Switch Mode

Chapter – 86

အပိုင်း (၈၆) “သေခြင်းနှင့် ရှင်ခြင်းကြားက အတားအဆီး။”

များပြားသော တောင်တန်းများက ကြည်လင်လေထုမြို့တော်ကို ၀န်းရံထား၏။ မိုးထိမြင့်သော ရှေးသစ်ပင်များ နှင့် ရှေးရှေးခေတ်မှ သစ်တောကြီးများသည် တောတွင်းပိုင်းတွင် တည်ရှိနေသည်။ သာမာန်လူများကား တောနက်ထဲသို့ မ၀င်ဝံ့ကြပေ။

ဤမြို့တော်တွင် တစ်ခဏတာ နေထိုင်ပြီးမှသာ ရှေးဟောင်း ကန့်သတ်နယ်မြေ အပြင်ပိုင်းသည် ထိုသစ်တောများပင် ဖြစ်ကြောင်း ယဲ့ဖန်သိရှိ ခဲ့ရလေသည်။

(ယန်)နယ်မြေသည် မြောက်မှ တောင်သို့ ကီလိုမီတာ တစ်ထောင်၊ အရှေ့မှ အနောက်သို့ တစ်ထောင့်ငါးရာ ကီလိုမီတာ ကျယ်ဝန်းသည်။ ရှေးဟောင်းကန့်သတ် နယ်မြေကမူ အလယ်ဗဟို တ၀ိုက်တွင် တည်ရှိလေသည်။ မရေမတွက်နိုင်သော မဟာတောင်တန်းကြီးမားဖြင့် ၀န်းရံခံထားရသည်။ ရှေးနယ်မြေ ဧရိယာသည် အ၀န်းအ၀ိုင်း ကီလိုမီတာ လေးရာ ရှိလေ၏။

စိတ်ဝိညာဉ် ပျက်စီး သုခဘုံ၊ မြူနှင်းဝေသီ သုခဘုံ၊ ကျောက်စိမ်းအိုး သုခဘုံနှင့် အခြား ကောင်းချီးခံ သုခဘုံများက ထိုရှေးနယ်မြေကို ၀န်းရံထားသည်။

ယခု အချိန်တွင် ယဲ့ဖန်သည် တောနက်ထဲသို့ ရူးချင်စဖွယ် အရှိန်ဖြင့် ပြေးဝင်နေခဲ့သည်။ ရှေးဟောင်း ကန့်သတ်မြေသို့ ချက်ခြင်းပင် ရောက်လိုစိတ် ပြင်းပြနေခဲ့လေသည်။ လက်ရှိ အချိန်တွင် အသက်ဘေးကို စိုးရိမ်နေရသဖြင့် ဤမြို့ငယ်မှ ထွက်ခွာပြီး အဝေးသို့ အမြန်ဆုံး သွားလိုနေခဲ့သည်။

“ငါ မမှားဖို့ဘဲ မျှော်လင့်ပါတယ်။” နှစ်နာရီမျှ ပြေးလွှားခဲ့ပြီးနောက် တောင်မည်မျှကို ကျော်လွန်ခဲ့ပြီမှန်း မသိနိုင်။ ထိုအချိန်မှသာ သူသည်လဲ အနားယူဖို့ ရပ်တန့်ခဲ့လေသည်။

ရုတ်ချည်းပင် သားရဲကောင် အော်သံ တစ်သံကို ကြားလိုက်ရလေ၏။ နားစည်ကွဲမတတ် မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော ဟိန်းသံက မြို့တော်ဘက်မှ လာလေသည်။ တောင်စောင်းပေါ်သို့ မြန်မြန်ဆန်ဆန်ပင် တွယ်တက်ကာ နွယ်ပင်များ နောက်မှ ဂူထဲတွင် ယဲ့ဖန် ၀င်ပုန်းလိုက်သည်။

အသက်ရှူသံကို နှေးနိုင်သမျှ နှေးအောင် ကြိုးစားရင်း အသက်စွမ်းအားကို တတ်စွမ်းသမျှ ဖိနှိပ်ထားရလေ၏။

နွယ်ပင်များ ကြားမှ အပြင်ကို သူ ခိုးကြည့်လိုက်သည်။ အဆိပ်ကြေးခွံ သားရဲ တစ်ကောင်ကို စီးနင်း ပျံသန်းနေသော ကျန်းမိသားစု စစ်သည်တော် တစ်ဦးကို သူတွေ့လိုက် ရလေသည်။

“တကယ်ကြီး ငါ့နောက် လိုက်ဖမ်းကြတာပဲ။” ယဲ့ဖန်း၏ မျက်ဝန်းများ ကျဉ်းမြောင်း သွားသလို နှလုံးသားမှာလဲ အေးစက်သွားခဲ့သည်။ ကျန်းမိသားစု စစ်သည်တော်များသည် အင်မတန်ပင် ကြောက်မက်ဖွယ် ကောင်းလှလေသည်။

ထိုသူတို့၏ အစွမ်းကို ကိုယ်တိုင် မြင်တွေ့ ဖူးသောကြောင့် သူ့ကိုသာ ရှာတွေ့သွားခဲ့လျင် မုချ သေဆုံး ရမည် ဖြစ်မှန်း သူသိလေ၏။

အချိန် တစ်ခဏတာ ကုန်ဆုံး သွားပြီးနောက် အစွမ်းထက် စစ်သည်တော်သည်လဲ အဝေးတောင်ကြောသို့ ပျံသန်းသွားကာ နယ်မြေကို လှည့်လှည် ကြည့်ရှုနေခဲ့သည်။

“ဒီကောင်က ဒီနေရာမှာပဲ ပတ်နေတယ်။ ငါ့ကို တွေ့သွားတာများလား။” သေခြင်းတရား နီးကပ်လာသည်ကို ခံစားမိသည့် အတိုင်း ယဲ့ဖန် တကိုယ်လုံးသည်လဲ အေးစက် သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူဒေါသထွက်လာ လေသည်။

ထိုသူများသည် သူ၏ ရတနာများကို တပ်မက် နေကြသည်သာ ဖြစ်ပေမည်။ ယဲ့ဖန်ကို ရှာတွေ့ သွားခဲ့သော် သေချာပေါက် အသက်ချမ်းသာ ပေးမည် မဟုတ်ပေ။ လက်ရှိ အချိန်တွင်တော့ စိတ်ထိခိုက်နေလို့ မဖြစ်။ အသက်စွမ်းအားကို တတ်နိုင်သမျှ ထိန်းချုပ်ထားရမည်။ ဂူထဲတွင် မြက်ခြောက်တစ်ပင်လို ကပ်နေမှ ဖြစ်လိမ့်မည်။

လေးနာရီတိတိ ကုန်လွန်ပြီး မှသာ သားရဲကောင်လဲ အဝေးသို့ ထွက်ခွာသွားလေ၏။ မိုးကုပ်စက်ဝိုင်းသို့ ပျံသန်း ပျောက်ကွယ် သွားခဲ့သည်။ ညမမှောင်ခင် အထိ ယဲ့ဖန် မလှုပ်ရှားဝံ့ပေ။ ထုံကျင်နေသော ခန္ဒာဖြင့် ဂူအပြင်ထွက်ကာ အခြား တောင်ကြောသို့ အပြေး သွားခဲ့ရသည်။

“ကျန်းမိသားစု။” ယဲ့ဖန် အံကြိတ်ရင်း တစ်လုံးခြင်း ပြောလာ၏။ ထိုညတွင် မီးမမွှေးဘဲ သစ်သီးတချို့သာ ခူးယူ စားသောက်ပြီး ဆူးအပြည့်နှင့် ခြုံတစ်ခု အောက်တွင် ပုန်းအောင်း အိပ်စက်ခဲ့ရသည်။ ညအချိန် တစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော သားရဲကောင် ဟိန်းသံများကို ကြားနေရ သဖြင့် အိပ်စက်လို့ မရနိုင်ခဲ့။

မှိန်ဖျော့ဖျော့ ကြယ်အလင်း လအလင်းရောင်များအောက် ယိမ်းနွဲ့နေသော သစ်ပင်များက ခြောက်ခြားစရာ ကောင်းလှသည်။ ရုတ်တရက် သားရဲကောင် ဟိန်းသံများ ရပ်တန့်ကာ သစ်တော တစ်ခုလုံးလဲ တိတ်ဆိတ် သွားလေ၏။ ယဲ့ဖန်သည်လဲ ခြောက်ခြားသွားကာ မလှုပ်ရှား ၀ံ့တော့ပေ။

ကောင်းကင်တွင် ထူးဆန်းသော သားရဲ တစ်ကောင် ပေါ်လာခဲ့သည်။ စီးနင်းသူသည် စက်ဝိုင်းပုံ လှည့်ပတ် ပျံသန်း နေလေသည်။ အခြား သားရဲများ အားလုံးကား ထို သားရဲကို ကြောက်လန့် နေလေ၏။

ညသန်းခေါင်မှသာ စစ်သည်တော်လဲ ထွက်ခွာ သွားခဲ့သည်။ ယဲ့ဖန် တစ်ကိုယ်လုံး ချွေးစေးများ စိုရွှဲကာ ကျန်ရစ်ခဲ့လေသည်။ ဤအတိုင်း ဆက်သွားဖို့သည် ဖြေရှင်းချက် မဟုတ်နိုင်။ အနှေးနှင့် အမြန် သူ့ကို ရှာတွေ့ သွားကြလိမ့်မည်။

“မြန်မြန် ပြေးတာကလဲ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ငါ ဒီကိစ္စကြီးက လွတ်အောင် ဘယ်လို လုပ်ရပါ့မလဲ။”

ယဲ့ဖန် မတွေးတတ်တော့ပေ။ တစ်ခုတည်းသော ရွေးချယ်မှုသည် ဆက်လက် ပြေးလွှားနေဖို့ပင်တည်း။

နှစ်ရက်ကျော် ကြာသည်အထိ ယဲ့ဖန် ဆက်တိုက် ပုန်းအောင်း နေခဲ့သည်။ ရှာတွေ့ ခံရလု နီးပါး ဖြစ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင်။ သေခြင်းတရား နှင့် ကပ်သီးလေး လွဲချော်နေသည်ဟုပင် ဆိုလို့ ရနိုင်လေ၏။

တတိယမြောက်နေ့တွင် ကပ်ဆိုက်လေသည်။ ထိုနေရာတွင် ယဲ့ဖန် ပုန်းနေသည်ကို အာရုံခံမိသူ စစ်သည်တော်က နယ်မြေ တစ်ခုလုံးအား စိတ်ဝိညာဉ် လက်နက်ဖြင့် ခုတ်ထွင် ရှင်းလင်း ပြစ်လိုက်သည်။ နေရာ တစ်ခုလုံး ပျက်စီးကာ တောင်ကတုံးတွေ ဖြစ်ကုန်၏။

ယဲ့ဖန် ပုန်းနေသော ရွံ့နွံနှင့် ထိုနေရာသည် သိပ်မဝေး။ သစ်ရွက်ပုတ်များနှင့် ရွံ့များ ကပ်ကာ အသက်ရှူသံကို ထိန်းထားရင်း စစ်သည်တော် ထွက်ခွာဖို့ သူစောင့်ဆိုင်းနေရသည်။ သို့သော် ရွံ့နွံအိုင်သည်လဲ စစ်သည်တော်၏ ရှင်းလင်းခံရမှုမှ မလွတ်ကင်း။

အပြာရောင် လျှပ်စီးတန်းသဖွယ် လက်နက် ရောင်ခြည်တန်းသည် နွံထဲ ကျရောက်ကာ မြေသားကို ဆွဲဖြဲ လိုက်လေသည်။ ယဲ့ဖန် ခန္ဒာကိုယ်ကို ဖောက်ထွက် မသွားသော်ငြား ၀မ်းဗိုက်ကို ရှပ်ထိ သွားလေ၏။ သူ မလှုပ်ဝံ့သလို အော်လဲ မအော်ဝံ့ပေ။ သူ့ ခန္ဒာကိုယ်သည်သာ သန်မာလွန်း မနေခဲ့လျှင် နှစ်ခြမ်း ကွဲထွက် သွားမည်သာ ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက် နေရာ တစ်ခွင်လုံးလဲ ပြောင်းရှင်းကာ ငြိမ်သက် သွားလေသည်။ ယဲ့ဖန် နှုတ်ခမ်းကို ကိုက်ကာ နွံထဲမှ ခက်ခက်ခဲခဲ ထွက်လာခဲ့သည်။ ၀မ်းဗိုက်မှ သွေးများကြောင့် နွံအိုင်သည် နီရဲသွားလေ၏။

“ကျန်းယီချန်။ မင်းကို ကာကွယ်နေတဲ့ ရှေးဟောင်း တော်ဝင် မိသားစု ရှိနေရင်တောင် တစ်နေ့မှာ ငါမင်းကို ရအောင် သတ်ပြစ်မယ်။”

သွေးဆုံးရှုံးမှု များလွန်းသဖြင့် ယဲ့ဖန် မူးဝေလာခဲ့သည်။ သူ့ ၀မ်းဗိုက် တစ်ခုလုံး ပွင့်ထွက်လု နီးပါး ဖြစ်နေလေသည်။ ရွံ့များသာ ကာရံ မထားခဲ့လျင် သို့မဟုတ် မလှုပ်မယှက်သာ မနေခဲ့လျှင် သွေးထွက်လွန်ပြီး သေသွားနိုင်သည်။

စမ်းချောင်း တစ်ခု အမြန်ရှာကာ သွေးနှင့် ရွံ့များကို သူဆေးကြောရသည်။ အတွင်းဝတ်များမှာ သန့်စင် နေသေးသောကြောင့် ဒဏ်ရာစီးရန် စုတ်ဖြဲကာ သုံးရလေ၏။ ၀မ်းဗိုက် ဒဏ်ရာမှာ ပြင်းထန်လွန်း သဖြင့် အူများကိုတောင် မြင်နေရပြီး သွေးထွက်မရပ်။

သွေးထွက်များသဖြင့် တကိုယ်လုံး အားမရှိတော့ပေ။ လက်များကား သွေးတို့ဖြင့် စွန်းထင်းကာ နီရဲ နေလေသည်။ သွေးတိတ်ရန် အ၀တ်စ မည်မျှပင် သုံးသုံး သွေးထွက်မရပ်ခဲ့ပေ။ အောက်ပိုင်း တစ်ခုလုံး သွေးများဖြင့် နီရဲကာ မျက်နှာသည်လဲ ဖြူဖျော့ လာခဲ့သည်။

ယဲ့ဖန် ဒဏ်ရာကို လက်နဲ့ ဖိကာ ပိတ်ဖို့ ကြိုးစားနေခဲ့သည်။ သို့သော် သွေးများကား လက်ချောင်းကြားမှ စိမ့်ထွက်လာ၏။ နှုတ်ခမ်းကိုက်ကာ သတိမလစ်စေရန် သူကြိုးစားနေခဲ့ ရသည်။ တာအို ကျမ်းစာကို အသုံးပြုကာ အသက်စွမ်းအားကို သုံးရင်း ဒဏ်ရာ အခြေအနေ တည်ငြိမ်အောင် ကူးပြောင်းဖို့ လုပ်ဆောင်နေခဲ့ ရ၏။

“ကောင်းကင်လမ်းက ပျက်စီးသွားပြီ ပြန်ပြင်လို့ မရတော့ဘူး။”

သတိလစ်ခါနီး အချိန်တွင် နှလုံးသား အတွင်းမှ အသံကို ကြားလိုက်ရသည်။ နှလုံးသား အတွင်းမှ ရှေးစာလုံးများ ရာချီ နိုးထလာပြီး မူးဝေမှုကို ပျောက်ကင်း သွားစေခဲ့သည်။ အသိစိတ် ၀င်လာပြီးနောက် တာအို ကျမ်းစာကို တဖန် ထပ်သုံးသာ ချီစွမ်းအား အသက်ဓာတ်ကို ထိန်းချုပ်ရင်း ဒဏ်ရာဆီသို့ ပို့လွှတ်လိုက်သည်။

ဒဏ်ရာ အတွင်းမှ ပြာလဲ့နေသော လူသတ်ငွေ့များ ထွက်လာလေသည်။ ချီစွမ်းအား လှည့်ပတ်ချိန်တွင် သွေးစီးဆင်းမှုလဲ ရပ်တန့် သွားလေ၏။

အလွန်ပင် အားနည်းနေဆဲ ဖြစ်သော်ငြား ထရပ်ရန် ကြိုးစားခဲ့ရသည်။ တုန်ယင်နေသော ကိုယ်ခန္ဒာဖြင့် တောတွင်းသို့ ၀င်ရောက်ရင်း ပုန်းအောင်းရန် နေရာသစ် ရှာဖွေ လိုခဲ့သည်။ ပြင်းထန်သော ဒဏ်ရာကြောင့် မပြေးနိုင်ပေ။

ရက်ပိုင်း အတွင်း လွတ်မြောက်ရန် ယဲ့ဖန် မျှော်လင့် ခဲ့သော်လဲ စစ်သည်တော်များက သူ့ကို ဆက်တိုက် လိုက်ဖမ်းနေ ခဲ့ကြသည်။ လက်ရှိ အချိန်တွင် သူသည်လဲ အလွန်အမင်း အားနည်းနေလေသည်။ တစ်ခဏတ စဉ်းစားပြီးနောက် လာလမ်း အတိုင်း ပြန်လှည့်သွားခဲ့သည်။

စစ်သည်တော် ရှင်းလင်းခဲ့သော နယ်မြေ အနားတွင် ရပ်တန့်ကာ တောင်နှစ်လုံးကြား ပုန်းအောင်းဖို့ တွေးလိုက်လေ၏။ ဤနေရာကို ရှာဖွေပြီး ဖြစ်သဖြင့် အချိန်တို အတွင်း ပြန်လာလောက်မည် မဟုတ်ပေ။

ဒဏ်ရာ အခြေအနေ တည်ငြိမ်သည် အထိ နှစ်ရက်တိတိ အစာနှင့် ရေ ဘာဆိုဘာမှ မရှိဘဲ ယဲ့ဖန် ပုန်းအောင်း နေခဲ့သည်။ ဒဏ်ရာ တည်ငြိမ် သွားသော်ငြား လှုပ်ရှားဖို့ ခက်နေလေသည်။ နှစ်ရက်အတွင်း စစ်သည်တော်များသည် တောင်ကြော တစ်လျှောက် ဆက်တိုက် ရှာဖွေ နေခဲ့သည်။

နေရာ အများအပြားလဲ ရှင်းလင်းခံလိုက် ရ၏။ ထိုညတွင် တောင်ကြားမှ ယဲ့ဖန် တွားသွား ထွက်လာကာ သစ်သီး အချို့ ခူးယူပြီးနောက် ပုန်းအောင်းသော နေရာအား ပြောင်းလဲလိုက်သည်။

နေရာ အသစ်သည်လဲ မကြာသေးခင်ကပင် ဖျက်စီးခံထားရသည်။ သစ်ပင်များ ခုတ်ထွင် ခံရရုံမက တောင်ကျောက်တုံးများလဲ ကွဲအက်နေ၏။

မြေပြင် တစ်ခွင်ကား ရှုပ်ယှက်ခတ်နေ လေသည်။

“ငါ မင်းနောက်ကို ကပ်လိုက်လာမယ်။ မင်းရှာ ခဲ့တဲ့ နေရာတိုင်းက ငါပုန်းမယ့် နေရာ အသစ်ပဲ။”

ယခုကဲ့သို့ အန္တရာယ် အချိန်အခါ မျိုးတွင် ယဲ့ဖန်၏ အသက်သည် အာမခံချက်မရှိပေ။ စစ်သည်တော်တို့ မရှာဖွေ တော့သော နေရာများကိုသာ ရွေးချယ်ရင်း ပုန်းအောင်းဖို့ ဂရုတစိုက် တွေးတော နေရလေ၏။

ငါးရက်တာ ကုန်ဆုံးသွားခဲ့လေပြီ။ သူသည်လဲ ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန် လာခဲ့သည်။ အစာအာဟာရ ပြတ်လတ်မှုကြောင့် အနည်းငယ် ဖျားနာခဲ့သလို အတော်လေးလဲ ပိန်ပါး သွားလေသည်။

“ငါ့ ခန္ဒာကိုယ်ကသာ သာမာန် ကျင့်ကြံသူတွေထွက် အများကြီး သာမနေခဲ့ရင် အဲ့ဒီ့ အပြာရောင် အလင်းတန်းကြောင့် သေနေတာ ကြာလှပြီ။ ငါ သေချာပေါက် လွတ်အောင် ပြေးရမယ်။ ဒီမှာ သေလို့ မရဘူး။”

“ဒီ ကျန်းမိသားစုတော့လား။” ယဲ့ဖန် အံကြိတ်ရင်း ကြိမ်းဝါး နေခဲ့ပြန်လေသည်။

သူ၏ အင်အားသည် မလုံလောက်သေး။ စစ်သည်တော်တို့ လက်မှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းသည်ကား အသက်ကို စွန့်စားကာ ရှေးဟောင်း ကန့်သတ်နယ်မြေထဲကို ၀င်ရောက်ရန်သာ ရှိသည်။

“ငါက မြင့်မြတ် သစ်သီးကို စားပြီးမှတော့ သေချာပေါက် ကျိန်စာ ဆိုးကျိုးကို ရှောင်နိုင်လောက်တယ်။ အသက်စွမ်းအား ကန့်သတ်နယ်မြေကို ၀င်တာက ငါ့ အတွက် အခွင့်အရေး ဖြစ်လာနိုင်တာပဲ။”

အပိုင်း (၈၆) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset