Switch Mode

Chapter – 21

ဝပ်နေတဲ့ ကျား ၊ ပုန်းနေတဲ့ နဂါး

Chapter – 21 ဝပ်နေတဲ့ ကျား ၊ ပုန်းနေတဲ့ နဂါး

စကားလုံးမဲ့နွေည၏ စကားကို အဖော်မဲ့နှင်းက မည်သို့မျှ ပြန်မချေပတော့ဘဲ ခေါင်းကို ငုံ့၍ ရှီဖုန်း၏ နောက်သို့ လိုက်သွားလေသည်။

ခေါင်းဆောင် ညင်သာလှုပ်ရှားက မျက်လုံးမှေး၍ ကြည့်လိုက်သည်။ ခန္ဓာကိုယ်တွင် အမှိုက်လက်နက်ကို ချိတ်ဆွဲထားသည့် ရှီဖုန်းက အဖော်မဲ့နှင်းအား သူ့နောက်လိုက်ချင်လာအောင် မည်သည့်နည်းလမ်းများ သုံးလိုက်သည်ကို နားမလည်နိုင် ဖြစ်နေသည်။ အဖော်မဲ့နှင်းက သူတို့နှင့်အတူ သေဆုံးခြင်းသစ်တောအား ရှင်းလင်းမည့်ကိစ္စကိုတောင်မှ လက်လျှော့သွားခဲ့သည်။

“ခေါင်းဆောင်… အရူးကောင် အဖော်မဲ့နှင်းကို လျစ်လျူရှုထားလိုက်စမ်းပါ… အလွန်ဆုံးမှ ကျွန်တော်တို့က လူထပ်ရှာရုံပဲ… အခုချိန် အဆင့်၂ကစားသမားတွေ အများကြီး ရှိနေကြပြီ… “ အဆုံးသတ်တိုက်ပွဲက အဖော်မဲ့နှင်းကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်သည်။

ညင်သာလှုပ်ရှားက ခေါင်းညိတ်လိုက်သည်။ အဖော်မဲ့နှင်း၏ ထွက်ခွာသွားမှုက သူတို့အဖွဲ့ကို မည်သည့်ဆုံးရှုံးမှုမှ မဖြစ်ပေါ်စေပေ။ မည်သူကမှ အဆင့်၁သာ ရှိသေးသည့် ရှီဖုန်းနှင့် မြေအောက်ဘုံထဲသို့ အတူဝင်သွားချင်ကြမှာ မဟုတ်ချေ။

သေဆုံးခြင်းသစ်တော၏ ဝင်ပေါက်ရှေ့တွင် ရှီဖုန်းနှင့် ဘလက်ကီက အဖွဲ့ဖွဲ့ရန် ကစားသမားများ စတင်စုဆောင်းလိုက်ကြသည်။

“သေဆုံးခြင်းသစ်တောအတွက် အဖွဲ့ ဖွဲ့နေပါတယ်… ဘာကန့်သတ်ချက်မှ မရှိပါဘူး… ဝါရင့်ကစားသမားတစ်ယောက် ဖြစ်ရုံနဲ့ လက်ခံနေပါပြီ… ၂ယောက်ရှိပြီး ၄ယောက် လိုနေပါတယ်… “ ရှီဖုန်းက အော်ဟစ်လိုက်သည်။

သူ့စကားကို ကြားပြီး အဆင့်၂ ကစားသမားများက ပြေးလာကြသည်။ အဘယ်ကြောင့်ဆိုသော် ရှီဖုန်း၏ ကန့်သတ်ချက်က အလွန် နိမ့်နေ၍ ဖြစ်သည်။ အဖွဲ့အများစုက လက်နက်ကိရိယာအဆင့်များကို ကြည့်ပြီး ရွေးချယ်နေကြသည်။ အဖွဲ့ထဲဝင်နိုင်ရန်အတွက် သူတို့က သာမန်အဆင့် လက်နက်များ ရှိနေရန် လိုအပ်သည်။ သို့သော်လည်း ဂိမ်းအစပိုင်းသာ ရှိသေးသည့်အတွက် သာမန်လက်နက်များကို ကစားသမားတိုင်း မပိုင်ဆိုင်ကြသေးပေ။

“အဖွဲ့ထဲ ငါ ဝင်မယ်… ငါ ဝင်မယ်… ငါက အဆင့်၂ ဘာသာရေးခေါင်းဆောင် ဖြစ်နေပါပြီ… “

“ငါ ဝင်မယ်… ငါက အဆင့်၂ ဒိုင်းစစ်သည်ပါ… ငါ့မှာ အဆင့်၁ သာမန်လက်မောင်းကာတစ်ခုလည်း ရှိပါတယ်… “

တစ်ခဏအတွင်းမှာပင် ရှီဖုန်းက လူ၄ယောက်ကို ခေါ်ပြီးသွား၏။

ထိုလူ၄ယောက်က ပျော်ရွှင်နေကြသည်။ ၁၀ကျော်ထဲမှ သူတို့၄ယောက်က အရွေးခံရ၍ ဖြစ်သည်။ သို့သော်လည်း သူတို့က ခေါင်းဆောင်ဖြစ်သည့် ရှီဖုန်း၏ အဆင့်ကို မြင်ပြီးနောက်တွင် ဒေါသတကြီးဖြင့် တစ်ယောက်ပြီးတစ်ယောက် အဖွဲ့မှ ထွက်သွားကြသည်။

“ဘယ်လိုကောင်လဲကွာ… အဆင့်၁နဲ့ သေဆုံးခြင်းသစ်တောကို ဝင်မလို့တဲ့… မြေအောက်ဘုံကို ဝင်ချင်ရင် မင်းတစ်ယောက်တည်းဝင် ငါတို့က မင်းနဲ့လိုက်ပြီး အသေမခံနိုင်ဘူး… “

“အဖွဲ့ ဖွဲ့ဖို့ ဘာကန့်သတ်ချက်မှ မရှိတာ အံ့ဩစရာ မဟုတ်ဘူး… သူက ငါတို့ကို ဦးဆောင်ချင်တယ်ပေါ့… အိမ်မက်ပဲ ဆက်မက်နေလိုက်… “

ထို၄ယောက်က အလွန်ဒေါသထွက်ပြီး ကြုံးဝါးနေကြသဖြင့် သူတို့၏ အသံကို သေဆုံးခြင်းသစ်တောရှိ ကစားသမားအားလုံး ကြားနိုင်ပေသည်။

“ဟီး… ဟီး… အဆင့်၁ ကစားသမားတစ်ယောက်ကတောင် သေဆုံးခြင်းသစ်တောထဲ ဝင်ရဲတယ်ဆိုပြီး လာကြွားနေတာပဲ… သူက EXP နဲ့ လက်နက်ကိရိယာတွေကို လိုချင်လို့ ဉာဏ်ဆင်နေတာပဲ ဖြစ်ရမယ်… တော်သေးတာပေါ့ အဲ့အဖွဲ့ထဲ မဝင်လိုက်မိလို့… “

“ကြီးမားတဲ့ သစ်တောတစ်တောမှာ ငှက်မျိုးစုံ ရှိနေတာကို ဘယ်လိုလုပ်ပြီး အဆင့် ၁ပဲ ရှိသေးတဲ့ ကောင်နဲ့ အဖွဲ့ ဖွဲ့ချင်မှာလဲ… ဒါက စော်ကားတာနဲ့ မတူဘူးလား… “

အဆင့် ၂ကစားသမားများက ရှီဖုန်းကို တစ်ယောက်ပြီး တစ်ယောက် လှောင်ပြောင် ပြောဆိုကြသည်။

“မင်းတို့က အဖွဲ့ မဖွဲ့ချင်လည်း ထွက်သွားလိုက်… ငါတို့က မင်းတို့ကို အဖွဲ့ ဖွဲ့ဖို့ တောင်းပန်နေမှာ မဟုတ်ဘူး… “ ဘလက်ကီက သူတို့၏စကားများကို ကြားပြီး ဒေါသထွက်လာသည်။ သူက ရှီဖုန်း၏ ကျွမ်းကျင်မှုကို အလွန်ယုံကြည်သည်။ သို့သော်လည်း ထိုလူများကတော့ အသုံးမကျသည့်သူဟု ပြောဆိုလှောင်ပြောင်နေကြ၏။ အဆင့် ၂ ရှားပါး လက်ရွေးစင်တစ်ကောင်ကို အသုံးမကျသည့် ကစားသမားက အဆင့်၂ဖြင့် သတ်ိနုင်ပါ့မလား။ အဆင့်၅ ကိုဘိုးအကြီးအကဲကိုရော အဆင့် သုညဖြင့် သတ်နိုင်ပါ့မလား။ ထိုလူများက သွေးနားထင်ရောက်နေသည့် အရူးများသာ ဖြစ်ပေသည်။

“အိုး… ငါတော့ အမြင်ကျယ်သွားတာပဲ… အဆင့်၁ အသုံးမကျတဲ့ အုပ်စုက တစ်ကယ်ကို အံ့ဩဖို့ ကောင်းတယ်… မင်းတို့ ၂ယောက်က အုပ်စု၁ခု ရအောင် ဘယ်လိုဖွဲ့ မလဲ ငါ အရမ်း သိချင်နေပြီ… “ ဘာသာရေးခေါင်းဆောင်က အေးစက်စက်အပြုံးနှင့်အတူ အုပ်စုမှ ထွက်သွားလေသည်။

ထိုအချိန်တွင် အဖော်မဲ့နှင်းက ပြေးလာပြီး ရှီဖုန်းကို အလျင်အမြန် ပြောလိုက်သည်… “အစ်ကိုကြီး… ကျွန်တော် အဖွဲ့ထဲ ဝင်ချင်တယ်… ငါ့မှာ သာမန်သတ္တုချပ်ဝတ် ၂ခု ရှိပါတယ်… ခုခံမှုက ၂၄… “

“ကောင်းပြီ… ရှီဖုန်းက ချက်ချင်း ဖိတ်ခေါ်မှုကို ပို့လိုက်သည်။

အဖော်မဲ့နှင်းက မူလအဖွဲ့မှ ထွက်လာပြီး သူတို့အဖွဲ့ကို လာလိမ့်မယ်ဟု ဘလက်ကီက ထင်မထားခဲ့ချေ။ ချက်ချင်းပင် သူက အဖော်မဲ့နှင်းပေါ်တွင် အမြင်ကောင်းတစ်ခု ရှိသွား၏။

ဘလက်ကီက အဖော်မဲ့နှင်း၏ ပခုံးကို ပုတ်ပြီးတော့ အားရပါးရ ရယ်မောလိုက်သည်။

“မင်းမှာ အမြင်ကောင်းကောင်း ရှိတာပဲ… မပူပါနဲ့… အစ်ကိုဖုန်းနောက်ကို လိုက်တာ ကျိန်းသေ အမှားတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး… “

“ဟာ… အဲ့လိုစိတ်မျိုး မရှိပါဘူး… “ ပြောသာ ပြောလိုက်ရသော်လည်း အဖော်မဲ့နှင်း၏ စိတ်ထဲတွင် စိုးရိမ်မှု အနည်းငယ် ရှိနေသေး၏။ ရှီဖုန်း၏ ကျေးဇူးကြောင့် သူက အဆင့်၂သို့ မြန်မြန် ရောက်သွားခဲ့ရသည်။ သို့သော်လည်း ရှီဖုန်းကိုယ်တိုင်က အဆင့်၂သို့ မရောက်သေးဘဲ လက်နက်အစုတ်ကို ချိတ် ဆွဲထားသည့်အတွက် အဖော်မဲ့နှင်းက နားမလည်နိုင်အောင် ဖြစ်နေရသည်။

ဘေးမှ သူတို့ကို ကြည့်နေသည့် ကစားသမားများအားလုံး အံ့အားသင့်ကုန်သည်။ အဆင့်၁ ကစားသမားတစ်ယောက်နှင့် မြေအောက်ဘုံသို့ ဝင်ရဲသည့် အဆင့်၂ကစားသမားတစ်ယောက် အမှန်အကန် ရှိနေသည်။ ဒါ့အပြင် ထိုလူက လက်နက်ကောင်းများကိုလည်း ပိုင်ဆိုင်ထား၏။ အဖော်မဲ့နှင်းထံတွင် ရှိသည့် သတ္တုချပ်ဝတ်နှင့်ဖိနပ်ကက အမှိုက်အဆင့်များ မဟုတ်ဘဲ သာမန်လက်နက်များ ဖြစ်သည်။

အဖော်မဲ့နှင်းက အဖွဲ့သို့ လာပေါင်းပြီးနောက် ၁၀မိနစ်ကျော် ကြာသည်အထိ နောက်ထပ် မည်သူမှ လာမပေါင်းကြပေ။ သူတို့၃ယောက်တည်းဖြင့် မြေအောက်ဘုံသို့ ဝင်ပြီး ရှင်းလင်းဖို့ကလည်း မဖြစ်နိုင်သည့် ကိစ္စတစ်ခုပင်။

ထိုအချိန်၌ ညင်သာလှုပ်ရှားက ကစားသမားအုပ်စုတစ်ခုကို ခေါ်လာလေသည်။

“ဟီးဟီး… ကျွမ်းကျင်သူကြီး… အခုထိ အဖွဲ့ မဖွဲ့ရသေးဘူးလား… ကျွန်တော်တို့ တောင် တခြား၃ယောက် ရှာပြီးပြီ… သူတို့၃ယောက်စလုံးက အနည်းဆုံး သာမန်အဆင့် အိုင်တမ်၂ခု၊ ၃ခုလောက်တော့ ရှိကြတယ်… “ ဘာသာရေးခေါင်းဆောင် စကားလုံးမဲ့နွေညက လှောင်ပြောင်လိုက်သည်။

ညင်သာလှုပ်ရှားက ရှီဖုန်းကို တစ်ချက်ကြည့်ပြီးနောက် အဖော်မဲ့နှင်းထံသို့ ကြည့်ကာ ပြောလိုက်သည်… “မင်း သူ့နောက် လိုက်မယ်ဆိုရင် မင်းအနာဂါတ်က ကောင်းမှာ မဟုတ်ဘူး… ငါတို့ မြေအောက်ဘုံကို မဝင်ခင်အထိ မင်းဆုံးဖြတ်နိုင်တယ်… မင်းအတွက် မနစ်နာစေရဘူးလို့ ငါ အာမခံတယ်… “

ထို့နောက် သူက ဘလက်ကီကို ကြည့်လိုက်သည်။ ယခင်က သူ့အာရုံသည် ရှီဖုန်းအပေါ်တွင်သာ ရှိနေသဖြင့် ဘလက်ကီကို သတိမထားမလိုက်ပေ။ ယခု သေချာ ကြည့်လိုက်ခါမှ ဘလက်ကီ၏ အဝတ်အစားများက တောက်ပြောင်နေသည်ကို သတိပြုမိ၏။ ဘလက်ကီက သစ်နက်တုတ်တံကိုတောင်မှ ကိုင်ထားသေးသည်။ ထိုသစ်နက်တုတ်တံက အတော်အသင့် ကောင်းမွန်ပေလိမ့်မည်။ ထို့အပြင် ဘလက်ကီက အဆင့်၂ ဖြစ်သည့်အတွက် သူ၏ ကျွမ်းကျင်မှုကလည်း ဆိုးသည့်အထဲ ပါမည့်ပုံ မပေါ်ပေ။

“မင်းလည်း မဆိုးဘူး… ငါတို့အဖွဲ့နဲ့ ဘာလို့ မပူးပေါင်းတာလဲ… ငါတို့အဖွဲ့က လက်ရွေးစင်အဖွဲ့ဆိုတာ မင်း သိသင်တယ်… ငါတို့သာ အတူပူးပေါင်းလိုက်မယ်ဆိုရင် မြေအောက်ဘုံကို လွယ်လွယ်ကူကူနဲ့ ရှင်းနိုင်လိမ့်မယ်… “ ညင်သာလှုပ်ရှားက ဘလက်ကီကို ပြုံးပြီး ပြောလိုက်သည်။

“ထွက်သွားစမ်း… မင်းရဲ့ အဖွဲ့စုတ်နဲ့ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား… “ ဘလက်ကီက ညင်သာလှုပ်ရှားကို သစ်နက်မှော်တုတ်တံနှင့် ချိန်ပြီး ပြန်ဟောက်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကြေးအဆင့်လက်နက်၏ ရောင်ခြည်စက်ဝန်းကို ထုတ်လိုက်ပြီး ဆက်ပြောသည်… “မင်းတို့မှာ ရှိတာ သာမန်အဆင့် အိုင်တမ် ၂ခု၊ ၃ခု လောက်ပဲ… ငါ့မှာ ကြေးအဆင့် အိုင်တမ်၃ခုနဲ့ သာမန်အဆင့် အိုင်တမ်၂ခု ရှိတယ်… “

ညင်သာလှုပ်ရှားနှင့် တခြားသူများက အလွန် အံ့အားသင့်သွားလေသည်။ ဘလက်ကီက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ မထင်ထားမိကြချေ။ ယခုအချိန်တွင် သာမန်အဆင့် အိုင်တမ်၂ခု၊၃ခု ပိုင်သည့်သူများကို ကျွမ်းကျင်သူများဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် ကြေးအဆင့် အိုင်တမ်တစ်ခုကို ရရှိထားသည့် သူကတော့ တစ်ကယ့် ကျွမ်းကျင်သူသာ ဖြစ်ပေလိမ့်မည်။ အစည်းအရုံးတိုင်းက ထိုကဲ့သို့ ကျွမ်းကျင်သူကို စည်းရုံးနိုင်ရန် တိုက်ခိုက်ကြရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူတို့အရှေ့မှ ဘလက်ကီကတော့ ကြေးအဆင့် အိုင်တမ်၃ခုအထိ ပိုင်ဆိုင်ထား၏။

ညင်သာလှုပ်ရှား၏ အဖွဲ့ကလည်း အလွန်အံ့အားသင့်နေလေသည်။ သူတို့က ကြေးအဆင့် အိုင်တမ်၏ ရောင်ခြည်စက်ဝန်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့၏ မျက်လုံးများက မျက်လုံးအိမ်မှ ထွက်ကျတော့မည့်အတိုင်းပင်။

ထိုအချိန်တွင် ဘလက်ကီ၏ ဘေး၌ ရပ်နေသော အဖော်မဲ့နှင်းက ပါးစပ် အဟောင်းသား ဖြစ်သွား၏။ သူက ဘလက်ကီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူက ရှီဖုန်းကို တွေ့ရခဲ့သည့် ကျွမ်းကျင်သူတစ်ယောက်ဟု ထင်ထားသော်လည်း ဘလက်ကီကသာ တကယ်ကျွမ်းကျင်သူအစစ် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

“အစ်ကိုကြီး… အစ်ကိုကြီးသာ ဒီလိုကောင်မျိုးနဲ့ အဖွဲ့ ဖွဲ့ပြီး မြေအောက်ဘုံကို ဝင်မယ်ဆိုရင် အောင်မြင်ဖို့ မပြောနဲ့ အစ်ကိုကြီးတောင်မှ သေသွားနိုင်တယ်… အဲ့တာကြောင့် ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား… မြေအောက်ဘုံက ရတဲ့ မှော်လက်နက်အိုင်တမ်တွေထဲက ကြိုက်တဲ့ဟာ အစ်ကိုကြီး ယူနိုင်ပါတယ်… “ ညင်သာလှုပ်ရှားက အရှက်ခွဲခံရသည်ကို ဒေါသထွက်သော်လည်း ဘလက်ကီကိုသာ ခေါ်နိုင်ခဲ့မည်ဆိုလျှင် မြေအောက်ဘုံကို ရှင်းလင်းရန် ပိုပြီး အခွင့်အရေးများလာလိမ့်မည်ဖြစ်သည်။

“ငါလည်း မင်းရဲ့ အတွေးနဲ့ အတူတူပဲ… မင်းလို့ မနူးမနပ် အဖွဲ့နဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ငါ့အတွက် ဝန်ထုတ်ဝန်ပိုးတွေပဲ ဖြစ်လာလိမ့်မယ်… “ ဘလက်ကီက တစ်ခစ်ခစ် ရယ်မောလိုက်သည်။

“မင်း… “ ညင်သာလှုပ်ရှား၏ မျက်နှာက နီရဲလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်… “ကောင်းပြီ… ဘယ်သူက သေဆုံးခြင်းသစ်တောကို အရင်ရှင်းနိုင်မလဲ ကြည့်ရသေးတာပေါ့… “

သူက ပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။ အသုံးမကျသည့်ကောင် တစ်ယောက်ပါသည့် အဖွဲ့က သေဆုံးခြင်းသစ်တောကို ရှင်းနိုင်လိမ့်မည်ဟု မထင်ပေ။

“ဟမ့်… သူက တိုက်ခိုက်မှုစွမ်းအားကောင်းတဲ့ ကစားသမားတစ်ယောက်ပါပဲ… သူတစ်ယောက်တည်းနဲ့ မြေအောက်ဘုံကို ရှင်းနိုင်မယ်များ ထင်နေတာလား… “ စကားလုံးမဲ့နွေညက မနာလိုသည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။

“ဟုတ်တယ်… ငါတို့အားလုံးက ဝါရင့် ကစားသမားတွေချည်းပဲ… ဒါ့ကြောင့် ငါတို့က မြေအောက်ဘုံကို ရှင်းတဲ့နေရာမှာ သူတို့ထက် သာမှာပဲ… “ ဒိုင်းစစ်သည်ကို ပြောလိုက်သည်။

ညင်သာလှုပ်ရှား၏ အဖွဲ့ ထွက်သွားပြီးနောက်တွင် ရှီဖုန်း၏ အဖွဲ့သို့ စာရင်းပေးသူများ ရုတ်တရက် ရောက်ရှိလာသည်။

ထိုအကျိုးသက်ရောက်မှုက ဘလက်ကီ ဝတ်ဆင်ထားသည့် လက်နက်ကိရိယာများကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ကြေးအဆင့်အိုင်တမ်က ကျွမ်းကျင်သူတစ်ယောက်၏ အမှတ်အသားဖြစ်သည်။ အဖွဲ့တစ်ဖွဲ့တွင် အသုံးမကျသည့် တစ်ယောက် ရှိနေလျှင်တောင်မှ ကြေးအဆင့် အိုင်တမ်၃ခုနှင့် ကျွမ်းကျင်သူက သာမန်ကျွမ်းကျင်သူများထက် ၂ဆခန့် သန်မာနေပေလိမ့်မယ်။ ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက် ရှိသည့် အဖွဲ့က တခြားသာမန်အဖွဲ့များထက် အများကြီး သာလွန်ပေသည်။

သို့သော်လည်း ရှီဖုန်းက သည်တစ်ခေါက်တွင် ကြုံရာလူကို မဖိတ်ခေါ်တော့ဘဲ ကန့်သတ်ချက်များဖြင့် ခေါ်လေသည်။ ဤအဖြစ်အပျက်ကြောင့် စောစောမှ ထွက်သွားသည့် ၄ယောက်က နောင်တကြီးစွာ ရလေသည်။ သူတို့၏ စိတ်လိုက်မာန်ပါ လုပ်ခဲ့မှုကြောင့် ယခု အဖွဲ့သို့ ဝင်ချင်လျှင်တောင်မှ ဝင်ခွင့်ပေးမှာ မဟုတ်တော့ချေ။

ရှီဖုန်းက တက်တက်ကြွကြွဖြင့် အဖွဲ့ဝင်များကို စုဆောင်းနေသည့်အချိန်တွင်… ။

မြေအောက်ဘုံဝင်ပေါက်၏ အနောက်တောင်ပိုင်း၌ ကြီးစွာသော လှုပ်ရှားမှုတစ်ရပ် ပေါ်လာပြီး များစွာသော ကစားသမားများက စိတ်လှုပ်ရှားစွာ တစ်ယောက်ပြီးတစ်ယောက် ပြေးလွှား၍ သွားကြည့်ကြသည်။

“ဒါ မဖြစ်နိုင်ဘူး… ဒီလိုနေရာမျိုးမှာ တွေ့ရတယ်… “ ဘလက်ကီ၏ မျက်လုံးများက ရှေ့တည့်တည့်သို့ စိုက်ကြည့်နေလေသည်။

ရှီဖုန်းလည်း အံ့ဩသွား၏။ အနီရောင်သစ်ရွက်မြို့တော်ကဲ့သို့ နေရာလေးတွင် ဤကဲ့သို့ အရေးပါသော လူတစ်ယောက် ရောက်လာခဲ့သည်။ သည်ကိစ္စက တစ်ကယ်ကို ထင်မထားသည့် ကိစ္စဖြစ်၏။ အနီရောင်သစ်ရွက်မြို့က ဝပ်နေတဲ့ ကျားတွေနဲ့ ပုန်းနေတဲ့ နဂါးတွေ ရှိတဲ့ နေရာတစ်ခု ဖြစ်နိုင်လား။ ရှီဖုန်းက သူ့ကို ယခင်က ဤကဲ့သို့ နေရာတွင် မမြင်ဖူးခဲ့ပေ။

အပိုင်း ၂၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset