Switch Mode

Chapter – 89

ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း (၈၉) ” ခရမ်း သူရိယ သုခဘုံ ”

” ခရမ်းသူရိယ သုခဘုံပါလား ”
လီရှောင်းမန်နှင့် အခြားသူများကို အနားမှမြို့တော်တွင် တွေ့ဆုံခဲ့ခြင်းသည် တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း ယဲ့ရှောင် နားလည်သွားလေတော့သည်။ သူတို့၏ မျိုးနွယ်စုပါ အနီးအနားရှိနေခဲ့သည်။
ယဲ့ဖန် လှည့်ပြီး ထွက်ခွာချင်ခဲ့သည်။ လီရှောင်းမန်တို့ မျိုးနွယ်စုနှင့် အဆက်အဆံမလုပ်လိုပေ။ ယနေ့တွင် သူတို့ တွေ့ဆုံခဲ့သည်။ သို့သော် လီရှောင်းမန်မှာမူ အလွန်တရာ တည်ငြိမ်ရုံမျှမက အေးစက်လွန်းနေခဲ့သည်။ သူမက သူ့အား ငွေသားချေးငှားပေးခဲ့သော်လည်း လှူဒါန်းပေးကမ်းသည့်ပမာ မောက်မာပြီး သီးခြားဆန်လွန်းလှသည်။
” ငါ့ကို သာမန်သေမျိုး လူသားလိုမျိုး ကောင်းကောင်း နေဖို့တောင် ပြောသွားသေးတယ်။ မှန်ကန်တဲ့လမ်းကနေ မသွေဖယ်သွားစေနဲ့တဲ့။ ငါက အဲ့လိုပုံများ တကယ် ပေါက်နေလို့လား ”
ယဲ့ဖန် သူ့ဘာသူ လှောင်ရယ်မိလိုက်သည်။ လက်ရှိအချိန်တွင် နာကျင်မှုနှင့် နောင်တရမှုကို မခံစားရပေ။ သူတို့၏ တွေ့ဆုံမှုသည် အမှတ်ရစရာ မရှိသော ကိစ္စ ဖြစ်သွားခဲ့လေသည်။ တွေ့ဆုံချိန်တွင် အပူအပင် မရှိ ရယ်မောပြနိုင်လျှင်တောင် ကောင်းမွန်သော တွေ့ဆုံမှု တစ်ခုဟု မှတ်ယူရလိမ့်မည်။
နောက်ထပ် မီတာအနည်းငယ် ဆက်လျှောက်လာပြီးနောက် ယဲ့ဖန် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ကျန်းမိသားစု၏ စစ်တပ်ထံမှ မည်သို့လွတ်မြောက်ရန် ကြိုးစားရမည်နည်းဟု စတင် တွေးတောရတော့သည်။ ထိုအချိန်တွင် ခရမ်း သူရိယ သုခဘုံအား အသုံးပြု၍ လက်ရှိ အကြပ်အတည်းကို ဖြေရှင်းရန် ရုတ်တရက် အတွေးဝင်လာတော့သည်။
လက်ရှိအချိန်တွင် သူ၏ အင်အားမှာ မလုံလောက်သေးပေ။ ထိပ်တိုက် တိုက်ခိုက်ဖို့က မဖြစ်နိုင်။ အသေအချာ ဂရုတစိုက် တွေးတောရန် လိုအပ်နေသေးသည်။ ယဲ့ဖန် သူ့ဘာသူ ခပ်တိုးတိုး တွေးတော ပြောဆိုနေခဲ့သည်။
” သူတို့တွေ လက်ထဲကနေ ငါ မလွတ်နိုင်တာ အကြောင်းအရင်း တစ်ခုခုတော့ ရှိလိမ့်မယ်။ ဒီကောင်တွေ ဘယ်လောက်သန်မာပါစေ … ငါ့ကို ဒီလောက်အထိ ခြေရာကောက်ပြီး လိုက်လာနိုင်ရအောင် အစွမ်းထက်တဲ့ စိတ်ဝိညာဥ်အင်အား ရှိနေမှာ မဟုတ်ဘူး ”
ရန်တိုင်းပြည်၏ သုခဘုံ ခြောက်ခုထဲမှ တစ်ခုဖြစ်သော ခရမ်း သူရိယ သုခဘုံသည် ထူးဆန်းသော လောကနှင့် အင်အားတစ်ခုကို ကိုယ်တိုင်တည်ဆောက်ထားလေ၏။ တောင်တက်တောင်ဆင်းများနှင့် မြစ်ချောင်းများ ဝန်းရံခြင်းကို ခံထားရလေသည်။
အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဆက်လက်ဝင်ရောက်နိုင်ခဲ့လျှင် အပြင်လောကနှင့် အဆက်အသွယ် ဖြတ်နိုင်ကောင်း ဖြတ်နိုင်လိမ့်မည်။
” မဆိုးဘူးပဲ။ ဒီနေရာကို ငါ အသုံးချလို့ ရတာပေါ့ ”
အသေအချာ စဥ်းစားပြီးနောက် တောင်ကြောထဲသို့ ယဲ့ဖန် ဆက်လက် ဝင်ရောက်လာခဲ့တော့သည်။
” သိပ်သည်းလှတဲ့ စိတ်ဝိညာဥ် ချီစွမ်းအားတွေပါလား။ တကယ်ကို သုခဘုံပီသတာပဲ ”
ထိုအချိန်တွင် ကောင်းကင်ကြီးမှာ မှောင်မိုက်နေခဲ့ပါပြီ။ သို့သော် တောင်ကြောများတစ်လျှောက် ခရမ်းရောင် အငွေ့အသတ်များသည် ဝှေ့ဝဲ ထွက်ပေါ်နေလျက် ရှိသည်။ ခရမ်းသူရိယ သုခဘုံသည် နာမည်နှင့် လိုက်ဖက်လွန်းလှသည်။ ခရမ်းရောင် မြူခိုးများက နေရာအနှံ့ တည်ရှိနေခဲ့ကြပြီး နေရောင်ပမာ ကောင်းကင်ပေါ်သို့ ရံဖန်ရံခါ ထိုးတက်လာလေ၏။
အပြင်လောကမှ ကြည့်လျှင်ပင် သူ မတူအောင် ထူးခြားနေမှုကို မြင်တွေ့နိုင်သည်။ စွဲမတ်သော တောင်တန်းများ၊ လှပသော လျှိုမြောင်းများနှင့် ကြည်လင်သော စမ်းချောင်းများ ရှိသည့်အပြင် သစ်ပင်ပန်းပင်များမှာလည်း အလင်းများဖြင့် တောက်ပနေခဲ့သည်။
ခရမ်း သူရိယ သုခဘုံအတွင်းသို့ ယဲ့ဖန် ချဥ်းကပ်သွားခဲ့ပြီး ခိုးဝင်နိုင်မည့် လမ်းအား ဂရုတစိုက် ရှာဖွေခဲ့လေသည်။ သို့သော် ခိုးဝင်နိုင်ရန် ခက်ခဲလွန်းလှသည်။ တောင်တန်းတစ်လျှောက် ကင်းလှည့်နေသောသူများ ရှိရုံသာမက သားရဲကောင် အများအပြားလည်း စောင့်ကြပ်နေသေးသည်။
စူးစမ်းသော သားရဲကောင်ကြီး နှစ်ကောင်သည် မိကျောင်းကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည့်အပြင် တောင်ပံတစ်စုံလည်း ထွက်နေ၏။ တောင်ပူစာကြီးသဖွယ် ကြီးမားသော ခန္ဓာကိုယ်ကြီးများနှင့်အတူ လက်ဆေးဇလုံ အရွယ် မျက်လုံးကြီးများက အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။
” အရှေ့မှာ ဒူးထောက်နေကြတဲ့ လူတွေ ရှိနေပါလား။ ဘာတွေဖြစ်နေတာလဲ ”
သူတို့၏ ရှေ့မှောက်တွင် အသက် ၁၆ နှစ်၊ ၁၇ နှစ် လူငယ်တချို့ ဒူးထောက်နေသည်ကို ယဲ့ဖန် တအံ့တသြ တွေ့လိုက်ရလေသည်။
” မင်းတို့တွေ သွားသင့်ပြီ။ မင်းတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရမ်းကို သာမန်ဖြစ်လွန်းတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အလုပ်ဖြစ်မှာ မဟုတ်ဘူး ”
လှည့်လည်နေသူ ကျင့်ကြံရေး ပါရမီရှင် တချို့က ပြောလာခဲ့သည်။
” အမတ ဆရာသခင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အခွင့်အရေးတစ်ခု ပေးပါ ”
ကျင့်ကြံသူသည် သက်ပြင်းချကာ ပြောလာခဲ့လေသည်။
” မင်းတို့တွေ ဒီမှာ ဒူးထောက်နေတာ ရက်တော်တော်ကြာပြီ။ ငါက နှလုံးသားမဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ရဲ့ ပါရမီက အရမ်းကို နိမ့်ပါးလွန်းနေတယ်။ စမ်းသပ်ချက်ကိုတော့ မင်းတို့တွေ မဖြတ်ကျော်နိုင်ဘူး။ မြန်မြန်တောင်အောက်ကို ပြန်ဆင်းလိုက်တော့ ”
” ကောင်းပြီ ငါ မင်းတို့ကို အခွင့်အရေးတစ်ခေါက်တော့ ပေးလိုက်မယ်။ လဝက်အတွင်း တပည့်သားတွေကို နောက်တစ်ခေါက်ပြန်ပြီး ရွေးချယ်လိမ့်မယ်။ အဲ့ဒီ အခွင့်အရေးကို ရအောင် ယူနိုင် မယူနိုင်တာကတော့ မင်းတို့ပေါ်ပဲ မူတည်နေမှာပဲ ”
” ကျေးဇူးတင်ပါတယ် အမတ သခင် ”
လူငယ်များသည်လည်း ဒူးထောက်ကာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်လေသည်။
” ဟိုနေရာမှာ ဘယ်သူရှိနေတာလဲ ”
ကျင့်ကြံသူသည် ခေါင်းလှည့်ကာ လှမ်းအော်လိုက်လေသည်။
” အမတ ဆရာသခင် ကျွန်တော် ဒီမှာ တပည့်သားအဖြစ် အရွေးခံဖို့ လာရောက်တာပါ ”
ယဲ့ဖန် ချက်ချင်းပင် ပြန်ခေါ်တော့သည်။
” နောက်လဝက်မှ စမှာ။ မင်း လာတာ စောလွန်းတယ် ”
” ကျွန်တော် အိမ်က အရမ်းကို ဝေးကွာလွန်းတဲ့နေရာမှာ ရှိနေခဲ့တာပါ။ ကျွန်တော် ဒီနေရာအထိ ရောက်လာဖို့ကို နှစ်ဝက်တိတိ လမ်းလျှောက်လာခဲ့ရပါတယ်။ အချိန်နှောင့်နှေးမှာ စိုးရိမ်လွန်းတာကြောင့် ကျွန်တော် ဒီကို အမြန်ဆုံး ရောက်လာခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်တော်ကို သနားညှာတာပေးပါ အမတ ဆရာသခင် ”
ယဲ့ဖန် တခဏတာ အတွေးနက်သွားခဲ့ပါတယ်။ ထိုကျင့်ကြံသူသည် အညှာအတာမကင်းမဲ့ပေ ချွင်းချက်ထားပြီး စည်းမျဥ်းများကို အနည်းငယ် ချိုးဖောက်ပေးမည့်ဟု သူ တွေးထင်ခဲ့သည်။
” ဒါက စည်းမျဥ်းတွေနဲ့ မကိုက်ညီဘူး ”
ရိုးသား ဖြူစင်လှသော အမူအရာဖြင့် ယဲ့ဖန်သည် သနားစရာ ဇာတ်ကြောင်းအမျိုးမျိုးကို ပြောပြကာ တောင်းပန်ခဲ့တော့လေသည်။
(ကီလိုမီတာပေါင်းထောင်ချီကို သူ ဘယ်လိုဖြတ်ကျော်ခဲ့ရတဲ့အကြောင်းနဲ့ ဒီနေရာအထိ ရောက်လာဖို့ နှစ်ဝက်ကျော်ကြာအောင် ခက်ခက်ခဲခဲ ခရီးနှင်ပြီးမှသာ ရှာတွေ့ခဲ့ရတဲ့ အကြောင်းတွေကိုပါ သူ ပြောပြပြီး တောင်းပန်နေခဲ့တော့တယ်)
အမတ ဆရာသခင်သည် အသက် ၂၇၊ ၂၈ လောက်သာ ရှိနေသေးသည်။ အင်မတန်ပင် စိတ်နှလုံးသား ဖြူစင်တဲ့သူ ဖြစ်နေသည်။ ယဲ့ဖန်၏ စုတ်ပြဲနေသော အဝတ်အစားများနှင့် ညစ်ထေးနေသောမျက်နှာကို မြင်ပြီးသည့်နောက် နောက်ဆုံးတွင် သက်ပြင်းချကာ ခေါင်းညိတ်လိုက်တော့သည်။
” ကောင်းပြီလေ မင်းလည်း သူတို့နဲ့အတူတူ သွားလိုက်ပါ ”
ယဲ့ဖန်လည်း သူ့ကို အလျင်အမြန်ပင် ကျေးဇူးတင်ကာ လူငယ်များနှင့်အတူ ခရမ်း သူရိယ ဦးမင်ခေါင်းဆီသို့ ဝင်ရောက်ခဲ့တော့သည်။ တောင်ကျွန်းများက ခရမ်းရောင်မြူခိုးများအဖြစ် တောက်ပနေပြီး ရီဝေရစ်ဝိုင်း နေခဲ့သည်။ နန်းတော်သဖွယ် အဆောက်အဦးများသည် တောင်ထိပ်တွင် တည်ရှိနေ၏။ နတ်ဘုရားများ၏ နယ်မြေတစ်ခု အသွင် စွဲဆောင်မှုအပြည့်ဖြင့် လှပကာ ခမ်းနားထည်ဝါနေခဲ့သည်။
” ဒီခရမ်း သူရိယ ဦးမှင်ကောင်းကင်က စိတ်ဝိညာဥ်စွမ်းအား ကောင်းကင်ထက်ကို စွမ်းအား ပိုသိပ်သည်းတာပဲ ”
ယဲ့ဖန် သူ့ဘာသူ တွေးတောကာ ခေါင်းညိတ်နေခဲ့လေသည်။ ဤနေရာကြီးသည် အမှန်တကယ်ပင် ထူးခြားနေလေ၏။ တောင်းတန်းအတွင်းသို့ ဆက်လက် လျှောက်လှမ်းသွားပြီးသည့်နောက် လမ်းတစ်လျှောက်တွင် များပြားသော စိတ်ဝိညာဥ်များကို သူ တွေ့ရှိခဲ့ရသည်။ ကြည်လင်အေးမြသော အရှိန်အဝါသည် လူကို လန်းဆန်းစေလေ၏။ လှပမှုနှင့် ငြိမ်းချမ်းမှု ရောယှက်နေသော သုခဘုံကြီးတစ်ခု အမှန်တကယ် ပီသလွန်းလှသည်။
ယဲ့ဖန်နှင့် လူငယ်များကို အနီးအနားမှ ဝါးတောတစ်ခုတွင် နေထိုင်ရန် ပြင်ဆင်ပေးခဲ့သည်။ ထိုနေရာတွင် သစ်သားအိမ်တချို့ ရှိနေခဲ့ပြီး အလုပ်ကြမ်းသမားများ ထားရှိသော နေရာလည်း ဖြစ်သည်။ ကျင့်ကြံသူ တပည့်သားများမှာမူ ထိုနေရာသို့ ရောက်လာလေ့ မရှိပေ။
သုခဘုံအတွင်းသို့ ရောက်ရှိလာသောကြောင့် ယဲ့ဖန်လည်း စိတ်ငြိမ်သွားခဲ့ပါပြီ။ အကယ်၍ သူ့ကို ဤနေရာ၌ လာရှာခဲ့သည်ရှိသော် သူ သေဆုံးသည်အထိ တိုက်ခိုက်ဖို့သာ ရှိပေတော့မည်။ ရွေးချယ်စရာ နောက်ထပ် လမ်း မရှိတော့ပါ။
” ကြည့်ရတာ ငါ့ခန္ဓာကိုယ်ပေါ်မှာ သူတို့ အာရုံခံပြီး လိုက်လာနိုင်တဲ့ ခြေရာခံပစ္စည်း ရှိတဲ့ပုံ ပေါ်တယ် ”
(မျိုးနွယ်စု၏ ထူးဆန်းသော ရတနာကို သူ အရင်ဆုံး ရှင်းထုတ်ခဲ့သည်။ အတိတ်အချိန်တွင် တွေ့ကြုံခဲ့သော ကျင့်ကြံသူအများစုသည် ထိုအရာကို အမျိုးအမည် မခွဲခြားနိုင်ကြပေ။ တာအို စာလွှာကြောင့်များ ဒီလိုဖြစ်နေတာလား။ ဖြစ်တော့မဖြစ်နိုင်ဘူး။ ငါ ထူးဆန်းတဲ့ သိုင်းပညာတွေကို အသုံးမပြုဘူးဆိုရင် တခြားနည်းလမ်းကို ဘာမှ အသုံးမပြုဘူးဆိုရင် သေချာပေါက် ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း လှုပ်ရှားလာမှာ မဟုတ်ဘူး။ အပြင်လူတွေ အာရုံခံဖို့ဆိုတာ ပိုလို့တောင် ခက်ခဲအုံးမယ်။)
” ဒါဆိုရင် ငါ့ရဲ့ ဒီအရင်းအမြစ်ကများ ငါ ဘယ်နေရာမှာ ရှိနေတာလည်းဆိုတာ သိအောင်လုပ်နေတာလား။ ဒီလိုလည်း ဟုတ်မယ့်ပုံ မတူပါဘူးလေ ”
ယဲ့ဖန် မတွေးတောနိုင်တော့ပေ။ သူ့ကိုယ်သူသာ ခပ်တိုးတိုး ပြန်ပြောနေသည်။
” ဒီအကြောင်း ဆက်မတွေးပဲ အဲ့ဒီအရင်းအမြစ်ကို သန့်စင်ဖို့လုပ်တာပေါ့ ”
နောက်ရက်အနည်းငယ်ကြာသည်အထိ ဝါးတောသည်လည်း အေးချမ်းနေခဲ့သည်။ အပြင်လူများ လာရောက် မနှောက်ယှက်ခဲ့ပေ။ ထိုနေရာသည် ကျင့်ကြံမှုအတွက် အထူးပင် ကောင်းမွန်လေ၏။ ကျန်း မိသားစု၏ အင်အားကြီးစစ်သည်တော်များသည်လည်း ထပ်မံ ထွက်ပေါ်မလာခဲ့တော့ချေ။
အရင်းအမြစ်အား သန့်စင်ရန် ယဲ့ဖန် စတင်ခဲ့သည်။ ထိုအရာကို လက်ဖဝါးထဲတွင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားခဲ့သည်။ ထို့နောက် ဖြည်းဖြည်းချင်းအရည်ပျော်စေရန် စုပ်ယူလေ၏။
ကြမ်းကြမ်းတမ်းတမ်း စုပ်ယူခဲ့မိလျှင် များစွာသော အသက် စွမ်းအားများအားလုံး ကုန်ဆုံးသွားပြီး စွမ်းအားအရင်းအမြစ် လှိုင်းကို ရှာဖွေတွေ့ရှိသွားမည်အား သူ စိုးရိမ်နေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် လရောင်အောက်၌ အရင်းအမြစ်ပမာဏ အနည်းငယ်ကို ယဲ့ဖန် သန့်စင်နေခဲ့သည်။ ထိုအချိန်တွင် သူ၏ ဒုက္ခပင်လယ်သည် စတင်ကာ နိုးထလာလေ၏။ အရှိန်အဟုန်က ကြောက်စရာကောင်းလွန်းတဲ့အတွက် ခပ်မြန်မြန်ပင် ရပ်တန့်ကာ အရင်းအမြစ်ကို သူ ဖွက်ရတော့သည်။
” ပြဿနာများလိုက်တာ ”
သူ၏ ထူးခြားခန္ဓာကိုယ် ဖွဲ့စည်းမှုကြောင့် လက်ရှိအချိန်တွင် အနည်းငယ် စိတ်ပျက်နေခဲ့ရသည်။
ထိန်းချုပ်ဖို့ မည်မျှပင် ကြိုးပန်းသော်ငြား ကြောက်စရာ အသံများသည် အစဥ်အမြဲထွက်ပေါ်နေလေ၏။ ဒုက္ခပင်လယ်၏ ထူးဆန်းသော အပြောင်းအလဲက ကြောက်စရာကောင်းလွန်းလှပေသည်။ အကယ်၍ ရှာဖွေတွေ့ရှိခံရလျှင် ပြဿနာအကြီးအကျယ် ဖြစ်လာနိုင်ခဲ့သည်မှာ အမှန်တကယ်ပင်။
” ကြည့်ရတာ ဒီအရင်းအမြစ်ကို ငါ အပြည့်အဝ သန့်စင်လို့တော့ မရဘူးပဲ။ ငါ ဒီကနေ အဝေးကို ဆက်သွားပြီးမှပဲ လုပ်လို့ ရလိမ့်မယ် ”
သို့သော် သူ၏ အကျိုးအမြတ် ရရှိမှုသည် မနည်းပါးခဲ့ပေ။ လက်ရှိအချိန်တွင် ဒုက္ခပင်လယ်၏ အရှိန်အဝါသည် ပိုမို ကြီးမားလာခဲ့ပြီ ဖြစ်သည်။ အတွင်းတွင် နတ်သင်္ကေတရှစ်ခု ထွက်ပေါ်လာခဲ့ပြီး ထို တာအိုအမှတ်အသားတစ်ခုအဖြစ် အသွင်ပေါ်အောင် သူ၏ ကြိုးစားအားထုတ်မှုကလည်း အတိုင်းအတာတစ်ခုရောက်အောင် အောင်မြင်ခဲ့ပြီးပြီ။
နောက်တစ်နေ့ မနက်တွင်တော့ သူ၏ တိတ်ဆိတ်မှုသည် ချိုးဖြတ်ခံလိုက်ရသည်။ လူငယ် ကျင့်ကြံသူတချို့ ရောက်ရှိလာခဲ့ပြီးနောက် ယဲ့ဖန်ကို တွေ့ရှိသွားသည်။
” အဲ့ဒီ သူတောင်းစားလေး။ မင်းက ဒီရောက်နေတာပဲ ”
သူတို့ တော်တော်များများက အံ့အားသင့်နေကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ယဲ့ဖန်နှင့် ထိပ်တိုက် တိုးခဲ့သူများ ဖြစ်လေသည်။ လွန်ခဲ့သောညက ကြီးမားသည့် ဖန်တီးမှုကြီးကို ယဲ့ဖန် ဖန်တီးခဲ့သည့်အတွက် တချို့သော ကျင့်ကြံသူများသည် သိလိုစိတ်ပြင်းပြကာ အရောက်လာခဲ့ကြခြင်း ဖြစ်လေသည်။
” မင်း ဘာဖြစ်လို့ ငါတို့နေရာကို လာတာလဲ။ ညီမငယ်လေး လီကို လာရှာတာလား ”
ထိုလူများသည် အံ့သြနေခဲ့ကြပုံ ပေါ်သည်။
” မင်းတို့ ခရမ်း သူရိယ သုခဘုံကို ငါ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့တာ။ ဒါ့အပြင် မျိုးနွယ်စုသခင်က ငါနဲ့ လမ်းမှာတွေ့လို့ ငါ့ရဲ့ ပါရမီကို ထူးခြားတယ်လို့ မှတ်ယူပြီး တပည့်သားအဖြစ် ခေါ်လာခဲ့တာပဲ ”
ယဲ့ဖန်သည်လည်း ပါးစပ်ထဲရှိရာ ယုံတမ်းပုံပြင်တစ်ပုဒ် ပြောနေလေ၏။
မည်သူမှ သူ့ကို မယုံကြပေ။ အားလုံးသည် မလိုလားသော အမူအရာများဖြင့် ရှိနေလေ၏။
” သူတောင်းစားလေး မင်း တကယ် မျက်နှာပြောင်တိုက်တာပဲ ”
ထိုအချိန်တွင် လူကြီးတစ်ယောက် ဝါးတောထဲမှ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ အနားတစ်ဝိုက်တွင် လှည့်လည်ကြည့်ပြီးနောက် သူ ရပ်တန့်လိုက်လေသည်။
” အရင်းအမြစ်ရဲ့ အရှိန်အဝါကို ငါ ခံစားမိတယ် ”
” ဆရာ ဦးလေးကို ဂါဝရပြုပါတယ် ”
တပည့်သားများလည်း အလျင်အမြန် ဦးညွှတ်ကြလေသည်။ ထိုအချိန်တွင် ထိတ်အလန့်ဆုံးသူကတော့ ယဲ့ဖန်။ ထိုလူ၏ စိတ်ဝိညာဥ် အာရုံခံနိုင်စွမ်းသည် ထက်ရှလွန်းနေခဲ့သည်။ အရင်းအမြစ်ကို ယဲ့ဖန် ချိတ်ပိတ်ထားသော်ငြား တစ်ဖက်လူက အာရုံခံပြီးသွားခဲ့ပြီ။
” အဲ့ဒီလောက်ကြီး ယဥ်ကျေးနေဖို့ မလိုဘူး ”
တစ်ဖက်လူ၏ မျက်နှာက အတော်ကို ကြမ်းတမ်းနေသည့်အပြင် ဆံပင်များသည်လည်း မှောင်မိုက်ကာ ထောင်ထွက်နေလေ၏။ မျက်ဝန်းများက အသက်အရွယ်နှင့် မလိုက်ဖက်လွန်းသလို အိုမင်းနေခဲ့သည်။
” ကြည့်ရတာ ဒီလူရဲ့ အသက်အရွယ်က ၇၀၊ ၈၀ လောက် ရှိလိမ့်မယ် ”
ယဲ့ဖန် စိတ်ထဲမှ လျှို့ဝှက်တွက်ချက် နေခဲ့သည်။
” မင်းဆီမှာ ရှိနေတာပဲ ”
ထိုသူသည် ယဲ့ဖန်ဘက်သို့ လှည့်လာခဲ့သည်။
” ဆရာကြီးကို ဂါဝရပြုပါတယ် ”
ယဲ့ဖန် ဦးညွှတ်လိုက်သည်။
” မင်း ငါတို့နေရာက တပည့်သား မဟုတ်ဘူးမလား ”
” မဟုတ်ပါဘူး ”
တစ်ဖက်လူသည် မလှုပ်ရှားခဲ့ပေ။ ယဲ့ဖန်ရှေ့သို့ ခဏအတွင်း ရောက်ရှိလာခဲ့ပါသည်။ လေဟာနယ်များကို ကျော်ဖြတ်လာသည့်အလာ ယဲ့ဖန်၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်လေ၏။
” ဆရာကြီး ခင်ဗျား ဘာလုပ်တာလဲ ”
ယဲ့ဖန် အထိတ်တလန့်ဖြင့် ပြန်လည်တိုက်ခိုက်ရန် တွေးတောလိုက်တော့သည်။
” မင်းရဲ့ ခန္ဓာကိုယ်က ”
တစ်ဖက်လူမှာ အထိတ်တလန့် အမူအရာ ဖြစ်သွားလေတော့သည်။ ထို့နောက် ခေါင်းခါကာ သက်ပြင်းချနေခဲ့လေသည်။ အတွေ့အကြုံနှင့် အသိပညာကြွယ်ဝမှုကြောင့် ချက်ချင်းပင် သူ အကဲဖြတ်ပြီးသွားပါပြီ။
လက်ရှိ အချိန်တွင် ယဲ့ဖန်မှာမှု အလွန်အမင်း စိတ်ပူပန်နေသည်။ ကံကောင်းစွာဖြင့်ပင် သူ၏ ဒုက္ခပင်လယ်မှာ တိတ်ဆိတ် ငြိမ်သက်နေသည်။ မှောင်မိုက်နေသော ဒုက္ခပင်လယ်မှာ အေးခဲ၍သာ နေလေသည်။ လက်ရှိအချိန်တွင် တစ်ဖက်သူ မည်မျှပင် စူးစမ်းလေ့လာစေကာမူ ပုံမှန် မဟုတ်သည်ကို မရှာနိုင်ပေ။ ထိုအချက်က ယဲ့ဖန်ကို အံ့အားသင့်သွားစေသည်။ သူ၏ အင်အားကို ထိန်းချုပ် ပုန်းကွယ်ရန် ကြိုးစားခဲ့သော်ငြား ပညာရှင်တစ်ယောက် လေ့လာနေချိန်မှာတောင် သူ အရူးလုပ်နိုင်ခဲ့သည်။
” မင်း ခန္ဓာကိုယ်ပေါ်မှာ စွမ်းအားအရင်းအမြစ် အပိုင်းအစ ရှိနေလား ”
တစ်ဖက်သူက မေးလာခဲ့သည်။ မပုန်းကွယ်နိုင်တော့သည်ကို နားလည်သွားသောကြောင့် သစ်သားသေတ္တာလေးကို ထုတ်ယူလာခဲ့သည်။
” ဒါက အရင်းအမြစ်ဆိုတာလား မသိပါဘူး။ ကျွန်တော် မိသားစုဆီကနေ လက်ဆင့်ကမ်းလာခဲ့တာပါ ”
” ဟုတ်တယ် ဒါ အရင်းအမြစ်ပဲ။ သိပ်ပြီး မသန့်စင်ပေမယ့် ရှားပါးတယ်။ မင်း ဒါနဲ့ ခွဲနိုင်လောက်လား ”
” ဒါက ”
” မင်းက မကျင့်ကြံနိုင်ဘူးဆိုတော့ ဒီအရင်းအမြစ်က မင်းအတွက် အသုံးမဝင်ဘူး။ မစိုးရိမ်နဲ့ ..သေချာပေါက် ငါ မင်းကို မဆုံးရှုံးစေရပါဘူး။ မင်းသာ နေချင်တယ်ဆိုရင် ဆယ်ဘဝလောက် သုံးမကုန်တဲ့ ချမ်းသာကြွယ်ဝမှုကို ငါ ပေးနိုင်တယ် ”
” ဒါပေမယ့် ကျွန်တော်တော့ မလဲချင်ဘူး ”
ယဲ့ဖန် ပြဿနာတက်နေပါပြီ။ ကျန်းမိသားစု၏ စစ်သည်တော်များလက်မှ လွတ်လာပြီး ခရမ်း သူရိယ သုခဘုံသို့ ဝင်ရောက်ခဲ့သော်ငြား လက်ရှိ အချိန်တွင် ကူကယ်ရာမဲ့အဖြစ်ကို ထပ်မံ ကြုံခဲ့ရပြန်သည်။
” မင်း တကယ်ပဲ မလဲချင်ဘူးပေါ့ ”
တစ်ဖက်သူသည် အေးစက်တည်ငြိမ်စွာ မေးနေခဲ့သည်။
” ကျွန်တော် ”
” ထားလိုက်တော့။ ဒီလိုဖြစ်တယ်ဆိုရင် မင်းကို တွန်းအားမပေးတော့ဘူး။ အရင်းအမြစ်လေး တစ်ခုပဲလေ။ ငါ့အတွက် ဘာမှ မလိုဘူး ”
ပြောပြီးသည်နောက် သူ လှည့်ထွက်သွားတော့လေသည်။ ခြေလှမ်းအနည်းငယ် လှမ်းရုံဖြင့်ပင် လူအများ၏ မြင်ကွင်းမှ လုံးလုံးလျာလျား ပျောက်ကွယ်သွားတော့သည်။
တကယ်ပင် ပညာရှင်စစ်စစ်တစ်ယောက် ဖြစ်နေခဲ့သည်။ ယဲ့ဖန် တွေးရင်းနဲ့ပင် နှလုံးခုန်မြန်လာခဲ့ပါပြီ။
” သူတောင်းစားလေး မင်းမှာ ဒီလိုအရင်းအမြစ်ရှိနေမယ်လို့ မထင်ထားဘူး။ မသန့်စင်ပေမယ့် စိတ်ဝိညာဥ်ဆေးဝါးထက် ပိုတန်ဖိုးရှိတဲ့ ဥစ္စာ မင်းမှာ ရှိနေတယ်ပေါ့ ”
အနီးအနားရှိ လူများအားလုံးသည် ထူးဆန်းသလို ဖြစ်ကုန်ခဲ့ကြပါသည်။ ယဲ့ဖန်၏ အနားတွင် သူတို့ ဝိုင်းနေခဲ့ကြတော့သည်။
” သူတောင်းစားလေး မင်းက အခွင့်အရေးကို ဘယ်လိုယူရမလဲ မသိဘူးပဲ။ အဲ့ဒီလူက ဘယ်သူလဲသိလား။ ဒါက ငါတို့ ခရမ်း သူရိယ သုခဘုံရဲ့ ဒုတိယပညာရှင်ပဲ။ သူ ကျင့်ကြံတာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီ။ ဒါပေမယ့် ငါတို့ ဘိုးဘေးတွေထက်တောင် ပိုသန်မာသေးတယ်။ အဲ့ဒီအရင်းအမြစ်ကိုသာ သူ့ကို ပေးလိုက်မယ်ဆိုရင် မင်း ဒီလိုလူမျိုးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပြီပဲ။ အကျိုးအမြတ်ဆိုတာလည်း အဆုံးမဲ့အောင် များပြားလိမ့်မယ် ”
လူငယ်များအားလုံးသည် အမျိုးမျိုးသော စကားများကို ပြောဆိုနေကြရင်း အရင်းအမြစ်ကို ရယူနိုင်ရန်ကြိုးပန်းနေခဲ့ကြသည်။ သို့သော် ယဲ့ဖန်က သဘောမတူခဲ့ပေ။
” ငါ ကျန်းမိသားစုရဲ့ လက်ကနေ လွတ်လာပေမယ့် ဒီအရင်းအမြစ်ကို ဆက်ပြီး ငါ လက်ထဲထားရင် ပြဿနာတွေ ဆက်တက်ဦးမယ်ထင်တယ် ”
တစ်နာရီကြာပြီးနောက် ဝါးတောထဲတွင် လီရှောင်းမန် ပေါ်ထွက်လာတော့သည်။ အစောပိုင်းက ထွက်ခွာသွားခဲ့သော လူငယ်များလည်း သူနှင့်အတူ ပါလာလေ၏။
လီရှောင်းမန်သည် ယဲ့ဖန် ဤနေရာသို့ မည်သို့ ရောက်နေမှန်း မမေးခဲ့ပေ။ အေးဆေး တည်ငြိမ်စွာဖြင့်သာ သူမ မေးလာခဲ့သည်။
” ယဲ့ဖန် နင်က ကျင့်ကြံနိုင်တဲ့သူ မဟုတ်ဘူး။ ဒီအရင်းအမြစ် ရှိရင်တောင် နင့်အတွက် အသုံးမဝင်ဘူး။ နင် ဘာလို့ ဆယ်ဘဝလောက် ထိုင်စားလို့ရတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ မလဲလိုက်တာလဲ ”
” ငါ မလဲနိုင်ဘူး ”
ယဲ့ဖန် ဆက်တိုက်သာ ခေါင်းခါ၍ ငြင်းပယ်နေခဲ့သည်။
အပိုင်း (၈၉) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset