Switch Mode

Chapter – 91

ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း ၉၁
….
ယဲ့ဖန် လျင်မြန်စွာ ပြေးနေခဲ့သည်။ တောင်တန်းများနှင့် လျှိုမြောင်များကို ဆက်တိုက် ဖြတ်ကျော်လာခဲ့သည်။ လူဝံတစ်ကောင်ကဲ့သို့ ကြမ်းတမ်းကာ ကျားသစ်တစ်ကောင်သဖွယ် လျင်မြန်သော အရှိန်နှုန်းဖြင့် ရှေ့ဆက်နေလေ၏။ သို့သော်ငြား အနောက်ဘက်မှ လူများကို အပြည့်အဝ မျက်ခြေမဖြတ်နိုင်သေးပေ။ များစွာသော လူများသည် အနောက်မှ ကပ်လိုက်နေလေသည်။ ထိုလူများ၏ ကျင့်ကြံဆင့်သည် အားမနည်းကြောင်း တွေးကြည့်ရုံဖြင့်ပင် သိနိုင်လေ၏။ ဒုက္ခပင်လယ်ရဲ့ နှောင်းပိုင်းအဆင့်များပင် ဖြစ်ပေလိမ့်မည်။
ရုတ်ချည်းပင် ယဲ့ဖန်၏ မျက်နှာတစ်ခုလုံး တောင့်တင်းသွားတော့သည်။ သူ၏ ရှေ့သို့ လူနှစ်ယောက် ရောက်လာကာ လမ်းအား ပိတ်ထားခဲ့သည်။ နောက်မှလိုက်လာသူများသာမက ပတ်ပတ်လည် ဝန်းရံထားသူများဖြင့် တစ်ခဏချင်း ပြည့်သွားခဲ့တော့သည်။
ယခုအချိန်တွင် နောက်လှည့်ပြီး ထွက်ပြေးရန် အချိန်မမှီတော့ပေ။ ထို့ကြောင့် ရပ်တန့်ကာ သူ ပြောလာခဲ့သည်။
” ခုနကတုန်းက ငါတို့တွေ စကားပြောနေခဲ့ကြတာ မဟုတ်ဘူးလား။ ဘာလို့ အခု ငါ့ရဲ့လမ်းကို လာပိတ်နေတာလဲ။ ”
သူ့ရှေ့တွင်ပိတ်နေသူများမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကြသည်။ အသက် ၂၅၊ ၂၆နှစ် အရွယ်များပင်တည်း။ အမျိုးသမီးက နှုတ်ခမ်းကို တွန့်ကာ ပြောလာခဲ့သည်။
” ခရမ်း သူရိယ သုခဘုံမှာ မင်းကောင်းကောင်းမနေဘဲ ဘာဖြစ်လို့ ထွက်ပြေးနေတာလဲ။ မဟုတ်တရုတ် ကိစ္စ တစ်ခုခု လုပ်လာတာလား။ ”
အမျိုးသမီးကမူ ယဲ့ဖန်ဆီသို့ လျှောက်လာကာ စိုက်ကြည့်ရင်း ပြောလာခဲ့သည်။
” ဘာလဲ….မင်းတစ်ခုခု ခိုးလာတလား။ မဟုတ်ရင် ဘယ်လိုကြောင့်များ ဒီလောက်ထိ အလောတကြီး ပြေးနေရမှာလဲ။ ထင်ထားတဲ့အတိုင်း သူတောင်းစားတွေ ဆိုတာက အကျင့်ကို မပြောင်းနိုင်ဘူး။ ငါတို့ ခရမ်းသူရိယ သုခဘုံမှာတောင် သူတို့ရဲ့ အကျင့်စရိုက်က လုံးဝပြောင်းလဲမသွားနိုင်ဘူး။ ”
” မင်းဆီမှာ ရှိနေတဲ့ မူလစွမ်းအား အရင်းအမြစ်က သေချာပေါက် သန့်ရှင်းတဲ့ နေရာတစ်ခုခုက ရလာတာမဟုတ်လောက်ဘူး။ ငါတို့ ခရမ်းသူရိယ သုခဘုံကနေ ခိုးသွားတာ ဖြစ်ရမယ်။ မဟုတ်ရင် မင်းလို သူတောင်းစားလေးက ဘယ်လိုလုပ် အဲ့လောက် တန်ဖိုးကြီးတဲ့ ပစ္စည်းရှိနေမှာလဲ။ ”
အမျိုးသမီးသည်လည်း ချဉ်းကပ်လာရင်း ပြောနေခဲ့ပါတယ်။
ထိုအချိန်တွင် ယဲ့ဖန်သည်လည်း ခပ်မြန်မြန်ပင် လှုပ်ရှားနေခဲ့လေသည်။ သဘာဝကျကျ၊ စည်းချက်ညီညီ လှုပ်ရှားနေရင်း အလောတကြီး ပြေးထွက်သွားချင်ပုံ မပေါ်ပေ။ ခန္ဓာကိုယ်သည် တည်ငြိမ်နေသည်။
သို့သော် နှလုံးသား အတွင်း၌မူ ဝေဖန်ကဲ့ရဲ့ နေလေ၏။ အရှေ့၌ ရှိသော လူနှစ်ဦးတို့သည် သူ၏ စွမ်းအား အရင်းအမြစ်အား လုယူနေချင်ကြသည်မှာအသေအချာပင် ဖြစ်သည်။ သို့သော် အခြေအမြစ် မရှိသော စွပ်စွဲချက်များဖြင့် သူခိုး ဇာတ်သွင်းနေလေ၏။
” ဘယ်လိုလုပ် ဒီလို မဟုတ်တမ်းတရားတွေ ပြောနိုင်နေတာလဲ။ ဒီစွမ်းအားအရင်းအမြစ်က မိသားစုဆီကနေ လက်ခံရလာတာ။ ငါ့ကို ဒီလိုမျိုး နာမည် လာမဖျက်နဲ့။ ”
ပြောရင်းနှင့်ပင် ထိုသူနှစ်ဦး အနီးသို့ ယဲ့ဖန် ဖြည်းဖြည်းချင်း ကပ်လာခဲ့သည်။ ဤအဖြစ်ကို မြင်သော အနောက်ဘက်မှ လူတချို့တို့သည် ခပ်မြန်မြန်ပင် အော်ဟစ် သတိပေးလေသည်။
” မင်းတို့ သတိထားကြစမ်း။ ”
သို့သော် အချိန်နှောင်းသွားခဲ့ပြီ။ ယဲ့ဖန် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် လှုပ်ရှားလိုက်ပြီးသားပင် ဖြစ်နေခဲ့သည်။ ခပ်မြန်မြန်ပင် လေထဲသို့ ခုန်ပျံလာရင်း မြန်ဆန်သော လှုပ်ရှားမှုဖြင့် လျှပ်စီးလက်သလို လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုနောက် ခေါင်းနှစ်ဘက်စလုံးကို တစ်ချက်တည်းဖြင့်ပင် ရိုက်ချလိုက်လေ၏။ ထိုသူနှစ်ဦးတို့မှာ ချက်ချင်းပင် မေ့မျောသွားခဲ့သည်။
အသက် ဆယ့်နှစ်နှစ်အရွယ် သူတောင်းစားလေးတစ်ယောက်တွင် ထိုသို့ ကြောက်စရာကောင်းသော အစွမ်းအစများ ရှိနေမည်ဟု မည်သူမှ မတွေးမိခဲ့ချေ။ မျက်တောင်တစ်ခတ် အချိန်အတွင်း၌ပင် မပြင်ဆင်ထားသောကြောင့် မေ့မျောလျက်သားအခြေအနေဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့လေသည်။
လမ်းကို လာပိတ်နေသော လူနှစ်ယောက်အား တစ်ပြိုင်နက်တည်း သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် မရှိသဖြင့် ရွှေရောင်စာအုပ်ကို ယဲ့ဖန် မသုံးခဲ့ပါ။ ထို့အပြင် အနောက်မှ လိုက်လာသူများကို အထင်အမြင်လည်း လွဲမှား‌ေစချင်ခဲ့သည်။ ကျင့်ကြံနည်းများအား သူ မသိသကဲ့သို့ ပြုမူနေခဲ့သည်။ ထို့အပြင် ပထမလူအား သတ်ဖြတ်ခဲ့သော နည်းလမ်းကို နောက်တစ်ကြိမ် ထပ်မသုံးလိုပေ။
လက်ရှိအချိန်တွင် ယဲ့ဖန်သည် အမျိုးသမီး၏ ခန္ဓာကိုယ်မှ ဓားကောက်အသေးလေးအား ဆွဲယူကာ သတိလစ်နေသူ နှစ်ဦးတို့ကို ကုတ်ချပစ်ရန် ရွယ်လိုက်လေသည်။ သို့သော် ယဲ့ဖန် ခုတ်မချဘဲ အေးစက်သောမျက်နှာဖြင့်သာ လှည့်ကြည့်ကာ ပြောလာခဲ့တော့လေသည်။
” မင်းတို့ကို လှည့်စားနိုင်မယ်လို့ ငါယုံကြည်တယ်။ ”
ထိတ်လန့်သွားဟန်ဖြင့် ချက်ချင်းပင် သူ ထွက်ပြေးသွားတော့သည်။
အမှန်တကယ်ပင် မုန်းစရာကောင်းသော အသံတစ်သံက နောက်မှ ထွက်ပေါ်လာခဲ့တော့သည်။ လူတစ်ယောက်က ပြောနေလေ၏။
” ဒီခွေးမသားလေးက ကောက်ကျစ်လွန်းတယ်။ ဒီခန္ဓာကိုယ်ကလည်း သန်မာသလား မမေးလိုက်နဲ့ …။ သူက ဒီကျောက်တုံးသစ်တောထဲမှာ သူ့လက်ချက်နဲ့ သတ်တာ ခံလိုက်ရတာပဲဖြစ်လိမ့်မယ်။ ”
” ကံကောင်းလို့ ငါတို့တွေ အနားကနေကပ်လိုက်လာလို့ တော်သေးတယ်။ ”
အစ်ကိုကြီး ဝမ်နဲ့ ညီမလေးကျန်း တို့လည်း သေချာပေါက် ကံဆိုးသွားလောက်ပြီ။
“….
” မင်းတို့တွေ ငါ့ကို မှီအောင် မလိုက်နိုင်လည်း ကောင်းတာပဲ။ ဆက်ပြီး လိုက်နေဦးမယ်ဆိုရင်တော့ သေချာပေါက် အားလုံး စိတ်ချမ်းသာစေလောက်တဲ့အထိ လုံးဝ အံ့ဩစရာဖြစ်အောင်လုပ်ပေးလိုက်ဦးမယ်။ ”
ယဲ့ဖန်တွင် လုံလောက်သော စွမ်းအား မရှိပေ။ သူ၏ ဝှက်ဖဲကို မြန်မြန်ဆန်ဆန် ထုတ်ဖော်လိုက်မည်ဆိုလျှင် ရလာဒ်က ပြောင်းလဲလို့ သွားပေလိမ့်မည်။ ယခုအချိန်တွင် ထိုသူများကို အောင်အောင်မြင်မြင် လှည့်စားနိုင်သဖြင့် အကာအကွယ် ရှိနေဆဲပင် ဖြစ်သည်။
နောက်ထပ် ငါးကီလိုမီတာအထိ ဆက်လက် ပြေးလွှားလာပြီးသည့်နောက်တွင် လူသုံးယောက် သူ့အား မှီလာခဲ့သည်။ အလယ်မှ အမျိုးသမီးသည် နှာခေါင်းရှုံ့ကာ ပြောလာခဲ့သည်။
” ဒီကောင်က ငါတို့ ခရမ်း သူရိယ သုခဘုံရဲ့ တပည့်သား မဟုတ်ဘူး။ ဒီကောင် ဘယ်လောက်ပဲ မြန်မြန် ပြေးပြေး နောက်ဆုံးမှာ ငါတို့လက်ထဲ ပြန်ရောက်လာရတာပဲ။ ”
ဘေးမှ အမျိုးသားတပည့်သား နှစ်ဦးတို့သည်လည်း အကျည်းတန်သော အမူအရာများဖြင့် ကြည့်နေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်သည် အေးစက်သော လေသံဖြင့် ပြောလာခဲ့လေ၏။
” သနားစရာ အစ်ကိုကြီး ယန်ကတော့ ဒီသူတောင်းစား သတ်တာ ခံလိုက်ရတယ်။ အဲ့ဒီခွေးမသားရဲ့ လှည့်ကွက်ထဲကို ရောက်သွားတာပဲ ။ မုန်းစရာကောင်းလိုက်တာ။ ”
” အကယ်၍ ငါတို့သာ အချိန်မှီရောက် မလာဘူးဆိုရင် အစ်ကိုကြီး ဝမ်နှင့် အစ်မကြီး ကျန်း နှစ်ယောက်စလုံး သူ့လိုမျိုး ကံဆိုးသွားရလောက်ပြီ။ သူတို့နှစ်‌ေယာက်စလုံးကိုလည်း ဒီသူတောင်းစားက အလစ် ဝင်တိုက်သွားသေးတယ်။ ”
ယဲ့ဖန်သည်လည်း ထိတ်လန့်သောအမူအရာဖြင့် ကလေးတစ်ယောက်သဖွယ် အထိတ်တလန့် ပြောနေလေ၏။
” ငါ့ကို ဒီလိုလာပြီး မစွပ်စွဲနဲ့ ။ သူတို့က ငါ့ကို သတ်ချင်ကြတာ။ ပြီးတော့ ငါ့ရဲ့စွမ်းအား အရင်းအမြစ်ကိုလည်း ခိုးဖို့လုပ်သေးတယ်။ ငါ ဘာမှ ရွေးလို့တောင် မရခဲ့ဘူး။ သူတို့ကို ဒီအတိုင်း သတိလစ်အောင် ရိုက်မိရုံပဲ ရှိတာ။ ”
အလယ်မှ အမျိုးသမီးသည် အေးစက်သော မျက်နှာထား၊ အေးစက်သောအသံဖြင့်သာ ဆက်ပြီး ပြောနေခဲ့သည် ။
” အစ်ကိုကြီး ယန်ကို နင် သတ်သွားတာပဲ။ ”
” ငါ့အထင် သူ့ကို သတိလစ်အောင် ရိုက်မိတာ သူက မေ့မျောမသွားဘူး။ မြေပြင်ပေါ်မှာပဲ လဲကျပြိး ငါ့ခြေထောက်ကို လာဆွဲတယ်။ ငါ ကြောက်လွန်းလို့ ဓားကိုထုတ်ပြီး သူ့လည်ပင်းကို မတော်တဆ ဖြတ်လိုက်မိတာ။ ”
ကလေးတစ်ယောက်၏ ထိတ်လန့်ဟန်ဖြင့် ယဲ့ဖန်စကားအား ထစ်အထစ်အ ပြောနေခဲ့သည်။
” မတော်တဆတဲ့လား။ ”
အမျိုးသမီး၏ အမူအရာမှာ ပိုမို မှုန်မှိုင်းလာခဲ့သည်။ သူမ၏ မျက်နှာသည် ရေခဲများဖြင့် ပြည့်နေကာ အေးစက်စွာ ဆက်ပြောလေ၏။
” အစ်ကိုကြီး ယန်ကို နင်က မတော်တဆ သတ်မိတယ်တဲ့။ ငါ့ကို ဟာသတွေ ပြောနေတာလား။ ”
” ဘာမှ ထပ်ပြောစရာ မလိုဘူး။ စွမ်းအား အရင်းအမြစ်ကို မြန်မြန်ယူပြီး အစ်ကိုကြီး ယန်ကို သတ်တဲ့ကောင်ကို လက်စားချေရမယ်။ ”
” သူ့ကို ဒီတိုင်း သတ်လိုက်တာက လွယ်လွန်း အားကြီးတယ်။”
အမျိုးသား နှစ်ဦး၏ မျက်လုံးများသည် သိပ်သည်းသော သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာခဲ့သည်။ ထိုအချိန်တွင် ယဲ့ဖန်လည်း ဆက်လက် လှုပ်ရှားနေခဲ့သည်။ ကြောက်လန့်၍ တုန်ယင်နေဟန်ပေါ်သော်ငြား အမှန်တကယ်တွင်တော့ သူ၏ ဦးတည်ရာကို ပြောင်းလဲနေခြင်းဖြစ်ပေသည်။ အမျိုးသားနှစ်ဦးနှင့် တူညီသောဦးတည်ရာသို့ မျက်နှာမူရင်း ရပ်လိုက်ကာ လှုပ်ရှားလေ၏။
ထိုအချိန်၌ပင် ယဲ့ဖန်၏ ခန္ဓာကိုယ်အတွင်းမှ တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခု ပြန်ထွက်လာခဲ့သည်။ ထိုရွှေရောင် လျှပ်စီးတန်းက ကောင်းကင်မှ နေမင်းကိုပင် အလင်းရောင် ပျောက်ဆုံးသွားစေသည်အထိ တောက်ပလွန်းနေခဲ့သည်။ ရွှေစာအုပ်က မျက်တောင်တခတ်အတွင်း တလက်လက် တောက်ပမှုဖြင့် ကောင်းကင်ပေါ်၌ ပျံသန်းလာလေ၏။
ခပ်တိုးတိုး အသံနှစ်ချက်နှင့်အတူ အမျိုးသားတစ်ဦးသည်ကား မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့ရတော့သည်။ ခါးလယ်မှ နှစ်ပိုင်း ဖြတ်ခံလိုက်ရပြီး သွေးများသည်ကား လေထုထဲသို့ ချက်ချင်းပင် ပြန့်ထွက်လာခဲ့သည်။ ခန္ဓာကိုယ်များ၏ အပေါ်တစ်ခြမ်းသည် မြေပြင်ပေါ်သို့ တဝေါဝေါ မြည်သံများဖြင့် ပြုတ်ကြလာလေ၏။ ခန္ဓာကိုယ် အောက်ပိုင်းများမှာ စက္ကန့်ပိုင်း အကြာမျှ ရပ်တန့်နေကာ သွေးအိုင်ထဲသို့ ပြိုလဲကျသွားသည်။
” နင် ဒီလိုလုပ်ရဲတယ်။ ”
အမျိုးသမီးသည် အထိတ်တလန့်ဖြင့် ရှိနေသော်ငြား ခပ်မြန်မြန်ပင် တုန့်ပြန်လေ၏။ ခရမ်းရောင် ပိုက်ကွန်တစ်ခုကို ထုတ်ယူလိုက်ကာ ယဲ့ဖန်အား ချက်ချင်းပင် လှမ်းပစ်တော့သည်။
ရွှေရောင် နေမင်းကြီးသဖွယ် တောက်ပနေသော ရွှေစာအုပ်သည် မီးလျှံများဖြင့် လောင်မြိုက်လာလေ၏။ ခရမ်းရောင်ပိုက်ကွန်ဆီသို့ ချက်ချင်းပင် ပြေးကာ တိုက်ခိုက်တော့သည်။
ခရမ်းရောင် ပိုက်ကွန်သည်လည်း တစ်လက်မချင်း စုတ်ပြဲကုန်၍ မြေပြင်သို့ အပိုင်းပိုင်းဖြစ်ကာ ပြုတ်ကျလာခဲ့သည်။ ရွှေစာအုပ်သည် မြန်မြန်ဆန်ဆန်ပြေးလွှားနေရင်း အမျိုးသမီး၏ ခေါင်းအား ဖြတ်ထုတ်လိုက်လေ၏။
နဖူးမှ ချွေးများကို ယဲ့ဖန် သုတ်နေခဲ့ရသည်။ သူ့တွင် ဤဝှက်ဖဲ မရှိခဲ့လျှင် သွေးအိုင်ထဲတွင် လဲနေသူမှာ သူ ဖြစ်နေပေလိမ့်မည်။
” မင်းတို့က ငါ့ကို တော်တော်လေးသတ်ချင်နေတယ်။ ငါ့ရဲ့ စွမ်းအား အရင်းအမြစ်ကိုလည်း ခိုးချင်သေးတယ်။ မင်းတို့ သေတာ ငါ တစ်ချက်တောင် ဝမ်းမနည်းဘူး။ ”
ကိစ္စများကို ဖြေရှင်းပြီးသည့်နောက် အချိန်မဖြုန်းဝံ့ဘဲ ယဲ့ဖန် ဆက်ပြီး ထွက်ပြေးတော့သည်။
မီတာတစ်ရာခန့် ပြေးပြီးသည့်နောက် အနောက်ဘက်မှ အော်ဟစ်သံများကို သူကြားလိုက်ရတော့သည်။ သူ့အား လိုက်ဖမ်းသူများ နောက်ထပ် ရှိနေဆဲပင်။ ယဲ့ဖန် ခပ်မြန်မြန်ပင် တစ်ချက်လှည့်ကြည့်လိုက်တော့သည်။
သူ၏ မျက်နှာကြောများ ချက်ချင်းပင် တောင့်သွားလေ၏။ ထိုအုပ်စုထဲတွင် လီရှောင်းမာန်လည်း ပါနေခဲ့သည်။
လက်ရှိအချိန်တွင် သူ ခံစားနေရသော ခံစားချက်ကို အမည်မဖော်တတ်တော့ပေ။ အတိတ်အချိန်မှ မိတ်ဆွေသည် သူ့အား လိုက်ဖမ်းသူများထဲမှ တစ်ယောက်ဖြစ်နေခဲ့သည်။ မိတ်ဆွေဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ခဲ့သော်ငြား လက်ရှိ မြင်နေရသော မြင်ကွင်းသည် စိတ်ကူးနှင့်ပင် မတွေးဖူးခဲ့သော အခြေအနေ ဖြစ်နေခဲ့သည်။
တစ်ယောက်နဲ့ တစ်ယောက် အေးစက်ကာ သူစိမ်းဆန်နိုင်သော်ငြား ယခုကဲ့သို့ လိုက်ဖမ်းနေသော အဖြစ်သည်ကား မဖြစ်သင့်ပေ။
” ဒီကောင်တွေ ငါ့ကို လိုက်ပြီး ဖမ်းနေတာလား။ ဒါမှမဟုတ် အစ်ကိုကြီး အစ်မကြီးတို့နောက် လိုက်လာတာများလား။ ဒါမှ ငါ့ကို တားနိုင်မယ်လို့ တွေးနေကြတာလား။ သူတို့ အစ်ကိုကြီး အစ်မကြီးတွေနောက် လိုက်လာတာပဲ ဖြစ်ပါစေ .. ။ ”
ယဲ့ဖန် သူ့ဘာသူသာ ဆုတောင်းနေခဲ့ မိလေသည်။ သူတို့၏ ဆက်ဆံရေးကို လက်လွှတ်ခဲ့ပြီဖြစ်သော်ငှား သူ့အားတမင်တကာပင် လိုက်ဖမ်းနေသည့် ကိစ္စသည် အင်မတန်ပင် ရက်စက်ရာကျလွန်းလှသည်။
တောင်ကြောများအကြား ဆက်လက် ပြေးလွှားနေကာ တောနက်ထဲသို့ ပိုမို ဝင်ရောက်လာခဲ့သည်။ ရုတ်တရက် အနောက်မှ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်ကို သူကြားလိုက်ရ၏။
” အဲ့ဒါ ခရမ်း သူရိယ သုခဘုံကမလား။ ”
ကြည့်လိုက်ချိန်တွင် ထိုခေါင်းလောင်းသံကို ကြားရပြီးနောက် သူ့နောက်လိုက်လာသူများ ခပ်မြန်မြန်ပင် ပြန်ပြေးသွားသည်ကို တွေ့လိုက်ရသည်။
” ဒီခေါင်းလောင်းသံကို ငါတို့ ဒီလောက်မိုင် အများကြီးကနေတောင် ကြားနေရတယ်။ ကြားပြီးတဲ့ အချိန်မှာ သူတို့လည်းပြန်ပြေးသွားခဲ့တယ်။ ခရမ်း သူရိယ သုခဘုံက တပည့်သားအားလုံးကို ပြန်လာဖို့ ဆင့်ခေါ်တဲ့ ခေါင်းလောင်းများလား။”
ယဲ့ဖန် ခပ်မြန်မြန်ပင် တွေးတောနေခဲ့သည်။ ဖြစ်နိုင်ချေကို တွေးလိုက်မိပြီးသည့်နောက် တစ်ခဏတာ တွေးလိုက်မိတော့သည်။ ခရမ်းသူရိယ သုခဘုံတွင် အရေးကြီးကိစ္စ တစ်ခုခု ဖြစ်ကောင်းဖြစ်နေနိုင်လောက်သည်။ ဖြစ်နိုင်ဖို့ အများဆုံး ကိစ္စသည်ကား ကျန်း မိသားစု၏ စစ်သည်တော်အကြောင်းအား ရှာဖွေတွေ့ရှိသွားခြင်းပင်တည်း။
” ငါတော့ အခြေအနေ မကောင်းတော့ဘူး။ ”
မြန်မြန်ဆန်ဆန် ပြေးလွှားနေပြီးသည့်နောက် မြစ်တစ်စင်းအား သူ ဖြတ်ကျော်ခဲ့ရသည်။ ထို့နောက် စွမ်းအင်အရင်းအမြစ်အား ထုတ်ယူကာ မြစ်ထဲသို့ ပစ်ချလိုက်လေသည်။
” ဒီစွမ်းအား အရင်းအမြစ်ရဲ့ အငွေ့အသက်ကို ခရမ်း သူရိယ သုခဘုံရဲ့ ဒုတိယပညာရှင်က ရှာဖွေတွေ့ရှိနိုင်တယ်။ ဒီတော့ တခြားသူတွေက ခန့်မှန်းနိုင်မှာပဲ။ နောင်အနာဂါတ်မှပဲ ပြန်လာပြီး ယူတော့မယ်။ ”
ကျန်း မိသားစု၏ စစ်သည်တော်ကို ကူညီပြီး ခရမ်းသူရိယ သုခဘုံမှ ပညာရှင်များ သူအား လိုက်ဖမ်းမည်ကို ယဲ့ဖန် စိုးရိမ်နေခဲ့သည်။ အကယ်၍ ထိုကိစ္စသာ ဖြစ်ခဲ့လျှင် ပြဿနာအား ရှောင်ရှားနိုင်မည် မဟုတ်တော့ပေ။
” ငါ ဒီတောင်ကြောထဲက ထွက်ပြေးလို့ မရနိုင်လောက်ဘူး။ သေချာပေါက် လမ်းကို ပြောင်းပြန် စဉ်းစားပြိး သူတို့ကိုအတွေးများအောင် လုပ်ရမယ်။ ”
ယဲ့ဖန် ခပ်မြန်မြန်ပင် ပြောင်းပြန် ပြန်ကာ ရေတံခွန်ကြီးရှေ့သို့ ရောက်ရှိလာ‌ေလ၏။ ထို့နောက် ကျောက်တုံးနံရံထဲသို့ အပြေးဝင်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို စိုရွှဲသွားစေခဲ့သည်။
သူ၏ လက်ရှိ ကျင့်ကြံဆင့်သည် မမြင့်မားသော်ငြား အချိန်တစ်ခဏတာအထိ အသက်အောင့်ထားနိုင်ရန် လုံလောက်လေသည်။ ဆက်ပြီး မထိန်းထားနိုင်ခဲ့လျှင် ခေါင်းမှာ အပြင်သို့ ထုတ်ကာ လေရှူသွင်းရန် လုပ်ဆောင်နိုင်လိမ့်မည်။
ထိုသို့ အနေအထားဖြင့် သုံးရက်တိတိ ယဲ့ဖန် ပုန်းအောင်းနေခဲ့သည်။ သုံးရက်တာအတွင်း လူအချို့ သူ့အား ဖြတ်ကျော်ကာ ရှာဖွေနေခဲ့သော်ငြား ရေတံခွန်၏ အောက်ခြေကိုတော့ သတိမပြုမိခဲ့ကြပေ။ အဲ့ဒီနောက် နေရာအနည်းငယ်ပြောင်းလဲကာ ယဲ့ဖန် ပုန်းအောင်းနေခဲ့ရသည်။ လဝက်( ၁၅ရက် ) တိတိပုန်းအောင်းနေပြီးသည့်နောက် သူ့အားမည်သူမှ ရှာမတွေ့ခဲ့ပေ။
ထိုညတွင် တောင်ကြောဘက်မှာ မြန်မြန်ဆန်ဆန် ထွက်ခွာလာကာ ခရမ်းသူရိယ သုခဘုံ၏ အခြားဘက်ခြမ်းသို့ သူရောက်လာခဲ့သည်။ ရက်ပေါင်းများစွာ ကြာပြီးသည့်နောက် ကီလိုမီတာ ငါးရာအထိ သူ လျှောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ခရမ်း သူရိယ သုခဘုံနှင့်လည်းအတော်ပင် ဝေးကွာလာခဲ့သည်။
ခရမ်း သူရိယ သုခဘုံမှ အတွေ့အကြုံများအား ပြန်လည် စဉ်းစားလိုက်ပြီးသည့်နောက် လီရှောင်းမာန်၏ ဂရုမစိုက်ဟန်မျက်နှာထားသည် ယဲ့ဖန်၏ စိတ်တွင်အနည်းဆုံး အတွေးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။ သူမသည် သူ့အား သာမာန်လူသားတစ်ယောက်အဖြစ် အမှန်တရားကို လက်ခံခိုင်းခဲ့သည့်အပြင် သာမာန်နှင့် မတူ သူ မတူအောင်ထူးခြားသော အသွင်ကို ဆောင်ကာ ဆုံးမခဲ့လေသည်။
” ငါ ကျန်းမိသားစုရဲ့ သူရဲကောင်းကိုတော့ မျက်ခြေဖြတ်နိုင်လောက်ပြိ။ ဒါဆိုရင် သေချာပေါက် နေရာတစ်ခု ရှာပြီး မြန်နိုင်သလောက် မြန်အောင် လေ့ကျင့်သင့်တယ်။ ”
သို့သော် ယဲ့ဖန် မမျှော်လင့်ထားခဲ့မိကာ သုံးရက်အတွင်းတွင် ကျန်း မိသားစု၏ သူရဲကောင်းကို ပြန်လည်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသူမှာ ကောင်းကင်၌ ပျံဝဲနေခဲ့သည်။
” တကယ် လိုက်ခြောက်နေတဲ့ သရဲတွေလိုပဲ … ဒီပြဿနာက အဲ့ဒီကိစ္စမှာတင် ရှိနေတာ မဟုတ်ဘူးနဲ့ တူတယ်။ ”
ယဲ့ဖန် သူ တွေ့ရှိသမျှ အရာအားလုံးအား ထုတ်ယူလိုက်သည်။ ဝူကျင့်ဖုန့် ပေးအပ်ခဲ့သော အဖြူရောင် ကျောက်စိမ်းလည်ဆွဲ …။
ဤအရာသည် ပြဿနာ မဖြစ်နိုင်ပေ။ ဒါ့အပြင် ပုတ်သိုးနေသော ကျောက်တုံးတစ်ခုနှင့် အသွင်တူနေသည့် ကျောက်စိမ်းအပိုင်းအစတစ်ခုလည်း ရှိနေသည်။ ထိုအရာသည် တာအိုရသေ့ တွမ့်သဲ့မှ ပေးခဲ့သော ကျောက်စိမ်းဖြစ်လေသည်။
အဲ့ဒီနောက် ဗောဓိသစ်ပင်၏ အစေ့အား ထုတ်ယူလာကာ သူ့ဘာသာသူ ပြောနေခဲ့သည်။
” ဒီဥစ္စာကြောင့်များ ဖြစ်နေတာလား။ ”
ဗောဓိသစ်ပင်၏ အစေ့အား အဆုံးရှုံးခံရန်မှာ မဖြစ်နိုင်ပေ။ လူအများအား တာအို နိယာမ သဘောတရားများကို နားလည်ရန် ဤအစေ့က ကူညီပေးနိုင်သည်။ ရတနာတစ်ခုဟု ယဲ့ဖန်မသတ်မှတ်ထားသော်ငြား မြင့်မြတ်သစ်ပင်၏ သစ်စေ့ ဖြစ်သည်မှာတော့ အမှန်ပေ။ အသေအချာ တွေးတောပြီးသည့်နောက် ပြဿနာသည် ဤအရာ၌ ရှိနေသည်ဟု ယဲ့ဖန် စဉ်းစားမိလိုက်သည်။
” ကျန်းယီချန် …။ အာရုံခံမိတဲ့ ရတနာဆိုတာက အဲ့ဒီ ဗောဓိသစ်စေ့များလား။”
အဲ့ဒီနောက် စားသောက်ဆိုင်တစ်ဆိုင်သို့ ယဲ့ဖန် ဝင်ရောက်ကာ အစားအစာတချို့ကို မှာယူပြီး စားသောက်တော့သည်။
” လောကကြီးက တကယ် ကျဉ်းကျဉ်းလေးပဲ။ ”
ရုတ်ချည်းပင် အိုမင်းသော အသံတစ်သံက ယဲ့ဖန်း၏နားထဲသို့ ဝင်လာခဲ့သည်။ မျက်နှာတစ်ခုလုံး အဖြူရောင်အမွှေးအမျှင်များဖြင့် ပြည့်နှက်နေသည့် အဘိုးကြီးတစ်ဦးက သူ့ဆီ သရဲတစ်ကောင်သဖွယ် ရောက်ရှိလို့လာခဲ့သည်။
” အကြီးအကဲ ဟန်….”
ယဲ့ဖန် လန့်သဖြင့် စားပွဲခုံအား မှောက်ကာ ထွက်ပြေးလုမတတ် ဖြစ်သွားခဲ့သည်။ လက်ရှိအခြေအနေမျိုးတွင် အကြီးအကဲ ဟန်ကို တွေ့ဆုံရမည်ဟု မမျှော်လင့်ထားခဲ့ချေ။
” ကြည့်ရတာ ငါတို့က တကယ် ကံစပ်ကြတာပဲ။ ငါ မင်းကို လိုက်ရှာနေတာပဲ။”
စိတ်ဝိညာဉ် အပျက်အစီး သုခဘုံမှ အကြီးအကဲ ဟန်သည် စားပွဲ၏ တစ်ဖက်မှာ ထိုင်နေသည်။
အကြီးအကဲ ဟန်က ထင်းခြောက်ကြီး တစ်ခုလို ညှိုးနွမ်းနေပြီး အရိုးပေါ် အရည်တင် ပိန်လွန်းလှသည်။ သူ၏မျက်နှာတစ်ခုလုံးတွင် အဖြူရောင်အမွှေးအမြင်များ ပြည့်နက်နေသဖြင့် အင်မတန်လည်း ကြောက်စရာကောင်းခဲ့သည်။
” ငါက မင်းအတွက် အဆုံးမရှိတဲ့ ဆေးတွေ ဒီလောက်တောင် ပြင်ဆင်ထားပြီးမှ မင်းကို ဘယ်လိုမှ ရှာလို့ မတွေ့တော့ဘူး။ ဒီနေရာမှာ တွေ့မယ်လို့ မမျှော်လင့်ထားမိဘူးလေ။ ”
” ကျွန်တော့်အတွက် ဆေးတွေ အများကြီး ပြင်ဆင်ထားတာ ဟုတ်လား။ ”
” သေချာပေါက် မင်းက အဓိက ဆေးဝါးကြီးပဲလေ။ ဆေးတွေအားလုံးက အရန်အဖြစ် ဖြည့်ပေးထားရတာပေါ့။”
အကြီအကဲဟန်သည် တစ်လုံးချင်း ပြောလာခဲ့တော့သည်။
” သေလိုက်ပါတော့လား …။ သောက်အဘိုးကြီးရဲ့ …။ ”
ယဲ့ဖန် စားပွဲခုံအား ရိုက်ချကာ တိုက်ရိုက်ပင် ကျိန်ဆဲလေတော့သည်။ သည်းခံဖို့ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

အပိုင်း ၉၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset