဘူး။ ”
မေးစေ့နား ရောက်လာသော ဆေးရည်များကို သူ ဆက်တိုက် ပါးစပ်ဟကာ သောက်သုံးတော့သည်။ လက်ရှိအချိန်တွင် လှုပ်ရှားနိုင်သည်မှာ နှုတ်ခမ်းတစ်ခုသာ ရှိတော့သည်။ လက်များအားလှုပ်ရှားနိုင်လျှင် သေချာပေါက် အနားမှ အရွက်ကိုးရွက်ပါ နတ်မီးငှက် မြက်ပင်အား ဆွဲယူကာ ဝါးစားပစ်ဖို့ တွေးထားခဲ့သည်။
သွေးများဆုံးရှုံးမှု များပြားလွန်းသဖြင့် သူ၏အသိဉာဏ်မှာ စတင်ပြီး ဝေဝါးလာခဲ့သည်။
နှုတ်ခမ်းအား ခပ်တင်းတင်းစေ့ထားပြီးနောက် ကိုက်ချလိုက်ကာ သူ့ကိုယ်သူ သတိပေးနေခဲ့သည်။
” ငါ သေလို့ မရသေးဘူး။ ”
သွေးထွက်လွန်နေပြီဖြစ်သောကြောင့် အခြားသူသာဆိုလျှင် သေဆုံးနေသည်မှာ လွန်ခဲ့သော အချိန်အတော်ကြာကပင် ဖြစ်ပေမည်။ သူ၏ ဒဏ်ရာများမှာ သွေးမထွက်တော့သော်ငြား ဆေးရည်၏ အားဖြည့်ပေးမှုကြောင့် တစ်ကိုယ်လုံး အားအင်ချိနဲ့ကာ သတိလက်လွတ်အခြေအနေကို ရောက်နေခဲ့သည်။
” ငါ သတိလစ်သွားလို့ မရဘူး။ မဟုတ်ရင် ငါ သေသွားလိမ့်မယ်။ ”
ယဲ့ဖန် တုန်ယင်လို့ လာလေသည်။ သတိလစ် တစ်ဝက် နိုးတစ်ဝက် အခြေအနေမှာ ရှိနေခဲ့ပြီး အကောင်းဆုံးတောင့်ခံဖို့ ကြိုးစားနေခဲ့ရသည်။
ယခုကဲ့သို့ အခြေအနေများတွင် ရင်းနီးသူများနှင့် မြင်ကွင်းများသည် သူ၏ စိတ်အတွင်းသို့ တစ်ခုပြီး တစ်ခု ဝင်ရောက်လာလေသည်။
( အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော မိဘများသည် သူ့အား အိမ်သို့ ပြန်လာရန် ခေါ်သည့် အသံများ ကြားရသည်။ ထို့အပြင် မင်္ဂလာပွဲ တက်ခဲ့သော သူ၏ ဝမ်းကွဲ အစ်ကို တစ်ယောက်သည်လည်း ကလေးမွေးနေ့အား လာရန် သူ့အား ဖိတ်နေခဲ့သည်။ ထို့အပြင် ဆယ့်ရှစ်နှစ်အရွယ် ညီမတစ်ဝမ်းကွဲလေးသည် သူမ၏ အိပ်မက်ကျောင်းတော်ကို တက်ခွင့်ရပြီ ဖြစ်သဖြင့် လက်ဆန့်ထုတ်ကာ လက်ဆောင်ကို တောင်းနေခဲ့သည်။ ထို့အပြင် သူ၏ မိတ်ဆွေကောင်းများသည်လည်း အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည့်အတွက် ပြစ်တင် ပြောဆိုနေခဲ့သည်။ )
မွေးရပ်ဇာတိမှ မိသားစုနှင့် မိတ်ဆွေများ အားလုံးတို့သည် ယဲ့ဖန်၏ စိတ်အတွင်း၌ နေရာယူနေခဲ့ကြသည်။ တချို့သူများသည် ယဲ့ဖန်အား အော်ဟစ်ကာ ဆွဲခေါ်ရန် ကြိုးစားနေကြသော်လည်း ထိုလူများ၏ အနီးသို့ မကပ်ပဲ သူ ဆက်လက်ပြေးလွှားနေခဲ့သည်။
ထိုလူများအပြင် လက်ရှိ လောက၌ ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများပါ စိတ်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာခဲ့ပြန်သည်။
မိစ္ဆာစွမ်းရည်များ အပြည့်ဖြင့် ခါးသီးသော အပြုံးကို ပြုံးကာ ရုန်းကန်နေရသော ဖန်းပေါ်၊ ကျန်းမိသားစုမှ မျက်ရည်အပြည့်ဖြင့် ရှောင်ထျန်းထျန်း၊ ကြောက်စရာကောင်းလွန်းလှသော အကြီးအကဲ ဟန် ။
လီရှောင်းမာန်၏ ရုပ်သွင်တောင် တစ်ခဏတာ ပြန်ပေါ်လာခဲ့စေသည်။ ပြည်ပသို့ သူမ ပညာသင် သွားပြီးသည့်နောက် တစ်ယောက်နဲ့ တစ်ယောက် မေ့ပျောက်သွားခဲ့သလို နောက်ဆုံး၌ အေးစက်သောအပြုံးဖြင့် ရင်ဆိုင်ခဲ့ရသည်။
လူသားနှင့် မသေမျိုးများသည် မတူညီသော လောကနှစ်ခုဖြင့် ရင်ဆိုင်ကြသည်ဟု သူမ ပြောခဲ့သည်။ ထို့အပြင် လက်တွေ့ မကျသော စိတ်ကူး၊ အိပ်မက်များ မရှိသင့်ဟုပါ ဆုံးမသွားခဲ့သည်။
” ငါ သေလို့ မရဘူး၊ အိမ်ပြန်ချင်တယ်။ ငါ့ကို စောင့်နေတဲ့ မိသားစုတွေ မိတ်ဆွေတွေ အများကြီးပဲ။ ”
ယဲ့ဖန်၏ အသိစိတ်မှာ ဝေဝါးလာခဲ့သော်ငှား သူ စကားပြောရန် ကြိုးစားနေခဲ့သည်။
” သေခြင်းတရားရဲ့ အရသာကို ဖြည်းဖြည်းချင်း မြည်းစမ်းကြည့်ပေါ့ကွာ။ ”
ထိုအချိန်၌ပင် အိုး၏ အောက်ခြေမှ မီးစိတ်ဝိညာဉ် အဆီအနှစ်များ စွမ်းအား ပိုမို အားကောင်းလာခဲ့ပြန်သည်။ မီးတောက်သည် အိုးကြီတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားခဲ့တော့သည်။
အိုးကြီးအတွင်း၌ မရေမတွက်နိုင်သော ဆေးရည်များသည် ဆူပွက်နေရင်း ယဲ့ဖန်အား ဝန်းရံထားလေသည်။ ထို့အပြင်မီး၏ စိတ်ဝိညာဉ် စွမ်းအားဖြစ်သည့် ငွေရောင် အလင်းတန်းကပါ သူ၏ဘေးပတ်လည်၌ လှည့်ပတ်၍ နေခဲ့သေးသည်။
ယဲ့ဖန် သတိလစ်၍ နေတော့မည့် အချိန်၌ပင် နှလုံးသားထဲ၌ လှုပ်ရှားမှု တစ်ခု ပေါ်ထွက်လာလေတော့သည်။ ရာနှင့်ချီသော ရှေးဟောင်း စာလုံးသေင်္ကတများသည် စိတ်အတွင်းမှ ဖြတ်သန်းစီးဆင်းလာကာ သူ့အား ဖြည်းဖြည်းချင်း သတိ ပြန်ကပ်လာစေခဲ့သည်။
နောက်ဆုံးတကြိမ်တွင် ကျန်း မိသားစု၏ သူရဲကောင်းမှ သူ့အား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားစေခဲ့သော နောက်ဆုံးအကြိမ်၌ သတိလစ် မေ့မျောနေသော ကာလတွင် ထိုရှေးစာပေတို့အား နိုးထစေခဲ့သည်။ ဤတကြိမ်တွင်လည်း အတူတူပင် ကြုံရပြန်သည်။
လက်ရှိအချိန်တွင် အိုးကြီးထဲမှ အပူချိန်သည် အပူချိန် မြင့်သထက် မြင့်မားလာပြီးသည့်နောက် အစိမ်းရောင် ဆေးရည်များ ဆူပွက်လာသည့်အတွက် ယဲ့ဖန်လည်း ရှေးစာလွှာကို အသုံးပြုကာ ခုခံနေရတော့သည်။
ထိုအချိန်၌ပင် ထူးဆန်းသော အပြောင်းအလဲတစ်ခုဖြင့် ကြုံတွေ့ရပြန်သည်။ ငွေဖြူရောင်အလင်းတန်းသည် ခန္ဓာကိုယ်အတွင်းသို့ အလောတကြီး ပြေးဝင်လာကာ အသွေးအသားများတလျှောက် မြန်မြန်ဆန်ဆန်ပင် လှည့်ပတ်လို့ နေခဲ့သည်။ မီး စိတ်ဝိညာဉ် ပိုင်ဆိုင်သော စွမ်းအားဖြစ်သည့်အတွက် ဆေးပညာအား အရည်ပျော်စေကာ အသက်စွမ်းအားကို တိုးစေပြီး ဆေးလုံးများကို သန့်စင်နိုင်ရန် အားေကာင်းနေသည်။ ထိုအချိန်တွင် ယဲ့ဖန်အား စိတ်ဝိညာဉ် ဆေးဝါးတစ်ခုအဖြစ် မီးတောက်မှ သတ်မှတ်ကာ သူ၏ ခန္ဓာကိုယ်တလျှောက် ရစ်ပတ်၍ နေတော့သည်။
ရလဒ်အေနဖြင့် ခြောက်ခမ်းနေသော အသက်စွမ်းအားဖြင့် အကြီးအကဲဟန်သည် အားနည်းလျော့ရဲလာခဲ့သည်။ နောက်ဆုံးတွင် အံ့ဩစရာကောင်းလောက်အောင် ချိတ်ပိတ်စည်းမှာ နစ်မြုပ် သွားခဲ့ရတော့သည်။ ထိုထူးဆန်းသော မီးတောက်သည် သူ့အားချိတ်ပိတ်ထားရာမှ လွတ်မြောက်စေလိမ့်မည်ဟု အကြီးအကဲဟန် တွေးမိပုံ မပေါ်ချေ။
လက်ရှိအချိန်တွင် ဆူပွက်နေပြီ ဖြစ်သော ဆေးရည်ထဲ၌ အစိမ်ခံထားရသဖြင့် အသွေးအသားများ ဆုတ်ဖြဲခံထားသည့်အလား နာကျင်မှုကို ယဲ့ဖန် ခံစားနေခဲ့ရသည်။
တာအိုစာလွှာထဲမှ ထူးဆန်း နည်းလမ်းကို အသုံးပြုကာ သူ၏ ဒုက္ခပင်လယ်ထဲသို့ အသက်စွမ်းအား အများအပြား စတင် စီးဆင်းစေရန် လုပ်ဆောင်လိုက်တော့သည်။ ခန္ဓာကိုယ်၏ အပြင် မျက်နှာပြင်တွင် အလင်းတန်းများ ထွက်ပေါ်လာပြီးသည့်နောက် ဆူပွက်နေသော ဆေးရည်များအား ခန္ဓာကိုယ်နှင့် မထိတွေ့နိုင်စေရန် တားဆီးနိုင်လိုက်တော့သည်။
ယဲ့ဖန် တိတ်တဆိတ်သာ နေခဲ့ပြီး မလှုပ်ရှားခဲ့ပေ။ အဲ့ဒီနေရာ၌သာ ထိုင်နေခဲ့ရင်း များပြားသည့် အသက်စွမ်းအား များကို ဆက်တိုက် စုစည်းကာ ဆေးရည်ကို အသုံးပြုပြီး ဒဏ်ရာရနေသော ခန္ဓာကိုယ်အား ကုသရန် ကြိုးစားတော့သည်။
တစ်နာရီကြာပြီးတဲ့နောက် ယဲ့ဖန် မျက်လုံးဖွင့်လိုက်ချိန်တွင် အေးစက်သည့် အလင်းတန်း နှစ်ခု အိုးထဲ၌ ပေါ်ထွက်လာလေ၏။ လက်ဆန့်ထုတ်ကာ ကြာပန်းအစေ့အား သူ ဆွဲယူလိုက်တော့သည်။ ထိုကြာစေ့သည် ခိုတစ်ကောင်၏ ဥအရွယ်ကြီးမားလှပြီး ကိုယ်ထည်မှာလည်း ကြည်လင်တောက်ပလို့ နေခဲ့သည်။
ရှားပါးသော ဆေးမြစ်သည် အချိန်တိုအတွင်း အရည်မပျော်နိုင်ပေ။ ထိုအချက်ကြောင့်သာ မဟုတ်လျှင် ခုနှစ်ရက်၊ ခုနှစ်ညတိတိ မီးမြိုက်ဖို့ အကြီးအကဲဟန် ပြောလိမ့်မည်မဟုတ်။
ယဲ့ဖန်သည် ကြာစေ့အား ပါးစပ်အတွင်းသို့ထည့်ကာ ဖြည်းဖြည်းချင်း ဝါး၍ မြိုချလိုက်လေတော့သည်။ ကျောက်စိမ်းတုံးတစ်ခုအား ဝါးနေရသည့်သဖွယ် အသံပေါင်းစုံ ထွက်ပြီးသည့်နောက် စွမ်းအားအဆီအနှစ်များသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။ ယဲ့ဖန်၏ ပါးစပ် တစ်ခုလုံးသည်လည်း တလက်လက် တောက်ပလာခဲ့တော့သည်။
အကြီးအကဲဟန်ကမူ ဆူညံသံတချို့ကို ကြားနေရသည့်အတွက် မျက်လုံးဖွင့်လာတော့သည်။
” နောက်ထပ် တောင့်မခံနိုင်တော့ဘူးလား။ ဆေးရည်ထဲမှာ စိမ်ထားခံရတယ်ဆိုမှတော့ အချိန်ကြာမြင့်လာတာနဲ့ သေချာပေါက် အသွေးအသားတွေ အားလုံး အက်ကွဲကုန်မှာပဲ။ မင်းတော့ ကောင်းကောင်းလေး ခံစားလိုက်ဦး။ မကြာခင် အချိန်အတွင်းမှာ အသက်တောင်ရှုနိုင်တော့မှာ မဟုတ်ဘူး။ ”
အကြီးအကဲ ဟန်သည် စာနာစိတ် အနည်းငယ်မျှပင် မရှိပေ။ မျက်လုံးကိုသာ ပိတ်ထားရင်း ပြန်လည်တိတ်ဆိတ်လို့ သွားသည်။
စဉ့်အိုးကြီးထဲတွင် ယဲ့ဖန်သည်လည်း ဆက်ရှိနေခဲ့သည်။ စွမ်းအားအဖြစ် အစားအသောက်များကို ဝါးစားနေခဲ့ရသည့်အတွက် သူ၏ ခန္ဓာကိုယ်သည်လည်း နောက်တဖန် ပြန်လည်ပြီး စွမ်းအားများ ပြည့်လာခဲ့သည်။ မျက်လုံးအား ပိတ်ကာ တာအိုစာလွှာထဲမှ ထူးဆန်းနည်းလမ်းအား အသုံးပြုရင်း လှုပ်ရှားလိုက်ချိန်တွင် ခန္ဓာကိုယ် တစ်ခုလုံး တောက်ပလာခဲ့တော့သည်။
တစ်နာရီကြာပြီးသည့်နောက် ယဲ့ဖန်၏ ဒုက္ခပင်လယ်သည်လည်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လို့ လာခဲ့ပြန်သည်။ သွေးနှင့် စွမ်းအားများအားလုံး ပြန်လည် ရရှိပြီးသည့်နောက် ဒုက္ခ ပင်လယ်သည် ဆူနာမီ မုန်တိုင်းကြီး တစ်ခု တိုက်ခတ်တော့မည့်အတိုင်း ပွင့်လာတော့သည်။ နောက်တကြိမ် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာပြန်သည်။
သူ၏ အားကောင်းလာသော စိတ်စွမ်းအားအား အသုံးချကာ ဒုက္ခပင်လယ်ကျယ်ပြန့်လာမှုကို ယဲ့ဖန် တားဆီးဖို့ ကြိုးစားနေခဲ့သည်။ အိုးအဖုံး ပွင့်လာခဲ့လျှင် သေချာပေါက် ရွှေရောင်စာရွက်အား ထုတ်ကာ တချက်တည်း အပြီးသတ်တိုက်ခိုက်ဖို့ သူ ဆုံးဖြတ်ထားခဲ့သည်။
” ဘာသံတွေလဲ။ လှိုင်းတွေ ထနေတဲ့ အသံနဲ့တူလှချည်လား။ ”
” အဆင့်မြင့် ဆေးတွေက အိုးထဲကနေ ထွက်တော့မဲ့အချိန်ဆိုလို့ ရှိရင် မြင်ကွင်းတွေ ပေါ်လာတတ်တယ်။ ငါ့ရဲ့ ဆေးက အောင်မြင်ရုံတင်မက အထူးအဆင့်မြင့်ဆေးဖြစ်သွားတာလား။ ”
အိုးအတွင်းမှ ယဲ့ဖန်သည် အံကြိတ်နေခဲ့တော့သည်။ အကြီးအကဲဟန် အိုးဖွင့်မည့်အချိန်အား စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေခဲ့သော်ငြား ထိုစကားများကို ကြားရချိန်တွင် စွမ်းအားအားအနည်းငယ် ပြန်သိမ်းလိုက်လေသည်။ အိုးအတွင်း၌ အသံများသည် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာလေသည်။
” တကယ် ရေလှိုင်းသံတွေနဲ့ တူနေတာပါလား။ ”
” ငါ့ရဲ့အရှေ့က ဆရာ့ဆရာကြီးတွေတုန်းကလည်း ဒီလို သန့်စင်တဲ့ အချိန်မှာ ဒီလိုမျိုး လှုပ်ရှားမှု ထွက်ပေါ်ဖူးတယ်။ ဒဏ္ဍာရီတွေအရ အသံက ကျယ်လေလေ ဆေးအစွမ်းက မြင့်လေပဲတဲ့။ အခုက နားကန်းမတတ် ကျယ်တဲ့ဆေးမျိုးဖြစ်လိမ့်မယ်။ ဒီလိုမျိုး ပင်လယ်ရေလှိုင်း ပုတ်တဲ့အသံလို ဆေးအိုးနဲ့ ကြုံရမယ်ဆိုရင် သေချာပေါက် လောက ထိပ်တန်း ဆေးတစ်လက်ကို ထုတ်နိုင်တော့မှာပဲ။ ”
” ခွေးမသားကြီး … လဲသေလိုက်ပါလား။ ”
ယဲ့ဖန် အော်ဟစ် ကျိန်ဆဲချင်သော်ငြား သူ၏ တိုက်ခိုက်မှုအား လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် စိတ်အား ထိန်းထားနေခဲ့ရသည်။
ဤတကြိမ်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အသံများသည် ပိုမို ကျယ်လောင်၍ လာခဲ့သည်။ လှိုင်းများသည် တစ်လှိုင်းပြီး တစ်လှိုင်း ထွက်ပေါ်လာပြီးသည့်နောက် ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ရွှေရောင်အလင်းတန်းဖြင့် တောက်ပကာ ဒုက္ခပင်လယ်ပါ ပွင့်လာတော့သည်။
” ရှေးလူကြီးတွေက ငါ့ကို မလှည့်စားခဲ့ဘူးပဲ။ ”
” ငါ ဒီဆေးတွေကို တစ်ဘဝစာလုံး ရင်းပြီး သန့်စင်လာတာ။ ဘဝတစ်လျှောက်လုံး ဒီလိုမျိုး အဖြစ်အပျက်နဲ့ ကြုံရမယ်လို့ မတွေးခဲ့ဖူးဘူး။ သေချာပေါက် လောက ထိပ်တန်း ဆေးဝါးပဲ ဖြစ်ရမယ်။ ”
ယဲ့ဖန် စိတ်မထိန်းနိုင်ခဲ့တော့ချေ။ အားကောင်းသော စွမ်းအားများသည် လက်ရှိအချိန်တွင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ထွက်ပေါ်လာနေခဲ့သည့်အတွက် စွမ်းအားလှိုင်းကြီးမှာ အပြင်သို့ ပေါက်ကွဲထွက်လာတော့သည် ။
ထိုအခိုက်အတန့်မှာပင် နတ်ဘုရားဆန်ဆန် အလင်းတန်း ပေါ်ထွက်လာခဲ့ပြီးသည့်နောက် လှိုင်းများသည် ကောင်းကင်ပေါ်သို့ ရောက်ရှိ၍ လာခဲ့လေသည်။ ထို့အပြင် နားစည်များ အက်ကွဲမတတ် ကျယ်လောင် လွန်းလှသည် ။
ကောင်းကင်မှ ဥက္ကာပျံများ ကြွေကျလာသည့်သဖွယ် ကြီးမားသော လှုပ်ခတ်မှုနှင့်အတူ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာခဲ့တော့သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး ရွှေရောင်စာအုပ် ထွက်ပေါ်လာမှုနှင့်အတူ ရန်သူအား ချက်ချင်းပင် သတ်ဖြတ်နိုင်ရန် အသင့်ပြင်ထားခဲ့လေသည်။
အကြီးအကဲ ဟန်သည် မယုံနိုင်လောက်အောင် အံ့အားသင့်နေခဲ့ပြီးသည့်နောက် ပြောလာခဲ့သည်။
” ရှေးလူကြီးတွေက ငါ့ကို မလှည့်စားဘူးပဲ။ ဒဏ္ဍာရီတွေဆိုတာ တကယ် အမှန်ကြီးပေါ့။ ”
သူ ထရပ်ပြီးသည့်နောက် အိုးကြီးအနားတွင် ပျော်ရွှင်မှုအပြည့်ဖြင့် စတင် ကခုန်တော့လေသည်။
” ဆူနာမီ ရေလှိုင်းကြီးတွေရဲ့အသံရော၊ မိုးခြိမ်းတဲ့ အသံတွေလိုပါ ကြားနေရတယ်။ ရှေးစာအုပ်တွေမှာ မှတ်တမ်းအတိုင်း အတိအကျပဲ။ ဒဏ္ဍာရီတွေအရ လောက ထိပ်တန်းဆေးဝါး ပေါ်ထွက်လာတော့မဲ့ အရိပ်အယောင်ဖြစ်နေပြီ။
ဒေါသထွက်သင့်သလား၊ စိတ်ရှည်သင့်သလားဆိုတာ ယဲ့ဖန် မသိတော့ပေ။ တစ်ချက်တည်းနှင့် အသေသတ်ရန် ဂရုတစိုက်ထားသော်လည်း အကြီးအကဲဟန်က အိုးအား မဖွင့်သေးပဲ ဆက်တိုက်သာ စကားများနေခဲ့သည်။
ယဲ့ဖန် အသက်အောင့်ထားရင်းနှင့်ပင် ခပ်တိုးတိုး ကျိန်ဆဲလိုက်မိပြန်သည်။ သူ့ကိုယ်သူ ပြန်ထိန်းချုပ်ရင်း ရွှေရောင် ဒုက္ခပင်လယ်ကို ဖွင့်ရန်အချိန်ကို စောင့်စားနေသည်။
” ရှေးလူကြီးတွေ ငါ့ကို မလှည့်စားဘူးပဲ။ ”
အကြီးအကဲ ဟန်ကမူ ပျော်ရွှင်မှု အပြည့်ဖြင့် ကခုန်နေဆဲပင်။
အပိုင်း ၉၄ ပြီး၏။
Chapter – 94
? Views, Released on September 1, 2024