Chapter – 20 အသူရာ ဓားသွား၏ ကျိန်စာ
မာစတာဂျက်က သူ့အား တားလိုက်သောအခါ ရှီဖုန်းက အံ့ဩသွား၏။
“ကောင်လေး… ငါ့ကို ဓားလေးတစ်ချက်လောက် ပြပါလား… “ မာစတာဂျက်က လိုချင်ဆန္ဒများနှင့် တောက်လောင်နေသော မျက်လုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။ သူ၏လေသံက ယခင်ကဲ့သို့ မဟုတ်တော့ဘဲ အနည်းငယ် တိုးနေလေသည်။
“ဒါ….” ရှီဖုန်းက မာစတာဂျက်၏ ရုတ်တရက် တောင်းဆိုလာမှုကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
သို့သော် ရှီဖုန်းက တွေးကြည့်လိုက်သောအခါ အဓိပ္ပါယ်ရှိသလိုလိုပင်။
ပန်းပဲဆရာကြီးတစ်ယောက်က သွန်းလုပ်ထားသော မှော်လက်နက်တစ်လက်၏ တန်ဖိုးကား အလွန်တန်ဖိုးရှိနေသည်မှာ ပြောစရာပင် မလိုပေ။ ကျော်ကြားဓားတစ်ချောင်းသည် ပန်းပဲဆရာတိုင်း၏ တစ်ဘဝလုံးစာ ရှာဖွေမှု ဖြစ်သည်။ သူတို့က ကျော်ကြားဓားတစ်ချောင်းကို တွေ့မြင်ပြီး အတွေ့အကြုံများ ရရှိချင်ကြသည်။
ရှီဖုန်း၏ တုန့်ဆိုင်းနေမှုကို မြင်သောအခါ မာစတာဂျက်က လျင်မြန်စွာ ပြောလိုက်သည်… “စိတ်ချပါ… ဓားကို ကြည့်ပဲ ကြည့်ချင်တာပါ… တစ်ခြားဘာမှမလုပ်ပါဘူး… မင်းမှာ တောင်းဆိုစရာရှိရင်လည်း ပြောကွာ… ”
ရှီဖုန်း ထိုစကားကို ကြားလိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားလေသည်။
‘သူက ပန်းပဲမာစတာတစ်ယောက်လေ… ‘
ပန်းပဲထုရုံမျှဖြင့် ထူးခြားသံအဆင့်၊ လျှို့ဝှက်ငွေအဆင့်ရှိ ကိရိယာအပိုင်းအစတစ်ခုကို သွန်းလုပ်နိုင်သည်။ သူ၏တောင်းဆိုမှုက ရှီဖုန်း၏ဓားကို ကြည့်ချင်ရုံသာ ဖြစ်သည်။
ရှီဖုန်းက ချက်ချင်း သဘောတူလိုက်ပြီး အသူရာဓားသွားကို မာစတာဂျက်ဆီ ပေးလိုက်၏။
NPC များသည် ကစားသမားများထံမှ အိုင်တမ်များကို မခိုးယူနိုင်သောကြောင့် မာစတာဂျက်က အသူရာဓားအား ယူသွားမည်ကို လုံးဝစိတ်မပူပေ။ မာစတာဂျက် စိတ်ကြိုက် ကြည့်လိုသမျှ ကြည့်ခိုင်းမည်။ ထို့နောက်တွင်တော့ ရှီဖုန်းက လျှို့ဝှက်ငွေအဆင့် ဓားတစ်လက် တောင်းဆိုမည်ဖြစ်သည်။ ထိုအချိန်ကျရင် သူက ဓားသမားတစ်ယောက်၏ ခွန်အားအစစ်ကို အပြည့်အဝ ပြသနိုင်ပေလိမ့်မည်။
မာစတာဂျက်က မီးဆွတံကဲ့သို့ သဏ္ဍာန်ရှိသော အသူရာဓားသွားကို ကိုင်ကာ ၎င်း၏ ဓားသွားအချောသတ်မှုနှင့် ပြောင်မြောက်သောစွမ်းအားတို့ကို ချီးကျူးနေလေသည်။ ဆယ်မိနစ်ကျော်ခန့် ကြည့်ပြီးနောက် မာစတာဂျက်က စိတ်မပါစွာဖြင့် အသူရာဓားသွားအား ရှီဖုန်းထံသို့ ပြန်ပေးလိုက်သည်။
“ကောင်လေး… ဒီဓားက ကောင်းမွန်ပြီး အဆုံးမဲ့ စွမ်းအားရှိတဲ့ ဓားတစ်လက်ပဲ… ဒါပေမယ့် ဒီဓားပေါ်မှာ ရှိတဲ့ ကျိန်စာက အရမ်းကို ပြင်းလွန်းတယ်… မင်းက ဒီဓားရဲ့ စွမ်းအားကို သုံးလေ ကျိန်စာက ပိုပြင်းလာလေဘဲ… အဆုံးကျရင်တော့ ဓားကို အသုံးပြုတဲ့သူက အဆုံးမဲ့တဲ့ အသူရာချောက်ကြီးထဲမှ ပိတ်မိသွားလိမ့်မယ်… မင်းရဲ့ စွမ်းအားနဲ့ ဒီဓားကို ထိန်းချုပ်ဖို့ အရမ်းခက်ခဲလွန်းတယ်… ပြီးတော့ ကျိန်စာက အလွယ်တကူဘဲ မင်းကို ဝါးမြိုသွားနိုင်တယ်… “ မာစတာဂျက်သည် စိတ်ရင်းဖြင့် သတိပေးလိုက်သည်။
ရှီဖုန်းလည်း ဤအချက်ကို သိထား၏။ မဟုတ်လျှင် အသူရာဓားသွားကို အသုံးပြုရန် အတန်ကြာအောင် တုန့်ဆိုင်းနေခဲ့မည် မဟုတ်ပေ။
“မာစတာဂျက်… ဒီကျိန်စာကို အားနည်းအောင်လုပ်ဖို့ နည်းလမ်းလေးများ ရှိပါသလား… “ ရှီဖုန်းကမေးလိုက်သည်။
ကျိန်စာအားနည်းစေသည့် နည်းများကို သူ သိထားသော်လည်း ယခုအချိန်၌ သူ့ထံတွင် လုပ်နိုင်စွမ်း မရှိသေးပေ။
“ကောင်လေး… ပန်းပဲဆရာကြီး အိုလက်စီကိုယ်တိုင် ဒီဓားကို သွန်းလုပ်ခဲ့တယ်ဆိုတာ မင်းသိတာဘဲ… နတ်ဘုရားနယ်မြေမှာ ဒီလိုဓားမျိုးက တစ်လက်ဘဲရှိပြီး သူ့ကိုယှဉ်နိုင်တာ ကျန်တဲ့ကျော်ကြားဓား ၃၅လက်ထဲကပဲ ရှိမယ်… ကျော်ကြားဓားတွေက သူမတူတဲ့ စွမ်းအားတွေရှိလာဖို့ တွေးမရနိုင်လောက်အောင် ကြောက်ဖို့ကောင်းတဲ့အရာတွေ အသတ်ခံခဲ့ရတယ်… သေပြီးတဲ့နောက် ဒီအရာတွေကို ဓားတွေထဲမှာ ပန်းပဲဆရာတွေက ပိတ်လှောင်ခဲ့ကြတယ်… အရမ်းကြီးမားတဲ့ စွမ်းအားသာ မရှိရင် ဒီဓားတွေကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး… ”
မာစတာဂျက်၏ အသံက တုနှိုင်းမဲ့လေးစားမှုများဖြင့် ပြည့်နေလေသည်။
“ဒါပေမယ့် ကျိန်စာကို အားနည်းအောင် လုပ်ဖို့ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး… ”
“ဘယ်လိုနည်းလမ်းများရှိသလဲ မေးပါရစေ… ” ရှီဖုန်းက အလျင်အမြန် မေးလိုက်သည်။
“မင်းက ကြီးမားတဲ့ စွမ်းအားကို ထိန်းချုပ်ချင်ရင် မင်းမှာလည်း တူညီတဲ့ စွမ်းအား ရှိရမယ်… ဓားထဲမှာ ပိတ်ထားတဲ့စွမ်းအားတွေက ကျိန်စာတစ်ခုပဲ… မင်းက အဲ့ဒါကို အားနည်းသွားအောင် လုပ်ချင်ရင် မင်းမှာ ကံကောင်းခြင်းတွေ လုံလုံလောက်လောက် ရှိရမယ်… ”
မာစတာဂျက်က ဆက်ပြောလိုက်သည်… “နတ်ဘုရားနယ်မြေရဲ့ ကုန်းမြေတွေထဲမှာ တစ်ချို့ကျောက်တုံးတွေက နတ်ဘုရားနယ်မြေရဲ့ ကံကောင်းခြင်းတွေကို စုဆောင်းထားတယ်… အဲ့ဒီကျောက်တုံးတွေကို ကံကောင်းကျောက်လို့ ခေါ်တယ်… မင်းမှာသာ ကံကောင်းကျောက်ရှိရင် ကျိန်စာကို တန်ပြန်ထိန်းချုပ်နိုင်ပြီ… ကံကောင်းကျောက်ကို နယ်မြေတိုင်းမှာ ရှာတွေ့နိုင်ပေမယ့် တကယ် ရနိုင်တဲ့ လူက အနည်းငယ်ပဲ ရှိတယ်… ငါ တောင်မှ ကံကောင်းကျောက်ကို အခုထိ မမြင်ဖူးသေးဘူး… တကယ်လို့ ကံကောင်းကျောက်ကို မင်းရှာတွေ့ခဲ့မယ်ဆိုရင် ကျိန်စာကို အားနည်းသွားအောင် ကူညီပေးမယ်… “
ရှီဖုန်း၏ အားပျော့သွားသော အမူအရာကို မြင်သောအခါ မာစတာဂျက်သည် နှစ်သိမ့်သည့် သဘောဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်… “ကောင်လေး… ကံကောင်းကျောက်တွေက အင်မတန်ရှားပါးတယ်ဆိုတာ မင်း သိထားရမယ်… ဒါပေမဲ့ စိတ်ဓာတ်မကျသင့်ဘူး… မရှာနိုင်ရင်တောင် ဒါက သာမန်ပဲ… နတ်ဘုရားရဲ့ ချီးမြောက်ခြင်းကို ခံထားရတဲ့ သူတွေကသာ ကံကောင်းကျောက်ကို ပိုင်ဆိုင်နိုင်တယ်… ပြီးတော့ သူတို့တွေက ငါတို့ မယှဉ်နိုင်တဲ့ သူတွေပဲ… “
“မာစတာဂျက် ဒီလိုကျောက်တုံးမျိုးကို ပြောတာလား… “
ရှီဖုန်းသည် အစိမ်းရင့်ရောင် ကြယ်သလင်းကျောက်ကို ထုတ်ပြကာ အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်တယ်… ဒါက ကံကောင်းကျောက်ဘဲ… ” မာစတာဂျက်က အစိမ်းရင့်ရောင် ကြယ်စင်သလင်းကျောက်ကို မြင်သောအခါ ခေါင်းငြိမ့်ပြလေသည်။ သို့သော် ခဏကြာပြီးနောက် အံ့ဩနေသည့် အမူအရာဖြင့် ရှီဖုန်းအား ကြည့်လိုက်သည်။
သို့သော်လည်း ရှီဖုန်းက ဘာမှအရေးမပါသကဲ့သို့ ပခုံးတွန့်ပြလိုက်သည်။
မာစတာဂျက်က ကံကောင်းကျောက်ကို အသုံးပြု၍ အသူရာဓားသွားအား ထိန်းချုပ်နိုင်သည်ကို သိရှိလိုက်ရသည့်အတွက် ရှီဖုန်း၏ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွား၏။ စတားမွန်းနိုင်ငံတွင် ပန်းပဲမာစတာများက အနည်းငယ်သာလျှင် ရှိ၏။ သို့သော် ကံကောင်းကျောက်ကို အသုံးပြု၍ မှော်လက်နက်၏ ကျိန်စာကို ထိန်းချုပ်စေနိုင်သော ပန်းပဲမာစတာများက လက်တစ်ဖက်ပင် မပြည့်ချေ။ မာစတာဂျက်သည် ထိုလူများထဲမှ တစ်ယောက်ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။
“ဆရာဂျက် အခု ကျိန်စာကို အားနည်းအောင် လုပ်လို့ ရပြီလား… “
ရှီဖုန်းက မျှော်လင့်ချက်ကြီးစွာ မေးလိုက်သည်။
တစ်ခဏကြာပြီးနောက် မာစတာဂျက်က အရင်ကဲ့သို့ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားပြီး ဂရုမစိုက်ဟန် ပြုလုပ်ကာ ပြောလိုက်သည်… “ကောင်းပြီ… ပြဿနာမရှိဘူး… နာရီဝက်အတွင်းပြီးအောင် ငါ လုပ်နိုင်တယ်… ”
တစ်ဖက်တွင် ဘလက်ကီက မရယ်မိစေရန် ဗိုက်ကို ဖိ၍ အတတ်နိုင်ဆုံး ထိန်းထားရသည်။ သို့သော်လည်း မာစတာဂျက် အံ့ဩမှင်သက်သွားသည့် အမူအရာက ဘလက်ကီအတွက် ထိန်းချုပ်နိုင်ရန် အလွန်ခက်ခဲလှသည်။ ထို့ကြောင့် သူက တောအုပ်ထဲသို့ ပြေးထွက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
နာရီဝက်ကြာပြီးနောက် ရှီဖုန်းသည် အသူရာဓားသွားကို ပြန်လည် ရရှိလိုက်၏။ သူက အသူရာဓားသွား၏ မိတ်ဆက်တွင် အပြောင်းအလဲတစ်ချို့ကို တွေ့လိုက်ရသည်။
အသူရာဓားသွားကို နဂါးနက်ဘုရင်၏ အစွယ်ဖြင့် ပန်းပဲမာစတာ အိုလက်စီကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်၏။ အသူရာဓားသွားက ကျော်ကြားသည့် ဓား ၃၆ချောင်းတွင် တစ်ချောင်းအပါအဝင် ဖြစ်ပြီး အဆင့်၃၁ဖြစ်သည်။ သို့သော်လည်း ဓားက နဂါးနက်ဘုရင်၏ ကျိန်စာတိုက်ခြင်းကို ခံထားရ၏။ အသူရာဓားသွားက ကိုင်ဆောင်သူကို အလွန်ကြီးမားသည့် စွမ်းအားကို ပေးသော်လည်း တစ်ခါတစ်ရံတွင် ဆိုးကျိုးကိုလည်း ခံစားရမည်ဖြစ်သည်။ သို့သော်လည်း ကြယ်သလင်းကျောက်ကို အသုံးပြု၍ ဂျက်က ပြန်လည် ပြုပြင်ပေးထားသဖြင့် တန်ပြန်ဆိုးကျိုးကို များစွာ လျော့ကျသွားစေခဲ့သည်။ ကိုင်ဆောင်သူက တန်ပြန်ထိခိုက်မှုကို မထိန်းချုပ်နိုင်ခဲ့လျှင် နဂါးနက်၏ ကျိန်စာကို လက်ခံရရှိမည်ဖြစ်ပြီး စွမ်းရည်အားလုံးကို အမြဲတမ်းအတွက် ၅၀% လျှော့ချ ခံရမည်ဖြစ်သည်။
စာပိုဒ်အတွင်းရှိ စာများကို ဖတ်ပြီးနောက် ရှီဖုန်း၏ စိတ်ထဲတွင် အလွန်ကို စိတ်သက်သာရာ ရသွား၏။ အနည်းဆုံးတော့ တန်ပြန်ထိခိုက်မှုသည် အချိန်တိုအတွင်း စွမ်းအားကောင်းလာမည် မဟုတ်ပေ။
ရှီဖုန်းက အသူရာဓားသွားကို သိမ်းလိုက်သည်။ ထိုအချိန်တွင် သူက အဖော်မဲ့နှင်း ပို့ထားသော စာများကို တွေ့လိုက်၏။ စာများအားလုံးက ရှီဖုန်း မရောက်ရသေးသည့် အကြောင်းရင်းနှင့် ရောက်မည့်အချိန်ကို မေးထားခြင်း ဖြစ်သည်။
“ဘလက်ကီ… မြေအောက်ဘုံကို သွားရအောင်… “
ရှီဖုန်းသည် ချက်ချင်းလာခဲ့မည်ဖြစ်ကြောင်း အဖော်မဲ့နှင်းထံသို့ ပြန်စာပို့လိုက်သည်။
အသူရာဓားသွား ပြဿနာကြောင့် ရှီဖုန်းက ချိန်းထားခဲ့သောအချိန်ကို လုံးဝမေ့နေခဲ့သည်။ ထို့ကြောင့် အဖော်မဲ့နှင်းအား နာရီဝက်ကျော် စောင့်ခိုင်းလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ သို့သော် ရှီဖုန်းက သေဆုံးခြင်းသစ်တောကို ရောက်လျှင် နစ်နာကြေးပေးလိမ့်မည်ဖြစ်သည်။
“အဆင်ပြေတယ်… သွားကြရအောင် ကျွန်တော်က မန္တန်အသစ်တွေ သုံးဖို့ အခွင့်အရေး မရှိမှာ စိတ်ပူနေတာ… “
ဘလက်ကီက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။
ရှီဖုန်းနှင့်ဘလက်ကီတို့က သေဆုံးခြင်းသစ်တော၏ မြေအောက်ဘုံသို့ ရောက်သောအခါ နေရာတစ်ခုလုံးတွင် အဆင့်၂ ကစားသများများဖြင့် ပြည့်နေပြီး မြေအောက်ဘုံသို့ ဝင်ရန် လူစုနေကြလေသည်။
“သေဆုံးခြင်းသစ်တောအတွက် အဖွဲ့ ဖွဲ့နေပါတယ်… တိုက်ခိုက်မှုစွမ်းအားကောင်းတဲ့ လူ၄ယောက် ရှိပြီး နောက်ထပ် ၂ယောက်ကို စောင့်နေပါတယ်… “
“သေဆုံးခြင်းသစ်တောအတွက် အစွမ်းထက်တဲ့ အဖွဲ့တစ်ဖွဲ့ပါ… ငါတို့က အစွမ်းထက်တဲ့ ကုသသူတစ်ယောက် လိုနေပါတယ်… မြေအောက်ဘုံကို အောင်အောင်မြင်မြင်နဲ့ ရှင်းနိုင်မယ်လို့ အာမခံပါတယ်… “
ထိုမြင်ကွင်းကိုမြင်ပြီး ရှီဖုန်းက ခေါင်းခါလိုက်သည်။ ထို့နောက် သူ့ကို လက်ရမ်းပြနေသော အဖော်မဲ့နှင်းထံသို့ လျှောက်သွားလိုက်သည်။ ရှီဖုန်း၏ ယခင်ဘဝတွင် ကစားသမားများသည် သေဆုံးခြင်းသစ်တော၌ အချိန်အတော်ကြာအောင် တိုက်ခိုက်နေကြပြီး ကစားသမားအများစုက အဆင့်၅သို့ ရောက်သည့်အချိန်မှသာ မြေအောက်ဘုံကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ကြသည်။
“အစ်ကိုကြီး… နောက်ဆုံးတော့ ရောက်လာပြီပဲ… ကျွန်တော့်သူငယ်ချင်းတွေက စောင့်ရလို့ စိတ်မရှည်နိုင်အောင် ဖြစ်နေပြီ… မြန်မြန် သွားရအောင်… “ အဖော်မဲ့နှင်းက အသာအယာ လမ်းလျှောက်လာသော ရှီဖုန်းအား မြင်သောအခါ အားမရသကဲ့သို့ ခံစားရလေသည်။
ထို့နောက် အဖော်မဲ့နှင်းက ရှီဖုန်းနှင့် ဘလက်ကီကို အဖွဲ့ရှိသည့်နေရာသို့ ခေါ်သွားလေသည်။
“အဖော်မဲ့နှင်း… သူက မင်းပြောတဲ့ ကျွမ်းကျင်သူလား… ငါက သူ့ကို ခေါင်း၃လုံး လက်၆ဖက် ပါမယ် ထင်နေတာ… အခုတော့ ဘာမှလည်း မထူးခြားပါလား… “ အမျိုးသား ဘာသာရေးခေါင်းဆောင် စကားလုံးမဲ့နွေည(နာမည်)က ရှီဖုန်းအား ကြည့်ပြီး ပြောလိုက်သည်။ လက်ရှိတွင် ရှီဖုန်းက လူသစ်ကိရိယာတန်ဆာများကို ဝတ်ဆင်ထားပြီး မီးဆွတံတစ်ချောင်းကိုလည်း ခါးတွင် ချိတ်ထားသေး၏။ ရှီဖုန်း၏ အသွင်အပြင်ကို ကြည့်ပြီး စကားလုံးမဲ့နွေညက မလှောင်ဘဲ မနေနိုင်တော့ချေ။
“အစ်ကိုစကားလုံးမဲ့နွေည… ဘယ်လိုတွေ ပြောနေတာလဲ… ဒီကအစ်ကိုကြီးက ဘီတာစမ်းသပ်သူနော်… ဒါကြောင့် သူက အရမ်းထူးခြားတဲ့ တစ်ခုခုတော့ ရှိမှာပဲ… မဟုတ်ရင် သူက ဓားသမားနဲ့ကျိန်စာအသုံးပြုသူအတွက် အိုင်တမ်တွေအားလုံးကို ဘယ်လိုလုပ် ယူရဲမှာလဲ… “ ဒိုင်းစစ်သည် အဆုံးသတ်တိုက်ပွဲ(နာမည်)က လှောင်ပြောင်သည့်ဟန်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
ထို၂ယောက်စလုံးက ရှီဖုန်းကို သိပ်မကြည်ကြပေ။ အဘယ်ကြောင့်ဆိုသော် စလာကတည်းက သတ္တုချပ်ဝတ်များနှင့် မှော်ဆရာတန်ဆာအားလုံးကို ရှီဖုန်းက ယူချင်နေသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သာ ဖြစ်လျှင် သူတို့က ဘာမှ ရနိုင်မှာ မဟုတ်တော့ချေ။ သူတို့၏ ခေါင်းဆောင်က စောင့်ကြည့်ရန် ပြောထားသောကြောင့်သာ မဟုတ်လျှင် တခြားကစားသမားများကို ခေါ်၍ မြေအောက်ဘုံသို့ ဝင်သွားပြီး ဖြစ်နေပေလိမ့်မည်။ ယခု ရှီဖုန်း၏ စုတ်စုတ်ပြတ်ပြတ် သွင်ပြင်ကို မြင်ပြီး အဖွဲ့မှ ထွက်သွားစေရန် လှောင်ပြောင်လိုက်ကြခြင်း ဖြစ်သည်။
အဖော်မဲ့နှင်းကတော့ ရှီဖုန်းသည် သူကိုယ်တိုင် ဖိတ်ခေါ်ထားသည့်သူ ဖြစ်သဖြင့် သူတို့၂ယောက်အား ပြန်လည်ချေပ ချင်နေသည်။ သို့သော်လည်း ရှီဖုန်း၏ ကိရိယာတန်ဆာများကြောင့် ဘယ်လိုမှ ပြန်လည် မချေပနိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်လေသည်။
“ကောင်းပြီ… အဖွဲ့ ဖွဲ့ရအောင်… သေဆုံးခြင်းသစ်တောထဲကို ကစားသမားတွေ အများကြီး ဝင်သွားကြပြီ… ငါတို့ အခုမသွားရင် ပထမသတ်ဖြတ်ခြင်းဆုလာဘ်ကို ငါတို့ ရဖို့ အခွင့်အရေး မရှိနိုင်တော့ဘူး… “ အဖွဲ့ခေါင်းဆောင် ရိန်းဂျား ညင်သာလှုပ်ရှား(နာမည်)က ဖြတ်၍ ပြောလိုက်သည်။
ဘလက်ကီက ပြန်ပြောချင်နေသော်လည်း ရှီဖုန်းက သူ့ကို တားထား၏။ ထိုလူ၂ယောက်၏ လှောင်ပြောင်မှုကို ရှီဖုန်းက စိတ်ထဲ မထည့်ပေ။ သူက သူတို့အား နာရီဝက်ကျော် စောင့်ခိုင်းခဲ့သဖြင့် သည်လောက်တော့ သည်းခံပေးနိုင်သည်။
အဖွဲ့ဖွဲ့ပြီးနောက် ဒိုင်းစစ်သည်ကို ဒေါသတကြီးဖြင့် ပြောလိုက်သည်… “သေစမ်းပါလားကွာ… ဒီကောင်က အခုမှ အဆင့်၁ပဲ ရှိသေးတယ်… ငါ့တို့ရမဲ့ အိုင်တမ်တွေကို လိုချင်လို့ လာတာပဲနေမှာ… “
“ခေါင်းဆောင်… သေဆုံးခြင်းသစ်တောက အဆင့်၂ မြေအောက်ဘုံလေ… အဆင့်၁ ကစားသမားကို ငါတို့နဲ့ အတူ ဝင်ခွင့် ပေးလိုက်ရင် ငါတို့အားလုံး သေသွားနိုင်တယ်… “ စကားလုံးမဲ့နွေညက ခေါင်းဆောင်ဖြစ်သူ ရိန်းဂျားကို ပြောလိုက်သည်။
အဖော်မဲ့နှင်းသည်လည်း ရှီဖုန်း၏ အဆင့်ကြောင့် အံ့အားသင့်သွားလေသည်။
ကစားသမားအများစုသည် အဆင့်၂ သို့ ရောက်နေကြပြီ ဖြစ်သော်လည်း ဘီတာစမ်းသပ်သူတစ်ယောက်က အဆင့်၂သို့ မရောက်သေးသည်မှာ မဖြစ်နိုင်ပေ။
ခေါင်းဆောင် ညင်သာလှုပ်ရှားက ရှီဖုန်းအား ကြည့်လိုက်သည်။ အစက ရှီဖုန်းအပေါ်တွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသော်လည်း ယခုမူ မရှိတော့ချေ။ သူက အေးစက်ခက်ထန်သော အသံဖြင့် မေးလိုက်သည်… “မင်း ဒီကို မလာခင် သေသွားသေးလား… “
“မသေဘူး… “ ရှီဖုန်းက ခေါင်းယမ်းကာဖြင့် အသာအယာ ဖြေလိုက်သည်။
“ဒါပေမဲ့ သေဆုံးခြင်းသစ်တောကို ဝင်ဖို့ အဆင့်၁ဆို လုံလောက်ပါတယ်… “
“ဒါဆိုလည်း မင်း အခု သွားလိုက်တော့ ငါတို့က မင်းလို ကျွမ်းကျင်သူကို အလို မရှိဘူး… ငါတို့ ဆိုလိုချင်တာကို မင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်… “ ညင်သာလှုပ်ရှားက မျက်မှောင်ကျုံ့ပြီး အေးစက်စွာ ပြောလိုက်သည်။
“ခေါင်းဆောင်… တစ်ခုခု နားလည်မှု လွဲနေတာ ဖြစ်လောက်တယ်… အရင်ဆုံး ဝင်ကြည့်ရအောင်နော်… “ အဖော်မဲ့နှင်းက ကပျာကပြာ ဝင်ပြောလိုက်သည်။
“ကြိုးစားကြည့်ဖို့လား… “ စကားလုံးမဲ့နွေညက အေးစက်စွာ ရယ်မောပြီး ဆက်ပြောလိုက်သည်။
“ဒါဆို ငါတို့သေရင် ဘယ်သူက တာဝန်ယူမှာလဲ… မြေအောက်ဘုံမှာ သေရင် EXP လျော့ခံရတယ်… အဲ့တာက နည်းပေမဲ့လည်း ၁၀ရာခိုင်နှုန်းကွ… ဒီကောင်က ငါတို့ရဲ့ ဆုံးရှုံးမှုကို ပြန်ပေးနိုင်လို့လား… “
“စကားလုံးမဲ့နွေည… အဖော်မဲ့နှင်းကို ခက်ခဲအောင် မလုပ်နဲ့… “ ခေါင်းဆောင် ညင်သာလှုပ်ရှားက ထပ်ပြောလိုက်သည်။
“အဖော်မဲ့နှင်းက ဒီကောင်ကို ကာပြီး ပြောပေးနေမှန်း ငါ သိတယ်… ဒါပေမဲ့ ငါတို့အဖွဲ့အတွက် တာဝန်ယူရမှာက ငါပါ… မြေအောက်ဘုံကို ဝင်ဖို့ ဝါရင့်ကစားသမားတွေပဲ ရှာတော့မယ်… လူသစ်တွေနဲ့ အဖွဲ့ဖွဲ့ပြီး အချိန်မဖြုန်းချင်ဘူး… အခု မင်းမှာ ရွေးချယ်စရာ ၂ခု ရှိတယ်… ပထမက ငါတို့ နဲ့အတူ မြေအောက်ဘုံကို လိုက်ခဲ့… ဒုတိယက ငါတို့အဖွဲ့က ထွက်သွား… ဘာကို ရွေးမလဲ… “
“ငါ အဖွဲ့က ထွက်မယ်… “ ရှီဖုန်းက အဖော်မဲ့နှင်းကို အရှက်မရစေချင်တော့ပေ။ သူက အဖွဲ့မှ ချက်ချင်း ထွက်ပြီး လှည့်ထွက်လာခဲ့သည်။
“ဘလက်ကီ… ငါတို့လည်း တခြားသူတွေနဲ့ အဖွဲ့ ဖွဲ့ပြီး မြေအောက်ဘုံထဲ ဝင်မယ်… “
“ကောင်းပြီ… “ ဘလက်ကီက ‘ဟီးဟီး’ ဟု ရယ်လိုက်ပြီး အဖွဲ့ထဲ၌ တစ်စက္ကန့်ပင် မနေချင်တော့ဟန် ဖြင့် အဖွဲ့မှ ချက်ချင်း ထွက်လိုက်သည်။
“ဟမ့်… ကျွမ်းကျင်သူအဖြစ် ဟန်ဆောင်ထားတာ ပေါ်သွားတော့ အသိစိတ်ရှိရှိနဲ့ ချက်ချင်း ထွက်သွားတာပဲ… “ ဒိုင်းစစ်သည်က လှောင်ပြောင်လိုက်သည်။
“အဖော်မဲ့နှင်း… မင်းက တော်တော် အယုံလွယ်တဲ့ကောင်ပဲ… ဒီလို အသုံးမကျတဲ့ကောင်ကတောင် မင်းကို လှည့်စားနိုင်တယ်… နောက်ကျရင် ခေါင်းဆောင် ညင်သာလှုပ်ရှားဆီက သင်ယူဖို့ လိုတယ်… “
ထိုစကားကို ကြားပြီး အဖော်မဲ့နှင်း၏ မျက်နှာက တင်းမာသွားလေသည်။ သူ၏ ဆုံးဖြတ်ချက်နှင့် ပက်သတ်၍ သူမှားသည်ဟု မခံစားရပေ။ ရှီဖုန်းက ကျိန်းသေကျွမ်းကျင်သူတစ်ယောက် ဖြစ်ရပေမည်။
“ခေါင်းဆောင်… တောင်းပန်ပါတယ်… “ အဖော်မဲ့နှင်းက ပြောပြီးသည်နှင့် အဖွဲ့မှ ထွက်လိုက်လေသည်။ ထို့နောက် သူ့ဆုံးဖြတ်ချက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ရှီဖုန်း၏ အဖွဲ့ထဲသို့ ဝင်ရန် ပြင်လိုက်သည်။
“မင်း… “ ညင်သာလှုပ်ရှားက အံ့အားသင့်သွားလေသည်။ အဖော်မဲ့နှင်းက ဤမျှအထိ ပြတ်သားလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ အဖော်မဲ့နှင်းက နည်းစနည်းကောင်းများကို တတ်ကျွမ်းထားခြင်းသာ မရှိလျှင် သူက အဖော်မဲ့နှင်းကို အစကတည်းက မောင်းထုတ်လိမ့်မည်ဖြစ်သည်။
စကားလုံးမဲ့နွေညသည် အဖော်မဲ့နှင်းအား ကြည့်ပြီး အေးစက်စွာ ပြုံး၍ ပြောလိုက်သည်… “အဖော်မဲ့နှင်း… နောက်မှ မင်းရဲ့ ရွေးချယ်မှုအတွက် နောင်တ မရနဲ့… ငါတို့က သေဆုံးခြင်းသစ်တောကို ရှင်းပြီး အိုင်တမ်တွေ ရလာမှ မင်း နောင်တရလိမ့်မယ်… ခေါင်းဆောင် ညင်သာလှုပ်ရှားရဲ့ နောက်ကို မလိုက်မိတာကြောင့် ၁၀နှစ် ၊ အနှစ်၂၀လောက် မင်း နောင်တရနေလိမ့်မယ်… “
အပိုင်း ၂၀ ပြီး၏။