Switch Mode

Chapter – 81

Chapter – 81

ယဲ့ဖန်းက လူအိုလူနာ ဖျားနာတဲ့သူ ကိုယ်အင်္ဂါချို့တဲ့နေတဲ့သူ ခိုကိုးရာမဲ့နေသောသူများကို မြင်ရသောအခါ သူ၏ နှလုံးသားက မသက်မသာ ဖြစ်လာလေ့ ရှိသည်။ သို့ရာတွင် အားနည်းသူကို အနိုင်ကျင့်ပြီး မကောင်းမှုပြုလုပ်သော သူများကို မြင်ရချိန်တွင်မူ သူတို့၏ နှလုံးသားက ခံစားချက်မဲ့သွားပြီး တစ်ဖက်သူက အလွန်နာကျင်နေလျှင် မည်သို့မှ ခံစားရတော့မည်မဟုတ်ချေ။
အခြေအနေနှစ်ခုက ဆန့်ကျင်ဘက် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော် ယင်းက သူ၏ အစစ်အမှန် အကျင့်စရိုက်လည်း ဖြစ်နေသည်။ သူက တစ်ချိန်ထဲလိုလို အလွန်အမင်း ခံစားပြီး စိုးရိမ်ပူပန်တက်သည့် နွေးထွေးသော နှလုံးသားကို ပိုင်ဆိုင်ထားသူ ဖြစ်သလို တစ်ချိန်ထဲတွင်ပင် အေးစက်နိုင်သည်။ မည်သည့်ဘက်ကို ပို၍သဘောကျ​မှန်း သူကိုယ်တိုင်လည်း မသိပေ။
ဥပမာအားဖြင့် လက်ရှိ အခြေအနေမျိုးတွင် သူက ခံစားချက်မဲ့စွာရှိနေပြီး အနည်းငယ်သော သနားညှာတာစိတ်ကိုမျှ မခံစားရချေ။ သူက ထို နံပါတ် ၇ သခင်လေး၏ မျက်နှာကို ဖိနင်းပြီးနောက် အေးစက်သောလေသံဖြင့် ပြောသည်။
” မင်းက နာကျင်မှုကို မခံစားချင်ဘူးဆိုရင် ငါ့ရဲ့ မေးခွန်းကို ဖြေလိုက်။ ဒါမှမဟုတ် မင်း အကျိုးဆက်ကို နားလည်ရပါလိမ့်မယ် ”
” မျိုးမစစ်စ်ကောင် …။ ”
ဘန်း …။
ယဲ့ဖန်းက သူ့ကို ကန်ထုတ်လိုက်သည်။ နံပါတ် ၇ သခင်လေး၏ သွားများအားလုံးက အောက်သို့ပြုတ်ကျသွားပြီး သူ၏ ဖြူဖွေးကာ နူးညံ့သည့် ပါးများက ရောင်ကိုင်းသွားသည်။ နှာခေါင်းတွင် သွေးအလိမ်းလိမ်း ဖြစ်နေသည်။
” မင်းရဲ့ နူးညံ့နေတဲ့ အသားအရေကို ကြည့်ရတာ မင်းက မိန်းမစိုးအတိုင်းပဲ။ မင်း စကားမပြောချင်ဘူးဆိုရင် ငါက မင်းရဲ့ဆန္ဒကို ဖြည့်စီးပြီး မိန်းမစိုးနာမည်အတိုင်း ဆက်နေနိုင်အောင် လုပ်ပေးရုံပေါ့ ”
ယဲ့ဖန်းက ထိုသို့ဖြင့် သူ၏ ရွှေရောင်စာရွက်ကို ထုတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သက်တန့်ရောင်အလင်းက ဖျက်ခနဲလက်သွားပြီးနောက် အမှောင်ထုက ချက်ချင်း လင်းထိန်သွားသည်။
” မင်း မင်း မင်း လုပ်ရဲတာလား ”
လီကလန်မှ နံပါတ် ၇ သခင်လေးက အလွန်ထိတ်လန့်သွားသည်။
” ငါက မင်းကို မိန်းမစိုး လုပ်ပေးမလို့လေ ”
” မဟုတ်ဘူး ငါ ပြောမယ်။ ငါ အရာအားလုံးကို ပြောပြပါမယ် ”
နံပါတ် ၇ သခင်လေး၏ မျက်နှာက ထိတ်လန့်လွန်းသောကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ အမျိုးသားတစ်ယောက်အတွက် ထိုအခြေအနေက သေသည်ထက် ပိုဆိုးသည်။
” အသုံးမကျတဲ့ဟာ…။ ”
ယဲ့ဖန်းက သိပ်မဝေးသောနေရာမှ ကျောက်တုံးကြီးပေါ်တွင် ထိုင်လိုက်ပြီး တစ်ဖက်က ပြောပြသည့်အရာကို ဂရုတစိုက်နားထောင်သည်။ ထင်ထင်၏ မိဘများကို လီကလန်မှ ကျင့်ကြံသူများက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့က တန်ကြေးကြီးတစ်ခု ပေးပြီးနောက် ရှားပါးသောဆေးကို အရယူခဲ့လျက် စွမ်းအားကြီးမားသည့် သားရဲများကို အသိဉာဏ်မဲ့သွားပြီး သတ်ဖြတ်လိုစိတ်သာ ရှိနေသော စိတ်အနေအထားသို့ ရောက်သွားအောင် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မည်သူကမှ သတိမထားမိဘဲ ထင်ထင်၏ မိဘများအပေါ် ထုတ်သုံးခဲ့သည်။ အဆုံးသတ်တွင် သူတို့က ထိုဝိညာဥ်ဆေးပင်များကို ပြန်လည် သွားယူလိုက်ခြင်းအားဖြင့် အခြားသူများက ရှာမတွေ့နိုင်တော့ချေ။ ဤနည်းအားဖြင့် ကြောက်မက်ဖွယ် မိုးကြိုးသိမ်းငှက်များက ထိုလင်မယားကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အစိတ်အပိုင်းပိုင်းဖြစ်သည်အထိ ထိုးစိတ်သတ်ဖြတ်ခဲ့သည်။
ထိုကိစ္စတွင် အချို့သော ညစ်ပတ်သည့် အကြံအစည်နှင့် လှည့်ကွက်ပေါင်းများစွာ ပါဝင်နေခဲ့ပြီး ထိုကိစ္စဖြစ်လာခဲ့ခြင်း ဖြစ်သည်။ လူအများစုကလည်း မခံမရပ်နိုင် ခံစားရသည်။ ယဲ့ဖန်းကမူ သက်ပြင်းချသည်။
” သေမျိုးလောကမှာပဲ ဖြစ်ဖြစ် ကျင့်ကြံသူလောကမှာပဲ ဖြစ်ဖြစ် ဘာမှ ကွာခြားချက် မရှိဘူးပဲ။ လူတွေရှိနေသမျှ ဒီလို စိတ်ရှုပ်ထွေးစရာကောင်းလွန်းတဲ့ မုန်းတီးမှုတွေက ရှိနေဦးမှာပဲ။ ကျင့်ကြံသူတွေတောင်မှ ဒီဒုက္ခဆင်းရဲက မလွတ်မြောက်နိုင်ကြဘူး ”
ယဲ့ဖန်းက သူ၏ အင်္ကျီဝမ်းဗိုက်အတွင်းတွင် ထည့်ထားသော သစ်သားသေတ္တာလေးကို ထုတ်လိုက်ပြီးနောက် သူ့ကို ကန်ထုတ်လိုက်သည်။ လမင်းနှင့် ကြယ်စင်များ၏ အလင်းရောင်အောက်တွင် သူက လေးလံသောဆယ်နှစ်ဗူးသေတ္တာလေးကို ဖွင့်လိုက်သည်။ အထဲတွင် အဝါရောင်အတုံးလေး တစ်တုံး ရှိနေသည်။ တစ်လက်မခန့်ထူပြီး လက်တစ်ဆစ်စာ ရှည်သည်။ အလွန်အမင်း သေးငယ်နေသော်လည်း အလွန်အမင်း လေးနေသေးပြန်သည်။ ယဲ့ဖန်းကမူ အထဲမှ ထွက်လာနေသည့် အလွန်ပြင်းထန်သော အသက်အဆီအနှစ်စွမ်းအားကို ခံစားမိသည်။
” ရှေးခေတ် မှတ်တမ်းတွေအရ ကောင်းကင်နဲ့မြေပြင်ရဲ့ ချီစွမ်းအင်တွေက ပေါင်းဆုံသွားတဲ့အခါ အရာအားလုံးကို ​မွေးထုတ်ပေးနိုင်တယ်။ အပင်တွေကို အားဖြည့်ပေးနိုင်သလို သက်ရှိတွေကို ပိုပြီးစွမ်းအားကြီးမားအောင် လုပ်ပေးနိုင်တယ်။ ဝိညာဥ်ဆေးပင်တွေကို အဆုံးအစမဲ့ ပေါက်ရောက်အောင် အားဖြည့်ပေးနိုင်တယ်။ အဲ့ဒီခေတ်အတွင်း ဒီလိုအခြေအနေမျိုးဖြစ်ခဲ့သလို အရင်းအမြစ်အများကြီးလည်း ထွက်ပေါ်လာခဲ့တယ်။ အဲ့ဒီ အရင်းအမြစ်တွေက ပယင်းရောင်တောက်ပပြီး တဖျပ်ဖျပ်လက်နေတတ်သလို သူတို့ရဲ့ အတွင်းထဲမှာလဲ အသက်အဆီအနှစ်ပမာဏ အများကြီးကို ပိတ်စီးခံထားရလေ့ရှိတယ်။ အဲ့လိုအရာမျိုးကို အရင်းအမြစ်လို့ ခေါ်တယ်။ ဆိုတော့ ဒါက အရင်းအမြစ်လား ”
ယဲ့ဖန်းက ထိုအရာလေးကို လရောင်အောက်တွင် ဂရုတစိုက်ကြည့်လိုက်သည်။ ထိုအရင်းအမြစ်ဆိုသော အရာထဲတွင် မသန့်စင်မှုများအပြည့် ရှိနေသည်။ ပယင်းသားရောင် ကြည်လင်သည့်အပိုင်းက ထိုတစ်တုံး၏ သုံးပုံတစ်ပုံခန့်သာလျှင် ရှိနေသည်မှာ အလွန်အမင်း နှမြောစရာကောင်းသည်။
ယင်းက သန့်စင်သော အရင်းအမြစ် မဟုတ်ချေ။ ထိုသို့တိုင် သူ့ကို အလွန်ကျေနပ်စေသေးသည်။ အထဲတွင်ရှိနေသည့် ထိုများပြားလွန်းသည့် အသက်အဆီအနှစ်များက မြူထုလိုမျိုး လှုပ်ရှားကာ အထဲတွင် ရစ်စိုင်းနေသည်။
” ပစ္စည်းကောင်းပဲ။ ငါ့ရဲ့ ဒုက္ခဆင်းရဲပင်လယ်ကို ဖြန့်နိုင်အောင် ကူညီပေးနိုင်လောက်တယ် ”
” ဒါက ငါ့ဟာ ”
သိပ်မဝေးသောနေရာမှ လီကလန်၏ နံပါတ် ၇ သခင်လေးက သွေးအိုင်ထဲတွင် ငြီးငြူနေသည်။ သူက အံကိုကြိတ်ပြီးနောက် မုန်းတီးမှု ဒေါသအပြည့်ဖြင့် အော်သည်။
” တောင်တန်းထဲက ရှေးဟောင်း ဂူ တစ်ခုကနေ ဒီအရင်းအမြစ်ကို ရှာတွေ့ခဲ့တာ မဟုတ်လား။ ဒါက ဘယ်သူ့အပိုင်မှ မဟုတ်တာ ”
ယဲ့ဖန်း၏ နှိပ်စက်မှုအောက်တွင် နံပါတ် ၇ သခင်လေးက ဘာကိုမှ မဖုံးကွယ်ထားရဲချေ။ ထိုရှေးဟောင်းဂူထဲတွင် ကျင့်ကြံရင်း သေဆုံးသွားသည့် ကျင့်ကြံသူတစ်ယောက် ရှိခဲ့သည်။ အချိန်က အလွန်ကြာနေခဲ့လောက်ပြီး သူ၏ အရိုးစုကပင် ဆွေးမြေ့နေခဲ့လေပြီ။ ထိုသို့ဖြင့် ယခုကဲ့သို့ အရင်းအမြစ်ပစ္စည်းကသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
” ဒါ နှမြောစရာပဲ။ ငါက အခြားရနိုင်ဦးမယ်လို့ ထင်နေတာ ”
ယဲ့ဖန်းကလည်း သူက အလွန်လောဘကြီးသလို ခံစားလိုက်ရသည်။
” ငါ မင်းကို အားလုံးပြောပြပြီးပြီ။ ငါ့ကို အသက်ရှင်ခွင့် ပေးနိုင်မလား ”
လီကလန်မှ နံပါတ် ၇ သခင်လေးက မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။ ၄င်းက မျှော်လင့်ချက်သက်သက်သာဖြစ်ကြောင်း သူ သိသည်။ တစ်ဖက်သူက သူ့ကို လွတ်ပေးမည် မဟုတ်ချေ။
” မင်းက ထင်ထင်ရဲ့မိဘတွေကို သတ်တဲ့အချိန်က သနားသလို ခံစားရလား။ မင်းက ဦးလေးကျန်းနဲ့ ထင်ထင်ကို ဒီလိုဘဝမျိုးမှာ နေထိုင်ရအောင် တွေးခဲ့တဲ့အချိန်တုန်းက သူတို့အတွက် လွတ်လမ်းချန်ထားပေးဖို့ စဥ်းစားခဲ့ဖူးလား ”
ယဲ့ဖန်းက သူ့ကို အဝေးသို့ ကန်ထုတ်လိုက်ပြီးနောက် ပြောသည်။
” ငါ မင်းကို ထပ်ပြီး နာနာကျင်ကျင် မခံစားရအောင် ကိုယ့်ကိုကိုယ် စတေးခွင့်ပေးလိုက်မယ်။ ငါ အခုအချိန်ထိ ဘယ်သူ့ကိုမှ မသတ်ရသေးဘူး။ ငါ့ရဲ့လက်ကို သွေးမစွန်းချင်ဘူး ”
” မင်း မင်း မင်း ဘယ်သူ့ပေါ်မှ မသတ်ရသေးဘူး ဟုတ်လား ”
လီကလန်မှ နံပါတ် ၇ သခင်လေးက ဒူးထောက်ချော်လဲပြီး ခန္ဓာကိုယ်က တဆက်ဆက်တုန်လာသည်။ ပြီးနောက် ပြောလိုက်သည်။
” မင်းကို မိုးကြိုးပစ်ခံရသင့်တာ …။ ”
ယဲ့ဖန်းက သူ့ကို ကျောက်တုံးတစ်တုံးထံ ကန်ထုတ်လိုက်သည်။
” ကိုယ့်ကိုကိုယ် သတ်သေလိုက်။ ငါ့ကို လှုပ်ရှားရအောင် မင်း ဖိအားပေးမယ်ဆိုရင် ငါမင်းကို အရင်ဆုံး မိန်မစိုးဖြစ်အောင် လုပ်ရလိမ့်မယ်။ နောက်မှ မင်းကို သတ်ရမယ် ”
ထိုအချိန်တွင် လီကလန်မှ နံပါတ် ၇ သခင်လေးက အလွန်မုန်းတီးပြီး နာကျည်းလွန်းအားပြင်းသဖြင့် ရူးသွပ်သွားတော့မည်ဟုပင် ခံစားနေရသည်။ ထို့အပြင် သေရမည့်နည်းလမ်းကလည်း ရူးကြောင်ကြောင်နိုင်လွန်းသည်။ တစ်ဖက်သူက မလှုပ်ရှားခင် သူက ကိုယ့်ကိုကိုယ် သတ်သေရန် လိုအပ်ပေသည်။
” မျိုးမစစ်ကောင် မင်းက တကယ် မျိုးမစစ်ကောင်ပဲ။ ငါ ငါသရဲဖြစ်သွားရင်တောင် မင်းကို ဘယ်တော့မှ မလွတ်ပေးဘူး ”
လီကလန်မှ နံပါတ် ၇ သခင်လေးက ဒေါသထွက်လွန်းသဖြင့် သွေးချောင်းများ ဆက်တိုက် ဆိုးသည်။ ယဲ့ဖန်းက သိပ်မဝေးသောနေရာရှိ ကျောက်တုံးပေါ်၌ ထိုင်လျက်ပြောသည်။
” ဘာတွေ ပေါက်ကရပြောနေတာလဲ။ မြန်မြန်လေး ကိုယ့်လမ်းကို သွားလိုက်။ ငါအများကြီး စိတ်မရှည်နိုင်ဘူး ”
” မင်း … ငါ … ”
လီကလန်မှ နံပါတ် ၇ သခင်လေးက အလွန်မကျေနပ်လွန်းသဖြင့် စကားဆက်မပြောနိုင်တော့ချေ။ ပြီးနောက် အော်ဟစ်လိုက်သည်။
” မင်း အဆိုးဝါးဆုံးနည်းလမ်းနဲ့ သေရလိမ့်မယ် ”
ဘန်း …
သူက ကျောက်တုံးနှင့် သူ့ခေါင်းသူ စောင့်လိုက်ပြီး ကြမ်းတမ်းပြီး ရက်စက်သည့် နည်းလမ်းမျိုးဖြင့် သေဆုံးသွားခဲ့သည်။
” မင်းက ကိုယ့်ကိုကိုယ် သတ်သေလိုက်တာပဲ။ ငါ ဘယ်သူ့ကိုမှ မသတ်ဘူး ”
ယဲ့ဖန်းက မတ်တပ်ထရပ်ပြီးနောက် သူလုပ်စများကို ရှင်းလင်းသည်။ သူက နှစ်နာရီခန့် အချိန်ယူပြီးမှသာ အရာအားလုံးကို ဖျက်ဆီးလိုက်နိုင်သည်။ ထို့နောက် မြို့ငယ်လေးဘက်သို့ ပြန်လည်ထွက်လာခဲ့လိုက်သည်။
သူက တည်ငြိမ်နေသော်လည်း သူ၏ လက်ကမူ ချွေများရွဲနေပြီး သူ့အနေနှင့် ပထမဦးဆုံးအကြိမ် ရန်သူကို သတ်ဖြတ်ဖူးခြင်း ဖြစ်သည်။ နံပါတ် ၇ သခင်လေးက မရေမတွက်နိုင်သော ပြစ်မှုများနှင့် ဆိုးဝါးလွန်းသောအမှုများကို လုပ်ခဲ့ရာ ကွက်မျက်ရန် ထိုက်တန်သည့်တိုင် သူ့အနေနှင့် မသက်မသာ ခံစားနေရသေးသည်။
အရင်းအမြစ်ကို လုယူပြီးနောက် သူက အလောတကြီး မကျင့်ကြံခဲ့ချေ။ အရင်းအမြစ်ထဲတွင် အသက်အဆီအနှစ်ပေါင်းများစွာ ပါဝင်နေကြောင်းကို သူက ကောင်းကောင်း နားလည်ထားသည်။ အဆင့်တက်ပြီးနောက် ထွက်လာသည့် အရင်းအမြစ် စွမ်းအင် အားလှိုင်းပေါင်းများစွာကိုသာ သူက ဂရုမစိုက်ခဲ့လျှင် အခြားသူများက တွေ့သွားနိုင်သည်။ ထို့ကြောင့် သူက ဂရုစိုက်ရန် လိုအပ်သည်။
နောက်ထပ် နှစ်ရက်အတွင်း မြို့ငယ်လေးက ငြိမ်းချမ်းနေခဲ့သည်။ သို့သော် တတိယမြောက်ရက်တွင် မြူကောင်းကင် ဂူ ဂိုဏ်းသို့ ရောက်နေခဲ့သည့် လီကလန်မှ အခြားကျင့်ကြံသူနှစ်ယောက်က ပြန်ရောက်လာသည်။ ထိုသို့ဖြင့် မြို့တစ်ခုလုံးက အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
” လီကလန်က နံပါတ် ၇ သခင်လေးက ပျောက်နေတာလား ”
” ဘယ်လိုဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်က ပျောက်နိုင်မှာလဲ ”
” လီကလန်က ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ပြန်ခံရတာပဲ ”
” ဘာကို ပြန်ခံရတာလဲ။ ဝမ်ကလန်က လုပ်တာပဲ ဖြစ်ရမယ်။ လီကလန်ရဲ့ ရန်သူတွေထဲမှာ ဘယ်သူကများ ဒီလို လုပ်ရဲမှာလဲ။ သေချာပေါက် အခြားသူတွေထဲမှာ ဒီလိုအင်အားရှိမှာတဲ့လား ”
” ဟုတ်တယ် ငါ လီကလန်က အစေခံတွေ ပြောတဲ့စကားကို ကြားထားတဲ့အတိုင်းဆိုရင် သိပ်မကြာခင်က အရင်းအမြစ်ကြောင့် ဖြစ်လောက်တယ် ”
…..
မြို့ငယ်လေးမှ သာမန်လူများက ထိုအကြောင်းအရာကို ဆွေးနွေးနေသည့်တိုင်အောင် မုန်တိုင်းက မည်မျှကြီးမားကြောင်း မည်သူကမှ မသိထားကြချေ။ လီကလန်မှ လူတိုင်းက အလွန်အမင်း ဒေါသထွက်နေကြသည်။ တစ်ချိန်ထဲတွင်ပင် ကြောက်လန့်နေကြသည်။
အစပိုင်းတွင် ယဲ့ဖန်းက ဂရုမစိုက်ခဲ့ချေ။ လီကလန်သို့ ပြန်ရောက်လာခဲ့သည့့် ထိုနှစ်ယောက်က အသက်ဝိညာဥ်နယ်မြေအဆင့်သို့ မရောက်သေးရာ သက်တန့်ရောင်တိမ်စိုင်ကို မထုတ်နိုင်သေးပေ။
ထို့ကြောင့် သူတို့က ကြောက်စရာမကောင်းချေ။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် တိုးတက်လာသည့် ကိစ္စ၏ အပြောင်းအလဲက သူ မျှော်လင့်ထားသည်ကို ကျော်လွန်သွားပြီး မုန်တိုင်းက ပို၍ကြီးမားလာသည်။
မြူကောင်းကင်ဂူ မှ လူများက ရောက်လာခဲ့သည်။ ထိုထဲတွင် အသက်စမ်း ရေကန်အဆင့် ကျင့်ကြံသူ အများအပြား ပါလာခဲ့လေသည်။ သူတို့က လီကလန်၏ လမ်းကို ဦးဆောင်စေပြီး အရင်းအမြစ်ကို ရှာတွေ့ခဲ့သည့် ရှေးဟောင်း ဂူထံသို့ သွားခိုင်းသည်။
ထို့​အပြင် ဝမ်ကလန်မှ ကျင့်ကြံသူများကလည်း သူတို့၏ဂိုဏ်းမှ အခြားသူများကို ခေါ်ကာ ရှေးဟောင်းဂူကို လိုက်လံရှာဖွေသည်။ ဤနည်းအားဖြင့် ပြင်းထန်သည့်ရန်ပွဲက ဖြစ်ပွားတော့သည်။
” ဒီနေရာက အရင်းအမြစ် သွေးကြောများ ဖြစ်နေနိုင်လား ”
တစ်ရက်တွင် မြင်းများစီးထားသည့် လူဆယ်ယောက်ကျော်က မြို့ငယ်လေးထံသို့ လာသည်။ အားလုံးက မှော်သားရဲများကို စီးထားကြခြင်း ဖြစ်ပြီး သားရဲများ၏ ကိုယ်ပေါ်မှ ကြေးခွံက အလွန်ထူကာ ဦးချိုများလည်း ပါသည်။ အလယ်မှ စီးတော်သားရဲဆိုလျှင် အထူးခြားဆုံးဖြစ်သည်။ ကိုယ်ထည်တစ်ခုလုံးက ရွှေရောင်ကြေးခွံများပြည့်နေပြီး တောက်ပသည့်အလင်းရောင်က သူ့ကို ဝိုင်းပတ်နေကာ ရွှေရောင်မီးတောက် လောင်ကျွမ်းနေသည့်ပမာ ထင်ရသည်။ ပုံစံက ရွှေခြင်္သေ့ပုံစံရှိပြီး ခေါင်းပေါ်တွင်ရှိသည့် ဦးချိုနှစ်ခုက ခရင်းဂွ ပုံသဏ္ဍာန်ဖြစ်နေသည်။ ခရင်းဂွပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းက ရှိနေသည်။
ထို့ကြောင့် အလွန်အမင်း ခမ်းနားကာ မြင့်မြတ်သယောင် ထင်ရသည်။ သူ၏ ခွာလေးဖက်က မြေသို့ပင် မထိချေ။ သို့သော် အမြဲတစေ မြေပြင်နှင့် သုံးလက်မခန့်အကွာတွင် ရှေ့သို့သွားနိုင်သည်။ သူက လေထဲတွင် ပျံသန်းနေသည်နှင့် တူနေသည်။ မျှော်မှန်းကြည့်ရုံဖြင့်ပင် ထိုသားရဲကြီးက အလွန်ထူးခြားပြီး စွမ်းအားကြီးသလို အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။
ရွှေခြင်္သေ့ပေါ်တွင် ထိုင်နေသည်မှာ အသက် ၂၄ သို့မဟုတ် အသက် ၂၅ ခန့်ရှိသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး ပညာတတ် တစ်ယောက်လိုမျိုး ညင်သာသိမ့်မွေ့သည်။ သူ၏ မျက်နှာတွင် ကြင်နာတက်သည့် အပြုံးက ရှိနေသည်။ သူက အလွန်ချောမောပေသည်။ သူ၏ မျက်လုံးများက ရေသေကဲ့သို့ တည်ငြိမ်ပြီး ဖျော့တော့သော နေအလင်းရောင်က အထဲတွင် ရစ်ဝဲနေသည်။ သူက ကျောက်စိမ်းကဲ့သို့ ချောမောလွန်းသည်ဟု ဆို၍ ရသည်။
သူ၏ တစ်ဖက်တစ်ချက်ဆီတွင် အခြားစီးတော်သားရဲများနှင့်အတူ ကပ်လိုက်လာသည့် လူနှစ်ယောက်ရှိသည်။ ဘယ်ဘက်တစ်ယောက်က ထူးခြားသည့် အစိမ်းရောင်သားရဲကြီးကို စီးထားသည်။
ထိုသားရဲကြီးက ခြင်္သေ့ သို့မဟုတ် ကျားပုံစံနှင့် တူသည်။ ကိုယ်ပေါ်ရှိ အစိမ်းရောင်အမွှေးများက အလွန်အမင်းရှည်ပြီး အလွန်သန့်ရှင်းကာ တဖျပ်ဖျပ်လက်နေပြီး ကျောက်စိမ်းရောင် တောက်ပနေသည်။ ကြည်လင်သော သလင်းရောင်က တလက်လက်တောက်ပနေသလို မျက်စိဖမ်းစားနိုင်သေးပြန်သည်။ ထိုအချိန်တွင် သူ၏ ခေါင်းထိပ်တွင်ရှိသည့် ကျောက်စိမ်းဦးချိုက မမျှော်လင့်ထားစွာပင် ငါးရောင်ခြယ် နတ်အလင်းကို ထုတ်လွတ်နေပေသည်။
ထိုငါးရောင်ခြယ် ထူးဆန်းသော သားရဲကြီးက လေထဲတွင်ပင် ပျံသန်းနေသည်။ မြေပြင်သို့ပင် မထိချေ။
ထိုသားရဲပေါ်တွင် ထိုင်နေသည်မှာ ၁၆ နှစ်၊ ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်သည်။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်သည့် အရှိန်အဝါအပြည့်ကို ထုတ်လွတ်နေသည်။ သို့ရာတွင် သူ၏ကိုယ်မှ အနည်းငယ် ထောင်လွှားမောက်မာသော အရှိန်အဝါကို ခပ်ရေးရေး ခံစားမိနိုင်သည်။ သူက အရာအားလုံးကို အထင်တသေးသာကြည့်သည်။
အခြားတစ်ဖက်တွင်မူ ငွေရောင်အလင်းများ တောက်ပနေသည့် သားရဲကို စီးနင်းထားသူ ဖြစ်သည်။ ၄င်းက နတ်သမင်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် ငွေရောင်ကြေးခွံများအပြည့် ရှိနေသည်။ ပို၍ဆိုးသည်မှာ သူ၏ နဖူးအလယ်ကြားတွင်ရှိသည့် မျက်လုံးတစ်စုံဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးက သန့်စင်ကာ တော်ဝင်ဆန်သည့် မြင့်မြတ်သော အရှိန်အဝါများကို လွတ်ထုတ်နေသည်။ သူက လေထဲတွင် ပျံသန်းသွားလာနေခဲ့ကာ ဖုန်တစ်စက်မှပင် မစင်ချေ။
အပေါ်တွင် ထိုင်နေသည်မှာ ၁၆ နှစ်၊ ၁၇ ခန့်အရွယ်ရှိသည့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမ၏ အသားအရေက ခရင်တစ်ခုကဲ့သို့ ထင်ရပြီး မျက်ဝန်းကလည်း ဆောင်းတွင်းရေစင်လိုမျိုး ရစ်စိုင်းနေသယောင်ယောင် ထင်ရသည်။ နှုတ်ခမ်းရောင်များက ဆေးစက်ချထားသလို ထင်ရပြီး အလွန်အမင်း လှပသည်။ သို့ရာတွင် သူမထံမှ ချဥ်းကပ်ရန် ခက်ခဲပြီး လက်လှမ်းမမှီနိုင်သည့် အရှိန်အဝါမျိုးကို ထုတ်လွတ်နေကာ အလွန်အမင်း မာနကြီးသည်ဟု ထင်ရသည်ည်။
အနောက်ဖက်တွင်လည်း အလားတူ ထူးဆန်းသည့်သားရဲကြီးပေါင်းများစွာ လိုက်လာကြသည်။ အားလုံးက အလွန်အမင်း ရှားပါးကာ ထူးဆန်းသည့် သားရဲကြီးများ ဖြစ်နေသည်။ အချို့သားရဲများကို သိပ်သည်းသည့် ကြေးခွံများက ဖုံးလွှမ်းထားပြီး အချို့သားရဲများကမူ ကျောက်စိမ်းသလင်းရောင် တောက်ပနေသေးပြန်သည်။ အားလုံးက အလင်းတန်းများဖြင့် တောက်ပနေသည်။ သားရဲများပေါ်တွင်ရှိသည့် လူများကမူ အသက် ၂၀ မှ ၄၀ ဝန်းကျင်ကြားတွင် ရှိသည်။ အမျိုးသား အမျိုးသမီးပေါင်းစုံ ပါ၀င်သည်။ သူတို့အားလုံးက ထူးခြားကာ မြင့်မြတ်သည့် အရှိန်အဝါမျိုးကို သယ်ဆောင်ထားကြကာ သူတို့၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် တိုက်ပွဲဝင်စိတ်ဆန္ဒကလည်း ပြင်းထန်သည်။
အဝေးမှ ယဲ့ဖန်းက အရာအားလုံးကို မြင်လိုက်ရပြီး လေအေးများကို ရှူရှိုက်မိသွားသည်။ ထိုလူများ၏ နောက်ခံကို ခန့်မှန်းရန် ခက်ခဲသည်။ ထိုလူများက သာမန်လူများ မဟုတ်နိုင်ချေ။
ရှေ့ဆုံးမှ ဦးဆောင်လာသည့် လူသုံးယောက်ဆိုလျှင် ထည့်မပြောသင့်တော့ချေ။ နောက်မှ လူများနှင့် မြင်းသမားများက သူ မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းထဲတွင် တွေ့ခဲ့သည့် ရှေးဟောင်းနယ်မြေများ၊ ကလန်ကြီးများနှင့် အထွတ်အမြတ် နယ်မြေများမှ လူများထက် အားမနည်းနိုင်ချေ။ သူတို့၏ ကိုယ်မှ ထွက်ပေါ်နေသည့်စွမ်းအားကြီးမားသော ရက်စက်သည့် အရှိန်အဝါက သူ့ထံ စုပြုံတိုးဝင်လာသည်။
” ဒီမြို့မှာ ကျန်းမျိုးရိုး နာမည်နဲ့ မိသားစု ရှိသလား … မေးပါရစေ ”
ထိုအချိန်တွင် မြင်းသမားတစ်ယောက်က မြို့ထဲရှိ လူများကို မေးသည်။
ယဲ့ဖန်း၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။
” ဘာလို့ သူတို့က ကျန်းမျိုးနွယ် လူတွေကို လာရှာနေတာလဲ ”
အပိုင်း (၈၁) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset