အပိုင်း (၈၈) “အရေးမစိုက် အမှုမထား။”
…
ပုံမှန် အချိန်များတွင် လီရှောင်းမာန်သည် အတော်ပင် ငြိမ်သက်ပြီး ကိစ္စများကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်လေ့ရှိသည်။ ယခု အချိန်တွင်တော့ သူမ တအံ့တသြ ဖြစ်နေခဲ့သည်။ သူမ အနားမှ အခြားသူများသည်လဲ ဤကိစ္စကို ထူးဆန်း နေလေ၏။
သူတို့ထဲမှ တစ်ယောက်သည် စိတ်မထိန်းနိုင်ဘဲ မေးလာခဲ့သည်။ “ညီမငယ်လေးက ဒီသူတောင်းစားလေးကို သိလို့လား။”
“ညီမ သူ့ကို သိတယ်။” လီရှောင်းမာန် ခပ်မြန်မြန်ပင် ပြန်ဖြေခဲ့လေသည်။
“ညီမငယ်လေး လီက ဘယ်လိုလုပ် သူ့ကို သိတာလဲ။” အမျိုးသမီး တစ်ယောက်မှာ မေးလာခဲ့ပြန်သည်။ စုတ်ပြတ်နေသော သူတောင်းစားကို သူမ မည်သို့ မှတ်မိသနည်း။ နားမလည်နိုင်ပေ။ ယဲ့ဖန်နှင့် လီရှောင်းမာန်၏ ပုံစံများသည် မိုးနှင့်မြေလို ကွဲပြားနေသည်။
“ညီမက သူနဲ့ တစ်နေရာတည်းကနေ လာခဲ့ကြတာ။ အရင်က အိမ်နီးချင်းတွေ ဖြစ်ခဲ့ဖူးတယ်။” လီရှောင်းမာန်က ခပ်ရှင်းရှင်းပင် ပြန်ဖြေလာခဲ့သည်။ သူ့ကို အိမ်နီးချင်း ပုံဖော် မိတ်ဆက်သည်ကို ကြားပြီးသည့်နောက် ယဲ့ဖန် ပြုံးပြရုံသာ တတ်နိုင်ခဲ့သည်။ (မင်္ဂလာပါ)လို့ နှုတ်ဆက်ရုံကလွဲပြီး ထပ်မပြောတော့ချေ။
“အော် ဒီလိုကိုး။ မင်းရဲ့ အိမ်နီးချင်းလေးက အတော်လေး စိတ်မရှည်တာပဲ။ ဒီလောက် လမ်းအကျယ်ကြီးမှာ ငါ့ကို ၀င်တိုက်သေးတယ်။ ဒါကြောင့် ငါတို့ အကိုကြီးတွေက သူ့ကို ပစ္စည်း ခိုးတဲ့သူ ထင်သွားတာပေါ့။”
“ဒါပေမယ့် သူ့ပုံစံ ကြည့်ရတာ သနားစရာပဲ။ ဒီလောက် ငယ်ငယ်လေးနဲ့ သူတောင်းစား ဘ၀ ရောက်သွားရ ရှာတယ်။”
“အခု ခေတ်မှာ သူတောင်းစားတွေက တောင်းရုံမက ခိုးတာတွေပါ လုပ်နေကြပြီ။ ညီမလေး လီ အဓိက လမ်းမကြီးကနေ တခြားကို လျှောက်မသွားနဲ့ဦး .. ။”
ကျင့်ကြံသူများသည် သူတို့ကို သူတို့ ယဲ့ဖန်နှင့် အဆင့်အတန်း ကွာခြားပြီး မတူညီသော လောကတွင် နေထိုင်သည်ဟု ရှုမြင်ကြလေသည်။ ယဲ့ဖန်အား သူတောင်းစားဟု ယုံကြည် နေကြသည့် အပြင် လူ့ဘောင် အဖွဲ့အစည်းတွင် အဆင့်အနိမ့်ဆုံး အဖြစ် တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် အဆင့်အတန်း ကွာခြားချက်အရ ယဲ့ဖန်ကို ယခုကဲ့သို့ လေသံ အပြုအမူမျိုးဖြင့် ပြောဆိုကြလေသည်။
“အစ်မကြီးနဲ့ အစ်ကိုကြီးတို့ ငွေသားရှိရင် ညီမကို နည်းနည်းလောက် ချေးပေးနိုင်မလား။” သူမ၏ ပညာသင်ဖက်များ ထံမှ ငွေသား အချို့ကို ရယူကာ ယဲ့ဖန်ကို လီရှောင်းမာန် ပေးလာခဲ့သည်။
“အ၀တ်အစား နည်းနည်း သွားဝယ်လိုက်။ သူတောင်းစားတော့ ဖြစ်မလာစေနဲ့။ နင် ကိုယ့်ဘာကိုယ် ရပ်တည်နိုင်မယ်မှန်း ငါယုံတယ်။”
“ညီမလေးလီက တကယ်ကြင်နာ တတ်တာပဲ။”
“ဟုတ်တယ်။ ညီမလေးလီက စာနာတတ်တာပဲ။ အိမ်နီးချင်းလေး တစ်ယောက်ကိုတောင် ဒီလောက် ငွေသားတွေ ပေးနေသေးတယ်။“
“သူတောင်းစားလေး အနာဂတ်မှာ မင်းကောင်းကောင်း ရှင်သန်။ တခြားသူတွေ ဆီကလဲ မခိုးနဲ့။ ညီမလေးလီကို စိတ်မပျက်စေနဲ့။”
လီရှောင်းမာန်ကို ကြည့်နေသော ယဲ့ဖန်၏ မျက်လုံးများမှာ ကြည်လင် သန့်စင် နေခဲ့သည်။ ငွေသားများကို သူမယူပေ။ “ကြင်နာပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါမလိုအပ်ဘူး။”
ဘေးမှာရှိသူ အမျိုးသားကတော့ ချက်ခြင်းပင် မျက်မှောင်ကြုတ် သွားခဲ့လေသည်။
“ဒီသူတောင်းစားလေးက ဘယ်လိုလဲဟ။ ညီမလေးလီက မင်းကို သန့်သန့်ရှင်းရှင်း ငွေချေးပေးနေတာ။ ဒါကို မင်းက ခိုးပဲ ခိုးချင်တာလား။”
လီရှောင်းမာန် ကတော့ လှိုင်းမရှိသည့် ကန်ရေပြင် တစ်ခုအလား တည်ငြိမ်နေဆဲ။ ယဲ့ဖန် လက်တွင်းသို့ ငွေသားများကို သူမ ထည့်နေခဲ့သည်။ “ယူထားလိုက်။ သေမျိုးလူသား တစ်ယောက်လို ကောင်းကောင်း နေ။”
ပတ်ဝန်းကျင်မှ လူများကို ယဲ့ဖန် အမှုမထားပေ။ ငွေသားများကို နောက်တကြိမ် တွန်းထုတ်ကာ ပြောလာခဲ့သည်။
“မစိုးရိမ်နဲ့ ငါ အဆင်ပြေအောင် နေနိုင်တယ်။ မင်းရဲ့ ကျင့်ကြံတဲ့ လမ်းတစ်လျှောက်မှာ ပြဿနာမရှိဘဲ ချောချောမွေ့မွေ့ တက်လှမ်းနိုင်ဖို့ ဆုတောင်း ပေးပါတယ်။”
“ဒီ သူတောင်းစားလေးက အတော် စကားကြွယ်တာပဲ။ အခုလို အချိန်မှာတောင် အရှက်မကွဲအောင် စကားလုံး လှလှတွေ ပြောနေသေးတယ်။”
“အခု အချိန်မှာ မြင့်မြတ်တဲ့ သူတစ်ယောက်လို စကားတွေ ပြောပြီး လှည့်ထွက် သွားတာနဲ့ သူခိုးမလုပ်နဲ့။”
ပတ်ဝန်းကျင် တပည့်သားများမှာမူ အတော်ပင် မကျေနပ်ကြပေ။ လီရှောင်းမာန်ကတော့ ယဲ့ဖန်ကို စိုက်ကြည့် နေခဲ့သည်။
တည်ငြိမ်သော အသံနှင့်ပင် သူဆိုလာခဲ့သည်။ “အခု အချိန်မှာ ဒီငွေသားက နင့်အတွက် အသုံးဝင်လိမ့်မယ်။ ငြင်းမနေနဲ့။ မြန်မြန် ယူလိုက်။ နင် တကယ်ကြီး သူတောင်းစားလို ပုံစံနဲ့ ဆက်နေချင်လို့လား။”
ယဲ့ဖန်လဲ ဆက်တိုက် ငြင်းပယ်နေခဲ့သည်။ “တဖန် ပြန်ပြီး ငယ်ရွယ်နုပျို သွားတဲ့ အတွက် ဂုဏ်ပြုပါတယ်။”
ဒုက္ခပင်လယ်ကို ခံစားမိနေသော်ငြား သူနှင့် မယှဉ်သာသည်ကို ယဲ့ဖန် အာရုံခံမိလေသည်။ သို့သော် သူမ မည်သို့ ပြန်လည် နုပျိုသွားမှန်း မခန့်မှန်းတတ်ပေ။
“ကျေးဇူးပဲ။ ကံကောင်းလို့ပါ။” လီရှောင်းမာန်လဲ ဆက်ပြီး တွန်းအား မပေးတော့ချေ။ ငွေသားများကို ပြန်ယူလိုက်လေသည်။
အမျိုးသမီး တစ်ဦးကတော့ ရယ်မောကာ ပြောလာခဲ့သည်။ “ဒီ သူတောင်းစားလေးက ကိစ္စ တော်တော်များများကို သိထားတာပဲ။ ညီမလေးလီ အရင်တုန်းက အသက်စွမ်းအားတွေ ဆုံးရှုံးပြီး အိုမင်း သွားတာကိုတောင် သိထားတယ်။ ကြည့်ရတာ တကယ် မိတ်ဆွေဟောင်းပဲနဲ့ တူပါတယ်။”
“ကျွန်မတို့က အိမ်နီးချင်းတွေ သပ်သပ်ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်း မသိကျွမ်းကြပါဘူး။ နောက် ၁၀နှစ်လောက် ကြာလို့ ပြန်တွေ့ရင် တစ်ယောက်နဲ့ တစ်ယောက် မှတ်မိဖို့တောင် ခက်မယ် ထင်ပါတယ်။” လီရှောင်းမာန်မှာမူ ထိုကိစ္စများသည် သူမနှင့် မသက်ဆိုင်သည့် အလား အင်မတန်ပင် တည်ငြိမ်ကာ စိတ်အနှောက်အယှက် မဖြစ်ခဲ့ပါ။
ဖုန်အလူးလူး ဖြစ်နေသော မျက်နှာဖြင့်ပင် သွားဖြူဖြူများ ပေါ်လာသည် အထိ ယဲ့ဖန် ရယ်မောကာ ပြန်ပြောလာလေသည်။
“မှန်တာပေါ့။ အမှတ်တရတွေ ဆိုတာ အမြဲတမ်း ပျောက်ကွယ်သွား တတ်တာပဲ။ တချို့လူတွေနဲ့ တချို့ ကိစ္စတွေက အချိန်တွေ ကြာလာတာနဲ့ ပျောက်ကွယ်သွားတယ်လေ။”
“ဒီ သူတောင်းစားလေးက အတော်ငယ်ပေမယ့် အတွေးအခေါ်တော့ ကောင်းသားပဲ။” အမျိုးသမီး တစ်ဦးသည် ယဲ့ဖန်အား တစ်ချက်ကြည့်ကာ လီရှောင်းမာန်ဘက်သို့ ပြန်လှည့်သွားခဲ့သည်။
“ငါတို့ ညီမလေးက သူနဲ့ ကောင်းကောင်း မရင်းနှီးတာ နှမြောစရာပဲ။ မဟုတ်ရင်လဲ သူ့ကို ခရမ်း သူရိယ သုခဘုံဆီ ခေါ်သွားပြီး အချိန်ပိုင်း အလုပ်လေး ဘာလေး ခိုင်းလိုက်လေ။ သူလဲ လက်ရှိ အခြေအနေအတိုင်း သူတောင်းစား လုပ်နေတာထက်တော့ ကောင်းသေးတာပေါ့။”
အမျိုးသား တစ်ဦးသည်လဲ ခေါင်းငြိမ့်ကာ ပြောလာခဲ့သည်။ “အဲ့ဒီ့ အလုပ်နဲ့ ပတ်သက်ပြီး သူတို့က အတော်တော့ တင်းကြပ်တယ်။ နောက်ခံကို သေချာ စစ်ဆေးပြီးမှပဲ ၀င်ခွင့်ပြုကြတာ ဆိုတော့ ခက်မယ် ထင်ပါတယ်။”
လီရှောင်းမာန်သည် သူတို့ကို အာရုံမစိုက်ပေ။ တည်ငြိမ်သော အသံဖြင့်သာ ယဲ့ဖန်ကို ပြောနေခဲ့သည်။ “လမ်းမှားကို ဆက်မလျှောက်နဲ့တော့ သေမျိုး လူသား ဘ၀မှာ ကောင်းကောင်းနေ။ ဒါလဲ ကံကောင်းတဲ့ ကိစ္စပဲ။”
ယဲ့ဖန် ရယ်သာ ရယ်နေခဲ့သည်။ မည်သည့် စကားကိုမှ မဆိုဘဲ လက်ဝေ့ယမ်း ပြကာ ထွက်လာခဲ့လေသည်။
“အဲ့ဒီ့ သူတောင်းစားလေးက လူတွေကို ထူးထူးခြားခြား ခံစားရစေတာပဲ။” အမျိုးသမီးနှင့် အမျိုးသားများသည် အမျိုးမျိုး အဖုံဖုံပင် တွေးတော တွက်ချက် နေခဲ့သည်။
ယဲ့ဖန်လဲ လူအများကြား ရောနှောကာ ထွက်ခွာ လာခဲ့သည်။ နာရီဝက် ကြာပြီးနောက် ရှေးဟောင်း ပစ္စည်းဆိုင် တစ်ခုထဲတွင် ဆိုင်ရှင် အဖိုးကြီးနှင့် သူ ဈေးညှိနေလေ၏။
“ဘာဖြစ်တယ်။ ကြေးပြား ငါးဆယ်တဲ့လား။ ရိုးရိုးသားသား လုပ်စမ်းပါ။ အဲ့လောက် လောဘ မကြီးစမ်းနဲ့။”
“ကလေး မင်း အဲ့လောက်ကြီး ချဲ့ကား ပြောနေဖို့ မလိုဘူး။ ဒီလို သစ်သား ပစ္စည်းလေးက ဘယ်လိုလုပ် ရွှေပြား ဆယ်ပြား တန်မှာလဲ။”
“ဒါက စန္ဒကူး သစ်ပင်က သစ်သားလေ။ မလိုချင်လဲ ရတယ်။ တခြား သွားရောင်းတော့မယ်။” ယဲ့ဖန် လှည့်ထွက်ဖို့ ပြင်လိုက်သည်။
“မလောပါနဲ့။ ဈေး ပြန် ညှိရအောင်။” ဆိုင်ရှင် အဖိုးကြီးလဲ ချက်ခြင်း လိုက်တားတော့သည်။
အဆုံးသတ်တွင်တော့ ရွှေပြား ငါးဆယ်ကို အိတ်ထဲ ထည့်ကာ ကျေနပ်မှု အပြည့်ဖြင့် ယဲ့ဖန် ထွက်လာ နိုင်ခဲ့သည်။
အချိန်ကား နေ့လယ်နေ့ခင်းပင် ရှိသေးသည်။ ၀မ်းဗိုက်မှာ ဆာလောင်မှုဖြင့် အော်မြည်နေသော်ငြား စားလိုစိတ် မရှိ။ စန္ဒကူး သစ်သားသေတ္တာကို သူရောင်းချပြီးနောက် ကြေးပြား အနည်းငယ်နှင့် သစ်သား သေတ္တာလေးကို ၀ယ်ကာ အစားထိုးပြီး ပြန်ထည့်လိုက်သည်။
“ကျန်းမိသားစု စစ်သည်တွေပဲ။” ယဲ့ဖန် ခေါင်းမော့ ကြည့်နေချိန်မှာပင် ကြီးမားသော သားရဲကောင်ကြီး တစ်ကောင် ခေါင်းပေါ်မှ ဖြတ်သွားသည်ကို မြင်လိုက်ရ၏။ မကြာခင် အချိန်မှာပင် အဝေးသို့ ပျံသန်း သွားခဲ့သည်။ ထိုသူတို့ သူ့ကို မည်သို့ ရှာတွေ့နေမှန်း ယဲ့ဖန် နားမလည်နိုင်ပေ။
စားသောက်ဆိုင် တစ်ဆိုင်သို့ ယဲ့ဖန် ၀င်ကာ မှာယူလိုက်သည်။ ထို့နောက် အစားအသောက်များ ရောက်လာသည်နှင့် အငမ်းမရပင် စားတော့လေသည်။ ရက်အတန်ကြာ မစားမသောက်ဘဲ ပြေးလွှား နေခဲ့ရသဖြင့် တစ်နာရီ တိတိ စားသောက်ပြီးမှသာ ကျေနပ်သွားခဲ့သည်။
စုတ်ပြတ်နေသော အ၀တ်အစားဖြင့် စားသောက်နေသည့် အတွက် ငွေမရှင်းဘဲ ထွက်ပြေးမှာ စိုးရိမ်သဖြင့် စားပွဲထိုး စောင့်ကြည့်နေသည်မှာလဲ ကြာခဲ့ပြီ။ ယဲ့ဖန်လဲ ဒီကိစ္စကို စိတ်ထဲမထားနိုင်။ ငွေသားကို ပြစ်ပေးပြီး ချက်ခြင်း လှည့်ထွက်ခဲ့သည်။
လမ်းမကြီးပေါ် သူရောက်ရောက်ချင်းပင် မြို့ထဲ ၀င်လာသော ကျန်းမိသားစု စစ်သည်တော် တစ်ယောက်ကို သူမြင်တွေ့ရလေ၏။ သားရဲကောင်ကို စီးနင်းကာ အဝေးနေရာ တစ်ထောင့်တွင် ထိုသူ ပျောက်ကွယ် သွားခဲ့သည်။
“ဘာတွေ ဖြစ်နေတာလဲ။ ဒီကောင်တွေ ငါ့ကို ဒီအတိုင်း အမြဲ လိုက်ဖမ်း နိုင်နေတာလား။ ငါ့ရဲ့ နေရာ အတိအကျကို သူတို့ မသိပေမယ့်လဲ ယေဘူယျ ရှိနိုင်မယ့် နေရာကို သိနေပုံပေါ်တယ်။”
မကောင်းသော အငွေ့အသက်များကို ယဲ့ဖန် ခံစားမိနေပြီး စိုးရိမ်လာခဲ့သည်။ လက်ရှိ မြို့တွင် သူဆက် နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ မမျှော်လင့်သော ကိစ္စနှင့် ကြုံရနိုင်၏။
အချိန်မစောင့်တော့ဘဲ မြို့ အပြင်သို့ သူချက်ခြင်းပင် ထွက်ပြေးခဲ့လေသည်။ တောင်တန်းထဲသို့ တန်းတန်း မတ်မတ် သူအပြေးဆက်သွား နေခဲ့သည်။
(ဒီကောင်တွေ ငါ့ကို ဘာလို့များ ဒီလောက်တောင် ကောင်းကောင်း ခြေရာခံ နိုင်နေတာလဲ။)
တောင်တန်းများစွာကို ကျော်ဖြတ်ပြီး မိုးကောင်းကင်ကြီး မှောင်မည်း လာချိန်မှသာ ယဲ့ဖန် ရပ်တန့်ခဲ့သည်။
ထိုအချိန်မှာပင် သိပ်သည်းသော စိတ်ဝိညာဉ် ချီစွမ်းအားများက တောင်အတွင်း နေရာမှာ မြစ်ဖျားခံ လာနေသည်ကို သူအာရုံခံမိလိုက်သည်။ သာမာန် နေရာများထက် များစွာ သိပ်သည်းသည်မှာ အသေအချာပင်။
၁၂ ကီလိုမီတာ နီးပါး လျှောက်လာ ခဲ့ပြီးသည့်နောက် အပြာရောင် ကျောက်ဖျာကြီးတွင် ရေးထွင်းထားသော စာလုံးများကို သူမြင်လိုက် ရလေသည်။
ခရမ်း သူရိယ သုခဘုံ။
“ငါ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။”
လီရှောင်းမာန် ရှိနေသည့် ခရမ်းသူရိယ သုခဘုံသို့ ရောက်ရှိ လာမည်ဟု သူမထင်မိခဲ့ပေ။ ထို နေရာသည် တကယ်ပင် မြို့တော်နှင့် မကွာဝေးသော နေရာတွင် တည်ရှိနေခဲ့သည်။
အပိုင်း (၈၈) ပြီး၏။