Chapter – 22 လူ စုဆောင်းခြင်း မုန်တိုင်း
ကစားသမားများက ထိုနေရာသို့ သွားနေကြသဖြင့် ရှီဖုန်း၏ ဘေးတစ်ဝှိုက်တွင် ကစားသမားများ ရှင်းသွား၏။
“အစ်ကိုဖုန်း… ကျွန်တော် အမြင်မှားနေတာလား… ဒါမှမဟုတ် အိမ်မက် မက်နေတာလား… “ ဘလက်ကီ မျက်လုံးကို ပွတ်ပြီး ဝေခွဲမရဟန်ဖြင့် မေးလိုက်သည်။
ရှီဖုန်းက ဆွံ့အသွား၏။ ထို့နောက် သူက ခါးသက်စွာ ပြုံးပြီး ဆူဆူညံညံဖြစ်စေသည့် လူ၃ယောက်အဖွဲ့ကို ကြည့်လိုက်သည်။
ရောက်လာသူက သာမန်လူတစ်ယောက် မဟုတ်ပေ။ ဘလက်ကီ၏ အိုင်ဒေါ နတ်ဘုရားမ ဂျမ်းတဲလ်စနိုးသာ ဖြစ်သည်။ ဂျမ်းတဲလ်စနိုး၏ ခန္ဓာကိုယ်တွင် ရွှန်းစိုတောက်ပသော ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူမ၏ အချိုးအစားလှပသော ခန္ဓာကိုယ်ကို ဖော်ပြနေလေသည်။ သူမ၏ နတ်သမီးတမျှ အလှနှင့် နှင်းကဲ့သို့ အေးစက်သောစရိုက်ကို ပေါင်းလိုက်လျှင် ယောက်ျားထုကြီးသာမက မိန်းမများပင် ကြွေချင်စရာ ဖြစ်နေသည်။
ရှီဖုန်းတောင်မှ တွေ့ဖူးသမျှ မိန်းကလေးထဲတွင် ဂျမ်းတဲလ်စနိုးက ရုပ်ရည်၊ခန္ဓာကိုယ်နှင့် စိတ်ထားတို့တွင် အပြည့်စုံဆုံးမိန်းကလေးဟု ဝန်ခံရပေလိမ့်မည်။ ထို့အပြင် ကျော်ကြားမှုတွင်လည်း သူမအား မီသည့် မိန်းကလေး တစ်ယောက်မှ မရှိပေ။
ဂျမ်းတဲလ်စနိုး၏ ဘေးနှစ်ဖက်ရှိ မိန်းကလေး ၂ယောက်ကိုလည်း ရှီဖုန်းက ရင်းနှီးနေသည်။ ယခင်က သူတို့ကို သတင်းချန်နယ်များတွင် တွေ့မြင်ဖူး၏။ သူတို့အားလုံးသည် နတ်ဘုရားနယ်မြေတွင် ကျော်ကြားသည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့နှစ်ယောက်ထဲမှ တစ်ယောက်သည် အလှပဂေးမလေး ကျောက်ယွဲ့ရူ ဖြစ်သည်။ ဂျမ်းတဲလ်စနိုးက ခန္ဓာကိုယ်အလှအပ ပြည့်စုံသူတစ်ယောက်ဆိုလျှင် ကျောက်ယွဲ့ရူက ရက်ရက်စက်စက် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်၏။ သူ၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက လူတိုင်း၏ နှလုံးသားကို လွှမ်းမိုးနိုင်လေသည်။ သူမ၏ ရဲရဲတောက်နေသည့် ဝတ်ရုံကိုပါ ပေါင်းထည့်လိုက်သောအခါ သူမ၏ကိုယ်မှ အရိုင်းဆန်ဆန်ဆွဲဆောင်မှုတစ်မျိုး ဖြာထွက်နေသည်။
ထိုကဲ့သို့ အလှတရာများက ယောက်ျားထုကြီးကို သူမအား နှောင့်ယှက်လာစေရန် ဆွဲဆောင်နေလေသည်။
သို့သော်လည်း တစ်ယောက်ယောက်ကသာ နှောင့်ယှက်ရဲခဲ့လျှင် ထိုလူကို ဂုဏ်ပြုသင့်ပေသည်။ ထိုလူက ငရဲကို သွားမည့် လက်မှတ်တစ်ခုကို အလကား ရလိုက်၍ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ‘ရင်သားကြီးပြီး ဦးနှောက်မရှိဘူး’ နှင့် ‘ပန်းသဖွယ် နူးညံ့မှု’ ဆိုသော စကားနှစ်ခွန်းက သူမနှင့် လားလားမျှ မသက်ဆိုင်သောကြောင့် ဖြစ်သည်။ နတ်ဘုရားနယ်မြေတွင် သူမကို မီးလျှံစုန်းမဟု နာမည်ပြောင်တစ်ခု ပေးထားကြ၏။ ထိုနာမည်ရလာရသည့် အကြောင်းရင်းမှာ သူမ သတ်ဖြတ်ခဲ့သော အမျိုးသားကစားသမားများက တောင်တစ်လုံးခန့်ပင် ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။
ကျောက်ယွဲ့ရူအား ထိပါးနှောင့်ယှက်ရန် ကြိုးစားဖူးသော အစည်းအရုံးတစ်ခုမှ ခေါင်းဆောင်တစ်ယောက် ရှိခဲ့ဖူးသည်။ သို့သော်လည်း ရလိုက်သည့် အကျိုးဆက်ကတော့ ကစားသမား ၁သိန်းကျော်သော အစည်းအရုံးက ပျက်စီးသွားပြီး ကျောက်ယွဲ့ရူက သူတို့၏ အစည်းအရုံးခေါင်းဆောင်ကို အဆင့် သုညအထိ ရောက်အောင် သတ်ဖြတ်ခဲ့သည်။ ထိုအချိန်မှစ၍ မီးလျှံစုန်းမဟူသော နာမည်က ကျိုးယွဲ့ရူဆီသို့ ရောက်လာခဲ့သည်။
ဂျမ်းတဲလ်စနိုး၊ မီးလျှံစုန်းမတို့နှင့် ယှဉ်လျှင် ကျန်တစ်ယောက်ဖြစ်သည့် ရှောင်ယွဲ့အာက သာမန်အဆင့်သာ ရှိ၏။ သူမက သာမန်အလှကိုသာ ပိုင်ဆိုင်ထားပြီး သူမ၏ ကျွမ်းကျင်မှုကလည်း မဆိုးလှပေ။ စတားမွန်းနိုင်ငံ၏ အဆင့်ဇယားတွင် သူမက ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။
သူမတို့ သုံးယောက်၏ အလှတရားများကြောင့် သေဆုံးခြင်းသစ်တောတွင် လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကစားသမားများစွာက ထိုအမျိုးသမီး ၃ယောက်နှင့် မိတ်ဆွေဖြစ်ချင်၍ ပတ်ပတ်လည်တွင် ဝန်းရံနေကြသည်။ သို့သော်လည်း အမျိုးသမီး ၃ယောက်ကတော့ သူတို့ကို တစ်ချက်ပင် မကြည့်ချေ။
“အစ်မယွဲ့ရူ… ဒီလူတွေက ကြောက်ဖို့ကောင်းတယ်… ငါတို့ ပြန်သွားပြီးတော့ အဆင့်တက်အောင် လုပ်ရအောင်… “ ရှက်ကြောက်တတ်သော ရှောင်ယွဲ့အာက တိုးတိုးလေး ပြောလိုက်သည်။
“ဟီးဟီး… ယွဲ့အာ… မကြောက်နဲ့… ဂျမ်းတဲလ်စနိုးသာ ဒီမှာ ရှိနေမယ်ဆိုရင် မင်းက သူတို့ကို ရန်စလိုက်ရင်တောင်မှ သူတို့က အနားကပ်လာရဲမှာ မဟုတ်ဘူး… သူတို့သတ္တိက ၁၀ဆလောက် ကောင်းလာရင်တောင် အနားကပ်မလာရဲဘူး… “ကျောက်ယွဲ့ရူက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ဂျမ်းတဲလ်စနိုးက ခေါင်းညိတ်၍ ဖြေပေးလိုက်သည်။ သူမက ဘေးနားရှိ လူပြိန်းများကို မျက်လုံးထဲပင် မထည့်ချေ။
“လက်ရွေးစင်မွန်းစတားတွေဆီက ကျတဲ့ အိုင်တမ်တွေက မဆိုးဘူးဆိုပေမဲ့… သေဆုံးခြင်းတောအုပ်မှာက စကေးစာအုပ်ကျနှုန်း ပိုမြင့်တယ်… အခုချိန် စကေးစာအုပ်တွေ ရအောင် မယူထားနိုင်ရန် နောက်ပိုင်းအဆင့်တက်တာ နှေးသွားလိမ့်မယ်… “ ဂျမ်းတဲလ်စနိုးက ပြောလိုက်သည်။
ကျောက်ယွဲ့ရူက ထောက်ခံသည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမတို့ ၃ယောက်ပေါင်း၍ လက်ရွေးစင်မွန်းစတားများကို တော်တော်များများ သတ်ဖြတ်ခဲ့သော်လည်း ရရှိသည့် စကေးစာအုပ်ကား အလွန်ကို နည်း၏။ ယခုထိ ၃ယောက်စလုံးက စကေး၃ခုပြည့်အောင် မသင်ယူနိုင်ကြသေးပေ။ ထိုအရာက သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ထိခိုက်လာစေနိုင်သည်။
“သေဆုံးခြင်းသစ်တောအတွက် ကျိန်းသေ အကျိုးရှိမဲ့ အဖွဲ့ပါ… ကုသသူနှင့် အဓိက ခုခံကာကွယ်သူကို ရှာနေပါတယ်… ၃ယောက်ပဲ လိုတော့တာပါ… “ ရှီဖုန်းက သူမတို့အား တစ်ချက်သာ ကြည့်ပြီး လူစုရန်အတွက် ဆက်အော်နေလိုက်သည်။
ဂျမ်းတဲလ်စနိုးနှင့်း ကျောက်ယွဲ့ရူက အမှန်တစ်ကယ် ဆွဲဆောင်မှု ရှိသော်လည်း ရှီဖုန်းကား ကလေးငယ်တစ်ယောက် မဟုတ်တော့ပေ။ ရှဲဒိုးအဖွဲ့တွင် ခေါင်းဆောင်ဖြစ်ခဲ့စဉ်က မရေမတွက်နိုင်သည့် မိန်းမချော၊မိန်းမလှလေးများက သူ့ကို ကပ်လာခဲ့သောကြောင့် အလှပေါင်းစုံကို မြင်ဖူးပြီးဖြစ်သည်။ ဂျမ်းတဲလ်စနိုးနှင့် ကျောက်ယွဲ့ရူတို့အတွက်ကတော့ တစ်ချက်ကြည့်၍ ကြည်နူးမှုတစ်ခု ဖြစ်ရုံနှင့်ပင် လုံလောက်နေလေပြီ။ ဤကဲ့သို့ အလှပဂေးများက ရှီဖုန်း လက်လှမ်းမီနိုင်သည့် အရာများလည်း မဟုတ်ချေ။ ယခု သူ၏ အဓိကပန်းတိုင်သည် အလုပ်ကို ကောင်းကောင်းမွန်မွန်ဖြင့် အကောင်းဆုံး လုပ်နိုင်ရန် ဖြစ်သည်။
ရှီဖုန်းက အားကြိုးမာန်တက်ဖြင့် အော်သော်လည်း သူ၏အသံက အသုံးမဝင်တော့ချေ။ မည်သည့်ကစားသမားကမှ သူ့ကို မကြည့်ကြ။ အားလုံးသည် မိန်းကလေး၃ယောက်ကိုသာ ကြည့်နေကြသည်။ ထိုထဲတွင် ဘလက်ကီတောင်မှ ပါသေး၏။ ကြည့်လွန်း၍ သူ၏မျက်စိပင် ကျွတ်ကျမတက် ဖြစ်နေလေသည်။
ရှီဖုန်းက ကူရာမဲ့စွာဖြင့် ခေါင်းယမ်းပြီး သက်ပြင်းချက်ကာ ဆက်၍ အော်နေလိုက်သည်။
“ဘာလဲကွာ… ဒီအရူးက ဘာတွေ လာအော်နေတာလဲ… သူနဲ့အတူ မြေအောက်ဘုံကို သွားပြီး အသေခံပေးမယ်များ ထင်နေတာလား… “
“မြန်မြန်ထွက်သွားစမ်း… မင်းက အဆင့်၁ ငညံ့ကောင်ပဲ… ဒီမှာ အလှပဂေးတွေ ကြည့်နေတာကို လာမဖျက်စီးစမ်းပါနဲ့… “
ကစားသမားအနည်းငယ်က ရှီဖုန်းအား မကျေနပ်သည့် အပြုအမူများ ပြလာကြသည်။ အလှပဂေးများ ရောက်လာသည်ကို ရှီဖုန်းက နီးစပ်အောင် မပြုလုပ်သည့်အပြင် ဆူဆူညံညံပင် လုပ်နေသေး၏။
“ဒီလူကက စိတ်ဝင်စားစရာပဲ… လူအများကြီးကို ရန်လိုလာအောင် ဆွဲဆောင်နိုင်တယ်… အရင်က တစ်ခုခုများ လုပ်ထားလို့လား… “ ရှောင်ယွဲ့အာက ရှီဖုန်းအား လက်ညှိုးထိုးပြီး ရယ်ကာ ပြောလိုက်သည်။
ကျောက်ယွဲ့ရူသည်လည်း လှမ်းကြည့်လိုက်သည်။ ရှီဖုန်းထံမှ မည်သည့်ထူးခြားမှုကိုမှ မခံစားရပေ။ ဝတ်ထားသည့် အဝတ်အစားများကလည်း စုတ်ဖွာနေသည်။ ရှီဖုန်းက လူအများ၏ အာရုံစိုက်မှုကို ခံရအောင် ကြိုးစားနေသည်ဟုသာ တွေးလိုက်သည်။ ထို့နောက် သူမက အထင်သေး၊အမြင်သေးဖြင့် ပြောလိုက်သည်… “ငါတို့အာရုံစိုက်တာ ခံချင်လို့နေမယ်… သူ့ကို ဂရုစိုက်မနေနဲ့… လူ၃ယောက်ရှာပြီး မြေအောက်ဘုံထဲ ဝင်ရအောင်… “
သူမတို့၏ အာရုံစိုက်မှုကို လိုချင်ကြသော ယောက်ျားများကား လွန်စွာ များပြားလှသည်။ ထို့ကြောင့် ကျောက်ယွဲ့ရူက ထိုလူများ သုံးခဲ့သော နည်းလမ်းမျိုးစုံကို မြင်ဖူးလေသည်။ ရှီဖုန်း၏ နည်းလမ်းကား မြင်နေကြမဟုတ်သည့်တိုင် ခေတ်နောက်ကျနေလေသည်။
ဂျမ်းတဲလ်စနိုးကတော့ ဘာမှမပြောဘဲ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအခိုက်တွင် ရှီဖုန်းထံမှ ထူးဆန်းစွာဖြင့် ဓားဝိညာဉ်တစ်ခုကို ခံစားမိလိုက်သည်။ ထို့နောက် သူမက ရှီဖုန်း၏ခါးမှ မီးဆွတံကဲ့သို့ အချောင်းကို သေချာစူးစိုက် ကြည့်လိုက်၏။
“ဂျမ်းတဲလ်စနိုး… ဘာဖြစ်လို့လဲ… “ကျောက်ယွဲ့ရူက ဂျမ်းတဲလ်စနိုးကို စပ်စပ်စုစု မေးလိုက်သည်။ ဂျမ်းတဲလ်စနိုးက ရှီဖုန်းအား မည်သည့်အတွက်ကြောင့် စူးစိုက်ကြည့်နေသလဲဆိုတာကို သူမ နားမလည်ပေ။
“ဘာမှ မဟုတ်ပါဘူး… စိတ်ထင်တာနေမှာပါ… မြေအောက်ဘုံထဲဝင်ဖို့ လူမြန်မြန် စုရအောင်… “ ဂျမ်းတဲလ်စနိုးက ခေါင်းကို ခါလိုက်ပြီး ရှီဖုန်း၏ ခါးရှိ မီးထိုးတံကို ဆက်မကြည့်တော့ချေ။
အစကတည်းက အဖွဲ့ ဖွဲ့ရန် ခက်ခဲနေသည့် ရှီဖုန်းတို့အဖွဲ့သည် ကျောက်ယွဲ့ရူ၏ စကားတစ်ခွန်းကြောင့် ရှီဖုန်းတို့အဖွဲ့တွင် ကျွမ်းကျင်သူတစ်ယောက် ရှိသော်လည်း မည်သူကမှ စိတ်ဝင်စားခြင်း မရှိတော့ပေ။
ကျောက်ယွဲ့ရူ၏ ရှေ့တွင် ကစားသမားများ ရာနှင့်ချီ၍ ရှိနေသည်ကို မြင်ပြီး ရှီဖုန်းက ကူရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ ထိုမိန်းမပျို ၃ယောက် ရောက်ရှိလာမှုက သူ့အတွက် ကံဆိုးခြင်းတစ်ခုပင်။
“အစ်ကိုဖုန်း… ကျွန်တော်တို့လဲ အဲ့ဒီကို သွားကြမလား… “ ဘလက်ကီက အရှက်မဲ့စွာဖြင့် အကြံပေးလိုက်သည်။
“ထွက်သွားစမ်း… မင်း ငါ့ကို ဘာထင်နေတာလဲ… “ ရှီဖုန်းသည် ဘလက်ကီ၏ အရှက်မရှိမှုကို တစ်ကယ်ပဲ လက်လန်သွားလေသည်။ သည်ကောင်က အချစ်ကို တွေ့တော့ သူငယ်ချင်းကိုပင် ပစ်ချင်နေသည်။ သူ့ထက်စာလျှင် အဖော်မဲ့နှင်းကမှ ပိုကောင်းသေး၏။ အဖော်မဲ့နှင်းက သူမတို့၃ယောက်အား ခဏသာ ကြည့်ပြီး အနည်းငယ် ချီးကျူးကာ အဖွဲ့အတွက် ကူလုပ်ပေးနေခဲ့သည်။
ရှီဖုန်း၏ ဆူပူခြင်းကို ခံလိုက်ရပြီးနောက် ဘလက်ကီက ဆက်မပြောရဲတော့ပေ။ သူက တန်းစီနေသည့် ကစားသမားများကိုသာ အားကျသည့်မျက်လုံးများဖြင့် ကြည့်နေလိုက်၏။
၁၀မိနစ်ကျော်လာသော်လည်း ရှီဖုန်းတို့က လူတစ်ယောက်ပင် မရှာနိုင်သေးပေ။ အလားတူ ဂျမ်းတဲလ်စနိုးတို့အဖွဲ့သည်လည်း တစ်ယောက်မှ မရှာနိုင်သေးပေ။ သို့သော်လည်း ရှီဖုန်းတို့အဖွဲ့အား ဝင်မည့်သူ မရှိ၍ ဖြစ်ပြီး ဂျမ်းတဲလ်စနိုးတို့အဖွဲ့ကား ဝင်ချင်သည့်ကစားသမားများက အရည်အချင်း မပြည့်မီ၍ ဖြစ်သည်။ အဖွဲ့၂ခု၏ ကွာခြားချက်ကား ငရဲပြည်နှင့် နတ်ပြည်အလားပင်။
ရှီဖုန်းတွင် ရွေးချယ်စရာ မရှိတော့ချေ။ အချိန်သည် သူ့အတွက် အဖိုးတန်လှသည်။ ဤအတိုင်း ဆက်သွား၍ မဖြစ်တော့သဖြင့် သူက ကန့်သတ်ချက်များဖြင့် မခေါ်တော့ရန် ဆုံးဖြတ်လိုက်သည်။
“သေဆုံးခြင်းသစ်တောအတွက် အကောင်းဆုံး အဖွဲ့ပါ… ကျွမ်းကျင်သူတစ်ယောက်က ဦးဆောင်တာပါ… အဆင့်က မကန့်သတ်ထားပါဘူး… တစ်ခါတည်းနဲ့ အောင်မြင်ရစေမယ်… ကုသသူနဲ့ တိုက်ခိုက်မှုစွမ်းအားကောင်းသည့် ကစားသမား၃ယောက်ကို ရှာနေပါတယ်… “
သို့သော်လည်း ရှီဖုန်း၏ စကားများကြောင့် ကစားသမားများက ရှီဖုန်းအား အထင်သေးသည့် အကြည့်များဖြင့် ကြည့်လာကြသည်။
ယခုအချိန်တွင် မြေအောက်ဘုံ၌ သေသွားသည့် အဆင့်၂ ကစားသမား ၁၀ယောက် ရှိနေပြီဖြစ်သည်။ သူတို့အားလုံးက သေဆုံးခြင်းတောအုပ်ကို ရှင်းလင်းရန် မဖြစ်နိုင်ကြောင်း ပြောခဲ့ကြသည်။ သို့သော်လည်း ရှီဖုန်းတို့အဖွဲ့က အဆင့် ကန့်သတ်ချက် မရှိဟု ပြောလာသဖြင့် အဓိပ္ပါယ်က တောအုပ်ကို ရှင်းရန် ကျွမ်းကျင်သူတစ်ယောက်တည်းဖြင့် လုံလောက်သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
သို့သော်လည်း ရှီဖုန်း၏ စကားက တစ်ချို့သော ကစားသမားများ၏ အာရုံကို ဆွဲဆောင်သွားလေသည်။ ခဏအကြာတွင် အဆင့်၁ ကစားသမားအုပ်စုတစ်ခုက အဖွဲ့ထဲသို့ ဝင်ရန် ပြေးလာကြသည်။
အပိုင်း ၂၂ ပြီး၏။