Chapter – 77
အိမ်တော်ထိန်း လီရိုနှင့် အခြားသူများက အသက်ပင် ရှူရန် ခက်ခဲလာအောင် ဆိုးဆိုးရွားရွား ရိုက်နက်ခံလိုက်ရသည်။ သူတို့က ခွေးသေကောင်များလို လမ်းပေါ်တွင် လှဲနေကြသည်။ ယခင်ကဆိုလျှင် သူတို့က ကြမ်းတမ်းရိုင်းစိုင်းပြီး လူအများ၏ ဒေါသကို ဆွခဲ့မိသည်။
လူအိုကြီးများ၏ အကြံပေး စကားများနှင့် ကြင်နာစွာပြောသော သတိပေးစကားများကိုလည်း နားမထောင်ပဲ လျစ်လျူရှူခဲ့သည်။ ထို့ကြောင့် ယခုလို သေသည်အထိ ရိုက်နက်ခံရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် လူတိုင်းက ခွေးသေကောင်များလို သူတို့ကို လွှင့်ပစ်လိုက်ကြသည်။ ပြောရလျှင် ဤကိစ္စက လူတိုင်းကို ကျေနပ်သွားစေခဲ့သည်။
နေ့လယ်တွင် စားသောက်ဆိုင်ငယ်လေးတွင် လူများက ပြည့်နက်နေသည်။ ရှောင်ထင်ထင်၏ အပြုံးက အလွန်အမင်း တောက်ပနေသည်။ ယင်းက စိုးရိမ်စရာမလိုတော့သလို ကြောက်လန့်စရာလည်း မလိုတော့ချေ။ ဦးလေးကျန်း၏ နှလုံးသားထဲမှ ဒေါသက ပြေပျောက်သွားသည်။ သူ၏ မျက်နှာရှိ အရေးအကြောင်းများကပင် အများကြီး အရည်ပျော်ကျသွားသလို ဖြစ်သွားသည်။
သူက ဟင်းပွဲပေါင်းများစွာ ပြင်ဆင်လိုက်သည်။ အနီရောင် ယုန်သားကင်၊ အရည်ကြည် ဟင်းချိုထဲမှ ယုန် အသားလုံး၊ ယုန် နံရိုး ချိုချဉ်၊ အရွက်စိမ်း ကြက်သားလုံး၊ ကြက်သားလွှာ အစပ်ချက်နှင့် အခြားသော အရွက်ကျော်များ၊ သစ်သီးရိုင်းများ ဖြစ်သည်။
ထိုဟင်းပွဲက အချိန်အတန်ကြာ ခံသည်။ အချိန်တိုင်းလိုလို ရယ်သံများဖြင့် ပြည့်နက်နေပြီး ပျော်ရွှင်ဖွယ်ကောင်းသော လေထုက ယဲ့ဖန်းကို အိမ်ပြန်ရောက်သွားသည့် ခံစားချက်မျိုးကို ရရှိစေသည်။
နေ့လယ်စာ စားပြီးနောက် ယဲ့ဖန်းက တောင်သို့တိုက်ရိုက်ပြန်သည်။ သူက တာအိုကျမ်းစာပိုဒ်ကို တိုက်ရိုက် ထိန်းချုပ်ပြီးနောက် သူ၏ နှောင်းပိုင်းကျင့်ကြံရေးတွင် အလွန်အရေးပါသောကိစ္စကို အောင်မြင်အောင် လုပ်ဆောင်သည်။
နတ်ကျမ်းစာပိုဒ်ထဲမှ ထိုသားရဲကြီးများ၏ သင်္ကတများပေါ်နေသည့် အရုပ်စာဟု ခေါ်သည့် နတ်အရုပ်များက သံမဏိချိန်းကြိုးကြီးများအလား ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်၏ အထက်တွင် တွဲလျားကျနေသည်။ ထိုထဲတွင် မူလဖြစ်တည်မှု ပုံသဏ္ဌာန်မျိုးဖြင့်ပေါ်နေသည့် အသက် အဆီအနှစ်ပေါင်းများစွာလည်း ရှိနေသေးသည်။
ကျင့်ကြံသူများက ထိုနတ်အရုပ်စာများကို အမျိုးမျိုးသော ပုံသဏ္ဌာန်မျိုးဖြင့် စတေးခံအဖြစ် အသုံးပြုလေ့ရှိကြသည်။ ဥပမာအားဖြင့် ဓားပျံ၊ ဓားမြှောင်စသဖြင့် လုပ်ဆောင်ရခြင်း ဖြစ်သည်။ သူတို့က ခန္ဓာကိုယ်မှ ထိုအရုပ်စာများကို လွင့်ထုတ်ပြီးနောက် ရန်သူများကိုလည်း သတ်ဖြတ်နိုင်သည်။ ပို၍လည်း သက်ရောက်မှု ရှိစေသည်။
အချိန်အတန်ကြာ ကြိုးစားပြီးနောက် မူလဖြစ်တည်မှု နတ်အရုပ်များကို ဓားပျံများ၊ သေးငယ်သော ဒိုင်းများ၊ နတ်ခရင်းခွများ စသည်တို့ဖြင့် ပြောင်းလဲရန် ကြိုးစားကြသည်။ ဤနည်းလမ်းအားဖြင့် ထိန်းချုပ်ရန် ပို၍ လွယ်ကူမည်ဖြစ်ပြီး စွမ်းအားကလည်း ရန်သူကို ရင်ဆိုင်သည့်အခါ ပုံမှန်ထက် ပို၍ များပြားသွားမည်ဖြစ်သည်။
အချို့သောသူများကမူ ရှုပ်ထွေးကာ လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ထပ်ခါတလဲလဲပင် ထိုနတ်အရုပ်စာများကို ဒယ်ဇောက်အိုးများ၊ ခေါင်းလောင်းများ၊ မျှော်စင်များ စသည်တို့ဖြင့် ပြောင်းလဲကြသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော လျှို့ဝှက်ဆန်ကြယ်သောစွမ်းရည်များကို ထုတ်ဖော်နိုင်ရန် ကြိုးစားကြတော့သည်။
ဒဏ္ဍာရီအရ အချို့သော ကျင့်ကြံသူများက နတ်အရုပ်စာ၏ အရှိန်အဝါကို သုံးပြီး သန့်စင်ခဲ့သည့် လက်နက်များက နောက်ပိုင်းအဆင့်များတွင် မမျှော်လင့်ထားသည့်ပုံသဏ္ဌာန်များဖြင့် ပြောင်းလဲလိုကြသည်။ တာအိုလမ်းစဥ်က လက်နက်အတွင်းတွင် လှိမ်ယှက်ကာဖြစ်တည်လာပြီးနောက် မျှော်လင့်ရန် ခက်ခဲသော စွမ်းအားများက ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် ထိုအခြေနေ၏ ဖြစ်နိုင်ခြေက အလွန်အမင်းနည်းပါးသည်။ အလွန်အမင်း ပါရမီကြီးပြီး စွမ်းအားကြီးမားသည့် ကျင့်ကြံသူများကသာ အခွင့်အရေးရကောင်းရလောက်သည်။
ယခင်အတွေ့ကြုံများကို အခြေခံပြီးနောက် ရှေးကျသော နတ်သင်္ကေတတစ်ခုမှ သန့်စင်ကာ ပြောင်းလဲလိုက်သည့် ထိုလက်နက်က အဆင့်မြင့်ကာ ရှုပ်ထွေးလေလေ စွမ်းအားကြီးမားလေလေ ဖြစ်သည်။ သဘာဝကျကျပြောရမည်ဆိုလျှင် ဒယ်ဇောက်အိုးပင်ဖြစ်စေ၊ ခေါင်းလောင်းပင်ဖြစ်စေ၊ မျှော်စင်ပင်ဖြစ်စေ တာအိုလမ်းစဥ်ကို အထဲတွင် ထည့်သွင်းနိုင်ခြေက မြင့်မားနိုင်လေသည်။
ထို့ကြောင့် လက်နက်တစ်ခုက ပို၍ ရှုပ်ထွေးလေလေ ပုံသဏ္ဌာန်ပေါ်အောင် လုပ်ရန် ခက်ခဲလေလေ ဖြစ်လာပေလိမ့်မည်။ အဆုံးအစမဲ့အောင် များပြားသည့် ကြာရှည်သည့်အချိန်နှင့် စွမ်းအင်များကို ထုတ်သုံးရဦးမည်ဖြစ်ကာ ပုံပေါ်အောင် လုပ်ဆောင်ရန်အတွက်လည်း ဆက်တိုက်ကြိုးစားနေမည်ဆိုလျှင် အချိန်ဖြုန်းသလို ဖြစ်သွားနိုင်သေးသည်။
ပို၍ဆိုးသည်မှာ သူ၏ ကံကောင်းမှုနှင့် အောင်မြင်နိုင်စွမ်းအားရှိသည့်တိုင်အောင် သူ့အနေဖြင့် နောက်ပိုင်းအဆင့်များသို့ ရောက်သွားသည့်အခါ ကျင့်ကြံပြီး အဆင့်တက်ရန် ခက်ခဲသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေ အထဲတွင် တာအိုလမ်းစဥ်ပေါ်ထွက်ရန် မျှော်လင့်ချက် ဖြစ်နိုင်ခြေက အလွန်နည်းပါးလွန်းသဖြင့် ဒဏ္ဍာရီထဲမှ ကျင့်ကြံသူအများစုထဲမှ လူနည်းစုကသာ တစ်ဖန်ထပ်ပြီး အောင်မြင်မှု ရရှိခဲ့ဖူးကြလေသည်။ ပို၍အရေးကြီးသောအချက်က ကျင့်ကြံသူတစ်ယောက်က ရှေးကျသော နတ်အရုပ်စာအဖြစ်လည်း နတ်သင်္ကတများကို လက်နတ်ကိရိယာတစ်ခုအဖြစ် သန့်စင်ရာတွင် အလွန်အမင်း အရေးထားရသည်။ အနာဂတ်တွင် ယင်းက ကိုယ်ကိုတိုင် ဆင့်ခေါ်နိုင်သည့် ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ဟန်ဖေးယီက အစိမ်းရောင် ချိတ်စည်းရတနာ တံဆိပ်ပြားကို ထိန်းချုပ်သည်။ အကြီးအကဲဟန်က အစိမ်းရောင် သစ်သား ဓား ၁၂လက်ကို ထိန်းချုပ်ပြီး နှလုံးသားမဲ့သော တာအိုပညာရှင်က အမျိုးမျိုးသော ဝိညာဥ်လက်နက်များကို ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် ၄င်းက သူတို့၏ ရှေးကျသောထိုနတ်သင်္ကတကို လက်နက်ကိရိယာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်ဆိုသောအချက်ကို သက်သေပြနေသည်။ ဤနည်းအားဖြင့် ထိုကိရိယာကို သုံးကာ ထိန်းချုပ်ခြင်းအားဖြင့် လက်နက်တိုင်းကို ထိန်းချုပ်နိုင်စွမ်းအား ရှိသွားနိုင်ခြင်း ဖြစ်သည်။
လူပေါင်းမြောက်များစွာထဲတွင် လူအများက နတ်သင်္ကတများကို လက်နတ်ကိရိယာတစ်ခုအဖြစ် သန့်စင်ပြီးနောက် ပုံသဏ္ဌာန်တူသည့် ဝိညာဥ်လက်နက်တစ်ခုကို ရွေးချယ်လေ့ရှိကြသည်။ နှစ်ခုလုံးက ပုံစံတူနေသည့်အခါ စွမ်းအားကို ပိုထုတ်နိုင်မည်ဖြစ်သည်။
သို့သော် ပုံပန်းသွင်ပြင်အားဖြင့် ကွာခြားနေလျှင် သူတို့က ထိုသို့ကွာခြားနေသည့် လက်နက်မျိုးကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အနည်းနှင့် အများသာ အဆင့်နိမ့်အဆင့် လက်နက်လောက်အထိ ထိန်းချုပ်နိုင်ကြသည်။
အချို့သောကျင့်ကြံသူများကမူ နတ်အရုပ်စာ၊ နတ်သင်္ကတကို တိုက်ရိုက်ပင် သိပ်သည်းစေနိုင်စွမ်းရှိပြီး ထပ်ခါတလဲလဲ လက်နက်အဖြစ် သန့်စင်ထားသော အခြားသော အစစ်အမှန် လက်ဖြင့် ကိုင်တွယ်၍ ရသည့် အရာများကို ထိန်းချုပ်ရန် မလိုအပ်တော့ချေ။ သူတို့က ဖန်တီးထားသည့် ထိုလက်နက်ကိုသာ သူတို့၏ ဝိညာဥ်ရတနာအဖြစ် အသုံးပြုကြသည်။
တာအိုကျမ်းစာပိုဒ်ထဲမှ ပြန်လည်မွေးဖွားခြင်းမှတ်တမ်းထဲမှ အချက်လက်များအရဆိုလျှင် ဒုက္ခဆင်းရဲပင်လယ်၊ အသက် စမ်းရေကန်၊ နတ်တံတားအဆင့်အထိက လက်နက်ကိရိယာတစ်ခုကို သန့်စင်နိုင်စွမ်းအားရှိသည်။
ယဲ့ဖန်းက ဒုက္ခဆင်းရဲ ပင်လယ်အဆင့်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ သူ၏ပထမဦးဆုံးလက်နက်ကို သန့်စင်ရတော့မည် ဖြစ်သည်။ သူက မည်သည့်လက်နက်ကို ရွေးချယ်သင့်ကြောင်း အလေးအနက်ထားကာ စဥ်းစားသည်။ အကြောင်းမူကာ နောက်ပိုင်းတွင် ဤကိစ္စက အရေးကြီးလာမည်ဖြစ်သောကြောင့် ဖြစ်သည်။ လက်နက်က ပုံသဏ္ဌာန်ပေါ်လာသည်နှင့် ပြောင်းလဲရန်ခက်ခဲသွားပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ပထမဦးဆုံးလက်နက်က သူ၏ အနာဂတ် အုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် လက်နက်များ သွန်းလုပ်ရန် ပို၍လွယ်ကူစေရန် သူက သေချာ အာရုံစိုက်ထားသင့်သည်။
သူက ကျင့်ကြံခြင်းလမ်းကြောင်းကို ရွေးချယ်ပြီးနောက် အရာအားလုံးက ရေရှည်ကိစ္စဖြစ်သွားပြီး ဖြစ်သည်။ ယဲ့ဖန်းက ပထမဦးဆုံး ဓားပျံ၊ ဒိုင်း၊ လှံနှင့် အခြားသော သာမန်လက်နက်များကို ဖယ်ထုတ်လိုက်သည်။ သူ့အနေဖြင့် မျှော်လင့်ချက်က ပါးလျားသည့်တိုင် သူ၏လက်နက်ကို ကောင်းမွန်သောပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲနိုင်အောင် မျှော်လင့်မိသေးသည်။
ဤနည်းအားဖြင့် အနာဂတ်တွင် တာအိုလမ်းစဥ်ကို အထဲသို့ ထွင်းထုနိုင်ရန် မျှော်လင့်သည်။ ဤနည်းအားဖြင့် သူက ရှုပ်ထွေးကာ လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကတတစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
” ငါ ဘာကို ရွေးချယ်ရမလဲ။”
ယဲ့ဖန်းက အလေးအနက်ထားကာ တွေးတောသည်။ အချိန်အတန်ကြာ အလေးအနက် စဥ်းစားပြီးနောက် ယဲ့ဖန်း၏မျက်ဝန်းက တောက်ပသွားသည်။ သူက ရှင်းလင်းပြတ်သားသည့် ရွေးချယ်မှုကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ သူက သူ၏ နတ်အရုပ်စာကို ဒယ်ဇောက်အိုးအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
ယင်းက အလွန် စဥ်းစားဆင်ခြင်ဉာဏ်မဲ့သော ဆုံးဖြတ်ချက် မဟုတ်ချေ။ ယဲ့ဖန်းအနေဖြင့် ဂရုတစိုက်စဥ်းစားပြီးမှသာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူက ဒယ်ဇောက်အိုးကို သဘောကျသောကြောင့် မဟုတ်ဘဲ ထိုဒယ်ဇောက်အိုးက ရှေးခေတ်တရုတ်ပြည်တွင် လျှို့ဝှက်ဆန်းကြယ်မှု အများဆုံးရှိနေသောကြောင့် ဖြစ်သည်။
ဒယ်ဇောက်အိုးက ရှေးခေတ် တရုတ်သမိုင်းတစ်ခုလုံးအနှံ့တွင် ရှိခဲ့သည့် တောင်တန်းနှင့်မြေပြင်များ ပြိုကျခြင်း၊ မင်းဆက်များ ပြောင်းလဲခြင်း၊ အရာအားလုံးပြောင်းလဲခြင်းနှင့် နယ်မြေကိုးခုကို စုစည်းခြင်း စသဖြင့် အရာအားလုံးတို့က ဒယ်ဇောက်အိုးနှင့် ခွဲခြား၍ မရခဲ့ချေ။ နယ်မြေကိုးခု၏ လက်နက်တစ်ခုဖြစ်သော ထိုအရာက တိုင်းပြည်၏ အထွတ်အမြတ် ရတနာကြီးတစ်ခုလည်း ဖြစ်သည်။
ဗဟိုပြင်ကျယ်မှ ပုလ္လင်ကို လိုလားခြင်း၊ နွေဦးနှင့်ဆောင်းဦးကာလမှ ရွှေရောင်ခေတ် အစရှိသဖြင့် ဒယ်ဇောက်အိုးနှင့် ဆက်စပ်နေသည့် ဘာသာစကားပေါင်းများစွာ ရှိသည်။ ဒယ်ဇောက်အိုးက ရှေးခေတ် တရုတ်သမိုင်းတွင် တည်ရှိခဲ့သည့် ဒဏ္ဍာရီကြီးတစ်ခု ဖြစ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော လက်နက်အဆင့်တွင်လည်းရှိသည်။ ထို့ကြောင့် ဒယ်ဇောက်အိုးက တရုတ်ပြည်ကို ကိုယ်စားပြုသည်ဟုပင် ဆို၍ ရသည်။
တရုတ်သမိုင်းက မည်မျှ ကြာရှည်ကြောင်း တွေးပြရန်ခက်ခဲသည်။ အချို့သောအရာများက မှတ်တမ်း မတင်ထားသလို လက်ဆင့်ကမ်းပေးခြင်းလည်း မရှိခဲ့ချေ။ ယဲ့ဖန်းက ကိစ္စပေါင်းများစွာကို တွေးတောပြီးနောက် ဒယ်ဇောက်အိုးကိုသာ ရွေးချယ်ခဲ့သည်။
ယခင် ချီ အကြိုကာလတွင် သူတော်စင် ဧကရာဇ်များနှင့် ရှေးဟောင်း ဧကရာဇ်များစွာက ထိုက်တောင်ကို ဆည်းကပ်ပူဇော်ခဲ့ကြသည်။ ထိုထဲတွင် ဖူရှီ၊ ရှန်းလုံဝမ်ဧကရာဇ်နှင့် အခြားသော ဧကရာဇ် ၇၂ယောက်ကျော်ပါဝင်သည်။
လက်ရှိအချိန်၌ ယဲ့ဖန်း၏ အမြင်တွင် လျှို့ဝှက်ဆန်းကြယ်မှုက အလွန်များပြားလွန်းနေလေရာ သူ၏ ကိုယ်ပိုင်အတွေ့အကြုံကို ဖယ်ရှားလိုက်မည်ဆိုလျှင်ပင် ရှေးခေတ် တရုတ်ပြည်အကြောင်းကို သူက ရှာဖွေရန် ခက်ခဲနေပေဦးမည်ဖြစ်သည်။ အရာအာလုံးက မြူထုဖြင့် ဝိုင်းနေသလို ဖြစ်နေသည်။
သိရမည်မှာ ရှေးခေတ် တရုတ်သမိုင်းက အလွန်အမင်းလျှို့ဝှက် ဆန်းကြယ်လွန်းနေလေသည်။ ထိုအချိန်ကာလက တရုတ်သမိုင်းသည် ကျယ်ပြောသော မြစ်ပြင်၌ နှစ်မြှုပ်နေသလိုဖြစ်နေသည်။ အမျိုးမျိုးသော သဲလွန်စများမှတစ်ဆင့် အချို့သောအရာများကို စမ်းသပ် စစ်ဆေးနိုင်ခဲ့သည်။ ရှေးခေတ်လူများက အလွန်အမင်း ထူးခြားသည့် စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့သည်နှင့် တူသည်။
ဒယ်ဇောက်အိုးက ထိုခေတ်ကာလက လက်ဆင့်ကမ်းခဲ့သည့် လျှို့ဝှက်ဆန်းသည့် ပစ္စည်းတစ်ခုဖြစ်လေရာ သဘာဝအလျှောက်ပင် ယဲ့ဖန်းက တန်ဖိုးထားသည်။ ပို၍ အရေးကြီးသည်မှာ ရှေ့ခေတ် တရုတ်သမိုင်းတောက်လျှောက် ပါဝင်ပတ်သက်နေသည့် အထွတ်အမြတ် ရတနာကြီးတစ်ခုဖြစ်နေပြီး သဘာဝအလျှောက်ပင် သူက အရေးကြီးသော ပစ္စည်းတစ်ခုအဖြစ် ရွေးချယ်လိုက်သည်။
ထိုသို့ရွေးချယ်ပြီးနောက် ယဲ့ဖန်းက ယုံကြည်မှုအပြည့်ရှိသွားသည်။ ရှေ့ခေတ် တရုတ်သမိုင်းမှ နားလည်သဘောပေါက်မှုအပြင် သူက ပထမဦးဆုံး လက်နက်တစ်ခုအဖြစ်အပြင် အုတ်မြစ်တစ်ခုအဖြစ် ပြောင်းလဲရွေးချယ်လိုက်သည်။ ယင်းက သူ့အတွက် အသင့်တော်ဆုံးဖြစ်သည်။
ဒယ်ဇောက်အိုးက ပုံသဏ္ဌာန် အမျိုးမျိုး ရှိသည်။ အကျော်ကြားဆုံး ဒယ်ဇောက်အိုးက ၃ ချောင်းထောက်ဒယ်ဇောက်အိုး၊ ၄ ချောင်းထောက် လေးထောင့်ဒယ်ဇောက်အိုးဖြစ်သည်။ သူက မည်သည့်ပုံစံကို ရွေးချယ်သင့်ကြောင်း မသေချာတော့ချေ။ ထို့ကြောင့် ယဲ့ဖန်းက ထပ်ခါတလဲလဲ စဥ်းစားသည်။
“၃ ချောင်းထောက် ဒယ်ဇောက်အိုးက အစောပိုင်းကာလက ပေါ်တာ ထင်တယ်။”
ယဲ့ဖန်းက ဆုံးဖြတ်ချက်ချလိုက်သည်။
အစောပိုင်းကာလဆိုသော ရည်ရွယ်ချက်အပြင် အခြားသော အကြောင်းပြချက်များလည်း ရှိနေသေးသည်။ ကျင့်ကြံသူဆိုသော နောက်ခံကြောင့် ၃ ချောင်းထောက် ဒယ်ဇောက်အိုးက ရှင်းလင်းရန် ခက်ခဲသော ကိုက်ညီမှု ရရှိနေသည်ကို ခံစားရသည်။
၃ ချောင်းထောက် ဒယ်ဇောက်အိုးက ၄ ချောင်းထောက် ဒယ်ဇောက်အိုးထက် ပုံသဏ္ဌာန် ပို၍ ခိုင်မာသလိုနှင့် ဒယ်ဇောက်အိုးအဝိုင်းမှ သင်္ကတများက ပို၍ နက်နဲပြီး ပို၍ ကျယ်သောနေရာများမှ ရောက်ရှိပေလိမ့်မည်။ ထို့အတွက်ကြောင့် ဒယ်ဇောက်အိုးက ပိုခိုင်မာပေလိမ့်မည်။ ပို ငြိမ်သည်။ ပို၍ ပုံစံကျသည်။
ထိုအဝိုင်းက ကောင်းကင်နှင့် မြေပြင်ကို ကိုယ်စားပြုပြီး စကြာဝဠာကြီးနှင့် ကြယ်စင်များကိုလည်း ကိုယ်စားပြုနိုင်စွမ်းအား ရှိသည်။ ဒဏ္ဍာရီအရဆိုလျှင် ဖန်းကုက ကောင်းကင်နှင့် မြေပြင်ကို ခွဲခြမ်းခဲ့ချိန်က သူက လုံးဝိုင်းသော အာကာပြင်တစ်ခုလုံးကို ကျော်ဖြတ်ပြီး ထုလုံးပုံ စကြာဝဠာကြီးကို ဟက်တက်ခွဲခဲ့သည်ဟုဆိုသည်။ ထိုသို့ဖြင့် ဝရုန်းသုန်းကားဖြစ်ကာ ဆင့်ကဲ ပြောင်းလဲခဲ့သော အစောပိုင်းအဆင့် ကာလတွင် ဖြစ်ပျက်ခဲ့သောကြောင့် စက်ဝိုင်းဆိုသည်မှာ မူလကို ကိုယ်စားပြုလာသည်။
“ဟုတ်သားပဲ .. ။ ဒီလိုဆိုရင် ငါ ၃ ချောင်းထောက် ဒယ်ဇောက်အိုးကိုပဲ ရွေးချယ်လိုက်တော့မယ်။”
တိတ်တဆိတ် စဥ်းစားဆင်ခြင်ပြီးနောက် ယဲ့ဖန်းက ထိုအရေးကြီးသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူ့အနေဖြင့် ရှေးကျသော နတ်အရုပ်စာကို လက်နက်တစ်ခုအဖြစ် ပြောင်းလဲရန် မလွယ်ကူနိုင်ချေ။
ယင်းက ကြာရှည်ပြီး ခက်ခဲသောဖြစ်စဥ်တစ်ခုဖြစ်လေရာ တစ်ခါတည်း လုပ်၍ မရချေ။
ပထမဦးဆုံး တစ်ချက်အနေဖြင့် ယဲ့ဖန်းက လက်နက်ပုံသဏ္ဌာန်ကို ဆုံးဖြတ်ရန် လိုအပ်သည်။ ထို့နောက် စိတ်ထဲတွင် ခိုင်မာစွာဖြင့် ဆုံးဖြတ်မှတ်သားရသည်။ အနာဂတ်တွင် သူက ဒီပုံစံကို ကြည့်ကာ လက်နက် ထုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ပြစ်ချက်တစ်ခုမှ ပါ၀င်နေ၍ မရချေ။
လက်ထဲတွင် ဗောဓိမျိုးစေ့ကို ကိုင်ပြီးနောက် ယဲ့ဖန်းက အံ့အားသင့်ဖွယ်ကောင်းသော အခြေနေသို့ ရောက်ရှိသွားသည်။ သူက လက်ထဲတွင် ပုံစံခွက်တစ်ခုကို ထွက်ပေါ်လာအောင် ပုံဖော်လိုက်ပြီးနောက် သူ၏ နတ်ဘုရားအသိစိတ်ဖြင့် နတ်အရုပ်စာ ၁၉ခုကို တုန်ခါလာစေလိုက်သည်။ ထို့နောက် သူ၏ စိတ်ထဲတွင်ပင် စတင်ကာ သွန်းလုပ်ရန် ကြိုးစားတော့သည်။
ထိုသို့ဖြင့် မနားမနေဘဲ ဆက်တိုက် ကြိုးစားပြီးနောက် နတ်အရုပ်စာ ၁၉ခုက တဖြည်းဖြည်းချင်း အရည်ပျော်ကျသွားကာ သေးငယ်သည့် ဒယ်ဇောက်အိုး ရွှေရောင်ပုံသဏ္ဌာန်ပေါ်လာသည်။ အရွယ်အစားက ပဲစေ့အရွယ်အစားသာရှိသည်။ သို့သော် အလွန်အမင်း တောက်ပနေသည်မှာ ပြီးပြည့်စုံသည့်အလား ထင်ရသည်။ သို့သော် ယဲ့ဖန်းကမူ မကျေနပ်သေးချေ။ တစ်စုံတစ်ရာက လိုအပ်နေသလို ခံစားနေရသည်။ သူက ပုံသဏ္ဌာန် ပြီးပြည့်စုံသော ဒယ်ဇောက်အိုးကို လိုအပ်နေသည်။
“နောက်ပြီး အချောသပ်ဖို့ ရှိနေသေးတယ်။”
ယဲ့ဖန်းက စတင်ကာ ပုံဖော်ပြန်သည်။ ဒယ်ဇောက်အိုးက တဖြည်းဖြည်းချင်း ဘေးနားတွင် လက်ကိုင်များပေါ်လာသည်။
ရွှေရောင် ဒယ်ဇောက်အိုး၏ ပုံသဏ္ဌာန်က သူ၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် ယဲ့ဖန်းက သဘာဝ၏ တာအိုစွမ်းအားကို ခံစားမိလိုက်သည်။ သူက အလွန် ကျေနပ်သွားပြီး ရေရွတ်လိုက်သည်။
“ဒယ်ဇောက်အိုး …။ နောက်ပြီး လက်ကိုက်နှစ်ဖက် အောက်က ၃ ချောင်းထောက် … ဟုတ်ပြီ။ တာအိုက ၁ခု၊ ၂ခု၊ ၃ခုလုံး မွေးဖွားလို့ ရတယ်။ ဒီလိုဆိုရင် ယင်ရဲ့ဒဏ်ကို တောင့်ခံနိုင်ပြီး ယန်ရဲ့စွမ်းအားကို ပွေ့ဖက်နိုင်လိမ့်မယ်။ ဒီလိုဆိုရင် ချီစွမ်းအင်က ညီမျှသွားပြီ။”
ယဲ့ဖန်းက ကြည့်လေလေ ကျေနပ်လာလေလေ ဖြစ်လာသည်။ သေးငယ်သည့် ရွှေရောင် ဒယ်ဇောက်အိုးလေးက သူ၏မျက်လုံးထဲတွင် ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်။ အဆုံးတွင် သူ၏ စိတ်တစ်ခုလုံးကို သိမ်းပိုက်သွားပြီးနောက် ရိုးရှင်းကာ သဘာဝဆန်သွားသည်။
“ဟုတ်တယ် ဒါပဲ .. ။”
ယဲ့ဖန်းက သွင်းလုပ်၍ ပြီးသွားသောအခါ ၃ ချောင်းထောက် ဒယ်ဇောက်အိုးလေးက သူ၏စိတ်ထဲတွင် ထင်ရှားစွာ ရှိနေသည်။ ၄င်းက ထာဝရတည်တံ့နေမည်ဖြစ်သည်။ ယခုမှ စတင်ပြီး သူက ဒုက္ခဆင်းရဲပင်လယ်ထဲတွင် အစစ်အမှန် ဒယ်ဇောက်အိုးကို ဖန်တီး ပုံဖော်ရတော့မည် ဖြစ်သည်။
“လျှို့ဝှက် အဆန်းကြယ်ဆုံးလလက်နက်က တရုတ်ပြည်ရဲ့ သမိုင်းတစ်ခုလုံးအနှံ့ ကျော်ဖြတ်ခဲ့တဲ့ ဒဏ္ဍာရီလာ ဒယ်ဇောက်အိုးကြီးပဲ ဖြစ်ရမယ် … ။”
ယဲ့ဖန်း၏ နှလုံးသားထဲတွင် မျှော်လင့် စောင့်စားမှုများက ပြည့်နက်နေသည်။
အပိုင်း (၇၇) ပြီး၏။