ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း ၉၀
….
လေပြည်အဝှေ့တွင် ဝါးပင်များ ယိမ်းနွဲ့နေသည်။ စိမ်းစိုသော ဝါးရွက်များ၏ အချင်းချင်း ပွတ်တိုက်သံကို ကြားနေခဲ့ရသည်။ လန်းဆန်းသော လေထုသည် မျက်နှာပေါ်သို့ ဖြတ်သန်း တိုက်ခတ်နေ၏။
လီရှောင်းမာန်၏ ဝတ်ရုံဖြူမှာ လေအဝှေ့တွင် ဝဲလွင့်နေခဲ့သည်။ သူမ၏ ကျက်သရေရှိသော ရုပ်သွင်အား အခြားလောကမှ နတ်မိမယ်တစ်ပါးအသွင် ပေါ်နေစေ၏။ သူမ၏ နက်မှောင်ထူထဲသော ဆံကေသာ၊ ကျောက်စိမ်းကဲ့သို့ အသားအရည်နှင့် ရေလို ကြည်လင်သော မျက်ဝန်းများကြောင့် ပို၍ပင် လှပနေခဲ့သည်။ သူမက ယဲ့ဖန်အား စိုက်ကြည့်ရင်းပြောလာခဲ့သည်။
” နင်က သာမာန် သေမျိုးလူသားတစ်ေယာက်ပဲ။ စွမ်းအင် အရင်းအမြစ်ဆိုတာက နင့်လက်ထဲမှာ အသုံးမဝင်ဘူး။ ”
” ငါက သေမျိုးလူသားဖြစ်ပေမဲ့ ပစ္စည်းတွေရဲ့ တန်ကြေးကိုတော့ သိတယ်။ မင်းတို့အားလုံးက ကျင့်ကြံတဲ့သူတွေလေ။ ဒီပစ္စည်းကို ဒီလောက်အထိ လိုချင်ပြီ ဆိုမှတော့ သေချာပေါက် တန်ဖိုးရှိလို့ပဲပေါ့။ အဲ့လိုပစ္စည်းက ငါ့အတွက် အသုံးမဝင်ဘူးလို့ ဘယ်လိုကြောင့်များ ပြောနိုင်ရတာလဲ။ ဒီအထဲမှာ အသက်စွမ်းအားတွေ အများကြီး ပါဝင်နေတယ်။ ငါ့လို သေမျိုးလူသားတစ်ယောက်အတွက်ဆိုရင် လူ့သက်တမ်းကို ဆွဲဆန့်လို့ရဖို့က ပြဿနာတစ်ခုတော့ ဘယ်ဟုတ်နိုင်မလဲ။ ”
” နင်က နင့်လို သေမျိုးလူတစ်ယောက်က ဒီစွမ်းအား အရင်းအမြစ်ကို အသုံးပြုပြီး သက်တမ်းကို ဆွဲဆန့်ချင်တယ်တဲ့လား။ နှမျောစရာကောင်းချက်ပဲ။ ”
အနီးအနားမှ အမျိုးသားများနှင့် အမျိုးသမီးများအားလုံး မကျေမနပ် သွင်ပြင်တွေ ပေါ်လာကြသည်။
” အကယ်၍ မင်း သက်တမ်းကို ဆွဲဆန့်ချင်တယ်ဆိုလို့ ရှိရင်ပဲဖြစ်ဖြစ် မင်းရဲ့ခန္ဓာကိုယ် အင်အားကို တိုးချင်ရုံပဲဖြစ်ဖြစ် တခြားနည်းလမ်းတွေ အများကြီး ရှိသေးတယ်လေ။ ဒီစွမ်းအင် အရင်းအမြစ်ကို ဆေးပေါင်းတစ်ရာ ဆေးရည်နဲ့ လဲလိုက်ပေါ့။ ”
” ဟုတ်တယ်။ အဲ့ဒီလိုလုပ်။ မင်းက ဒီစွမ်းအင်အရင်းအမြစ်ကို ငါတို့ကို ပေး … သေချာပေါက် မင်း ကျေနပ်တဲ့အထိ အလဲအလှယ် လုပ်ပေးနိုင်တယ်။ ”
အမျိုးသားနှင့် အမျိုးသမီးများ အားလုံးတို့သည်လည်း လက်မလျော့တမ်း ဆွဲဆောင်နေခဲ့ကြလေ၏။ စွမ်းအင် အရင်းအမြစ်သည် သူတို့အတွက် ဆွဲဆောင်မှု ကြီးလွန်းလှသည်။
” အားနာပါတယ်။ ငါ ဒါကို မလဲချင်ဘူး။ မင်းတို့တွေ ပြောနေတဲ့ ကိစ္စတွေအားလုံးကို ငါ စိတ်မဝင်စားဘူး။ ”
ဘယ်လိုပင် ဖြစ်စေကာမူ စွမ်းအင်အရင်းအမြစ်ကို ယဲ့ဖန် မလဲခဲ့ပေ။ ဆက်တိုက်သာ ငြင်းဆိုနေခဲ့၏။
အမျိုးသားနှင့် အမျိုးသမီးများ အားလုံးတို့သည်လည်း အမူအရာ ပျက်ယွင်းလာခဲ့ကြပါပြီ။ ထိုသူတို့အတွက် စွမ်းအင်အရင်းအမြစ်သည် အလွန်ပင် တန်ဖိုးကြီးလေ၏။ သာမာန်သေမျိုး လူသားတစ်ယောက်၏ လက်ထဲတွင် အဆုံးသတ် သွားရခြင်းမှာ တန်ဖိုးကြီး ပုလဲတစ်လုံးအား ဖုန်ထဲတွင် ပစ်ထားသည်နှင့် တူလေသည်။ အမှန်တကယ်ပင် ဖြုန်းတီးရာ ရောက်လွန်းသဖြင့် အားလုံးသည် သူတို့အတွက် လိုချင်နေခဲ့ကြလေသည်။
လီရှောင်းမာန်သည် ထိုနေရာတွင် တိတ်တဆိတ်သာ ရပ်နေခဲ့သည်။
” သာမာန်သေမျိုး လူသားတွေအတွက်တော့ စွမ်းအင် အရင်းအမြစ်ဆိုတာ ဘာလည်း သိမှာ မဟုတ်ဘူး။ ဒါက နင့်အတွက် ချမ်းသာကြွယ်ဝမှုကို ပေးမှာမဟုတ်ဘူး။ အိမ်မက်ဆိုးတွေကိုပဲ ယူဆောင်လာလိမ့်မယ်။ လူသား တစ်ယောက်ဖြစ်နေတဲ့ နင်က ဒါကို ထိန်းသိမ်း ထားနိုင်မှာ မဟုတ်ဘူး။ ”
” ဘာလဲ…။ ဒါဆို မင်းက ငါ့ဆီက ခိုးချင်လို့လား။ ”
စွမ်းအင် အရင်းအမြစ်အား ခပ်မြန်မြန်ပင် အိတ်ထဲ ပြန်ထည့်လိုက်ပြီးသည့်နောက် အရှေ့က လူများကို ကြည့်နေခဲ့တော့သည်။ ဂရုမစိုက်ပုံနှင့် ရှိနေသော လီရှောင်းမာန်မှအပ အခြားသူများသည် ယဲ့ဖန်အား မျက်တောင်တစ်ချက် မခတ် မျက်ထောင့်နီကြီးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
” အစောတုန်းက မင်း တွေ့ခဲ့တဲ့သူက ခရမ်း သူရိယ သုခဘုံရဲ့ ဒုတိယ အစွမ်းအထက်ဆုံးပညာရှင်ပဲ။ သူကတောင် မင်းဆီကနေ မလုယူခဲ့ဘူး။ ငါတို့က ဘယ်လိုလုပ် မင်းဆီက လုမယ်လို့ ပြောနိုင် နေတာလဲ။ ”
လီရှောင်းမာန်၏ အသံသည် တစ်ချက်လေးပင် မတုန်ယင်သွားခဲ့ပေ။
” နင့်မှာ စွမ်းအင် အရင်းအမြစ်ရှိနေတယ် ဆိုတာက လျှို့ဝှက်ချက် တစ်ခု ဘယ်ဟုတ်မလဲ။ ဒီသတင်းသာ ပေါ်သွားပြီးတာနဲ့ အပြင်ကို ပြန့်သွားခဲ့မယ်ဆိုရင် နင် အခု အသက်အန္တရာယ် မရှိသေးပေမဲ့ အနာဂါတ်မှာတော့ ပြောလို့ မရနိုင်ဘူး။ ”
” ဒါဆိုရင် ငါက လဲပဲလဲလို့ ရမယ်လို့ မင်းတို့ပြောချင်တာပေါ့။ ”
လီရှောင်းမာန် ခေါင်းငြိမ့်ရင်းနဲ့ ဆက်ပြောလာခဲ့သည်။
” ဒါကို ကျင့်ကြံသူတစ်ယောက်နဲ့ နင် လဲလိုက်မယ်ဆိုရင် သေချာပေါက် ဘဝတစ်သက်တာလုံး အကျိုးအမြတ် ရသွားလိမ့်မာ်။ နောက်ထပ် ဆက်ပြီး ထွက်ပြေးစရာလည်း မလိုတော့ဘူး။ စိတ်ချမ်းချမ်းသာသာ၊ လူ ချမ်းချမ်းသာသာနဲ့ ဇိမ်ရှိတဲ့ ဘဝမှာ နေလို့ ရသွားလိမ့်မယ်။ ”
” မင်းတို့တွေက အဲ့ဒီလောက်ကြီး သန်မာမဲ့ပုံ မပေါက်ဘူး .. ။ ဒီစွမ်းရည် အရင်းအမြစ်ထဲမှာ ရှိနေတဲ့ အသက်စွမ်းအားတွေကို မင်းတို့တွေ သန့်စင်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်မိတယ်။ ”
ယဲ့ဖန် ဖြည်းဖြည်းချင်း မာန်လျော့လာတာကို မြင်တွေ့ပြီးချိန်မှာတော့ လူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထပ်မံပြောကြားလာခဲ့ပြန်သည်။
” ငါတို့တွေ တိုက်ရိုက် မသန့်စင်နိုင်ပေမဲ့ မျိုးနွယ်စုရဲ့ အကြီးအကဲတွေဆီကို ပေးအပ်လိုက်လို့ ရတယ်။ ”
” အစောတုန်းက မင်းတွေ့လိုက်ရတဲ့ အဲ့ဒီဆရာကြီးရဲ့ ကျင့်ကြံမှုဆိုရင် ဘယ်လောက်တောင် ခိုင်မာလည်း သိတယ်မလား။ သူက ငါတို့နေရာရဲ့ ဒုတိယအဆင့်ပညာရှင်လေ။ ညီမလေး လီကိုတောင် ငယ်ရွယ်နုပျိုမှုကို ပြန်ရအောင် လုပ်ပေးခဲ့သေးတယ်။ ဒီနေ့ အကယ်၍ ညီမလေးလီသာ ဒီစွမ်းအား အရင်းအမြစ်ကို လက်ခံလိုက်မယ်ဆိုရင် သေချာပေါက် မင်းကို ကျေးဇူးတင်မိမှာပဲ။ ငါတို့တွေလည်း အဲ့ဒီဆရာကြီးနဲ့ ပိုပြီးနီးကပ်လာလိမ့်မယ်။ သူ့ရဲ့သင်ကြားမှုတွေကိုလည်း နားထောင်ခွင့်ရလိမ့်မယ်။ ”
ယဲ့ဖန် ပြုံးသာ ပြုံးနေခဲ့တော့သည်။ ဘာကိုမှ ဆက်မပြောတော့။ လီရှောင်းမာန်ကို သူ တစ်ချက်ကြည့်လိုက်သည်။
” ဟုတ်တယ်….ငါလည်း ဒီစွမ်းအင်အရင်းအမြစ်ကို ဒီဆရယကြီးဆီ ပေးချင်တယ်။ ”
လီေရှာင်းမာန်၏ အမူအရာသည် လက်ရှိအချိန်အထိ တည်ငြိမ်နေသေးသည်။ သူမ၏ နဖူးပေါ်မှ ဆံစများကို ဖြည်းဖြည်းချင်း လိမ်နေခဲ့ရင်း စိုက်ကြည့်နေခဲ့သည်။
” ငါ နင့်ကို ဘာမှ အကြွေးတင် မခံဘူး။ သေချာပေါက် ကျေနပ်အောင် လုပ်ပေးမယ်။ ”
” အရင်ကနဲ့ အခု မင်း ဘာမှ မကွာဘူးနော်။ ”
ယဲ့ဖန်သည် ခေါင်းခါကာ ပြုံးပြရင်း ပြောလာတော့သည်။
လီရှောင်းမာန်လည်း မငြင်းဆိုခဲ့ပေ။ ခြေလှမ်းကို အနည်းငယ် ရှေ့တိုးလာ၍ ယဲ့ဖန်အား စိုက်ကြည့်ကာ ပြောလာတော့သည်။
” မင်းကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ရှိမယ်ဆိုတာ ငါ သိနေခဲ့တယ်။ နောက်ပြီး အစွမ်းအစရှိတာကိုလည်း ငါသိတယ်။ နင်က လူသားတစ်ယောက်အဖြစ်နဲ့ သေချာပေါက် စိတ်ကျေနပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်တရားကတော့ မတူဘူးလေ။ နင့်ရဲ့ခန္ဓာကိုယ်က ကျင့်ကြံဖို့အတွက် မသင့်တော်လို့ သေချာပေါက် သာမာန်လူသားတစ်ယောက်အဖြစ်နဲ့ပဲ နေလို့ရလိမ့်မယ်။ ပုံမှန်လို သာမာန်လူသားအဖြစ်နဲ့ နေမယ်ဆိုရင် အေးအေးဆေးဆေး နေလို့ ရဖို့အတွက် ငါ မျှော်လင့်ပါတယ်။ အများကြီး မတွေးနဲ့ …။ ခေါင်းအေးအေးထားပြီး မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားလိုက်။ ဒါ့အပြင် မဖြစ်နိုင်တဲ့ စိတ်ကူးတွေလည်း တွေးမနေနဲ့။ ဒီစိတ်ကူးတွေရဲ့ အရင်းအမြစ်က တကယ်တော့ နင့်အတွက် ဘာမှ အသုံးမဝင်ဘူး။ အမှန်တရားကို လက်ခံပြီး ပျော်ရွှင်မှုကို အေးအေးဆေးဆေး လက်ခံတဲ့ သာမာန်လူတစ်ယောက်ပဲ လုပ်လိုက်စမ်းပါ။ ”
” ကြည့်ရတာ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် နားမလည်ကြသေးတဲ့ပုံပဲ။ ”
” လူတွေက အမြဲတမ်း တိုးတက်ချင်ကြတယ်လေ။ ဒါ့အပြင် မသေမျိုး အမတတွေနဲ့ သာမာန် လူသားတွေဆိုတာ မတူညီတဲ့ လောကနှစ်ခုမှာ နေထိုင် နေကြတာ မဟုတ်လား။ ”
လီရှောင်းမာန်သည်လည်း ထူးမခြားနားလေသံဖြင့် ဆက်ပြောလာခဲ့လေသည်။
” လူသားတွေနဲ့ မသေမျိုးတွေက မတူညီတဲ့ လောကမှာ နေထိုင်နေကြတာတဲ့လား။ ”
ယဲ့ဖန် ပြုံးပြရင်းနှင့်သာ ပြန်ဖြေလာခဲ့သည်။
” အနာဂတ်မှာ ဘာတွေဖြစ်မလည်းဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ငါလည်း မင်းနားမှာ ပေါ်လာချင် ပေါ်လာနိုင်တာပဲလေ။ အဲ့ဒီအချိန်မှာ သိပ်ပြီးတော့ ဂရုမစိုက်ပဲ နေမနေနဲ့။ ငါ့လိုမျိုး သာမာန်လူသားတစ်ယောက်က မင်းကို ကျော်တက်သွားနိုင်တယ်။ ”
ဘေးမှ တပည့်သားများသည်လည်း ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြသည်။ သူတို့ရှေ့မှ လူနှစ်ယောက်၏ ပြောစကားများသည် ထူးဆန်းသော အငွေ့အသက်များ ပါနေခဲ့သည်ဟု ထင်နေခဲ့ကြသည်။ ရိုးရှင်းသော အိမ်နီးနားချင်းများ ဖြစ်ပုံမရပေ။ အထူးသဖြင့် ယဲ့ဖန်သည် အသက်ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် လုံးဝ မတူညီသည့် အတွေးပေါ်နေ၏။
” မင်း ဘာပဲ ပြောပြော ငါကတော့စွမ်းအား အရင်းအမြစ်ကို ပေးမှာ မဟုတ်ဘူး။ ပြန်သွားလိုက်တော့။ ”
ယဲ့ဖန် လက်ဆန့်ထုတ်ကာ သူတို့အားလုံးအား နှင်လွှတ်နေခဲ့တော့သည်။
” မင်းကတော့လား။ ”
တပည့်သားများ အားလုံး၏ အမူအရာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ကြပါပြီ။ လီရှောင်းမာန် လှည့်မထွက်ခင်အချိန်မှာ ယဲ့ဖန်အား စိုက်ကြည့်ကာ ပြောသွားခဲ့သည်။
” အမှန်တရားကို မြန်မြန် လက်ခံပြီး သာမာန်လူတစ်ယောက် ဖြစ်လာလိုက်စမ်းပါ။ ”
ရုတ်ချည်းပင် ခရမ်း သူရိယ သုခဘုံဘက်မှာ ဆူပူလှုပ်ရှားမှုများ ဖြစ်လာခဲ့တော့သည်။ အော်ဟစ်သံများနှင့် ထိတ်လန့်တကြား အသံများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကြက်သွေးရောင် အလင်းတန်းတစ်ခုလည်း ကောင်းကင်ပေါ်၌ ဖြတ်ကျော်သွားလေ၏။ ကျင့်ကြံသူများ အဝေးတွင် တိုက်ခိုက်နေခဲ့ကြသည်။
” ငါတို့ သွားပြီး တစ်ချက်လောက် ကြည့်ရအောင်။ ”
ငယ်ရွယ်သောတပည့်သား အချို့တို့သည် ဝါးတောအပြင်သို့ ချက်ချင်းပြေးထွက်သွားခဲ့လေ၏။
ယဲ့ဖန်၏ နှလုံးသားမှာလည်း အခုန်မြန်လာခဲ့သည်။ တစ်ချို့သော သူများကမူ အပြေးသွားနေခဲ့ပြီ ဖြစ်သည်။ ကျန်းမိသားစု၏ စစ်သည်တော်များသည် သူ၏ အာရုံထဲ၌ ချက်ချင်းပင် ပေါ်ထွက်လာခဲ့တော့သည်။ လူအုပ်ထဲတွင် ရောနှော ပုန်းအောင်းရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက် သွားကြည့်ရန် ပြင်ဆင်လိုက်လေ၏။
ထိုအချိန်၌ပင် ခရမ်း သူရိယ သုခဘုံ၌ ဆူပူမှုများ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တော့သည်။ ကျင့်ကြံသူ အများအပြား ဂိတ်တံခါးဆီသို့ ပြေးဆင်းလာခဲ့ကြသည်။ ယဲ့ဖန် ရောက်ရှိချိန်တွင် အများစုမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည်ကို ရှာဖွေတွေ့ရှိလိုက်သည်။
” ဘယ်ကောင်က ငါတို့ ခရမ်းသူရိယ သုခဘုံကို သတ္တိကောင်းပြီး ဝင်တိုက်ဝံ့တာလဲ ”
” ကြောက်စရာကောင်းတဲ့ အသွင်ပြောင်းသားရဲကောင် တစ်ကောင်ကို စီးနင်းလာတဲ့ အင်အားကြီး စစ်သည်တော် တစ်ေယာက်က သူက ကျွန်တော်တို့ သုခဘုံရဲ့ ပညာရှင် ငါးယောက်ကို အနိုင်ယူလိုက်ပါပြီ။ ဒါ့အပြင် ဝန်းရံထားတာကနေ ချိုးဖောက်ပြီး ထွက်လုနီးပါး အခြေအနေကို ရောက်နေခဲ့တယ်။ အခုတော့ ကျွန်တော်တို့ရဲ့ မဟာ ဦးလေးက သူ့ကို တားဆီးနေခဲ့ပါတယ်။ ”
….
လူအများ၏ ဆွေးနွေးသံကို ကြားပြီးသည့်နောက် ကျန်းမိသားစုမှ စစ်သည်တော် ရောက်ရှိလာပြီဟု ယဲ့ဖန် သေချာသွားခဲ့ပါတယ်။
” တကယ်ပဲ နောက်ကနေ လိုက်ခြောက်နေတဲ့ သရဲပါလား။”
သူလည်း မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ထိုအချိန်တွင် ရှေ့ဆုံးမှ အော်သံတစ်ခု ထွက်လာခဲ့လေ၏။
” ဦးလေးက တကယ် အင်အားကြီးတာပဲ။ စစ်သည်တော်ကို ဖမ်းလိုက်ပြီ။ ”
လေဟာနယ်ထဲမှ အသက် ၃၆၊ ၃၇ နှစ်အရွယ် လူတစ်ယောက် ထွက်ပေါ်လာပြိး အသာအယာပင် လမ်းလျှောက်လို့ သွားခဲ့ပါသည်။ ထိုသူသည် ခရမ်းသူရိယ သုခဘုံ၏ ဒုတိယ အစွမ်းအထက်ဆုံး ပညာရှင်ပင် ဖြစ်နေခဲ့သည်။ အစောပိုင်းကပင် ယဲ့ဖန် သူ့ကို မြင်လိုက်ရပေသည်။
လက်ရှိအချိန်တွင် ကြောက်စရာ သားရဲကောင်ကြီးနှင့် သတိလစ်နေသော စစ်သည်တော်အား သူ သယ်ဆောင်လာခဲ့သည်။ မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပစ်ချလိုက်ရင်း သူ ပြောလာခဲ့သည်။
” ဒီကောင့်ကို ကျောက်တုံးထောင်ထဲမှာ အရင်ဆုံး ဖမ်းပြီး ထည့်ထားလိုက်။ ”
” သွားရတော့မယ်….ဒီ ခရမ်းသူရိယ သုခဘုံက ငါ့ကို အများကြီး ကူညီပေးလိုက် ပြီးပြီပဲ။ ငါ ကိုင်တွယ်ရခက်တဲ့ ဒီအကောင်ကို ဒီနေရာမှာ ရက်အနည်းငယ်လောက် ဖမ်းချုပ်ထားတာက ပိုကောင်းလိမ့်မယ်။ ”
ခရမ်း သူရိယ သုခဘုံမှ လူများသည် စစ်သည်တော်၏ နောက်ခံအကြောင်းကို သိရှိသွားပြီးနောက်မှ နောင်တရလျှင် ပြဿနာများ ပိုကြီးမားလာလိမ့်မည်ဟု ယဲ့ဖန် တွေးတောမိပြီး ဖြစ်သည်။
ခရမ်း သူရိယ သာခဘုံ တောင်ထိပ်တံခါးမှ ထွက်လာပြီးသည့်နောက် တောင်ကြောထိပ်သို့ သူ ခပ်မြန်မြန်ပင် ဆက်လျှောက်လာခဲ့သည်။ သူထွက်လာသည့်လမ်းတွင် လူတချို့က သူ့ကိုတွေ့သွားခဲ့သည်။ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ကာ သူ့နောက်ကို လိုက်ဖမ်းလေ၏။
” အကယ်၍ ငါသာ ဒီကပ်ဆိုးကို ဖယ်ရှားနိုင်မယ်ဆိုရင် သေချာပေါက် ငြိမ်သက်တဲ့နေရာတစ်ခုရှာပြီး လေ့ကျင့်ရမယ်။ ”
အဖြစ်အပျက်များအား ဆက်တိုက်ကြုံတွေ့ခဲ့ရပြီးသည့်နောက် သန်မာသူတစ်ယောက် ဖြစ်လိုသော သူ၏ဆန္ဒသည်လည်း ပိုမိုကြီးထွားလာခဲ့ရသည်။ လောကတွင် ပြိုင်ဘက်ကင်းသော စွမ်းအားကို သူ တောင့်တလေ၏။ သူ မိုင်ပေါင်း ဒါဇင်ချီ ပြေးလွှားပြီးသည့်နောက် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ယဲ့ဖန်ခံစားမိသည်။ သူ့နောက်မှ လိုက်လာသော တစ်စုံတစ်ယောက်သည် သူ့အား မှီလာတော့မည်။ နှလုံးသားတစ်ခုလုံး ပြုတ်ထွက်မတတ် အခုန်မြန်လာခဲ့ပြီး ခပ်မြန်မြန်ပင် ပုန်းအောင်းဖို့ သူ ပြင်ဆင်ရလေ၏။
” အဲ့တာ အဲ့ဒီကောင်ပဲကို …။ ”
သူသည် လီရှောင်းမာန်၏ ဆရာအစ်ကိုကြီးများထဲမှ တစ်ယောက်ဖြစ်သည်။ မကြာသေးမီကပင် သူ့အား အရင်းအမြစ်အကြောင်းကို မေးမြန်းနေသူထဲတွင် ထိုသူပါရှိခဲ့သည်။ မြန်မြန်ဆန်ဆန်ပင် တောထဲ ဝင်ရောက်ခဲ့ပြီးတဲ့နောက် အဲ့ဒီလူမှ စတင်အော်ဟစ်တော့၏။
” ငါ မင်းကို တွေ့တယ်။ ထွက်လာခဲ့စမ်း မင်းရဲ့ အရင်းအမြစ်ကို ချန်ထားခဲ့လိုက်။ ငါ မင်းကို လွတ်လမ်းရှာပေးမယ်။ ”
” ထင်ထားတဲ့အတိုင်း ဒီကောင် ငါ့ရဲ့အရင်းအမြစ်ကို လာခိုးတာကိုး။ ”
ယဲ့ဖန်သည်လည်း ကျောက်တုံးကြီးနောက်တွင် ပုန်းအောင်းကာ အလောတကြီး မလှုပ်ရှားဝံ့ပေ။ တစ်ဖက်လူသည် အားနည်းသူ မဟုတ်။
” ဒီကောင် အရင်းအမြစ်ကို ရသွားတယ်ဆိုရင်တောင် ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒီလိုဖြစ်မှတော့ ငါ အရင်ဆုံး တိုက်ခိုက်ရမယ်။ ”
ယဲ့ဖန် ဆုံးဖြတ်ချက် ချလိုက်ပါပြီ။
” အကယ်၍ မင်း ထွက်မလာပဲ ငါ မင်းကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါ မင်းအတွက် လွတ်လမ်းမပေးတာကို အပြစ်မတင်နေနဲ့။ ”
ထိုသူသည် အင်မတန်ပင် သတိကြီးလေသည်။ ယဲ့ဖန်၏ အရှိန်နှုန်းသည် မြန်ဆန်လွန်းလှကြောင်း သိရှိပြီးသည့်အတွက် ချက်ချင်းပင် သတ်ဖြတ်ပစ်ဖို့ စဉ်းစားခဲ့သည်။ လူသားတစ်ယောက် ဖြစ်သော်ငှား ထိုကလေး၏ စွမ်းအားသည် သာမာန်မဟုတ်ပေ။
ကျောက်တုံးကြီးအနားသို့ ထိုသူရောက်လာချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပြေးထွက်လာပြီးသည့်နောက် လေဟာနယ်သို့ ဖောက်ထွက်သွားလေ၏။
ရွှမ်းဆိုသော အသံနှင့်အတူ ရွှေရောင်အလင်းတန်းသည် တစ်ပတ်ကျော် ဖြတ်ကာ သွားခဲ့သည်။
သွေးများ လေထဲသို့ ပြန့်ကျဲသွားပြီးသည့်နောက် ခေါင်းတစ်လုံး လှိမ့်ဆင်း လာလေသည်။ ခေါင်းမဲ့အလောင်း၏ သွေးများက နှစ်မီတာ အမြင့်သို့ပင် ထိုးတက်သွားခဲ့သည်။
ယဲ့ဖန်က ရွှေရောင်စာအုပ်တစ်အုပ်ကို ကိုင်ကာ ရှိနေခဲ့သည်။ လက်ရှိ အချိန်တွင်မူ သူ၏ အမူအရာက ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ သူ၏ နောက်တွင် လူတချို့ရှိနေခဲ့ပြီး မြန်မြန်ဆန်ဆန် နီးကပ်လာနေခဲ့သည်။
ထိုသူတို့အား တစ်ချက်ကြည့်ပြီးသည့်နောက် သူ ထွက်ပြေးတော့သည်။
လီရှောင်းမာန် ပါ မပါကို သူ မသိတော့ပေ။ စိမ်းစိုသော သစ်ပင်ပန်းမံများက မြင်ကွင်းကို ကွယ်နေသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရသောကြောင့်ပင်တည်း။
” မင်း ငါ့နောက်မှာ ရှိနေပါစေလို့ မျှော်လင့်ပါတယ်။ ”
ယဲ့ဖန် လှည့်မကြည့်တမ်း ဆက်တိုက် ဖနောင့်နဲ့ တင်ပါးတစ်သားထဲ ကျအောင် ထွက်ပြေးနေခဲ့ပါသည်။
အပိုင်း ၉၀ ပြီး၏။
Chapter – 90
? Views, Released on September 1, 2024