Chapter – 75
မနက်စာစားပြီးနောက် ယဲ့ဖန်းက တာအိုကျမ်းစာပိုဒ်ကို ဆက်လက် လေ့လာဆင်ခြင်သည်။ တစ်ညလုံးနီးပါး သူက လျှို့ဝှက်ဆန်းကြယ်သော စိတ်အခြေအနေသာ ရှိနေခဲ့သည်။ ဒုက္ခဆင်းရဲပင်လယ်ထဲမှ ရွှေရောင်ပင်လယ်က တစ်ဖန် ထပ်ထွက်လာပြီးနောက် ပြန်ပျောက်သွားသည်။ ကြယ်စင်များက တောက်ပနေသည်။ ဝရုန်းသုန်းကား မြင်ကွင်းများကလည်း ဝေဝါးနေသေးပြန်သည်။ အရာအားလုံးက ဆက်တိုက်ပြောင်းလဲနေသည်။ ဒုတိယနေ့ညတွင် သူက ထိုအခြေအနေမှ နိုးထလာသည်။ သို့သော် မပင်ပန်းချေ။ ဒုက္ခဆင်းရဲထဲမှ အသက် အဆီအနှစ်စွမ်းအားများအားလုံးက ဆက်တိုက်စီးဆင်းနေပြီး အလွန် လန်းဆန်းနေစေသည်။
“အကိုကြီး …။ မနက်စာစားဖို့ အချိန်ကျပြီ .. ။”
ရှောင်ထင်ထင်က သူ့ကို မနက်စာစားရန် လာခေါ်သည်။ သူမ၏ မျက်နှာလေးက ပျော်ရွှင်သောအပြုံးမျိုးဖြင့် ရှိနေသည်။ သူမ၏ ကိုယ်ပေါ်မှ အဝတ်က သူမနှင့် မတော်တော့သည့်အပြင် အဖာအထေးများက ပြည့်နက်နေသော်လည်း သူမ၏ ကလေးဆန်သောတောက်ပမှုကို မဖုံးကွယ်ထားနိုင်ချေ။
ယဲ့ဖန်းက သက်ပြင်းချလိုက်သည်။ ကလေးက ကလေးသာ ဖြစ်သည်။ သူမက မနေ့က အလွန်နာကျင်ခံစားခဲ့ရသည့်တိုင်အောင် ဝမ်းနည်းစွာ ငိုရှိုက်ခဲ့ပြီး နောက်ဆုံး ပြန်နိုးထလာသောအချိန်တွင် မပျော်ရွှင်သော ကိစ္စအားလုံးကို မေ့သွားလေသည်။
“ထင်ထင်လေးက ပျော်နေတာလား။”
ယဲ့ဖန်းက အပြုံးနှင့်မေးသည်။
“ဟုတ်တယ် … ။”
ထင်ထင်က အလေးအနက် ခေါင်းငြိမ့်သည်။
” ဒီနေ့ စားစရာလည်း ရှိတယ်လေ။ အဖိုးက စားဖို့ကို တွန့်ဆုတ်မနေဘူး။ ညီမအတွက်လည်း ဖယ်ထားပေးသေးတယ်။ ဒါမို့ ထင်ထင်က ပျော်တာပေါ့။”
ယဲ့ဖန်းက ကြောင်သွားသည်။ အချို့သူများ၏ ပျော်ရွှင်မှုက ရိုးရှင်းသည်။ စားစရာရှိယုံဖြင့် ထင်ထင်ကကျေနပ်သွားသည်။ ကျော်ကြားမှုများ၊ ကံကြမ္မာကောင်းများအတွက် တိုက်ခိုက်ခဲ့သော သူများနှင့် နှိုင်းယှဥ်သော် သူတို့၏ မျှော်လင့်ချက်က အလွန်အမင်း နိမ့်ကျသည်။ ထိုရိုးရှင်းသော ပျော်ရွှင်မှုကတင် သန့်စင်သည့်အလှတရာကို မွေးဖွားပေးနိုင်စွမ်း ရှိသည်။
သူမ၏ ရှက်ရွံ့နေသည့်မျက်နှာလေးနှင့် အပြုံးအပြည့်ရှိနေကြောင်း မြင်လိုက်သောအခါ ယဲ့ဖန်းက သက်ရောက်ခံရသလို ဖြစ်သွားသည်။ သူမ၏ ခေါင်းလေးကို အလိုလိုက်ချင်သော အကြည့်မျိုးဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် အိမ်ထဲမှ ခေါ်ထုတ်ခဲ့လိုက်သည်။
အချိန်က နေ့လယ်ရောက်တော့မည် ဖြစ်သည်။ လီမိသားစုမှ သက်တန့်ပါသောသူက တစ်ဖန်ပြန်လည်ရောက်လာပြန်သည်။ သို့သော် ဆိုင်က ပိတ်ထားကြောင်း မြင်သောအခါ ကန်ပြီးနောက် ကျိန်ဆဲသည်။
“တံခါးဖွင့်စမ်း အဖိုးကြီး။ ငါ ဒီမှာ စားဖို့ လာတယ်။”
ဆိုင်အတွင်းထဲမှ ထင်ထင်က အလွန်ထိတ်လန့်သွားသည်။ သူမ၏ မျက်လုံးကြီးတွင် မျက်ရည်များက ပြည့်နက်လာပြန်သည်။ သူမက လူအိုကြီး၏ လက်မောင်းကို ခပ်တင်းတင်း မှီထားသည်။ ထိုလူများက ချိုးဖျက်ဝင်ရောက်လာမည်ကို ကြောက်လန့်နေမိသည်။ ဦးလေးကျန်းက သဘာဝအလျှောက်ပင် သူမ၏ပုခုံးကို ပုတ်ပေးနေပြီး နှစ်သိမ့်ပေးနေသည်။
ယဲ့ဖန်းက အိမ်ထဲတွင် မတ်တပ်ရပ်လိုက်ပြီးနောက် အပြင်ဘက်မှ နားထောင်ရန် မသင့်တော်သော ကျိန်ဆဲသံများကို နားထောင်နေလိုက်သည်။ သူက မျက်မှောင်ကြုံ့ပြီးနောက် မျက်လုံးက ပို၍အေးစက်လာသည်။
“ကောင်းပြီ အဖိုးကြီးကျန်။ ခများက စီးပွားရေးမလုပ်ချင်မှတော့ ငတ်သေဖို့ပဲ စောင့်နေလိုက်တော့။ ခများက အသက်ခုနှစ်ဆယ် ရှစ်ဆယ်အထိ ရောက်နေပြီမဟုတ်လား။ ခများက ဘာလုပ်နိုင်မလဲကြည့်ရအောင်။”
အပြင်ဘက်ရှိလူများက ကျိန်ဆဲပြီးနောက် တံခါးအပြင်ဘက်မှ ပန်းအိုးနှစ်အိုးကို ရိုက်ခွဲသွားသည်။ ထို့နောက် ဓားမြှောင်တစ်ချောင်းကို ယူပြီး တံခါးပေါ်သို့ ထွင်းသွားသေးကာ အမှတ်အသားလုပ်သလို လုပ်ပြီးမှသာ ထွက်ခွာသွားသည်။
“အဖိုး”
အချိန်တန်ကြာပြီးနောက် ထင်ထင်က ထိတ်လန့်တကြားပြောသည်။
“သူတို့ မနက်ဖန် ပြန်လာဦးမှာလား။”
“အဆင်ပြေပါတယ် ထင်ထင်။ မကြောက်နဲ့။ အဖိုးက ထင်ထင်ကို မနာကျင်စေရပါဘူး။”
လူအိုကြီးက ထပ်ပြီး နှစ်သိမ့်ပေးသည်။ ထင်ထင်က ခပ်တိုးတိုး ပြောသည်။
” ဒီလူဆိုးတွေက နေ့တိုင်းပဲ မကောင်းတာတွေ လုပ်နေတာ။ ဘာလို့လူကောင်းတွေက သူတို့ကို အပြစ်မပေးကြတာလဲ။”
ယဲ့ဖန်းက ဒီလောကတွင် ကလေး၏စကားများကသာ အမှန်ကန်ဆုံးဟု ခံစားလိုက်ရသည်။ ရှင်းပြ၍ မရသောကိစ္စများစွာရှိသော်လည်း မည်သူကမှ မည်သူ့ကို ဂရုမစိုက်ကြချေ။
“ထင်ထင် …။ မစိုးရိမ်ပါနဲ့။ သူတို့ မနက်ဖန် ပြန်မလာနိုင်လောက်ဘူး။”
ယဲ့ဖန်းက ဆောင့်ကြောင့်ထိုင်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“လာ … ဆက်စားရအောင်။ နေ့လယ်ကျရင် ဟင်းကောင်းကောင်း စားရအောင် လုပ်ပေးမယ်။”
“အကိုကြီးက ဟင်းချက်တက်တာလား။”
ထင်ထင်၏ မျက်လုံးတွင် မယုံကြည်နိုင်မှုက အပြည့်ရှိနေသည်။
ကောင်မလေးက ကြီးမားသောမျက်လုံးကြီးများကို တဖျတ်ဖျတ် ခပ်ပြီးနောက် မယုံကြည်နိုင်သော မျက်နှာထားမျိုးဖြင့် ပြောသည်။
“ညီမ မယုံပါဘူး။ အဖိုးက ဘာမဆိုချက်တက်တယ်။ အတိတ်ကဆိုရင် ညီမတို့မှာ စားသောက်ဆိုင်ရှိသေးတယ်လေ။ အဖိုးက နေ့တိုင်း အရသာရှိတာတွေ ချက်ကျွေးတာ။”
“ဝက်နံရိုး ချိုချဥ် စားဖူးလား … ။”
“ဝက်နံရိုး ချိုချဥ် ဟုတ်လား .. ။”
ဘေးဘက်မှ လူအိုကြီးကလည်း ပဟေဠိဖြစ်သွားသည်။ မမျှော်လင့်ထားသည့်အတိုင်း ထင်ထင်က စိတ်ရှုပ်ထွေးသွားကာ ပြောသည်။
“ဝက်နံရိုးထဲကို သကြားတွေ ထည့်ထားတာကို ပြောတာလား … ။”
လူအိုကြီးကိုယ်တိုင်လည်း နားမလည်ချေ။
အဆုံးတွင် ယဲ့ဖန်းက ကောင်းမွန်စွာ ချက်ပြုတ်တတ်သောသူလည်း မဟုတ်ချေ။ သူ၏ ဟင်းချက်စွမ်းရည်ကလည်း ကြောက်စရာကောင်းသည်။
ထို့ကြောင့် သူက လူအိုကြီးကို ချက်နည်းကို ပြောပြပြီးမှ လူအိုကြီးကိုယ်တိုင် ချက်ခြင်းအားဖြင့် အရသာရှိသော သမင် နံရိုးချိုချဥ်က စားပွဲပေါ်သို့ ရောက်လာသည်။ ထင်ထင်က အလွန်သဘောကျသွားပြီး ပျော်ရွှင်စွာ ပြုံးကာ စားသောက်နေတော့သည်။
ယဲ့ဖန်းက ယခုလို ပျော်ရွှင်ဖွယ်ကောင်းသည့် လေထုအခြေအနေကို သဘောကျသည်။ ၄င်းက အိမ် ပီသသော ခံစားချက်မျိုးကို ရစေပြီး အထောက်အပံ့တစ်ခုဖြစ်သလို ခံစားချက်မျိုးကို ခံစားမိစေသည်။
နေ့လယ်စာစားပြီးနောက် လူအိုကြီးက ထင်ထင်ကို တရေးအိပ်ခိုင်းသည်။ သူက အညံ့စား လက်ဖက်ခြောက်ဖြင့် လက်ဖက်ရည်အိုးတစ်အိုး တည်ပြီးနောက် သန့်ရှင်းသပ်ရပ်နေသည့် လေးထောင့်ဆန်သော စားပွဲဝိုင်းလေးသို့ ယူလာပေးသည်။ ထို့နောက် ယဲ့ဖန်းကိုမေးသည်။
“ကလေး …။ တစ်ခုခု လုပ်မလို့လား။ အလောတကြီး မလုပ်ပါနဲ့ … ။”
ယဲ့ဖန်းက ပြုံးကာ ပြောသည်။
” ဦးလေး မစိုးရိမ်ပါနဲ့ … ။ ဘာမှ မဖြစ်စေရဘူး … ။ ပြောရရင် ဘယ်သူမဆို လူဆိုးဖြစ်နိုင်တာပဲလေ .. ။ သူတို့ လုပ်လုပ် မလုပ်လုပ်ပေါ့ … ။”
“မင်းက ဘာလုပ်မလို့လဲ .. ။”
“ကျွန်တော်တွေးမိတာသာ မှန်မယ်ဆိုရင် ဒီကိစ္စက အဲ့ဒီလူတွေကို ကိုင်တွယ်ဖို့ မခက်ခဲပါဘူး။ ကျွန်တော့်မှာ သူတို့ကို လက်စားချေဖို့ နည်းလမ်းရာကျော် ရှိတယ်။ ဒါပေမဲ့ ဘယ်တစ်ခုကိုမှ လုပ်ဖို့ မလိုအပ်ဘူး။ ဒီအတိုင်း အရိုးရှင်းဆုံးနည်းလမ်းကိုပဲ သုံးလိုက်မယ်။ သူတို့ကို သူတို့ဘာသာ သူတို့ မကိုင်တွယ်နိုင်လောက်အောင် အခြားသူကို ပြဿနာ လာမရှာနိုင်အောင်ပဲ လုပ်လိုက်မှာပါ။ ကျွန်တော် အနာဂတ်မှာ အချိန်ရှိမှ ကျွန်တော် သူတို့ကို ကိုင်တွယ်လိုက်မယ်။ ”
သူက တိုက်ရိုက်ပင် ထိုမြို့က ထွက်သွားလိုက်သည်။ သူက လီ မိသားစုကို ကိုင်တွယ်ရန် အကြံအစည် မချချင်ခဲ့ချေ။ အပြင်ဘက်တွင် ကျင့်ကြံနေသောသူများ မပြန်လာသမျှ ဘာမှလုပ်ရန် လိုအပ်လိမ့်မည် မဟုတ်ချေ။
လတိုင်းလိုလို လီ မိသားစုက မြို့ထဲသို့ တက်ကာ စားစရာ၊ သောက်စရာများ တက်ဝယ်ကြောင်း သူက သိထားသည်။ သူတို့က မြို့ငယ်လေး၏ စီးပွားရေးတစ်ဝက်ခန့်ကို သိမ်းယူထားသည်။ မနက်ဖန်က သူတို့မြို့သို့တက်ကာ အမြောက်အများ ဝယ်ယူမည့်နေ့ဖြစ်သည်။ မျက်နှာဝါ သက်တန့်ပါလူက လီ မိသားစုမှ အိမ်တော်ထိန်းဖြစ်ရာ သာမန်အခြေနေမျိုးတွင် သူက ဒီကိစ္စကို ကိုင်တွယ်ထားရသည်။
မြို့ငယ်လေးမှဆိုလျှင် ထိုတိုင်းပြည်မြို့ကြီးက ၇၀ ၈၀ လီခန့်အထိ ဝေးကွာသည်။ ထို့အပြင် မြို့ငယ်လေးထက်လည်း ပို၍ပင် ခမ်းနားကာ ကြွယ်ဝသေးပြန်သည်။ လူဦးရေ သောင်းကျော်သည်။
လမ်းဘေးတွင်လည်း ဆိုင်ပေါင်းများစွာရှိသလို အော်ဟစ်ကာ ရောင်းချသည့်အသံများကိုလည်း ဆက်တိုက် ကြားရမည် ဖြစ်သည်။ တစ်ဆိုင်နှင့် တစ်ဆိုင် အကွာအဝေးက မဝေးကွာချေ။
ထို့အပြင် မြို့ငယ်နှင့် ထိုမြို့ကြီးမှ အကွာအဝေးကလည်း ယဲ့ဖန်းကဲ့သို့ သာမန်လူ၏ ခွန်အားမျိုးကို ကျော်လွန်နေသောသူတစ်ယောက်အတွက် မဝေးကွာတော့ချေ။ သူက ၂နာရီပင် မကြာသောအချိန်တွင် ထိုမြို့ကြီးသို့ ရောက်သွားသည်။ ကြားထဲတွင် ဖမ်းမိလာခဲ့သော သားရဲများနှင့် ပိုက်ဆံကို လဲလည်ပြီးနောက် ထင်ထင်အတွက် ချိုချဥ်မုန့်များ ဝယ်လိုက်သည်။ သူမအတွက် ဝတ်စုံကလေးများနှင့် ဖိနပ်ကို ဝယ်ပြီးမှသာ သူ မနက်ဖန်အတွက် အသုံးပြုရမည့် လိုအပ်သောပစ္စည်းများကို ဝယ်ယူသည်။
ကောင်းကင်က မှောင်ခါနီးအချိန်မှသာ သူက ပြန်လာသည်။ သူ ဒီနေ့ထွက်လာသည့် အဓိကအကြောင်းပြချက်ကမူ မြို့ငယ်လေးနှင့် မြို့ကြီးကြားမှ စစ်ဆေးကြည့်ရန် ဖြစ်သည်။ ထိုလမ်းက လူရှင်း မရှင်း သူက သိလိုသည်။
ယဲ့ဖန်းက မီးများ ထွန်းညှိသည်အထိ ပြန်မလာခဲ့ချေ။ သူက လုံလုံခြုံခြုံ ပြန်လာကြောင်း မြင်သောအခါ လူအိုကြီး၏ စိုးရိမ်နေသော နှလုံးသားက ငြိမ်းချမ်းသွားသည်။ ထင်ထင်ကမူ အလွန်ပျော်ပြီး စိတ်လှုပ်ရှားနေသည်။ သူမက လှပသည့် ဝတ်စုံများကို ကိုင်ထားပြီး ဆက်တိုက် ပြုံးပျော်နေသည်။ သူမက ချိုချဥ်မုန့်များပါသည့် စက္ကူအိတ်လေးများကို ကိုင်ထားပြီးနောက် အရသာရှိသော မုန့်များကို ယဲ့ဖန်းနှင့် လူအိုကြီး၏ ပါးစပ်ထဲသို့ လိုက်ထိုးထည့်သည်။ သူမကိုယ်တိုင်လည်း စားသည်။
“ထင်ထင် …။ အ၀တ်သွားလဲ ကြည့်ရအောင် .. ။”
ယဲ့ဖန်းက မေးသည်။
“ညီမနောက်မှ ဝတ်လိုက်မယ်။ ထင်ထင်ရဲ့ အခုအဝတ်က ဝတ်လို့ ရပါသေးတယ်။”
သူမက အဝတ်တွေကို သေချာသိမ်းသည်။
သူမ ဝတ်ထားသည့် အဖာအထေးများ ပြည့်နေပြီး ချုပ်ရာများ ပြည့်နေသောဝတ်စုံကို ကြည့်ပြီးနောက် ယဲ့ဖန်းက အလွန်ဝမ်းနည်းသွားရပြန်သည်။ ဆင်းရဲသောမိသားစုမှ ကလေးတစ်ယောက်က နှလုံးသားကို နာကျင်အောင် လုပ်နိုင်စွမ်းအား ရှိသည်။ သူမက ဒီလောက် ငယ်ရွယ်သေးသောအရွယ်တွင်မူ သိတတ်နေသည်။ မရည်ရွယ်သော မှတ်ချက်ဖြစ်သော်လည်း သူ့ကို စိတ်ငြိမ်အောင် ခက်ခဲစေသည်။
“မစိုးရိမ်ပါနဲ့။ ထင်ထင်က အနာဂတ်မှာ နေ့တိုင်း အဝတ်သစ်တွေကို ဝတ်နိုင်စေရမယ်။ မြန်မြန်သွားလဲလိုက်တော့။”
ယဲ့ဖန်းက ထင်ထင်ကဲ့သို့ ချစ်စရာကောင်းသော ကောင်မလေးနှင့် လူအိုကြီး ကျန်းကဲ့သို့ ကြင်နာတက်သောသူကို ထပ်ပြီး အနိုင်ကျင့် မခံရစေချင်ချေ။ သူကဒီကိစ္စကို ခွင့်မလွတ်ပေးနိုင်ချေ။
ထိုညတွင် ယဲ့ဖန်းက တာအိုကျမ်းစာပိုဒ်ကို ဆက်လက်ပြီး လေ့လာဆင်ခြင်သည်။ သူက လက်ထဲတွင် ဗောဓိမျိုးစေ့ကို ကိုင်ထားသောကြောင့် သူ၏ နှလုံးသားက အလွန်အမင်း ကြည်လင်နေပြီး တာအိုကျမ်းစာပိုဒ်ပေါ် နားလည်မှုကလည်း ပို၍နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။
” တကယ်ကို ဉာဏ်အလင်းပွင့် သစ်ပင်ဆိုတဲ့အတိုင်းပါပဲ။”
နောက်တစ်နေ့ညနေတွင် ယဲ့ဖန်းက မြို့ငယ်လေးမှထွက်ပြီး တောထဲသို့ ဝင်သွားသည်။ သူက မြို့ကြီးသို့သွားသော လမ်းထံသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် တောင်တက်လမ်းအခွဲ တစ်နေရာရှိပြီး ဘေးနားတွင် ချိုင့်ဝှမ်းငယ်လေးတစ်ခုကို ကျော်ဖြတ်သွားရမည် ဖြစ်သည်။
ယဲ့ဖန်းက ချောက်ကမ်းပါးပေါ်မှ ကုန်းတက်ပြီးနောက် အနက်ရောင်ဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် မျက်နှာဖုံးကို တပ်ပြီး အရွယ်ရောက်လူတစ်ယောက်လို ပုံစံကို ရုပ်ဖျက်ရန် အောက်ဘက်ကခြေထောက်အတုပါသည့် ဖိနပ်အတုကြီးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် သူ မနေ့ကတည်းက ပြင်ဆင်ထားသည့် ဆီ သေနတ်ပြောင်းကို အသင့်ပြင်လိုက်ပြီး လီ မိသားစု၀င်များ ပြန်လာမည့်အရေးကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။
ကောင်းကင်က မှောင်လာမှသာ ထိုတောင်တန်းပေါ်တွင် အသံများ ထွက်ပေါ်လာတော့သည်။ ကြီးမားသော ကုန်တင်လှည်းကြီး ၁၀လှည်းကျော်က ပစ္စည်းအပြည့်နှင့်အတူ ရောက်လာခြင်း ဖြစ်သည်။
နေ့စဥ် အသုံးအဆောင်ပစ္စည်းများ၊ ပိုးထည်များ၊ အဝတ်အစားများ၊ စားစရာများစသည်ဖြင့် အရာအားလုံးပါသည်။ ယဲ့ဖန်းက မတ်တပ်ထရပ်ပြီးနောက် သေနတ်ပြောင်းကို သေချာချိန်ကာ ပစ်လွှတ်လိုက်သည်။ တဗမ်းဗမ်းမြည်သံများနှင့်အတူ လှည်းဆယ်လှည်းကျော်က ဆီများ စိုရွှဲသွားပြီး အောက်ဘက်ရှိ လူများက အထိတ်တလန့် ဖြစ်သွားကြသည်။
“ဆီတွေ ဒါ ဆီတွေပဲ … ။ တယောက်ယောက်က ဒီလှည်းတွေကို မိးရှို့တော့မယ် .. ။”
လီ မိသားစုမှ လူများက အော်ကြသည်။ သူတို့က အထိတ်တလန့် ပြေးကြသည်။ အချို့လူများကမူ မီးရှို့ချင်သောသူကို ရှာချင်ကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အထက်မှ ယဲ့ဖန်းကို သတိထားမိသွားသည်။ သူက အရပ်ရှည်ပြီး အနက်ရောင် ဝတ်စုံကို ဝတ်ထားသည်။ လက်ထဲတွင် ကိုင်ထားသော မီးတုတ်က ချက်ချင်းလိုလို အောက်သို့ ပစ်ချလိုက်သည်။ သို့သော် မီးတုတ်များက တစ်ခုပြီးတစ်ခု ဆက်တိုက်ရောက်လာခြင်း ဖြစ်သည်။
ထိုသို့ဖြင့် မီးများက စွဲလောင်သွားသည်။ လှည်း ၁၀ လှည်းလုံးက ချက်ချင်းလိုလို မီးပင်လယ်ထဲသို့ ရောက်သွားသည်။ မီးငြိမ်းသတ်ရန်လည်း မဖြစ်နိုင်ချေ။ မီးတောက်များက ကောင်းကင်ထိတိုင် မြှောက်တက်လာသည်။
“မင်းက ဘာကောင်လဲ .. ။ လီ မိသားစုရဲ့ပစ္စည်းတွေကိုတောင် မီး လာရှို့ရဲတယ် .. ။ ကျင့်ကြံသူတွေက အမဲလိုက်ခံရမှာကို မကြောက်ဘူးလား။”
အဝါရောင် သက်တန့်ပါ လူက အလန့်တကြား အော်သည်။ ပစ္စည်းပေါင်းများစွာ အဖျက်ဆီးခံလိုက်ရသောအခါ သူ ပြန်ရောက်လျှင် ခံစားရမည့်အကျိုးဆက်ကို သိလိုက်နိုင်သည်။
ဗမ်း ….။
နောက်ထပ် ဆီများက ထပ်မံကျဆင်းလာပြီး ဆီသေနတ်ပြောင်းက သူ၏ ခေါင်းကို ထိမှန်သည်။ သူ၏ ဝတ်စုံများက ဆီများ စိုရွှဲသွားပြီး မီးတောက်များက သူ၏ ကိုယ်ပေါ် ချက်ချင်း စွဲလောင်သွားတော့သည်။ အဝါရောင်မျက်နှာနှင့် သက်တန့်ပါလူက ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ သူ၏ အသက်ဘေးက ခြိမ်းခြောက်ခံရသလိုမျိုး သူက အဝေးရှိ တောင်စမ်းရေကန်ထံ အပြေးသွားကာ ခုန်ချလိုက်သည်။
ယဲ့ဖန်းက တစ်ချက် လှမ်းကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ချိုင့်ဝှမ်း၏ အထက် ချောက်ကမ်းပါး အနောက်ဘက်တွင် ပုန်းနေလိုက်သည်။ ထို့နောက် လျင်မြန်စွာဖြင့် ခြေထောက်တုကို ဖယ်ရှားလိုက်ပြီး အနက်ရောင် ဝတ်စုံများကို ပြန်စုတ်ဖြဲလိုက်သည်။ ဤနည်းအားဖြင့် ပစ္စည်းအားလုံးကို သယ်ကာ ထွက်ပြေးသွားတော့သည်။
ထိုညတွင် ထိုတစ်မြို့လုံးက အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ လီ မိသားစု၏ ဆုံးရှုံးမှုက အလွန်အမင်း ကြီးမားသည်။ ကုန်ပစ္စည်းနှင့် အခြားအားလုံး မီးရှို့ခံရပြီး ဘာမှ မကျန်ရစ်ခဲ့ချေ။ လူ ၇ယောက် ၈ယောက်ခန့်အထိ မီးလောင်သွားသေးသည်။
ထိုကြောင့် တစ်ညလုံးနီးပါး ထိုမြို့ငယ်လေးက ပွက်လောရိုက်နေတော့သည်။ လီ မိသားစုက ရူးသွပ်သွားသလိုမျိုး မြို့ထဲ သဲလွန်စ လိုက်ရှာသည်။ သူတို့အတွက် ရိုးရှင်းစွာ ပြဿနာရှာနေခြင်း ဖြစ်သည်။ လီမိသားစု၏ အကြီးမားဆုံး ဆုံးရှုံးမှုက သူတို့ကို ဒေါသထွက်စေခဲ့သည်။
ညအလွန်နက်မှသာ ထိုမြို့က ငြိမ်သက်သွားသည်။ လီမိသားစုမှ လူများကလည်း မြို့ထဲမှ တစ်ချို့သူများက ထိုသို့ မလုပ်နိုင်ကြောင်း ခံစားမိကြခြင်းကြောင့်ဖြစ်သည်။ ထိုသို့ လုပ်ရဲသောသူများလည်း မရှိသောကြောင့် ဖြစ်သည်။ သူတို့သည် ထိုသို့ သတ္တိမရှိချေ။
ထို့ကြောင့် ၄င်းက သူတို့၏ အဝေးမှ ရန်သူဖြစ်နိုင်ကြောင်း တွေးတောမိလိုက်ကြသည်။ လီ မိသားစုက ချက်ချင်းလိုလို ထိတ်လန့်တကြား ထွက်သွားကြပြီး လူများကို ညတွင်းချင်း မြူ ကောင်းကင်ဂူသို့ စေလွှတ်ကြတော့သည်။
ထိုညတွင် ယဲ့ဖန်းက စားသောက်ဆိုင်လေးမှ ထွက်ပြီးနောက် တောင်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ သွားသည်။ သူ၏ ခွန်အားကို အမြန်ဆုံး တိုးပွားအောင် ကြိုးစားရမည် ဖြစ်သည်။ တောင်တောအုပ်က မည်မျှ နက်ကြောင်း မသိချေ။
သို့သော် သူက အလွန်နက်သည့်အပိုင်းသို့ ဆက်ဝင်သွားပြီး နောက်ဆုံးတွင် ကျောက်တုံး ဂူတစ်ခုကို တွေ့သွားသည်။ သူက အထဲတွင် ဝင်လိုက်ပြီးနောက် ကျောက်တုံးကြီးဖြင့် အဝကို ပြန်ပိတ်လိုက်ပြီးနောက် ဝိညာဥ်ဆေးပင်များကို ထုတ်ယူလိုက်တော့သည်။
ကျောက်စိမ်းမြွေ သစ်ခွက အဆီများသော သိုးသားလိုလို နူးညံ့ပြီး ကျောက်စိမ်းရောင် တောက်ပနေသည်။ လန်းဆန်းစေသော မွှေးရနံ့များက အပြည့် ပါဝင်နေသည်။ ရွှေရောင် ပင်စည် အရိုးတိုင်လေးကမူ ရှေးဟောင်း သစ်သားဝိညာဥ်မှ ချန်ထားခဲ့ခြင်းဖြစ်လေရာ မျက်စိကျိန်းမတတ် တောက်ပပြီး အလင်းတန်းများကို ထုတ်လွှင့်နေသည်။
ယဲ့ဖန်းက လက်ထဲတွင် ဗောဓိမျိုးစေ့ကို ကိုင်လိုက်ပြီးနောက် စိတ်ကို ငြိမ်းချမ်းသွားစေကာ တာအိုကျမ်းစာပိုဒ်ကို ဆက်လက် ဆင်ခြင်သုံးသပ်တော့သည်။ သူ၏ ဒုက္ခဆင်းရဲပင်လယ်က ဆက်တိုက် တုန်ခါလာပြီးနောက် အဆင့်တက်တော့မလို ခံစားချက်မျိုးကို ရလာသည်။ ထို့ကြောင့် သူက သစ်ခွပန်းကို စားလိုက်သည်။
တစ်နာရီခန့်ကြာပြီးနောက် ကျောက်တုံးကြီးဖြင့် ပိတ်ဆို့ထားသော ဂူတစ်ခုလုံးထဲမှ ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာပြီး အလင်းပေါင်းများစွာက ဖြာထွက်လာသည်။ ရွှေရောင်အလင်းများက ဆူနာမီမုန်တိုင်းလို တွန်းထုတ်လာပြီးနောက် အသံလှိုင်းများက အဆုံးမသတ်နိုင်အောင် ထွက်ပေါ်လာတော့သည်။
ည၏တစ်ဝက်ခန့်အထိ ကုန်လွန်သွားပြီးမှသာ အရာအားလုံးက ငြိမ်သတ်သွားသည်။ ယဲ့ဖန်းကသူ၏ ခန္ဓာကိုယ် အတွင်းဘက်သို့ ပြန်လည်သုံးသပ်ကြည့်လိုက်သောအခါ ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်က နဂိုထက် အရွယ်အစားနှစ်ဆခန့် ပိုကြီးမားလာကြောင်း မြင်လိုက်ရသည်။
ကြီးမားသော ကျောက်တုံးကြီးကို ဖယ်ထုတ်ပြီး သူက ဂူထဲမှ ခုန်အထွက် သူ၏ခန္ဓာကိုယ်က အလွန်ပေါ့ပါးကာ ကျန်းမာရေးကောင်းမွန်နေသည်။ သူ၏ ခွန်အားနှင့် အရှိန်နှုန်းကလည်း ဆက်တိုက် တိုးတက်လာသည်။ သူက မီးခိုးငွေ့လိုမျိုး ဖြတ်ခနဲလက်လျက် တောင်တောအုပ်ထဲမှ ပြေးထွက်လာလိုက်သည်။
အဆုံးတွင် သူက ဂူထဲ ပြန်ရောက်လာပြီးနောက် ဂူပေါက်ကို တစ်ဖန် ပြန်ပိတ်လိုက်ပြန်သည်။ တုန့်ဆိုင်းမနေတော့ဘဲ သူက ရွှေရောင် ပင်စည်လေးကို ဝါးမျိုလိုက်သည်။ ထို့နောက် လက်ထဲတွင် ဗောဓိမျိုးစေ့လေးကို ကိုင်လျက်သာ ကျမ်းစာပိုဒ်ကို လေ့လာဆင်ခြင်တော့သည်။
ည၏ နောက်တစ်ပိုင်းက ထိုသို့ဖြင့် ကုန်လွန်သွားပြန်သည်။ ဂူထဲမှလည်း အသံများက ဆက်တိုက်ထွက်ပေါ်နေသည်။ ကျောက်တုံးကြီးဖြင့် ပိတ်ထားသော ဂူဝင်ပေါက်က ရုတ်တရက်ပြိုကျသွားပြီး ကျောက်တုံးများက အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။
၄င်းက မီးတောင်ပေါက်ကွဲသလိုမျိုး ထင်ရပြီး ကောင်းကင်ဘုံ ကိုးဆင့်မှ အဖြူရောင်အလင်းတန်းများက ဆင်းတက်လာသလို အလွန်အမင်း တောက်ပနေသည်။ ထိုဂူတစ်ခုလုံးက မျက်စိကျိန်းမတတ်တောက်ပနေသော အလင်းတန်းဖြင့် ပြည့်နက်နေလေပြီး ဆူနာမီမုန်တိုင်းက ကောင်းကင်ဘုံကို ထိုးဝှေ့ကာ ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
ယဲ့ဖန်း၏ ဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်က ရွှေရောင်နယ်မြေကြီးအလား ပြောင်းသွားပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။
ထိုအခြေနေက ၂နာရီထိ ကြာသည်။ ထို၂နာရီကုန်လွန်သွားပြီးမှသာ ကြောက်မက်ဖွယ်ကောင်းသောအခြေအနေများက အဆုံးသတ်သွားတော့သည်။ ရွှေရောင်အလင်းတန်းက နောက်ဆုံးတွင် ပျက်ပြယ်သွားသည်။ ယဲ့ဖန်းက အပြင်သို့ ခပ်မြန်မြန်ထွက်လိုက်ပြန်သည်။ သူ တူးခဲ့သောဂူက ဝုန်းခနဲမြည်သံနှင့်အတူ တိတ်တဆိတ် ပြိုကျသွားသည်။
ယခင်က မပြိုကျသေးသည်မှာ ရွှေရောင်အလင်းတန်းများက အထောက်အပံ့ပေးထားခြင်းကြောင့်ဖြစ်သည်။
ထိုတခဏတွင် အာရုံတက်တော့မည် ဖြစ်သည်။ တောင်တောအုပ်က လင်းလာပြီ ဖြစ်သည်။ ယဲ့ဖန်း၏ ခန္ဓာကိုယ်ကလည်း စွမ်းအင်အပြည့်ရှိနေသည်။ သူက ခန္ဓာကိုယ်တစ်ခုလုံးအနက် စီးဆင်းနေသည့် စွမ်းအင်များကို ခံစားမိလိုက်သည်။
ဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်က ပဲစေ့အရွယ်အစားမှ ငုံးဥအရွယ်အစားအထိ ပြောင်းလဲသွားသည်။ အရွယ်အစားက အစပေါင်းများစွာ ကြီးသွားခြင်းဖြစ်သည်။ ထိုအချက်က သူ့ကို အလွန်အံ့အားသင့်စေသည်။ ရှေးဟောင်းသစ်သားဝိညာဥ်က ချန်ထားရစ်ခဲ့သည့် ရွှေရောင်ပင်စည်ကြောင့် ယခုလို တိုးတက်သွားခြင်းလည်းဖြစ်သည်။
ယဲ့ဖန်းက သိတ်အေးအောင် မလုပ်နိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်က အဆုံးအစမဲ့အောင် နက်သော တွင်းချိုင့်တစ်ခုလို ခံစားနေရပြီး ဆေးစွမ်းအားသက်ရောက်မှုက မည်မျှပြင်းထန်စေကာမူ စိုးရိမ်စရာမလိုတော့သောအခြေအနေသို့ ရောက်ရှိနေခဲ့သည်။ သူက အသက်စွမ်းအင်အဆီအနှစ်ကိုသာ လုံလောက်အောင်ထောက်ပံ့ပေးနိုင်မည်ဆိုလျှင် သူ့အနေဖြင့် ဒုက္ခဆင်းရဲပင်လယ်ကို ဒီထက်ကြီးမားပြီး ကျယ်ပြန့်အောင်လုပ်နိုင်လောက်သေးသည်။
“ဒါက ရှေးခေတ် အထွတ်အမြတ်ခန္ဓာကိုယ်ရဲ့ ကျိန်စာလား။ အဆင့်တစ်ဆင့် တက်တဲ့အချိန်တိုင်း အဆီအနှစ်တွေ အများကြီး လိုအပ်နေတယ်။ ဒီလိုသာဆိုရင် ရှေ့ဆက်လမ်းက ပိုပြီးခက်ခဲသွားဦးမှာပဲ။”
သာမန်လူများက အသက်စွမ်းအင် အဆီအနှစ် အများကြီးကို စုပ်ယူလိုက်မည်ဆိုလျှင် သူတို့၏ခန္ဓာကိုယ်က ပေါက်ကွဲသွားနိုင်လေသည်။ ဒုက္ခဆင်းရဲပင်လယ်က ကျိုးပြတ်သွားပြီး ခန္ဓာကိုယ်က ပြိုလဲကျသွားပေလိမ့်မည်။ သာမန်လူများအနေဖြင့် ထိုအသက်အဆီအနှစ်များကို အချိန်ကြာကြာ စုပ်ယူမည်ဆိုလျှင် ဒုက္ခဆင်းရဲပင်လယ်က သူ့ထက် ပိုကျယ်နေမည်မှာ သေချာသည်။
ယဲ့ဖန်းက တွေးတောကြည့်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်က အခြားသူများနှင့် မတူဘဲ အလွန်ထူးခြားသည်ဟု ခံစားလိုက်ရသည်။ သူက ရေရွတ်လိုက်သည်။
” ဒါက အမှိုက်ခန္ဓာကိုယ်ဆိုတာ သေချာရဲ့လား။ ငါတကယ်ကို မတွေးတက်တော့ဘူး။”
ထိုအချိန်တွင် သူ၏ ဒုက္ခဆင်းရဲပင်လယ်က အလွန်သိပ်သည်းသောစွမ်းအင်များ အပြည့်ရှိနေကြောင်း သိလိုက်ရသည်။ ငုံးဥအရွယ်အစားခန့်သာ ရှိနေသေးသည့်တိုင် နတ်သင်္ကေတ ၁၉ ခုတိုင် ရှိနေပြီ ဖြစ်သည်။ အလွန်အမင်း ထင်ရှားတောက်ပနေသည်။
” သူ၏ ဒုက္ခဆင်းရဲက ဒီလို အရွယ်အစားရောက်နေတာတောင်မှ နတ်သင်္ကေတတွေကို ထွင်းထုဖို့ ခက်ခဲဦးမှာပဲ။ ဒါပေမဲ့ ငါ့ရဲ့ဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်ကတော့ အရင်ကတည်းက လုပ်နိုင်ခဲ့တာ … ။”
ယဲ့ဖန်းကမူ ၄င်းက ချဲ့ကားလွန်းသည်ဟု မခံစားရချေ။ ထို့အစား သူက တစ်စုံတစ်ရာကို လုပ်နိုင်လိုက်သလို ခံစားချက်မျိုးကို ရလိုက်သည်။ သူ၏ ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်က အလွန်ထူးခြားသည်။
ဝှစ် ဝှစ် ဝှစ် …။
ယဲ့ဖန်းက သူ၏ လက်ချောင်းဆယ်ချောင်းကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီးနောက် ရုတ်တရက် နတ်သင်္ကေတအလင်းတန်း ဆယ်ခုကျော်ကို ထုတ်ဖော်လာစေလိုက်သည်။ မျက်စိကျိန်းမတက်တောက်ပသော ဓားအရှိန်အဝါများကဲ့သို့ ထိုအရာများက တောင်ကျောက်သားပေါင်းများစွာကို ထိုးဖောက်ကျော်ဖြတ်သွားသည်။
” ငါကသာ ဒုက္ခဆင်းရဲပင်လယ်ကို အခြားသူတွေနဲ့အရွယ်အစား တန်းတူဖွင့်နိုင်ရင် အခြားသူတွေထက် ပိုစွမ်းအားကြီးမားတဲ့ နတ်စွမ်းအင်မျိုးကို ပိုင်ဆိုင်နေဦးမှာပဲ။”
ထိုအချက်က ယဲ့ဖန်း၏ အတွေးများကို ဖိအားဝင်သွားစေသည်။
“ဒါပေမဲ့ ငါက ဒီလိုသိုင်းမျိုးကို အောင်မြင်အောင်ကျင့်ကြံချင်တယ်ဆိုရင် အသက်အဆီအနှစ် အများကြီး လိုအပ်နေဦးမှာပဲ။”
ထိုပြဿနာကို တွေးမိသောအခါ သူက မျက်မှောင်ကြုံ့လိုက်မိပြန်သည်။
“ဒါပေမဲ့ ဝိညာဥ်ဆေးပင်ကပဲ အကန့်သတ်ရှိနေတာမှမဟုတ်တာ။ ငါ အကြီးအကဲ ဝူချင်ဖုန်းပြောတဲ့ အဲ့ဒီအရင်းအမြစ်ဆိုတာကို ရှာဖွေနိုင်မယ်ဆိုရင် အဆင်မပြေနိုင်ဘူးလား။ ငါ ဝိညာဥ်ချီတွေ သိပ်သည်းမှု ရှိနေတဲ့နေရာတစ်ခုကို သွားပြီး အဆင့်တက်သင့်တယ်။”
ရှေးခေတ်မှတ်တမ်းများအရ ကောင်းကင်နှင့်မြေပြင်မှချီများက ပေါင်းစပ်ပြီး အရာအားလုံးကို မွေးဖွားပေးခြင်း ဖြစ်သည်။ ဝိညာဥ်ချီများက အလွန်အမင်းသိပ်သည်းလျှင် ဝိညာဥ်နှင့် ပတ်သက်သော ပစ္စည်းပေါင်းများစွာ အပင်ပေါင်းများစွာက ထိုနေရာတွင်ပေါက်ရောက်နေလိမ့်မည်။
မည်သို့ပင်ဆိုစေ ကောင်းကင်နှင့်မြေပြင်မှ ချီက ဝိညာဥ်ချီကို မြစ်ဖျားခံကာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အသက် အဆီအနှစ်ပေါင်းများစွာ ပါဝင်သယ်ဆောင်ထားပေလိမ့်မည်။
ထိုအရာကို ယခုအခါ လူတိုင်းက အရင်းအမြစ်ဟုခေါ်သည်။ ကျင့်ကြံသူများအတွက် ထိုအရင်းအမြစ်က အလွန်အမင်း အဖိုးတန်သည်။ အကောင်းဆုံးအရင်းအမြစ်က တန်ကြေးမဖြတ်နိုင်အောင် ထိုက်တန်သည်။
ရှေးခေတ်အချိန်ကာလတွင် မွေးဖွားဖြစ်တည်ခဲ့သောအရာအားလုံးက ကောင်းကင်နှင့်မြေပြင်မှ မူလချီမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တဖြည်းဖြည်းအချိန်ကြာလာသည့်အခါ ထိုချီများက ပါးသည်ထက် ပါးလပ်လာသည်။ ထို့ကြောင့် အရင်းအမြစ်အဖြစ် ဖြစ်တည်ရန် ခက်ခဲလာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် နောက်ဆုံး ခမ်းနားလွန်းသောခေတ်ကြီးတွင် အရာအားလုံးက အားဖြည့်ပေးခံရသလို ဖြစ်လာ၏။ အသက်ချီပေါင်းများစွာကလည်း အင်အားကြီးမားလာခဲ့ကာ ဝိညာဥ်ဆေးပင်ပေါင်းများစွာကလည်း ပေါ်ထွက်လာခဲ့သည်။
ရလဒ်အနေဖြင့် ရှားပါးသော နတ်ဘုရား အရင်းအမြစ်နယ်မြေများကလည်း ဖြစ်တည်လာတော့သည်။ ထို့ကြောင့် နှောင်းပိုင်းလူများက သလင်းသားများသဖွယ်ထင်ရသည့် ပယင်းရောင်ရှိသည့် သက်ရှိသတ္တဝါပေါင်းများစွာကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
အကယ်၍ ထိုသက်ရှိသတ္တဝါများထဲမှ ရရှိမည့် အမြူတေကဲ့သို့သော ထိုပယင်းရောင် စည်းတံဆိပ်တုံးလေးများက နတ်ဘုရားအရင်းအမြစ်ဟု သတ်မှတ်မည်ဆိုလျှင်လည်း မလွန်နိုင်ချေ။
ထိုကဲ့သို့ နတ်ဘုရား အရင်းအမြစ်နယ်မြေ အစစ်အမှန်ချီကိုသာ သူတို့က ရသွားမည်ဆိုလျှင်မူ သတ္တဝါတစ်ကောင်ကို ရှာတွေ့ခြင်းထက် ပို၍ များပြားသော ကံကြမ္မာကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
” ဒါက လူတွေအားလုံး လိုချင်တောင်းတကြတဲ့ ခေတ်ကာလကြီးပဲ … ။”
အပိုင်း (၇၅) ပြီး၏။