Switch Mode

Chapter – 80

Chapter – 80

နေ့လယ်တွင် ယဲ့ဖန်းက ဆိုင်သို့ ပြန်သည်။ သူက ဦးလေး ကျန်း၊ ရှောင်ထင်ထင်တို့နှင့် စားရသည့် လေထုအခြေအနေကို သဘောကျသည်။
စားသောက်ပြီးနောက် ရှောင်ထင်ထင်က နားလည်စွာဖြင့် ပန်ကန်သွားဆေးသည်။ ယဲ့ဖန်းက ထိုမြင်ကွင်းကိုမြင်သောအခါ ရှက်သွားရသည်။ သူက ရှောင်ထင်ထင်ကို ဘာမှ မကူညီပေးနိုင်ချေ။
” အကိုကြီး လုပ်ပါမယ်။ ညီမလေးက ငယ်သေးတယ်။ ဒါမျိုးလုပ်ဖို့ မလိုသေးဘူး။ တရေး သွားအိပ်လိုက်။ ညီမလေး အရပ်ရှည်လာဖို့ လိုအပ်တယ် ”
” အကိုကြီး လုပ်စရာ မလိုပါဘူး။ ညီမက ပန်ကန်ဆေးတတ်ပါတယ်။ သူတို့ သေချာပေါက် သန့်ရှင်းမှာပါ ”
ရှောင်ထင်ထင်လေးက ယဲ့ဖန်းကို ဘေးသို့ တွန်းထုတ်သည်။
ဦးလေးကျန်း၏ မျက်နှာတွင် အပြုံးအပြည့်ရှိနေသည်။ သူက ပန်းကန်ပြားကို သိမ်းပြီးနောက် ညီမဖြစ်သူကို အလိုလိုက်သောမျက်ဝန်းမျိုးဖြင့် ကြည့်သည်။
ထိုအချိန်တွင် နွေးထွေးသော လေထုကို အသံတစ်သံက ဖျက်ဆီးလိုက်သည်။
” ခင်ဗျားကို နှစ်နှစ်လောက် မမြင်တာနဲ့ ဒီကောင်မလေးက အရွယ်တောင် ရောက်လာတာပဲ။ သူက အချို့ကိစ္စတွေကိုလည်း လုပ်တတ်နေပြီ ”
အသက် ၂၅ ဝန်းကျင်ခန့်ရှိသည့် လူငယ်က ဖျက်လတ်စွာဝင်လာပြီး ဦးလေးကျန်းနှင့် ယဲ့ဖန်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်ပြီးနောက် ရှောင်ထင်ထင်ကို ကြည့်သည်။
” ဦးလေးက ဘယ်သူလဲ။ သမီးကို သိတာလား ”
ရှောင်ထင်ထင်က နှုတ်ချိုသည်။ တစ်ဖက်သူထံမှ ရန်လိုမှုကို ခံစားရနေသည့်တိုင် ဦးလေးဟု ခေါ်လိုက်သည်။
” ဒါပေါ့ ဦးလေးက သမီးလေးကို သိတာပေါ့။ သမီးလေးရဲ့ မိဘတွေ အသက်ရှင်ကတည်းက သိတာပဲ ”
ထိုလူငယ်က အသားအရေ ဖျော့တော့ပြီး နှုတ်ခမ်းက ပါးသည်။ သူ၏ ခန္ဓာကိုယ်မှ ဆိုးယုတ်သော အရှိန်အဝါမျိုးက အမြဲတစေ ထွက်ပေါ်နေသည်။ သူက ဘာကိုမှ မဖုံးကွယ်ထားပဲ ရှောင်ထင်ထင်၏ မိဘများအကြောင်းကို ပြောသည်။
ကောင်မလေး၏ မျက်လုံးများက နီရဲသွားသည်။ သူမက သူမ မိဘများ၏ မျက်နှာကို ခပ်ရေးရေးသာ မှတ်မိနိုင်တော့သည်။ အတိတ်တွင် သူတို့က မကြာခဏဆိုလျှင် သူမ၏ အိပ်မက်ထဲ၌ ပေါ်လာတတ်သောကြောင့် ငိုယိုမှုနှင့် နိုးထလာရသည်။ နောက်ပိုင်းတွင် ဦးလေးကျန်းနှင့် သူမက တစ်ယောက်ကိုတစ်ယောက် မှီခို နေထိုင်ခဲ့ရသည်။ အချိန်ကြာလာသောအခါ ရှောင်ထင်ထင်က အိပ်မက်ထဲတွင် မငိုတတ်တော့ချေ။
သို့သော် ယခုအချိန်တွင် တစ်စုံတစ်ယောက်က မိဘများအကြောင်း ထပ်ပြောလာသဖြင့် သူမက နာကျင်သွားသည်။ သူမက တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း ကြွေထည် ပန်းကန်ပြားများကို ဆက်ဆေးနေတော့သည်။ သူမ၏ ပုခုံးများက တသိိမ့်သိမ့်တုန်နေသည်။
ရှောင်ထင်ထင်က ဝမ်းနည်းမှုကို ခံစားရသောအခါ ဦးလေးကျန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
” လီကလန်က နံပါတ် ၇ သခင်လေး ဘာကိစ္စရှိလို့ပါလဲ … ”
ထိုလူငယ်က ကုလားထိုင်တစ်ခုကို ဆွဲပြီးနောက် ဝင်ထိုင်သည်။
” ဘာရယ်မဟုတ်ပါဘူး .. ဒီအတိုင်း ငါက အတိတ်ကို သတိရမိသွားရုံပါပဲ။ ဒါကြောင့် ခင်ဗျားတို့ ဘယ်လိုနေလဲ လာကြည့်တာ ”
ဦးလေးကျန်း၏ မျက်နှာအမူအရာက ဖော်ပြရန်ခက်ခဲသည်။
” ဒုတိယ သခင်လေးရဲ့ ကျေးဇူးကြောင့် ငါတို့ ရှင်သန်နိုင်ရုံပဲ ရှိနေတာပါ ”
ယဲ့ဖန်းက ဘာမှမပြောချေ။ သူက ထိုလူကို မှတ်မိပြီးသား ဖြစ်သည်။ ထိုလူက မနက်က လာတဲ့သူ ဖြစ်သည်။
” ငါတောင် ရန်ငြိုးကို ခံစားမိနေတုန်းပါလား။ အဖိုးကြီး ကျန်း ငါ့ကို မနာလို ဖြစ်နေတာလား …။ ”
ထိုလူငယ်က ရယ်သည်။
သို့သော် သူ၏ အပြုံးက အေးစက်နေသည်။
သူက ရှောင်ထင်ထင်၏ အဖေနှင့်အတူ ကောင်းကင်မြိုဂိုဏ်းသို့ ဝင်ခဲ့သည်။ သူ၏ အကန့်အသတ်ရှိသော ပါရမီကြောင့် သူက ရှောင်ထင်ထင်၏ အဖေနောက်တွင် ကျန်ရစ်ခဲ့သည်။
ပို၍ဆိုးသည်မှာ သူက မကောင်းသောကိစ္စများ လုပ်ခဲ့ပြီး ရှောင်ထင်ထင်၏ အဖေက သူ့ကို ခပ်ကြမ်းကြမ်း သင်ခန်းစာပေးခဲ့သည်။ ရလဒ်အနေဖြင့် သူက အလွန်မနာလိုဖြစ်သလို မုန်းတီးမှုက ပြင်းထန်ခဲ့သည်။ ရှောင်ထင်ထင် မိဘများက သေဆုံးသွားပြီးနောက် သူက လီမိသားစုမှ လူများကို ဦးလေးကျန်း၏ စားသောက်ဆိုင်များကို သိမ်းယူခိုင်းခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ဒီမြေးအဖိုးနှစ်ယောက်ကို ရှင်သန်နိုင်ရုံ အခြေအနေမျိုးဖြင့်သာ ချန်ထားရစ်ခဲ့သည်။
” ငါက နံပါတ် ၇ သခင်လေးကို ဘယ်လိုများ မုန်းရဲပါ့မလဲ။ အဲ့ဒီလို ကိစ္စမျိုး မရှိပါဘူး ”
လူအိုကြီး၏ နှုတ်ခမ်းများက ပါးသည်။ သူက မကြင်နာသော ခံစားမျိုးကို ပေးစွမ်းနိုင်ရုံသာ ရှိသည်။
” ခင်ဗျားရဲ့ နှလုံးသားထဲမှာ အနည်မထိုင်သေးတဲ့ကိစ္စတွေ ရှိနေမှာပဲ။ ခင်ဗျားက မနာလိုဖြစ်ရင် ဘာလို့ မပြောရဲရတာလဲ။ မဟုတ်ရင် ခင်ဗျားဒေါသတွေက ခင်ဗျား ခန္ဓာကိုယ်ကိုပဲ ဒုက္ခရောက်စေလိမ့်မယ်။ ခင်ဗျားက အသက် ၇၀ ကျော်နေပြီ။ အများကြီး ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး ”
ဦးလေးကျန်း၏ ခန္ဓာကိုယ်က တသိိမ့်သိမ့် တုန်သွားသည်။ သို့သော် သူက စိတ်ပြန်ငြိမ်သွားနောက် ပြောသည်။
” နံပါတ် ၇ သခင်လေး …။ ငါ တစ်ခုပဲ မေးချင်တာ။ မဟုတ်ရင် ငါ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး ”
” မေး …။ ”
လူငယ်က ယပ်တောင်ကို ဖန်းခနဲမြည်သံနှင့် ဖွင့်လိုက်ပြီးနောက် ညင်သာစွာဖြင့် ခပ်သည်။ ဤနည်းအားဖြင့် သူက တည်ငြိမ်ဟန် ဖြစ်သွားသည်။
” ငါ ဒီအတိုင်း သိချင်တာပါ။ ထင်ထင်ရဲ့ မိဘတွေက တကယ်ပဲ မတော်တဆဖြစ်ရပ်ကြောင့် သေသွားခဲ့တာလား ”
လူအိုကြီးကမူ ခံစားချက်များကို မထိန်းချုပ်နိုင်တော့သလိုမျိုး ဖြစ်သွားပြီး လက်သီးကို ခပ်တင်းတင်း ဆုပ်ထားသည်။ သူ၏ လက်ဆစ်များကပင် အပြာရောင်သန်းသွားသည်။ ခန္ဓာကိုယ်ကလည်း တသိိမ့်သိမ့် တုန်သွားသည်။
ယဲ့ဖန်းက အနားသို့သွားပြီး ထိန်းပေးလိုက်ရသည်။ တခြားတစ်ဖက်တွင် ရှောင်ထင်ထင်လေးကလည်း တိတ်တဆိတ် တရှုံ့ရှုံ့ငိုနေသည်။ သူမ၏ သေးငယ်သည့် ခန္ဓာကိုယ်လေးက သူတို့ကို ကျောပေးထားသည်။ သူမ၏ ပုခုံးကမူ ဆက်တိုက် တုန်ရီနေသေးသည်။ သူမ၏ လက်လေးများက ပန်ကန်လုံးကိုသာ ပွတ်နေသည်။
” အဖိုးကြီး ကျန်း ခင်ဗျားက အခုအချိန်ထိ ရန်ငြိုးထားထားသေးတာပဲ။ ဒါပေမယ့် ဘာဖြစ်လဲ။ ခင်ဗျားက ဒီလောက် အိုနေပြီ။ ခင်ဗျားရဲ့ အသက်ကို ရင်းချင်နေသေးတယ်လို့တော့ မပြောနဲ့။ ခင်ဗျား သေသွားမယ်ဆိုရင်တောင်မှ ခင်ဗျားရဲ့ လှပတဲ့ မြေးမလေးက ပိုပြီးခက်ခဲဖို့ပဲ ရှိတော့တယ် ”
” ထင်ထင်ရဲ့ မိဘတွေက ဘယ်လိုသေသွားတာလဲ ”
ဦးလေးကျန်း၏ အသက်ရှုသံက မြန်ဆန်လာသည်။ သူ၏ ရင်ဘက်က နိမ့်ချီမြင့်ချီ ဖြစ်လာပြီးနောက် မျက်နှာတွင် ဝမ်းနည်း ညိုးငယ်မှုက အပြည့်ပေါ်လာသည်။
” ခန့်မှန်းကြည့်လေ ”
ထိုလူငယ်က ယပ်တောင်ကို ဖန်းခနဲ ခပ်ပြီးနောက် ယဲ့ဖန်းကို ကြည့်သည်။
” မင်းက အခြားသူတွေကို ဦးဆောင်ပြီး အိမ်တော်ထိန်းလျှိုကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တယ်လို့ကြားတယ် ”
ယဲ့ဖန်းက မဖြေချေ။ သူက ဦးလေးကျန်းကိုသာ ထိန်းပေးပြီးနောက် ဘေးဘက်တွင် ထပ်ရပ်သည်။ ထိုလူငယ်က သူ့ကို တစ်ချက်ကြည့်ပြီးနောက် ဆက်မပြောတော့ချေ။ သူက မတ်တပ်ထရပ်ကာ ရှောင်ထင်ထင်၏ အနားသို့ လျှောက်သွားသည်။
” မင်း ဘာလုပ်မလို့လဲ ”
ဦးလေးကျန်း၏ မျက်နှာက ကြောက်လန့်မှုအပြည့်ဖြင့် ထင်ရှားလာသည်။ သူက လက်ဆန့်န့်ပြီးနောက် ကြက်ဖအိုကြီးလိုမျိုး လမ်းကို ပိတ်ထားကာ ရှောင်ထင်ထင်ကို အနောက်တွင်သာ ထားချင်နေသည်။
” အဖိုးကြီး ကျန်း ခင်ဗျားက ဘာတွေကြောက်နေတာလဲ။ ငါက ကလေးမလေးတစ်ယောက်ကို တိုက်ခိုက်ပါ့မလား ”
ထိုလူငယ်က ရှောင်ထင်ထင်ကို သေချာကြည့်ပြီးနောက် ခေါင်းဆက်ညိတ်နေသည်။
” တော်တော် တူတယ်။ ယန်ရှား နတ်မိမယ်က တော်တော်လေးကို နှမြောစရာပဲ။ သူမ သေဖို့ တကယ်ကို မထိုက်ထန်ဘူး။ နှစ်တစ်ထောင် ကုန်သွားပြီ။ မင်းရဲ့ သမီးက မင်းနဲ့ ဒီလောက်ထိ တူနေမယ်လို့ မထင်ထားဘူး ”
ရှောင်ထင်ထင်က နှုတ်ခမ်းကို ကိုက်သည်။ သူမက ငိုနေသော်လည်း အကျယ်ကြီး အော် မငိုချေ။ သူမက လီမိသားစုမှ နံပါတ် ၇ သခင်လေးကဲ့သို့ လူမျိုး၏ အရှေ့တွင် မငိုချင်ချေ။
ထိုလူငယ်က ယပ်တောင်ကို ညာဘက်လက်ဖြင့် ကိုင်ထားပြီးနောက် ဘယ်ဘက်လက်ပေါ်သို့ အသာအယာပွတ်နေသည်။ ထိုနောက် ပြောသည်။
” ကောင်းပြီ …။ အဖိုးကြီးကျန်း ခင်ဗျား ဆက်လက်ပြီး ဒုက္ခခံဖို့ မလိုတော့ဘူး။ ငါ ဒီကလေးမလေးကို အနာဂတ်မှာ လာခေါ်မယ်။ ခင်ဗျား ဒီရွာငယ်လေးမှာပဲ အေးအေးဆေးဆေး နေထိုင်လိုက်ပါတော့ ”
” မင်းက ဘာကို ဆိုလိုတာလဲ ”
အဖိုးကြီးက အမောတကော အသက်ရှုနေသည်။ သူက ရှောင်ထင်ထင်ကို အနောက်သို့ ပို့လိုက်ပြီးနောက် နံပါတ် ၇ သခင်လေးကို ကြည့်သည်။
” ခင်ဗျားရဲ့မြေးမက ဉာဏ်ကောင်းပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒီတော့ မြူကောင်းကင်ဂူကို ခေါ်သွားပြီး ငါ့ရဲ့ဘေးမှာ ထားထားပြီး တချို့ကိစ္စတွေကို ခိုင်းလို့ရတာပဲ။ ဒီတော့ ခင်ဗျားနောက်ကို လိုက်နေပြီး ဘာစားရမယ်မှန်း မသိတာထက် အများကြီး မကောင်းဘူးလား ”
” မလိုဘူး။ ငါ မသေသမျှ လီ မိသားစုက နံပါတ် ၇ သခင်လေးက ဒီလိုမျိုး အနိုင်ကျင့်လို့ မရဘူး ”
ဦးလေးကျန်းက အလွန်ဒေါသထွက်သွားသည်။ သူက အသက်ရှုရန်တောင် ခက်ခဲလာသည်။ သူ၏ မျက်လုံးက နီရဲလာပြီး ခန္ဓာကိုယ်က ရမ်းခါလာသည်။
ယဲ့ဖန်းက ချက်ချင်းလိုလို ထိန်းပေးလိုက်ရသည်ည်။
” အဖိုး အဆင်ပြေရဲ့လား။ ထင်ထင်ကို မခြောက်ပါနဲ့ ”
ရှောင်ထင်ထင်က လူအိုကြီး၏ ပေါင်ကို ဖက်လိုက်သည်။ သူမ၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပြီး မျက်ရည်များက ကျလာသည်။ လူငယ်က လှောင်သည်။
” အဖိုးကြီးကျန်းက ခင်ဗျားက ဒေါသထွက်နိုင်သေးတယ်ပေါ့။ ခင်ဗျား သေသွားပြီးတဲ့နောက်မှာ သူမရဲ့ ဘဝက ပိုခက်ခဲမယ်ဆိုတာ နားလည်ထားသင့်တယ်။ အနာဂတ်မှာ သူမက မြူ ကောင်းကင်ဂူမှာပဲ တောက်ပနိုင်စွမ်းအား ရှိလိမ့်မယ် ”
ဦးလေးကျန်းက အမောတကော အသက်ရှုနေသည်။ အချိန် အတော်အတန်ကြာပြီးနောက် သူက စိတ်ပြန်ငြိမ်သွားကာ တောင်းပန်သည်။
” နံပါတ် ၇ သခင်လေး ကျေးဇူးပြုပြီး ငါတို့ကို လွတ်ပေးပါ ”
” ခင်ဗျားက ဘာလာပြောနေတာလဲ ”
ထိုလူငယ်၏ မျက်နှာက မဲမှောင်သွားပြီးနောက် အလွန်အေးစက်သွားသည်။
” ခင်ဗျားက အိုမင်းတဲ့ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးမသတ်ချင်ဘူးပဲ။ ခင်ဗျားက ဘာက ကောင်းတာမှန်း နားမလည်ဘူး ”
” ငါက အဖိုးနဲ့ပဲ နေမှာ … ”
ရှောင်ထင်ထင်၏ မျက်နှာက နီရဲကာ ဖောင်းကားနေသည်။ သူမက တရှုံ့ရှုံ့ငိုထားသောကြောင့် ရောင်နေခြင်း ဖြစ်သည်။ သူမက ဦးလေးကျန်း၏ ပေါင်ကိုသာ ဖက်ထားသည်။
” ဒီတစ်ကြိမ် ငါမှာ အရေးတကြီး လုပ်စရာကိစ္စ ရှိနေသေးတယ်။ ဒီတော့ မနက်ဖြန် မြူ ကောင်းကင်ဂူကို ပြန်ရမယ်။ ရက်အနည်းငယ်နေမှ ငါ ကိုယ်တိုင် ကိုယ်ကျ လာခေါ်မယ် ”
ထိုသို့ပြောပြီးနောက် လီကလန်မှ နံပါတ် ၇ သခင်လေးက နောက်လှည့်သွားကာ ယဲ့ဖန်းကို ကြည့်သည်။
” မင်းက ခွေးကို ရိုက်ရင် ခွေးရှင်ရဲ့ မျက်နှာကိုတော့ ကြည့်ရမယ်။ အဲ့ဒီခွေးက မောင်းထုတ်ခံရလို့ အပြင်လူက အနိုင်ကျင့်တယ်ဆိုရင်တောင် မဖြစ်သင့်ဘူး ”
ထိုသို့ပြောပြီးနောက် သူက ယဲ့ဖန်းး၏ ပုခုံးကို ခပ်ပါပါပုတ်သွားသည်။
” ဒီလိုလူမျိုးတွေက အသက် မရှည်နိုင်ဘူး … ”
ဘန်း …။
ယဲ့ဖန်းက မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူ၏ နောက်မှ ကုလားထိုင်ကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ လူငယ်က တစ်ချက်ကြည့်ပြီးနောက် နှုတ်ခေါင်းရှုံ့ကာ ထွက်သွားသည်။
” ကလေး ဘာဖြစ်တာလဲ …။ ”
ဦးလေးကျန်းက အံ့သြပြီး ဒေါသထွက်သွားသည်။ သူက ယဲ့ဖန်းကို လျင်မြန်စွာ ထိန်းပေးသည်။
” အကိုကြီး ”
ရှောင်ထင်ထင်၏ မျက်နှာတွင်လည်း ကြောက်လန့်သော အမူအရာမျိုးဖြစ်သွားပြီး သူမ၏ လက်ကလေးက ယဲ့ဖန်း၏ နှုတ်ခမ်းမှ သွေးများကို သုတ်ပေးသည်။
လီကလန်၏ နံပါတ် ၇ သခင်လေး ထွက်သွားကြောင်း မြင်မှသာ ယဲ့ဖန်းက ခပ်မြန်မြန်ထပြီး ပြောသည်။
” ကျွန်တော် အဆင်ပြေပါတယ် ”
” တကယ်လား ..။ ” လူအိုကြီးက ပြောသည်။
ရှောင်ထင်ထင်က ထိတ်လန့်နေသေးသည်။ သူက မေးသည်။
” အကိုကြီး အဆင်ပြေရဲ့လား။ အကိုကြီး ပါးစပ်က သွေးထွက်နေတယ် ”
” တစ်ခုခုဖြစ်လုနီးပါးပဲ ”
” အဆင်ပြေရဲ့လား ”
ဦးလေးကျန်းက စိတ်ပူနေသည်။
” ကျွန်တော်ကို အထင်သေးပြန်ပြီ။ ကျွန်တော်က တိုက်ခိုက်မိတော့မလို့ပဲ။ ဒါပေမယ့် အခုအဆင်ပြေပါတယ်။ ဒါပေမယ့် ဒီလူက တော်တော်လေးကို ရက်စက်တာပဲ။ သာမန်လူတစ်ယောက်သာဆိုရင် လဝက်လောက်မကြာခင် သေသွားလောက်ပြီ ”
” ငါတို့နှစ်ယောက်က မင်းကို ဒုက္ခရောက်စေတာပါ။ ငါတို့ကြောင့်သာ မဟုတ်ရင် မင်းက ဒီလို ခံစားရစရာအကြောင်းမရှိဘူး ”
ဦးလေးကျန်းက သူ့ကိုယ်သူသာ အပြစ်တင်သည်။
” ဦးလေး ဒီလိုမပြောပါနဲ့။ ဒီသွေးကို ကျွန်တော် တမင်ထွက်အောင် လုပ်ထားတာပါ ” ယဲ့ဖန်းက ရယ်သည်။
” ပြောရရင် လီကလန်က နံပါတ် ၇ သခင်လေးကို ကျေးဇူးတင်ရဦးမယ်။ သူက ဒီလိုအခွင့်အရေးကြီး ပေးခဲ့တာဆိုလေ။ သူက ဘယ်အချိန်ထွက်သွားမယ်ဆိုတာတောင် ပြောပြခဲ့သေးတယ် ”
” မင်း …။ ”
ဦးလေးကျန်း၏ မျက်နှာက သံသယဝင်သွားသည်။
” ဒီလိုလူမျိုးက ဒီလောကမှာ ဆက်နေစရာအကြောင်း မရှိဘူး။ သူက ထင်ထင်ကို ခေါ်သွားချင်မှတော့ နောက်ဘဝမှာတောင် မရစေရဘူး ”
ထိုညတွင် ယဲ့ဖန်းက လီကလန်မှ လှုပ်ရှားမှုများကို သေချာစောင့်ကြည့်နေသည်။ သူက ည အလွန်နက်ချိန်တွင် မြို့ငယ်လေးထဲမှ ထွက်သွားပြီးနောက် ဆယ်မိုင်ခန့်အကွာရှိ တောင်တက်လမ်းတွင် စောင့်နေသည်။ ဒီလမ်းကသာ မြို့ထဲက ထွက်သွားနိုင်သည့် တစ်ခုတည်းသောလမ်း ဖြစ်သည်။
လအလင်းရောင်က ဝေဝါးသည်။ အနက်ရောင် တိမ်စိုင်များကလည်း မြောက်တက်နေပြီး တောတစ်ခုလုံးက မဲမှောင်နေသည်။ အမည်မသိရသော သားရဲများ၏ ဟိန်းသံများက မရပ်တန့်ခဲ့ချေ။ တောင်တောအုပ်တစ်ခုလုံး ကျောချမ်းဖွယ်ကောင်းနေပြီး ကြောက်စရာကောင်းနေသည်။
ညတစ်ဝက်ခန့်က ကုန်လွန်ပြီးနောက် တောင်လမ်းက တုန်ခါသွားကာ လေးလံသော မြင်း၏ အပြေးနှင်သံများကို ကြားလိုက်ရသည်ည်။ မှေးမှိန်သော ကြယ်အလင်းရောင်အောက်တွင် နဂါးကြေးခွံမြင်း၏ တလဲ့လဲ့ တောက်ပနေသည့် အစိမ်းကြေးခွံများက တဖျပ်ဖျပ်လက်နေသည်။ ပြီးနောက် နဂါးကြေးခွံမြင်းက အစိမ်းရောင်အလင်းများနှင့်အတူ အရှေ့သို့ ဝုန်းခနဲကျော်ဖြတ်သွားသည်။ ယဲ့ဖန်းက စိတ်ရှည်ရှည်စောင့်စားနေချိန်တွင် ထိုမြင်းက တဖြည်းဖြည်း နီးကပ်လာသည်။
ရုတ်တရက် သူ၏ ကိုယ်ထဲမှ ရွှေရောင်အလင်းက ထွက်လာသည်။ ညအမှောင်ထဲတွင် ထိုအလင်းက အလွန်အမင်းတောက်ပသည်မှာ ကောင်းကင်တွင် နေမင်း ရုတ်တရက် ထွက်လာသည့်ပမာ ထင်ရသည်ည်။
အား …။
သွေးများက အရပ်မျက်နှာအနှံ လွင်စင်ပြီး လူငယ်အော်သံက ပဲ့တင်သံထွက်ပေါ်လာသည်။ သို့ရာတွင် ထိုလူက မြင်းပေါ်မှ ပြုတ်ကျမလာခဲ့ချေ။ ယဲ့ဖန်းက ကြောင်သွားသည်။ သူက ခပ်မြန်မြန် ရွှေရောင်စာအုပ်ကို ပြန်လှည့်လိုက်ကာ ရိုက်ချလိုက်ပြန်သည်။
ဟူးခနဲ မြည်သံနှင့်အတူ နဂါးကြေးခွံမြင်းက နှစ်ခြမ်းကွဲသွားသည်။ အလောင်းက မြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျပြီး အပေါ်ရှိလူက မီတာနှစ်ဆယ်ခန့်သို့ လွင့်ထွက်သွားပြီးမှ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။
ဖူး …
ငွေရောင်အလင်းက ဖျက်ခနဲလက်ပြီးနောက် ယဲ့ဖန်းထံ ငွေရောင်မိုးကြိုး ပစ်ခပ်လိုက်သလိုမျိုး ချိတ်ချောင်းတစ်ဝက်စာခန့်ရှည်သည့် ငွေရောင်လှံကလေးက ပြေးဝင်လာသည်။
ချွင် …။
ရွှေရောင်အလင်းက ဖျက်ခနဲလက်ပြီးနောက် ယဲ့ဖန်းးက ရွှေရောင်စာအုပ်ကို သုံးကာ ဝင်ရောက်လာသော လှံကို ရိုက်ချလိုက်သည်။ ထိုလှံက ချက်ချင်းလိုလို အလယ်မှ အခြမ်းခံရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သိပ်မဝေးသောနေရာတွင် မြင်းပေါ်မှ ပြုတ်ကျသည့် လူက ခပ်မြန်မြန်ခုန်ထပြီးနောက် တောထဲသို့ ဝင်ပြေးရန် ကြံစီသည်။
ထိုအချိန်တွင် ယဲ့ဖန်းက တစ်ခါ တိုက်ခိုက်လိုက်ပြန်သည်။ ရွှေရောင်စာအုပ်က လျှပ်စီးအဖြစ် ပြောင်းလဲပြီးနောက် ကောင်းကင်ကို ကျော်ဖြတ်သွားကာ မျက်တောင်တခပ်အချိန်အတွင်း ထိုလူ၏ အရှေ့သို့ ရောက်သွားသည်။
ဖူးခနဲ မြည်သံနှင့် ထိုလူ၏ ခြေထောက်က အလယ်မှ အခြမ်းခံလိုက်ရသည်။
” အား …။ ”
ထိုလူက နောက်ဆုံးတွင် ငယ်သံပါအောင် ထုတ်ဖော်အော်လိုက်ပြီး မြေပြင်ပေါ်သို့ လှိမ့်ထွက်သွားသည်။
ထိုအခါမှသာ ယဲ့ဖန်းက စိတ်အေးသွားသည်။ သူက တဖြည်းဖြည်းချင်း သတိထားကာ ချဥ်းကပ်လာသည်။ သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် ဒီလိုရန်သူမျိုးကို ချုံခိုတိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိတ်လန့်နေမိသည်။
” လီကလန်က နံပါတ် ၇ သခင်လေး ငါတို့ တွေ့ကြပြန်ပြီ ”
လူငယ်က မြေပြင်ပေါ် လှိမ့်နေသောနေရာတွင် သွေးများ စိုရွဲကုန်သည်။ သူက ယဲ့ဖန်းကို မြင်သောအခါ သူ့မျက်လုံး သူ မယုံနိုင်တော့ဘဲ အော်လိုက်သည်။
” ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ ”
” ဘာဖြစ်လို့လဲ ”
ယဲ့ဖန်း၏ အမူအရာက တည်ငြိမ်သည်။ သူက အဝေးမှသာ လှမ်းကြည့်သည်။
” မင်း ဖြစ်နေမယ်လို့ မထင်ထားဘူး ကောင်စုတ်လေး။ ငါ တကယ်ကို မှားသွားတာပဲ ”
လီကလန်မှ နံပါတ် ၇ သခင်လေး၏ မျက်နှာက နာကျည်းမှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ သူက အလွန်ထိတ်လန့်နေသည်။
” ကျေးဇူးတင်ပါတယ် နံပါတ် ၇ သခင်လေး။ မင်းက ငါ့ကို ကံကြမ္မာကောင်းတစ်ခု ပေးခဲ့တာပဲ ”
ယဲ့ဖန်းက လောင်ရယ်သော အပြုံးနှင့်အတူ ဘေးမှ ရပ်နေသည်။
” မင်း မင်း ”
နံပါတ် ၇ သခင်လေး၏ ခန္ဓာကိုယ်က လှုပ်ခါနေသည်။ တခဏတွင် သူက အလွန်အမင်း စိတ်ဓာတ်ကျပြီး ဒေါသထွက်နေသည်။
” ထင်ထင်ရဲ့ မိဘတွေက ဘယ်လိုသေသွားတာလဲ ”
ထိုအချိန်တွင် ယဲ့ဖန်းး၏ အသံက အေးစက်သွားသည်။ ရွှေရောင်အလင်းက ဖျက်ခနဲလက်ပြီးနောက် ရွှေရောင်စာရွက်တစ်ရွက်က လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်နှုန်းဖြင့် ပေါ်လာသည်။
ဖူး ဖူး အသံနှင့်အတူ လီကလန်၏ နံပါတ် ၇ သခင်လေး၏ လက်မောင်းနှစ်ဖက်လုံးက ပြတ်ကျသွားသည်။ ယဲ့ဖန်းက စိုးရိမ်စိတ်ကြီးနေသေးသည်။ ထို့ကြောင့် ရွှေရောင်စာရွက်ကို သုံးပြီးနောက် ရွှေရောင်စာရွက်ကို ချက်ချင်းလိုလို ဒုက္ခဆင်းရဲပင်လယ်ထဲသို့ ဆင့်ခေါ်လိုက်သည်။
” အား …။ ကောင်စုတ်လေး ငါ သရဲဖြစ်ရင်တောင် မင်းကို ခွင့်မလွတ်ဘူး ”
” ဘာလို့ လူတွေက အမြဲတမ်း အသုံးမဝင်တဲ့ စကားတွေ ပြောနေကြတာလဲ ”
ယဲ့ဖန်းကမူ သူ၏ ရှေ့သို့ လျှောက်သွားသည်။
” ခင်ဗျားက မျိုးမစစ် .. ။ ခင်ဗျားက မကောင်းတဲ့ကိစ္စ အများကြီးကို လုပ်ခဲ့တယ်။ အသိစိတ်လည်း မရှိဘူး။ ဒီနေ့ခင်ဗျားက ကိုယ်ထိုက်နဲ့ကို ပြန်ခံရတာပဲ။ ခင်ဗျားကို တဖြည်းဖြည်းချင်း ခံစားရအောင် လုပ်ပေးပါမယ် ”
ဖျန် …။
ယဲ့ဖန်းး၏ လက်ဝါးက သူ့ကို ဖြတ်ရိုက်လိုက်ပြီးနောက် လေး ငါးမီတာခန့်ထိ လွင်ထွက်သွားစေသည်။
” မင်း …။ ”
လီကလန်မှ နံပါတ် ၇ သခင်လေး၏ မျက်လုံးက မီးတောက်လာသည်။
ယဲ့ဖန်းက အနားသို့လျှောက်လာပြီးနောက် သူ၏ အတန်ငယ်ချောမောသော မျက်နှာပေါ် တက်နင်းကာ ပြောသည်။
” ကောင်းကင်က လူတွေ လုပ်သမျှကို စောင့်ကြည့်နေတာ။ ခင်ဗျားက ဒီလောက်ဆိုးဝါးတဲ့ ကိစ္စတွေကို လုပ်ထားခဲ့ရဲ့သားနဲ့တောင် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မယ်လို့ ဘာကြောင့် ထင်နေရတာလဲ …။ ”
အပိုင်း (၈၀) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset