Switch Mode

Chapter – 87

အပိုင်း (၈၇) “လီရှောင်းမာန်နှင့် တွေ့ဆုံခြင်း”
……..

ရှေးဟောင်း ကန့်သတ်နယ်မြေသို့ တဖန် ပြန်လည် ၀င်ရောက်ရန် ယဲ့ဖန် တွေးတောခဲ့ဖူးသည်။ အခွင့်အရေး ကောင်းကို ရရှိနိုင်မည်ဟု သူထင်ခဲ့သည်။

လူသားများနှင့် ကြမ်းတမ်းသော သားရဲကောင်ကြီးများပင် အသက်စွမ်းအားကို ကန့်သတ်သော နယ်မြေအား မ၀င်ဝံ့ကြပေ။ မရေမတွက်နိုင်သော စိတ်ဝိညာဉ် ဆေးဝါးများ ထိုနေရာတွင် ပေါက်ရောက်ကြသည်။

နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် စိတ်ဝိညာဉ် ဆေးဝါး များသည်လဲ နတ်ဆေးပင်များ အဖြစ်သို့ ရောက်ရှိကြလေသည်။

တစ်ချိန်တည်းမှာပင် ကန့်သတ်နယ်မြေကြီးသည် အဖိုးဖြတ် မရနိုင်သော နတ်နယ်မြေကြီး ဖြစ်နေလေ၏။

မြင့်မြတ် သစ်သီးအား ယဲ့ဖန် စားသုံးမိရုံမက နတ်စမ်းရေမှ ရေကိုပင် သောက်သုံးခဲ့သည့် အတွက် ကန့်သတ်မြေတွင် ယဲ့ဖန် အသက်ရှင်နိုင်ချေ များလေသည်။ ထို့ကြောင့် ကျင့်ကြံဆင့် နယ်ပယ်တစ်ခုသို့ ရောက်ရှိလျင် ကန့်သတ်မြေသို့ ပြန်ဝင်ရန် အစီအစဉ် ဆွဲထားဖူး လေ၏။

“အခု ငါက အတော်လေး အားနည်း နေသေးတယ်။ ပြန်ဝင်ဖို့ မသင့်တော်သေးဘူး။ ဒါပေမယ့် အခုတော့ ဒီလို အကြပ်အတည်း တွေ့ပြီး မဖြစ်မနေ ၀င်ဖို့ အခြေအနေက ဖန်လာပြီ။” ယဲ့ဖန်တွင် အခြား ရွေးချယ်စရာ မရှိတော့။ သေခြင်းတရားမှ လွတ်မြောက်ရန် ရှေ့ဆက်သွားဖို့သာ ရှိတော့သည်။

တောနက်ထဲတွင် ကြောက်မက်ဖွယ် သားရဲကောင် ဟိန်းသံများကား မိုးထစ်ချုန်းသဖွယ် ထွက်ပေါ်နေသည်။ ယဲ့ဖန် အမူအယာ ပြောင်းသွားခဲ့သည်။ ကန့်သတ်နယ်မြေကား ဝေးကွာလွန်းသည်။ လမ်းတစ်လျှောက်တွင် သားရဲကောင်များနှင့် ကြုံရပေလိမ့်မည်။ ဖြတ်ကျော်ဖို့ရာ မလွယ်ကူ။

သို့သော် ဆက်မသွားနိုင်ခဲ့လျင် သူ့အား လိုက်ဖမ်းနေသော စစ်သည်တော်ကို မည်သို့ ဖယ်ရှားရမည်နည်း။ ယဲ့ဖန် တွေးရခက်ခဲ နေလေသည်။

“ကျန်းယီချန် မင်း စောင့်နေစမ်းပါ။ ကျန်းမိသားစုရဲ့ သား ဖြစ်နေရင်တောင် ငါမင်းကို တစ်နေ့တော့ ရအောင် လာသတ်မယ်။” ယဲ့ဖန် တစ်သက်နှင့် တစ်ကိုယ်တွင် မည်သူ့ကိုမျှ ဤမျှ မမုန်းတီးဖူးပေ။ သူ၏ ရတနာများကို လိုက်ဖမ်းသော ထိုသကောင့်သားသည် ရက်စက် ရူးသွပ်သော အမူအကျင့်ဖြင့် သူ့အား ဖယ်ရှားရန် ကြံနေလေ၏။

ရုတ်ချည်းပင် အန္တရာယ် အငွေ့အသက်ကို ယဲ့ဖန် ခံစားလိုက်ရသည်။ စစ်သည်တော်သည် သူ့အနားသို့ ရောက်ရှိ လာသောကြောင့် ချက်ခြင်းပင် ပုန်းအောင်းရပြန်သည်။

အစိမ်းရောင် အရိပ်တစ်ခု ကောင်းကင်တွင် ပေါ်လာလေ၏။ ကျန်းမိသားစုမှ အင်အားကြီး စစ်သည်တော်သည် နောက်တစ်ကြိမ် ပေါ်ထွက် လာခဲ့သည်။ သို့ပေသိ သူ၏ စီးတော်ယာဉ် သားရဲကောင် မှာမူ ထိတ်လန့်နေပုံ ပေါ်ကာ တုန်တုန် ယင်ယင်ဖြင့် မြေပြင်သို့ ဆင်းသက်လာခဲ့သည်။

မနီးမဝေး နေရာမှ ယဲ့ဖန်သည် အဖြစ်အပျက်ကို အထင်းသား မြင်နေရ၏။ သူလဲ အံ့အားသင့် သွားခဲ့သည်။

(ဘယ်လိုလုပ် ဒီလို အကောင်ကြီးက အခုလိုပုံ ဖြစ်အောင် ကြောက်လန့်နေရတာလဲ။ ဒီကောင် အရမ်း အစွမ်းထက်တယ် မဟုတ်လား။)

စစ်သည်တော်လဲ အလွန်ပင် ထိတ်လန့်ကာ အပျက်အစီးများ ကြားတွင် ပုန်းအောင်း နေခဲ့သည်။ ထိုအချိန်မှာပင် တောင်ကြော တစ်ခွင်လုံး မှောင်မိုက်သွားလေသည်။ ကြီးမားသော အရိပ်ကြီး ဆင်းသက်ရာ မြေပြင်ရှိ အပင်များ အားလုံး လဲပြိုကုန်၏။

မိုးကောင်းကင် တစ်ခွင်လုံးကို နေရာ အပြည့် ယူထားသော ဧရာမ ငှက်ကြီးတစ်ကောင် သူတို့၏ ခေါင်းပေါ်မှာ ဖြတ်ပျံ သွားလေသည်။ ရွှေရောင် တိမ်တိုက်သဖွယ် တောက်ပသော ကိုယ်ခန္ဒာဖြင့် နေရောင်ကိုတောင် ကွယ်ပျောက်သွားစေခဲ့သည်။

“ရွှေတောင်ပံ ဂဠုန်ပဲ။” ယဲ့ဖန် တုန်လှုပ်သွားခဲ့သည်။

ဂဠုန် တစ်ကောင်၏ စွမ်းပကားသည် ဒဏ္ဍာရီဆန်လှသည်။ တောင်ကြော တစ်ခုလုံးကို တိတ်ဆိတ် သွားစေခဲ့သလို သားရဲကောင် အော်သံများ အားလုံးလဲ ကွယ်ပျောက်သွားခဲ့လေပြီ။ ဂဠုန်ကြီး အဝေးသို့ ပျံသန်း ပျောက်ကွယ် သွားသည့်တိုင် မည်သည့် သက်ရှိမှ အသံ မထွက်ဝံ့ကြပေ။

ကျန်းမိသားစု စစ်သည်တော်သည်လဲ သားရဲကောင်ကို တဖန် ပြန်စီးနင်းကာ ကောင်းကင်ပေါ်သို့ ထိုးတက် သွားခဲ့သည်။ ထိုသူကဲ့သို့ အစွမ်းထက်သူပင် ပုန်းအောင်းရုံမှအပ ရွေးစရာမရှိခဲ့။

ယဲ့ဖန်၏ စိုးရိမ်စိတ်သည်လဲ ကြီးထွားလာခဲ့ ပေသည်။ ယခုအတိုင်း ဆက်လျှောက်နေလျင် လမ်းတစ်လျှောက်တွင် မည်မျှ များပြားသော အင်အားကြီး သားရဲကောင်များကို တွေ့ရအုန်းမည်နည်း။ ကန့်သတ် နယ်မြေသို့ ရောက်ရှိဖို့ပင် ဖြစ်နိုင်ပါမည်လား။

“ရှေးကန့်သတ် နယ်မြေက မြင့်မြတ် တောင်စဉ်ကိုးလုံး ချိတ်ဆက်ပြီး အလယ်မှာ အဆုံးမဲ့ ချောက်နက်ကြီး ပုံစံ ဖြစ်နေတယ်။ ဒဏ္ဍာရီ အရဆိုရင် မြင့်မြတ်တောင်တော် တစ်ခုချင်းစီတိုင်းမှာ မြင့်မြတ် သစ်သီးနဲ့ နတ်စမ်းချောင်းတွေ ရှိကြတယ်။ အားလုံးကလဲ တစ်ခုနဲ့ တစ်ခု မတူကြဘူး။” ယဲ့ဖန် သူ့ဘာသူ စကားပြောကာ အားပေးဖို့ ကြိုးစား နေခဲ့ရသည်။

“ငါက သစ်သီး တစ်လုံးနဲ့ ရေနည်းနည်းပဲ စားသောက် လိုက်တာတောင် ခန္ဒာကိုယ်က အများကြီး ပြောင်းလဲ သွားတယ်။ နောက်ထပ် တောင်စဉ် ရှစ်လုံးကသာ ထပ်စားလိုက်ရင် ဘယ်လောက်တောင် ထူးခြားသွားမလဲ။” အားပေး နေသော်ငြား၊ ကြောက်နေဆဲပင်။ သွားလာနေသော လမ်းတစ်လျှောက်တွင် အားတက်စရာ တစ်ခုမှ မရှိပေ။

မျှော်လင့်ချက်များ ပျက်သုန်းဖို့ တစ်ရက်သာ ကြာမြင့်ခဲ့သည်။ ရှေးတောင်ကြော တစ်လျှောက် လေထုတွင် ပျံသန်းရှာဖွေ နေသော အင်အားကြီး စစ်သည်တော် သုံးယောက်နှင့် သူဆက်တိုက် တွေ့ကြုံခဲ့ရသည်။

“ဒီကောင်တွေ ငါ့ကို တကယ်ကြီး အမျိုးဖြုတ် ချင်နေကြတာပဲ။ အင်အားကြီး စစ်သည်တော်တွေ ဒီလောက် အများကြီးတောင် ပို့ထားတယ်ပေါ့။”

ဝေါင်း။ အဝေး တောင်ကြောမှာ နားကွဲ မတတ် အော်သံကြီး ထွက်ပေါ် လာခဲ့သည်။ စစ်သည်တော် သုံးယောက်သည်လဲ မြန်မြန်ဆန်ဆန်ပင် လူစုခွဲကာ ပျံသန်း သွားခဲ့တော့လေသည်။ ထိုအချိန်မှသာ တိမ်ထဲသို့ ပျံသန်းနေသော ခေါင်းကိုးလုံး မြွေသားရဲကို ယဲ့ဖန် သတိပြုမိလေ၏။

တောင်ငယ်လေး တစ်လုံး သဖွယ် ကြီးမားသော ခန္ဒာကိုယ်ရှိပြီး ကြောက်မက်ဖွယ် ဖိအားများကိုလဲ ပိုင်ဆိုင်ထားလေသည်။ ကြီးမားသော ခန္ဒာကြီး ပတ်လည်တွင် အနက်ရောင် အငွေ့များ ဖုံးလွှမ်းနေပြီး ချီလင်(ဒဏ္ဍာရီလာ တရုတ်သားရဲ)နှင့် ဆင်တူ၏။ ခေါင်းကိုးလုံးနှင့် အသွင်သည် အင်မတန်ပင် ကြောက်မက်ဖွယ် ကောင်းလေသည်။

ဟိန်းသံ တစ်ချက်နှင့်ပင် ကျန်းမိသားစု စစ်သည်တော် သုံးယောက်ကို ခြောက်လှန့် နိုင်ခဲ့သည်။ ဝေးကွာသော နေရာမှ ရောက်လာသော ဖိအားများသည် ယဲ့ဖန် နှလုံးသားကို အကြောက်တရားဖြင့် အခုန်မြန်လာစေခဲ့သည်။

ကန့်သတ်နယ်မြေ အနီးသို့ပင် ယဲ့ဖန် မရောက်သေး။ အင်အားကြီး သားရဲကောင်များသည် ဆက်တိုက် ပေါ်လာနေလေ၏။ ယခုအတိုင်း ရှေ့ဆက်သွားလျင် မည်သို့သော အရာနှင့် တွေ့ရမည်နည်း။ မည်သူမျှ မသိနိုင်။

မပျံသန်းနိုင်လျင် လမ်းလျှောက်ဖို့သာ ရှိပေမည်။ အဆုံးမဲ့ ရှေးတောင်ကြောကိုတောင် ဖြတ်သန်းနိုင်မည် မဟုတ်ပေ။ အင်အားကြီး သားရဲကောင် မရှိသော တောင်အစပိုင်းတွင် စစ်သည်တော်တို့ သောင်းကျန်းဝံ့သည်မှာ အံ့သြစရာမရှိ။

ယဲ့ဖန် နောက်တစ်ကြိမ် တွေးရပြန်သည်။ လုံခြုံသော နယ်မြေများကို စစ်သည်တော်များက ခုတ်ထွင် ပြီးခဲ့ပြီ။ သူတို့ကို ဖြတ်ကျော်ရန် နည်းလမ်းကား ထပ်မရှိ။

“ငါက သူတို့ အတွေးကို ခန့်မှန်းနိုင်တယ်။ သူတို့လဲ ငါဘယ်လမ်း သွားမလဲ ခန့်မှန်းနိုင် ကြတာပဲ။ ကန့်သတ် နယ်မြေထဲကို ၀င်မှ ငါလွတ်မယ်မှန်း သူတို့လဲ သိလိမ့်မယ်။”

တောနက်ထဲတွင် ပုန်းအောင်းနေရင်း ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စကို ယဲ့ဖန် တွေးတောနေခဲ့သည်။ အဆုံးသတ်တွင်တော့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမည့် ရှေ့ဆက်သွားမည့် ကိစ္စကို မလုပ်တော့ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

“ပျံလို့ မရရင် အသက်စွမ်းအား ကန့်သတ်မြေထဲကို ၀င်လို့ မရဘူး။” အရင် လမ်းဟောင်းကို ယဲ့ဖန် ပြန်မလှည့်တော့ပေ။ စစ်သည်တော်များ မလှုပ်ရှားခင် အချိန်တွင် ရှေးသစ်တောမှ ပြေးထွက်ပြီး လူများကြား ရောနှောရန် ဆုံးဖြတ်လိုက်သည်။

တောင်ကြော အစွန်းသို့ ရောက်ချိန်မှာပင် မှင်နက်ရောင် အကြေးခွံ သားရဲကို စီးနင်းလာသော စစ်သည်တော် တစ်ယောက်ကို ယဲ့ဖန် တွေ့လိုက်ရသည်။

“ငါးယောက်မြောက် စစ်သည်တော်ပဲ။ အားလုံးကို ကျန်းယီချန် ပို့လိုက်တာလား။”

“သူတို့မှာ စစ်သည်တော်က ဆယ်ယောက်ပဲ ရှိတာ။ ငါးယောက်ကို ချက်ခြင်း အပြင်လွှတ် လိုက်ရင် ကျန်းယီဖေးနဲ့ ကျန်းချိုက်ရွှမ်းတို့ သတိမထားမိဘဲ ဘယ်နေမလဲ။ မဖြစ်နိုင်လိုက်တာ။”

“သူတို့လဲ ပေါင်းကြံ ကြတာလား။”

“ဒါမှမဟုတ် အဲ့ဒီ့ နှစ်ယောက်က လူအင်အား ထပ်ဖြည့် ပေးလိုက်တာလား။”

ယဲ့ဖန်၏ နှလုံးသားလဲ အေးစက်သွားတော့သည်။

၀တ်ရုံဖြူဝတ် ကျန်းယီဖေးသည် အင်မတန်ပင် သန့်စင်ကာ ခန့်ညားပုံ ပေါ်လေသည်။ ကျောက်စိမ်းသဖွယ် ရုပ်သွင် ကြည်လင် တောက်ပသော အရှိန်အ၀ါကို ပိုင်ဆိုင်သည်။ ကျန်းချိုက်ရွှမ်းသည်လဲ ကျက်သရေရှိ မိန်းမချော တစ်ဦးပင်တည်း။ မာနကြီးဟန် ပေါ်သော်ညား ရှောင်တင်းတင်းကို စာနာသနားခဲ့သူ ဖြစ်သည်။ သူမနှင့် ပတ်သက်ပြီး ယဲ့ဖန် အကောင်းမြင်စိတ် နည်းနည်း ရှိသေးသည်။

ယခု အချိန်တွင်တော့ ကိစ္စများကို ယဲ့ဖန် နားမလည် နိုင်တော့ပေ။ လက်ရှိ သူ၏ အခြေအနေတွင် ထို လူနှစ်ဦးမှာ မည်သည့် ကဏ္ဍမှ ပါဝင် ပတ်သက်နေသနည်း။ သူ၏ ကြောက်မက်ဖွယ် ယူဆချက်များ မမှန်ကန်ဖို့ရန်သာ ဆုတောင်း နေမိသည်။ လူတို့၏ စိတ်သဘာဝသည် အင်မတန်ပင် ရှုပ်ထွေးသည်။ အသေအချာ နားလည်ဖို့လဲ ခက်လှသည်။

“သူတို့နဲ့ ဒီကိစ္စ မပတ်သက်ဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင် ဒီလောက် ဇာတ်ရှုပ်နေတဲ့ မိသားစုနဲ့ တင်းတင်းနေရတာက ကပ်ဆိုက်တာလား ကောင်းချီးမင်္ဂလာ လားတောင် မတွေးတတ် တော့ဘူး။” ရှောင်တင်းတင်းနှင့် ဦးလေးကျန်းအတွက် ယဲ့ဖန် စိုးရိမ်နေမိသည်။

ထိုညတွင် ဦးလေးတင်း၏ စားသောက်ဆိုင် ငယ်လေး အနောက်ကို ယဲ့ဖန် ခိုးဝင်ခဲ့သည်။ တောင်ခြေနှင့် မြို့ငယ်လေးပေါ်တွင် သားရဲကောင် နှစ်ကောင် လှည့်ပတ်နေသည်ကို သူမြင်နိုင်သည်။ တစ်ခါတစ်ရံတွင် အန္တရာယ် အများဆုံး နေရာသည် အလုံခြုံဆုံး နေရာ ဖြစ်နေတတ်သည်။

နောက်တစ်ရက်မှသာ မြို့မှထွက်ကာ အဝေးသို့ ယဲ့ဖန် ထပ်ပြေးလေ၏။

သုံးရက်ကြာပြီးနောက်။

ကျေးလက်ဒေသ နယ်မြေငယ်လေး၏ နေရာလွတ်တွင် အိပ်နေသော ယဲ့ဖန် အလန့်တကြား ထလာရလေသည်။ ကျန်းမိသားစု စစ်သည်တော် တစ်ယောက် ပျံသန်း ရောက်ရှိလာခဲ့ပြန်သည်။

(ဒီကောင်တွေ ငါ့ကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် လိုက်မှီ လာတာလဲ။ ငါ ရှိမယ့် နေရာကို သူတို့ ဘယ်လိုသိနေတာလဲ။)

“ရှေးသင်းကွဲ မြင့်မြတ်မိသားစု တွေက ကြောက်စရာ ကောင်းလိုက်တာ။ အကယ်၍ ငါသာ အသက်စွမ်းအား ကန့်သတ် နယ်မြေကို မ၀င်နိုင်ရင် သူတို့ လက်ကနေ ဘယ်လိုလုပ် လွတ်တော့မှာလဲ။” ယဲ့ဖန် ဆက်တိုက် တွေးတောရင်း စိတ်ပူပန် လာခဲ့သည်။

အဆုံးသတ်တွင်တော့ ယန်၏ မြို့တော်ကြီး တစ်ခုထဲသို့ ယဲ့ဖန် ၀င်ခဲ့သည်။ လူပင်လယ်ကြီးထဲတွင် သူ့ကိုယ်သူ ဖုံးကွယ်နိုင်ဖို့ မျှော်လင့် မိနေသည်။

နိုင်ငံ၏ မြို့တော်ကြီးမှ အပ ယခု သူရောက်ရှိနေသော မြို့သည် အကြီးမားဆုံး ဖြစ်လေသည်။ လူတစ်သန်း နီးပါး နေထိုင်ကြ သဖြင့် ပျားပန်းခတ်မျှ လှုပ်ရှား သက်ဝင် နေလေ၏။ ကျယ်ပြန့်သော လမ်းများ တစ်လျှောက်တွင် မဆုံးနိုင်သော လူအုပ်ကြီးနှင့် လှည်းယာဉ်များ သွားလားလျက် ရှိသည်။ လမ်းဘေး ၀ဲယာ နှစ်ဖက်လုံးတွင် ရောင်းဝယ်သံများဖြင့် ဆူညံနေ၏။

ရက်ပိုင်းမျှ ဆက်တိုက် ပြေးလွှား နေခဲ့ရသဖြင့် ယဲ့ဖန်သည်လဲ မောပန်းလွန်း နေခဲ့ပြီ။ မြို့ထဲ ၀င်လာပြီးမှသာ သက်ပြင်းနိုင်ချတော့သည်။ (နေ့ခင်းကြောင်တောင် မြို့လယ် လမ်းကြီးမှာတော့ ကျန်းမိသားစုက စစ်သည်တော်တွေ ပေါ်မလာ လောက်တော့ဘူးမလား။ ဟုတ်တယ်ဟုတ်။)

ယခုအချိန်သည် နေ့မွန်းတည့်ချိန် ဖြစ်လေရာ ယဲ့ဖန်၏ ၀မ်းဗိုက်သည်လဲ ဆက်တိုက် အော်မြည် နေခဲ့သည်။

အကျီထဲသို့ စမ်းကြည့်ချိန်တွင် တပြားမှမရှိ။ သေရေး ရှင်ရေး ပြေးလွှားမှုသည် သူ့အား သနားစဖွယ် အခြေအနေ ဆိုးသွား စေခဲ့သည်။

“ပထမဆုံး စားဖို့ နည်းလမ်း ရှာရမယ်။ ဒီအတိုင်း အငတ်နေလို့ မဖြစ်တော့ဘူး။ ဆက်ပြေးဖို့ အားရှိမှရမယ်။” မြို့တော်ကြီးကို ပတ်ကြည့်ဖို့ ယဲ့ဖန်တွင် ဆန္ဒမရှိသေးပေ။ စားသောက်ရန် နေရာ တစ်ခုကိုသာ မြန်မြန်ဆန်ဆန် ရှာဖွေနေခဲ့သည်။

ရုတ်ချည်းပင် ရင်းနှီးနေသူ တစ်ဦးကို ယဲ့ဖန် တွေ့လိုက်ရသည်။ မမျှော်လင့် ထားရလောက်အောင်ပင် လီရှောင်းမာန် ဖြစ်နေခဲ့သည်။

သူမ၏ ရုပ်သွင်သည် အိုမင်း မနေတော့ပေ။ ငယ်ရွယ်နုပျိုမှုကို ပြန်လည် ရရှိသွားခဲ့ပြီ။

၁၇၀ စင်တီမီတာ ၀န်းကျင် အရပ်နှင့် ပိန်ပါး လှပသော ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားကာ ကြော့ရှင်း နေလေ၏။ သူမ၏ အဖြူရောင် ၀တ်ရုံမှာမူ လေအဝေ့တွင် ၀ဲလွင့် နေခဲ့သည်။

အတိတ်ကာလတင်မက လက်ရှိ အချိန်တွင်ပါ လီရှောင်းမာန်သည် အစဉ်အမြဲ လှပနေခဲ့သည်။ ရုပ်သွင်က အေးဆေးတည်ငြိမ်ကာ အနုပညာသဖွယ် လှပလေ၏။ ကျင့်ကြံခြင်းကြောင့် ပေလော မသေချာ။ သူမ၏ အသားအရေသည် ကျောက်စိမ်းတုံး သဖွယ် ဖြူဖွေးကာ တောက်ပ နေခဲ့သည်။

အနက်ရောင် ဆံကေသာများကြောင့် အသားအရေသည် ပိုမို တောက်ပ နေခဲ့သည်။ ရှည်လျားကော့ညွှတ်သော မျက်တောင်များက သူမ၏ မျက်ဝန်း ၀ိုင်းဝိုင်းများကို အားဖြည့်ပေးထား ခဲ့သည်။ ငန်းတစ်ကောင် သဖွယ် လှပသော လည်တံ၊ သေးကျင်သောခါး၊ သွယ်လျ ရှည်လျားသော ခြေတံများဖြင့် ကိုယ်ခန္ဒာ ဖွဲ့စည်ပုံသည် ပြီးပြည့်စုံ နေလေ၏။

အတိတ် အချိန်နှင့် ယှဉ်ကြည့်ရသော် ထောင်လွှားမှုများ ကင်းကွာပြီး တည်ငြိမ်နေခဲ့သည်။ လောကတစ်ခွင်ကို အပေါ်စီးမှ ကြည့်ရှုနေသော မသေမျိုး နတ်မိမယ် တစ်ပါးနှယ် ခမ်းနားနေလေသည်။

သူမကို ယခုကဲ့သို့ တွေ့ရမည်ဟု ယဲ့ဖန် မထင်မိခဲ့ပေ။ သူ၏ စိတ်အစဉ်တွင် အတိတ်မှ ကိစ္စများ ဆက်တိုက် ပေါ်ထွက် လာလေ၏။ ချိုမြိန်သော အခိုက်အတန့်များ ရှိခဲ့သလို နှလုံးသားမဲ့ ခါးသီးသော ကာလများသည်လဲ အပြည့်ပင်။ သူလှည့်ထွက် ခဲ့လေသည်။ လက်ရှိ အခြေအနေနှင့် သူမကို မတွေ့လိုပေ။

လီရှောင်းမာန်ကတော့ သူ့ကို သတိမထားမိ။ သက်တူ ရွယ်တူများ ကြားတွင် သူမသည် ထူးချွန်ထက်မြက် မှုကြောင့် ကျောဇောလေသည်။ လှပ ကြည်လင်သော ရုပ်သွင်ကြောင့် လူများစွာက သူမကို ငေးမောလေ့ ရှိသည်။ အဝေးမှ ညစ်ထပ်ထပ်နှင့် စုတ်ပြတ်ကာ မောပန်းပြီး သူတောင်းစားရုပ် ပေါက်နေသူကို သူမ သတိမပြု မိသည်မှာ မထူးဆန်း။

ယဲ့ဖန် လှည့်ထွက် သွားခဲ့သည်။ အလျင်လိုမှုကြောင့် လူတစ်ယောက်နှင့် သူဝင်တိုက်မိ လေသည်။

“သူတောင်းစားလေး လမ်းတောင် ကောင်းကောင်း မလျှောက်တတ်ဘူးလား။ ဒီလောက် လမ်း အကျယ်ကြီးမှာတောင် ငါ့ကို ၀င်တိုက်သေးတယ်။” သူ့ရှေ့တွင် လူငယ်များစွာ ရှိနေခဲ့သည်။ ထို့အပြင် မသတီသော အမူအယာဖြင့် မိန်းမလှ တစ်ယောက်လဲ ရှိနေလေ၏။ ယဲ့ဖန် မတော်တဆ တိုက်မိသူက သူမ ဖြစ်သည်။

“တောင်းပန်ပါတယ်။” ယဲ့ဖန် ခပ်တိုးတိုးပင် တောင်းပန်ခဲ့သည်။

“ညီမငယ်လေး ပစ္စည်းပျောက်လား စစ်ကြည့်အုန်း။ အခုတလော သူတောင်းစားယောင် ဆောင်တဲ့ ခါးပိုက်နှိုက်တွေ ပေါနေတယ်။” အမျိုးသား တစ်ဦးမှ သတိပေးလာသည်။ ယဲ့ဖန် ရှေ့တွင် ပိတ်ရပ်ကာ သူ့ကို ထွက်သွားခွင့် မပြုပေ။

ရက်ပေါင်းများစွာ ပြေးလွှား ပုန်းအောင်း နေခဲ့ရ သဖြင့် ယဲ့ဖန်၏ အ၀တ်များမှာ ညစ်ပတ် စုတ်ပြတ် နေခဲ့လေသည်။ မျက်နှာ တစ်ခုလုံးသည်လဲ စုတ်ပြတ်ကာ သူတောင်းစားရုပ် ပေါက်နေ၏။

“အစ်မကြီးနဲ့ အစ်ကိုကြီးတို့။” ဤအချိန်မှာပင် လီရှောင်းမာန် ရောက်လာခဲ့သည်။ လမ်းမကြီးသည် ကျယ်သော်ငြား မိန်းမချောလေး တစ်ယောက် ရောက်ရှိလာချိန်တွင် လူတိုင်း လမ်းဖယ်ဖို့ ၀န်မလေးကြပေ။

“ငါ ဘာမှ မပျောက်ဘူး။ သူ့ကို သွားခိုင်းလိုက်။” ယဲ့ဖန် ၀င်တိုက်သူ အမျိုးသမီးမှ မျက်မှောင်ကြုံ့ကာ ပြောလာခဲ့သည်။

ယဲ့ဖန် လှည့်ထွက် ချင်သော်ငြား လီရှောင်းမာန်က သူ့ကို တွေ့သွားခဲ့ပြီးပြီ။

“နင် ဖြစ်နေတာကိုး။” ယဲ့ဖန် ရပ်တန့်သွားသည်။ အဆုံးသတ်မှာ တွေ့ဆုံရမည်ဟု သူလဲ မထင်ထားခဲ့။

“ညီမလေး ဒီသူတောင်းစားလေးကို သိလို့လား။” လူငယ်တွေ အားလုံး လန့်ကုန်ကြလေပြီ။

တကိုယ်လုံး စုတ်ပြတ်ကာ ဖုန်အလူးလူး ဖြစ်နေသော ယဲ့ဖန်သည် ရုပ်ရည်ကပါ ရှုချင်ဖွယ်ရာ မရှိ။ ရက်ပေါင်းများစွာ ပြေးလွှား ခဲ့သဖြင့် စိတ်ရော လူပါ မောပန်းေ၀၀ါး နေခဲ့သည်။ ပြဲစုတ်နေသော အ၀တ်အစားများနှင့် ပေါင်းလိုက်သော အချိန်တွင် ဘယ်လိုပင် ကြည့်ကြည့် လူ့အဖွဲ့အစည်းနှင့် ၀င်မဆံ့သော ရုပ်သာ ထွက်လာလေသည်။

အပိုင်း (၈၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset