Switch Mode

Chapter – 1561 & 1575

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၁)

ထိုကောင်လေး ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို စည်းရုံးသိမ်းသွင်းရန် ကြံစည်နေခြင်းလော။

ထိုအကြောင်း စဉ်းစားမိလိုက်သည့်အခိုက် ကျန်းယွမ်၏ အမူအရာ ခက်ထန်သွားခဲ့ရသည်။

သူ စိတ်သဘောထား သေးသိမ်ခြင်းမဟုတ်။ သို့သော်လည်း သူသည် မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည့်အတွက် ထိုဖြစ်နိုင်ချေကို ထည့်သွင်း စဉ်းစားရပေမည်။

မိုးကြိုးနဂါးစီနီယာကြီးသည်လည်း ထိုကဲ့သို့ စဉ်းစားနေသည်။ ထိုသို့သာဆိုလျှင် သူတို့ နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စု နှစ်ခု အတူပူးပေါင်းပြီး ခုခံမည်ဆိုလျှင် ခုခံနိုင်လိမ့်မည် မဟုတ်ဘဲ သူတို့သာ ဒုက္ခရောက်သွားပေလိမ့်မည်။

ထိုမေးခွန်းကိုကြားသော် ရန်ကိုင်က ကျန်းယွမ်ဘက်သို့ လှည့်၍ ပြုံးလျက် “နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ် စိတ်ပူနေစရာ မလိုဘူး။ ကျုပ်ဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး။ မကြာခင် ကျုပ်ပြန်သွားတော့မှာ”

“မင်းပြန်ထွက်သွားတော့မှာ” ကျန်းယွမ် အံ့အားသင့်သွားခဲ့ပြီး မိုးကြိုးနဂါးနှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။

“ဟုတ်တယ်။ ကြယ်စီရင်စုကြီးက အရမ်း အံ့ဩဖို့ကောင်းတယ်။ ဒါကြောင့် ကျုပ်ဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

မိုးကြိုးနဂါး၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး အလျင်အမြန်ပဲ မေးလိုက်လေသည် “ကြယ်စီရင်စုကြီးက အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား။ ဖြစ်နိုင်ရင် တော်ဝင်သခင် ငါတို့ကို နည်းနည်းပါးပါးလောက် ပြောပြပေးလို့ရမလား”

မျိုးနွယ်စုကြီး သုံးခုမှ အခြားပညာရှင်များသည်လည်း ရန်ကိုင်အား မျှော်လင့်တကြီး ကြည့်လျက် နားစွင့်ထားလိုက်ကြလေသည်။

“ဟုတ်တယ်။ ဟုတ်တယ် ငါလည်း သိချင်နေတာ” ချူလင်းရှောင်က ပြုံးကာ ပြောလိုက်သည်။ လင်းတိုင်ရှုဆီမှ ကြားပြီးပြီ ဖြစ်သော်ငြား ဒုတိယလူဆီမှ ကြားသိရခြင်းသာ ဖြစ်သည့်အတွက် အနည်းငယ် မပြည့်စုံသလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကြယ်စီရင်စုထဲသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးသော ရန်ကိုင် ပြောပြသည်ကို နားထောင်ချင်နေမိသည်။

“ဘိုးဘေးလည်း မေးလာမှတော့ တပည့် ပြောရတာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး ခဏမျှ စဉ်းစားပြီးနောက် စတင် ပြောပြလေသည် “ကြယ်စီရင်စုထဲမှာ ကျုပ်တို့ အိမ်မက်တောင် မမက်ဖူးတဲ့ အရာတွေ အများကြီးပဲ…”

အကုန်လုံးသည် ရန်ကိုင် ပြောပြသည်ကို သေချာ နားစိုက်ထောင်နေကြသည်။

အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေသော်လည်း မည်သူမှ အချိန်မည်မျှ ကုန်သွားသည်ကို စိတ်ဝင်စားနေခြင်း မရှိဘဲ ရန်ကိုင် ပြောပြသည်ကိုသာ သေချာ နားစိုက်ထောင်နေခဲ့သည်။

ကျယ်ပြောလှသော ကြယ်စီရင်စုကြီးသည် သူတို့အား ထပ်တလဲလဲ အံ့အားသင့်စေခဲ့သည်။ အံ့ဩဖွယ်ရာ မြင်ကွင်းများအကြောင်း၊ ပေါများလှသော ကျင့်ကြံရေး အရင်းအမြစ်များ အကြောင်း ကြာပြီး သူတို့ကိုယ်တိုင် ကြယ်စီရင်စုထဲသို့ သွားချင်မိလာသည်။ သူတော်စင်အဆင့် အထက်တွင် သူတော်စင်ဘုရင်အဆင့် ရှိပြီး သူတော်စင်ဘုရင်အဆင့် အထက်၌ တန်ခိုးရှင်အဆင့် ရှိကာ ထိပ်ဆုံးတွင် တန်ခိုးရှင်ဘုရင်အဆင့် တည်ရှိနေပေသည်။

နောက်ဆုံးတွင် ရေတွင်းထဲမှ ဖားသူငယ်သည် ကောင်းကင်ကြီး မည်မျှ ကျယ်ကြောင်းမသိ ဟူသော စကားကို သူတို့ နားလည်သွားခဲ့လေပြီ။

ရန်ကိုင် ပြောပြသွားသလောက် ကြယ်စီရင်စုထဲတွင် ရှိနေသော ကျင့်ကြံရေးကြယ် အများစု၏ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းပေသည်။ ကြယ်စီရင်စုထဲတွင် သူတော်စင်များသည် ဘာမှမဟုတ်ကြဘဲ တန်ခိုးရှင်အဆင့်လောက် ရောက်မှ အနည်းငယ် လူရာဝင်နိုင်ကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်မှသာလျှင် လူအများ၏ လေးစားခြင်း ခံရနိုင်ပြီး ကြယ်စီရင်စုကြီး၏ အထွဋ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။

ထိုအကြောင်းအရာများကို နားထောင်ရင်း အကုန်လုံး၏ သွေးများ ဆူပွက်လာခဲ့ပြီး မျက်လုံးများသည် မျှော်လင့်ချက်၊ တောင့်တမှုတို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။

သူတို့သည်လည်း ထိုကဲ့သို့သော ကောင်းမွန်သော နေရာများတွင် ကျင့်ကြံချင်ပေသည်။ သိုင်းတာအို၏ ပိုမို မြင့်မားသော နေရာသို့ လျှောက်လှမ်းချင်ပြီး ဒဏ္ဏာရီလာ သူတော်စင်ဘုရင်များ၊ တန်ခိုးရှင်အဆင့် ပညာရှင်များနှင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များပင် ဖြစ်ချင်သည်။

ရန်ကိုင်သည် နည်းနည်းလေး ချဲ့ကားပြောသွားခြင်း မရှိဘဲ သူသိထားသမျှ၊ ကြုံခဲ့ရသမျှကို အရှိအရှိအတိုင်းသာ ပြောသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုမျှနှင့်ပင် လုံလောက်နေလေပြီ။ သူပြောပြီးနောက်တွင်ပင် အကုန်လုံးသည် စိတ်မငြိမ်နိုင်သေးဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြလေသည်။

ရန်ကိုင်သည် အမျိုးမျိုးသော အံ့ဩဖွယ်ရာများကို မြင်တွေ့ခဲ့သော်ငြား သူတို့ကမူ ကြယ်စီရင်စုထဲရှိ ကျင့်ကြံသူ အများစု မနေချင်သည့် နေရာတွင်သာ တွယ်ကပ်နေနေကြပြီး ထိုလူများ အမှိုက်ဟု သတ်မှတ်ထားသည့် ပစ္စည်းများကို အပြိုင်အဆိုင် လုယက်နေကြသည်။

ထိုအကြောင်းကို သိလိုက်ရသည့်နောက်တွင် အကုန်လုံး အတော်လေး စိတ်ဓါတ်ကျမိသွားသလို ရှက်လည်း ရှက်မိသွား၏။

ယခုလေးတင် အမြင်မကြည်ဖြစ်ကာ ထသတ်နေခဲ့ကြသော ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့သည် ရန်ကိုင် ပြောပြသည်ကို ကြားပြီးနောက်တွင် အချင်းချင်း အကြည့်ချင်း ဖလှယ်လျက် ခါးသက်စွာ ရယ်မောလိုက်ကြလေသည်။

“ကြယ်စီရင်စုကြီးက တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတပဲ။ ဒီလူအိုကြီးတောင် သွားကြည့်ချင်လာပြီ။ အဲ့လို အံ့ဩစရာတွေကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ခံစားနိုင်မယ်ဆိုရင် ပျော်ပျော်ကြီး သေလိုက်လို့တောင် ရသွားပြီ” ချူလင်းရှောင်က အသက်ပြင်းပြင်း ရှူသွင်းလျက် ပြောလိုက်လေသည်။

မိုးကြိုးနဂါးနှင့် ကျန်းယွမ်သည်လည်း တစ်ခုခု ပြောချင်နေသည့် အလား ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင် မည်သည့် စကားမှ ထွက်မလာခဲ့ချေ။

ရန်ကိုင် စကားပြောပြီးနောက် ခန်းမကြီးတစ်ခုလုံး အချိန် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ နောက်ဆုံးတွင် ကျန်းယွမ်သည် သက်ပြင်းချ၍ စိတ်ဓါတ်ကျနေသည့် လေသံဖြင့် မေးလိုက်လေသည် “အဲ့ဒါဆို တော်ဝင်သခင် မျိုးနွယ်စုကြီး သုံးခုစလုံးကို ဘာလို့ ခေါ်လိုက်လဲ သိလို့ရမလား မသိဘူး”

သူ့မေးခွန်းကို ကြားသည့်အခါ မိုးကြိုးနဂါးလည်း ရန်ကိုင်ဘက်သို့ လှည့်လာခဲ့လေသည်။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည် “ခင်ဗျားတို့ကို ကြယ်စီရင်စုထဲ ခေါ်သွားပေးမလို့လေ”

ရန်ကိုင်၏ စကားတစ်ခွန်းကြောင့် လူတိုင်း၏ရင်ထဲ လှိုင်းထန်သွားခဲ့ရသည်။ အကုန်လုံး စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီလာခဲ့ပြီး ရန်ကိုင်အား မျှော်လင့်ချက်တို့ ရစ်သိုင်းနေသည့် အကြည့်များဖြင့် ကြည့်လာခဲ့ကြသည်။

ရန်ကိုင် ပြောပြသည်ကို ကြားပြီးနောက်တွင် သူတို့လည်း ကြယ်စီရင်စုထဲသို့ သွားချင်လာမိခဲ့သည်။

သို့သော်လည်း ကြယ်စီရင်စုထဲသွားရန် ထိုမျှ လွယ်ပါ့မလား။ သူတို့ အနေဖြင့် ကြယ်စီရင်စုထဲသို့ သွားမှမသွားနိုင်လေရာ ဤနေရာတွင် နေ၍ ကြယ်စီရင်စုကြီးအကြောင်း ထိုင်အိမ်မက်မက်နေရုံသာ တတ်နိုင်တော့လေသည်။

ယခု ရန်ကိုင်သည် သူတို့အား ကြယ်စီရင်စုထဲသို့ ခေါ်သွားပေးမည်ဟု ပြောလာခဲ့သည်။ သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေမိလေပြီ။

“ခင်ဗျားတို့ မလိုက်ချင်လည်း ကိစ္စမရှိဘူးနော်။ ကျုပ်တွန်းအားမပေးဘူး။ မလိုက်ချင်တဲ့လူတွေ နေခဲ့လို့ရတယ်။ လိုက်ချင်တဲ့လူတွေပဲ ကျုပ်ခေါ်သွားမှာ။ ကျုပ်အခု ပြန်လာတယ် ဆိုတာကလည်း ဒီအချက်ကြောင့်ပဲ ပြန်လာခဲ့တာ” ရန်ကိုင်က ထပ်ပြောလိုက်သည်။

“မင်းတကယ် ပြောနေတာလား” ကျန်းယွမ်က ရုတ်တရက် ထရပ်လိုက်ပြီး ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“တော်ဝင်သခင်ရန်၊ မင်းနောက်နေတာတော့ မဟုတ်ပါဘူးနော်” မိုးကြိုးနဂါးကလည်း မယုံတယုံဖြင့် မေးလိုက်သည်။

ကြယ်စီရင်စုထဲသို့ တစ်ယောက်ယောက်ကို ခေါ်သွားရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို သူတို့ မသိသော်လည်း လွယ်ကူလိမ့်မည် မဟုတ်မှန်းတော့ သိပေသည်။ ရန်ကိုင်သာ ကြယ်စီရင်စုထဲသို့ အခြားသူများကို ခေါ်သွားနိုင်မည်ဆိုလျှင် သူမိသားစုဝင်များနှင့် လူသားမျိုးနွယ်စုမှ မိတ်ဆွေများကိုသာ ဦးစားပေး ခေါ်သွားပေလိမ့်မည်။ ယခု သူသည် ထိုသို့ မလုပ်ဘဲ နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စုဝင်များကို ဖိတ်ခေါ်နေခဲ့သည်။ သူတို့ စိတ်ထဲ သိပ်မယုံချင် ဖြစ်နေမိသလို စိတ်လည်း အလွန်ကိုမှ လှုပ်ရှားနေမိသည်။

“ကျုပ်နောက်နေတာ မဟုတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ မှင်သက်သွားကုန်ကြလေပြီ။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကျန်းယွမ်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။ “လိုက်ချင်တယ်ဆိုရင် ငါတို့ဘက်က တော်ဝင်သခင်ကို ဘာပြန်ပေးရမှာလဲ။ တော်ဝင်သခင်ရဲ့ လက်အောက်ခံ လုပ်ရမှာလား”

“ဟားဟား…” ရန်ကိုင်က ပြုံးလျက် အထင်တသေး အမူအရာဖြင့် “ကျုပ်လက်တစ်ချောင်း မြှောက်လိုက်ရုံနဲ့တင် ထုန်းရွှမ် လောကကြီး တစ်ခုလုံးကို ဒူးထောက်သွားအောင် လုပ်နိုင်တာကို အခုလို အလုပ်ရှုပ်ခံပြီး ခင်ဗျားတို့ကို ကျုပ်လက်အောက်ခံ လုပ်ခိုင်းစရာလား။ ကျုပ်သာ ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို သိမ်းပိုက်ချင်တယ်ဆို ဘာအပိုစကားမှ ပြောမနေဘူး။ ကျုပ်ခွန်အားကိုပဲ တိုက်ရိုက်သုံးလိုက်မှာ”

ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ ချွေးပျံ့လာခဲ့ကြသည်။

ရန်ကိုင် လေလုံးထွားသည်ဟု သူတို့ မထင်ကြချေ။ ရန်ကိုင် ရှင်းပြသွားသည့်ပုံအရ၊ သူ့လက်ရှိ ကျင့်ကြံခြင်းသည် သူတို့ လုံးဝ မခုခံနိုင်သည့် အဆင့်သို့ ရောက်နေခဲ့လေပြီ။

ထိုလူငယ်လေးသည် နတ်ဆိုးမျိုးနွယ်စု၏ ဒဏ္ဏာရီလာ နတ်ဆိုးနတ်ဘုရား ရောက်ရှိခဲ့သည့် အဆင့်ကိုပင် ကျော်လွန်သွားခဲ့လေပြီ။ မဟာနတ်ဆိုးနတ်ဘုရား ပြန်ရှင်လာလျှင်ပင် ထိုလူငယ်လေးကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။

“ဒါဆိုရင် ဘာလို့ တော်ဝင်သခင်ရန်…” မိုးကြိုးနဂါးက ရန်ကိုင်ကို တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ကြည့်၍ မေးလိုက်သည်။

“လူတိုင်းက မိတ်ဆွေဟောင်းတွေပဲလေ။ ကျုပ်ဘက်က ကူညီပေးနိုင်တာ ရှိမှတော့ ဘာလို့ မကူညီရမှာလဲ” ရန်ကိုင်က ပြောလိုက်သည်။

ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ နှစ်ဦးစလုံး ရှက်သွားခဲ့ကြသည်။ တွင်းတစ်တွင်း တူပြီးတော့သာ ပြေးပုန်းလိုက်ချင်တော့သည်။

ကျန်းယွမ်သည် အလျင်အမြန် လက်သီးဆုပ်၍ အလေးအနက် လေသံဖြင့် “တော်ဝင်သခင်က ဂုဏ်သရေရှိတဲ့ လူတစ်ယောက်ပဲ။ မယုံသင်္ကာ ဖြစ်မိသွားတာ ဒီကျန်း အမှားပါ။ တော်ဝင်သခင်ကို စော်ကားသလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

မိုးကြိုးနဂါးလည်း အလျင်အမြန် တောင်းပန်လိုက်လေသည်။

“ဘာမှမဖြစ်ပါဘူး။ ခင်ဗျားတို့က ခင်ဗျားတို့ မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေဆိုတော့ အခြား ဖြစ်နိုင်ချေတွေကိုလည်း ထည့်တွက်ကြည့်ရတာ သဘာဝပါပဲ” ရန်ကိုင်က လက်ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည်။ သူသာ ထိုလူများ နေရာတွင် ဆိုပါကလည်း ထိုကဲ့သို့သာ ပြုမူမိပေလိမ့်မည်။

ထိုစကားကို ကြားမှပဲ ပညာရှင်နှစ်ဦးစလုံး စိတ်သက်သာရာ ရသွာခဲ့ကြသည်။

“ကြယ်စီရင်စုကြီးထဲမှာ အံ့ဩစရာတွေ အများကြီး ရှိတယ်ဆိုပေမယ့် အန္တရာယ်တွေလည်း အများကြီးပဲ။ ကျုပ်တို့ အားလုံးကို ခေါ်သွားမယ်ဆိုရင် တော်ဝင်သခင် ကျုပ်တို့ကို ဘယ်လို ကာကွယ်ပေးမှာလဲ” မိုးကြိုးနဂါးက စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။

“အန္တရာယ်တွေ တကယ်ရှိတယ်။ ဒါကြောင့် ကျုပ်နောက်ကို လိုက်မယ် မလိုက်ဘူးဆိုတာက ခင်ဗျားတို့ အပေါ်ပဲ မူတည်လိမ့်မယ်။ ခင်ဗျားတို့ နေချင်တယ်ဆိုလည်း နေခဲ့လို့ရတယ်။ ထုန်းရွှမ်လောကကြီးက တစ်နေ့ကျရင် အခြားကြယ်တွေလို ပြန်ဖြစ်လာရင် ဖြစ်လာနိုင်မှာ။ အဲ့အခါကျ ခင်ဗျားတို့ ပိုမြင့်တဲ့ အဆင့်တွေဆီ တက်လို့ရပြီ။ ဒါပေမယ့် အဲ့လိုဖြစ်ဖို့ ဘယ်လောက်ကြာမလဲတော့ ကျုပ်လည်း မသိဘူး” ရန်ကိုင်က ရှနင်းချန်အား အဓိပ္ပါယ်ပါပါကြည့်ရင်း ပြောလိုက်၏။

ကြယ်အမြူတေကို သန့်စင်ပြီး ကြယ်သခင် ဖြစ်လာပြီးနောက် ရှနင်းချန်သည် တန်ခိုးရှင်အဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့သည်။ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်သွားပြီးနောက်၌ သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ ရစ်သိုင်းနေသည့် မီးခိုးရောင် အရှိန်အဝါမှာလည်း အတော်လေး ဖျော့သွားခဲ့လေသည်။

သူမသာ ထိုအမြန်နှုန်းအတိုင်း ဆက်၍ အဆင့်ချိုးဖျက်နေမည် ဆိုပါက တစ်နေ့တွင် ကြယ်စီရင်စုကြီး၏ အထွဋ်အထိပ်၌ ရပ်တည်လာနိုင်လိမ့်မည် ဖြစ်ပြီး ထုန်းရွှမ်လောကကြီးလည်း တစ်ဖန်ပြန်လည်း အားကောင်းလာနိုင်ပေလိမ့်မည်။

“ဒီကိစ္စက အတော်လေး အရေးကြီးတာဆိုတော့ ကျုပ်ကလန်းသားတွေနဲ့ ပြန်တိုင်ပင်ဖို့ ရက်နည်းနည်းလောက် ပေးပါ တော်ဝင်သခင်” ကျန်းယွမ်က ပြောလိုက်တယ်။

“ရတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ချက်ချင်းပြ ရန်ကိုင်သည် နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတား မျိုးနွယ်စုဝင်များအား သူတို့ နေထိုင်မည့် နေရာများကို လိုက်ပြပေးရန် တပည့်အချို့ကို အမိန့်ပေးလိုက်လေသည်။

လူသားမျိုးနွယ်စုဘက်တွင်မူ ဘာမှ ဆွေးနွေးနေစရာ မရှိချေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၊ ရန်ကိုင်၏ ဆွေမျိုးများနှင့် ဟန်မင်းဆက်မှ သူ့မိတ်ဆွေအားလုံး၊ တော်ဝင်ဂိုဏ်းတော်မှ လူများ အပါအဝင် လိုက်ပါကြပေလိမ့်မည်။ အချို့ တပည့်များမှာမူ ဤနေရာကို မခွဲရက်သည့်အတွက် နေရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ရန်ကိုင်ကလည်း သူတို့ကို အတင်း ခေါ်မနေခဲ့ဘဲ နေရစ်ခွင့် ပေးလိုက်လေသည်။

လူတိုင်းသည် အကြောက်အရွံ့ကင်းပြီး စွန့်စားမှုကို ဆာလောင်သည့် လူများ မဟုတ်ကြချေ။ မမြင်နိုင်သော အံ့ဩဖွယ်ရာများအတွက် အသက်ကို အလောင်းအစား လုပ်နိုင်ဖို့ရာ အတော်လေး သတ္တိကောင်းရန်၊ အလွန်ကိုမှ အားကောင်းချင်လိုစိတ်ကို ပိုင်ဆိုင်ထားနိုင်ရန် လိုအပ်ပေသည်။

သို့သော်လည်း ငြင်းသည့်လူမှာ သိပ်မရှိချေ။ သုံးဆယ် ရာခိုင်နှုန်းလောက်သာ နေရစ်ခဲ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် ဆွေးနွေးစရာ မရှိတော့သဖြင့် အစည်းအဝေးပွဲကို ထိုမျှနှင့် ရပ်တန့်လိုက်လေသည်။

မကြာမီ ခန်းမတစ်ခုလုံး လူရှင်းသွားခဲ့သည်။ ရန်ကိုင်သည် ပြုံးလျက် အမွှာဖြစ်ဟန်တူသော မိန်းကလေး နှစ်ဦးဆီ ပြုံးလျက် လမ်းလျှောက်သွားလေသည်။

ရန်ကိုင် ချဉ်းကပ်လာသည်နှင့် အမျိုးသမီးနှစ်ဦး၏ အသက်ရှူသံ အနည်းငယ် မြန်ဆန်လာခဲ့လေသည်။

“ကျောင်းအာ၊ မေးအာ၊ မတွေ့ရတာတောင် ကြာပြီနော်” ရန်ကိုင်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

အစောပိုင်းက လူအများကြီး ရှိနေသည့်အတွက် ဟူညီအစ်မ နှစ်ယောက်ကို လာနှုတ်ဆက်ရန် အချိန်မရှိခဲ့ချေ။ ယခု အချိန်ရသည့် အခါမှ လာနှုတ်ဆက်ခြင်း ဖြစ်သည်။

ထို့အပြင် ထိုနှစ်ယောက်သည်လည်း သူ့အား ထိုအတွက်ကြောင့် စောင့်နေခဲ့ခြင် းဖြစ်သည်။

မိန်းကလေး နှစ်ဦးစလုံးက ပြိုင်တူ ပြုံးကာ ပြန်ပြောလိုက်လေ၏ “ဟုတ်တယ်။ မတွေ့ရတာ ကြာနေပြီ၊ နင်အဆင်ပြေလား”

“ပြေတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကိုးယိုးကားယား အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

ထိုနှစ်ယောက်ကို သေချာကြည့်နေသော်လည်း မည်သူသည် ဟူကျောင်းအာဖြစ်ပြီး မည်သူသည် ဟူမေးအာဖြစ်မှန်း မခွဲနိုင် ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်ရတော့လေသည်။

နှစ်ယောက်စလုံးကို ကြည့်ရသည်မှာ တစ်ယောက်တည်းကို ကြည့်နေရသလိုပင်။

ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းသည် အကြီးအကဲ ရှုဟွေ ပြောခဲ့သလို့ သူတော်စင် ပထမအဆင့် မဟုတ်ဘဲ သူတော်စင် ဒုတိယအဆင့် ဖြစ်နေခဲ့သည်။

ထိုအမြန်နှုန်းသည် တကယ်ကို အံ့အားသင့်စရာ ကောင်းလှပေသည်။ ရန်ကိုင်ပင်လျှင် ဆွံ့အချင်နေမိသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၂)

သူ့စီနီယာမမလေးသည် ဟူညီအစ်မနှစ်ယောက်ထက် ကျင့်ကြံခြင်း ပိုမြင့်ပြီး တန်ခိုးရှင်အဆင့်သို့ ရောက်နေခဲ့သော်လည်း သူမသည် ကြယ်အမြူတေကို သန့်စင်ပြီးမှ ထိုအဆင့်သို့ ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဟူညီအစ်မ နှစ်ယောက်သည် ထိုကဲ့သို့သော အခွင့်အရေးမျိုး မရရှိခဲ့သော်လည်း ဤမိုးမြေစွမ်းအင်ခြောက်သွေ့သော နေရာတွင် ကိုယ့်အားကိုယ်ကိုးပြီး သူတော်စင်ဒုတိယအဆင့်သို့ ရောက်အောင် တက်လှမ်းနိုင်ခဲ့သည်။ ထိုအချက်သည် သူတို့၏ ပါရမီ မည်မျှ မြင့်မားကြောင်း ဖော်ပြနေခဲ့လေသည်။

ရန်ကိုင် ခေါင်းရှုပ်နေသည်ကို မြင်သော် ဘယ်ဘက်တွင် ရှိသော အမျိုးသမီးက ပြုံး၍ “ငါကကျောင်းအာပဲ”

“ငါက မေးအာ” ညာဘက်တွင် ရှိနေသော မိန်းကလေးက ပြောလိုက်သည်။

နှစ်ယောက်စလုံး၏ အသံလေးများသည် အလွန်ကိုမှ နားဝင်ချိုလှသည်။ နှစ်ယောက်စလုံး၏ စရိုက်လက္ခာများသည်လည်း ယခင်ကကဲ့သို့ တစ်သီးတစ်ခြား မဟုတ်တော့ဘဲ အတူပေါင်းစပ်သွားဟန်တူကာ တစ်ယောက်တည်းတွင် အကြီးမကြီး၏ ခပ်ရဲရဲစရိုက်၊ အငယ်မလေး၏ ရှက်ကြောက်ကြောက် စရိုက်နှစ်မျိုးစလုံး ပေါင်းစပ်တည်ရှိနေခဲ့လေရာ နှစ်ယောက်စလုံးမှာ ယခင်ထက်ပို၍ ဆွဲဆောင်မှုရှိနေခဲ့လေသည်။

“နင်တို့သာ ငါ့ကိုမပြောရင် ဘယ်သူက ဘယ်သူမှန်း ငါသိမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းကုတ်လိုက်သည်။

ရန်ကိုင်ပုံစံကို ကြည့်ရင်း အမျိုးသမီးနှစ်ဦးစလုံး ရယ်မောလိုက်ကြ၏။

“လူနည်းနည်းလောက်ပဲ ငါတို့ကို ခွဲနိုင်တယ်” ဟူကျောင်းအာက နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ ပြောလိုက်လေသည် “အဖေတောင် ငါတို့ကို မခွဲနိုင်ဘူး”

“အင်း” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။ ဟူမန် ကိုယ့်သမီးနှစ်ယောက်ကို မခွဲနိုင်လေရာ ရန်ကိုင် မခွဲနိုင်သည်မှာလည်း အထူးအဆန်းတော့ မဟုတ်လှ။ “ဒါနဲ့ ခုဏတုန်းက ပြောနေတာကို နင်တို့လည်း ကြားလိုက်တယ်မလား။ နင်တို့ နေခဲ့မှာလား ဒါမှမဟုတ်…”

“ငါတို့လိုက်မှာ” ရန်ကိုင် ပြောလို့မပြီးသေးခင်မှာဘဲ အမျိုးသမီး နှစ်ဦးစလုံး ပြိုင်တူ ပြန်ပြောလိုက်သည်။ နှစ်ယောက်စလုံးသည် စိတ်ချင်းဆက်နေကြသည့် အတွက် တစ်ယောက်ပြောချင်သည့် အကြောင်းအရာကို တစ်ယောက် သိပြီးသား ဖြစ်နေခဲ့ကြသည်။ ထို့ကြောင့် ဘာမှ တိုင်ပင်နေစရာ မလိုတော့ချေ။

“အဲ့လိုဆို နင်တို့ မြန်မြန် ပြင်ဆင်ထားသင့်တယ်။ ငါဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး။ လဝက်နေရင် သွားတော့မှာ”

“ကောင်းပြီ။ ဒါဆို ငါတို့အဖေနဲ့ စံအိမ်သခင် နှစ်ယောက်ဆီ အရင် အကြောင်းကြားလိုက်ဦးမယ်” ဟူကျောင်းအာက ချက်ချင်း ပြန်ပြောလိုက်ပြီး ဟူမေးအာနှင့်အတူ ထွက်သွားလေသည်။

သို့သော်လည်း နှစ်ယောက်သားကို ကြည့်ရသည်မှာ သိပ်ပြီး မပြန်ချင်သေးသည့်ပုံပင်။

မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့်အတွက် ရန်ကိုင်နှင့် အတူထိုင်ကာ စကားဖောင်ဖွဲ့ချင်နေမိသည်။ သို့သော်လည်း နောက်ပိုင်း ရန်ကိုင်နှင့် မကြာခဏ တွေ့နိုင်တော့မည့် အကြောင်း စဉ်းစားမိလိုက်ပြီး သူမတို့စိတ်ထဲ ဆက်ပြီး တုန့်ဆိုင်းမနေတော့ချေ။

ရှနင်းချန်နား ဖြတ်သွားသည့်အခါ အမျိုးသမီးနှစ်ဦးစလုံး ခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်တည်းတွင် သူမတို့၏ မျက်ဝန်းထဲ အားကျသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။

ရှနင်းချန်သည် ရန်ကိုင်အား အဖော်ပြုပေးနိုင်သော်လည်း သူတို့ကမူ ထိုကဲ့သို့ မလုပ်နိုင်ချေ။

“ဒီလဝက်အတွင်း စီနီယာမမလေးကို ကျွန်တော် သင်ပေးစရာ တစ်ခုရှိတယ်” အားလုံး ထွက်သွားပြီးနောက် ရန်ကိုင်သည် ရှနင်းချန်အား သူမ၏ ကျင့်ကြံရေးအခန်ဆီသို့ ဆွဲခေါ်သွားလေ၏။

ရှနင်းချန်အား ရှီဖွဲ့စည်းမည့် နည်းလမ်းကို သင်ပေးလိုခြင်း ဖြစ်သည်။

သူသည် ရှီအား ဧကရာဇ်ဥယျာဉ်မှ ဧကရာဇ်ဖိအားကို သုံး၍ ဖွဲ့စည်းခဲ့သည်။ ထိုနည်းလမ်းသည် သူ့အတွက် အတော်လေး အလုပ်ဖြစ်ခဲ့သော်လည်း ရှနင်းချန်အတွက်မူ သင့်လျော်သည့် နည်းလမ်းတစ်ခု မဟုတ်ချေ။

သို့သော်လည်း ရှီအား ဖွဲ့စည်းရမည့် အခြေခံ နည်းလမ်းသည် ကျင့်ကြံသူအားလုံးတိုင်းအတွက် အတူတူသာ ဖြစ်လေသည်။ ထို့အပြင် ရှီအား ဖွဲ့စည်းပုံ ဖွဲ့စည်းနည်းနှင့် ပက်သက်၍ သူနှင့် နီးကပ်သော တန်ခိုးရှင်အဆင့်သို့ ရောက်ပြီးသား ကျင့်ကြံသူများ ဆီမှလည်း သိခဲ့ရသေးသည်။

ယခု သူသိထားသည့် အကြောင်းအရာ အားလုံးကို ရှနင်းချန်ကို ပြန်ပြောရန် လုပ်နေခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကိုင်သည် သူ့စီနီယာမမလေး၏ အစစ်အမှန် ဆေးပညာကျမ်းမှ သူလေ့လာခဲ့ရသည့် အကြောင်းအရာများကို ပြန်လည် သင်ကြားပေးလိုက်သေးသည်။

ရှနင်းချန်သည် ထွတ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဆေးပညာအရာတွင် ဆရာ မလိုသော်ငြား အစစ်အမှန် ဆေးပညာကျမ်း၏ အကူအညီနှင့် ဆိုပါက သူမ၏ ဆေးပညာစွမ်းရည် ပို၍ လျင်လျင်မြန်မြန် တိုးတက်လာနိုင်ပေ၏။

လဝက်ဆိုသော အချိန်သည် ကြာလည်းမကြာသလို မြန်လည်း မမြန်ချေ။

ရန်ကိုင်နှင့် ရှနင်းချန်သည် ထိုလဝက်အတောအတွင်း သူတို့၏ ကျင့်ကြံရေး အခန်းထဲတွင်သာ အချိန်ဖြုန်းခဲ့သည်။

သို့သော်လည်း တစ်ခါတစ်ရံ နှစ်ယောက်သား အပြင်ထွက်ပြီး လျှောက်လည်ပတ်ရင်း အချိန်ဖြုန်းလေ့ရှိသည်။ စိတ်လာ၍ အတူတူ ချစ်ကြည်နူးသည့် အခါလည်း ရှိပေသည်။

ကြယ်စီရင်စုထဲသို့ ရောက်ခဲ့ပြီးသည့်နောက်ပိုင်း မည်သည့် မိန်းကလေးနှင့်မှ သူမထိတွေ့ခဲ့ရချေ။ ယခု သူ့စီနီယာမမလေးနှင့် ပြန်တွေ့သည့်အခါ သူစိတ်ထဲ ကိန်းအောင်းနေခဲ့သော ရာဂ မီးတောက်များကို မထိန်းချုပ်ထားနိုင်တော့ဘဲ အစွမ်းကုန် ဖွင့်ထုတ်နေတော့လေသည်။

ရှနင်းချန်၏ အသားအရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပို၍ ရွှန်းစိုတောက်ပလာခဲ့သည်။

လဝက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ရှနင်းချန်သည် သူတို့၏ ကျင့်ကြံရေး ခန်းထဲမှ အတူတူ ထွက်လာခဲ့ကြသည်။

ထိုလဝက်အတွင်းတွင်တော့ ရှနင်းချန်သည် သူမ၏ရှီကို မသိပ်သည်းနိုင်ခဲ့ချေ။ သို့သော်လည်း ရန်ကိုင်၏ ပြောပြမှုကြောင့် ရှီအား မည်ကဲ့သို့ ဖွဲ့စည်းရမည်လဲနှင့် ရှီဆိုသည်မှာ ဘာလဲ ဆိုသည်ကို နားလည်သွားခဲ့လေပြီ။ လုပ်ရန် ကျန်တော့သည်ဆို၍ အချိန်ပေး ကျင့်ကြံရန်သာ ရှိတော့သည်။ ထိုသို့ဆိုလျှင် သူမ၏ ရှီကို သိပ်သည်းနိုင်ပေလိမ့်မည်။

အစစ်အမှန်ဆေးပညာကျမ်းကိုတော့ အလွယ်လေး တတ်မြောက်သွားခဲ့သည်။ ထိုထဲတွင် ရေးမှတ်ထားသည့် အမျိုးမျိုးသော နည်းစနစ်များနှင့် စိတ်ဝိဥာဉ်အစီအရင်များကို မြင်ပြီးနောက် သူမ၏ မျက်ဝန်းများ တဖျက်ဖျက် လင်းလက် တောက်ပသွားခဲ့သည်။

လက်ရှိတွင် ဘုံကိုးခုထွတ်မြတ်နယ်မြေ တစ်ခုလုံး လူသား၊ နတ်ဆိုးနှင့် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူများဖြင့် ပြည့်ကြပ်သိပ်နေခဲ့သည်။

ထိုလူပင်လယ်ကြီးထဲ၊ နှစ်ထောင်ခန့်သည် တော်ဝင်နယ်မြေမှ ဖြစ်ကြပြီး လေးထောင်ကျော်သည် ဟန်မင်းဆက်မှဖြစ်ကာ လက်ကျန် တစ်ထောင်နှင့် နှစ်ထောင်ကျော်သည် မွန်းစတား မျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုတို့မှ အသီးသီး ဖြစ်ကြသည်။

လူပေါင်း မြောက်မြားစွာ ရှိနေသည့်တိုင် ပတ်ဝန်းကျင်းတစ်ခုလုံး ဆူညံပွတ်လောရိုက်နေခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အကုန်လုံးသည် ရန်ကိုင် ရောက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ရန်ကိုင် မည်သည့် နည်းလမ်းသုံး၍ သူတို့အား ကြယ်စီရင်စုထဲသို့ ခေါ်သွားမလဲ ဆိုသည်နှင့် ပက်သက်၍ အကုန်လုံး သိချင်နေကြ၏။

ဖျက်ခနဲ အလင်းတစ်ချက်နှင့် ရန်ကိုင် ပေါ်လာခဲ့လေသည်။ သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ထောင်နှင့်ချီသော မျက်လုံးများသည် သူ့ပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့သည်။

လူအုပ်ကြီးကို ဝေ့ကြည့်ပြီးနောက် ရန်ကိုင်က ခေါင်းညိတ်လျက် “လူစုံပြီဆိုတော့ စကြတာပေါ့”

“ရန်ကိုင်၊ ငါတို့ ဘာလုပ်ရမှာလဲ” မိုးကြိုးနဂါးက ပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့ ဘာလုပ်ပေးရမှာလဲ” ကျန်းယွမ်ကလည်း ဝင်ပြောလိုက်သည်။

“ခင်ဗျားတို့ ဘာမှလုပ်စရာ မလိုဘူး။ စိတ်ကိုသာ ဖြေလျော့ထား၊ ဘာဖြစ်ဖြစ် မခုခံနဲ့” ပြုံး၍ ပြောလိုက်ပြီးနောက် ရန်ကိုင်သည် အလုံးလေးတစ်လုံးကို ထုတ်လိုက်လေသည်။

ထို့နောက် ရန်ကိုင်သည် ထိုအလုံးလေးကို လူထောင်ပေါင်းများစွာ စုဝေးနေသည့် ကောင်းကင်ပေါ်သို့ ပစ်လိုက်လေသည်။

ဖောက်ဟူသော မြည်သံနှင့်အတူ အလုံးလေးဆီမှ မှော်ဆန်သော စွမ်းအင်တစ်ရပ် ထွက်ပေါ်လာပြီး လူအုပ်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ချက်ချင်းဆိုသလို အကုန်လုံးသည် သူတို့အား ထူးဆန်းသော စွမ်းအားတစ်ရပ်မှ ဆွဲယူနေသလို ခံစားလိုက်ရလေသည်။

ရန်ကိုင် ပြောထားသည့် အတွက်ကြောင့် မည်သူမှ သူတို့၏ သူတော်စင်ချီကို လှည့်ပတ်၍ ခုခံခြင်းမျိုး မလုပ်ခဲ့ကြပေ။

ပေါက်ကွဲထွက်လာသော အလင်းတန်းများနှင့်အတူ သူတို့၏ မြင်ကွင်းတစ်ခုလုံး တွန့်လိမ်လာခဲ့သည်။ မြင်ကွင်း တစ်ဖန် ပြန်ကြည်သွားချိန် သူတို့အားလုံး ထူးဆန်းသည့် နေရာသစ်ဆီ ရောက်နေကြောင်း တွေ့လိုက်ရသည်။

ထိုနေရာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ မဟုတ်ဘဲ အလွန်ကိုမှ လှပသည့် နေရာတစ်ခု ဖြစ်သည်။

ထို့အပြင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် ထုန်းရွှမ်လောကကြီးရှိ မိုးမြေစွမ်းအင်ထက် အဆတစ်ရာမက ပိုမို သိပ်သည်းပေသည်။

“ဟန်၊ ဒါဘာကြီးလဲ” နတ်ဆိုးမျိုးနွယ်စုသည် ရုတ်တရက် တစ်ခုခုကို ရှာတွေ့သွားပြီး လက်ညိုးထိုးလျက်‌ အော်ပြောလိုက်၏။

အကုန်လုံးသည် သူညွှန်ပြနေသည့် နေရာသို့ လိုက်ကြည့်လိုက်ရာ မီတာတစ်ရာ အရှည်ရှိသော မည်းနက်နေသည့် သင်္ဘောတစ်စင်းကို တွေ့လိုက်ရလေသည်။

“ကြယ်သင်္ဘောလား” နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်က အလန့်တကြား ဆိုလိုက်သည်။

ရန်ကိုင်တွင် အားကောင်းသော ကြယ်သင်္ဘောတစ်စင်း ရှိကြောင်း နတ်ဆိုးဗိုလ်ချုပ်မန်ကဲဆီမှ ကြားသိခဲ့ရသော်လည်း သူကိုယ်တိုင် မြင်တွေ့ရခြင်း မဟုတ်သည့်အတွက် သိပ်မယုံချင်ခဲ့ချေ။ ယခု ဤကြယ်သင်္ဘောကို မြင်တွေ့ပြီးနောက် နတ်ဆိုးဗိုလ်ချုပ်မန်ကဲ ညာပြောနေခြင်း မဟုတ်မှန်း သူနားလည်သွားခဲ့ရတောသည်။

နတ်ဆိုးမြို့တော်၏ အောက်ခြေတွင်လည်း ကြယ်သင်္ဘောတစ်စင်း ရှိပေသည်။ သို့သော်လည်း ထိုကြယ်သင်္ဘောမှာ ပျက်စီးနေခဲ့လေပြီ။ ထို့အပြင် ထိုကြယ်သင်္ဘောသည် သူတို့ရှေ့၌ ရှိနေသော ကြယ်သင်္ဘော၏ ခြေဖျားကိုပင် မှီဟန်မတူ။

သူတို့အား ပို၍ အံ့အားသင့်သွားစေသည်ကား ကြယ်သင်္ဘော အနီးတစ်ဝိုက်တွင် ရပ်နေသော လူများပင် ဖြစ်လေသည်။ ထောင်နှင့်ချီသော လူများ ရုတ်တရက်ကြီး ပေါ်လာသည်ကို မြင်လိုက်သည်အခါ ထိုလူအားလုံး လူအုပ်ကြီးဘက်သို့ စူးစမ်းလိုဟန်ဖြင့် စိုက်ကြည့်လာခဲ့လေသည်။

သိချင်စိတ်ဖြစ်မိသည့် အတွက် ကျန်းယွမ်သည် သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုလူများကို စစ်ဆေးကြည့်လိုက်ရာ သူ့အမူအရာ တစ်မုဟုတ်ချည်း ပြောင်းလဲသွားခဲ့ရလေသည်။

ထိုလူများဆီမှ ရန်ကိုင်ကဲ့သို့ အားကောင်းသည့် ဖိအားမျိုး မခံစားရသော်လည်း ထိုလူ တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်းသည် သူ့ထက် ပိုမို မြင့်မားနေကြောင်း ကျန်းယွမ် တွေ့ရှိလိုက်ရသည်။ ထိုလူအားလုံးသည် ဒဏ္ဏာရီလာ သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်မှန်း ကျန်းယွမ် သိလိုက်သည်။

သူတို့ ကြယ်စီရင်စုထဲသို့ ရောက်လာခြင်းပေလော။

ထိုလူများသည် ကြယ်စီရင်စုထဲမှ ကျင့်ကြံသူများပေလား။

ကျန်းယွမ်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ အခြားသူများလည်း အတူတူပင်။

“စိုးရိမ်မနေနဲ့” ရုတ်တရက် တစ်ခုသောနေရာဆီမှ ရန်ကိုင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတော်စင် တပည့်များ၏ ရှေ့၍ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှင်းပြလိုက်လေသည် “ဒီလူတွေက ကျုပ်ဂိုဏ်းရဲ့ တပည့်တွေပဲ”

“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင် ပေါ်လာသည်ကို မြင်သော် ထိုလူအားလုံး ရန်ကိုင်အား ချက်ချင်း ဦးညွှတ်လိုက်ကြလေသည်။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးဘက်သို့ လှည့်၍ ပြောလိုက်လေသည် “လျူပင်၊ ဒီလူတွေက ငါ့မွေးရပ်မြေက မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေပဲ။ သူတို့ကို အရိပ်ကြယ်ဆီ ခေါ်သွားမှာတော့ဆိုတော့ ဒီထဲမှာ ခဏလောက် နေခိုင်းရလိမ့်မယ်။ မင်းသူတို့ကို စောင့်ရှောက်ထားလိုက်”

“ဟုတ်ကဲ့” လျူပင်ဆိုသော တပည့်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရန်ကိုင်သည် ချူလင်းရှောင်နှင့် လင်းတိုင်ရှုတို့ဆီသို့ သွား၍ ဦးညွှတ်ကာ “ဘိုးဘေးနဲ့ ဆရာဖိုးဖိုး၊ ဒါက ကမ္ဘာငယ်လေး တစ်ခုလေ။ သိပ်မကြီးဘူး ဆိုပေမယ့် လူတစ်သောင်းလောက်တော့ အသာလေး ထည့်ထားလို့ရတယ်။ ဒီထဲမှာ ဘာအန္တရာယ်မှလည်း မရှိဘူး။ တပည့်က အခုလောလောဆယ် အရိပ်ကြယ်လို့ ခေါ်တဲ့ ကြယ်မှာ အထက်စကြာဝဠာဂိုဏ်းကို တည်ထောင်ထားတယ်။ အရိပ်ကြယ်ကို သွားဖို့က အနည်းဆုံး နှစ်နဲ့ချီလိမ့်မယ်။ ဘိုးဘေးတို့၊ ဆရာဖိုးဖိုးတို့ မေးချင်တဲ့ မေးခွန်းတွေ ရှိနေရင် အဲ့တပည့်တွေကို မေးလို့ရတယ်။ သူတို့ ဖြေပေးကြလိမ့်မယ်”

“အင်း၊ ငါတို့ကို စိုးရိမ်မနေနဲ့။ မင်းလုပ်စရာရှိတာသာ သွားလုပ်” ချူလင်းရှောင်က ပြုံးလျက် ပြောလိုက်သည်။

ဤကမ္ဘာငယ်လေးနှင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော မည်မျှ အဖိုးတန်ကြောင်း ချူလင်းရှောင် မသိချေ။ သိသာသိလျှင် သူယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် နေနိုင်လိမ့်မည် မဟုတ်ချေ။

“အဲ့ဒါဆို တပည့် အရင် ပြန်ထွက်သွားတော့မယ်နော်။ တပည့် အားတဲ့အခါကျရင် ဆရာဖိုးဖိုးနဲ့ ဘိုးဘေးတို့ဆီ လာလည်ပါ့မယ်” ပြောပြီးနောက် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ အပြင်သို့ ပြန်ထွက်သွားလိုက်လေသည်။

ရန်ကိုင် ထွက်သွားပြီးနောက် လျူပင်ဆိုသော တပည့်သည် လင်းတိုင်ရှုနှင့် ချူလင်းရှောင်တို့ဆီ ချက်ချင်း ပြေးလာပြီး နှုတ်ဆက်လိုက်လေသည်။

ရန်ကိုင် ထိုနှစ်ဦးအား မည်ကဲ့သို့ ခေါ်ဝေါ်သွားသလဲ ဆိုသည်ကို သူသေချာ ကြားလိုက်ရသည်။ သူ့ကျင့်ကြံခြင်းသည် ထိုနှစ်ယောက်ထက် ပိုမြင့်သော်လည်း ထိုနှစ်ဦးရှေ့ နည်းနည်းမှ မမောက်ရဲဘဲ သူ့ကိုယ်သူ ဂျူနီယာတစ်ယောက်သဖွယ် သဘောထားလျက် လေးလေးစားစား ဦးညွှတ်လိုက်လေသည်။

ထိုတပည့် သူတို့ဆီ ရောက်လာသည်ကို မြင်သော် လင်းတိုင်ရှုနှင့် ချူလင်းရှောင်တို့သည် အရိပ်ကြယ်နှင့် အထက်စကြဝဠာဂိုဏ်း အကြောင်း ချက်ချင်း မေးကြည့်ကြတော့လေသည်။ အထက်စကြာဝဠာဂိုဏ်းသည် အရိပ်ကြယ်တစ်ခုလုံးတွင် အလွှမ်းမိုးနိုင်ဆုံးနှင့် အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ကြောင်း သိလိုက်ရပြီးသည့် နောက်တွင် လင်းတိုင်ရှုနှင့် ချူလင်းရှောင်တို့ နှစ်ဦးစလုံး ဂုဏ်ယူမိသွားကြလေသည်။

နှစ်သုံးဆယ်အတွင်း ရန်ကိုင်သည် သူ့အားသူကိုးကာ ကျင့်ကြံရေး ကြယ်ကြီးတစ်ခုလုံးကို သူ့လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ ထိုအရာသည် သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

အရိပ်ကြယ်နှင့် စကြာဝဠာဂိုဏ်းအကြောင်း သိလိုက်ရပြီးနောက် အခြားမေးခွန်းများကို ထပ်မေးတော့လေသည်။

ကမ္ဘာငယ်လေးအတွင်းရှိ ကိစ္စများ ပြီးသွားပြီးနောက် အလုံးလေးကို ပြန်သိမ်းထားလိုက်ပြီး ဘုံကိုးခုထွတ်မြတ် နယ်မြေကို သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ဤနေရာကြီးအား ခဏကြာမျှ စိုက်ကြည့်နေပြီးနောက် သူ့နားတွင် စိတ်ရှည်ရှည်ဖြင့် ရပ်နေသော ရှနင်းချန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “စီနီယာမမလေး၊ ကျွန်တော့်ကို လူတစ်ယောက် ရှာပေးလို့ရမလား”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၃)

ရှနင်းချန်သည် အခြားသူများကဲ့သို့ ကမ္ဘာငယ်လေးထဲသို့ လိုက်မဝင်သွားခဲ့ချေ။ သူမသည် တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်အတွက် ရန်ကိုင်၏ ကိစ္စများကို သိပ်ပြီး နှောင့်နှေးစေတော့မည် မဟုတ်ချေ။ ထို့အပြင် သူမသည် မကြာသေးခင်ကမှ အဆင့်ချိုးဖျက်ထားခြင်း ဖြစ်သည့်အတွက် သူ့တွင် သူမအား သင်ပေးစရာများစွာ ရှိနေပေသေးသည်။

ထို့အပြင် မိန်းမလှလေးတစ်ယောက်နှင့် အတူ ခရီးသွားရခြင်းသည် အလွန်ကိုမှ ကျေနပ်စရာ ကောင်းလှပေသည်။

ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ရှနင်းချန်က ချက်ချင်း ပြန်မေးလိုက်လေသည် “ဘယ်သူ့ကို ရှာချင်တာလဲ”

“လူအိုကြီးလီ” ရန်ကိုင်က သူမကို ကြည့်ကာ ပြောလိုက်သည်။

ရှနင်းချန်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးပိတ်ကာ ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို စတင် အာရုံခံတော့လေသည်။

သူမသည် ထုန်ရွှမ်းလောကကြီး၏ ကြယ်သခင် ဖြစ်လာပြီ ဖြစ်သဖြင့် ထုန်းရွှမ်လောကကြီးအနှံ့ ဖြစ်ပျက်နေသည့် အရာအားလုံးကို သိမြင်နိုင်ပေသည်။ အတွေးတစ်ချက်နှင့် သူမသွားချင်သည့် နေရာတိုင်းကို သွားနိုင်ပေသည်။

လူတစ်ယောက်ကို ရှာရန်မှာလည်း သူမအတွက် သာမန် ကိစ္စတစ်ခုသာ ဖြစ်လေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ရှနင်းချန် မျက်လုံး ပြန်ပွင့်လာခဲ့သည် “တွေ့ပြီ”

ရန်ကိုင်သည် ချက်ချင်းပဲ ရှနင်းချန်၏ လက်ကလေးကို ကိုင်၍ မေးလိုက်လေသည် “ကျွန်တော့်ကို သူ့ဆီ ခေါ်သွားပေးပါလား”
ရှနင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး သူမရှေ့တည့်တည့်ရှိ လေဟာနယ်ကို ညွှန်လိုက်ရာ အနက်ရောင် ဝဲကတော့တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝဲကတော့ ပေါ်လာသည်နှင့် နှစ်ယောက်စလုံး ထိုထဲသို့ ဝင်သွားလိုက်ကြသည်။

အမည်မသိရသော ခြောက်ကပ်လူသူခေါင်ပါးသည့် တောင်တစ်တောင်ထက်တွင်သူတို့ ပြန်ပေါ်လာခဲ့သည်။

ဤနေရာသည် ထျန်းဇျန်လူအိုကြီး နေနေသည့် နေရာ ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ထားလိမ့်မည် မဟုတ်ချေ။

ထျန်းဇျန်လူအိုကြီးသည် မျိုးနွယ်စုသုံးခုစလုံးမှ လေးစားရသည့် လူတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ဖြစ်သလို သူ့အား ရက်ရက်ရောရာ သင်ကြားပြသပေးခဲ့သည့် အတွက်ကြောင့်လည်း ရန်ကိုင်သည် ထျန်းဇျန်လူအိုကြီးကို အမှန်တကယ် လေးစားမိပေသည်။

ထျန်းဇျန်လူအိုကြီးသည် တစ်ခါက ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ လာပြီး ရန်ကိုင်အား အကြီးအကျယ် ကူညီပေးခဲ့သည်။ ထိုစဉ်က သူ့အကူအညီဖြင့် အရိုးမျိုးနွယ်စုကို တန်ပြန်တိုက်ခိုက်ရန်အတွက် လူသားမျိုးနွယ်စု တစ်ခုလုံးကို စုစည်းနိုင်ခဲ့သည်။

ယခုတစ်ကြိမ် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ပြန်ရောက်သည့်အခါ ထျန်းဇျန်လူအိုကြီးနှင့် သူ့တပည့် တိယောင်ကို မတွေ့ရတော့ချေ။

ထျန်းဇျန်လူအိုကြီး၏ စရိုက်အရ ဤကဲ့သို့သော နေရာမျိုး၌ အချိန်ကြာကြာ နေလိမ့်မည် မဟုတ်ချေ။ ယခု သူပြန်ရောက်ပြီး ကြယ်စီရင်စုထဲ ပြန်သွားမည့် အချိန်တွင် သူနှင့်အတူ ထျန်းဇျန် လူအိုကြီးကိုပါ တစ်ခါတည်း အတူခေါ်သွားလိုခြင်း ဖြစ်သည်။

“ဒီမှာလား” သူ့ရှေ့ရှိ မီတာတစ်ထောင် အမြင့်ပင် မရှိတတ်သော တောင်ရိုင်းကြီးကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

“ဟုတ်တယ်” ရှနင်းချန်က ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် လူအိုကြီး၏ အရှိန်အဝါကိုတော့ ငါအာရုံမခံမိဘူး။ စီနီယာအစ်ကိုတိရဲ့ အရှိန်အဝါကိုပဲ ရတယ်”

သူမပြောသည်ကို ကြားပြီးနောက် ရန်ကိုင်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ ရိုးရှင်းသော သစ်သားအိမ်လေးအား လှမ်းကြည့်လိုက်လေသည်။ ထိုသစ်သားအိမ်လေးရှေ့တွင် ဆေးဥယျာဉ်အချို့ ရှိနေခဲ့သည်။ သို့သော်လည်း ဆေးဥယျာဉ်ထဲ စိုက်ပျိုးထားသည်မှာ ကျင့်ကြံရေး အတွက် အသုံးပြုသော ဆေးပင်များ မဟုတ်ဘဲ သာမန် ဆေးပင်များသာ ဖြစ်လေသည်။

ထိုဆေးပင်များသည် သာမန်လူများကို ကုသရာတွင် အသုံးဝင်သော်လည်း ကျင့်ကြံသူများအတွက်မူ အသုံးမဝင်ချေ။

ထိုနေရာတွင် ဆေးပင်များကို ရေလောင်းနေသည့် လူတစ်ယောက် ရှိနေခဲ့သည်။

ရန်ကိုင် ရှေ့တက်သွားလိုက်သည်။

“သမားတော် လာရှာတာလား” ထိုလူက ခေါင်းပင်မမော့ဘဲ ရေလောင်းနေရင်း မေးလိုက်သည်။

“အစ်ကိုတိ၊ မတွေ့ရတာ ကြာပြီနော်” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်လေသည်။

တိယောင်၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့ပြီး ခါးကို ဖြည်းဖြည်းချင်း မော့လျက် ပြန်လှည့်ကြည့်လာခဲ့သည်။ ရန်ကိုင်ကို မြင်ပြီးနောက် တိယောင် ပြုံးဖြီးဖြီး ဖြစ်သွားခဲ့လေသည်။

ပြစ်ချက်ကင်းစင်သော သွားဖြူလေးများ ပေါ်လွင်အောင် ပြုံးနေသော အပြုံးနှင့် ပေါင်းစပ်ထားသည့် အလွန်ကိုမှ ချောမောလှသော တိယောင်၏ မျက်နှာသည် မိန်းမသားများပင် မနာလိုရလောက်အောင် ချောမောလွန်းလှပေသည်။ အနောက်ဘက်သို့ ခိုဝင်လုလု ဖြစ်နေသော နေရောင်နှင့် ပေါင်းစပ်လိုက်သည့်အခါ တိယောင်မှာ တစ်မျိုးတစ်မည် ထူးထူးခြားခြား ကြည့်ကောင်းနေလေသည်။

ဒီကောင် အရင်အတိုင်း ချောနေတုန်းပါပဲလား…

တိယောင်သည် ရှေ့သို့ တိုးလိုက်ပြီး ရန်ကိုင်အား ပွေ့ဖက်လိုက်သည်။

“အစ်ကိုရန်၊ မင်းဘယ်တုန်းက ပြန်လာတာလဲ” တိယောင်သည် ရန်ကိုင် အန္တရာယ်ကင်းကင်းနှင့် ပြန်လာမည်ကို ကြိုသိထားသည့် အလား နည်းနည်းလေးမှ အံ့အားသင့်သွားခြင်းမရှိဘဲ သာမန်ပုံစံဖြင့်သာ ပြန်နှုတ်ဆက်လိုက်လေသည်။

“နှစ်လလောက်ရှိပြီ”

တိယောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မြေကြီးများဖြင့် ညစ်ပေနေသော သူ့လက်ကို ခါ၍ “လာ၊ အထဲသွားပြီး သောက်ကြရအောင်”

“အင်း”

ရန်ကိုင်နှင့် တိယောင်သည် သစ်သားအိမ်လေးရှေ့ရှိ ဘာမှ မရှိသော မြေပြင်တွင်ထိုင်လျက် သောက်နေကြလေသည်။ သူတို့တွင် မည်သည့် အမြည်းမှမရှိဘဲ သောက်စရာဝိုင်သာ ရှိသည်။ ရှနင်းချန်သည် ဘေးနားတွင်ထိုင်လျက် ဝိုင်ကရားကိုကိုင်ကာ ရန်ကိုင်နှင့် တိယောင်တို့အတွက် ငှဲ့ပေးနေခဲ့သည်။

ကြယ်စင်တို့ တလက်လက် လင်းလက်တောက်ပနေသော အာကာယံအောက်ဝယ် နှစ်ပေါင်းများစွာ မတွေ့ဖြစ်ခဲ့ရသော မိတ်ဆွေနှစ်ဦး အတူတကွ ပြန်ဆုံတွေ့ခဲ့လေပြီ။

“ဆရာက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းက ကွယ်လွန်သွားပြီ” တိယောင်က ရုတ်တရက် ပြောလိုက်သည်။

ထိုကဲ့သို့ ဖြစ်မည်မှန်း ကြိုတွေးထားပြီး ဖြစ်သော်လည်း အမှန်တကယ် ကြားလိုက်ရချိန် ဝိုင်ခွက်ကိုင်ထားသည့် သူ့လက် အနည်းငယ် တုန်ရီသွားခဲ့လေသည်။

တိယောင်က ပြုံးလျက် ပြောလိုက်သည် “သူ့နောက်ဆုံး အချိန်တွေကို ပျော်ပျော်နဲ့ ဖြတ်သန်းသွားရတော့ အရမ်းကြီး မဆိုးဘူးလို့ ပြောလို့ရတယ်။ တကယ်တော့ ဆရာက အရမ်း အသက်ကြီးလွန်းနေပြီလေ။ သူ့အတွက် အချိန်လည်း တန်လာတာကိုး”

သူတော်စင်အဆင့်ဖြင့် နှစ်ပေါင်းထောင်နှင့်ချီအောင် နေဖို့သည် သာမန်ကျင့်ကြံသူများ လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ထျန်းဇျန်လူအိုကြီးသည် အမျိုးမျိုးသော ဆေးဝါးများကို သုံးကာ သူ့အသက်ကို ဆွဲဆန့်ထားခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုတိ” ရန်ကိုင် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

တိယောင်ကပြုံးလျက် “ဆရာဒီမှာ မရှိတော့ပေမယ့် ငါ့နှလုံးသားထဲမှာတော့ အမြဲရှိနေတုန်းပဲ”

သူ့စကားကို ကြားပြီး ရန်ကိုင် ပြုံးမိသွားခဲ့သည်။

“အစ်ကိုရန်၊ ဒီအထိတောင် ရောက်လာတယ်ဆိုတော့ တစ်ခုခု ပြောချင်တာ ရှိလို့လား။ ဒါမှမဟုတ် ဆရာဆီ တစ်ခုခု တောင်းဆိုချင်တာ ရှိလို့လား” တိယောင်က မေးလိုက်သည်။

“ဘာမှမဟုတ်။ ငါပြန်ထွက်သွားတော့မှာဆိုတော့ လူအိုကြီးလီနဲ့ အစ်ကိုတိကိုပါ လိုက်မလားလို့ လာခေါ်တာ”

“ကြယ်စီရင်စုထဲကိုလား” တိယောင် မျက်လုံးမှေးစဉ်းသွားသည်။

“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် တိယောင်က ခေါင်းခါ၍ ပြန်ပြောလိုက်လေသည် “ဆရာက ငါ့ကို ပျိုးထောင်ပြီး သင်ကြားပေးခဲ့တာ။ သူ့ကျေးဇူးက ငါ့အပေါ် မကုန်နိုင်အောင်ပဲ။ ငါဆရာ့ကို ဒီမှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး”

ရန်ကိုင်သည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား သူဘာမှ မပြောရသေးခင်မှာပဲ တိယောင်က ပြုံး၍ ဆက်ပြောလိုက်၏ “အစ်ကိုရန် ပြောမနေတော့နဲ့။ ငါဆုံးဖြတ်ပြီးသွားပြီ”

တိယောင် မလိုက်ချင်နေသည်ကို မြင်သော် ရန်ကိုင်လည်း သက်ပြင်းသာ ချလိုက်တော့လေသည်။

ဤသို့ဖြင့် သူတို့ နှစ်ယောက်စလုံး မူးသည်အထိ ဆက်၍ သောက်နေခဲ့သည်။

ရောင်နီပျိုးလာသည့်အချိန်တွင် တိယောင်မှာမူ မြေကြီးပေါ် အိပ်ပျော်နေခဲ့လေပြီ။ ရန်ကိုင်နှင့် ရှနင်းချန်ကမူ တောင်ပေါ်တွင် ရှိနေသော အုတ်ဂူလေးတစ်ခုကို သွားရောက် ကန်တော့သည်။ တိယောင်အတွက် ကျင့်ကြံရေး အရင်းအမြစ်အချို့ ချန်ထားရစ်ခဲ့ပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားလေသည်။

“နင် စီနီယာအစ်ကိုတိကို တစ်ယောက်တည်း တကယ်ကြီး ထားခဲ့တော့မှာလား” ရှနင်းချန်က မေးလိုက်သည်။

“သူ့ဆုံးဖြတ်ချက်ပဲကို” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဒါပေမယ့်…” ရှနင်းချန် တစ်ခုခု ပြောချင်နေခဲ့သည်။

“အဲ့ဒါကလည်း မဆိုပါဘူးလေ။ စီနီယာမမလေးရဲ့ ကျင့်ကြံခြင်းသာ အဆင့်တစ်ခုကို ရောက်သွားရင် ဒီထုန်းရွှမ်လောကကြီးကို ပြန်အားကောင်းလာအောင် လုပ်နိုင်မှာပဲ။ အဲ့အခါကျ အစ်ကိုတိလည်း ပိုမြင့်မားတဲ့အဆင့်ရောက် ကျင့်ကြံလို့ရပြီ။ သူမလိုက်လာတာလည်း သိပ်တော့ မဆိုးပါဘူး”

ရှနင်းချန် ခေါင်းညိတ်လိုက်သည်။ ခဏလောက် စဉ်းစားနေပြီးနောက် မေးလိုက်လေသည် “ငါတို့ အခု ဘယ်သွားမှာလဲ”

“ကျွန်တော်တို့ မူလလောကကြီးကနေ ကြယ်စီရင်စုထဲကို မြန်မြန် သွားလို့ရတဲ့ ဖြတ်လမ်းတစ်ခုရှိတယ်။ အခု ကျွန်တော်တို့ နှစ်ယောက်စလုံး သိတဲ့ လူတစ်ယောက်ကို လိုက်ရှာနေတာ” ရန်ကိုင်က ပြုံးကာ ပြောလိုက်သည်။

ခဏအကြာတွင် သူတို့နှစ်ဦး အနှောင်အဖွဲ့ကင်းကျောင်းတော် ဆီသို့ ရောက်လာခဲ့ပြီး လေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် ကောင်းကင်စံအိမ်နှင့် မနီးမဝေးနေရာသို့ ရောက်လာခဲ့သည်။

မဟာနတ်ဆိုးနတ်ဘုရား ခတ်ထားသည့် ချိတ်စည်း ပြေသွားချိန် ထုန်းရွှမ်လောကကြီးနှင့် သူတို့နေခဲ့သည့် မူလ လောကကြီး ချိတ်ဆက်သွားခဲ့သည်။

ဤနေရာသည် သိုင်းခရီးလမ်းကို သူစတင် လျှောက်လှမ်းရာနေရာ ဖြစ်ပေသည်။

ထိုနေရာသို့ ရောက်လာပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နောက် ကောင်းကင်စံအိမ်တွင် လူများစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ မည်သည့် မိသားစု သို့မဟုတ် ဂိုဏ်းတစ်ခုခုက ထိုနေရာကို အပိုင်သိမ်းထားလဲ ဆိုသည်ကိုတော့ သူမသိချေ။ သို့သော်လည်း ဂိုဏ်းမှာ အတော်လေးကို စည်ကား သက်ဝင်နေခဲ့သည်။

သို့ရာတွင် ရန်ကိုင်သည် ထိုလူများကို သွားမနှောင့်ယှတ်ခဲ့ချေ။ ဤနေရာရှိ ကျင့်ကြံသူများသည် သူ့အတွက် အလွန်ကိုမှ အားနည်းလှပေသည်။

ဗဟိုမြို့တော်ဆီသို့လည်း မသွားခဲ့ချေ။ ယခင်က ဗဟိုမြို့တော်ကို မိသားစုကြီး ရှစ်ခုမှ အုပ်စိုးခဲ့သည်။ သူနှင့်ရင်းနှီးသော မိသားစု သုံးခုသည် ကမ္ဘာငယ်လေးထဲသို့ ရောက်နေခဲ့လေပြီ။ ကျန်လက်ကျန် မိသားစုငါးခု၏ အရှုပ်အရှင်းကြားထဲ ဝင်ပါရန် သူစိတ်မဝင်စားချေ။

စီနီယာမမလေးကို အတူခေါ်၍ ရန်ကိုင်သည် တိမ်မိစ္ဆာ နယ်မြေဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။

သူ့စီနီယာမမလေးသည် ထုန်းရွှမ်လောကကြီး၏ ကြယ်သခင် ဖြစ်သော်ငြား ဤနေရာသည် သူ့ဘာသာ ကွဲထွက်နေသည့် လောကငယ်လေး တစ်ခုဖြစ်သည့်အတွက် သူမအနေဖြင့် မိုင်တစ်ထောင်ကို မျက်တောင်တစ်ခတ်အတွင်း မသွားနိုင်တော့ချေ။

ဤလောက မည်ကဲ့သို့ ဖြစ်ပေါ်လာသလဲဆိုသည်ကို သူမသိသော်ငြား ထုန်းရွှမ်လောကကြီး ဖြစ်ပေါ်လာပုံကို မြင်ပြီးနောက်တွင် ဤလောကသည် အားကောင်းသော ရှေးဟောင်း ကျင့်ကြံသူတစ်ယောက်နှင့် ဆက်စပ်နေမည်ဟု‌ တွေးမိသွားသည်။

ဤနေရာကို အလွန်ကိုမှ အားကောင်းသော ကျင့်ကြံသူ တစ်ယောက်မှ ဖန်တီးခဲ့ခြင်း ဖြစ်လောက်သည်။

တိမ်မိစ္ဆာနယ်မြေသည် ယခင်ကကဲ့သို့ ပရမ်းပတာ ဖြစ်နေဆဲ။ ယခင်က မိစ္ဆာဘုရင် ခုနှစ်ယောက်မှ အုပ်ချုပ်ခဲ့သည့်အတွက် အရမ်းကြီး ပရမ်းပတာ ဖြစ်ခဲ့ခြင်း မရှိခဲ့ချေ။ မိစ္ဆာဘုရင် ခုနှစ်ယောက်၏ လက်အောက်တွင် တိမ်မိစ္ဆာနယ်မြေသည် ရက်စက်ကြမ်းကြုတ်သည့် နယ်မြေတစ်ခု ဖြစ်ခဲ့သော်လည်း သူ့စည်းသူ့ကမ်းနှင့် ရှိသည်ဟုတော့ ပြော၍ရသည်။

သို့သော်လည်း မိစ္ဆာဘုရင်ခုနှစ်ယောက် မရှိတော့သည့်နောက်ပိုင်း တိမ်မိစ္ဆာနယ်မြေသည် ပို၍ ပရမ်းပတာ ဖြစ်လာခဲ့လေသည်။ ဤနေရာတွင် လက်သီးကြီးသူသည်သာ လုပ်ချင်းတိုင်း လုပ်၍ရသည့် နေရာတစ်ခု ဖြစ်သည်။

နှစ်ယောက်စလုံးသည် မရပ်ဘဲ ဆက်လျှောက်သွားနေခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် စိတ်ညစ်စရာ ကိစ္စများစွာကို မြင်တွေ့ခဲ့ရသည်။

ရန်ကိုင်သည် ထိုကိစ္စများကို လျစ်လျုရှုထားနိုင်သော်လည်း သူ့စီနီယာမမလေးကမူ ထိုကဲသို့ မနေနိုင်ချေ။ လမ်းကြုံရင် အားနည်းသူအား အနိုင်ကျင့်နေသည့် ဗိုလ်ကျသူများကို မြင်သော် သင်ခန်းစာ ကောင်းကောင်း ပေးပစ်ခဲ့လိုက်လေသည်။

ယခင် ရှန်ချင်းလော့ အုပ်ချင်စဉ်က ဝေဝေဆာဆာနှင့် ရှိခဲ့သော သင်းရနံ့မြို့တော်သည် သူမ မရှိတော့သည့်နောက်ပိုင်း အခြား နယ်မြေများကဲ့သို့ ပရမ်းပတာ ဖြစ်လာခဲ့သည်။

သူယခုသွားရန် လုပ်နေသည့် နေရာသည် ပင့်ကူအမေကြီး၏ အသိုက် ဖြစ်ပေသည်။ ရှန်ချင်းလော့၏ အစေခံမလေး ပီလော့ ပြောသွားသည့်ပုံအရ ရှန်ချင်းလော့သည် ပင့်ကူအမေကြီး၏ အသိုက်ထဲတွင် ရှိနေသော ယဇ်ပုလ္လင်ကို မတော်တဆ အသက်သွင်းမိပြီး မွန်းစတားဧကရာဇ်ကြယ်ဟု ခေါ်သည့် ကြယ်တစ်လုံးဆီသို့ ရောက်သွားခဲ့သည်။

ရန်ကိုင်သည် ထိုယဇ်ပုလ္လင်ကို သုံးရန် ကြံနေခြင်း ဖြစ်သည်။ သူသာ အောင်မြင်သွားခဲ့ရင် ရှန်ချင်းလော့ကို ထပ်တွေ့နိုင်ရုံမက အချိန်လည်း အတော်လေး သက်သာသွားပေလိမ့်မည်။

ကြယ်သင်္ဘောထဲတွင် နှစ်ပေါင်းများစွာ အချိန် ထိုင်မဖြုန်းချင်ချေ။ မြန်မြန်သာ သွားချင်နေမိသည်။

ပင့်ကူအမေကြီး၏ အသိုက်သည် သင်းရနံ့မြို့တော်မှ သိပ်မဝေးလှဘဲ မိုင်တစ်သောင်းလောက်သာ ဝေးကွာပေသည်။ ရန်ကိုင်၏ လက်ရှိ အမြန်နှုန်းအရ ထိုနေရာသို့ ရောက်ရန် လက်ဖက်ရည် ခွက်တစ်ဝက်စာလောက်သာ အချိန်ယူခဲ့ရသည်။

ပင့်ကူအမေကြီး၏ အသိုက်မှာမူ ပြိုကျ ပျက်စီးနေခဲ့လေပြီ။

ထို့နေရာသို့ ရောက်၍ ပင့်ကူရုပ်ကြီးတစ်ခုထဲသို့ လမ်းလျှောက် ဝင်ဿွားပြီးနောက် ထူးဆန်းသော ယဇ်ပုလ္လင်တစ်ခုကို တွေ့လိုက်ရသည်။

ထိုယဇ်ပုလ္လင်သည် လူတစ်ယောက်စာ အရွယ်အစားလောက်သာ ရှိပြီး မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးဆန်းကြယ်သော အစီအရင်များ၊ အမှတ်အက္ခရာများ ရှိနေခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သော် ပုံမှန်မဟုတ်သည့် ဘာကိုမှ ရှာမတွေ့ခဲ့ချေ။

ယဇ်ပုလ္လင်ပေါ်တွင် အနီနက်ရောင်အကွက်အချို့ ရှိနေခဲ့သည်။ ထို့အကွက်များသည် ရှန်ချင်းလော့၏ သွေးကွက်များ ဖြစ်လောက်၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၄)

“ဂျူနီယာမောင်လေး၊ ဒါဘာကြီးလဲ” ရှနင်းချန်က ခေါင်းလေးစောင်းပြီး မေးလိုက်သည်။

“ဖြတ်လမ်းလေ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အသေးစိတ် ရှင်းပြလိုက်သည်။

ရှနင်းချန်လော့နှင့် ပီလော့သည် ဤနေရာမှတစ်ဆင့် ကြယ်စီရင်စုထဲသို့ ရောက်သွားကြောင်း သိလိုက်ရသည့်အခါ ရှနင်းချန် ထိုအရာကို ချက်ချင်း စိတ်ဝင်စားလာတော့သည်။

ရန်ကိုင် သွားတွေ့မည်ဟု ပြောနေသည့် လူကိုလည်း နောက်ဆုံး သူမ သိသွားခဲ့လေပြီ။ ထိုအခါ တခစ်ခစ် ရယ်မောလျက် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။

“စီနီယာမမလေး ထင်သလို မဟုတ်ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည် “ထားလိုက်တော့၊ ကျွန်တော် ဒါကို တစ်ချက် လေ့လာကြည့်လိုက်ဦးမယ်။ စီနီယာမမလေး လုပ်ချင်တာလုပ်နှင့်”

“အင်း” ရှနင်းချန် ခေါင်းညိတ်လိုက်ပြီး နေရာတစ်ခုရှာကာ အစစ်အမှန်ဆေးပညာကျမ်းကို စတင် လေ့လာတော့လေသည်။

ရန်ကိုင်သည်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ရှေ့ရှိ ယဇ်ပုလ္လင်ကို သေချာ လေ့လာတော့လေသည်။

ရှန်ချင်းလော့နှင့် ပီလော့သည် မွန်းစတားဧကရာဇ်ကြယ်သို့ ဤနေရာမှ သွားနိုင်သဖြင့် ဆိုလိုသည်ကား ဤယဇ်ပုလ္လင်နှင့် ထိုကြယ်ကြားတွင် လေဟာနယ်လိုဏ်ခေါင်းတစ်ခု ရှိနေရပေလိမ့်မည်။ တစ်နည်းဆိုရသော် လိုအပ်သည့် အခြေအနေကိုသာ ပြီးပြည့်စုံအောင် လုပ်နိုင်မည် ဆိုပါက သူ့အနေဖြင့် ထိုကြယ်ဆီသို့ သွားနိုင်ပေလိမ့်မည်။

ဤယဇ်ပုလ္လင်သည် သူမြင်ခဲ့ဖူးသည့် ဟင်းလင်းပြင် အစီအရင်များထက် အများကြီး ပိုရှုပ်ထွေးပေသည်။

ကြယ်စီရင်စုထဲတွင် ကျင့်ကြံသူများအား ကြယ်တစ်လုံးမှ အခြားကြယ်တစ်လုံးဆီသို့ ပို့ဆောင်ပေးနိုင်သော ဟင်းလင်းပြင် အစီအရင်များရှိမှန်း ရန်ကိုင်သိသည်။ သို့သော် ထိုကဲ့သို့သော ဟင်းလင်းပြင် အစီအရင်များသည် အလွန်ကိုမှ ရှားပါလှပြီး ထိခိုက်ပျက်စီးနေသည်မှာ များသည့်အတွက် ထိုအစီအရင်များကို အသုံးပြုခြင်းသည် အလွန်ကိုမှ အန္တရာယ်များပေသည်။

ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ မိုးရှောင်ရှန်းကဲ့သို့ လေဟာနယ် စွမ်းအင်ကို အနည်းအကျဉ်း နားလည်ထားသည့် လူမျိုးဆိုလျှင် သာမန် ဟင်းလင်းပြင် အစီအရင်များကို ပြင်ဆင်နိုင်လိမ့်မည် ဖြစ်သော်လည်း အလွန်ဝေးကွာသော နေရာများကို ဆက်သွယ်ပေးထားသည့် ဟင်းလင်းပြင် အစီအရင်များကိုမူ ပြင်ဆင်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ဤယဇ်ပုလ္လင်အား ရှန်ချင်းလော့သည် သူမ၏ သွေးမျိုးဆက်ကို သုံး၍ အသက်သွင်းခဲ့သည်။

သို့သော်လည်း ရန်ကိုင်ကမူ ထိုနည်းလမ်းကို မသုံးနိုင်ချေ။ သူ့တွင် ရှန်ချင်းလော့၏ သွေးမျိုးဆက်မှ မရှိလေဘဲ။ ထို့ကြောင့် သူနားလည်ထားသည့် ဟင်းလင်းပြင်စွမ်းအင်ကို အသုံးချန်ရန်သာ ရှိတော့သည်။

ရန်ကိုင်သည် ယဇ်ပုလ္လင်ပေါ်ရှိ အမှတ်အသားများကို တစ်ဆင့်ချင်း အသေးစိတ် လေ့လာနေခဲ့သည်။

ဤသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့သည်။ ရှနင်းချန်သည် သူမဘာသာ လေ့လာနေပြီး ရန်ကိုင်အား လုံးဝ သွားမနှောင့်ယှတ်ခဲ့ချေ။ သူမဘာသာ ရှီအား သိပ်သည်းရန်နှင့် အစစ်အမှန် ဆေးပညာကျမ်းကို လေ့လာရန်သာ ကြိုးစားနေခဲ့၏။

တစ်နေ့တွင်၊ ရန်ကိုင် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ ထို့နောက် ယဇ်ပုလ္လင်ထဲသို့ လေဟာနယ်စွမ်းအင် ထည့်သွင်း၍ ရှုပ်ထွေးသော အကွက်များနှင့် အမှတ်အက္ခများကို သီးသန့် အစဉ်အတိုင်း လိုက်ဆက်တော့သည်။

သူ့ဟင်းလင်းပြင်စွမ်းအင် နောက်ဆုံး အမှတ်အသားဆီသို့ ရောက်သွားသည့်အချိန်တွင် ယဇ်ပုလ္လင်တစ်ခုလုံး တလက်လက် လင်းလက်တောက်လာကာ လေထဲသို့ ဝဲတက်လာခဲ့လေသည်။

အင်းကွက်များနှင့် အမှတ်အက္ခရာများသည် သူ့ဘာသာ အလိုလို ပြန်စီကြကုန်ပြီး နောက်ဆုံး၌ ပေါင်းစပ်သွားခဲ့ရာ ရန်ကိုင်တို့ ရှေ့၌ ပုံရိပ်ယောင်ဂိတ်ပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

“စီနီယာမမလေး” ရန်ကိုင်က လှမ်းအော်ခေါ်လိုက်သည်။

ရှနင်းချန် မျက်လုံးပွင့်လာပြီး ချက်ချင်း ရန်ကိုင် ဘေးနားသို့ ရောက်လာခဲ့လေသည်။

နောက်ဆုံးတွင် ဤအချိန်သို့ ရောက်ရှိလာခဲ့သည်။

ရန်ကိုင်သည် သူ့ရှေ့ရှိ ပုံရိပ်ယောင်ဂိတ်ပေါက်ကို အလွန်ကိုမှ လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

လေဟာနယ်စွမ်းအားအပေါ် တတ်သိနားလည်မှုများကို အသုံးချ၍ ဟင်းလင်းပြင်ဂိတ်ပေါက်ကို ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့သော်လည်း ထိုဂိတ်ပေါက်အား ဖွင့်ရန်သော့ သူ့တွင် မရှိချေ။

သို့သော် သူ့တွင် သူနည်းသူ့ဟန် ရှိပေသည်။

ရန်ကိုင်သည် သူ့လက်ချောင်းထိပ်တွင် လေဟာနယ်စွမ်းအားကို စုစည်း၍ ရှေ့တည့်တည့်သို့ ထိုးထည့်ကာ ပိုင်းချလိုက်သည်။

ဟင်းလင်းပြင် တုန်ခါသွားခဲ့ပြီး မကြာမီ ပိတ်နေသော တံခါးပေါက်ပေါ်တွင် အက်ကြောင်းလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းလေးသည် အလွန်ကိုမှ သေးငယ်သော်ငြား အလွန်ကိုမှ လျင်မြန်သောနှုန်းဖြင့် ကျယ်ပြန့်ကြီးမားလာခဲ့၏။

မျက်တောင်တစ်ခတ်အတွင်း ထိုအရာသည် ဂိတ်ပေါက်ကြီး တစ်ခုလုံးကို ဝါးမြိုသွားခဲ့ကာ ရန်ကိုင်တို့ရှေ့တွင် မည်းနက်နေသော အနက်ရောင်လမ်းကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအရာသည် အပြည့်အဝ ဖြစ်ပေါ်လာသော လေဟာနယ် လိုဏ်ခေါင်းတစ်ခု ဖြစ်ပေသည်။

ထိုအနက်ရောင် အပေါက်ကြီးကိုကြည့်ရင်း ရှနင်းချန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့သည်။ ရန်ကိုင်၏ လက်ကိုလည်း ခပ်တင်းတင်း ဆုပ်ကိုင်လိုက်လေသည်။

ရန်ကိုင်သည် တုန့်ဆိုင်းမနေဘဲ ရှနင်းချန်လက်ကို ကိုင်၍ ထိုအပေါက်ထဲသို့ ခုန်ဝင်သွားလေသည်။ သူဝင်သွားသည်နှင့် ထိုအနက်ရောင် အပေါက်ကြီးသည်လည်း ပြန်ပိတ်သွားခဲ့၏။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်မည်းမှောင်နေခဲ့သည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့၏ ရှေ့ရော၊ နောက်ရော၊ ပတ်ပတ်လည် တစ်ခုလုံးတွင် အမှောင်ထုကြီးသာ ကြီးစိုးနေခဲ့သည်။

သို့သော်လည်း ထိုအမှောင်ထုထဲရှိ စွမ်းအင်တစ်မျိုးသည် သူမအား အောက်ဘက်သို့ ဆွဲချရန် ကြိုးစားနေသည်ကို ရှနင်းချန် ခံစားမိနေသည်။ ရန်ကိုင် သူမအား အလျင်အမြန် ကာကွယ်ပေးလိုက်၏။

သူတို့သာ ဤအရာထဲ လမ်းပျောက်သွားခဲ့လျှင် အမှောင်ထု၏ ဝါးမြိုခြင်း ခံလိုက်ရမည်ဖြစ်ကာ အပြင်ဘက်သို့ ဘယ်တော့မှ ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ချေ။

ရန်ကိုင်ပင်လျှင် ဤနေရာထဲတွင် သတိကို မြှင့်နိုင်သမျှမြှင့်ကာ သွားလာနေခဲ့ရသည်။ ရှနင်းချန်ကို သူ့ဘေးနား ဆွဲခေါ်၍ သူမအား ကြောက်မက်ဖွယ် ကောင်းလှဟော ဟင်းလင်းပြင် စီးကြောင်းများမှ ကာကွယ်ပေးထားခဲ့ရသည်။

ထို့အပြင် ဤနေရာသို့ ရောက်လာပြီးနောက်တွင် အချိန် မည်မျှ ကုန်လို့ ကုန်သွားမှန်း သူတို့ သတိမပြုမိတော့ချေ။

ရှန်ချင်းလော့နှင့် ပီလောတို့ ဤအရာကိုသုံးပြီး မွန်းစတား ဧကရာဇ်ကြယ်သို့ ထွက်သွားစဉ်က ဤမျှ အန္တရာယ်များခဲ့မည် မဟုတ်လောက်ချေ။ သူမသည် သမားရိုးကျ ယဇ်ပုလ္လင်မှ လိုအပ်သည့် သွေးမျိုးဆက်ကို အသုံးပြုပြီး လေဟာနယ် လိုဏ်ခေါင်းကို ဖွင့်လှစ်ခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ ရန်ကိုင်ကမူ ထိုကဲ့သို့ မဟုတ်ဘဲ လေဟာနယ်လိုဏ်ခေါင်းကို အတင်းအကြပ် ဆွဲဖွင့်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသွားနေရသည့် လမ်းကြောင်းသည် ပို၍ အန္တရာယ်များသည်ဟု ပြော၍ရသည်။

ကံကောင်းစွာဖြင့် လေဟာနယ်တာအိုကို အတော်လေး ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားသည့်အတွက် ကြိုးတန်ပေါ် လမ်းလျှောက်နေသည်ဟု ခံစားနေရလျှင်ပင် ဆက်၍ လျှောက်သွားနိုင်ပေသေးသည်။

အချိန်မည်မျှ ကုန်လို့ကုန်သွားမှန်းမသိလေရာ၊ အချိန် တစ်ခုသို့ ရောက်သည့်နောက်တွင် တစ်ခုသော နေရာဆီသို့ ရန်ကိုင်နှင့် ရှနင်းချန်တို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်ပြီးနောက် ရန်ကိုင်သည် သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ပိုင်းချလိုက်ပြီး ရှနင်းချန်နှင့်အတူ ဟင်းလင်းပြင်ထဲမှ အမည်မသိသော နေရာ တစ်ခုဆီသို့ ခုန်ထွက်ခဲ့လိုက်သည်။

သူ့စီနီယာမမလေးသည် ထိုအချိန်ထိတိုင် အသိပြန်မဝင်သေးချေ။ နောက်ဆုံးကျမှပဲ သူမမျက်ဝန်းအစုံ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာခဲ့သည်။

သူမစိတ်ထဲ ခဏလောက်သာ ကုန်သွားသည်ဟု ခံစားခဲ့ရသော်ငြား တကယ်တမ်းတွင်မူ ရန်ကိုင်သည် ထိုထဲမှ လွတ်မြောက်ရန်အတွက် ရက်ပေါင်းများစွာ ကြိုးစားရုန်းကန်ခဲ့ရပေသည်။

ထိုဆန်းကြယ်သော နေရာထဲဝယ် ရှနင်းချန်သည် အချိန် စီးဆင်းမှုကိုပင် လုံးဝ သတိမပြုမိနိုင် ဖြစ်သွားခဲ့ရသည်။

လက်ရှိတွင် သူတို့ နှစ်ဦးသည် အရိုးဖြူများ ပြန့်ကျဲတည်ရှိနေသော မည်းမှောင်နေသည့် စိုစွတ်စွတ် မြေအောက်လိုဏ်ခေါင်းတစ်ခုသို့ ရောက်ရှိနေခဲ့သည်။

“ဒါက…” ရှနင်းချန်သည် သူ့ပတ်ပတ်လည်ကို စိတ်ဝင်တစား လိုက်ပတ်ကြည့်သည်။

ရန်ကိုင်က ရှေ့တည့်တည့်သို့ လမ်းလျှောက်သွားလိုက်ပြီး အရိုးဖြူ တစ်ချောင်းကို ကောက်ယူ စစ်ဆေးကြည့်ပြီးသည့်နောက် ပြုံး၍ “ကျွန်တော်တို့ ရောက်ပြီ။ ဒါက မွန်းစတားဧကရာဇ်ကြယ်ပဲ”

“မွန်းစတားဧကရာဇ်ကြယ်” ရှနင်းချန်က ရေရွတ်လိုက်သည် “အစ်မချင်းလော့ နေနေတဲ့ ကြယ်လား”

“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူအထင်သာ မှန်လျှင် ထိုအရိုးဖြူများသည် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရိုးများ ဖြစ်လောက်သည်။

ရှနင်းချန်နှင့် ပီလော့တို့ ဤနေရာသို့ ရောက်လာစဉ်က သူတို့ ပထမဆုံး တွေ့ခဲ့သည့် အရာသည် ကောင်းကင်လနတ်ဆိုး ပင့်ကူ၏ အလောင်းကြီး ဖြစ်သည်။ ရှနင်းချန်သည် ထိုအလောင်းဆီမှ စွမ်းအင် အရင်းအမြစ်ကို စုပ်ယူလိုက်ပြီးနောက် လနီမျိုးနွယ်စု ခေါင်းဆောင်၏ မွေးစားသမီးအဖြစ် ခေါ်ယူ မွေးစားခြင်း ခံခဲ့ရလေသည်။

ထို့ကြောင့်သာ မဟုတ်လျှင် လူသား ဖြစ်နေလျက်နှင့် ရှနင်းချန် အနေဖြင့် မွန်းစတားဧကရာဇ်ကြယ်တွင် မည်ကဲ့သို့ ခြေကုပ် ရယူနိုင်မည်နည်း။ ထိုကဲ့သို့ ကျောထောက်နောက်ခံမရှိဘဲ နှစ်အနည်းငယ်အတွင်း တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ရန်မှာ ပို၍ပင် မဖြစ်နိုင်သေး၏။

ကောင်းကင်လနတ်ဆိုးပင့်ကူ၏ စွမ်းအင်အရင်းအမြစ်သည် ရှနင်းချန်အား ကြီးကြီးမားမား အကူအညီ ပေးခဲ့ပေသည်။ သူမ၏ သွေးမျိုးဆက်ထဲတွင် ကောင်းကင်လနတ်ဆိုးပင့်ကူ၏ သွေမျိုးဆက် အနည်းငယ် ရှိနေခဲ့သည့်အတွက် ယဇ်ပုလ္လင်ကို အသက်သွင်းနိုင်ခဲ့ခြင်း ဖြစ်လောက်သည်။

ဤကဲ့သို့သော အခွင့်အရေးများသည် အမှန်တကယ်ကို ဆန်းကြယ်လွန်းလှပေသည်။ ရန်ကိုင်လည်း လွန်ခဲ့သော နှစ်များအတွင်း ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး အခွင့်အလမ်းများနှင့် ကြုံတွေ့ခဲ့သည်။ သို့သော်လည်း သူသည် တန်ခိုးရှင် ဒုတိယအဆင့်သို့သာ ချိုးဖျက်နိုင်သေးပြီး ရှန်ချင်းလော့ထက် တစ်ဆင့်နိမ့်နေပေသေးသည်။

ရန်ကိုင်သည် ထိုနေရာတွင်ရပ်၍ ပီလော့ ပြောပြသွားသည့် အကြောင်းအရာများကို ပြန်စဉ်းစားကြည့်လိုက်သည်။

မွန်းစတားဧကရာဇ်ကြယ်သည် မွန်းစတားမျိုးနွယ်စုမှ ကြီးစိုးသော ကြယ်တစ်လုံးဖြစ်သည် ဆိုသောအချက်မှလွဲ၍ ဤကြယ်အကြောင်း သူဘာမှ သိပ်မသိချေ။ ဤကြယ်ပေါ်တွင် လူသားမျိုးနွယ်အချို့ ရှိသော်လည်း ထိုလူအားလုံးသည် မွန်းစတားမျိုးနွယ်စု၏ အမိန့်ကိုသာ နာခံရသည်။

လူသားမျိုးနွယ်စုတွင် သူ့အားသာချက်နှင့် အသုံးဝင်ပုံများ ရှိသည့်အတွက် မွန်းစတားမျိုးနွယ်စုသည် လူသားမျိုးနွယ်စုဝင်များကို မျိုးတုန်း သတ်ဖြတ်ခြင်းမပြုဘဲ အသက်ရှင်ခွင့် ပေးထားခဲ့သည်။ လူသားမျိုးနွယ်စုမှ မွန်းစတားမျိုးနွယ်စု၏ တည်ရှိမှုကို ခြိမ်းခြောက်နိုင်သည့် ပညာရှင်များ ထွက်ပေါ်လာသည့် အခါမှသာ သတ်ပစ်လေ့ ရှိပေသည်။

မွန်းစတားဧကရာဇ်ကြယ်ကို မွန်းစတားမျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်မှ အုပ်ချုပ်ကြပြီး အကုန်လုံးသည် တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်ရှိနေကြသည့် ပညာရှင်များ ဖြစ်ကြသည်။

ရှနင်းချန်ကို မွေးစားသမီးအဖြစ် ခေါ်ယူမွေးစားခဲ့သည် လနီမျိုးနွယ်စု ခေါင်းဆောင်သည်လည်း ခေါင်းဆောင် ဆယ်ယောက်အနက်မှ တစ်ယောက် ဖြစ်ပေသည်။

ခဏလောက် စဉ်းစားပြီးနောက် ထိုမျှလောက်သာ သူသိမှန်း ရန်ကိုင် နားလည်လိုက်သည်။

“အပြင်ကို အရင်သွားကြရအောင်” ရန်ကိုင်က ရှနင်းချန်ကို ပြောလိုက်ပြီးနောက် မြေအောက်လိုဏ်ဂူထဲမှ ထွက်သွားလိုက်၏။

အပြင်ထွက်လာပြီးနောက်တွင် မိုးမြေစွမ်းအင်သိပ်သည်းသည့် တောင်တစ်လုံးဆီသို့ ရောက်နေကြောင်း ရန်ကိုင် တွေ့လိုက်ရ၏။ လေထုထဲတွင် မိုးမြေစွမ်းအင်အပြင် သိပ်သည်းလှသော မွန်းစတားချီများပါ ရောယှတ်ပါဝင်နေခဲ့သည်။

ဘေးပတ်ပတ်လည် တောင်များဆီမှ ကြမ်းကြုတ်သော မွန်းစတားသားရဲများ၏ ဟိန်းသံများကိုလည်း အချိန်နှင့်အမျှ ကြားနေခဲ့ရသည်။

ရှန်ချင်းလော့ ဤနေရာမှ မည်ကဲ့သို့ ထွက်သွားခဲ့သလဲ ဆိုသည်ကို ရန်ကိုင် တွေးလိုက်မိသည်။ အတွေးများကို ပြန်စုစည်းလိုက်ပြီး ရန်ကိုင်သည် ကြယ်လွန်းပျံကိုထုတ်၍ ရှနင်းချန်နှင့်အတူ တောအုပ်ထဲမှ အလျင်အမြန် ထွက်လာလိုက်လေသည်။

ဤနေရာသည် အခြားသူများအတွက် အလွန်ကိုမှ အန္တရာယ်များချင် များလိမ့်မည် ဖြစ်သော်လည်း ရန်ကိုင်အတွက်မူ ဘာမှမဟုတ်ချေ။ တန်ခိုးရှင်ဘုရင်အဆင့်အောက်တွင် မည်သူ့ကိုမှ ရန်ကိုင် မကြောက်ချေ။ သာမန် တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကိုပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်သည်အထိ သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသည်။

လေဟာနယ်တာအိုကို ကျင့်ကြံထားသည့်အတွက်ကြောင့် မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်သည်။

ကြယ်ဧကရာဇ်တောင်မှ ချီထျန်ချဲသည် ရန်ကိုင်၏ လေဟာနယ် တာအိုကို တန်ပြန်ရန်အတွက် ကမ္ဘာငယ်လေးကို အသုံးပြုခဲ့၏။ သူ့အထင်အတိုင်း ထိုနည်းလမ်းသည် လုံးဝကို အလုပ်ဖြစ်ခဲ့သည်။

သို့သော်လည်း ရန်ကိုင်အား ပိတ်လှောင်ထားနိုင်ရုံဖြင့် မပြီးသေးချေ။ သူ့အား အနိုင်ယူနိုင်ရန်လည်း လိုပေသေးသည်။

ချီထျန်ချဲတွင် ထိုကဲ့သို့သော ခွန်အားမျိုး မရှိခဲ့သည့်အတွက် ရန်ကိုင်အား ထွက်မပြေးနိုင်အောင် ပိတ်လှောင်ရင်း သူသာ သေဆုံးသွားခဲ့ရလေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၅)

လက်ရှိတွင် ရန်ကိုင် အလိုအပ်ဆုံးသည် အချက်အလက် ဖြစ်သည်။

ရှန်ချင်းလော့ မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို ရှာရန် လွယ်ကူပေသည်။ သူမသည် လနီမျိုးနွယ်စုခေါင်းဆောင်၏ မွေးစားသမီး ဖြစ်သည့်အတွက် လနီမျိုးနွယ်စုခေါင်းဆောင် ရှိနေသည့် နေရာတွင် သူမ ရှိနေပေလိမ့်မည်။

ဧကရာဇ်ဥယျာဉ် ပိတ်သွားစဉ်က အလန့်တကြား အော်ဟစ်ခဲ့သော ရှနင်းချန်၏ အော်ဟစ်သံများကို ရန်ကိုင် ယခုထိတိုင် မမေ့သေးချေ။

ရက်အနည်းငယ် ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ရှနင်းချန်တို့သည် တောအုပ်များအတွင်းမှ ထွက်လာနိုင်ခဲ့သည်။ လမ်းတွင် မွန်းစတားသားရဲ များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ထိုကောင်များသည် စကားပြောရကောင်းသည့်ကောင်များ မဟုတ်သည့်အတွက် သူသိချင်နေသည့် သတင်း နည်းနည်းလေးကိုမှ မရရှိနိုင်ခဲ့ချေ။

ထို့ကြောင့် သူမေးချင်နေသည့် မေးခွန်များကို ဖြေပေးမည့် တစ်ယောက်ယောက်နှင့် ကြုံတွေ့ရန်သာ မျှော်လင့်နေရတော့၏။

ဦးတည်ချက်မဲ့ လျှောက်ပတ်သွားနေရင်းနှင့်မှ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။

ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်ပြီး တစ်ခုသောဘက်သို့ လှည့်၍ မေးလိုက်လေသည် “အဲ့ဘက်ကို သွားကြည့်ရအောင်”

“အင်း” ရှနင်းချန်က ခေါင်းညိတ်လိုက်သည်။

မကြာမီ ရန်ကိုင် ညွှန်ပြသည့်အတိုင်း လမ်းလျှောက်လာလိုက်ရာ ရှနင်းချန်တို့နှစ်ယောက် ဆယ်ယောက်ကျော်မကရှိသော အဖွဲ့ တစ်ဖွဲ့နှင့် သွားတွေ့လေသည်။

ထိုကျင့်ကြံသူများဆီမှ လူသားကျင့်ကြံသူများ ပိုင်ဆိုင်ခြင်းမရှိသည့် အရိုင်းဆန်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်းတွင် မွန်းစတားသားရဲတစ်ကောင်နှင့် ဆင်တူသော ခန္ဓာကိုယ် လက္ခဏာများကို ပိုင်ဆိုင်ထားသေး၏။

ထိုဆယ်ကျော်မကသော ကျင့်ကြံသူအဖွဲ့သည် မွန်းစတား မျိုးနွယ်စုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

အကုန်လုံးသည် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ ဝံပုလွေကဲ့သို့သော မွန်းစတားသားရဲတစ်ကောင်ကို စီးနင်ကြထားသည်။

ထိုအဖွဲ့အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သော် အားအကောင်းဆုံးသည် သူတော်စင်ဒုတိယအဆင့်သာ ရှိသေးကြောင်း တွေ့ရှိလိုက်ရသည်။ သူလုံးဝ ကြောက်နေစရာ မလိုချေ။

ရှနင်းချန်ကို ခေါ်လျက် ရန်ကိုင်သည် ထိုအဖွဲ့အား သွားရောက် နှုတ်ဆက်လေသည်။

“တစ်ဆိတ်လောက်ပါခင်ဗျ” ထိုအဖွဲ့အနီးသို့ ရောက်သော် ရန်ကိုင်က ပြုံးလျက် လက်သီးဆုပ်ကာ အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသော မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူကို နှုတ်ဆက်လိုက်လေသည်။

တစ်ဖက်လူသည်လည်း သူ့အား သတိပြုမိဟန်တူသည်။ ထို့ကြောင့် သူတို့ ရှိရာဆီသို့ လာနေခြင်းဖြစ်သည်။ ရန်ကိုင်ရှေ့သို့ ရောက်သော် ရန်ကိုင်အား အထက်စီးပုံစံဖြင့် ကြည့်လိုက်သည်။

သူစီးနင်းထားသည့် မွန်းစတားသားရဲသည်လည်း ရန်ကိုင်အား တစ်စစီစုတ်ဖြဲ ဝါးစားပစ်ချင်နေသည့်အလား ကြုတ်ကြုတ်စွာ စိုက်ကြည့်လိုက်သည်။

ထိုအခြင်းအရာ အားလုံးကို ကြည့်ရင်း ရန်ကိုင်ကမူ ပြုံးသာ ပြုံးလိုက်သည်။

ဤကြယ်သည် မွန်းစတားဧကရာဇ်ကြယ် ဖြစ်သည့်အတွက် လူသားမျိုးနွယ်စုဝင်များနှင့် တွေ့ရသည့်အခါ မွန်းစတားသားရဲများ သူတို့ကိုယ်သူတို့ ပိုမိုအဆင့်တန်း မြင်သည်ဟု ထင်ကြသည်မှာ သဘာဝသာ ဖြစ်သည်။ မည်သည့် မျိုးနွယ်စုမှ သူတို့၏ မွန်းစတားမျိုးနွယ်စုကို မယှဉ်နိုင်ကြဘဲ သူတို့ မွန်းစတား မျိုးနွယ်စုသည်သာ အားအကောင်းဆုံး ဖြစ်သည်ဟု ထင်ကြသည်။ မွန်းစတားမျိုးနွယ်စု၏ ရှေ့မှောက်တွင် အခြားမျိုးနွယ်စုဝင်များ အနေဖြင့် ဦးညွှတ်နှိမ့်ချရုံသာ တတ်နိုင်သည်ဟု ထင်မြင်နေကြ၏။

“လူသားတွေလား” ခေါင်းဆောင်လာသော ကျင့်ကြံသူက ရန်ကိုင်အား မျက်လုံးမှေးစဉ်းလျက် စိုက်ကြည့်လိုက်သည်။

ဝံပုလွေပုံစံ မွန်းစတားသားရဲသည်လည်း သူ့သခင်မှ ထိုနှစ်ယောက်အား မကြည်ဖြူသည်ကို ခံစားမိလိုက်သည့်အလား အော်မြည်လျက် ရန်ကိုင်နှင့် ရှနင်းချန်တို့အား ကြမ်းကြုတ်စွာ စိုက်ကြည့်ရင်း သူတို့အား ဝိုင်းကြီးပတ်ပတ် ပတ်တော့၏။

တစ်ပတ်ပြည့်အောင် ပတ်ပြီးနောက် မွန်းစတားမျိုးနွယ်စုဝင်များကို ခေါင်းဆောင်လာသည့် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့လူသားနှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ”

“ဟဲဟဲ၊ ကျုပ်တို့ မတော်တဆ လမ်းပျောက်သွားလို့ပါ။ အဆင်ပြေရင် ဒီနေရာ ဘယ်နေရာလဲဆိုတာကို ကျုပ်တို့ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား”

“ဒီနေရာက လနီပိုင်နက်ပဲ” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက ဂုဏ်ယူမှုအပြည့်ဖြင့် “လနီမျိုးနွယ်စုခေါင်းဆောင်ရဲ့ စီမံကွပ်ကဲမှု အောက်မှာ ရှိနေတာ။ ဒါလေးတောင် မင်းမသိဘူးလား”

“အင်း။ လီနီပိုင်နက်ဆိုတာတော့ သိတာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ်သိချင်နေတာက ဒီနေရာနဲ့ အနီးဆုံးမြို့က ဘယ်နားမှာလဲဆိုတာ။ အဆင်ပြေရင် လနီမျိုးနွယ်စု ခေါင်းဆောင်ရဲ့ နန်းတော် ဘယ်နားမှာရှိလဲ ဆိုတာကိုပါ တစ်ချက်လောက် ပြောပြပေးလို့ရမလား”

“လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော် တည်နေရာကို မင်းသိချင်နေတာလား” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက ရုတ်တရက် အေးစက်စက် ပြုံးလျက် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း “မင်းဘာလုပ်ချင်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး။ လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော်မှာ နေနေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက် ရှိတယ်လေ။ ကျုပ်သူ့ကို သွားတွေ့မလို့” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“မိတ်ဆွေလား…” မွန်းစတားမျိုးနွယ်စုဝင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် လှောင်ပြောင်လိုဟန်ဖြင့် ဝါးလုံးကွဲ အော်ရယ်မောတော့လေသည်။

“လူသား၊ ငါမင်းကို လက်လျှော့ဖို့ အကြံပေးလိုက်မယ်။ ခွင့်ပြုချက် မရဘဲ ဘယ်သူမှ လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော်ဆီကို ချဉ်းကပ်ခွင့်မရှိဘူးကွ။ ငါတို့ မွန်းစတားမျိုးနွယ်စုတွေတောင် မရတာ၊ မင်းလို လူသားက ရချင်နေတာလား။ ဒါပေမယ့် မင်းစိတ်ပူနေစရာ မလိုဘူး။ မျိုးနွယ်စုခေါင်းဆောင် သခင်မက လူသားတွေအပေါ် အမြဲကြင်နာတယ်။ မင်းမိတ်ဆွေက နန်းတော်မှ အစေခံတစ်ယောက် ဖြစ်နေတယ်ဆိုရင် သူ့ဘဝက ဘာမှ စိုးရိမ်စရာ မရှိဘူး”

ရန်ကိုင် ပြောနေသည့် မိတ်ဆွေဆိုသူမှာ နန်းတော်ထဲရှိ အစေခံ တစ်ယောက် ဖြစ်သည်ဟု ထင်နေခြင်းပင်။

ဤသည်မှာလည်း သဘာဝသာ ဖြစ်လေသည်။

မျိုးနွယ်စုခေါင်းဆောင် သခင်မ နန်းတော်တွင် အလုပ်လုပ်နေသည့် လူသားမျိုးနွယ်စုဝင်များသည် ရုပ်ချောချော မိန်းကလေး သို့မဟုတ် အမျိုးသားချည်းများ ဖြစ်ကြသော်လည်း ထိုလူအားလုံးသည် အစေခံများ သက်သက်သာ ဖြစ်ကြသည်။

မွန်းစတားမျိုးနွယ်စု ပိုင်နက်တွင် လူသားများ၏ အဆင့်အတန်းသည် အလွန်ကိုမှ နိမ့်ကျပေသည်။

“အင်း၊ အခုလို သတိပေးတဲ့အတွက် ရောင်းရင်းကို ကျေးဇူးအများကြီး တင်ပါတယဝ်။ ဒါပေမယ့် နန်းတော် ဘယ်နေရာမှာ ရှိလဲ ကျုပ်သိချင်သေးတယ်”

“လူသားတွေက တကယ်ကို မောက်မာတဲ့ကောင်တွေပဲ။ အဲ့ဒါကြောင့်ပဲ မင်းတို့ကို ငါကြည့်မရတာ” မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့် ဆိုလိုက်လေသည် “ပြောမယ်ဆိုရင်တော့ ပြောလို့ရတယ်။ ဒါပေမယ့် ငါဘာလို့ မင်းကို ပြောပြရမှာလဲ”

“ဒီမှာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သူတော်စင်သလင်းကျောက် ထည့်ထားသည့် အိတ်တစ်အိတ်ကို လှမ်းပစ်ပေးလိုက်လေသည်။

မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူသည် ထိုအိတ်ကို ဖမ်းပြီး ဖွင့်ကြည့်လိုက်သည်။ အထဲရှိ ပစ္စည်းများကို မြင်ပြီးနောက် ဝမ်းသာအားရဖြင့် အလန့်တကြား ဆိုလိုက်လေသည် “အဆင့်မြင့် သူတော်စင် သလင်းကျောက်တွေ”

ထိုအသံ ထွက်လာပြီးနောက် ကျန်မွန်းစတား မျိုးနွယ်စုဝင်များသည် ရန်ကိုင်နှင့် ရှနင်းချန်တို့အား လောဘတကြီး စိုက်ကြည့်လာကြတော့သည်။

သူတို့၏ အကြည့်ထဲ ရက်စက်ကြမ်းကြုတ်တော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့လေသည်။

“ခင်ဗျား အခု ကျုပ်ကို ပြောပြလို့ရပြီလား” ရန်ကိုင်က တစ်ဖက်လူကို အပြုံးဖြင့်ကြည့်၍ မေးလိုက်သည်။

“ရတာပေါ့။ မင်းက တကယ် ပါးတဲ့ကောင်ဆိုတော့ ငါမင်းကို ပြောပြရတာပေါ့” မွန်စတားမျိုးနွယ်စုဝင် ခေါင်းဆောင်က တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင် သိချင်နေသည့် အကြောင်းအရာကို ပြောပြလိုက်လေသည်။

ခဏအကြာတွင် ရန်ကိုင်က လက်သီးဆုပ်နှုတ်ဆက်၍ ရှနင်းချန်ကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။

“ခေါင်းဆောင်၊ အဲ့နှစ်ယောက် ကြည့်ရတာ တော်တော်လေး ချမ်းသာမဲ့ပုံပဲ။ ဘာလို့ သူတို့ကို သွားခွင့်ပြုလိုက်တာလဲ” မွန်းစတားမျိုးနွယ်စုဝင် တစ်ယောက်က သူတို့ ခေါင်းဆောင်ဆီ ချဉ်းကပ်သွားပြီး မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် မေးလိုက်၏။

“ဟန့်၊ သူတို့ ဘယ်လောက်ချမ်းသာလဲ ငါမမြင်ဘူးလို့ မင်းထင်နေတာလား”

“အဲ့ဒါဆို သူတို့ကို ဘာလို့ ဒီမှာ တစ်ခါတည်း မြေမမြုပ်ပစ်လိုက်တာလဲ။ ဒီနေရာက ဘယ်သူမှ မရှိတဲ့ တောအုပ်ကြီး၊ သခင်မ ချီယွဲ့က ကျုပ်တို့ကို လူသားတွေကို သတ်ခွင့်မပေးဘူး ဆိုရင်တောင် သူတို့သာ ဒီမှာသေသွားခဲ့ရင် ဘယ်သူမှ သူတို့အကြောင်း သိမှာမဟုတ်ဘူး”

“အရူး။ ငါတို့ အဲ့လိုသွားလုပ်ရင် သေသွားမယ့်လူက သူတို့ မဟုတ်ဘူး၊ ငါတို့ပဲ ဖြစ်သွားမှာကွ”

“ဟန်… ဘာဖြစ်လို့လဲ” မွန်းစတားမျိုးနွယ်စုဝင် လူငယ်လေး ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။

“ဘာလို့လဲဆိုတော့ သူတို့ ချမ်းသာတယ်ဆိုပေမယ့် ဒီကောင်တွေ ပုံစံက ငါတို့ကို ကြောက်နေတဲ့ပုံ ပေါ်လို့လား။ ငါတို့က အများကြီးပဲ။ သူတို့ထက် လူအရေအတွက် အများကြီးသားတယ်။ ဒါပေမယ့် ဟိုကောင် ငါတို့ကို ကြည့်နေတဲ့ ပုံစံက အေးအေးဆေးဆေးပဲ။ ငါတို့ သူတို့ကို သတ်မှာကို မကြောက်တဲ့ ပုံစံမျိုးနဲ့ကို လုပ်နေတာ။ အဲ့ဒါ ဘာလဲမင်းသိလား။ အဲ့ဒါ မင်းတို့ သူတို့ကို သတ်မှာကို လုံးဝ မကြောက်တာကွ။ ရှင်းရှင်းပြောရရင် သူတို့ ခွန်အားက ငါတို့ထက် မြင့်တယ်လို့ ပြောတာကွ။ မင်းတို့ သောက်ရူးတွေက သူတို့ ဘယ်လောက် ချမ်းသာတာပဲ မြင်တယ်။ သူတို့ ဘယ်လောက် အားကောင်းတယ် ဆိုတာကျ မမြင်ဘူး။ ဒီနေရာက တောအုပ် ဖြစ်နေလို့ပေါ့။ မဟုတ်ရင်…”

ထိုစကားကို ကြားလိုက်သည့်အခါ မွန်းစတားမျိုးနွယ်စုဝင် လူငယ်လေး၏ နဖူးထက် ချွေးအေးများ ဝေ့သီလာပြီး ရန်ကိုင်တို့ ထွက်သွားသည့် လမ်းကြောင်းဆီ နှမြောတသဖြင့် လှမ်းကြည့်၍ သက်ပြင်းချလိုက်လေသည် “အဲ့အမျိုးသမီးရဲ့ အသားက တော်တော်လေးကို အရသာရှိမယ့်ပုံပဲ။ တစ်ကိုက်လောက် ကိုက်လိုက်ရရင်ကွာ…”

မွန်းစတားမျိုးနွယ်စုမှ အချို့ကျင့်ကြံသူများသည် မွန်းစတားများမှ အသွင်ပြောင်းထားခြင်း ဖြစ်သည့်အတွက် သူတို့တွင် မွန်းစတား သားရဲများ၏ ဗီဇစရိုက်များ ကျန်ရှိနေပေသေးသည်။

သို့သော်လည်း ယေဘုယျအားဖြင့် ထိုကဲ့သို့သော ကျင့်ကြံသူ များများစားစား မရှိချေ။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ အများစုသည် လူသားပုံစံဖြင့် မွေးဖွားလာကြပြီး သူတို့တွင် မွန်းစတားသားရဲများ၏ ဗီဇလက္ခဏာ အနည်းအကျဉ်းသာ ပါတတ်ကြသည်။

ဤမွန်းစတားမျိုးနွယ်စုဝင်သည် မွန်းစတားသားရဲမှ အသွင်ပြောင်းလာသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လောက်၏။ ထို့ကြောင့် ရှနင်းချန်၏ အသားကိုစားရန် တပ်မက်နေခြင်း ဖြစ်သည်။

နူးညံ့ပြီးသိမ်မွေ့သည့် အသားများသည် အမြဲတမ်းကို အရသာရှိ၏။ အထူးသဖြင့် လူသားမျိုးနွယ် မိန်းမငယ်လေးများ၏ အသားပင်…

“မဟုတ်တာတွေ မပြောနဲ့တော့။ မျက်လုံးတစ်ထောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားက လမ်းမှာရောက်နေပြီ။ ငါတို့ သူရှိနေတဲ့နေရာကို မြန်မြန်ရှာပြီး မျိုးနွယ်စုခေါင်းဆောင် သခင်မဆီ အစောင့်အရှောက်တွေ လွှတ်ပေးဖို့ မြန်မြန် ပြန်သတင်းပို့ရမယ်။ ဒီတစ်ကြိမ် ဘာပြဿနာမှာ ဖြစ်လို့ မဖြစ်ဘူးနော်” ခေါင်းဆောင် မွန်းစတားမျိုးနွယ်စုဝင်က ထိုကဲ့သို့ ပြောလိုက်ပြီးနောက် စိတ်ညစ်ညစ်ဖြင့် အံကြိတ်၍ “ဒီတစ်ကြိမ် အဲ့သခင်လေးကြောင့် ငါတို့ ပိုင်နက်က မိန်းကလေး ဘယ်လောက်များများ ထပ်ပြီး ဒုက္ခရောက်ကြရဦးမလဲ မသိဘူး”

မျိုးနွယ်စုခေါင်းဆောင် ချန်းယန်၏ သားအကြောင်း ပြောသည်ကို ကြားသော် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ တိတ်ဆိတ်သွားခဲ့ကြလေသည်။

……

“ဂျူနီယာမောင်လေး၊ အခုဘာလုပ်ကြမလဲ” ရှနင်းချန်က ရန်ကိုင်နောက်မှ လိုက်လာရင်း မေးလိုက်သည်။

“အနီးဆုံးမြို့ဆီ အရင်သွားကြတာပေါ့” ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူဆီမှ လနီမျိုးနွယ်စုခေါင်းဆောင်နေသည့် နန်းတော် အကြောင်း သိလိုက်ရသော်လည်း ထိုနေရာသို့ ချက်ချင်းသွားရန် မဖြစ်နိုင်ချေ။

မဆင့်ခေါ်ဘဲနှင့် မျိုးနွယ်စုခေါင်းဆောင်နေသည့် နန်းတော်ဆီသို့ မည်သူမှ ချဉ်းကပ်ခွင့် မရှိဟု မွန်းစတားမျိုးနွယ်စုမှလူက ပြောသွားခဲ့သည်။

မွန်းစတားမျိုးနွယ်စုဝင်များပင် မဆင့်ခေါ်ဘဲ သွားခွင့်မရှိလေရာ သူ့ကဲ့သို့ လူသားတစ်ယောက် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ချီယွဲ့သည် မွန်းစတားဧကရာဇ်ကြယ်၏ ခေါင်းဆောင် ဆယ်ယောက် အနက်မှ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် သူ့ခွန်အားအပေါ် ယုံကြည်ချက် ရှိသည့်တိုင် သူမကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အလွယ်တကူ သွားမရှုပ်ရဲချေ။ ထို့အပြင် ပီလော့ ပြောပြသွားသည့် ပုံအရ ချီယွဲ့သည် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လောက်သည်။

သူသာ အတင်းအကြပ် ဝင်သွားခဲ့လျှင် သေပင်သေသွားနိုင်သည်။

အခြား ပိုကောင်းသည့် နည်းလမ်းတစ်ခု စဉ်းစားရပေမည်။ ရှန်ချင်းလော့ကို သတင်းပို့ပြီး သူမကို အပြင် ထွက်လာခိုင်းနိုင်လျှင် အကောင်းဆုံးပင်။

ရန်ကိုင် အတွေးထဲ နစ်မြောသွားခဲ့သည်။

တစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် ရှနင်းချန်တို့သည် မွန်းစတားမြိုးနွယ်စုများ နေထိုင်သည့် မြို့တစ်မြို့ရှေ့သို့ ရောက်လာခဲ့သည်။

လစန္ဒာမြို့တော်သည် ရန်ကိုင် ရောက်ခဲ့ဖူးသည့် မြို့များနှင့် အနည်းငယ် ကွာခြားပေသည်။ ဤမြို့ထဲရှိ အဆောက်အဦးများသည် ချောမွေ့ပြေပြစ်ခြင်း မရှိကြဘဲ အကြမ်းထည်များ ဖြစ်ကြသည်။ သို့သော် သူ့နည်းသူ့ဟန်နှင့် ဆွဲဆောင်မှုရှိနေဆဲ။

မြို့ထဲတွင် နေသူများမှာ မွန်းစတားမျိုးနွယ်စုဝင်များသာ မဟုတ်ကြဘဲ လူသားများလည်း ရှိကြပေသည်။

ဤအပိုင်းနှင့် ပက်သက်လျှင် လနီမျိုးနွယ်စုခေါင်းဆောင်သည် အခြား ခေါင်းဆောင်များထက် ပိုကောင်းသည်ဟု ပြော၍ရသည်။ လနီမျိုးနွယ်စုခေါင်းဆောင်၏ ပိုင်နက်ထဲတွင် အကြောင်းမရှိဘဲ လူသားများကို သတ်ခွင့်မရှိချေ။ လူသားအားလုံးသည် မွန်းစတား မျိုးနွယ်စုဝင်များနှင့် ယှဉ်လိုက်လျှင် အဆင့်အတန်း နိမ့်သော်ငြား သူတို့တွင် သူတို့အရည်အချင်းနှင့်သူတို့ ရှိကြသည်။ ချီယွဲ့သည် ထိုသို့သော ပါရမီရှင်များကို နှစ်သက်၏။ ထို့ကြောင့် လူသားများ အသက်ရှင်နိုင်ရန်အတွက် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။

အခြားမျိုးနွယ်စုခေါင်းဆောင် ကိုးယောက်မှာမူ ချီယွဲ့ကဲ့သို့ မဟုတ်ကြချေ။

အထူးသဖြင့် သတ်ဖြတ်ခြင်းကို အလွန် နှစ်ခြိုက်သည့် ခြင်္သေ့ရိုင်း မျိုးနွယ်စုခေါင်းဆောင်ပင်။ ထိုလူ၏ ပိုင်နက်ထဲတွင် လူသား တစ်ယောက်ယောက် ပေါ်လာသည်နှင့် ထိုလူသားကို လိုက်လံ၍ သတ်ဖြတ်ကြသည်။

ထို့ကြောင့် မူလက သူ့ပိုင်နက်အတွင်း နေကြသော လူသားများသည် အခြားပိုင်နက်များသို့ ထွက်ပြေးကုန်ကြသည်။ ပိုင်နက်များအားလုံးထဲတွင် လနီပိုင်နက်သည် မွန်းစတား ဧကရာဇ်ကြယ်တွင် လူသားများအတွက် အတော်လေးကိုမှ လုံခြုံသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၆)

လစန္ဒာမြို့တော်ထဲသို့ ဝင်လိုလျှင် မွန်းစတားမျိုးနွယ်စုဝင်များ အနေဖြင့် အလယ်အလတ်အဆင့် သူတော်စင်သလင်းကျောက် သုံးတုံးသာ ပေးရသော်လည်း လူသားများကမူ အဆင့်မြင့် သူတော်စင် သလင်းကျောက် တစ်တုံး ပေးရပေသည်။

ထိုအချက်နှင့် ပက်သက်၍ ရန်ကိုင် စောဒက တက်မနေခဲ့။ အဆင့်မြင့် သူတော်စင် သလင်းကျောက် နှစ်တုံးပေးပြီးနောက် ရှနင်းချန်နှင့်အတူ မြို့ထဲသို့ ဝင်လာခဲ့လိုက်လေသည်။

ဤမြို့ထဲရှိ လမ်းများသည် လှည်းလေးငါးစီးလောက် ဘေးချင်းယှဉ် သွားနိုင်လောက်သည်အထိကို ကျယ်ပေသည်။ လမ်းဘေးတွင်လည်း အမျိုးမျိုးသော အဆင်တန်ဆာ၊ ပစ္စည်းများကို ရောင်းချနေသည့် ဆိုင်များ ရှိနေခဲ့လေသည်။

ဆိုင်ပိုင်ရှင်များမှာလည်း သူတို့ဆိုင်တွင် ဈေးလာဝယ်ရန် ဈေးဝယ်သူများကို အတတ်နိုင်ဆုံး ဆွယ်နေကြသည်။

လမ်းတစ်လျှောက် လိုက်ပတ်ကြည့်ပြီးနောက် မကြာမီ ဤလမ်းထဲရှိ ဆိုင်အများစုသည် လူသားမျိုးနွယ်မှ ဖွင့်ထားသည့် ဆိုင်များဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ မွန်းစတား မျိုးနွယ်စုမှ ဖွင့်ထားသည့် ဆိုင်အရေအတွက်မှာ အနည်းငယ်သာ ရှိ၏။

စီးပွားရေး လုပ်သည့်အပိုင်းတွင် လူသားများသည် မွန်းစတား မျိုးနွယ်စုဝင်များထက် ပိုတော်ပေသည်။

ဆိုင်ပေါ်တွင် ရောင်းချနေသည့် ပစ္စည်းများကိုကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပလာခဲ့သည်။

အရိပ်ကြယ်ပေါ်တွင် မရနိုင်သည့် ကျင့်ကြံရေး ပစ္စည်းများကို ဤမွန်းစတားကြယ်ပေါ်တွင် တွေ့လိုက်ရသည်။ ဤသည်မှာ သဘာဝသာဖြစ်၏။ ကြယ်တိုင်းတွင်း သူ့တွင်းထွက်နှင့်သူ ရှိသည် မဟုတ်ပေလော။ တစ်နည်းဆိုရသော် ဒေသထွက်ကုန်နှင့် အတူတူပင် ဖြစ်သည်။

မွန်းစတားဧကရာဇ်ကြယ်သည် မွန်းစတားမျိုးနွယ်စုဝင်များ ကြီးစိုးသော ကြယ်တစ်လုံး ဖြစ်သည့်အတွက် ဤနေရာတွင် တွေ့ရသည့် ပစ္စည်းအများစုမှာ မွန်းစတားသားရဲများ၏ အစိတ်အပိုင်းများနှင့် မွန်းစတားအမြူတေများ ဖြစ်ကြလေသည်။

ထိုအချက်ကို သိလိုက်ရစဉ်က ရန်ကိုင် အတော်လေး ထိတ်လန့်မိသွားခဲ့သည်။

လူတိုင်းသည် မွန်းစတားမျိုးနွယ်စုဝင်များ အုပ်ချုပ်သည့် မြို့ထဲတွင် မွန်းစတားသားရဲများ၏ အစိတ်အပိုင်းများကို ပွင့်ပွင့်လင်းလင်း ရောင်းချနေကြလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤသည်မှာ တကယ်ကို အံ့အားသင့်စရာ ကောင်းပေသည်။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများသည် မွန်းစတားသားရဲများ အဖြစ် မွေးဖွားလာခြင်း ဖြစ်လေရာ သူတို့သည် ဤလုပ်ရပ်ကို မရွံရှာလေသလော။

ဤလုပ်ရပ်သည် ဥပမာပြရသော် အရိပ်ကြယ်ပေါ်တွင် လူသားတစ်ယောက်မှ လူတစ်ယောက်၏ ခြေပြတ်၊ လက်ပြတ်များကို ဆိုင်တင်ပြီး ရောင်းနေခြင်းနှင့် တူပေသည်… မည်သူမှ ထိုကဲ့သို့ လုပ်ရပ်မျိုးကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သေချာစဉ်းစားပြီးနောက်တွင် ထိုကိစ္စသည် အရမ်းကြီး ထူးဆန်းသည်ဟု မထင်တော့ချေ။ မွန်းစတားသားရဲ၏ အစိတ်အပိုင်းများကို ရောင်းချနေသည်မှာ လူတိုင်းလိုလို ဖြစ်ကြသဖြင့် အကုန်လုံးသည် ဤကိစ္စနှင့် အသားကျကုန်ကြပြီ။ ထို့အပြင် မွန်းစတားသားရဲ မျိုးနွယ်စုဝင် အားလုံးသည် မွန်းစတားသားရဲများမှ အသွင်ပြောင်းလာကြသူများ မဟုတ်ကြပေ။ အသွင်ပြောင်းလာသူများပင်လျှင် သူတို့ မွန်းစတားသားရဲ ဖြစ်စဉ်က သူတို့ကိုယ်သူတို့ အားကောင်းအောင် လုပ်ရန်အတွက် အားနည်းသော မွန်းစတားသားရဲများ၏ အသွေးအသားများနှင့် အမြူတေများကို ဝါးမြိုခဲ့ဖူးကြသည်။

ရန်ကိုင်သည် ဆိုင်များကို စိတ်ဝင်တစား လိုက်ကြည့်ကြတော့၏။

“ဂျူနီယာမောင်လေး၊ ဒီမှာ အဆင့်မြင့် ပစ္စည်းတွေ အများကြီးပဲ” ရှနင်းချန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပနေခဲ့သည်။

ထုန်းရွှမ်လောကကြီးတွင် သူမရနိုင်သည့် ပစ္စည်းအမယ်များ၏ အဆင့်ကြောင့် အဆင့်မြင့် ဆေးလုံးများကို မသန့်စင်နိုင်ခဲ့ချေ။ သို့သော်လည်း ဤနေရာသို့ ရောက်လာပြီးနောက် ဧရာမ ရတနာ ဂိုဒေါင်ကြီးတစ်ခုထဲသို့ ရောက်လာသလို ခံစားလိုက်ရသည်။ တလက်လက် တောက်ပနေသော အဆင့်မြင့် ပစ္စည်းများသည် သူမအား ထိုပစ္စည်းများကို ဝယ်ချင်လာအောင် လှုံ့ဆော်နေခဲ့သည်။

ယခု သူမသည် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြူတေကို သန့်စင်ထားသည့်အတွက် သူမ၏ ထုန်းရွှမ်လောကကြီး၏ တိုးတက်ရေးသည် သူမ၏ ကျင့်ကြံခြင်းနှင့် တိုက်ရိုက် ဆက်စပ်လာခဲ့လေပြီ။ သူမ အားကောင်းလာသည်နှင့် ထုန်းရွှမ်လောကကြီးလည်း ပို၍ တိုးတက်လာပေလိမ့်မည်။

သူမအတွက် ဆေးဖော်စပ်ခြင်းသည် ကျင့်ကြံခြင်းနှင့် အတူတူပင်။ ဆေးဖော်စပ်ခြင်းသည် သူမ၏ ခွန်အားကို လျင်မြန်စွာ တိုးတက်လာအောင် လုပ်ဆောင်နိုင်ပေသည်။

“အင်း၊ ဒါပေမယ့် ကျွန်တော်တို့မှာ သူတော်စင် သလင်းကျောက် အများကြီး မကျန်တော့တာ ဆိုးတာပဲ” ရန်ကိုင် စိတ်ညစ်သွား၏။

ရှနင်းချန် ထိုပစ္စည်းများကို ကြိုက်နှစ်သက်သလို သူလည်း ကြိုက်နှစ်သက်ပေသည်။ သို့သော်လည်း သူ့တွင် ပါလာသော သူတော်စင်သလင်းကျောက် အများစုသည် ရှနင်းချန် ကြယ်အရင်းအမြစ်ကို သန့်စင်ရာတွင် အသုံးပြုလိုက်သည့် အတွက် ကုန်သွားခဲ့လေပြီ။ သူ့တွင် ကျန်သည့် သူတော်စင် သလင်းကျောက်များဖြင့် ထိုမျှ များပြားလှသော ပစ္စည်းများကို ဝယ်ရန် မလုံလောက်ချေ။

ရှနင်းချန်၏ စိတ်ပျက်သွားသည့် မျက်ဝန်းအစုံကို မြင်သော် ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည် “ဒါပေမယ့် ဆေးအမယ် နည်းနည်းလောက် ဝယ်ဖို့ကတော့ ပြဿနာ မရှိလောက်ဘူး ထင်တာပဲ”

ထိုစကားကို ကြားသည့်အခါ ရှနင်းချန်သည် မျက်ဝန်းလေးများ လခြမ်းကွေး အဖြစ်သို့ ပြောင်းသွားသည်အထိ ပြုံးတော့၏။

ဤသို့ဖြင့် နှစ်ယောက်သား တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဖြင့် ပစ္စည်းများကို လျှောက်ကြည့်ဝယ်တော့သည်။

နေ့တစ်ဝက် ကြာပြီးနောက်တွင် ရှနင်းချန်၏ သိုလှောင်လက်စွပ် တစ်ကွင်းလုံး ဆေးအမယ်အမျိုးမျိုးဖြင့် ပြည့်နှက်သွားတော့သည်။

ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲတွင်လည်း အဖိုးတန် ရတနာများစွာ ရှိနေခဲ့လေသည်။ လွင့်မျောတိုက်ကြီးမှ ရရှိခဲ့သော၊ ဆေးပင်များ၊ ဧကရာဇ်ဥယျာဉ်ထဲတွင် ရရှိခဲ့သော ဆေးပင်များ၊ အရိပ်ကြယ်မှ ဝယ်ယူခဲ့သော ဆေးပင်များတို့ ဖြစ်ကြသည်။

ထိုဆေးပင်များကိုသာ သင့်လျော်သော မွန်းစတားသားရဲ၏ အစိတ်အပိုင်း၊ အမြူတေများနှင့် တွဲစပ်လိုက်မည် ဆိုပါက ရန်ကိုင် အနေဖြင့် အစစ်အမှန် ဆေးပညာကျမ်းထဲရှိ အဆင့်မြင့် ဆေးညွှန်းများကို စတင် ဖော်စပ်နိုင်ပေလိမ့်မည်။

အရိပ်ကြယ်ပေါ်တွင် အားကောင်းသော မွန်းစတားသားရဲများ ရှားပါးသည့်အတွက် ရန်ကိုင် အနေဖြင့် အစစ်အမှန် ဆေးပညာ ကျမ်းထဲရှိ ဆေးညွှန်းအချို့ကို မဖော်စပ်နိုင်ခဲ့ချေ။ အတော်ဆုံး စားဖိုမှူးပင်လျှင် ဆန်မရှိဘဲနှင့် ထမင်းမချက်နိုင်လေဘဲ။

သို့သော်လည်း မွန်းစတားဧကရာဇ်ကြယ်ပေါ်တွင် သူမရနိုင်သည့် ပစ္စည်းများစွာကို ရလိုက်သည်။ အခြား ဘာမှမဟုတ်လျှင်ပင် ဤနေရာတွင် မွန်းစတားသားရဲ အစိတ်အပိုင်းများစွာကို ရှာဖွေ တွေ့ရှိနိုင်ပေသည်။

ဤနေရာတွင် ခဏနေပြီး လိုအပ်သည့် ပစ္စည်းများကို လိုက်လံ ရှာဖွေလျှင် ကောင်းမလားဟုပင် ရန်ကိုင် စဉ်းစာ‌ေးနမိသည်။

ဆေးဖော်စပ်ခြင်းအပြင်၊ သွေးသားရဲများနှင့် တန်ခိုးရှင်ဘုရင် အဆင့် စိတ်ဝိဥာဉ်ဆေးလုံးများကို သန့်စင်ခြင်းတွင် မွန်းစတား သားရဲများကို လိုအပ်ပေသည်။

သို့သော်လည်း… သူတော်စင်သလင်းကျောက် လုံလုံလောက်လောက် မရှိခြင်းသည် အဓိက ပြဿနာ ဖြစ်နေသည်။

ထိုပစ္စည်းများကို ဝယ်ပြီးနောက် ရန်ကိုင်သည် ရှနင်းချန်နှင့်အတူ အနီးဆုံး တည်းခိုခန်းတစ်ခုသို့သွားကာ ခြံဝန်းတစ်ခု ငှားလိုက်၏။

အဆောက်အဦးမှာ အကြမ်းထည် ဖြစ်သော်လည်း ခြံဝန်းထဲရှိ အခန်းများမှာ အတော်လေး သပ်ရပ်လှသည်။ ကောင်းမွန်သော ပတ်ဝန်းကျင် ရှိသည့်အပြင် ခြံဝန်းထဲရှိ အခန်းတိုင်းအား ကောင်းကင်စိတ်အာရုံကို တားဆီးပေးနိုင်သော အစီအရင်များဖြင့် ကာကွယ်ပေးထား၏။

ဆိုင်ပိုင်ရှင်သည် မွန်းစတားမျိုးနွယ်စုဝင် တစ်ဦး ဖြစ်သော်လည်း အခြား မွန်းစတားမျိုးနွယ်စုဝင်များကဲ့သို့ မောက်မာခြင်းမရှိဘဲ အလွန်ကိုမှ ဖော်ရွေလှသည်။

အခန်းငှားပြီးနောက် ရန်ကိုင်သည် တည်းခိုးခန်းမှ တစ်ယောက်တည်း ထွက်ကာ သတင်း လိုက်စုံစမ်းတော့သည်။

သူဤနေရာသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရှန်ချင်းလော့ကို ရှာရန်ဖြစ်သည်။ လက်ရှိ သူရင်ဆိုင်ရနေသည့် အကြီးဆုံး ပြဿနာမှာ လနီမျိုးနွယ်စုခေါင်းဆောင် နေသည့် နန်းတော်ဆီသို့ မည်ကဲ့သို့ ချဉ်းကပ်ရမလဲ ဆိုသည်ကို မသိခြင်းပင်။

လနီမြို့တော်တွင် ရက်အတော်ကြာအောင် နေပြီးသည့်တိုင် ရန်ကိုင်သည် လနီနန်းတော်ဆီသို့ သွားနိုင်သည့် နည်းလမ်းကို ရှာမတွေ့သေးချေ။

ထိုရက်များအတွင်း၌ လက်ကျန် သူတော်စင် သလင်းကျောက်များကို သုံး၍ အဖိုးတန် မွန်းစတားသားရဲ အစိတ်အပိုင်းအချို့ ဝယ်ယူလိုက်လေသည်။

“ကောင်လေး၊ မင်းကြည့်ရတာ ခေါင်းရှုပ်နေသလိုပဲ”

တစ်နေ့တွင် တည်းခိုးခန်းထဲ ထိုင်သောက်ရင်း အတွေးထဲ နစ်မြောနေတုန်း ဆိုင်ပိုင်ရှင်သည် ရန်ကိုင်ဆီသို့ လမ်းလျှောက်လာပြီး အချိုတည်းစရာ အချို့ကိုချလျက် သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်လေသည်။

“ဒီရက်ပိုင်း လနီနန်းတော်ဆီ ဘယ်လိုသွားရမလဲချည်းပဲ မင်းလိုက်မေးနေတယ်။ မင်းဘာလို့ လနီမျိုးနွယ်စု‌ခေါင်းဆောင်ကို တွေ့ချင်နေရတာလဲ”အသက် ခြောက်ဆယ်လောက် ရှိမည်ထင်ရသော မွန်းစတားမျိုးနွယ်စုဝင် လူအိုကြီးက ပြုံးလျက် ရန်ကိုင်ကို မေးလိုက်လေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည် “အမှန်အတိုင်း ပြောရရင် လနီမျိုးနွယ်စုခေါင်းဆောင် နေတဲ့ နန်းတော်ဆီ သွားချင်နေတယ်ဆိုတာ သူ့ကို တွေ့ချင်လို့ မဟုတ်ဘူးဗျ”

“အို” ဆိုင်ပိုင်ရှင်က ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်လျက် “အဲ့ဒါဆို မင်းဘာလုပ်ချင်တာလဲ။ မင်းလျှောက်မေးနေလို့ လူတော်တော်များများက မင်းကို အာရုံစိုက်နေကြပြီဆိုတာ မင်းသိလား။ မွန်းစတားမျိုးနွယ်စုဝင်တွေက လူသားမျိုးနွယ်တွေကို သိပ်ပြီး ကြည်ဖြူတာ မဟုတ်ဘူးနော်”

“ကျုပ်သိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူလည်း သတိထားမိပေသည်။ ယခင်ရက်ပိုင်းအတွင်း ထိုမေးခွန်းကို လိုက်မေးတိုင်း မွန်းစတားမျိုးနွယ်စုများသည် သူ့အား အထင်တသေး ကြည့်လျှင်ကြည့်၊ မကြည်လျှင် မောင်းထုတ်ကြ၏။ သူ့အား ခြိမ်းခြောက်လိုက်သူများပင် ရှိသေးသည်။

ချီယွဲ့ သတ်မှတ်ထားသည့် စည်းမျဉ်းများကြောင့်သာ မဟုတ်လျှင် ထိုမွန်းစတားမျိုးနွယ်စုဝင်များ သူ့အား တိုက်ခိုက်ပြီးလောက်ပေပြီ။

လူသားမျိုးနွယ်စုဝင် တစ်ယောက်သည် သူတို့ သခင်မအကြောင်း လာမေးရဲသည်။

“မျိုးနွယ်စုခေါင်းဆောင် သခင်မကို တွေ့ချင်တာ မဟုတ်ဘူးဆိုရင် မင်းဘာလုပ်ချင်တာလဲ” ဆိုင်ပိုင်ရှင်က မေးလိုက်၏။

“တကယ်တမ်း ပြောရရင် မျိုးနွယ်စုခေါင်းဆောင် သခင်မဆီမှာ အလုပ်လုပ်နေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက် ရှိတယ်။ ကျုပ်တို့ အချင်းချင်း မတွေ့ရတာ အတော်လေး ကြာနေပြီ။ အရင်တစ်ကြိမ် တွေ့တုန်းကလည်း စကားတောင် ကောင်းကောင်း မပြောလိုက်ရဘူး။ ဒါကြောင့် ဒီတစ်ကြိမ် သူ့ကို လာတွေ့ပြီး စကားလေးဘာလေး ကောင်းကောင်း ထိုင်ပြောမလားလို့” ရန်ကိုင်က အမှန်အတိုင်း ပြောပြလိုက်လေသည်။

“မိတ်ဆွေ၊ ဟုတ်လား… ဟဲဟဲ၊ မိန်းကလေးမလား” ဆိုင်ပိုင်ရှင်က အဓိပ္ပါယ်ပါပါပြုံးလျက် ရန်ကိုင်အား ကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ ခြောက်ကပ်ကပ်သာ ရယ်လိုက်သည်။

“အဲ့မိန်းကလေးက မင်းကိုကြိုက်လား” ဆိုင်ပိုင်ရှင်က ထပ်မေးလိုက်သည်။

“အဖိုးက အတင်းပြောရတာ ကြိုက်တယ်နဲ့တူတယ်” ရန်ကိုင် အနည်းငယ် ရှက်သွားခဲ့သည်။

လူအိုကြီးသည် ပြုံးသာပြုံးလိုက်ပြီး ထိုအကြောင်းကို ထပ်၍ မမေးတော့ဘဲ ပြန်၍သာ ပြောလိုက်သည် “ကောင်လေး၊ မင်းက အတော်လေး ကံကောင်းတာပဲကွ။ မင်းနဲ့အတူ ပါလာတဲ့ မိန်းကလေးကလည်း အတော်လေးချော။ အပြင်မှာကလည်း အခြားမိန်းကလေး တစ်ယောက် ထပ်ရှိသေး။ ငါတောင် မင်းကို မနာလိုချင်သွားပြီ”

ထို့နောက် ခေါင်းစဉ်ပြောင်းလျက် လူအိုကြီးက ဆက်ပြောလိုက်၏ “တကယ်တော့ နန်းတော်ထဲမှာ ဘာတွေဖြစ်နေလဲ သိဖို့က ဘာမှ သိပ်ခက်တာ မဟုတ်ဘူး”

“အို၊ ကျုပ်ကို ရှင်းပြပေးပါဦး” ရန်ကိုင် ချက်ချင်း တက်တက်ကြွကြွ ဖြစ်သွားခဲ့သည်။

“လတိုင်းလတိုင်း နန်းတော်ကနေ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ဆိုပြီး လူတစ်အုပ် လွှတ်လိမ့်မယ်။ လစန္ဒာမြို့တော်က နန်းတော်ကနေ သိပ်မဝေးသလို တော်တော်လေးလည်း စည်ကားတာဆိုတော့ ဒီနေရာမှာ သူတို့ ဈေးလာဝယ်လေ့ ရှိတယ်။ နန်းတော်က အစေခံမလေးတွေကို တွေ့ဖို့ဆို မင်းနောက်ထပ် ရက်နည်းနည်းလောက်ပဲ ထပ်စောင့်ရမှာ။ ကံကောင်းရင် မင်းတွေ့ချင်နေတဲ့ မိန်းကလေးကို တွေ့နိုင်လိမ့်မယ်”

ရန်ကိုင် ပြောနေသည့် မိန်းကလေးသည် နန်းတော်ထဲတွင် အစေခံ တစ်ဦး ဖြစ်သည်ဟု ဆိုင်ပိုင်ရှင် ထင်နေခြင်းပင်။

တကယ်တော့ နန်းတော်ထဲသို့ ဝင်နိုင်သည့် လူသားမိန်းကလေး အားလုံးလိုလိုသည် အစေခံများသာ ဖြစ်သွားကြသည် မဟုတ်လော။

ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ဆိုင်ပိုင်ရှင်သည် ရှန်ချင်းလော့ မည်သူမည်ဝါဆိုသည်ကို နားလည်မှု လွဲသွားသော်လည်း ထိုအရာမှာ ပြဿနာ မဟုတ်ပေ။

နန်းတော်ထဲမှ ထွက်လာသော အစေခံမလေး တစ်ယောက်သာ ရှန်ချင်းလော့ဆီ သတင်းပို့ပေးနိုင်မည်ဆိုလျှင် အားလုံး အဆင်ပြေသွားလေပြီ။

“အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါပဲ အဖိုး” ရန်ကိုင်က လက်သီးဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒါလေး ပြောပြရုံပဲကို”

“ဒါနဲ့အဖိုး၊ အဖိုး လူသားတွေကို မမုန်းဖူးလား” ရန်ကိုင်က ဆိုင်ပိုင်ရှင်ကို စိတ်ဝင်တစားကြည့်၍ မေးလိုက်သည်။

“ဘာလို့ မုန်းရမှာလဲ” ဆိုင်ပိုင်ရှင်က ရန်ကိုင်အား အပြုံးဖြင့် ကြည့်လျက် “မင်းတို့ လူသားတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ကောင်းတာပဲလေ။ ငါငယ်ငယ်တုန်းကဆို အရမ်းကို ထူးခြားနဲ့ လူသားတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်…”

ထိုစကားကို ပြောလိုက်ချိန် လူအိုကြီး၏ မျက်လုံးထဲ ကြင်နာရိပ်တို့ ဖြတ်ပြေးသွားသည်ကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။

တစ်ခုခုကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။

“ထားလိုက်တော့။ ငါမပြောဘူးလို့ပဲ သဘောထားလိုက်။ မင်းလည်း မင်းလုပ်စရာရှိတာတွေ လုပ်ဦး။ ဒီလူအိုကြီးက အသက်ရလာပြီ ဆိုတော့ နည်းနည်းလောက် လှဲလိုက်ဦးမယ်” ဆိုင်ပိုင်ရှင်သည် ရုတ်တရက် ရန်ကိုင်နှင့် စကားဆက်ပြောရန် စိတ်မဝင်စားတော့ဘဲ ကောက်ကာငင်ကာနှင့် ထွက်သွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် သက်ပြင်းသာ ချလိုက်သည်။

ဆိုင်ပိုင်ရှင် ငယ်ရွယ်စဉ်က လူသား မိန်းကလေးတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့ဖူးသည့်ပုံပင်။

မျိုးနွယ်စုမတူဘဲ ချစ်ကြိုက်ခြင်းကို အတော်များများ မကြိုက်ကြချေ။ ဤနေရာသည် မွန်းစတားမျိုးနွယ်စုဝင်များ ကြီးစိုးသည့် နေရာတစ်ခုဖြစ်သည့်အတွက် လူသားများသည် အလွန်ကိုမှ အဆင့်အတန်း နိမ့်ကျကြသည်။

ထို့ကြောင့် ထိုကဲ့သို့သော ချစ်ကြိုက်ခြင်းမျိုးကို နေရာ တော်တော်များများ၌ တားမြစ်ထားလေ့ ရှိသည်။ ထိုကဲ့သို့သော ချစ်ကြိုက်ကြသူ အများစုမှာ အများအားဖြင့် ကွဲကွာရလေ့ရှိပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို သက်သေသွားကြသူများလည်း ရှိကြသည်။

ရန်ကိုင်သည် ထိုအကြောင်းကို ထိုင်တွေးမနေတော့ဘဲ တစ်ခွက်၊ နှစ်ခွက်လောက် သောက်ပြီးနောက် သူ့ခြံဝန်းထဲ ပြန်သွားလေ၏။ ဆေးဖော်စပ်နေသည့် ရှနင်းချန်ကို အသိပေးပြီးနောက် မြို့ဂိတ်ပေါက်ဆီသို့ တည့်တည့် တန်းသွားလေသည်။

နန်းတော်မှ အစေခံမလေးများ ရောက်လာရန် ရက်အနည်းငယ် လိုသေးသော်လည်း ရန်ကိုင်အနေဖြင့် ထိုနေရာသို့ ကြိုရောက်အောင် သွားထားပြီး ရှနင်းချန်ဆီ သတင်းပို့နိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာထားရပေမည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၇)

လစန္ဒာမြို့မှ မလှမ်းမကမ်းတွင် တည်ရှိသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲတွင်…

ဤဆိုင်သည် အတော်လေး ကောင်းသည်ဟု ပြော၍ရသည်။ ဆိုင်ထဲသို့ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ထွက် သွားလာနေကြသည်။ ရန်ကိုင် ဤဆိုင်တွင် လာစောင့်နေသည်မှာ ရက်အတော် ကြာနေခဲ့လေပြီ။ သို့သော် နန်းတော်မှ အစေခံမလေးများ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးချေ။

ယနေ့တွင်၊ လက်ဖက်ရည်သောက်ပြီး အချိန်ဖြုန်းရန် လုပ်နေစဉ် လူအုပ်ကြီးတစ်ခုလုံး ရုတ်တရက် အုံ့အုံ့ကျက်ကျက် ဖြစ်လာခဲ့၏။

မြို့ထဲသို့ဝင်ရန် ရပ်စောင့်နေကြသော ကျင့်ကြံသူများသည် ချက်ချင်းဘေးသို့ ဖယ်ပေးလိုက်ကြသည်။ “သူတို့ရောက်လာပြီ” ဟူသော လူအုပ်ထဲမှ လှမ်းအော်နေသည့် လူအချို့၏ အသံကိုလည်း ကြားလိုက်ရသေးသည်။
အစေခံတွေ ရောက်လာတာလား ရန်ကိုင် ချက်ချင်း ထိုကဲ့သို့ တွေးမိလိုက်သည်။

မြို့အဝင်ဝရှိ အုံ့အုံ့ကျက်ကျက်ကြောင့် လက်ဖက်ရည်ကြမ်း ဆိုင်ထဲတွင် ရှိနေသော လူများလည်း ချက်ချင်း အပြင်သို့ ထွက်ကြည့်ကြကုန်လေသည်။ တစ်ခဏအတွင်းမှာပင် လမ်းမကျယ်ကြီးတစ်ခုလုံး လူများဖြင့် ပြည့်နှက်ကုန်တော့သည်။

လူအများကြီး ရှိနေသော်လည်း ဆူညံ့နေခြင်း မရှိဘဲ အကုန်လုံး တိတ်ဆိတ်နေကြသည်။

ရန်ကိုင်သည်လည်း လက်ဖက်ရည်ဆိုင်ထဲမှ ထွက်ကာ လူအုပ်ကြီးနှင့် ရောဝင်လျက် မြို့အဝင်ဝဆီသို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

စစ်သည်တော်ပေါင်းများစွာ စစ်ချီလာနေသည့်နှယ် မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့သည်။

သူထင်ထားသည်နှင့် မတူမှန်း သတိပြုမိလိုက်သည့် နောက်တွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ယခုလာနေသည့် လူသည် ကုန်ပစ္စည်းများ ဝယ်ယူရန် ရောက်လာသော အစေခံ တစ်အုပ်သာ ဖြစ်လျှင် ဤမျှ အုံ့အုံ့ကျက်ကျက် ဖြစ်နေစရာ မလိုချေ။

ထို့အပြင် အစေခံများသည် တစ်လတစ်ကြိမ် လာနေခြင်း ဖြစ်သည့်အတွက် လစန္ဒာမြို့သူမြို့သာများသည် သူမတို့ ရောက်လာသည့်အပေါ် ယခုကဲ့သို့ အံ့အားသင့်နေကြလိမ့်မည် မဟုတ်ကြပေ။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့လေသည်။ ယခုလာနေသည်မှာ အစေခံအဖွဲ့ မဟုတ်ချေ။

သို့သော်လည်း လစန္ဒာမြို့တော်ဆီသို့ မည်သူလာနေသလဲ ဆိုသည်နှင့် ပက်သက်၍ အတော်လေး သိချင်မိပေသေးသည်။

ခဏအကြာတွင် ကိန်းကြီးခန်းကြီးနိုင်လှသော ဝံပုလွေကြီးပုံစံ မွန်းစတားသားရဲတစ်ကောင် ပေါ်လာခဲ့သည်။ ထိုမွန်းစတားသားရဲပေါ်တွင် ရန်ကိုင် ရင်းနှီးနေသော မွန်းစတား မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

“လမ်းဖယ်… လမ်းဖယ်…” ထိုမွန်းစတားမျိုးနွယ်စုဝင်သည် ကြာပွတ်ကို လမ်းမထက်သို့ ဝှေ့ရမ်း၍ လူအုပ်ကြီးအား လမ်းဖယ်ရန် အော်ပြောနေခဲ့သည်။

သူ့နောက်တွင် ဝံပုလွေကဲ့သို့ မွန်းစတားသားရဲများကို စီးနင်းထားသည့် ကျင့်ကြံသူ တစ်ရာကျော် ပါလာပြီး ထိုကျင့်ကြံသူ အားလုံးသည် သူတို့၏ ခေါင်းဆောင်ကဲ့သို့ လူအုပ်ကြီးကို လမ်းဖယ်ပေးရန် ပြောနေခဲ့ကြသည်။

ဒီကောင်တွေက ဟိုနေ့က ငါလမ်းမေးခဲ့တဲ့လူတွေ မဟုတ်ဘူးဘူးလား ဦးဆောင်လာသည့် ခေါင်းကို ရန်ကိုင် အလျင်အမြန် မှတ်မိသွားလိုက်သည်။

“ရောင်းရင်း၊ လစန္ဒာမြို့ကို ဘယ်သူလာနေလို့ အခုလိုမျိုးတွေ ဖြစ်နေရတာလဲ” ဘေးဘက်ဆီမှ မေးခွန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကျုပ်လည်းမသိဘူး” အမေးခံလိုက်ရသည့်သူလည်း သိမနေခဲ့ပေ။

“ဘယ်သူလာမယ်မသိဘဲနဲ့ ထွက်ကြည့်နေတာလား” မေးခွန်းထုတ်သူက ပြန်မေးလိုက်သည်။

“ကျုပ်က ဒီအတိုင်းပဲ လာကြည့်ကြည့်တာ။ ခင်ဗျားလည် အတူတူပဲ မဟုတ်ဘူးလား”

“အန်၊အင်း..”

အကုန်လုံး စိတ်ရှုပ်နားမလည်နိုင် ဖြစ်နေကြစဉ်မှာပဲ ခေါင်းအကြီးကြီး နှစ်လုံး မြို့ဝင်ပေါက်ဆီသို့ ရုတ်တရက် ဝင်လာခဲ့သည်။ ခေါင်းတစ်ခုလုံးကို အနက်ရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး အလယ်တွင် ဦးချိုတစ်ချောင်းစီ ရှိနေခဲ့သည်။ မြွေမျက်လုံးနှင့် တူသော အေးစက်စက် မျက်လုံးများဖြင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည့်အခိုက် လူများစွာ တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြလေသည်။

“အဲ့ဒါတွေက…” ထိုမွန်းစတားသားရဲ နှစ်ကောင်ကို မြင်သည်နှင့် လူတစ်ယောက်က ချက်ချင်း အလန့်တကြား ဆိုလိုက်သည်။

မကြာမီ မွန်းစတားသားရဲနှစ်ကောင်လုံး အားလုံး၏ မြင်ကွင်းထဲ အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။ ခေါင်းသာကြီးရုံတင် မဟုတ်ဘဲ ထိုမွန်းစတားသားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် ကြေးခွံများ ရှိနေသေးပြီး နောက်ဆုံးတွင် ကျာပွတ်ကဲ့သို့ အမြီးတစ်ချောင်း ရှိနေခဲ့သည်။

“အဆင့်ကိုး မိုးကြိုးမီးတောက်ဖွတ်ကြီးတွေလား”

မွန်စတားသားရဲအားလုံးသည် လူအသွင် မပြောင်းနိုင်ကြပေ။ အချို့ မွန်းစတားသားရဲများသည် တစ်ဘဝလုံး မွန်းစတားသားရဲ အသွင်ဖြင့်သာ နေနိုင်သွားကြသည်။ ဤအဆင့်ကိုး မိုးကြိုးမီးတောက်ဖွတ်သည်လည်း ထိုနည်းတူပင်။ ထိုမွန်းစတား သားရဲသည် မိုးကြိုးနှင့် မီးတောက်ကို ကျွမ်းကျင်ကြပြီး တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ပင်လျှင် ထိုမွန်းစတားသားရဲနှင့် ရင်ဆိုင်တွေ့ပါက ထွက်ပြေးရနိုင်ပေသည်။

ဤကဲ့သို့သော မွန်းစတားသားရဲမျိုးကို စီးတော်သားရဲအဖြစ် အသုံးပြုနိုင်သည့် လူများစွာ မရှိချေ။

သို့သော်လည်း ယခုမှ မိုးကြိုးမီးတောက်ဖွတ်နှစ်ကောင်ကို စီးတော် သားရဲအဖြစ် အသုံးပြုနေသည့် လူတစ်ယောက် ရှိနေခဲ့သည်။ ထိုသားရဲများ၏ နောက်မှ ၎င်းတို့မှ ဆွဲလာသည့် သားနားသော လှည်းယာဉ်တစ်စီး ရှိနေခဲ့သည်။

လှည်းယာဉ်တွင် မည်သည့် တံခါးပေါက်၊ ပြတင်းပေါက်မှ မရှိဘဲ ပွင့်နေသည့် အမိုးပေါက်တစ်ခုသာ ရှိသည်။ ထို့အပြင် လှည်းယာဉ်၏ ပတ်ပတ်လည်ကို ပန်းရောင် လိုက်ကာများဖြင့် ကာထားလေသည်။

လှည်းယာဉ်ထဲတွင် လူသုံးယောက် ရှိနေခဲ့သော်လည်း အကုန်လုံး၏ အကြည့်သည် တစ်ယောက်စီသို့သာ ရောက်နေခဲ့သည်။

ထိုလူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်း ကျောက်သားကဲ့သို့ ချောမွတ်သည့် မျက်နှာကို ပိုင်ဆိုင်ထားကာ လှည်းယာဉ်ပေါ်ရှိ ကူရှင်ပေါ်တွင် ထိုင်နေခဲ့သည်။

သူ့ကို ကြည့်ကြည့်ချင်း ချောသည်ဟုသာ ထင်မိကြလိမ့်မည်။ သို့သော် ပို၍ စိုက်ကြည့်လာသည်နှင့် ထိုလူ၏အကြည့်ထဲ နစ်မြောသွားရပေလိမ့်မည်။

ထိုလူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေသည့် အလင်းရောင်တစ်မျိုးမျိုး ရှိနေသည့်နှယ်၊ သူနှင့် အကြည့်ချင်းဆိုင်သွားသည့် မည်သည့် မိန်းကလေးမဆို ပိုးဖလံ မီးထဲ တိုးဝင်သလို ဘာမှမသိတော့ဘဲ သူမတို့ကိုယ်သူမ သူ့ဆီသို့ ပုံအောပစ်ဝင်ကြပေလိမ့်မည်။

ချောမောလှပသည့် အမျိုးသမီးတစ်ဦးသည် ထိုလူ၏ ပေါင်ထက်တွင် လဲလျောင်းနေပြီး ထိုလူသည် သူ့လက်ဖြင့် ထိုအမျိုးသမီး၏ အနက်ရောင် ဆံကေသာကို ပွတ်သပ်ပေးနေခဲ့သည်။ အမျိုးသမီးမှာ သခင်၏ ပွတ်သပ်ပေးခြင်း ခံရသည့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှယ် မျက်လုံးလေးမှေးလျက် ကျေနပ်နေခဲ့သည်။

သူ့လက်မောင်းထဲတွင် လဲလျောင်းနေသည့် နောက်ထပ် အမျိုးသမီးတစ်ဦး ရှိနေသေးသည်။ သူမ၏ ပါးပြင်လေးသည် ပန်းနုရောင်သန်းနေခဲ့ပြီး နှုတ်ခမ်းအစုံမှာလည်း ပြေးနမ်းချင်စရာ ကောင်းလှအောင် အရည်ရွှန်းစိုနေခဲ့သည်။

လူပေါင်းများစွာ၏ စိုက်ကြည့်ခြင်း ခံနေရသော်လည်း ထိုလူသည် ယဲ့ယဲ့လေး ပြုံးလိုက်နိုင်သေးသည်။ သူ့အကြည့်သည် မည်သည့် မိန်းကလေး၏ နှလုံးသားကိုမဆို လှုပ်ခတ်မီးတောက်သွားအောင် လုပ်နိုင်သည့် အငွေ့အသက်တို့ဖြင့် ပြည့်နေခဲ့သည်။

“သူဘယ်သူလဲ ငါသိပြီ။ သူက မျက်လုံးတစ်ထောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့သား ညစ်မျက်လုံးသခင်လေး မီထျန်းပဲ” လူအုပ်ထဲမှ အလန့်တကြား ပြောဆိုသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုလူ မည်သူမှ လူပေါင်းများစွာ ချက်ချင်း မှတ်မိလိုက်သည်။

ထိုလူမည်သူမှန်း သိလိုက်သည့်နောက် လူပေါင်းများစွာ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ မီထျန်းအား စိတ်ဝင်တစားဖြင့် ကြည့်နေသူအားလုံး၏ မျက်စိပျက် မျက်နှာပျက်ဖြစ်ကုန်ကြလေသည်။

သခင်လေးမီထျန်း ဆိုသူသည် မွန်းစတားဧကရာဇ်ကြယ်တွင် မကောင်းသတင်းဖြင့် ကျော်ကြားသော သခင်လေးတစ်ယောက် ဖြစ်သည်။ သူ့လက်ချက်ကြောင့် သေသွားသည့် မိန်းကလေး အရေအတွက်မှာ တစ်ထောင် မရှိလျှင် အနည်းဆုံး ရှစ်ရာလောက် ရှိသည်ဟု ပြောသည်။ ပိုဆိုးသည်ကား ထိုမိန်းကလေးသည် မတရားသိမ်းပိုက်ခံရခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင်က လိုလိုလားလားဖြင့် ထိုသခင်၏ လက်တွင်းသို့ ခုန်ဆင်းသွားကြခြင်း ဖြစ်သည်။

မီထျန်းသည် ယင်ကို စုဆောင်းပြီး ယန်ကို အားဖြည့်ပေးသည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသည်ဟု ဆိုကြသည်။ မည်မျှ ထူးချွန်သော မိန်းကလေးဖြစ်ပါစေ သူနှင့် တစ်ညတာ ကုန်ဆုံးလိုက်သည်နှင့် နောက်တစ်နေ့ မနက်တွင် သေသွားကြရစမြဲပင်။

ထို့သို့ဆိုလျှင် မီထျန်း လက်တွင်းသို့ ခုန်ဆင်းချင်နေသည့် မိန်းကလေးများမှာ နည်းနည်းလေးမှ ရှားပါးသွားခြင်း မရှိချေ။

မုန်းစရာအကောင်းဆုံးသည်ကား မီထျန်းသည် မွန်းစတားမျိုးနွယ်စုမှ မိန်းကလေးကို ဖြစ်စေ၊ လူသားမျိုးနွယ်စုမှ မိန်းကလေးကို ဖြစ်စေ မိန်းကလေးအားလုံးကို လက်ခံခြင်းပင်။

မီထျန်း၏ ဂုဏ်သတင်းကြောင့် သူရောက်သွားသည့် နေရာတိုင်း၌ ရှိနေသော ယောကျာ်းသားများသည် သူတို့၏ အမျိုးသမီးများကို အပြင်သို့ ထွက်ခွင့်မပြုကြတော့ဘဲ သူတို့ ချစ်ရသူများနှင့် ဆွေမျိုးများကို မီထျန်းနှင့် မတွေ့မိအောင် အတတ်နိုင်ဆုံး ကာကွယ်ကြတော့လေသည်။

မီထျန်း လစန္ဒာမြို့ဆီသို့ လာမှန်း မည်သူမှ မသိကြသဖြင့် မည်သူမှလည်း မပြင်ဆင်ထားခဲ့ကြချေ။ သူတို့သာ ကြိုသိခဲ့လျှင် ဤနေရာတွင် စုဝေးနေကြမည့်အစား မီထျန်းအား မြွေပွေး တစ်ကောင်နှယ် ရှောင်တိမ်းနေပေလိမ့်မည်။

သို့သော်လည်း မီထျန်း သူတို့ရှေ့ ရောက်နေပြီ ဖြစ်သဖြင့် မည်သို့များ ပြင်ဆင်ရတော့မည်နည်း။

ပြီးသွားပေပြီ။ ကျင့်ကြံသူပေါင်းများစွာသည် မီထျန်းအား လေးစားမှု၊ တပ်မက်မှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည့် သူတို့၏ အမျိုးသမီးများကို မြင်သော် သူတို့ရင်ထဲ ထိုမီးထျန်ဆီသို့ ပြေးဝင်သွားပြီး ထိုသကောင့်သားအား အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။

သို့သော်လည်း ထိုအရာများမှာ သူတို့ရင်ထဲရှိ အတွေးများသာ ဖြစ်ကြပြီး မည်သူမှ ထိုကဲ့သို့ မလုပ်ရဲကြချေ။

လုပ်ချင်သည်ဆိုလျှင်ပင် မီထျန်း ကိုယ်တိုင်သည် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် လူအနည်းငယ်သာ သူ့ပြိုင်ဘက် ဖြစ်နိုင်ပေလိမ့်မည်။ ထို့အပြင် သူစီးတော်သားရဲနှစ်ကောင် ဖြစ်သော အဆင့်ကိုး မွန်းစတားသားရဲ နှစ်ကောင်သည်လည်း ရန်စလို့ကောင်းသည့် သားရဲများ မဟုတ်ကြချေ။

အရေးအကြီးဆုံးမှာ မီထျန်း၏ ကျောထောက်နောက်ခံဖြစ်သော မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်ပင်….

တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသော အဖေတစ်ယောက် ရှိနေလေရာ မည်သူကများ မီထျန်းကို ရန်စရဲတော့မည်နည်း။ မျက်လုံးတစ်ထောင် မျိုးနွယ်စုခေါင်းဆောင်သည် သူ့သားကို အလွန်ချစ်မြတ်နိုးမှန်း သိသာသည်။ မဟုတ်လျှင် မိုးကြိုးမီးတောက် ဖွတ်နှစ်ကောင်းကို သူ့သားစီးသည့် လှည်းအား ဆွဲရန် ထည့်ပေးလိုက်လိမ့်မည် မဟုတ်ချေ။

သူ့ဘေးနားမှ လူများကို ပြောနေသည်ကို နားထောင်ရင်း ထိုလူ မည်သူမှန်း ရန်ကိုင် သိသွားခဲ့သည်။ သို့သော်လည်း လက်ရှိ အခြေအနေသည် အနည်းငယ် ထူးဆန်းနေသလို သူ့ရင်ထဲ ခံစားလိုက်ရသည်။

မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်၏ သားသည် ဘာကြောင့် ဤနေရာသို့ ရောက်လာရသနည်း။

ရန်ကိုင် သိသလောက် မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်သည် အချင်းချင်း သိပ်တည့်ကြသည်မဟုတ်။

သို့သော် ရန်ကိုင် ထိုအချက်ကို အနည်းငယ် စိတ်ဝင်စားမိခြင်းသာ ဖြစ်ပြီး အလေးအနက်ကြီးတော့ ဖြစ်မနေခဲ့ချေ။ ထိုလူ မည်သူမှန်း သိပြီးနောက်၊ ရောက်လာသည့် အဖွဲ့မှာ နန်းတော်မှ အစေခံမလေးများ မဟုတ်မှန်း သိပြီးနောက်တွင် ရန်ကိုင် ဆက်ကြည့်နေရမည်ကို စိတ်လုံးဝ မဝင်စားတော့ချေ။

ထို့အပြင် ထိုညစ်မျက်လုံး သခင်လေး၏ အကြည့်ကိုလည်း သူအတော်လေး ကြည့်မရချေ။ သူ့အကြည့်သည် တစ်လောကလုံးတွင် ရှိသော မိန်းမအားလုံးကို ငါပိုင်သည်ဟု ပြောနေသည့် အကြည့်မျိုးပင်။

ရန်ကိုင်သည် လှည့်ထွက်သွားချင်သော်လည်း သူ့အတွေးကမ္ဘာထဲမှ နိုးထလာချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင်း လုံးဝကို မှင်သက်သွားခဲ့ရလေသည်။

ယခင်က သူ့ဘေးနားတွင် မတ်တပ်ရပ်နေကြသော ကျင့်ကြံသူအားလုံး မြေကြီးပေါ်တွင် ဝပ်စဉ်းလျက် မီထျန်းအား လေးလေးစားစား ဦးညွှတ်နေကြသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

လက်ရှိတွင် သူသည် ကြက်အုပ်ထဲ ရောက်နေသည့် ဗျိုင်း တစ်ကောင်ကဲ့သို့ ထီးထီးကြီး ဖြစ်နေသည်။

လူအားလုံးသည် မြေကြီးပေါ် ဒူးထောက်နေကြသော်လည်း ရန်ကိုင် တစ်ယောက်တည်းသာ မတ်တပ်ရပ်နေခြင်း ဖြစ်သည်။

မီထျန်းသည်လည်း သူ့အား လှည့်ကြည့်လာခဲ့သည်။ မီထျန်းသည် လှည်းပေါ်တွင်ထိုင်လျက် ရန်ကိုင်အား ဖိနှိပ်လိုသည့် အကြည့်ဖြင့် အထင်တသေး စိုက်ကြည့်လာခဲ့သည်။

“ရဲတင်းလိုက်တာ” မီထျန်းအား မြို့ထဲသို့ ဦးဆောင်ခေါ်လာသည့် ဝံပုလွေနှင့် ဆင်တူသော မွန်းစတားသားရဲကို စီးနင်းထားသည့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူက သူ့ကြာပွတ်ကို ဝှေ့ရမ်းရင်း ပြောလိုက်လေသည် “မင်းဘာလို့ ဒူးမထောက်သေးတာလဲ”

ပြောပြီးသည်နှင့် ရန်ကိုင်အား သင်ခန်းစား ပေးချင်နေသည့်အလား ရန်ကိုင်ဆီသို့ တိုးကပ်လာခဲ့သည်။

ရန်ကိုင်ကမူ ထိုမွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူအား ထူးမခြားနားဟန်ဖြင့်သာ ပြန်စိုက်ကြည့်လိုက်သည်။

ရန်ကိုင်မျက်နှာကို မြင်ပြီးနောက် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူ ကြောင်သွားခဲ့သည်။ ဒါငါ့ဆီ လမ်းလာမေးတဲ့ လူသားကောင်လေးမလား

ထိုစဉ်က ဤလူသားကောင်လေးသည် အတော်လေး အားကောင်းသည်ဟု သူထင်ခဲ့သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၈)

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူသည် သူ့ကြာပွတ်ဖြင့် ရန်ကိုင်ကို လှမ်း၍ ရိုက်လိုက်သော်လည်း အနည်းငယ်လေး ချော်သွားအောင် ရိုက်လိုက်လေသည်။

ရန်ကိုင် မည်သည့် အတိုင်းအတာအထိ အားကောင်းမှန်း မသိသဖြင့် အလျင်စလို မလှုပ်ရှားရဲချေ။ သို့သော်လည်း သခင်လေး မီထျန်း၏ မျက်နှာကို ထောက်ရပေဦးမည်။ သခင်လေးမီထျန်းကို အလေးပြုရန် မွန်းစတားမျိုးနွယ်စုဝင်အားလုံး ဒူးထောက်နေသော်ငြား လူသားမျိုးနွယ်မှ ကောင်လေး တစ်ယောက်သည် တကယ်ကြီး မတ်တပ်ရပ်နေရဲသည်။ သူ့လုပ်ရပ်သည် လက်မခံနိုင်စရာ လုပ်ရပ်တစ်ခု ဖြစ်သည်။

သူ့လုပ်ရပ်သည် မီထျန်းကို အထင်သေးလိုက်ခြင်း ဖြစ်သလို မွန်းစတားမျိုးနွယ်စု တစ်ခုလုံးကို စော်ကားလိုက်ခြင်းလည်း မည်၏။

ထို့ကြောင့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့ရလေရာ မီထျန်းဘက်သို့ လှည့်၍ အကူအညီ တောင်းရတော့သည်။

“လူသား၊ မင်းတကယ် ရဲတင်းတာပဲ။ ဒီသခင်လေး ရှေ့မှာ ရောက်နေတာတောင် ဒူးထောက်ဖို့ ငြင်းဆန်ရဲတယ်ပေါ့” မီထျန်းက ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်သည်။ သို့သော် သူ့လေသံထဲ အထင်သေးသည့် အရိပ်အယောင်တို့ ပြည့်နေသည်ကို သတိပြုမိနိုင်ပေသည်။

ထိုလူသားကောင်လေးတော့ သွားပေပြီ. ကျင့်ကြံသူ အကုန်လုံးလိုလို ထိုကဲ့သို့ တွေးလိုက်ကြသည်။ အချို့ဆိုလျှင် ရန်ကိုင်အား ဂရုဏာသက်နေသည့် အကြည့်များဖြင့်ပင်လျှင် ကြည့်လာကြသည်။

သို့သော်လည်း အများစုမှာမူ ရန်ကိုင် ဒုက္ခရောက်နေသည်ကို ကြည့်ရင်း ကြိတ်ပျော်နေကြသည်။ ရန်ကိုင်သည် မီထျန်း၏ အာရုံစိုက်စရာဖြစ်အောင် လုပ်လိုက်သည့်အတွက် သခင်လေး မီထျန်းသည် လစန္ဒာမြို့တော်မှ အမျိုးမျိုးသော မိန်းမလှလေးများ ဘက်သို့ အကြည့်လှည့်ရန် အာရုံစိုက်လိမ့်ဦးမည်း မဟုတ်လောက်ချေ။

ထိုကဲ့သို့ တွေးလိုက်မိသည့်အခါ လူတော်တော်များများ ရန်ကိုင်ကိုပင် ကြိတ်၍ ကျေးဇူးတင်မိသွားကြလေသည်။

“ဒူးထောက်ရဖို့” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ထီမထင်ဟန်ဖြင့် “ဘာလို့ ဒူးထောက်ရမှာလဲ”

ဒီသောက်ရှက်မရှိတဲ့ကောင်က ငါ့ကို လာဒူးထောက်စေချင်တာလား ရန်ကိုင် ရယ်ပင် ရယ်ချင်သွားသည်။

တကယ်ဆိုရင် ရန်ကိုင်လည်း ပြဿနာ မရှာချင်ပါချေ။ မီထျန်းသာ သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး လွှတ်ပေးလိုက်လျှင် အားလုံး အဆင်ပြေပေသည်။ သို့သော်လည်း ပြဿနာက ခြေထောက်ပေါက်ပြီး သူ့အား လာရှာနေပြီ ဖြစ်လေရာ ရန်ကိုင်လည်း ငြိမ်ခံနေ၍ မဖြစ်တော့ချေ။

“ဘာလို့လဲဆိုတော့ မင်းက လူသားတွေမို့လို့ပဲ” မီထျန်းက လှောင်ပြုံးပြုံးလျက် “လူသားတွေက ဒီသခင်လေးကို မြင်ရင် ဒူးထောက်ကို ထောက်ရတယ်”

သူတို့ သခင်၏ ဒေါသကို ခံစားမိသည့်အလား လှည်းယာဉ်ကို ဆွဲသော မွန်းစတားသားရဲ နှစ်ကောင်သည်လည်း အသံတိုးတိုး အော်မြည်ရင်း ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်၏။

ရန်ကိုင် အနားတွင် ရှိနေသော လူအားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ကြသည်။ အကုန်လုံး ရန်ကိုင်နား၌ ဆက်မနေရဲတော့ဘဲ ချက်ချင်း ထပြေးကြတော့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်ပတ်လည် မီတာတစ်ရာ ဝန်းကျင်တစ်ခုလုံး ပြောင်ရှင်သွားတော့လေသည်။

“လူသား၊ ဒါမွန်းစတားဧကရာဇ်ကြယ်၊ မင်းကိုယ်မင်း သွေးနားထင်ရောက်မနေနဲ့။ မဟုတ်ရင် တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ်” မီထျန်းသည် ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။ သူ့ပေါ် လဲမှီနေသော အမျိုးသမီး နှစ်ဦးသည်လည်း ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။

“မွန်းစတားဧကရာဇ်ကြယ်က ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက်ပဲ။ မင်းတို့ လူသားတွေကတော့… ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို နှိမ့်နှိမ့်ချချနေရင် အကောင်းဆုံးပဲ။ ဒီသခင်လေးက သဘောထား သေးသိမ်တဲ့လူ မဟုတ်ဘူး။ ဒါမင်းရဲ့ ပထမဆုံးအကြိမ် ဖြစ်တာဆိုတော့ အခုချက်ချင်း ဒူးထောက်လိုက်၊ အဲ့ဒါဆို ငါမမြင်ချင်ယောင် ဆောင်ပေးလိုက်မယ်” မီထျန်းသည် ရန်ကိုင်အား လက်ညိုးထိုးရင်း ပြောလိုက်သည်။

“ငါမလုပ်ဘူးဆိုရင်ရော” ရန်ကိုင်၏ မျက်ဝန်းထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

“မင်းမှာ ရွေးစရာမရှိဘူး” မီထျန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် မိုးကြိုးမီးတောက်ဖွတ်သည် ပါးစပ်ဟ၍ လျှပ်စီးတန်းတို့ ရောယှတ်ပါဝင်နေသော မီးဘေားလုံး တစ်လုံးကို ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်လေသည်။

ထိုမီးဘောလုံး၏ စွမ်းအားကို ခံစားမိလိုက်သော် ကျင့်ကြံသူများစွာ ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။

အများစုသည် မိုးကြိုးမီးတောက်ဖွတ်၏ စွမ်းအားကို ကြားဖူးသော်ငြား တစ်ခါမှတော့ ကိုယ်တွေ့ မမြင်ဖူးခဲ့ကြချေ။

တန်ခိုးရှင်ဒုတိယအဆင့်များပင်လျှင် ထိုမွန်းစတားသားရဲများနှင့် တွေ့သည့်အခါ ထွက်ပြေးရုံမှအပ ဘာမှ မလုပ်နိုင်သည်မှာ အထူးအဆန်း မဟုတ်တော့ချေ။

မီးဘောလုံး သူ့ဆီ တိုးဝင်လာနေသည်ကို မြင်သော်လည်း ရန်ကိုင်သည် သေခြင်းတရား သူ့ဆီ ချဉ်းကပ်လာနေသည်ကို မသိသည့်အလား အေးအေးဆေးဆေးသာ ရပ်နေခဲ့သည်။ မီးဘောလုံး သူ့နားသို့ ရောက်လာသည့် အခါမှပဲ သူ့လက်ကို မြှောက်၍ ထိုမီးဘေားလုံးကို ဖမ်းကိုင်လိုက်သည်။

သေချင်နေတာ ထိုအခြင်းအရာကို မြင်သည့်အခါ ကျင့်ကြံသူ များစွာ၏ စိတ်ထဲ ထိုကဲ့သို့ တွေးမိလိုက်လေသည်။

သို့သော်လည်း မကြာမီ အားလုံး၏ မြင်ကွင်းရှေ့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် မီးဘေားလုံးအား ဖမ်းကိုင်လိုက်သော်လည်း သူ့တစ်ကိုယ်လုံး ပြာချသွားရမည့်အစား မီးဘောလုံးသာ ရပ်တန့်သွားခဲ့ရလေသည်။

ထို့နောက်တွင် ရန်ကိုင်လက်ထဲ၌ ရှိနေသော မီးဘေားလုံးသည် အလွန်ကိုမှ လျင်မြန်သော အမြန်နှုန်းဖြင့် ကျုံ့ဝင်သွားခဲ့ပြီး နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်ကမူ မည်သည့် ဒဏ်ရာမှ ရသွားခြင်း မရှိခဲ့။

သက်ပြင်းရှိုက်သံများ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

မီထျန်းသည်လည်း ထရပ်လိုက်သည်။ သူ့ပေါ်တွင် လဲခိုနေသော အမျိုးသမီးနှစ်ဦးကို ဘေးဘက်သို့ တွန်းထုတ်လိုက်ပြီး ရန်ကိုင်ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။

“မဆိုးဘူး။ တန်ခိုးရှင်ဒုတိယအဆင့်တစ်ယောက်ပဲ” မီထျန်း သွားပေါ်အောင် ပြုံးလိုက်သည် “မင်းငါ့ရှေ့မှာ မောက်မာရဲနေတာ မဆန်းတော့ဘူး။ မင်မှာ အရည်အချင်းလေး နည်းနည်းပါးပါး ရှိနေတာကိုး”

ရန်ကိုင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ကျင့်ကြံခြင်းကို မီထျန်း သတိပြုမိလိုက်သည်။

တန်ခိုးရှင်ဒုတိယအဆင့်သည် မွန်းစတားဧကရာဇ်ကြယ်ပေါ်၌ အားနည်းသည့်အထဲ မပါချေ။ ထို့အပြင် ထိုကောင်လေးသည် လူသားတစ်ယောက် ဖြစ်သည်။

မွန်းစတားမျိုးနွယ်စုမှ အုပ်စိုးသော ကြယ်တစ်လုံးပေါ်တွင် တန်ခိုးရှင်အဆင့် လူသားပညာရှင်များ ထွက်ပေါ်လာခဲသည်။ အရင်းအမြစ်အားလုံးကို မွန်းစတားမျိုးနွယ်စုဝင်များချည်းသာ အုပ်စိုးထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

မွန်းစတားမျိုးနွယ်စုဝင်များသည် လူသားမျိုးနွယ်စုဝင်များကို အားကောင်းလာခွင့် မပေးချေ။ ထို့ကြောင့် ရန်ကိုင်သည် တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်မှန်း သိလိုက်သည့်နောက် မီထျန်း အနည်းငယ် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။ လှည်းပေါ်မှထ၍ သူ့လက်ကို ဝှေ့ရမ်းကာ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်လေသည် “သူ့ကိုသတ်”

အဆင့်ကိုး မွန်းစတားသားရဲနှစ်ကောင်သည် ချက်ချင်း သူတို့၏ ပါးစပ်ကိုဟ၍ မီးဘေားလုံးဖြင့် ပစ်လွှတ်ရန် ပြင်လိုက်သည်။

ကြောက်လန့်တကြား အော်ဟစ်သံများနှင့်အတူ မြို့ဂိတ်တွင် စုဝေးနေသော ကျင့်ကြံသူအားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။

ရန်ကိုင်က ထီမထင်ဟန်ဖြင့် ရယ်မောလျက် “သားရဲ နှစ်ကောင်ကများ ငါ့ရှေ့မှာ လာရိုင်းကားချင်သေးတယ်”

သူ့လေသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ဆီမှ ရွှေရောင်အမျှင်တန်းနှစ်ခု ထွက်ပေါ်လာပြီး မြှားများသဖွယ် မွန်းစတားသားရဲနှစ်ကောင်ဆီသို့ တိုးဝင်သွားလေသည်။

မီးဘောလုံး နှစ်လုံးသည်လည်း တစ်ချိန်တည်း၌ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းနှစ်ခုနှင့် မီးဘေားလုံး နှစ်လုံးတို့ လေထဲ၌ ထိပ်တိုက်တွေ့သွားကြလေသည်။ သို့သော်လည်း မီးဘေားလုံး နှစ်လုံးသည် ရွှေရောင်အလင်းတန်း နှစ်ခုကို ရပ်တန့်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ အကုန်လုံးအား ကြောက်သွေးပါအောင် လုပ်နိုင်သော မီးဘေားလုံးနှစ်လုံးသည် ရွှေရောင်သွေးမျှင်များကို နည်းနည်းလေးပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်သွေးမျှင် နှစ်ချောင်းသည် မွန်းစတားသားရဲနှစ်ကောင်၏ ပါးစပ်ထဲသို့ တိုးဝင်သွားခဲ့သည်။

ထို့နောက်တွင် မွန်းစတားသားရဲ နှစ်ကောင်စလုံး၏ ခန္ဓာကိုယ်များ ယိမ်းထိုးလာခဲ့ပြီး နာနာကျင်ကျင် အော်မြည်ရင်း အနီးအနားရှိ အဆောက်အဦးများကို ဝင်ဆောင့်မိကြကုန်လေသည်။

ရွှေရောင်သွေးမျှင် နှစ်ချောင်းသည် ရန်ကိုင်၏ ထိန်းချုပ်မှုအတိုင်း မွန်းစတားသားရဲ နှစ်ကောင်၏ ကိုယ်တွင်းအင်္ဂါများကို ဖြတ်တောက်နေသဖြင့် မွန်းစတားသားရဲနှစ်ကောင် အလွန်ကိုမှ နာကျင်စွာ အော်မြည်နေကြခြင်း ဖြစ်သည်။

ရန်ကိုင်သည် ထိုအတိုင်း ရပ်မနေခဲ့ချေ။ ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး မွန်းစတားသားရဲတစ်ကောင်၏ ခေါင်းထက်၌ ပြန်ပေါ်လာကာ ခေါင်းတည့်တည့်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်သည် မည်သည့် ဆန်းကြယ်မှုမှ မပါဝင်သည့် သာမန် လက်သီးချက်တစ်ချက်သာ ဖြစ်သည်။

သို့သော်လည်း လက်သီးနှင့် ထိုးခြင်း ခံလိုက်ရသည့်အခိုက်၊ ဆယ်တန်တူကြီးနှင့် ရိုက်ချခံလိုက်ရသည့်နှယ် မွန်းစတား သားရဲ၏ ဦးခေါင်း ချိုင်ဝင့်သွားခဲ့ပြီး ဥက္ကာခဲတစ်လုံးနှယ် မြေပြင်ထဲသို့ ဝုန်းခနဲ ကျွံဝင်သွားခဲ့လေသည်။

ထိုဂယက်ကြောင့် မြို့တစ်ခုလုံး တုန်ခါသွားခဲ့သည်။

မွန်းစတားသားရဲ၏ခေါင်း မြေကြီးထဲသို့ ကျွံဝင်သွားသည့် နေရာ၌ ဧရာမ အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင် ဆိုသည့်အတိုင်းပင်။ ရွှေရောင်သွေးမျှင်၏ ပိုင်းဖြတ်ခြင်းခံရပြီး ရန်ကိုင်၏ လက်သီးစာ မိသွားသည့်တိုင် သေဆုံးသွားခြင်း မရှိသေးဘဲ ပို၍ပင် ကြမ်းကြုတ်လာခဲ့လေသည်။ မိုးချိန်သံမတတ် ကျယ်လောင်သော အသံဖြင့် ဟိန်းဟောက်လျက် တောင်ပံနှစ်ဖက်ကို ခတ်ရင်း ရန်ကိုင်ဆီမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ရန်ကိုင်၏ ခန္ဓာကိုယ် နောက်တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီး မွန်းစတားသားရဲရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် မွန်းစတားသားရဲ၏ အောက်မေးရိုးပေါ် ခြေတစ်ဖက်ချလျက် သူ့လက်နှစ်ဖြင့် မွန်းစတားသားရဲ၏ အာခေါင်ကို မလိုက်၏။

“သူဘာလုပ်နေတာလဲ” ကြည့်နေသူအားလုံး ရန်ကိုင်၏ လုပ်ရပ်ကြောင့် မှင်သက်သွားခဲ့ကြသည်။

ရန်ကိုင် လုပ်နေသည့်ပုံစံသည် မွန်းစတားသားရဲကို ပါးစပ်မှနေ၍ နှစ်ပိုင်းဆွဲဖြဲရန် ကြိုးစားနေသည့် ပုံစံမျိုးဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်သေးသေးလေသည် မွန်းစတားသားရဲကြီးနှင့် ယှဉ်လိုက်လျှင် အလွန်ကိုမှ သေးငယ်နေသည်။

မိုးကြိုးမီးတောက်ဖွတ် ထိုလူသားကောင်လေးအား အကောင်လိုက် မြိုချနိုင်သည့်အပေါ် မည်သူမှ သံသယမရှိချေ။

ရန်ကိုင်၏ ခန္ဓာကိုယ်သည် ပုဇွန်တစ်ကောင်နှယ် ကွေးတက်သွားပြီး ကြွက်သားများ အမြောင်းလိုက် အမြောင်းလိုက် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်နှင့် မွန်းစတားသားရဲတို့သည် ကာယခွန်အားချက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။

ရန်ကိုင် ရူးနေသလားဟုပင် အကုန်လုံး တွေးမိကုန်ကြသည်။

မွန်းစတားသားရဲများသည် မွေးလာကတည်းက အလွန်ကိုမှ အားကောင်းသော ကာယစွမ်းအားကို ပိုင်ဆိုင်ထားကြသည့် မျိုးနွယ်စုများ ဖြစ်ကြသည်။ မိုးကြိုးမီးတောက်ဖွတ် ကဲ့သို့သော အဆင့်ကို သားရဲတစ်ကောင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

ထိုကောင်လေး၏ ခေါင်းနှင့်ပက်သက်၍ တစ်ခုခုများ မှားယွင်းနေသလော။

သို့သော်လည်း ပြိုင်ပွဲရလဒ်သည် တစ်ခဏအတွင်း အဖြေထွက်လာခဲ့သည်။

ရန်ကိုင် ခေါင်းများ ထိထားသလားဟု လူအုပ်ကြီး တွေးနေစဉ်မှာပဲ ရန်ကိုင်၏ ကွေးနေသော ခန္ဓာကိုယ် ရုတ်ချည်း ဖြောင့်တက်လာခဲ့သည်။

ဝုန်းဆိုသော မြည်သံနှင့်အတူ မွန်းစတားသားရဲ၏ အပေါ်မေးရိုး ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အောက်တစ်ဝက်မှာမူ မြေကြီးထဲသို့ ကျွံဝင်သွားခဲ့လေသည်။

နှစ်ပိုင်းပြတ်ထွက်သွားသော မွန်းစတားသားရဲ၏ ဦးခေါင်းမှနေ၍ သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြလေသည်။ သူတို့၏ ဦးနှောက်များသည် လက်ရှိမြင်နေရသည်များကို အမှီ မလိုက်နိုင်အောင် ဖြစ်နေကြလေပြီ။

ရန်ကိုင်သည် ကာယခွန်အား အားကောင်းသော မွန်းစတား မျိုးနွယ်စုဝင် တစ်ဦး ဖြစ်လျှင် သူတို့ နားလည်နိုင်သေးသည်။ သို့သော် သူသည် လူသားတစ်ဦး ဖြစ်နေသည်။

လူသားများသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ကာယစွမ်းအားကို ပိုင်ဆိုင်ထားကြသလော။

ဘုန်း… မွန်းစတားသားရဲ၏ ပေါ်ပိုင်း မြေကြီးပေါ် ပြန်ပြုတ်ကျလာသည့်အခိုက် ဖုန်အလိမ်းလိမ်း ထသွားလေသည်။

ရန်ကိုင်မှာမူ လေထဲတွင် ဝဲနေခဲ့သည်။ သွေးသံတရဲရဲ ဖြစ်နေသော သူ့ပုံစံသည် ရှေးဟောင်းခေတ်များမှ သတ်ဖြတ်ခြင်း နတ်ဘုရား တစ်ဦးနှင့်ပင် တူနေသေးသည်။

ထို့နောက် သူ့ဆီ ပြေးဝင်လာနေသော လက်ကျန် မွန်းစတားသားရဲ ဘက်သို့ လှည့်၍ သွားပေါ်အောင် ပြုံးလိုက်သည်။

ထိုမွန်းစတားသားရဲသည် လူအသွင် မယဓနိုင်သော်လည်း ၎င်း၏ အသိဥာဏ်မှာ နိမ့်ကျခြင်းမရှိချေ။ သူအဖော် ထိုလူငယ်လေး၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မြင်သော် သူမည်သို့ ဆက်တိုက်ရဲတော့မည်နည်း။

ခပ်တိုးတိုး အော်မြည်လျက် ၎င်း၏ တောင်ပံများကို မီးကုန်ယမ်းကုန် ခတ်ကာ ပြန်လှည့်ပြေးရန် ကြိုးစားတော့လေ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၆၉)

ယခုမှ ထွက်ပြေးရန် နောက်ကျလွန်းနေခဲ့လေပြီ။ ရန်ကိုင်သည် ဒုတိယ မိုးကြိုးမီးတောက်ဖွတ်သားရဲရှေ့သို့ ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ကျုံ့ကာ မွန်းစတားသားရဲ၏ ပါးစပ်ထဲသို့ တိုးဝင်သွားခဲ့သည်။

ခဏအကြာတွင် မွန်းစတားသားရဲ၏ ကိုယ်တွင်းမှ ကြောက်မက်ဖွယ်ရာ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့အပြင် အဖုကြီးတစ်ဖုသည် မွန်းစတားသားရဲ၏ လည်ချောင်းမှ နေ၍ ဝမ်းဗိုက်ဆီသို့ လျှောဆင်းသွားခဲ့သည်။

ဘုန်း…

မိုးကြိုးမီးတောက်ဖွတ်၏ ဝမ်းဗိုက်နေရာတွင် အပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့ပြီး ထိုအပေါက်ထဲမှ ရန်ကိုင် ထွက်လာခဲ့သည်။

ဒုတိယမိုးကြိုးမီးတောက်ဖွတ်လည်း သေသွားခဲ့လေပြီ။

အကုန်လုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်မီ မီထျန်း၏ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်သွားသည်မှာ အသက်သုံးရှိုက်စာသာ ကြာခဲ့သည်။

ဖြစ်ပျက်သွားသည်မှာ အလွန်မြန်လွန်းသည့်အတွက် လူအုပ်ကြီးလည်း ဘာတွေဖြစ်နေလဲ ဆိုသည်နှင့် ပက်သက်၍ အလျင်မမှီနိုင်တော့အောင် ဖြစ်နေခဲ့သည်။

ဒုတိယမွန်းစတားသားရဲ၏ ဝမ်းဗိုက်ထဲမှ ရန်ကိုင် ထွက်လာသည်ကို မြင်လိုက်သည့်အခါမှပဲ အကုန်လုံး မိန်းမောကြောင်အမ်းအမ်း ဖြစ်နေရာမှ အသိပြန်ဝင်လာကြ၏။

အလွန်ကိုမှ အားကောင်းသော အဆင့်ကိုး မွန်းစတားသားရဲ နှစ်ကောင်သည်… ထိုကဲ့သို့ သေသွားခဲ့ရလေသည်။

ဒါမိုးကြိုးမီးတောက်ဖွတ်တွေ မဟုတ်ဘူးလား။ ဘာလို့ အရမ်း အားနည်းနေရတာလဲ။ မိုးကြိုးမီးတောက်ဖွတ်နဲ့ ပုံစံတူတဲ့ အားနည်းတဲ့ မွန်းစတားသားရဲတွေတော့ မဟုတ်ပါဘူးနော် အကုန်လုံးလိုလို၏ စိတ်ထဲ ထိုကဲ့သို့ အတွေမျိုး ဖြတ်ပြေးသွား၏။

ကြမ်းကြုတ်ရက်စက်သည့် တိုက်ခိုက်ရေးပုံစံကြောင့် အကုန်လုံး ထိတ်လန့်နေကြသည်။

မွန်စတားမျိုးနွယ်စုဝင်များကြားမှ တိုက်ပွဲသည် အရိုင်းဆန်ပြီး ကြမ်းတမ်းခြင်းကြောင့် နာမည်ကျော်ကြားသည်။ မွန်းစတား မျိုးနွယ်စုဝင်များသည် သူတို့၏ ထိုကဲ့သို့ တိုက်ပွဲဝင်ပုံစံအပေါ် အလွန်ကိုမှ ဂုဏ်ယူကြသည်။

မွန်းစတားမျိုးနွယ်စုဝင်များကြားမှ တိုက်ပွဲသည်သာ အစစ်အမှန် တိုက်ပွဲများ ဖြစ်ကြပြီး လူသားမျိုးနွယ်များကြားမှ တိုက်ပွဲသည် အလှပွဲသက်သက်များသာ ဖြစ်သည်ဟု ထင်နေကြသည်။

သို့သော်လည်း သူတို့ရှေ့တွင် ရှိနေသော သခင်လေး မီထျန်းကို ရင်ဆိုင်အံတုနေသည့် လူငယ်လေး၏ ရက်စက်ကြမ်းတမ်းမှုကြောင့် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားကုန်လေပြီ။

မီထျန်းပင်လျှင် ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လာရပြီ။

ထိုလူငယ်လေးသည် ယှဉ်ပြိုင်ရလွယ်မည့် လူတစ်ယောက် မဟုတ်မှန်း သူသိလိုက်လေပြီ။

သူ့လှည်းကိုဆွဲသော မိုးကြိုးမီးတောက်ဖွတ် နှစ်ကောင်သည် ငယ်စဉ်ကတည်းက မွေးမြူပျိုးထောင်လာခဲ့ခြင်း ဖြစ်သည့်အတွက် တောရိုင်းထဲတွင်ရှိသော မိုးကြိုးမီးတောက်ဖွတ်များကဲ့သို့ ကြမ်းကြုတ်ခက်ထန်းခြင်း မရှိသော်လည်း ထိုကောင်များသည် တန်ခိုးရှင်ဒုတိယအဆင့်တစ်ယောက် အလွယ်တကူ သတ်နိုင်သည့် အကောင်များ မဟုတ်ချေ။

သူ့ရှေ့တည့်တည့်တွင်ပင် သူ့လှည်းကိုဆွဲသော မွန်းစတားသားရဲ နှစ်ကောင်သည် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ဘဲ သေသွားခဲ့ရသည်။

သူကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်လောက်သော်လည်း ထိုလူငယ်လေးက လုပ်ပြသွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဒုတိယအဆင့်များ ဟုတ်မှဟုတ်ပါလေစ ဟူသော အတွေးဖြင့် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်အား နောက်တစ်ဖန် ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း ရန်ကိုင်သည် တန်ခိုးရှင် ဒုတိယအဆင့်သာ ဖြစ်နေသေးသည်။

မီထျန်း မျက်လုံး မှေးစဉ်းသွားခဲ့ပြီး သူ့မျက်ဝန်းထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သူ့သွေဂများ စတင် ဆူပွဥ◌်လာခဲ့လေပြီ။

မွန်းစတားသားရဲများ၏ မွေးရာပါစရိုက်မှာ သွေးဆာပြီး ရက်စက် ကြမ်းကြုတ်ကြသည်။ မီထျန်းသည် မျက်လုံးတစ်ထောင် မျိုးနွယ်စု ခေါင်းဆောင်၏သား ဖြစ်သည့်အတွက် ဂုဏ်သရေ မပျက်စေရန် အခြားသူများနှင့်ယှဉ်လျှင် သူ့ကိုယ်သူပို၍ ထိန်းချုပ်ထားခဲ့သည်။

သို့သော်လည်း ယနေ့တွင် သူ့ခွန်အားကို နည်းနည်းလေးမှ ထိန်ချန်ခြင်းမရှိဘဲ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ပြိုင်ဘက်ကောင်း တစ်ဦးကို ကြုံတွေ့ခဲ့လေပြီ။

ခရက်…

မီထျန်း၏ ခန္ဓာကိုယ်ဆီမှ အသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အလွန်ကိုမှ တိုးညင်းသော်လည်း သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးလိုလိုက တုန်ခါနေသလိုလို။

သူအလွန် စိတ်လှုပ်ရှားနေခဲ့လေပြီ။

“ဘာတွေဖြစ်နေတာလဲ” ထိုစဉ် ခပ်လှမ်းလှမ်းဆီမှ အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ဒေါသတကြီး အော်သံနှင့်အတူ လူပေါင်းများစွာ ရောက်လာခဲ့သည်။

သို့သော်လည်း မြို့ဂိတ်ပေါက်ဝရှိ မြင်ကွင်းကို မြင်ပြီးနောက်တွင် အသစ်ရောက်လာသူအားလုံး ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားကုန်ကြလေသည်။

“ဆရာမာကဲန” ဝံပုလွေနှင့် ဆင်တူသော မွန်းစတားသားရဲကို စီးနင်ထားသည့် မွန်းစတားမျိုးနွယ်စုဝင်က သားရဲပေါ်မှ အလျင်စလို ဆင်း၍ လေးလေးစားစား ဦးညွှတ်လိုက်သည်။

ယခု ရောက်လာသည့်လူသည် လန္စာမြို့၏ မြို့သခင်ဖြစ်သည့် မွန်းစတားမျိုးနွယ်စုဝင် မာကဲန ဖြစ်ပေသည်။ ဤကဲ့သို့သော မြို့တစ်မြို့၏ မြို့သခင်တစ်ယောက် ဖြစ်သည်နှင့်အညီ မာကဲနသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

သို့သော်ငြား သူသည် မြို့သခင်တစ်ယောက် ဖြစ်နေသည့်တိုင် ဤနေရာတွင် ဖြစ်ပျက်သွားသည့် ဖြစ်ကြောင်းကုန်စဉ်ကို တစ်လုံး တစ်ဗျာဒမှ မသိပါချေ။

မာကဲနသည် သူ့အနီးအနားတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို မသိခြင်းမဟုတ်ဘဲ မီထျန်းကကို အကျိုးသင့်အကြောင်းသင့် မလုပ်တတ်သောကြောင့် ဖြစ်သည်။ မူလအစီအစဉ်အရ ဝံပုလွေမွန်းစတားသားရဲများကို စီးနင်းထားသော ကျင့်ကြံသူများသည် မီထျန်း၏ တည်နေရာကို စုံစမ်းပြီး ပြန်သတင်းပို့ရန် ဖြစ်သည်။ ထို့နောက် မီထျန်းအား မြို့သခင်အိမ်သို့ ပို့ဆောင်ရန်အတွက် သင့်လျော်သော အစောင့်အကြပ်များ ပို့ပေးပေမည်။

သို့သော်လည်း မီထျန်းသည် ထိုဝံပုလွေမွန်းစတားသားရဲ စီးထားသည့် ကျင့်ကြံသူအုပ်ကို ပြန်သတင်းပို့ခွင့်မပေးဘဲ သူ့ကိုသာ တစ်ခါတည်း ခေါ်သွားစေခဲ့သည်။

သူ့မကောင်းသတင်းအကြောင်း သူသိသည့်အတွက် သူလာမည်ကို အခြားသူများ ကြိုသိလျှင် ရှောင်တိမ်းနေကြမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ပြန်သတင်းပို့ခွင့်မပေးခြင်း ဖြစ်လောက်သည်။ မဟုတ်လျှင် လစန္ဒာမြို့တွင် ရှိသော မိန်းမလှလေးအားလုံး အခြား နေရာသို့ ထွက်ပြေးတိမ်းရှောင်ကုန်ကြပေလိမ့်မည်။

မီထျန်းသည် လစန္ဒာမြို့တွင် အလှလေး နည်းနည်းပါးပါးလောက် ရှာယူပြီးမှ လနီမျိုးနွယ်စုခေါင်းဆောင် နန်းတော်ဆီသို့သွားရန် စဉ်းစားထားခြင်း ဖြစ်သည်။

သူ့အစီအစဉ်မှာ အတော်လေး ကောင်းပေသည်။ သို့သော် မမျှော်လင့်ဘဲ ရန်ကိုင်နှင့် သွားတိုးခဲ့ပြီး သူ့အဆင့်ကိုးသားရဲ နှစ်ကောင် အသတ်ခံလိုက်ရလေသည်။

“သခင်လေးမီထျန်းလား” မာကဲန ချက်ချင်း မီထျန်းကို သတိပြုမိလိုက်သည်။ သူ့မျက်နှာကြီးလည်း မှုတ်ကုတ်သွားလေ၏။ မီထျန်း သူ့မြို့ထဲတွင် ပြဿနာရှာမည်စိုးသဖြင့် မီထျန်း၏ တည်နေရာကို သူ့ဆီ အရင် လာအကြောင်းကြားခိုင်းခြင်း ဖြစ်သည်။

“ဟားဟား။ မီထျန်း စီနီယာမာကြနကို နှုတ်ဆက်ပါတယ်။ အခုလို မပြောမဆိုဘဲ ရောက်လာလို့ စီနီယာမာကဲန စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်” မီထျန်းက လက်သီးဆုပ်၍ ပြောလိုက်လေသည်။

“ဘာတွေဖြစ်နေတာလဲ” ဝံပုလေမွန်းစတားသားရဲအား စီးနင်းထားသည့် မွန်းစတားမျိုးနွယ်စုဝင်ကို မာကဲန လှည့်မေးလိုက်၏။

မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ၏ နဖူးထက် ချွေးစေးများ ထွက်လာပြီး ဘာမှမဖုံးမကွယ်ဘဲ ဖြစ်ကြောင်းကုန်စဉ်ကို အစအဆုံး ပြန်ပြောပြလိုက်လေသည်။

“ရိုင်းလိုက်တာ” ရန်ကိုင်သည် မီထျန်း၏ မွန်းစတားသားရဲ နှစ်ကောင်အား သတ်လိုက်သည့် အကြောင်းကို ကြားသော် မာကဲန ချက်ချင်း ဒေါသထွက်သွားပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာတော့လေသည်။

သူ့ပိုင်နက်ထဲတွင် မီထျန်းမိန်းမရှုပ်သည်ကို သူမကြိုက်သော်ငြား လူသားတစ်ယောက်မှ မွန်းစတားမျိုးနွယ်စု၏ မြင့်မြတ်သော မျိုးနွယ်စု တစ်ယောက်အား စိန်ခေါ်ခြင်းသည် သည်းခံ၍မရသော လုပ်ရပ်တစ်ခု ဖြစ်သည်။ ကိစ္စနှစ်ခုကို ယှဉ်ကြည့်လိုက်သော် မီထျန်း မဖိတ်ခေါ်ဘဲ ရောက်လာသည့် ကိစ္စသည် ဘာမှ မဟုတ်တော့ချေ။

သို့သော်လည်း အဆင့်ကိုး မွန်းစတားသားရဲနှစ်ကောင်ကို အချိန်တိုအတွင်း သတ်နိုင်ရလောက်အောင် ထိုလူငယ်လေး မည်သူနည်း။ ထိုကဲ့သို့ လုပ်နိုင်သည်ကို ကြည့်လျှင် ထိုလူငယ်လေး၏ ခွန်အားသည် သာမန် မဟုတ်လောက်ချေ။

ရန်ကိုင်အား သေချာကြည့်ကြည့်လိုက်ပြန်သည့် အခါတွင်လည်း သူမြင်ဖူးသည့် လူတစ်ယောက်နှင့်မှ မတူပြန်။

ရန်ကိုင်သည် မြို့သခင်ကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ နေရာတွင် ရပ်နေခဲ့သည်။ ထို့နောက် သေဆုံးသွားသော မိုးကြိုးမီးတောက်ဖွတ် မွန်းစတားသားရဲဆီမှ သူ၏‌ ရွှေရောင်သွေးမျှင် နှစ်ချောင်းကို ပြန်သိမ်းလိုက်လေသည်။ ထိုရွှေရောင်သွေးမျှင် နှစ်ချောင်သည် သူ့လက်ထဲသို့ ပြန်ရောက်သည်နှင့် အသိစိတ်ရှိနေသည့်နှယ် သူ့လက်ထဲ ကခုန်နေခဲ့သည်။

အနီရောင်သန်းနေသော ရွှေရောင်သွေးမျှင်နှစ်ချောင်းကို ကြည့်ရင်း ရန်ကိုင် ကျေနပ်စွာ ပြုံးလိုက်လေသည်။

သွေးသားရဲ ဖန်တီးရန်အတွက် သင့်လျော်သော မွန်းစတားသားရဲ ရှာမတွေ့ ဖြစ်နေသော်လည်း ရုတ်တရက်ကြီး လုံးဝကွက်တိ အဆင်ပြေသော သားကောင်နှစ်ကောင် လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့အား ပြဿနာ လာရှာသော မီထျန်းကိုပင် ကျေးဇူးတင်ရမလိုလို ဖြစ်နေလေပြီ။

အဆင့်ကိုးမွန်းစတားသားရဲ၏ အဆီအနှစ်မှ ဖန်တီးထားသော သွေးသားရဲသည် အတော်လေး ကောင်းမွန်သည်ဟု ပြော၍ရသည်။

ရွှေရောင်သွေးမျျင်များကို ပြန်သိမ်းလိုက်သည့်နောက်တွင် မိုးကြိုးမီးတောက်ဖွတ်သားရဲ နှစ်ကောင်၏ အလောင်းကောင် ရုတ်ချည်း ညိုးလျော်ခြောက်သွေ့လာခဲ့လေသည်။

“အန်” မီထျန်း၏ မျက်ဝန်းအစုံ ဝင်းလက်သွားပြီး “အဲ့ဒါ ဘာနည်းစနစ်လဲ”

ထိုနည်းစနစ်ကို မီထျန်း အတော်လေး စိတ်ဝင်စားသည့်အတွက် ရန်ကိုင်လက်ထဲတွင် ကခုန်နေသော ရွှေရောင်သွေးမျှင် နှစ်ချောင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့လေ၏။

သူသည် မွန်းစတားမျိုးနွယ်စုဝင်များကြားတွင် တော်ဝင် အဆင့်အတန်း ရှိသူတစ်ဦး ဖြစ်သော်လည်း မီထျန်းသည် လူသားများ အသုံးပြုသည့် နည်းစနစ်များကို အတော်လေး စိတ်ဝင်စားပေသည်။ လူသားများသည် မွန်းစတားမျိုးနွယ်စုဝင်များကို ခွန်အားပိုင်းတွင် မယှဉ်နိုင်သော်ငြား သူတို့သည် မွန်းစတားမျိုးနွယ်စုထက် ကျင့်စဉ်များကို ဖန်တီးခြင်းနှင့် အသုံးချသည့်အပိုင်းတွင် ပိုသာပေသည်။

မျိုးနွယ်စု နှစ်ခုစလုံးတွင် သူ့အားသာချက်နှင့်သူ ရှိကြသည်။

မီထျန်းသည်လည်း ထိုအချက်ကို နားလည်ထားသည်။ ထို့ကြောင့် လူသားမျိုးနွယ်စုမှ အသုံးပြုသည့် နည်းစနစ်များကိုလည်း စိတ်ဝင်တစား လေ့လာကြည့်ခြင်း ဖြစ်သည်။

သူ့တွင် မွန်းစတားမျိုးနွယ်စု၏ အားကောင်းသော ခန္ဓာကိုယ် ရှိသည်။ လူသားမျိုးနွယ်စု၏ နည်းစနစ်များကိုသာ ထပ်မံ တတ်ကျွမ်းသွားမည်ဆိုပါက တစ်နေ့တွင် သူ့ကိုယ်ပိုင် တိုက်ခိုက်ရေး နည်းလမ်းကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။ ထို့အပြင် သူ့အဖေ ချန်ယန် ရောက်သည့် အဆင့်ထက် ပိုမိုသာလွန်သော အဆင့်ကို ရောက်နိုင်မည်ဟုလည်း ယုံကြည်နေမိသေးသည်။ ထိုသို့သာ ဖြစ်သွားခဲ့မည်ဆိုလျှင် မွန်းစတားဧကရာဇ်ရှိ မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်စလုံး၏ ခေါင်းဆောင် ဖြစ်လာနိုင်ပေလိမ့်မည်။

ထိုနေရာ လစ်လပ်နေခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။

ယခု ရန်ကိုင်၏ နည်းစနစ်ကို သူအတော်လေး စိတ်ဝင်စားနေမိ၏။

လူသားမျိုးနွယ်စု၏ နည်းနစ်များစွာကို လေ့လာဖူးသည့်အတွက် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်နှစ်ချောင်း မည်မျှ ထူးခြားသလဲ ဆိုသည်ကို သူပြောနိုင်ပေသည်။ ထိုအပြင် ထိုသွေးမျှင် နှစ်ချောင်းသည်… မိုးကြိုးမီးတောက်ဖွတ်၏ အလောင်းထဲမှ ထွက်ပေါ်လာပြီးနောက် အသိစိတ်ရရှိလာသည့်ပုံပင်။

ငါအဲ့ဒါကို ရအောင်ယူရမယ် မီထျန်း၏ စိတ်ထဲ ထိုကဲ့သို့သော အတွေးမျိုး ဖြတ်ပြေးသွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်လက်ထဲရှိ အရာကို လက်ညိုးထိုး၍ ပြောလိုက်သည် “လူသား၊ မင်းလက်ထဲကဟာကို ဒီသခင်လေးဆီ ပေးလိုက်။ အဲ့ဒါဆို ဒီသခင်လေး မင်းရဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်ပေးလိုက်မယ်”

ရန်ကိုင်က မီထျန်အား လှောင်ပြုံးပြုံးလျက် ပြန်ကြည့်လိုက်ပြီး ရွှေရောင်သွေးမျှင်နှစ်ချောင်းကို သိမ်းကာ ထီမထင်ဟန်ဖြင့် ပြန်ပြောလိုက်လေသည် “ဘာလို့ ပေးရမှာလဲ။ မပေးဘူး”

မီထျန်း မျက်မျောင်ကြုတ်သွားပြီး ရန်ကိုင်အား ထူးထူးဆန်းဆန်း ကြည့်လျက် ရယ်သွမ်းသွေးကာ “လူသား၊ မင်းဦးနှောက် တစ်ခုခု ဖြစ်နေတာလား။ ဒီသခင်လေးရဲ့ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်ပြီး ဒီအတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား။ မင်းအသက်ရှင်ချင်တယ်ဆိုရင် ငါပြောတဲ့အတိုင်း လုပ်လိုက်၊ အဲ့ဒါဆို မင်းအသက်ကို ငါချမ်းသာပေးနိုင်တယ်”

သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် လစန္ဒာမြို့၏ မြို့သခင် မာကဲနနှင့် တန်ခိုးရှင်အဆင့် ပညာရှင်များစွာတို့သည် ရန်ကိုင်အား တစ်ချိန်တည်း စိုက်ကြည့်လာခဲ့ကြလေသည်။

မာကဲနသည် ရန်ကိုင်အား မနှစ်မြို့ဟန်ဖြင့် ကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “ကောင်လေး၊ ငါတို့ဘက်က သဘောကောင်းနေတုန်း မင်းလက်ခံလိုက်ရင်ကောင်းမယ်။ ငါ့လစန္ဒာမြို့မှာ မင်းလုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူးကွ”

“လုပ်ချင်တိုင်းလုပ်တယ်” ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး မြို့သခင်ဖြစ်သူအား နည်းနည်းလေးပင် မျက်နှာမထောက်တော့ဘဲ အထက်စီးဖြင့် ပြန်ပြောလိုက်လေသည် “အဲ့တော့ ဘာဖြစ်လဲ။ ခင်ဗျား ကျုပ်ကို ကိုက်မှာလား”

“ရဲတင်းလိုက်တာ” မာကဲန ဒေါသပုန်ထသွားလေသည်။ သူအသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် မည်သည့် လူသားကမှ သူ့အား ဤကဲ့သို့ မစော်ကပါးရဲခဲ့ချေ။ ဤမွန်းစတား မျိုးနွယ်စုဝင်များ အုပ်စိုးသည့် နေရာမျိုးတွင် လူသားများသည် မည်မျှပင် အားကောင်းနေစေကာမူ မွန်းစတားမျိုးနွယ်စုဝင်များကို မျက်နှာသာပေးရသည်။ သူကဲ့သို့ မြို့သခင် တစ်ယောက်ကို ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

မာကဲသည် မီထျန်းကို လှည့်ကြည့်လိုက်သည်။ မီထျန်းသည်လည်း မာကဲနကိုလည်း ပြန်လှည့်ကြည့်လိုက်သည်၊။ ထိုလူသားကို သတ်ရန်၊ သို့မဟုတ် ဖမ်းဆီးနိုင်ရန်အတွက် သူတို့နှစ်ဦး အတူတူ ပူးပေါင်းရန် လိုအပ်ပေသည်။ မဟုတ်လျှင် မွန်းစတားမျိုးနွယ်စု တစ်ခုလုံး မျက်နှာပျက်ရပေလိမ့်မည်။

သို့သော် သူတို့ မလှုပ်ရှားရသေးခင်မှာပဲ လစန္ဒာမြို့တွင်းရှိ တစ်နေရာမှ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ရပ် ပေါက်ကွဲထွက်လာခဲ့သည်။ မီထျန်းနှင့် မာကဲနတို့သည်လည်း ထိုထူးဆန်းသော စွမ်းအင်လှိုင်းကို သတိပြုမိလိုက်ကြ၏။ သို့သော် ထိုစွမ်းအင်လှိုင်း ဘာကြောင့် ထွက်ပေါ်လာမှန်း မပြောနိုင်ခဲ့ပေ။

ရန်ကိုင်ကမူ မျက်လုံးမှေးစဉ်းပြီး စွမ်းအင်လှိုင်းများ ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ခဏမျှ စဉ်းစားနေပြီးနောက်တ တစ်ခုခု စဉ်းစားမိဟန်ဖြင့် အလျင်စလို ပြေးထွက်သွားလေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၇၀)

“အဲ့မှာရပ်နေစမ်း” မာကဲနက ဒေါသတကြီး အော်ဟစ်၍ ရန်ကိုင်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။

ရန်ကိုင်ဆီမှ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလက်သီးချက်ကို အလွယ်တကူ ကာကွယ်သွားခဲ့ကာ ရန်ကိုင်ကမူ နည်းနည်းလေးပင် အရှိန်နှေးသွားခြင်း မရှိဘဲ ပြေးထွက်သွားခဲ့လေသည်။

ယခု ပေါ်လာသည့် စွမ်းအင်လှိုင်းနှင့် ပက်သက်၍ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရနေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ်မှ လေဟာနယ်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

မာကဲနနှင့် မီထျန်းတို့ ကြောင်အသွားခဲ့သည်။

ရန်ကိုင် မည်ကဲ့သို့ ထွက်သွားလဲဆိုသည်ကို သူတို့ လုံးဝ မမြင်လိုက်ချေ။ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် သေချာအာရုံစိုက်ထားခဲ့သော်လည်း သူမည်ကဲ့သို့ ထွက်သွားလဲ ဆိုသည်ကို နှစ်ဦးစလုံး မသိလိုက်ကြချေ။

မွန်းစတားမျိုးနွယ်စုဝင် နှစ်ဦးစလုံး၏ အမူအရာ လေးနက်တည်ကြည်သွားကြ၏။ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ထူးဆန်းသော စွမ်းအင်လှိုင်း ရှိရာဆီသို့ ချက်ချင်း ပြေးထွက်သွားကြလေတော့သည်။

ဘာကြောင့် ထိုကဲ့သို့ ထူးဆန်းသော ဖြစ်စဉ် ပေါ်လာသလဲ ဆိုသည်ကို သူတို့လည်း သိချင်နေမိကြသည်။

လစန္ဒာမြို့ထဲရှိ တည်းခိုခန်းတစ်ခုရှေ့တွင် ကျင့်ကြံသူများစွာ စုဝေးနေခဲ့ကြသည်။ ထိုလူအုပ်ကြီးထဲတွင် လူသားမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စု နှစ်ခုစလုံးမှ ကျင့်ကြံသူများ ရှိနေကြသည်။ အကုန်လုံးသည် လမ်းမထက်တွင် စုဝေးလျက် အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။

ရန်ကိုင် ထိုနေရာသို့ ရောက်လာပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီးသည့်နောက် သူ့မျက်နှာထက် ကူကယ်ရာ မဲ့နေသည့် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ့အထင် မှန်နေခဲ့လေပြီ။

ဆိုင်ပိုင်ရှင်သည်လည်း တည်းခိုခန်းရှေ့တွင် ရပ်လျက် အခြားသူများကဲ့သို့ ကောင်းကင်ပေါ်သို့ ရှုပ်ထွေးသော အမူအရာဖြင့် မော့ကြည့်နေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကို ဆိုင်ရှင်လူအိုကြီး ချက်ချင်း သတိပြုမိလိုက်သည်။ ချက်ချင်းပဲ လက်ယပ်ခေါ်လိုက်ပြီး “ဒီကိုလာဦး လူငယ်လေး”

ရန်ကိုင်လည်း လူအိုကြီးအား ကြည့်လျက် အလျင်အမြန် သူ့ဆီသို့ ပြေးသွားလေသည်။ ထို့နောက် တောင်းတောင်းပန်ပန်ဖြင့် “ကြည့်ရတာ အဖိုးကို ပြဿနာဖြစ်အောင် လုပ်လိုက်မိပြီနဲ့ တူတယ်”

လူအိုကြီးက ရယ်သွမ်းသွေးလျက် ခေါင်းခါ၍ “ဒီလူအိုကြီးရဲ့ ပြဿနာက ဘာမှမဟုတ်သေးဘူး။ မင်းရဲ့ ပြဿနာကမှ တကယ့် ပြဿနာ”

ပြောပြီးသည်နှင့် လူအိုကြီးသည် ပြိုင်တူ ရောက်ရှိလာကြလေသာ မာကဲနနှင့် မီထျန်းတို့အား လှမ်းကြည့်လိုက်လေသည်။ လူအိုကြီး၏ နှုတ်ခမ်းအစုံ တွန့်ကွေးခဲ့ပြီး ထပ်၍ ပြောလိုက်သည် “မင်းပြဿနာက ဆိုင်ထဲက ပြဿနာနဲ့တင် မပြီးသေးဘူးနဲ့ တူတယ်”

“ဟဲဟဲ…” ရန်ကိုင် ခြောက်ကပ်ကပ်သာ ရယ်လိုက်လေသည်။

သူ့အား ပြဿနာ ရှာနေသည့်လူသည် မာကဲနနှင့် မီထျန်းတို့သာ ဖြစ်လျှင် ရန်ကိုင် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ သူ့စီနီယာ မမလေးကို ခေါ်၍ လေဟာနယ်ဆုတ်ဖြဲပြီး ထွက်ပြေးသွားရုံသာ။ မွန်းစတားဧကရာဇ်ကြယ်သည် အကျယ်ကြီးဖြစ်သည့်အတွက် ကြုံသည့် နေရာတစ်ခုခုတွင် ဝင်ပုန်းနေလိုက်ရုံပင်။

ထို့ပြင် တန်ခိုးရှင်ဘုရင်အဆင့်အောက် ဘယ်သူ့ကိုမှ ရန်ကိုင် မကြောက်ချေ။ တကယ်သာ တိုက်ခိုက်ရမည်ဆိုလျှင် လစန္ဒာ မြို့တစ်ခုလုံးကို အထက်အောက်ပြောင်းပြန် ဖြစ်သွားအောင် လုပ်ဖို့လည်း ဝန်လေးနေလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းကြောင်း ရန်ကိုင် ခေါင်းကိုက်ချင်နေလေပြီ။

ဤနေရာသို့ ရောက်လာပြီးနောက် ထူးဆန်းသော စွမ်းအင်လှိုင်း ပေါ်လာရခြင်းမှာ သူ့စီနီယာမမလေးကြောင့်မှန်း သေချာ အတည်ပြုလိုက်နိုင်သည်။

ရှနင်းချန်းသည် တည်းခိုတန်းတွင် နေလျက် တစ်နေကုန် ဆေးထိုင်ဖော်စပ်နေခဲ့သည်။ ရန်ကိုင် သူမအား သွား၍ မနှောင့်ယှတ်ခဲ့ချေ။

သို့သော်လည်း ဤကဲ့သို့သော နေရာမျိုး၌ သူ့စီနီယာမမလေးသည် အလွန်ကိုမှ အံ့ဩဖွယ်ကောင်းသည့် ဆေးလုံးကို ဖော်စပ်လိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့ ထင်ထားခဲ့မည်နည်း။

သူကိုယ်တိုင်လည်း ထိုကဲ့သို့သော ဆေးလုံးမျိုးကို ဖော်စပ်ဖူးသည့် အတွက် ဤထူးဆန်းသော စွမ်းအင်လှိုင်း ပေါ်လာသည်နှင့် ထိုစွမ်းအင်လှိုင်း ဘာကြောင့် ပေါ်လာရသလဲ ဆိုသည်ကို ချက်ချင်း သိလိုက်ခြင်း ဖြစ်သည်။ ဤဖြစ်စဉ် ပေါ်လာရခြင်းမှာ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်သန့်စင်လိုက်နိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

မိုးရေစင်ကြယ်ပေါ်တွင် ရှိစဉ်က ရန်ကိုင်သည် ရွှယ့်ယွယ်၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ဆေးတိမ်တိုက်ပါသော မီးဓါတ်အခြေပြု ဆေးလုံးတစ်လုံးကို သန့်စင်ခဲ့ဖူးသည်။

ရန်ကိုင် ဖော်စပ်ခဲ့သည့် ဆေးလုံးများအနက်တွင် ထိုဆေးလုံး တစ်လုံးသည်သာ ဆေးတိမ်တိုက် ဖြစ်ပေါ်ဖူးသည်။ ဆေးတိမ်တိုက် ပါသည့် ဆေးလုံးများသည် သန့်စင်ချင်တိုင်း သန့်စင်၍ရသည့် ဆေးလုံးများ မဟုတ်ဘဲ ကံကောင်းမှသာ သန့်စင်နိုင်သည့် ဆေးလုံးမျိုး ဖြစ်သည်။ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ရသည်မှာ ဆေးသွေးကြောပါသော ဆေးလုံးများကို ဖော်စပ်ရသည်နှင့် ကွာခြားပေသည်။ ဆေးသွေးကြောပါသော ဆေးလုံးများကို ရန်ကိုင် အလွယ်တကူ ဖော်စပ်နိုင်ပေသည်။

သို့သော်လည်း ယခုအချိန်ထိတိုင် ဆေးတိမ်တိုက်ပါသော ဆေးလုံးအား မည်ကဲ့သို့ ဖော်စပ်ရမည်လဲ ဆိုသည်ကို ရန်ကိုင် မသိသေးချေ။

တော်ဝင်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူ့စီနီယာ မမလေးအနေဖြင့် ထိုကဲ့သို့သော ဆေးလုံးမျိုးကို ဖော်စပ်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

သို့သော်လည်း ဤနေရာသည် မွန်းစတားကြယ်ဖြစ်သည်။ သူမသာ ထိုဆေးလုံးကို သန့်စင်ပြီးသွားလျှင် ပညာရှင်များစွာ၏ အာရုံစိုက်ခြင်း ခံရလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် မာကဲနနှင့် မီထျန်းတို့ပင်။ ထိုနှစ်ယောက်သည် ထိုဆေးလုံးကို ကျိန်းသေ လက်လွှတ်လိမ့်မည် မဟုတ်သလို ရှနင်းချန်ကိုလည်း အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ဆေးတိမ်တိုက်ပါသော ဆေးလုံးအား သန့်စင်နိုင်သူ တစ်ယောက်သည် ဆေးပညာလမ်းစဉ်တွင် အလွန်ကိုမှ အဆင့်မြင့်မားနေသူ တစ်ဦးဟု ပြော၍ရသည်။ ထိုကဲ့သို့သော လူတစ်ယောက်သည် ‘ဆေးဝိဇ္ဇာ’ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ ထိုကဲ့သို့သော လူတစ်ဦးကို မွန်းစတား မျိုးနွယ်စုဝင်များ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။

ထိုအကြောင်းများကို တွေးရင်း ရန်ကိုင် အမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။

လက်ရှိအချိန်မှ ရှနင်းချန်ကို သွားတား၍လည်း မဖြစ်ချေ။ ဆေးပညာတွင် အခွင့်အရေးနှင့် အခွင့်အလမ်းတို့သည် အလွန်ကိုမှ အရေးပါပေသည်။ သူ့စီနီယာမမလေးသာ ဤဆေးလုံးကို ဖော်စပ်လိုက်နိုင်မည်ဆိုလျှင် သူမ၏ ဆေးပညာစွမ်းရည်ကို အကြီးအကျယ် တိုးတက်လာစေပေလိမ့်မည်။ သူသာ သူမအား လမ်းတစ်ဝက်နေမှ ဖြတ်တားလိုက်လျှင် သူမ၏ အနာဂတ် အောင်မြင်မှုများကို နှောင့်ယှတ်လိုက်သလို ဖြစ်သွားနိုင်ပေ၏။

မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေကာမူ သူ့အနေဖြင့် သူမအား ဤဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်အောင် ကူညီပေးရပေမည်။

ဆုံးဖြတ်ပြီးသည်နှင့် ရန်ကိုင်၏ မျက်ဝန်းအစုံ အေးစက်သွားခဲ့သည်။

မာကဲနနှင့် မီထျန်းသည် တည်းခိုခန်းပေါ်ရှိ ကောင်းကင်အား ကြောင်ကြည့်နေကြသည်။ ထိုနေရာဆီသို့ မြောက်မြားလှသော မိုးမြေစွမ်းအင်များ အဆက်မပြတ် စုဝေးလာနေခဲ့ကြလေသည်။ မကြာမီတွင် ဝဲကတော့လေးတစ်ခု ဖြစ်ပေါ်လာပြီး ဖြည်းဖြည်းချင်း လည်ပတ်ရင်း ပိုပို၍ များပြားသော မိုးမြေစွမ်းအင်များကို စတင် စုပ်ယူတော့သည်။

“စီနီယာမန်ကဲ၊ အဲ့ဒါ ဘာဖြစ်နေတာလဲ။ ရှားပါးရတနာ တစ်ခုခု ပေါ်လာနေတာလား” မီထျန်းသည် အတော်လေး အတွေ့အကြုံ ကြွယ်ဝသည်ဟု ပြော၍ရသော်လည်း သူ့တစ်သက်တွင် ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် ဘာတွေ ဖြစ်လို့ ဖြစ်နေမှန်း သူမပြောနိုင် ဖြစ်နေခဲ့သည်။

မာကဲနသည် ထိုအရာဘာလဲ သိရလေအောင် မျက်မှောင်ကြုတ်၍ သေချာ စိုက်ကြည့်နေလိုက်သည်။ သို့သော် ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒီမြို့သခင်လည်း မသိဘူး”

“စီနီယာတောင် ဘာတွေဖြစ်နေလဲ မသိဘူးလား” မီထျန်း အံ့အားသင့်သွားသည်။

“လောကကြီးက အကျယ်ကြီးပဲဟာကို၊ ဒီလောကကြီးထဲမှာ ငါမသိတဲ့ ဖြစ်စဉ်တွေ အများကြီးပဲ။ မြို့သခင် ဒီတစ်ခုကို မသိတာလည်း အံ့အားသင့်စရာ မဟုတ်ဘူးလေ။ အင်း။ ဒါဘာလဲ သိတဲ့လူ တစ်ယောက်ယောက်များ ရှိကြလား” မာကဲနသည် အခြား တန်ခိုးရှင်အဆင့် ပညာရှင်များဘက်သို့ လှည့်၍ မေးလိုက်သည်။

အကုန်လုံး ခေါင်းခါလိုက်ကြသည်။ မည်သူမှ ဘာတွေဖြစ်နေမှန်း မသိကြချေ။

“စိတ်ဝင်စားစရာပဲ” မီထျန်းက တောက်ပစွာပြုံးလျက် “ကြည့်ရသလောက်တော့ တစ်ယောက်ယောက် ကျင့်ကြံရင်း အဆင့်ချိုးဖျက်နေတာနဲ့ မတူဘူး။ ရှားပါးရတနာတစ်ခုခု ဖြစ်ပေါ်လာတာနဲ့လည်း မတူပြန်ဘူး။ ဒါဘာဖြစ်နေတာလဲ”

“ရှင်းပါတယ်။ တစ်ချက်ကြည့်ကြည့်လိုက်ရုံပေါ့” မာကဲနနှင့်အတူ လိုက်ပါလာသော တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဝင်ပြောလိုက်ပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို တည်းခိုခန်းဆီသို့ ဖြန့်ကျက်လိုက်လေသည်။

သို့သော်လည်း တည်းခိုခန်းဆီသို့ မရောက်နိုင်သေးခင်မှာပင် အန္တရာယ်များသည့် အရှိန်အဝါတစ်ခု သူ့ဆီ တိုးဝင်လာနေသည်ကို သတိပြုမိလိုက်သည်။ ထို့နောက် သူ့ကောင်းကင် စိတ်အာရုံကို တစ်ခုခုမှ လောင်ကျွမ်းပစ်သွားသလို ခံစားလိုက်ရလေသည်။

ကောင်းကင်စိတ်အာရုံ လောင်ကျွမ်းခံလိုက်ရသည့်အတွက် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူ သူ့ခေါင်းကို ကိုင်လျက် နာနာကျင်ကျင် အော်ဟစ်တော့လေသည်။

ချက်ချင်းဆိုသလို အားလုံး၏ မျက်ဝန်းအစုံသည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုလူကို ဤကဲ့သို့ ဖြစ်အောင် လုပ်လိုက်သူမှာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံဖြစ်မှန်း အကုန်လုံး သတိပြုမိလိုက်၏။

မာကဲနဲ၏ မျက်နှာ ဆေးခါးကြီး စားလိုက်ရသည့်နှယ် ရှုံ့မဲ့သွားခဲ့ပြီး မီထျန်းကမူ ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။

“ဒါသတိပေးတာပဲ။ အထဲမှာ ဘာဖြစ်နေလဲဆိုတာကို ချောင်းကြည့်ဖို့ ကြိုးစားမယ်ဆို ကျုပ်ကို ရိုင်းတယ်ဆိုပြီး လာအပြစ်မတင်နဲ့” ရန်ကိုင်သည် လူအုပ်ကြီးဘက်သို့ လှည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

လက်ရှိ အခိုက်အတန့်သည် သူ့စီနီယာ မမလေးအတွက် အလွန် အရေးကြီးနေလေရာ သူမအား တစ်ယောက်ယောက်မှ ကောင်းကင်စိတ်အာရုံသုံး၍ စူးစမ်းမည်ကို ရန်ကိုင် မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ မတော်တဆ သူမအား သွားနှောင့်ယှတ်မိလျှင် သူ့စီနီယာမမလေး ဖော်စပ်နေသည့်ဆေးလုံး မအောင်မမြင် ဖြစ်သွားနိုင်ပေသည်။

ရန်ကိုင်နှင့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူတို့ နှစ်ဦးစလုံးသည် တန်ခိုးရှင် ဒုတိယအဆင့်များသာ ဖြစ်ကြသော်လည်း ကောင်းကင်စိတ်အာရုံချင်း ပြိုင်ဆိုင်သည့်အခါ ထိုလူသည် ရန်ကိုင်ထက် အများကြီး နိမ့်ကျနေခဲ့သည်။ ထိုအချက်ကို နားလည်လိုက်သော် မာကဲနနှင့် မီထျန်းတို့ ရန်ကိုင်၏ ခွန်အားကို တစ်ဖန်ပြန်လည် ဆန်းစစ်ရတော့ပြန်သည်။

“ကောင်လေး” မာကဲနက ခပ်အက်အက် လေသံဖြင့် “မင်းငါတို့ မွန်းစတားမျိုးနွယ်စုကို တကယ်ကြီး ဆန့်ကျင်ချင်နေတာလား”

“မင်းသတ္တိရှိတာဟုတ်တယ်။ မင်းမှာ ခွန်အားလည်း ရှိတာ ဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို သိပ်ပြီး သွေးနားထင် မရောက်ဖို့ ငါမင်းကို အကြံပေးချင်တယ်” မီထျန်းက ရယ်သွမ်းသွေး၍ ပြောလိုက်လေသည်။

ရန်ကိုင်ကမူ ဘာမှပြန်မပြောဘဲ ထိုနှစ်ယောက်ကိုသာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။ အစောပိုင်းက ဖြစ်ပျက်သွားသည့် တစ်ယောက်ကို ကြည့်ပြီး တည်းခိုခန်းထဲတွင် ဖြစ်ပျက်နေသည်များကို ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းချင်သည့် လူအားလုံး ထိုအကြံကို ချက်ချင်း ပယ်ဖျက်လိုက်ကြလေသည်။

ရန်ကိုင် တစ်ယောက်တည်းသာ ထိုနေရာတွင် ရပ်နေခြင်း ဖြစ်ကြသော်လည်း မည်သူမှ ရှေ့တက်မသွားရဲကြပေ။

အချို့မွန်းစတားမျိုးနွယ်စုဝင်များသည် ရန်ကိုင်ကို ကြောက်နေကြချိန် အချို့မှာတော့ သူ့ကို လေးစားနေကြသည်။

လူသားတိုင်းသည် သူ့ကဲ့သို့ သတ္တိရှိကြသည့် လူများ မဟုတ်ကြ။ မွန်းစတားမျိုးနွယ်စုဝင်များနှင့် ရင်ဆိုင်ရနေသည့်တိုင် ရန်ကိုင်သည် နည်းနည်းလေးမှ အောက်ကျို့ခံခြင်း မရှိခဲ့ပေ။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်လေး၊ မင်းက ဒီမြို့သခင်နဲ့ မွန်းစတားမျိုးနွယ်စုကို မျက်လုံးထဲ မထည့်ဘူးပေါ့။ သခင်လေး မီထျန်းကိုတောင် ရန်စရဲတယ်ဆိုတော့ မင်းဒီနေ့ ဒီနေရာက ထွက်သွားဖို့ မစဉ်းစားတော့နဲ့” မာကဲန ဆက်ပြီး သည်းမခံနိုင်တော့ချေ။ အစကတည်းက ရန်ကိုင်ကို သိပ်ကြည့်ရခြင်းမဟုတ်၊ ယခု ရန်ကိုင်က သူ့အား လုံးဝ အရေးမစိုက်သလို လုပ်လာသည်ကို မြင်သော် မာကဲနဲ ဒေါသအိုး ပေါက်ကွဲတော့လေသည်။

လောလောဆယ်တွင် သူ့ဦးစားပေးသည် ထိုလူသားကို သတ်ရန် ဖြစ်သည်။ အထဲတွင် ရှိနေသည့် အရာနှင့် ပက်သက်၍မူ ထိုလူသားကို သတ်ပြီးမှ စုံစမ်း၍လည်း နောက်မကျသေးချေ။

“ကောင်လေး၊ မင်းသေဖို့ ပြင်ထားပေတော့” မီထျန်းသည် လှောင်ပြုံးပြုံးလျက် ရန်ကိုင်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

မီထျန်းသည် အပေါ်ယံတွင်သာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ မီးတောက်နေခဲ့သည်။ ရန်ကိုင် သူ့မွန်းစတားသားရဲ နှစ်ကောင်ကို သတ်သွားပြီး သူ့အား မလေးမစားဖြင့် ဆက်ဆံသည်ကို မီထျန်း မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ယခု သူ့တွင် အားကိုးစရာ မာကဲနပါ ရှိနေသည့်အတွက် သူလည်း သည်းခံနေတော့မည် မဟုတ်ချေ။

အခြား တန်ခိုးရှင်အဆင့် ပညာရှင်များသည်လည်း သူတို့၏ သူတော်စင်ချီကို စတင် စုစည်းကြတော့လေသည်။

“ကျုပ်အသက်ကို လိုချင်တာလား။ ခင်ဗျားတို့ လုပ်နိုင်ရင် လုပ်လိုက်လေ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူ့ဆီမှ မမြင်နိုင်သော အားတစ်ရပ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ ထိုစွမ်းအားအောက် ရောက်သွားသည့်လူတိုင်း သူတို့၏ ခန္ဓာကိုယ် ဖိနှိပ်ခံလိုက်ရပြီး နွံအိုင်တစ်ခုထဲ ရောက်သွားသည့်နှယ် လှုပ်ရှားရ ခက်ခဲလာသလို ခံစားလိုက်ကြရသည်။ သူတို့ ကိုယ်ထဲရှိ သူတော်စင်ချီပင် ကောင်းကောင်း မစီးဆင်းနိုင်ကြတော့ချေ။

ရှီပင်…

ရန်ကိုင်မှ သူ့ရှီကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် မာကဲနနှင့် မီထျန်းတို့မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့၏။ တစ်ဖက်လူ၏ ရှီသည် သူတို့ထက် အများကြီး ပိုမြင့်နေကြောင်း တွေ့ရှိလိုက်ရသည်။

မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

သူသည် တန်ခိုးရှင်တတိယအဆင့် ဖြစ်ပြီး ထိုလူငယ်လေးသည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည်။ အဆင့်လေး တစ်ဆင့် ကွာခြားခြင်းသာ ဖြစ်သော်လည်း ထိုအဆင့်လေး တစ်ဆင့်သည် အလွန်ကိုမှ ခြားနားသော ခွန်အားကို ကိုယ်စားပြုပေသည်။ ထိုသို့ဆိုလျှင် ထိုလူငယ်လေး၏ ရှီသည် ဘာကြောင့် သူတို့၏ရှီထက် ပို၍ အားကောင်းနေရသနည်း။

မွန်းစတားမျိုးနွယ်စုဝင်မှ ကျင့်ကြံသူများသည် သူတို့၏ ရှီဖြင့် ရန်ကိုင်၏ ရှီကို တန်ပြန်ရန် လုပ်လိုက်သော်လည်း ရန်ကိုင်၏ရှီကို အပြည့်အဝ တန်ပြန်နိုင်ခဲ့ခြင်း မရှိချေ။

ထို့အပြင် ထိုလူသားကောင်လေး၏ ရှီစွမ်းအင်ထဲ ထူးဆန်းသော စွမ်းအားတစ်ရပ် ပါဝင်နေသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ သတိပြုမိလိုက်ကြသည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် ထိုစွမ်းအားသည် သူတို့အား ဖြတ်တောက်သွားလိမ့်မည်ဟု သူတို့အားလုံး ခံစားနေကြရ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၇၁)

ရန်ကိုင်၏ ရှီသည် သူ၏ လေဟာနယ်စွမ်းအားနှင့် ပေါင်းစပ်ပြီးနေခဲ့လေပြီဖြစ်ကာ ထိုအရာသည် သူ၏ အားအကောင်းဆုံး ဝှက်ဖဲများအနက် တစ်ခု ဖြစ်ပေသည်။ မလိုအပ်လျှင် ထိုဝှက်ဖဲကို ထုတ်ဖော် မပြချင်သော်လည်း လုပ်ရမည် ဖြစ်သည့်အတွက်ကြောင့် လုပ်ရ်တော့သည်။

မာကဲန၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး မီထျန်းသည်လည်း လေးနက်တည်ကြည်သွားခဲ့သည်။

ရန်ကိုင်သည် ရှီအား ထိုအဆင့်ထိ နားလည်ထားလိမ့်မည်ဟု သူတို့ နှစ်ဦးစလုံး မထင်ထားခဲ့ချေ။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံနှင့် ခန္ဓာကိုယ်ခွန်အားအကြောင်း ပြန်စဉ်းစားမိလိုက်သည့် အခိုက် သူတို့ နှစ်ဦးစလုံး အလျင်စလို မလှုပ်ရှားရဲကြတော့ပေ။

အစကမူ အနည်းငယ် စိတ်ဓါတ်ကျနေဟန် ထင်ရသော် ဆိုင်ပိုင်ရှင်၏ မျက်ဝန်းအစုံသည် ရန်ကိုင်ကို ကြည့်နေရင်း တဖျက်ဖျက် လင်းလက်လာတော့သည်။

ထို့နောက် ခေါင်းမော့၍ ကောင်းကင်ပေါ်၌ ဖြစ်ပျက်နေသော ဖြစ်စဉ်ကို သေချာ ထပ်လေ့လာကြည့်သည်။

မကြာမီ တစ်ခုခုကို တွေ့ရှိသွားခဲ့ပြီး အံ့အားသင့်နေဟန်ဖြင့် “ရပ်လိုက်တော့” အော်ပြောလိုက်လေသည် “အကုန်လုံး စိတ်ငြိမ်ငြိမ်ထားကြ”

ရန်ကိုင်သည် ဆိုင်ပိုင်ရှင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

မာကဲနသည်လည်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ထပ်မံ၍ ဒေါသ ထွက်လာပြန်တော့လေသည်။

သူသည် လစန္ဒာမြို့၏ မြို့သခင် ဖြစ်သည်။ ဤနေရာတွင် မည်သူမှ သူ့အား အမိန့်မပေးနိုင်ချေ။ တည်းခိုခန်း ဆိုင်ပိုင်ရှင် တစ်ယောက် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

“လူအိုကြီး၊ ဒီနေရာက ခင်ဗျား ဝင်စကားပြောရမယ့် နေရာ မဟုတ်ဘူး။ ဘေးဖယ်နေလိုက်” မီထျန်းက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“စားစား…” ဆိုင်ပိုင်ရှင်သည် နည်းနည်းလေးပင် ကြောက်ရွံ့သွားခြင်း မရှိဘဲ ရယ်မော၍သာ မီထျန်းအား ပြန်ကြည့်လိုက်လေသည်။

ဆိုင်ပိုင်ရှင်၏ အမူအရာကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသလို မီထျန်း ခံစားလိုက်ရသည်။ ဆိုင်ရှင်အား မယုံသင်္ကာဖြင့် ကြည့်ရင်း ခဏတာ တုန့်ဆိုင်းနေပြီးနောက် မေးလိုက်လေသည် “ဒီသခင်လေး ခင်ဗျားကို အရင်က တွေ့ဖူးလား။ ခင်ဗျား မျက်နှာကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”

“လူကြီးမင်းချန်းယန်ရဲ့ သားဆိုတဲ့ အတိုင်းပါလား၊ ဒီလောက် မြန်မြန် ရှာတွေ့သွားတယ်၊ တကယ်ကို မဆိုးဘူး” “ဆိုင်ပိုင်ရှင်က ချီးကျူးလိုက်သည်။

ထိုအချက်ကြောင့် မီထျန်း မျက်နှာပျက်သွားပြီး လေသံတိုးတိုးဖြင့် ပြန်မေးလိုက်လေသည် “ခင်ဗျား ဘယ်သူလဲ”

မာကဲနသည်လည်း ကြောင်သွားခဲ့သည်။ မြို့ထဲရှိ တည်းခိုခန်း တစ်ခု၏ ပိုင်ရှင်သည် ထိုမျှ ထိတ်လန့်ဖွယ်ကောင်းသော ကျောထောက်နောက်ခံကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မဟုတ်လျှင် မီထျန်း အနေဖြင့် ထိုလူအိုကြီးကို ထိုကဲ့သို့ ခေါ်ဝေါ်လိမ့်မည် မဟုတ်ချေ။

အခြေအနေကို မြင်ပြီးနောက် ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်၏။

အကုန်လုံး လူအိုကြီးအား အာရုံစိုက်လာသည်အတွက် ရန်ကိုင် စိတ်ညစ်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ကျေနပ်နေသေးသည်။ ရန်ကိုင်ကိုယ်တိုင်လည်း ထိုလူအိုကြီး မည်သူ ဖြစ်သလဲ ဆိုသည်ကို သိချင်နေမိသည်။ ထိုလူအိုကြီး၏ ခန္ဓာကိုယ်မှ မည်သည့် စွမ်းအင် အရိပ်အယောင်ကိုမှ သူအာရုံမခံမိချေ။ သို့သော်လည်း မီထျန်းနှင့် မာကဲနတို့ ရှေ့တွင် အကြောက်အလန့်ကင်းကင်းနှင့် ပြောဆိုရဲသဖြင့် ထိုလူအိုကြီးသည် နာမည်မရှိသူတစ်ဦး မဟုတ်လောက်ချေ။

လူအိုကြီးသည် ယဲ့ယဲ့လေးပြုံးနေရင်းမှ ပါးစပ်အဟောင်းသား ဖြစ်ဖွယ် အသွင်ပြောင်းလဲမှုကို စတင်တော့လေသည်။

ကိုင်းနေသော သူ့ခါးသည် ရုတ်ချည်း ဖောင့်တက်လာခဲ့သည်။ ပုကွကွ ခန္ဓာကိုယ်သည်လည်း ယခင်ထက် ပိုအရပ်ရှည်လာပြီး အသားအရေမှာ အနည်းငယ် နီမြန်းလာခဲ့ပြီး မျက်နှာထက်ရှိ အရေးအကြောင်းတို့မှာလည်း ပျောက်ကွယ်သွားကုန်ကြသည်။

လက်ရှိ ဆိုင်ပိုင်ရှင်သည် လူအိုကြီး တစ်ယောက်နှင့် မတူတော့ဘဲ သက်လတ်ပိုင်းလူကြီး တစ်ဦးနှင့်သာ တူတော့လေသည်။

သူ့ခန္ဓာကိုယ် ပြောင်းလဲသွားသည်နှင့် သူ့အရှိန်အဝါသည်လည်း အပြောင်းကြီး ပြောင်းလဲသွားလေတော့သည်။ တစ်ကြိမ်တစ်ခါမှ ကျင့်ကြံဖူးဟန် မထင်ရသော ထိုလူအိုကြီး၏ အရှိန်အဝါသည် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်သည်အထိတိုင် တရွေ့ရွေ့ မြင့်တက်သွားလေသည်။

မာကဲန၊ မီထျန်းတို့နှင့် ယှဉ်လိုက်လျှင် ထိုလူအိုကြီးက ပို၍ အားကောင်းပေသည်။
ရန်ကိုင်သည် သူ့ရှေ့ရှိ ဆိုင်ပိုင်ရှင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။

မာကဲနနှင့် မီထျန်းတို့သည်လည်း ကြောင်နေခဲ့သည်။ ဆိုင်ပိုင်ရှင်သည် ဤမျှ ကောင်းမွန်စွာ လျှို့ဝှက်ပုန်းကွယ်နေသော ပညာရှင်တစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဆိုင်ရှင်သာ သူ့ကိုယ်သူ မထုတ်ဖော်ခဲ့လျှင် မည်သူမှ သူသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည် ဆိုသည်ကို သတိပြုမိလိမ့်မည် မဟုတ်ချေ။

“ခင်ဗျား… ခင်ဗျားက ဆရာဘဟဲလား” မာကဲနသည် ဆိုင်ရှင်၏ မျက်နှာကို သေချာကြည့်နေပြီးနောက် အလန့်တကြား ထပြောလိုက်သည်။

ဆိုင်ရှင်၏ ပြောင်းလဲသွားသော မျက်နှာကို မြင်ပြီးနောက်တွင် ထိုလူ မည်သူမှန်း မာကဲန ချက်ချင်းဆိုသလို မှတ်မိလိုက်သည်။

“ဘယ်လို၊ သူက ဆရာဘဟဲလား”

“မဖြစ်နိုင်ဘူး။ ဆရာဘဟဲကို မျိုးနွယ်စုခေါင်းဆောင်သခင်မ ကိုယ်တိုင် သတ်ပစ်လိုက်ပြီ မဟုတ်ဘူးလား။ သူဘာလို့ အသက် ရှင်နေသေးတာလဲ”

“မဟုတ်ဘူး။ သေချာတယ်။ သူက ဆရာဘဟဲပဲ။ မြို့သခင်နဲ့ ငါ မျိုးနွယ်စုခေါင်းဆောင်သခင်မကို တွေ့ဖို့ နန်းတော်ဆီ သွားတုန်းက သူ့ကို တစ်ခါ တွေ့ခဲ့ဖူးတယ်။ အဲ့တုန်းက သူက မျိုးနွယ်စု ခေါင်းဆောင် သခင်မရဲ့ နံပါတ်တစ်ဗိုလ်ချုပ်ပဲ”

“ဆရာဘဟဲ အသက်ရှင်နေသေးမယ်လို့ ငါတစ်ကယ် မထင်ထားဘူး။ စိတ်ဝင်စားစရာတော့ ကောင်းလာပြီ”

ဘေးဘက်ဆီမှ အမျိုးမျိုးသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ ထိုအော်သံများကို နားထောင်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ဆိုင်ပိုင်ရှင်သည် အတော်လေးကို ဂုဏ်သတင်း ကြီးမားသည့် လူတစ်ဦးဖြစ်ပြီး မာကဲနပင်လျှင် သူ့အား လေးစားရသည်။

ထိုလူ မည်သူနည်း။ သူသည် လနီမျိုးနွယ်စု၏ အားအကောင်းဆုံး ဗိုလ်ချုပ်ဖြစ်သော်လည်း လနီမျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင်က သတ်ပစ်လိုက်သည်ဟု ဘာကြောင့် ပြောနေကြသနည်း။

ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

“လတ်စသတ်တော့ စီနီယာဘဟဲကိုး” မီထျန်းက အသက်ပြင်းပြင်း ရှူသွင်းလျက် “စီနီယာကို ကြည့်ရတာ ရင်းနှီးနေတယ်လို့ ခံစားနေရတာ မထူးဆန်းတော့ပါဘူး။ မီထျန်း စီနီယာဘဟဲကို နှုတ်ဆက်ပါတယ်”

“ဟားဟား၊ သခင်လေးမီထျန်း ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ သခင်လေးက အနာဂတ်မှာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ချေရှိတဲ့ မွန်းစတားမျိုးနွယ်စုရဲ့ တက်သစ်စ ကြယ်တစ်ပွင့်ပဲဟာကို” ဘဟဲက ချီးကျူးလိုက်သည်။

မီထျန်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည် “စီနီယာဘဟဲ ပြောတာနည်းနည်းမှား တယ်။ ဒီသခင်လေးက တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ချေရှိတာ မဟုတ်ဘူး။ ကျိန်းသေ ချိုးဖျက်မှာ”

ဒီကောင်က တကယ် လေလုံးထွားတာပဲ ရန်ကိုင် မီထျန်းအား ကြည့်၍ တွေးလိုက်သည်။

သို့သော်လည် မီထျန်းတွင် ထိုကဲ့သို့ လုပ်နိုင်သည့် အရည်အချင်း ရှိသည်မှာ အမှန်အကန်သာ ဖြစ်သည်။

ဘဟဲက အသာအယာ ခေါင်းညိတ်၍ “အင်း၊ သခင်လေးရဲ့ ဆန္ဒတွေ ပြည့်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်”

“ဆရာဘဟဲ…” နှစ်ပေါင်းနှစ်ရာလောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သော သူ့ရှေ့ရှိလူကြီးကို ကြည့်ရင်း မာကဲန၏ နဖူးထက် ချွေးစေးများ ဝေ့သီလာခဲ့သည်။ ထို့နောက် ကောင်းကင်ထက်တွင် ပေါ်နေသော ဖြစ်စဉ်ကို ကြည့်၍ “အထဲမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ”

“ဘာတွေ ဖြစ်နေတာလဲ” ဘဟဲသည် တစ်ခဏတာ တုန့်ဆိုင်းပြီးနောက် “ငါလည်းမသိဘူး။ ဒါပေမယ့် အကုန်လုံး စိတ်ရှည်ရှည်နဲ့ ဘာအနှောင့်အယှတ်မှ မပေးဘဲ စောင့်နေရင်း အကောင်းဆုံးပဲ။ ဒီလူအိုကြီးက ဆိုင်ပိုင်ရှင်ဆိုတော့ ဆိုင်မှာ လာတည်းတဲ့ ဧည့်သည်တွေကို ကာကွယ်ပေးရမယ်။ ဒါကြောင့် ဒီလူအိုကြီးကို နည်းနည်းလောက် မျက်နှာသာပေးကြဖို့ တောင်းဆိုပါတယ်”

“အန်… ဆရာဘဟဲက ဒီလိုပြောမှတော့ စောင့်ကြတာပေါ့” မာကဲန ခေါင်းညိတ်လိုက်သည်။

ဘဟဲရှေ့မောက်တွင် သူလည်း မမောက်မာရဲတော့ချေ။

“ဒီလူသားကကော” မီထျန်းက ရုတ်တရက် ရန်ကိုင်ဘက်သို့ လှည့်၍ လှောင်ပြုံးပြုံးလျက် “စီနီယာဘဟဲက ဒီလူသားကိုကော ကာကွယ်ပေးချင်တာလား”

“ကာကွယ်ရမှာပေါ့။ ဒီလူငယ်လေးကလည်း ငါ့ရဲ့ဧည့်သည်ပဲဟာ” ဘဟဲက ပြန်ပြောလိုက်သည်။

“ဟဲဧဲ၊ အဲလိုဆိုရင် မီထျန်း စီနီယာဘဟဲကို မျက်နှာသာပေးရတာပေါ့။ ဒါပေမယ့် အဲ့ဒါက အခုအတွက်ပဲ။ ဒီကောင်က ကျုပ်ရဲ့ မွန်းစတားသားရဲ နှစ်ကောင်ကို သတ်သွားတာ။ သူ့နဲ့ကျုပ်ကြားက ရန်ကြွေး ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး” မီထျန်းက ရယ်မောလျက် ရန်ကိုင်အား စိုက်ကြည့်လျက် “လူသား၊ ဒီသခင်လေးကို အခွင့်အရေး မရစေနဲ့, မဟုတ်ရင်တော့…”

ရန်ကိုင်ကမူ အထင်တသေးဖြင့် နှာခေါင်းသာရှုံ့လိုက်သည်။ မီထျန်း မည်သို့ပင် ခြိမ်းခြောက်ပါစေ သူမကြောက်ချေ။ ရှနင်းချန်ကို မည်သူမှ လာမနှောင့်ယှတ်ရန်သာ အရေးကြီးပြီး အားလုံးသည် ဒုတိယဖြစ်သည်။

သို့သော်လည်း ဘဟဲဆိုသည့်လူ ဘာလုပ်ချင်နေသနည်း။

တွေးတောရင်း ရန်ကိုင်သည် ဆိုင်ရှင်ကို လှမ်းကြည့်လိုက်၏။ သူကြားခဲ့ရသလောက် ဘဟဲဆိုသူသည် လွန်ခဲ့သည့် နှစ်လလုံးလုံး ပုန်းအောင်းနေခဲ့ပြီး ယခုမှ သူမည်သူမည်ဝါ ဆိုသည်ကို ဖွင့်ထုတ်ပြခဲ့ခြင်း ဖြစ်သည်။

သူဘာလုပ်ချင်နေသနည်း။

ဘဟဲသည် သူ့ဆိုင်တွင် လာတည်းသည့် ဧည့်သည်များကို ကာကွယ်ပေးချင်ရုံ သက်သက်ဖြင့် ထိုကဲ့သို့ လုပ်နေသည်ဟု ရန်ကိုင် မထင်။

လူအိုကြီးများသည် အသက်ကြီးလာလေလေ ပို၍ ဥာဏ်နီဥာဏ်နက်များလာလေပင်။ မည်သူမှ ယခုကဲ့သို့ အမှန်တရား ဘက်တော်သားတစ်ဦး လုပ်နေလိမ့်မည် မဟုတ်ချေ။

“ဘာနံ့လဲ” ရုတ်တရက် လူအုပ်ထဲမှ အလန့်တကြားဆိုသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အဲ့အနံ့ကို ရှုလိုက်တာနဲ့ လန်းဆန်းသွားတာပဲ။ ဆေးလုံး အနံ့လိုပဲ”

“အရမ်း အဆင့်မြင့်တဲ့ ဆေးလုံးကို သန့်စင်လိုက်လို့လား”

“တစ်ယောက်ယောက် ဆေးဖော်စပ်နေတာလား”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး တစ်ခုလုံး ယောက်ယက်ခတ်သွားခဲ့သည်။

အစပိုင်းတွင် တည်းခိုခန်းတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ သို့သော် အချိန်ကြာလာသည်နှင့် လေထဲရှိ ဆေးရနံ့သည် ပိုပို၍ သင်းပျံ့လာခဲ့သည်။ ထိုအခါ လူများလည်း တည်းခိုခန်းထဲတွင် ဘာဖြစ်ပျက်နေသလဲ ဆိုသည်ကို စတင် သတိပြုမိလာကြ၏။

ဆေးရနံ့ အတော်လေး သင်းကြိုင်လာသည့်အခါ လူများစွာတို့သည့် တည်းခိုခန်းဆီသို့ မီးတောက်မတတ် အကြည့်များဖြင့် လှမ်း၍ ကြည့်လာကြတော့သည်။ ဆေးရနံ့ကို ရှိုရှိုက်ရုံဖြင့်ပင်လျှင် ဤမျှ အစွမ်းထက်နေခဲ့လျှင် ဆေးလုံးကိုသာ သောက်သုံးလိုက်ရမည် ဆိုပါက မည်မျှပင် အကျိုးကျေးဇူး များလိုက်မည်နည်း။

မည်သို့သော ဆေးလုံးမျိုးကလည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေရသနည်း။

ကျင့်ကြံသူပေါင်းများစွာတို့၏ မျက်ဝန်းအစုံသည် လောဘကြောင့် နီရဲတောက်လောင်လာခဲ့သည်။

ဘဟဲ၊ မာကဲနနှင့် အခြားပညာရှင်များ ဆိုင်ရှေ့တွင် ရပ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အကုန်လုံး ဆိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ ဆေးလုံးကို အပြိုင်အဆိုင် လုယူနေလောက်လေပြီ။

“သခင်လေးမီထျန်း…” သူတို့ရှေ့ရှိ ဖြစ်စဉ်သည် ဆေးလုံးကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်မှန်း သိလိုက်ရသည့်နောက်တွင် မာကဲနသည် မီထျန်းအားကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် တစ်ခုခု လှမ်းပြောလိုက်လေသည်။

“အဲ့ခွေးအိုကြီးဘဟဲ ဆေးလုံးကို မောင်ပိုင်သိမ်းချင်နေတဲ့ပုံပဲ။ ဒါကြောင့် ပုန်းနေတာကနေ လူလုံးထွက်လာပြတာ။ အဲ့ဒါကို ကြည့်တာနဲ့တင် ဒီဆေးလုံး လုံးဝ သာမန်မဟုတ်မှန်း သိသာနေပြီ။ ဒါပေမယ့် ဘယ်သူသားပညာရှင်ကများ အဲ့ဆေးလုံးကို ဖော်စပ်နေတာလည်း မသိဘူး” မီထျန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

“အဲ့ဒါဆို ကျုပ်တို့…”

“သူအဲ့ဆေးလုံးကို လိုချင်ရင် သူ့မှာ အရည်အချင်း ရှိဖို့တော့ လိုလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက သေသွားရမှာဆိုပေမယ့် မသေဘဲ ကံကောင်းပြီး လွတ်လာခဲ့တယ်။ အဲ့ဒါကို အေးအေးဆေးဆေး မနေဘဲ လူလုံးထွက်ပြဖို့ စဉ်းစားလိုက်တယ် ဆိုတော့ သူ့နေ့ရက်ကောင်းတွေ အဆုံးသတ်သွားပြီပဲ။ ကျုပ်တို့ သူ့ကို သတ်မယ်ဆိုရင်တောင် သခင်မချီယွဲ့ ကျုပ်တို့ကို အပြစ် မတင်လောက်ဘူး”

“အန်၊ ကောင်းပြီလေ၊ သခင်လေးမီထျန်းရဲ့ အကြံအတိုင်း လုပ်ကြတာပေါ့” မာကဲနက ပြန်ပြောလိုက်သည်။ မီထျန်း၏ ပုံစံကို သူမကြိုက်သော်လည်း လက်ရှိအချိန်တွင် မီထျန်းနှင့်အတူ ပူးပေါင်းခြင်းသည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မှန်း သူသိသည်။

သူတစ်ယောက်ဆိုလျှင် ဘဟဲကို တိုက်ခိုက်ရဲမည် မဟုတ်ချေ။ နောက်ဆုံးတွင် ဆေးလုံးအား မည်သူရမည်လဲ ဆိုသည်နှင့် ပက်သက်၍မူကား၊ ဤနေရာသည် လစန္ဒာမြို့ဖြစ်သည်။ သူ့ပိုင်နက် ဖြစ်သည့်အတွက် မီထျန်းအနေဖြင့် သူ့ပိုင်နက်ထဲမှ ပစ္စည်းများကို မည်ကဲ့သို့ ယူသွားနိုင်မည်နည်း။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၇၂)

မွန်းစတားမျိုးနွယ်စုဝင် နှစ်ဦးသည် ဆေးလုံး သန့်စင်ပြီးသည့် အချိန်ထိ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ ဘဟဲကဲ့သို့သော ပညာရှင်တစ်ယောက်ပင် လိုချင်သည့် ဆေးလုံးသည် အဖိုး မတန်စရာ အကြောင်းမရှိချေ။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူတို့ ထိုဆေးလုံးကို ရအောင် ယူရပေလိမ့်မည်။ ထိုဆေးလုံးကို သောက်ပြီးနောက်တွင် တန်ခိုးရှင်တတိယအဆင့်ကို ဖြတ်ကျော်ပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ပင် တစ်ခါတည်း တန်း၍ ချိုးဖျက်သွားနိုင်သည်။

တကယ်တော့ ဘဟဲ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည်မှာ ကြာနေပြီ မဟုတ်လေလော။ သူသည် ထိုအဆင့်သို့ လွန်ခဲ့သော နှစ်နှစ်ရာခန့်ကတည်းက ရောက်နေခြင်း ဖြစ်သည်။ မွန်းစတားဧကရာဇ်ကြယ်တွင် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်ပြီး မျိုးနွယ်စုခေါင်းဆောင် အဆင့်အတန်းကို ပိုင်ဆိုင်နိုင်ရန် ရေပန်းအစားဆုံး လူတစ်ဦးလည်း ဖြစ်သည်။

မာကဲနနှင့် မီထျန်းတို့ တိတ်တဆိတ် ဆက်သွယ်နေစဉ် ဘဟဲသည် ထိုနှစ်ယောက်အား လှမ်းကြည့်၍ ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။

“ကောင်လေး၊ နန်းတော်ဆီသွားပြီး မင်းမိတ်ဆွေဆီ သွားမလည်ချင်ဘူးလား” ဘဟဲက ရုတ်တရက် ရန်ကိုင်ဆီသို့ ကောင်းကင်စိတ်အာရုံဖြင့် သတင်းပို့လိုက်သည်။

“အင်း၊ ခင်ဗျား.. စီနီယာဘဟဲမှာ အကြံရှိလို့လား” ရန်ကိုင်က ဘဟဲအား သင်္ကာမကင်း အမူအရာဖြင့် ပြန်စိုက်ကြည့်၍ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ဒီလူအိုကြီးမှာ မင်းကို နန်းတော်ထဲ ဝင်နိုင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်လို့ ပြောမလို့”

“တကယ်လား” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

“ဟုတ်တယ်။ ဒါပေမယ့် ဒီနည်းလမ်းက စွန့်စားဖို့လိုတယ်။ မင်းဒီလူအိုကြီးကို ယုံတယ်ဆိုရင် ဒီလူအိုကြီး ချက်ချင်း လှုပ်ရှားလိုက်မယ်။ မဟုတ်ရင် ငါဘာမှ မပြောလိုက်သလိုသာ သဘောထားလိုက်”

“ဟားဟား။ ဂျူနီယာနဲ့ စီနီယာက အခုမှ စတွေ့တာလေ၊ ယုံတယ် မယုံတယ် ပြောစရာမလိုသေးဘူးနဲ့ ထင်တယ်” ရန်ကိုင်သည် ကိုယ်နှင့် မရင်းနှီးသည့် သူစိမ်းလူတစ်ယောက်ကို အလွယ်တကူ ယုံရလောက်အောင် မရူးမိုက်ချေ။

“မင်းစိုးရိမ်တာလည်း သဘာဝပါပဲ။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်… ဒီနည်းလမ်းက မင်းတင် မဟုတ်ဘူး။ ငါပါ စွန့်စားရမှာ။ မင်းသာ ငါနဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် ငါအသက် ရှင်နေသရွေ့ မင်းဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏမျှ စဉ်းစားနေပြီးနောက် ပြောလိုက်လေသည် “စီနီယာ အရင် ရှင်းပြပေးလို့ရမလား”

“သေချာတာပေါ့” ဘဟဲက အလွယ်တကူ သဘောတူလိုက်ပြီး သူ့အကြံအစဉ်ကို ရှင်းပြလိုက်လေသည်။

သူရှင်းပြသည်ကို နားထောင်ပြီးနောက် ရန်ကိုင်ပို၍ မျက်မှောင် ကြုတ်သွားပြီး “တကယ်ကို စွန့်စားရမှာ… ဒါပေမယ့် စီနီယာ ဒီကိစ္စကို သေချာစဉ်းစားပြီးသွားပြီလို့ ထင်တယ်။ စီနီယာရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်မယ်ဆိုရင် ကျုပ်နဲ့ ကျုပ်စီနီယာ မမလေး အရင်လို လွတ်လွတ်လပ်လပ် နေလို့ ရပါဦးမလား”

“ဒါဆို မင်းငြင်းတယ်ပေါ့” ဘဟဲ အနည်းငယ် စိတ်ပျက်သွား၏။

“မငြင်းပါဘူး။ လက်ခံတယ်” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ဘဟဲ ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။ ရန်ကိုင် ဤမျှ အလျင်စလို လက်ခံလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင် ငြင်းလိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား မမျှော်လင့်စွာပင် ရန်ကိုင်က သဘောတူခဲ့သည်။

ဘဟဲသည် ရန်ကိုင်အား ထူးထူးဆန်းဆန်း အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုလူသားကောင်လေးသည် အတော်လေး အကြောက်အလန့် ကင်းသည်ဟုလည်း တွေးနေမိသည်။ သို့သော်လည်း ရန်ကိုင်က သဘောတူလိုက်သဖြင့် သူ့အနေဖြင့် ဘာမှ စိုးရိမ်နေစရာ မလိုတော့ချေ။

ထိုကဲ့သို့ စဉ်းစားပြီးနောက်တွင် ဘဟဲက ပြုံးလျက် အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “ဒီဆေးလုံးက ဖော်စပ်နေတုန်းပဲ ဆိုပေမယ့် ဒီလို မြင်ကွင်းမျိုး ပေါ်လာအောင် လုပ်နိုင်တယ်ဆိုတော့ ဆေးလုံးက တကယ်ကို ကြီးကျယ်လို့ဖြစ်မယ်။ ပြီးတော့ ဆေးရနံ့ကို ကြည့်ရတာ ဒီဆေးလုံးက အနည်းဆုံး တန်ခိုးရှင်အဆင့်ပဲ”

“စီနီယာဘဟဲပြောတာ ယုတ္တိရှိတယ်” ဘဟဲ ဘာကြံနေစဉ်မှန်း မသိသော်လည်း မာကဲနသည် ဘဟဲပြောသည်ကို ထောက်ခံလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင် သခင်မပဲ ဒီလိုဆေးလုံးကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်လို့ ငါထင်တယ်။ မြို့သခင် မာကဲနကော ဘယ်လိုထင်လဲ” ဘဟဲက ပြုံးလျက် မေးလိုက်သည်။

“ဆရာဘဟဲပြောတာ အမှန်ပဲ” မာကဲနက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ သူ့စိတ်ထဲ တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။ သို့သော် ဘာမှားလို့မှားနေမှန်း သူမပြောနိုင်။

“ဒီလိုဆေးလုံးကို သန့်စင်နိုင်တဲ့ ဆေးပညာရှင်ကလည်း ဆေးဝိဇ္ဇာအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ရလိမ့်မယ်”

“အဲ့ဒါလဲ အမှန်ပဲ” မာကဲန ခေါင်းညိတ်လိုက်သည်။ ဘဟဲ ဘာကို ကြံနေမှန်း နားလည်လိုက်သည်နှင့် သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရိပ်တက်လာခဲ့သည်။

“မျိုးနွယ်စုခေါင်းဆောင် သခင်မက ဒီလို ပါရမီရှင်တွေကို အရမ်း တန်ဖိုးထားတယ်။ အရင်နှစ်တွေတုန်းက ဒီလို ပညာရှင်တွေရဖို့ အသည်းအသန်း ကြိုးစားခဲ့သေးတယ်။ ကြည့်ရတာ မြို့သခင် မာကဲနတော့ ကံကောင်းပြီနဲ့တူတယ်။ ဒီလို ပါရမီရှင်တစ်ယောက် လစန္ဒာမြို့မှာ ပေါ်လာတာဆိုတော့ မြို့သခင် မာကဲန နောက်ဘာဆက်လုပ်ရမလဲ ပြောစရာ မလိုဘူးနဲ့တူတယ်” ဘဟဲသည် မာကဲနအား ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

မာကဲနက အလေးအနက် အမူအရာဖြင့် “အခုလို အကြံဥာဏ် ပေးတဲ့အတွက် ဆရာကို ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ဘာဆက်လုပ်ရမလဲ မာကဲန နားလည်ပါတယ်။ ဆေးဝိဇ္ဇာကြီး ဆေးဖော်စပ်ပြီးသွာတာနဲ့ သူ့ကို မျိုးနွယ်စု ခေါင်းဆောင် သခင်မဆီ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်ပါမယ်”

“အင်း၊ မင်းသာ မျိုးနွယ်စုခေါင်းဆောင် သခင်မကို စိတ်ကျေနပ်စေတယ်ဆိုရင် သူကလည်း မင်းကို ဆုကောင်းကောင်း ပြန်ပေးလိမ့်မယ်” ဘဟဲက ရယ်သွမ်းသွေး၍ ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ မာကဲန၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ပြုံးလျက် အလျင်အမြန် လက်သီးဆုပ်ကာ “စီနီယာ သတိပေးတာ ကံကောင်းသွားတယ်။ ကျေးဇူးပါပဲ”

ပြောပြီးသည်နှင့် အသံအကျယ်ကြီး အော်ပြောလိုက်လေသည် “လာခဲ့ကြစမ်း”

မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်တစ်အုပ် ချက်ချင်း ရှေ့သို့ ပြေးထွက်လာခဲ့ကြသည်။

“မဆိုင်တဲ့သူတွေကို မောင်းထုတ်လိုက်တော့။ ဒီတည်းခိုခန်းရဲ့ မီတာတစ်ရာတစ်ပတ်လည်ကို ချဉ်းကပ်လာတဲ့လူတိုင်း ချွင်းချက်မရှိ မသတ်ခံရမယ်လို့ ကြေညာလိုက်။ မည်သူမှ တည်းခိုခန်းထဲက ဆေးဝိဇ္ဇာကြီးကို သွားနှောင့်ယှတ်လို့ မဖြစ်ဘူး”

“ဟုတ်ကဲ့”

ဘေးနားတွင် ရပ်နေသော မီထျန်းမှာမူ မှင်သက်နေခဲ့လေပြီ။

သူနှင့် မာကဲန ပြုလုပ်ထားခဲ့သော သဘောတူညီချက်သည် ဘဟဲ၏ စကားလေး အနည်းငယ်ကြောင့် ပျက်စီးသွားခဲ့သည်။ ထိုမျှတင် မဟုတ်သေးဘဲ မာကဲနသည် ဘဟဲဘက်သို့ပင် ကူးပြောင်းသွားခဲ့ပြီး တည်းခိုခန်းထဲတွင် ရှိနေသော ဆေးပညာရှင်အတွက် အစောင့်များပင် ပြင်ဆင်ထားလိုက်၏။

ဘဟဲသည် ဆေးလုံးကို မလိုချင်ဘဲ ဆေလုံးနှင့်တကွ ဆေးဝိဇ္ဖာကြီးကို နန်းတော်ဆီသို့ ပို့ဆောင်ရန်ပင် ကြံနေခဲ့သည်။

မွန်းစတားမျိုးနွယ်စု ဆေးပညာတွင် မကျွမ်းကျင်သည်မှာ ကြယ်စီရင်စုတစ်ခုလုံး သိသည့်အချက် ဖြစ်သည်။ သို့သော် မွန်းစတားဧကရာဇ်ကြယ်ပေါ်တွင် နေသော လူသားများသည် အဖိနှိပ်ခံဘဝတွင် နေရသော်လည်း ဤကြယ်တွင် ဆေးပညာရှင်များ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။ လနီမျိုးနွယ်စုခေါင်းဆောင်သည် သူမပိုင်နက်ထဲ၌ လူသားများကို ရှင်သန်ခွင့် ပေးထားခြင်းသည် ထိုကဲ့သို့သော ပါရမီရှင်များကို စုဆောင်းလိုသည့် အတွက်ကြောင့် ဖြစ်သည်။

ဆေးပညာရှင်များ၊ ပန်းပဲပညာရှင်များ…

ဆယ်နှစ်တိုင်း၊ ဆယ်နှစ်တိုင်း၊ ဆေးပြိုင်ပွဲနှင့် ပန်းပဲပြိုင်ပွဲကြီး ကျင်းပလေ့ရှိသည်။ ထိုပြိုင်ပွဲတွင် ထူးထူးချွန်ချွန် စွမ်းဆောင်ပြနိုင်ပါက အနိမ့်ကျခံဘဝမှ လွတ်မြောက်၍ နန်းတော်သို့ သွားကာ မျိုးနွယ်စုခေါင်းဆောင် လက်အောက်တွင် အမှုထမ်းနိုင်ပေလိမ့်မည်။

ချီယွဲ့သည် လွန်ခဲ့သော နှစ်များအတွင်း ထိုကဲ့သို့သော ပညာရှင်များကို အဆက်မပြတ် စုဆောင်းခဲ့သည်။ ဤကဲ့သို့ ခမ်းနားကြီးကျယ်သော မြင်ကွင်းကိုပင် ဖြစ်ပေါ်စေနိုင်သည့် ဆေးလုံးအား ဖော်စပ်နိုင်သည့် ဆေးဝိဇ္ဇာအဆင့်ရှိ ဆေးပညာရှင်ကို မျိုးနွယ်စုခေါင်းဆောင် နှစ်သက်မည်မှာ မေးနေစရာပင် မလိုတော့ချေ။

တစ်နည်းဆိုရသော် တည်းခိုခန်းထဲရှိ ဆေးဝိဇ္ဇာကြီးသည် လနီ မျိုးနွယ်စုခေါင်းဆောင်၏ ကာကွယ်မှုကို ရရှိထားသည့် လူတစ်ယောက် ဖြစ်သည်ဟု ပြော၍ရလေပြီ။ မီထျန်းသည် သတ္တိရှိလျှင်ပင် လနီမျိုးနွယ်စု၏ ပိုင်နက်ထဲ၌ လနီမျိုးနွယ်စု ခေါင်းဆောင်ကို သွားမဆန့်ကျင်ရဲချေ။ ထိုကဲ့သို့ လုပ်ခြင်းသည် လနီမျိုးနွယ်စု ပိုင်နက်ထဲရှိ ပညာရှင်အားလုံးကို ရန်စလိုက်ခြင်း မည်ပေသည်။

ချက်ချင်းဆိုသလို သူသည် ပွဲကြည့်ပရိတ်သတ် တစ်ဦးဘဝသို့ ရောက်ရှိသွားခဲ့လေသည်။

သူ့ရှေ့ရှိ အဖြစ်အပျက်ကို ကြည့်ရင်း ယင်ကောင်တစ်ကောင်ကို မျိုချမိလိုက်သလို မီထျန်း ခံစားနေခဲ့ရသည်။

လစန္ဒာမြို့၏ မရေမတွက်နိုင်သော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ တည်းခိုခန်းအား ဝိုင်းထားသည်ကို မြင်သော် ရန်ကိုင် ရယ်သွမ်းသွေးလိုက်လေသည်။

နန်းတော်ထဲသို့ သွားရမည်ကို သူမကြောက်ချေ။ လနီမျိုးနွယ်စု ခေါင်းဆောင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်ပင်၊ အခွင့်အရေးရသည်နှင့် လေဟာနယ်တာအိုကို အသုံးပြုပြီး ထွက်ပြေးလာနိုင်သည်။ ထို့အပြင် သူသည်လည်း ဆေးဝိဇ္ဇာတစ်ဦးပင် မဟုတ်လေလော။

သူ့လက်ရှိ ဆေးစွမ်းရည်သည် ရှနင်းချန်ကထပ်ပင် ပိုမြင့်ကာ တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ်ဆေးလုံးများကိုပင် သန့်စင်နိုင်၏။ သူ့အရည်အချင်းကိုသာ ထုတ်ပြလိုက်လျှင် လနီမျိုးနွယ်စု ခေါင်းဆောင်သည် သူ့အား ဧည်သည့် တစ်ယောက် ဧကန်အမှန် ဆက်ဆံပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့်များသည် ကြယ်စီရင်စုထဲတွင်ပင် အလွန်ကိုမှ ရှားပါးသော တည်ရှိမှုများ ဖြစ်ကြသည်။ မွန်းစတား ဧကရာဇ်ကြယ်ပေါ်တွင် ဆေးဝိဇ္ဇာကဲ့သို့ ဆေးပညာရှင်တစ်ဦး တစ်ခါမှ မပေါ်လာဖူးချေ။

“ကောင်လေး၊ ငါမင်းကို ဒီအထိပဲ ကူညီပေးလို့ ရတော့မယ်။ နန်းတော်ထဲမှာ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ မင်းတို့အပေါ် မူတည်သွားပြီ။ ဒါပေမယ့် ဒီလူအိုကြီး သတိပေးလိုက်ဦးမယ်။ မင်းနန်းတော်ထဲမှာ အသက်ရှင်ချင်တယ်ဆိုရင် အရမ်းကြီး မြောက်ကြွမြောက်ကြွ လုပ်လို့ မဖြစ်ဘူးနော်” ဟဘဲက ရန်ကိုင်ကို ကြည့်၍ သတိပေးလိုက်သည်။

ရန်ကိုင် ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်သည် “ကျုပ်တို့ကို ကူညီပေးဖို့ အတွက်နဲ့ စီနီယာဘဟဲ ကိုယ်ဘယ်သူလဲ ဆိုတာကိုတောင် ဖုံးကွယ်ဖို့ မကြိုးစားတော့တာ ဘာလို့လဲ ကျုပ်သိလို့ရမလား”

“မင်းကို ကူညီရုံတင်မဟုတ်ဘူး။ ငါလည်း ဒီအခွင့်အရေးကိုသုံးပြီး နန်းတော်ကို ပြန်သွားပြီး မျိုးနွယ်စုခေါင်းဆောင်ဆီ သွားပြီး တောင်းပန်မလို့”

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ဘဟဲသည် လွန်ခဲ့သော နှစ်နှစ်ရာခန့်ကတည်းက မျိုးနွယ်စုခေါင်းဆောင်မှ သတ်လိုက်သည့် အတွက် သေသွားပြီဟု အခြားမျိုးနွယ်စုဝင်များ ပြောနေကြသော စကားကို ရန်ကိုင် ပြန်အမှတ်ရလိုက်သည်။

သို့သော်လည်း သူသည် အကောင်းအတိုင်း ရှိနေခဲ့သည်။

ထို့ကြောင့် သူနှင့် လနီမျိုးနွယ်စုခေါင်းဆောင်ကြား တစ်ခုခု ဖြစ်ခဲ့လောက်သည်။ ကောလဟာလများထဲကကဲ့သို့ ဘဟဲသည် အသတ်မခံလိုက်ရဘဲ ချီယွဲ့မှ သူ့အား လွှတ်ပေးခဲ့ခြင်း ဖြစ်လောက်၏။

သို့သော်လည်း အခြားသူများ၏ ဇာတ်လမ်းအကြောင်း ရန်ကိုင် စိတ်မဝင်စားချေ။ ထို့ကြောင့် ခေါင်းညိတ်၍သာ “အဲ့လိုဆိုမှတော့ ဒါက ယာယီပူးပေါင်းတာပေါ့”

“အင်… နန်းတော်ဆီ ပြန်ဖို့အပြင် ဒီလူအိုကြီး မင်းဆီကနေ နောက်ထပ် အကူအညီတောင်းစရာ တစ်ခု ရှိသေးတယ်” ဘဟဲက အနည်းငယ် ရှက်ရွံ့နေသည့် လေသံဖြင့် ရုတ်တရက် ပြောလိုက်၏။

“ဘာလဲ”

“မင်းစီနီယာအစ်မကို ငါ့အတါွက် ဆေးလုံး တစ်လုံးလောက် ဖော်စပ်ပေးဖို့ ပြောပေးလို့ရမလား” ဘဟဲက ပွင့်ပွင့်လင်းလင်း ပြောချလိုက်လေသည်။ ပြောပြီးသည်နှင့် အလျင်အမြန် ဆက်၍ ပြောလိုက်သည် “လိုအပ်တဲ့ ပစ္စည်းတွေကို ငါအကုန်လုံး စုဆောင်းပြီသွားပြီ။ ဆေးဖော်စပ်ဖို့လူပဲ လိုနေတာ။ ဆေးဖော်စပ်ခကိုလည်း ငါထိုက်ထိုက်တန်တန် ပေးမယ်ကွာ”

“အဲ့ဒါကို ကျွန်တော့် စီနီယာအစ်မ ထွက်လာမှ ပြောကြတာပေါ့။ စီနီယာ တောင်းဆိုတာကို လက်ခံမလား၊ လက်မခံဘူးလား ဆိုတာကတော့ သူ့စိတ်အခြေအနေပေါ် မူတည်လိမ့်မယ်။ သူခင်ဗျားကို ကူညီချင်ရင်လည်း ကူညီမှာပေါ့” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။

ဒီကောင်… မြစ်ဖြတ်ပြီးတာနဲ့ တံတားကိုဖျက်ဖို့ လုပ်နေတာလား ဘဟဲစိတ်၍ တွေးလိုက်မိသည်။

တည်းခိုခန်းပေါ်ရှိ ဖြစ်စဉ်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ထင်ရှားလာခဲ့သည်။ မကြာမီ ဝဲကတော့ကြီးသည် ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်လုနီးပါး အရွယ်အစားအထိသို့ ကြီးထွားလာခဲ့လေသည်။

ဤထိုစွမ်းအားသည် ကျင့်ကြံသူတစ်ယောက် တန်ခိုးရှင်အဆင့် သို့မဟုတ် ထို့ထက်ပိုမြင့်သည့် အဆင့်သို့ ဖြတ်ကျော်သည့် အခါမှသာ ဖြစ်ပေါ်လာလေ့ရှိသော စွမ်းအားမျိုး ဖြစ်သည်။

ဆေးလုံးတစ်လုံးသည် ထိုကဲ့သို့ မြင်ကွင်းမျိုးကို ဖြစ်စေလိမ့်မည်ဟု မည်သူမှ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြလေသည်။

တည်းခိုခန်းထဲရှိ ဆေးဝိဇ္ဇာသည် မည်သို့သော ဆေးလုံးမျိုးအား ဖော်စပ်နေသလဲ ဆိုသည်ကို အကုန်လုံး သိချင်မိသွားကြသည်။

သို့သော်လည်း လေးထဲရှိ သင်းပျံ့လှသော ဆေးရနံ့မှာ ထိုဆေးလုံးသည် တန်ခိုးရှင်အဆင့် ဆေးလုံးတစ်လုံး ဖြစ်ကြောင်း သူတို့အား သိရှိလိုက်ကြသည်။

တန်ခိုးရှင်အဆင့် ဆေးပညာရှင်များသည် မွန်းစတားဧကရာဇ်ကြယ်၌ ဆယ်ယောက်ကျော်လောက်သာ ရှိကြပြီး အဆင့်အမြင့်ဆုံးသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် ဖြစ်သည်။ မွန်းစတားဧကရာဇ်ကြယ်တွင်၊ ဤဆေးဝိဇ္ဇာသည် လူသားတစ်ယောက် ဖြစ်နေသည့်တိုင်၊ မည်သည့် မွန်းစတားမျိုးနွယ်စုဝင်မှ သူ့အား မလေးမစား မလုပ်ရဲချေ။

လူသားများသည် ဤကျင့်ကြံရေးကြယ်ပေါ်တွင် အဆင့်အတန်း နိမ့်သည့်လူများ ဖြစ်ကြသော်လည်း အရည်အချင်းရှိသည့် လူများကိုမူ အဆင့်အတန်းမြင့်မြင့် ထားပေသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ လနီမျိုးနွယ်စုခေါင်းဆောင်ကြောင့် ဖြစ်သည်။ သူမသာ လူသားမျိုးနွယ်စုမှ ပါရမီရှင်များအား ခေါ်ယူစုဆောင်းခြင်းမျိုး မပြုလုပ်ခဲ့လျှင် လနီမျိုးနွယ်စုသည် ယခုလောက် အင်အားကောင်းနေလိမ့်မည် မဟုတ်ချေ။ လနီမျိုးနွယ်စု၏ ခွန်အားသည် မွန်းစတားမျိုးနွယ်စုကြီး ဆယ်ခုအနက် ထိပ်ဆုံးသုံခုထဲ ပါပေသည်။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က လနီမျိုးနွယ်စုသည် မျိုးနွယ်စု ဆယ်ခုထဲတွင် အားအနည်းဆုံး ဖြစ်ခဲ့ပေသည်။

နှစ်တစ်ထောင်အတွင်း လနီမျိုးနွယ်စုသည် နောက်ဆုံးအဆင့်မှ ထိပ်သုံးမျိုးနွယ်စုသုံးခုထဲသို့ ဝင်ရောက်လာနိုင်ခဲ့သည်။ လနီမျိုးနွယ်စုသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မွန်းစတား ဧကရာဇ်ကြယ်၏ အားအကောင်းဆုံး ပိုင်နက်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။

ရပ်ကြည့်နေကြသော မွန်းစတားမျိုးနွယ်စုဝင်များနှင့် မတူသည်မှာ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဆေးပညာရှင်တစ်ဦး ဖြစ်သည်။ ထွက်ပေါ်လာသော ဆေးရနံ့ကို ရှုရှိုက်ရင်းဖြင့် ရှနင်းချန်း ဆေးဖော်စပ်ရာတွင် မည်သည့်အဆင့်သို့ ရောက်နေပြီ ဖြစ်မှန်းကို ခန့်မှန်းနိုင်သည်။ လက်ရှိတွင် ရန်ကိုင်သည် ဝဲကတော့ကြီးထဲရှိ ပြောင်းလဲမှုများကို သေချာ အာရုံစိုက်ကြည့်နေခဲ့သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၇၃)

ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကို ရှနင်းချန် ဖော်စပ်ဖူးသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူမသာ ဤဆေးလုံးကို ဖော်စပ်လိုက်နိုင်မည် ဆိုလျှင် သူမ၏ ဆေးစွမ်းရည်သည် အဆင့်ပေါင်းများစွာ ခုန်တက်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် တော်ဝင်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက် သူမ၏ သိုင်းတာအို ခရီးလမ်းသည်လည်း ပို၍ တိုးတက်လာရပေလိမ့်မည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်…

ယခုတစ်ကြိမ် ဖော်စပ်သည့် ဆေးလုံးသည် သူ့စီနီယာမမလေး အတွက် အတော်လေးကို အရေးပါပေသည်။ ထို့ကြောင့် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တည်းခိုခန်း တစ်ခုလုံးကို လွှမ်းခြုံထားလိုက်လေသည်။

ကံကောင်းစွာဖြင့် ဘဟဲနှင့် မာကဲနကဲ့သို့သော ပညာရှင်များ ရှိနေသည့်အပြင် မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူများစွာကလည်း စော်င့ကြပ်နေသည့်အတွက် မည်သူမှ လာပြနာမရှာရဲခဲ့ကြပေ။

“ဆေးနံ့က တော်တော်လေး သင်းလာနေပြီ။ ကြည့်ရတာ ပြီးတော့မယ်နဲ့ တူတယ်”

“ဘယ်လိုဆေးလုံးကို ဖော်စပ်နေတာလဲမသိဘူး။ အနံ့ရှုလိုက်ရုံနဲ့တင် ငါကြုံတွေ့နေရတဲ့ အဆစ်တစ်ဆို့ အတားအဆီးတွေ ပျက်စီးသွားသလိုပဲ”

အကုန်လုံးသည် အချင်းချင်းကြိတ်၍ ဆွေးနွေးနေကြသော်ငြား မည်သည့် ဆေးလုံး ဖော်စပ်နေသလဲ ဆိုသည်ကိုမူ မည်သူမှ မခန့်မှန်းနိုင်ခဲ့ချေ။

ရုတ်တရက် ကောင်းကင်ထက်တွင် လည်ပတ်နေသော ဝဲကတော့ကြီးသည် ရှင်းပြမရသော ဆွဲယူခြင်း၏ ခံလိုက်ရသည့်နှယ် တည်းခိုခန်းထဲသို့ အရူးအမူး စီးဝင်တော့၏။

ဝဲကတော့ကြီးသည် ဖန်ခေါင်းပြွန်ပုံစံအတိုင်း တည်းခိုဆောင်ထဲသို့ စီးဝင်တော့လေသည်။

လက်ဖက်ရည် ခွက်တစ်ဝက်စာ ကြာပြီးနောက်တွင် ဝဲကတော့ကြီး နှင့်အတူ အနီးအနားတွင် စုဝေးနေသော မိုးမြေစွမ်းအင်အားလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားတော့လေသည်။ လေထဲတွင် ဝဲပျံ့နေသော‌ ဆေးနံ့သည်ပင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့၏။

တည်းခိုဆောင်တစ်ခုလုံး တိတ်ဆိတ်သွားကုန်လေပြီ။

အောင်မြင်သွားခဲ့သလား… ကျရှုံးသွားခဲ့လေသလား။

လူတိုင်း သိချင်နေမိကြသည်။ အကုန်လုံးသည် လည်တိုင်ကို ရှည်နိုင်သမျှရှည်အောင် ဆန့်ရင်း တည်းခိုးခန်ပေါက်ဝဆီသို့ လှမ်းကြည့်နေခဲ့ကြသည်။

ဆေးဝိဇ္ဇာကြီးသည် လူငယ်လေးလား၊ လူအိုကြီးလား၊ အမျိုးသမီးလား၊ အမျိုးသားလား၊ ဆိုသည်ကို မည်သူမှ မသိကြ။ အကုန်လုံးသည် ဆေးဖော်စပ်ရသည့် လူများ မဟုတ်ကြသော်ငြား ဆေးလုံး အောင်မြင်သွားလား၊ မအောင်မြင်ဘူးလား ဆိုသည်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်စောင့်စားနေကြလေသည်။

သာမန်ကျင့်ကြံသူများသာ ထိုကဲ့သို့ ခံစားနေကြရရုံ မဟုတ်ဘဲ မာကဲန၊ ဘဟဲနှင့် မီထျန်းတို့သည်လည်း ထိုကဲ့သို့ ခံစားနေကြရ၏။ အပေါ်ယံ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း တလက်လက် တောက်ပနေသော မျက်ဝန်းအစုံသည် သူတို့ မည်မျှ ရင်ခုန် စိတ်လှုပ်ရှားနေသလဲ ဆိုသည်ကို ဖော်ပြနေခဲ့သည်။

ရန်ကိုင်သာလျှင် ယဲ့ယဲ့လေး ပြုံးနေခဲ့သည်။

ဆေးတိမ်တိုက်ပါသော ဆေးလုံးကို သူ့စီနီယာမမလေး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပေသည်။

သူ့စီနီယာမမလေး၏ အရည်အချင်းနှင့် ပါရမီအရ၊ နှောင့်ယှတ်ခြင်းသာ မခံရလျှင် ဤကဲ့သို့ အောင်မြင်သည်မှာ သဘာဝသာ ဖြစ်သည်။ သို့သော်လည်း ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ခြင်းမှ ရလာသည့် ထိုထွင်းသိမြင်မှုများ၊ နားလည်မှုများကို သေချာဆင်ခြင်သုံးသပ်ရန်အတွက် အချိန်ခဏတော့ ယူရပေလိမ့်ဦးမည်။

ရန်ကိုင်သည် လူအုပ်ကြီးအား ထိုအကြောင်းကို မပြောခဲ့ဘဲ ဝင်ပေါက်ဝတွင်သာ ရပ်စောင့်နေခဲ့လေသည်။

တစ်ရက်… နှစ်ရက်…

အပြင်ဘက်တွင် ရပ်စောင့်နေသူများအားလုံး ရင်တမမ၊ ဖင်တကြွကြွ ဖြစ်နေခဲ့ကြသော်လည်း စောင့်ရပါကြာလာသော် လူအချို့ တိတ်တဆိတ် ထွက်ခွာသွားကုန်ကြပြီး ဤကိစ္စကို အမှန်တကယ် စိတ်ဝင်စားသည့် ပညာရှင်အချို့သာ ကျန်ရစ်ခဲ့၏။

ဘဟဲသည် ရန်ကိုင်ဆီမှ သဲလွန်စလေးများ ရလိုရငြား ရန်ကိုင်အား လှမ်းလှမ်း၍ ကြည့်နေခဲ့သည်။ သို့သော်လည်း ရန်ကိုင်သည် မျက်နှာထား တည်တည်ဖြင့်သာ ရှိနေသဖြင့် သူဘာသဲလွန်စကိုမှ ဆွဲမထုတ်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်နေရတော့သည်။

မျက်တောင်တစ်ခတ်အတွင်း ငါးရက် ကုန်ဆုံးသွားခဲ့သည်။

သို့တိုင် တည်းခိုခန်းတစ်ခုလုံးသည် ငြိမ်သက်နေသေးသည်။

ထိုအမျှ အချိန်ကြာသည်အထိ စောင့်ရသည့်နောက်တွင် လူတိုင်း စိတ်မရှည် ဖြစ်လာခဲ့ကြလေသည်။

“ဒီလောက်ဆို လုံလောက်ပြီ” မီထျန်းက ရုတ်တရက် ပြောလိုက်၏ “တည်းခိုခန်းထဲက ဆေးပညာရှင် ဆေးဖော်စပ်တာ မအောင်မြင်ဘူးနဲ့ တူတယ်။ ဒါကြောင့် ကျုပ်တို့ကိုတွေ့ဖို့ အပြင်ကို ထွက်မလာရဲတာ။ စီနီယာမာကဲန၊ ခင်ဗျားလူတွေကို ဒီလူကို ဖမ်းဖို့ အမိန့်ပေးလိုက်တော့”

“ဖမ်းမှာ။ ဘယ်သူ့ကို ဖမ်းမှာလဲ” ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ စူးရဲစွာ စိုက်ကြည့်ရင်း ပြန်မေးလိုက်သည် “ဘယ်သူလုပ်ရဲလဲ”

မီထျန်းက ပြန်၍သာ လှောင်ပြောင်ဆိုလိုက်လေသည် “လူသား၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ဒီနေရာက မင်းဆုံးဖြတ်လို့ ရတဲ့နေရာလို့ ထင်နေတာလား။ စီနီယာမာကဲန၊ ဒီကောင်က စီနီယာကိုတောင် မျက်လုံးထဲ မထည့်ဘူး။ စီနီယာ မလှုပ်ရှားရင်၊ ဒီသခင်လေး ကိုယ်တိုင်ပဲ လှုပ်ရှားလိုက်တော့မယ်။ ဒီကောင်နဲ့ ကျုပ်ကြားက ရန်ကြွေး ပြီးပြတ်သေးတာ မဟုတ်ဘူး”

မာကဲန မျက်မှောင်ကြုတ်သွားခဲ့ပြီး ဘာလုပ်ရ ဘာကိုရမှန်း မသိတော့ချေ။ ထို့ကြောင့် မသိလိုက်မသိဘာသာနဲ့ ဘဟဲဆီ လှမ်း၍ ကြည့်လိုက်မိသည်။

ထိုအခြင်းအရာကို မြင်သော် ဘဟဲက ယဲ့ယဲ့လေးပြုံးလျက် “ဆေးဝိဇ္ဇာကြီး ဆေးဖော်စပ်တာ မအောင်မြင်ဘူး ဆိုရင်တောင် ဆေးဖော်စပ်လိုက်ရုံနဲ့ ဒီလို မြင်ကွင်းမျိုးကို ဖြစ်သွားစေတယ် ဆိုကတည်းက သူဘယ်လောက်တော်ကြောင်း ပြပြီးသွားပြီ။ မျိုးနွယ်စုခေါင်းဆောင် သခင်မက ဒီလို ပါရမီရှင်တွေကို နှစ်သက်မှာ ကျိန်းသေပဲ”

ထိုစကားကို ကြားသော် မာကဲန ချက်ချင်း အသိဝင်လာပြီး ခေါင်းညိတ်၍ “ဆရာဘဟဲပြောတာ မှန်တယ်။ ဆေးဖော်စပ်ရုံနဲ့ ဒီလို မြင်ကွင်းမျိုးကို ဖြစ်စေနိုင်တဲ့ ဘယ်ဆေးပညာရှင်ကိုမှ ဒီမြို့သခင် မတွေ့ဖူးဘူး။ ဒီလို ပါရမီရှင်မျိုးကို မျိုးနွယ်စုခေါင်းဆောင် သခင်ဆီ ကျိန်းသေ ခေါ်သွားရမယ်”

သူတို့ ထိုကဲ့သို့ ပြောနေကြစဉ်၊ တည်းခိုခန်းတွင်းမှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

အကုန်လုံး၏ အမူအရာ ပြောင်းလဲသွားပြီး အသံကြားရာဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြလေသည်။

ရန်ကိုင်၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး တည်းခိုခန်းဆီသို့ အလျင်အမြန် လမ်းလျှောက်သွားလိုက်၏။

ခဏအကြာတွင် ကျော့ရှင်းတင့်တယ်သော မိန်းမလှလေးတစ်ဦး တည်းခိုခန်းထဲမှ ထွက်လာခဲ့သည်။

အစက ဆေးဝိဇ္ဇာဟုခေါ်သောလူအား ကြည့်မရ ဖြစ်နေသည့် မီထျန်းသည် ထိုအမျိုးသမီးကို မြင်ပြီးနောက်တွင် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း အမျိုးသမီး၏ အလှအပထဲ နစ်မြောသွားလေတော့သည်။

မျက်လုံးတစ်ထောင် မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည့် အတွက် မီထျန်းတွင် မိန်းမလှလေးများ မရှာပါးချေ။ သူလိုချင်လျှင် လူသားမျိုးနွယ်မှကော၊ မွန်းစတားမျိုးနွယ်စုမှ မိန်းမလှလေးများကို ရနိုင်သည်။

သို့သော်လည်း ထိုအမျိုးသမီးကို မြင်လိုက်ချိန် သူ့ရင်အစုံ လှုပ်ရှားသွားခဲ့ရသည်။

သူမ၏ ခန္ဓာကိုယ် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှသလောက် သူမ၏ မျက်နှာလေးလည်း မည်မျှ လှပမည်လဲ ဆိုသည်ကို မီထျန်း အလွန် သိချင်နေမိသည်။

သို့သော်လည်း အပေါ်ဘက်သို့ မော့ကြည့်လိုက်ချိန် မီထျန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ထိုအမျိုးသမီးသည် သူမ၏ မျက်နှာကို အနက်ရောင် ဇာပါဝါဖြင့် လွှမ်းခြုံထားခဲ့လေသည်။ သို့သော်လည်း သူမ၏ သလင်းကျောက် ကဲ့သို့ ကြည်လင်၍ ပြစ်မျိုးမှဲ့မထင် မျက်ဝန်လေးသည် မြင်သူတိုင်းကို မိန်းမောသွားအောင် လုပ်နိုင်သည်အထိ လှပလှ၏။

နဖူးထက်တွင် ဝတ်ဆင်ထားသော မြကျောက်လေးကြောင့် ထိုအမျိုးသမီးသည် ပုံမှန်ထက်ကို ပို၍ လှပနေခဲ့သည်။

ပြစ်မျိုးမှဲ့မထင်တဲ့ အလှဆိုတာကို ဒါမျိုးကိုပြောတာ ရှနင်းချန်ကို မြင်လိုက်သည်နှင့် ဤအတွေးသည် မီထျန်းစိတ်ထဲ ပထမဆုံး ပေါ်လာသည့် အတွေး ဖြစ်သည်။

ထိုခြောက်ပစ်ကင်းလဲ သန့်စင်သော အလှတရားကို ရှုစားရင်း ထိုသန့်စင်လှသည့် အညစ်တရားကို ညစ်ထေးအောင် လုပ်ပစ်ချင်သည့်စိတ်ထဲ မီထျန်း၏ ရင်ထဲ ထွက်ပေါ်လာခဲ့သည်။ ထပ်မံ မော့ကြည့်လိုက်ချိန် ထိုမျက်နှာကာနှင့် အလှတရားသည် ပို၍ နှစ်လိုဖွယ်ကောင်းသည်ကို တွေ့ရှိနေရသည်။

မျက်နှာကာကိုသာ ဖယ်လိုက်လျှင် သူမ ဤမျှ ဆွဲဆောင်မှု ကောင်းချင်မှ ကောင်းပေတော့မည်။ သို့သော် မျက်နှာကာ ရှိနေသည့်အတွက် သူမ၏ အလှတရားသည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းနေခဲ့သည်။

မီထျန်း၏ မျက်ဝန်းထဲ ညစ်ကျယ်ကျယ် အလင်းတို့ ထွက်ပေါ်လာပြီး သူ့နှုတ်ခမ်းထက် အပြုံးယဲ့ယဲ့လေးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

“တောင်းပန်ပါတယ်နော် ဂျူနီယာမောင်လေး” ရှနင်းချန်က အားတုံ့အားနာ အမူအရာဖြင့် ပြောလိုက်လေသည်။

ဆေးဖော်စပ်နေစဉ်က အပြင်က အပြင်အပျက်များကို သူမ သတိပြုမိသည်။ သို့သော် ဆေးဖော်စပ်ခြင်းတွင်သာ အပြည့်အဝ အာရုံစိုက်ထားသည့်အတွက် ထိုအဖြစ်အပျက်များကို သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။ ယခု ဆေးဖော်စပ်ပြီးတော့မှသာ အပြင်ဘက်ရှိ အကြောင်းအရာ အားလုံးကို သတိပြုမိသွားတော့သည်။

ဆေးလုံးကို ဖော်စပ်ရာတွင် အံ့ဩဖွယ်ရာ မြင်ကွင်းကြီးတစ်ရပ် ဖြစ်ပေါ်လာခဲ့လေရာ လူပေါင်းများစွာ ဤနေရာသို့ လာရောက် စုဝေးနေကြသည်မှာ သဘာဝသာ ဖြစ်သည်။

ယခု တည်းခိုခန်းဝင်တွင် ရပ်စောင့်နေသော ရန်ကိုင်နှင့် ခပ်လှမ်းလှမ်း နေရာမှ ရပ်ကြည့်နေသော လူများကို မြင်ပြီးနောက် ရန်ကိုင် ထိုလူများကို တားဆီးထားခဲ့မှန်း သူမ နားလည်လိုက်၏။

“ဘာမှတောင်းပန်နေစရာ မလိုဘူး။ စီနီယာမမလေး ကျေးဇူးကြောင့်ပဲ ကျွန်တော်တို့ နန်းတော်ထဲကို ဝင်ခွင့်ရတော့မှာ” ရန်ကိုင်က ပြုံး၍ ရှနင်းချန်၏လက်ကို ကိုင်ကာ ဘဟဲဆီသို့ လမ်းလျှောက်သွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မီထျန်း၏မျက်နှာကြီး မဲ့သွားပြီး ရန်ကိုင်အား ပိုပို၍ အမြင်မကြည် ဖြစ်လာခဲ့သည်။ သူလိုချင်နေသည့် အရာတစ်ခုခုကို အခြားတစ်ယောက်မှ ဖြတ်လုသွားသလို သူ့ရင်ထဲ ခံစားလိုက်ရသည်။

“အမျိုးသမီးလား” မာကဲန မှင်သက်သွားခဲ့သည်။

ရှနင်းချန် ပေါ်လာသည်ကို မြင်သည့်အခါ မွန်းစတားမျိုးနွယ်စုမှ ကျင့်ကြံသူအားလုံး မှင်သက်သွားခဲ့ကြသည်။

တည်းခိုခန်းထဲတွင် ရှိနေသော ဆေးဝိဇ္ဇာကြီးသည် အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ ထို့အပြင် အလွန်ကိုမှ ချောမောလှပသည့် မိန်းကလေး တစ်ဦးလည်း ဖြစ်နေသေးသည်။

သူတို့ ထင်ထားသည့် ဆေးဝိဇ္ဇာကြီးမှာ ဆံပင်ဖြူဖြူနှင့် လူအိုကြီး တစ်ဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြင်နေရသည့်လူနှင့် သူတို့ ထင်နေသည့်လူ အကြီးကြီး ကွဲလွဲနေသည်ကို မြင်သည့်အခါ သူတို့ အားလုံး ကြောင်သွားခဲ့ကြခြင်း ဖြစ်သည်။

မာကဲန သူ့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်နေသဖြင့် ဘဟဲဆီသို့ လှမ်း၍ပင် ကြည့်လိုက်၏။

“ဘာမှသံသယ ဝင်နေစရာမလိုဘူး။ အဲ့ဒါ မင်းတို့ စောင့်နေတဲ့ ဆေးဝိဇ္ဇာကြီးပဲ။ သူဒီကို ဒီလူသားကောင်လေးနဲ့ အတူတူ လာခဲ့တာ” ဘဟဲက ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ မာကဲနသည် အလျင်အမြန် ရှေ့သို့ တက်သွားပြီး လက်သီးဆုပ်၍ “လစန္ဒာမြို့တော် မြို့သခင် မာကဲနက ဆေးဝိဇ္ဇာကြီးကို နှုတ်ဆက်ပါတယ်”

မာကဲနသည် အတတ်နိုင်ဆုံး ဖော်ရွေနိုင်သလောက်‌ ဖော်ရွေနေခဲ့သည်။

အစပိုင်း၌ ရှနင်းချန် အနည်းငယ် ပျာယာခတ်သွားသော်ငြား ချက်ချင်းပဲ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ကျော့ရှင်းစွာ ဦးညွှတ်၍ “မြို့သခင် ယဉ်ကျေးလွန်းနေပပါပြီ။ ဆေးဝိဇ္ဇာဆိုတဲ့ အဆင့်က ဒီအမျိုးသမီးလေးနဲ့ မထိုက်တန်သေးပါဘူးရှင့်”

သူမ၏ အသံသည် နွေဦးစမ်းချောင်းလေးနှယ် ကြည်လင်လာပြီး ပျားသကာကဲ့သို့ ချိုသာလှသည်။ သူမ၏ အသံလေးကို ကြားလိုက်သည့်အခိုက် မွန်းစတားမျိုးနွယ်စုဝင်များစွာ၏ ရင်ထဲ လှိုက်လှိုက်လှိုက်လှိုက် ဖြစ်သွားကုန်ကြလေသည်။

ပြစ်မျိုးမှဲ့မထင်အလှတရား… ရစ်မူးဖွယ်ရာ မျက်ဝန်း… ပျားသကာနှယ် ချိုသာလှသည့်အသံ… ထိုမျှသာ မဟုတ်သေးဘဲ ဆေးပညာတွင်လည်း တစ်ဖက်ကမ်းခတ် ထူးချွန်သေး၏။ မျိုးနွယ်စုချင်း မတူချင်လျှင် ထိုအမျိုးသမီးသည် လိုက်ပိုးပန်းသင့်သည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့်… သူမတွင် ပိုင်ရှင် ရှိနေခဲ့လေပြီ။ သူမနှင့် လက်ချင်းချိတ်ထားသော ရန်ကိုင်ကိုကြည့်ရင်း မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်များ၏ရင်ထဲ မနာလို အားကျစိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

ရှနင်းချန်၏ နှိမ့်ချမှုကြောင့် မာကဲန ရယ်ရယ်မောမော ဖြစ်သွားပြီး အလျင်စလို ပြန်ပြောလိုက်လေသည် “ဟုတ်သားပဲ၊ မိန်းကလေးကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျုပ်တို့ လနီမျိုးနွယ်စုရဲ့ တစ်ချိန်က နံပါတ်တစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့ တန်ခိုးရှင်ဘုရင်အဆင့်အောက် ပြိုင်ဘက်ကင်း ဆရာဘဟဲပါပဲ”

“စီနီယာဘဟဲကိုလည်း နှုတ်ဆက်ပါတယ်” ရှနင်းချန်က နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်သည်။

ဘဟဲက ရယ်မောလျက် “မိန်းကလေး ဒီလောက်အထိ နှိမ့်ချနေစရာ မလိုပါဘူး။ အခုလို ခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းကို မြင်ခွင့်ပေးတဲ့အတွက် ဒီလူအိုကြီးကတောင် ကျေးဇူးတင်ရဦးမှာ”

ရှနင်းချန်ဆီက အကူအညီ တောင်းရဦးမည် ဖြစ်သဖြင့် သူမရှေ့တွင် သွားမမောက်မာရဲခဲ့ချေ။

“ဒါကတော့ မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်ရဲ့ သခင်လေး မီထျန်းပါ” မာကဲက မီထျန်းကို လက်ညိုးထိုး၍ မိတ်ဆက်ပေးလိုက်သည်။

မီထျန်းသည် ရှေ့သို့ တစ်လှမ်းတိုး၍ ဖော်ရွေစွာ ပြုံးလျက် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည် “ဒီက မိန်းကလေးကို အခုလို မြင်တွေ့ခွင့်ရတာ ဒီသခင်လေးအတွက် ကောင်းကင်က ပေးတဲ့ ကံကောင်းခြင်းပါပဲ”

ယခုတစ်ကြိမ်တွင်တော့ ရှနင်းချန်သည် ခေါင်းညိတ်ရုံလေးသာ ပြန်ခေါင်းညိတ်ပြလိုက်ပြီး ယခင်လို ပြန်နှုတ်ဆက်မနေတော့ပေ။

ဘာကြောင့်မှန်းမသိ၊ မီထျန်းကို မြင်လိုက်ချိန် သူမရင်ထဲ သတိပေး မောင်းခတ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးသာပြုံးလိုက်သည်။

“မိန်းကလေး လွန်ခဲ့တဲ့ ရက်ပိုင်းက သန့်စင်ခဲ့တဲ့ ဆေးလုံးကလေ၊ အဲ့ဆေးလုံး ဖော်စပ်တာ…” မာကဲနသည် ရှနင်းချန်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်၍ မေးလိုက်လေသည်။

ဘဟဲသည်လည်း သူမ ပြန်ပြောမည့်စကားကို သေချာ အာရုံစိုက်နေခဲ့သည်။

ရှနင်းချန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။ သူမ၏ ကြိုးစားအားထုတ်မှု ရလဒ်များကို အခြားသူများအား မပြချင်ချေ။

“ပြလိုက်၊ ကျွန်တော်တို့ နန်းတော်ထဲ ဝင်ရ၊ မဝင်ရက အဲ့အပေါ်မှာ မူနေတယ်” ရန်ကိုင်က ရှနင်းချန်၏ နားနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်၏။ သူ့လုပ်ရပ်ကြောင့် ရှနင်းချန်၏ ခန္ဓာကိုယ်လေး တုန်ရီသွဦးခဲ့ပြီး လည်တိုင်တစ်လျှောက်လုံး ရဲတက်သွားခဲ့ရလေ၏။

သို့သော်လည်း ရန်ကိုင်က ထိုကဲ့သို့ ပြောလာသဖြင့် ရှနင်းချန်လည်း သူမ၏ ဆေးလုံးကို ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်ပေးလိုက်လေသည်။

ရန်ကိုင်သည် ထိုကျောက်စိမ်းသေတ္တာကို ယူ၍ ဖွင့်ပင်မကြည့်ဘဲ ဘဟဲဆီသို့ လှမ်းပစ်ပေးလိုက်သည် “ဆေးလုံးက အထဲမှာ၊ စီနီယာ တစ်ချက် ကြည့်ကြည့်လိုက်”

ဘဟဲ အမူအရာ လေးနက်သွားခဲ့ပြီး ကျောက်စိမ်းသေတ္တာကို သေချာကိုင်ရင် အဖုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

ဆေးလုံး ပေါ်လာသည့်အခိုက် ဘဟန့် အလန့်တကြား အော်ပြောမိလိုက်လေသည် “ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံး”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၇၄)

ဘဟဲပြောသည်ကို ကြားလိုက်သည့်အခိုက် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

မာကဲနဆိုလျှင် အံ့ဩလွန်းသဖြင့် မျက်လုံးနှစ်လုံးပင် အပြင်သို့ ထွက်ကျလုမတတ် ဖြစ်နေခဲ့လေသည်။

ဆေးလုံး မျက်နှာပြင်ပေါ်တွင် သိပ်သည်းလှသော စွမ်းအင် အရှိန်အဝါတို့ ဖြာထွက်နေသော တိမ်တိုက်တစ်လွှာ ရှိနေခဲ့သည်။

ထိုဆေးလုံး ဆေးတိမ်တိုက်ပါသော ဆေးလုံး ဖြစ်သည်မှာ ဘာမှ သံသယ ရှိနေစရာ မလိုချေ။ ဆေးတိမ်တိုက်ပါသော ဆေးလုံးအား သူတို့ တစ်ခါမှ မမြင်ဖူးသော်လည်း ထိုဆေးလုံးကို မြင်လိုက်သည်နှင့် ထိုဆေးလုံးသည် ဆေးတိမ်တိုက်ပါသော ဆေးလုံး ဖြစ်မည်မှန်း ချက်ချင်း တန်းသိလိုက်သည်။

အနီးအနားရှိ မိုးမြေစွမ်းအင်များသည် ထိုဆေးလုံးထဲသို့ ဖြည်းဖြည်းချင်း စီးဝင်နေခဲ့လေသည်။

အချိန်သာ အလုံအလောက်ပေးလိုက်လျှင် ထိုဆေးလုံး၏ အာနိသင်မှာ ကြောက်မက်ဖွယ်ရာ အဆင့်ထိ ရောက်သွားပေလိမ့်မည်။ သို့သော် ထိုသို့ ဖြစ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည်မှာ မလွဲမသွေပင်။

ထိုသို့ဆိုလျှင် ထိုဆေးလုံး၏ တန်ဖိုးသည် တန်ဖိုးဖြတ်မရအောင်ကို မြင့်မားလွန်းလှသည်။

“ဆရာဘဟဲ၊ ဒါက တန်ခိုးရှင်အဆင့်ဆေးလုံးလား” မာကဲနသည် ရှေ့သို့တိုး၍ တုန်ရီနေသည့် လေသံဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ တန်ခိုးရှင်အဆင့်ဆေးလုံးပဲ” ဘဟဲက ခေါင်းညိတ်၍ ပြောလိုက်သည်။

ဆေးလုံးအဆင့်မြင့်လေ၊ ဆေးသွေးကြော၊ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ရ ပိုခက်ခဲလေပင်။ အလွန်တော်သော ဆေးပညာရှင်များသည် ဆေးဖော်စပ်နေရင်း ကံကောင်းသွားခဲ့လျှင် ဆေးသွေးကြော သို့မဟုတ် ဆေးတိမ်တိုက်ပါသော ဆေးလုံးများ ဖြစ်ကြသည့် အဆင့်နိမ့်ဆေးလုံးများ၊ ဥပမာပြောရသော် မြေကမ္ဘာ အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဆေးတိမ်တိုက်ပါသော တန်ခိုးရှင်အဆင့်ဆေးလုံး မဆိုထားနှင့် ဆေးသွေးကြောပါသော တန်ခိုးရှင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆေးပညာရှင်အကြောင်းပင် သူတို့ တစ်ခါမှ မကြားဖူးကြချေ။

မွန်းစတားဧကရာဇ်ကြယ်ပေါ်တွင် ရှိနေသော အတော်ဆုံး ဆေးပညာရှင်ပင်လျှင် ဤကဲ့သို့ မလုပ်နိုင်ချေ။ ထို့အပြင် ထိုဆေးဝိဇ္ဖာသည် တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။

ဤအမျိုးသမီးသည် ဆေးပညာရှင် ဘယ်လောက်များ တော်နေသဖြင့် ဤကဲ့သို့ ဆေးတိမ်တိုက်ပါသော တန်ခိုးရှင် အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ရသနည်း။ သူမ ကံကောင်းသွားခြင်း သက်သက်များ ဖြစ်နေမလား၊ သို့မဟုတ် သူမကိုယ်တိုင်က တကယ်ကို တော်နေခြင်းပေလား။

ဘဟဲ အလွန်ကိုမှ အံဩနေမိတော့သည်။

အစောပိုင်းက ဖြစ်ပေါ်လာသည့် မြင်ကွင်းသည်မှာလည်း အလွန် အဆင့်မြင့်သော ဆေးလုံးကို ဖော်စပ်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်မှန်း ယခုမှပဲ ဘဟဲ နားလည်သွားတော့သည်။ သို့သော်လည်း ဤဆေးလုံးသည် အဆင့်မြင့် ဆေးလုံးများထက်ပင် ပိုအဖိုးတန်ပေသည်။

သူမတွင် ဤသို့သော ဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိသဖြင့် ဤလူသားသည် မွန်းစတားဧကရာဇ်ကြယ်တစ်ခုလုံးကို အထင်သေး နှိမ့်ချချင်လျှင်ပင် နှိမ့်ချနိုင်သည့် အရည်အချင်း ရှိပေသည်။

သူမသည် ဆေးဝိဇ္ဇာဟူသော ဂုဏ်ပုဒ်ထက် ပိုမို မြင့်မားသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်သည့် ဆေးပညာရှင်တစ်ဦး ဖြစ်ပေသည်။

ဟဘဲသည် ရှနင်းချန်အား အံ့ဩတကြီး ကြည့်နေပြီးနောက် မာကဲနဘက်သို့ လှည့်၍ “ပြီးတော့ ဒါက တန်ခိုးရှင်အခြေတည် ဆေးလုံးပဲ”

မာကဲန သက်ပြင်းတစ်ရှိုက်တစ်ချက် ရှိုက်လိုက်သည်။

တန်ခိုးရှင်အခြေတည် ဆေးလုံးသည် တန်ခိုးရှင်အဆင့် ဆေးလုံး တစ်လုံးသာ ဖြစ်သော်လည်း ထိုဆေးလုံးသည် အချို့သော တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးလုံးများထက်ပင် ပို၍ ဖော်စပ်ရ ခက်ပေသည်။

ဤဆေးလုံးနှင့် ဆိုပါက မည်သည့် သူတော်စင်ဘုရင် တတိယအဆင့် မဆို တန်ခိုးရှင်အဆင့်သို့ အတားအဆီးမရှိ အဆင့် ချိုးဖျက်နိုင်ပေလိမ့်မည်။

“ဒီတော့ ဒီဆေးဝိဇ္ဇာက အနည်းဆုံး တန်ခိုးရှင်အလယ်အလတ် အဆင့် ရှိနေတဲ့ ဆေးဝိဇ္ဇာပေါ့” မာကဲနက မေးလိုက်သည်။

“မပြောတတ်ဘူး…” ဘဟဲလည်း တရားသေ ကောက်ချက် မချရဲချေ။ ဆေးလုံးကို ကျောက်စိမ်းသေတ္တာထဲသို့ သေသေချာချာ ထည့်သိမ်းလိုက်ပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်၏။ ထို့နောက် “ဘာပဲဖြစ်ဖြစ် ဒီဆေးဝိဇ္ဇာကို နန်းတော်ဆီ လုံလုံခြုံခြုံ လိုက်ပို့ပေးရမယ်။ မင်းဘာလုပ်ရမလဲ နားလည်တယ်မလား”

“ဆရာဘဟဲ စိတ်ချထားလိုက်တယ်။ ကျုပ်လုပ်ရမှာကို ကျုပ်ကောင်းကောင်း နားလည်တယ်” မာကဲနက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

ဆေးလုံး မည်မျှ အဖိုးတန်ကြောင်း သိလိုက်ပြီးသည့်နောက်တွင် မာကဲန၏ ရှနင်းချန်အပေါ် ဆက်ဆံပုံသည် ယခင်ထက် ပို၍ လေးလေးစားစား ရှိလာခဲ့သည်။ သူမအား မြို့သခင်စံအိမ်တွင် နားနေမလားဟုပင် ဖိတ်ခေါ်လိုက်သေးသည်။

လက်ရှိတွင် ရှနင်းချန်စိတ်ထဲ အတော်လေး မကျေမနပ် ဖြစ်နေမိသည်။

သူမ ပထမဆုံး ဖော်စပ်ဖူးသည့် ဆေးတိမ်တိုက်ပါသော ဆေးလုံးသည် မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ၏ ယူဆောင်သွားခြင်း ခံလိုက်ရသည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း သူမအား နှစ်သိမ့်ပေးရတော့၏။

မာကဲန သူတို့အား မြို့သခင်စံအိမ်ဆီသို့ ဘာကြောင့် ဖိတ်ခေါ်နေရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်ပေသည်။ ထို့ကြောင့် ရှနင်းချန်ကိုယ်စား ဝင်သဘောတူလိုက်လေသည်။

ရန်ကိုင်သည် အစောပိုင်းက ရှနင်းချန်အတွက် ပြောပေးနေမှန်း သိလိုက်သည့်အတွက် ရှနင်းချန်အပေါ် လေးစားသောအားဖြင့် လစန္ဒာမြို့ထဲတွင် ရန်ကိုင်ရှာခဲ့သည့် ပြဿနာအားလုံးကို ကျေအေးပေးလိုက်တော့လေသည်။ ထို့နောက် စီနီယာအစ်မနှင့် ဂျူနီယာမောင်လေးတို့ နှစ်ယောက်ကို မြို့သခင်စံအိမ်တွင် အနားယူရန် အားတက်သရော ဖိတ်ခေါ်တော့လေသည်။

မီထျန်းသည်လည်း သူတို့နှင့်အတူ မြို့သခင်စံအိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သည့်အတွက် သူသွားသည့်နေရာတိုင်း လူတိုင်း၏ အာရုံစိုက်မှု ရခံသင့်သည်။ သို့သော်လည်း လစန္ဒာမြို့ဆီသို့ လာသည့်ခရီးတွင် သူ့ကျော်ကြားမှုကို ရှနင်းချန်မှ အပြီးတိုင် လုယူသွားခဲ့လေသည်။

ထိုအချက်နှင့် ပက်သက်၍ မီထျန်း ဒေါသလည်း မထွက်မိသလို မနာလိုဝန်တိုခြင်းလည်း မဖြစ်မိချေ။ တကယ်တော့ ထိုအမျိုးသမီးသည် အနှေးနှင့်အမြန်ဆိုသလို သူ့အပိုင် ဖြစ်လာတော့မည် မဟုတ်လော။ ထို့ကြောင့် ထိုမျှလောက်ကို သူဂရုစိုက်မနေခဲ့ချေ။

ရှနင်းချန်သည် သူ့အပိုင် ဖြစ်လာရလိမ့်မည်ဟု သူ့စိတ်ထဲ တထစ်ချ မှတ်ယူနေခဲ့သည်။

ရန်ကိုင်နှင့် ရှနင်းချန်သည် မြို့သခင်စံအိမ်တွင် နှစ်ရက်ကြာအောင် အနားယူခဲ့သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ရန်ကိုင်နှင့် ရှနင်းချန်သည် သူတို့၏ ခြံဝန်းထဲတွင် နားနေရင်း အစစ်အမှန်ဆေးပညာကျမ်းအကြောင်း ဆွေးနွေးခဲ့ကြသည်။

ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်ပြီးသည့်နောက်တွင် ရှနင်းချန်၏ ဆေးပညာလမ်းစဉ်အပေါ် ထိုးထွင်းနားလည်မှုများမှာ အဆပေါင်းများစွာ ခုန်တက်မြင့်မားလာသည့်အတွက် သူမနှင့် စကားပြောဆွေးနွေးရင်းမှ ရန်ကိုင်ပင်လျှင် အတော်လေး အကျိုးအမြတ် ရရှိလိုက်ရလေသည်။

နှစ်ရက်အကြာတွင် မာကဲနသည် ရန်ကိုင်နှင့် ရှနင်းချန်တို့အား နန်းတော်ဆီသို့ သွားရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း လူကိုယ်တိုင် လာရောက် အကြောင်းကြားခဲ့သည်။

ရန်ကိုင်နှင့် ရှနင်းချန်သည် နည်းနည်းလေးမှ အချိန်ဆွဲမနေဘဲ ချက်ချင်း မာကဲနနှင့်အတူ မြို့သခင်စံအိမ်အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

မြို့သခင်စံအိမ်တွင် စည်းစနစ်ကျကျဖြင့် တန်းစီစောင့်နေသော တန်ခိုးရှင်အဆင့် ပညာရှင် အယောက်သုံးဆယ်ကျော် ရှိနေခဲ့၏။ ထိုလူအားလုံးသည် ရှနင်းချန်အား နန်းတော်ဆီသို့ လိုက်ပါ စောင့်ရှောက်ပေးရမည့် အစောင့်များ ဖြစ်ကြသည်။

ရှနင်းချန်ကဲ့သို့ ပညာရှင်တစ်ဦးကို နန်းတော်ဆီသို့ မရောက်မချင်း မည်သည့် မတော်တဆ ဖြစ်သွားစေ၍ မဖြစ်ချေ။

ဘဟဲနှင့် မီထျန်းတို့ပါ ရှိနေသည့်အတွက် သူတို့အား ပြဿနာ ရှာရဲသည့်လူလည်း ရှိလောက်လိမ့်မည် မဟုတ်ချေ။

မာကဲနသည် ရှနင်းချန် စီးဖို့ရာအတွက် လှပသော လှည်းတစ်စီးကိုလည်း ပြင်ဆင်ပေးထားခဲ့လေသည်။ ထိုလှည်းကို ဆွဲသည့် မွန်းစတားသားရဲနှစ်ကောင်သည် မီထျန်း၏ မိုးကြိုးမီးတောက်ဖွတ်များနှင့် ယှဉ်၍မရသော်လည်း ထိုမွန်းစတားသားရဲများသည် အတော်လေး အားကောင်းသည့် အဆင့်ရှစ် မွန်းစတားသားရဲများ ဖြစ်နေကြပေသေးသည်။

မာကဲန၏ တောင်းဆိုချက်ကြောင့် ရှနင်းချန်လည်း လှည်းယာဉ်ပေါ် မတက်ချင်တက်ချင်ဖြင့် တက်လိုက်လေသည်။ ဝံပုလွေကဲ့သို့သော မွန်းစတားသားရဲများ စီးနင်းထားသည့် ရှေ့ဆုံးမှ ဦးဆောင်သွားပြီး တန်ခိုးရှင်အဆင့်ပညာရှင် အယောက်သုံးဆယ်ကျော်သည် နောက်ဆုံးမှ လိုက်လာခဲ့သည်။ လက်ကျန် လူများမှာမူ ဘေးဘက်ဆီမှ အသီးသီး လိုက်လာခဲ့ကြလေသည်။

သူတို့၏ ကျင့်ကြံခြင်းအရ ကြယ်လွန်းပျံနှင့် သွားလိုက်ခြင်းသည် ပို၍ မြန်ဆန်မည် ဖြစ်သော်လည်း ရှနင်းချန်၏ အရေးပါမှုကို ပြသလိုသည့် အတွက် ယခုကဲ့သို့ ကိန်းကြီးခန်းကြီး ပုံစံနှင့် သွားခဲ့ရခြင်း ဖြစ်သည်။

ရန်ကိုင်သည်လည်း ရှနင်းချန်နှင့်အတူ လှည်းယာဉ်ထဲတွင် လိုက်ပါလာခဲ့လေသည်။

သူကိုယ်တိုင်က လှည်းယာဉ်ထဲ ထိုင်စီးချင်သည်မဟုတ်၊ သူ့စီနီယာမမလေးက တစ်ယောက်တည်း နေရသည်မှာ အနည်းငယ် မသက်မသာ ဖြစ်သည်ဟု ပြောနေသည့်အတွက် သူကိုယ်တိုင်လည်း သူမနှင့်အတူ လှည်းလိုက်စီးရခြင်း ဖြစ်သည်။

မီထျန်းသည် မီးတောက်မတတ် မျက်ဝန်းအစုံဖြင့် ဝံပုလွေကဲ့သို့သော မွန်းစတားသားရဲကို စီး၍ လှည်းယာဉ်နောက်မှ လိုက်လာခဲ့သည်။

ထိုကဲ့သို့သော ထူးချွန်လှသည့် အမျိုးသမီးတစ်ဦးသည် သူနှင့်သာ လိုက်ဖက်သည်။ ထိုလူသားသည် အားကောင်းသော်လည်း သူသည် အဆင့်နိမ့် လူသားတစ်ဦးသာ ဖြစ်နေသေးသည်။

တရင်းတနှီး ပြုမူနေကြသော ထိုနှစ်ဦးကိုကြည်ရင်း မီထျန်း၏ ရင်ထဲ ဒေါသမီးတောက်တို့ တောက်လာခဲ့ရလေသည်။

မင့်စောင့်နေ၊ မကြာခင် ငါ့သားရဲနှစ်ကောင်အတွက် ဒီသခင်လေး မင်းနဲ့ စာရင်းလာရှင်းမယ် မီထျန်းက သူ့ရင်ထဲ ကြိတ်၍ ပြောလိုက်၏။

လမ်းခရီးတစ်လျှောက်လုံး မည်သည့် အန္တရာယ်နှင့်မှ သူတို့ မကြုံတွေ့ခဲ့ရချေ။ ဤနေရာသည် လနီပိုင်နက် ဖြစ်သည်။ ထို့အပြင် လစန္ဒာမြို့သခင်ကိုယ်တိုင်ကလည်း ပညာရှင်များစွာ နှင့်အတူ လိုက်ပါစောင့်ရှောက်နေသည့်အတွက် မည်သူမှ လာရောက် ပြဿနာ မရှာရဲသည်မှာ သဘာဝသာ ဖြစ်သည်။

ငါးရက်ခန့် သွားပြီးနောက်တွင် အားလုံးရှေ့တယ် ကြီးကျယ် ခမ်းနားသော အဆောက်အဦးများ ထွက်ပေါ်လာခဲ့သည်။

လနီမျိုးနွယ်စုခေါင်းဆောင် နေသည့် အဓိကနန်းတော်ထဲ၌ နန်းတော်များစွာနှင့် စံအိမ်များစွာ တည်ရှိပေသည်။ ထိုအရာ အားလုံးကို တောင်ကြီးတစ်တောင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ တောက်အောက်ခြေမှ တဖြည်းဖြည်း တက်သွားလိုက်ပါက လမ်းတစ်လျှောက် သေသပ်သပ်ရပ်စွာ တည်ဆောက်ထားသော နန်းတော်ငယ်လေးများကို မြင်တွေ့နိုင်ပေသည်။

ဤနေရာသည် လခြမ်းတောင်ဖြစ်ပြီး လနီမျိုးနွယ်စုခေါင်းဆောင် နေသည့်နေရာ ဖြစ်ပေသည်။

လနီမျိုးနွယ်စုပိုင်နက်ထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များ၏ အမြင်၌ ဤနေရာသည် သူတို့၏ ကြီးကျယ်ခမ်းနားသော မျိုးနွယ်စုခေါင်းဆောင် သခင်မချီယွဲ့ နေသည့် တော်ဝင်နယ်မြေ တစ်ခု ဖြစ်ပေသည်။

ရန်ကိုင်သည် လှည်းပေါ်တွင် ရပ်လျက် သူ့ရှေ့တည့်တည့်သို့ လှမ်း၍ ကြည့်နေခဲ့သည်။

“အစ်မချင်းလော့က အဲ့မှာ ရှိနေတာလား” ရှနင်းချန်က မေးလိုက်သည်။

“ဟုတ်လောက်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“သူအခု ဘယ်လိုရှိနေမလဲ သိချင်လိုက်တာ။ အစ်မချင်းလော့က အရင်ထက် ပိုလှနေလောက်မှာပဲ” ရှနင်းချန်က ရေရွတ်လိုက်၏။

ဗဟိုမြို့တော်တွင် ရှိစဉ်က ရှန်ချင်းလော့ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးသည်။ ထိုအလွန်ကိုမှ ဆွဲဆောင်အားပြင်းသည့် အမျိုးသမီးကို သူမစိတ်ထဲ သေသေချာချာ မှတ်မိနေခဲ့သည်။

ထိုမျှ ဆွဲဆောင်အား ပြင်းလွန်းသည့် အမျိုးသမီးကို သူမတစ်သက် တစ်ခါမှ ရှနင်းချန် မတွေ့ခဲ့ဖူးချေ။ သူမကိုယ်တိုင်ပင်လျှင် ထိုအလှထဲ တဒင်္ဂတာခန့် မျောပါသွားရဖူးသည်။

ထိုအလှတရားသည် ရှန်ချင်းလော့၏ မွေးရာပါ ညို့ဓါတ်တစ်မျိုး ဖြစ်သည်။ ဤလောကကြီးတွင် ရှန်ချင်းလော့အား အလှတရားထဲ နစ်မျောသွားခြင်း မရှိသည့် ယောကျာ်းကော ရှိမှ ရှိပါလေပါ့မလားဟု ရှနင်းချန် တွေးလိုက်မိသည်။

“မကြာခင် သိရမှာပေါ့” ရန်ကိုင်က ရှနင်းချန်၏ လက်ကို ပုတ်ပေးလိုက်ရင်း သူမလက်ကို ဆွဲဖက်လျက် လှည်းယာဉ်ထဲ ထွက်လာလိုက်လေသည်။

“သခင်မချီယွဲ့ရဲ့ နန်းတော်က တကယ် ခမ်းနားတာပဲ။ ဒီသခင်လေး ကိုယ်တိုင် တွေ့ချင်နေခဲ့တာ ကြာပြီ” မီထျန်းသည် ရန်ကိုင်နှင့် ရှနင်းချန်တို့ အတွဲကို မကြည့်မိအောင် ထိန်းထားရင်း ပြောလိုက်၏။ ထိုနှစ်ယောက်ကို ကြည့်လိုက်တိုင် သူ့ရင်ထဲ ဒေါသ ထွက်လာရသည့်အတွက် မကြည့်မိအောင်သာ ရှောင်တော့သည်။

“သွားကြတာပေါ့။ ဒီကနေစပြီး လမ်းပဲ လျှောက်ရတော့မယ်။ မျိုးနွယ်စုခေါင်းဆောင်သခင်မလည်း ကျုပ်တို့ ရောက်နေတဲ့ အကြောင်း သိပြီးသားဆိုတော့ ကျုပ်တို့ကို ကြိုဆို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လိမ့်မယ်” မာကဲနက လက်ဝှေ့ရမ်း၍ မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များသည် ထိုနေရာတွင် စောင့်နေရစ်ရန် အမိန့်ပေးလိုက်ပြီးနောက် ရန်ကိုင်နှင့် အခြားသူများအချို့ကို ဦးဆောင်ကာ ရှေ့တက်သွားလေ၏။

လနီမျိုးနွယ်စုခေါင်းဆောင်သည် သူတို့ အကြောင်းကို သတင်း ရပြီးသည်မှာ ကြာပြီဖြစ်သည့်အတွက် သူတို့ကို စောင့်ကြိုရန် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားခဲ့ပေသည်။

မာကဲနနှင့် အခြားသူများ ရောက်လာချိန် ထိုမွန်းစတား မျိုးနွယ်စုဝင် ကျင့်ကြံသူသည် ရှနင်းချန်အား တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်၍ “ခင်ဗျား အလုပ်ကြိုးစားခဲ့ပြီးသွားပြီ။ ဒီဆေးဝိဇ္ဇာကို နန်းတော်ဆီ လိုက်ပါ ပို့ဆောင်ပေးတဲ့အတွက် မာကဲနကို ဆုကောင်းကောင်းပေးမယ်လို့ မျိုးနွယ်စုခေါင်းဆောင်က ပြောထားတယ်။ အခုလောလောဆယ်တော့ နန်းတော်ရဲ့ ဧည့်သည်ဆောင်နေရာမှ ခဏလောက် စောင့်နေပေးပါဦး”

မာကဲန အပြုံးကြီးပြုံးလိုက်ပြီး အလျင်အမြန် ကျေးဇူးတင်လိုက်၏။

ထို့နောက် ဦးဆောင်လာသည့် ကျင့်ကြံသူက ဘဟဲဘက်သို့ လှည့်၍ ပြောလိုက်သည် “သူ့ကိုဖမ်း”

ရုတ်တရက် အဘက်ဘက်မှ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ ပေါ်လာပြီး ဘဟဲဆီသို့ ပြေးဝင်လာခဲ့လေသည်။ ဘဟဲသည် နည်းနည်းလေးမှ မခုခံဘဲ ကြည်ကြည်ဖြူဖြူဖြင့် အဖမ်းခံလိုက်သည်။

“မတွေ့ရတာတောင် ကြာသွားပေမယ့် မင်းက အရင်ကလို ရက်စက်နေတုန်းပါလား တုန်းရှီ” ဘဟဲက ပြုံးလိုက်သည်။

“မင်းကတော့ ပိုပြီးတော့တောင် အရှက်မဲ့လာသေးတယ်။ ဒီတစ်ကြိမ်တော့ လခြမ်းတောင်ကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားတော့နဲ့” တုန်းရီဟုခေါ်သော မွန်းစတား မျိုးနွယ်စုဝင် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့်‌ ပြောလိုက်သည်။

“ငါသေမယ်၊ ရှင်တာကို မျိုးနွယ်စုခေါင်းဆောင် သခင်မကပဲ ဆုံးဖြတ်လိမ့်မယ်။ တုန်းရီ မင်းနဲ့ငါ သိလာတာ ကြာပြီဆိုတော့ သခင်မရှေ့ရောက်ရင် ငါ့ကောင်းကြောင်းလေးတွေ ပြောပေးဖို့ မင်းကို အားကိုးနေမယ်နော်”

“အိမ်မက်မက်နေလိုက်” တုန်းရီက နှာခေါင်းရှုံ့၍ “ဒါပေမယ့် စိတ်ချထားလိုက်။ သခင်မသာ သေမိန့်ပေးလိုက်ရင် မင်းကို ငါကိုယ်တိုင် မရဏလမ်းပို့ပေးမယ်”

“မင်းတကယ် ရက်စက်ပါလား”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၅၇၅)

ဘဟဲ ဖမ်းခံရသည်ကို မြင်လိုက်ချိန် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဘဟဲ၏ ယုံကြည်ချက်ရှိနေသည့် အမူအရာကို မြင်ပြီးနောက်တွင် ထိုသို့ ဖြစ်လာမည်ဟု ဘဟဲ ကြိုသိထားလိုက်ကြောင်း နားလည်လိုက်သည်။

မီထျန်းကိုလည်း တစ်ယောက်ယောက်မှ နွေးထွေးစွာ လာရောက် ကြိုဆိုလေသည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့ကို မွန်းစတား မျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးမှာ လာရောက် ခေါ်ဆောင်ခဲ့၏။

ထိုအမျိုးသမီးသည် အကောင်သာ သေးသော်လည်း သူမ၏ အသက်စွမ်းအင်မှာ အတော်လေး အားကောင်းသလို ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်ပထမအဆင့်သို့ ရောက်နေခဲ့၏။ နားရွက်နှစ်ဖက်မှာတော့ ကြောင်နားရွက်နှင့် ခပ်ဆင်ဆင်ပင်။

ထိုအမျိုးသမီးအား တစ်ချက်ကြည့်ပြီးနောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်ရှုခင်းများကိုသာ လှည့်ပတ်ကြည့်နေတော့သည်။

“မိန်းကလေးခင်ဗျ။ ကျုပ်တို့အခု သခင်မချီယွဲ့ကို သွားတွေ့မှာပါလား” ခဏအကြာတွင် ရန်ကိုင်က မေးလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်မှာ အခြား အရေးကြီး ကိစ္စတွေ ရှိနေလို့ ရှင်တို့ကို အခုချက်ချင်း လာတွေ့နိုင်ဦးမှာ မဟုတ်သေးဘူး။ ရှင်တို့ကို ဧည့်ခံဖို့ အခြား တစ်ယောက်ယောက်ကို တာဝန် ပေးထားတယ်” မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးသည် နောက်သို့ပင် ပြန်မကြည့်ဘဲ ပြောလိုက်သည်။

“ကျုပ်နားလည်ပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ဘာမေးခွန်းမှ ထပ်မေးမနေတော့ချေ။

ရှနင်းချန်သည် လန္စာမြို့တွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့သော်ငြား ချီယွဲ့သည် မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်အနက်မှ တစ်ဦး ဖြစ်သည့်အတွက် သူမအား သူကိုယ်တိုင် လာရောက် မကြိုဆိုသည်မှာ သဘာဝသာ ဖြစ်သည်။

သို့သော်လည်း ချီယွဲ့သည် ရှနင်းချန်အား မလေးမစား မလုပ်ခဲ့ပေ။ သူမကို ကြိုဆိုရန်အတွက် အဆင့်အတန်း မြင့်မားသည့် တစ်ယောက်ကို တာဝန်ပေးထားခဲ့ပေသည်။

ရန်ကိုင်သည် ရှန်ချင်းလော့ကိုသာ တွေချင်ခြင်း ဖြစ်ပြီး ချီယွဲ့ကို တွေ့ရရ၊ မတွေ့ရရ ကိစ္စမရှိပါချေ။ ချီယွဲ့ကို မတွေ့ရလျှင် ပို၍ပင် ကောင်းပေသေးသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် မျက်နှာချင်းဆိုင်ရသည်မှာ သူ့အတွက်ပင် အတော်လေး ဖိအားများပေသည်။

အခြားတစ်ဦးတစ်ယောက်မှ သူတို့အား လာကြိုမည့်အကြောင်း ကြားသော် ရန်ကိုင် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

ထိုအမျိုးသမီးနောက် လိုက်လာနေရင်းနှင့်မှ ရှနင်းချန်နှင့် မည်ကဲ့သို့ တွေ့အောင်လုပ်ရမည်လဲ ဆိုသည်နှင့်ပက်သက်၍ ကြိတ်ကာ အကြံထုတ်နေခဲ့လေသည်။

ဤနေရာတွင် သူ့ကောင်းကင်စိတ်အာရုံကို လက်လွတ်စပယ် မသုံးရဲချေ။ ထိုသို့သုံးလိုက်လျှင် ပြဿနာ အကြီးကြီး တက်နိုင်၏။

နာရီဝက်ခန့် လမ်းလျှောက်လာပြီးနောက်တွင် နန်းတော်ကြီး တစ်လုံးရှေ့သို့ ရန်ကိုင်တို့ ရောက်လာခဲ့ပြီး ထိုထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေသည်။

နန်းတော် အတွင်းပိုင်းသည် အတော်လေး ကျယ်ဝန်းပြီး ခန်းမ တစ်ခုလုံး လင်းထိန်နေခဲ့သည်။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူ များစွာသည် နန်းတော်၏ တစ်ဖက်တစ်ခြမ်းတွင် စီးတန် ရပ်နေကြပြီး တံခါးပေါက်ဆီသို့ စိတ်ဝင်တစား လှမ်းကြည့်နေကြ၏။

လစန္ဒာမြို့တွင် လူသားတစ်ဦးသည် ဆေးတိမ်တိုက်ပါသော ဆေးလုံး တစ်လုံးအား ဖော်စပ်ခဲ့သည့်အကြောင်း သူတို့ ကြားသိခဲ့ရသည်။ မြို့သခင်မာသည် ထိုလူသားကို မျိုးနွယ်စု ခေါင်းဆောင်အတွက် အလုပ်အကျွေး ပြုနိုင်ရန်အတွက် နန်းတော်ဆီသို့ ခေါ်လာမည်ဖြစ်ကြောင်း သူတို့ သိထားကြ၏။

ထိုမျှ ဆေးပညာတွင် ထူးချွန်ထက်မြက်သည့်လူသည် မည်သို့သော လူသားမျိုး ဖြစ်မလဲဆိုသည်ကို အကုန်လုံး သိချင်နေမိကြသည်။

ခန်းမထိပ်ပိုင်းတွင် ထိုင်နေသည်မှာ တန်ခိုးရှင်တတိယအဆင့် ပညာရှင်နှစ်ဦး ဖြစ်သည်။

ဘယ်ဘက်ရှိ တစ်ယောက်သည် ကြောက်မက်ဖွယ်ရာ အကြည့်နှင့် လူထွားကြီးတစ်ဦး ဖြစ်ပြီး ညာဘက်တွင် ထိုင်နေသည်မှာ လှပသော ရုပ်ဆင်းရူပကာနှင့် ကျော့ရှင်းတင့်တယ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။

အောက်ဘက်တွင် ရပ်နေသော မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများသည် ထိုအမျိုးသမီးအား မကြာမကြာ လှမ်း၍ ကြည့်နေကြသော်လည်း သူမ၏ အလှထဲ နစ်မြောသွားပြီး အသိပြန်မဝင်မည်ကို စိုးရွံ့သည့်အလား ကြည့်ပြီးသည်နှင့် ချက်ချင်း အကြည့်ပြန်လွှဲသွားကြလေသည်။

လက်ရှိတွင် ဘယ်ဘက်တွင် ထိုင်နေသည့် လူထွားကြီးမှာ စောင့်ရသည်ကို အနည်းငယ် စိတ်မရှည် ဖြစ်နေသည့်ပုံပင်။

ညာဘက်ရှိ အမျိုးသမီးမှာမူ မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်နေသည့် အမူအရာဖြင့် ခန်းမ အပြင်ဘက်ဆီသို့ လှမ်း၍ ကြည့်နေခဲ့သည်။

အချိန်ကြာလာသော်၊ အမျိုးသမီး၏ မျက်နှာထက် ဝမ်းသာ၊ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။ မူလက ပျင်းရိပျင်းတွဲ ထိုင်နေခဲ့သော်လည်း စိတ်လှုပ်ရှားစွာဖြင့် ခါးကို ကောက်ဆန့်လိုက်မိသည်။

တဖျက်ဖျက် တောက်ပနေသော မျက်ဝန်းအစုံဖြင့် နီစွေးစွေး နှုတ်ခမ်းအစုံကို ကိုက်လျက် ခန်းမအပြင်ဘက်ဆီသို့‌ ပြုံးလျက် မျှော်လင့်တကြီး လှမ်းကြည့်နေခဲ့သည်။

သူမ၏ အပြုအမူကြောင့် အောက်ဘက်ရှိ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများ မသက်မသာ ဖြစ်လာကြသည်။ သူမ၏ ပုံစံကို ကြည့်ရင်း အကုန်လုံး နှလုံးခုန် မြန်လာခဲ့ပြီး အာခေါင်များ ခြောက်လာခဲ့သည်။

ထိုအမျိုးသမီး ထိုကဲ့သို့ ပြုမူသည်ကို သူတို့ တစ်ခါမှ မတွေ့ဖူးချေ။ အကုန်လုံးသည် သူမ၏ အပြုံးတစ်ချက်ကြောင့် ဖြစ်ပေါ်လာရသော သူတို့ရင်ထဲရှိ အရိုင်းစိတ်ဆန္ဒများကို မခုခံနိုင်ခဲ့ကြပေ။ ထို့ကြောင့် အဆုံးမဲ့ အမှောင်ထုကြီးထဲ ထာဝရကျဆင်းသွားပြီး အလင်းရောင်ကို နောက်တစ်ဖန် ပြန်မမြင်နိုင်ဘူး ဆိုလျှင်ပင် ထိုအဆုံးမဲ့ အမှောင်ထုကြီးထဲသို့သာ ကျဆင်းသွားချင်မိတော့၏။

ချက်ချင်းဆိုသလို ခန်းမထဲ နှာခေါင်းရှုံ့သံများ ထွက်ပေါ်လာခဲ့၏။ မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူများစွာသည် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ပြီး သူတော်စင်ချီကို ချက်ချင်းပဲ လှည်ပတ်၍ ထိုစိတ်ဆန္ဒရိုင်းများကို အတင်းအကြပ် ချုပ်တည်းပစ်လိုက်ရသည်။

သူတို့သာ ထိုအမှောင်ထုထဲ ဆက်လက် နစ်မွန်းနေခဲ့လျှင် သူတို့ကိုယ်သူတို့ လုံးဝ ကယ်နိုင်တော့မည် မဟုတ်ချေ။

လမ်းလျှောက်နေသည့် ကပ်ဘေးကြီးပင်… မျိုးနွယ်စု ခေါင်းဆောင်၏ မွေးစားသမီးသည် တကယ့် ပြဿနာတုံးကြီး ဖြစ်သည်။ အလွန်ကျော်ကြားသော မြွေခွေးမျိုးနွယ်စုဝင်များပင် သူမလောက် စွဲမက်ဖွယ်မကောင်းလှချေ။

သူမသာ လူသားတစ်ယောက်သော် ဖြစ်သော်လည်း သူမ၏ ညို့ဓါတ်မှာ ဘာကြောင့် ထိုမျှ ပြင်းထန်နေရသနည်း။ သူတို့ မည်ကဲ့သို့ပင် စဉ်းစားစေကာမူ မွန်းစတားမျိုးနွယ်စုဝင်အားလုံး ထိုအချက်ကို လုံးဝ နားမလည်နိုင်ခဲ့ကြပေ။

မွန်းစတားမျိုးနွယ်စု၏ အတော်ဆုံး လူငယ်မျိုးဆက်ပင်လျှင် သူမနှင့် မထိုက်တန်ချေ။

“သူတို့ ဘာလို့ရောက်မလာသေးတာလဲ။ ဒီဦးလေး စောင့်နေရတာ စိတ်မရှည်တော့ဘူးနော်” နန်းတော်ထဲ မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုသံကြောင့် အနည်းငယ် စိတ်နှင့်ကိုယ်နှင့်မကပ် ဖြစ်နေသည့် မွန်းစတားမျိုးနွယ်စုဝင်များ ချက်ချင်း အသိပြန်ဝင်လာကြပြီး ခေါင်းမော့ကြည့်လိုက်ရာ စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီး ဘေးတွင် ရပ်နေသော လူထွားကြီးမှ အော်ဟစ်လိုက်ခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

လူထွားကြီးသည် ပင်အပ်များပေါ် ဖင်ခုထိုင်နေရသည့်နှယ် လက်ဝါးနှစ်ဖက်ကို ပွတ်လျက် ဖားဖားယားယားပြုံးရင်း သူ့ဘေးနား၌ ထိုင်နေသော အမျိုးသမီးဘက်သို့ လှည့်ကာ မေးလိုက်လေသည် “ညီမလေး၊ အစ်ကိုကြီးမှာ အခြား လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ နင်ပဲ စောင့်နေလိုက်ပါလားဟင်”

အမျိုးသမီးအား လူထွားကြီးဘက်သို့ လှည့်လာပြီး ပြုံး၍ ရယ်သွမ်းသွေးကာ “ယုရှုန်း၊ ဒီတာဝန်ကို မွေးစားအမေက တိုက်ရိုက်ပေးထားတာနော်။ အခုလာမယ့်လူက ဆေးဝိဇ္ဇာ၊ ဒီတော့ ကျွန်မတို့ဘက်က နည်းနည်းလေးမှာ တာဝန်လစ်ဟင်းလို့ မရဘူး။ အစ်ကိုကြီးရေ၊ ရှင်သာထွက်သွားလို့ မွေးစားအမေ သိသွားခဲ့ရင် ညီမလေးလည်း ဘာမှကူပြောပေးမှာ မဟုတ်ဘူးနော်”

“အဟမ်း…” ယုရှုန်း ကသိကအောက် အမူအရာဖြင့် ပြုံးလိုက်၏။ သူ့မွေးစားအမေ ဒေါသထွက်သည့်အခါ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ ကျော့ရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ချက်ချင်း လက်ဝှေ့ရမ်း၍ “ငါဒီအတိုင်းပဲ ပြောကြည့်လိုက်တာ၊ အတည်ယူစရာ မလိုဘူး”

ယူရှုန်း၏ စကားသံ ဆုံးသွားသည်နှင့် မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦး ခန်းမထဲသို့ လျှောက်ဝင်လာပြီး ကျော့ရှင်းစွာ ဦးညွှတ်၍ ပြောလိုက်လေသည် “ဧည့်သည်တွေကို ခေါ်လာခဲ့ပါပြီ ဆရာတို့”

“နောက်ဆုံးတော့ ရောက်လာပြီပေါ့” ရှုရှုန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံးလျက် “ဆေးဝိဇ္ဇာဆိုတဲ့လူလည်း သူ့ဂုဏ်သတင်းအတိုင်း တော်လား ကြည့်ရသေးတာပေါ့။ လျှောက်ပြီးတော့ ချဲ့ကားပြောထားတာဆိုရင်တော့ ဒီအဖေ ကိုယ်တိုင် တစ်စစီ ဆွဲဖြဲပစ်မယ်”

ချီယွဲ့သည် လူသားမျိုးနွယ်စုဝင် ပညာရှင်များကို အလွန် တန်ဖိုးထားသည့်အတွက် လူသားများစွာသည် မျိုးနွယ်စု ခေါင်းဆောင်၏ နန်းတော်ထဲသို့ဝင်ကာ ထိုနေရာတွင် အလုပ်လုပ်ပြီး လခြမ်းတောင်တွင် နေထိုင်ချင်ကြသည်။

သို့သော် လူသားအများစုသည် သူတို့ စွမ်းရည်များကို ချဲ့ကားပြီးတော့သာ ပြောကြပြီး တကယ့် အရည်အချင်းမှာမူ အပြောနှင့် မလိုက်ဖက်နိုင်အောင် ဖြစ်ခဲ့သည်။ ထို့သို့ ဖြစ်လာသည့် လူအားလုံးသည် ယုရှုန်း၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံကြရလေသည်။

ထို့ကြောင့် မည်သည့် ပါရမီရှင်ကိုမဆို ယုရှုန်း အများကြီး မျှော်လင့်မထားခြင်း ဖြစ်ပြီး သူကိုယ်တိုင် တွေ့ရမှ ယုံ၏။ ယခုတစ်ကြိမ် လူသားတစ်ယောက်မှ ဆေးတိမ်တိုက်ပါသော တန်ခိုးရှင်အဆင့် ဆေးလုံးအား ဖော်စပ်နိုင်ခဲ့သည် ဆိုသော အဖြစ်အပျက်ကိုလည်း သူမယုံသင်္ကာ မဖြစ်ခဲ့ချေ။ လစန္ဒာမြို့သခင် ဆုလာဒ်လိုချင်သည့်အတွက် ချဲ့ကားပြောဆိုခဲ့ခြင်းသာ ဖြစ်သည်ဟု ယုံကြည်နေမိသည်။

“သူတို့ကို ဝင်လာခိုင်းလိုက်” ယုရှုန်းဘေးတွင် ရပ်နေသော အမျိုးသမီးသည် စိတ်လှုပ်ရှားမှုများကို တတ်နိုင်သမျှ ဖိနှိပ်ရင်း အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့” မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးသည် ခေါင်းညိတ်၍ နောက်သို့လှည့်ကာ လက်ယပ်ခေါ်လိုက်သည်။

သူမ ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသားနှင့် အမျိုးသမီး တစ်ဦး နန်းတော်ထဲသို့‌ ဘေးချင်းယှဉ် လမ်းလျှောက်ဝင်လာခဲ့၏။ ဝင်လာပြီးသည်နှင့် မကြာခင်မှာပဲ နှစ်ယောက်စလုံး၏ အကြည့်သည် မိန်းမလှလေးပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ပြုံးလိုက်ချိန် ရှနင်းချန်မှာမူ နှုတ်ခမ်းလေးကွေးလျက် တခစ်ခစ် ရယ်တော့သည်။

ခန်းမထိပ်ပိုင်းတွင် ရပ်နေသော အမျိုးသမီး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့ပြီး သူမ၏ မျက်ဝန်းများမှာလည်း ရီဝေဝေ ဖြစ်လာခဲ့လေသည်။ သို့သော်လည်း လူအုပ်ကြီးရှေ့၌ အသိစိတ်လွတ်မသွားအောင် သူမကိုယ်သူမ အချိန်မှီ ပြန်ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် မေးလေးမော့လျက် ရန်ကိုင်အား အချစ်အမုန်းတို့ ရောယှတ်နေသည့် အကြည့်ဖြင့် အံကြိတ်ကာ လှမ်းကြည့်လိုက်၏။

“ဆရာတို့၊ သူတို့နှစ်ယောက်ပါပဲ” မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးက တင်ပြလိုက်သည်။

“ဟေး၊ တစ်ယောက်ပဲ ဖြစ်ရမှာလေ။ ဘယ်လိုလုပ်ပြီး နှစ်ယောက် ဖြစ်နေရတာလဲ” ယုရှုန်းက ရန်ကိုင်အား ကြည့်၍ ပြောလိုက်၏။

မွန်းစတားမျိုးနွယ်စုဝင် အမျိုးသမီးက ပြန်ပြောလိုက်သည် “သူတို့ နှစ်ယောက်က စီနီယာအစ်မနဲ့ ဂျူနီယာမောင်လေးတွေပါ။ ဒါကြောင့် အတူတူ ရောက်လာခဲ့တာပါ”

“ဒီတော့ မိန်းမအားကိုးနဲ့ သာယာနေတဲ့ကောင်ပေါ့” ယုရှုန်းက နှာခေါင်းရှုံ့လျက် “ဒီအဖေက အဲ့လိုကောင်တွေကို အမုန်းဆုံးပဲ”

ရန်ကိုင်သည် ယုရှုန်းသူ့အပေါ် ဘယ်လိုထင်ထင် ဂရုမစိုက်၊ သူ့စိတ်အာရုံ အလုံးစုံသည် သူ့ရှေ့ရှိ အလှလေး ဆီသို့သာ ရောက်ရှိနေခဲ့သည်။ ထိုအလှလေးကလည်း အောက်ကျမခံ အကြည့်ဖြင့် သူ့ဆီသို့ မမှိတ်မသုံ ပြန်စိုက်ကြည့်နေခဲ့သည်။

သူတို့ နှစ်ယောက်ကြားမှ အဖြစ်အပျက်ကို လူအုပ်ကြီး သတိပြုမိသွားခဲ့သည်။

“ရဲတင်းလိုက်တဲ့လူသား၊ မင်းဘာလို့ ဦးမညွှတ်တာလဲ” ခန်းမ၏ ဘေးနှစ်ဖက်နှစ်ချပ်တွင် ရပ်နေသော မွန်းစတားမျိုးနွယ်စုဝင်များ ဒေါသတကြီး လှမ်းအော်ပြောကြတော့လေသည်။

လနီမျိုးနွယ်စုသည် ထိုနှစ်ယောက်ကို ကြိုဆိုရန်အတွက် လူပေါင်း များစွာနှင့် အဆင့်မြင့် ပညာရှင်နှစ်ဦးကို စေလွှတ်ခဲ့သည်။ ထိုအရေအတွက်သည် သက်သေ မပြရသေးသည့် ဆေးဝိဇ္ဇာ တစ်ဦးအတွက် လိုတာထက်ကို ပိုနေခဲ့လေပြီ။ သို့သော်လည်း တွေ့တွေ့ချင်းတွင် ထိုနှစ်ဦးသည် နည်းနည်းလေးမှ နှိမ့်ချခြင်း မရှိဘဲ မောက်မာတကြီး ပြုမူနေခဲ့သည်။

မျိုးနွယ်စုခေါင်း၏ အသိအမှတ်ပြုခြင်း မခံထားရသော လူသား အားလုံးသည် သူတို့အတွက် အမှိုက်သာသာ သာ ဖြစ်သည်။

မွန်းစတားမျိုးနွယ်စုဝင်များကို ပို၍ ဒေါသထွက်သွားစေသည်ကား ထိုမိန်းမအားကိုးပုဆိန်ရိုး လုပ်နေသည့် လူသားသည် သူတို့၏ သခင်မလေးကို အရှင်လတ်လတ် ဝါးစားချင်နေသည့်အလား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခြင်းပင်။

သူတို့ သခင်မလေးသည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလျှင်ပင် နိမ့်ကျသည့် လူသားတစ်ယောက် အနေဖြင့် သူမအား ထိုကဲ့သို့ ကြည့်ခွင့်မရှိချေ။

မွန်းစတားမျိုးနွယ်စုဝင်များစွာသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့ကြလေသည်။

“ဟေး၊ အမှိုက်ထုတ်လေး၊ မင်းဘယ်ကို စိုက်ကြည့်နေတာလဲကွ” ယုရှုန်းသည်လည်း ချက်ချင်း ထရပ်လိုက်ပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း “မင်းဆက်စိုက်ကြည့်နေရင်း ဒီအဖေ မင်းမျက်လုံးကို ဖောက်မထုတ်ပစ်ဘူးလို့ ထင်လား”

“လူသား၊ ဒီလောကကြီးမှာ မင်းမကြည့်သင့်တဲ့ အရာတွေ ရှိတယ်၊ အထူးသဖြင့် မိန်းမအားကိုးဘဝမှာ နေနေရတဲ့ အချိန်မှာပေါ့” ဘေးဘက်နားတွင် ရပ်နေသော မွန်းစတားမျိုးနွယ်စုဝင်များသည် ရန်ကိုင်အား ဝိုင်းဝန်းလှောင်ပြောင်ကြလေတော့သည်။

ထိုလူသားကောင်လေးသည် တကယ်ကို လွန်လွန်းပေသည်။ သူဘေးနားတွင် ရပ်နေသော အမျိုးသမီးသည် သူမ၏ မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ အသားအရေကို ကြည့်လိုက်ရုံဖြင့် အလှဂဟေး တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း ထိုလူသားသည် ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ သူတို့၏ သခင်မလေးကိုပင် လာရောက် တပ်မက်နေခဲ့သည်။

လူသားမျိုးနွယ်စု အမျိုးသမီးသည်လည်း စုံလုံးကန်းနေသည့် လူတစ်ဦး ဖြစ်ရမည်။ ထိုကဲ့သို့ တဏှာကြီးသည့် ယောကျာ်း တစ်ဦးကိုမှ ရွေးချယ်ရသည်လို့။ သူမသာ လိုချင်လျှင် မွန်စတား မျိုးနွယ်စုမှ လူငယ်လက်ရွေးစင် အများကြီးကို ရွေးချယ်၍ ရပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset