Switch Mode

Chapter – 1396 & 1410

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၆)

နင်ရှန်းချန် အလွန်ကိုမှ အံ့အားသင့်နေရလေပြီ။ လရောင်ဆမ်းဝိုင်၏ ဈေးနှုန်းကြောင့်တော့ မဟုတ်၊ လရောင်ဆမ်းဝိုင် အလွန်ကိုမှ ဈေးကြီးကြောင်းကို ယခင်ကလည်း ကြားဖူးထားသည်။ သူအံ့အားသင့်နေရသည်ကား ချန်ချီ၏ ယုံကြည်ချက်ကိုပင်။

ချန်ချီသည် ကျူးကျော်လာမည့် လူအားလုံးကို လုံးဝ မျက်လုံးထဲ မထည့်ချေ။

ခဏကြာပြီးနောက် နင်ရှန်းချန် အံကြိတ်လိုက်ပြီး စိတ်ခိုင်ခိုင်ထားကာ နှာခေါင်းရှုံ့လျက် ထိုင်ချလိုက်လေသည် “ကောင်းပြီလေ။ မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူတာလား၊ ရန်သူတွေကိုပဲ မျှားခေါ်နေတာလား ငါကြည့်ရသေးတာပေါ့”

ချန်ချီနှင့် ဟောင်အန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည် “အဲ့လို ဖြစ်သင့်တာ”

ပြောပြီးသည်နှင့် နင်ရှန်းချန်၏ခွက်ထဲ ဝိုင်ဖြည့်ပေးလိုက်၏။

အတွေးပေါင်းစုံတို့နှင့်အတူ လူအိုကြီး သုံးယောက်သည် အသီးများကို စားရင်း ဝိုင်သောက်နေခဲ့ကြသည်။ သူတို့ဆီသို့ တရိပ်ရိပ် ချဉ်းကပ်လာနေသော ရန်သူများကို သတိမပြုမိကြ။

လိုဏ်ဂူစံအိမ်ထဲတွင်၊ ဝူရီသည် တပည့်များကို နေရာ ချထားပေးပြီးသွားသည်နှင့် တစ်ပြိုင်နက် ချင်းယွဲ့ ရှိနေသည့် သီးခြား အခန်းတစ်ခုထဲ ဝင်သွားလိုက်ကာ ရွှေရောင်တစ်ဝက်၊ ငွေရောင်တစ်ဝက် ရောစပ်နေသော အဝိုင်းပြားလေး တစ်ပြားကို သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။

ထိုအဝိုင်းပြားလေးကို ရှေ့ချလိုက်ပြီးနောက် ဝူရီက အလေးအနက် အမူအရာဖြင့် “အစ်မချင်းယွဲ့၊ ဒါက နဂါးလိုဏ်ဂူတောင်ရဲ့ အစီအရင်တွေကို ထိန်းချုပ်တဲ့ ထိန်းချုပ်ပြားပဲ။ ကျွန်မ တစ်ယောက်တည်းနဲ့ အစီအရင်တွေ အကုန်လုံးကို ထိန်းချုပ်နိုင်မှာလည်း။ အစ်မချင်းယွဲ့လည်း နည်းနည်းလောက် ကူညီပေးပါလား”

“ရတယ်လေ” ချင်းယွဲ့ ခေါင်းညိတ်လိုက်သည်။

အဝိုင်းပြားလေးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် ရွှေရောင်နှင့် ငွေရောင်တို့သည် အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် စတင် လှည်ပတ်လာလေရာ အခန်း တစ်ခန်းလုံး လင်းထိန်သွားခဲ့လေသည်။

ဝူရီ၏ အမူအရာ လေးနက်သွားခဲ့ပြီး အော်ဟစ်လိုက်လေသည် “ပွင့်လိုက်စမ်း”

အဝိုင်းပြားပေါ်ရှိ ရွှေရောင်နှင့်ငွေရောင် ပေါင်းစပ်သွားပြီး မျက်မှောင်တစ်ခတ်အတွင်း ၎င်းတို့ ရှိနေခဲ့သည့် နေရာအသီးသီးသို့ ပြန်ဆုတ်သွားကြလေသည်။

တစ်ချိန်တည်းတွင်၊ ရှဲ့လီ ဦးဆောင်သည့် တန်ခိုးရှင်အဆင့် သုံးဆယ်ကျော်သည် အစီအရင်အား ဆက်တိုက်ခိုက်နေကြသည်။ အကုန်လုံး သူတို့၏ ဝှက်ဖဲအသီးသီးကို ထုတ်သုံးကြပြီးနောက် အစီအရင်၏ အရောင်မှာ သိသိသာသာ မှိန်ကျသွားခဲ့လေပြီ။

“အားလုံး နည်းနည်းလောက် ဆက်လုပ်ထားတော့၊ အစီအရင် ပျက်စီးသွားတော့မယ်” ရှဲ့လီ၏ မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ တဖျက်ဖျက် လက်သွားခဲ့သည်။ သူ၏ သက်တန့်ဖြူဓါးမြှောင်သည်လည်း အစီအရင်အား တရစပ် တိုက်ခိုက်နေခဲ့သည်။

ရှဲ့လီ သတိပေးနေစရာပင် မလို။ အခြား ပညာရှင်များလည်း အစီအရင်ကို မြင်ရုံနှင့် သိပေသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည် ဆိုပါက တောင်ကို ကာကွယ်ထားသည့် အစီအရင်သည် နောက်ထပ် နေ့တစ်ဝက်လောက်ပင် ခံတော့မည် မဟုတ်ပေ။

အစီအရင် ပျက်စီးတော့မည် ဖြစ်သည့် အတွက်ကြောင့် အကုန်လုံး စိတ်အားတက်ကြွသွားကြပြီး ပို၍ အားစိုက်ကာ တိုက်ခိုက်ကြတော့လေသည်။

အဆက်မပြတ် ပေါက်ကွဲသံများနှင့်အတူ အလင်းရောင်တို့ တဖျက်ဖျက် လင်းဖြာတောက်ပနေခဲ့သည်။

ရုတ်တရက် တဝူဝူ မြည်သံနှင့်အတူ နဂါးလိုဏ်ဂူတောင်၏ အရံအတား အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့လေသည်။

တန်ခိုးရှင်အဆင့် သုံးဆယ်ကျော်၏ တိုက်ခိုက်မှုများသည် အစီအရင် ရှိနေခဲ့သည့် နေရာကို ဖြတ်ကျော်သွားပြီး အခြား နေရာများကို သွားရောက် ထိမှန်သွားလေသည်။

“ပျက်စီးသွားတာလား” ဖားပြုပ်ပေါ်တွင် ထိုင်နေသော သားရဲများတောင်တန်းမှ လူအိုကြီး အံ့အားသင့်တကြီး မျက်ခုံး ပင့်လိုက်သည်။ အစီအရင်သည် ပုံမှန်အတိုင်းဆို နည်းနည်းလောက် ဆက်တောင့်ခံနိုင်သင့်ပေသေးသည်။ ထိုသို့ဆိုလျှင် ဘာကြောင့် ရုတ်တရက်ကြီး‌ ပျောက်ကွယ်သွားရသနည်း။

“သူ့ဘာသာ ပိတ်သွားတာနဲ့ ပိုတူသလိုပဲ” သွေးနတ်ဆိုး ကျောင်းတော်မှ လူအိုကြီးက နဂါးလိုဏ်ဂူတောင် အတွင်းပိုင်အား မသင်္ကာသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

“ဟန့်၊ ခုခံနေလို့လည်း ဘာမှ အကျိုးမထူးမှန်း သိလို့ သူတို့ဘာသာ ပိတ်လိုက်ပြီး ထွက်ပြေးဖို့ ချောင်းနေတာ နေမှာ” တစ်ယောက်ယောက်က ဝင်ပြောလိုက်သည်။

သို့သော် သူပြောသည်ကို ထောက်ခံသဘောတူသည့်လူ များများစားစား မရှိပေ။ သို့သော်လည်း တစ်ဖက်သည် သူတို့၏ အကာအကွယ် အစီအရင်ကို သူတို့ဘာသာ ပိတ်လိုက်သဖြင့် သူတို့၌ အခြား မှီတွယ်စရာ နည်းလမ်းတစ်မျိုးမျိုး ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ အစီအရင် ပိတ်သွားသည့်တိုင် ရှိနေသေးသည့် မြူခိုးများသည် သူတို့၏ အမြင်အာရုံကိုသာမက ကောင်းကင်စိတ်အာရုံကိုပါ အကြီးအကျယ် အနှောင့်အယှတ် ပေးနိုင်ပေသည်။ ထို့ကြောင့် အကုန်လုံး အထဲရှိ ဘာကိုမှ သေချာ မမြင်ရလေရာ စိတ်ထဲ အနည်းငယ်တော့ သတိချပ်မိသွားကြသည်။ မည်သူမှ အထဲသို့ အရင် မသွားချင်ကြပေ။

“သောက်ကြောက်တွေ” ရှဲ့လီ အံကြိတ်လိုက်ပြီး အဖွဲ့တစ်ဖွဲ့ကို အထဲသို့ သွားစစ်ဆေးခိုင်းကြည့်ရင် ပြန်လိုက်သည်။ သို့သော် သူဘာမှ မလုပ်ရသေးခင်မှာပဲ နဂါးလိုဏ်ဂူတောင်ကို ဖုံးကွယ်ထားသည့် မြူခိုးထုကြီး အလိုလို ပျောက်ကွယ်သွားခဲ့၏။

မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် နဂါးလိုဏ်ဂူတောင်၏ ရှူခင်းအလှတရားများကို အားလုံးကို မြင်တွေ့လိုက်ရလေပြီ။

ယနေ့ နဂါးလိုဏ်ဂူတောင်သည် ယခင် တည်ရှိခဲ့သော နဂါးလိုဏ်ဂူတောင်နှင့် မိုးနှင့်မြေပမာ ဖြစ်နေလေပြီ။ စိမ်းစို လန်းဆန်းနေသော တောင်များနှင့် သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် ယခင်က ဤနေရာတွင် မရှိခဲ့ဖူးသော အရာများ ဖြစ်ကြသည်။

သို့သော်လည်း အကုန်လုံး အံ့ဩနေရသည်ကား သူတို့အား ရင်ဆိုင်မည့်လူ တစ်ယောက်မှ မရှိကြဘဲ ဇိမ်ပြေနပြေနှင့် ဝိုင် ထိုင်သောက်နေသည့် လူအိုကြီး သုံးယောက်သာ ရှိနေခြင်းပင်။

ထိုလူများ၏ အပြုအမူသည် သူတို့အား အထင်သေးလိုက်ခြင်း ဖြစ်သဖြင့် အကုန်လုံး အမူအရာ အေးစက်သွားခဲ့ကြလေသည်။

သူတို့အားလုံး ရှိနေသည့်တိုင် အေးအေးလူလူ အရက် ထိုင်သောက်နေနိုင်ခြင်းသည် သူတို့အား မျက်လုံးထဲမထည့်ခြင်းဟု ပြောလိုက်ခြင်းနှင့် အတူတူပင်။

“ဟန့်၊ ပြေးပေါက်ပိတ်တော့မှ လာပြီး ဆန်းကြယ်ချင်ယောင် ဆောင်နေသေးတယ်” ရှဲ့လီ အေးစက်စက် အမူအရာဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ နဂါးလိုဏ်ဂူတောင်ကို စစ်ဆေးကြည့်လိုက်သည်။ သံသယရှိစရာ ဘာကိုမှ ရှာမတွေ့ခဲ့သော်ငြား နဂါးလိုဏ်ဂူတောင်ထဲ ဝင်လိုက်ခြင်းသည် သေခြင်းဂိတ်တံခါးထဲ ဝင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု သူ့မသိစိတ်က ပြောနေသည်။
ထိုခံစားချက်သည် သူ့အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေလေသည်။ ထို့ကြောင့် အခြားသူများအား လှမ်းကြည့်လိုက်သည့်အခါ ထိုလူများသည်လည်း သူ့ကဲ့သို့ လေးနက်တည်ကြည်နေသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း ထွေးပြီးတံတွေး ပြန်မျိုချ၍ မရတော့ပေ။ ထို့ကြောင့် ရှဲ့လီအနေဖြင့် သူ့ပတ်ဝန်းကျင်ကို သေသေချာချာ မစစ်ဆေးထားလျှင်ပင် သူတို့အား စောင့်ကြည့်နေသူများစွာ ရှိမှန်း သိသည်။ သူသာ ယခုအချိန်မှ ပြန်ဆုတ်သွားလျှင် နောက်အခါ မည်သည့်မျက်နှာဖြင့် လူရှေ့သူရှေ့ ထွက်ရတော့မည်နည်း။

ထိုအချက်ကို နားလည်လိုက်သော် ရှဲ့လီ၏ အမူအရာ ပြတ်သားသွားပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် “အားလုံး၊ အရံအတားက ပျက်စီးနေပြီ။ ငါတို့ အခုနေမှ မလှုပ်ရှားရင် ဘယ်အချိန် လှုပ်ရှားကြမှာလဲ”

ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်း၍ ရှဲ့မိသားစုထဲမှ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ အယောက် နှစ်ဆယ်ကို နဂါးလိုဏ်ဂူတောင်ထဲသို့ စေလွှတ်လိုက်လေသည်။

ထိုသူတော်စင်ဘုရင်အဆင့်များသည် သူတို့ရှေ့၌ ရှိနေသော တန်ခိုရှင်အဆင့် သုံးယောက်ကို မနိုင်သော်လည်း နဂါးလိုဏ်ဂူတောင်၏ ဝှက်ဖဲအချို့ကို ထုတ်ဖော်နိုင်လောက်သည်။ သူတော်စင်ဘုရင်အဆင့်များကို စေလွှတ်လိုက်ပြီးနောက် နဂါးလိုဏ်ဂူတောင်ကို ရှဲ့လီ သေချာ စောင့်ကြည့်တော့လေသည်။

ရှဲ့မိသားစုက လှုပ်ရှားလိုက်ပြီ ဖြစ်သဖြင့် အခြား အင်အားစုများလည်း လှုပ်ရှားကြကုန်လေသည်။ နောက်ကွယ်မှ စောင့်ကြည့်နေသော လူရီနှင့်တကွ၊ သွေးနတ်ဆိုးကျောင်းတော်၊ သားရဲများတောင်တန်းမှ လူများသည် စုစုပေါင်း သူတော်စင်ဘုရင် အဆင့် ခြောက်ဆယ်ကို စေလွှတ်လိုက်ကြလေသည်။

ထိုသူတို့အား စောင့်ကြည့်နေသော ရန်သူများကို မြင်ပြီးနောက် နင်းရှန်းချန်လက် ကတုန်ကရင် ဖြစ်သွားကာ ကိုင်ထားသော အရက်ခွက် ဖိတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ တန်ခိုးရှင်အဆင့်တစ်ယောက်ပင် ဖြစ်လင့်ကစား ထိုမျှ များပြားလှသော သူတော်စင်ဘုရင်အဆင့်များကို မရင်ဆိုင်နိုင်ပေ။

ထိုအခြင်းအရာကို မြင်သော် ချန်ချီက ရယ်သွမ်းသွေးလျက် “စိတ်မပူစမ်းပါနဲ့ ရောင်းရင်းနင်ရာ၊ ငါတို့ လှုပ်ရှားစရာ မလိုသေးပါဘူး”

“ဟုတ်တယ်၊ ရောင်းရင်းနင်၊ စိတ်အေးအေးသာထားပြီးသာ စောင့်ကြည့်နေလိုက်” ဟောင်အန်းကလည်း ဝင်ပြောလိုက်သည်။

ကံမကောင်းစွာဖြင့် နင်ရှန်းချန်သည် သူတို့ကဲ့သို့ မတည်ငြိမ်နိုင်ဘဲ တိုးကပ်လာနေသော ရန်သူများကို ကြည့်ရင်း အချိန်မရွေး လှုပ်ရှားနိုင်ရန် သူတော်စင်ချီကို အဆင့်သင့် ကြိုစုစည်းထားလိုက်လေသည်။

သို့သော်လည်း နောက်တစ်ခဏအတွင်း၌ သူတို့ဆီသို့ လာနေသော သူတော်စင်ဘုရင်အဆင့်များ ထိတ်လန့်တကြား ဟစ်အော်ရင်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာကုန်ကြသည်။

“ပျံသန်းမဲ့အစီအရင်လား” နင်ရှန်းချန် မျက်လုံးပြုတ်ထွက်လု မတတ် ပြူးကျယ်သွားခဲ့သည်။ နဂါးလိုဏ်ဂူတောင်ကဲ့သို့ သေးငယ်လှသော အင်အားစုလေးတွင် ပျံသန်းမဲ့ အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုအစီအရင်သည် အလွန်ကိုမှ ရှုပ်ထွေးလှသဖြင့် မြို့ကြီးများနှင့် ဂိုဏ်းများ၏ ဠာနချုပ်များတွင်သည် ခင်းကျင်းလေ့ ရှိကြသည်။ အစီအရင် စက်ကွင်းထဲသို့ ဝင်လိုက်သည်နှင့် မည်သူမှ ပျံသန်းနိုင်တော့မည် မဟုတ်ချေ။ သို့သော် ထိုအစီအရင်၏ ကန့်သတ်နိုင်စွမ်းသည် ကျင့်ကြံသူများ၏ ခွန်အားအပေါ်လည်း မူတည်သလို အစီအရင်အား ခင်းကျင်းရာတွင် သုံးထားသည့် ကုန်ကြမ်းပစ္စည်းများ၏ အရည်အသွေးပေါ်လည်း မူတည်သည်။

နင်ရှန်းချန်သည် သူတော်စင်ချီကို လှည့်ပတ်၍ အပေါ်သို့ ပျံတက်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် မြေပြင်အထက်မှ နှစ်မီတာအမြင့်သို့ ပျံသန်းပြီးသည်နှင့် အားကောင်းလှသော ဖိအား တစ်ရပ် သူ့အပေါ် ဖိချလာသည်ကို ခံစားမိလိုက်သည်။

ထိုအချက်ကြောင့် ဤနေရာရှိ ပျံသန်းမဲ့အစီအရင်သ်ည အနည်းဆုံး တန်ခိုးရှင် ဒုတိယအဆင့်များကို ဖိနှိပ်နိုင်ကြောင်း နင်ရှန်းချန် အတည်ပြုလိုက်နိုင်သည်။ တန်ခိုးရှင် တတိယ အဆင့်များ ရောက်လာလျှင်ပင် အရမ်း မြင့်မြင့်ကြီးတော့ ပျံသန်းနိုင်လိမ့်မည် မဟုတ်ချေ။

သူထိတန်လန့်နေစဉ်မှာပဲ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် မိုးသီးမိုးပေါက်များနှင့် မြေပြင်ပေါ်သို့ အတုံးအရုန်း ပြုတ်ကျလာကြလေသည်။

ထိုသူတော်စင်ဘုရင်အဆင့် မြင့်မြင့် မပျံလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ ထို့ကြောင့် အောက်သို့ ပြုတ်ကျသည့်တိုင် သူတို့၏ ခန္ဓာကိုယ် ခွန်အားအရ နည်းနည်းလောက် ပေရေ နာကျင်သွားလောက်သည်မှလွဲ၍ ဘာမှမဖြစ်ပါချေ။ သို့သော် ပြုတ်ကျရာမှ ပြန်ရပ်ပြီး ဘာမှ မလုပ်ရသေးခင်မှာ နောက်ထပ် ပြောင်းလဲမှုတစ်ခု ထပ်ဖြစ်လာပြန်သည်။

ရုတ်တရက်ဆိုသလို စွမ်းအင်လှိုင်းများသည် သူတို့ ပတ်လည်မှ ထူးထူးဆန်းဆန်း ထွက်ပေါ်လာခဲ့သည်။ ပေါ်လာသော စွမ်းအင်လှိုင်းများသည် စွမ်းအင်လေပွေအဖြစ်သို့ တဖြည်းဖြည်း စုစည်းသွားသည်။ အစပိုင်းတွင် လေပွေများသည် သိပ်ပြီး အားမကောင်းသေးသော်ငြား မျက်တောင်တစ်ခတ်အတွင်း ၎င်း၏ အရွယ်အစားနှင့် ပြင်းအားသည် ယခင်ထက် အဆပေါင်းများစွာ အထိသို့ ထိုးတက်သွားခဲ့လေသည်။ မရေမတွက်နိုင်သော လေဓါးသွားများသည် အဘက်ဘက်မှ သူတော်စင်ဘုရင်များကို ပိုင်းချလာသည်။

တရွှတ်ရွတ် မြည်သံများနှင့်အတူ နာနာကျင်ကျင် အော်ဟစ်သံများကြောင့် ကြည့်နေသူအားလုံး တုန်လှုပ် ချောက်ခြားသွားခဲ့ကြသည်။ မကြာမီ ထိုစွမ်းအင်လေပွေသည် ကျိုးကြေနေသော အရိုးများ၊ အသာစများနှင့် ရောယှတ်နေသော သွေးနီရောင်လေပွေကြီးတစ်ခု ဖြစ်လာခဲ့လေသည်။

အခြားသော နေရာတစ်ခုရှိ၊ လေထဲတွင် မြောက်မြားစွာသော ရေခဲစူးချွန်များ ရုတ်တရက် ပေါ်လာပြီး အောက်သို့ ပြုတ်ကျလာရာ သတိပေါ့လျော့နေသော ကျင့်ကြံသူ နှစ်ယောက်၏ ရင်ဘတ်ကို စိုက်ဝင်သွားပြီး နှစ်ယောက်စလုံး နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့လေသည်။

လက်ဆေးဇလုံးအရွယ်မျှ ရှိသော ရုတ်တရက် ပေါ်လာသည့် မီးဘောလုံးများကြောင့် ကံမကောင်းအကြောင်းမလှသူ သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူများ ပြာဘဝ ရောက်ခဲ့ရပြန်သည်။

ထိုအဖွဲ့ထဲမှ အချို့သူတော်စင်ဘုရင်များသည်လည်း အားလုံး၏ မြင်ကွင်းမှ ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြကုန်၏။ လူကိုမတွေ့ရတော့ဘဲ သူတို့၏ ထိတ်လန့်တကြား‌ အော်ဟစ်သံ များသည်သာ အားလုံးနားထဲ ပဲ့တင်ထပ် ကျန်ရစ်ခဲ့လေသည်။

နဂါးလိုဏ်ဂူတောင်ထဲသို့ ပထမအကြိမ် ပြေးဝင်သွားသော သူတော်စင်ဘုရင်အဆင့် အယောက်ရှစ်ဆယ်သည် နည်းနည်းလောက်သာ ခရီးပေါက်ခဲ့ပြီး ရှေ့ဆက် မတိုးနိုင်ခဲ့ပေ။

မျက်တောင်တစ်ခတ်အတွင်း ပို့လိုက်သော သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်အနက် တစ်ဝက်လောက်သာ အသက်ရှင်တော့သည်။ အသက်ရှင် ကျန်ရစ်နေသူများမှာလည်း ခေါင်းမဲ့နေသော ယင်ကောင်များနှယ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေလေပြီ။

အပြင်ဘက်မှ စောင့်ကြည့်နေသူများလည်း ထိုမြင်ကွင်းကို မြင်ပြီးနောက် သူတို့သွေးများ အေးစက်သွားခဲ့ကြသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၇)

စမ်းတဝါးဝါး သွားလာခြင်းသည် ပိုမိုသော အစီအရင်များကို အသက်သွင်းမိရုံသာ ရှိမည်ဖြစ်ကာ ကိုယ့်သေလမ်း ကိုယ်ရှာခြင်းနှင့် တူပေသည်။

နဂါးလိုဏ်ဂူတောင် အပြင်ဘက်တွင် ခင်းကျင်းထားသော အစီအရင်များကြောင့် အထဲသို့ ဝင်သွားသော သူတော်စင်ဘုရင် အဆင့် ရှစ်ဆယ်သည် အမွှေးတိုင်တစ်ချောင်းစာ အတွင်း အမြစ်ဖြတ် သုတ်သင်ခံလိုက်ရလေသည်။

နင်ရှန်းချန် သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေသည်။

ထိုအရာသည် သူတော်စင်ဘုရင် အယောက် ရှစ်ဆယ်ပင်။ ထိုလူအင်အားမျိုးကို သူပင် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ သို့သော် နဂါးလိုဏ်ဂူတောင်သည် လူတစ်ယောက်မှ မလွှတ်ပဲ အစီအရင် သက်သက်ဖြင့် ထိုသူတော်စင်ဘုရင် အယောက် ရှစ်ဆယ်ကို အမြစ်ဖြတ် သုတ်သင်ပစ်နိုင်ခဲ့သည်။

ဤတောင်လေးသည် ကျားဂူ၊ နဂါးဂူများထက်ကိုပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပေသေးသည်။

သို့သော်လည်း ထိုအစီအရင်စွမ်းအား သက်သက်ဖြင့် သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်ကို သတ်ဖြတ်ရန် မဖြစ်နိုင်မှန်းကိုလည်း နင်ရှန်းချန် နားလည်သွားခဲ့သည်။ အဓိကကျသော အချက်မှာ အစီအရင်များကို ခင်းကျင်းရာတွင် သုံးထားသည့် ပစ္စည်းများကြောင့် ဖြစ်သည်။

အစီအရင်တစ်ခုစီတိုင်းတွင် သုံးထားသော အစီအရင် အမြူတေများသည် အားကောင်းသော မှော်ရတနာများ ဖြစ်ကြသည်။ ထိုမှော်ရတနာများ၏ စွမ်းအားကြောင့် အစီအရင်သည် ပိုမိုသာလွန်သော စွမ်းအားကို ထုတ်ဖော်နိုင်ရာ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ လုံးဝ မခုခံနိုင် ဖြစ်ခဲ့ရသည်။

ထိုအစီအရင်များကို ခင်းကျင်းရန်အတွက် မည်မျှ များပြားသော မှော်ရတနာများကို အသုံးပြုထားခဲ့လေသနည်း။ နင်ရှန်းချန် တွေးပင် မတွေးရဲတော့ပေ။

ကောင်းကင်ကံကြမ္မာမြို့တွင် ရှိနေသော ချင်းတုန်နှင့် ဖေးကျီတုသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်နေကြ၏။ နဂါးလိုဏ်ဂူတောင်ထဲတွင် ခင်းကျင်းထားသော အစီအရင်များစွာ ရှိမှန်း သူတို့ သိထားကြသော်လည်း ထိုအစီအရင်များ ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်ကို စေလွှတ်လိုက်သော်ငြား နဂါးလိုဏ်ဂူတောင်အကြောင်း ဘာမှ မယ်မယ်ရရ မစစ်ဆေးနိုင်သေးခင်မှာပဲ အစီအရင်များကြောင့် အမြစ်ဖြတ် သုတ်သင်ခံလိုက်ရသည်။ ယခုတစ်ကြိမ် ရှဲ့မိသားစု၊ သားရဲများတောင်တန်းနှင့် သွေးနတ်ဆိုးကျောင်းတော်တို့ အတော့်ကိုမှ အထိနာသွားခဲ့ရလေပြီ။

“ကောင်းကင်စုစည်းခြင်းခန်းမက လူတွေတောင် လှုပ်ရှားဖို့ မလိုတော့ဘူးနဲ့ တူတယ်” ဝေကုချန်းက လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

“အဲ့လိုတော့ ပြောလို့မရသေးဘူး” ဖေးကျီတုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “အခုဟာက သူတော်စင်ဘုရင် အဆင့်တွေပဲ ရှိသေးတာ။ တန်ခိုးရှင်အဆင့်တွေ တစ်ယောက်မှ မပါသေးဘူး။ ငါတို့ ဆက်စောင့်ကြည့်မှ သိလိမ့်မယ်”

ဝေကုချန်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် သဘောတူ ခေါင်းညိတ်လိုက်လေသည်။ သူတော်စင်ဘုရင်အဆင့် အစွမ်း ထက်သည် ဆိုသော်လည်း တန်ခိုးရှင်အဆင့်များနှင့် ယှဉ်လျှင် မိုးနှင့်မြေပမာ ကွာခြားပေသည်။ ရှဲ့မိသားစုတို့ ထိခိုက်သွားသည်မှာ မှန်သော်လည်း ဆိုးဆိုးရွားရွားကြီးတော့ ထိခိုက်သွားခြင်း မရှိသေးပေ။

ရှဲ့လီ၊ သားရဲများတောင်တန်းမှ လူအိုကြီးနှင့် သွေးနတ်ဆိုး ကျောင်းတော်မှ လူအိုကြီးတို့၏ မျက်နှာများသည် ဆေးခါးကြီး စားထားရသည့်နှယ် ရှုံ့မဲ့နေကြလေပြီ။ နဂါးလိုဏ်ဂူတောင်၏ အကာအကွယ်စွမ်းအား ထိုမျှ အားကောင်းလိမ့်မည်ဟု သူတို့ တကယ်ကို မထင်ထားခဲ့ကြပေ။ အရက်သောက်နေသော တန်ခိုးရှင်အဆင့် သုံးယောက် မလှုပ်ရှားသေးဘဲ အစီအရင် သက်သက်နှင့်ပင် သူတို့ စေလွှတ်လိုက်သော သူတော်စင်ဘုရင် အယောက်ရှစ်ဆယ်လုံးကို သတ်ပစ်လိုက်နိုင်သည်။

နဂါးလိုဏ်ဂူတောင်၏ အစီအရင်များသာ ထိုမျှ အားကောင်းနေမည် ဆိုလျှင် သူတော်စင်ဘုရင်အဆင့်များသည် ယခုတစ်ကြိမ်တိုက်ပွဲတွင် ဘာမှသိပ်ပြီး အသုံးမဝင်လောက်ပေ။

ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရှဲ့လီက ရုတ်တရက် အကြံပေးလိုက်သည် “ရောင်းရင်းတို့ ငါတို့ခွဲပြီး တိုက်ကြမလား”

“ခွဲပြီးတော့ တိုက်ဖို့” သားရဲများတောင်တန်းမှ လူအိုကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

“တောင်ရှေ့တည့်တည့်မှ အစီအရင်တွေ အများကြီး ခင်းကျင်းထားတဲ့ပုံပဲ။ ဒါကြောင့် ဒီနေရာကနေ ထိုးဖောက်ဖို့ သိပ်ပြီးတော့ လွယ်မှာမဟုတ်ဘူး။ ဒါ‌ပေမယ့် ကိစ္စမရှိပါဘူး။ ငါတို့ အခြားနေရာတွေကနေ တိုက်ခိုက်လို့ ရသေးတယ်။ တောင်တစ်ခုလုံးကို အစီအရင်တွေ အပြည့် ခင်းကျင်းထားမယ်လို့ ငါမထင်ဘူး။ အချို့ အစီအရင်တွေ ခင်းကျင်းမထားတဲ့ နေရာတွေလည်း ရှိလောက်သေးတယ်” ရှဲ့လီ ရှင်းပြလိုက်သည်။

“ဟုတ်တယ်၊ ရောင်းရင်းရှဲ့ပြောတာ ယုတ္တိရှိတယ်” လူအိုကြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။ ထို့နောက် ချက်ချင်းပဲ ဆက်၍ ပြောလိုက်သည် “အဲ့လိုဆို ငါအဲ့ဘက်ကနေ တိုက်မယ်”

ပြောပြီးသည်နှင့် သားရဲများတောင်တန်းမှ သူ့တပည့်များကို ဦးဆောင်၍ ထိုဘက်သို့ ထွက်သွားလေသည်။

သွေးနတ်ဆိုးကျောင်းတော်မှ လူအိုကြီးလည်း မည်သည့် ကန့်ကွက်စကားမှ မဆိုဘဲ သူ့တပည့်များကို ဦးဆောင်၍ ဆန့်ကျင်ဘက် အရပ်ဆီသို့ ထွက်သွားလိုက်သည်။

ပင်လယ်နှလုံးသားဂိုဏ်း၊ သဲမီးတောက်တောင်ကြားမှ လူများမှာမူ အခြားဘက်သို့ မထွက်သွားကြဘဲ ရှဲ့မိသားစု၏ ဦးဆောင်မှုနောက် လိုက်သွားကြရန်သာ ဆုံးဖြတ်လိုက်သည်။

ချက်ချင်းဆိုသလို ပူးပေါင်းထားသော အင်အားစုများသည် အဖွဲ့သုံးဖွဲ့ခွဲ၍ နဂါးလိုဏ်ဂူတောင်အား အရပ်မျက်နှာသုံးခုစီမှ တိုက်ခိုက်ရန် ကြိုးစားကြတော့သည်။

ရှဲ့လီ မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ ဖြတ်ပြေးသွားပြီး သူ့လက်ကို ဝှေ့ရမ်း၍ တပည့်များကို ဦးဆောင်ကာ နဂါးလိုဏ်ဂူတောင်ထဲဿို့ ချီတက်လေသည်။ သူ့ဦးဆောင်မှုအောက်တွင်၊ တန်ခိုးရှင်အဆင့်များစွာသည် သူတော်စင်ဘုရင်အဆင့်များကို အသီးသီး ခွဲဦးဆောင်လျက် သတိကြီးကြီးထားရင်း စတင် ချီတက်ကြတော့သည်။ ချီတက်နေရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား သေချာ သတိထား စစ်ဆေးသွားသည်။

ထိုကဲ့သို့ သတိကြီးကြီးထားသည့်အတွက် အကျိုးအမြတ်ကို မကြာခင် သူတို့ စတင် ခံစားခဲ့ရလေပြီ။

ထို့အတွက်ကြောင့် အစီအရင်အချို့ကို ရှာတွေ့သွားခဲ့ပြီး သတိကြီးကြီးထားလျက် ရှောင်တိမ်းနိုင်ခဲ့သည်။ အစီအရင်အား မတော်တဆ သွားအသက်သွင်းမိလျှင်ပင် အစောပိုင်းကကဲ့သို့ မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးနှင့် မရင်ဆိုင်ရတော့ချေ။

တန်ခိုးရှင်အဆင့်များ ရှိနေသေးသည့်အတွက် အစီအရင်ထဲ တစ်ယောက်ယောက် ရောက်သွားမည် ဆိုလျှင်ပင် နည်းနည်းပါးပါးတော့ ခုခံနိုင်လောက်ပေသေးသည်။

သူတို့ ပျော်သွားရသည့် အချက်သည်ကား နဂါးလိုဏ်ဂူတောင်၏ အစီအရင်များသည် ယခင်ကကဲ့သို့ သိပ်ပြီး အားမကောင်းကြတော့ခြင်းပင်။ အစောပိုင်းက တိုက်ခိုက်မှုတွင် ၎င်း၏ စွမ်းအင်များစွာကို သုံးလိုက်ရသည့်နှယ် အားနည်းသော တိုက်ခိုက်မှုများကိုသာ ထုတ်လွှတ်နိုင်တော့သည်။ အချို့သော အစီအရင်များ အသက်ဝင်လာသည့်တိုင် တန်ခိုးရှင်အဆင့်များက အလွယ်တကူ ခုခံနိုင်ခဲ့သည်။

မီတာငါးရာလောက်ထိ အလွယ်တကူ ချီတက်လာနိုင်ပြီးသည့် နောက်တွင် အဖွဲ့သားများ၏ စိတ်ဓါတ် တက်ကြွလာခဲ့ပြီး အရက် ထိုင်သောက်နေကြသော လူအိုကြီး သုံးယောက်အား ရက်စက် ကြမ်းကြုတ်စွာ လှမ်းကြည့်လိုက်ကြလေသည်။

ခဏအကြာတွင် ရှဲ့လီ ဦးဆောင်နေသော ကျင့်ကြံသူများသည် လူအိုကြီးသုံးယောက်နှင့် မီတာနှစ်ဆယ်အကွာသို့ ရောက်လာခဲ့၏။ ထိုနေရာသို့ အရောက်တွင် ရှဲ့လီက လက်ထောင်လိုက်ပြီး အားလုံးကို ရပ်ရန် အချက်ပြလိုက်သည်။ လူအိုကြီး သုံးယောက်ကို စူးရှဲစွာ စိုက်ကြည့်လိုက်ရင်း လှောင်ပြောင်လျက် “မင်းတို့ သုံးယောက်၊ ဝှက်ဖဲတွေ ရှိနေသေးရင် ထုတ်လိုက်တော့နော်။ မဟုတ်ရင် ဒုတိယအခွင့်အရေး ရမှာမဟုတ်ဘူး”

ခြိမ်းခြောက်စကားကို ကြားလိုက်သည့်တိုင် ချန်ချီသည် တုန်လှုပ်ချောက်ခြားသွားခဲ့ခြင်း အရှင်းမရှိဘဲ ထူးဆန်းစွာ ပြုံး၍သာ “ရောင်းရင်းရှဲ့၊ မင်းတို့ အခုနေရာထိ ဘာအထိအခိုက်မှ မရှိဘဲ ဘာလို့ ရောက်လာနိုင်တယ် မင်းထင်လဲ။ ငါတို့ နဂါးလိုဏ်ဂူတောင်ကို အခုလိုမျိုး အလွယ်တကူ ကျူးကျော်လို့ ရမယ်လို့ မင်းထင်နေတာလား”

ထိုမေးခွန်းကို ကြားလိုက်သည်နှင့် ရှဲ့လီ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေ၏ “မကောင်းတော့ဘူး”

ပြောပြီးသည်နှင့် လေဓါတ်နှင့် မိုးကြိုးဓါတ်တို့ ကိန်းအောင်းနေသော ကြာပွတ်တစ်ချောင်းကို ထုတ်ကာ ချန်ချီဆီ လှမ်းရိုက်လိုက်သည်။

ချန်ချီမှာမူ ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင် ခုခံမည့် အရိပ်အယောင်မပြဘဲ သူ့အား ပြုံးလျက်သာ ကြည့်နေခဲ့သည်။

ရှဲ့လီ၏ အစီအစဉ်သည် ချန်ချီအား ဖမ်းပြီး ဓါးစာခံအဖြစ် အသုံးချို့ပင်။ သို့သော်လည်း သူ့ဘက်မှ တိုက်ခိုက်လိုက်သည့်တိုင် သူ့ပြိုင်ဘက်သည် နည်းနည်းလေးမှ ခုခံရန် မကြိုးစားဘဲ အပြုံးမပျက် ရှိနေလိမ့်မည်ဟု သူမည်ကဲ့သို့ ထင်ပါမည်နည်း။

ဟန့်၊ သေချင်နေတဲ့ကောင် ရှဲ့လီ၏ မျက်လုံးထဲ အေးစက်စက် အကြည့်တို့ ဖြတ်ပြေးသွားပြီး ကြာပွတ်ကို ပြန်မရုတ်ဘဲ ချန်ချီအား တစ်ခါတည်း တန်းသတ်ပစ်နိုင်ရန် အလို့ငှာ ကြာပွတ်ထဲသို့ သူတော်စင်ချီပင် ထပ်ထည့်လိုက်သေးသည်။

ဘုန်း…

ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ အနက်ရောင် ကြာပွတ် ချန်ချီအား ထိမှန်သွားခဲ့သည်။ လျှပ်စီးများ ဖြာထွက်လာပြီး ချန်ချီ နှစ်ပိုင်းကွဲထွက်သွားကာ အနားတွင် ရှိနေသော ထိုင်ခုံနှင့် စားပွဲခုံတို့လည်း အမှုန်ဘဝ ရောက်ကုန်လေသည်။ အနားတွင် ထိုင်နေသော ဟောင်အန်းနှင့် နင်ရှန်းချန်ပင် သက်သာရာ မရပေ။

ချန်ချီတစ်ကိုယ်လုံး တစ်စစီ ဖြစ်သွားချိန် ထိုနှစ်ယောက်လည်း တစ်စစီ ဖြစ်သွားခဲ့သည်။

သို့သော်လည်း မည်သည့် သွေးမှ ဖြာထွက်လာခဲ့ခြင်းမရှိ။ ဗဟာနတ္တိ၊ လဟာပြင်ကြီးကို ရိုက်မိသလိုသာ ရှဲ့လီ ခံစားလိုက်ရ၏။ ရှဲ့လီ၏မျက်လုံး မှေးစဉ်းသွားပြီး ထိတ်လန့်တကြား ထအော်လေသည် “ပုံရိပ်ယောင် အစီအရင်လား”

ထပ်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် မည်သည့် စားပွဲခုံ၊ ထိုင်ခုံမှ မရှိတော့။ ပတ်ဝန်းကျင်သည်ပင် နေ၊လ၊ ကြယ် ဘာဆို ဘာမှမရှိသော မှုန်မှိုင်းမှိုင်း မီးခိုးရောင် လောကကြီး တစ်ခုဖြင့် အစားထိုးနေလေပြီ။ ရှဲ့လီအား ဝိုင်းရံထားသည်ကား မျက်စိတဆုံး ကျယ်ပြန့်လှသော အရိုင်းဆန်သည့် မြေကွင်းပြင်ကြီးပင်။

သူတို့ မသိလိုက်ခင်မှာပဲ ရှဲ့လီတို့အဖွဲ့ ရန်သူ ဆင်ထားသည့် ပုံရိပ်ယောင် အစီအရင်ထဲ ရောက်နေခဲ့လေပြီ။

သူပို၍ စိတ်ညစ်နေရသည်ကား သူနှင့်အတူ ပါလာသော တန်ခိုးရှင်အဆင့်များပင် မရှိတော့ခြင်းပင်။ ယခု သူနှင့်အတူ သူတော်စင်ဘုရင် အဆင့်လေးယောက်သာ ကျန်ရှိနေတော့လေပြီ။

ပုံရိပ်ယောင် အစီအရင် အသက်ဝင်လာသည်နှင့် သူတို့ တစ်ဖွဲ့လုံး အကွဲကွဲအပြားပြား ဖြစ်ကုန်ပြီး တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရမည့် အခြေအနေထဲသို့ ရောက်သွားကြပုံပင်။

“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ” ရှဲ့လီ မျက်နှာ ရှုံ့မဲ့နေခဲ့လေပြီ။ ဘာမှမဟုတ်သော တောင်လေးတစ်တောင်တွင် ဤကဲ့သို့ အစီအရင်မျိုး ဘာကြောင့် ရှိနေရသနည်း။ နဂါးလိုဏ်ဂူတောင်ထဲသို့ ကျူးကျော်လာခြင်းသည် ဥာဏ်ရှိသည့် လုပ်ရပ်တစ်ခု မဟုတ်ဟု ရှဲ့လီ ရုတ်တရက် ထင်လာမိလေပြီ။

ရှဲ့လီဦးဆောင်သည့်အဖွဲ့ ပုံရိပ်ယောင်အစီအရင်ထဲတွင် ပိတ်မိနေစဉ် သားရဲများတောင်တန်းမှ လူများလည်း ဒုက္ခရောက် နေကြလေသည်။

လူအိုကြီး ဦးဆောင်သည့် သားရဲများ တောင်တန်းမှ အဖွဲ့သည် အကာအကွယ် နည်းပါးလောက်မည့် နေရာကို ရှာရန်အတဝွက် နဂါးလိုဏ်ဂူတောင်ပတ်လည် လျှောက်သွားကြည့်ခဲ့သည်။ သူတို့၏ ခရီးသည် အတော်လေးကိုမှ ချောမွေ့ခဲ့ကာ လမ်းတစ်လျှောက်တွင် မည်သည့် အစီအရင်ကိုမှ မကြုံတွေ့ခဲ့ရပေ။ ထို့ကြောင့် ခဏလေးအတွင်း လမ်းတစ်ဝက်သို့ အလွယ်တကူ ရောက်နိုင်ခဲ့၏။

လိုဏ်ဂူတစ်ဂူထဲတွင် ပုန်းအောင်နေသော ကျင့်ကြံသူ များစွာကိုပင် လူအိုကြီး သတိပြုမိလိုက်သည်။

ထို့ကြောင့် လူအိုကြီး ပျော်သွားပြီး ထိုလိုဏ်ဂူထဲသို့ ချိုးဖျက်ဝင်ရောက်၍ ရန်ကိုင်ကို ဖမ်းဆီးကာ ဤကိစ္စအား တစ်ခါတည်း လက်စသတ်ရန် ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း သူတိုက်ခိုက်မှုဖို့ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လူအိုကြီးတို့အဖွဲ့၏ ကံကောင်းမှု ထိုနေရာတွင် အဆုံးသတ်သွားခဲ့ရသည်။ အရွယ်အစား၊ ပုံသဏ္ဏာအမျိုးမျိုး ရှိကြသော သားရဲပေါင်းစုံတို့ သူ့ပတ်လည်၌ ပေါ်လာခဲ့ကြသည်။

ထိုမွန်းစတားသားရဲများသည် မည်သည့် ရုပ်ခန္ဓာကိုယ်မှ ပိုင်ဆိုင်ထားခြင်း မရှိဘဲ မီးစွမ်းအင် သက်သက်ဖြင့် ဖွဲ့စည်းထားသော သားရဲများဖြစ်ကြောင်း သိလိုက်ရသည့်အခိုက် လူအိုကြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ထို့အပြင် ထိုမွန်းစတားသားရဲများကို သူအတော်လေး ရင်းနှီးနေသလို ခံစားရသည်။

သူ့နောက်တွင် ရှိနေသော တပည့်တစ်ယောက်မှ ရုတ်တရက် ထအော်လိုက်သည့် အခါမှပဲ ထိုမွန်းစတားသားရဲများသည် သဲမီးတောက်နယ်မြေတွင် ရှိလေ့ရှိထရှိသော မီးတောက်သားရဲများ နှင့် ဆင်တူနေမှန်း လူအိုကြီး နားလည်လိုက်သည်။

ဒီနေရာမှာ ဘာအားကောင်းတဲ့ မီးစွမ်းအင်မှ မရှိတာကို ဒီကောင်တွေ ဘာလို့ ရုတ်တရက်ကြီး ဒီမှာ ပေါ်လာတာလဲ

ဘာတွေဖြစ်နေမှန်း နားမလည်သော်ငြား လူအိုကြီး ကြောက်ရွံ့သွားခဲ့ခြင်း မရှိ။ ပျော်ပင် ပျော်သွားသေးသည်။ မီးတောက်သားရဲများ သေသွားလျှင် မီးသလင်းကျောက်များ ကျကျန်ခဲ့သည် မဟုတ်ပေလော။ မီးသလင်းကျောက်များကို ပန်းပဲထုရာတွင်ဖြစ်စေ၊ ဆေးဖော်စပ်ရာတွင် ဖြစ်စေ အသုံးပြုနိုင်ပေသည်။ သို့သော် မီးသလင်းကျောက်များသည် သဲမီးတောက်နယ်မြေ ဖွင့်သည့်အခါမှ ရရှိနိုင်သည့် အတွက် အတော်လေး ရှားပါးသည်ဟု ပြော၍ရသည်။

သို့သော်လည်း ယခုအချိန်၌ သူ့ရှေ့တွင်း မီးတောက် သားရဲအုပ်ကြီး ရှိနေခဲ့သည်။ ထိုသားရဲများကိုသာ သတ်လိုက်နိုင်လျှင် မီးတောက် သလင်းကျောက်များစွာကို ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

လူအိုကြီးလည်း စိတ်လှုပ်ရှားတကြီးဖြင့် သူ့ဖားနှင့်အတူ ပူးပေါင်းကာ မီးတောက်သားရဲများကို သတ်တော့လေသည်။

မကြာမီ တစ်ခုခု မှားယွင်းနေသည်ကို လူအိုကြီး သတိပြုမိလိုက်သည်။ မီးတောက်သားရဲများကို သူမည်မျှပင် သတ်စေကာမူ၊ မီးတောက်သလင်းကျောက်များ လုံးဝ ကျမလာခဲ့ချေ။

အကျိုးအမြတ်ရရမည့်အစား၊ အဆုံးမဲ့ တိုက်ပွဲကြီးတစ်ခု အဖြစ်သို့သာ ပြောင်းလဲသွားခဲ့လေသည်။ ဦးဆောင်လာသည့် မီးတောက်သားရဲများထဲတွင့် အဆင့်ကိုး မီးတောက်သားရဲများ ပါဝင်နေသဖြင့် လူအိုကြီးတို့အဖွဲ့ အထိအခိုက် များလာခဲ့ရသည်။

ထို့အတွက်ကြောင့် လူအိုကြီး ဒေါသထွက်သွားပြီး သူ့ဝှက်ဖဲ ပညာရပ်တစ်ခုကို သုံးကာ လမ်းကြောင်းတစ်ခု ဖန်တီးရန် ကြိုးစားလိုက်လေသည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် အဆင့်ကိုးနှင့် ညီမျှသာ မီးတောက်သားရဲများသည် သူမည်မျှပင် သတ်သတ် မသေကြည့် အတွက်ကြောင့် လူအိုကြီး ဒုက္ခအကြီးကြီး ရောက်တော့သည်။

ထိုကဲ့သို့ အဖြစ်အပျက်နှင့် ထပ်ခါတလဲလဲ ကြုံရပါများသော် လူအိုကြီး စတင် စိုးရိမ်စပြုလာခဲ့သည်။

မီးတောက်သားရဲ အများစုကို ရင်ဆိုင်ရန် မခက်သော်ငြား ပုရွက်ဆိတ်အရေအတွက်သာ အလွန်များလွန်းနေမည် ဆိုပါက ဆင်တစ်ကောင်ကိုပင် သေအောင် ကိုက်သတ်နိုင်သည် မဟုတ်လော။ ယခုလည်း ထိုနည်းတူပင်။ သူတို့သာ ဤပုံစံအတိုင်း ဆက်တိုက်နေရမည် ဆိုပါက တန်ခိုးရှင်အဆင့် ပညာရှင်များ မည်မျှ သန်မာစေကာမူ ခြေကုန်လက်ပန်းကျပြီး နောက်ဆုံးတွင် သွေပွဲဝင်ရပေလိမ့်မည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၈)

သားရဲများတောင်တန်းမှ အဖွဲ့နှင့် ဆန့်ကျင်ဘက်တွင် သွေးနတ်ဆိုးကျောင်းတော်မှ အဖွဲ့ရှိနေခဲ့သည်။ သွေးရောင် အရှိန်အဝါဖြင့် ဖုံးလွှမ်းနေသော လူကြီးသည် သတိကြီးကြီးထားရင်း ရှေ့ဆုံးမှ ဦးဆောင် သွားနေခဲ့သည်။ ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးနေသော်လည်း မည်သည့် သံသယရှိစရာကိုမှ ရှာမတွေ့ချေ။ သို့သော် သူမသိစိတ်သည် သူ့ပတ်ပတ်လည်၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဟု သတိပေးနေခဲ့သည်။

ဤနေရာသည် နဂါးလိုဏ်ဂူတောင်၏ ညာဘက်ပိုင်းဖြစ်ပြီး အလယ်ဗဟိုနှင့် သိပ်မဝေးပါချေ။ တကယ်တော့ နဂါးလိုဏ်ဂူတောင် ကိုယ်တိုင်သည် သိပ်မကြီးလှသော တောင်တစ်လုံးပင် မဟုတ်လေလော။

ရုတ်တရက် ပြင်းထန်သော စွမ်းအင်လှိုင်းများနှင့်အတူ ကြောက်လန့်တကြား အော်ဟစ်သံများ အဝေးမှ ထွက်ပေါ်လာ၏။

ထိုအသံကို ကြားလိုက်သည့်အခါ သွေးနတ်ဆိုးကျောင်းတော် မှ တပည့်များ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး အဖွဲ့ထဲရှိ တန်ခိုးရှင် ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အဲ့ဒါ သားရဲများ တောင်တန်းဘက်ကမလား။ ကြည့်ရတာ သူတို့ တစ်ခုခု ဖြစ်နေတဲ့ ပုံပဲ။ ကျုပ်တို့ ဒီတောင်ကို လျှော့မတွက်သင့်ဘူး ထင်တယ်နော် စီနီယာအစ်ကိုဝူ”

“ငါသိတယ်။ ဒီမှာ ဘာသံသယရှိစရာမှ မတွေ့သေးပေမယ့် အကုန်လုံး သေချာသတိထားကြဦး။ ရန်သူ ထောင်ချောက်ထဲ ကျမသွားစေနဲ့” ဝူရွှင်က နောက်သို့လှည့်၍ အကုန်လုံးကို သတိ ပေးလိုက်သည်။

“ဟုတ်ကဲ့”

“ဟတ်၊ ဘာကြီးလဲ” ရုတ်တရက် အဖွဲ့ထဲရှိ သူတော်စင် ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က ထူးဆန်သည့်အရာ တစ်ခုခုကို ရှာတွေ့သွားသည့်နှယ် အော်ပြောလိုက်သည်။ သို့သော် ဝူရွှင်နှင့် အခြား တန်ခိုးရှင်အဆင့်များ မစစ်ဆေးရသေးခင်မှာပဲ သွေးပျက်ချောက်ခြားစွာ‌ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲ သွေးနံ့တို့ ထွက်ပေါ်လာခဲ့သည်။

ဝူရွှင် အသံကြားကြားပြီးချင်း နောက်သို့ လှည့်ကြည့်လိုက်သည့်အခိုက် မူလက သူ့တပည့်တစ်ယောက် ရှိနေခဲ့သည့် နေရာတွင် ဆယ်မီတာအမြင့်ရှိသော ထူးဆန်းသည့် သွေးနီရောင် အပင်တစ်ပင် ပေါက်နေသည်ကို တွေ့လိုက်ရသည်။ လောလောဆယ်အတွင် ထိုအပင်သည် အလောင်တစ်လောင်းကို ရစ်ပတ်လျက် ဝါးမြိုနေခဲ့သည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ကား သွေးနတ်ဆိုး ကျောင်းတော် တပည့်၏ အလောင်း ဝါးစားခံရနေခြင်းပင်။ ထို့ပြင် ထိုအလောင်းသည် အလွန်လျင်မြန်သောနှုန်းဖြင့် တဖြည်းဖြည်း ညိုးလျော်ခြောက်သွေ့လာနေခဲ့သည်။

အလောင်းထဲရှိ သွေးနှင့် အသက်စွမ်းအင်ကို စုပ်ယူပြီးနောက် ထူးဆန်းသော အပင်၏ အရောင်မှ ပို၍ပင် နီကြင့်ကြင့် ဖြစ်လာ၏။ မသိလျှင် အားကောင်းလှသော သွေးစွမ်းအင် အရှိန်အဝါကို ထုတ်ဖော်ထားသည့် ဓါးတစ်ချောင်းနှင့်ပင်တူကာ မြင်လိုက်သည့် လူတိုင်းအား တုန်လှုပ်ချောက်ခြားသွားစေနိုင်ပေသည်။

ရွှစ်…

ထိုဓါးသွားနှင့် ဆင်တူသော သစ်ပင်သည် ရုတ်တရက် ကြာပွတ်တစ်ချောင်းနှယ် ဆယ်မီတာမက ရှည်ထွက်လာပြီး အနားတွင် ရှိနေသော သွေးနတ်ဆိုးကျောင်းတော်မှ အခြား တပည့်တစ်ဦးဆီသို့ တိုးဝင်သွားလေသည်။

ထိုတပည့်လည်း ထိတ်လန့်တကြားနှင့် ရွှေရောင်ဒိုင်းကာ တစ်ခုကို အလျင်စလို ထုတ်ခုခံလိုက်သည်။ ဒိုင်းအဆင့်မှာ သိပ်မမြင့်သော်ငြား အတော်ကောင်းမွန်းသော အကာအကွယ် မှော်ရတနာ တစ်ခုဖြစ်သည်ဟု ပြော၍ရသည်။

ဒိုင်းအကာအကွယ် ယူပြီးသွားသည့် နောက်မှပဲ ထိုတပည့် သက်ပြင်းချလိုက်နိုင်သည်။ သို့သော်လည်း သူပြန်ဆုတ်တော့မည့် ဆဲဆဲတွင် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ခရက်…

သူ့ဒိုင်းသည် ထူးဆန်းသော အပင်၏ ရိုက်ချက်တစ်ချက်ကိုပင် မခုခံနိုင်ဘဲ နှစ်ပိုင်းကွဲထွက်သွားခဲ့သည်။ အပင်၏ နွယ်တံကဲ့သို့ လက်တံနှင့် ထိုမျှနှင့်ပင် မရပ်တန့်သွားသေးဘဲ ထိုကျင့်ကြံသူ၏ ဝမ်းဗိုက်ကို ထိုးဖောက်သွား၍ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ကာ နောက်သို့ ပြန်ဆွဲယူသွားခဲ့သည်။

“မင်းလုပ်ရဲတယ်လား” ဝူရွှင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ဂိုဏ်းသားများ ရက်ရက်စက်စက် အသတ်ခံနေရသည်ကို သူမည်ကဲ့သို့ ရပ်ကြည့်နေနိုင်မည်နည်း။ အစောပိုင်းက ဘာမှမရပ်ဘဲ ရပ်ကြည့်နေမိခြင်းမှာ ထိုကဲ့သို့ ထူးဆန်းသည့် အပင်မျိုး တစ်ခါမှ မမြင်ဖူးသည့်အတွက် ကြောင်သွားသည့် အတွက်ကြောင့် ဖြစ်သည်။

အော်ဟစ်လိုက်ရင်း ဓါးလှိုင်းတစ်လှိုင်းအား ထိုအနီရောင် အပင်ဆီ လှမ်းပစ်လိုက်လေသည်။

သူပစ်လိုက်သည်နှင့် ချီဓါးသွားသည်နှင့် သစ်ပင်ကိုယ်ထည် ထိမိသွားချိန် သတ္တုချင်း ထိခတ်သံနှင့်အတူ မီးပွားအချို့ ပွင့်ထွက်လာခဲ့သည်။ ထိုချီဓါးချက်သည် အနီရောင်အပင်အား အနည်းငယ် နှေးအောင်လုပ်လိုက်နိုင်ရုံမှလွဲ၍ မည်သည့် ထိခိုက်မှုမှ ရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပါချေ။

ဘာလို့ ဒီလောက်တောင် မာရတာလဲ ဝူရွှင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းမိလိုက်သည်။ အားကုန်သုံးပြီး မတိုက်ခိုက် ခဲ့သော်လည်း ထိုတိုက်ခိုက်မှုသည် တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ထိုအပင် မည်ကဲ့သို့ ခုခံသွားနိုင်ရသနည်း။

ဝူရွှင်၏ မျက်လုံးထဲ ထက်ရှသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး ထိုထူးဆန်းသော အပင်ဆီအား လက်ညိုးဖြင့် ညွှန်လိုက်ရာ သူ့လက်ဆီမှ အနက်ရောင် အမျှင်တစ်မျှင် ပြေးထွက်သွားခဲ့လေသည်။ ထိုအနက်ရောင်အမျှင်ဆီမှ အားကောင်းသော အနက်ရောင်ချီတို့ ဖြာထွက်နေပြီး ၎င်း၏ အရှိန်အဝါမှာလည်း အလွန်ကိုမှ ထူးဆန်းလှပေသည်။

နတ်ဆိုးသွေးမျှင်ပညာရပ်ပင်…

ရန်ကိုင် ကျင့်ကြံနေသည့် ပညာရပ်နှင့် မတူဘဲ ဤအရာသည် နတ်ဆိုးသွေးမျှင်ပညာရပ် အစစ် ဖြစ်ပေသည်။ သွေးနတ်ဆိုး ကျောင်းတော်၏ အဆင့်မြင့် ရာထူးရာခံအားလုံး ရှီကိုပင် ပိုင်းဖြတ်နိုင်သော ထိုပညာရပ်ကို ကျွမ်းကျင်ထားကြသည်။

အနက်ရောင်အမျှင်သည် ကူကယ်ရာမဲ့နေသော သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်အား ဆွဲခေါ်သွားနေသည့် အပင်အား တိခနဲ ပိုင်းဖြတ်သွားခဲ့လေသည်။ အနက်ရောင်အမျှင်နှင့် တွေ့ရသည့်အခါ ထူးဆန်းသော အပင်၏ မာကျောမှုလည်း ဘာမှ မတတ်နိုင်တော့။ အပင် နှစ်ပိုင်းပြတ်သွားချိန် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်အား ရစ်ပတ်ထားသည့် အပိုင်း ပြတ်ကျကျန်ခဲ့ပြီး အမြစ်နှင့် ဆက်နေသော အပိုင်းမှာမူ အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။

သို့သော်လည်း ပြတ်ကျန်ခဲ့သည့် အပိုင်းသည် မြေကြီးပေါ်တွင် ငါရံပြာလူးသည့်နှယ် တဆတ်ဆတ် တွန့်တွန့်ခါ လူးနေသဖြင့် အကုန်လုံး ထိုမြင်ကွင်းကို ကြည့်ရင် ကြက်သီးမွေးညင်း ထသွားရလေသည်။

သွေးနတ်ဆိုးကျောင်းတော်မှ တပည့်မှာမူ ကံမကောင်းခဲ့ပေ။ အနက်ရောင်အမျှင်သည် အပင်အား နှစ်ပိုင်း ဖြတ်နိုင်ခဲ့သော်ငြား ရစ်ပတ်ချုပ်နှောင်ထားခြင်း ခံရစဉ် အတောအတွင်း အပင်သည် သူ့သွေးအားလုံးကို စုပ်ယူသွားခဲ့သဖြင့် သူ့တစ်ကိုယ်ယ်လုံး သွေးများ ခမ်းခြောက်နေခဲ့ရလေပြီ။

“အဲ့ဒါ ဘာကြီးလဲ” ထိုထူးဆန်းသော အပင်ကို ကြည့်ရင်း ဝူရွှင်မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ ထိုအပင်ကို သူအတော်လေး လန့်နေမိလေပြီ။ အပင်တစ်ပင်တည်းပင် သူတို့ အားလုံးကို ထိုမျှ ဒုက္ခပေးနိုင်လျှင် နောက်ထပ် အပင်များစွာသာ ထပ်ရှိနေပါ.က…

ဝူရွှင် ထပ်မစဉ်းစားရဲတော့။ ထိုသို့သာ တကယ်ဖြစ်လျှင် ယနေ့သည် သူတို့အားလုံး၏ သေနေ့ ဖြစ်သွားပေလိမ့်မည်။ ထိုမွန်းစတား အပင်ကို နဂါးလိုဏ်ဂူတောင် မည်သည့်နေရာမှ ရှာတွေ့လာခဲ့လေသနည်း။ ထိုအပင်ကို ဤနေရာတွင် စိုက်လိုက်သဖြင့် သူတို့ တောင်တစ်လုံးကို ထိုအပင်မှ ပြန်လည် ဝါးမျိုသွားမည်ကို သူတို့ မကြောက်လေသလော။

သူ့ရင်ထဲ ထိတ်လန့်နေမိစဉ်မှာပဲ အနားတွင် ရှိနေသော တန်ခိုးရှင် ပထမအဆင့်တစ်ယောက်မှ ရုတ်တရက် အလန့်တကြား မေးလိုက်လေသည် “စီနီယာအစ်ကို… အဲ့ဒါ ဘာလုပ်နေတာလဲ”

“မင်းဘာပြောချင်တာလဲ”

“အဲ့သောက်အပင် ဘာလုပ်ဖို့လဲ မသိဘူး။ မြေကြီးကို တောက်လျှောက် ထုနေတယ်”

“ဘယ်လို” ဝူရွှင် လန့်သွားပြီး အပင်ဆီ လှမ်းကြည့်လိုက်၏။ ထို့နောက် သူ့စိတ်ထဲ တစ်ခုခုကို စဉ်းစားမိလိုက်ရာ သူ့မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

ဝူရီ ထိုဖြစ်နိုင်ချေကို နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် မြေကြီး အက်ကွဲသွားပြီး အစောပိုင်းက သူတို့ မြင်ခဲ့သော အပင်နှင့် ဆင်တူသည့် ထူးဆန်းသော အပင်များ တစ်ပင်ပြီးတစ်ပင် မှိုလို ထပေါက်လာလေသည်။

ထိုထူးဆန်းသော အပင်များသည် အမြင့်မတူညီကြဘဲ အချို့သည် ငါးမီတာမှ ဆယ်မီတာအတွင်း ရှိကြကာ အချို့သည် မီတာဝက်လောက်ပင် မရှိတတ်ချေ။ သို့သော်လည်း အပင် အကုန်လုံးသည် သွေးကန်ထဲ စိမ်ထားသည့်နှယ် သွေးရောင် တောက်နေခဲ့သည်။

ထိတ်လန့်စရာ အကောင်းဆုံးသည်ကား ထိုအပင်များ မြေပြင်ပေါ် ရောက်လာသည်နှယ် တစ်ပြိုင်နက် သားကောင်အနံ့ ရလိုက်သလို ပတ်ဝန်းကျင်ကို စတင် စူးစမ်းတော့ခြင်းပင်။

ဝူရွှင်၏ နဖူးထက် ချွေးအေးတို့ ဝေ့သီလာခဲ့ရလေပြီ။

နတ်ဆိုးကျောင်းတော်မှ တပည့်များ အားလုံးသည်လည်း ကြောက်လွန်းသဖြင့် နည်းနည်းလေးမျှပင် မလှုပ်ရဲကြတော့ဘဲ ကျောက်ရုပ်ကြီးများကဲ့သို့သာ ရပ်နေကုန်ကြလေသည်။

ယခုလေးတင် ထိုထူးဆန်းသော အပင်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို သူတို့ မြင်တွေ့ခဲ့ရသည်။ သူတို့၏ တပည့်တစ်ယောက်ဆိုလျှင် ဘာမှပင် ပြန်မလုပ်နိုင်ဘဲ နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့သည်။ ယခု သူတို့အား ဝိုင်းထားသည်မှာ တစ်ပင်တည်းမဟုတ်၊ အပင်ပေါင်းများစွာ ဖြစ်လေရာ သူတို့ မည်ကဲ့သို့ မဆင်မခြင် လှုပ်ရှားရဲတော့မည်နည်း။ ထိုသို့ လုပ်လိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးလိုက်ခြင်းပင် မဟုတ်လေလော။

သို့သော် သူတို့ မလှုပ်သလို အပင်များလည်း မလှုပ်ရှားဘဲ နေလိမ့်မည်ဟု မဆိုလိုချေ။ ထိုထူးဆန်းသော ဓါးသွားကဲ့သို့ အပင်များသည် ၎င်းတို့၏ လက်တံများကို ဘယ်မှညာတို့ ခဏလောက် ယိမ်းနေပြီးနောက် ရုတ်ချည်းဆိုသလို အကုန်လုံးသည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များဆီမှ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားများနှယ် တစ်ဟုန်ထိုး တိုးဝင်သွားကုန်ကြလေသည်။

“မြန်မြန် ရှောင်ကြ” ဝူရွှင်သည် အားလုံးကို အော်ဟစ် သတိပေးရင်း သူတော်စင်ချီကို လှည့်ပတ်လိုက်သည်။ ထို့နောက် နတ်ဆိုးသွေးမျှင်ကို သုံး၍ သူ့ဆီ ချဉ်းကပ်လာနေသော သွေးနီရောင် အပင်လက်တံများကို ခုတ်ဖြတ်နေရင်း တစ်ချိန်တည်းတွင် မူလရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် အကုန်လုံးသည် ဝူရွှင်ကဲ့သို့ အားကောင်းသည့်လူ မဟုတ်ပေ။ သူတော်စင်ဘုရင်အဆင့် ခြောက်ယောက်ဆိုလျှင် ပထမတစ်ကြိမ် တိုက်ခိုက်မှုတွင် တစ်ခါတည်း တန်းအသက် ပျောက်သွားခဲ့သည်။ သူတို့တစ်ကိုယ်လုံး ထိုအပင်များ၏ အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံလိုက်ရပြီး အသားစများသည် မြေကြီးပေါ် ပြန့်ကျဲကုန်လေသည်။ သို့သော်လည်း ခဏ အကြာတွင် ထိုအသားစနှင့် သွေးများအားလုံးကို အပင်များမှ စုပ်ယူသွားခဲ့သည်။ သွေးစုပ်လိုက်ရပြီးနောက် အပင်များ ပို၍ ကြမ်းတမ်းရက်စက်လာခဲ့သည်။ ၎င်းတို့၏ လက်တံများကို အရူးအမူး ဝှေ့ရမ်းရင်း တစ်ယောက်ပြီး တစ်ယောက်ကို သတ်တော့လေရာ ရုတ်ချည်းဆိုသလို ထိုအနီးအနား တစ်ခွင်လုံး လူသတ်ကွင်းအဖြစ်သို့ ပြောင်းလဲ သွားခဲ့ရလေသည်။ အော်ဟစ်သံများလည်း တစ်သံပြီးတစ်သံ ထွက်ပေါ်လာကာ အော်ဟစ်သံတစ်သံသည် လူတစ်ယောက် သေသွားခြင်းကို ကိုယ်စားပြုနေခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ဝူရွှင် ထိတ်လန့်သွားခဲ့သလို ဒေါသလည်း ထွက်သွားမိသော်ငြား တစ်ချိန်တည်းတွင်း လုံးဝကို ကူကယ်ရာမဲ့ရသည်။ ထိုအပင်များကို သူမကြောက်သော်ငြား သူ့လက်ရှိ ခွန်အားဖြင့် ထိုနတ်ဆိုးကဲ့သို့ အပင်များဆီမှ သူ့တပည့်များကို ကယ်တင်ရန်မှာ အိမ်မက် တစ်ခုသက်သက်ထက် ဘာမှမပိုချေ။

ရန်ကိုင်နှင့် ယန်ယန်သည် နဂါးလိုဏ်ဂူတောင်ထက်တွင် ရပ်လျက် ထိုအဖြစ်အပျက်တစ်ခုလုံးကို စီးကြည့်နေသည်။

သူတို့ ယခုကဲ့သို့ မည်သူမှ သတိမပြုမိအောင် နေနိုင်ခြင်းမှာ ယန်ယန် ဖန်တီးထားးသည့် ကိုယ်ပျောက်ဝတ်၏ ကျေးဇူးကြောင့် ဖြစ်ပေသည်။ ထိုကိုယ်ပျောက်ဝတ်ရုံသည် အလွန်ကိုမှ အစွမ်း ထက်သော်ငြား တန်ခိုးရှင် တတိယအဆင့်များ၏ ကောင်းကင် စိတ်အာရုံမှ မလွတ်မြောက်နိုင်ပါချေ။ သို့သော်လည်း အနီးဆုံး တန်ခိုးရှင်အဆင့် တတိယအဆင့် ပညာရှင်ပင်လျှင် သူတို့နှင့် မိုင်ငါးဆယ် အကွာတွင် ရှိနေသဖြင့် ရန်ကိုင်တို့အား သတိပြုမိရန် မဖြစ်နိုင်ချေ။

“သွေးဓါးမြက်တွေ ဒီလောက်အထိတောင် ကြီးလာတာလား” ရန်ကိုင် အံ့ဩနေရလေပြီ။ ထိုသွေးနီရောင် အပင်များသည် သဲမီးတောက်နယ်မြေထဲမှ သူပြန်ယူလာခဲ့သည့် သွေးဓါးမြက်ပင်မှ လွဲ၍ အခြား မဟုတ်ပါချေ။

ထိုစဉ်က သွေးဓါးမြက်ပင်၏ အစေ့တစ်စေ့ကို အပြင်သို့ ရန်ကိုင် ပြန်ယူလာခဲ့သည်။ ထိုသွေးဓါးမြက်ပင် အစေ့ကို ရွှေရောင်သွေးစက် တစ်စက် တိုက်ကျွေးပြီးနောက် ဒီအတိုင်း ပစ်ထားလိုက်မိသည်။ သို့သော်လည်း သွေးဓါးမြက်ပင်ကို နောက်တစ်ကြိမ် ပြန်တွေ့မိလိုက်ချိန် ထိုသွေးဓါးမြက်ပင်သည် ရန်ကိုင်အား အံ့အားသင့်စရာ အကြီးကြီး ပေးသွားခဲ့လေပြီ။

“အဲ့အပင်က အရမ်း အကြီးမြန်တာ။ သွေးတာ လုံလောက်ရင် ကြီးချင်သလောက် ကြီးလို့ရတယ်။ အဲ့အပင်ကြောင့် အရိပ်ကြယ် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားဖူးသေးတယ်လေ” ယန်ယန်က ရှင်းပြလိုက်သည်။ သို့သော်လည်း သင်္ကာမကင်း အကြည့်ဖြင့် “ဒါပေမယ့် ဒီလောက်အထိတော့ မမြန်သင့်ဘူး။ အရင်နှစ်တွေ တုန်းက ငါအဲ့အပင်ကို သွေးအများကြီး တိုက်ခဲ့တာလည်း မဟုတ်ပါဘူး။ ဘာလို့ ဒီလောက်ထိတောင် ကြီးလာရတာလဲ… ထူးဆန်းလိုက်တာ”

ထိုသို့ ဖြစ်သွားရသည်မှာ သူတိုက်လိုက်သည့် ရွှေရောင် သွေးစက်ကြောင့် ဖြစ်မည်မှန်း စဉ်းစားရင်း ရန်ကိုင် သူ့နှာခေါင်းကို ပွတ်လိုက်သည်။ သို့သော်လည်း အလုပ်ရှုပ်ခံ ရှင်းပြမနေတော့ဘဲ သူသိချင်နေသည်ကိုသာ မေးလိုက်လေသည် “ဒါပေမယ့် ငါပြန်ယူတာ တစ်ပင်တည်းပါ၊ အခု ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီး ဖြစ်နေရတာလဲ”

“အဲ့အပင်က အရမ်း အသက်ပြင်းတာ။ မိခင်အပင် ရှိနေသေးသရွေ့ တောက်လျှောက် ပင်ပွားတွေ ထွက်နေမှာ”

“အဲ့လိုကိုး” ရန်ကိုင် နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သားရဲများနှင့် တိုက်နေသည့် သားရဲများတောင်တန်းမှ လူများကို ကြည့်ရင်း သွားပေါ်အောင် ပြုံးလျက် “ငါတို့ စလှုပ်ရှားကြရအောင်၊ ဒီလူတွေကို ငါတို့ နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ အချိန်တန်ပြီ”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၃၉၉)

ယန်ယန် ထိုအချိန်ကို စောင့်နေခဲ့သည်မှာ ကြာလေပြီ။ ရန်ကိုင်မှ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သိုလှောင်လက်စွပ်ထဲမှ အဝိုင်းပြားလေး တစ်ပြားကို ထုတ်လိုက်၏။ ထိုအဝိုင်းပြားလေသည် ဝူရီသုံးခဲ့သည့် အပြားနှင့် ဆင်တူသော်လည်း အရွယ်အစားမှာ ပိုသေးပေသည်။

ယန်ယန်၏ အဝိုင်းပြားသည် ပိုသေးသော်လည်း ၎င်းသည် နဂါးလိုဏ်ဂူတောင် တစ်ခုလုံးရှိ အစီအရင်အားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပေသည်။

ယန်ယန်မှ အဝိုင်းပြားထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် အဝိုင်းပြားပေါ်တွင် ငွေရောင်နှင့် ရွှေရောင်တို့ စတင် လည်ပတ်လာပြီး တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သော မြူခိုးများနှင့် တောင်ပတ်လည်အား ကာရံထားသည့် အရံအတားသည်လည်း တစ်ဖန် ပြန်လည် အသက်ဝင်လာခဲ့လေသည်။

“ငါအရင် သွားနှင့်တော့မယ်။ ဝူရီ တစ်ယောက်တည်း ဒီအစီအရင်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး” ယန်ယန်က ပြောလိုက်သည်။

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ယန်ယန် ချက်ချင်း အောက်ဆင်သွားခဲ့သည်။ သူမ အောက်ဆင်းသွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ပျောက်ဝတ်ရုံ မရှိတော့သည့် အတွက်ကြောင့် ရန်ကိုင်၏ပုံရိပ် အားလုံးရှေ့တွင် ပေါ်လာခဲ့လေသည်။ ရန်ကိုင်ကို ကြည့်ရင်း အကုန်လုံး မှင်သက်၊ အံ့အားသင့်သွားကြရသည်။

ရန်ကိုင် သူ့ပတ်လည်အား အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ လူအုပ်ကြီးထဲတွင် သူသိသည့် လူတစ်ယောက်ကိုမှ မတွေ့ရသော်လည်း အားကောင်းသော ပညာရှင်များစွာသည် သူတို့အား စောင့်ကြည့်နေမှန်း ရန်ကိုင် သိသည်။ အချို့သည် ပွဲကြည့်ချင်ရုံ သက်သက်ဖြင့် ဤနေရာ၌ ရှိနေကြသော်လည်း အချို့မှာမူ သူတို့ နဂါးလိုဏ်ဂူတောင်အား ဖျက်စီးရန်အတွက် ရှိနေကြခြင်း ဖြစ်သည်။

နှာခေါင်းရှုံ့လျက် ရန်ကိုင် နဂါးလိုဏ်ဂူတောင် အလျင်အမြန် ပျံဆင်းသွားခဲ့သည်။

“ဒီကောင်… အဲ့အရံအတားကို ဖွင့်လိုက်တာ ဘာလဲ၊ ဒီကောင် အကုန်လုံးကို ချောင်ပိတ်သတ်ချင်နေတာလား” ဖေးကျီတုက ရန်ကိုင်၏ အပြုအမူကို ကြည့်ရင်း ပြောလိုက်သည်။

ချင်းတုန်လည်းက ဇဝေဇဝါ အမူအရာဖြင့် “ဒီကောင် တကယ် လောဘကြီးလှချည်လား”

နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း နှစ်ယောက်ကို ဘာပြောလို့ပြောရမှန်း မသိတော့ပေ။

ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့လည်း ထိုနည်းတူပင်။ သို့သော် သူတို့တပည့်များအပေါ် ယုံကြည်ချက်အပြည့် ရှိသဖြင့် စိုးရိမ် ပူပန်သွားခြင်းမရှိခဲ့။ အဘွားကြီးဖုန်း ဘေးနားတွင် ရှိနေသော ဖုန်းယန်သာ နဂါးလိုဏ်ဂူတောင်အား စိတ်ဝင်တစားဖြင့် သေချာ စိုက်ကြည့်လိုက်သည်။

ထိုတိုက်ပွဲ၏ အဆုံးသတ် မည်ကဲ့သို့ ဖြစ်မလဲ သူမ တကယ်ကို သိချင်နေလေပြီ။

“မိုးနဲ့မြေ ဘယ်လောက်ကွာလဲ သူမသိတာလား” ဖန်သွေးရောင်ဂိုဏ်း အဖွဲ့ဘက်မှ သားနားသော အဝတ်အစားနှင့် လှပကျော့မော့နေသည့် အမျိုးသမီးတစ်ဦး၏ ရန်ကိုင်၏ လုပ်ရပ်အပေါ် ဝေဖန်မှတ်ချက်ပြုလိုက်သည်။ မူလက နဂါးလိုဏ်ဂူတောင်၏ အစီအရင်များကို မြင်ပြီး အတော်လေး အထင်ကြီးမိသွားခဲ့သော်လည်း နည်းနည်းလောက် အသာရရုံဖြင့် နဂါးလိုဏ်ဂူတောင်သည် သူတို့ကိုယ်သူတို့ စိတ်ကြီးဝင်ပြီး တောင်အရံအတားအား ပြန်ဖွင့်လိုက်သည့် အတွက် သူမ အတော်လေး စိတ်ပျက်သွားခဲ့ရသည်။

လုံးဝ အထက်စီးရောက်နေခြင်း မရှိဘဲ တောင်အရံအတားကို ပြန်ဖွင့်လိုက်ခြင်းသည် သားကောင်အား ချောင်ပိတ်ဖမ်းခြင်း မဟုတ်ဘဲ ကြမ်းကြုတ်သော ကျားရိုင်းတစ်ကောင်းအား ဖမ်းရန် ကြံလိုက်ခြင်းသာ ဖြစ်ပေသည်။

ထိုအမျိုးသမီး၏ နောက်တွင် အမျိုးသမီး နှစ်ယောက် ရပ်နေခဲ့သည်။ တစ်ယောက်သည် နဂါးလိုဏ်ဂူတောင် ဒုက္ခ ရောက်နေသည့်အပေါ် ဝမ်းသာအားရနေချိန် အခြား တစ်ယောက်မှာမူ အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့လေသည်။

နှစ်ယောက်စလုံးမှာ အသက်တူ၊ အရွယ်တူ ဖြစ်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှာ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းသော်ငြား မျက်နှာမှာမူ မိုးနှင့်မြေပမာ ကွာခြားလှပေသည်။ တစ်ယောက်သည် နတ်မိမယ်လေးကဲ့သို့ လှပနေချိန် အခြား တစ်ယောက်မှာ စုန်းမအိုကြီး တစ်ယောက်ကဲ့သို့ ရုပ်ဆိုး အကျည်းတန်လှသည်။ ထိုနှစ်ယောက်မှာ ဖန်သွေးရောင်ဂိုဏ်းမှ ယင်စုတျယ်နှင့် တိုက်ယွမ်တို့ ဖြစ်ပြီး ပထမဆုံး စကား ပြောလိုက်သည့်လူမှာ ဖန်သွေးရောင်ဂိုဏ်း ဂိုဏ်းချုပ်၏ သမီးလည်းဖြစ်၊ ယင်စုတျယ်နှင့် တိုက်ယွမ်တို့၏ ဆရာလည်း ဖြစ်သော ကုန်းအောင်ဖုပင် ဖြစ်လေသည်။

“ဆရာ၊ အခုတစ်ကြိမ် နဂါးလိုဏ်ဂူတောင် ဘယ်လို ဖြစ်သွားမယ်လို့ ထင်လဲ” ယင်စုတျယ်သည် တိုက်ယွမ်အား ကြည့်ရင်း ကုန်းအောင်ဖုအား မေးလိုက်သည်။

ယင်စုတျယ်သည် တစ်ချိန်က ရန်ကိုင်၏ လက်ထဲတွင် ဒုက္ခ လှလှ ရောက်ခဲ့ရသဖြင့် ရန်ကိုင်အား အလွန် မုန်းတီးနေခဲ့သည်။ ယခု ရန်ကိုင် ဒုက္ခရောက်နေသည်ကို မြင်သော် သူမ မပျော်ဘဲ ဘယ်နေမည်နည်း။ အထူးသဖြင့် တိုက်ယွမ်၏ စိုးရိမ်နေသော အမူအရာကို ကြည့်ရသည်မှာ သူမအတွက် အလွန် ကျေနပ်စရာပင်။ အဖြစ်အပျက် တစ်ခုလုံးသည် သူအတွက် အလွန်ကိုမှ ကျေနပ်စရာ ကောင်းလှသည်။

“ဒီလောက် သိသာနေတာကို ဘာလို့ လာမေးနေသေးတာလဲ” ကုန်းအောင်ဖုက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“နဂါးလိုဏ်ဂူတောင်ရဲ့ ကံကြမ္မာက ဒီနေ့ ဒီမှာတင် အဆုံးသတ်သွားပြီလို့ ဆရာပြောချင်တာလား” တိုက်ယွမ်က အပြုံးကြီးပြုံးလျက် မေးလိုက်သည်။

“အစကတည်းက အဲ့တောင်ပိုင်ရှင်ရဲ့ လုပ်ရပ်ကိုက မှားတာ” ကုန်းအောင်ဖုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ရှင်းပြလိုက်သည် “သူ့ရဲ့ မရှိမဲ့ရှိမယ့် စွမ်းအားလေးနဲ့ သားရဲများတောင်တန်းနဲ့ သွေးနတ်ဆိုးကျောင်းတော်ကို သွားရန်စလိုက်တာ ကိုယ်သေတွင်း ကိုယ်တူးလိုက်တာပဲ။ သူတို့တောင်မှာ အစီအရင်တွေ အများကြီး ရှိတယ်ဆိုရင်တောင် ဘာထူးမှာမို့လို့လဲ။ ကျင်းအိုကြီးနဲ့ အဘွားကြီးဖုန်းက သူတို့ ဇောင်းကြွနေပြတာကို ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့ ထင်လား။ နဂါးလိုဏ်ဂူတောင်ဆိုတာ သူတို့ နှစ်ယောက်ရှေ့မှာ ဘာမှ မဟုတ်ဘူး”

“အဲ့လိုကိုး” ယင်စုတျယ်က သဘောပေါက်သွားသည့် အမူအရာဖြင့် ရိသဲ့သဲ့ပြုံးလျက် စကားတစ်ခွန်းပင် မပြောနိုင်ဘဲ အောက်နှုတ်ခမ်းကို ကိုက်ထားသော တိုက်ယွမ်အား လှမ်းကြည့်လိုက်သည်။

ရယ်သွမ်းသွေးလျက် ယင်စုတျယ်က ဆက်ပြောလိုက်သည် “ဒီတော့ နဂါးလိုဏ်ဂူတောင်က ကိုယ့်အတိုင်းအဆ ကိုယ်သိပြီး သားရဲများတောင်တန်းနဲ့ သွေးနတ်ဆိုးကျောင်းတော်ကို သွားရန်မစသင့်ဘူးလို့ ဆရာ ပြောချင်တာပေါ့”

ယင်စုတျယ်၏ အပြောနှင့် ပက်သက်၍ ကုန်းအောင်ဖုသည် ထောက်ခံကြောင်း၊ သဘောမတူကြောင်း ဘာမှ မပြောဘဲ ရှင်းရှင်းလေးသာ ပြန်ပြောလိုက်သည် “ဒီလောကကြီးမှာ လက်သီးကြီးတဲ့ လူရဲ့ စကားက အမှန်တရားပဲ။ ကျန်တာ ဘာမှ အသုံးမဝင်ဘူး”

“ဒါပေမယ့် စီနီယာကျင်းရှီနဲ့ စီနီယာဖုန်းတို့ လှုပ်ရှားရင် အရိပ်လခန်းမက ဒီအတိုင်း ထိုင်ကြည့်နေပါ့မလား။ သူတို့ ဘာမှ မလုပ်ရင်တောင် အကြီးအကဲချင်းတုန်က ကျိန်းသေ လှုပ်ရှားလိမ့်မှာပေါ့၊ မဟုတ်ဘူလား ဆရာ” တိုက်ယွမ်က အလေးအနက် အမူအရာဖြင့် ရုတ်တရက် မေးလိုက်သည်။

“အရိပ်လခန်းမလား” ကုန်းအောင်ဖုက တိုက်ယွမ်အား အသာအယာ လှမ်းကြည့်၍ ရယ်သွမ်းသွေးလျက် “အဲ့တော့ ဘာဖြစ်လဲ။ ကျင်းရှီနဲ့ အဘွားကြီးဖုန်းသာ လှုပ်ရှားရင် အသက် ဆယ်ရှိုက်စာတောင် မကြာဘူး။ နဂါးလိုဏ်ဂူတောင် တစ်ခုလုံး အဆုံးသတ်သွားမှာ။ ချင်းတုန် လှုပ်ရှားမယ် ဆိုရင်တောင် သူတို့ကို တားနိုင်မှာ မို့လို့လား။ သူတို့ ရောက်လာတဲ့အချိန် တောင်ပေါ်မှ ရှိနေတဲ့ လူတွေ အကုန်လုံး သေနေလောက်ပြီ။ ပြီးတော့ အရိပ်လခန်းမက သားရဲများတောင်တန်းနဲ့ သွေးနတ်ဆိုးကျောင်းတော်ကို ရန်စချင်မယ်လို့ နင်ထင်လား”

ထိုစကားကို ကြားသည့်အခါ တိုက်ယွမ်၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့သည်။ ထိုအခြင်းအရာကို မြင်သော် ကုန်းအောင်ဖုက သင်္ကာမကင်း အမူအရာဖြင့် “ယွမ်အာ၊ သမီး အဆင်ပြေရဲ့လား”

တိုက်ယွမ် ပြန်မဖြေရသေးခင်မှာပဲ အနားတွင် ရှိနေသော ယင်စုတျယ်က တခစ်ခစ် ရယ်သွမ်းသွေးလျက် “စီနီယာအစ်မ နေမကောင်းတာ မဟုတ်ဘူး ဆရာရဲ့၊ သူက နဂါးလိုဏ်ဂူတောင်ကို စိုးရိမ်နေတာ”

“နဂါးလိုဏ်ဂူတောင်ကို သူဘာစိုးရိမ်စရာ ရှိလို့လဲ” ကုန်းအောင်ဖုက နားမလည်နိုင်ဟန်ဖြင့် တိုက်ယွမ်အား ကြည့်၍ မေးလိုက်သည် “နင်အဲ့က တစ်ယောက်ယောက်နဲ့ သိလို့လား”

“ဆရာ မေ့နေတာလား။ မကြာသေးခင်တုန်းပဲ စီနီယာအစ်မဆီ လူနှစ်ယောက် လာလည်သွားခဲ့တယ်လေ”

“ငါမှတ်မိတယ်လေ။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်မလား၊ နေပါဦး၊ နင်ပြောချင်တာက အဲ့နှစ်ယောက်က…” ကုန်းအောင်ဖု ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည်။

“ဆရာထင်တာ အမှန်ပဲ။ ကောင်လေးက ရန်ကိုင်၊ ကောင်မလေးက ယန်ယန်ပဲ။ သူတို့ နှစ်ယောက်က နဂါးလိုဏ်ဂူတောင်ရဲ့ ခေါင်းဆောင်တွေလေ။ ပြီးတော့ စီနီယာအစ်မနဲ့ သူတို့က အတော်လေး ရင်းနှီးတာ” ယင်စုတျယ်က အပြုံးဖြင့် ပြောလိုက်သည်။

ကုန်းအောင်ဖု မျက်မှောင်ကြုတ်သွားပြီး တိုက်ယွမ်အား ကြည့်ကာ မေးလိုက်သည် “ယွမ်အာ၊ သူပြောတာ အမှန်ပဲလား”

“ဟုတ်ကဲ့” တိုက်ယွမ် ခေါင်းညိတ်လိုက်သည်။

“နင်ဒီလောက် စိတ်ပူနေတာ ဒါကြောင့်ကိုး။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် နင်ဒီကိစ္စထဲ လုံးဝ ဝင်ပါလို့မဖြစ်ဘူး။ ဒီတိုက်ပွဲပြီးလို့ နဂါးလိုဏ်ဂူတောင် နိုင်သွားသည် ဖြစ်စေ၊ ရှုံသွားသည်ဖြစ်စေ၊ သူတို့ အနာဂတ်က လုံးဝ ပျက်စီးသွားပြီ။ အခုကိစ္စမှာ အင်အားစုတွေ အများကြီး ပါနေတာ။ ငါတို့ သူတို့ ပြဿနာ အရှုပ်အရှင်းထဲ ဝင်ပါလို့ မဖြစ်ဘူး”

“ဒါပေမယ့် ဂျူနီယာမောင်လေးရန်က ကျွန်မ အသက်ကို တစ်ခါကယ်ပေးထားဖူးတယ် ဆရာ” တိုက်ယွမ်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ” ကုန်းအောင်ဖုက တိုက်ယွမ်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး “သူ့လုပ်ပုံကို ကြည့်ကြည့်လိုက်၊ မောက်မာပြီး ဦးနှောက်မရှိတဲ့လူမှန်း သိသာတယ်။ ဘာလို့ သူ့လို လူတစ်ယောက်နဲ့ သွားမိတ်ဆွေဖွဲ့နေမှာလဲ။ အဲ့လိုလုပ်တာ နင့်ပျက်လမ်း နင်ရှာနေတာနဲ့ အတူတူပဲ”

“ဟုတ်တယ်” ယင်စုတျယ်က ဝင်ထောက်ခံလိုက်သည်။

“နင့်စီနီယာအစ်မက သိပ်စိတ်ငြိမ်နေတာ မဟုတ်ဘူး။ သူ့ကို သေချာစောင့်ကြည့်ထား။ ရူးမိုက်တာ ဘာမှ မလုပ်မိစေနဲ့”

“ဟုတ်ကဲ့” ယင်စုတျယ် တိုက်ယွမ်အား ပြုံးလျက် ကြည့်လိုက်သည်။ သို့သော်လည်း သူမစိတ်ထဲ ပန်းပွင့်နေလေပြီ။ သူမဆရာ ပြောချင်သည်ကား ရှင်းပေသည်။ တိုက်ယွမ်အား နဂါးလိုဏ်ဂူတောင်ဆီ မသွားနိုင်အောင် စောင့်ကြည့်ထားဖို့ပင်။

တိုက်ယွမ်၏ ဝမ်းနည်းစိုးရိမ်နေသည့် မျက်နှာလေးကို ကြည့်ရင်း ယင်စုတျယ်ရင်ထဲ အလွန်ကိုမှ ကျေနပ်နေမိသည်။ သူမ၏ ကျင့်ကြံခြင်းသည် တိုက်ယွမ်ထက် အဆင့်တစ်ဆင့် ပိုမြင့်သော်လည်း တိုက်ယွမ် ကျင့်ကြံထားသည့် ကျင့်စဉ်ကြောင့် သူမသည် ဂိုဏ်းအတွက် အစားထိုးမရသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ယင်စုတျယ် တိုက်ယွမ်အား အလွန်ကိုမှ မကျေမနပ် ဖြစ်နေမိသည်။ သူမသာ အကောင်ဆုံးကို ရချင်သည်၊ အားလုံး သူမအား မျက်နှာသာ ပေးချင်သည်ကိုသာ လိုချင်သည်။ အကုန်လုံး၏ ချီးကျူးမှုကို သူမသာ လိုချင်သည်။ ထို့ကြောင့် ဂိုဏ်းထဲတွင် တိုက်ယွမ်အား အမြဲတစေ ဖိနှိပ်၍ သူမဆရာ၏ မျက်နှာသာပေးမှုနှင့် အာရုံစိုက်မှုကို သူမ တစ်ယောက်တည်းသာ ရယူခဲ့သည်။

…………

နဂါးလိုဏ်ဂူတောင်ထဲ၌…

နင်ရှန်းချန်သည် အိမ်မက်မက်နေသည့်နှယ် စိတ်နှင့်ကိုယ် မကပ်သော သူနှင့်ကျင့်ကြံခြင်းအဆင့် တူညီသော သူ့ရှေ့ရှိလူကို ငေးကြောင်ကြည့်နေမိသည်။

သူ့ရှေ့ရှိလူသည် သေနှင့်နေလေပြီ။ ထိုလူ၏ ရင်ဘတ်တွင် အပေါက်တစ်ပေါက် ရှိနေခဲ့လေသည်။ ထိုအပေါက်သည် လက်တစ်ချောင်းစာ ကျယ်ပြီး ၎င်းဆီမှ သွေးများ တစိမ့်စိမ့် စီးကျနေခဲ့သည်။

ထိုရန်သူကို သူသတ်လိုက်ခြင်းပင်။

သို့သော်လည်း အလွန်ကိုမှ အလွယ်တကူ သတ်လိုက်နိုင်သဖြင့် နင်ရှန်းချန် လက်ရှိ အဖြစ်အပျက်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ မဖြစ်နိုင်မှန်း သိသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူများ တန်ခိုးရှင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သွားသလားဟုပင် နင်ရှန်းချန် အထင် ရောက်မိပေလိမ့်မည်။

ထိုရန်သူနှင့် ရင်ဆိုင်တွေ့ပြီး လက်ဖက်ရည် တစ်ခွက်စာ ကြာအောင် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် သူ့ရန်သူကို အသေ သတ်ပစ်နိုင်ခဲ့သည်။ အစကမူ အားနည်းချင်ယောင် ဆောင်ကာ ရန်သူသတိလျော့ပေါ့သွားအောင် လုပ်ပြီးမှ အလစ်ချောင်း တိုက်ခိုက်မည်ဟု စဉ်းစားထားခဲ့သော်လည်း တကယ်တမ်း တိုက်ခိုက်ရသည့်အခါ အလွန်ကိုမှ လွယ်ကူနေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုလူအား သတ်ရသည်မှာ ဤမျှ လွယ်ကူနေလိမ့်မည်ဟု နင်ရှန်းချန် မည်ကဲ့သို့ ထင်ခဲ့ပါမည်နည်း။

ထိုလူ တန်ခိုးရှင်အဆင့် ပညာရှင်ကော ဟုတ်မှဟုတ်ပါလေစွဟုပင် တွေးမိသွားသည်၊ တန်ခိုရှင်အဆင့်နှင့် ရင်ဆိုင်နေသည်ဟု မခံစားရဘဲ သူတော်စင်ဘုရင်အဆင့် တစ်ယောက်နှင့် တိုက်နေရသည်ဟု သူဘာကြောင့် ခံစားနေရသနည်း။

ထို့အပြင် ထိုလူသည် နင်ရှန်းချန် သတ်ခဲ့သည် ဒုတိယမြောက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။

ယခင်က ထိုကဲ့သို့ ရန်သူမျိုးနှင့် ရင်ဆိုင်ရလျှင် အနည်းဆုံး တစ်နာရီလောက်ကြာအောင် ခက်ခက်ခဲခဲ တိုက်ခိုက်ရသည်။ သူမှတ်မိသည့် အကြာဆုံးတိုက်ပွဲဆုံးလျှင် ရှစ်နာရီထိပင် ကြာလေသည်။ နောက်ဆုံး နှစ်ယောက်စလုံး အားကုန်သွားသဖြင့် သူတို့ကြားရှိ ရန်ကြွေးကို နောက်တစ်ခါမှ ပြန်ရှင်းမည်ဟု သဘောတူခဲ့ကြရသည်အထိပင်။

သို့သော်ငြား ယခုမူ လက်ဖက်ရည် တစ်ခွက်စာဆူချိန်ပင် မရှိသေးခင်မှာပဲ သူနှင့်အဆင့်တူ ရန်သူနှစ်ယောက်ကို သတ်ပြီးသွားခဲ့လေပြီ။

ထိုရန်သူ နှစ်ယောက်စလုံးသည် မဖြစ်နိုင်သည့် အရာတစ်ခုကို မြင်လိုက်ရသည့်နှယ် မျက်လုံးကြီးပွင့်ပြီး သေသွားခဲ့ကြသည်။

သူ့ရန်သူများ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရလဲ နင်ရှန်းချန် မသိသော်ငြား သူ့အား တိတ်တဆိတ် ကူညီပေးနေသည့် ထူးခြား ဆန်းကြယ်သော စွမ်းအင်တစ်မျိုး ရှိနေမှန်း နင်ရှန်းချန် သိသည်။ မဟုတ်လျှင် ထိုနှစ်ယောက်ကို ထိုမျှ အလွယ်တကူ သတ်နိုင်ခဲ့မည် မဟုတ်ပေ။

ထိုဆန်းကြယ်သော စွမ်းအားသည် ဤနေရာတွင် ခင်းကျင်းထားသော အစီအရင်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူနှင့် ရင်ဆိုင်နေစဉ် သူ့ရန်သူနှစ်ယောက်လုံးသည် တစ်ခုခု၏ ဖိနှိပ်ထားခြင်း ခံရသည့်အလား သူတို့၏ သူတော်စင်ချီအား ကောင်းကောင်း မလှည့်ပတ်နိုင်ခဲ့ပေ။ ထိုမျှသာမဟုတ်သေး၊ သူနှင့် တိုက်ခိုက်နေသည့် အချိန်တွင်လည်း ကမန်းကတန်း အော်ဟစ်ရင်း ဘာမှမရှိသည့် နေရာကြီးကို စွတ်ပြီး တိုက်ခိုက်နေကြသေးသည်။

နင်ရှန်းချန် နှစ်ပေါင်းမျာစွာ အသက်ရှင်လာသည့်လူပင်။ သို့သော်လည်း ယခုမှသာ ဤကဲ့သို့ ယုတ္တိမတန်သည့် မြင်ကွင်းကို မြင်ဖူးတော့သည်။ ထိုအဖြစ်အပျက်နှင့် ကြုံပြီးသည့်နောက်ပိုင်း နဂါးလိုဏ်ဂူတောင်အပေါ် သူ့အမြင်ကိုလည်း ပြောင်းလဲ လိုက်ရသည်။ ကိုယ့်ဘက်မှ တန်ခိုးရှင်အဆင့်များကို ဘာမှမဖြစ်စေသော်ငြား ရန်သူ့ဘက်မှ တန်ခိုးရှင်အဆင့်များအား သူတော်စင်ချီ ကောင်းကောင်း မလှည်ပတ်နိုင်အောင် လုပ်နိုင်ရုံမက အရူး အိမ်မက် မက်နေသကဲ့သို့ လုပ်နိုင်သည်မှာ သာမန် အစီအရင်ပညာရှင် တစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ပါချေ။

နားလည်ရခက်သည့် ချန်ချီနှင့် ဟောင်အန်းတို့၏ အပြုံးကို ပြန်စဉ်းစားမိလိုက်သော် ရန်သူများစွာနှင့် ရင်ဆိုင်နေရသည့်တိုင် ထိုနှစ်ယောက် ဘာကြောင့် အလွန် တည်ငြိမ်နေရလဲ ဆိုသည်ကို ယခုမှပဲ နင်ရှန်းချန် နားလည်သွားတော့သည်။

သူအလွန်ကိုမှ ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမိလိုက်သည်မှာလည်း ဖြစ်နိုင်လာလေပြီ။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် နင်ရှန်းချန် သူ့လက်ကို ဆန့်၍ အဝေးတွင် ကျနေသော သူ့ဓါးတိုကို လှမ်းဆွဲယူလိုက်သည်။ ထို့နောက် ယခင်ကကဲ့သို့ စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် အမဲလိုက်ခရီးကို စတင်တော့လေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၀)

ချန်ချီနှင့် ဟောင်အန်းတို့လည်း နင်ရှန်းချန်နှင့် တူညီသော အခြေအနေနှင့် ကြုံတွေ့နေရသည်။ သို့သော်ငြား သူတို့ နှစ်ယောက်သည် နဂါးလိုဏ်ဂူတောင်မှ အစီအရင်များ၏ ယုတ္တိမတန်သော စွမ်းအားအကြောင်းကို ကြိုသိထားကြသဖြင့် နင်ရှန်းချန်ကဲ့သို့ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် သူတို့ တာဝန်ယူထားသည့် နေရာများကို ခုခံနိုင်ကြသည်။

တစ်ခါတစ်ရံ သူတို့ရှေ့ မှင်သက်အံ့ဩနေဟန်ဖြင့် ရုတ်တရက် ပေါ်လာသော ရန်သူအားလုံး ချန်ချီနှင့် ဟောင်အန်းတို့၏ လက်စ တုံးပေးခြင်း ခံလိုက်ရသည်။

ယန်ယန်မှ အစီအရင်အား စထိန်းချုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ ခင်းကျင်းထားသည့် အမျိုးမျိုးသော စိတ်ဝိဥာဉ် အစီအရင်များကို သုံးကာ ရန်သူ အင်အားစုများကို ချန်ချီနှင့် ဟောင်အန်း ရှိနေသည့် နေရာသို့ ဖြည်းဖြည်းချင်း မျှားခေါ်သွားခဲ့သည်။ ထို့ကြောင့် ချန်ချီနှင့် ဟောင်အန်းတို့၏ အခြေအနေမှာ နင်ရှန်းချန်ထက် ပိုအဆင်ပြေနေသေးသည်ဟုပင် ပြော၍ရပေသည်။

သူတော်စင်ဘုရင်များသည် တန်ခိုးရှင်အဆင့်များကို အစ ကတည်းက မရင်ဆိုင်ဘူးဆိုမှ အစီအရင်၏ ထပ်မံဖိနှိပ်ခြင်း ခံလိုက်ရသည့်အခါ ချန်ချီနှင့် ဟောင်အန်းတို့ရှေ့ အသက် သုံးရှိုက်စာပင် မခုခံနိုင် ဖြစ်သွားရလေတော့သည်။ တန်ခိုးရှင် အဆင့်များမှာမူ ပို၍ ကြာကြာ တောင့်ခံနိုင်ခဲ့သော်ငြား နောက်ဆုံးတွင် သူတို့လည်း သူတော်စင်ဘုရင်အဆင့်များ သွားသည့်နောက်သို့ လိုက်သွားခဲ့ရစမြဲပင်။

ရှဲ့မိသားစု၊ ပင်လယ်နှလုံးသားဂိုဏ်းနှင့် တိမ်မီးတောက် ဂိုဏ်းမှ ကျင့်ကြံသူများ၏ အရေအတွက်မှာ ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် လျော့ကျလာနေသည်။ အသက်ရှင်နေသည့် လူများမှာလည်း အကြောက်တရားဖြင့် နေနေကြရလေပြီ။ ချောက်ခြားဖွယ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလိုက်တိုင်း သူ့တို့ရင်ထဲ အကြောက်တရားမှာ ပို၍ ကြီးထွားလာရသည်။ ဤနေရာသို့ လာခဲ့မိသည်ကို သူတို့ အလွန် နောင်ရနေလေပြီ။ ယခုတစ်ကြိမ် ဤနေရာမှ လွတ်မြောက်ခဲ့လျှင် နဂါးလိုဏ်ဂူတောင် ဆီသို့ ဘယ်တော့မှ ထပ်မလာတော့ဟု အချို့ဆိုလျှင် သံဓိဠာန်ပင် ချနေကြလေပြီ။

ရှဲ့လီမှာတော့ ဘာအန္တရာယ်နှင့်မှ မကြုံရသေးပေ။ သို့သော် သူနှင့်အတူ ပုံရိပ်ယောင်အစီအရင်ထဲ ပိတ်မိနေသော အခြား သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံးမှာ ဒယ်အိုးပူထဲ ရောက်နေသည့် ပုရွက်ဆိတ်များနှယ် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြလေပြီ။

ယန်ယန် ခင်းကျင်းထားသည့် အစီအရင်သည် အရိပ်ကြယ်၏ အကန့်အသတ်အား ကျော်လွန်လေရာ သူတို့ မည်မျှပင် ကြိုးစားပါစေ ဤကဲ့သို့ ပိတ်ခံထားရသည်မှာ သဘာဝသာ။

နဂါးလိုဏ်ဂူတောင်၏ ဘယ်ဘက်တွင် ရှိနေသော သားရဲများ တောင်တန်းမှ လူအိုကြီးသည် သူ့ဂိုဏ်းမှတပည့်များကို ဦးဆောင်၍ မီးတောက်သားရဲအုပ်ကို ဖောက်ထွက်လာခဲ့ပြီး နဂါးလိုဏ်ဂူတောင် အတွင်းပိုင်းသို့ ရောက်လာခဲ့သည်။

သပ်ရပ်စွာ ဆောက်လုပ်ထားသော အိမ်များနှင့် စိမ်းစိုလှသော ရှုခင်းစိမ်းကြီးကိုကြည့်ရင်း အသက်ရှင်ကျန်ရစ်ခဲ့သော သားရဲများ တောင်တန်းမှ တပည့်များ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားကြလေသည်။

ခဏအကြာတွင် သားရဲများတောင်တန်းမှ လူအုပ်ကြီး လုံခြုံသည့် နေရာသို့ ရောက်လာပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ ကံကောင်းစွာဖြင့် မီးတောက်သားရဲအုပ်ကြီး သူတို့နောက်သို့ လိုက်မလာခဲ့ချေ။

မျက်လုံးပြာဖားကို စီးထားသည့် လူအိုကြီးသည် အသက်ရှင် ကျန်ရစ်သည့် သူ့တပည့်များကို ရေတွက်ကြည့်လိုက်သည့်အခါ ရှစ်ယောက်သာ ကျန်တော့သည်ကို မြင်လိုက်ရသည့်အခိုက် သူ့ရင်ထဲ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ဤနေရာသို့ စဝင်လာစဉ်က သူနှင့်အတူ ကျင့်ကြံသူ အယောက်လေးဆယ် ပါလာခဲ့သော်ငြား ယခုမူ ရှစ်ယောက်သာ ကျန်ရစ်တော့သည်။ ထိုရှစ်ယောက်အနက် နှစ်ယောက်မှာ တန်ခိုးရှင်ပထမအဆင့်များ ဖြစ်ကြပြီး ကျန်နှစ်ယောက်သည်သာ သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြသည်။ ထို့အပြင် ဒဏ်ရာ မရထားသည့် လူဆို၍လည်း တစ်ယောက်မှ မရှိပါချေ။

နဂါးလိုဏ်ဂူတောင်သည် မည်သို့သော နေရာနည်း။ အပြင်ဖျားပိုင်းအား ဖြတ်ရုံအတွက်မှ ထိုမျှ ပေးဆပ်ခဲ့ရလျှင် ရှေ့တွင် ရှိနေသော အန္တရာယ်များကို ကျော်ဖြတ်ရန် အလို့ငှာ သူတို့ မည်မျှ ထပ်ပေးဆပ်ရဦးမည်နည်း။

ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် လူအိုကြီး ရှေ့ဆက်သွားမချင်တော့ဘဲ ပြန်ဆုတ်ချင်မိလာသည်။ သို့သော်ငြား ပြန်ဆုတ်ရန် လမ်းစကားမရှိ။ ပြန်ဆုတ်ချင်လျှင် မီးတောက်သားရဲ အုပ်ကြီးကို နောက်တစ်ကြိမ် ထပ်ရင်ဆိုင်ရပေလိမ့်မည်။

ထို့ကြောင့် လက်ရှိတွင် သူတို့တွင် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည်။ ဤနေရာ၏ ပိုင်ရှင်ကို ဖမ်းဖို့ပင်။

လူအိုကြီးသည် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူများ စုဝေးနေသည့် နေရာဖြစ်ဟန်ထင်ရသော နေရာအား ရက်စက် ကြမ်းကြုတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော်လည်း ရုတ်တရက် သူနှင့် မလှမ်းမကမ်းတွင် လှောင်ပြုံးကို ဆင်မြန်းလျက် အေးစက်စက် အကြည့်ဖြင့် သူ့အား စိုက်ကြည့်နေသည့် လူငယ်လေးတစ်ယောက် ပေါ်လာသဖြင့် လူအိုကြီး၏ အမူအရာ မဲ့သွားခဲ့ရသည်။

ထိုလူသည် မူလကတည်းက ထိုနေရာတွင် ရှိနေသလား၊ ယခုမှပဲ ရုတ်တရက် ပေါ်လာလေသလားကို လူအိုကြီး သိပ်ပြီး မသေချာလှ။ သို့သော် ထိုလူငယ်လေး မည်သူမှန်း လူအိုကြီး သိသည်။ ထိုလူငယ်လေးသည် နဂါးလိုဏ်ဂူတောင်၏ ပိုင်ရှင် ဖြစ်ကာ ဆန်းယင်ရွှေကို ဝယ်သွားသည့် တစ်ယောက်လည်း ဖြစ်သည်။

သူ့ရှေ့တွင် ရဲရဲတင်းတင်း ပေါ်လာရဲသည့် ထိုလူငယ်လေးကို မြင်ပြီး လူအိုကြီး တကယ်ကို ပျော်သွားခဲ့သည်။ သူ့အဖွဲ့ထဲတွင် တန်ခိုးရှင်အဆင့် သုံးယောက်ရှိနေပြီး သူတော်စင်ဘုရင်အဆင့် ခြောက်ယောက် ရှိနေသည်။ ထို့အပြင် ထိုသုံးယောက်အနက် တစ်ယောက် ဖြစ်သော သူသည် တန်ခိုးရှင် ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထိုလူအင်အားဖြင့် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့် ထိုလူငယ်လေးကို ဖမ်းဖို့ရာ လုံးဝ ပြဿနာ မရှိပါချေ။

သူစိတ်ပူနေရသည်ဆို၍ ထိုလူငယ်လေး တစ်ခုခုများ ကြံနေသလား ဆိုသည်ကို တွေပူနေခြင်းသာ ရှိသည်။

ထိုကဲ့သို့ စဉ်းစားမိသော် လူအိုကြီးသည် ရန်ကိုင်ကို လက်ညိုးငေါက်ငေါက်ထိုး၍ “ငါတို့ သားရဲများတောင်တန်းကို ရန်စရဲတဲ့အတွက် မင်းအလောင်းတောင်မကျန်ဘဲ သေရအောင် ငါလုပ်ပေးမယ်”

“သောက်ရှက်မရှိဘဲ လာကြွားနေသေးတယ်” ရန်ကိုင်က အထင်အမြင်တသေးဖြင့် “ကျုပ်နဂါးလိုဏ်ဂူတောင်ထဲ ဝင်လာပြီးရင် ခင်ဗျားတို့ရဲ့ သေခြင်းရှင်းခြင်းကို ခင်ဗျားတို့ ကိုယ်တိုင် အစိုးမရတော့ဘူးဆိုတာ မသိတာလား”

ရန်ကိုင်သည် လေကုန်ခံပြီး ဘာပိုစကားမှ ထပ်မပြောချင်တော့သည့် အတွက်ကြောင့် လှမ်း၍သာ အော်လိုက်သည် “ယန်ယန်”

ရန်ကိုင် အော်လိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး မြင်နေရသည့် ပတ်ဝန်းကျင် ရှုခင်းအဖုံဖုံသည် ရုတ်တရက် တွန့်လိမ်ပြောင်းလဲသွားပြီး အစိမ်းရောင် မြက်ခင်းပြင်ကြီးက အစားထိုး ဝင်ရောက်လာခဲ့လေသည်။

“ပုံရိပ်ယောင်အစီအရင်လား” လူအိုကြီး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားသည်။ နဂါးလိုဏ်ဂူ တောင်၏ ဤနေရာမျိုးတွင် ယခုကဲ့သို့ အစီအရင်တစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နဂါးလိုဏ်ဂူတောင်၏ အပြင်ပိုင်းတွင် အစီအရင်များ ရှိနေသည်မှာ ပုံမှန်သာ ဖြစ်သော်ငြား တပည့်များစွာ နေထိုင်နေသည့် ဤကဲ့သို့သော အတွင်းပိုင်းတွင် အစီအရင်တစ်ခု ရှိနေသည်မှာ သိပ်ပြီးတော့ ပုံစံမကျချေ။ တပည့်တစ်ယောက် အန္တရာယ်များသည့် အစီအရင် တစ်ခုခုအား မတော်တဆ အသက်သွင်းလိုက်မိမည်ကို သူတို့ မကြောက်လေသလော။

ထို့ကြောင့်ပဲ လူအိုကြီးနှင့် သူ့လက်အောက်ငယ်သားများသည် အတွင်းပိုင်းနေရာကို မြင်သည်နှင့် အလျင်စလို ပြေးသွားကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော နေရာမျိုးတွင်ပင် အစီအရင် တစ်ခု ရှိနေလိမ့်မည်ဟု သူတို့ မည်ကဲ့သို ထင်ခဲ့ပါမည်နည်း။

နဂါးလိုဏ်ဂူတောင်သည် တောင်သေးသေးလေး တစ်လုံးသာ ဖြစ်သည့်အတွက် ဤနေရာတွက် ဤနေရာတွင် အစီအရင် အများကြီး မရှိသင့်ပေ။ တစ်နေ့တွင် သူတို့နေရာသည် ယခုကဲ့သို့ ကျူးကျော်ခံရလိမ့်မည်ဟု ကြိုသိထားသည့်အတွက် ယခုကဲ့သို့ ပြင်ဆင်ထားခြင်းပေလော။

ယန်ယန်၏ ထူးဆန်းသော အတွေးကို လူအိုကြီး မည်ကဲ့သို့ နားလည်မည်နည်း။ နဂါးလိုဏ်ဂူတောင်၌ ဤမျှ များပြားလှသော အစီအရင်များ ရှိနေရခြင်းမှာ ယန်ယန်သည် အစီအရင်များ ခင်းကျင်းခြင်း၊ မှော်ရတနာများ ပြုလုပ်ခြင်းဖြင့် သူမ မှတ်ဥာဏ်ထဲရှိ ချိတ်စည်းများကို ဖွင့်ရန် ကြိုစားခဲ့သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

အစီအရင်များ အဆက်မပြတ် ခင်းကျင်းခြင်းဖြင့် ယန်ယန်သည် သူမ ယခင်က မသိခဲ့သော အစီအရင်နှင့် ပက်သက်သည့် အကြောင်းအရာများကို သိလာခဲ့ရသည်။

တစ်နည်းဆိုသော် နဂါးလိုဏ်ဂူတောင်ရှိ အစီအရင်များကို သာမန် အမြင်ဖြင့် သွားကြည့်မည်ဆိုပါက လုံးဝ ယုတ္တိရှိလိမ့်မည် မဟုတ်ပေ။

ပုံရိပ်ယောင် အစီအရင်ထဲသို့ ရောက်သွားသည့်တိုင် လူအိုကြီးသည် ချောက်ခြားသွားခြင်း မရှိသည့်အပြင် ရူးသွပ်စွာ ရယ်လျက်ပင် ပြန်အော်ပြောလိုက်သည် “ဒီအစီအရင်လေးနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်တာလား၊ ကောင်လေး။ အဲ့လိုဆိုရင် မင်းငါ့ကို အရမ်း ထင်သေးလွန်းရာကျသွားပြီ”

“ဒီအစီအရင်နဲ့ ခင်ဗျားကို သတ်မယ်လို့ ဘယ်သူပြောလဲ” ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်သည်။

“အဲဒါဆို မင်းဘာလုပ်မှာလဲ။ မင်းမှာ ဝှက်ဖဲတွေ ရှိသေးရင် ထုတ်လိုက်လေ။ ငါဒီမှာ ရပ်နေတယ်” လူအိုကြီး ယုံကြည်ချက် အပြည့်ဖြင် ပြုံးလျက် “ဒီနေ့ မင်းနဲ့ငါကြား ခွန်အားကွာခြားချက် ဘယ်လောက်တောင် ကြီးမားလဲ ငါမင်းကိုပြပေးမယ်”

“သေချာတာပေါ့။ ဒါပေမယ့် ဘာလို့ ဒီလောက်တောင် အလျင်လိုနေတာလဲ။ ခဏစောင့်၊ ကျုပ်အခုပဲ ပြန်လာခဲ့မယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ့ပုံရိပ် လူအိုကြီးရှေ့မှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့လေသည်။

“မင်းပြေးချင်တာလား” လူအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင် ရှိနေခဲ့သည့် နေရာဆီ အနီရောင်အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်သည်။

သို့သော်လည်း လူအိုကြီး ခြေတစ်လှမ်း နောက်ကျသွားခဲ့၏။ အနီရောင်အလင်းတန်း မထိနိုင်သေးခင်မှာပဲ ရန်ကိုင်၏ ပုံရိပ် မူလ ရှိနေခဲ့သည့် နေရာမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

လူအိုကြီး၏ အမူအရာ မှုန်ကုတ်သွားခဲ့လေပြီ။ ဤပုံရိပ်ယောင် အစီအရင်သည် ထင်သလောက် မရိုးရှင်းပေ။ သူမည်မျှပင် ကြိုးစားစေကာမူ ရန်ကိုင် မည်ကဲ့သို့ ထွက်ပြေးသွားလဲ ဆိုသည်ကို လုံးဝ အဖြေမရှာနိုင် ဖြစ်နေခဲ့သည်။

ရုတ်တရက် အတွေးတစ်ခု လူအိုကြီး၏ ခေါင်းထဲ ဖြတ်ပြေးသွားခဲ့သဖြင့် လူအိုကြီးလည်း သူ့ပတ်ဝန်းကျင်ကို အလျင်စလို စစ်ဆေးကြည့်လိုက်သည်။ သူထင်ထားသလို ဖြစ်နေမှန်း သိလိုက်ရသည့်အခိုက် လူအိုကြီး၏ အမူအရာ ဝမ်းချုပ်နေသည့်နှယ် ရှုံ့မဲ့သွားခဲ့လေသည်။

သူတစ်ယောက်တည်းသာ ဤပုံရိပ်ယောင် အစီအရင်ထဲ ပိတ်မိနေသည့်အလား သူနှင့်အတူ ပါလာသော တန်ခိုးရှင်အဆင့် နှစ်ယောက်နှင့် သူတော်စင်ဘုရင်အဆင့် ခြောက်ယောက်ကို မည်သို့မှ ရှာမတွေ့တော့ချေ။

ရန်ကိုင် အစောပိုင်းက ပြောသွားသည့် စကားကို ပြန်စဉ်းစားမိလိုက်သည့်အခါ လူအိုကြီး ရန်ကိုင် ဘာလုပ်ရန် ကြိုးစားနေလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားပြီး သူ့ရင်ထဲ ဒေါသပုန်ထသွားခဲ့ရလေသည်။ သားပျောက်သည့် အဖေ တစ်ယောက်နှယ် သွေးရူးသွေးတန်း အော်ဟစ်ရင်း အသွား တစ်ဖက်ပါ ရဲတင်းတစ်လက်ကို ထုတ်၍ ထိချင်ရာထိ လှည့်ပတ်ဝှေ့ရမ်းတော့လေသည်။

သူမည်သည့် အချိန်ကတည်းက ပုံရိပ်ယောင် အစီအရင်ထဲ ရောက်လို့ရောက်သွားမှန်းပင် မသိလေရာ အစီအရင်ကို သူမည်သို့ ချိုးဖျက်နိုင်မည်နည်း။ ထို့ကြောင့် အကြမ်းနည်းသုံး၍ အစီအရင်ကို ချိုးဖျက်ရန်သာ ကြိုးစားရတော့သည်။

သူကိုင်ထားသည့် အသွားတစ်ဖက် ရဲတင်းသည် အတော့်ကိုမှ အဆင့်မြင့်လှကာ တန်ခိုးရှင် ဒုတိယအဆင့် မှော်ရတနာတစ်မျိုး ဖြစ်သည်။ ထိုမှော်ရတနာမျိုးကို အရိပ်ကြယ်ပေါ်ရှိ မည်သည့် ပန်းပဲပညာရှင်မှ မပြုလုပ်နိုင်ကြသော်ငြား ထိုကဲ့သို့သော မှော်ရတနာမျိုးကို ရှေးဟောင်း အပျက်အစီးနယ်မြေမှ ကံကောင်းလျှင် ရတတ်ပေသည်။

လူအိုကြီးသည် အသွားတစ်ဖက် ရဲတင်းထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ ပတ်ပတ်လည် ဝှေ့ရမ်းလိုက်တော့သည်။ ရဲတင်းအား သူဝှေ့ရမ်းလိုက်တိုင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အနားရှိ လဟာပြင်အား သွားရောက်ထိမှန်သည်။ သို့သော်လည်း သူမည်သို့ပင် တိုက်ခိုက်နေစေကာမူ အစီအရင်ကို မဖျက်စီးနိုင်ပေ။ ထို့အပြင် လက်ရှိတွင် အစီအရင်ကို ယန်ယန်မှ ထိန်းချုပ်နေခြင်း ဖြစ်သည်။

ငါးချက်ဆက်တိုက် ဝှေ့ရမ်းလိုက်ပြီး သူတော်စင်ချီ အတော်လေး ကုန်သွားပြီးနောက် ဘာမှ အကျိုးမထူးမှန်း သိလိုက်ရသည့် အခါမှ လူအိုကြီး ရပ်သွားခဲ့ပြီး ငြိမ်သက်စွာဖြင့် သူ့ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးတော့လေသည်။

ရန်ကိုင် မကြာခင် ပြန်ပေါ်လာမည်မှန်း သူသိနေသည်။

သူထင်ထားသည့်တိုင်းပင်၊ လက်ဖက်ရည် တစ်ခွက်စာ ကြာပြီးနောက် လဟာပြင်ထဲ ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာပြီး ရန်ကိုင် အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။

ရန်ကိုင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအိုကြီး၏ အကြည့်သည် ရန်ကိုင်ကိုယ်ပေါ်ရှိ သွေးစွန်းကွက်များဆီသို့ ရောက်သွားခဲ့သည်။ ထိုသွေးစွန်းကွက်များဆီမှ မွန်းစတားချီ အငွေ့အသက်တို့ကို သူရနေသည်။

သားရဲများတောင်တန်းမှ ပညာရှင်တစ်ယောက် ဖြစ်သည်နှင့် အညီ ထိုအငွေ့အသက်နှင့် လူအိုကြီး အလွန် ရင်းနှီးသည်။ ထိုသွေးစွန်းကွက်များသည် အားကောင်းသော မွန်းစတား သားရဲများ သွေးများ ဖြစ်သည်။ လောလောဆယ်တွင် ထိုကဲ့သို့ အားကောင်းသော မွန်းစတားသားရဲများ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူဆို၍ သူတို့ သားရဲများတောင်တန်းမှ ကျင့်ကြံသူများသာ ရှိသည်။

“ငါ့လက်အောက်ငယ်သားတွေ ဘာဖြစ်သွားလဲ” လူအိုကြီးသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

“သိနေပြီးသားကို လေကုန်ခံပြီး ဘာလို့ လာမေးနေတာလဲ။ ကျုပ်ပြန်ရောက်လာမှတော့ ခင်ဗျား လက်အောက်ငယ်သားတွေ ဘာဖြစ်သွားမယ် ထင်လဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ နဂါးလိုဏ်ဂူတောင်ထဲတွင် တန်ခိုးရှင် ပထမအဆင့် နှစ်ယောက်နှင့် သူတော်စင်ဘုရင်အဆင့် ခြောက်ယောက်လောက်ဖြင့် ရန်ကိုင်အား ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်ကတည်းက တန်ခိုးရှင်ပထမအဆင့် တစ်ယောက်ကို သတ်လာသူ ဖြစ်သည်။ ယခု ယန်ယန်ကပါ အစီအရင်ဖြင့် ကူညီပေးနေရာ သူသာ ထိုကျင်ကြံသူများအား မသတ်နိုင်ဘူးဆိုပါက ယခင်နှစ်များအတွင်း သူကျင့်ကြံခဲ့သမျှအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ခန့်မှန်းထားပြီး ဖြစ်သော်လည်း ကြားသိလိုက်ရချိန်၍ လူအိုကြီး အလွန်ကိုမှ ဒေါသထွက်သွားခဲ့သည်။ အံကိုကြိတ်၍ ခေါင်းညိတ်လျက် “ကောင်းတယ်၊ ကောင်းတယ်၊ ငါ့လူတွေကို သတ်ရဲမှတော့ သားရဲများတောင်တန်းက မင်းကို ဘယ်တော့မှ အလွတ်မပေးတော့ဘူးဆိုတာ မှတ်ထားလိုက်ပေတော့”

ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုနေသော်လည်း လူအိုကြီး၏ အမူအရာမှာ ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် အတော့်ကိုမှ အံ့အားသင့်သွားရလေသည်။ ယခုလို အချိန်မျိုးတွင်ပင် လူအိုကြီးသည် သူ့ဒေါသကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည်။ လူအိုကြီး၏ စိတ်စွမ်းအားမှာ ချီးကျူးစရာပင်။ ရန်ကိုင် ချက်ချင်း သတိကပ်လိုက်ပြီး သွေးနားထင်ရောက်နေသည့် အမူအရာဖြင့် “သားရဲများတောင်တန်း ဘယ်လိုလုပ်လုပ် ခင်ဗျား သောက်ပူ မပါဘူး ခွေးအိုကြီး။ ခင်ဗျားဒီနေ့ သေရတော့မှာဆိုတော့ အဲ့အကြောင်းကို ခင်ဗျား ဆက်သိနေစရာ မလိုတော့ဘူး”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၁)

ရန်ကိုင်ပြောသည့် စကားကို ကြားပြီးနောက် လူအိုကြီး အော်ဟစ်ရယ်မောလိုက်ပြီး “ကောင်လေး၊ မင်းတကယ်ကို သွေးနားထင်ရောက်နေတာပါလားကွ။ မင်းဘိုးအေ နာမည်က မင်းမွေးခင်ကတည်းက ဒီလောကကြီးတစ်ခုလုံးကို လှုပ်ခါခဲ့တာကွ။ အဲ့ဒါကိုများ ငါ့ရှေ့လာပြီး ရာရာစစ ကြွားလုံးထုတ်နေသေးတယ်၊ နောက်တစ်ခါ အကြီးအကဲတွေနဲ့ တွေ့ရင် စကားဘယ်လိုပြောရမလဲ ဒီအဖေ မင်းကို သင်ပေးမယ်”

ပြောပြီးသည်နှင့် လူအိုကြီးသည် ရန်ကိုင်ဆီသို့ နောက်ထပ် အနီရောင်အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်လေသည်။ သူ့ဆီ အန္တရာယ် ချဉ်းကပ်လာနေပြီမှန်း ခံစားမိလိုက်သော် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားရသည်။ သို့သော်လည်း လူအိုကြီး လှုပ်ရှားလိုက်သည်ကို မတွေ့သလို သူ့တိုက်ခိုက်မှု ဘာလဲ ဆိုသည်ကိုလည်း အဖြေမထုတ်နိုင်ပေ။

သူ့ရင်ထဲ သင်္ကာမကင်း ဖြစ်နေသော်လည်း ထိုအကြောင်းကို ထိုင်စဉ်းစားနေချိန် မရှိသဖြင့် ခရမ်းရောင်ဒိုင်းကို အလျင်အမြန် ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။

ဘုန်း…

အနီရောင် အလင်းတန်း ရန်ကိုင်ဒိုင်းကို လာမှန်ချိန် ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာပြီး ရန်ကိုင်လည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သူ့ရင် တစ်ခုလုံး ဗလောင်ဆူသွားရလေပြီ။ ထိုထူးဆန်းသော တိုက်ခိုက်မှုသည် ရန်ကိုင်အား မည်သည့် ဒဏ်ရာမှ မရစေခဲ့သော်လည်း ရန်ကိုင် စိတ်ထဲ ပို၍ သတိချပ်မိလိုက်သည်။ ခန္ဓာကိုယ် အားနည်းသည့် လူတစ်ယောက်သာ ဆိုလျှင် ထိုတိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်ပေသည်။

ရန်ကိုင်၏ ခရမ်းရောင်ဒိုင်းကို မြင်သော် လူအိုကြီး၏ မျက်လုံးထဲ လောဘအရိပ်အယောင်တို့ ထွက်ပေါ်လာပြီး အံ့အားသင့်နေသည့် လေသံဖြင့် ဆိုလိုက်သည် “တန်ခိုးရှင် အထွဋ်အထိပ်အဆင့် အကာအကွယ် မှော်ရတနာလား”

ခရမ်းရောင်ဒိုင်းကို စတင် ပြုလုပ်စဉ်က ထိုဒိုင်းသည် တန်ခိုးရှင် အဆင့်နိမ့်အဆင့် မှော်ရတနာတစ်ခုသာ ဖြစ်ခဲ့သော်ငြား ယန်ယန်မှ အဆင့်ဆင့် မွမ်းမံပေးခဲ့ပြီးနောက် တန်ခိုးရှင် အထွဋ်အထိပ်အဆင့်သို့ ရောက်လာခဲ့သည်။

ထိုကဲ့သို့ အဆင့်မြင့် မှော်ရတနာများကို အရိပ်ကြယ်ပေါ်တွင် အလွန် တွေ့ရခဲလှသည်။ ရှိလျှင်ပင် ဂိုဏ်းကြီးများတွင်သာ ရှိတတ်ပြီး လူအိုကြီး၏ အဆင့်အတန်းနှင့်ပင် သူသည် တန်ခိုးရှင် ဒုတိယအဆင့် မှော်ရတနာကိုသာ ပိုင်ဆိုင်ထားနိုင်၏။

သို့သော်လည်း သူပင် တန်ခိုးရှင် ဒုတိယအဆင့် မှော်ရတနာသာ အသုံးပြုနေနိုင်ချိန် သူတော်စင်ဘုရင် တတိယ အဆင့်သာ ရှိသေးသည့် ကောင်လေးတစ်ယောက်က တန်ခိုးရှင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုအား အသုံးပြုနေနိုင်သည်ကို မြင်သော် လူအိုကြီး မနာလိုဘဲ ဘယ်နေမည်နည်း။ ထိုမှော်ရတနာကို မြင်လိုက်သည်နှင့် သူ့စိတ်ထဲ အတိုင်းမသိသော လောဘစိတ်တို့ ပေါက်ဖွား လာခဲ့ရသည်။

သူသာ ထိုကောင်လေးကို သတ်နိုင်လျှင် ထိုမှော်ရတနာသည် သူ့အပိုင် ဖြစ်လာပေလိမ့်မည်။ အကြီးအကဲကျင်းသည် ဆန်းယင်ရွှေကို လိုချင်သည်ဟု ပြောသွားသည်။ ထိုကောင်လေး၏ ပိုင်ဆိုင်မှုကို ယူမည်ဟု ပြောမသွား။ ထိုအပြင် တိုက်ပွဲစရုံသာ ရှိသေးသော်လည်း ထိုကောင်လေးသည် ထိုမျှ အားကောင်းသော မှော်ရတနာကို ထုတ်သုံးလာနေလေပြီ။ သူ့တွင် နောက်ထပ် အားကောင်း အဆင့်မြင့်လှသော အခြား မှော်ရတနာများ ရှိမနေနိုင်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။

ထိုကဲ့သို့ တွေးမိလိုက်သော်လည် လူအိုကြီး၏ မျက်လုံးထဲ လောဘ၊ဒေါသ၊ မနာလိုစိတ်တို့ ရောပြွမ်းတက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်ဆီသို့ နောက်ထပ် အနီရောင်အလင်းတန်း တစ်ခု ထပ်မံ ပစ်လွှတ်လိုက်လေသည်။

ယခုတစ်ကြိမ်လည်း ထိုတိုက်ခိုက်မှုကို ရန်ကိုင် ရှောင်ရန် မကြိုးစားခဲ့ပေ။ သူ့ကိုယ် အမာခံလှသည်ဟု ကြွားပြလိုခြင်း မဟုတ်။ လူအိုကြီး ထုတ်သုံးလိုက်သော အနီရောင်အလင်းတန်း ဘာဖြစ်သလဲ ဆိုသည်ကိုသာ သိချင်လို၍ ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အနီရောင်အလင်းတန်းအား သေချာ စိုက်ကြည့်လိုက်သည်။

ခဏအကြာတွင် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။

အကြောင်းမှာ ထိုအနီရောင်အလင်းတန်းသည် သိုင်းပညာရပ် တစ်ခုခု မဟုတ်သလို မှော်ရတနာ တစ်ခုခုလည်း မဟုတ်ဘဲ မျက်လုံးပြာဖား၏ လျှာဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

မျက်လုံးပြာဖားသည် အဆင့်ကိုးသားရဲ တစ်ကောင် ဖြစ်သည့် အတွက် ၎င်း၏ တိုက်ခိုက်မှု ထိုမျှ အားကောင်းသည်မှာ သံသယ ရှိနေစရာ မလိုပေ။ ထိုမွန်းစတားသားရဲ၏ လျှာသည် ၎င်း၏ အားကောင်းဆုံးသော တိုက်ခိုက်ရေး လက်နက်များထဲမှ တစ်ခု အပါအဝင် ဖြစ်လေရာ လျှာတစ်ချက်ကြောင့် ရန်ကိုင် အတော်လေး နောက်ဆုတ်သွားရသည်မှာ သဘာဝသာ ဖြစ်သည်။

ထိုအနီရောင်အလင်းတန်း ဘာလဲ ဆိုသည်ကို ရန်ကိုင် သိသွားသည့် အချိန်တွင် ထိုလျှာသည် ရန်ကိုင်၏ ဒိုင်းကို လာရောက် ထိမှန်ပြီးနေလေပြီ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ပထမ အကြိမ်ကဲ့သို့ ရန်ကိုင် နောက်မဆုတ်သွားရတော့ပေ။ ပြန်တိုက်ဖို့ လုပ်တော့မည်အပြု လူအိုကြီးသည် လှောင်ပြုံးပြုံးလျက် သူ့တက်ထိုင်နေသည့် ဖားအား အသာအယာ ပုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ မွန်းစတားသားရဲကိုယ်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်ပြီး‌ အော်ဟစ်လိုက်သည် “လာစမ်း”

တစ်ချိန်တည်းတွင် သူ့ဒိုင်းအား တစ်ခုခုမှ လှမ်းဆွဲနေသည်ကို ရန်ကိုင် ခံစားမိလိုက်ပြီး သူပါ တရွတ်တိုက် ရောပါသွားလေသည်။

ငုံကြည့်လိုက်သည့်အခါ မျက်လုံးပြာဖား၏ လျှာပေါ်တွင် မရေမတွက်နိုင်သော စုပ်ခွက်လေးများ ရှိနေပြီး ထိုစုပ်ခွက်များဖြင့် ခရမ်းရောင်ဒိုင်းအား ဆွဲကပ်ထားသည်ကို တွေ့လိုက်ရသည်။

ဒီခွေးအိုကြီး ငါ့မှော်ရတနာကို လိုချင်နေတာလား လူအိုကြီး ဘာလုပ်ချင်နေလဲ ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။ သို့သော် တုန်လှုပ်ချောက်ခြားသွားခြင်း မရှိဘဲ သူ့လက်ကို နတ်ဆိုးမီးတောက်အုပ်၍ လျှာအား ဖမ်းကိုင်လိုက်လေသည်။

“ကောင်လေး၊ မင်းသေချင်နေတာလား” ထိုအခြင်းအရာကို မြင်သော် လူအိုကြီး ဒေါသမထွက်သွားသည့်အပြင် ‌ပျော်ပင် ပျော်သွားလေသည်။ သူငယ်စဉ်ကတည်းက ပြုစုလာသည့် မွန်းစတားသား ဖြစ်သည့် အတွက်ကြောင့် ထိုမွန်းစတားသားရဲ၏ အရေပြား မည်မျှ မာကျောလဲ သူသိသည်။ ထိုအပြင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားကောင်းသော အဆိပ်များဖြင့် ပြည့်နေလေသည်။

လူအိုကြီး၏ အမြင်တွင် မျက်လုံးပြာဖား၏ လျှာကို လက်ဗလာသက်သက်ဖြင့် ဖမ်းကိုင်လိုက်ခြင်းသည် ကိုယ်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။

ရှဲ… ရှဲ…

ရန်ကိုင်၏ နတ်ဆိုးမီးတောက် အုပ်ထားသည့်လက်နှင့် မျက်လုံးပြာဖား၏လျှာ တွေ့သွားချိန် အသွားကျွမ်းနံ့တို့ စတင် ထွက်ပေါ်လာခဲ့လေသည်။

မျက်လုံးပြာဖား၏ မျက်လုံးကြီးများ ပြူးကျယ်လာပြီး ပါးနှစ်မှာလည်း ဖောင်းလိုက်ပိန်လိုက်ဖြစ်ကာ နာနာကျင်ကျင် အော်ဟစ်တော့လေသည်။

“ဘာဖြစ်သွားတာလဲ” လူအိုကြီး ထိတ်လန့်သွားခဲ့သည်။ ထိုလူငယ်လေး သူ့မွန်းစတားသားရဲကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု လူအိုကြီး မထင်ထားခဲ့ချေ။ နတ်ဆိုးမီးတောက်ဖြင့် သူ့မွန်းစတားသားရဲ၏ လျှာကို မီးကင်နေသော လူငယ်လေးကို ကြည့်ရင်း သူ့အထင် မှားသွားပြီမှန်း လူအိုကြီး သိလိုက်သည်။ ထိုအနက်ရောင် မီးတောက်များသည် မျက်လုံးပြာဖား၏ အဆိပ်ကို ခုခံနိုင်ရုံမက ငြိမ်းသတ်ရန် အလွန်ကိုမှလည်း ခက်ခဲပေသည်။

ချက်ချင်းပဲ လူအိုကြီးသည် ခရမ်းရောင်းဒိုင်းမှ ၎င်း၏ လျှာကို ပြန်ရုတ်သိမ်းရန် မျက်လုံးပြာဖားကို အမိန့်ပေးလိုက်လေသည်။

လူအိုကြီးမှ အမိန့်ပေးလိုက်သည်နှင့် မျက်လုံးပြာဖားသည် ၎င်း၏ လျှာကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော် ထိုအချိန်ထိ နာကျင်နေသေးသည့်အလား ၎င်း၏ ပါးနှစ်ဖက်ကို ဖောင်းလိုက် ပိန်လိုက် လုပ်နေဆဲ။ လျှာကို ပြန်ရုတ်ပြီးနောက် ခဏအကြာ၌ ၎င်း၏ ပါးစပ်ကြီးကို ဟလျက် အနက်ရောင်သွေးများကို အန်ထုတ်လိုက်လေသည်။

“မင်းဘယ်လိုတောင် ငါ့မွန်းစတားသားရဲကို ထိခိုက်အောင် လုပ်ရဲတာလဲကွ” လူအိုကြီး ဒေါသပုန်ထသွားလေပြီ။ လူငယ်လေး၏ ရတနာကို လုယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သည့် အပြင် ဖွတ်မရဓါးမဆုံး အဖြစ်နှင့်ပင် ကြုံခဲ့ရသည်။ သူ့မွန်းစတား သားရဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီမှန်း သိလိုက်သည့်အခါ လူအိုကြီ ယမ်းမီးပုံကျ ဒေါသထွက်သွားရလေသည်။

ဒေါသထွက်ထွက်နှင့် ရန်ကိုင်အားဆီသို့ လက်ညိုးညွှန်လိုက်ရာ ဖားကိုယ်ပေါ်ရှိ အဖုအပိန့်များ ရုတ်တရက် ထပေါက်ကွဲကုန်ပြီး ရောင်စုံအဆိပ်များ ထွက်ပေါ်လာခဲ့သည်။ ထိုအဆိပ်များသည် ရာပေါင်းများစွာသော မြှားလေးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့သည်။ ကိုယ်တိုင် မကြုံဖူးသေးသော်လည်း မြင်ရုံဖြင့်လျှင် ထိုအဆိပ်မြှားများကို လျှော့မတွက်သင့်မှန်း စိတ်ထဲက သိနေသည်။ ထို့ကြောင့် ချက်ချင်းပဲ ပန်းပဲမီးဖိုကို ထုတ်လိုက်၏။

ပန်းပဲမီးဖို ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းဆီမှ ကြောက်မက်ဖွယ်ကောင်းလှသည့် အပူဓါတ်တို့ ဖြာထွက်လာပြီး လေပြင်းတစ်ဝှေ့နှင့်အတူ ပန်းပဲမီးဖို၏ အရွယ်အစား အဆပေါင်းများစွာ ကြီးမားလာခဲ့ကာ ၎င်းဆီမှ ငှက်အော်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို ပန်းပဲမီးဖိုဆီမှ မီးငှက် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီ တိုးဝင်လာနေသော အဆိပ်မြှားများဆီ မီးတောက်များ မှုတ်ထုတ်လိုက်လေသည်။

မီးတောက်နှင့် အဆိပ်မြှားများသည် လက်ရည်ညီနေကာ နှစ်ဖက်စလုံး သူမသာကိုယ်မသာ ဖြစ်နေခဲ့ကြသည်။

ထိုမှော်ရတနာကို စိတ်ဝိဥာဉ်ကို မြင်သည့်အခါ လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားပြီး ၎င်းအား ကြောက်လည်းကြောက်၊ လိုလည်း လိုချင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ရန်ကိုင်ကမူ အေးဆေးတည်ငြိမ်နေရုံမက အေးစက်စက် အမူအရာဖြင့်ပင် ပြုံးနေလိုက်သေးသည်။ မီးငှက်၏ ခွန်အားသည် ၎င်းကို သူရရှိစဉ်ကနှင့် ယှဉ်လိုက်လျှင် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့လေပြီ။ ထို့ကြောင့် မီးငှက်အတွက် အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင်ကို ရင်ဆိုင်ရန် ပြဿနာ မရှိပါချေ။

ထိုစဉ် ထိတ်လန့်ဖွယ် မကောင်းဆိုးရွား အရှိန်အဝါတို့ ရန်ကိုင်ဆီ ရုတ်တရက် တိုးဝင်လာခဲ့သည်။ မျက်လုံးပြာဖားပြုပ်သည် မီးငှက်နှင့် အလုပ်ရှုပ်နေသဖြင့် ရန်ကိုင်ဘက်လှည့်ရန် အချိန်မရှိတော့။ ထို့ကြောင့် လူအိုကြီး ကိုယ်တိုင်ပဲ ရန်ကိုင်အား တိုက်ခိုက်ရတော့လေသည်။ ၎င်း၏ အသွားတစ်ဖက်ပါ ရဲတင်းကိုကိုင်၍ ရန်ကိုင်ဆီသို့ အနက်ရောင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။

ရန်သူ့ မှော်ရတနာ၏ စွမ်းအားကို နားလည်လိုက်သည်နှင့် ရန်ကိုင် ချက်ချင်း သတိထားလိုက်သည်။ လူအိုကြီး၏ သူတော်စင်ချီ စီးဆင်းနှုန်းသည် ဤနေရာတွင် ဖိနှိပ်ထားခံရသော်ငြား သူသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင် တစ်ယောက်ဆဲပင်။ ယခုအကြိမ်သည် ရန်ကိုင် အနေဖြင့် တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။

ရန်ကိုင်သည် နတ်ဆိုးမီးတောက်ဘေားလုံး များစွာကို ဖန်တီးလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် ထိုအရာများကို ငှက်အသွင်သို့ ပြောင်းစေလျက် လူအိုကြီး၏ တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားလိုက်လေသည်။

“ယွမ်ထိန်းချုပ်ခြင်းအတတ်လား” လူအိုကြီး မျက်ခုံး ပင့်သွား၏။ သူတော်စင်ဘုရင် တတိယအဆင့် ကောင်လေး တစ်ယောက်သည် ယွမ်ထိန်းချုပ်ခြင်းအတတ်အား တတ်ကျွမ်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူပင် သူတော်စင်ချီအား ထိုမျှ ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်လေရာ သူ့အမြင်အရ သူတော်စင်ဘုရင်အဆင့် တစ်ယောက်အနေဖြင့် ထိုကဲ့သို့ လုပ်နိုင်သည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

သို့သော် လက်တွေ့သည် သူ့အမြင်နှင့် တစ်ခြားစီ ဖြစ်နေခဲ့သည်။ အနက်ရောင်လှိုင်းနှင့် အနက်ရောင်ငှက်တို့ ထိပ်တိုက်တွေ့သွားသည့်အခါ နှစ်ခုစလုံး ပျောက်ကွယ် သွားခဲ့ကြသည်။

“မင်းဘာသာ ယွမ်ထိန်းချုပ်ခြင်းအတတ်ကို ကျွမ်းတော့ရော ဘာဖြစ်လဲ၊ ငါနဲ့တွေရင် အသတ်ခံရမှာက အသတ်ခံရမှာပဲ” လူအိုကြီးက မှုန်ကုတ်ကုတ် အမူအရာဖြင့် အော်ဟစ်လိုက်ရာ ရုတ်တရက် မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် သူ့အား ဗဟိုပြု၍ ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး ရန်ကိုင်အား တိုက်ရိုက် ဖုံးအုပ်သွားခဲ့လေသည်။

ထိုစွမ်းအား သူ့အား ဖုံးအုပ်သွားချိန် အလွန်ကိုမှ လေးလံသော တောင်တစ်လုံး သူ့အပေါ် ပိကျလာသလို ရန်ကိုင် ခံစားလိုက်ရကာ အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်လာခဲ့ရသည်။

ရှီလား… ဤအရာသည် တန်ခိုးရှင် ဒုတိယအဆင့်၏ ရှီ ဖြစ်ကာ ပထမအဆင့် ပညာရှင်များ၏ ရှီထက် အများကြီး ပိုအားကောင်းပေသည်။

သို့သော်လည်း ရန်ကိုင်အား ဖိနှိပ်ထားရုံဖြင့် မလုံလောက်သေးမှန်း သိထားသဖြင့် အသွားတစ်ဖက်ပါ ရဲတင်းထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ ရန်ကိုင်အား လှမ်းပစ်လိုက်လသေည်။

လူအိုကြီး၏ သူတော်စင်ချီကို စုပ်ယူပြီးနောက် အသွားတစ်ဖက်ပါ ရဲတင်း၏ အရှိန်အဝါ ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ၎င်းကိုယ်တိုင်သည် မီတာပေါင်းများစွာ ရှည်လျားသည့် အနက်ရောင် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုမြွေကြီးသည် တရှူးရှူးလုပ်ရင်း အစွယ်ဖြဲလျက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။

ထိုအခြင်းအရာကို ကြည့်ရင်း လူအိုကြီး ရက်စက်စွာ ပြုံးလိုက်သည်။ တန်ခိုးရှင် တတိယအဆင့် တစ်ယောက် ဖြစ်လျက်နှင့် သူတော်စင်ဘုရင် တတိယအဆင့်လေးနှင့် ရင်ဆိုင်ရန်အတွက် သူ့ဝှက်ဖဲများကို ထုတ်သုံးခဲ့ရသည့် အတွက် လူအိုကြီး အတော်လေး စိတ်ညစ်မိနေခဲ့သည်။ သို့သော်လည်း ရန်ကိုင်၏ ရတနာများအကြောင်း တွေးလိုက်မိသည့်အခါ ထိုမျှ ရင်းနှီးရသည်မှာ ထိုက်တန်သည်ဟု တွေးလိုက်မိပြန်သည်။

လူအိုကြီးသည် ရန်ကိုင် တစ်စစီ ဖြစ်တော့မည့် မြင်ကွင်းကို ယုံကြည်ချက်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ထိုစဉ် ရွှေရောင်အလင်းတန်းများစွာ ရုတ်တရက် တောက်ပလာခဲ့သည်။ ထိုရွှေရောင်အလင်းတန်းများ လေထုထဲ ဟိုမှသည်သို့ ကူးကလန် ခတ်နေသည်။ ခဏအကြာတွင် ယခင်က ရှေးဟောင် ကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်နေသော သူ့ရှီ ရုတ်တရက် ကသောင်းကနင်း ဖြစ်လာခဲ့သဖြင့် လူအိုကြီးလည်း သူ့ရှီဖြင့် ရန်ကိုင်ကို ဆက်၍ မဖိနှိပ်ထားနိုင် ဖြစ်လာခဲ့လေသည်။

ဒီကောင် ငါ့ရှီကိုတောင် ဖျက်စီးနိုင်တာလား

ထိုရွှေရောင် အလင်းတန်းများကို အတော်လေး ရင်းနှီးနေသလို လူအိုကြီး ခံစားရသော်လည်း မည်သည့် နေရာတွင် ထိုအရာများကို တွေ့ခဲ့ဖူးမှန်း ပြန်မမှတ်မိပေ။

ရန်ကိုင်၏ ရွှေရောင်သွေးမျှင် ပညာရပ်သည် သွေးနတ်ဆိုး ကျောင်းတော်၏ နတ်ဆိုးသွေးမျှင် ပညာရပ်နှင့် အတော်လေး ကွာခြားနေသဖြင့် သူမမှတ်မိသည်မှာလည်း သဘာဝသာ ဖြစ်၏။ သွေးနတ်ဆိုးကျောင်းတော်မှ နတ်ဆိုးသွေးမျှင်များ၏ အရောင်မှာ အနက်ရောင်ဖြစ်ပြီး အရှိန်အဝါမှာ မှုန်ထိုင်းထိုင်းနှင့် ခံစားရသူအား မသက်မသာ ဖြစ်စေသည်။

သို့သော်လည်း ရန်ကိုင်၏ ရွှေရောင်သွေးမျှင်များမှာ ရွှေရောင်သွေးစက်မှ ဖန်တီးထားခြင်း ဖြစ်သည့် အတွက်ကြောင့် နတ်ဆိုးသွေးမျှင်များထက် အများကြီး ပိုသန့်စင်သည်။ သွေးနတ်ဆိုးကျောင်းတော်မှ ဝူရွှင်ကိုယ်တိုင် ရန်ကိုင်၏ ရွှေရောင်သွေးမျှင်များကို မြင်သွားခဲ့လျှင် ရွှေရောင်ပိုးမျှင်၏ ဇာတ်မြစ်ကို သိကောင်းသိနိုင်သော်လည်း ထိုလူအိုကြီးကမူကား သိနိုင်လိမ့်မည် မဟုတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၂)

`လူအိုကြီး၏ရှီ ပျက်စီးသွားသည်နှင့် ရန်ကိုင်သည် ၎င်း၏ ဖိနှိပ်မှုအောက်မှု ချက်ချင်း ရုန်းထွက်လိုက်သည်။ ထို့နောက် ခရမ်းရောင်ဒိုင်း၏ အထူးစွမ်းရည်ဖြစ်သော သဲမုန်းတိုင်းကို အသက်သွင်း၍ တစ်ဖက်အသွားပါ ပုဆိန်မှ အသွင် ပြောင်းထားသည့် အနက်ရောင်မြွေကို လွှမ်းခြုံပစ်လိုက်၏။

သဲမုန်တိုင်းထဲမှ မြွေကြီး၏ အဆက်မပြတ် အော်သံများ ထွက်ပေါ်လာခဲ့လေသည်။ မြွေကြီးမှာ သဲမုန်းတိုင်းထဲမှ ရုန်းထွက်ရန် အဆက်မပြတ် ကြိုးစားနေခဲ့သော်လည်း မည်သို့ပင် ကြိုးစားစေကာမူ မရုန်းထွက်နိုင်ခဲ့ပေ။ ခရမ်းရောင်ဒိုင်းသည် ပုဆိန်ထက် အဆင့်တစ်ဆင့် ပိုမြင့်သည့်အပြင် အကာအကွယ် သီးသန့် မှော်ရတနာတစ်ခု ဖြစ်သည့် အတွက်ကြောင့် မြွေကို အထဲတွင် ပိတ်ထားနိုင်သည်မှာ အထူးအဆန်း မဟုတ်ပေ။

မှော်ရတနာများသည် သူတို့ဘာသာ အလိုလို မတိုက်နိုင်ကြပေ။ ထို့ကြောင့် ခရမ်းရောင်ဒိုင်းနှင့် အသွားတစ်ဖက်ပါ ပုဆိန်ကြားရှိ တိုက်ပွဲသည် ရန်ကိုင်နှင့် လူအိုကြီးတို့၏ ကောင်းကင်စိတ်အာရုံချင်း ပြိုင်ကြသည့် တိုက်ပွဲတစ်ခု ဖြစ်ပေသည်။

မကြာမီ လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားရသည်။ အကြောင်းမှာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သူ့အောက် မနိမ့်ကျသည့်အပြင် သူ့ထက်ပင် ပိုအားကောင်းနေသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထိုကောင်းကင် စိတ်အာရုံသည် သူတော်စင်ဘုရင် တတိယအဆင့်တစ်ယောက် ပိုင်ဆိုင်သင့်သည့် ကောင်းကင်စိတ်အာရုံမျိုး မဟုတ်ပေ။

“မင်းဘယ်သူလဲ” လူအိုကြီး အလန့်တကြား ထမေးသည်။ အားကောင်းသော နောက်ခံတစ်ခုခု မရှိသည့် ထိုလူငယ်လေး ထိုမျှ အားကောင်းသည်ကို လူအိုကြီး မယုံကြည်နိုင် ဖြစ်နေသည်။ သားရဲများတောင်တန်းမှ လက်ရွေးစင်တပည့်များ မဆိုထားနှင့် ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ လက်ရွေးစင် တပည့်ဆိုသည့် လက်ရွေးစင်များပင် ထိုမျှ အားမကောင်းကြပေ။

အရိပ်ကြယ်ပေါ်တွင် ထိုကဲ့သို့သော ကျင့်ကြံသူမျိုးအား ရှာတွေ့နိုင်သည့် နေရာတစ်နေရာသာ ရှိပေသည်။ ထိုနေရာကား… ကြယ်ဧကရာဇ်တောင်ပင်။

ထိုလူငယ်လေးသည် ကြယ်ဧကရာဇ်တောင်မှ အတွေ့အကြုံ ရှာထွက်လာသည့် တပည့်တစ်ယောက်များ ဖြစ်နေလေမလား။ သူသိထားသည့် အကြောင်းအရာများကို ပြန်စဉ်းစားမိလိုက်သည့် အခါ လူအိုကြီး မျက်နှာ ပျက်သွားရသည်။

ထိုလူငယ်လေးသာ ကြယ်ဧကရာဇ်တောင်မှ မဟုတ်လျှင် ဘာကြောင့် ထိုမျှ အားကောင်းနေရမည်နည်း။

“ခင်ဗျား တကယ်ကို သောက်ပိုတွေ ပြောလွန်းတာပဲ အဖိုးကြီး” ရန်ကိုင် ပြန်မဖြေ၊ ကျိန်သာ ဆဲလိုက်သည်။ အစောပိုင်းတွင် ပြန်မတိုက်ဘဲ ခုခံနေရခြင်းမှာ သူ့ခွန်အားကို မယုံကြည်သည့် အတွက်ကြောင့် မဟုတ်ဘဲ ယခုအကြိမ်သည် တန်ခိုးရှင် ဒုတိယ အဆင့်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည့် အတွက် လူအိုကြီး၏ စွမ်းရည်ကို အရင် စမ်းသပ်လိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ယခု လူအိုကြီး၏ စွမ်းရည်နှင့် ပက်သက်၍ တီးမိခေါက်မိ သိသွားပြီ ဖြစ်လေရာ ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲရန် အချိန်တန်လေပြီ။

ရေအတိမ်အနက်ကို ဆန်းစစ်ပြီးသွားပြီ ဖြစ်သည့်အတွက် ရန်ကိုင်သည် သူတော်စင်ချီ အများအပြားကို စုစည်းလျက် နတ်ဆိုးမီးတောက်ဓါးအဖြစ် သိပ်သည်းကာ ရှေ့တည့်တည့်သို့ ပိုင်းချလိုက်လေသည်။

မီတာပေါင်းများစွာ ရှည်လျားသော အနက်ရောင်မီးတောက် ဓါးလှိုင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ လူအိုကြီးဆီသို့ တိုးဝင်သွားလေသည်။

ဓါးလှိုင်းထဲတွင် ပါဝင်သော စွမ်းအားကို ခံစားမိသော် လူအိုကြီး မာန်သွင်းအော်ဟစ်လိုက်ပြီး ဘေးဘက်သို့ အလျင်စလို တိမ်းရှောင်လိုက်သည်။ သို့သော်လည်း ခြေခိုင်ခိုင်ပင် မရပ်ရသေးခင်မှာပဲ နောက်ထပ်ဓါးလှိုင်းတစ်ခု သူ့ဆီသို့ ထပ်မံ တိုးဝင်လာပြန်လေသည်။

ဒုတိယဓါးလှိုင်းအား ရှောင်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည့်အခိုက် လူအိုကြီး၏ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။ အံကြိတ်၍ သိုလှောင်လက်စွပ်ထဲမှ လေးထောင့်ဒိုင်းတစ်ခုကို ထုတ်ကာ ထိုဒိုင်းပေါ် သွေးတစ်ပွက် အန်ချလိုက်သည်။ ဒိုင်းပေါ် သွေးရောက်သွားသည်နှင့် ဒိုင်းတစ်ခုလုံး တောက်ပလာပြီး စတင် လည်ပတ်လာကာ လူအိုကြီး ပတ်လည်တွင် ရွှေရောင်အလင်းအကာအရံတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ကျင့်ကြံသူတိုင်းတွင် အနည်းဆုံး အကာအကွယ် မှော်ရတနာ တစ်ခုစီ ရှိတတ်ကြသည်။ လူအိုကြီးသည်လည်း ချွင်းချက်မဟုတ်။ တိုက်ပွဲဖြစ်သည့်အခါ ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်လျှင်ရှောင်၊ မရှောင်လျှင် ပြန်လည်ခုခံရမည့် အခိုက်အတန့်မျိုးနှင့် တစ်နေ့နေ့ တစ်ချိန်ချိန်၌ မလွဲမသွေ ကြုံရတတ်သည် မဟုတ်ပေလော။

ထို့ကြောင့် ကျင့်ကြံသူတိုင်းလိုလိုသည် အကာအကွယ် မှော်ရတနာ တစ်ခုစီလောက် ဆောင်ထားကြခြင်းပင်။ လူအိုကြီး ထုတ်သုံးလိုက်သည့် လေးထောင့်ဒိုင်းသည် တန်ခိုးရှင် အဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်သော်လည်း ထိုအရာသည် သားရဲများ တောင်တန်းမှ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖန်တီးခဲ့သည့် လက်ရာကောင်းတစ်ခု ဖြစ်ပေသည်။ အစကမူ လူအိုကြီးသည် သူ့အဖိုးတန် မှော်ရတနာလေးအား ထုတ်သုံးရမည်ကို နှာမြော တွန့်တိုနေခဲ့သော်ငြား ရန်ကိုင်က သူ့အား ထုတ်သုံးရန် တွန်းအားပေးလာနေပြီ ဖြစ်သည့် အတွက်ကြောင့် မသုံးမဖြစ် ထုတ်သုံးလိုက်ရလေပြီ။

ဘုန်း…

ရန်ကိုင် ပစ်လွှတ်လိုက်သော အနက်ရောင်ဓါးလှိုင်း ရွှေရောင် အကာအရံပေါ် လာရောက်ထိမှန်သည်။ အကာအရံ မျက်နှာပြင်ပေါ်ရှိ အမှတ်အက္ခရာများ လှုပ်ခါသွားသော်လည်း အရံအတားအား မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။

ဓါးလှိုင်းနှင့် အရံအတား ထိမိသွားချိန် လူအိုကြီး တုန်တက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ သို့သော်လည်း ရန်ကိုင်၏ ဓါးလှိုင်းသည် သူ့အကာအရံအား မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့သလို သူအား နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့သည့် အတွက်ကြောင့် လူအိုကြီး ပျော်နေမိပေသေးသည်။

သို့သော်လည်း ချက်ချင်းဆိုသလို ပျော်နေသော သူ့အပျော်လေး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရပြီး လူအိုကြီး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားလေသည်။

အကြောင်းမှာ အစောပိုင်းက သူခုခံလိုက်သော ဓါးလှိုင်းနှင့် ဆင်တူသည့် ဓါးလှိုင်းပေါင်း မြောက်မြားစွာ သူ့ဆီ လာနေသည်ကို မြင်လိုက်သည့် အတွက်ကြောင့်ပင်။ ထိုဓါးလှိုင်းများသည် ပထမ ဓါးလှိုင်းနှင့် ဆင်တူရုံမက ပထမဓါးလှိုင်း ကဲ့သို့လည်း အားကောင်းပေသည်။ ထို့အပြင် ဓါးလှိုင်းများမှာ များလွန်းသဖြင့် ကောင်းကင် တစ်ဝက်လောက်ကိုပင် ဖုံးအုပ်သွားလုမတတ် ဖြစ်နေခဲ့သည်။

လူအိုကြီး ရင်ထိတ်မိနေလေပြီ။

ထိုကောင်လေး ရူးသွားပေခြင်းလော၊ တိုက်ခိုက်နေသည့် အချိန်အတွင်း သူတော်စင်ချီ များစွာကို ထိုကောင် ဘာကြောင့် အရူးတစ်ယောက်နှယ် ဖြုန်းတီးပစ်ရဲသနည်း။ သူတော်စင်ချီ ကုန်သွားပြီး ဆက်မတိုက်နိုင်တော့မည်ကို သူမကြောက်လေသလော။

မည်သည့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေသည် ဖြစ်ပါစေ ကျင့်ကြံသူတိုင်းသည် တိုက်ပွဲအတွင်းတွင် သူတို့၏ ခွန်အားကို သေချာ ထိန်းသိမ်းထားသင့်သည်။ တိုက်ပွဲရလဒ်ကို မည်သူမှ ကြိုတင် နိမိတ်မဖတ်နိုင်ချေ။ ထို့ကြောင့် ခန့်မှန်းမရနိုင်သော ရလဒ်များကြောင့် ကျင့်ကြံသူတိုင်းသည် သူတို့၏ သူတော်စင်ချီကို အကုန်သုံးမပစ်ဘဲ ချန်ရစ်ထားလေ့ရှိသည်။ ထို့သို့သာ မဟုတ်ဘဲ သူတော်စင်ချီကိုသာ အကုန်သုံးပစ်လိုက်မည် ဆိုပါက ခန္ဓာကိုယ် အားနည်းသွားပြီး ဆက်တိုက်နိုင်မည် မဟုတ်တော့ပေ။ ထိုအခါက ကျားရှေ့မှောက်လျက်လဲသည့် ယုန်သူငယ်နှယ် ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်ကဲ့သို့ သူတော်စင်ချီကို လက်လက်စပယ် အသုံးပြုပြီး တိုက်ခိုက်သည့် လူများစွာကို လူအိုကြီး မြင်ခဲ့ဖူးသည်။ သို့သော် ထိုလူအားလုံးသည် သူတို့အတွက် ထွက်ပေါက်၊ မျှော်လင့်ချက် မရှိတော့သည့် အတွက်ကြောင့်သာ အသက်ကို ပဓါန မထားတော့ဘဲ ရန်သူကိုပါ အပါခေါ်သွားနိုင်ရန်အတွက် သူသေ ကိုယ်သေ အရူးတစ်ယောက်နှယ် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူကြုံခဲ့ဖူးသည် မည်သည့် ရန်သူမှ သူ့အား အပါ ခေါ်မသွားနိုင်ခဲ့ပေ။

သူတော်စင်ချီ ကုန်ကုန် မကုန်ကုန်ကို ဂရုမစိုက်တော့ဘဲ ယခုကဲ့သို့ မဆင်မခြင် တိုက်ခိုက်နေရလေအောင် ထိုကောင် ရူးများ ရူးသွားလေသလော။

လူအိုကြီးခေါင်းထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။ ဓါးလှိုင်းတစ်လှိုင်းကို ခုခံပြီး ခြေခိုင်ခိုင်ပင် မရပ်ရသေးခင်မှာပဲ နောက်ထပ် ဓါးလှိုင်းများစွာ တိုးဝင်လာနေပြီ ဖြစ်သဖြင့် လူအိုကြီးအဖို့ ဒိုင်းကာထဲသို့ သူတော်စင်ချီ ထည့်သွင်းပြီး ခုခံရုံမှအပ အခြားရွေးစရာ မရှိတော့ချေ။ ထိုဓါးလှိုင်းအားလုံးကို သူ့ဒိုင်း ခုခံနိုင်ပါစေဟု ဆုတောင်းရုံသာ ရှိတော့သည်။

လူအိုကြီးအား ဝိုင်းရံထားသည့် ရွှေရောင်အရံအတား ရုတ်ချည်း ပိုမို တောက်ပလာခဲ့လေသည်။

ချက်ချင်းဆိုသလို တဝုန်းဝုန်း မြည်သံများ တရစပ် ထွက်ပေါ်လာပြီး လူအိုကြီးနောက်သို့ နောက်သို့ အဆက်မပြတ် ဆုတ်လိုက်ရသည်။ ဓါးလှိုင်းများသည် ရွှေရောင်အရံအတားအား လာရောက်ထိမှန်ပြီး ပျောက်ကွယ်သွားကုန်ကြသည်။ သို့သော် ဓါးလှိုင်းတစ်ခု ပျောက်ကွယ်သွားပြီးသည်နှင့် နောက်တစ်ခုက ရွှေရောင် အရံအတားဆီ ထပ်မံ တိုးဝင်လာပြန်သည်။

ခရက်…

အက်သံကြားသဖြင့် မော့ကြည့်လိုက်ရာ အရံအတား မျက်နှာပြင်ပေါ်တွင် အက်ရာတစ်ခု ဖြစ်နေသည်ကို မြင်လိုက်သည့် နောက် လူအိုကြီး၏မျက်နှာ ဖြူလျော်သွားခဲ့သည်။ အစပိုင်းတွင် အနည်းငယ်သာ အက်သေးသော်လည်း ဓါးလှိုင်းများ အရံအတားပေါ် ကျရောက်ဖန်များလာသော် အက်ရာများစွာ ထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရွှေရောင် အရံအတား တစ်ခုလုံး ပင့်ကူအိမ်ကဲ့သို့ အက်ရာများဖြင့် ပြည့်ကုန်လေသည်။

မည်မျှ မာကျောကျစ်လစ်သော အကာအကွယ် ဖြစ်ပါစေ အဆက်မပြတ် တိုက်ခိုက်ခံနေရမည် ဆိုပါက တစ်ချိန်ချိန်တွင် ပြိုကွဲပျက်စီးမည်သာ။ နဂါးလိုဏ်ဂူတောင် ပတ်လည်အား ကာကွယ်ထားသော အစီအရင်ပင် ချွင်းချက် မဟုတ်လေရာ တန်ခိုးရှင် အဆင့်နိမ့်သာ ရှိသေးသော သူ့ဒိုင်းကာလည်း မည်ကဲ့သို့ ချွင်းချက် ဖြစ်နိုင်မည်နည်း။

မကောင်းတော့ဘူး လူအိုကြီး အလန့်တကြား ဆိုလိုက်ပြီး ရွှေရောင်ဒိုင်းကာ ရှေ့တည့်တည့်သို့ ပစ်ထည့်လျက် ချက်ချင်း ဘေးဘက်သို့ ခုန်ရှောင်လိုက်လေသည်။

သေရေရှင်ရေး အခိုက်အတန့်နှင့် ကြုံလာရသော် သူ့အဖိုးတန် ဒိုင်းကာလေးအား စတေးပစ်လိုက်ရုံသာ ရှိတော့သည်။ တကယ်တော့ သူ့ဒိုင်းကာလေးတွင် ရန်ကိုင်၏ ခရမ်းရောင်ဒိုင်း ကဲ့သို့ အထူးစွမ်းရည်မှ မရှိလေဘဲ။

သူတော်စင်ချီ ဖြည့်သွင်းပေးမနေတော့သဖြင့် ဒိုင်းကာသည် အဆင့်မြင့်ပစ္စည်း တစ်ခုသာ ဖြစ်သွားတော့သည်။ ဒိုင်း၏အဆင့် မြင့်သည်ဆိုလျှင်ပင် ရန်ကိုင်၏ ဓါးလှိုင်းများအောက် တစ်စစီ ပျက်စီးသွားခဲ့ရပြီး နတ်ဆိုးမီးတောက်၏ လောင်ကျွမ်းပြာချပစ်ခြင်း ခံလိုက်ရလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်ကြောင့် လူအိုကြီးအဖို့ ဓါးလှိုင်းများမှ လွတ်လွတ်ကျွတ်ကျွတ် နေရာ ဖြစ်သော မီတာသုံးရာအကွာသို့ ဆုတ်ရန် အချိန် ရသွားခဲ့သည်။

လူအိုကြီး ပြန်ဆုတ်သွားသည့် နေရာဆီသို့ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ရန်ကိုင်၏ ဘယ်ဘက်လက်သည် ရုတ်တရက် လေဟာနယ်ကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်း ဆိုသလို သူတော်စင်ချီ ဖန်တီးထားသော လှံတစ်ချောင်း သူ့လက်တွင် ဖြစ်ပေါ်လာခဲ့လေသည်။

“သွားစမ်း” ရန်ကိုင် လှံအား လူအိုကြီးဆီသို့ အားကုန် လှမ်းပစ်လိုက်သည်။ လှံတံသည် လေထဲ ခဏတာ ပျောက်ကွယ် သွားပြီး လူအိုကြီးရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။

ကောင်းကင်အပြစ်ပေး လှံတံကို ရန်ကိုင် အသုံးပြုလာခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သဖြင့် အတော်လေး ကျွမ်းကျင်နေခဲ့လေပြီ။

လူအိုကြီးမှ ပထမအန္တရာယ်မှ ရှောင်းပြီး၍ ကောင်းကောင်းပင် မနားရသေးခင်မှာပဲ နောက်တစ်ကြိမ် အန္တရာယ်တွင်းထဲ ထပ်ရောက်နေသည်ကို တွေ့ရှိလိုက်ရသည်။ ရွေးစရာ မရှိတော့သဖြင့် ဒေါသထွက်ထွက်၊ စိတ်ပေါက်ပေါက်နှင့် လက်နှစ်ဖက်ကို မြှောက်ကို သူတော်စင်ချီဖြင့် သူ့ခေါင်းထက်တွင် အကာအရံ တစ်ခုကို ဖန်တီးလိုက်လေသည်။ ကံကောင်းစွာဖြင့် လူအိုကြီး လက်မြန်သွားသောကြောင့် ကောင်းကင်လှံတံကို အချိန်မှီ ကာကွယ်လိုက်နိုင်သည်။

သို့သော်လည်း ရန်ကိုင်၏ တိုက်ခိုက်မှုမှာ ထိုမျှနှင့် အဆုံးမသတ်သေး။ လူအိုကြီး ခေါင်းပေါ်ရှိ ကောင်းကင်သည် ရုတ်တရက် တွန့်လိမ်လ,ပြီး ဧရာမလက်ဝါးကြီးတစ်ဖက် ရုတ်တရက် ဖြစ်ပေါ်လာကာ သူ့ပေါ်သို့ ရိုက်ချလာလေသည်။ ထိုလက်ဝါးကြီးကို မြင်လိုက်သည့်အခိုက် လူအိုကြီး မျက်လုံး ပြူးသွားခဲ့သည်။

ထိုလက်ဝါးသည် ကောင်းကင်တစ်ခွင်းလုံးကို ဖုံးအုပ်လုမတတ် ကြီးမားလွန်းလှဿည်။

ထိုအရာသည်ကား ရန်ကိုင် တတ်ကျွမ်းထားသည့် ကောင်းကင်ဖုံးလက်ပင် ဖြစ်လေသည်။

ဘုန်းဆိုသော မြည်သံကြီးနှင့်အတူ ဧကရာဇ် လက်ဝါးကြီး လူအိုကြီးပေါ်သို့ ရက်ရက်စက်စက် ရိုက်ချလာခဲ့လေသည်။ ထိုရိုက်ချက်ကြောင့် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ဧရာမလက်ဝါးရာကြီးတစ်ခု မြေပြင်ထက် ဖြစ်ပေါ်လာခဲ့ရသည်။

သို့သော်လည်း ရန်ကိုင်ကမူ မကျေနပ်သေးဟန်ဖြင့် မျက်မှောင်ကြုတ်လျက် အနားရှိ တစ်နေရာအား လှမ်းကြည့်၏။

သူ့ရိုက်ချက် ပစ်မှတ်အား လွဲသွားခဲ့ပေသည်။ လုအိုကြီးသည် မည်သည့် အချိန်ကတည်းကမသိ အခြားတစ်နေရာသို့ ရောက်နေပြီး ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ချောင်းဆိုးနေခဲ့သည်။

မည်သည့် ပညာရပ်အားသုံး၍ လူအိုကြီး သူ့တိုက်ကွက်အား တိမ်းရှောင်သွားသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ကြည့်ရသလောက် တန်ခိုးရှင် ဒုတိယအဆင့်များကို သွားမထင်သေးသည့်ပုံပင်။

“ကောင်လေး၊ မင်းငါ့ကိုပါ အတူခေါ်သွားချင်တယ်ပေါ့ ဟုတ်လား” လူအိုကြီးသည် ရန်ကိုင်အား ဒေါသလည်းထွက်၊ လန့်လည်း လန့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်၏ အစွမ်းအစကို မြင်တွေ့ပြီးသွားပြီ ဖြစ်သဖြင့် လူအိုကြီး ရန်ကိုင်ကို ထပ်မထင်မသေးရဲတော့ပေ။ အစီအရင်၏ အကူအညီ မပါလျှင်ပင် သူရန်ကိုင်ကို သတ်နိုင်မည် မဟုတ်မှန်း လူအိုကြီး သိလိုက်သည်။ နှစ်ယောက်သား တိုက်ခိုက်လျှင်ပင် အများဆုံးမှ သရေကျရုံသာ ရှိမည်။

သို့သော်လည်း အစီအရင်က ဖိနှိပ်နေသဖြင့် လောလောဆယ်၌ သူ့ခွန်အား ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးနိုင်တော့လေရာ ရန်ကိုင်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ အစပိုင်း နည်းနည်းလောက် တိုက်ခိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အောက်စည်း ရောက်သွားကာ တောက်လျှောက်ကို ခုခံနေခဲ့ရသည်။ ယခုဆိုလျှင် သေပြေးရှင်ပြေး ပြေးရသည့်ဘဝသို့ပင် ရောက်နေခဲ့လေပြီ။

အစောပိုင်းက ရန်ကိုင် အသုံးပြုသွားခဲ့သည့် တိုက်ကွက်များအကြောင်း ပြန်စဉ်းစားလိုက်ရုံဖြင့် လူအိုကြီး ဇောချွေးပျံရသည်။ သူသာ အပြေးမမြန်ခဲ့လျှင် ယခုလောက်ဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလောက်ပေပြီ။

ဤကဲ့သို့ နေရာမျိုးတွင်သာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလိုက်မည်ဆိုပါက သူ့အား စောင့်ကြိုနေမည်မှာ သေခြင်းသာ ရှိတော့မည်မှန်း လူအိုကြီး နားလည်သည်။

သို့သော်လည်း ထွက်ပြေးရန် သူသုံးခဲ့သည့် ပညာရပ်ကြောင့် ယခုတိုက်ပွဲအား သူနိုင်နိုင်၊ မနိုင်နိုင်၊ အထွဋ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန် အနည်းဆုံး နှစ်အတော်ကြာလောက် တံခါးပိတ် ကျင့်ကြံရတော့ပေမည်။

လူအိုကြီး အနေဖြင့် ယခုတိုက်ပွဲမှပင် ပြန်ဆုတ်ရန် စဉ်းစားပြီးနေလေပြီ။ ရတနာများသည် တပ်မက်ဖွယ် ကောင်းသော်ငြား မိမိ၏ အသက်သည်သာ အရေးအကြီးဆုံး ဖြစ်သည်။ အကြီးအကဲဖုန်းအား မည်ကဲ့သို့ ဆင်ခြေ ပေးရမလဲ ဆိုသည့် ကိစ္စကိုမူ နောက်မှ စဉ်းစားပေတော့မည်။

“ခင်ဗျားကိုပါ ဆွဲခေါ်သွားဖို့ ဟုတ်လား” ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် လှောင်ပြုံးပြုံးသွားခဲ့ပြီး အထင်တသေးဖြင့် “ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးလှချည်လား”

လူအိုကြီး အသက်ရှင်လာခဲ့သည့် သက်တမ်းတစ်လျှောက် သူတော်စင်ဘုရင်အဆင့် တစ်ယောက်၏ လှောင်ပြောင်ခြင်း တစ်ခါမှ မခံခဲ့ရဖူးချေ။ အခြားအချိန်မျိုးတွင်သာ ဆိုပါက ထိုကဲ့သို့ စော်ကားရန်စခံရသည်ကို လုံးဝ ငြိမ်ခံနေလိမ့်မည် မဟုတ်ပေ။

“မင့်ငါ့ကို စဉ်းတီတုံးပေါ် ရောက်နေတဲ့ ငါးလို့ မှတ်နေတာလား။ ကောင်လေး၊ မင်းအားကောင်းတာ မှန်တယ်။ ဒါပေမယ့် ငါ့ကို သတ်ချင်တယ်ဆိုရင်တော့ အဲ့လောက် မလွယ်ဘူးကွ။ မင်းဘက်က အနည်းဆုံး တစ်ခုခုတော့ ကျိန်းသေ ပြန်ပေးဆပ်ရလိမ့်မယ်။ ဒါကြောင့် ငါနောက်ဆုတ်နေတုန်း ငါ့ကို ဆက်ပြီး တွန်းအားပေးမနေနဲ့။ မဟုတ်ရင် အကျိုးဆက်က မင်းရော၊ ငါ့အတွက်ရော ကောင်းတာ မဟုတ်ဘူးနော်။ စိတ်မပူနဲ့၊ ငါထွက်သွားပြီးတာနဲ့ မင်းရဲ့ နဂါးလိုဏ်ဂူတောင်ကို ထပ်ပြီး လာမနှောင့်ယှတ်တော့ဘူး။ ဘယ်လိုလဲ”

“ကျုပ်ကို လာပြီး အကြပ်ကိုင်ချင်ရအောင် ခင်ဗျားက ဘယ်သူမို့လို့လဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် “ခင်ဗျားကို ကျုပ်လက်ခုပ်ထဲက ရေလို့ သတ်မှတ်ထားရင်တောင် ခင်ဗျား ဘာတတ်နိုင်မှာ မို့လို့လဲ”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၃)

“ကောင်လေး၊ လူဆိုတာ အချိန်အခါကို ကြည့်ပြီး ပြောင်းသင့်ရင် ပြောင်းတတ်ရတယ်ကွ။ မင်းငါ့ကို မရရအောင် သတ်မယ်ဆိုရင် ငါလည်း ကျားနာကျားခဲ ပြန်ကိုက်မှ မင်းသွားပါ အဆစ်ကျိုးနေမယ်နော်” လူအိုကြီးသည် ရင်ထဲတွေ အတော်လေး စိုးရိမ်နေမိသော်ငြား ခြိမ်းခြောက်လိုက်ပေသေးသည်။

“အို၊ အဲ့လိုဆို ခင်ဗျားအရိုးတွေ ဘယ်လောက်မာလဲ ကျုပ်ကြည့်ရသေးတာပေါ့” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။

သူ့နေရာအား နိုင်ထက်စီးနင်း ကျူးကျော်လာသည့် လူကို ဘာကြောင့် အလွယ်တကူ လွှတ်ပေးရမည်နည်း။

နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် လူမှန်သမျှကို သတ်ပစ်ရန် ရန်ကိုင် ဆုံးဖြတ်ပြီးသွားလေပြီ။ သူတို့ပြောတိုင်း အလွယ်တကူ ခွင့်လွှတ်ပေးရလေအောင်လည်း သူက သူတော်စင် မဟုတ်။ ယခုကဲ့သို့ အချိန်မျိုးတွင် ရန်သူကို သနားလိုက်ခြင်းသည် ကိုယ်အားနည်းသည်ဟု ပြောလိုက်ခြင်း မည်ပေသည်။ နဂါးလိုဏ်ဂူတောင်အနေဖြင့် အခြားသူများကို နဂါးမှန်းသိအောင် အမောက်ထောင်ကို ထောင်ပြရပေတော့မည်။

ရန်ကိုင်၏ စကားကို ကြားသော် လူအိုကြီး၏ မျက်လုံးထဲ အေးစက်စက် အရိပ်ယောင်တို့ ဖြတ်ပြေးသွားပြီး အံကြိတ်၍ ရေရွတ်လိုက်လေသည် “မင်းငါ့ကို သတ်ရမှာ ဖြစ်မှာလား”

ရန်ကိုင်ကား ပြန်မဖြေ၊ သူ့လက်ထဲရှိ နတ်ဆိုးမီးတောက်ဓါးကို ဝှေ့ရမ်းပြီးတော့သာ လက်တွေ့ စကားပြောလိုက်သည်။

“ကောင်းပြီလေ” လူအိုကြီး၏ အမူအရာ ရုတ်တရက် တည်ကြည်သွားပြီး သူ့ဆီ တိုးဝင်လာနေသော ဓါးလှိုင်းအား လုံးဝ ဂရုမပြုတော့ဘဲ မလှုပ်မယှတ် ရပ်နေလိုက်သည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး သူ့အမူအရာလည်း လေးနက်သွားခဲ့သည်။ လူအိုကြီး သူ့ကိုယ်သူ လက်လျှော့လိုက်ပြီဟု ရန်ကိုင် မထင်။ အစောပိုင်းက လူအိုကြီး ပြောနေသည့် ပုံစံအရ သူ့တွင် မသုံးရသေးသည့် ဝှက်ဖဲတစ်ခု ကျိန်းသေ ရှိနေပေသေး သည်။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်လည်း တွေဝေ တုန့်ဆိုင်းမနေတော့ဘဲ သူ့ရှေ့ရှိ လေဟာနယ်ကို ခုတ်ပိုင်း၍ လူအိုကြီးဆီသို့ လေဟာဓါးသွားများကို တိတ်တိတ်လေး စေလွှတ်လိုက်လေသည်။

လူအိုကြီး သူ့ဝှက်ဖဲကို ထုတ်မသုံးခင် လေဟာနယ်ဓါးသွားဖြင့် ဤတိုက်ပွဲကို မြန်မြန် အဆုံးသတ်ရန် ရန်ကိုင် ကြိုးစားနေခြင်းပင်။

ဓါးလှိုင်းကို ရှေ့တွင်ထားကာ လေဟာနယ်ဓါးသွားကို နောက်မှ တိတ်တိတ်လေး လိုက်သွားစေသည်။ ဓါးလှိုင်း နှစ်ခုစလုံးသည် အနက်ရောင်ချည်းသာ ဖြစ်သည့်အတွက်ကြောင့် သေချာဂရုမစိုက်ကြည့်လျှင် သတိပြုမိလိမ့်မည် မဟုတ်။ သို့သော် လူအိုကြီးသည် ထိုဓါးလှိုင်းများအား လုံးဝ လျစ်လျူရှုထားခဲ့ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်း သေတ္တာလေးတစ်လုံးကို ထုတ်လိုက်လေသည်။

ထို့နောက် အဖုံးကိုဖွင့်၍ ထိုသေတ္တာထဲမှ တောက်ကြက်မောက်အရွယ် ဆေးလုံးတစ်လုံးကို ထုတ်လိုက်၏။

ပြီးသည်နှင့် ဆေးလုံးကို တန်မျိုးချုလိုက်လေသည်။

သူပဲအမြင်မှားသလား၊ တကယ်လား သေချာမသိရာ၊ ဆေးလုံးကို ထုတ်လိုက်ချိန် လူအိုကြီးသည် ထိုဆေးလုံးအား မသောက်ချင်၊ သောက်ချင်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ သူ့ကြည့်ရသည်မှာ ဆေးလုံးအား သောက်ရမည်ကို ဝမ်းနည်းနေသည့် ပုံစံမျိုးပင်။

ချက်ချင်းဆိုသလို ရန်ကိုင် ပစ်လွှတ်လိုက်သော ဓါးလှိုင်းများ လူအိုကြီးနှင့် ဆယ်မီတာကျော်အကွာသို့ ရောက်လာခဲ့လေသည်။

သို့သော်လည်း ဓါးလှိုင်းများ လူအိုကြီးကို မထိခင်မှာပဲ ကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခု ပြုတ်ကျလာပြီး ဓါးလှိုင်းများဆီမှ လူအိုကြီးကို ကာကွယ်ပေးသွားလေသည်။

အုအွမ်…

အနက်ရောင်ဓါးလှိုင်းများကြောင့် မျက်လုံးပြာဖာပြုပ် နာကျင်စွာ ထအော်သည်။

တကယ့် အရေးကြီးသည့်အချိန်တွင် လူအိုကြီးသည် မျက်လုံးပြာဖားပြုပ်ကို ဆင့်ခေါ်ပြီး သူ့အား ကာကွယ်ခိုင်းခဲ့သည်။ မျက်လုံးပြာဖားပြုပ်သည် အဆင့်ကိုးသားရဲတစ်ကောင် ဖြစ်သော်ငြား မီးငှက်လောက် မသန်မာ၊ သူ့အတွက် အားသာချက် ဆို၍ မာကျောသော အရေပြားနှင့် အသားသာ ရှိသည်။

မီးငှက်နှင့် တိုက်ပွဲတွင် မျက်လုံးပြာဖားပြုပ် ဒဏ်ရာများစွာ ရခဲ့ပြီး ယခုဆိုလျှင် သူ့တစ်ကိုယ်လုံး မီးလောင်ရာ၊ ရှရာများဖြင့် ပြည့်နေခဲ့လေပြီ။ ၎င်း၏ ကျောပြင်ပေါ်ရှိ အအဖုအပိန့်များလည်း ပေါက်ထွက်ကုန်ပြီး အော့အန်ချင်စရာ အဆိပ်များ စိမ့်ထွက်နေသည်။

သို့တိုင် မျက်လုံးပြာဖားပြုပ် မသေသေးပေ။ မျက်လုံးပြာဖားပြုပ်သည် အတော်လေး အသက်ပြင်းသည့် မွန်းစတားသားရဲတစ်ကောင်ဟု ပြော၍ရသည်။ သူ့နေရာ၌ အခြားသားရဲ တစ်ကောင်သာ ဆိုပါက အစောကြီးကတည်းက အသက်ထွက်သွားနေလောက်ပေပြီ။

သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အချိန်မှာပဲ မျက်လုံးပြာဖားပြုပ်သည် ရန်ကိုင်၏ ဓါးလှိုင်းကြောင့် အရိုးထိ နက်သည့် နောက်ထပ်ဒဏ်ရာတစ်ခု ထပ်ရသွားခဲ့ရသည်။

ပုံမှန်အားဖြင့် မျက်လုံးပြာဖားပြုပ် နည်းနည်းလေး ဒဏ်ရာရသွားလျှင်ပင် ဒေါသထွက်နေတတ်သည့် လူအိုကြီးမှာ ယခုတစ်ကြိမ်တွင် ထူးထူးဆန်းဆန်းကို တည်ငြိမ်နေခဲ့သည်။ ထိုမွန်းစတားသားရဲကို မွေးကတည်းက ကြီးလာသည်အထိ သူကိုယ်တိုင် မပြုစုမစောင့်ရှောက်ခဲ့သည့်အတိုင်း။ လူအိုကြီးသည် မျက်လုံးပြာဖားပြုပ်၏ ကျောပေါ်လက်တင်၍ ဖားပြုပ်ထဲသို့ သူတော်စင်ချီများ စတင် ထည့်သွင်းတော့သည်။

ထိုစဉ် ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် ဓါးလှိုင်းများကြောင့် ရထားသည့် ဒဏ်ရာအပေါ် ထပ်မံ၍ သွားရောက် ထိမှန်လေရာ ဒဏ်ရာမှာ ပိုနက်သွားခဲ့ရသည်။

ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် အားကောင်းသော်ငြား မျက်လုံးပြားဖားပြုပ်၏ အရေပြားနှင့် အသားမှာလည်း အလွန်ကိုမှ ထူပေသည်။ ရန်ကိုင်၏ လေဟာနယ်ဓါးသွားသည် ဖားပြုပ်၏ အသားတော်တော်များများကို ဖြတ်ထုတ်လိုက်နိုင်သော်လည်း မျက်လုံးပြာဖားပြုပ်အား နှစ်ပိုင်းပြတ်အောင်တောာ့ မလုပ်နိုင်ခဲ့ပေ။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် အနည်းငယ် စိတ်ပျက်မိသွားခဲ့သည်။ သူ့လေဟာနယ်ဓါးသွားသာ နည်းနည်းလေး ပိုအားကောင်းလာခဲ့လျှင် ဖားပြုပ်ရော၊ လူအိုကြီးကိုပါ တစ်ခါတည်း သတ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်သည် ထိုအကြောင်းကို တွေးပူနေရန် အချိန်မဟုတ်။

မျက်လုံးပြာဖားပြုပ် မည်မျှပင် အသက်ပြင်းပါစေ ထိုမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးမှဖြင့် အသက်ရှင်နိုင်စရာ အကြောင်း မရှိတော့ချေ။ မျက်လုံးပြာဖားပြုပ် သေသည်နှင့် ၎င်း၏ သခင်ဖြစ်သော လူအိုကြီးလည်း သူ့သားရဲ သေသွားသည့် ဘေးထွက်ဆိုးကျိုးဒဏ်ရာကို ခံစားရပေလိမ့်မည်။ မျက်လုံးပြာ ဖားပြုပ်၏ကိုယ်ထဲ သူတော်စင်ချီ ထည့်သွင်းရင်း အလုပ် ရှုပ်နေသော လူအိုကြီး ရုတ်တရက် မျက်လုံးပြူးသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်သည်။

မျက်လုံးပြာဖားပြုပ်၏ အသက်ဓါတ် တဖြည်းဖြည်း‌ ပျောက်ကွယ်နေသည်ကို သတိပြုမိသော်လည်း လူအိုကြီးငြား သွေးရူးသွေးတန်းဖြင့် ဖားပြုပ်၏ကိုယ်ထဲ သူတော်စင်ချီ အရူးအမူး ထည့်သွင်းနေလေရာ ဖားပြုပ်၏ ခန္ဓာကိုယ် အလျင်အမြန် ဖောင်းကားလာခဲ့လေသည်။ မကြာမီ ဖားပြုပ် တစ်ကိုယ်လုံး အချိန်မရွေး ထပေါက်တော့မည့် ပူပေါင်းတစ်လုံးနှယ် ဖြစ်လာ၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး မီးငှက်အား တိတ်တဆိတ် လှမ်းအမိန့်ပေးလိုက်၏။ မီးငှက်လည်း စူးစူးရှရှ အော်မြည်ရင်း လူအိုကြီးဆီသို့ တိုးဝင်သွားလေသည်။

သို့သော်လည်း လူအိုကြီးဆီ မရောက်သေးခင်မှာပဲ မျက်လုံးပြာဖားပြုပ် ရုတ်တရက် ထပေါက်ကွဲထွက်သွားသည်။ အရိုးအသားပင် မကျန်အောင် ပေါက်ကွဲသွားသဖြင့် ရောင်စုံ အဆိပ်မြူများသာ ကျန်ရစ်ခဲ့တော့သည်။

ထိုမမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် မှော်ရတနာ စိတ်ဝိဥာဉ်လည်း ပေါက်ကွဲမှုဒဏ်ကို ခံရမည် စိုးသည့်အတွက် ကြောက်လန့်တကြား ကောင်းကင်ပေါ်သို့ ပျံပြေးတက်လေသည်။

လူအိုကြီးသည် ကြမ်းကြုတ်သည့် အမူအရာဖြင့် ကျင့်စဉ် တစ်မျိုးမျိုးကို လှည့်ပတ်ကာ ဖားပြုပ်‌ သေဆုံးသွားရာမှ ကျန်ရစ်ခဲ့သော အဆိပ်မြူများကို စတင် စုပ်ယူတော့သည်။

တစ်ချိန်တည်းတွင် မျက်လုံးပြာဖားပြုပ်၏ အမြူတေကို လှမ်းယူလိုက်ပြီး ပါးစပ်ထဲ ထည့်မျိုချလိုက်လေသည်။

ထိုအဖြစ်အပျက်များကို ကြည့်ရင်း ရန်ကိုင် လုံးဝကို မှင်သက်နေခဲ့ရသည်။

အဆိပ်မြူနှင့် မျက်လုံးပြာဖားပြုပ်၏ အမြူတေကို စုပ်ယူပြီးနောက် လူအိုကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရွံစရာအဆိပ်များဖြင့် ပြည့်နှက်နေသည့် အဖုအပိန့်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လက်ရှိ လူအိုကြီးသည် သေသွားသည့် မျက်လုံးပြာဖားပြုပ်နှင့် ပိုတူလာခဲ့လေပြီ။

ယခင်ကတည်းက ရုပ်ဆိုးသည်ပါဆိုမှ ယခု အဖြစ်အပျက် ကြောင့် လူအိုကြီးမှာ ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။ ပြောင်းလဲမှုမှာ ထိုမျှနှင့် မရပ်တန့်သေး။ သူ့မျက်လုံး နှစ်လုံးမှာလည်း အပြာရောင် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

အသိသာဆုံး ပြောင်းလဲမှုသည်ကား သူ့ပါးနှစ်ဖက်ပင်။ သူ့ပါးနှစ်ဖက်သည် ဖားတစ်ကောင်၏ပါးနှယ် ဖောင်းမို့တက်လာ၏။

သို့သော်လည်း ထိုမြင်ကွင်းကိုကြည့်ပြီး ရန်ကိုင် မရယ်နိုင်။ လူအိုကြီးသည် ရုပ်သာ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ သူ့အရှိန်အဝါမှာလည်း အလွန်ကိုမှ ကြောက်ဖို့ကောင်းလာခဲ့သည်။

“အခုမှပဲ ကောင်းသွားတော့တယ်” လူအိုကြီးသည် ညစ်ကျယ်ကျယ် ရယ်မောရင်း သူ၏ အပြာရောင်မျက်လုံးများဖြင့် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အေးစက်စက် လေသံဖြင့် “ငါမွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်းကို သုံးရအောင် လုပ်နိုင်တယ်ဆိုတော့ ကောင်လေး၊ မင်းစိတ်အေးအေးနဲ့ သေလို့ရပြီ”

မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်း… ရန်ကိုင် မျက်ခုံး ပင့်သွားသည်။ ထိုကဲ့သို့သော ထူးဆန်းသည် ပညာရပ်အကြောင်း ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း ထိုပညာရပ်သည် သားရဲများတောင်တန်း၏ တားမြစ်ပညာရပ်များ ထဲမှ တစ်ခုဖြစ်မည်မှန်း ရန်ကိုင် ခန့်မှန်းမိလိုက်သည်။ သားရဲများ တောင်တန်းမှ လူများသည် သူတို့ တစ်ဘဝလုံး သားရဲများနှင့်သာ အချိန်ကုန်နေခြင်း ဖြစ်သည့် အတွက်ကြောင့် ယခုကဲ့သို့ ပညာရပ် တစ်ခုအား တီထွင်နိုင်ခဲ့သည်မှာ အထူးအဆန်း မဟုတ်ပေ။

လက်ရှိ လူအိုကြီးသည် လူမဟုတ်တော့ဘဲ လူတစ်ဝက်၊ မွန်းစတားသားရဲ တစ်ဝက် ဖြစ်နေခဲ့လေပြီ။

ထို့အပြင် သူ့ဆီမှ ထွက်ပေါ်နေသော ချီသည် သူတော်စင်ချီ သက်သက်ပင် မဟုတ်တော့ဘဲ မွန်းစတားချီလည်း ပါရှိနေကော ထိုစွမ်းအင်နှစ်မျိုး တစ်ခုပေါ်တစ်ခု ထပ်ဆင့် တည်ရှိနေလေသည်။

ထိုတားမြစ်ပညာရပ်ကို သုံးပြီးသွားပြီး ယခင်လူပုံစံသို့ ပြန်ပြောင်း၍ မရလောက်ချေ။ မဟုတ်လျှင် လူအိုကြီးအနေဖြင့် ထိုပညာရပ်ကို သုံးဖို့ တုန့်ဆိုင်းနေလိမ့်မည် မဟုတ်။ သူတော်စင်ချီနှင့် မွန်းစတားချီသည် လုံးဝ မတူကွဲပြားသော စွမ်းအင်နှစ်မျိုး ဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ထိုစွမ်းအင်နှစ်မျိုး အတူတကွ ပေါင်းစည်းတည်ရှိနေရန် လုံးဝ မဖြစ်နိုင်ပေ။

ရန်ကိုင် ခန့်မှန်းချက် မှန်ပေသည်။ လူအိုကြီး အနေဖြင့် ထိုပညာရပ်ကို သုံးပြီးသွားလျှင် လူပုံစံ ပြန်ပြောင်းနိုင်တော့မည် မဟုတ်။ သူ့ကိုယ်ထဲတွင် သောင်းကျန်းနေသော မွန်းစတားချီကို ဖိနှိပ်နိုင်ခဲ့မည် ဆိုလျှင်ပင် အကျိုးဆက်အနေဖြင့် သူ့ကျင့်ကြံခြင်း အချို့ကို ဆုံးရှုံးရပြီး ဒုက္ခတိဖြစ်သွားနိုင်သည်။ သို့သော်လည်း ထိုမွန်းစတားချီကိုသာ မဖိနှိပ်နိုင်ဘူး ဆိုပါက လူအိုကြီး မရဏလမ်း မြန်းရပေလိမ့်မည်။

လူအိုကြီး တကယ် လမ်းပေါက် ပိတ်နေခဲ့သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ကိုယ်ဖောင်ကိုယ်ပြန်ဖျက်သည့် နည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

လူအိုကြီး၏ အရှိန်အဝါ ရုတ်ချည်း မြင့်တက်လာခဲ့သော်ငြား ရန်ကိုင် မကြောက်၊ မီးငှက်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး လူအိုကြီးကို စတင် ရင်ဆိုင်တိုက်ခိုက်တော့သည်။

လူအိုကြီးလည်း အချိန်ဖြုန်းမနေတော့။ မွန်းစတား အသွင်ပြောင်းလဲခြင်း ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ကို စတင် တိုက်ခိုက်တော့လေသည်။ သူ့ပါးနှစ်ဖက် ရုတ်တရက် ဖောင်းကားလာပြီး ရန်ကိုင်ဆီ အဆိပ်မြှားများ ပစ်လွှတ်လိုက်၏။

မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်းကို သုံးပြီးနောက် မျက်လုံးပြာဖားပြုပ်၏ စွမ်းရည်များကို လူအိုကြီး သုံးလာနိုင်ခဲ့သည်။ ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ချက်ချင်း ဘေးသို့ တိမ်းရှောင်လိုက်သည်။

ရန်ကိုင် ရှောင်လိုက်စဉ်မှာပဲ သူ့ဆီ တိုးဝင်လာနေသော အဆိပ်မြှား ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။ အဆိပ်မြှား ပေါက်ကွဲသွားပြီးနောက် မရေမတွက်နိုင်သော အဆိပ်မှုန်လေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး အဘက်ဘက်သို့ ဖြာထွက်သွားလေ၏။

ထိုမမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ရန်ကိုင်လည်း သူတော်စင်ချီကို စုစည်းပြီး သူ့ပတ်လည်တွင် အကာအရံတစ်ခု ကမန်းကတန်း ဖန်တီးလိုက်ရသည်။

အဆိပ်မှုန်များသည် နတ်ဆိုးမီးတောက်ဖြင့် ဖန်တီးထားသော ရန်ကိုင်၏ သူတော်စင်ချီ အကာအကွယ်ကို အလျင်အမြန် တိုက်စားလေသည်။ မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်းကို သုံးပြီးနောက် လူအိုကြီး၏ အဆိပ်မှာ ပို၍ အားကောင်းလာခဲ့သည်။

ရန်ကိုင် အသက်ကောင်းကောင်းပင် မရှုနိုင်သေးခင်မှာပဲ အားကောင်းသော အရှိန်အဝါတစ်ရပ် သူ့အပေါ်မှ ရုတ်တရက် ဖိချလာသည်ကို ခံစားမိလိုက်သည်။ ရန်ကိုင်လည်း မသိစိတ်အရ လက်ဝါးထက်တွင် သူတော်စင်ချီ စုစည်းပြီး အပေါ်သို့ ပြန်ရိုက်ချလိုက်လေသည်။

အပေါ်မှ ကျလာသည့် ပြင်းထန်သည့်အားကြောင်း ရန်ကိုင် မြေကြီးထဲသို့ ကျွံဝင်သွားခဲ့သည်။ သို့သော်လည်း အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ မည်သည့် ရန်သူကိုမှ မတွေ့ခဲ့ရပေ။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါမှပဲ အလွန်ကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ဟိုခုန်ဒီခုန် လုပ်နေသော လူအိုကြီးကို တွေ့လိုက်ရသည်။

လူအိုကြီးသည် မျက်လုံးပြာဖားပြုပ် အခုန်စွမ်းရည်ကိုပင် ရရှိခဲ့လေသည်။

အခြေအနေကား အနည်းငယ်တော့ ပြဿနာများလာလေပြီ။ ရန်သူက အလွန်မြန်လွန်းနေသဖြင့် ထိအောင် တိုက်ဖို့ရာ အတော်လေး ခက်လှသည်။ သို့သော်လည်း ရန်ကိုင်သည် တစ်ယောက်တည်း တိုက်ခိုက်နေခြင်းမဟုတ်။ သူ့တွင် မီးငှက် အဖော်ရှိသည်။ ယန်ယန်ကလည်း အစီအရင်များကိုသုံး၍ သူ့အား ကူညီပေးနေသေးသည်။ ထို့ကြောင့် တုန်လှုပ်သွားခြင်း မရှိဘဲ မီးငှက်အား ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ်လိုက်၏။

ရန်ကိုင်၏ အမိန့် ရလိုက်သည်နှင့် မီးငှက်သည် မရေမတွက်နိုင်သော မီးငှက်လေးများ အဖြစ်သို့ အသွင် ပြောင်းလိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင် တစ်ခွင်လုံးကို အကွက်စိနေရာယူလိုက်သည်။

နေရာယူပြီးသည့်နောက် မီးငှက်အားလုံး မီးဘောလုံးများ အဖြစ်သို့ ထပေါက်ကွဲကုန်လေသည်။

မီးငှက်များ အော်ဟစ်ရာ အရပ်ဆီမှ အမုန်တရားတို့ ပြည့်နေသည့် အမူအရာဖြင့် လူအိုကြီး ကူကယ်ရာမဲ့စွာ ပြန်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့အား ထောင်ဖမ်းရန် မီးငှက်အား ပိုက်ကွန် တစ်ခုအဖြစ် သုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရုတ်တရက် ကောင်းကင်ထက်ဆီမှ ရွှေရောင်ပိုးမျှင်များစွာ ရုတ်တရက် ထွက်ပေါ်လာပြီး လူအိုကြီးဆီသို့ တိုးဝင်လာခဲ့သည်။

အရောင်တလက်လက် ထနေသော ထိုရွှေရောင်ပိုးမျှင်များ၏ ခုတ်ပိုင်းခြင်း ခံရသည်နှင့် သူတစ်စစီဖြစ်မည်မှန်း လူအိုကြီး သိသည်။ လူအိုကြီး၏ အမူအရာ လေးနက်တည်ကြည်သွားပြီး အပြာရောင်မျက်လုံးအစုံဖြင့် ရန်ကိုင်အား ရုတ်တရက် စိုက်ကြည့်လိုက်သည်။

မမြင်နိုင်သော အားတစ်ရပ် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ ပေါက်ကွဲသွားသဖြင့် ရန်ကိုင် စိတ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

အဆိပ်ဓါတ်စိတ်စွမ်းအင်… မွန်းစတားအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သုံးပြီးနောက် လူအိုကြီး၏ အသိစိတ်ပင်လယ်သည် အဆိပ်ဓါတ်အသိစိတ်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် အဆိပ်ဓါတ်စိတ်စွမ်းအင်ကိုသုံး၍ ရန်ကိုင်ကို တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၄)

လူအိုကြီး၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကြောင့် ရန်ကိုင် ထိတ်လန့်မသွား၊ ပျော်ပင် ပျော်သွားသေးသည်။ လူအိုကြီးအား ကြည့်နေသည့် သူ့အကြည့် ရုတ်ချည်းဆိုသလို ရွှေရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး…

ထိုရွှေရောင်မျက်ဝန်းသည် ကြီးကျယ်မြင့်မြတ်ပြီး ကြောက်ဖျားဖျားသွားစေနိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေကာ လောကကြီးထဲရှိ အရာမှန်သမျှအား စေခိုင်းနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရသည်။

ရွှေရောင်မျက်ဝန်း တစ်ဝိုက်တွင် ရစ်သိုင်းနေသည်ကား ရှင်းပြရခက်သော အရာတစ်မျိုးပင်…

ထိုအရာသည်ကား ပုံရိပ်တစ်ထောင်ဖန်အလင်းပင် ဖြစ်သည်။

တိုက်ယွမ်ဆီမှ ပုံရိပ်တစ်ထောင်ဖန်လုံးကို ရပြီးနောက် ထိုအရာအား သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ရန်ကိုင် ပေါင်းစပ်ကြည့်သည်။ ပေါင်းစပ်ခြင်းမှာ မပြီးသေးသော်လည်း ထိုနှစ်ခု၏ ပေါင်းစပ်စွမ်းအားကို အနည်းအကျဉ်းတော့ အသုံးပြုနိုင်နေလေပြီ။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် မဟာနတ်ဆိုး နတ်ဘုရား၏ မွေးရာပါစွမ်းရည်များအနက် တစ်ခုဖြစ်ကာ ထိုစွမ်းရည်သည် ရန်ကိုင် ကျင့်ကြံပြီးမှ ရရှိခဲ့သည့် စွမ်းရည်တစ်မျိုး မဟုတ်ဘဲ အမွေဆက်ခံခြင်းဖြင့် ရရှိခဲ့သည့် စွမ်းရည်တစ်မျိုး ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူ့ခွန်အား တိုးတက်လာသည်နှင့်အမျှ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ စွမ်းအားမှာလည်း အလိုလျောက် တိုးတက်လာခဲ့သည်။ ထို့ကြောင့် မဟာနတ်ဆိုးနတ်ဘုရား သေသွားခဲ့စဉ်က သူတော်စင်ဘုရင်အဆင့်သာ ရှိသေးခဲ့သော်ငြား သူ့စွမ်းရည်များအနက် တစ်ခုဖြစ်သော သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးသည် ရန်ကိုင်အတွက် လက်ရှိအချိန်အထိ အသုံး ဝင်နေသေးဆဲပင်။

ရွှေရောင်မျက်လုံး သူငယ်အိမ်အတွင်း မမြင်နိုင်သော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာပြီး ထိုဝဲကတော့ အတွင်းမှ အားကောင်းသော စုပ်အားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် မျက်လုံးနှင့် အကြည့်ချင်း ဆုံးသွားသည့်အခိုက် သူ့ဝိဥာဉ် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသလို လူအိုကြီး ခံစားလိုက်ရသည်။

ထိုအဖြစ်အပျက်ကြောင့် လူအိုကြီး ထိတ်လန့်တုန်လှုပ် ချောက်ခြားသွားခဲ့ပြီး ကျင့်စဉ်ကို အလျင်အမြန် လှည့်ပတ်၍ တဒုန်းဒုန်း ခုန်နေသော သူ့နှလုံးကို အမြန် ဖိနှိပ်လိုက်ရသည်။

သို့သော်လည်း ပြဿနာမှာ ထိုမျှနှင့်ပင် အဆုံးမသတ်သေး။ ရွှေရောင်မျက်လုံး တစ်ဝိုက်တွင် ရစ်သိုင်းနေသော ရောင်စုံ အလင်းတန်းများဆီမှ ထူးဆန်းသော စွမ်းအားတစ်ရပ် ထပ်မံ ထွက်ပေါ်လာပြန်လေသည်။ ထိုစွမ်းအားကြောင့် ယခုလေးတင် တည်ငြိမ်သွားစ ပြုနေသော လူအိုကြီး၏ဝိဥာဉ် တစ်ဖန်ပြန်လည် မတည်မငြိမ် ဖြစ်လာကာ လူအိုကြီးကိုယ်တိုင်ပင် သူ့ဝိဥာဉ်သူ ထိန်းချုပ်၍ မရသည်အထိ ဖြစ်သွားခဲ့သည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် လူတစ်ယောက်၏ ဝိဥာဉ်ကို ဆွဲထုတ်ကာ စုပ်ယူနိုင်စွမ်းရှိသည်။ ထိုစွမ်းရည်ကြောင့်ပင် ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းအဆင့်ထက် ကျော်လွန်သော သိုင်းတာအိုနှင့် ကောင်းကင်လမ်စဉ် နိယာမ သဘောတရားများကို နားလည်ထားနိုင်ခြင်း ဖြစ်သည်။

ပုံရိပ်တစ်ထောင်ဖန်အလင်းမှာမူ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးကဲ့သို့ မဟုတ်ဘဲ ကျင့်ကြံသူတစ်ယောက်၏ ဝိဥာဉ်အပေါ် ဖိနှိပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားကာ မည်သည့် ဒြပ်စင်ငါးပါး စွမ်းအားနှင့်မှ ခုခံ၍မရပေ။ ထိုစွမ်းအားနှစ်မျိုး ပေါင်းစပ်လိုက်သည့်အခါ ဖြစ်ပေါ်လာသော စွမ်းအားမှာ အတော့်ကိုမှ ကြောက်မက်ဖွယ်ကောင်းသွားခဲ့သည်။

သို့သော်လည်း ရန်ကိုင် လက်ရှိစွမ်းအားသည် သိပ်ပြီး မြင့်မားခြင်း မရှိသေးသည့် အတွက်ကြောင့် လူအိုကြီးအပေါ် အလွန်အမင်း သက်ရောက်ခြင်းမရှိချေ။ ထို့အပြင် လူအိုကြီးသည် မွန်းစတား အသွင်ပြောင်းလဲခြင်းကိုပါ အသုံးပြုထားသည့်အတွက် သာမန် တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ထက် ပိုသန်မာနေသည်။

ထို့အတွက်ကြောင့် အသက်တစ်ရှိုက်စာအတွင်း လူအိုကြီးသည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ပုံရိပ်တစ်ထောင် ဖန်အလင်း၏ ပေါင်းစပ်တိုက်ခိုက်မှုမှ ရုန်းထွက်နိုင်ခဲ့သည်။

သို့သော်လည်း ရန်ကိုင်အတွက်မူ ထိုမျှနှင့်ပင် လုံလောက်သွားပေပြီ။ ထိုအသက်တစ်ရှိုက်စာ အတောအတွင်း ရန်ကိုင်သည် လူအိုကြီးဆီသို့ လေဟာနယ်ဓါးသွား ဆယ်စင်းမက ပစ်လွှတ်ထားခဲ့သည်။ လူအိုကြီး အသိပြန်ဝင်လာသည့် အချိန်၌ ထိုလေဟာနယ်ဓါသွားများ သူ့ရှေ့သို့ ရောက်နေခဲ့လေပြီ။

ထိုလေဟာနယ်ဓါသွားများကိုမြင်သော် လူအိုကြီးသည် မာန်သွင်း အော်ဟစ်လိုက်ပြီး သူ့ရှေ့တွင် အလင်းလွှာနှစ်ထပ်ဖြင့် ဖွဲ့စည်းထားသော အကာအရံတစ်ခုကို ဖန်တီးလိုက်သည်။ ပထမ အလွှာကို သူ့ကိုယ်ပိုင် သူတော်စင်ချီဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ဒုတိယအလွှာကို မျက်လုံးပြာဖားပြုပ်၏ မွန်းစတားချီဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ထိုအလင်းလွှာနှစ်ထပ်သည် ရန်ကိုင်၏ လေဟာနယ်ဓါးသွားများကို မတားဆီးနိုင်ခဲ့ပါချေ။

လေဟာနယ်ဓါးသွားများသည် အသံတစ်ချက်မှ မထွက်ဘဲ လူအိုကြီး၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် လူအိုကြီးသည် ကျောက်ရုပ်ကြီး တစ်ရုပ်နှယ်ရပ်လျက် ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ဖြင့် ကြောင်ကြည့်နေမိခဲ့သည်။ အသိပြန်ဝင်လာချိန် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထက် ဖြတ်ရှရာပေါင်း များစွာကို တွေ့လိုက်ရသည်။ သူဖြတ်ရှရာများမှတစ်ဆင့် သွေးစိမ်း ရှင်ရှင် စီးကျနေသော သူ့ကိုယ်တွင်း အင်္ဂါများကိုပင် လှမ်းမြင်နေရသည်။

“လေဟာနယ်စွမ်းအား” ထိုကဲ့သို့ ရေရွတ်ပြီးချိန် လူအိုကြီး တစ်ကိုယ်လုံး တစ်စစီဖြစ်သွားခဲ့လေသည်။ သေသွားသည့်တိုင် သူ့မျက်လုံး နှစ်လုံးမှာ ပြူးကျန်ရစ်နေခဲ့သည်။ ဤနေရာတွင် သေသွားခဲ့ရသည့်အပေါ် သူ့ကိုယ်သူ မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။

တစ်စစီ ဖြစ်နေသော အလောင်းကို ကြည့်ရင်း ရန်ကိုင် သက်ပြင်းတစ်ရှိုက် ရှူထုတ်လိုက်သည်။ ဤတိုက်ပွဲသည် သူ့အတွက်လည်း မလွယ်လှပါချေ။ ယန်ယန်သည် အစီအရင်များကို သုံး၍ လူအိုကြီး၏ ခွန်အားကို ဖိနှိပ်ထားခဲ့သော်ငြား မွန်းစတားအသွင်ပြောင်းလဲခြင်း ပညာရပ်ကို သုံးပြီးနောက် လူအိုကြီး၏ ခွန်အားသည် ရှိသင့်သည်ထက်ကို ကျော်ထွက်သွားခဲ့လေသည်။

ရန်ကိုင်သာ ထိုလူအိုကြီးကို မည်သူ့ အကူအညီမှမပါဘဲ တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင် သူ့အား သတ်နိုင်ဖို့ရာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် လူအိုကြီး၏ ဝိဥာဉ်ကို စုပ်ယူပစ်လိုက်သည်။ ထိုအရာသည် တန်ခိုးရှင်ဒုတိယအဆင့်၏ ဝိဥာဉ်ဖြစ်လေရာ ရှီအား‌ လေ့လာရာတွင် သူ့အား ကြီးကြီးမားမား အကူအညီ ပေးနိုင်သည်။ ထိုကဲ့သို့သော ရတနာတစ်ခုကို ရန်ကိုင် မည်ကဲ့သို့ လက်လွှတ်လိုက်နိုင်မည်နည်း။

ဤတိုက်ပွဲကြောင့် သူ့တိုက်ပွဲစွမ်းရည်အပေါ် ရန်ကိုင် အတော်လေး နားလည်သွားနိုင်ခဲ့သည်။ သူ့လက်ရှိ ခွန်အားသည် တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန် ပြဿနာ မရှိသော်ငြား သတ်နိုင်၊ မသတ်နိုင်မှာ သူ့ပြိုင်ဘက်၏ စွမ်းရည်အပေါ် မူတည်ပေသည်။ တန်ခိုးရှင်တတိယအဆင့်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန်မူကာ သိပ်မလုံလောက်သေးဟု ရန်ကိုင် ထင်မိသည်။ သို့သော် သေချာအောင် စမ်းကြည့်မှ သိပေလိမ့်မည်။

လူအိုကြီး၏ ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်ထားခြင်း မရှိတော့သည့် အတွက်ကြောင့် အသွားတစ်ဖက်ပုဆိန်သည် မြွေအဖြစ်မှ မှော်ရတနာအဖြစ်သို့ ပြန်ပြောင်းသွားခဲ့ပြီး မြေကြီးပေါ် ပြုတ်ကျသွားလေသည်။

ခရမ်းရောင်ဒိုင်းကို ပြန်ကောက်ပြီး အသွားတစ်ဖက်ပုဆိန်ကို ကောက်ကာ နည်းနည်းပါးပါး စစ်ဆေးကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်လေသည်။ ထို့နောက် နေရာတွင်ရပ်၍ ခဏလောက် စစ်ဆေးကြည့်ပြီးနောက် နဂါးလိုဏ်ဂူတောင်၏ လက်ရှိအခြေအနေကို ရန်ကိုင် အလျင်အမြန် နားလည်သွားခဲ့သည်။

ကျူးကျော်လာသူ အားလုံးမှာ သေသွားကုန်ကြပြီ ဖြစ်သော်လည်း သူရပ်နေရာမှ ဆယ်မိုင်လောက် အကွာတွင် တန်ခိုးရှင် ပထမအဆင့် သုံးယောက်နှင့် တိုက်ခိုက်နေသော တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက် ကျန်နေပေသေးသည်။

တိုက်ပွဲဖြစ်ပွားရာမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများအရ ထိုတန်ခိုးရှင် ဒုတိယအဆင့်သည် သွေးနတ်ဆိုးကျောင်းတော်မှ လွှတ်လိုက်သောလူ ဖြစ်ကာ သူနှင့် ရင်ဆိုင်တိုက်ခိုက်နေသော တန်ခိုးရှင် ပထမအဆင့် သုံးယောက်မှာမူကား ချန်ချီ၊ ဟောင်အန်းနှင့် နင်ရှန်းချန်တို့ ဖြစ်ပေသည်။

သူတို့ သုံးယောက်သည် သွေးနတ်ဆိုးကျောင်းတော်မှ လူထက် ကျင့်ကြံခြင်းအဆင့်တစ်ဆင့် ပိုနိမ့်နေသော်လည်း နဂါးလိုဏ်ဂူတောင်မှ အစီအရင်များ၏ အကူအညီ ရထားသဖြင့် ထိုလူကို အနိုင်ယူဖို့ရာ ပြဿနာ မရှိလောက်ချေ။ လက်ရှိ အနေအထားအရ တိုက်ပွဲမှာလည်း တစ်ဖက်သတ် ဖြစ်နေပြီး သွေးနတ်ဆိုးကျောင်းတော်မှလူ သေသွားရန်အတွက် အချိန် အတိုင်းအတာ တစ်ခုသာ လိုအပ်ပေသည်။

ဤပြဿနာ အရှုပ်အရှင်းထဲတွင် နင်ရှန်းချန် သူတို့ဘက်မှ ကူညီပါဝင် ရပ်တည်ပေးလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ပေ။

တကယ်တော့ သူနှင့်ထိုစီနီယာ ဒီလောက်ကြီး ခင်တာမှ မဟုတ်လေဘဲ။ ဧကရာဇ်ဥယျာဉ်ထဲ စကားလေး နည်းနည်းလောက် ပြောဖူးရုံသာရှိ၏။ နင်ရှန်းချန် ယခုကဲ့သို့ လုပ်နေရခြင်းမှာ သူ့ဆီမှ ပန်းပဲမီးဖိုကို ငှားလိုသည့် အတွက်ကြောင့်ဖြစ်မှန်း သိသော်ငြား ရန်ကိုင် စိတ်ထဲမထား။ နင်ရှန်းချန်သည် သူ့အပေါ် မည်သည့် မကောင်းကြံလိုစိတ်မှ မရှိဘဲ ပန်းပဲမီးဖိုအား ငှာလိုခြင်း ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင်လည်း သဘောတူခဲ့သည်။

ထိုမတော်တဆ တိုက်ဆိုင်မှုကြောင့် လိုအပ်နေချိန် အားကောင်းသော စစ်ကူတစ်ယောက်အား ရလိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ရန်ကိုင်စိတ်ထဲ နင်ရှန်းချန်အား ကျေးဇူးတင်နေမိလေသည်။

နင်ရှန်းချန်ကြောင့်သာ မဟုတ်လျှင် ချန်ချီနှင့် ဟောင်အန်းတို့ နှစ်ယောက်တည်းဖြင့် သွေးနတ်ဆိုးကျောင်းတော်မှ ထိုပညာရှင်ကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။

နင်ရှန်းချန် မပါလျှင်လည်း အရမ်းကြီးတော့ ထူးခြားသွားမည် မဟုတ်ချေ။ သို့သော်လည်း ယခုကဲ့သို့ ကူညီပေးသည့် အတွက် နင်ရှန်းချန်အား ရန်ကိုင် ကျေးဇူးတော့ တင်မိပေသည်။

ဟောင်အန်းတို့ဘက် အဆင်ပြေနေပြီ ဖြစ်သဖြင့် ထိုဘက်ကို အာရုံမစိုက်တော့ဘဲ အခြားတစ်ဖက်သို့ လှည့်လိုက်လေသည်။ ထို့နောက် ရန်ကိုင် မျက်နှာထက် အေးစက်စက် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။

နေ၊လ၊ကြယ်၊ ဘာဆိုဘာမှ မရှိသော လွင်တီးခေါင်ပြင်ကြီး ဖြစ်သည့် ပုံရိပ်ယောင်ထဲတွင် ရှဲ့လီသည် ရှေးဟောင်းရေတွင်း တစ်တွင်းနှယ် တည်ငြိမ်စွာ တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ထိုအစီအရင်မှ ရုန်းထွက်ရန် အကြိမ်များစွာ ကြိုးစားခဲ့သော်ငြား သူမည်သို့ပင် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်ခဲ့သည်။ နောက်ဆုံး ကြိုးစားနေလည်း ထူးတော့မည် မဟုတ်မှန်း သိလိုက်သည့်နောက် ဦးတည်ရာမဲ့ ကြိုးစားနေမည့်အစား ပြန်လည် အားပြန်ဖြည့်ထားရန်သာ ဆုံးဖြတ်လိုက်သည်။

ထိုအစီအရင်တွင် မည်သည့် တိုက်ခိုက်စွမ်းရည်မှ မရှိမှန်း ရှဲ့လီ သိသည်။ ရန်သူအနေဖြင့် သူ့အား သတ်ချင်လျှင် လူကိုယ်တိုင် လာသတ်မှ ရပေလိမ့်မည်။

ရှဲ့မိသားစု၏ မိသားစုခေါင်းဆောင် ဖြစ်သည်နှင့်အညီ ရှဲ့လီသည် အတော်လေး စိတ်ဓါတ်ကြံခိုင်သည်ဟု ပြော၍ရသည်။ သို့သော်ငြား သူနှင့်အတူ လိုက်လာသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများမှာမူ ထိုကဲ့သို့ မဟုတ်ကြချေ။ အကုန်လုံးမှာ ရှဲ့လီ သူတို့အား ဤနေရာမှ ကယ်ထုတ်သွားရန်ကိုသာ‌ မျှော်လင့်နေကြသည်။

သို့သော် ရှဲ့လီ ကိုယ်တိုင်ကာ တိတ်နေသဖြင့် သူတို့လည်း ဘာမှ မတတ်နိုင်တော့။ မည်သူမှလည်း ရှဲ့လီအား သွားမနှောင့်ယှတ်ရဲ။ သူတို့ဘာသာ ထွက်ပြေးဖို့ရာတော့လည်း မရဲပြန်။ အကုန်လုံး မီးခဲ ဖင်ခုထိုင်နေသလို ဖင်ဂနာမငြိမ် ဖြစ်နေကြကုန်လေပြီ။

ရုတ်တရက် ရှဲ့လီ မတ်တပ်ရပ်လာပြီး သူ့ရှေ့တည့်တည့်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ရှဲ့လီ မတ်တပ်ရပ်လိုက်သည်နှင့် သူ့ရှေ့ရှိ လေဟာနယ် တွန့်လိမ်လာပြီး လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူမျက်နှာကို ကြည့်ရင်း ရှဲ့လီ၏မျက်လုံး မှေးစဉ်းသွားပြီး သူ့စိတ်ထဲ အကြောင်းအရာတစ်ခုကို စဉ်းစားမိသွားသည်။

ရန်ကိုင်ကို ရှဲ့လီ သိပေသည်။ သူ့သား ရှဲ့ဟုန်ဝမ်ကို ရန်ကိုင်ကိုယ်တိုင် သတ်လိုက်ခြင်း မဟုတ်ပေလော။ ထိုအကြောင်းကို သိသိခြင်းက ရန်ကိုင်အား သွားသတ်ချင်စိတ်တို့ ဖြစ်ခဲ့မိသည်။ သို့သော် ရှဲ့လီသည် အခြေအနေကို နားမလည်သူ မဟုတ်။ ထို့ကြောင့် နဂါးလိုဏ်ဂူတောင်အား ချက်ချင်းကြီး လာရောက် မတိုက်ခိုက်ခဲ့ပေ။ ချင်းတုန်မှ ကျောက်ထောက်နောက်ခံ ပြုထားသည့် အတွက်ကြောင့် ရန်ကိုင်အား သတ်လိုက်ပါက သူပါ ဒုက္ခရောက်ပေလိမ့်မည်။ လုပ်ရသည်နှင့် ပြန်ပေးဆပ်ရသည်မှာ မကာမိချေ။ ထို့ကြောင့် ရှဲ့လီ အံကြိတ်ကာ သူ့သားအတွက် ပြန်လက်စားချေပေနိုင်မည့် အခွင့်အရေးတစ်ရပ် ပေါ်လာမည့်နေ့ကို စောင့်ဆိုင်းနေခဲ့သည်။

ကောင်းကင်သည် သူ့အား ပစ်ပယ်မထားခဲ့ပေ။ သူ့အား အခွင့်အရေးတစ်ရပ် ပေးခဲ့သည်။

ယခု သူအလွန် သတ်ချင်နေသည့်လူ သူ့ရှေ့တွင် ရှိနေလေပြီ။ ရှဲ့လီစိတ်ထဲ အလွန်ကိုမှ ဒေါသထွက်နေမိသည်။ သို့သော် ဒေါသ ရှေ့ထားပြီး ရန်ကိုင်အား မဆင်မခြင် ချက်ချင်း ပြေးဝင် မတိုက်ခိုက်ပေ။

ပုံရိပ်ယောင် အစီအရင်ထဲသို့ ရောက်နေသည်နှင့် ရန်ကိုင်သည် မီးငှက်အား ဆင့်ခေါ်လိုက်သည်။ မီးငှက်သည် ၎င်း၏ တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်၍ ရှဲ့လီ နောက်ဘက်တွင် ရှိနေသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် လက်ဆေးဇလုံး အရွယ်အစားရှိသော မီးဘောလုံးများ ပစ်လွှတ်လိုက်လေသည်။

ထိုသူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများမှာ တကယ်ကို သနားစရာ ကောင်းလှသည်။ ဤခြောက်ကပ်ကပ် နေရာကြီးတွင် ဘယ်လောက်ကြာအောင် ကြာမှန်းမသိ ရင်တမမဖြင့် ပိတ်မိနေခဲ့ရသည်။ ထိုမျှသာမကသေးဘဲ ယခုအချိန်၌လည်း တန်ခိုးရှင်အဆင့်နှင့် ညီမျှသာ မီးငှက်၏ တိုက်ခိုက်ခြင်း ခံရပြန်သည်။ သူတို့၏ ခွန်အားဖြင့် ထိုတိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် သူတို့၏ အကာအကွယ် မှော်ရတနာအသီးသီးကို ထုတ်၍ ခုခံခဲ့သော်ငြား မည်သို့မှ မခုခံနိုင်ခဲ့ပေ။ မီးဘောလုံးနှင့် ထိသည်နှင့် သူတို့၏ မှော်ရတနာများ ပျက်စီးကုန်ကြရသည်။ ပျက်စီးသွားသော မှော်ရတနာ အပိုင်အစများသည် အလွန်ပြင်းထန်သော အပူကြောင့် အရည်ပျော်ကြကုန်လေသည်။ မှော်ရတနာများ ပျက်စီးသွားပြီးနောက် သူတို့ တစ်ကိုယ်လုံး မီးစွဲကုန်ကာ တစ်ခဏအတွင် လူအဖြစ်မှ ပြာပုံဘဝသို့ ရောက်ကုန်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ရှဲ့လီနောက်သို့ လိုက်လာကြသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်ဘဲ နောင်ဘဝ ကူသွားရသည်။

သူ့လူများ သေသွားသော်ငြား ရှဲ့လီ၏ အမူအရာမှာမူ စိုးစဉ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ မသိသာမသိလျှင် ထိုတပည့်များသည် သူ့မိသားစုမှလူများမ ဟုတ်သည့်အလား၊ ရှဲ့လီသည် ရန်ကိုင်ကိုသာ တစ်ချိန်လုံး တောက်လျှောက် စိုက်ကြည့်နေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှဲ့လီ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်သည် “ဒါငါတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာ ဟုတ်တယ်မလား။ ငါ့နာမည် ရှဲ့လီ ဆိုတာကို မင်းသိထားလောက်ပြီးသွားပြီပေါ့”

ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည် “ခင်ဗျား ဘယ်သူမှန်း သိတာပေါ့။ ခင်ဗျား ဒီကို ဘာလို့ ရောက်နေလဲ ဆိုတာလဲ သိထားသေးတယ်။ ဒါနဲ့ ကျုပ်ခင်ဗျားကို မေးချင်တာ တစ်ခုရှိတယ်”

“မေးလေ၊ မင်းမသေခင်လေး မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့” ရှဲ့လီသည် သူ့ခွန်အားအပေါ် အပြည့်အဝ ယုံကြည်ထားသည့်အလား အေးစက်စက် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။

“အရှက်မရှိ လာကြွားနေသေးတယ်” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “မေ့လိုက်တော့။ ကျုပ်ခင်ဗျားနဲ့ ရပ်ပြီး အချိန်မဖြုန်းချင်ဘူး။ လူရီ ဘယ်မှာလဲသာပြော။ ခင်ဗျား အလောင်းကို ကျုပ်အကောင်းအတိုင်း ထားပေးမယ်”

“လူရီ” ရှဲ့လီ မျက်မှောင်ကြုတ်သွားလေပြီ။ ရန်ကိုင်ဆီမှ ထိုမေးခွန်းကို ကြားရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ သူ့စိတ်ထဲ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသော်လည်း ခေါင်းသာ ခါ၍ ပြန်ပြောလိုက်လေသည် “ငါမသိဘူး။ သူသေရင် သေသွားလောက်ပြီပေါ့”

“သေသွားတာ၊ သူလား…” ရန်ကိုင် ရေရွတ်လိုက်သည်။

လူရီ မည်သည့်နည်းနည်းမျှ ထိုမျှ အလွယ်တကူသေရန် မဖြစ်နိုင်ပေ။ လက်တစ်ဖက် ဖြတ်ခံရသည့်တိုင် လက်အသစ် ပြန်ပေါက်လာအောင် လုပ်နိုင်သော လူတစ်ယောက်သည် မည်သည့် နည်းနှင့်မှ လွယ်လွယ်နှင့် သေလိမ့်မည် မဟုတ်ချေ။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၅)

လက်ရှိ နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် လူများထဲတွင် အသက်ရှင်ကျန်ရစ်သူဆို၍ ရှဲ့လီနှင့် သွေးနတ်ဆိုး ကျောင်းတော်မှ သက်လတ်ပိုင်းလူကြီးတို့သာ ရှိတော့သည်။ ယန်ယန်မှ အစီအရင်များကို တောက်လျှောက် ထိန်းချုပ်နေသဖြင့် လူရီသာ ရောက်လာခဲ့လျှင် သူရောက်လာသည့် အကြောင်းကို ရန်ကိုင် မသိစရာ အကြောင်းမရှိချေ။ ထို့ကြောင့် ထိုကောင် ရောက်မလာခဲ့ခြင်းသာ ဖြစ်ရမည်။

“အဲ့ဒါ မင်းမေးခွန်းလား” ရှဲ့လီ ရန်ကိုင်အား စိတ်မရှည်စွာ ကြည့်လိုက်သည်။

“ဟုတ်တယ်၊ ကျုပ်အဲ့ဒါကို မေးချင်တာ” ရန်ကိုင်က သွားပေါ်အောင် ပြန်ပြုံးလိုက်သည်။

“အဲ့လိုဆို မင်းသေလို့ရပြီ” ပြောပြီးသည်နှင့် ရှဲ့လီ၏ ခန္ဓာကိုယ်မှ သူတော်စင်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ကြွက်သားများ မို့တက်လာကာ ကြေးနီးရောင်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် လေးကိုင်းမှ ပစ်လိုက်သည့် မြှားတစ်စင်းနှယ် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

သူ့အား အနီးကပ် တိုက်ခိုက်ချင်နေသည့် ရှဲ့လီ၏ လုပ်ရပ်ကို မြင်ပြီး ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် သေချာ စဉ်းစားကြည့်လျှင် အံ့အားသင့်စရာတော့ မဟုတ်။ ရှဲ့လီသည် ရန်ကိုင်အား အရေခွံဆုတ်၊ နုတ်နုတ်စင်းပစ်ချင်အောင် ဒေါသထွက်နေလေရာ သူ့ဒေါသကို ဤနည်းဖြင့် ထွက်ပေါက် ပေးသည်မှာလည်း ဖြစ်နိုင်သော နည်းလမ်းတစ်ခုပင်။

ထိုသို့ စဉ်းစားမိပြီးနောက် ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ ပြေးဝင်လာနေသော ရှဲ့လီကို ကြည့်ရင်း သူ့လက်ကို ဝှေ့ရမ်း၍ ရွှေရောင်ပိုးမျှင်များ ပစ်လွှတ်လိုက်သည်။

ရှဲ့လီသည် ထိုရွှေရောင်ပိုးမျှင်များကို ရှောင်ရန်မကြိုးစား။ သူ့လက်သီးဖြင့်သာ တန်ပြန် တိုက်ခိုက်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်၏ ရွှေရောင်ပိုးမျှင်နှင့် ရှဲ့လီ၏ လက်သီးတို့ ထိပ်တိုက်တွေ့မိသွားသည်။ သို့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ ရန်ကိုင်၏ ရွှေရောင်ပိုးမျှင်သည် ရှဲ့လီ၏ လက်သီးကို မဖြတ်တောက်နိုင်ခဲ့ပေ။ လက်သီးနှင့် ပိုးမျှင် ရိုက်ခတ်ရာမှ ထွက်ပေါ်လာသော တန်ပြန်အားကြောင့်ပင် ရန်ကိုင် ရင်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ရသည်။

ထိုထိပ်တိုက်တွေ့ဆုံမှုအပြီး ရှဲ့လီသည် သားရဲများတောင်တန်းမှ လူအိုကြီးထက် ပို၍ ရင်ဆိုင်ရခက်သော လူတစ်ယောက်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

အရိပ်လခန်းမမှ လက်အောက်ခံမိသားစု၏ မိသားစုခေါင်းဆောင် ဆိုသည့်အတိုင်း ရှဲ့လီ၏ ခွန်အားသည် ထိုလူအိုကြီးထက် အများကြီး ပိုသာပေသည်။ ထိပ်တိုက်သာ ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် ထိုလူအိုကြီးအနေဖြင့် ရှဲ့လီ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်၏ အမူအရာ လေးနက်သွားပြီး ရှဲ့လီအား တိုက်ခိုက်ရန် သူ့ဝှက်ဖဲကို ထုတ်သုံးတော့မည်အပြု ရုတ်တရက် မမျှော်လင့်ထားသည့် အရာတစ်ခု ကောက်ဖြစ်သွားခဲ့သည်။

ရန်ကိုင်ဆီသို့ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြေးဝင်လာနေသော ရှဲ့လီသည် ရုတ်တရက် စူးစူးဝါးဝါး စတင် ထအော်လေသည်။ သူ့မျက်နှာတစ်ပြင် နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး မျက်လုံးများမှာလည်း သွေးရောင်ရဲနေသည်။

ရှဲ့လီ မည်သည့် ဥာဏ်နီဥာဏ်နက် အကွက်များ ထုတ်သုံးနေသလဲဟုပင် ရန်ကိုင် တွေးမိသွားသည်။ သို့သော် တကယ်တမ်း သေချာ ကြည့်ကြည့်လိုက်သည့်အခါတွင်လည်း သူထင်ထားသလို ဟုတ်မနေခဲ့ပေ။ ထို့ကြောင့် ရန်ကိုင် ဘာလုပ်လို့ လုပ်ရန်မှန်းမသိ အခက်တွေ့သွားခဲ့ရသည်။

ထိုအခိုက်အတန့် အတွင်းမှာပင် ရှဲ့လီသည် ရန်ကိုင်နှင့် ဆယ်မီတာအကွာအတွင်းသို့ ရောက်လာခဲ့သည်။ ရှဲ့လီ ရန်ကိုင်အား မည်မျှ သတ်ချင်နေသလဲမသိ၊ သူ့ကိုယ်မှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်သည် ဒြပ်ထုအဖြစ်သို့ပင် သိပ်သည်းခါနီး ဖြစ်နေလေပြီ။

ရုတ်တရက် ရှဲ့လီ တစ်ကိုယ်လုံး အနီရောင် တောက်လာပြီး သူ့အသက်စွမ်းအင်မှာလည်း ကသောင်းကနင်း ဖြစ်လာသည်။ တစ်ချိန်တည်းတွင် သူ့နှာခေါင်း၊ မျက်လုံး၊ ပါးစပ်နှင့် နားရွက်များမှ သွေးများ တရဟော စီးကျလာခဲ့လေသည်။

“ဒါ…” ရန်ကိုင် ထိုမြင်ကွင်းကို အကြောင်သားဖြင့် ကြည့်နေသည်။ သို့သော် တစ်ခုခုကို သတိရသွားလိုက်သည့်နောက် သူ့အမူအရာ ဖြူလျော်သွားခဲ့သည်။ ချက်ချင်းပဲ ခရမ်းရောင်ဒိုင်းကို ဆင့်ခေါ်၍ သဲမုန်တိုင်းကို အသက်သွင်းကာ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။

တစ်ချိန်တည်းတွင် မီးငှက်သည် ကောင်းကင်ပေါ်မှ ရန်ကိုင် တည့်တည့်သို့ ထိုးဆင်းလာပြီး အလင်းအကာအရံ တစ်ခုအဖြစ်သို့ ပြောင်းကာ သူ့အား လွှမ်းခြုံကာကွယ်လိုက်သည်။

ရန်ကိုင် ပြင်ဆင်သွားပြီးရုံရှိသေး၊ ရှဲ့လီသည် မီးငှက် အကာအရံအား ပြေးဝင်တိုက်လေတော့သည်။

မီးငှက်၏ မီးတောက်များကြောင့် ရှဲ့လီ တစ်ကိုယ်လုံး မီးကျွမ်းနေသည့် မီးဘောလုံးတစ်လုံးနှယ် ဖြစ်သွားသည်။ သို့သော် ရှဲ့လီသည် ထိုအခြင်းအရာကို သတိမပြုမိသည့်အလား ပါးစပ်မှ ဘာမှန်းမသိသော စကားများကို ရေရွတ်ရင်း ရန်ကိုင်ဆီသို့သာ ဇွတ်တရွတ် ပြေးဝင်လာနေလေသည်။

သို့သော်လည်း မီးအကာအရံကြောင့် ရှဲ့လီ၏ အရှိန်မှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်သည်လည်း အကန့်အသတ်ကို ရောက်ရှိတော့မည့်အလား အက်ရာများ တောက်လျှောက် ပေါ်လာပြီး သွေးများ အဆက်မပြတ် ယိုစီးကျလာသည်။ သို့သော်လည်း ထိုသွေးများသည် မီးငှက်၏ အပူမီးတောက်ကြောင့် မြေကြီးပေါ်သို့ မရောက်သေးခင်မှာပဲ အငွေ့ပျံကုန်ကြလေသည်။

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးနှင့်အတူ ရှဲ့လီ တစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့‌ေသည်။ စွမ်းအင်လှိုင်းများ ဘေးပတ်ပတ်လည်သို့ ဖြာထွက်လာပြီး ကျောက်စကျောက်နများ၊ သစ်ပင်ငယ်များ အကုန်လုံး လွင့်စင်ထွက်ကုန်ကြလေသည်။

ထိုပေါက်ကွဲအားကြောင့် အနီးရှိ ဟင်းလင်းပြင်ပင် တုန်ခါသွားသည်။ ပုံရိပ်ယောင်အစီအရင်လည်း ထိုပေါက်ကွဲအားကို မခုခံနိုင်သဖြင့် ခဏမျှ မတည်မငြိမ် ဖြစ်နေပြီးနောက် အပြီးတိုင် ပျက်စီးသွားခဲ့လေသည်။

ရန်ကိုင်အား လွှမ်းခြုံထားသည့် မီးအကာအရံလည်း တစ်စစီ ပျက်စီးသွားခဲ့သည်။ သို့သော် မီးငှက်သည် သက်ရှိ မဟုတ်သဖြင့် ထိုကဲ့သို့ တစ်စစီ ဖြစ်သွားသော်ငြား သေဆုံးခြင်းမရှိ၊ မီးတောက်များ အတူတကွ ပြန်လည် စုဝေးသွားပြီးသည့်နောက် မီးငှက် ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။ သို့သော် မီးငှက်၏ အကြည့်ထဲ ကြောက်ရွံ့ရိပ်တို့ အထင်းသား ထွက်ပေါ်နေခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် နဂါးလိုဏ်ဂူတောင်တစ်ခုလုံး သိမ့်သိမ့်တုန်အောင် လှုပ်ခါသွားခဲ့သည်။ မိုးမြေစွမ်းအင်သည်လည်း ပရမ်းပတာ ဖြစ်ကုန်သည်။ အထပ်လိုက် အထပ်လိုက် စီးကာ ခင်းကျင်းထားသော အကာအကွယ် အစီအရင်များသည်လည်း ထိုပေါက်ကွဲအားအောက်၍ ပျက်စီးကုန်ကြလေသည်။

“ဘာဖြစ်တာလဲ” နဂါးလိုဏ်ဂူတောင်နှင့် မိုင်ငါးဆယ်အကွာ၌ ရှိနေကြသော ချင်းတုန်နှင့် ဖေးကျီတုတို့ အလန့်တကြား ထရပ်လိုက်ကြသည်။

“ဖေးအိုကြီး အဲ့ဒါ…” ချင်းတုန်၏ လေသံ အတော့်ကိုမှ တည်ကြည်လေးနက်နေခဲ့သည်။

“တစ်ယောက်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာပဲ” ဖေးကျီတုက အံ့အားသင့်တကြီး ပြန်ပြောသည်။

“ဟုတ်တယ်… ဖြာထွက်လာတဲ့ စွမ်းအင်လှိုင်းတွေ အရတော့ ရှဲ့လီနဲ့တူတယ်”

“မဟုတ်လောက်ဘူးမလား။ ရှဲ့လီက တန်ခိုးရှင် ဒုတိယ အဆင့်လေ။ သူဘေးကျပ်နံကြပ်ထဲ ရောက်နေရင်တောင်မှ အဲ့လို လုပ်စရာမှ မလိုတာ”

“သွားကြည့်ရအောင်။ တစ်ခုခု ဖြစ်သွားတာ ဖြစ်ရမယ်” ပြောပြီးသည်နှင့် ချင်းတုန်သည် နဂါးလိုဏ်ဂူတောင်ဆီသို့ ပျံသန်းသွားလေသည်။ ဖေးကျီတုသည်လည်း ခါးသက်စွာ ပြုံးလျက် နောက်မှ လိုက်သွားလိုက်သည်။

ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည်လည်း အကြည့်ချင်း ဖလှယ်လျက် ချက်ချင်း ပြေးလိုက်သွားကြလေသည်။

သူတို့ အမြန် ထွက်သွားကြသော်ငြား နဂါးလိုဏ်ဂူတောင်သို့ မရောက်သေးခင်မှာပဲ အဘက်ဘက်မှ ရောင်စုံအလင်းတန်းများ ထိုအရပ်သို့ ပျံသန်းသွားနေသည်ကို တွေ့လိုက်ရသည်။ ထိုလူများ အားလုံးသည် ပွဲထိုင်ကြည့်ရန် စောင့်ကြည့်နေသည့်လူများ ဖြစ်ကြသည်။

နဂါးလိုဏ်ဂူတောင်၏ ထူးဆန်းသော အဖြစ်အပျက်ကို မြင်တွေ့ပြီးနောက် ထိုလူများအားလုံး ဖင်ငြိမ်ငြိမ် မထိုင်နိုင်ကြတော့ပေ။

ဖန်သွေးရောင်ဂိုဏ်းမှ ကုန်းအောင်ဖုသည်လည်း တိုက်ယွမ်၊ ယင်စုတျယ်တို့နှင့်အတူ နဂါးလိုဏ်ဂူတောင်ရှိရာ အရပ်ဆီသို့ ပျံသန်းသွားနေကြသည်။ သို့သော် ကုန်းအောင်ဖု၊ ယင်စုတျယ်တို့နှင့် မတူသည်ကား တိုက်ယွမ်မှာ အလွန်ကိုမှ စိုးရိမ်ပူပန်နေခြင်းပင်။ သူမ၏ စိုးရိမ်စိတ်ကို မအောင့်အည်း နိုင်တော့သည့်အဆုံး အံကြိတ်၍ မေးလိုက်လေသည် “ဆရာ အခု ဘာတွေဖြစ်နေတာလဲ။ ခုဏတုန်းက စွမ်းအင်လှိုင်းတွေ ဘာလို့ ပေါ်လာတာလဲ”

နဂါးလိုဏ်ဂူတောင်အား အလွန် စိတ်ပူပန်ပေးနေသည့် တိုက်ယွမ်ကိုကြည့်ရင်း တိုက်ယွမ် မျက်မှောင်ကြုတ်သွားသည်။ ထိုမေးခွန်းကို ပြန်မဖြေချင်သော်လည်း ယင်စုတျယ်မှ သူမအား သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေသည့် အတွက်ကြောင့် ပြန်ဖြေပေးလိုက်လေသည် “တစ်ယောက်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာ”

“ကိုယ့်ကိုယ်ကို ဖောက်ခွဲတာ၊ ဘယ်သူ ဖောက်ခွဲလိုက်တာလဲ” ယင်စုတျယ် မျက်ခုံးပင့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် “ဘာလဲ၊ နဂါးလိုဏ်ဂူတောင် လုံးဝ မျှော်လင့်ချက်ပျောက်သွားလို့ ရန်ကိုင်လည်း မလုပ်မဖြစ် အဲ့လိုလုပ်လိုက်ရတာလား”

ယင်စုတျယ် ပြောသည်ကို နားထောင်ပြီး တိုက်ယွမ်၏ မျက်နှာလေး ပို၍ ဖြူလျော်သွားခဲ့သည်။ လက်သီးကိုလည်း တင်းတင်း ဆုပ်မိလိုက်လေသည်။

သို့သော် ကုန်းအောင်ဖုက ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြန်ပြောလိုက်သည် “မဟုတ်ဘူး။ အဲ့ကောင်လေး သူ့ကိုယ်သူ ဖောက်ခွဲရင် ဒီလောက် အားကောင်းတဲ့ စွမ်းအင်လှိုင်းတွေ ထွက်လာမှာ မဟုတ်ဘူး။ ဒါအဆင့်မြင့် ပညာရှင်တစ်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲလို့ ဖြစ်လာတဲ့ စွမ်းအင်လှိုင်းတွေပဲ”

“တန်ခိုးရှင်ဒုတိယအဆင့် ကိုယ့်ကိုယ်ကို ဖောက်ခွဲတာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ယင်စုတျယ် သက်ပြင်းရှိုက်လျက် “နဂါးလိုဏ်ဂူတောင်ထဲ ဝင်သွားတဲ့ တန်ခိုးရှင်ဒုတိယအဆင့်ဆိုလို့ သုံးယောက်ပဲရှိတယ်။ သုံးယောက်စလုံးက အားကောင်းတဲ့ နာမည်ကျော် ပညာရှင်တွေချည်းပဲကို၊ ဘယ်လိုလုပ်ပြီး သူတို့ထဲက တစ်ယောက်က ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ရတာလဲ”

“ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ အခြားသူတွေလည်း စစ်ဆေးဖို့ သွားနေကြတာ နင်မတွေ့ဘူးလား။ ဘာတွေ ဖြစ်သွားလဲဆိုတာကို ဘယ်သူမှ မသိလောက်ကြသေးဘူး၊ ဒါပေမယ် အဲ့စွမ်းအင်လှိုင်းက နည်းနည်း ရင်းနှီးနေသလိုပဲ… ဟုတ်သားပဲ၊ အဲ့ဒါ အရိပ်လခန်းမကပဲ”

“အရိပ်လခန်းမက… ဘယ်လိုလုပ်ပြီး…” ယင်စုတျယ် အလွန် ထိတ်လန့်သွားခဲ့သည်။

“ဆရာ၊ အဲ့ဒါ အမှန်ပဲလား” တိုက်ယွမ်က အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်သည်။

ကုန်းအောင်ဖုသည် တိုက်ယွမ်အား ကြည့်လျက် အေးစက်စက် လေသံဖြင့် “အဲ့ဒါမှန်မှန်၊ မမှန်မှန် နင်နဲ့ ဘာမှမဆိုင်ဘူး။ ဒါပြီးသွားလို့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ နင်တံခါးပိတ်ကျင့်ကြံဖို့ ပြင်ပေတော့၊ ငါ့ခွင့်ပြုချက်မရဘဲ ထွက်လာခွင့်မရှိဘူး”

“ဟုတ်ကဲ့…” တိုက်ယွမ် သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် အသာအယာ ခေါင်းညိတ်လိုက်သည်။

သူမ တပည့်၏ အပြုအမူနှင့် ပက်သက်၍ မကျေနပ်သည့်တိုင် နဂါးလိုဏ်ဂူတောင်အပေါ် သူမလည်း အတော်လေး စိတ်ဝင်စားနေမိ၏။ တန်ခိုးရှင်ဒုတိယအဆင့်ကိုပင် ကိုယ့်ကိုယ်ကို ပြန်ဖောက်ခွဲရသည်အထိ တွန်းအားပေးနိုင်လောက်အောင် ထိုတောင်သေးသေးလေးထဲတွင် မည်သို့သော အန္တရာယ်များ ဖုံးကွယ်ထားနေလေသနည်း။

တစ်ချိန်တည်းတွင်၊ နဂါးလိုဏ်ဂူတောင်ထဲတွင် ရှိနေသော ယန်ယန်၏ မျက်နှာ ဖြူလျော်နေခဲ့သည်။ လိုဏ်ဂူစံအိမ်ထဲတွင် ပုန်းအောင်းနေသည့်တိုင် လာရိုက်ခတ်သော စွမ်းအင်လှိုင်းကြောင့် အနည်းငယ်တော့ ဒဏ်ခံလိုက်ရသေးသည်။ လိုဏ်ဂူတစ်ခုလုံးလည်း မွစာကြဲနေလေပြီ။ အချို့ နံရံများဆိုလျှင် အက်ပင် အက်နေကုန်ကြပြီ။ အဝေးတွင် ရှိနေသော သူမတို့ပင် ဤကဲ့သို့ ခံရရာ ပေါက်ကွဲမှုအလယ်တွင် ရှိနေသော ရန်ကိုင် ဆိုလျှင်မူကား…

အဝိုင်းပြားထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ စစ်ဆေးပြီးနောက် ရန်ကိုင်၏ အရှိန်အဝါကို ခံစားမိလိုက်မှပဲ ယန်ယန် စိတ်သက်သာရာ ရသွားခဲ့သည်။

ရန်ကိုင် မသေသေးချေ။ သို့သော် သူ့အရှိန်အဝါကား အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။ ရန်ကိုင်ကို သွားစစ်ဆေးတော့မည်အပြု ဝူရီက ရုတ်တရက် ထပြောလာသည် “အစ်မယန်ယန်၊ ကျွန်မတို့ နဂါးလိုဏ်ဂူတောင်ဆီ လူတွေအများကြီး လာနေတယ်။ အခု ဘာလုပ်ကြမလဲ”

ယန်ယန် မျက်လုံးမှေးစဉ်းသွားပြီး အဝိုင်းပြာလေးဆီ ကြည့်လိုက်သည်။ ဝူရီ ပြောသည့်အတိုင်း သူမတို့ဆီ လာနေသော အလင်းစက်များစွာကို တွေ့လိုက်ရသည်။ အချို့ အလင်းစက်များသည် အလွန်ကိုမှ လင်းထိန်းနေပေသည်။ ထိုအလင်းစက်များသည် တန်ခိုးရှင် တတိယအဆင့် ပညာရှင်များပင် ဖြစ်လေသည်။

လက်ရှိ မြင်ရသလောက် အနည်းဆုံး တန်ခိုးရှင် တတိယအဆင့် ဆယ်ယောက်ကျော် ရှိပေသည်။

အများကြီးပဲ

ယန်ယန် မျက်နှာပျက်သွားသည်။ ထိုလူအင်အားကြောင့် အရိပ်လခန်းမ ဝင်ပါချင်သည်ဆိုလျှင်ပင် ဝင်ပါရ ခက်ပေလိမ့်မည်။ ချင်းတုန်သည် ရန်ကိုင်နှင့် ရင်းနှီးသော်လည်း သူ့အနေဖြင့် ထိုမျှ များပြားလှသော လူများနှင့် ရန်သူဖြစ်ဖို့ရာ မဖြစ်နိုင်ပါချေ။

ခဏလောက် စဉ်းစားပြီးနောက် ယန်ယန်၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး အော်ပြောလိုက်လေသည် “ကျန်တဲ့ အစီအရင်တွေ အကုန်လုံးကို အသက်သွင်းလိုက်။ ဝင်လာတဲ့ လူအားလုံးကို သတ်ပစ်မယ်”

ဝူရီ ကြောင်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ရမ်းကာ သူမ၏ အဝိုင်းပြားလေးထဲ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို နဂါးလိုဏ်ဂူတောင် တစ်ခုလုံးအား ပို၍ ထူထည်းလှသော မြူခိုးများက လွှမ်းခြုံသွားလေတော့လေသည်။

“ချင်းယွဲ့၊ အခြားလူတွေကို သိုလှောင်ရုံထဲ ခေါ်သွားလိုက်” ယန်ယန်က အမိန့်ပေးလိုက်သည်။

“ငါတို့ အဲ့ဒါကို သုံးရတော့မှာလား” ထိုစကားကို ကြားသည့်အခါ ချင်းယွဲ့၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ယန်ယန်က ခါးသက်စွာပြုံးလျက် “မထင်သေးဘူး။ ဒါပေမယ့် ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ အဲ့ဒါလုပ်တုန်းက နင်လည်း ကူပေးခဲ့တာဆိုတော့ နင်ဘာလုပ်ရမလဲ သိတယ်မလား”

“သိတယ်” ချင်းယွဲ့ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထွက်သွားလေသည်။ ချက်ချင်းဆိုသလို ချင်းယွဲ့သည် လိုဏ်ဂူ စံအိမ်ထဲတွင် ပုန်းအောင်းနေသော လူအားလုံးကို အခြား တစ်နေရာဆီသို့ ဦးဆောင် ခေါ်သွားလေသည်။

“ရှောင်ရှောင်ရေ” ယန်ယန်မှ လှမ်းခေါ်လိုက်သည်နှင့် ကျောက်တုံးရုပ်သေးရုပ် ယန်ယန်ရှေ့တွင် ပေါ်လာခဲ့လေသည်။

“နင်လည်း လိုက်သွားလိုက်” ယန်ယန်က ပြောလိုက်ရာ ချက်ချင်းဆိုသလို ကျောက်တုံရုပ်သေးရုပ် ပြန်ပျောက်သွားလေ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၆)

ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် သူ့ရှေ့တည့်တည့်ရှိ သွေးလွှမ်းနေသော နေရာတစ်နေရာအား ငေးကြောင်ကြည့်နေ၏။

ထိုနေရာတွင် တွင်းကြီးတစ်တွင်း ရှိနေပြီး ထိုတွင်းထဲတွင် မရေမတွက်နိုင်သော အသားစများ ရှိနေသည်။

ထိုအရာသည် ရှဲ့လီ ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ဖြစ်လာခြင်းပင်။

နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ခြင်း ဖြစ်‌သော်ငြား ယခုထိတိုင် သူ့မျက်လုံးသူ မယုံကြည်နိုင်သေး။

ရှဲ့လီ ဘာကြောင့် သူ့ကိုယ်သူ ဖောက်ခွဲလိုက်ရသနည်း။ သူနှင့် ရှဲ့လီကြားရှိ ရန်ကြွေးသည် အလွန်ကို ကြီးမားသည် ဆိုလျှင်ပင် ရှဲ့လီသည် သူ့သားအတွက် လက်စားချေရန်အတွက်ဖြင့် သူ့အသက်ကို စတေးမည့် လူစားမျိုး မဟုတ်ချေ။ ထို့အပြင် တိုက်ပွဲသည် ယခုမှ စရုံလေးသာ ရှိသေးသည်။ ရှဲ့လီတွင် အခြားဝှက်ဖဲများ မရှိတော့လေသလော။ လုံးဝ မဖြစ်နိုင်ပေ။

မျှော်လင့်ချက်မဲ့သည့် အခြေအနေထဲ ရောက်သွားသည့် လူများသာ ရန်သူကို သူတို့နှင့်အတူ ဆွဲခေါ်သွားရန် သူတို့ကိုယ်သူတို့ ဖောက်ခွဲလေ့ရှိကြသည်။ အကယ်၍ မိမိက ဖောက်ခွဲလိုက်သော်လည်း ရန်သူက သေမသွားခဲ့လျှင် မိမိ သေရသည်မှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

အစောပိုင်းက ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် ပုံရိပ်ယောင်၊ ရှဲ့လီ ပေါက်ကွဲသွားသည့် မြင်ကွင်းမှာလည်း ပုံရိပ်ယောင်ဟုပင် ရန်ကိုင် ထင်ချင်မိနေလေပြီ။

သို့သော်လည်း သူ့ရှေ့ရှိ တွင်းပေါက်ကြီးနှင့် အစောပိုင်းက ခံစားလိုက်ရသော စွမ်းအင်းလှိုင်းတို့သည့် သူ့အား ဖြစ်ပျက်သွားသမျှ အရာအားလုံး အစစ်အမှန်ဟု ပြောနေခဲ့သည်။ ထို့အပြင် သူ့ကောင်းကင်စိတ်အာရုံဖြင့် ရှဲ့လီ၏ အသက်စွမ်းအင်ကို အာရုံခံမရတော့ပေ။ သူမယုံချင်ပင်လျှင် ယုံရတော့ပေမည်။

အဲ့လူကြီး ရူးနေတာလား အစောပိုင်းကအကြောင်း ပြန်းတွေးမိလိုက်တိုင်း ရန်ကိုင် ထိတ်လန့်မိသည်။

တန်ခိုးရှင်ဒုတိယအဆင့် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သည့် အားမှ သာမန်မှ မဟုတ်လေဘဲ။ ထို့အပြင် သူသည် ရှဲ့လီနှင့် ဆယ်မီတာ အကွာအတွင်း ရှိနေခြင်း ဖြစ်သည်။ တစ်ခုခု မူမမှန်မှန်း သတိပြုမိလိုက်ပြီး အချိန်မှီ လှုပ်ရှားလိုက်နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူလည်း ရှဲ့လီနှင့်အတူ တစ်ခါတည်း မရဏလမ်းသို့ လိုက်သွားရလောက်ပေပြီ။

သူ့ပတ်လည် အကွာအကွယ် နှစ်ထပ် ကာခဲ့သည့်တိုင် ပေါက်ကွဲအားကိုတော့ ခံလိုက်ရဆဲ။ ထိုအလွှာနှစ်ထပ်သည် ပေါက်ကွဲအား၏ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကိုသာ ကာကွယ်နိုင်ခဲ့ပြီး ကျန်လေးဆယ် ရာခိုင်နှုန်းသည် ရန်ကိုင်ကို လာမှန်သည်။ သို့သော် ထိုလေးဆယ်ရာခိုင်နှုန်းသည်ပင်လျှင် သူ့အား အချိန်မရွေး သေသွားနိုင်သည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။

သူ့ခန္ဓာကိုယ်နှင့် ရွှေရောင်သွေး ကယ်ပေလို့သာပေါ့။ မဟုတ်သာ မဟုတ်လျှင် မတွေးရဲစရာပင်။ ထို့အပြင် ရန်ကိုင်သည် လေဟာနယ်အက်ကြောင်း ဖန်တီး၍ လက်ကျန် ပေါက်ကွဲစွမ်းအင် အများစုကို ဟင်းလင်းပြင်ထဲ ဖယ်ထုတ်ပစ်ခဲ့သေးသည်။

ထို့ကြောင့် လက်ရှိ သူ့အခြေအနေ ပုံပန်းပန်းပျက် ဖြစ်နေသည့်တိုင် ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ခြင်းပင်။

တစ်နည်းဆိုရသော် ရှဲ့လီ၏ သေဆုံးမှုသည် အချည်းနှီးသာ ဖြစ်ခဲ့ပေသည်။

သို့တိုင် ရန်ကိုင် မျက်မှောင်ကြုတ်နေသေးသည်။ ရှဲ့လီအား သတ်လိုက်နိုင်သည့် အတွက်ကြောင့် သူပျော်မနေခဲ့။ သူ့စိတ်ထဲ တစ်ခုခု မှားယွင်းနေသေးသလို ခံစားမိနေသေးသည်။

ရှဲ့လီသာ ရူးမနေသရွေ့ ထိုကဲ့သို့ ရူးမိုက်သည့် ဆုံးဖြတ်ချက်မျိုး လုပ်လိမ့်မည် မဟုတ်။ ရှဲ့လီသည် အရိပ်လ ခန်းမထဲတွင် အတော့်ကိုမှ မြင့်မားသည့် ရာထူးကို အချိန် အတော်ကြာသည်အထိ ယူထားခဲ့သူတစ်ဦး ဖြစ်သည်။ ထို့ပြင် ရှဲ့မိသားစု၏ ခေါင်းဆောင်လည်း ဖြစ်သေးသည်။ ထိုကဲ့သို့သော လူတစ်ယောက်သည် ယခုကဲ့သို့ ဦးနှောက်မရှိသော ကိုယ့်သေကြောင်း ကိုယ်ကြံသည့် တိုက်ခိုက်မှုမျိုး မဆင်မခြင် လုပ်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် တကယ်ကို နားမလည်နိုင်တော့ပေ။

အဖြေရလေမလား သေချာ ပြန်စဉ်းစားကြည့်လိုက်သော်ငြား ပို၍ပင် ခေါင်းရှဒပ်သွားခဲ့ရသည်။

ထိုပုစ္ဆာကို အဖြေမရှာနိုင်သေးခင်မှာပဲ တွင်းပေါက်ထဲရှိ ရှဲ့လီ၏ အသားများထဲမှ တစ်ခုသည် လောင်ကောင်နှယ် ရုတ်တရက် တွန့်လိမ်လာပြီး သွေးနီရောင်အလင်းတန်းတစ်ခု ၎င်းဆီမှ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ရန်ကိုင် သတ်ခဲ့သည့် ရှဲ့မိသားစုဝင် ကျင့်ကြံသူများဆီမှ ထိုကဲ့သို့ အနီရောင် အလင်းတန်းလေးခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုအနီရောင် အလင်းတန်းအားလုံးသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ဆီသို့ မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းနှင့် တိုးဝင်သွားကြလေသည်။

အနီရောင် အလင်းတန်းများကို ရန်ကိုင် သတိပြုမိလိုက်ချိန် ထိုအရာများသည် သူ့ဆီသို့ ရောက်နေခဲ့လေပြီ။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ထိုအနီရောင် အလင်းတန်းများ ဘာမှန်း သူမသိသော်ငြား အန္တရာယ်များမှန်းတော့ သိသည်။ ထို့ကြောင့် ကမန်းကတန်း လက်ဝှေ့ရမ်း၍ သူ့ပတ်ပတ်လည်၌ မဟာကောင်းကင်ဒိုင်းများ အဆက်မပြတ် ကာချလိုက်သည်။ တစ်ချိန်တည်းတွင် ရွှေရောင်ပိုးမျှင်ကို ထုတ်ကာ ထိုအနီရောင် အလင်းတန်းများကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။

ရွှပ်… ရွှပ်…

ရန်ကိုင် ရွှေရောင်ပိုးမျှင်သည် သွေးနီရောင် အလင်းတန်း တစ်ခုအား မျက်တောင်တစ်ခတ်အတွင်း အဆပေါင်းများစွာ ဖြစ်အောင် ပိုင်းဖြတ်သွားခဲ့သည်။ သို့တိုင် အနီရောင်အလင်းတန်း မှိန်သွားပြီး ၎င်း၏ မူလပုံစံပေါ်လာရုံမှအပ အခြား ဘာမှ ဖြစ်မသွားခဲ့။ ထိုအနီရောင် အလင်းတန်းများသည် လောက်ကောင် ကဲ့သို့ အင်းဆက်များ ဖြစ်ကြသည်။ ချက်ချင်းဆိုသလို အစိတ်စိတ် ပိုင်းခံလိုက်ရသော အင်းဆက် မူလအတိုင်း ပြန်ကောင်းသွားပြီး ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ဆုတ်လိုက်သည်။ သို့သော် သူ့အမြန်နှုန်းသည် ထိုအင်းဆက်များနှင့် ယှဉ်လျှင် နှေးနေခဲ့ပေသည်။ အင်းဆက်များသည် ရန်ကိုင် ဖန်တီးထားသည့် ဒိုင်းကာများအား မရှိသလို ဖြတ်ကျော်လာပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာကြသည်။ ရန်ကိုင် ဖန်တီးထားသည့် အကာအကွယ်အားလုံး ထိုကောင်များနှင့်အတွေ့ လုံးဝကို နောက်ကျောက်ချခံလိုက်ရသည်။

သေစမ်းပါကွာ

ရန်ကိုင်မျက်နှာ ကွက်ခနဲပျက်သွားပြီး သူ့အသိစိတ် ပင်လယ်ထဲသို့ ချက်ချင်း ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ နာမ်ဝိဥာဉ် သူ့အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာခဲ့သည်။ ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို စစ်ဆေးကြည့်လိုက်ရာ ကျူးကျော်သူများကို အလျင်အမြန် တွေ့ရှိသွားလေသည်။

ထိုအရာများသည် ရန်ကိုင် အစောပိုင်းက မြင်ခဲ့သည့် ထူးဆန်းသည့် သွေးနီရောင် အင်းဆက်လေးကောင် ဖြစ်သည်။

သူတို့ကို ရန်ကိုင် တွေ့သွားသည်နှင့် တစ်ပြိုင်နက် လေးကောင်စလုံး တစ်ကောင်တည်း အဖြစ်သို့ ပေါင်းစပ်သွားကြ၏။ တစ်ချိန်တည်းနှင့် ထိုအင်းဆက်များဆီမှ ရန်ကိုင် ရင်းနှီးနေသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

“လူရီ” ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ လူရီနှင့် တစ်ကြိမ်လောက်သာ တိုက်ဖူးသော်လည်း ထိုကောင်၏ အရှိန်အဝါကို ရန်ကိုင် ကောင်းကောင်း မှတ်မိပေသည်။

ထိုသွေးနီရောင် အင်းဆက်လေးကောင်သည် လူရီ၏ လက်ချက် ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့‌ပေ။

ရှဲ့လီ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာ အဲ့လူရီကြောင့်လား။ သူ့ကြောင့်သာ မဟုတ်ရင် တိုက်ပွဲစစချင်း ရှဲ့လီ ကိုယ့်ကိုယ်ကို ဖောက်ခွဲစရာ အကြောင်းမရှိဘူး

ရှဲ့လီ၏ အသားစများထဲမှ တစ်ခုမှ ထိုအင်းဆက်တစ်ကောင် ထွက်လာသည်ဆိုသော အချက်မှာ ယခုကိစ္စအားလုံးသည် လူရီ၏ လက်ချက်ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။

ရှဲ့လီ မသေခင်က မျက်နှာကို ပြန်စဉ်းစားမိလိုက်သော် သူ့အထင် မှန်သည်ဟု ရန်ကိုင် ခံစားမိသွားသည်။ သူထင်သည်သာ အမှန်ဖြစ်လျှင် လူရီ၏ နည်းလမ်းများသည် တကယ်ကို အံ့ဩဖွယ်ကောင်းသည်ဟု ပြောရပေမည်။ တန်ခိုးရှင် ဒုတိယအဆင့် တစ်ယောက်ကိုပင် ကိုယ့်ကိုယ်ကို ဖောက်ခွဲအောင် တွန်းအားပေးနိုင်သည်မှာ သာမန် အရည်အချင်းတစ်ခု မဟုတ်ပေ။

အဲ့ကောင် တကယ်ကြီး ဘယ်သူလဲကွာ ရန်ကိုင် တကယ်ကို ခေါင်းရှုပ်နေသည်။ လူရီကို သူအထင်သေးနေမိသေးမှန်းလည်း နားလည်လိုက်သည်။

သူ့ရှေ့ရှိ သွေးနီရောင် အင်းဆက်များကို ကြည့်ရင်း ရန်ကိုင် မျက်လုံး မှေးစဉ်းသွားသည်။ ထိုအင်းဆက်များသည် စိတ်စွမ်းအင်ဖြင့် ဖွဲ့ထားထားသော ပိုကောင်းများ ဖြစ်လောက်၏။ သို့သော် လူရီသည် သူတော်စင်ဘုရင်အဆင့်သာ ရှိသေးလေရာ သူ့စိတ်စွမ်းအင်သည် မည်ကဲ့သို့ ထိုမျှ အားကောင်းနေရသနည်း။

ရန်ကိုင် လုံးဝကို နားမလည်နိုင်တော့ပေ။

ရန်ကိုင် အထင် မမှားပေ။ ရှဲ့လီသည် လူရီ၏ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ဤလောကကြီး၏ အထွဋ်အထိပ်၌ ရပ်တည်ခဲ့သော လူတစ်ယောက်သည် အခြေအနေ မပေးသဖြင့် ဤကဲ့သို့ နိမ့်ကျသည့် နေရာမျိုးတွင် ကျင်လည်နေရသည်။ သူ့ကျင့်ကြံခြင်းမှာလည်း သိပ်မမြင့်လှ။ သို့တိုင် သူအိတ်ကပ်ထဲ၌ ရှိနေသော ပညာရပ်များသည် သာမန် တန်ခိုးရှင်အဆင့်များ လာပြိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။

ရှဲ့လီ အကင်းပါးသည် ဆိုလျှင်ပင် သူ့ကိုယ်ထဲတွင် လူရီ နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ထည့်သွင်းထားသည် ဆိုသော အချက်ကို သတိမပြုမိခဲ့ပေ။

ထိုနည်းလမ်းဖြင့် လူရီသည် ရှဲ့မိသားစု၊ ပင်လယ်နှလုံးသာ ဂိုဏ်းနှင့် တိမ်မီးတောက်တောင်ကြားတို့၏ ကံကြမ္မာကို တိတ်တဆိတ် ကြိုးကိုင် ချယ်လှယ်ခဲ့သည်။

လူရီ ရန်ကိုင်အား မသတ်လိုပေ။ သူလိုချင်သည်ကား နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် အကူအညီဖြင့် ရန်ကိုင်ကို ထိန်းချုပ်ရန်ပင်။ ပြီးမှ သူ၏ အဖိုးအတန်းဆုံး ရတနာကို ပြန်လည် ရယူရပေမည်။

သဲမီးတောက်နယ်မြေထဲတွင် ရှိစဉ်က ရန်ကိုင်သည် သူ၏ အဖိုးအတန်ဆုံး ရတနာကို ယူသွားခဲ့သည်။ ယခု ထိုရတနာအား ပြန်ယူရန် အခွင့်အရေး ရှိလာပြီ ဖြစ်လေရာ ထိုအခွင့်အရေးကို လူရီ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။

လူရီ၏ မူလ အစီအစဉ်သည် ရှဲ့လီအား ကိုယ့်ကိုယ်ကို ဖောက်ခွဲခိုင်းပြီး ရန်ကိုင်ကို သတ်ရန် မဟုတ်ပေ။ ရန်ကိုင်အား ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တော့သည်အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်လိုခြင်းသာ ဖြစ်သည်။

သို့သော်လည်စ သေချာ စီစဉ်အကွက်ချထားသည့်တိုင် ရှဲ့လီသည် ရန်ကိုင်နှင့် သွားပြီး ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်၏ ခွန်အားသည် အဆင့်တူ ကျင့်ကြံသူများထက် အများကြီး ပိုမြင့်နေသည်မှာ လူရီအတွက် ကံကောင်းသွားသည်။ ရန်ကိုင်သာ သေသွားခဲ့လျှင် သူ့အစီအစဉ် အားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည် ဖြစ်ကာ သူ့ရတနာကိုလည်း ပြန်ယူနိုင်တော့မည် မဟုတ်ပေ။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်သည် အဆိပ်ရှိသည့် အင်းဆက်တစ်ကောင် မဟုတ်ဘဲ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော အင်းဆက်တစ်ကောင်သာ ဖြစ်သည်။ ထိုအင်းဆက်များသည် အလွန်ကိုမှ ထူးဆန်းသလို သတိပြုမိဖို့လည်း ခက်လှဿည်။ ယခု လူရီ၏ အင်းဆက်အားလုံး တစ်ကောင်တည်းအဖြစ်သို့ ပေါင်းစည်းသွားပြီ ဖြစ်သဖြင့် ပို၍ အားကောင်းလာမည်မှာ သံသယရှိစရာ မလို။ ထို့ကြောင့် ထိုအင်းဆက်ဖြင့် သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်ကို ထိန်းချုပ်ရန်မှာ ထမင်းစာရေသောက်နှယ် လွယ်ကူသင့်ပေသည်။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ဘာအင်းဆက်မှန်း ရန်ကိုင် မသိသော်ငြား သူ့အား ကောင်းကျိုးပေးမည့် အင်းဆက် မဟုတ်မှန်း ရန်ကိုင် သိသည်။ ထို့ကြောင့ အသိစိတ်ပင်လယ်ထဲရှိ မီးတောက်များကိုသုံး၍ ထိုအင်းဆက်ကို စတင် မီးရှို့တော့သည်။

သို့သော်လည်း အင်းဆက်ကောင်မှာမူ မီးတောက်များကို ခုခံရန်ပင် မကြိုးစားဘဲ ဒီအတိုင်း ငြိမ်ခံနေခဲ့လေသည်။ ရန်ကိုင်သည် တေဇောဓါတ်အသိစိတ်ပင်လယ်ကိုသုံး၍ သွေးနီရောင် အင်းဆက်ကို မီးကင်နေသောလည်း အင်းဆက်မှာမူ တုတ်တုတ်ပင်မလှုပ်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်မျက်နှာ မှုန်ကုတ်သွား၏။ တေဇောဓါတ်အသိစိတ်ပင်လယ်နှင့် အင်းဆက်ကို တိုက်ခိုက်၍ ဘာမှထူးမည် မဟုတ်မှန်း သိလိုက်သော် မီးတောက်များကို ပြန်ရုတ်သိမ်းလိုက်သည်။ ရန်ကိုင်မှ အခြားနည်းလမ်းတစ်ခုကို သုံးတော့မည်အပြု အင်းဆက်သည် သွေးနီရောင်အလင်းတန်းသို့ ပြောင်းလဲကာ ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။

ထိုကဲ့သို့ ရန်ကိုင်က မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ သူ့အသိစိတ်ပင်လယ်ထဲတွင် သူသည်သာ ဆရာဖြစ်သည်။ အရာ အားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိပေသည်။

ထို့ကြောင့် စိတ်စွမ်းအင်ကို လှံတစ်ချောင်းအဖြစ်သို့ သိပ်သည်းစေလျက် သူ့ဆီ ပြေးဝင်လာနေသော အင်းဆက်ဆီ လှမ်းပစ်လိုက်လေသည်။ သို့သော်ငြား သွေးနီရောင်း အင်းဆက်သည် ရန်ကိုင်၏လှံကို အလွယ်တကူ ရှောင်သွားခဲ့၏။

ခက်လိုက်တာ ထိုနည်းဖြင့် မရသော် ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသုံးပြုတော့သည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ဝဲနေသော သုတ်င်ခြင်းနတ်ဆိုးမျက်လုံး ဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

သွေးနီရောင်အင်းဆက်သည် ထိုအလင်းတန်းကိုပင် အကြိမ်များစွာ ရှောင်နိုင်ခဲ့သေးသည်။ သို့သော်ငြား နောက်ဆုံးတွင်မူ ထိမှန်သွားခံခဲ့ရလေသည်။

လျင်မြန်စွာ ရွေ့လျားနေသော နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက် အချုပ်ခံလိုက်ရသည့်နှယ် ရုတ်ချည်း ရပ်သွားခဲ့သည်။ ၎င်း၏ ခပ်ဝဝ ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲနေသည့်နှယ် တွန့်လိမ်လာပြီး ထူးဆန်းသော အသံများ စတင် အော်မြည်တော့သည်။

လူရီ၏ နည်းလမ်းမှာ တကယ်ကို ထူးခြားလှပေသည်။ လူရီသည် နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်ဖြင့် တန်ခိုးရှင် အဆင့် ပညာရှင်များစွာကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ရန်ကိုင် နှင့်အတွေ့တွင် လက်မှိုင်ချခဲ့ရသည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် မည်သည့် စိတ်စွမ်းအင် တည်ရှိမှုကိုမဆို သန့်စင်ပစ်နိုင်သော သုတ်သင်ခြင်းနတ်ဆိုး မျက်လုံး ရှိနေသည်ကို သူမသိခဲ့ပေ။ နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက်သည် စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အင်းဆက် တစ်ကောင် ဖြစ်သဖြင့် ထိုအင်းဆက်လည်း ချွင်းချက်မဟုတ်ပေ။

တရှဲရှဲ မြည်သံနှင့်အတူ သွေးနီရောင်အင်းဆက် စတင် အငွေ့ပျံလာသည်။

ရန်ကိုင်သည် ထိုမြင်ကွင်းကို ရုပ်တည်ကြီးဖြင့် ကြည့်နေ၏။ သူ့အကြည့်ထဲ မည်သည့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကိုမှ မတွေ့ရ။ သို့သော် သူ့ရင်ထဲတွင်မူ အတော်လေး အံ့အားသင့်နေမိသည်။ လူရီ၏ စိတ်စွမ်းအင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် ချက်ချင်း မသန့်စင်နိုင်လောက်သည်အထိ ထူးဆန်းလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ အကယ်၍ သူ့အနေဖြင့် ထို့အရာကို အပြတ်ရှင်းချင်သည် ဆိုပါက ထပ်မံ အားစိုက်ရန် လိုပေသေးသည်။

နှောင့်နှေးနေခြင်းသည် ပြဿနာများကို ဖြစ်စေနိုင်သည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် စိတ်စွမ်းအင်ဖြင့် အမိန့်တစ်ခု ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ့အသိစိတ်ပင်လယ်ထဲရှိ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းဆီမှ တဝီဝီ မြည်သံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အင်းဆက်လေးများ ထွက်လာခဲ့လေသည်။ ချက်ချင်းဆိုသလို အနက်ရောင် တိမ်တိုက်ကြီးတစ်ခု သွေးနီရောင်အင်းဆက်ဆီသို့ အံလိုက် ချီတက်လာခဲ့သည်။

ထိုကောင်များသည် ဝိဥာဉ်ဝါးမြိုအင်းဆက်များပင် ဖြစ်လေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၇)

ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များသည် ရန်ကိုင် နှစ်ပေါင်းများစွာ ကြာအောင် ပြုစုပျိုးထောင်လာခဲ့သည့် ရှေးဟောင်းအင်းဆက်များ ဖြစ်ကြပေသည်။ အင်းဆက်ကျောက်တုံးကို ဝါးမြိုပြီးနောက်ပိုင်း ထိုအင်းဆက်များ၏ ခွန်အား သိသိသာသာကို တိုးတက်လာခဲ့၏။

လက်ရှိ ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူများ၏ စိတ်စွမ်းအင်ကို အလွယ်တကူ ဝါးမြိုနိုင်ပြီး တန်ခိုးရှင်အဆင့် ပညာရှင်များကိုပင် အတန်အသင့် ဒုက္ခပေးနိုင်သည်။

သို့သော်လည်း အားနည်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့် အခါ ဝိဥာဉ်ဝါးမြိုအင်းဆက်များကို သုံးမည့်အစား သူ့ဘာသာ လှုပ်ရှားလိုက်ခြင်းသည် ပို၍ မြန်ဆန်လွယ်ကူပေသည်။ အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့် အခါတွင်လည်း ဝိဥာဉ်ဝါးမြိုအင်းဆက်များက သိပ်အကူအညီ မပေးနိုင်တော့ချေ။ ထို့ကြောင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ရန်ကိုင် သုံးခဲသည်။

သို့သော်ငြား ဝိဥာဉ်ဝါးမြိုအင်းဆက်းများသည် အသုံးမဝင်ဟု ဆိုလိုခြင်းတော့ မဟုတ်၊ ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် အရေအတွက်များများနှင့် တိုက်ခိုက်ရသည့် တိုက်ပွဲများတွင် တကယ်ကို အသုံးဝင်လှပေသည်။

ထိုအင်းဆက်များတွင် နောက်ထပ် အသုံးဝင်သည့် အချက်တစ်ချက် ရှိသေးသည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ အကြိုက်ဆုံးအစာမှာ စိတ်စွမ်းအင်ဖြစ်သည်။ ထို့ကြောင့် လူရီအနေဖြင့် ရန်ကိုင်အား ရင်ဆိုင်ရန် စိတ်စွမ်းအင် ပညာရပ်ကို သုံးခဲ့သည့်အပေါ် သူ့ကိုယ်သူသာ အပြစ်တင်ရပေတော့မည်။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးနှင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်များ၏ အိမ်မက်ဆိုးပင် ဖြစ်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ဝိဥာဉ်ဝါးမြိုအင်းဆက်အုပ်ကြီး နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက်ဆီသို့ ပျံသန်းသွားလေသည်။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရွှေရောင်အလင်းတန်းနှင့် ဖိနှိပ်ထားခြင်း ခံရသည့်တိုင် ရုန်းကန်လှုပ်ရှားနေနိုင်သေးသော နှစ်တစ်သောင်းအဆိပ်မိစ္ဆာသည် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို မြင်လိုက်သည်နှင့် သဘာဝအိမ်မက်ဆိုးကို တွေ့လိုက်ရသည့်နှယ် စတင် တုန်ရင်လာတော့လေသည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များကတော့ နှစ်တစ်သောင်းအဆိပ် မိစ္ဆာအင်းဆက် ကြောက်သည်မကြောက်သည်ကို ဂရုမစိုက်ဘဲ စုပြုံ၍သာ တိုးဝင်သွားကြသည်။

မကြာမီ ကိုက်ဝါးသံများ ထွက်ပေါ်လာခဲ့လေသည်။

ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် အလျင်အမြန် ပေါ်လာပြီး အလျင်အမြန် ပြန်ထွက်သွားကြသည်။ သိုသော်လည်း ၎င်းတို့ ပြန်ထွက်သွားပြီးနောက် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံထားခြင်း ခံရသော နှစ်တစ်သောင်းအဆိပ်မိစ္ဆာ အင်းဆက်မှာမူ မရှိတော့လေပြီ။

ရန်ကိုင် သူ့အသိစိတ်ပင်လယ်ကို တစ်ချက် စစ်ကြည့်သည်။ မည်သည့် အန္တရာယ်မှ မရှိတော့မှန်း သေချာပြီးနောက် ခေါင်းတညိတ်ညိတ်ဖြင့် အပြင်သို့ ပြန်ထွက်လာလိုက်သည်။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် သေသွားသည်နှင့် တစ်ချိန်တည်းတွင် နဂါးလိုဏ်ဂူတောင်မှ မိုင်နှစ်ရာဝေးကွာသော ရှဲ့မိသားစု၏ စံအိမ်ထဲတွင် တင်ပလင်ခွေ ထိုင်နေသော လူငယ်လေး တစ်ယောက် ရုတ်တရက် ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး သွေးတစ်ပွက် ထိုးအန်လေသည်။ ထို့နောက် မယုံကြည်နိုင် ဖြစ်နေသည့် လေသံဖြင့် အလန့်တကြား ထအော်၏ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ထိုလူသည် လူရီ ဖြစ်ပေသည်။

လူရီသည် အလွန်ကိုမှ တွက်ချက်တတ်ပြီး သတိကြီးသည်။ ထို့ကြောင့် ရှဲ့လီတို့နှင့် လိုက်မသွားဘဲ ရှဲ့မိသားစုတွင်သာ စောင့်ကျန်နေရစ်ခဲ့သည်။ သူတွက်ချက်ထားသည့် အတိုင်းသာ ပြီးမြောက်သွားမည်ဆိုလျှင် သူလိုက်သွားသွား မသွားသွား ဘာမှ ကွဲပြားသွားလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ရှဲ့မိသားစုတွင်သာ နေရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူ့အားအကိုးရဆုံးသော နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်တစ်ကောင် သေသွားသည့် အတွက်ကြောင့် တန်ပြန် ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရသည်။ ရှဲ့မိသားစု၏ ခေါင်းဆောင်ဖြစ်သော ရှဲ့လီကိုယ်ထဲ နှစ်တစ်သောင်းအဆိပ် မိစ္ဆာအင်းဆက် ထည့်သွင်းရန်အတွက် လူရီ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ထို့အတွက်နှင့် သူ့ဝိဥာဉ်အဆီအနှစ် တစ်စိတ်တစ်ပိုင်းကိုပင် စတေးခဲ့ရသေးသည်။

တန်ခိုးရှင်ဒုတိယအဆင့် ဖြစ်သော ရှဲ့လီအား ထိန်းချုပ်ဖို့ရာ မည်ကဲ့သို့ လွယ်ကူမည်နည်း။ သို့သော်လည်း ရှဲ့လီ ကိုယ်ထဲတွင် ထည့်ထားသော သူ့ဝိဥာဉ်အဆီအနှစ် ဖျက်စီးခံလိုက်ရသည့် အတွက် လူရီ ဘေးထွက်ဆိုးကျိုး ခံစားလိုက်ရသည်။ ဒဏ်ရာမှာ အရမ်း မပြင်းသော်လည်း ပေါ့သေးသေးတော့ မဟုတ်။ အနည်းဆုံး တစ်လ၊ နှစ်လလောက် ပြန်အနားယူပြီးမှ ပျောက်မည့် ဒဏ်ရာမျိုး ဖြစ်သည်။

လူရီ အမူအရာ ခက်ထန်လာခဲ့သည်။ ယခုတစ်ကြိမ် သူ့အစီအစဉ် အမှားအယွင်းမရှိ အောင်မြင်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ဆိုးဆိုးရွားရွား ကျဆုံးခဲ့ရသည်။ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်ဆီမှ နောက်ဆုံးအကြိမ် သူသိလိုက်ရသည်ကား ၎င်းကို ရန်ကိုင်မှ ဖျက်စီးလိုက်သည် ဆိုသောအချက်ပင်။

ရန်ကိုင် မည်သည့် နည်းလမ်းကိုသုံး၍ နှစ်တစ်သောင်း အဆိပ်မိစ္ဆာအင်းဆက်အား ဖျက်စီးသွားလဲ ဆိုသည်ကိုမူ လူရီ မသိပေ။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ အခြေအနေကို သူမှ မစစ်ဆေးနိုင်ဘဲ။

“ကောင်းတယ်” လူရီ ညစ်ကျယ်ကျယ် ပြုံးလိုက်သည် “ကြည့်ရတာ ဒီစီနီယာ မင်းကို အထင်သေးမိလိုက်တာပဲ။ ဘာမဟုတ်တဲ့ သူတော်စင်ဘုရင်လေး တစ်ယောက်က ဒီစီနီယာကို ဒီဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတော့ မင်းကတယ် တော်တာပဲ”

ထိုကဲ့သို့ ရေရွတ်နေပြီးနောက် ရုတ်တရက် လူရီ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး နှာခေါင်းရှုံ့လိုက်လေသည် “သောက်သုံးမကျတဲ့ အမှိုက်တွေ၊ ဒါလေးတောင် မလုပ်နိုင်ကြဘူး။ နောက်ပိုင်း ငါမင်းတို့ကို လိုနေသေးလို့ပေါ့ကွာ။ မဟုတ်ရင် မင်းတို့တွေ အကုန်လုံးကို ရှင်းပစ်လိုက်ပြီ။ တောက်… ကြည့်ရတာ ငါဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူးနဲ့တူတယ်”

ပြောပြီးသည်နှင့် လူရီ ထရပ်လိုက်ပြီး ရှဲ့မိသားစုထဲမှ မည်သူမှ မသိအောင် တိတ်တိတ်လေး ထွက်သွားလေသည်။ သူမည်သည့် နေရာသို့ သွားလဲဆိုသည်ကိုမူ မည်သူမှမသိချေ။

ပုံမှန်အားဖြင့် သူသည် တိမ်မီးတောက်တောင်ကြား၏ သခင်လေးတစ်ယောက် ဖြစ်သော်လည်း ထိုအဆင့်အတန်းကို သူ့မျက်လုံးထဲ မထည့်ပါချေ။ ဤခန္ဓာကိုယ်ကို အပိုင်စီးပြီး ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် သူ့ကျင့်စဉ်တစ်ခုကို ကျင့်ကြံရန်အတွက် ဤခန္ဓာကိုယ်ပိုင်ရှင်၏ မိသားစုအပါအဝင် ဂိုဏ်းထဲရှိ လူစုစုပေါင်း၏ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို စတေးပစ်ခဲ့သည်။

လက်ရှိ တိမ်မီးတောက်တောင်ကြားသည် အခွံသက်သက်ထက် မပိုတော့သော ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်လေရာ ထိုဂိုဏ်းသို့ သူပြန်သွားမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်ဖြစ် သူ့လက်ရှိ အစွမ်းအစဖြင့် အရိပ်ကြယ်၏ ကြိုက်သည့် နေရာသို့ သွားနိုင်သည်။ ယခု အရေးကြီးသည်ကား သူ့ကျင့်ကြံခြင်း မြှင့်တင်နိုင်ရန်အတွက် နေရာကောင်းတစ်ခုကို ရှာရန်ပင်။ ရန်ကိုင်ကိုတော့ ခဏထားလိုက်ပေဦးမည်။ သူ့ရတနာကို ရန်ကိုင် သန့်စင်ပစ်လိုက်သည်ဟု လူရီ မယုံပေ။ ထိုရတနာသည် ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင်အဆင့် မဆိုထားနှင့်၊ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များပင် နှစ်ပေါင်းများစွာ အချိန်ယူ သန့်စင်ရသည့် ရတနာမျိုး ဖြစ်သည်။ ခဏလေးအတွင်း သန့်စင်ပစ်ဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့ရတနာကို ရန်ကိုင် နည်းလမ်းတစ်ခုခုသုံး၍ ဝှက်ထားခြင်းသာ ဖြစ်သည်ဟု လူရီ ယုံကြည်နေသည်။

သို့သော်လည်း ရန်ကိုင်တွင် ဝိဥာဉ်ကြာပန်း ရှိနေသည်ကို လူရီ မည်ကဲ့သို့ သိမည်နည်း။ ရန်ကိုင်တွင် သူ့ရတနာကို သန့်စင်နိုင်သည့်စွမ်းရည် မရှိသော်လည်း ဝိဥာဉ်ကြာပန်းတွင် မရှိဘူးဟု မည်သူ ပြောသနည်း။ သူ့ရတနာကို ရန်ကိုင်မှ နည်းလမ်း တစ်ခုခုသုံး၍ ဝှက်ထားသည်ဟု လူရီ ထင်နေချိန် သူ့ရတနာမှာမူ ဝိဥာဉ်ကြာပန်း၏ ဗိုက်ထဲ ရောက်နေခဲ့လေပြီ။ ရန်ကိုင်ပင်လျှင် ဝိဥာဉ်ကြာပန်း ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဆင့်သို့ ရောက်သွားသည့်အတွက် အဆုံးမဲ့ဝိဥာဉ်ကြာပန်း ပွင့်လန်းခြင်း ဆိုသော ပညာရပ်ကို အဆစ် ရလိုက်လေးသည်။

နှစ်တစ်သောင်းအဆိပ်မိစ္ဆာအင်းဆက် ကိစ္စကို ရှင်းပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို ရန်ကိုင် ဖြန့်ကျက်ကြည့်လိုက်သည်။ သူ့ဘက်မှ တိုက်ပွဲပြီးသွားသလို ချန်ချီတို့ တိုက်ပွဲလည်း ပြီးသွားပြီမှန်း တွေ့ရှိလိုက်ရသည်။ လက်ရှိတွင် ချန်ချီတို့ သုံးယောက် တင်ပလင်ခွေထိုင်လျက် အားပြန်ဖြည့်နေကြ၏။

ထိုသုံးယောက် အတူတကွ ပူးပေါင်း၍ သွေးနတ်ဆိုး ကျောင်းတော်မှ သက်လတ်ပိုင်းလူကြီးကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ ပြိုင်ဘက်သည် တန်ခိုးရှင်ဒုတိယအဆင့် ဖြစ်သော်ငြား နဂါးလိုဏ်ဂူတောင်မှ အစီအရင်များသည် ထိုလူ၏ ခွန်အားကို ဖိနှိပ်ထားခဲ့သည့် အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပြီးနောက် ချန်ချီ၊ ဟောင်အန်းနှင့် နင်ရှန်းချန်တို့ သုံးယောက် သက်လတ်ပိုင်း လူကြီးကို အနိုင်ယူနိုင်ခဲ့သည်။

လက်ရှိတွင် နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် ရန်သူအားလုံး တစ်ယောက်မကျန် အသတ်ခံလိုက်ရလေပြီ။ နဂါးလိုဏ်ဂူတောင်သည် ကျူးကျော်လာသည့် ရန်သူများကို ရင်ဆိုင်ရန် လူလေးယောက်သာ စေလွှတ်ခဲ့သည်။ တန်ခိုးရှင် ပထမအဆင့် သုံးယောက်နှင့် သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်ပင်။ ယခုကဲ့သို့ အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် မည်သို့မှ ထပ်မဖြစ်နိုင်တော့ဘူးဟု မည်သူမှ မပြောနိုင်သော်ငြား လက်ရှိ အဖြစ်အပျက်သည် အရိပ်ကြယ်တွင် သမိုင်း ထင်ကျန်ရစ်မည့် မှတ်တမ်းတစ်ခုအဖြစ် ကျိန်းသေ ကျန်ရှိနေပေလိမ့်မည်။ ဤအကြောင်းသာ သတင်း ပြန့်သွားလျှင် မည်သူမှ ယုံလောက်မည် မဟုတ်ပေ။

ခဏလောက် စဉ်းစားပြီးနောက် အဝတ်လဲ၊ ပေကျံနေသော သွေးများကိုသုတ်ပြီး ချန်ချီနှင့် အခြားသူများဆီ လမ်းလျှောက် သွားလိုက်သည်။

သားရဲများတောင်တန်းမှ လူကြီး၏ ဝိဥာဉ်ကို စုပ်ယူပြီး ဖြစ်သလို ရှဲ့လီ၏ ဝိဥာဉ်ကိုလည်း စုပ်ယူပြီးသွားလေပြီ။ ထို့ကြောင့် သွေးနတ်ဆိုးကျောင်းတော်မှ လူ၏ ဝိဥာဉ်ကိုလည်း အလွတ် ပေးမည် မဟုတ်ပေ။

ထိုလူသုံးယောက်၏ နာမ်ဝိဥာဉ်ကို သန့်စင်ပြီးနောက် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အလမ်း တစ်ခုခုကို ရန်ကိုင် ရှာတွေ့ကောင်း ရှာတွေ့လောက်ပေသည်။

ခဏအကြာတွင် ချန်ချီတို့ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ သွေးနတ်ဆိုးကျောင်းတော်မှ လူကြီး၏ အလောင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထိုလူ၏ နာမ်ဝိဥာဉ်ကို သူ့အသိစိတ် ပင်လယ်ထဲသို့ တိတ်တဆိတ် စုပ်ယူလိုက်လေသည်။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် သုံးယောက်စလုံး မျက်လုံးပွင့်လာခဲ့သည်။

“လူအိုကြီးနင်ရေ၊ ခင်ဗျားကို ဒီတစ်ကြိမ်တော့ ဒုက္ခပေးမိပြီဗျာ” ရန်ကိုင်သည် လက်သီးဆုပ်၍ နင်ရှန်းချန်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ သူတို့ အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် လူအိုကြီးနင်သည် သူတို့ဘက်မှ ကူညီ ရပ်တည်ပေးရန် တန့်ဆိုင်းမနေခဲ့ပေ။ ထို့ကြောင့် လူအိုကြီးနင်ကို ရန်ကိုင် ကျေးဇူးတင်မိသည်။

သူတို့အား ဘာကြောင့်ပင် ကူညီပေးခဲ့သည့် ဖြစ်ပါစေ သူကူညီပေးခဲ့သည်မှာ အမှန်တရား ဖြစ်သည်။

“ဟားဟားဟား” နင်းရှန်ချန် သည်းလှိုက်အူလှိုက် ရယ်မောလိုက်သည်။ ယခုလေးတင် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ရသော်ငြား သူ့ခန္ဓာကိုယ် အခြေအနေသည် အကောင်းအတိုင်း ရှိနေဆဲ။ ဆိုလိုသည်ကား တိုက်ပွဲအတွင်း သူမည်သည့် ဒဏ်ရာမှ မရခဲ့ပေ။

“အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး မိတ်ဆွေလေးရန်ရာ၊ ဒီလို အဖြစ်အပျက်ကြီးထဲ ဝင်ပါခွင့်ပေးတဲ့ မင်းကိုတောင် ငါကျေးဇူးတင်သင့်တာ။ ဒီတိုက်ပွဲကြီး တိုက်ပြီးတဲ့ ငါအသက်အအချိန် များကြီး ပြန်ငယ်သွားသွားသလို ခံစားလိုက်ရတယ်”

ရန်ကိုင်က ပြုံးလျက် “ဘယ်ကသာဗျာ၊ လူအိုကြီးနင်ကို ကျေးဇူးမတင်လို့ ဘယ်ဖြစ်ပါ့မလဲ။ နောက်ပိုင်း အကူအညီလိုရင် နဂါးလိုဏ်ဂူတောင်ကိုသာ လာခဲ့။ ဒီက အချိန်မရွေး ကြိုဆိုတယ်”

ထိုစကားကို ကြားလိုက်သည့်အခါ နင်ရှန်းချန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့မျက်နှာထက်ရှိ အပြုံးမှာလည်း ပို၍ ပီပြင်လာခဲ့လေသည်။ ရန်ကိုင်၏ စကားအရ သူ့အား အပြင်လူ တစ်ယောက်အဖြစ် သဘောမထားမှန်း သိသာနေသည်။ သူပုံအောခဲ့ရသမျှ တန်သွားလေပြီ။ သို့သော်လည်း လူအိုကြီးနင်သည် ထိုမျှလောက်နှင့် မကျေနပ်သေးသည့် အတွက် ပြန်၍ မေးလိုက်သည် “လာလည်တာထက်စာရင် ဒီမှာနေရင် ပိုကောင်းမလားလို့။ မိတ်ဆွေလေးရန်ကော ဘယ်လိုထင်လဲ”

“ဟင်” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ နင်ရှန်းချန်သည် နဂါးလိုဏ်ဂူတောင်နှင့် ပူးပေါင်းချင်သည်ဟု ပြောလာနေပြီ။

ခဏလောက် စဉ်းစားကြည့်လိုက်သည့်နောက် နင်ရှန်းချန် နဂါးလိုဏ်ဂူတောင်နှင့် ဘာကြောင့် ပူးပေါင်းချင်လဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် နင်ရှန်းချန်သည် နဂါးလိုဏ်ဂူတောင်မှ ကူညီတိုက်ခိုက်ပေးခဲ့သည့် အတွက် သားရဲများတောင်တန်း၊ သွေးနတ်ဆိုးကျောင်းတော်၊ ပင်လယ် နှလုံးသားဂိုဏ်းနှင့် တိမ်မီးတောက်တောင်ကြားတို့ကို ရန်စမိသွားသည်။ သူသည် လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ယခု အဖြစ်အပျက်ကြောင့် နောင်အနာဂတ်တွင် သူသည် ထိုအင်အားစုများ၏ အမဲလိုက်ခြင်း ခံရပေတော့မည်။

အမဲလိုက်ခံရမည့်အတူတူ နဂါးလိုဏ်ဂူတောင်၏ အဖွဲ့ဝင် ဖြစ်လိုက်ခြင်းသည် ပို၍ မကောင်းပေလော။

ထိုကဲ့သို့ ဖြစ်ပေသည်။ နင်ရှန်းချန်သည် သူ့တစ်ဘဝလုံး လေလွင့်ကျင့်ကြံသူတစ်ယောက် နေထိုင်ခဲ့သော်ငြား ယခုသူသည် တဖြည်းဖြည်းနှင့် အသက်ကြီးလာပြီ ဖြစ်သည့်အတွက် အခြေ ချစရာ နေရာတစ်ခုခု ရှာရပေတော့မည်။ တိုက်ဆိုင်စွာပင် ယနေ့၌ အခြားအင်အားစုများကို ဆန့်ကျင်၍ နဂါးလိုဏ်ဂူတောင်အား ကူညီပေးမိသွားသည်။ ထို့ကြောင့် အခြေစရာ နေရာလည်းရ၊ အခြား အင်အားစုများ၏ ရန်မှလည်း လွတ်အောင် ရှောင်လို့ရလိုရငြား နဂါးလိုဏ်ဂူတောင်ဆီ ဝင်ချင်မိလာသည်။

ထို့အပြင် နဂါးလိုဏ်ဂူတောင် တန်ခိုးရှင်အဆင့်ဆို၍ တန်ခိုးရှင် ပထမအဆင့် နှစ်ယောက်သာ ရှိသည်။ နှစ်ယောက် စလုံးသည် ရင်းနှီးဖော်ရွေကြလေရာ နဂါးလိုဏ်ဂူတောင်၏ အဖွဲ့သား ဖြစ်လာမည်ဆိုလျှင် သူတစ်ယောက်တည်း အပယ်ခံ ဖြစ်နေမည်ကို စိုးရိမ်နေစရာ မလိုချေ။

ထိုအချက်အလက် အားလုံးအပေါ် အခြေခံ၍ နင်ရှန်းချန် ထိုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ရုတ်တရက် စိတ်ထဲပေါ်၍ ကောက်ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်မျိုး မဟုတ်၊ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်မျိုးသာ ဖြစ်သည်။

သူသည် ဇွတ်တရွတ် ဆုံးဖြတ်ချက်မျိုး ချရလောက်အောင် လူငယ်အရွယ်လည်း မဟုတ်တော့ပေ။

ရန်ကိုင်၏ အမြင်ကို မေးလိုက်ပြီးနောက် နင်ရှန်းချန် ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။ ရန်ကိုင် သူ့တောင်းဆိုချက်အား လက်မခံမည်ကို နင်ရှန်းချန် အမှန်တကယ် စိုးရိမ်နေမိသည်။

“လူအိုကြီးနင်က ကျုပ်တို့အင်အားစုထဲ ဝင်ချင်မှတော့ ကျုပ်ဘက်က လက်မခံလို့ ဘယ်ဖြစ်ပါ့မလဲ၊ လက်ခံရမှာပေါ့” ပြောပြီးနောက် အလေးအနက်အမူအရာဖြင့် ရန်ကိုင်က ဆက်၍ ပြောလိုက်သည် “ဒါပေမယ့် လူအိုကြီးနင် ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားဦးနော်။ နဂါးလိုဏ်ဂူတောင်က နေဖို့ထိုင်ဖို့ ငြိမ်းချမ်းတဲ့နေရာ မဟုတ်ဘူး။ အခုတောင် ကြည့်ပါလား။ ဒါတောင် အစလေးပဲရှိသေးတယ်။ ပြီးရင် ပိုဆိုးလာ…”

ရန်ကိုင် ပြောလို့မပြီးသေးခင်မှာပဲ နင်ရှန်းချန်က ပြုံးကာ လက်ဝှေ့ရမ်း၍ ဖြတ်ပြောလိုက်လေသည် “မိတ်ဆွေလေးရန် ဘာကို စိုးရိမ်နေလဲ ငါသိတယ်။ ဒါပေမယ့် စိတ်မပူနဲ့။ ငါ့အသက်က သင်္ချိုင်းကုန်း တစ်ဖက်လှမ်းနေပြီ။ သေမင်းနဲ့ သိပ်ဝေးတော့တာ မဟုတ်ဘူး။ စောသေတာနဲ့ နည်းနည်း နောက်ကျပြီး သေတာပဲ ရှိတော့မှာ။ သေရမယ်ဆိုရင်တောင် လူမသိသူမသိ တောထဲမှ ပုပ်သိုးအရိုးဆွေးပြီးတော့တော့ မသေချင်ဘူး။ လူသိသူသိပဲ သေချင်တယ်။ ဒါကြောင့် နဂါးလိုဏ်ဂူတောင်ထဲ ဝင်လိုက်လို့ သေသွားရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်ခုံး ပင့်မိလိုက်သည်။ နင်ရှန်းချန် နဂါးလိုဏ်ဂူတောင်ထဲ တကယ်ကို ဝင်ချင်နေမှဖြင့် သူလည်း တားမနေတော့ပေ။ ထို့ကြောင့် ခေါင်းညိတ်၍ “ကောင်းပြီလေ။ အဲ့ဒါဆိုရင် အကြီးအကဲနင်ကို အကြီးအကဲဟောင်နဲ့ အကြီးအကဲချန်တို့လို့ပဲ ဧည့်အကြီးအကဲ ရာထူးပေးလိုက်မယ်”

“ဟားဟား။ ကျေးဇူးပဲကွာ မိတ်ဆွေလေးရန်ရေ” နင်ရှန်းချန် ရယ်ရယ်မောမောနှင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။

ချန်ချီနှင့် ဟောင်အန်းတို့သည် နင်ရှန်းချန်အား အလျင်အမြန် ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။ နင်ရှန်းချန်နှင့် တွေ့သည်မှဦ သိပ်မကြာသေးသော်ငြား ရန်သူများကို ရင်ဘောင်တန်းကာ အတူတကွ ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အတွက်ကြောင့် သူတို့ကြား ဆက်ဆံရေးသည် အတော်လေး ရင်းနှီးနေပြီဟု ပြော၍ရသည်။ စကားစရင်း ချန်ချီနှင့် ဟောင်အန်းမှ နဂါးလိုဏ်ဂူတောင်၏ ဧည့်အကြီးအကဲ တစ်ယောက်တွင် မည်သို့သော ခံစားခွင့်များ ရှိကြောင်း ရှင်းပြလိုက်သည့်အခါ နင်ရှန်းချန်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့သွေးများ ဆူပွက်လာခဲ့ရလေသည်။

‌သွေးနတ်ဆိုးကျောင်းတော် ဝူရွှင်ကို တိုက်ခိုက်နေစဉ် အတောအတွင်း ချန်ချီနှင့် ဟောင်အန်းတို့ မည်သို့သော အကျိုးအမြတ်များအား ခံစားရရှိနေလဲဆိုသည်ကို နင်ရှန်းချန် မြင်ခဲ့ပေသည်။ သူတို့ ရရှိနေသည့် အရာများသည် လေလွင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော သူရရှိနိုင်သည့် အရာများထက် အများကြီး ပိုသာ၊ပိုများပေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၈)

ချန်ချီနှင့် ဟောင်အန်းတို့ ပိုင်ဆိုင်ထားသည့် မှော်ရတနာများသည် သူ့ထက် အကုန် အဆင့်မြင့်ကြသည်။ သူတို့ သောက်သည့် ဆေးလုံးများပင်လျှင် ထိပ်တန်းအဆင့်ချည်းများ ဖြစ်ကြသေးရာ သူတို့ကို နင်ရှန်းချန် တကယ် အားကျမိသည်။

တစ်ဘဝလုံး ပင်ပန်းဆင်းရဲစွာ ဖြတ်သန်း၍ မရှိမဲ့ရှိမဲ့များကို ကုတ်ခြစ်စုဆောင်းခဲ့သော်လည်း တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာ တစ်ခုသာ ဝယ်ယူနိုင်ခဲ့သည်။ သို့သော် ယခုမူကို ထိုမှော်ရတနာကို ပြန်ပြင်ရပေတော့မည်။ ပြန်ပြင်ဖို့အတွက် ပစ္စည်းများကိုလည်း တစ်နှစ်လောက်ကြာအောင် လိုက်ရှာခဲ့ရသေးသည်။

တိုက်ပွဲပြီးသွားတုန်း အားပြန်ပြည့်စေရန် ရည်ရွယ်ချက်ဖြင့် ချန်ချီသည် သူ့အား ဆေးအချို့ ပေးခဲ့သည်။ သို့သော် နင်ရှန်းချန်မှာ ထိုဆေးများကို မစားရက်ဘဲ သိမ်းထားခဲ့လေသည်။

မကြာမီ သူလည်း ထိုကဲ့သို့သော အရာများကို ပိုင်ဆိုင်နိုင်တော့မည့် အကြောင်း တွေးမိလိုက်သည့်အခါ ယနေ့ သူ့ချခဲ့သည့် ဆုံးဖြတ်ချက် မှန်ကန်သည်ဟု နင်ရှန်းချန် တွေးမိလိုက်သည်။

ရယ်မောပျော်ရွှင်သံများကြားဝယ် ရန်ကိုင် အမူအရာ ရုတ်တရက် ပျက်ယွင်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခြင်းအရာကို သတိပြုမိသော် ချန်ချီသည် အလျင်အမြန် ကောက်မေးလိုက်လေသည် “ဘာဖြစ်လို့လဲ”

“လူတွေ အများကြီး ရောက်နေတယ်။ ကျုပ်တို့တော့ တကယ် အလုပ်ရှုပ်တော့မယ်နဲ့ တူတယ်” ရန်ကိုင် နှာခေါင်းရှုံ့လိုက်သည်။

“လူတွေအများကြီး” ကြားကြားချင်း ချန်ချီနှင့် အခြားသူများ ဇဝေဇဝါ ဖြစ်သွားသေးသည်။ သို့သော် ခဏလောက် စဉ်းစားပြီး ဘာဖြစ်နေမှန်း နားလည်သွားသည့်နောက် သူတို့လည်း မျက်မှောင် ကြုတ်သွားကြပြီး ရန်ကိုင်နောက်သို့ လိုက်သွားကြလေသည်။

နဂါးလိုဏ်ဂူတောင်အား လွှမ်းခြုံထားသော မြူခိုးများ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး အပြင်ဘက်သို့ ဦးတည်နေသည့် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ မကြာမီ ရန်ကိုင် ဦးဆောင်သည့် လူလေးယောက်သို့ အပြင်သို့ ထွက်လာခဲ့ကြသည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော မျက်လုံးများ ရန်ကိုင်တို့ လေးယောက်အပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့လေသည်။ သူတို့ လေးယောက်စလုံး မည်သည့် ဒဏ်ရာမရထားသည်ကို မြင်သော် အကုန်လုံး ထိတ်လန့်အံ့အားသင့်ကုန်ကြလေသည်။ အံ့အားသင့်သူက အံ့အားသင့်၊ သင်္ကာမကင်း ဖြစ်သူက သင်္ကာမကင်းဖြစ်ကြ၊ မယုံကြည်နိုင် ဖြစ်သူက မယုံကြည်နိုင် ဖြစ်ကုန်ကြလေသည်။

ချင်းတုန်နှင့် ဖေးကျီတုတို့မှာမူ သက်ပြင်း ဖျော့ဖျော့လေးသာ ချလိုက်ကြသည်။ ရန်ကိုင် ဘာမှမဖြစ်သည်ကို မြင်သော် နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ရန်ကိုင်အား ခေါင်းသာ ညိတ်ပြလိုက်ပြီး ပွင့်ပွင့်လင်းလင်းတော့ မနှုတ်ဆက်ခဲ့ပေ။

“ကောင်းလိုက်တဲ့ လူအင်အား” သူ့ရှေ့တစ်ဝိုက်ကို ဝေ့ကြည့်ရင်း ရန်ကိုင်နောက်တွင် ရှိနေသော နင်ရှန်းချန်က အံ့အားသင့်တကြီး ဆိုလိုက်သည်။

တောင်ပတ်လည်အား ကာရံထားသည့် အစီအရင် အပြင်၌ လူပေါင်းများစွာသည် လေထဲတွင်ဝဲလျက် နဂါးလိုဏ်ဂူတောင်အား စူးစမ်းလေ့လာနေကြသည်။ နဂါးလိုဏ်ဂူတောင်ဆီသို့ အလျင်အမြန် ပျံသန်းလာနေကြသည့် လူများလည်း ရှိနေသေးသည်။ ရောက်လာသည့် လူများအနက် တော်တော်များများကို နင်ရှန်းချန် မှတ်မိသည်။

ကောင်ကင်တိုက်ပွဲအစည်းအရုံမှ မိုရှောင်ချန်၊ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ကျင်းရှီ၊ သားရဲများတောင်တန်းမှ အဘွားကြီးဖုန်၊ ဖန်သွေးရောင်ဂိုဏ်းမှ ကုန်းအောင်ဖုနှင့် မီးတောက်ကျောင်းတော်၊ ကြည်လင်ကောင်းကင်ဂိုဏ်း၊ အမွှာနှလုံးသားတောင်ကြား၊ ပင်လယ်နှလုံးသားဂိုဏ်းနှင့် အခြားဂိုဏ်းအသီးသီးမှ အကြီးအကဲအဆင့်မှ ပုဂ္ဂိုလ်များတို့ ဖြစ်ကြသည်။ မျက်နှာမည်ကြီးနှင့် မျက်နှာမည်လေးဟု အမည်ရသော ယန်ဖေးနှင့် ရန်ထျန်းရွေ့တို့ပင် ရောက်နေကြသည်။

ထိုပညာရှင်များစွာတို့သည် သူတို့၏ တပည့်အသီးသီးဖြင့် နဂါးလိုဏ်ဂူတောင်အား လျော့တိလျော့ရဲ ဝိုင်ရံထားခဲ့ကြသည်။

သူတို့အား ဝိုင်းထားသည့် တန်ခိုးရှင်တတိယအဆင့် ပညာရှင် အရေအတွက်မှာ စုစုပေါင်း အယောက်နှစ်ဆယ်လောက် ရှိကြပြီး ဒုတိယအဆင့်နှင့် ပထမအဆင့်တို့မှာမူ ပို၍ပင် များပေသည်။ နဂါးလိုဏ်ဂူတောင်သည် ရုတ်တရက်ကြီး အားလုံးအမြင်တွင် အဆီတရွှဲရွှဲ အသားတုံးကြီးတစ်တုံး ဖြစ်လာသည့်နှယ်၊

ထိုလူအင်အားကိုကြည့်ရင်း နင်ရှန်းချန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းမိလိုက်သည်။ သူ့ရင်ထဲ ထိတ်လန့်မိနေလေပြီ။

ဤနေရာတွင် စုဝေးနေသည့် ပညာရှင်များသည် အရိပ်ကြယ်ရှိ အင်အားစုကြီးများကို ကိုယ်စားပြုကြပေသည်။

ထိုလူများအနက်တွင် ကျင်းရှီနှင့် အဘွားကြီးဖုန်းသည် ရန်ကိုင်အား အစိမ်းလိုက်ဝါးစားပစ်ချင်နေသည့် အကြည့်များဖြင့် ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ရန်ကိုင်အား သူတို့ သတ်ချင်နေသည်မှာလည်း မထူးဆန်း။ ယခုတစ်ကြိမ် နဂါးလိုဏ်ဂူတောင်အား ကျူးကျော်လာသည့် လူများထဲတွင် သူတို့ဂိုဏ်းမှ လူများစွာ ပါဝင်ခဲ့သည်။ ရန်ကိုင် ဤနေရာတွင် မည်သည့်ဒဏ်ရာမှမရဘဲ ပြန်ပေါ်လာပြီး သူတို့၏ တပည့်တစ်ယောက်မှ ပြန်ပေါ်မလာသေးသည်ကို ကြည့်လျှင် အဖြေကို လက်တန်း ခန့်မှန်းနိုင်နေလေပြီ။

သို့သော်လည်း နဂါးလိုဏ်ဂူတောင်တွင် ထိုသို့ လု်ပနိုင်သော စွမ်းရည် တကယ် ရှိလေသလား။ ကျူးကျော်လာသော ရန်သူ အားလုံးကို သူတို့ တကယ် သတ်လိုက်ခြင်းလား။

ကျင်းရှီနှင့် အဘွားကြီးဖုန်းသာ မဟုတ်၊ ဤနေရာတွင် ရှိနေသူအားလုံး ထိုအကြောင်းကို စဉ်းစားနေကြသည်။ သို့သော် ထိုလူများ မသေသွားလျှင် ရန်ကိုင် ဘာကြောင့် သူ့တို့ရှေ့တွင် ရပ်နေမည်နည်း။

နဂါးလိုဏ်ဂူတောင်ထဲ ဘာများဖြစ်ခဲ့သနည်း။ အကုန်လုံး စိတ်ရှုပ်နေကြလေပြီ။ အားလုံးကိုယ်စီသည် ပညာရှင် အသီးသီး ဖြစ်ကြသော်လည်း မည်သူမှ နဂါးလိုဏ်ဂူတောင်ကို ထပ်မံ၍ အထင်မသေးရဲကြတော့ပေ။ မည်သို့ပင် ဖြစ်စေကာမူ အကုန်လုံးသည် နဂါးလိုဏ်ဂူတောင်ထဲရှိ အစီအရင်များကို မီးတောက်မတတ် အကြည့်ဖြင့် ကြည့်နေကြသည်။

နဂါးလိုဏ်ဂူတောင်ထဲတွင် ရှိနေသော အစီအရင်များသာ တကယ်ကို ဆန်းကြယ်နက်နဲလျှင် ကျူးကျော်လားသည့် လူအားလုံး သေသွားသည်မှာ အထူးအဆန်း မဟုတ်ပေ။ ထိုအစီအရင်များအား ခင်းကျင်းခဲ့သည့် ပညာရှင်ကိုသာ သူတို့ ဂိုဏ်းထဲ ခေါ်သွင်းနိုင်မည်ဆိုလျှင် သူတို့ဂိုဏ်းမှ အစီအရင်များ၏ စွမ်းအားကို အကြီးအကျယ် တိုးတက်စေနိုင်ပေလိမ့်မည်။

“ဂျူနီယာရန်ကိုင် စီနီယာတို့ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်သည် နှိမ့်ချမောက်မာခြင်း မရှိသည့် အမူအရာဖြင့် အသံကျယ်ကျယ် အော်ပြောလိုက်သည် “စီနီယာတို့တွေ အခုလို ရုတ်တရက်ကြီး ရောက်လာမယ်လို့ မထင်ထားတဲ့အတွက် ဂျူနီယာဘက်က ဧည့်ဝတ်မကျေသလို ဖြစ်သွားခဲ့လို့ရှိရင် ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့နော်”

အင်အားစုအသီးသီးမှ ပညာရှင်များအားလုံး မျက်လုံး မှေးစဉ်းသူကမှေး၊ မျက်ခုံးပင့်သူပင့်သွားကြသော်ငြား မည်သူမှ ပြန်မဖြေခဲ့ပေ။ တကယ်တော့ ဤနေရာတွင် ရှိနေသည့် လူတော်တော်များများသည် နဂါးလိုဏ်ဂူတောင်နှင့် သိပင် မသိကြပေ။ စပ်စုလိုစိတ်ကြောင့်သာ ရောက်လာခြင်း ဖြစ်သည်။

ရန်ကိုင်ကဲ့သို့ သူတော်စင်ဘုရင်အဆင့် တစ်ယောက်ကိုမူ မည်သူမှ မျက်လုံးထဲ မထည့်ကြချေ။

ချင်းတုန် တစ်ယောက်သာ ရယ်သွမ်းသွေး၍ ပြောလေသည် “ဘာမှစိုးရိမ်မနေနဲ့။ ငါတို့ဘာသာ ပျင်းနေလို့ ဒီမှာ ဘာတွေ ဖြစ်နေလဲ လာစပ်စုကြည့်တာ”

ချင်းတုန်၏ စကားကြောင့် ပညာရှင် တော်တော်များများ သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်ကြလေသည်။

“အို… အဲ့လိုလား” ရန်ကိုင်က ပြုံး၍ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလေသည် “အဲ့လိုဆိုရင်တော့ဗျာ… စီနီယာတို့ကို တကယ် စိတ်ပျက်သွားရတော့မယ်။ ကျုပ်တို့ နဂါးလိုဏ်ဂူတောင်လို နေရာလေးမှာ ဘာစိတ်ဝင်စားစရာမှ မရှိဘူးဗျ”

ရန်ကိုင် ပြောချင်သည်ကား ရှင်းသည်၊ ဤနေရာသည် ခင်ဗျားတို့နှင့် ဘာမှမဆိုင်၊ ကိုယ့်ကိစ္စ ကိုယ်အာရုံစိုက်ပြီး ထွက်သွားလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

သို့သော်လည်း ထိုသက်ကြားအိုကြီး အားလုံးသည် အလုပ်ရှုပ်ခံပြီး ဤနေရာသို့ လာခဲ့ကြလေရာ ရန်ကိုင်မှ ထွက်သွားရန် ပြောလိုက်ရုံဖြင့် ထွက်သွားကြမည့် လူများ မဟုတ်ကြပေ။ အခြားသူများ ဂရုစိုက်မည် မဟုတ်ကြသော်ငြား ကျင်းရှီနှင့် အဘွားအိုကြီးကတော့ ထိုကဲ့သို့ မဟုတ်၊ လက်ရှိ၌ အားလုံးလိုလို၏ အကြည့်သည် ကျင်းရှီနှင့် အဘွားအိုကြီးဖုန် တို့အပေါ်တွင် ရောက်ရှိနေခဲ့သည်။

ကျင်းရှီနှင့် အဘွားအိုကြီးဖုန်းသည် လက်ရှိ ကိစ္စကို အလွယ်တကူ အလျော့မပေးချင်ကြပေ။ ထို့ကြောင့် ကျင်းရှီက နှာခေါင်းရှုံ့၍ ရန်ကိုင်အား စိတ်မရှည်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည် “ကောင်လေး၊ ငါမင်းကို မေးဦးမယ်။ မင်းတို့တောင်ထဲ ဝင်လာတဲ့လူတွေ ဘယ်ရောက်သွားတာလဲ”

“စီနီယာကျင်းရှီပါလား” ရန်ကိုင်မှ ယခုမှ ကျင်းရှီအား သတိပြုမိလိုက်သည့် ပုံစံဖြင့်‌ ပြောလိုက်သည်။ ထို့နောက် ရိုသေလေးစားဟန် ထုတ်ထားသော်လည်း ထူးမခြားနား လေသံဖြင့် “ရှဲ့မိသားစုက အဖွဲ့ကို စီနီယာကျင်းရှီ ပြောတာလား”

ကျင်းရှီက အသာအယဦ ချောင်းဟန့်လျက် “ဟန့်၊ ငါအဲ့လူတွေကို ပြောနေတာ။ သူတို့ ဘယ်ရောက်သွားလဲ”

သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များသည် အစောပိုင်း တိုက်ပွဲတွင် ဝင်ပါခဲ့ကြသော်လည်း ကျင်းရှီအနေဖြင့် ထိုအကြောင်းကို ဝန်ခံရလောက်သည်အထိ မရူးမိုက်ပါချေ။ ယခုတစ်ကြိမ် တိုက်ပွဲသည် နဂါးလိုဏ်ဂူတောင်နှင့် ရှဲ့မိသားစု ကြားမှ တိုက်ပွဲသက်သက်သာ ဖြစ်သည်။ တစ်နည်းဆိုရသော် အစောပိုင်းက နဂါးလိုဏ်ဂူတောင်ထဲသို့ ကျူးကျော်လာသည့် လူအားလုံးသည် ရှဲ့မိသားစုမှလူများ ဖြစ်ကြပေသည်။

“ရှဲ့မိသားစုက လူတွေကို စီနီယာ အဲ့လောက် ဂရုစိုက်နေရင် စီနီယာ စိတ်ပျက်ရတော့မယ်လို့ပဲ ကျုပ်ပြောချင်တယ်” ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။

“မင်းဘာပြောချင်တာလဲ” ကျင်းရှီ မျက်နှာပျက်သွားသည်။

“ဟတ်၊ စီနီယာကျင်းရှီ သိပြီးသာပဲကို၊ ဘာလို့ ဆက်ပြီး မေးနေရသေးတာလဲ။ အဲ့လူတွေက ကျုပ်နဂါးလိုဏ်ဂူတောင်ကို ကျူးကျော်လာရဲမှတော့ သူတို့အားလုံး သေဖို့ ပြင်ထားသင့်တာပေါ့။ အခု အဲ့လူတွေကို သေမင်းနဲ့တွေ့ဖို့ မရဏလမ်းဆီ ကျုပ်ပို့ပေးလိုက်ပြီ။ တကယ်တော့ ဂျူနီယာကလည်း လူပဲလေ၊ ဈာန်ရနေတဲ့ ရသေ့မှ မဟုတ်တာ။ ဒီလိုကြီး လာလုပ်တာတော့ ဘယ်သည်းခံနိုင်ပါ့မလဲ” ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း အေးစက်သွားခဲ့သည်။

ရန်ကိုင် ပြောပြီးသွားသည်နှင့် သက်ပြင်းရှိုက်သံများစွာ ထွက်ပေါ်လာခဲ့လေသည်။

အစကတည်းက ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း တကယ်တမ်း ကြားလိုက်ရချိန် သူတို့အားလုံး မယုံကြည်နိုင် ဖြစ်နေပေသေးသည်။

ချင်းတုန်နှင့် ဖေးကျီတို့ပင် မျက်လုံးကျွတ်ထွက်လုမတတ် မျက်လုံးပြူးနေကြလေသည်။

နဂါးလိုဏ်ဂူတောင်အား ကျူးကျော်သည့် လူများထဲတွင် တန်ခိုးရှင်အဆင့် အယောက်သုံးဆယ်ကျော်ပါဝင်ကာ တန်ခိုးရှင် ဒုတိယအဆင့် နှစ်ယောက် ပါဝင်ပေသည်။ သူတော်စင်ဘုရင် အဆင့်ဆိုလျှင်လည်း အယောက် (၂၀၀)ကျော်ပင် ရှိလေသည်။ ထိုလူအားလုံးသည် နဂါးလိုဏ်ဂူတောင်ထဲတွင် တကယ်ကြီး အသတ်ခံလိုက်ရခြင်းလော။

မည်သို့ ဖြစ်နိုင်မည်နည်း။

နဂါးလိုဏ်ဂူတောင် ထိုကဲ့သို့ လုပ်နိုင်သည့် စွမ်းအား တကယ်ရော ရှိလေရဲ့လော။ ထိုသို့သာဆိုလျှင်လည်း ဤတောင်လေးသည် ဒုတိယတန်းစား အင်းအားစုတစ်ခုနှင့်ပင် ယှဉ်နိုင်နေပြီဟု ပြော၍ရပေသည်။

“နင့်ခွန်အားလေးနဲ့လား။ မဖြစ်နိုင်တာတွေ လာမပြောစမ်းနဲ့” အဘွားကြီးဖုန်းသည် စိတ်ဆတ်သည့် လူတစ်ယောက် ဖြစ်လင့်ကစား ရန်ကိုင် ဆရာကြီးစတိုင် လုပ်ပြနေသည်ကို မြင်သော် ဒေါသထွက်လာခဲ့လေသည်။ ရန်ကိုင် ထိုလူများအား သတ်လိုက်သည်ဟု မယုံကြည်ဘဲ အစီအရင် တစ်ခုခကိုသုံး၍ ကျူးကျော်လားသည့် လူများအား ဖမ်းထားခြင်းသာ ဖြစ်သည်ဟု ယုံကြည်နေခဲ့သည်။

“စီနီယာဖုန်း ကျုပ်ကို မယုံတာလား” ရန်ကိုင်သည် အဘွားကြီးဖုန်းအား စောင်းငဲ့ကြည့်လိုက်သည်။

“ကောင်လေး၊ ငါပြောမယ်၊ နင်ဟာသလုပ်ချင်တယ်ဆိုလည်း ရယ်ရတဲ့ ဟာသတော့လုပ်လေ၊ ဒီလို ဟာသတော့ လာမလုပ်နဲ့၊ လုံးဝ မရယ်ရဘူး” သူမ ပြောပြီးသွားရုံတင်ရှိသေး ရန်ကိုင် ထုတ်လိုက်သည့် ပစ္စည်းတစ်ခုကို မြင်လိုက်သည့် အတွက်ကြောင့် အဘွာကြီးဖုန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေသည်။

“အဘွား၊ အဲ့ဒါက…” ထိုတန်ခိုးရှင် အလယ်အလတ်အဆင့် အသွားတစ်ဖက် ပုဆိန်ကို မြင်လိုက်သည့်အခိုက် အဘွာကြီးဖုန်း၏ ဘေးတွင်ရပ်နေသော ဖုန်းယန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထိုအသွားတစ်ဖက်ပုဆိန်သည် ဖားပြုပ်အဖိုးကြီး အလွန်တန်ဖိုးထားသည့် မှော်ရတနာတစ်ခု ဖြစ်သည်။ ထိုမှော်ရတနာ ရန်ကိုင် လက်ထဲ ရောက်နေပုံကို ထောက်လျှင် အကြောင်းပြချက် တစ်ခုသာ ရှိတော့သည်။

ထိုလူအိုကြီး သေသွားသည့် အတွက်ကြောင့်သာ ဖြစ်သည်။

တန်ခိုးရှင်ဒုတိယအဆင့်ပင် သေသွားခဲ့လျှင်ရင် အခြားလူများ အသက်ရှင်ဖို့ကို မျှော်လင့်မနေသင့်တော့ပေ။

ရန်ကိုင်မှ ချက်နှင့်လက်နှင့် ပြောနေပြီ ဖြစ်လေရာ အဘွားကြီးဖုန်း မယုံချင်လျှင်ပင် ယုံရတော့ပေမည်။

ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ကျုပ်တို့ နဂါးလိုဏ်ဂူတောင်က အင်အားစုကြီးတစ်ခု မဟုတ်ပေမယ့် အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ အင်အားစု တစ်ခုတော့ မဟုတ်ဘူး။ စီနီယာတို့တွေ ဒီမှာ ရှိနေတုန်း ဂျူနီယာ တစ်ခါတည်း ပြောလိုက်ပါမယ်၊ နောက်နောင် စုံလုံကန်းပြီး နဂါးလိုဏ်ဂူတောင်ကို ရူးရူးမိုက်မိုက် မဟုတ်တာ တစ်ခုခု လာလုပ်တာဆိုရင်တော့ ရှဲ့မိသားစုလို ဖြစ်သွားပါ့လိမ့်မယ်”

“ကောင်လေး၊ မင်ငါတို့ကို လာခြိမ်းခြောက်နေတာလား” ကျင်းရှီက ရုတ်တရက် ရှေ့ထွက်ပြီး မေးလိုက်သည်။

“တစ္ဆေအိုကြီးကျင်း” ချင်းတုန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် “သူမင်းကို ခြိမ်းခြောက်နေတာ မင်းကြာလား။ စုံလုံးကန်းပြီး သူ့ကို ပြဿနာ လာရှာတဲ့ သောက်ရူးတွေလို့ ပြောတာ မင်းမကြားဘူးလား။ ဘာလဲ၊ မင်းတို့ သွေးနတ်ဆိုး ကျောင်းတော်က ကြီးနိုင်ငယ်ညင်း လုပ်ရမယ်လို့ သင်ပေးထားတာလား”

ကျင်းရှီသည် ရန်ကိုင်အား တိုက်ခိုက်ရန် အကြောင်းပြချက် ရှာနေမှန်း ချင်းတုန်သိသည်။ သူရှိနေသည်ကို ဘာကြောင့် ထိုကဲ့သို့ လုပ်ခွင့် ပေးရမည်နည်း။ သူသည် နဂါးလိုဏ်ဂူတောင်ဘက်မှ ဆိုသည်ကို ထည့်မပြောလျှင်ပင် အရိပ်လခန်းမ၏ လက်ရှိ ဖိနှိပ်ထားခံရသည့်အပေါ် သူအတော်လေး မကျေမနပ် ဖြစ်နေမိ၏။ ထို့ကြောင့် ထိုအင်အားစုများကို အခွင့်အရေးရလျှင် ရသလို လက်စား ပြန်ချေရပေမည်။

ထိုစကားကို ကြားပြီးနောက် ကျင်းရှီ ချင်းတုန်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ရန်ကိုင်ကိုတော့ ဆက်ပြီး ဖိအားမပေးတော့ပေ။ တကယ်တော့ ဤနေရာသည် အရိပ်လခန်းမ၏ ပိုင်နက် မဟုတ်လေလော။ သူများပိုင်နက်တွင် တဇွတ်ထိုး ပြဿနာရှာခြင်းသည် ကောင်းသည့်လုပ်ရပ်တစ်ခု မဟုတ်ပေ။

“နင်တကယ်သတ္တိရှိတာပဲ” အဘွားကြီးဖုန်းသည် အံကြိတ်၍ လှမ်းအော်ပြောလေသည် “သူရဲကောင်းတွေက လူငယ်မျိုးဆက်ထဲက ထွက်ပေါ်လာတယ် ဆိုတဲ့အတိုင်းပါပဲလား။ ကြည့်ရတာ ငါနင့်သတ္တိကို အထင်သေးမိသွားတယ်နဲ့တူတယ်”

ရန်ကိုင်က ပြုံးဖြီး၍ “အခုလို ချီးကျူးပေးတဲ့အတွက် စီနီယာဖုန်းကို ကျေးဇူးတင်ပါတယ်ဗျာ။ အရင်တုန်းကလည်း ကျုပ်ကို ဒီလိုပြောဖူးတဲ့လူတွေ အများကြီးပဲဗျ။ ဒါပေမယ့် ကျုပ်သတ္တိက ဘယ်အကန့်မှာ ရှိလဲအခုထိ မသိသေးဘူး”

ခစ်ခစ်…

ဖန်သွေးရောင်ဂိုဏ်း၏ တိုက်ယွမ်ဆီမှ ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

သူမရယ်သံကြောင့် ကုန်းအောင်ဖု တိုက်ယွမ်အား ခက်ထန်စွာ လှမ်းကြည့်လိုက်သည်။

ယင်စုတျယ်ကမူ မကျေမနပ်အမူအရာဖြင့် ရေရွတ်လိုက်သည် “ဟန့်၊ ဘာမဟုတ်တာလေးနဲ့ ကျေနပ်နေလိုက်တာများ၊ ဒီပုံစံ အတိုင်းသာ ဆက်သွား၊ အနှေးနဲ့အမြန် ဒုက္ခရောက်မှာ၊ စီနီယာ အစ်မလည်း သူနဲ့ ခပ်ဝေးဝေး နေသင့်တယ်နော်”

“အဲ့ဒါငါ့ကိစ္စ၊ ဂျူနီယာညီမ အပူမပါဘူး” တိုက်ယွမ်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၀၉)

“နင့်ဂျူနီယာညီမ ပြောတာမှန်တယ်” ကုန်းအောင်ဖုက နှာခေါင်းရှုံ့လျက် “ငယ်ငယ်လေးနဲ့ ဒီလောက် တော်နေတာ ကောင်းတဲ့အရာ မဟုတ်ဘူး။ အပင်မြင့်လေ လေတိုက်ခံရလေ ဆိုတာ သူမသိဘူးလား မသိဘူး။ သူ့စရိုက်သာ မပြင်ရင် အနှေးနဲ့အမြန်တော့ သူဒုက္ခကောင်းကောင်း ရောက်လိမ့်မယ်။ ပြီးတော့ ငါနင့်ကိုပါ ပြောလိုက်မယ်။ အခုကစပြီး သူနဲ့ မတွေ့တော့နဲ့။ မဟုတ်ရင် သူ့ကြောင့် ငါတို့ ဖန်သွေးရောင်ဂိုဏ်းပါ ဒုက္ခရောက်နိုင်တယ်”

“ဆရာ” တိုက်ယွမ် ဝမ်းနည်းသွားပြီး တစ်ခုခု ပြန်ပြောရန် လုပ်လိုက်သော်လည်း သူမ ဘာမှမပြောရသေးခင်မှာပင် ကုန်းအောင်ဖုက သူမအား စိုက်ကြည့်၍ “ဘာဖြစ်လို့လဲ။ ဘာလဲ၊ နင့်ဆရာစကားကို နားမထောင်ချင်တော့တာလား”

တိုက်ယွမ် တိတ်သွားခဲ့သည်။ သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် မညိတ်ချင်ညိတ်ချင်ဖြင့် ခေါင်းညိတ်လိုက်လေသည် “တပည့် ဆရာပြောတာကို နားထောင်ပါမဲ့”

ထိုအခြင်းအရာကို မြင်သည့်အခါမှပဲ ကုန်းအောင်းဖု ကျေနပ်သွားတော့လေသည်။

အခြားသော တစ်နေရာ၌ မိန်းကလေး နှစ်ယောက်သည် ရန်ကိုင်အား လှမ်းကြည့်နေကြသည်။ တစ်ယောက်သည် ရမက်သွေးကြွဖွယ်ကောင်းစွာ လှပ၍ အခြားတစ်ယောက်မှာမူ ဤလောကကြီး၏ အညစ်အထင်းများ စွန်းထင်းခြင်း မရှိသည့် နတ်သမီးလေးနှယ် လှပလှသည်။ သို့သော်လည်း လက်ရှိတွင် နှစ်ယောက်စလုံး မျက်မှောင်ကြုတ်နေကြလေသည်။

ထိုနှစ်ယောက်စလုံး သိပ်အားမကောင်းကြ၊ သူတော်စင်ဘုရင် အဆင့်သာ ရှိကြသေးသည်။ နှစ်ယောက်စလုံးသည် လူအုပ်ထဲတွင် ရပ်နေခြင်း ဖြစ်သည့်အတွက် ရန်ကိုင် သူတို့ကို သတိမပြုမိသည်မှာ သဘာဝသာ ဖြစ်သည်။ ရန်ကိုင်သာ သူတို့ကို မြင်လျှင် တန်းမှတ်မိပေလိမ့်မည်။ ထိုနှစ်ယောက်မှာ ကြည်လင်ကောင်းကင်ဂိုဏ်းမှ ချန်ရှိတောင်းနှင့် လုယင်တို့မှလွဲ၍ အခြားမဟုတ်ကြပေ။

ရန်ကိုင် ချန်ချီတောင်းနှင့် တစ်ကြိမ်မက တွေ့ခဲ့ဖူးသည်။ ချန်ရှီတောင်းသည် ရန်ကိုင်အား ကြည်လင်ကောင်ကင်ဂိုဏ်းထဲသို့ ဝင်ရန်ပင် ဖိတ်ခေါ်ဖူးပေသည်။ သို့သော်လည်း ရန်ကိုင်သည် ယဉ်ယဉ်ကျေးကျေးဖြင့်သာ ပြန်ငြင်းလိုက်သည်။

ချန်ရှီတောင်းကြောင့်ပဲ ရန်ကိုင်သည် ချင်းယွဲ့ကို ပြန်တွေ့နိုင်ခဲ့ပြီး နဂါးလိုဏ်ဂူတောင်သို့ ပြန်ခေါ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကြည်လင်ကောင်းကင်ဂိုဏ်း တပည့်နှစ်ယောက်သည် သူတို့ ဆရာနှင့်အတူ ကောင်းကင်ကံကြမ္မာမြို့ရှိ လေလံပွဲသို့ လိုက်လာခဲ့ကြသည်။ လေလံပွဲပြီးလျှင် ရန်ကိုင်ဆီသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားကြသော်လည်း အမျိုးမျိုးသော အခြား ကိစ္စ အရပ်ရပ်ကြောင့် နှောင့်နှေးသွားခဲ့ရသည်။ ယနေ့ သူမတို့ ဆရာနောက် လိုက်လာခဲ့ရာမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေရသည့် ပြဿနာ အရင်းအမြစ်သည် ရန်ကိုင် ဖြစ်နေမှန်း တွေ့လိုက်ရသည်။

နဂါးလိုဏ်ဂူတောင်၏ အခြေအနေကိုမြင်သော် ချန်ရှီတောင်းနှင့် လုယင်တို့ နှစ်ယောက်စလုံး စိုးရိမ်သွားခဲ့ကြ၏။

ရန်ကိုင်သည် သင်္ချိုင်းတောင်းကြားထဲတွင် သူမတို့၏ အသက်ကို ကယ်ခဲ့ဖူးပေသည်။ ရန်ကိုင်အပေါ် ကျေးဇူးတင်မိသော်ငြား ရန်ကိုင်အား ကူညီဖို့ရာ မဆိုထားနှင့် သူမ၏ ခွန်အားအရ ဤကိစ္စတွင် စကားဝင်ပြောဖို့ရာပင် အရည်အချင်း မရှိပေ။

“စီနီယာအစ်မ၊ သူ့ကြည့်ရတာ ပြဿနာ အကြီးကြီး တက်နေတယ်နဲ့တူတယ်” လုယင်က ပြောလိုက်သည်။

“အင်း” ချန်ရှီတောင် ခေါင်းညိတ်လိုက်သည်။ နဂါးလိုဏ်ဂူတောင်သည် ယခုကိစ္စကို မကိုင်တွယ်နိုင်လျှင် သူတို့ ဇာတ်သိမ်းပေပြီ။

“သူတို့ အဆင်ပြေမယ်လို့ထင်လား စီနီယာအစ်မ” လုယင်က ထပ်မေးလိုက်သည်။

“ငါဘယ်လိုလုပ်ပြီး သိမှာလဲ” ချန်ရှီတောင်း ခါးသက်စွာ ပြံးလိုက်သည်။ သူမတွင်သာ လုံလောက်သော စွမ်းအားရှိခဲ့လျှင် ရန်ကိုင်အား တုန့်ဆိုင်းခြင်းမရှိ ဝင်ကူပေးလိုက်မည်သာ။ သို့သော် လက်ရှိ သူမ၏ သူတော်စင်ဘုရင်အဆင့် စွမ်းအားဖြင့် ဘာမှ လုပ်ပေးနိုင်မှာမို့နည်း။ နှုတ်ခမ်းလေးကို ကိုက်လျက်သာ ပြောလိုက်သည် “ဒါပေမယ့် သူ့ကံက အမြဲတမ်း ကောင်းနေတာ ဆိုတော့ ဒီတစ်ကြိမ်လည်း အဆင်ပြေလောက်ပါတယ်လေ”

ကောင်မလေး နှစ်ယောက်မှာ တိုးတိုးတိုးတိုးဖြင့် ပြောနေသော်ငြား သူမတို့ရှေ့တွင် ရပ်နေသော သက်လတ်ပိုင်းမှာ သူတို့ ပြောနေသမျှကို ကြားနေရသည်။ ထိုသက်လတ်ပိုင်း လူကြီးသည် ချင်းတုန်တို့ကဲ့သို့ပင် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပေသည်။ သူ့တွင် အမျိုးသမီးများ မနာလိုရလောက်သည့် အနက်ရောင်ဆံပင်ရှည်များ ရှိနေပြီး ခန္ဓာကိုယ်မှာလည်း တောင့်တောင့်တင်းတင်းပင်။

ထိုလူကြီးသည် နောက်သို့လှည့်၍ ချန်ရှီတောင်းနှင့် လုယင်ကို သူ့ဆီလာရန် လက်ယပ်ခေါ်လိုက်သည်။

အမျိုးသမီးနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး အလျင်အမြန် ရှေ့တိုးသွားကာ လေးလေးစားစား ပြောလိုက်သည် “ဆရာ”

ထိုလူသည် ချင်းတုန်၊ ဖေးကျီုတုကဲ့သို့ နာမည်ကျော်သည် ကြည်လင်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲချုပ်မိုယု ဖြစ်သည်။

“နင်တို့ အဲ့ကောင်လေးကိုသိလား” မိုယုက မေးလိုက်သည်။

ချန်ရှီတောင်းနှင့် လုယင်တို့ စိုးရိမ်နေသည့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော် သူမတို့ဆရာကို မလိမ်ရဲသည့် အတွက်ကြောင့် အမှန်အတိုင်း ပြန်ဖြေလိုက်ပေသည် “ဟုတ်ဆရာ၊ သူက တပည့် အရင်တစ်ခါက ပြောခဲ့တဲ့ ကံကြမ္မာသားတော်ဆိုတဲ့ တစ်ယောက်လေ”

“အို၊ မဟာကံကြမ္မာကို ပိုင်ဆိုင်ထားတယ်လို့ နင်ပြောတဲ့ တစ်ယောက်က သူလား” မိုယု မျက်ခုံးပင့်သွားသည်။

“ဟုတ်ပါတယ်ဆရာ။ သူပါပဲ”

“ဟားဟား၊ စိတ်ဝင်စားစရာပဲ။ ကံနဲ့ ကံကြမ္မာဆိုတာ လူတစ်ယောက် ဆုံးဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး။ လူတိုင်း ကံကောင်းမှု၊ ကံဆိုးမှုတွေကို ကြုံတွေ့ကြရမှာပဲ။ ဒီလောကမှာ ဘယ်အရာကမှ တစ်သမတ်တည်း ရှိမနေနဲ့။ ကံကောင်းနေတဲ့ လူကလည်း အမြဲတမ်း ကံကောင်းမနေဘူး။ အဲ့လိုပဲ ကံဆိုးနေတဲ့ လူကလည်း အမြဲတမ်း ကံဆိုးမနေဘူး။ ကံကောင်းမှုနဲ့ ကံဆိုးမှု ဆိုတာ အမြဲတမ်း ဒွန်တွဲနေတာ” မိုယုသည် သူ့ကိုယ်သူ ပြန်ပြောနေဟန် ပေါက်သော်ငြား တကယ်တမ်း ချန်ရှီတောင်းကို ညွှန်ကြားပေးနေခြင်းဖြစ်သည်။ ချန်ရှီတောင်းသည် သူမဆရာ ပြောသည်ကို ကြားဖြတ်မပြောဘဲ လေးလေးစားစားဖြင့်သာ ရပ်နားထောင်နေလေသည်။

မိုယုသည် ချန်ရှီတောင်းအား တစ်ချက်ကြည့်၍ ရယ်သွမ်းသွေးကာ ပြောလိုက်သည် “သူအဆင်ပြေမယ်လို့ ငါပြောမှာကို နင်မျှော်လင့်နေတာလား”

ချန်ရှီတောင်း၏ ခန္ဓာကိုယ် တစ်ချက် တုန်သွားသည်။ သို့သော် အလျင်အမြန်ပဲ ပြန်ငြင်းချက်ထုတ်လိုက်လေသည် “တပည့် မလုပ်ရဲပါဘူး။ တပည့်က မိန်းမတစ်ယောက် ဆိုပေမယ့် ကျင့်ဝတ်တွေကို နားလည်ပါတယ်။ ဒီကိစ္စမှာ ဆရာကို ဝင်ပါဖို့ မတောင်းဆိုရဲပါဘူး”

“ကောင်းတယ်၊ ကောင်းတယ်” မိုယုက အသာအယာ ခေါင်းညိတ်၍ “အခု အခြေအနေက တော်တော်လေးကို ရှုပ်ထွေးနေတယ်။ ဒါကြောင့် ငါလည်း ဒီကိစ္စထဲမှာ တကယ် ဝင်မပါချင်ဘူး”

ထို့နောက် မိုယုက ပြုံး၍ ဆက်ပြောလိုက်သည် “ဒါပေမယ့် ငါလည်း နည်းနည်းတော့ စိတ်ဝင်စားမိတယ်။ သူသာ နင်ပြောသလို ကံကြမ္မာသားတော်ဆို အခု ပြဿနာ အရှုပ်အရှင်းကနေ ကျိန်းသေ ရုန်းထွက်နိုင်လိမ့်မယ်။ သူအဲ့လိုလုပ်နိုင်မယ်ဆိုရင် ငါနင်ပြောတာကို ယုံကြည်ပေးမယ်။ နောက်ပိုင်း နင်သူနဲ့ ပိုပြီး အဆက်အသွယ် လုပ်လို့လည်းရတယ်”

“ဟုတ်ကဲ့ပါဆရာ” ချန်ရှီတောင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သို့သော် နဂါးလိုဏ်ဂူတောင်ကို လက်ရှိ အခြေအနေကို ပြန်သတိရလိုက်သည်အခါ သူမ ပြန်စိုးရိမ်လာပြန်လေသည်။

ရန်ကိုင်တွင် အသက်ကြွေးကျေးဇူး ရှိထားသော်လည်း သူဒုက္ခရောက်နေချိန် သူမအနေဖြင့် ဝင်မကူညီနိုင်ဘဲ ဘေးမှနေသာ ရပ်ကြည့်နေရသဖြင့် သူမစိတ်ထဲ စိတ်ညစ်မိသလို ကိုယ့်ကိုယ်ကိုလည်း ရှက်မိသည်။

“ဒါပေမယ့် သူသာ ဒီအခြေအနေကို မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ နောက်ထပ် ဘာမှပြောစရာ မရှိတော့ဘူး။ အခု လောလောဆယ်တော့ နင်တို့ဆရာနဲ့ပဲ အတူ စောင့်ကြည့်နှင့်ဦး” မိုယုက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။

ချန်ရှီတောင်းနှင့် လုယင်တို့ ကူကယ်ရာမဲ့စွာ အကြည့်ချင်း ဖလှယ်လို်ကြလေသည်။ သူတို့လည်း ဘာမှမတတ်နိုင်သည့် အတွက် မိုယုပြောသည့်တိုင်း လုပ်ရန်သာ ရှိတော့သည်။

နဂါးလိုဏ်ဂူတောင်အပြင်ဘက်တွင် ရန်ကိုင်သည် လက်သီးဆုပ်၍ “စီနီယာတို့ ရောက်လာတုန်းလေး အထဲခေါ်ပြီး ဧည့်ခံသင့်ပေမယ့် ဂျူနီယာရဲ့ နဂါးလိုဏ်ဂူတောင်က အခုလေးတင် တိုက်ပွဲတစ်ခုနဲ့ ကြုံထားရတာဆိုတော့ စီနီယာတို့အပေါ် ဧည့်ဝတ် မကျေသလို ဖြစ်သွားခဲ့ရင် စိတ်မရှိပါနဲ့နော်။ အခု ဂျူနီယာ ဒီနေရာကို ပြန်ပြင်စရာတွေ ရှိသေးလို့ စီနီယာတို့ အဆင်ပြေရင် ကျေးဇူးပြုပြီး နောက်မှ လာခဲ့ပေးကြပါလား”

ရန်ကိုင် အပိုတွေ ထပ်မပြောချင်တော့ပေ။ ထို့ကြောင့် အားလုံးကို ထွက်သွားရန်သာ တိုက်ရိုက် ပြောချလိုက်သည်။

ရန်ကိုင် ဘာပြောချင်နေလဲ အကုန်လုံး နားလည်ကြသော်ငြား မည်သူမှ မလှုပ်ရှားကြပေ။ အထူးသဖြင့် ကျင်းရှီနှင့် အဘွားကြီးဖုန်းပင်၊ နှစ်ယောက်စလုံးသည် ရန်ကိုင်အား တစ်စစီ စုတ်ဖြဲပစ်ချင်နေသည့်အလား စိုက်ကြည့်နေကြသည်။ ချင်းတုန်နှင့် ဖေးကျီတုတို့ကို သတိထားရနေသည့် အတွက်ကြောင့် မဟုတ်လျှင် သူတို့ ချက်ချင်း တိုက်ခိုက်နေလောက်ပေပြီ။

သို့တိုင် ဤကိစ္စကို ဤအတိုင်း ထားလိုက်ရန်မှာ သူတို့အတွက် မဖြစ်နိုင်သေးပေ။ ဂိုဏ်းနှစ်ဂိုဏ်းစလုံး သူတို့ လိုချင်နေသည့် အရာကို မရလိုက်သည့်အပြင် တပည့်များလည်း ဆုံးရှုံးလိုက်ရသည်။ သူတို့သာ ဤကိစ္စကို လက်လျော့လိုက်ရင် နောက်နောင် မည်သည့် မျက်နှာနှင့် လူကြားထဲ ထွက်ရတော့မည်နည်း။

ရန်ကိုင်လည်း ထိုအမှန်တရားကို နားလည်ထားသည်။ ထို့ကြောင့် ပြတ်ပြတ်သားသား ပြောထားခြင်းပင်။ သူတို့သာ လှုပ်ရှားလျှင် ချင်းတုန်နှင့် ဖေးကျီတုတို့ ဝင်ပါသည့်အခါ အရိပ်လခန်းမ၏ ဂုဏ်သိက္ခာကို ထိခိုက်တော့မည် မဟုတ်ချေ။

မည်သူမှ မထွက်သွားသေးသည်ကို မြင်သော် ရန်ကိုင်က လှောင်ပြုံးပြုံးလျက် အော်ပြောလိုက်သည် “ဘာလဲ၊ စီနီယာတို့လည်း ရှဲ့မိသားစုလို ကျုပ်တောင်လေးကို လိုချင်နေကြတာလား”

“ကောင်လေး၊ မင်းမဟုတ်တရုတ်တွေ လာမစွပ်စဲနဲ့။ ငါတို့တွေ ရောက်နေတာကို ဂျူနီယာအနေနဲ့ မင်းအထဲလေးဘာလေး ခေါ်ပြီး လက်ဖက်ရည်တိုက်သင့်တာ မဟုတ်ဘူးလား။ ဘာလို့ အပြင်မှာပဲ ရပ်စောင့်ခိုင်းပြီး နှင်ထုတ်နေတာလား။ ဒါမင်းတို့ ဧည့်သည်တွေ အပေါ် ဆက်ဆံတဲ့ပုံစံလား” ကျင်းရှီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ လူတော်တော်များများ ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် ရန်ကိုင် သို့မဟုတ် နဂါးလိုဏ်ဂူတောင်နှင့် မည်သည့် ရန်ကြွေးမှ မရှိကြသော်လည်း နဂါးလိုဏ်ဂူတောင်မှ အစီအရင်များ၏ စွမ်းအားကို မြင်ပြီးနောက် ထိုအစီအရင်များကို တစ်ချက်လောက် အနီးကပ် သွားစူးစမ်းချင်မိသည်။

ထို့ကြောင့် ကျင်းရှီတွင် အခြား ရည်ရွယ်ချက် ရှိလျှင်ပင် လောလောဆယ်၌ ကျင်းရှီကို သူတို့ ထောက်ခံပေသည်။

သူတို့သာ နဂါးလိုဏ်ဂူတောင်ထဲ ဝင်နိုင်လျှင် အားလုံး အဆင်ပြေပေပြီ။ အထဲသာ ရောက်သွားမည်ဆိုလျှင် ရန်ကိုင်၏ ခွန်အားနှင့် သူတို့၏ ခွန်အားအရ သူတို့ လုပ်ချင်သည်ကို ရန်ကိုင် တားနိုင်မည်နည်း။ သူတို့ လုပ်ရပ်ကြောင့် နဂါးလိုဏ်ဂူတောင် ဒုက္ခရောက်သွားမည် ဆိုလျှင်ပင် သူတို့ ဂရုမစိုက်ချေ။ အကုန်လုံးသည် ကိုယ့်ဘက်ကိုယ်ယပ်သည့် လိပ်များသာ။

“တစ္ဆေအိုကြီးကျင်း၊ မင်းဘာတွေ ဒီလောက် ဖြစ်နေတာလဲ။ ဟိုက လုပ်စရာတွေ ရှိသေးလို့ ဧည့်သည်တွေကို ဧည်ခံဖို့ အဆင် မပြေသေးလို့ ဧည့်ဝတ်မကျေလို့ တောင်းပန်ထားတားကိုတောင် မင်းကဘာ‌တွေ အတင်း ဖြစ်နေတာလဲ။ ဘာလဲ၊ မင်း အမြဲတမ်း အခုလိုပဲ မင်းအဆင့်တန်းကိုသုံးပြီး အခြားသူတွေကို အနိုင် ကျင့်နေကျလား။ မင်းအဲ့လောက်တောင် ဧည့်ခံခံချင်နေရင် ကောင်းကင်ကံကြမ္မာမြို့ကိုသာ လာခဲ့။ ဒီလူအိုကြီး မင်းကို ဧည့်ခံပေးမယ်” ချင်းတုန်သည် ကျင်းရှီအား ပြောလိုက်သည်။

ဤနေရာသည် အရိပ်လခန်းမ၏ စီမံကွပ်ကဲမှုအောက်တွင် ရှိပေသည်။ ကျင်းရှီအနေဖြင့် ရန်ကိုင်အား နိုင်လိုမင်းထက် လုပ်ခြင်းသည် အရိပ်လခန်းမကို မျက်လုံးထဲမထည့်ခြင်း ဖြစ်သည်။

“လာမှာပေါ့။ ဒါပေမယ့် ငါဒီကောင့်စရိုက်ကို ကြည့်မရတာ။ ဘာလဲ၊ ငါတို့ကို မျက်လုံးထဲ မထည့်သလိုကို လုပ်နေတာ” ကျင်းရှီက ပြန်ပြောလိုက်သည်။

“အကြောင်းပြချက်ရှာတာ တော်လိုက်တော့။ မင်းအဲ့လောက်တောင် ပြဿနာ ရှာချင်နေရင်း ငါမင်းကို အဖော်လုပ်ပေးမယ်” ချင်းတုန်က နှာခေါင်းရှုံ့လိုက်သည်။

ချင်းတုန်၏ စကားကိုကြားသော် ကျင်းရှီ မျက်မှောင် ကြုတ်သွားခဲ့သည်။ ချင်းတုန်နှင့်ရန်ကိုင် မည်မျှ ရင်းနှီးမှန်း မသိသေးသည့်အတွက် ကျင်းရှီလည်း ရန်ကိုင်အား စွတ်ပြီး သွားမတိုက်ခိုက်ရဲ ဖြစ်နေခဲ့သည်။ လက်ရှိ ကြည့်ရသလောက် သူသာ ရန်ကိုင်အား ဆက်တွန်းအားပေးနေလျှင် ချင်းတုန် ငြိမ်ခံနေတော့မည် မဟုတ်လောက်ချေ။

သို့သော် ဤအတိုင်း ထားလိုက်ဖို့ရာလည်း မဖြစ်နိုင်ပြန်။

ရုတ်တရက် ကျင်းရှီ၏ အကြည့်သည် အဘွားကြီးဖုန်းဆီသို့ အလိုလို ရောက်သွားခဲ့လေသည်။ အဘွားကြီးဖုန်းသည်လည်း မျက်နှာ မသာအယာ၊ ဆေးခါးကြီး စားထားရသည့် ရုပ်ဖြင့် ရန်ကိုင်အား သတ်ဖြတ်လိုစိတ်အပြည့်နှင့် စိုက်ကြည့်နေသည်။ အဘွားကြီးဖုန်းကိုပါ ဝင်ပြောရန် ပြောတောမည်အပြု ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတစ်ရပ် မိုးကုတ်စက်ဝိုင်းဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ကျင်းရှီ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ပြောတောမည့် စကားလုံးများကို ချက်ချင်း ပြန်မျိုချလိုက်ကာ အသစ်ရောက်လာသည့်လူဆီ လှမ်းကြည့်လိုက်သည်။

အကုန်လုံးလည်း သူ့နည်းအတိုင်းအပင်။

လက်ရှိ ဤနေရာ၌ စုဝေးနေကြသည့် ပညာရှင်များအနက် အယောက်နှစ်ဆယ် နီးပါးလောက်သည် တန်ခိုးရှင် တတိယ အဆင့်သို့ ရောက်ထားကြသူများ ဖြစ်ကြသည်။ သို့တိုင် သူတို့၏ ခွန်အားဖြင့်ပင်လျှင် အသစ်ရောက်လာသည့်လူ၏ အရှိန်အဝါမှ ဖိအားခံစားနေမိသည်။

မျက်နှာမည်းယန်ပေးသည်သာ နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်လေသည် “သူဘာလို့ ရောက်လာတာလဲ”

ထိုအမျိုးသမီး လူမြင်ကွင်းတွင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်ပေါ်မလာတော့ဟု ယန်ပေး ထင်နေခြင်း ဖြစ်သည်။

အဝေးတစ်နေရာဆီမှ အပြာရောင်အလင်းတန်းတစ်ခု သူတို့ဆီ အလျင်အမြန် ချဉ်းကပ်လာနေခဲ့သည်။ ခဏအကြာ၌ ထိုအပြာရောင် အလင်းတန်းသည် လူအုပ်ကြီးနှင့် ဆယ်မီတာခန့် အကွာတွင် ရပ်သွားခဲ့ပြီး လူနှစ်ယောက် ပေါ်လာခဲ့လေသည်။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ပင်။

အမျိုးသမီးသည် ဦးဆောင်လာသူဖြစ်ကာ အစိမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်ကို ဆံထုံးထုံးထားသည့် အတွက်ကြောင့် ဖြူဖွေးဖွေး သူမ၏ လည်တိုင်သားလေးကို အထင်းသား လှမ်းမြင်နေရသည်။ မျက်ဝန်းများမှာ ဖီးနစ်မျက်ဝန်း များနှယ် စူးရှကာ တောက်ပသည်။ ထိုအကြည့်ကြောင့် မည်သူမှ သူမအား ကြာကြာ စိုက်မကြည့်ရဲအောင် ဖြစ်စေသည်။

အမျိုးသမီးသည် ရင့်ကျက်သော အသက်သုံးဆယ်၊ လေးဆယ် အရွယ် အရှိန်အဝါကို ထုတ်လွှတ်နေသော်သည် ထိုအရာသည် သူမ၏ ဆွဲဆောင်မှဒကို လျော့ကျမသွားစေခဲ့ချေ။ အနည်းငယ် အသက်ကြီးသော်လည်း သူမ၏ ရုပ်ရည်ကို ထိန်းထားနိုင်သေးဆဲ။ နူးညံ့ချောမွတ်သော အသားအရေ၊ သွယ်လျသော ခန္ဓာကိုယ်နှင့် စွဲမက်ဖွယ်ရာ ကောက်ကြောင်း အဖြာဖြာတို့သည် ယောကျာ်းသား အပေါင်းတို့၏ ငုပ်လျှိုးနေသော တဏှာရမက်သွေးတို့ကို ဆူပွက် နိုးကြွလာစေနိုင်ပေသည်။

သို့သော်လည်း တစ်ချိန်တည်းတွင် သူမ ပေးစွမ်းနေသော ဖိအားကြောင့် မည်သူမှ သူမအား တဏှာရမက် အကြည့်နှင့် မကြည့်ရဲကြပေ။

သာမန် တန်ခိုးရှင်တတိယအဆင့်နှင့် ယှဉ်လိုက်လျှင် ထိုအမျိုးသမီးသည် အများကြီး ပိုအားကောင်းပေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၄၁၀)

ထိုအမျိုးသမီး နောက်တွင်ပါလာသောလူ၏ အသွင်အပြင်မှာ အတော်လေးကို ထူးဆန်းလှသည်။ သူ့နားရွက်နှစ်ဖက်မှာ ဝိုင်းစက်စက် ဖြစ်နေပြီး မျက်လုံးမှာ ခပ်မှေးမှေးဖြစ်သည်။ သွားနှစ်ချောင်းသည်လည်း အရှေ့သို့ ခေါထွက်နေလေရာ သူ့ရုပ်မှာ လူရယ်ချင်စရာရုပ် ဖြစ်နေခဲ့သည်။

အမျိုးသမီးနှင့် သူ့ရုပ်ရည်သည် မိုးနှင့်မြေနှယ် ဖြစ်နေသည်။ အတူယှဉ်ကာ ရပ်နေသည့်အတွက် အမျိုးသမီး၏ အလှကို ပို၍ ထွန်းတောက်သွားစေသလို ဖြစ်နေခဲ့ပြီး သူကိုယ်တိုင်မှာတော့ ပို၍ အရုပ်ဆိုးသွားခဲ့ရလေသည်… တစ်နည်းဆိုရသော် ဘဲရုပ်ဆိုးလေးနှင့် မင်းသမီးလေးတို့ အတူ ယှဉ်တွဲ ရပ်နေသည်ကို မြင်နေရသလိုပင်။

ယောကျာ်းလေးမှာ အမျိုးသမီးနောက်တွင် လေးစားစွာ ရပ်နေသည့်အတွက် ဂျူနီယာတစ်ယောက် ဖြစ်ဟန်တူပြီး အမျိုးသမီးမှာမူ ရှေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ ထိုသွားခေါခေါနှင့်လူသည် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သော်လည်း သူ့ဆီမှ ဖြာထွက်နေသော သူတော်စင်ချီလှိုင်းများသည် သာမန် တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ထက် အများကြီး ပိုအားကောင်းနေသည်။

ထိုအမျိုးသမီးကို မြင်လိုက်ချိန် ရန်ကိုင် မျက်နှာပျက်သွား၏။ သူမ မည်သည့် အကြောင်းကြောင့် ဤနေရာသို့ ရောက်လာသည် ဖြစ်ပါစေ၊ သူမသာ သူ့ရန်သူဆိုလျှင်တော့ အခြေအနေကား ကိုင်တွယ်ရ ခက်ပေပြီ။ ထိုအမျိုးသမီးဆီမှ ကျင်းရှီ၊ အဘွားကြီးဖုန်းနှင့် ဤနေရာတွင် ရှိနေသော အခြားပညာရှင်များ မပေးစွမ်းနိုင်သည့် ဖိအားတစ်ရပ်ကို သူခံစားနေမိသည်။

ရှင်းရှင်းပြောရလျှင် ထိုအမျိုးသမီး၏ ခွန်အားသည် ဤနေရာရှိ လူအားလုံးထက် ပိုသာလွန်ပေသည်။

သို့သော်လည်း အမျိုးသမီးနောက်ရှိ မျောက်မျက်နှာနှင့် လူကို မြင်လိုက်ချိန် ရန်ကိုင် ထပ်အံ့အားသင့်သွားရပြန်သည်။

ထိုလူကို သူသိပေသည်။ ထိုသွားခေါသည် သူ့ဆီမှ ဆေးလုံးအတွက်နှင့် သုံးပြီးသား ကြယ်ဧကရာဇ်တံဆိပ်ပြားကို အလဲအထပ်လုပ်ခဲ့သည့် ကဲချီ ဖြစ်ပေသည်။

ထိုကဲချီဆိုသည့်လူကို ရန်ကိုင် သေသေချာချာကို မှတ်မိနေသည်။ ထိုလူသည် ယန်ယန်ကို မြင်မြင်ချင်း သေးထွက်လုမတတ် ကြောက်လန့်သွားခဲ့သူ ဖြစ်သည်။ ယန်ယန်အား သူ့ကို ရှောင်ချီဟု ခေါ်ရန်ပင် ပြောခဲ့သေးသည်။

သူ၏ ထူးဆန်းသော အပြုအမူကို ရန်ကိုင် မည်ကဲ့သို့ အလွယ်တကူ မေ့နိုင်မည်နည်း။ ထိုစဉ်က ဖြစ်နိုင်လျှင် သူ့ဘိုးဘေး ယန်ယန်ကို ကိုယ်တိုင်လာတွေ့လိမ့်မည်ဟု ကဲချီ ပြောသွားခဲ့သည်။ သူပြောသွားသည့်ပုံအရ ထိုအမျိုးသမီးသည် သူ့ဘိုးဘေး ဖြစ်လောက်သည်။

သူက ရန်သူလား၊ မိတ်ဆွေလား ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

သို့သော် ထိုလူနှစ်ယောက် ပေါ်လာသည့်အတွက်ကြောင့် အများစု၏ အာရုံသည် သူတို့ဆီ ရောက်သွားခဲ့ပြီး တင်းမာနေသော အခြေအနေသည် အနည်းငယ် ပြေလျော့သွားခဲ့ရသည်။

ထိုအမျိုးသမီး၏ မျက်နှာကို မြင်လိုက်သည့်အခါ အင်အားစု အသီးသီးမှ ပညာရှင်များ ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။

ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ မိုရှောင်ရှန်နှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ချန်ဖုန်းရွှမ်တို့ပင် ချွင်းချက်မဟုတ်။ နှစ်ယောက်သာ အလန့်တကြား အကြည့်ချင်း ဖလှယ် လိုက်ကြသည်။

အရိပ်ကြယ်၏ အားအကောင်းဆုံးဂိုဏ်းမှ အကြီးအကဲများ ဖြစ်သည့်အလျောက် မည်သူ့ကိုသူ သူတို့ မျက်လုံးထဲ မထည့်ချေ။ သူတို့ လန့်သည်ဆို၍ ကြယ်ဧကရာဇ်တောင်သာ ရှိသည်။ ထို့အပြင် အကြီးအကဲဖြစ်သည့် မိုရှောင်ရှန်နှင့် ချန်ဖုန်းရွှမ်တို့ကိုပင် ထိတ်လန့် ကြောက်ရွံ့အောင် လုပ်နိုင်သည်ပုံကို ကြည့်လျှင် ထိုအမျိုးသမီး၏ အဆင့်အတန်းမှာ မနိမ့်လောက်ချေ။

ရန်ကိုင်သည် အခြေအနေကို သေချာ လေ့လာကြည့်နေသည်။ ထိုအမျိုးသမီး ဘယ်သူမှန်း သူမသိသော်လည်း အနည်းဆုံး လူသိများကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း သူပြောနိုင်သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူတကယ်ကြီးလား” အရိပ်လခန်းမဘက်တွင် ရှိနေသော ချင်းတုန်သည် အမျိုးသမီးကို မြင်လိုက်သည်နှင့် တစ္ဆေသရဲကို မြင်လိုက်သည့်အလား သေချာသွားအောင် သူ့မျက်လုံးများကို ပွတ်၍ နောက်တစ်ကြိမ် ထပ်ကြည့်ကြည့်သည်။

ဖေးကျီတုသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

“အကြီးအကဲ၊ အဲ့စီနီယာက ဘယ်သူလဲ” အကြီးအကဲများ မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြသည်ကို မြင်သော် ဝေကုချန်း မေးကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ သူမ ဘာစကားမှ မပြောရသေးသော်လည်း သူမကို မြင်လိုက်သည်နှင့် အကုန်လုံးကို တစ္ဆေသရဲကို မြင်လိုက်သည့်နှယ် ဖြစ်ကုန်ကြသည်။

ထိုအမျိုးသမီးသည် အစစ်အမှန် ပညာရှင်တစ်ယောက် ဖြစ်လောက်ပေသည်။

“သူလား။ သူက ကြယ်ဧရာဇ်တောင်ရဲ့ အရင်ဂိုဏ်းချုပ်လေ” ချင်းတုန်က ခါးသက်သက် လေသံဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ဝေကုချန်း ထိတ်လန့်သွားပြီး အမျိုးသမီးအား လေးစားအားကျသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုစီနီယာသည် တကယ်ကို အံ့အားသင့်ဖွယ်ကောင်းသည့် လူတစ်ယောက် ဖြစ်သည်။

ကြယ်ဧကရာဇ်တောင်သည် အရိပ်ကြယ်တွင် အဆန်းကြယ်ဆုံးနှင့် အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်သည်။ ကြယ်ဧကရာဇ်တောင်၏ အမွေအနှစ် မည်မျှ ကျယ်ပြန့်လဲ၊ သူတို့တွင် ပညာရှင် မည်မျှ ရှိလဲ မည်သူမှ မသိကြသော်လည်း ကြယ်ဧကရာဇ်တောင်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်၏ အမွေအနှစ် တစ်စိတ်တစ်ဒေသကို ရဖူးသည်ဟု ကောလဟာလများ ရှိသည်။ ထို့ကြောင့် အရိပ်ကြယ်၏ အခြား အင်အားစုကြီးနှစ်ခု ဖြစ်သော ကောင်းကင်တိုက်ပွဲ အစည်းအရုံးနှင့် မိုးကြိုးမုန်တိုင်းဂိုဏ်းပင် ကြယ်ဧကရာဇ်ဂိုဏ်းနှင့် ယှဉ်လိုက်လျှင် စွမ်းအားကော၊ အမွေအနှစ်ပိုင်းတွင်ပါ နိမ့်ကျသွားရသည်။

ကံကောင်းစွာဖြင့် ကြယ်ဧကရာဇ်တောင်သည် ပြင်ပရေးရာ ကိစ္စများတွင် ဝစ်ခါမှ ဝင်မပါခဲ့ပေ။ ထို့ကြောင့်သာ မဟုတ်လျှင် အရိပ်ကြယ်ပေါ်တွင် အခြားအင်အားစုများအတွက် မည်သို့များ တိုးတက်ရာ၊ တိုးတက်လမ်းကြောင်း ရှိတော့မည်နည်း။ ကြယ်ဧကရာဇ်တောင်သည် ယခင်ကတည်းကပင် အရိပ်ကြယ်အား သိမ်းပိုက်စိုးမိုးပြီးသွားလောက်ပေပြီ။

ချင်းတုန်သည် တိုးတိုးလေးသာ ပြောလိုက်သော်လည်း သူ့စကားကို အမျိုးသမီး ကြားသွားပြီး သူမ၏ ဖီးနစ်မျက်လုံး သဖွယ် စူးရှသည့် မျက်ဝန်းအစုံဖြင့် လှည့်ကြည့်လာသည်။ ထိုအမျိုးသမီး၏ အကြည့်နှင့် ရင်ဆိုင်ရချိန် သူ့ဦးရေပြားတစ်ခုလုံး ထုံတက်သွားသလို ခံစားလိုက်ရပြီး အားတင်းကာ ပြန်ပြုံးပြလိုက်ရသည်။

လူငယ်မျိုးဆက်များသည် ထိုအမျိုးသမီးကို သိကြမည် မဟုတ်သော်လည်း တန်ခိုးရှင်ဒုတိယအဆင့်နှင့် အထက် ပညာရှင် အားလုံးမှာမူ ထိုအမျိုးသမီး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိထားကြသည်။ ထိုအမျိုးသမီး ကြယ်ဧကရာဇ်တောင်ကို အုပ်စိုးစဉ်က အချိန်များကို ပြန်လည် စဉ်းစားကြည့်လိုက်သော် ချင်းတုန် ပို၍ စိုးရိမ်လာခဲ့လေသည်။

သူမ မည်သည့် အတွက်ကြောင့် ဤနေရာတွင် ပေါ်လာရသနည်း။

“ဒီဘုရင်မ လူရှေ့သူရှေ့ မထွက်ဖြစ်တာတောင် ကြာသွားပြီ။ ဒါပေမယ့် ငါထွက်လာတာနဲ့ မိတ်ဆွေဟောင်းတွေ အများကြီး စုနေတာကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး” အမျိုးသမီးက ရုတ်တရက် စကားစပြောလိုက်သည်။ သူမ၏ အသံသည် နွေးဦး လေညင်းလေးနှယ် ကြည်လင်ပြတ်သားလှကာ ကြားရသူတိုင်း၏ စိတ်ကို ငြိမ်းအေးသွားစေနိုင်ပေသည် “ရှောင်ချန်၊ ရှောင်ဖေး၊ နင်တို့ အဲ့အဆင့်တောင် ရောက်နေကြပြီလား။ ဒီအတောအတွင်း နင်တို့ တကယ် ကြိုးစားကြတာပဲ”

ချင်းတုန်နှင့် ဖေးကျီတုတို့သည် အရိပ်လခန်းမ၏ အဆင့်မြင့် အကြီးအကဲများ ဖြစ်ကြသော်လည်း အမျိုးသမီး၏ ပါးစပ်ထဲ၌ ချင်လေးနှင့် ဖေးလေးတို့ ဖြစ်သွားရသည်။

မရေမတွက်နိုင်သော သူတော်စင်ဘုရင်အဆင့် ပညာရှင် များစွာတို့သည့် ပြုံစိပြုံးစိဖြင့် ခေါင်းအောက်ငုံ့လိုက်ကြသည်။ သူတို့၏ ရယ်ချင်စိတ်ကို မနည်း ထိန်းနေရလေပြီ။

ချင်းတုန်နှင့် ဖေးကျီတုမှာတော့ မရယ်နိုင်၊ အကြည့်ချင်း တစ်ချက် ဖလှယ်လိုက်ပြီး ရှေ့တက်၍ အလျင်အမြန် ဦးညွှတ်ကာ လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်ကြသည် “စီနီယာအစ်မရီကို နှုတ်ဆက်ပါတယ်။ နှစ်တွေအများကြီး ကြာသွားပေမယ့် စီနီယာ အစ်မရီက အရင်လို ကြီးကျယ်မြင့်မြတ်နေတုန်းပဲနော်”

“ဟင်” အမျိုးသမးက သူမလက်ကို အသာအယာ ဝှေ့ရမ်းလိုက်သည်။ ထို့နောက် ပျော်ရွှင်ဝမ်းနည်းသည့် ဘာအမူအရာမှ မပြဘဲ မျက်နှာတည်ဖြင့် “ငါ့ဘဝကို ငါ့ဘာသာ အေးအေးဆေးဆေး ဖြတ်သန်းနေတာ။ ဘယ်ကနေပြီး ကြီးကျယ်မြင့်မြတ်တာတွေ ပါလာရတာလဲ”

ပြောပြီးသည်နှင့် ယန်ဖေးဘက်သို့ လှည့်၍ လက်ယပ်ခေါ်လိုက်သည် “မည်းမည်းလေး၊ ဒီကိုလာဦး”

ရတနာစံအိမ်ဘက်တွင် ရှိနေသော ရန်ထျန်းရွေ့ အူကြောင်ကြောင် ဖြစ်သွားခဲ့သည်။ ထိုစီနီယာ ရုတ်တရက်ကြီး ဘာကြောင့် သူ့အား လှမ်းခေါ်နေမှန်း နားမလည်နိုင် ဖြစ်နေ၏။ သို့သော်လည်း ချက်ချင်းဆိုသလို သူ့ဆရာ ယန်ဖေးသည် တပြုံးပြုံးဖြင့် ထိုးအမျိုးသမီးဆီ လျှောက်သွားသည်ကို မြင်လိုက်ရသည်။

မြင်မြင်ချင်း‌ ရန်ထျန်းရွေ့ ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ နားလည်သွားခဲ့လေသည်။

သူ့ဆရာသည် မျက်နှာမည်းလေးအဖြစ်မှ မျက်နှာမည်ကြီး အဖြစ်သို့ တဖြည်းဖြည်း နာမည်ရလာသည့်ပုံပင်။

ထိုစီနီယာသည် သူ့အား ခေါ်နေခြင်း မဟုတ်ဘဲ သူ့စီနီယာကို ခေါ်နေခြင်း ဖြစ်သည်။

“ယန်ပေး စီနီယာအစ်မကို နှုတ်ဆက်ပါတယ်၊ စီနီယာအစ်မ ဘာပြောချင်လို့လဲ မသိဘူး” ယန်ဖေး လေးလေးစားစားဖြင့် မေးလိုက်သည်။

“ဘာလို့ ဒီမှာလူတွေအများကြီး စုနေတာလဲ၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“အဲ့ဒါက ဒီလိုပါ စီနီယာအစ်မ…” ယန်ဖေးသည် ဖြစ်ကြောင်းကုန်စဉ်ကို လိုတိုရှင်း ရှင်းပြလိုက်လေသည်။

ယန်ပေး ရှင်းပြသွားသည်မှာ သိပ်အသေးမစိတ်သော်ငြား အမျိုးသမီးသည် ထုံထုံအအ လူတစ်ယောက် မဟုတ်သဖြင့် ဖြစ်ပျက်နေသည့် အကြောင်းစုံကို အပြည့်အဝ နားလည်ခဲ့သည်။

ယန်ပေး ရှင်းပြသည်ကို နားထောင်ပြီးနောက် အမျိုးသမီးသည် နှာခေါင်းရှုံ့လိုက်ပြီး “သူတို့ကိုယ်သူတို့ အားကောင်းတယ်ပြီး ကြီးနိုင်ငယ်ညင်း လုပ်ချင်တာ၊ သေတာ နည်းတောင် နည်းသေးတယ်”

ထိုကဲ့သို့ ပြောပြီးသည့်နောက် ကျင်းရှီနှင့် အဘွားကြီးဖုန်းအား အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့သည် အရိပ်ကြယ်၏ ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်နေကြလေပြီ။ ထိုကဲ့သို့ ဖြစ်နေလျက်နှင့် ယခုကဲ့သို့ ဆူသလိုလို၊ နှိပ်သလိုလို အပြောခံရသဖြင့် နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

အမျိုးသမီးရီ၏ စွမ်းအားနှင့် အဆင့်အတန်းကို သူတို့ လန့်သည်မှာမှန်သည်။ သို့သော် ထိုစွမ်းအားနှင့် အဆင့်အတန်းမှာ လွန်ခဲ့သော နှစ်တစ်ရာခန့်ကကို ပြောခြင်းဖြစ်သည်။ ယခုဆိုလျှင် သူတို့လည်း တန်ခိုးရှင်တတိယအဆင့်များ ဖြစ်နေကြလေပြီ။ သို့ဖြစ်လျက်နှင့် နည်းနည်းလေးပင် မျက်နှာမထောက်ဘဲ လူကြားထဲ နှိပ်ချပြောဆိုခံရနေသည့်အတွက် နှစ်ယောက်စလုံး အတော်လေး ဒေါသထွက်သွားကြသည်။

ထို့အပြင် ထိုအမျိုးသမီးသည် ကြယ်ဧကရာဇ်တောင်ကို ကိုယ်စားမပြုတော့ပေ။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ကြယ်ဧကရာဇ်တောင်နှင့် စကားများပြီး လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

တစ်နည်းဆိုရသော် လက်ရှိ သူမသည် လေလွင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူမ မည်မျှပင် အားကောင်းစေကာမူ၊ ပထမအဆင့် အင်အားစုတစ်ခုလုံးကို ယှဉ်နိုင်မည်လား။

သူ့တို့စိတ်ထဲ ဒေါသထွက်နေမိသော်လည်း ကျင်းရှီနှင့် အဘွားကြီးဖုန်းတို့ ချက်ချင်း မလှုပ်ရှားခဲ့ပေ။ တကယ်တော့ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူတို့မှ မသိရသေးလေဘဲ။

ဤနေရာတွင် လူများစွာ စုဝေးနေရခြင်း၏ အကြောင်းအရင်းကို သိသွားပြီးနောက် မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်သည်။ ထို့နောက် သူမနောက်မှ သွားခေါလေးဘက်သို့ လှည့်၍ မေးလိုက်သည် “ရှောင်ချီ၊ နင်ပြောတာ သူလား”

ကဲချီက လေးလေးစားစားဖြင့် ခေါင်းညိတ်လိုက်သည် “ဟုတ်ပါတယ်၊ ဘိုဘေး၊ သူပါပဲ”

“ဟိုစီနီယာကော” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးသည် မျက်မှောင်ကြုတ်၍ တိုးတိုးလေး ရေရွတ်လိုက်သည်။ အလွန်ကိုမှ တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သည့်အတွက် သူမ ပြောသည်ကို ခပ်လှမ်းလှမ်းတွင် ရှိနေသော အခြား မည်သူမှ မကြားလိုက်ပေ။ မဟုတ်သာမဟုတ်ရင် အကုန်လုံး မှင်သက်ကုန်ကြပေလိမ့်မည်။ အစီအရင်အား သေချာ စိုက်ကြည့်နေပြီးနောက် သူမ ရှာနေသည့် လူသည် အစီအရင်နောက်တွင် ရှိနေလိမ့်မည်မှန်း မျိုးရိုးနာမည်ရီ နှင့် အမျိုးသမီး သိလိုက်သည်။

ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် ရန်ကိုင်အား နွေးထွေးစွာ ပြုံးပြလျက် အသာခေါင်းညိတ်၍ မေးလိုက်သည် “နင်က ရန်ကိုင်လား”

ရန်ကိုင် ရင်တမမ ဖြစ်နေခဲ့သော်ငြား ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ဟုတ်ပါတယ်။ ဂျူနီယာနာမည်က ရန်ကိုင်ပါ၊ စီနီယာ ဘာများ ပြောချင်လို့လဲမသိဘူး”

“ဘာမှဒီလောက် မဟုတ်ပါဘူး” မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးက ပြုံးလျက် “ဒီဘုရင်မ လူတစ်ယောက်ကို တွေ့ချင်လို့ လာတာ။ ဒီဘုရင်မ ထင်တာသာ မမှားရင် အဲ့လူက အခု အထဲမှာ ရှိနေလောက်တယ်။ မောင်လေး အဆင်ပြေမယ်ဆိုရင် အစီအရင်ကို ဖွင့်ပြီး ဒီဘုရင်မကို ဝင်ခွင့်ပေးလို့ရမလား”

အမျိုးသမီးသည် လုံးဝ အထက်စီးဟန် မပါဘဲ ရင်းရင်းနှီးနှီး ပြောသွားသည်။ သို့သော် ရန်ကိုင်အဖို့ ချက်ချင်းကြီး ဆုံးဖြတ်ချက် မချနိုင်သေးပေ။

ထိုအမျိုးသမီး မည်သူ့အား တွေ့ချင်နေလဲ ရန်ကိုင် ခန့်မှန်းမိပေသည်။ သူမ တွေ့ချင်နေသည့်လူမှာ ယန်ယန်မှလွဲ၍ အခြား မဟုတ်လောက်ချေ။

တွေ့ချင်သည်က ဟုတ်ပေသည်။ သို့သော် ယန်ယန်ကို ဘာကြောင့် တွေ့ချင်ရသနည်း။ သူမ မည်သည့် နေရာမှလာလဲ ဆိုသည်ကို မသိရသေးသလို သူမ ဘာကြောင့် ယန်ယန်အား တွေ့ချင်နေသလဲ ဆိုသည်ကိုလည်း ရန်ကိုင် မသိသေးပေ။ ထိုအမျိုးသမီးသည် ယန်ယန်နှင့် ရန်ငြိုးရန်စ ရှိနေသူတစ်ယောက် ဖြစ်လျှင်သည် သူမအား အထဲသို့ ဝင်ခွင့်ပေးလိုက်ခြင်းသည် မြေခွေး အိမ်ထဲ ခေါ်သွင်းလိုက်သည်နှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။

သူမ၏ ခွန်အားအရ သူမသာ နဂါးလိုဏ်ဂူတောင်ထဲသို့ ဝင်သွားခဲ့လျှင် သူမ တစ်ခုခုလုပ်လျှင် မည်သူမှ သူမအား ဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။

မျိုးရိုးနာမည်ရီနှင့် အမျိုးသမီးမှ ရန်ကိုင်အား ထိုကဲ့သို့ ယဉ်ယဉ်ကျေးကျေး စကားပြောနေသည်ကို မြင်သော် ချင်းတုန်နှင့် အခြားပညာရှင်များ မှင်သက်ကုန်ကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset