Switch Mode

Chapter – 92

ဇမ္ဗူဒီပါတောင်ကျွန်းသခင်
အပိုင်း ၉၂

အကြီးအကဲ ဟန်သည် စိတ်မဆိုးခဲ့ဘဲ အင်မတန်ကို တည်ငြိမ်နေခဲ့သည်။ ရေနွေးကြမ်းတစ်ခွက်အား ငှဲ့သောက်ကာ အေးအေးဆေးဆေးပင် ရှိနေလေသည်။
ထိုအချိန်တွင် ယဲ့ဖန်ကတော့ ကျောရိုးထဲ၌ပင် စိမ့်ချမ်းလို့နေခဲ့သည်။
အကြီးအကဲဟန်၏ လက်ချောင်းများသည် သံချောင်းများကဲ့သို့ မာကျောခိုင်ခံ့နေပြီး သစ်ကိုင်းခြောက်သဖွယ် ခြောက်သွေ့ကာ ညိုးလျော်နေခဲ့သည်။ အရိုး အပြိုင်းပြိုင်းရှိသော ခန္ဓာကိုယ်ပေါ်တွင် အရေပြားများက မြင်ရသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ မျက်နှာပေါ်မှ အဖြူရောင် အမွှေးအမျှင်များ တွန့်သွားချိန်တွင် အောက်မေးရိုးပေါ်ထွက်လာပြီးသည့်နောက် မြင်ရသူအပေါင်းမှာ ကြက်သီးမွှေးညင်းများပင် ထလာခဲ့ရတော့သည်။
သူ၏ရုပ်သွင်မှာ အသုံး မလိုတော့သဖြင့် ပစ်ထားသော စက္ကူ အုတ်တစ်ခုပမာ မှုန်မှိုင်းနေလေ၏။ သူ၏ မေးရိုးနှင့် သွားများသည် မှင်ကဲ့သို့ မှောင်မည်းနေခဲ့ပြီး အသက်စွမ်းအား သွေးတစ်စက်မှ မရှိခဲ့ပေ။ သူ၏ လျှာသည်ပင် အနက်ရောင်ဖြစ်နေလေ၏။
” သွားကြစို့ … ။ ”
ရေနွေးကြမ်းအား တစ်ငုံမျှသောက်ပြီးသည့်နောက် ရေနွေးခွက်ကို ချကာ ပြောလာခဲ့သည်။ သူ၏ အသံကလည်း စွမ်းအား လုံးဝ ရှိမနေခဲ့ပေ။
ရွှေရောင် စာအုပ်ကို ယဲ့ဖန် တကယ်ပဲ ထုတ်သုံးချင်ခဲ့မိသည်။ သို့သော် အလောတကြီး မလှုပ်ရှားဝံ့သေးပါ။ မတူညီသော နယ်ပယ်များမှ ကျင့်ကြံသူများအကြား အင်အား ကွာခြားချက်သည် ကြီးမားကြောင်း သိနေခဲ့သည်။
” အကြီးအကဲ ဟန် … ဒီလိုမျိုး ကိစ္စကို လုပ်တာက ကောင်းကင်ကို အမျက် ဒေါသထွက်စေမှာကို မကြောက်ဘူးလား။ အသက်ရှင်နေတဲ့ လူတစ်ယောက်ကို ဆေးဝါးဖြစ်သွားအောင် လုပ်တာကအကြီးအကဲရဲ့ တပည့်သားတွေတောင် သည်းခံနိုင်မှာ မဟုတ်ဘူး … ။ ”
ယဲ့ဖန်သည် တစ်ဖက်သူအား အကြောင်းအမျိုးမျိုးဖြင့် စိတ်ပြောင်းအောင် လုပ်နေခဲ့သည်။ တစ်ဖက်လူ၏ လက်ထဲသို့သာ ရောက်သွားခဲ့လျှင် သေခြင်းထက် ဆိုးဝါးသော ကံကြမ္မာကို ရရှိမည်မှန်း သူ သိနေခဲ့သည်။
” ငါ ပြင်ဆင်ထားပြီးပြီ။ ဒီတော့ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ”
အကြီးအကဲ ဟန်သည် သစ်ကိုင်းခြောက် တစ်ခုကဲ့သို့ အေးဆေးစွာ ထိုင်နေရင်း ပြောလာခဲ့လေသည်။ သူ၏ ရုပ်သွင်မှာ ပိုမို တည်ငြိမ်လာလေ ပိုမို ကြောက်စရာကောင်းလေပင်တည်း။
အကြီးအကဲ ဝူချင်းဖုန့် ပေးထားခဲ့သော ကျောက်စိမ်းလည်ဆွဲအား ထုတ်ယူကာ ပြောလာခဲ့သည်။
” အကယ်၍ ကျွန်တော့်ကို သတ်တယ်ဆိုရင် အကြီးအကဲ ဝူချင်းဖုန့် ချက်ချင်း သိသွားလိမ့်မယ်။ ”
အကြီးအကဲ ဟန်သည် လက်ညိုးအားဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ကာ ကျောက်စိမ်းလည်ဆွဲအား အက်ကွဲသွားစေခဲ့သည်။
” ဒီနေရာက စိတ်ဝိညာဉ် အပျက်အစီး သုခဘုံနဲ့ မိုင်တစ်ထောင်ကျော်ကျော် ကွာဝေးနေပြီးသား။ အကယ်၍ ငါ ဒီကျောက်စိမ်းလည်ဆွဲကို ပျက်စီးအောင်လုပ်လိုက်ရင်တောင် ဝူချင်းဖုန့် ဘာကိုမှ အာရုံခံမိမှာ မဟုတ်ဘူး။ ”
အကြီးအကဲ ဟန်သည် အေးဆေးစွာနှင့်ပင် ပြောလာခဲ့သည်။ ထိုအချိန်တွင် သူ၏ အပြုံးမှာ ပိုမို ကြောက်စရာကောင်းလာကာ ဆက်ပြောပြန်လေသည်။
” ဒီအကြောင်းကို ပြောမှပဲ မင်း အတော်လေး မြန်တယ်ဆိုတာကို ငါ ချီးမွမ်းရဦးမယ်။ အဲ့ဒီနေ့တုန်းက သုခဘုံမှာ ငါ မင်းကို ခပ်ဖွဖွလေးရိုက်ပြီး အမှတ်အသားတစ်ခု ချန်ထားခဲ့နိုင်တယ်လေ။ အစတုန်းကတော့ ငါ မင်းကို လာဖမ်းဦးမလို့ပဲ။ ဒါပေမဲ့ မင်းက ငါ့ထက် ခြေတစ်လှမ်းစောပြီး ငါ အာရုံခံနိုင်တဲ့ အကွာအဝေးထက်တောင် ပိုပြီးတော့ ကျော်လွန် ထွက်ပြေးသွားသေးတယ်။ ငါ ဒီနေ့မှပဲ မင်းကို တွေ့ရတော့တယ်။”
” ဒီအဘိုးကြီးကတော့လား။”
” ငါတို့တွေ သွားစရာရှိတာ သွားသင့်ပြီ … ။ ”
အကြီးအကဲ ဟန် ပြောပြီးသည့်နောက် ထရပ်နေတော့သည်။
အဆောက်အအုံအတွင်းရှိ လူများမှာမူ သရဲတွေ့သည့်အလား အကြီးအကဲ ဟန်ကို ရှောင်ရှားနေခဲ့ကြသည်။
ယဲ့ဖန်သည်လည်း ပြတင်းပေါက် အပြင်သို့ ခုန်ကျော်ကာ ထွက်ပြေးချင်စိတ် ရှိခဲ့သည်။
” ဒီလို အသုံးမဝင်တဲ့ ကိစ္စတွေကို လုပ်မနေပါနဲ့လား။ ”
အကြီးအကဲဟန်က သူ၏ အရိုးခြောက်သဖွယ် လက်များကို ဆန့်ထုတ်ကာ ယဲ့ဖန်အား ချက်ချင်းပင် ဖမ်းဆွဲလိုက်လေ၏။ ထိုနောက် လှေကားထစ်များဆီသို့ ချက်ချင်းပင် ဆွဲချကာ ခေါ်ဆောင်သွားလေသည်။
ကျင့်ကြံဆင့်များ၏ မတူညီသောနယ်ပယ်များသည် အမှန်တကယ်ပင် အင်အားကွာခြားမှု ကြီးမားလှလေသည်။ ယဲ့ဖန်၏ နှလုံးသားမှာလည်း ချက်ချင်းပင် စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။ တစ်ဖက်သူမှာ သူ့အားဖမ်းချုပ်ပြီးပြီ ဖြစ်သော်ငြား ယဲ့ဖန်သည်ခုခံဖို့ တစ်ချက်လေးမျှတောင် မလုပ်နိုင်လောက်ပေ။
မြို့အပြင်ဘက်သို့ ရောက်ချိန်မှသာ အကြီးအကဲ ဟန်က ပြောလာခဲ့သည်။
” ငါတို့ အရင်ဆုံး မိတ်ဆွေဟောင်း တစ်ယောက်ဆီ သွားလည်ရအောင်။ သူက ငါ့ကို ဆေးဝါးတွေ တော်တော်များများ စုဆောင်းပေးဖို့ ကူညီပေးခဲ့တယ်။ အခုတော့ အချိန်ကျတော့မယ်။ ငါ အခု မင်းလိုမျိုး အဓိက ပါဝင်ပစ္စည်းကို ရှာတွေ့ပြီးပြီဆိုမှတော့ စပြီး သန့်စင်ရတော့မှာပေါ့။ ”
ယဲ့ဖန်သည်လည်း ကောင်းကင်သို့သာ မော့ကြည့်နေခဲ့သည်။ ကျန်းမိသားစုမှ စစ်သည်တော် ရောက်ရှိလာပါစေလို့ လက်ရှိအချိန်တွင် သူ ဆုတောင်းနေမိခဲ့သည်။ အရှင်လတ်လတ် ဆေးဝါးအဖြစ် ကြိုချက်ခံရမည့်အစား ကျန်း မိသားစုလက်ထဲတွင်သာ သေဆုံးဖို့ သူ ဆန္ဒရှိသည်။
နေ့တစ်ဝက်မျှ ကြာပြီးသည့်နောက် အကြီးအကဲ ဟန်နှင့် ယဲ့ဖန်တို့သည် တောင်စဉ်တောင်တန်းများပေါ်သို့ ရောက်လာခဲ့တော့သည်။ ထိုနေရာသည် သူတို့၏ ဦးတည်ရာ နေရာနှင့် အတော်ပင် နီးကပ်နေခဲ့သည်။
” ဘာဖြစ်လို့ ကျန်း မိသားစုရဲ့ သူရဲကောင်းက ပေါ်မလာသေးတာလဲ။”
ယဲ့ဖန် စတင်ကာ စိုးရိမ်လာခဲ့လေသည်။
” မိတ်ဆွေဟောင်းကတော့ လာတော့မယ် … ။ ”
ရှေ့မှ တောင်ကြောဆီသို့ ကြည့်ရင်း အကြီးအကဲ ဟန်က အသံလွှင့်နေခဲ့သည်။ အသံလှိုင်းများသည် တောင်ကြောတစ်လျှောက် ပြန့်နှံ့လို့သွားသည်။
ထိုအချိန်၌ပင် ကောင်းကင်မှ လူတစ်ယောက် ပေါ်ထွက်လာကာ အလျင်အမြန်ပင် ပြေးလာခဲ့သည်။ ကျန်း မိသားစု၏ စစ်သည်တော်သည် အသံကြားရာ နေရာသို့ အလျင်အမြန်ပင် ရောက်ရှိလာတော့လေသည်။ ထိုသူရဲကောင်းသည် အလွန်ပင် အင်အားကြီးမားသူ ဖြစ်သည်။ ကြောက်စရာကောင်းလွန်းလှသော သတ်ဖြတ်လို စိတ်များနှင့် တိုက်ပွဲဝင် စိတ်များအား လွှတ်ထုတ်နေခဲ့ရင်း သံချပ်ကာအပြည့်ဖြင့် ရောက်ရှိလို့ လာခဲ့သည်။
စီးနင်းလာသော သားရဲကောင်ပေါ်မှ တစ်ရှိန်ထိုး ပြေးဆင်းလာကာ ပတ်ဝန်းကျင်မှ သစ်ပင်များနှင့် ပန်းမန်များအား ယိုင်လဲသွားစေခဲ့သည်။
” ဟိုဘက်က ဘယ်သူလဲ။ ”
အကြီးအကဲ ဟန်သည်လည်း ယဲ့ဖန်အား ချက်ချင်းပင် သူ၏ အနောက်ဘက်သို့ ဆွဲသွင်း လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဖြူဖွေးနေသော အမွှေးအမျှင်များနှင့် ကောက်ကျစ်ဟန်ရှိသော အဘိုးကြီးတစ်ဦး တောင်ကြားထဲမှ ထွက်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် လူကောင်း မဟုတ်မှန်း သိသာနေခဲ့သည်။
” အဲ့ဒီ ကောင်လေးကို ငါ့လက်ထဲ အပ်လိုက် … ။ ”
ကျန်းမိသားစု၏ စစ်သည်တော်သည် အင်မတန်ပင် အေးစက်သော လေသံဖြင့်ပြောလာခဲ့သည်။ အကြီးအကဲ ဟန်နှင့် တောင်ကြားထဲမှ အဘိုးကြီးကို သူ စိုက်ကြည့်နေခဲ့သည်။ အကြီးအကဲ ဟန်သည်လည်း သူတို့ ပြိုင်ဘက်၏ စွမ်းအားကို အာရုံခံမိနေခဲ့သည်။ သို့သော် ယဲ့ဖန်ကို မည်သည့်အခါတွင်မျှ လက်လျှော့မည် မဟုတ်ပေ။ တောင်ကြား အဝင်ပေါက်မှ အဘိုးကြီးအား သူ လှမ်းအော်လိုက်လေသည်။
” မင်း ငါ့ကို လာကူဦး … ။ ”
ကျန်း မိသားစု၏ သူရဲကောင်းသည်လည်း အလျင်အမြန်ပင် လှုပ်ရှားလာခဲ့သည်။ သွေးနီရောင် အလင်းတန်းမှာ ကောင်းကင်သို့ ဖြတ်တက်သွားပြီး သွေးနီရောင် သံမဏိ လှံတစ်ချောင်း ပေါ်လာခဲ့တော့သည်။ ထိုလှံသည် ကျင့်ကြံသူ မည်မျှ၏ သွေးများကို သောက်‌သုံးပြီးသောကြောင့် ယခုကဲ့သို့ အရောင်ပြောင်းရန် မည်မျှ ကြာမြင့်ခဲ့ပြီဆိုတာ မည်သူမျှ မသိနိုင်ပေ။ ကြောက်စရာကောင်းလွန်းလှသော လှိုင်းများကို ဆက်တိုက် ထုတ်လွှတ်နေခဲ့သည်။
အကြီးအကဲ ဟန်သည် အစိမ်းရောင်သစ်သားပြားတစ်ခုအား ထုတ်ယူလို့ လာခဲ့သည်။ အစိမ်းရောင် အလင်းတန်းကို အသုံးပြုကာ ထိပ်တိုက်ပင် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
သို့သော် တစ်ခဏချင်းအတွင်းပင် သူ လွှင့်ထွက်သွားခဲ့ရတော့သည်။ တစ်ကိုယ်လုံး တုန်ယင်ကာ ယဲ့ဖန်အား ဆွဲယူ၍ ခပ်မြန်မြန်ပင် တောင်ကြားဆီသို့ ထွက်ပြေးလေ၏။
တောင်ကြား အဝင်ပေါက်မှာ ထိုအဘိုးကြီးသည်လည်း လှုပ်ရှားလာခဲ့သည်။ ကြေးဝါ မှန်တစ်ချပ်အား ထုတ်ယူလာကာ ကျန်း မိသားစု၏ စစ်သည်တော်ကို တိုက်ခိုက်လေသည်။
တစ်ချိန်တည်း၌ပင် အကြီးအကဲ ဟန်သည်လည်း သစ်သားဓား ဆယ့်နှစ်ခုတိတိကို ထုတ်ယူလာကာ ထူးဆန်းသောဗျူဟာတစ်ခုကို ခင်းကျင်းရင်း စစ်သည်တော်ကို ချောင်ပိတ်ဖမ်းတော့သည်။
” ကလေးအကွက်တွေ လာလုပ်နေတယ်။ ”
သူရဲကောင်းသည် အကြောက်အလန့် မရှိချေ။ သူ၏ သားရဲကောင်ကြီးကို အလျင်အမြန်ပင် ဆင့်ခေါ်လိုက်ရင်း ကောင်းကင်ပေါ်သို့ ထိုးတက်လို့ သွားခဲ့သည်။ မှန်အလင်းတန်းများအား ဆက်တိုက်ပင် ခုန်ရှောင်နေကာ သစ်သားဓားများကို ဖျက်စီးပစ်လေသည်။
” အဲ့ဒီလူက အရမ်း အင်အားကြီးလွန်းတယ်။ လုံးဝ အားကို ထိန်းမထားနဲ့ … သူ့ကို မြန်မြန်သတ်ဖို့ နည်းလမ်းရှာလိုက်။ ”
အကြီးအကဲ ဟန် စိုးရိမ်တကြီးနှင့်ပင် အော်ဟစ်နေခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ယဲ့ဖန်အား ချိတ်ပိတ်ကာ တောင်ကြားထဲသို့ လွှင့်ပစ်လိုက်လေသည်။
” ဘန်း … ”
ယဲ့ဖန်သည်လည်း မြေပြင်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျလာခဲ့သည်။ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဝံ့ပေ။ သူ့အား ချုပ်နှောင်ထားသည့် အတိုက်အခိုက်ကို စတင်တိုက်ခိုက်တော့သည်။ ကံကောင်းစွာနှင့်ပင် အကြီးအကဲ ဟန်သည် အလောတကြီး ပြုမူနေရသည်နှင့်ပင် ယဲ့ဖန်၏ နောက်ခံအင်အားကို မသိခဲ့ချေ။ သူ၏ ချိတ်ပိတ်မှု နည်းလမ်းသည် အတော်ပင် ရိုးရှင်းနေခဲ့သည်။ တာအို စာလွှာမှ ထူးဆန်းသည့် နည်းလမ်းများက မကြာမီ အချိန်အတွင်း၌ပင် အသက်ဝင်လာခဲ့ပြီး အတားအဆီးကို ချိုးဖျက်လိုက်တော့သည်။
” မင်းတို့တွေ သေတဲ့အထိ လာတိုက်ခိုက်ကြတော့။ နှစ်ဖက်စလုံး အထိနာလေ ကောင်းလေပဲ။ ”
တောင်‌ေကြာ၏ အနက်ရှိုင်းဆုံး နေရာသို့ ယဲ့ဖန် ပြေးတော့သည်။ တောင်တန်းများအား ကျော်ဖြတ်ပြီးနောက် ထိုနေရာမှ ထွက်ခွာရန် သူ ကြိုးစားနေခဲ့သည်။ တောင်ကြောမှ မြန်မြန်ဆန်ဆန်ပင် ပြေးလွှားနေခဲ့ရင်း မြစ်ကြီးတစ်စင်းကို မြင်ပြီးသည့်နောက် ချက်ချင်းပင် ခုန်ချလိုက်တော့သည်။
မြစ်ထဲသို့ နစ်ဝင်သွားကာ မိုင်ပေါင်းများစွာ စီးမျောလာခဲ့ရင်း ကြယ်၊လ များ ထွက်သည့် ညအချိန်မှသာ ကမ်းပေါ်သို့ တက်လာခဲ့တော့သည်။ သူ ရောက်ရှိနေသော နေရာတွင် လူသား အရိပ်အယောင်များကို မတွေ့ရချေ။ ခဏတာ အနားယူနေပြီးသည့်နောက် တောက်ပသော မီးအလင်းရောင်များရှိသည့် မြို့တော်တစ်ခုဆီ သွားရောက်ရန် ပြင်ဆင်လိုက်လေသည်။
” ဟီး ဟီး ဟီး ဟီး……”
ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းလွန်းလှသော ရယ်သံကြီးက နောက်ကျောဘက်မှ ထွက်ပေါ်လို့လာခဲ့သည်။ ယဲ့ဖန်နောက်သို့ လှည့်မကြည့်ပဲ ချက်ချင်းပင် ထွက်ပြေးလေတော့သည်။
သို့သော်ငှား ရယ်သံကြီးမှာ ပိုမို နီးကပ်ကာ ကျယ်လောင်လို့ လာခဲ့လေသည်။ သူ့နောက်မှ ဇီးကွက်တစ်ကောင် လိုက်အော်နေသကဲ့သို့ပင် ကြောက်စရာကောင်းလှသည်။
” အဘိုးကြီးက တကယ်ကို ကံကောင်းတာပဲ။”
ယဲ့ဖန် ရပ်တန့်လိုက်တော့သည်။ ယခုအတိုင်း ဆက်သွားနေမည်ဆိုလျှင် မလွတ်မြောက်နိုင်တော့မှန်း သူ နားလည်ခဲ့ပြီး ဖြစ်သည်။
အမှောင်ထုထဲတွင် အကြီးအကဲ ဟန်၏ ပိန်ပါးသော ခန္ဓာကိုယ်သည် သရဲတစ်ကောင်နှင့် ပို၍ပင် တူနေခဲ့သည်။ သူ၏ ဘယ်ဘက် လက်မောင်းမှာ အရင်းမှ ခုတ်ဖြတ်ခံထားရသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးအမှင်များသည်လည်း သွေးများဖြင့် စိုရွှဲကာ အနီရောင်သို့ ပြောင်းနေခဲ့သည်။
ညအချိန်တွင် ခြောက်လန့်နေသည့် သရဲကြီးတစ်ကောင်နှင့်တောင် အတော်ပင်တူညီနေခဲ့သည်။ သူက ကြည့်ရင်း ယဲ့ဖန်လည်း ခေါင်းမှ ခြေထောက်အထိ အေးစိမ့်လို့ သွားခဲ့ရသည်။ အဲ့ဒီ အဘိုးကြီးသည် ကျန်းမိသားစု၏ စစ်သည်တော် လက်ထဲ၌ သေမသွားခဲ့ပေ။
လက်ရှိအချိန်တွင် အခက်အခဲတွေ့ရသူမှာ ယဲ့ဖန် ဖြစ်နေခဲ့သည်။
” ငါ့ရဲ့ သနားစရာကောင်းတဲ့ မိတ်ဆွေဟောင်းလေးကတော့ အသားပြား ဖြစ်သွားပြီ။ ငါကတော့ အကောင်းဆုံးကြိုးစားပြီး လွတ်အောင် လုပ်ခဲ့တာပဲ။ ”
အကြီးအကဲ ဟန်၏ အသံသည် ကြားရသည်မှာ ကျောချမ်းစရာ ကောင်းလွန်းလှသည်။
” သူ ခင်ဗျားကို မသတ်လိုက်နိုင်တာတော့ နှမျောစရာပဲ။ ”
ယဲ့ဖန်ကမူ လှောင်ရယ်လို့သာ နေခဲ့သည်။ အကြီးအကဲ ဟန်၏ မျက်လုံးထဲမှ အေးသက်သော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီးသည့်နောက် လေထဲ၌ တိတ်တဆိတ်ပင် လွင့်မျောနေသည်။
အနီးကပ်လာသည်အထိ စောင့်ဆိုင်းကာ ရွှေရောင်စာအုပ်ကို ယဲ့ဖန် အသုံးပြုဖို့ စောင့်ဆိုင်းနေကာ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော်အခွင့်အရေး မရှိခဲ့ပေ။ အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာပြီးသည့်နောက် သရဲမီးကဲ့သို့ သူ့အား ဖုံးလွှမ်းသွားကာ ချိတ်ပိတ်လိုက်လေတော့သည်။
အမှောင်ထုထဲတွင် အကြီးအကဲ ဟန်၏ ပိန်ပါးသော ခန္ဓာကိုယ်သည် ယဲ့ဖန်အနားသို့ ချဥ်းကပ်လာတော့သည်။ ဖြူဖွေးသော အမွှေးအမျှင်များမှာလည်း လေထဲ၌ လွင့်မျောနေကာ ကြောက်စရာကောင်းလွန်းနေခဲ့ပြီး မျက်လုံးကြီးများမှာမူ ယုတ်မာသော အလင်းများဖြင့် တောက်ပလို့ နေခဲ့သည်။
” ငါက လတ်လတ်ဆတ်ဆတ် လူငယ်မျိုးဆို သိပ်ကြိုက်တာပဲ။ မင်းရဲ့ခန္ဓာကိုယ်က တကယ်ပဲ သက်ဝင် လှုပ်ရှားနေတာလား။
မင်းရဲ့သွေးက ချိုမဲ့ပုံပေါ်တယ်။ ”
ယဲ့ဖန်၏ လက်မောင်းအား ဆွဲကာကောင်းကင်ပေါ်သို့ အကြီးအကဲဟန် ပျံသန်းသွားတော့သည်။ ရက်ပေါင်းများစွာကြာသည်အထိ လွတ်မြောက်ရန် ကြိုးသားသော်လည်း အဆုံးသတ်မှာ သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။
” ငါ မင်း ခန္ဓာကိုယ်ကို မှတ်သားထားခဲ့တယ်ဆိုတော့ မင်း ဘယ်မှ ထွက်မပြေးနိုင်တော့ဘူး။ ”
အကြီးအကဲဟန်၏ ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းတန်းသည် ယဲ့ဖန်အား ရစ်ပတ်သွားလေသည်။ သူသည် စိတ်ဝိညာဉ် အပျက်အစီး သုခဘုံသို့ မပြန်ခဲ့ပေ။
ထိုအစား ယဲ့ဖန်ကို ယန် နိုင်ငံတော်၏ သီးခြားဆန်သော တောင်းတန်းတစ်ခုဆီသို့ ခေါ်ဆောင်၍ လာခဲ့သည်။ ထို့နောက်ဂူတစ်ခုထဲသို့ ဝင်ကာ တောင်အောက်ဘက်အထဲဆီသို့ ဆင်းသွားခဲ့လေသည်။
” သိပ်ပြီးလည်း မကြောက်ပါနဲ့။ သေတယ်ဆိုတာ အများကြီး မနာကျင်ရဘူး။ ”
တောင်၏ အတွင်းဘက်မှ ဂူသည် အတော်ပင် နက်ရှိုင်းလေသည်။ လမ်းတလျှောက်တွင် အလင်းတန်းများ ရှိနေခဲ့သည့်အတွက် သွားရေးလာရေး မခက်ခဲပေ။
အတော်အတန် ကျယ်ဝန်းသည့် ကျောက်တုံးအခန်းတစ်ခုဆီသို့ ယဲ့ဖန်ကို ခေါ်ဆောင်၍ လာခဲ့သည်။ ဆေးပင်များ၏ ရနံ့သည် လေထုတစ်ခုလုံးတွင် ပြန့်နှံ့၍ နေခဲ့သည်။
အခန်းကြီးထဲတွင် အိုး ဆယ်အိုးကျော် ရှိပြီး တစ်ခုချင်းစီတိုင်းသည် တစ်မီတာကျော် မြင့်မားကာ ရှုပ်ထွေးသော ‌သ‌ေင်္က‌တများကို ထွင်းထုထားခဲ့သည်။
” ငါ နောက်ဆုံးတော့ လိုအပ်တဲ့ စိတ်ဝိညာဉ် ဆေးဝါးတွေကို စုမိသွားပြီပဲ။ ”
” ဟား … ဟား … ဟား ..။ ”
အကြီးအကဲ ဟန် ရယ်မောနေခဲ့သည်။ သူ၏ ရယ်သံသည် နားဝင်ဆိုးလှသည့်အပြင် လူများအား ခေါင်းကြိမ်းစေလုမတတ် ခြောက်ခြားစရာကောင်းလွန်းလှသည်။
အိုးကြီးများအပြင် ဆေးဝါးများ ထည့်ထားသော ဗီရိုသည် ဆယ်ခုထက်မက ရှိနေခဲ့သည်။ အကြီးအကဲ ဟန်သည်လည်း တစ်ခုပြီးတစ်ခု ဖွင့်ကာ ဆေးများအား ထုတ်ယူလို့ နေခဲ့သည်။
” ငါ မင်းအတွက် ပြင်ဆင်ထားတာတွေကို ကြည့်လိုက်ပါဦး။ ဒါတွေအားလုံးက ဈေးကွက်ထဲမှာတောင် ဝယ်လို့ မရနိုင်တဲ့ စိတ်ဝိညာဉ် စွမ်းအားတွေပဲ။ ”
သစ်သား သေတ္တာတစ်ခုအား ထုတ်ယူလာကာ ချက်ချင်းပင် ယဲ့ဖန်ကို ထုတ်ပြလေ၏။ ထိုသေတ္တာထဲတွင် ခို တစ်ကောင်၏ ဥ အရွယ်အစားခန့်ရှိသော ကြာစေ့တစ်စေ့ ရှိနေခဲ့သည်။ ထိုကြာစေ့သည် အနက်ရောင် တောက်ပကာ ကြည်လင်နေခဲ့ပြီး ကျောက်စိမ်းတစ်ခုကဲ့သို့ အေးမြနေခဲ့သည်။
ထို့အပြင် အရိုးထဲထိ အေးစိမ့်စေသော အမွှေးရနံ့များလည်း ပိုင်ဆိုင်လို့ ထားလေသည်။
” ဒါ ဘာလည်း မင်း သိလား။ ဒါက နှစ်ပေါင်း ငါးရာမှ တစ်စေ့ ထုတ်လုပ်တဲ့ အနက်ရောင် ကျောက်စိမ်း နတ်ကြာပန်းရဲ့ အစေ့ပဲ။ သူ့ရဲ့တန်ဖိုးက ငါ တွေးတောင် မတွေးနိုင်ဘူး။ ဒါ့အပြင်အတောမသတ်နိုင်တဲ့ စွမ်းအားတွေလည်း အများကြီးပါသေးတယ်။”
သစ်သားသေတ္တာအား ချလိုက်ကာ ရိုးရှင်းသော သေတ္တာတစ်လုံးကို ယူလာခဲ့ပြန်သည်။ အထဲ၌ ဥတစ်လုံးအရွယ်အစား အစိမ်းရောင် အသီး ရှိနေခဲ့လေသည်။
” ဒါကော ဘာလည်း သိလား။ ဒါက ဒဏ္ဍာရီထဲမှာပဲ တွေ့ရတဲ့ ကျောက်စိမ်းနှင်းကြာပန်းရဲ့အစေ့ပဲ။ မီတာ သောင်းကျော်မြင့်မားတဲ့ နှင်းတောင်တန်းတွေရဲ့ အမြင့်မှာပဲ ပေါက်ရောက်တာ။ ဒါ့အပြင် နှစ်တစ်ထောင်ကျော်ကြာအောင် နေမထိဘဲနဲ့ အင်အားကြီးမားတဲ့ သားရဲကောင်တွေ စောင့်ရှောက်တာကိုလည်း ခံရသေးတယ်။ ဒီတစ်ခု ရဖို့ကို ငါ ရှစ်နှစ်တိတိကြိုးစားခဲ့ရတယ်လေ။
ထိုအရာများ အားလုံးတို့သည် အလွန်ပင်အားကောင်းလှသော အသက်စွမ်းအားကို ပိုင်ဆိုင်ထားခဲ့လေသည်။ အကယ်၍ ယဲ့ဖန် ထိုအရာများကို စားသုံးခဲ့လျှင် သေချာပေါက် ဒုက္ခပင်လယ်အား ကျယ်ပြန့်အောင် လုပ်နိုင်ပေလိမ့်မည်။
အကြီးအကဲသည် ဆက်တိုက်ပင် လျှောက်သွားနေကာ သစ်သားသေတ္တာတစ်ခုကို ထပ်မံ ထုတ်ယူလာခဲ့လေသည်။ ထုတ်ယူလိုက်ပြီးသည့်နောက် အနီရောင်အလင်း ခပ်ဖျော့ဖျော့တစ်ခု အမြန်အဆန်ပင် ထွက်လာခဲ့တော့သည်။
ထိုအရာသည် အရောင် ကိုးရောင်ပါ ထူးဆန်းသော မျက်နှာပြင် ဖြစ်နေခဲ့ပြီး အနီရောင် ကျောက်စိမ်းနှင့် တူညီနေလေ၏။
” ဒါကော ဘာလည်း သိချင်လား။ ဒါကဒဏ္ဍာရီလာ အရွက် ကိုးရွက်ရှိတဲ့ နတ်မီးငှက် ဆေးပင်ပဲ။ ”
အကြီးအကဲ ဟန်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရှင်းပြလို့ နေခဲ့သည်။
” ဒဏ္ဍာရီ ပုံပြင်တွေအရဆိုရင် နတ်မီးငှက်ရဲ့ သွေးတွေအပြည့် ရှိတဲ့နေရာမှာပဲ ဒီလို ဆေးပင်မျိုးက ပေါက်ရောက်နိုင်တယ်။ ယန်တိုင်းပြည်ရဲ့ ဟိုးအဝေးကြီးအထိကို ငါ သွားလာပြီး ဆယ်စုနှစ်တစ်ခုအကျော်ထိတောင် ရှာဖွေပြီးမှ မရေမတွက်နိုင်တဲ့ အပျက်အစီးနယ်မြေတွေကြားထဲမှာ ဒီတန်ဖိုးကြီး ရှားပါးတဲ့ဆေးဝါးကို တွေ့ခဲ့ရတာပဲ။ ”
သစ်သားသေတ္တာများနှင့် ကျောက်စိမ်းသေတ္တာများကို ဆက်တိုက် ဖွင့်ပြီးသည့်နောက် စိတ်ဝိညာဉ် ဆေးဝါးပေါင်းဆယ်ခုကျော် ထုတ်ယူကာ ယဲ့ဖန်အား မိတ်ဆက်ပေးနေခဲ့သည်။
တစ်ခုချင်းစီတိုင်းသည်လည်း တန်ဖိုး မဖြတ်နိုင်အောင် ရှားပါးသော ဆေးပင်များပင် ဖြစ်နေခဲ့သည်။
ဆေးပင်များ၏ အလင်းရောင်များဖြင့် နေရာတစ်ခွင်လုံး ပိုမို တောက်ပလို့ လာခဲ့သည်။ ထို့အပြင် ဆေးဝါးများ၏ ရနံ့ကြောင့် ရှူရှိုက်ရုံဖြင့်ပင် လန်းဆန်းလို့လာခဲ့သည်။
လက်ရှိအခြေအနေတွင် ယဲ့ဖန်သည် မူးဝေနေခဲ့ပြီ ဖြစ်သည်။ ရှားပါးသော ဆေးဝါးများအားလုံးတို့သည် တန်ဖိုးကြီးနေလွန်းလှသည့်အပြင် စားသုံးမည်ဆိုပါက သူ၏ ကျင့်ကြံဆင့်သည်လည်း သေချာပေါက် ခုန်ပျံ တိုးတက်သွားပေတော့မည်။
” သိပ်ပြီး မနာလို ဖြစ်မနေနဲ့ဦး။ အချိန်ကျလာရင် ဒါတွေအားလုံးကို မင်းနဲ့အတူ အိုးတစ်အိုးထဲ ပြုတ်ထည့်ပစ်လိုက်မှာပဲ။ သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ ပေါင်းစည်းသွားလိမ့်မယ်။ ”
“အကြီးအကဲ ဟန်က ဒီလောက်တောင် ဆေးဝါးတွေ အများကြီးကို စုဆောင်းထားပြီးပြီဆိုမှတော့ အသက်ကို ဆွဲဆန့်ချင်တယ်ဆိုရင် ဒီလောက်ဆို လုံလောက်ပြီပေါ့။ ဘာဖြစ်လို့ ကျွန်တော့်ကို ဖမ်းရသေးတာလဲ။ ”
” ဘာကြောင့်လည်းဆိုတော့ ငါသာ သာမာန် အဆင့် ဆေးဝါးကို လုပ်ချင်တယ်ဆိုရင် အဆင်ပြေနိုင်တယ်လေ။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း မင်းက ဒဏ္ဍာရီလာ မြင့်မြတ်သူတွေနဲ့ မြင့်မြတ်တဲ့ စမ်းချောင်းက စမ်းရေကို သောက်ထားပြီ ဆိုမှတော့ သေချာပေါက် ငါ လိုချင်တဲ့ တန်ဖိုးမြင့်‌ ဆေးဝါးကိုလည်း မင်းဆီက ထုတ်ယူနိုင်မှာလေ။ ငါ ဒီလောက် ပြင်ဆင်ထားတာ ဘယ်နည်းမလဲ။ ”
အပိုင်း ၉၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset