Switch Mode

Chapter – 932 & 945

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၂) ဒီအဖေ မင်းနဲ့တိုက်မယ်ကွ

ဘာကြောင်းမှန်းမသိ၊ ထိုလူသုံးယောက် ရုတ်တရက် ပေါ်လာချိန် သူ့ရင်ထဲ အကြောက်တရားကို ပေါ်ထွက်လာခဲ့သည်။ ထိုသုံးယောက် ရောက်ရှိလာခြင်းသည် သူ့သေခြင်းကို ကြေညာလိုက်သည့်အလား၊ သူ့စိတ်ထဲ အလိုလို တုန်လှုပ်နေမိခဲ့သည်။

ထို့ကြောင့် ရှုလီနား ပြေးရပ်နေလိုက်ခြင်းပင်။ အကာအကွယ် ရလိုရငြားပေါ့။

“မသေမျိုးအဆင့်‌တွေက သူတော်စင်အဆင့်တွေကို လုံးဝ ပြန်မတိုက်နိုင်ဘူးလို့ ခင်ဗျား ပြောခဲ့တယ်နော်” ရန်ကိုင်က ချို့ရှုကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်သည်။

“အင်း။ ဒီက သခင်လေးက ဘယ်သူများလဲ သိလို့ရမလား” ချို့ရှု မျက်မှောင်ကြုံ့နေခဲ့ရပြီ။

“သေလူကို ပြောနေစရာ လိုသေးလို့လား”

“သခင်လေးက တော်တော်လေး ရဲတင်းတာပဲ။ မင်းဘယ်သူလဲ” ကောင်းမည့်လမ်းစ မမြင်တော့လေရာ ချို့ရှုလည်း ယဉ်ကျေးပြမနေတော့။ တစ်ချိန်တည်းတွင် အခွင့်ရသည်နှင့် လှုပ်ရှားရန် ရှုလီကိုပါ အချက်ပြထားလိုက်သည်။ ရှုလီကလည်း‌ ခေါင်းညိတ်ပြ၏။

ရန်ကိုင်ကမူ သူတို့နှစ်ယောက် အချက်ပြနေသည်ကို မမြင်သည့်အလား၊ လီရုန်ဘက်သို့လှည့်၍ “အဲ့မိန်းမကို ခင်ဗျားတို့ နှစ်ယောက် တာဝန်ယူ။ ဒီလူအိုကြီး ကျုပ်တာဝန်းထားလိုက်”

လီရုန်က ခေါင်းညိတ်လိုက်ပြီး “သတိထားဦးနော်”

သူမ ရန်ကိုင်ကို မတားခဲ့ရသည့် အကြောင်းမှာ ရန်ကိုင် မည်မျှ ဒေါသထွက်နေသည်ကို သတိပြုမိသောကြောင့်ပင်။ ထိုမျက်လုံးတစ်ဖက်ကန်းနေသည့် လူကြီးကို ရန်ကိုင် သူကိုယ်တိုင် သတ်ချင်နေသည်ကို သူမသိသည်။ သူမနှင့် ဟန်ဖေး အနားတွင် ရှိနေမှဖြင့် ရန်ကိုင် မနိုင်လျှင်ပင် သူအသက်အန္တရာယ် မရှိနိုင်ပေ။

မျက်ဝန်းနှစ်စုံသည် ရှုလီပေါ် ရောက်ရှိလာသည်နှင့် မမြင်နိုင်သော ဖိအားတစ်ရပ်သည် သူမအား နင်းချေဖိနှိပ်ရန် ကြိုးစားလာခဲ့သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမလှလေး ရှုလီ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့လေသည်။ သူမကိုယ်တွင်းရှိ အစစ်အမှန်ချီကို နည်းနည်းလေးမှပင် လှည့်ပတ်၍ မရတော့။

ရှုလီ တုန်လှုပ်ချောက်ချားသွားခဲ့ပြီး ထိုမိန်းမနှစ်ယောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းကို ချက်ချင်း နားလည်လိုက်၏။ ကြောက်ရွံ့မှုကြောင့် သူမ၏ ခန္ဓာကိုယ်ဟာ ဆိုလျှင်လည်း တဆတ်ဆတ် တုန်ရီနေတော့လေသည်။

ချို့ရှု၏ အမူအရာလည်း ဖြူလျော်သွားသည်။ လီရုန်နှင့် ဟန်ဖေး အစွမ်းပြလိုက်သည်နှင့် သူတို့ဘက်က လုံးဝ အသာမရနိုင်မှန်း ချက်ချင်း နားလည်လိုက်၏။ ထို့ကြောင့် မသေမျိုးအဆင့်လူအုပ်ကို ဂရုပင်မစိုက်တော့ဘဲ ဗဟိုမြို့တော် ရှိရာဆီ အသည်းအသန် ထွက်ပြေးတော့လေသည်။

ဝူကျုန်းကို သွားရှာရပေမည်။

အကျိုးအမြတ်အား ဝူကျုန်း ခွဲတမ်းချပေးသည်နှင့် ပက်သက်၍ သူမကျေနပ်သော်လည်း ဝူကျုန်းသည် သူထက် ပိုအားကောင်းသည်ကိုမူ တထစ်ချ ယုံကြည်သည်။ ဝူကျုန်းသည် သူတော်စင်ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပြီး သူ့ထက် ကျင့်ကြံခြင်းတစ်ဆင့် ပိုမြင့်ပေသည်။

သူထွက်ပြေးရန် ကြိုးစားလိုက်စဉ်မှာပင် ကိုယ့်အစွမ်းကိုယ် မသိသော လူငယ်လေးတစ်ယောက် သူ့ရှေ့ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့လမ်းကို ပိတ်လိုက်သည်။

မသေမျိုး တတိယအဆင့်လေးပင်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်ကိုင်၏ ကျင့်ကြံခြင်းကို ချူရှို့ ချက်ချင်း နားလည်လိုက်ကာ ပျော်ရွှင်သွားခဲ့သည်။ ‘ကောင်းကင်က ငါ့ကို မပစ်ပယ်သေးပါလား’ ဟူ၍လည်း စိတ်ထဲတွင် ကြိတ်တွေးနေလေသည်။ ထိုကြောင့် အသံ ကျယ်ကျယ်လောင်လောင်ဖြင့် အော်ဟစ်ရင်း ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်သွားလေသည် “လာစမ်း ကောင်လေး”

ပြောပြီးသည်နှင့် ရန်ကိုင်ကို လှမ်းဖမ်းရန် ပြင်လိုက်သည်။

ရန်ကိုင်ကို ဖမ်းပြီး ဓါးစားခံအဖြစ် အသုံးချရန် ရည်ရွယ်ထားခြင်းပင်။

ရန်ကိုင်သည် ရှောင်ရန်မကြိုးစားခဲ့။ ချို့ရှုကိုသာ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ချို့ရှုလက် သူ့ပခုံးပေါ်ရောက်လာပြီး သူ့အား အတင်းအကြပ် ဖမ်းကိုင်ရန် ကြိုးစားမည်အပြု၊ ရန်ကိုင်က သူ့ကိုယ်တွင်းရှိ စွမ်းအင်များကို ဖွင့်ထုတ်ပစ်လိုက်သည်။

ချစ်ချစ်တောက် ပူလောင်သော အပူစွမ်းအင်းများ ပေါက်ကွဲထွက်လာခဲ့ရာ ချို့ရှုက နာနာကျင်ကျင် အော်ဟစ်ရင်း သူ့လက်ကို ကမန်းကတန်း ပြန်ရုတ်လိုက်ရလေသည်။ လက်ရှိ အဖြစ်အပျက်ကို သူလုံးဝ မယုံကြည်နိုင် ဖြစ်နေလေပြီ။

သူ့ရှေ့တွင်ရှိသော လူငယ်လေးသည် မသေမျိုးတတိယ အဆင့်လေးသာ ဖြစ်သော်လည်း သူတော်စင်ပထမအဆင့် ဖြစ်သော သူ့ထက်ပင် ပို၍သာလွန်၊ သိပ်သည်းသည့် စွမ်းအားကို ထုတ်ဖော်ပြသသွားခဲ့သည်။

လောင်ကျွမ်းနေသော အစစ်အမှန်ချီသည် သူ့လက်ဝါးမှ တစ်ဆင့် သွေးကြောတစ်လျှောက် စီးဆင်းသွားပြီး သူ့ကိုယ်တွင်း အင်္ဂါများကို တမြေ့မြေ့ လောင်ကျွမ်းတော့လေသည်။

ချို့ရှုလည်း နည်းနည်းလေးမှ နှောင့်နှေးမနေရဲဘဲ သူ့ကိုယ်ပိုင် သူတော်စင်ချီကို အလျင်အမြန် လှည့်ပတ်၍ ထိုအပူစွမ်းအင်များကို ဖိနှိပ်ပစ်လိုက်ရသည်။ ကိုယ်အပူချိန် ထိုးတက်လာပြီး သူ့တစ်ကိုယ်လုံး နီရဲလာခဲ့ကာ မွှေးညင်းပေါက်များဆီမှ အခိုးအငွေ့လေးများ ထွက်လာခဲ့သည်။

ထိုအပူစွမ်းအင်များကို ဖယ်ရှားပြီး နားပင်မနားရ သေးခင်မှာဘဲ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် လေဟာနယ်ကို ခွဲ၍ သူ့ဆီ တစ်မုဟုတ်ချည်း ရောက်ရှိလာသော ရွှေလှံတံတစ်ချောင်းကို မြင်လိုက်ရသည်။

ထိုလှံတံထဲရှိ အဖျက်စွမ်းအားကို ခံစားမိသည်နှင့် ချို့ရှု သွေးထွက်လုမတတ် ကြောက်လန့်သွားခဲ့ပြီး ကမန်းကတမ်း ဘေးဘက်သို့ တိမ်းရှောင်လိုက်သည်။

ရွှစ်…

ကောင်းကင်အပြစ်ပေးလှံတံသည် ပစ်မှတ်အား သီသီလေး ကပ်လွဲသွားခဲ့သည်။ ပစ်မှတ်ကိုကျော်လွန်၍ မိုင်ဒါဇင်ကျော်အထိ ပျံသန်းသွားခဲ့ပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

ရန်ကိုင်သည် လေထဲတွင်ဝဲလျက် နောက်ထပ် ကောင်းကင်အပြစ်ပေးလှံတံတစ်ချောင်းကို ဖန်တီး၍ ထပ်ပစ်လိုက်ပြန်သည်။

ရွှေရောင်လှ့တံများသည် လျှပ်စီးကြောင်းများသဖွယ် တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို ချို့ရှု ကျဉ်းထဲကြပ်ထဲ ရောက်သွားခဲ့ရသည်။ သူအနေဖြင့် ပြန်တိုက်ဖို့ပင် မဆိုထားနှင့်၊ ရွှေရောင်လှံတံများကိုပင် အသည်းအသန် ရှောင်တိမ်းနေရ၏။ သူ့မျက်နှာဆိုလျှင်လည်း သွေးဆုတ်ဖြူလျော်နေခဲ့သည်။

“ပြေးစမ်း၊ ပြေးထားစမ်း၊ ခင်ဗျား ဘယ်လောက် ပြေးနိုင်မလဲ ကြည့်ရအောင်” ချို့ရှုက ရှေ့မှပြေးနေစဉ် ရန်ကိုင်က နောက်မှ လှံဖြင့် လိုက်ပစ်နေခဲ့သည်။ လိုက်နေရင်းလည်း ချို့ရှု မသေမျိုးအဆင့်များအား လိုက်ဖမ်းစဉ်က လှောင်ပြောင်ခဲ့သလို ရန်ကိုင်ကလည်း သူ့အား ပြန်၍ လှောင်ပြောင်နေခဲ့သည်။

ချို့ရှုမှာ ပြန်၍ပင် မအော်နိုင်တော့ဘဲ သူ့ဆီ မုန်းတိုင်းသဖွယ် တရစပ် တိုးဝင်လာနေသော ရွှေလှံများကိုသာ ရှောင်တိမ်းရာ၌ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ အချိန်ကြာလာသည်နှင့် သူ့အမူအရာ အရုပ်ဆိုးသည်ထက် ဆိုးလာခဲ့ရလေသည်။

“ခင်ဗျားက အားကောင်းတဲ့ သူတော်စင်တစ်ယောက် မဟုတ်ဘူးလာ။ ဘာလို့ ပြန်မတိုက်ဘဲ အမြီးကုတ်ပြီး ခွေးဝဲစားတစ်ကောင်လို ထွက်ပြေးနေတာလဲ။ ဘာလဲ မသေမျိုးအဆင့်ပဲရှိတဲ့ ကျုပ်ကို ကြောက်နေတာလား။ လာစမ်းပါ၊ ဘာတွေကြောက်နေတာလဲ။ ခင်ဗျား ဘာတွေတတ်ထားလဲ ကျုပ်ကို ပြဦးလေ။ ဒီနေ့ ဒီသခင်လေးက မသေမျိုးတစ်ယောက် သူတော်စင်တစ်ယောက်ကို ဘယ်လိုသတ်လဲဆိုတာ ပြပေးမယ်”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် လှောင်ပြောလိုက်သည်။ ထို့နောက် မဟာကောင်းကင်ဓါး၊ မဟာကောင်းကင်အချုပ်အနှောင်၊ ကောင်းကင်အပြစ်ပေးလှတံ၊ အစရှိသဖြင့် ကိုးခုသော ကောင်းကင်နတ်ဘုရား ပညာရပ်များကို စတင် ထုတ်သုံးတော့လေသည်။

တုဖုန်းနှင့် အခြား သွေးစစ်တော်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေခဲ့ကြသည်။ အချိန် အတော်ကြာသည်အထိ အသိပြန်မဝင်လာနိုင်ခဲ့။

ရန်ကိုင် ကျေးဇူးတော်ကြောင့် သူတို့လည်း မသေမျိုး အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။ ရန်ကိုင် ထွက်သွားစဉ်က သူတို့သည် ဤလောကကြီး၏ အထွဋ်အထိပ် တည်ရှိမှုများ ဖြစ်ကြပေသည်။

လွန်ခဲ့သောဆယ်နှစ်၊ ရန်ကိုင် မရှိချိန် အတောအတွင်း သွေးစစ်တော်တို့သည် ကျားကုတ်ကျားခဲ ကြိုးစားခဲ့လေရာ ယခုဆိုလျှင် မသေမျိုးဒုတိယအဆင့်သို့ ချိုးဖျက်နိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့နေခဲ့ရလေပြီ။

သို့သော် လွန်ခဲ့သော လအနည်းငယ်ခန့်က သူတို့လုံးဝ မယှဉ်ပြိုင်နိုင်သော ရန်သူတစ်အုပ် ရုတ်တရက် ပေါ်လာပြီး ဗဟိုမြို့တော်တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။

ယခုမတိုင်မီ အချိန်လေးကဆိုလျှင်လည်း မျက်လုံးတစ်ဖက်ကန်း လူကြီးနှင့် ရှုလီဆိုသော အမျိုးသမီး လိုက်ဖမ်းသဖြင့် မျှော်လင့်ချက်မဲ့စွာ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။ ထို့အပြင် သူတို့ မျက်စိရှေ့၌ပင် တန်ယုရှန်း အသတ်ခံရတော့မည်ကို ထိုင်ကြည့်နေရသည့် အဖြစ်မျိုးနှင့် ကြုံခဲ့ရသေးသည်။

သို့သော်လည်း သူတို့၏ သခင်ငယ်လေး ရုတ်တရက် ပြန်ပေါ်လာပြီး သူတို့အား ကူကယ်ရာမဲ့အောင် လုပ်ခဲ့သည့် မောက်မာသော ချို့ရှုက ယခုလိုအခြေအနေဆိုးသို့ ရောက်အောင် ပြန်တွန်းပို့ခဲ့သည်။

လီရုန်နှင့်ဟန်ဖေးတို့မှာလည်း ရန်ကိုင်၏ စွမ်းဆောင်ရည်ကို ကြည့်ရင်း အတော်လေး အံ့အားသင့်နေခဲ့သည်။

ရန်ကိုင် အရမ်းသန်မာမှန်း သိသော်လည်း ရန်ကိုင် နောက်သို့ စလိုက်စဉ်ကတည်းက အစစ်အမှန် ပညာရှင် တစ်ယောက်နှင့် ရန်ကိုင် တိုက်ခိုက်ခဲ့သည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ရန်ကိုင် မည်သည့် အတိုင်းအတာအထိ အားကောင်းမှန်း သေချာမသိချေ။

ထို့ကြောင့် ချို့ရှုအား ရန်ကိုင်မနိုင်တော့သည်ဟု ထင်သည်နှင့် ချက်ချင်းဝင်ကူရန် သူမတို့ နှစ်ယောက်စလုံး တွေးထားကြခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိအခြေအနေသည် သူတို့ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေခဲ့သည်။ သူတော်စင် ပထမအဆင့် ပညာရှင်တစ်ယောက်သည် ရန်ကိုင်ရှေ့၌ ပြန်တိုက်ရန်ပင် မဆိုထားနှင့်၊ သူ့အသက်ကိုပင် ဖက်နှင့်ထုပ်ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးနေခဲ့ရသည်။

ရန်ကိုင်သာ ဆန္ဒရှိလျှင် တစ်ဖက်လူကို အလွယ်လေး သတ်နိုင်မှန်း လီရုန်နှင့်ဟန်ဖေးတို့ နားလည်သွားခဲ့သည်။

အကြောင်းမှာ ရန်ကိုင်သည် ယခုအချိန်အထိ၊ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို မသုံးသေးချေ။ သူ့ခွန်အားသက်သက်ဖြင့်သာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

“ဒီအဖေကို မင်းကို တိုက်မယ်ကွ” ချို့ရှု ရုတ်တရက် အော်ဟစ်လိုက်ပြီး ခေါင်းလောင်ကြီးတစ်လုံးကို ထုတ်ယူလိုက်သည်။ ခေါင်းလောင်ဆီးမှ မိုးချိန်းသံမျှ ကျယ်လောင်သော အသံစွမ်းအင်တို့ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ပြန့်ထွက်လာခဲ့လေသည်။

သူ့ဆီသို့ တိုးဝင်လာနေသော ကောင်းကင်အပြစ်ပေး လှံတံနှင့် မဟာကောင်းကင်ဓါးနှစ်ခုစလုံး ချက်ချင်း အားနည်းသွားခဲ့သည်။

ထိုခေါင်းလောင်းမြည်သံကြောင့် အောက်ဘက်တွင် ရှိနေသော မသေမျိုးအဆင့် ကျင့်ကြံသူများ တဆစ်ဆစ် ခေါင်းကိုက်လာခဲ့ကြသည်။

လီရုန်က သူမလက်ကို ဝှေ့ရမ်း၍ မသေမျိုးအဆင့် ကျင့်ကြံသူများပတ်လည်၌ အရံအတားတစ်ခု ဖန်တီးပေးလိုက်မှပဲ အကုန်လုံး အဆင်ပြေသွားခဲ့သည်။

ချို့ရှုဆီမှ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီး ခေါင်းလောင်းကို အကာအကွယ်ယူလျက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

သူသေကိုယ်သေ တိုက်ခိုက်တော့မည်ပုံပင်။ ရန်ကိုင်ကို ဖမ်းနိုင်လျှင်တော့ ပိုကောင်းပေသည်။

“စိတ်ဝိဥာဉ်အထွဋ်အထိပ်ဆင့် မှော်ရတနာလား” ရန်ကိုင် မဲ့ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်သည်။ နောက်ဆုတ်မသွားသည့် အပြင် ခေါင်းလောင်းသံကို လျစ်လျူရှုကာ ရှေ့သို့ပင် တိုးသွားလိုက်သည်။

အစစ်အမှန်ယန်ယွမ်ချီတို့ ပေါက်ကွဲထွက်လာပြီး မီးလုံးကြီးတစ်လုံးသဖွယ် အသွင်ပြောင်းလျက် ခေါင်းလောင်း ဆီသို့ တိုးဝင်သွားလေသည်။

ဘုန်း…

ဗဟိုမြို့တော်တစ်ခုလုံး ခေါင်းလောင်းသံ မြည်ဟည်းသွားရာ ကြားလိုက်သူတိုင်း၏ ကိုယ်တွင်း သွေးစီးကြောင်းများ ပရမ်းပတာ ဖြစ်သွားခဲ့ရလေသည်။

ခေါင်းလောင်းနောက်တွင် ပုန်းနေသော ချို့ရှုမှာ ထိုရိုက်ချက်ကြောင့် ကြိုးပြတ်သွားသော စွန်တစ်ခုပမာ လွင့်စင်ထွက်သွားခဲ့လေသည်။ သူ့ဒဏ်ရာမှ သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်နေခဲ့ပြီး မျက်နှာဆိုလျှင်လည်း သွေးမရှိမတတ် ဖြူလျော်နေခဲ့လေသည်။ လွင့်စင်ထွက်သွားနေရင်း ထိတ်လန့်တုန်လှုပ်နေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို သေချာစိုက်ကြည့်သွားခဲ့သည်။

သူဒဏ်ရာရသွားမှန်း သိနေသော်လည်း ဖြစ်ပျက်သွားခဲ့သည်များကို မယုံကြည်နိုင်သေးပေ။

မသေမျိုးတတိယအဆင့် ကောင်လေးသည် ခေါင်းလောင်း၏ တိုက်ခိုက်မှုကို ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် ခုခံသွားခဲ့ရုံမက သူ့ကိုပင် ဒဏ်ရာရအောင် ပြန်လုပ်နိုင်ခဲ့သည်။

ချို့ရှု လွင့်စင်ထွက်သွားချိန် ရန်ကိုင်ကမူ ခြေလှမ်း အနည်းငယ်သာ ဆုတ်သွားခဲ့ရသည်။

မှော်ရတနာကို ခန္ဓာကိုယ်သက်သက်ဖြင့် ရပ်တန့်နိုင်လောက်အောင် သူ့အသွေးအသားသည် မည်သည့်အတိုင်းအတာအထိ အားကောင်းနေသနည်း။

ယခုမှပဲ ထိုမသေမျိုးအဆင့် လူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ချို့ရှု နားလည်သွားခဲ့သည်။ လူငယ်လေး၏ ကျင့်ကြံခြင်းသည် သူ့ထက် ပိုနိမ့်သော်လည်း သူ့အား အထက်စီးမှ တိုက်ခိုက်နိုင်ခဲ့သည်။

ချို့ရှု မျက်လုံးများ မှေးကျသွားခဲ့ပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရသည်။ နောက်ဆုံး မျှော်လင့်ချက်အဖြစ် အားကုန်သုံး၍ အော်ခေါ်လိုက်လေသည် “ဝူကျုန်းရေ”

ရန်ကိုင်က ခေါင်းလောင်းကို ကိုက်ကာ တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် လွင့်ပစ်လိုက်၏။ ထို့နောက် ချို့ရှုရှေ့တွင် ပြန်ပေါ်လာပြီး ရက်စက်တော့မည့် မျက်နှာဖြင့် “ဘယ်သူ့ကိုပဲ ခေါ်ခေါ်၊ သေရမယ့်ကံကနေ ခင်ဗျားပြေးလွတ်မှာ မဟုတ်ဘူး”

ရန်ကိုင် ခန္ဓာကိုယ်မှ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာပြီး ချို့ရှု၏ ဦးခေါင်းမှတစ်ဆင့် သူ့ကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

ချစ်ချစ်တောက် ပူလောင်သော စွမ်းအင်များသည် ချို့ရှုသွေးကြောတစ်လျှောက် စီးဆင်းသွားရာ သူ့သွေးများ ပွက်ပွက်ဆူလာပြီး သူ့အရေပြားသည်လည်း နီရဲလာခဲ့ရသည်။

ဘုန်း…

ချို့ရှု၏ ခန္ဓာကိုယ်သည် သွေးပန်းတစ်ပွင့် ပွင့်လန်းလာသည့်နှယ် ပေါက်ကွဲထွက်သွားခဲ့ရသည်။ ချို့ရှုမှာ အလောင်းမြုပ်စရာပင် မကျန်ဘဲ သေသွားခဲ့ရလေပြီ။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှုလီ၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီနေခဲ့သည်။ ရန်ကိုင်၏ ရက်စက်မှုကြောင့် သူမရင်ထဲ အကြောက်တရားကို ကိန်းအောင်းလာခဲ့ရသည်။ တိုက်ပွဲစချိန်မှ ပြီးဆုံးသွားသည်အထိ သူတော်စင်ပထမအဆင့် ဖြစ်သော ချို့ရှုသည် မသေမျိုးအဆင့်သာ ဖြစ်သော ရန်ကိုင်ကို နည်းနည်းလေးမှပင် ပြန်မတိုက်နိုင်ခဲ့ချေ။ နောက်ဆုံး ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည့်အခါ တစ်ခါတည်း တန်းအသက်ပျောက်သွားခဲ့ရလေသည်။

ရန်ကိုင်၏ စွမ်းဆောင်ရည်သည် သူမသိထားသော ယူဆချက်နှင့် ကွဲလွဲနေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းလွန်းသည် လူငယ်လေး၏ ကျောပြင်ကို ကြည့်ရုံနှင့်ပင် ရှုချီ ကြောက်လန့်နေမိလေပြီ။

“သခင်၊ ဒီမိန်းကလေးကို ဘယ်လိုလုပ်ရမလဲ”

“သတ်ပစ်လိုက်”

“နားလည်ပါပြီ” ဟန်ဖေးက ခေါင်းညိတ်လိုက်ပြီး ရှုလီရှေ့ ရုတ်တရက် ပြေးသွားလိုက်ပြီး လက်ဝါး နှစ်ချက်၊ သုံးချက်မှ ရိုက်လွှတ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ရှုလီ တစ်ကိုယ်လုံး ရေခဲစတို့ဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ခဏအကြာ လွန်စွာကိုမှ အသက်ဝင်လှသော ရေခဲရုပ်ထုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ သို့တိုင် သူမမျက်နှာထက်ရှိ ကြောက်လန့်နေသည့် အမူအရာမှာ ပျောက်ပျက်သွားခြင်း မရှိသေးချေ။

ရေခဲရုပ်ထုသည် လေပေါ်မှ အောက်သို့ ပြုတ်ကျသွားကာ မြေပြင်နှင့်ဆောင်၍ တစ်စစီ ဖြစ်သွားခဲ့သည်။

ရှုလီလည်း သေသွားခဲ့လေပြီ။ အလောင်းပင် မကျန်ခဲ့ချေ။

“ဒီမှာ ဘယ်သူ လူသတ်ရဲတာလဲကွ” ခပ်ဝေးဝေးမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ မျက်နှာနီနီနှင့် လူအိုကြီးတစ်ယောက် ထွက်ပေါ်လာပြီဂ ဒေါသတကြီး အမူအရာဖြင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။

ရန်ကိုင်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာ ဖြူလျော်သွားပြီး “ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်လား”

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၃)

အနှောင်အဖွဲ့ကင်းဂိုဏ်းချုပ် ဝူကျုန်းသည် ရန်ကိုင်ကို ချက်ချင်း မှတ်မိလိုက်သည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများ နောက်သို့ ရောင်ပြန်ကောင်းကင်နန်းတော်မှ ချူးရီ၊ မြူနှုန်းမှုန်မျှော်စဉ်မှ ဖန်ယွဲ့ပိုင်တို့ နှင့်အတူ လိုက်သွားစဉ်က တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် ရန်ကိုင်ကို တွေ့ဖူးခဲ့ပေသည်။

ဝူကျုန်းသည် နတ်ဆိုးများနှင့် ပူးပေါင်းသော ထိုလူငယ်လေးကို မုန်းတီးသလို မနာလိုခြင်းလည်း ဖြစ်မိသည်။

အကြောင်းမှာ ရှင်း၏။ ရန်ကိုင်သည် ဘာမှမဟုတ်သေးသော လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သို့သော် သူသည် ဤလောကကြီး၏ အားအကောင်းဆုံး အင်အားစုများအနက် တစ်ခုအပါအဝင်ဖြစ်သော ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ အရှင်သခင် ဖြစ်နေသည့်အပြင် အားကောင်းသော နတ်ဆိုးများစွာကိုလည်း စေခိုင်းနိုင်နေ၏။

သူ့လက်ထဲ စွဲကိုင်ထားသော ခွန်အားသည် မည်သူ့ကိုမဆို မနာလိုအောင် လုပ်နိုင်ပေသည်။

ရန်ကိုင်ထက် ဘယ်နေရာမှာများ သူနိမ့်ကျနေလို့ပါလဲ… ထိုကံကောင်းမှုများသည် ဘာကြောင့် သူ့ဆီသို့ ရောက်မလာရလေသနည်း။

“ဝူကျုန်း” ရန်ကိုင်က သွားပေါ်အောင်ပြုံးလျက် ထိုလူအိုကြီးကို စိုက်ကြည့်လိုက်သည်။

“တော်ဝင်သခင်ရန်… မတွေ့ရတာ ကြာပြီနော်” ဝူကျုက ဟိုဝေ့ကြည့်၊ ဒီဝေ့ကြည့် လုပ်လိုက်ပြီးနောက် မျက်မှောင်ကြုံ့၍ “တော်ဝင်သခင် ဒီနေရာကို ဘာလို့ ရောက်လာလဲ မေးလို့ရမလား။ ပြီးတော့ ချို့ရှုနဲ့ ရှုလီတို့ကိုကော တွေ့မိသေးလားဟင်။ ခုဏတုန်းက ချို့ရှုအော်သံကို ကြားလိုက်လားလို့။ ပြီးတော့ ဒီနေရာက တိုက်ပွဲတွေ ဖြစ်ထားသလိုပဲ။ ဖြစ်နိုင်တာက တော်ဝင်သခင်ရန်…”

“မျက်လုံတစ်ဖက်ကန်းနေတဲ့ကောင်နဲ့ အမျိုးသမီး တစ်ယောက်ကို ပြောတာလား၊ သူတို့ သေသွားပြီလေ”

“သွေးတာလား” ဝူကျုန်း အမူအရာ မဲမှောင်သွားပြီး ရန်ကိုင်ကို သေသေချာချာ စိုက်ကြည့်လျက် “တော်ဝင်သခင်ရန် သတ်လိုက်တာလား”

“ဟုတ်တယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်သည်။

ဝူကျုန်း မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့မျက်ဝန်းနက်ထဲ အေးစက်စက် အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

“ဘာလို့ သတ်လိုက်တာလဲ။ တော်ဝင်သခင်ရန်နဲ့ သူတို့ကြားမှာ ရန်ငြိုးရှိလို့လား”

“ရန်ငြိုးမရှိဘူးဆိုတာနဲ့ သတ်လို့ မရတော့ဘူးပေါ့” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်ပြီး ဝူကျုန်းအား မျက်လုံးမှေးစဉ်း၍ ကြည့်လိုက်သည်။ ထို့နောက် ဝူကျုန်းအား လက်ညိုးထိုးလျက် ကြမ်းကုတ်စွာ ပြုံးလိုက်ရင်း “သူတို့တင် မဟုတ်ဘူး။ ခင်ဗျားပါ သေရမှာ”

ဝူကျုန်းမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး လီရုန်နှင့် ဟန်ဖေးတို့အား အထိတ်လန့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် အပြုံးဖြင့် “တော်ဝင်သခင် ဘာပြောချင်တာလဲ။ ဘယ်တုန်းကများ ဒီဝူ တော်ဝင်သခင်ကို ရန်စမိလို့လဲ”

ချို့ရှု အော်သံကြားသဖြင့် ဤနေရာသို့ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူရောက်သည့်အခါ ရန်ကိုင်တို့အဖွဲ့မှတစ်ပါး အခြားဘယ်သူ့ကိုမှ မတွေ့ရတော့ချေ။ ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို သေချာနားမလည်လေရာ ဝူကျဲစိတ်ထဲ သိပ်ပြီး ထိတ်လန့်မနေခဲ့ချေ။

တကယ်တော့ ရန်ကိုင်သည် ဘုံးကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို သတ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဝူကျုန်း ဆိုသည့် သူဟာလည်း တော်ဝင်နယ်မြေအောက် မနိမ့်ကျသည့် အင်အားစုတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ပေသည်။

ရောက်လာခဲ့စဉ်က ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ လုပ်ခဲ့ရသလဲဟု ထိုင်ဆွေးနွေးဖို့ပင်။

သို့သော်လည်း ရန်ကိုင်သည် နည်းနည်းလေးမှပင် စကားပြောချင်စိတ်မရှိဘဲ သူ့အား သတ်မည်ဟု တိုက်ရိုက် ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ကျုပ်ကို ရန်မစခဲ့ဘူး ဟုတ်လား” ရန်ကိုင် မျက်ဝန်းများ အေးစက်သွားခဲ့ပြီး ဝူကျဲအား ရက်စက်တော့မည့် အကြည့်ဖြင့် စိုက်ကြည့် “ဒီနေရာက ကျုပ်အိမ်။ အဲ့ဒါကို ခင်ဗျားတို့က ဒီနေရာကို ကျူးကျော်ပြီး ကျုပ်မိတ်ဆွေ၊ မိသားစုတွေကို သတ်၊ မုဒိန်းကျင့်ပြီး…”

ရန်ကိုင် စကားမဆုံးသေးခင်မှာဘဲ အခြေအနေ အကောင်းဘက် ရှိမနေတော့မှန်း ဝူကျုန်း သိလိုက်သည်။

ရန်ကိုင် စကား မှန်မှန်၊ မှန်မှန် ချို့ရှုနှင့် ရှုလီတို့ သေသွားပြီ ဆိုသည်ကတော့ မှန်ပေသည်။ ရန်ကိုင်သည် ထိုနှစ်ယောက်ကို သတ်ရဲမှဖြင့် သူ့ကိုလည်း သတ်ပေလိမ့်မည်။

ဝူကျုန်းသည် ပြတ်သားသော လူတစ်ယောက် ဖြစ်သည်။ ရန်ကိုင် ရှင်းပြချက်ကို ကြားပြီးနောက် ဘာမှ ဆက်ပြောမနေတော့ဘဲ ဒိုင်းမှော်ရတနာတစ်ခုကို ထုတ်ယူ၍ သူ့ကိုယ်သူ ကာကွယ်ကာ ဗဟိုမြို့တော်ဆီသို့ ချက်ချင်း ထွက်ပြေးတော့လေသည်။

ဝူကျုန်း ထွက်ပြေးသွားရာ အရပ်ဆီ လှမ်းကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ ထို့နောက် လက်ဝှေ့ရမ်းလိုက်သည်။

ပြောစရာမလိုအောင်ကိုပင် ဟန်ဖေးသည် အလိုက်တသိနှင့် ဝူကျုန်းနောက်သို့ ပြေးလိုက်သွားလေသည်။

ဝူကျုန်း၏ ကံတရားကို ခန့်မှန်းနေစရာ မလိုတော့။ သူ့အား သေခြင်းကသာ စောင့်ကြိုနေပေလိမ့်မည်။

ရှေးဟောင်းနတ်ဆိုးကလန်သား တစ်ယောက် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည်နှင့် သူတို့ထက် တစ်ဆင့်မြင့်သော ကျင့်ကြံသူများကိုပင် ယှဉ်တိုက်နိုင်ကြသည်။ လီရုန်သည် သူတော်စင်ဒုတိယအဆင့် ဖြစ်စဉ်က နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ ရွှယ့်လီနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့သည်။ လက်ရှိဟန်ဖေးသည်လည်း သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် ဝူကျုန်းကို သတ်ရန်အတွက် အချိန်သာ လိုပေလိမ့်မည်။

“လီရုန်၊ ဗဟိုမြို့တော်မှာ ရှိနေတဲ့ ဝူကျုန်း ခေါ်လာတဲ့ လူတွေအကုန်လုံးကို ရှင်းပစ်လိုက်”

“ဟုတ်ကဲ့ပါ” ရန်ကိုင် အမိန့်ပေးလိုက်သည်နှင့် လီရုန်သည် နည်းနည်းလေးမှ တုန့်နှေးမနေဘဲ သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် ဗဟိုမြို့တော်တစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်လေသည်။

ထို့နောက် ရန်ကိုင် အောက်ဆင်းလိုက်သည်။

“သခင်ငယ်လေး” ရန်ကိုင် ဆင်းလာသည်ကိုမြင်သည်နှင့် သွေးစစ်တော်များက စိတ်လှုပ်ရှားစွာဖြင့် သူ့အား လှမ်းခေါ်လိုက်ကြသည်။

ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်ပြီး “အခု အားလုံး အဆင်ပြေသွားပြီ။ စကားမပြောခင် အရင်ပြန်ကြတာပေါ့”

“ကောင်းပါပြီ”

ရန်မိသားစုဆီသို့ ရန်ကိုင် ရောက်လာသည့် အချိန်၌ လီရုန်သည် ဝူကျုန်းခေါ်လာသော လူအားလုံးကို ရှင်းလင်းပစ်ပြီးသွားခဲ့လေပြီ။

လီရုန်ဆီမှ အကြောင်းကို ကြားပြီးနောက် ရန်မိသားစုဝင် များစွာတို့သည် ရန်ကိုင် ရောက်လာမည်ကို မျှော်လင့်တကြီးဖြင့် စောင့်နေခဲ့ကြလေသည်။

ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးနှင့် သူ့မိန်းမတို့လည်း ရှိနေခဲ့ပေသည်။ ဒေါင်စုကျုသည် အဆက်မပြတ်ကို မျက်ရည် သုတ်နေခဲ့ရလေသည်။

ရန်ကိုင်နှင့် သွေးစစ်တော်တို့ကို ပေါ်လာသည့်အချိန်၌ ဒေါင်စုကျုသည် လေးယောက်မြောက်သခင်ကြီးမှ သူမအား ဆွဲထားရန် ကြိုးစားသည့်တိုင် အတင်းရုန်းထွက်ပြီး ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။

“အမေ” ရန်ကိုင် ပျော်ရွှင်စွာ လှမ်းခေါ်လိုက်သည်။

ဒေါင်စုကျုက ရန်ကိုင်ပခုံးကိုကိုင်၍ သူ့အား ခေါင်းအစ၊ ခြေအဆုံး သေချာစစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင် ဘာဒဏ်ရာမှ ရမထားမှန်း အတည်ပြုပြီးနောက် သူ့အား တင်းတင်းကြပ်ကြပ် ဖက်လိုက်လေသည်။

ဒေါင်စုကျုက တင်းတင်းကြပ်ကြပ် ဖက်ထားသဖြင့် ရန်ကိုင်မှာ အသက်ရှူရပင် ကြပ်လာခဲ့သည်။

လီရုန်သည် ထူးထူးဆန်းဆန်း အမူအရာဖြင့် ထိုအမေနှင့် သားအတွဲကို စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင်သာ ‘အမေ’ဟု မခေါ်လိုက်လျှင် ထိုအမျိုးသမီးကို ရန်ကိုင်၏ အစ်မကြီး၊ သို့မဟုတ် ညီမလေးဟု ထင်မိမှာအမှန်ပင်။ သူမအား ရန်ကိုင်၏ အမေဟု နည်းနည်းလေးမှ မထင်ခဲ့။

“ဒီလောက် ဖက်ရတာ တော်လောက်ပြီလေ။ အခြားသူတွေလည်း စောင့်နေသေးတယ်။ ကိုင်အာက ချက်ချင်း ပြန်ထွက်သွားဦးမှာမှ မဟုတ်တာကို” သူ့မိန်းမသည် သူ့သားအား လွှတ်ပေးမည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရသော် ရန်ရင်ဖုန်း ရှေ့ထွက်ပြောရလေပြီ။

“သူတို့ဘာသာ စောင့်စောင့်၊ မစောင့်စောင့် ဘာဖြစ်လဲ။ သူက ကျွန်မသားပဲဟာကို” ဒေါင်စုကျုသည် မတရား ခံလိုက်ရသည့် မိန်းကလေးတစ်ယောက်ပမာ မျက်ရည်များကို တောက်လျှောက် ထိုင်သုတ်နေခဲ့လေသည်။

“အဖေ” ရန်ကိုင်က ပြုံး၍ ရန်ရင်ဖုန်းကို နှုတ်ဆက်လိုက်သည်။

“အင်း၊ ကောင်းတယ်။ အရမ်းကောင်းတယ်” ရန်ရင်ဖုန်း လေးလေးပင်ပင် ခေါင်းညိတ်လိုက်သည်။ သူ့မျက်ဝန်းထောင့်၌ မျက်ရည်စတို့ ဝေ့သီလာခဲ့လေသည်။

ရန်ကိုင် အိမ်မှထွက်သွားသည်မှာ ဆယ်နှစ်ရှိနေခဲ့လေပြီ။ ထိုဆယ်နှစ်အတောအတွင်း သူ့အကြောင်း ဘာသတင်းမှ မကြားရ။ သူသေသည်၊ ရှင်သည်ကိုလည်း မသိရ။ ထို့ကြောင့် ရန်ရင်ဖုန်းနှင့် ဒေါင်စုကျုတို့မှာ သူတို့သားအတွက် အရမ်းကိုမှ စိတ်ပူနေခဲ့ရလေသည်။ ယခု သူ့သား ကောင်းကောင်းမွန်မွန်နှင့် ရှိနေသည်ကို သိလိုက်ရသည့်အပြင် ဗဟိုမြို့တော်ကိုပါ သူ့သား နောက်တစ်ကြိမ် ထပ်ကယ်တင်သွားကြောင်း သိလိုက်ရသည့် အခါ ရန်ရင်ဖုန်း ပျော်လည်းပျော်သလို ဂုဏ်လည်း ယူမိပေသည်။

ခဏကြာတော့မှပဲ ဒေါင်စုကျု စိတ်အတော်အတန် ငြိမ်သွားခဲ့ပြီး မလွှတ်ချင်လွှတ်ချင်နှင့် ရန်ကိုင်ကို လွှတ်ပေးလိုက်သည်။

“ညရောက်တဲ့အထိ စောင့်နော်အမေ၊ ညရောက်တော့မှ သားတို့ မိသားစု စကားကောင်းကောင်း ပြောကြမယ်” ရန်ကိုင်က ဒေါင်စုကျု၏ လက်ကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။

“အင်း”

ရန်ကိုင်က ရှေ့သို့ ဆက်လျှောက်သွားခဲ့ပြီး ရန်မိသားစု၏ အကြီးအကဲများနှင့် သူ့ညီအစ်ကိုခုနှစ်ယောက်အား တစ်ယောက်ချင်းစီ လိုက်လံနှုတ်ဆက်လိုက်သည်။

“ကိုးယောက်မြောက်ညီလေး” ရန်ကိုင်သည် အားလုံးထဲတွင် အငယ်ဆုံးဖြစ်သော်လည်း အတော်ဆုံး ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ သူနှင့် ယှဉ်မိလိုက်တိုင်း စိတ်ဓါတ်မကျဘဲ မနေနိုင်အောင် ဖြစ်မိရသည်။ သို့သော် သူတို့ရန်မိသားစု၌ ယခုကဲ့သို့ တော်သော လူတစ်ယောက် ရှိနေသည့်အတွက် ဝမ်းလည်း ဝမ်းသာမိပေသည်။

“ဒုတိယအစ်ကို၊ မိသားစုခေါင်းဆောင် လုပ်ရတာ ဘယ်လိုနေလဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ရန်ကျောင်းအား လှမ်းမေးလိုက်သည်။

ရန်ကျောင်းက သက်ပြင်းရှည်ကြီးသာ ချလိုက်ပြီး “ဒီခေါင်းဆောင်နေရာကို ကိုယ်တိုင် ဝင်ယူလိုက်တော့မှပဲ ဘယ်လောက်ဝန်ကြီးမှန်း သိတော့တယ် ကိုးယောက်မြောက် ညီလေးရေ။ ငါအရင်က အရမ်းတုံးခဲ့တယ်ကွာ။ အခွင့်အရေးသာ ရှိရင် အဲ့အစုတ်ပလုတ် အမွေခံတိုက်ပွဲမှာ ဘယ်တော့မှ ဝင်မပြိုင်တော့ဘူး”

ရန်မိသားစုဝင် ညီအစ်ကိုကိုးယောက်အနက် ရန်ကိုင်မှလွဲ၍၊ မိသားစုခေါင်းဆောင်အတွက် အသင့်လျော်ဆုံးသည် ရန်ကျောင်း ဖြစ်ပေသည်။ အကြီးဆုံးအစ်ကိုကြီး ရန်ဝေသည် ကျင့်ကြံခြင်း အရာ၌ ရန်ကျောင်းထက် ပိုတော်သော်လည်း သူသည် ကျင့်ကြံခြင်းကိုသာ စိတ်ပါပြီး မိသားစုအရေးကို စိတ်မဝင်စားချေ။ ထို့ကြောင့် မိသားစုအကြီးအကဲများသည် ထိုရာထူးကို သူ့လက်ထဲသို့ လွှဲမပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကိုင် ထွက်သွားပြီးနောက်ပိုင်း မိသားစု ခေါင်းဆောင်ရာထူးသည် ရန်ကျောင်း လက်ထဲသို့ ရောက်ရှိသွားခဲ့ရလေသည်။

ဆယ်နှစ်ကြာသွားပြီးနောက် ညီအစ်ကိုအားလုံး ကိုယ်ပိုင်မိသားစုများနှင့် ဖြစ်နေကြလေပြီ။ အကုန်လုံးသည် အသီးသီး လက်ထပ်သွားကြပြီး အချို့ဆို ကလေးပင် ရနေခဲ့လေပြီ။

“အထဲအရင်သွားကြတာပေါ့။ ငါတို့ ညီအစ်ကိုတွေ ပြန်မတွေ့ရတော တော်တော်တောင် ကြာနေပြီ” ရန်ကျောင်းက အားလုံးကို အထဲဝင်ရန် အချက်ပြလိုက်သည်။

ရန်ရင်ဖုန်း၏ တိုက်တွန်းမှုကြောင့် ရန်ကိုင်သည် ရန်မိသားစု၏ ဘိုးဘေးသင်္ချိုင်းခန်းမတွင် အမွှေးတိုင်တစ်တိုင် အရင်သွားထွန်းခဲ့ရသည်။

လေးယောက်မြောက်သခင်ကြီး ယုံကြည်သည်မှာ သူတို့မိသားစုသည် အန္တရာယ်ကျလုဆဲဆဲ အခြေအနေမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့ခြင်းသည် ရန်ကိုင်နှင့် ဘာမှ မသက်ဆိုင်။ ဘိုးဘေးတို့၏ စောင်မမှုကြောင့်သာ ဖြစ်ပြီး ရန်ကိုင်သည် ဘိုးဘေးတို့ ညွှန်ပြထားသည့် ကံတရားအတိုင်း လိုက်လံလုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ဘိုးဘေးများကို ပူဇော်ပြီးနောက် ရန်ကိုင်သည် လေးယောက်မြောက်သခင်ကြီးနှင့်အတူ ရန်မိသားစု အကြီးအကဲခန်းမသို့ သွားခဲ့သည်။

ယခုအချိန်၌ ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နေလေပြီ။ ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသည်နှင့် အကုန်လုံး၏ အကြည့် သူ့ပေါ်သို့ စုပြုံရောက်ရှိလာခဲ့သည်။

“ဆရာဘိုးဘိုး” လင်းတိုင်ရှုကို မြင်သော် ရန်ကိုင်က ချက်ချင်း‌ ပြေးနှုတ်ဆက်လိုက်သည်။

လင်းတိုင်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့ကြည့်ရသည်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်ပုံပင်။ သူ့မျက်နှာမှာ စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူလျော်နေပြီး မတ်တပ်ပင် အနိုင်နိုင် ရပ်နေခဲ့ရသည်။

ရန်ကိုင် စိုးရိမ်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ မေးလိုက်သည်။

“ဘာမှဒီလောက်မဟုတ်ဘူး။ ဝူကျုန်းဆိုတဲ့လူ တစ်ချက် ရိုက်လိုက်တာ ခံရရုံပဲ။ သူငါ့အသက်ကို မလိုချင်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါဒီမှာ ရပ်နေနိုင်တော့မှာ မဟုတ်ဘူး”

ရန်ကိုင်လည်း လင်းတိုင်ရှု၏ လက်ကောက်ဝတ်ကို ကိုင်၍ စစ်ဆေးကြည့်လိုက်သည်။

စစ်ဆေးပြီးတော့မှပဲ ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

လင်းတိုင်ရှု ရထားသည့် ဒဏ်ရာသည် ပြင်းသော်လည်း အသက်အန္တရာယ်မရှိချေ။ သူ့လက်ရှိ အရည်အချင်းဖြင့် ထိုကဲ့သို့သော ဒဏ်ရာများကို အလွယ်လေး ကုသနိုင်ပေသည်။

“ဆရာဘိုးဘိုး၊ ဒီဆေးကို သောက်လိုက်” ရန်ကိုင်က ဆေးလုံးတစ်လုံး ထုတ်လိုက်ပြီး လင်းတိုင်ရှုလက်ထဲ ထည့်ပေးလိုက်သည်။

လင်းတိုင်ရှုလည်း ထိုဆေးကို ချက်ချင်း သောက်လိုက်ပြီး ရန်ကိုင်ပခုံးကို ပုတ်ကာ “အခြားသူတွေနဲ့ အရင်စကားပြောနှင့်ဦး။ ဒီဆေးလုံးကို အရင်သွားသန့်စင်လိုက်ဦးမယ်”

“ဟုတ်”

“ဆရာ၊ ကျွန်တော် လိုက်ပို့ပေးမယ်” ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက လင်းတိုင်ရှုအား ချက်ချင်း ပြေးကူပေးလိုက်သည်။

“စီနီယာလင်းက ကျုပ်တို့ကိုကယ်ဖို့အတွက် ဒဏ်ရာရသွားခဲ့ရတာလေ” တုဖုန်းက ရုတ်တရက် ပြောလိုက်သည် “ဒီတစ်ကြိမ် စီနီယာလင်းကြောင့်သာ မဟုတ်ရင် ကျုပ်တို့ ရန်မိသားစုလည်း အဲ့လူတွေ လက်ကနေ လွတ်မှာ မဟုတ်ဘူး”

“ကျွန်မတိုလည်း အဖမ်းခံရတော့မလို့ပဲ။ သခင်ငယ်လေး အချိန်မှီ ရောက်လာလို့ပေါ့။ မဟုတ်ရင် စီနီယာလင်း ကြိုးစားထားသမျှ အားလုံး သဲထဲရေသွန် ဖြစ်ကုန်မှာ” တန်ယုရှန်းက စိတ်ဓါတ်ကျနေသည့် လေသံဖြင့် ခေါင်းလေး ငုံ့လျက်ပြောလိုက်သည်။

“အဲ့အကြောင်း စိတ်မပူနဲ့။ ဆရာဘိုးဘိုး အခုလို လုပ်တယ်ဆိုတာကလည်း သေချာစဉ်းစားပြီး လုပ်တာပဲ ဖြစ်လိမ့်မယ်။ နောက်ဆုံးတော့လည်း ဘာမှ ဖြစ်မသွားဘူးလေ” ရနက်ိုင်က ပြုံးလိုက်ပြီး “လာထိုင်ကြလေ၊ ထိုင်ပြီးတော့မှ စကားကောင်းကောင်း ပြောကြတာပေါ့”

ခန်းမထဲတွင် အားလုံးကိုယ်စီ ထိုင်ခုံအသီးသီးကို ယူထိုင်လိုက်ကြသည်။ ထိုင်စရာ မရှိသူများကမူ မတ်တပ်ရပ်နေရုံသာရှိသည်။ အကုန်လုံး၏ အကြည့်သည် ရန်ကိုင်ဆီတွင် စုပြုံနေပေသည်။

“ဒုတိယအစ်ကို၊ မိသားစု အခြေအနေ ဘယ်လိုရှိလဲ” ရန်ကိုင်က ကြုံနေရာတစ်နေရာတွင် ကောက်ထိုင်လိုက်ပြီး ရန်ကျောင်းကို လှမ်းမေးလိုက်သည်။

သူ့စကားကို ကြားလိုက်သည့်အခါ အကုန်လုံး၏ မျက်နှာ ညိုးကျသွားသဖြင့် ရန်ကိုင်လည်း အခြေအနေမကောင်းမှန်း သိလိုက်သည်။

“ဒီတစ်ကြိမ် သွေးစစ်သည်တော်ခန်းမ တော်တော်လေး အထိနာသွားတယ်” ရန်ကျောင်းက လေးလေးပင်ပင် သက်ပြင်းချလိုက်ပြီး “အဲ့လူတွေရောက်လာတုန်းက သူတို့ ဘယ်လောက်အားကောင်းလဲ ဆိုတာကို ငါတို့မှ မသိတာ။ ဒါကြောင့် ခန်းမသခင် ဖုန်းရှန်နဲ့ လက်ထောက်ခန်းမသခင် ကျိုးဖုန်းတို့ သေသွားခဲ့ရတယ်လေ။ သွေးစစ်တော်ခန်းမ တစ်ခုလုံးလည်း တော်တော်လေးကို ခက်ခဲခဲ့ရတာ”

သွေးစစ်တော်ခန်းမသည် ရန်မိသားစု၏ သစ္စာအရှိဆုံး အစောင့်အကြပ်များ ဖြစ်ကြသည်။ သွေးစစ်တော်ခန်းမ ဆိုသည်မှာ ရန်မိသားစု ကာကွယ်သူများကို အထူး မွေးထုတ်ပေးသည့် နေရာတစ်ခု ဖြစ်ပေသည်။

အန္တရာယ်တစ်ခုခု ကျရောက်လာချိန် အရင်ဆုံး ရှေ့ထွက်ပြီး ခုခံကြသည့်သူများမှာ သူတို့သာ ဖြစ်ပေသည်။

ခန်းမသခင် ဖုန်းရှန်နှင့် လက်ထောက်ခန်းမသခင် ကျိုးဖုန်းတို့ကို ရန်ကိုင်သိပေသည်။ တကယ်တော့ သွေးစစ်တော်ခန်းမမှာ လူလာငှားစဉ် ထိုနှစ်ယောက်နှင့် စကားပြောခဲ့ဖူးသည် မဟုတ်ပေလာ။

တုဖုန်းက လက်သီးတင်းတင်း ဆုပ်လိုက်ပြီး အတတ်နိုင်ဆုံး မျက်ရည်မကျမိအောင် ထိန်းထားရင်း ပြောလိုက်သည် “ကျုကောင်းရီ၊ ကျိလီ၊ ရှောင်ရွှန်၊ လော့ဟိုင်နဲ့ ဖုချုန်းတို့လည်း… သေသွားတယ်”

ရန်ကိုင် ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားခဲ့သည်။

တုဖုန်းပြောလိုက်သော သွေးစစ်တော်များသည်နှင့် အမွေခံတိုက်ပွဲအတွင်း ရန်ကိုင်နောက်သို့ လိုက်ခဲ့ကြသူများ ဖြစ်ပေသည်။ အမွေခံတိုက်ပွဲနောက်ဆုံးအဆင့်တွင် ရန်ကိုင်သည် သွေးစစ်တော် (၁၃)ယောက်ကို ခေါ်ဆောင်၍ အမျိုးမျိုးသော အရင်းအမြစ်များကို သုံးကာ ထိုဆယ်သုံးယောက်ကို မသေမျိုး ဆယ်သုံးယောက်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ကျုကောင်းရီနှင့် ရင်းဂျုသည် ရန်ကိုင်နောက်သို့ အရင်ဆုံး စလိုက်ခဲ့ကြသူများ ဖြစ်ပေသည်။ သူတို့နှစ်ယောက်သည် သွေးစစ်တော်ခန်းမ၏ ပါရမီအကောင်းဆုံး သွေးစစ်တော်များလည်း ဖြစ်ကြသည်။

သူ့မိတ်ဆွေဟောင်းကြီးများ သေဆုံးသွားသည့်သတင်းကို ကြားသော် ရန်ကိုင် ဝမ်းမနည်းဘဲ မနေချေ။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၄)

သွေးတိုက်ပွဲခန်းမသည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည့် အတွက် သွေးစစ်တော်အားလုံး ဝမ်းနည်းစိတ်ညစ်နေကြရသည်။

သွေးစစ်တော်များအပြင်၊ မိသားစုအကြီးအကဲများစွာလည်း သေဆုံးခဲ့ရသည်။

အကြီးအကဲချုပ်ဖြစ်သော ရန်ကျန်းပင်လျှင် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များ၏ လက်၌ သေဆုံးခဲ့ရသည်။

ထိုဘေးကပ်ဆိုးကြောင့် ရန်မိသားစု၏ အဆင့်မြင့် ပညာရှင် တစ်ဝက်လောက် သေဆုံးသွားခဲ့ရပြီး ရန်မိသားစု၏ အင်အားလည်း သိသိသာသာကို ထိုးကျသွားခဲ့ရသည်။

ရန်မိသားစုသာမက၊ မိသားစုကြီးရှစ်ခုစလုံး ထိုကံကြမ္မာနှင ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် ဝူကျုန်းသည် သူ့ခွန်အားအပေါ် အပြည့်အဝ ယုံကြည်ချက်ရှိနေသည့်အတွက် ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်ခြင်းမျိုး မလုပ်ခဲ့ချေ။ ဗဟိုမြို့တော်မှ ကျင့်ကြံသူများမှာ သူ့လက်အောက်ငယ်သားများကို လုံးဝ ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု အပြည့်အဝ ယုံကြည်ထားသည့်ပုံပင်။ ပထမတစ်ကြိမ် နမူနာအဖြစ် သတ်ဖြတ်ပြလိုက်ပြီးနောက် မိသားစုကြီးများမှ ပညာရှင်များစွာ၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ပစ်လိုက်သည်။

ဝူကျုန်း၏ ရည်ရွယ်ချက်သည် ဤလောကကြီးမှ လူများကို ကျွန်အလုပ်သမားအဖြစ် ပြန်လည် ခေါ်ဆောင်သွားရန်ပင်။ ဟိုရောက်လျှင် အလုပ်သမားအဖြစ်ပဲ ခိုင်းခိုင်း၊ ကျွန်အဖြစ်ပဲ ပြန်၍ ရောင်းချရောင်းချ၊ ကြိုက်သလို အသုံးချ၍ ရပေသည်။

ထိုအကြောင့်ပဲ မိသားစုကြီးရှစ်ခုစလုံး အမြတ်ပြတ် မသုတ်သင်ခံရခြင်း ဖြစ်ပေသည်။

“ကိုးယောက်မြောက်ညီလေး၊ ဝူကျုန်းက အရမ်း အားကောင်းလွန်းတယ်။ မင်းခေါ်လာတဲ့ လူတွေက သူ့ကို တကယ်ပဲ ယှဉ်တိုက်နိုင်မှာလား” ရန်ကျောင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“အင်း၊ လူတစ်ယောက်အနေနဲ့ ဒီလောက်အထိ‌ ကြောက်ဖို့ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး” အကြီးအကဲအချို့က ရေရွတ်လိုက်သည်။

“ဝူကျုန်းကို ပူနေတာလား။ အင်း၊ ဘာပဲဖြစ်ဖြစ်လေ၊ လူဆိုတာ ကိုယ်တိုင်မြင်ရမှပဲ ယုံကြည်ကြတာကိုး” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် တစ်ဖက်ဆီ လှမ်းကြည့်လိုက်သည်။ ခဏအကြာ၌ ခေါင်းညိတ်လိုက်ပြီး “သူတို့ပြန်လာပြီ”

“ဘယ်သူပြန်လာတာလဲ” ရန်ကျောင်း စိတ်ရှုပ်သွားခဲ့သည်။

အဓိကခန်းမအတွင် မိန်းမလှလေးတစ်ယောက် ပေါ်လာခဲ့သည်။ သူမတစ်ကိုယ်လုံး အေးစက်စက် ရေခဲအရှိန်အဝါဖြင့် လွှမ်းခြုံထားခဲ့လေသည်။ ထိုအမျိုးသမီးမှာ အခြားမဟုတ်၊ ဟန်ဖေးပင် ဖြစ်သည်။

သွေးချင်းနီနေသည့် ခေါင်းတစ်လုံးကို ကိုင်လျက် ခန်းမထဲသို့ တိုက်ရိုက်လျှောက်ဝင်သွားလိုက်ပြီး ခေါင်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ ရန်ကိုင်ကို ဦးညွှတ်လိုက်သည်။

“သခင်ပြောတဲ့အတိုင်း လုပ်လာခဲ့ပါပြီ”

“ကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ခန်းမထဲရှိ အားလုံး၏ အကြည့်သည့် ဟန်ဖေး ပစ်ချလိုက်သည် ခေါင်းဆီသို့ ရောက်သွားခဲ့သည်။ သို့သော် ထိုခေါင်းကို မြင်လိုက်သည်နှင့် အကုန်လုံး မျက်လုံးပြူးသွားပြီး ရန်ကျောင်းဆိုလျှင် ထိုင်ရာမှပင် ထခုန်၍ အလန့်တကြား အော်ပြောတော့လေသည် “ဝူကျုန်းပဲ”

“သူတကယ်ကြီး သေသွားတာလား”

“ကောင်းတယ်၊ ကောင်းတယ်” ရန်မိသားစုဝင်များစွာ၏ မျက်လုံးများ ဝင်းပသွားခဲ့ပြီး ပျော်ရွှင်အူမြူးသွားခဲ့ကြသည်။

ထို့နောက် ဟန်ဖေးအား လေးစားအားကျ၊ ကျေးဇူးတင်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ယခုမတိုင်အချိန်က၊ လီရုန်ပေါ်လာပြီး ဝူကျုန်းခေါ်လာသော ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ ထို့အတွက်ကြောင့် လီရုန်အား ကျေးဇူးတင်ခဲ့သည်။ သို့သော်လည်း သူတို့အမြင်အရ ထိုအနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များသည် ဘယ်လိုသေမှန်းမသိ သေသွားကြခြင်း ဖြစ်သည်။ လီရုန် လှုပ်ရှားလိုက်သည်ကို မမြင်သဖြင့် လီရုန် မည်မျှ အားကောင်းမှန်း သူတို့မသိကြချေ။

သို့သော် ဝူကျုန်းခေါင်းကို ပြန်သယ်လာသော ဟန်ဖေးကို မြင်ပြီးနောက် ထိုရေခဲနတ်သမီးလေး မည်မျှ အားကောင်းမှန်း အကုန်လုံး နားလည်သွားလိုက်သည်။

ထိုအခိုက်အခန့်၌ သူတို့ကိုယ်သူတို့ အိမ်မက်များ မက်နေသလား၊ ပုံရိပ်ယောင်တွေများ မြင်နေရသလားဟု ခန်းမထဲရှိလူအားလုံး မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ တော်တော်များများသည် ထိုင်ရာမှပင်ထကာ ဝူကျုန်းခေါင်းကို အနီးကပ် သွားစစ်ဆေးကြလေသည်။

ဝူကျုန်းခေါင်းသည် အစစ်ဖြစ်မှန်း သိလိုက်ရပြီးနောက် အကုန်လုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။

“ကိုးယောက်မြောက်ညီလေး၊ ဒီအမျိုးသမီးတွေက…” ရန်ကျောင်းအာက ဟန်ဖေးအား တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

“ကျွန်မတို့က သခင့်ရဲ့ လက်အောက်ငယ်သားတွေပါ” ဟန်ဖေးက အားလုံး နားလည်မှုမလွဲသွားစေရန် ချက်ချင်းပဲ ရှင်းပြလိုက်သည်။

“အောက်ငယ်သားတွေလား…” ရန်ကျောင်းမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

ကိုးယောက်မြောက်ညီလေးအကြောင်း သတင်း မကြားရသည်မှာ ဆယ်နှစ်ကျော်နေခဲ့လေပြီ။ သို့သော် ရုတ်တရက် သူပြန်လာသည့်အခါ မယုံနိုင်လောက်အောင် အားကောင်းလှသော လက်အောက်ငယ်သားများကို ခေါ်လာပြီး သူတို့ကို နယ်မြေကို ကျူးကျော်လားသည့် ပြိုင်ဘက်ကင်း ရန်သူများကို တစ်ခါတည်း သုတ်သင်ရှင်းလင်းပစ်သွားခဲ့သည်။

ရန်မိသားစုခေါင်းဆောင်ဖြစ်သော သူ့မှာမူ ဘာမှမလုပ်နိုင်ဘဲ သူ့မိသားစုဝင်များအား ရန်သူများ သတ်သည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ထိုင်ကြည့်နေခဲ့ရသည်။ နှစ်ယောက်သားကြားရှိ ကြီးမားလှသော ကွာခြားချက်ကြောင့် ရန်ကျောင်း စိတ်ဓါတ်ကျချင်သွားခဲ့သည်။

“ကောင်းတယ်။ အဲ့အမျိုးသမီးနှစ်ယောက် ရှိနေမှတော့ ငါတို့ရန်မိသားစု နောက်ထပ် အနိုင်ကျင့်ခံရတော့မှာ မဟုတ်ဘူး”

“ဟုတ်သားပဲ။ ကိုးယောက်မြောက်ညီလေး၊ မင်းဒီမှာနေဖို့ ပြန်လာခဲ့တာမလား”

ညီအစ်ကိုအစ်ကိုလုံး ရန်ကိုင်အား ကြည့်လိုက်ကြသည်။

သို့သော် ရန်ကိုင်က ခေါင်းသာခါလိုက်လေသည်။

ရန်ကိုင်ဘေးနားတွင် ထိုင်နေသော ဒေါင်စုကျု၏ မျက်နှာ ချက်ချင်း ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်လက်မောင်းကို အလိုလို ဆုပ်ကိုင်လိုက်၍ မျက်ရည်ချူတော့လေသည် “ကိုင်အား၊ သားထပ်ပြီး ထပ်သွားဖို့ လုပ်ပြန်တာလား”

ရန်ကိုင်က ပြုံးသာပြုံး၍ “သားသွားရမယ် အမေရဲ့။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သားတစ်ယောက် ထွက်သွားမှာ မဟုတ်ဘူး။ အမေတို့ကိုပါ တစ်ခါတည်း ခေါ်သွားမှာ”

“ငါတို့ပါ အတူလိုက်ရမှာလား” ရန်ကျောင်း မျက်မှောင် ကြုံ့သွားခဲ့သည်။

“ဟုတ်တယ်။ အားလုံးကို ငါနဲ့အတူ ထုန်းရွှမ် လောကကြီးဆီ လိုက်ခဲ့စေချင်တယ်”

ခန်းမတစ်ခုလုံး ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။ ဗဟိုမြို့တော်သည် သူတို့၏ မွေးရပ်မြေဖြစ်သလို သူတို့ ဘိုးဘေးများ မွေးဖွားခဲ့ရာ နေရာလည်းဖြစ်သည်။ ယခု ရန်ကိုင်သည် သူတို့အား ဤနေရာမှ စွန့်ခွာပါဟု ပြောလာခဲ့လေပြီ။ သူတို့ မတုန့်ဆိုင်းဘဲ နေမည်လား။

အားလုံးရင်ထဲ မည်ကဲ့သို့ ခံစားနေရသည်ကို နားလည်သည် ဖြစ်လေရာ ရန်ကိုင်က မတ်တပ်ရပ်၍ ထပ်ပြောလိုက်သည် “အရင်တုန်းက ကျုပ်တို့ရန်မိသားစုက မိသားစုကြီးရှစ်ခုထဲမှာ အားအကောင်းဆုံး မိသားစုတစ်ခုပဲ။ ဒီလောကကြီးရဲ့ အားအကောင်းဆုံး အင်အားစုတစ်ခုပေါ့။ ဒါပေမယ့် အခြေအနေက မတူတော့ဘူး။ အခုဆိုရင် ထုန်းရွှမ်လောကကြီးနဲ့ ဒီနေရာက ဆက်သွားပြီ။ ဒီတစ်ကြိမ် ဝူကျုန်းရောက်လာတယ်။ နောက်တစ်ကြိမ်ကျ အခြားတစ်ယောက် ရောက်လာလိမ့်မယ်။ နောက်ထပ်ရောက်လာတဲ့လူက သူ့ထက်တောင် ပိုဆိုးရင် ဆိုးနေနိုင်သေးတယ်။ ဗဟိုမြို့တော်က လုံခြုံတဲ့ နေရာတစ်ခု မဟုတ်တော့ဘူး”

“လူတွေထပ်ပြီး ရောက်လာမှာလား” အကုန်လုံး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ ယခုမှပဲ တကယ့် အစစ်အမှန် အခြေအနေကို သူတို့ နားလည်သွားတော့သည်။

ဝူကျုန်းသေသည်နှင့် ကိစ္စအားလုံး ကင်းရှင်းသွားမည်ဟု ထင်ထားခဲ့သော်ငြား ထင်သည့်အတိုင်း မဟုတ်သည်ကို ယခုမှပဲ သူတို့ နားလည်သွားခဲ့သည်။

ရန်ကိုင် ပြောသည့်အတိုင်းသာ ဆိုပါက ဤနေရာသည် တစ်ဖက်လောကကြီးရှိ လူများ၏ အမြင်တွင် အသားတုံးကြီး တစ်တုံး ဖြစ်နေပေပြီ။

“အဲ့လိုဆိုရင်တော့ ဒီအတိုင်း ထိုင်နေလို့ မဖြစ်တော့ဘူး” ရန်ကျောင်းအမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး ခဏလောက် စဉ်းစားတွေးတောလိုက်သည်။ ထို့နောက် ရန်ကိုင်အား ရုတ်တရက် လှမ်းကြည့်၍ “ကိုးယောက်မြောက်ညီလေး၊ ငါနည်းနည်းလောက် မေးလို့ရမလား”

“မေးလေ”

“ငါတို့သာ ဗဟိုမြို့တော်ကနေထွက်ပြီး မင်းနောက်လိုက်ခဲ့ရင် ငါတို့လုံခြုံရေးကို မင်းအာမခံပေးနိုင်မှာလား။ ငါ့တို့ကိုယ်ငါတို့ နှိမ့်ချနေတာမဟုတ်ဘူး။ ဒီတစ်ကြိမ် ကိစ္စပြီးတဲ့ နောက်ပိုင်း ငါတို့ဘယ်လောက်တောင် အားနည်းနေမှန်း ငါတို့နားလည်သွားပြီ”

“သေချာတာပေါ့။ အဲ့ဘက်မှာ ငါအာဏာရှိပြီးသား။ အားလုံးရဲ့ လုံခြုံရေးကို အာမခံပေးနိုင်တယ်”

ရန်ကျောင်းအမူအရာ တောက်ပသွားခဲ့ပြီး ဆက်မေးလိုက်သည် “ငါတို့အတွက် နေစရာကော။ ငါတို့ အခြေချလို့ရမယ့် နေရာတစ်ခုခုလေ”

“ရှိတယ်။ အားလုံးအတွက် နေစရာ ကြိုပြင်ထားပြီးသား။ အဲ့ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး”

ရန်ကျောင်းက ထပ်မေးလိုက်ပြန်သည် “အခြား အရင်းအမြစ်တွေရော။ ဒီနေရာမှာဆိုရင် ငါတို့ဘာသာငါတို့ ရှာလို့ရတယ်။ ဘာလို့လဲဆိုတော့ မွေးကတည်းက ဒီနေရာမှာ နေလာတာဆိုတော့ ဒီနေရာနဲ့ ရင်းနှီးတယ်။ ဟိုဘက်ကျရင် ငါတိုဘာမှလုပ်တတ်တော့မှာ မဟုတ်ဘူး။ ငါတို့ ကျင့်ကြံဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကိုပဲ မင်းပဲ ပေးရတော့မှာနော်”

ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “အခု ငါ့အတွက် မရှားဆုံးက ကျင့်ကြံခြင်း အရင်းအမြစ်တွေပဲ။ သလင်းကျောက်လား၊ ရှိပြီးသား။ စိတ်ဝိဥာဉ်အဆင့် ဆေပင်တွေလား၊ သူတော်စင်အဆင့် ဆေးပင်တွေလား၊ မင်းစိတ်ကူးနိုင်တာထက် အများကြီး ပိုရှိပြီးသား။ အဲ့ဘက်ရောက်ရင် ကျင့်ကြံဖို့ အရင်းအမြစ် မရှိမယ့်ကိစ္စကို နည်းနည်းလေးတောင် စိတ်ပူနေစရာမလိုဘူး”

ခန်းမထဲတွင်ရှိနေသူ အကုန်လုံး မှင်သက်နေခဲ့ကြသည်။

တုဖုန်းက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “သခင်ငယ်လေး၊ စိတ်ဝိဥာဉ်အဆင့်ကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် သူတော်စင်အဆင့်ဆိုတာ ဘာလဲ”

“စိတ်ဝိဥာဉ်အဆင့်ပေါ်က အဆင့်လေ” ရန်ကိုင်က ရှင်းပြလိုက်လေသည်။

“သလင်းကျောက်ကကော” တန်ယုရှန်းက ဝင်မေးလိုက်သည်။

“ရော့၊ ကြည့်ကြည့်လိုက်။ အဲ့ဒါက သလင်းကျောက်ပဲ” ရန်ကိုင်က တန်ယုရှန်းဆီ သလင်းကျောက်တစ်တုံး ပစ်ပေးလိုက်သည်။ တန်ယုရှန်းမှ ထိုလက်မအရွယ် သလင်းကျောက်တုံးလေးကို ဖမ်းလိုက်ပြီးနောက် သွေးစစ်သည်တော် အားလုံး သူမနားတွင် စုပြုံလာကြလေသည်။ တကယ့် လောကကို တစ်ခါမှ မမြင်ဖူးသော တောသား တစ်သိုက်ပမာ သလင်းကျောက်ကို မြင်လိုက်ရသည့်အခါ အကုန်လုံး အံ့ဩသွားခဲ့ကြရသည်။

“ဘုရားရေ၊ ဒါလေးထဲမှာ သန့်စင်တဲ့စွမ်းအင်တွေ အများကြီးပါလား”

“ဒါတွေကို စုပ်ယူပြီး အစစ်အမှန်ချီအဖြစ် ပြောင်းလို့ရတယ်ကွ”

“ငါတို့မှာသာ ဒါတွေရှိနေရင် တိုက်ခိုက်နေရင်း အားပြန်ဖြည့်နေလို့ရပြီ”

သလင်းကျောက်သည် သွေးစစ်သည်တော်များအတွက် အထူးအဆန်း ဖြစ်နေခဲ့ကြသည်။

“အင်း။ ဒီနေရာရဲ့ မိုမြေစွမ်းအင်ဆိုရင်လည်း ဟိုဘက်လောက် သိပ်သည်းတာ မဟုတ်ဘူး။ ဒီဘက်က ကျင့်ကြံလို့ အကောင်းဆုံး နေရာတောင် ဟိုဘက်က သာမန်နေရာတစ်ခုကို မှီတာမဟုတ်ဘူး။ ဒါကြောင့်ပဲ အဲ့ဘက်က ကျင့်ကြံသူတွေက ဒီကလူတွေထက် အများကြီး ပိုအားကောင်းနေတာ”

ရန်ကိုင်က ထုန်းရွှမ်လောကကြီးအကြောင်းကို တစေ့တစောင်း ရှင်းပြလိုက်သည်။ ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ရန်မိသားစုဝင်၏ မျက်လုံးများ တောက်ပသွားခဲ့ရသည်။

ပို၍သိပ်သည်းသော မိုးမြေစွမ်းအင်၊ အန္တရာယ်ကင်းမှု၊ ကြွယ်ဝသော အရင်းအမြစ်များ၊ သက်သောင့်သက်သောင့် ရှိသော နေစရာပတ်ဝန်းကျင်… ရန်ကိုင်သည် သူတို့ လိုအပ်မည့် အရာအားလုံးကို ပြင်ဆင်ထားပေသည်။ သူတို့ အနေဖြင့် ဘာမှ လုပ်စရာမလို၊ လိုက်သွားရုံလေးသာ။

“မလိုက်ချင်လည်း ဘာမှမဖြစ်ဘူးနော်။ ကျုပ်အတင်း တိုက်တွန်းနေမှာ မဟုတ်ဘူး။ နေချင်နေခဲ့လို့ရတယ်” ရန်ကိုင်က ဆက်ပြောလိုက်သည် “ဒီမှာကျန်ခဲ့ချင်တဲ့ လူရှိရင်လည်း ဘာမှသိပ်ကိစ္စမရှိဘူး။ လူတိုင်းက ဝူကျုန်းလို မုန်းစရာကောင်းတဲ့ လူတွေမှမဟုတ်တာ။ ခင်ဗျားတို့ကို လာပြီး ဗိုလ်ကျမယ့် ကျင့်ကြံသူတွေ ရောက်မလာမှာလည်း ဖြစ်နိုင်တာပဲ။ လိုက်မယ်၊ မလိုက်ဘူး ဆိုတာကိုတော့ ခင်ဗျားတို့ပဲ ဆုံးဖြတ်ပေါ့”

“ကျွန်မရဲ့ ချူမိသားစုလည်း လိုက်ချင်လို့၊ သခင်ငယ်လေး ကျွန်မတို့ကိုပါ အတူခေါ်သွားပေးလို့ရမလား” အပြင်ဘက်မှ သာယာချိုမြသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ဝင်ပေါက်ဆီ လှမ်းကြည့်လိုက်သည်။

ကျော့ရှင်းကျက်သရေရှိလှသော မိန်းမလှလေးတစ်ယောက် အထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ မျက်ဝန်းလှလှလေးများမှာ ရန်ကိုင်ပေါ်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့ပြီးသည်နှင့် သူမ၏ နှုတ်ခမ်းပါးလေးများကို ယဲ့ယဲ့လေး တွန့်ကွေးလိုက်သည်။ တည်ငြိမ်ချင်ယောင် ဆောင်နေသော်လည်း သူမ စိတ်လှုပ်ရှား၊ ပျော်နေသည်ကို အကုန်လုံး သတိပြုမိပေသည်။

“ချူမိသားစုခေါင်းဆောင်လား၊ ကြိုဆိုပါတယ်၊ လာထိုင်ပါဦး” ရန်ကျောင်းက ချက်ချင်း ထနှုတ်ဆက်လိုက်သည်။

“အလှလေး၊ မတွေ့ရတာတောင် ကြာပြီနော်” ရန်ကိုင်လည်း ထိုင်ရာမှထ၍ ထိုမိန်းကလေးကို နှုတ်ဆက်လိုက်သည်။

ချူရီမန်…

ယခင်အကြိမ်ကကဲ့သို့ပင်၊ ချူရီမန်သည် သူမ တစ်မိသားစုလုံးကို ရန်ကိုင်လက်ထဲသို့ ယုံယုံကြည်ကြည်နှင့် တုန့်ဆိုင်းခြင်းမရှိ အပ်နှင်းလိုက်ပြန်သည်။

“အင်း၊ တကယ်ကြာသွားပြီ” ချူရီမန်၏ မျက်ခမ်းလေးများ တဆတ်ဆတ်လှုပ်ခါသွားခဲ့ပြီး ခါးသီးနေသည့် အမူအရာတို့ သူမ၏ မျက်နှာထက် ရိပ်ခနဲဖြစ်သွားခဲ့သည်။ သို့သော် သူမကိုယ်သူမ ချက်ချင်းပဲ ပြန်ထိန်းကာ နှုတ်ဆက်လိုက်သည်။

“မိန်းကလေးလော့ပါလား” ထို့နောက် ရန်ကိုင်က ချူရီမန် ဘေးတွင် ရပ်နေသော မိန်းကလေးကို နှုတ်ဆက်လိုက်သည်။

ထိုရင်သားကြီးကြီးနှင့် မိန်းကလေးသည် ချူရီမန်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော ခရမ်းဖန်းတောင်ကြားမှ လော့ရှောင်မန် ဖြစ်ပေသည်။

ဆယ်နှစ်ကြာသွားသည့်တိုင် ရန်ကိုင်မြင်လျှင် ကြောက်သည့် စိတ်မှာ မပျောက်သေးချေ။ ရန်ကိုင်အား နှုတ်ဆက်သည့် အနေဖြင့် ခေါင်းတစ်ချက်သာ ညိတ်လိုက်ပြီး ချူရီမန်နောက် ချက်ချင်း ပြန်ပြေးပုန်းလေသည်။

ဘာကြောင့်မှန်းမသိ၊ ရန်ကိုင်ကို မြင်လိုက်တိုင်း၊ တိမ်မိစ္ဆာနယ်မြေမှ အဖြစ်အပျက်တစ်ခုကို ပြန်ပြန်သတိရမိသည်။ ရန်ကိုင်အား သူမနှင့် ချူရီမန်တို့ သွားတွေ့ချိန်၊ ပီလော့ဆိုသော မိန်းကလေး ရန်ကိုင် အခန်းထဲမှ ထွက်လာသည့် အချိန်နှင့် သွားကြုံကြိုက်ခဲ့လေသည်။ ထိုစဉ်က ပီလော့၏ နှုတ်ခမ်း ထောင့်စွန်းတွင် နို့နှစ်ရောင်အရည်များ ကပ်ပေနေသည်ကို သူမ သေချာသတိပြုမိခဲ့သည်။ ထိုမြင်ကွင်းကို ယခုထိတိုင် ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ။ ရန်ကိုင်ကို မြင်လိုက်တိုင်း ထိုအကြောင်းကိုသာ ပြန်ပြန် မြင်ယောင်မိသည်။

“ကျွန်မရဲ့ ချူမိသားစုလည်း လိုက်ချင်လို့၊ သခင်ငယ်လေး ခွင့်ပြုပေးလို့ရမလား” ချူရီမန်က ရန်ကိုင်အား လေးလေးနက်နက် စိုက်ကြည့်ရင်း မေးလိုက်သည်။

“ရတာပေါ့။ မရဘဲနေမလား။ အပြင်လူတွေမှ မဟုတ်တာကို” ရန်ကိုင်က ပြုံးလိုက်ပြီး “အစကတည်းက ရန်မိသားစု တစ်ခုတည်းကို ခေါ်သွားဖို့ စီစဉ်ထားတာမှ မဟုတ်တာ။ မိန်းကလေးချူကပါ လိုက်ချင်တယ် ဆိုမှတော့ ပိုကောင်းသွားတာပေါ့”

“ဟွန့်၊ အသိစိတ်လေးတော့ ရှိသေးသားပဲ” ချူရီမန်က ရန်ကိုင်အား ဒေါတသကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အမူအရာလေး ပြေလျော့သွားခဲ့ပြီး ချက်ချင်းဆိုသလို တခစ်ခစ်ထရယ်မောလေသည်။ သူမ၏ ဆည်းလည်းသံကဲ့သို့ ချိုသာသော ရယ်သံလေးကြောင့် ခန်းမတစ်ခုလုံး တစ်ဖန်ပြန်လည် ရွှင်ရွှင်မြူးမြူး ဖြစ်သွားခဲ့ရသည်။

“သခင်လေးရန် ပြန်လာတယ်ဆို၊ တကယ်ပဲလား”

ချူရီမန်ရောက်ပြီး မကြာခင်မှာပဲ၊ အပြင်ဘက်မှ စိတ်လှုပ်ရှားနေသည့် အော်ဟစ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ အသံပျောက်ကွယ်သွားသည်နှင့် ခန်းမထဲသို့ ဟော်ရှင်းချန် ရုတ်တရက် ပြေးဝင်သွားခဲ့ပြီး ဟိုကြည့်၊ ဒီကြည့် လုပ်ကာ အော်မေးလိုက်သည် “သခင်လေးရန် ဘယ်မှာလဲ”

ထို့နောက် မနီးမဝေးတွင် ရပ်နေသော ရန်ကိုင်ကို မြင်သွားသည်နှင့် သူ့ဆီသို့ ချက်ချင်း ပြေးသွားလိုက်ပြီး အားပါးတရ ဖက်၍ သူ့ကျောပြင်ကို ခပ်ကြမ်းကြမ်း ပုတ်လိုက်ရင်း “မင်းပြန်လာတာ တကယ်ကောင်းတယ်ကွာ။ မင်းမရှိတော့ ချူရီမန်မှာ အမြဲကို ငေးငေးငိုင်ငိုင် ဖြစ်နေတာကွ။ အမြဲတမ်း အထီးကျန်နေတာလေ”

ချူရီမန်၏ မျက်နှာလှလှလေး ချက်ချင်းဆိုသလို ရေခဲတမျှ အေးစက်သွားခဲ့ပြီး အံကြိတ်၍ “ဟော်ရှင်းချန်၊ နင့်လျှာ ဖြတ်ပစ်ခံချင်နေတာလား”

ဟော်မိသားစု၏ သခင်လေး ကိုးယိုးကားယား အမူအရာဖြင့် ရယ်မောလိုက်ပြီး ရန်ကိုင်အား လွှတ်ပေးလိုက်ကာ “ငါ့ရောင်းရင်းကြီးကို လွမ်းလိုက်တာကွာ”

“ဆယ်နှစ်လောက် မတွေ့လိုက်ရတာနဲ့ မင်းဘယ်လိုတောင် နောက်ကျကျန်ရစ်ခဲ့ရတာလဲကွ” ထိုရင်းနှီးနေသော မျက်နှာကို မြင်လိုက်သည့်အခါ ရန်ကိုင်လည်း ပြုံးလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၅)

အမွေခံတိုက်ပွဲအတွင်း ရန်ကိုင်နောက်သို့ လိုက်ခဲ့သူအားလုံး အကျိုးအမြတ်များစွာ ရခဲ့ကြသည်။ စီနီယာမမလေး ရှနင်းချန်သည် ဆေးပေါင်းရည်နှင့် ဆေးပင်များစွာကိုရော၌ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး အရည်အချင်းကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ဆေးရေကန်တစ်ကန်ကို ဖန်တီးပေးခဲ့သည်။

ဟော်ရှင်းချန်၊ ချူရီမန်နှင့် အခြားအရေးပါသော လူများမှာမူ ပို၍ပင် အမြတ်ထွက်ခဲ့ကြသေးသည်။

ထို့ကြောင့် သူတို့၏ အနာဂတ်မှာ အတော်လေးကို ဖြောင့်ဖြူးသွားပြီဟု ဆို၍ရပေသည်။ ဗဟိုမြို့တော်တွင် နေလျှင်ပင် မသေမျိုးအဆင့်သို့ ကျိန်းသေ ချိုးဖျက်နိုင်ပေလိမ့်မည်။

ဆယ်နှစ်ကြာပြီးနောက် ချူရီမန်သည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီး ဟော်ချင်းချန်မှာမူ အဆင့်ခြောက်တွင်သာ တစ်နေခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်လည်း အတော့်ကိုမှ အံ့အားသင့်နေခဲ့ရသည်။

ဟော်ရှင်းချန်၏ ကျင့်ကြံခြင်း ဘာကြောင့် ထိုမျှ နောက်ကျ ကျန်ရစ်နေမှန်း သူလုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်စကားကို ကြားလိုက်သည့်အခါ အခန်းထဲတွင် ရှိနေသူအားလုံး ပြုံးစိပြုံးစိ ဖြစ်သွားကြသည်။

ချူရီမန်ပင်လျှင် မရယ်မိအောင် သူမပါးစပ်လေးကို လက်ဖြင့်အုပ်၍ အတင်းချုပ်တည်းနေခဲ့ရသည်။

ဟော်ရှင်းချန်က အရမ်းကိုမှ ခါးသီး၊ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ငါဘယ်လောက်တောင် ကံဆိုးခဲ့လဲဆိုတာကို မင်းမသိလို့ပါကွာ သခင်လေးရန်ရာ…”

ပြောပြီးသည်နှင့် သူ့ဇာတ်ကြောင်းကို ချက်ချင်း စပြောပြတော့လေသည်။

ဟော်ရှင်းချန် ပြောသည်ကိုနားထောင်ရင်း ရန်ကိုင် အမူအရာ ပိုပို၍ ကိုးယိုးကားယား ဖြစ်လာခဲ့ရသည်။

ဟော်မိသားစုသည် ဗဟိုမြို့တော်၏ မိသားစုကြီးရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် ယခင်မိသားစုခေါင်းဆောင် ဟော်ကျန်းတွင် ဟော်ရှင်းချန်ဟုခေါ်သော သားတစ်ယောက်သာရှိပြီး အဖိုးတန် ရတနာတုံးများအဖြစ် တယုတယ ကျွေးမွေးပြုစုထားသော သမီးများစွာ ရှိပေသည်။

ဟော်ရှင်းချန် မိသားစုခေါင်းဆောင်နေရာကို ဆက်ခံလိုက်ပြီးနောက်၊ ဟော်မိသားစု အကြီးအကဲများသည် ယခင်မိသားစုခေါင်းဆောင်ကြောင့် သင်ခန်စားတစ်ကြိမ် ရခဲ့ပြီသွားပြီဖြစ်လေရာ ဟော်ချင်းရှန် မိသားစုခေါင်းဆောင် ဖြစ်လာသည်နှင့် သူ့နေရာကို ဆက်ခံမည့် အမွေခံ လုံလုံလောက်လောက် ရှိစေရေးအတွက် လက်ထပ်ပွဲများ တစ်ခုပြီးတစ်ခု စီစဉ်ပေးတော့လေသည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်း ဟော်မိသားစုသည် ဟော်ရှင်းချန်အား မိန်းမ ဆယ်ယောက်ကျော် ပေးစားခဲ့သည်။ အကြီးအကဲများ၏ တွန်းအားပေး၊ ခြိမ်းခြောက်မှုကြောင့် ဟော်ရှင်းချန်းမှာ ဟော်မိသားစု ကျယ်ပြန့်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားပေးခဲ့ရလေသည်။

‘မြောက်မြားလှစွာသော’ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနေရသဖြင့် ဟော်ချန်း အနေဖြင့် ကျင့်ကြံဖို့ အချိန်မရှိသလို အရမ်းလည်း မောပန်းခဲ့ရသည်။ ထို့ကြောင့် သူ့ကျင့်ကြံခြင်း တိုးတက်မလာသည်မှာ မထူးဆန်း။

“ဟူး…၊ အကုန်လုံးကို ပြန်ရေတွက်ကြည့်လိုက်ရင် ဒီသခင်လေးမှာ စုစုပေါင်း မယားနဲ့ကိုယ်လုပ်တော် (၁၅)ယောက်တောင် ရှိတာကွ” ဟော်ရှင်းချန်က နာကျင်နေသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်ပြီး သူ့ပခုံးကိုဖက်ကာ ငိုတော့လေသည် “အခွင့်အရေးရရင် ငါမင်းကို သူတို့တွေနဲ့ မိတ်ဆက်ပေးမယ်။ အကုန်လုံး အလှလေးတွေ ဆိုပေမယ့် (၁၅)ယောက် တစ်ယောက်လေကွာ။ ငါဘယ်လိုလုပ်ပြီး ပြန်တိုက်နိုင်တော့မှာလဲကွ”

ရန်ကိုင်အား ဟော်ရှင်းချန်အား ဂရုဏာသက်စွာ စိုက်ကြည့်လိုက်သည်။ သို့သော် ဘာပြန်ပြော၍ ပြောရမှန်းမသိ၊ အချိန်အတော်ကြာသွားပြီး နောက်ဆုံး၌ “ငါလည်း မင်းကိုယ်စား ဝမ်းနည်းမိပါတယ်ကွာ…”

ခန်းမထဲတွင် ရှိနေသူအားလုံး ပွဲကျသွားခဲ့သည်။

ရန်ကိုင်ပြန်လာသည့်သတင်း ပြန့်သွားသည့်ပုံပင်။ ချူရီမန်နှင့် ဟော်ရှင်းချန်တို့ ရောက်ပြီး မကြာခင်မှာဘဲ မိသားစုကြီးရှစ်ခုမှ အခြားမိသားစုခေါင်းဆောင်များ ရောက်လာခဲ့ကြသည်။

မန်မိသားစုခေါင်းဆောင် မန်ရှန်းရီ၊ လျူမိသားစုခေါင်းဆောင် လျူချင်းယောင်၊ ခန်မိသားစုခေါင်းဆောင် ခန်ကျန်း၊ ကောင်းမိသားစုခေါင်းဆောင် ကောင်းရန်ရှန်း၊ ရီမိသားစုခေါင်းဆောင် ရီကျင်းလီ…

ထိုလူငါးယောက်အနက် မန်ရှန်းရီနှင့် လျူချင်းယောင်ကိုသာ ရန်ကိုင် နည်းနည်းပါးပါး ရင်းနှီးပေသည်။ ကျန်သုံးယောက်နှင့်မူ စကားပင် ပြောခဲ့ဖူးရဲ့လား မသေချာ။

ရန်ကိုင် ပြန်ရောက်လာပြီး ကျူးကျော်သူ အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်သားများကို ရှင်းထုတ်ပစ်လိုက်သည့် သတင်း ကြားလိုက်သည်နှင့် အကုန်လုံး တစ်ပြိုင်တည်း ရောက်ချလာခဲ့သည်။

ရန်မိသားစုကို ဗဟိုမြို့တော်မှ ထုန်းရွှမ်လောကကြီးဆီသို့ ခေါ်သွားချင်သည့်အကြောင်း သတင်းကြားလိုက်သည့်အခါ မိသားစုခေါင်းဆောင် ငါးယောက်စလုံး ချက်ချင်းလက်ငင်း ဆုံးဖြတ်မချနိုင် ဖြစ်ခဲ့ရသည်။

မိသားစုတစ်ခုကို ပြောင်းရွေ့မည့်ကိစ္စသည် သူတို့ တစ်ဦးတစ်ပါတည်း ဆုံးဖြတ်၍ ရသော ကိစ္စမဟုတ်ချေ။

သူတို့တွင်လည်း တွေးပူစရာများ ရှိနေပေသေးသည်။

အမွေခံတိုက်ပွဲအတွင်း၊ ဟော်မိသားစုနှင့် ချူမိသားစုသည် ရန်ကိုင်နှင့် အရင်းနှီးဆုံး ဖြစ်ကြပြီး ချူရီမန်နှင့် ဟော်ရှင်းချန်သည် ရန်ကိုင်ကို ပြိုင်ပွဲစသည့် အချိန်မှစ၍ ကူညီပေးခဲသည်။ ထို့ကြောင့် ရန်ကိုင်နောက်သို့ သူတို့ လိုက်သွားသည်မှာ အထူးအဆန်းမဟုတ်။ သို့သော် ကျန်းငါးယောက်အနက် အများစုမှာ အတိတ်တွင် ရန်ကိုင်အား ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။ ယခု လက်ရှိအခြေအနေသည် အပြောင်းကြီးပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ဘယ်လိုနေလို့ နေရမှန်း သူတို့မသိတော့ချေ။

ရန်ကိုင်က သူတို့အား ထုန်းရွှမ်လောကကြီးဆီ လိုက်မလားဟု ကမ်းလှမ်းခဲ့သည်။

အတိတ်တွင် ဖြစ်ခဲ့သည်များကိုမူ ရန်ကိုင် ဂရုမစိုက်တော့။ ထိုငါးယောက်ဟာလည်း သူ့မွေးရပ်မြေမှ လူများဖြစ်ကြသည်။ သူ့တို့အား ကူညီရန် သူ့အတွက် အပန်းမကြီးလေသဖြင့် ချက်ချင်း မေးလိုက်ခြင်းဖြစ်သည်။

သို့သော် မိသားစုငါးယောက်စလုံးမူ မိသားစု အကြီးအကဲများနှင့် အရင်ပြန်တိုင်ပင်လိုက်ဦးမည်ဟု ပြောကာ ထွက်သွားလေသည်။

သူတို့ငါးယောက် ထွက်သွားပြီးနောက် ကောင်းကောင်းပင် မနားရသေးခင်မှာဘဲ လူတစ်အုပ်ပြီးတစ်ယောက် တောက်လျှောက် ရောက်လာခဲ့လေသည်။

လာရောက်လည်ပတ်သူအားလုံးသည် အမွေခံတိုက်ပွဲတွင် ရန်ကိုင်ဘက်မှ ဝင်ရောက်ကူညီပေးခဲ့ကြသော သူ့မိတ်ဆွေများ ဖြစ်ကြပေသည်။

ပန်းတစ်ထောင်နန်းတော်၏ ဟန်ရှောင်ချီ၊ ရီဟန်၊ လျူချင်းယုနှင့် ဟွာရို့ယင်။

ရေလခန်းမမှ ဖန်ကျန်းဟန်။

သန့်စင်နှလုံးသားနန်းတော်မှ ကျိုးဖန်း၊ လီရှင်းယွမ်။

လရောင်ပြန်ဂိုဏ်းမှ ချန်ယွဲ့ရှုနှင့် စုရှောင်းယု။

ရတနာဂိုဏ်းမှ ထောင်ရန်နှင့် ကျောင်းရုန်၊

တစ္ဆေဘုရင်တောင်ကြားမှ လန်ရှန်း၊ ချန်းရီနှင့် ချန်းရင်။

ထိုလူအားလုံးသည် ဗဟိုမြို့တော် ပြန်လည် တည်ဆောက်ရာ၌ ကူညီပေးခဲ့ကြသည်။ ရန်ကိုင် မရှိချိန် အတောအတွင်း အကုန်လုံးသည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကူညီပေးခဲ့ကြသည်။ နောက်ဆုံး ရန်ကိုင်ဘက်မှ ဝင်ရောက်ကူညီပေးခဲ့ကြသော လူငယ်လေးများသည် ရန်မိသားစုနှင့် ဗဟိုမြို့တော်မှ မိသားစုကြီးများနှင့် ဆက်ဆံရန် အတွက် သူတို့ အင်အားစုအသီးသီး၏ ကိုယ်စားပြုများ ဖြစ်လာခဲ့ကြသည်။

ကံကောင်းစွာဖြင့် မကြာသေးခင်က ဒုက္ခဘေးဆိုးကြီးအတွင်း သူတို့ထဲကဘယ်သူမှ ဒုက္ခမရောက်ခဲ့ကြချေ။ အကုန်လုံး အသက်ရှင်နိုင်ခဲ့သည်။

မိတ်ဆွေဟောင်းများစွာ ရောက်လာသဖြင့် ခန်းမတွင်းရှိ အခြေအနေမှာလည်း ရွှင်ရွှင်မြူးမြူး ဖြစ်လာသည်။ ပန်းတစ်ထောင် နန်းတော်မှ မိန်းမလှလေး လေးယောက်ဟာ ဆိုလျှင်လည်း မဟာအလှရှင်မလေးများ ဖြစ်လာခဲ့ကြလေပြီ။

အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ရန်ကိုင်က သူ့အစီအစဉ်ကို ရှင်းပြလိုက်သည်။ သူတို့ဂိုဏ်းဆီပြန်ပြီး အကြီးအကဲများကို ပြန်အကြောင်းကြားလိုက်မည်ဟု အကုန်လုံးက ပြန်ဖြေခဲ့ကြသည်။

သူတို့ထွက်သွားသည်နှင့် ရန်ကိုင်က ပြောလိုက်သည် “ဒုတိယအစ်ကိုတို့ လိုက်မလိုက်ကို မိသားစု အကြီးအကဲတွေနဲ့ အရင်ဆွေးနွေးလိုက်ဦး။ မြန်မြန်လေးတော့ ပြန်ပြောပေးနော်။ ငါဒီမှာ အကြာကြီးနေမှာ မဟုတ်ဘူး”

“ဘာမှဆွေးနွေးနေစရာ မလိုဘူး။ မင်းက အားလုံး စီစဉ်ပြီးဆိုမှတော့ ရန်မိသားစုကလည်း မင်းနောက် လိုက်မှာပေါ့” ရန်ကျောင်းက အလျင်စလို သဘောတူလိုက်သည်။

အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။ သဘောမတူသည့်လူ တစ်ယောက်မှမရှိ။ သွေးစစ်တော်များသည်လည်း စိတ်လှုပ်ရှား၊ ပျော်ရွှင်နေခဲ့ကြသည်။ သူတို့ သခင်ငယ်လေး နောက်သို့ နောက်တစ်ကြိမ် လိုက်ခွင့် ရခဲ့ပြန်လေပြီ။

“ကောင်းပြီလေ။ အဲ့လိုဆို အားလုံး ကြိုပြီး ထုပ်ပိုးထားလိုက်တော့။ အရေးအကြီးဆုံး ပစ္စည်းတွေကိုပဲ ယူလာဖို့ သူတို့တွေကို ပြောလိုက်ပါဦး ဒုတိယအစ်ကို။ ကျင့်ကြံရေး အရင်းအမြစ်တွေကိုတော့ ဒီမှာပဲ ချန်ထားခဲ့လိုက်လို့။ ဟိုကို ယူသွားရင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး” ပြောပြီးနောက် ချူရီမန်နှင့် ဟော်ရှင်းချန်ဘက် လှည့်လိုက်သည်။

ဟော်မိသားစု သခင်လေးက ချက်ချင်းပဲ ပြောလိုက်သည် “ချူရီမန် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ သူ့အတိုင်း ငါလိုက်လုပ်မှာ။ သူက ငါ့ထက် အမြင်ကောင်းတယ်”

“ငါလည်း ချူမိသားစုကို ထုန်းရွှမ်လောကကြီးဆီ ခေါ်သွားမယ်” ချူရီမန်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

ဟော်ရှင်းချန်က ပခုံးတွန့်လိုက်ပြီး “အဲ့လိုဆိုရင် ငါ့အိမ်က လူအိုကြီးတွေကို မြန်မြန် သွားပြင်ခိုင်းလိုက်တော့မယ်”

ပြောပြီးသည်နှင့် ခပ်မြန်မြန်ပဲ ထွက်သွားလေသည်။

“ငါတို့လည်း ပြင်ဆင်ထားရမယ်” ရန်ကျောင်းက ထရပ်လိုက်ပြီး ခန်းမထဲတွင် ရှိနေသော အခြား ရန်မိသားစုဝင်များကို အမိန့်ပေးလိုက်လေသည် “ကိုးယောက်မြောက်ညီလေး ပြောတာ ကြားတယ်မလား။ မင်းတို့ မချန်ရစ်ခဲ့တာတွေကိုယူခဲ့။ ကျန်တဲဟာတွေကို ထားခဲ့လိုက်”

“ဟုတ်ကဲ့ပါ” အကုန်လုံး တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြသည်။

ခန်းမထဲတွင် ရန်ကိုင်၊ လီရုန်၊ ဟန်ဖေး၊ ချူရီမန်နှင့် လော့ရှောင်မန်တို့သာ ကျန်တော့ပေသည်။

“သခင်၊ ကျွန်မတို့ အပြင်မှာ စောင့်နေမှာမို့လို့ လိုအပ်ရင် ခေါ်လိုက်နော်” လီရုန်က နှုတ်ခမ်းလေးကွေးလျက် ဟန်ဖေးနှင့်အတူ အခန်းထဲမှ အလိုက်တသိ ထွက်သွားလိုက်သည်။ ချူရီမန်ဆိုသော မိန်းကလေး ရန်ကိုင်အား ကြည့်သည့် အကြည့်ကို သူမ သတိမထားမိဘဲ နေပါ့မလား။

ထိုအကြည့်သည့် အချစ်မေတ္တာတို့ဖြင့် ထုံမွမ်းနေသည့်၊ အထီးကျန်နေသော မိန်းမပျိုလေးတစ်ယောက် သူမချစ်ရသည်ကို အချိန်အတော်ကြာအောင် စောင့်နေခဲ့ရသည့် အကြည့်မျိုးပင်။

သူမသီးသန့် ကျန်နေခဲ့ခြင်းသည် ရန်ကိုင်နှင့် တစ်ယောက်တည်း တွေ့ချင်သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

“အစ်မချူ၊ ကျွန်မ အရင်ပြန်နှင့်တော့မယ်နော်” လော့ရှောင်မန်က တိုးတိုးလေး ပြောလိုက်ပြီး လီရုန်နှင့် ဟန်ဖေးတို့နောက် လိုက်သွားလေသည်။

ခန်းမထဲတွင်သာ တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။ အကုန်လုံး ထွက်သွားသည့်တိုင် ချူရီမန်သည် စကားတစ်ခွန်းပင် မပြောဘဲ ရန်ကိုင်အား မျက်တောင်မခတ်တမ်းသာ စိုက်ကြည့်နေခဲ့သည်။

နောက်ဆုံး မနေနိုင်တော့သည့်အဆုံး ရန်ကိုင်က အနည်းငယ် ရှက်ရွံ့နေသည့် လေသံဖြင့် တိတ်ဆိတ်မှုကို စတင် ဖြိုခွဲလိုက်သည် “နင်ကြည့်ရတာ အခုထိ လက်မထပ်ရသေးတဲ့ပုံပင်။ နင်လည်း မငယ်တော့ဘူးနော်”

“ငါနင့်ကို စောင့်နေတာလေ” ချူရီမန်က ခေါင်းလေး မော့လိုက်ရာ ပြစ်ချက်ကင်းစင်သည် သူမ၏ လည်တိုင် ဖြူဖြူလေး အထင်းသား ထွက်ပေါ်လာခဲ့သည်။

“မနောက်စမ်းပါနဲ့ဟာ” ရန်ကိုင်က အသက်မပါစွာ ရယ်မောလိုက်သည်။

“ငါနောက်နေတယ်လို့ ထင်နေတာလား” ချူရီမန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရုတ်တရက် အံကြိတ်လိုက်ကာ “နင့်ရင်ထဲမှာ အခြားမိန်းကလေး ရှိနေပြီးမှန်း ငါသိတယ်။ ငါ့ကို ပြန်ကြိုက်ပါလို့လည်း ငါမပြောဘူး… ငါတို့ နှစ်ယောက်ကြား အရမ်း ကွာခြားချက် ကြီးမားနေမှန်း သိရင်တောင် ငါချစ်နေချင်သေးတယ်”

ရန်ကိုင်အဖို့ သူမအား ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

“ဒါပေမယ့် နင်က ပြန်တောင် ပြန်မလာဘူးလေ။ ဒီတော့ ငါလည်း နင်သိအောင် ငါ့ခံစားချက်တွေကို သေချာ ထုတ်ပြဖို့ လိုလာတာပေါ့။ နင်ငါ့ကို အရင်က ပြောခဲ့တယ်လေ၊ အချစ်အကြောင်း မပြောနဲ့တဲ့၊ ပျော်စရာရှာတာကတော့ ကိစ္စမရှိဘူးတဲ့”

“ငါတကယ်ကိုး အဲ့လိုစကားကို ပြောခဲ့တာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

“နင်ပြောခဲ့တယ်” ချူရီမန်က သူမ၏ နှုတ်ခမ်းလေးကို ဒေါသတကြီး ကိုက်ရင်း ရန်ကိုင်အား စူးစူးရဲရဲ ကြည့်လိုက်ပြီး “နင်ဘယ်လို တိရိစ္ဆာကောင်လဲ ဆိုတာကို အခုသိသွားပြီလား။ နင်မသိချင်ယောင် ဆောင်နေတယ်လို့ ငါထင်နေတာ”

“အန်… အာ… အဲ့ဒါတွေက အတိတ်တုန်းကလေဟယ်။ အဲ့တုန်းက ငါက ငယ်ပြီး ဘာမှ မသိနားမလည်တော့…”

“အတိတ်တွေဘာတွေ လာပြောမနေနဲ့။ နင်က ကစားချင်မှတော့ ကစားကြတာပေါ့။ နင့်ကို တစ်သက်လုံး ထိုင်စောင့်နေတာမျိုး ငါမလုပ်ချင်ဘူး။ အဲ့ဒါက လက်တွေ့ မဆန်မှန်း ငါသိတယ်။ နေ့တိုင်းနေ့တိုင်း နင့်အကြောင်းတွေးပြီး ခံစားနေရမှာမျိုးလည်း မဖြစ်ချင်ဘူး။ ငါ့ကို တစ်ကြိမ်လောက်ပဲ ပြန်လှည့်ကြည့်စေချင်တာ”

“အန်…” ချူရီမန်၏ စကားလုံးများကြောင့် ရန်ကိုင်မှာ လုံးဝကို မှင်သက်နေခဲ့ရသည်။ တစ်ခွန်းပင် ပြန်မပြောနိုင်ခဲ့။

“နင်ငါ့ကို ဘယ်လိုတွေးတွေး ငါဂရုမစိုက်ဘူး။ ဒါပေမယ့် စောင့်နေ၊ ထုန်းရွှမ်လောကကြီးရောက်လို့ ကိစ္စအားလုံး တည်ငြိမ်သွားတာနဲ့ ငါဘယ်လောက် ကြမ်းတမ်းလဲဆိုတာ နင်သိသွားစေရမယ်” ပြောပြီးသည်နှင့် ချူရီမန်၏ ခန္ဓာကိုယ်လေး ချက်ချင်းဆိုသလို ရနက်ိုင်ရှေ့၌ ပေါ်လာခဲ့သည်။ ရန်ကိုင် သဘောတူသည်၊ မတူသည်ကို ဂရုစိုက်မနေတော့ဘဲ ခြေဖျားထောက်၍ ရန်ကိုင်နှုတ်ခမ်းအပေါ်သို့ သူမ၏ နှုတ်ခမ်းအစုံဖြင့် ဖိကပ်ချလိုက်သည်။

ချက်ချင်းဆိုသလို ရန်ကိုင် ရုတ်တရက် ထအော်လိုက်သည်။ နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရပြီး သူ့နှုတ်ခမ်းနေရာမှ နာကျင်မှုကို ခံစားနေခဲ့ရသည်။

ချူရီမန်က ကျော့ရှင်းစွာဖြင့် ခေါင်းလေး လှည့်လိုက်ပြီး ကျော့ကျော့မော့မော့ဖြင့် ထွက်သွားလေသည်။ ထို့နောက် ခပ်ဝေးဝေးမှ သူမ၏ ဆည်းလည်းသံတမျှ ချိုသာသော ရယ်သံလေးနှင့်အတူ “ဒါက အတိုးနည်းနည်းလေးပဲ ရှိသေးတယ်။ ဟိုဘက်ရောက်လို့ အခွင့်အရေးရပြီ ဆိုတာနဲ့ နင်ငါ့အပေါ် တင်ထားတဲ့ အကြွေးတွေအကုန်လုံးကို ပြန်ယူပစ်မယ်”

ရန်ကိုင် ကြောင်အမ်းအမ်း အမူအရာဖြင့် ကျန်ရစ်ခဲ့လေသည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာသွားပြီးနောက်မှပဲ အခန်းထဲမှ ရန်ကိုင် လမ်းလျှောက်ထွက်လာခဲ့သည်။

အပြင်ဘက်တွင် စောင့်နေသော ဟန်ဖေးနှင့် လီရုန်တို့သည် ရန်ကိုင် ထွက်လာသည်ကို မြင်သည်နှင့် သူ့အား ချက်ချင်း လှမ်းကြည့်လိုက်သည်။ ထို့နောက် ခပ်မြန်မြန်ပဲ အကြည့် ပြန်လွှဲသွားသည်။ သို့တိုင် ရယ်ချင်စိတ်ကို အတင်း အောင်းအည်းနေရသည်အလား သူမတို့၏ ပခုံလေးများ တသိမ့်သိမ် လှုပ်ခါနေခဲ့လေသည်။

“ရီ၊ရီ ၊ အဲ့မှာ ဝအောင်သာ ရီ။ မိန်းမတစ်ယောက် ကိုက်တာကို မမြင်ဖူးတာ ကျနေတာပဲ” ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့် သူ့နှုတ်ခမ်းကို ထိလိုက်သည်။ သူ့လက်အောက်ငယ်သားရှေ့ မျက်နှာပျက်ခဲ့ရလေပြီ။

“အဲ့မိန်းကလေးက တကယ်ကို တော်တာနော်” လီရုန်က လေးလေးနက်နက် အမူအရာဖြင့် “ထုန်းရွှမ်လောကကြီးမှာသာ မွေးခဲ့ရင် သူ့ကျင့်ကြံခြင်းက အခုထက် အများကြီး ပိုမြင့်နေမှာ”

“အင်း။ ဒီလောကကြီးရဲ့ သူ့ရဲ့ တိုးတက်နှုန်းကို နှောင့်နှေးစေခဲ့တာပဲ” ဟန်ဖေးလည်း ဝင်ပြောလိုက်သည်။

“ဒါကြောင့်ပဲ သူတို့ကို ဒီကနေ ခေါ်သွားချင်တာ။ အဲ့လိုမှ တကယ့် လောကကြီးအစစ်ကို သူတို့ မြင်တွေ့နိုင်လိမ့်မယ်” ရန်ကိုင်က ပညာတတ်ဆန်ဆန် လေသံဖြင့် “ဒီလောကကြီးက အရမ်းသေးလွန်းတယ်။ ဟိုဘက်က အန္တရာယ်ပိုများတယ် ဆိုပေမယ့် အခြေအနေတွေက ဒီနေရာထက် အပုံကြီး ပိုသာတယ်”

လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ခဏအကြာ၌ ရန်ကိုင်က အမိန့်ပေးလိုက်သည် “ခင်ဗျားတို့နှစ်ယောက် ရန်မိသားစုကို ခဏ ကာကွယ်ပေးထားဦး”

လီရုန် ကြောင်သွားခဲ့ပြီး “သခင် တစ်နေရာရာ သွားမလို့လား”

“ကျုပ်သွားလည်ရမယ့် နေရာနှစ်နေရာ ရှိသေးတယ်”

“အဲ့လိုဆိုရင် ကျွန်မ၊ ဒါမှမဟုတ် ဟန်ဖေးကို အဖော်ခေါ်သွားလေ”

“မလိုဘူး။ ကျုပ်ဘာသာသွားလို့ အဆင်ပြေတယ်။ ကောင်းကင်လွန်းပျံနဲ့ဆို ဟိုလောကက လူတွေတောင် ကျုပ်ကို လိုက်ဖမ်းနိုင်တာမှ မဟုတ်တာ။ ဒီလောကကြီးကတော့ ပြောနေစရာတောင် မလိုတော့ဘူး”

လီရုန်လည်း ဆက်ပြီး တိုက်တွန်းမနေတော့ဘဲ သတိသာ ပေးလိုက်သည် “အဲ့လိုဆို သခင် သတိထားရမယ်နော်”

“ကျုပ်လုပ်စရာ ကိစ္စတွေပြီးသွားရင် သူတို့နဲ့ ဖြုန်းဖို့ အချိန်တွေ အများကြီး ကျန်းသေးတယ်လို့လည်း ကျုပ်မိဘတွေကို ပြောလိုက်ဦး” ပြောပြီးနောက် ကောင်းကင်လွန်းပျံကို ထုတ်ယူကာ ချက်ချင်း ထွက်သွားလိုက်လေသည်။

ရန်ကိုင် ထွက်သွားသည်ကို ကြည့်နေပြီးနောက် ဟန်ဖေးနှင့် လီရုန်တို့ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ နှစ်ယေဦက်စလုံး ရန်ကိုင် မိဘများကို အဖော်ပြုပေးရန် လေးယောက်မြောက် သခင်ကြီး၏ အိမ်ဆီသို့ သွားခြင်းဖြစ်သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၆)

ဆေးဘုရင်တောင်ကြား၊ တိမ်ဖုံးတောင်ထွတ်ပေါ်တွင် ရန်ကိုင်ပေါ်လာခဲ့သည်။

တောင်ထွတ်ပေါ်သို့ တိုက်ရိုက်ပျံတက်မသွားဘဲ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်တက်သွားခဲ့သည်။

တိမ်ဖုံးတောင်ထွတ်ဆိုသည်မှာ ဤလောကကြီးမှ ဆေးပညာရှင်များအတွက် ထွတ်မြတ်နယ်မြတစ်ခု ဖြစ်သည်။ ထို့အပြင် မိုးမြေတစ်ခွင် နံပါတ်တစ်ဟု ကျော်ကြားသော ဆေးဝိဇ္ဇာကြီး ရှောင်ဖူချန်း နေသည့်နေရာလည်း ဖြစ်သည်။ ဤနေရာသို့ ရောက်လာသည့်သူတိုင်း ရှောင်ဖူချန်းအား လေးစားသမှုအနေဖြင့် တောင်ထိပ်ပေါ်သို့ လမ်းလျှောက်၍သာ တက်ကြသည်။

အတိတ်တွင် ရန်ကိုင်သည်လည်း ဆေးဘုရင်တောင်ကြား၌ နေထိုင်ခဲ့ဖူးသည်။ ရှောင်ဖူးချန်းလက်အောက်တွင် ဆေးပညာကို တစ်ကြိမ်တစ်ခါမှ မသင်ကြား၊ မလေ့လာခဲ့ဖူးသော်လည်း ထိုလူအိုကြီးသည် ရန်ကိုင်အား အကျိုးရှိသည့် သင်ခန်းစား များစွာကို သင်ကြားပေးခဲ့သည်။

ရန်ကိုင် ဘဝခရီးလမ်းတစ်လျှောက် ထိုသင်ခန်းစားများသည် သူ့အား အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။

ထိုလူအိုကြီးနှင့် သူ့အား စောင့်ရှောက်ပေးနေသော အမျိုးသမီးလှလှ နှစ်ယောက်ကို ရန်ကိုင် အမှန်တကယ်ကို လေးစားပေသည်။ သူတို့သည် သူ့အတွက် အကောင်းဆုံးသော အရင်းအမြစ်များနှင့် အထောက်အပံ့များကို တုန့်ဆိုင်းခြင်းမရှိ ပေးခဲ့ကြသူများ မဟုတ်ပေလော။

ထိုသုံးယောက်သည် သူဆေးဘုရင်တောင်ကြားတွင် ရှိစဉ်က သူ့ဆီမှ မည်သည့် အဖိုးအခမှမတောင်းဘဲ သူ့အား အလကား ကူညီပေးခဲ့သည်။

ယခုတစ်ကြိမ် ထိုသုံးယောက်ကိုပေါ ထုန်းရွှမ်လောကကြီးသို့ ခေါ်သွားရန် စီစဉ်ထားပေသည်။

ရှောင်ဖူချန်း၏ တစ်သက်လုံးမျှော်လင့်တောင်တခဲ့ရသည့် ဆန္ဒမှာ စိတ်ဝိဥာဉ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ရန် ဖြစ်သည်။ သို့သော် ဤလောကကြီး၏ အချုပ်အနှောင်များကြောင့် ထိုအဆင့်သို့ မရောက်ရှိနိုင်ခဲ့ချေ။

သို့သော် သူသာ ထုန်းရွှမ်လောကကြီးဆီသို့ ရောက်သွားသည်နှင့် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်ရန်မှာ ရှောင်ဖူချန်းအတွက် အရမ်းကိုမှ လွယ်ကူသွားပေလိမ့်မည်။

ရန်ကိုင်သည် တိမ်ဖုံးတောင်ထွတ်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်တက်နေခဲ့သည်။ တောင်ကြောတစ်လျှောက် ပေါက်ရောက်နေသော ဆေးပင်များကို ကြည့်ရင်း ဤနေရာတွင် နေခဲ့သော နှစ်လအချိန်ကို ပြန်သတိရမိလိုက်သည်။

အတိတ်အကြောင်း ပြန်စဉ်းစားမိသော် ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ဆေးဘုရင်တောင်ကြားသည် သူရှိစဉ် အချိန်ကကဲ့သို့ ရှိနေဆဲပင်။ များများစားစား ပြောင်းလဲသွားခြင်းမရှိ။ ဝူကျုန်းသည် သူ့လက်အောက်ငယ်သားများကို ဦးဆောင်၍ ဤလောကထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သော်လည်း ဆေးဘုရင်တောင်ကြားသို့ မရောက်သေးသည့်ပုံပင်။

ခဏအကြာ၌ တောင်ထိပ်ပေါ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ခါတိုင်းကဲ့သို့ပင် တောင်ထိပ်ပေါ်၌ ဟိုတစ်နေရာ၊ ဒီတစ်နေရာ တည်ဆောက်ထားသော အိမ်လေး အနည်းငယ်သာ ရှိနေခဲ့သည်။

ရက်ကျက်လှပသော အမျိုးသမီးနှစ်ယောက်သည် သစ်ရွက်ခြောက်များကို လှည်းကျင်းနေခဲ့သည်။ အလုပ်လုပ်နေစဉ် သူတို့ဆံပင်များကို မညစ်ပတ်လေရအောင် ပိုးချည်ကွင်းများဖြင့် စည်းနှောင်ထုံးချည်ထားလေသည်။

ခြေသံကြားသဖြင့် အမျိုးသမီးနှစ်ယောက်သည် နဖူးထက်တွင် ဝေ့သီနေသော ချွေးများကိုသုတ်လျက် ခေါင်းမော့ကြည့်လိုက်၏။

“ဒေါ်လေးရှန်၊ ဒေါ်လေးလန်” ရန်ကိုင်က အပြုံးကြီးပြုံးလျက် လှမ်းအော်ခေါ်လိုက်သည်။

“နင်က…” ဒေါ်လေးရှန်မှာ ရန်ကိုင်ကို မြင်မြင်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် လက်ထဲရှိ တံမြက်စည်းကို ခဏ ချထားလိုက်ပြီး အလျင်စလို မေးလိုက်လေသည် “ရန်ကိုင်လား”

“ကျွန်တော် မဟုတ်လို့ ဘယ်သူဖြစ်ရမှာတုန်း”

ဒေါ်လေးလန်လည်း အလျင်စလို ပြေးလာခဲ့သည်။ သူ့ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းလေး တညိတ်ညိတ်ဖြင့် နှုတ်ခမ်းလေးကိုကွေးလျက် ပြုံးကာ “နှစ်တွေကြာသွားတော့ နင့်ရုပ်ကိုတောင် မမှတ်မိချင်တော့ဘူး”

“အင်း။ အခုမှပဲ ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်တော့တယ်။ အရင်တုန်းကဆို ပိန်ညှောင်နေတာပဲ” ဒေါ်လေးရှန်က နွေးထွေးစွာ နှုတ်ဆက်လိုက်သည် “လာထိုင်လေ”

“အင်း”

တဲတစ်လုံးအတွင်း၊ ရိုးရှင်းသော စားပွဲတစ်လုံးကိုဝိုင်း၍ သုံးယောက်သား ထိုင်နေခဲ့ကြသည်။ သူတို့ရှေ့တွင်မူ လက်ဖက်ရည် သုံးခွက်ရှိနေခဲ့သည်။

ဒေါ်လေးလန်က ပြောလိုက်သည် “နင့်ကို ဧည့်ခံစရာ ဘာမှ များများစားစားတော့မရှိဘူး။ ဒါပေမယ့် နင့်အိမ်လိုပဲ သဘောထားနော်”

“ဒေါ်လေးလန်က အရမ်းဖော်ရွေတာပဲ” ရန်ကိုင်က သူ့ရှေ့ရှိ လက်ဖက်ရည်ကို မော့သောက်ချလိုက်ပြီး ပြုံး၍ “မတွေ့တာ ကြာသွားပေမယ့် ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်က နည်းနည်းလေးတောင် ပြောင်းလဲမသွားဘူး။ အရင်လို ငယ်တုန်း၊ လှတုန်းပဲ”

အမျိုးသမီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

“နင်ကတော့ ပိုပြီးတော့တောင် အာသွက်၊ လျှာသွက် လာသေးတယ်။ အပြောလေးတွေဆိုရင်လည်း ချိုနေတာမှ တချိုချိုတောင် မြည်နေပြီ” ဒေါ်လေးရှန်က ကျီစယ်လိုသည့် အပြုံးကို ဆင်မြန်းလျက် “ကောင်မလေးတွေ အများကြီးကို လှည့်စားပြီးသွားပြီမလား”

“ဟာ… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဗျ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဗဟိုမြို့တော်ကနေ အခြား နေရာတစ်ခုကို ထွက်သွားတယ်ဆို။ အခု ပြန်လာတာလား”

“အင်း၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ပြန်လာခဲ့တာ”

“နင်အဆင်ပြေပြေ အိမ်ပြန်လာနိုင်တာ ကောင်းတယ်။ အရင်တုန်းက ဆရာရှောင်ဖူချန်းက နင့်အကြောင်း ခဏခဏ ပြောတာ။ နင်က ဆေးပညာမှာ အရမ်း ပါရမီပါပေမယ့် ဆေးပညာအကြောင်း ဘာမှမသိဘူးတဲ့”

“အင်း၊ ပြောရရင် အဲ့တုန်းက တကယ်ကို ဘာမှ နားမလည်ခဲ့တာ။ ဒါနဲ့ ဆေးဝိဇ္ဇာကြီးရော မတွေ့မိပါလား။ တံခါးပိတ်ပြီး ဆေးဖော်စပ်နေပြန်တာလား” ရန်ကိုင်က မေးလိုက်သည်။

ထိုမေးခွန်းကို ကြားလိုက်သည့်အခါ ဒေါ်လေးလန်ရှန်နှင့် ဒေါ်လေးလန်တို့ မျက်နှာလေးများ ညိုးကျသွားခဲ့သည်။

ရန်ကိုင် မျက်နှာပျက်သွားပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။

“ဆေးဝိဇ္ဇာ၊သူ… သူ လွန်ခဲ့တဲ့ငါးနှစ်က သေသွားပြီ” ဒေါ်လေးရှန်က အထစ်အထစ်နှင့် ပြောလိုက်သည်။ ပြောလိုက်ရင်း သူမမျက်လုံးထဲ မျက်ရည်စတို့ ဝေ့သီလာခဲ့လေသည်။

ရန်ကိုင် ကြောင်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ သူ့ရင်ထဲ အရမ်းကိုမှ ဝမ်းနည်းသွားခဲ့ရသည်။

ဆေးဝိဇ္ဇာကြီး သူ့နေရာကို အမွေဆက်ခံမည့် တပည့်ကို ဘာကြောင့် ရှာဖွေခဲ့မှန်း ယခုမှပဲ ရန်ကိုင် နားလည်သွားခဲ့သည်။ အကြောင်းမှာ သူ့တွင် နေရမည့်အချိန် သိပ်မကျန်တော့သည့် အတွက်ကြောင့်ပဲ ဖြစ်ပေသည်။

သို့တိုင် လွန်ခဲ့သော ငါးနှစ်ကတည်းက သေသွားပြီ ဆိုသောအချက်မှာ ရန်ကိုင်အား အတော့်ကိုမှ ထိတ်လန့် သွားစေခဲ့သည်။

“ဆေးဝိဇ္ဇာကြီး…” ရန်ကိုင် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

“သူလိုချင်တာ သူရသွားတယ်” ဒေါ်လေးရှန်က ဝမ်းနည်းမှုကို မြိုသိပ်လျက် သူမအိတ်ထဲမှ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်လိုက်သည်။

“သူမသေခင် တစ်ပတ်အလိုတုန်းက သူ့နောက်ဆုံး အသက်စွမ်းအားကို အသုံးပြုပြီး စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်ခဲ့တယ်။ ဒီဆေးလုံးက သူမသွားခင် ဖော်စပ်ခဲ့တဲ့ ဆေးလုံးပဲ”

ရန်ကိုင် ကျောက်စိမ်းသေတ္တာကို ယူလိုက်သည်။ သို့သော် သူ့လက်ထဲရှိ သေတ္တာသည် ထူးထူးခြားခြားကို လေးလံနေသလို ခံစားရသည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲရှိ ဆေးလုံးသည် ဆေးလုံးမဟုတ်ဘဲ မွေးဖွားလာသော သက်ရှိတစ်ခု ဖြစ်သည်ဟု ခံစားနေရသည်။

သေတ္တာကို ဖွင့်လိုက်သည့်အခါ သင်းပျံ့သော ရနံ့နှင့် အားကောင်းသော ဆေးအာနိသင်တို့ ကိန်းအောင်းနေသော စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။ အရမ်းကိုမှ ထူးချွန်သော ဆေးပညာရှင်တစ်ယောက်ပင်လျှင် ထိုကဲ့သို့သော ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဆေးဝိဇ္ဇာကြီးက သူ့ဘာသာ ‌ကျေကျေနပ်နပ်နဲ့ ထွက်သွားခဲ့တာ” ဒေါ်လေးရှန်က မျက်ရည်သုတ်လိုက်ပြီး အားတင်းဖျစ်ညစ်ပြုံးလျက် “ဒါကြောင် ငါတို့ သူ့အတွက် ဝမ်းနည်းနေစရာ မလိုဘူး။ သူမသေခင် ပြောသွားတာ ရှိသေးတယ်။ စိတ်ဝိဥာဉ်အဆင့်ဆိုတာ ဆေးပညာရဲ့ အထွဋ်အထိပ် မဟုတ်ဘူးတဲ့။ အဲ့ထက် ပိုမြင်တဲ့အဆင့်တစ်ဆင့် ရှိသေးတယ်တဲ့”

ရန်ကိုင် ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ ရှောင်ဖူချန်း၏ မြင်နိုင်စွမ်းကို ရန်ကိုင် တကယ် အံ့အားသင့်မိပေသည်။

ယခုမှ ရှောင်ဖူချန်း စိတ်ဝိဥာဉ်အဆင့် ဆေးလုံတစ်လုံးကို ဘာကြောင့် သန့်စင်ချန်ခဲ့မှန်း ရန်ကိုင် နားလည်သွားဟန်ရ၏။ ရှောင်ဖူချန်း စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို ဖော်စပ်ချင်ခဲ့ခြင်းသည် သူ့ဆေးပညာ အရည်အသွေးကို မြှင့်တင်လိုသည့် အတွက်ကြောင့် မဟုတ်ဘဲ ဤလောက၏ အချုပ်အနှောင်မှ ရုန်းထွက်လိုသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် သူအောင်မြင်ခဲ့ပေသည်။

စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတစ်လုံး ဤလောကတွင် တစ်ခါမှ မထွက်ပေါ်ဖူးခဲ့ချေ။ သို့သော် ရှောင်ဖူချန်းက ထိုဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သည်။

“ဆေးဝိဇ္ဇာကြီးကို ဘယ်မှာ မြုပ်ထားတာလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။

ဒေါ်လေးရှန်က ထ၍ ပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့”

တိမ်ဖုံးတောင်ထွတ်၏ ချောင်ကျသော နေရာတစ်ခုတွ် မြေပုံလေးတစ်ပုံ ရှိနေခဲ့သည်။

ထိုကဲ့သို့ ရိုးရှင်းသော အုတ်ဂူသည် ဤလောကကြီး၏ အကြီးကျယ်ဆုံး ဆေးပညာရှင်ကြီး ရှောင်ဖူချန်း၏ အုတ်ဂူ ဖြစ်သည်မှာ တကယ်ကို ယုံနိုင်စရာ မရှိချေ။

“အကုန်လုံးကို ဆေးဝိဇ္ဇာကြီးရဲ့ ဆန္ဒအတိုင်း လုပ်ခဲ့တာ။ သူ့အရိုးတွေက ဒီမှာမရှိဘူး။ သူ့အရိုးပြာကို အနားက မြစ်တွေ၊ ကန်တွေထဲမှာ မျောပေးလိုက်ပြီ။ ဒီနေရာမှာက သူ့အမှတ်တရ အချို့ပဲ ရှိတာ”

ရန်ကိုင် အုတ်ဂူရှေ့ ဒူးထောက်၍ ရှောင်ဖူးချန်ကို ကန်တော့လိုက်သည်။

“သူ့အမည်ခံတပည့်ဖြစ်တဲ့ နင်ဒီကိုလာမှန်းသာ ဆေးဝိဇ္ဇာကြီး သိခဲ့ရင် သူကျိန်းသေပျော်မှာ” ဒေါ်လေးရှန်က သူမပါးစပ်ကို လက်ဖြင့်အုပ်လျက် ငိုကြွေးနေရင်း ပြောလိုက်သည်။ ဒေါ်လေးလန်သည်လည်း ငိုကြွေးနေပေသည်။

“ဒါကျွန်တော် လုပ်သင့်တာပဲလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

———————————-

နေ့တစ်ဝက်ကြာပြီးနောက် တိမ်ဖုံးတောင်ထိပ်ပေါ်တွင် ရန်ကိုင်သည် ဒေါ်လေးရှန်နှင့် ဒေါ်လေးလန်တို့ကို နှုတ်ဆက်စကား ပြောခဲ့သည်။

“တကယ် မလိုက်မှာ သေချာလား ဒေါ်လေးတို့။ ဒီနေရာက ငြိမ်းချမ်းတော့တာ မဟုတ်ဘူးနော်။ ဒီနေရာက ထုန်းရွှမ်လောကကြီးလို့ ခေါ်တဲ့နေရာနဲ့ ဆက်သွားပြီ။ နောက်ပိုင်းကျ ဒေါ်လေးတို့ စိတ်မကူးနိုင်အောင် အားကောင်းလွန်းတဲ့ ပညာရှင်တွေ ရောက်လာနိုင်တယ်” ရန်ကိုင်က နောက်ဆုံးအကြိမ်ဖြစ် ထပ်မံ စည်းရုံးကြည့်လိုက်သည်။

သူ့အား အတိတ်တွင် ဂရုစိုက်ပေးခဲ့သော ထိုအမျိုးသမီး နှစ်ယောက်ကိုပါ ထုန်းရွှမ်လောကကြီးဆီသို့ ခေါ်သွားချင်ပေသည်။ သို့သော်လည်း ထိုနှစ်ယောက်သည် သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်၍ ဤနေရာတွင်သာ နေခဲ့မည်ဟု ပြောခဲ့သည်။

“မလိုက်တော့ဘူး။ ငါတို့ သေတဲ့အထိ ဒီမှာပဲ နေတော့မှာ။ ဘယ်ကိုမှ ထပ်မပြောင်းချင်တော့ဘူး… ပြီးတော့ ဆေးဝိဇ္ဇာကြီးလည်း ဒီမှာ ရှိတယ်လေ။ ငါတို့ သူ့ကို အဖော်ပြုပေးသင့်တတာပေါ့။ ငါတို့သာ ထွက်သွားရင် သူတစ်ယောက်တည်း အထီးကျန်နေမှာ”

“နင်ငါတို့အတွက် ဒီလောက် တွေးပေးတာနဲ့တင် လုံလောက်နေပြီ”

ရန်ကိုင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ထိုအမျိုးသမီး နှစ်ယောက်သည် သူမတို့၏ ဆုံးဖြတ်ချက်ကို နည်းနည်းလေးပင် ပြင်မည့်ပုံမရ။ သူတို့ကို ဆက်၍ ဖြောင့်ဖျနေ၍လည်း ထူးမည်မဟုတ်လေသဖြင့် ရန်ကိုင်လည်း “အဲ့လိုဆိုမှတော့ ကျွန်တော်လည်း မခေါ်တော့ပါဘူး။ နောက်ပိုင်း အချိန်ရရင် ဒေါ်လေးတို့ဆီ လာလည်ပါ့မယ်။ တစ်ယောက်ယောက် လာပြဿနာ ရှာရဲရင် ကျွန်တော့် နာမည်ကိုသာ ပြောလိုက်။ အသုံးဝင်ရင် ဝင်နိုင်တယ်”

“အင်း၊ ငါသိပြီ” ဒေါ်လေးရှန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆို ဂရုစိုက်ကြနော်” ရန်ကိုင် ဦးညွှတ်ကာ နှုတ်ဆက်ပြီးနောက် တောင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။

“နင်ကိုယ့်နင်လည်း ဂရုစိုက်ဦးနော်။ အရမ်းကြီး ယုံကြည်ချက် မလွန်ကဲမိစေနဲ့” ဒေါ်လေးရှန်နှင့် ဒေါ်လေးလန်တို့သည် သူ့အား တောင်ထိပ်မှ လက်ဝှေ့ရမ်းပြနေခဲ့သည်။

တောင်အောက်ခြေသို့ ရောက်သည်နှင့် ရန်ကိုင်သည် ရှောင်ဖူချန်း သန့်စင်ခဲ့သော စိတ်ဝိဥာဉ်အဆင့်ဆေးလုံး ပါသည့် ကျောက်စိမ်းသေတ္တာကို အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲ သေသေချာချာ ထည့်သိမ်းလိုက်ပြီး ကောင်းကင်လွန်းပျံကို ထုတ်ယူ၍ အနောက်အရပ်သို့ ပျံသန်းထွက်သွားလေသည်။

နောက်သူသွားမည့် နေရာသည်ကား တိမ်မိစ္ဆာနယ်မြေပင် ဖြစ်လေသည်။

ဗဟိုမြို့တော်မှ ထွက်လာခြင်းသည် နေရာနှစ်ခုကို သွားလည်ချင်သည့် အတွက်ကြောင့်သာ ဖြစ်သည်။ တစ်ခုမှာ ဆေးဘုရင်တောင်ကြား ဖြစ်ပြီး ကျန်တစ်ခုမှာ တိမ်မိစ္ဆာနယ်မြေ ဖြစ်ပေသည်။

ရှန်ချန်းလော့ကို သွားတွေ့တော့ပေမည်။

ထိုညို့ဓါတ်ပြင်းလှသည့် မိန်းကလေးသည် ရန်ကိုင်အပေါ် အမြဲတစေ ကောင်းခဲ့သည်။ နတ်ဆိုးအရှင်သခင်နှင့် နောက်ဆုံး တိုက်ပွဲတွင် သူမသည် သူ့အား အကူအညီ အကြီးကြီး ‌ပေးခဲ့၏။

အရေးအကြီးဆုံးသည်ကား သူမ အဆင့်ချိုးဖျက်စဉ် ရန်ကိုင်၏ အသိစိတ်သည် သူမ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုမတော်တဆ အဖြစ်အပျက်ကြောင့် ရန်ကိုင်ပုံရိပ်သည် ရှနင်းချန်၏ နှလုံးသားထဲ တစ်သက်သာ စွဲထင်သွားတော့သည်။ ထို့ကြောင့် သူတို့ နှစ်ဦးကြား ဘယ်သောအခါမှ ဖျက်မရနိုင်သည့် နှောင်ကြိုးတစ်မျှင် ဖွဲ့တည်ခဲ့ရသည်။

သူပြန်ရောက်လာတုန်း သူမအနေဖြင့် ဤနေရာတွင် အနိုင်ကျင့် မခံရလေအောင် ရှန်ချင်းလော့ကိုပါ ထုန်းရွှမ်လောကကြီးဆီသို့ တစ်ပါတည်း ခေါ်သွားရပေမည်။

ထုန်းရွှမ်လောကကြီးသို့ ရောက်သည့်အခါ သူမ လုပ်ချင်သည်ကို လုပ်ခွင့်ပေးလိုက်ပေမည်။ သူမအား ချုပ်နှောင်ကန့်သတ်ထားလိုစိတ် သူ့တွင် မရှိချေ။

နှစ်နာရီကြာပြီးနောက် သင်းရနံ့မြို့တော် အပြင်ဘက်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ထို့မြို့သည် တိမ်မိစ္ဆာနယ်မြေ တစ်ခုလုံးတွင် အသာယာ၊ ဝပြောဆုံးနေရာတစ်ခု ဖြစ်ပြီး ရှန်ချင်းလော့၏ အုပ်ချုပ်မှု အောက်တွင် တည်ရှိပေသည်။

နတ်ဆိုးအရှင်သခင်နှင့် ဘုရင်ခြောက်ပါး သေသွားခဲ့စဉ်က တိမ်မိစ္ဆာနယ်မြေတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ပြီး ရှန်ချင်းလော့ အုပ်ချုပ်သော သင်းရနံ့မြို့တစ်ခုသည်သာ အကောင်းအတိုင်း ရှိနေခဲ့ခြင်း ဖြစ်သည်။

တိမ်မိစ္ဆာနယ်မြေတစ်ခုလုံး ကသောင်းကနင်း ဖြစ်နေချိန် ဤမြို့လေးမှာမူ ငြိမ်းငြိမ်းချမ်းချမ်းနှင့် တည်ရှိနေခဲ့သည်။

တိုက်ခိုက်ခြင်းဖြင့် အချိန်မကုန်ဆုံးလိုသူများ၊ ရန်သူ လိုက်သတ်သဖြင့် ထွက်ပြေးလာသူများသည် သင်းရနံ့မြို့တော်သို့ ရောက်ရှိလာခဲ့လေရာ မြို့လေးမှာ တစ်စထက်တစ်စ ပိုပို၍ လူနေထူထပ်လာခဲ့ရသည်။

ဤနေရာသို့ ရောက်သည်နှင့် သူ့ကဝေမလေးအား မည်သည့် ပုံစံမျိုးနှင့် သွားတွေ့လျှင် ကောင်းမလဲဟု စတွေးလိုက်သည်။

ထိုစုန်းမသည် အရမ်းကိုမှ ဆွဲဆောင်အား ပြင်းလှသည်။ သူမသာ ဆိုးဆိုးနွဲ့နွဲ့လုပ်ပြီး သူ့အား ညို့ငင်မည်ဆိုပါက ရန်ကိုင် လုံးဝ တောင့်ခံနိုင်လိမ့်မည်ချေ။ သူမ၏ ဆွဲဆောင်မှုကို မတောင့်ခံနိုင်လျှင် ‘ရိုးသားအပြစ်ကင်းပါသော’ သူလေး ဒုက္ခရောက်ရပေလိမ့်မည်။

ထို့အပြင် ရှန်ချင်းလော့က အခွင့်ရသည်နှင့် သူ့အပေါ် တစ်ခါတည်း အခွင့်အရေးအရယူမည်မှန်းကို ရန်ကိုင် ကောင်းကောင်းသိထားသည်။

ခဏအကြာ၌ ရှန်ချင်းလော့ နန်းတော်ရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။

နန်းတော်ဝင်ပေါက်နားတွင် မျက်လုံးနှစ်ဖက်ကိုမှိတ်၊ လက်နှစ်ဖက်ကို ဆုပ်လျက် နံရံကို ကျောမှီထိုင်နေသော စုတ်စုတ်ပြတ်ပြတ် အဝတ်အစားကို ဝတ်စားထားသည့် သူတောင်းစားတစ်ယောက် ရှိနေခဲ့သည်။ သူ့ဆံပင်ဟာ ဆိုလျှင်လည်း ရှုပ်ပွနေခဲ့ပြီး မုတ်ဆိတ်မွှေးများမှာလည်း ညစ်ပတ်ရှုပ်ထွေးနေခဲ့သည်။

အနားမှ ဖြတ်သွားသူတိုင်း မည်သူမှ သူ့အား ဂရုမစိုက်ကြချေ။

ရန်ကိုင်က ထိုသူတောင်းစားကို တစ်ချက်လှမ်းကြည့်၍ နှုတ်ခမ်းအစုံကို တွန့်ကွေးလိုက်သည်။ ထို့နောက် သူတောင်းစားဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။

ရန်ကိုင်က သူ့ရှေ့တည့်တည့်တွင် ပိတ်ရပ်လိုက်သဖြင့် နေရောင်ကို ကွယ်သွားခဲ့ရာ သူတောင်းစားလည်း မျက်လုံး ပွင့်လာပြီး ရန်ကိုင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ပြန်ပိတ်လိုက်သည်။

ရန်ကိုင်ကိုပဲ မမြင်လေသဘော၊ သို့မဟုတ် မရှိသလိုပဲ သဘောထားခြင်းပေလား မသဲကွဲ။

သို့သော် ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် “အရိပ်ဘုရင်၊ မတွေ့ရတာတောင် ကြာပြီနော်”

သူတောင်းစားခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ချက်ချင်း မျက်လုံးပွင့်လာခဲ့သည်။ ထို့နောက် ရန်ကိုင်ကို သေသေချာချာ ကြည့်ကြည့်လိုက်ရာမှ ရန်ကိုင်မှန်း သတိပြုမိသွားသည်နှင့် သူ့အမူအရာ အပြောင်းကြီးပြောင်းလဲသွားခဲ့ပြီး ထိုင်နေရာမှ ချက်ချင်း ထပြေးတော့လေသည်။ လျှပ်စီးကြောင်းတို့ သူ့ခန္ဓာကိုယ်မှ တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင် ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃7)

ရန်ကိုင် အရမ်း လွန်လွန်ကဲကဲ မလုပ်ခဲ့။ သူတောင်းစား ထွက်ပြေးသွားရာ အရပ်ဆီကြည့်၍ နှာခေါင်းတစ်ချက်ရှုံကာ ချက်ချင်း ပြေးလိုက်သွားသည်။

သင်းရနံ့မြို့တော်၏ ကောင်းကင်ပေါ်တွင် သူတောင်းစား တစ်ယောက်သည် အရှိန်ကုန်တင်လျက် ပျံသန်းနေခဲ့သည်။ ပျံသန်းနေရင်း စိုးရိမ်တကြီးဖြင့် နောက်သို့ လှည့်လှည့်ကြည့်နေ၏။ နောက်သို့ လှည့်ကြည့်နေသော်လည်း လူငယ်လေးကို မတွေ့ရချေ။ သို့သော် ရှေ့သို့ ပြန်လှည့်ချိန် သူ့ဘေး၌ လူတစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားခဲ့ရသည်။

“မင်း…” သူတောင်းစား မှင်သက်နေခဲ့သည်။ သူ့မျက်နှာဟာ ဆိုလျှင်လည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် ချက်ချင်းဆိုသလို သွေးဆုတ်ဖြူလျော်သွားလေသည်။ သူ့အရှိန်ကို ထိုမျှအလွယ်တကူ ဖြတ်ကျော်နိုင်သည့် လူတစ်ယောက် ရှိလိမ့်မည်ဟု တကယ်မထင်ထားခဲ့။

သူဂုဏ်အယူရဆုံးသည်ကား ဤလောကတွင် ရှိနေသော မည်သူမှ သူ့အမြန်နှုန်းကို လိုက်မမှီခြင်းပင်။ နတ်ဆိုးအရှင်သခင် ရန်ပိုင်ပင်လျှင် သူ့အမြန်နှုန်းကို ချီးကျူးခဲ့သည်။

သို့သော်လည်း ထိုလူငယ်လေးသည် သူ့ကို အကျောပေးပြီး နောက်မှပြေးလိုက်ခဲ့သော်လည်း ချက်ချင်း လိုက်မှီခဲ့သည်။ ထို့အပြင် သူ့ကြည့်ရသည်မှာ အရှိန်ကုန်သုံးပြီး ပျံသန်းနေဟန်မတူ။

သူမထိတ်လန့်ဘဲ ဘယ်နေနိုင်မည်နည်း။

“အရိပ်ဘုရင်၊ အားကုန်ခံမနေနဲ့။ ခင်ဗျား ဘယ်လိုပြေးပြေး၊ ပြေးလို့လွတ်မှာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့ကိုယ်တွင်းရှိ စွမ်းအင်များကို ဖွင့်ထုတ်လိုက်သည်။ ထိုအပူစွမ်းအင်များသည် လက်သီးတစ်ခု အသွင်သို့ ပြောင်းလျက် သူတောင်းစားကို ရိုက်ချလိုက်ရာ သူတောင်းစားလည်း လေထဲ ကျွမ်းသုံးလေးပတ်လောင် ထိုးသွားလိုက်ရသည်။

ခဏကြာသွားမှပဲ လေထဲ ပြန်မတ်တပ်ရပ်နိုင်ခဲ့သည်။ အရိပ်ဘုရင်သည် ရန်ကိုင်အား တုန်လှုပ်ချောက်ချားမှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။

တစ်ဖက်လူသည် အမြန်နှုန်းပိုင်းတွင် သူ့အောက် မနိမ့်ကျရုံမက ခွန်အားပိုင်းတွင်လည်း သူ့ထက် အများကြီး ပိုအားကောင်းပေသည်။ ထိုလူဆီမှ သာမန်ကာလျှံကာ ရိုက်ချက်တစ်ချက်သည် သူ့အား အတော့်ကိုမှ အထိနာစေခဲ့၏။ ထို့ရိုက်ချက်နှင့် တစ်ဖက်လူနှင့်သူကြား ခွန်အားကွာခြားချက် မည်မျှကြီးမားကြောင်း သူတောင်းစား နားလည်သွားခဲ့သည်။

တစ်ဖက်လူပြောခဲ့သလိုဘဲ သူမည်သို့ပင် ပြေးစေကာမူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ အကြွင်းမဲ့စွမ်းအား ရှေ့မှောက်၍ ရုန်းကန်ခြင်းသည် အချည်းနှီးပင်။

ရန်ကိုင်ဆီမှာ ဖြာထွက်လာသော စွမ်းအင်လှိုင်းများကြောင့် အောက်ဘက်တွင် ရှိနေသော သင်းရနံ့မြို့သူမြို့သားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး အကုန်လုံး ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်လိုက်ကြသည်။

ကောင်းကင်ထက်တွင် ဝဲနေသော လူတစ်ယောက်ကို မြင်ပြီးနောက် လူများစွာ အလန့်တကြား ထအော်ကြလေ၏။

“ဟျောင့်၊ အဲ့သူတောင်းစားက နတ်ဆိုးဘုရင်မက နန်းတော်ရှေ့မှာ အမြဲတွေ့နေရတဲ့ တစ်ယောက် မဟုတ်ဘူးလား”

“ဟုတ်တယ်။ တံခါးပေါက်မှာ တစ်နေ့လုံး ထိုင်နေတာ။ နတ်ဆိုးသခင်မ သူ့ကို ဘယ်လိုသည်းခံပြီး နေနေလဲ ငါတကယ်ကို မတွေးတတ်ဘူး”

“ငါသာဆိုရင် မောင်းထုတ်လိုက်တာကြာပြီ”

“ကြည့်ရတာတော့ သူက ရိုးရိုးသူတောင်းစားတစ်ယောက် မဟုတ်ဘူးနဲ့တူတယ်.. ဒီလောက် အားကောင်းတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သူတောင်းစားဘဝ ရောက်နေတာလဲမသိဘူး”

“အဲ့လူငယ်လေးကိုကြည့်ကြည့်။ သူကတောင် ပိုအားကောင်းနေသလိုပဲ”

“…”

သင်းရနံ့မြို့တော်တွင်းရှိ ကျင့်ကြံသူများကြား တီးတိုး စကားသံတို့ ညံထွက်လာခဲ့သည်။ အောက်ဘက်မှ ကြည့်၍ အားမရသဖြင့် အပေါ်သို့ ပျံတက်ကာ အနီးကပ် လာကြည့်ကြသော သတ္တိသွေး ရဲရဲနီသည့် ကျင့်ကြံသူများပင် ရှိကြသေးသည်။

ရန်ကိုင်ကမူ ထိုလူများကို လုံးလုံး လျစ်လျူရှုထားခဲ့သည်။ သင်းရနံ့မြို့တော်၏ ခွန်အားသည် သူ့အား ဘာမှ မလုပ်နိုင်ချေ။

“ရန်မိသားစုကောင်လေး၊ မင်း ဒီလောက်တောင် မရမက လိုက်သတ်နေရမှ ကျေနပ်မှာလား” သူတောင်းစားက ရှုံ့မဲ့၊ နာကျည်းနေသည့် မျက်နှာအမူအရာဖြင့် ဝမ်းနည်းညိုးငယ်စွာ အော်ဟစ်လိုက်သည်။

“ကျုပ်ရက်စက်ချင်တာ မဟုတ်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “မိစ္ဆာဘုရင် ခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လျှပ်စီးအရိပ်ဘုရင်က သူတောင်းစားယောင်ဆောင်ပြီး သင်းရနံ့မြို့ထဲမှာ ဘာလို့ ရစ်သီရစ်သီ လုပ်နေလဲပဲ ကျုပ်သိချင်တာ”

“လျှပ်စီးအရိပ်ဘုရင်လား” စောင့်ကြည့်နေသူအားလုံး အလန့်တကြား ထအော်ကြလေသည်။

“မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား”

“အဲ့သူတောင်းစားက လျှပ်စီးအရိပ်ဘုရင်ကြီးလား”

“သေချာကြည့်ကြည့်၊ လျှပ်စီးအရိပ်ဘုရင်နဲ့ အဲ့သူတောင်းစားက တော်တော်လေး ဆင်တယ်ဟ…”

“လွန်ခဲ့တဲ့ ဆယ်နှစ်က ပျောက်သွားတဲ့ တကယ့် လျှပ်စီးအရိပ်ဘုရင်ကြီးဟ။ ငါတို့အားလုံး သူသေပြီလို့ ထင်နေတာ။ လတ်စသတ်တော့ သူက သင်းရနံ့မြို့တော်ထဲ ရောက်နေတာကိုး”

“အိုး၊ ငါတော့သေပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက၊ သူ့နားက ဖြတ်သွားတုန်း… ငါသူ့ပေါ် တံတွေးထွေးချခဲ့မိတယ်။ အဖေ၊အမေ ကယ်ကြပါဦးဗျာ” လူအုပ်ထဲရှိ တစ်ယောက် ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့သည်။

“ငါလည်း သူ့ခြေထောက်ကို တစ်ကြိမ် ကန်ခဲ့သေးတယ်… အရိပ်ဘုရင် ငါတို့ကို အကြွေးလာတောင်းမယ်လို့ မင်းထင်လား” အခြားတစ်ယောက်က ထပ်ပြောလိုက်ပြန်သည်။

အနီးအနားတွင် ရှိနေသော ကျင့်ကြံသူအားလုံး ထိုလူများအား ဂရုဏာသက်စွာ ကြည့်လိုက်ကြသည်။ သေမိန့်ကျသူများကို ကြည့်နေသည့်ပမာ… ထိုလူများ၏ အကြည့်ကြောင့် ယခုလေးတင် စကားပြောလိုက်သော လူနှစ်ယောက် ပို၍ ထိတ်လန့်ကြောက်ရွံ့ သွားခဲ့ကြလေသည်။

“ငါက မင်းတို့နဲ့မတူဘူး။ အရင်တစ်ကြိမ် သူ့နားကနေ ငါဖြတ်သွားတုန်းက ငွေအချို့ ပစ်ပေးခဲ့တာ။ ကြည့်ရတာ ကြင်နာတတ်တဲ့ ငါ့နှလုံးသားလေးက ကံကောင်းမှုတွေ ငါ့ဆီ သယ်လာပေးတော့မယ့်ပုံပဲ။ ဟားဟားဟား” လူအချို့မှာ ထိတ်လန့်တုန်လှုပ်နေကြချိန် အချိန်မှာ ပျော်ရွှင်နေခဲ့ကြသည်။

လျှပ်စီးအရိပ်ဘုရင်၊ မိုးကြိုးသားရဲဘုရင်၊ အဆိပ်ဘုရင်၊ ယင်တစ္ဆေဘုရင်၊ တိုက်တန်ခွန်အားဘုရင်နှင့် ညို့ဓါတ်ဘုရင်မတိုသည် မိစ္ဆာဘုရင်ခြောက်ပါးအဖြစ် ကျော်ကြားပေသည်။

နတ်ဆိုးအရှင်သခင် မထွက်ပေါ်လာစဉ်က မိစ္ဆာဘုရင် ခြောက်ပါးသည် တိမ်မိစ္ဆာနယ်မြေအား နယ်မြေခြောက်ခုခွဲ၍ အုပ်ချုပ်ကြခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က၊ နတ်ဆိုးအရှင်သခင်ရန်ပိုင်နှင့် မိစ္ဆာဘုရင်ခြောက်ပါး ဦးဆောင်သော တိမ်မိစ္ဆာနယ်မြေသည် ဗဟိုမြို့တော်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်ကာ ကျူးကျော်တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း တိုက်ပွဲအဆုံး၌၊ ရန်ကိုင် သေသွားခဲ့ရပြီး မိစ္ဆာဘုရင်ခြောက်ပါးသည်လည်း ပြင်းပြင်းထန်ထန် ထိခိုက်၊ ဒဏ်ရာရသွားခဲ့ကြသည်။ ရှန်ချင်းလော့ တစ်ယောက်သည်ကာ အကောင်းအတိုင်း ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး ကျန်မိစ္ဆာဘုရင် ငါးယောက်မှာမူ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည်။ မိစ္ဆာဘုရင် ငါးပါးအနက် လေးယောက်သေပြီး လျှပ်းစီးအရိပ်ဘုရင် တစ်ယောက်သာ ထွက်ပြေးနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ လျှပ်စီးအရိပ်ဘုရင်အကြောင်း ဘာသတင်းမှ မကြားရတော့ချေ။

လျှပ်စီးအရိပ်ဘုရင်သည် ဗဟိုမြို့တော်တိုက်ပွဲတွင် ရခဲ့သော ဒဏ်ရာများကြောင့် သေသွားသည်ဟု ပြောကြသည်။ အချို့ကမူ သူသည် လူမြင်ကွယ်ရာတွင် ပုန်းအောင်းလျက် တံခါးပိတ် ကျင့်ကြံနေသည်ဟု ပြောကြသည်။

တကယ်တော့ ဗဟိုမြို့တော်တွင် အားကောင်းသော ပညာရှင်များစွာ ရှိနေခဲ့လေရာ သူသာ နောက်တစ်ကြိမ် ပြန်ပေါ်လာမည်ဆိုပါက ထိုပညာရှင်များ၏ အမဲလိုက်ခြင်း ခံရပေလိမ့်မည်။

လျှပ်စီးအရိပ်ဘုရင်သည် သူတောင်းစားတစ်ယောက်ကဲ့သို့ ရုပ်ဖျက်ကာ သင်းရနံ့မြို့တော်ထဲတွင်း ပုန်းအောင်းနေမည်ဟု မည်သူမှ မထင်ခဲ့ကြပေ။

ရန်ကိုင်သာ သင်းရနံ့မြို့တော်သို့ လာပြီး ရှန်ချင်းလော့အား လာမရှာခဲ့ပါက တံခါးပေါက်တွင် ထိုင်နေသော သူတောင်းစားသည် လျှပ်စီးအရိပ်ဘုရင် ဖြစ်သည်ဆိုသောအချက်ကို မည်သူမှ သိလိမ့်မည် မဟုတ်ချေ။

လျှပ်စီးအရိပ်ဘုရင်သည် အခြားသူများကိုသာ လိမ်လို့ ရချင်ရပေမည်။ ရန်ကိုင်ကိုမူ လိမ်၍ မရပေ။

မသေမျိုး ဒုတိယအဆင့်သည် ဤလောကကြီးတွင် အမြင့်ဆုံး အဆင့်ဖြစ်နေခဲ့သည်။ ရန်ကိုင်အနေဖြင့် သူ့အား သတိမပြုမိမှသာ ထူးဆန်းနေပေလိမ့်မည်။

“ရန်မိသားစုကောင်လေး၊ ငါလျှပ်စီးအရိပ်ဘုရင် မဟုတ်တော့သလို ဗဟိုမြို့တော်ရဲ့ ရန်သူလည်း မဟုတ်တော့ဘူး။ ငါ့လက်ကျန်ဘဝကို အေးအေးဆေးဆေးနဲ့ နေချင်ရုံပါပဲကွာ။ မင်းဘာလို့ ဒီလောက် ရက်စက်ချင်နေရတာလဲ”

“အဲ့လိုဆိုရင် ဘာလို့ ရုပ်ဖျက်ပြီး ရှန်ချင်းလော့ရဲ့ နန်းတော် အပြင်ဘက်မှာ ထိုင်နေတာလဲ။ ခင်ဗျား ဘာတွေကြံနေတာလဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ငါက ကြံနေတယ်” လျှပ်စီးအရိပ်ဘုရင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး “မင်းနားလည်မှုလွဲနေတာလား။ ငါဒီမှာ နေနေရတဲ့ အကြောင်းအရင်းက သူနဲ့ သဘောတူညီချက် လုပ်ထားလို့ပဲ။ မဟုတ်ရင် ဘာလို့ ဒီမှာ လာထိုင်နေရမှာလဲ”

“သူက ခင်ဗျားကို နေခွင့်ပြုတယ်ပေါ့” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့လက်ဝှေ့ရမ်း၍ အစစ်အမှန်ချီဖြင့် ကြိုးတစ်ချောင်းဖန်တီးကာ အရိပ်ဘုရင်ကို ချုပ်နှောင်လိုက်သည်။ ထို့နောက် “ခင်ဗျားပြောတာ မှန်မမှန် မကြာခင် သိရလိမ့်မယ်။ ကျုပ်ကို လိမ်နေတယ်ဆိုရင်တော့ ဒီနေ့က ခင်ဗျားသေနေ့ပဲ”

အရိပ်ဘုရင် ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း လုံးဝ မရုန်းထွက်နိုင်ခဲ့ချေ။ ထို့အပြင် သူ့အစစ်အမှန်ချီဟာလည်း ပိတ်ဆို့ထားခြင်း ခံရသည်။ ထိုအခြင်းအရာကြောင့် ရန်ကိုင် ဘယ်လောက်အထိတောင် အားကောင်းနေသလဲဟု တွေးရင်း သူ့စိတ်ထဲ ကြောက်ရွံ့စိတ်တို့ ကိန်းအောင်းလာခဲ့ရသည်။

ထို့ကြောင့် အဆောတလျင် အော်ပြောလိုက်သည် “သူဒီမှာမရှိတော့ဘူး”

“ဒီမှာမရှိဘူးလား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် တစ်မြို့လုံးကို လွှမ်းခြုံလိုက်သည်။ မကြာခင် လျှပ်စီးအရိပ်ဘုရင်ပြောသလို သင်းရနံ့မြို့တော်ထဲတွင် ရှန်ချင်းလော့ မရှိသည်ကို တွေ့လိုက်ရသည်။

“သူဘယ်သွားတာလဲ”

“နန်းတော်ထဲမှာ လူအချို့ရှိသေးတယ်။ သူတို့ကိုသာ သွားမေးကြည့်” လျှပ်စီးအရိပ်ဘုရင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အရိပ်ဘုရင်ကို ခေါ်ကာ ရှန်ချင်းလော့၏ နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း သင်းရနံ့မြို့တော်ထဲရှိ ကျင့်ကြံသူ အားလုံး မှင်သက်နေခဲ့ကြကာ အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာခဲ့သည်။ အသိပြန်ဝင်လာနိုင်သည့်တိုင် မြင်လိုက်ရသော မယုံနိုင်စရာ အဖြစ်အပျက်ကြောင့် စိတ်မှာ မတည်ငြိမ်နိုင်သေးချေ။

မိစ္ဆာဘုရင်ခြောက်ပါးသည် တိမ်မိစ္ဆာနယ်မြေ၏ အားကောင်းဆုံး ပညာရှင်များဖြစ်ကြသည်။ တစ်ယောက်ချင်းစီတိုင်းသည် ‘အထွဋ်အထိပ် ခွန်အား’ ဆိုသော အမှတ်သင်္ကေတကို ကိုယ်စားပြုသည်။ သို့သော် ယခုအချိန်တွင် ဘယ်ကမှန်းမသိသော် လူငယ်လေးတစ်ယောက် ပေါ်လာပြီး မိစ္ဆာဘုရင်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သော လျှပ်စီးအရိပ်ဘုရင်ကို အနိုင်ယူကာ ဖမ်းခေါ်သွားခဲ့သည်။

တကယ် အံ့အားသင့်စရာကောင်းသည့် အချက်မှာ ထိုလူငယ်လေးသည် လျှပ်စီးအရိပ်ဘုရင်အား ထမင်းစား၊ ရေသောက်သလို အလွယ်တကူ ဖမ်းခေါ်သွားခြင်းပင်။

လျှပ်စီးအရိပ်ဘုရင်အနေဖြင့် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ချေ။

ထို့ကြောင့် အောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများမှာ သူတို့ အိမ်မက်များ မက်နေသလား၊ ပုံရိပ်ယောင်တွေကိုများ မြင်နေရလေသလား အထင်ဖြင့် အသားကို ဆိတ်ဆွဲကြည့်လိုက်၊ မျက်လုံးများကို ပွတ်သပ်ကာ နောက်တစ်ကြိမ် သေချာ ထပ်ကြည့်လိုက် လုပ်ကြသည်။ သို့သော် အကုန်လုံးဟာ တကယ့် အစစ်အမှန် ဖြစ်နေခဲ့ပေသည်။

အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် ဘာဖြစ်နေသလဲ သိရရန်အတွက် နန်းတော်ထဲမှ အစေခံများ ပြေးထွက်လာခဲ့ကြသည်။ သူတို့ ပြေးထွက်လာသည့်အချိန် ရန်ကိုင်နှင့် သွားပက်ပင်းတိုးလေသည်။

ကျူးကျော်လာသူကို မြင်လိုက်ရချိန် အကုန်လုံး ထိတ်လန့်တကြား ထအော်မိကြသည်။

ရင့်ကျက်သော အလှလေး ယွန်လီ၊ အစေခံညီအစ်မ နှစ်ယောက် ရို့ယုနှင့် ရို့ချင်၊ ရန်ကိုင်နှင့် တစ်ချိန်က ရင်းနှီးခဲ့ဖူးသော လူသုံးယောက် ထွက်လာခဲ့ကြသည်။

“သခင်လေးရန်လား” ယွန်လီက သူမပါးစပ်ကိုအုပ်လျက် အလန့်တကြား ထအော်လေသည်။

ရန်ကိုင်က ပြုံး၍သာ ခေါင်းညိတ်လိုက်သည်။

“စီနီယာ အရိပ်ဘုရင်… ရှင်ဘယ်လိုလုပ်ပြီး…” ယွန်လီက စိတ်ဓါတ်ကျနေသော လျှပ်စီးအရိပ်ဘုရင်ကို မြင်သွားပြီး နားမလည်နိုင်စွာ လှမ်းမေးလိုက်သည်။

“ဒီရန်မိသားစုကောင်လေးကို နင်တို့ပဲ ရှင်းပြလိုက်တော့။ နင့်သခင်မကိုယ်တိုင်က ငါ့ကို သင်းရနံ့မြို့တော်ထဲမှာ နေခွင့်ပြုခဲ့တယ် ဆိုတာကို သူမယုံဘူး ဖြစ်နေတယ်” လျှပ်စီးအရိပ်ဘုရင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်က ယွန်လီဘက်သို့ လှည့်၍ ပြောလိုက်သည် “ခင်ဗျားတို့ သူ့ကို ကြောက်နေစရာမလိုဘူး။ အမှန်ကိုသာ ရဲရဲပြောချလိုက်”

ယွန်လီက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “သခင်လေးရန်၊ သခင်မကိုယ်တိုင် သူ့ကို သင်းရနံ့မြို့တော်ထဲမှာ နေခိုင်းခဲ့တာပါ။ ဒီနန်းတော်ကို ကာကွယ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ပေါ့။ သခင်မ ထွက်သွားကတည်းက လျှပ်စီးအရိပ်ဘုရင် သင်းရနံ့မြို့တော်ထဲမှာ ဆူပူသောင်းကျန်းမှုတွေ မဖြစ်အောင် စောင့်ကြပ်ပေးခဲ့တာပါ။ သခင်မ ထွက်သွားကြမှန်း အပြင်လူတွေ မသိကြဘူး။ သူတံခါးပိတ်ကျင့်ကြံနေတယ်လို့ပဲ ထင်နေကြတာ”

ရန်ကိုင်လည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ သို့သော် ယွန်လီက ထိုကဲ့သို့ ပြောလာမှဖြင့် လျှပ်စီးအရိပ်ဘုရင် သူ့အား လိမ်မပြောခဲ့သည်မှာ မှန်နေခဲ့လေပြီ။ ထို့ကြောင့် သူ့အား ချုပ်ထားသည်ကို လွှတ်ပေးလိုက်ပြီး ရန်ကိုင် ဆက်မေးလိုက်သည် “ခဏတုန်းက ရှန်ချင်းလော့ ထွက်သွားတယ်လို့ ပြောလိုက်တယ်နော်။ သူဘယ်ကို ထွက်သွားတာလဲ”

ယွန်လီ၊ ရို့ယုနှင့် ရို့ချင်တို့ သုံးယောက်စလုံး ခေါင်းခါလိုက်ကြပြီး “ကျွန်မတို့လည်း သခင်မ ဘယ်ထွက်သွားလဲ မသိဘူး။ သူမထွက်သွားခင်ကတော့ စီနီယာအရိပ်ဘုရင်ကို တစ်ခုခု ပြောခဲ့သေးတယ်။ ဒီတော့ စီနီယာအရိပ်ဘုရင်ပဲ သိလိမ့်မယ်”

ရန်ကိုင်က လျှပ်စီးအရိပ်ဘုရင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လာခဲ့သည်။

လျှပ်စီးအရိပ်ဘုရင်သည် ရန်ကိုင်အား ကြိတ်၍ ကျိန်ဆဲနေသည့်ပုံပင်။ ရန်ကိုင်က စိုက်ကြည့်လာသဖြင့် ဒေါသတကြီး ပြန်ပြောလိုက်လေသည် “မင်းကို သွားရှာမယ်လို့ ပြောသွားတာ။ ဘယ်သွားမယ် ဆိုတာကိုတော့ အတိအကျ ပြောမသွားဘူး”

“ကျုပ်ကိုရှာဖို့လား။ ကျုပ်ဗဟိုမြို့တော်မှာ မရှိတော့မှန်း သူသိတယ်။ ကျုပ်ကို ဘယ်လိုလုပ်ပြီး ရှာမှာလဲ”

“ဗဟိုမြို့တော်ဆီ သူသွားတာမဟုတ်ဘူး။ သူမသွားခင်တုန်းက ငါ့ကို ထူးထူးဆန်းဆန်း စကားတွေ ပြောသွားသေးတယ်။ ပိုပြီးအဆင့်မြင့်တဲ့ လောကလား ဘာလားမသိဘူး။ အရင်တုန်းက ရန်ပိုင် ပြောခဲ့တာနဲ့ ခပ်ဆင်ဆင်ပဲ”

ရန်ကိုင် တုန်ရီသွားခဲ့ပြီး သူမထွက်သွားခင်က ရှန်ချင်းလော့အား အကြောင်းအရာအချို့ ပြောခဲ့သည်ကို ပြန်သတိရလိုက်သည်။

သူဘယ်တုန်းက ထွက်သွားတာလဲ”

“မင်းပျောက်သွားပြီး နှစ်နှစ်ကြာပြီးတာ ထွက်သွားတာပဲ။ မင်းမှာ သူ့ဝိဥာဉ်ရှာအမှတ်အသား ရှိနေတော့ မင်းရောက်နေတဲ့ လောကကြီးကိုသာ ရောက်သွားနိုင်ရင် မင်းကို အလွယ်တကူ ရှာလို့ရပြီတဲ့”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ လျှပ်စီးအရိပ်ဘုရင် လိမ်မနေချေ။

သူ့ကိုယ်ပေါ်တွင် ရှန်ချင်းလော့၏ ဝိဥာဉ်ရှာအမှတ်အသား ရှိနေသည်ကို သူနှင့် ရှန်ချင်းလော့ နှစ်ယောက်သာ သိထားသည်။ ထို့ကြောင့် လျှပ်စီးအရိပ်ဘုရင် သိနေရခြင်းသည် ရှန်ချင်းလော့ သူ့အား ပြောပြခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

“ပီလော့ကော”

“ပီလော့လည်း သခင်မနဲ့အတူ တစ်ခါတည်း လိုက်သွားတယ်”

ရန်ကိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုကသ်ည်။

ထိုစုန်းမသည် သူ့ကိုရှာရန်အတွက် တိမ်မိစ္ဆာနယ်မြေမှ ထွက်ပြီး ပိုမြင့်သည့် လောကတစ်ခုဆီသို့ သွားသည့် လမ်းကြောင်းကို ရှာဖွေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

သူမ အောင်မြင်ခဲ့လား ဆိုသည်ကို သူမသိချေ။ သူမသာ အောင်မြင်ခဲ့လျှင် ထုန်းရွှမ်လောကကြီးတွင် ရောက်နှင့်နေရပေမည်။ ထိုသို့သာဆိုလျှင် ဤမျှ ကြာသွားသည့်တိုင် အဘယ်ကြောင့် သူ့အား လာမတွေ့ရသနည်း။

သူမ ဘယ်သွားလဲ ဆိုသည့်ကိစ္စနှင့် ပက်သက်၍ ရန်ကိုင် လုံးဝ သဲလွန်စ ရှာမတွေ့ ဖြစ်နေခဲ့သည်။

ထိုစုန်းမ၏ အချစ် သူ့အပေါ် မည်မျှ နက်ရှိုင်းကြောင်းကို ရန်ကိုင် ကောင်းကောင်း သိလေရာ သူ့နှလုံးသား မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ယခင်ကမူ၊ သူမအား သူ့နားမှ အတင်းမောင်းထုတ်ပစ်ချင်ခဲ့သည်။ သို့သော် သူမအား မတွေ့လိုက်သည့်အချိန်တွင်မူ သူ့စိတ်ထဲ အထီးကျန်သလို ခံစားလိုက်ရသည်။

သူ့စိတ်ထဲ သူမအပေါ် အပြစ်မကင်းသို ခံစားလိုက်ရ၏။

“အဲ့ဒါပဲ။ ငါသိတာအားလုံး မင်းကို ပြောပြပြီးသွားပြီ။ ငါ့ကို သတ်မယ်ဆိုရင်လည်း သတ်လိုက်တော့” လျှပ်စီးအရိပ်ဘုရင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၈)

ရှန်ချင်းလော့၏ နန်းတော်ထဲတွင်၊ လျှပ်စီးအရိပ်ဘုရင်သည် တုန်လှုပ်ခြင်း အလျင်းကင်းစွာ ရပ်နေခဲ့သည်။

လျှပ်စီးအရိပ်ဘုရင်ကို ကြည့်၍ ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည် “သွားတော့၊ ကျုပ်ခင်ဗျားကို သတ်ချင်စိတ် မရှိဘူး”

ရန်ကိုင် စကားကြောင့် လျှပ်စီးအရိပ်ဘုရင် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။ ကြားလိုက်ရသည့် စကားကို မယုံနိုင်သေးသည့် အမူအရာဖြင့် ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်နေလေသည်။

လွန်ခဲ့သည့်ဆယ်နှစ်အတွင်း သူ့ကိုယ်သူ နိမ့်ကျသော သူတောင်းစား တစ်ယောက်အဖြစ် ရုပ်ဖျက်ထားရခြင်းသည် ဗဟိုမြို့တော်မှ ပညာရှင်များ သူ့အား လာရှာမည်ကို ကြောက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော် မမျှော်လင့်ဘဲ ရန်ကိုင်လက်ထဲတွင် အဖမ်းခံလိုက်ရသည်။ သူ့တွင် တကယ်ကော အသက်ရှင်ခွင့် ရှိသေးရဲ့လား။

“မသွားသေးဘူးလား” ရန်ကိုင် နှာခေါင်းရှုံ့လိုက်သည်။

အရိပ်ဘုရင် အံ့ကြိတ်လိုက်ပြီး နဖူးကြောတို့ ထောင်တက်လာခဲ့သည်။ သူသည် တစ်ချိန်က ဤလောကကြီးရှိ လူများ၏ ရင်ထဲသို့ အကြောက်တရား ရိုက်သွင်းပေးနိုင်ခဲ့သည့် မိစ္ဆာဘုရင်တစ်ပါး ဖြစ်ပေသည်။ သို့သော်လည်း ယခုအချိန်၌ သူ့ရှေ့တွင် ရှိနေသော လူငယ်လေး၏ အထင်အမြင်သေးခြင်းကို ခံနေခဲ့ရသည်။ သူ့ကို သတ်ဖို့ပင် မထိုက်တန်ဟု သဘောထားနေခဲ့သည်။ သူ့တစ်ဘဝလုံး တစ်ကြိမ်တစ်ခါမှ ဤကဲ့သို့ အရှက်ခွဲမခံရခဲ့ဖူးချေ။

သူ့စိတ်ထဲ ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း နောက်ဆုံး၌၊ အသက်ရှင်ချင်စိတ်က သူ့ဒေါသကို အနိုင်ယူသွားခဲ့လေသည်။ ထို့နောက် အေးစက်စက် အမူအရာဖြင့် “ရှန်ချင်းလော့ ထွက်မသွားခင် ပင့်ကူအမေကြီးရဲ့ အသိုက်ဆီ သွားခဲ့သေးတယ်။ သူအဲ့မှာ တစ်ခုခု တွေ့ခဲ့တာ ဖြစ်လောက်တယ်။ သူ့ကို ရှာချင်တယ်ဆိုရင် အဲ့ကို သွားကြည့်သင့်တယ်။ တစ်ခုခု ရှာတွေ့ရင် ရှာတွေ့နိုင်တယ်”

ပြောပြီးသည်နှင့် လျှပ်စီးကြောင်းတစ်ခု အသွင်သို့ ပြောင်းလျက် ချက်ချင်း ထွက်သွားလေသည်။

“ပင်ကူအမေကြီးရဲ့ အသိုက်လား…” ရန်ကိုင် သူ့ဘာသာ ရေရွတ်လိုက်သည်။ ထိုနေရာကို သူကောင်းကောင်း မှတ်မိ၏။ ထိုနေရာသည် အဆင့်မိစ္ဆာ မွန်းစတားသားရဲဖြစ်သော ပင့်ကူအမေကြီး နေသည့်နေရာ ဖြစ်ပေသည်။

ရှန်ချင်းလော့ အဆိပ်မုဆိုးမ အထူးခန္ဓာကိုယ်သည် ထိုပင့်ကူအမေကြီးဆီမှ အရင်းခံလာခြင်းဖြစ်သည်။ သူမကိုယ်ထဲရှိ အဆိပ်ကို ကုသနိုင်သည့် တစ်ခုတည်းသော အရာသည်ကား ပင့်ကူအမေကြီး၏ အမြူတေပင်။

“သခင်လေးရန်… သခင်မ နတ်ဆိုးဘုရင်ကို သွားရှာမလို့လား” ယွန်လီက မေးလိုက်သည်။

“အင်း၊ တစ်ချက်သွားကြည့်မလို။ သူအဲ့မှာတော့ မရှိလောက်ဘူး။ အစောကြီးကတည်းက ထွက်သွားလောက်ပြီ”

“အင်း။ အဲ့လိုဆိုရင် သခင်လေးရန် လမ်းမှာ သတိထားသွားဦးနော်” ယွန်လီ၊ ရို့ယုနှင့် ရို့ချင်တို့ သုံးယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

ရန်ကိုင်က ထိုသုံးယောက်ကို ဝေ့ကြည့်လိုက်ပြီး “ခင်ဗျားတို့ သခင်မက ဒီမှာမရှိတော့ဘူးလေ။ ဘာလို့ ဒီမှာ နေနေသေးတာလဲ”

ယွန်လီက မဲ့ပြုံးပြုံးလိုက်ပြီး “ကျွန်မတို့ ဘယ်သွားနိုင်မှာလဲ။ ဒီမှာဆိုရင် အနည်းဆုံးတော့ နေစရာမရှိမှာ ပူစရာမလိုဘူးလေ။ ဒါပေမယ့် ဒီနေရာကနေသာ ထွက်သွားခဲ့ရင် ကျွန်မတို့ရဲ့ ရုပ်ရည်၊ ခွန်အားနဲ့ ဆိုရင် ဘယ်လို ကံကြမ္မာကို ရင်ဆိုင်ရမလဲ သခင်လေးရန် ကောင်းကောင်း သိလောက်ရောပေါ့”

ရင့်ကျက်သော အမျိုးသမီးနှင့် မိန်းကလေး နှစ်ယောက်စလုံးသည် အတော်လေးကို လှပကြသော်လည်း သူတို့၏ ခွန်အားမှာမူး မြင့်မားလှခြင်းမရှိချေ။ သူတို့သာ ဤနေရာမှထွက်၍ အပြင်လောကကြီးတွင် ခြေဆန့်မည် ဆိုပါက ကောက်ကျစ်ယုတ်မာသော ယောကျာ်းသားများ၏ ကစားစရာ အဖြစ်သို့ ရောက်ရှိသွားရပေလိမ့်မည်။

“ကျုပ်ခေါ်သွားမယ်ဆိုရင်ရော လိုက်မှာလား” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။

ယွန်လီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ရို့ယု၊ ရို့ယင်တို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သုံးယောက်စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည် “အင်း။ သခင်လေးရန်က ခေါ်မယ်ဆိုရင်တော့ ပျော်ပျော်ကြီး လိုက်မှာပေါ့။ သခင်လေးရန်နောက်သာ လိုက်မယ်ဆိုရင် တစ်နေ့ သခင်မနဲ့ ပြန်တွေ့ကောင်း ပြန်တွေ့နိုင်တယ်လေ”

“အဲ့လိုဆိုရင်၊ ထုပ်စရာရှိတာတွေ ထုပ်ထားလိုက်။ ကျုပ်မြန်မြန် ပြန်လာခဲ့မယ်။ အို၊ ဟုတ်သားပဲ။ ခင်ဗျားတို့ သုံးယောက်အပြင် အခြား အိမ်ဖော်လည်း ရှိသေးတယ်မလား။ သူတို့ကိုလည်း လိုက်ဦးမလား မေးကြည့်လိုက်ပါဦး” ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားလေသည်။

နာရီဝက်ကြာပြီးနောက် ပင့်ကူအမေကြီး၏ အသိုက်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

လေထဲတွင်ရပ်လျက်‌ အောက်ဘက်ရှိ ပင့်ကူရုပ်ထုကို ငုံ့ကြည့်နေခဲ့သည်။

ယခင်ကမူ တစ်ခါမှ မစဉ်းစားဖူးခဲ့။ ယခု ဆယ်နှစ်ကြာသွားပြီး ပြန်စဉ်းစားကြည့်လိုက်တော့မှပဲ တွေးဖြစ်ခဲ့သည်။ ထိုပင့်ကူရုပ်ထု မည်သည့် နေရာမှ ရောက်လာသနည်း။ တစ်ခုခုတော့ ထူးဆန်းနေပေသည်။

ဤနေရာတွင် ပင့်ကူအမေကြီးနှင့် ပင့်ကူပေါင်းများစွာ ရှိနေသည် ဆိုသော်ငြား ထိုပင့်ကူများသည် မွန်းစတား သားရဲများသာ ဖြစ်ကြသည်။ လူများမဟုတ်ကြ။ ထို့ကြောင် ရုပ်ထုကို တည်ဆောက်ထားသူများ ပင့်ကူများ မဟုတ်ကြပေ။

ထို့အပြင် ထိုရုပ်ထုသည် တော်တော်လေး ရှေးဆန်၏။ ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်လာသော အနာအဆာများကို ကြည့်၍ ထိုရုပ်ထုသည် အနည်းဆုံး နှစ်ပေါင်းတစ်သောင်းခန့် သက်တမ်းရှိမည်ဟု ရန်ကိုင် ခန့်မှန်းလိုက်သည်။

လက်ရှိအချိန်၌ ပင့်ကူအမေကြီး၏ အသိုက်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ပင့်ကူတစ်ကောင်ကိုမှ မတွေ့ရ။ ပင့်ကူအမေကြီး သေသွားပြီးသည့်နောက်ပိုင်း ဤနေရာတွင် ရှိနေသော ပင့်ကူအားလုံး တကွဲတပြား ဖြစ်သွားခဲ့ကြသည်။ ထို့ကြောင့် ရန်ကိုင် ရောက်လာသည့်အချိန်တွင် မည်သည့် ပင့်ကူကိုမှ မမြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

မြေပေါ်သို့ ဆင်း၍ ရုပ်ထုရှေ့သို့ လျှောက်သွားကာ အထဲသို့ ဝင်သွားလိုက်သည်။

ရုပ်ထုထဲတွင်၊ နေရာလပ်ကျယ်ကြီးတစ်ခု ရှိနေခဲ့သည်။ နေရာတစ်ခုလုံး ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေပြီး ကြမ်းပြင် ဆိုလျှင်လည်း ဖုန်အလိမ်းလိမ်းနှင့် ဖြစ်နေခဲ့သည်။ ဤနေရာသို့ ဘယ်သူမှ မရောက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီနှင့် တူသည်။

အတွင်းပိုင်းကို စူးစမ်းကြည့်ရင်း တစ်ခုခုက ရန်ကိုင် အာရုံကို ဖမ်းစားသွားခဲ့သည်။ ရုပ်ထုထဲတွင် မျက်နှာပြင်ထက် ထူးဆန်းသော ဇယားကွက်ကဲ့သို့ ကားချပ်တစ်ခု ထိုးထွင်းထားသည့် ယဇ်ပုလ္လင်ကြီးတစ်ခု ရှိနေခဲ့သည်။ ထို့အပြင် ထိုယဇ်ပလ္လင်ပေါ်၌ သွေးကွက်များ စွန်းထင်းနေခဲ့သည်။ သို့သော် အချိန်ကြာပြီ ဖြစ်သဖြင့် သွေးကွက်များမှာ မဲညစ်နေလေပြီ။

ယဇ်ပုလ္လင်သည် အရမ်းကြီး မကြီးချေ။ အများဆုံးမှ လူနှစ်ယောက်၊ သုံးယောက်လောက် တက်ရပ်နိုင်ရုံသာ ကျယ်၏။ ယဇ်ပုလ္လင်အား ခဏလောက် စူးစမ်းကြည့်ပြီးနောက် သိသာ ထင်ရှားသော ခြေရာနှစ်စုံကို တွေ့လိုက်ရသည်။

ထိုခြေရာနှစ်စုံသည် ရှန်ချင်းလော့နှင့် ပီလော့တို့၏ ခြေရာများလေလား။

သေတော့မသေချာချေ။ သို့သော် ယဇ်ပုလ္လင်ထက် ကျန်ရစ်နေခဲ့သော ဝိုးတဝါးတား လေဟာနယ်စွမ်းအင်ကိုမူ ရန်ကိုင် ခံစားမိနေပေသည်။

ယဇ်ပုလ္လင်တစ်ခုလုံး အက်ကြောင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ရန်ကိုင်လက်နှင့် လှမ်းထိခိုက်သည့်အခိုက်၊ အားများများစားစား မသုံးလိုက်သော်လည်း ယဇ်ပုလ္လင်တစ်ခုလုံး တစ်စစီ ပျက်စီးသွားခဲ့သည်။

သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် နှလုံးခုန် မြန်လာခဲ့သည်။

ယဇ်ပုလ္လင်ပေါ်တွင် ထိုးထွင်းထားသော ထူးဆန်းသော ကားချပ်မှ အကြွင်းအကျန် ဟင်းလင်းပြင် စွမ်းအင်များကို ရန်ကိုင် အာရုံခံမိလိုက်သည်။ ဤအရာသည် တစ်ချိန်က လေဟာနယ် လိုဏ်ခေါင်းတစ်ခု၏ ဝင်ပေါက်ဖြစ်ခဲ့သည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်သည်။

ခြေရာနှစ်စုံသည် ရှန်ချင်းလော့နှင့် ပီလော့တို့၏ ခြေရာများ ဖြစ်သည်ဆိုပါက သူတို့သည် ဤလောကကြီးမှ ထိုလေဟာနယ် လိုဏ်ခေါင်းဖြင့် ထွက်သွားခြင်း ဖြစ်ရပေမည်။

သို့သော် သူတို့ ဘယ်နေရာသို့ သွားလေသနည်း။

ထိုစုန်းမနှင့် စခွဲခွာခဲ့စဉ်က သူမသည် မသေမျိုးပထမ အဆင့်သာ ရှိသေးသည်။ ထိုခွန်အားသည် ထုန်းရွှမ်လောကကြီး၌ ဘာဆိုဘာမှ မဟုတ်ချေ။

ခဏလောက် စစ်ဆေးပြီးနောက် အသုံးဝင်သည့် သဲလွန်စ တစ်ခုတစ်လေကိုမှ ရှာမတွေ့တော့သဖြင့် စိတ်ပျက်ပျက်နှင့်သာ ပင့်ကူအမေကြီး၏ အသိုက်ထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် လေပေါ် ပျံတက်သွားလိုက်ပြီး သူ့လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။

ကောင်းကင်ဖုံးလက်…

သူ့လက်ဝါးချက်ကြောင့် ရုပ်ထုတစ်ခုလုံး ကျိုးကြေ၊ ပျက်စီးသွားပြီး ဖုန်အလိမ်းလိမ်း ထသွားကာ မြေအောက်ထဲ ထာဝရ နစ်မြုပ်သွားခဲ့ရသည်။

ရန်ကိုင် အတော်လေးကို စိတ်ညစ်နေခဲ့သည်။

ဗဟိုမြို့တော်မှ ထွက်လာခြင်းသည် နေရာနှစ်နေရာသို့ သွားပြီး ထိုနေရာရှိ လူများကို ထုန်းရွှမ်လောကကြီးဆီသို့ ပြန်ခေါ်သွားဖို့ပင်။ သို့သော် ဆေးဘုရင်တောင်ကြားမှ ရှောင်ဖူးချန်းသည် လွန်ခဲသည့် ငါးနှစ်ကတည်းက သေသွားခဲ့သည်။ ဒေါ်လေးရှန်နှင့် ဒေါ်လေးလန်တို့သည်လည်း ဤနေရာတွင်သာ နေရစ်ခဲ့မည်ဟုဆိုသည်။ ရှန်ချင်းလော့ကို လာခေါ်ပြန်သည့် အခါတွင်လည်း သူမသည် လွန်ခဲ့သော နှစ်နှစ်ကတည်းက သင်းရနံ့မြို့တော်မှ ထွက်သွားခဲ့သည်။

ယခုတစ်ကြိမ် သူထွက်လာရသည့် ရည်ရွယ်ချက် ပြီးမြောက်သွားခြင်း မရှိခဲ့ပေ။

ရန်ကိုင်က ကူကယ်ရာမဲ့မဲ့ဖြင့်သာ သင်းရနံ့မြို့တော်သို့ ပြန်သွားရလေသည်။ သူရောက်သွားသည့်အခါ ယွန်လီနှင့် အခြားအစေခံများ ထွက်ခွာရန် အဆင့်သင့် ဖြစ်နေကြလေပြီ။ ယွန်လီ၊ ရို့ယု၊ ရို့ယင်နှင့် အခြား အစေခံနှစ်ယောက်လည်း ပါလာခဲ့သည်။

နေ့တစ်ဝက်ကြာပြီးနောက် ရန်မိသားစုသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။

မိန်းမချောလေး ငါးယောက်ကို ပြန်ခေါ်လာသည့် ရန်ကိုင်ကို ကြည့်ရင်း လီရုန်နှင့် ဟန်ဖေးတို့၏ အမူအရာ ထူးဆန်းသွားခဲ့၏။

ရန်ကိုင်အနေဖြင့် ရှင်းပြရမည်ကို ပျင်းလွန်းနေခဲ့သည်။ ထို့ကြောင့် ယွန်လီနှင့် အခြားသူများအတွက် တစ်ခုခု စီစဉ်ပေးရန်ကိုသာ သူ့အဖေအား တောင်းဆိုလိုက်သည်။ ရှန်ချင်းလော့အား ပြန်မတွေ့ခင် အချိန်ထိ ထိုအမျိုးသမီး ငါးယောက်သည် ရန်မိသားစု၏ အိမ်ဖော်များအဖြစ် အလုပ်လုပ်ကြပေလိမ့်မည်။

ရန်ရင်ဖုန်းက အလွယ်တကူပဲ သဘောတူခဲ့သည်။

“ရန်ကိုင်ရေ”

“ဝမ်းကွဲလား”

သူ့နာမည် ခေါ်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ဒေါင်ချင်းဟန်နှင့် ဒေါင်ချင်းယန်တို့ ပြေးလာနေသည်ကို တွေ့လိုက်ရလေသည်။

ဝတုတ်ဒေါင်သည် ယခင်ကကဲ့သို့ မဝတော့။ အတော့်ကိုမှ ဝိတ်ကျသွားလေသည်။ ယခုသူ့ပုံစံသည် အတော်လေးကိုမှ ကြည့်ကောင်းနေသည်။

ဒေါင်ချင်းယန်ကမူ မိန်းမချောလေး တစ်ယောက်အဖြစ်သို့ ပြောင်းလဲလာခဲ့လေပြီ။ ကြီးသင့်သည့်နေရာကြီး၊ သေးသင့်သည့် နေရာသေး၊ အတော်လေးကိုမှ လှပနေခဲ့သည်။

ထိုနှစ်ယောက်ကို မြင်သည့်အခါ ရန်ကိုင် အတော်လေး ပျော်သွားခဲ့ပြီး ချက်ချင်းပဲ နွေးထွေးစွာ ပြုံးပြလိုက်သည်။

ပြန်ရောက်လာခဲ့စဉ်က မိတ်ဆွေဟောင်းများစွာနှင့် တွေ့ခဲ့သော်လည်း ဒေါင်မိသားစုဝင်များနှင့် မတွေ့ရသေးချေ။ ယနေ့မှပဲ သူ့ဝမ်းကွဲနှစ်ယောက် ပေါ်လာခဲ့သည်။

ရန်ကိုင်ဆီသို့ ရောက်သည်နှင့် ဒေါင်ချင်းယန်က သူမ၏ မျက်ဝန်းလှလှလေးများဖြင့် ရန်ကိုင်ကို သေချာ စိုက်ကြည့်လိုက်ပြီး “ဆယ်နှစ်လောက် မတွေ့လိုက်ရတာနဲ့ ဝမ်းကွဲက ပိုပြီးတော့တောင် ရုပ်ချောလာတာပဲ”

“နင့်အပြောလေးကလည်း အရမ်းကို ချိုလာတာပဲနော်” ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော် ဒေါင်ချင်းယန်က သွားပေါ်အောင် ပြုံးလိုက်ပြီး လက်ဆန့်ထုတ်၍ “ဒီတော့၊ ကျွန်မအတွက် ဘာလက်ဆောင်တွေ ပြင်လာလဲဟင်”

ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။

ဝတုတ်ဒေါင်ကမူ ရန်ကိုင် အကြပ်ရိုက်နေသည်ကိုကြည့်ရင်း အားပါးတရ ရယ်မောနေခဲ့သည်။

“ရော့၊ ငါနင့်ကို ဒါပေးမယ်” ရန်ကိုင်က သလင်းကျောက် တစ်တုံးကို ထုတ်ယူ၍ ဒေါင်ချင်းယန်ကို ပေးလိုက်သည်။ ထို့နောက် လေးလေးနက်နက် လေသ့ဖြင့် “ဒါက ရှားပါးပြီး အဖိုးတန်တဲ့ ရတနာတစ်ခုပဲ။ အဲ့ထဲမှာ သန့်စင်တဲ့ စွမ်းအင်တွေ အများကြီးပါတယ်။ အဲ့စွမ်းအင်တွေကို စုပ်ယူပြီး အစစ်အမှန်ချီ အဖြစ် ပြောင်းလို့ရတာဆိုတော့ ကျင့်ကြံတဲ့နေရာမှာပဲသုံးသုံး၊ အားပြန်ဖြည့်တဲ့ နေရာမှာပဲသုံးသုံး၊ ကြိုက်တဲ့နေရာမှာ သုံးလို့ရတယ်”

ဒေါင်ချင်းယန်၏ မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး ထိုသလင်းကျောက်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် အားပါးတရ ချီးမွမ်းလိုက်သည် “ဒီကျောက်တုံးလေးက အရမ်း လှတာပဲ။ ဝမ်းကွဲ ကျွန်မကို တကယ်ပေးမှာ သေချာလား”

“နင့်ဝမ်းကွဲက ပေးပြီးသားလက်ဆောင်ကို ပြန်ယူမယ်လို့ ထင်လား”

“ဝမ်းကွဲကို ကျေးဇူးအရမ်းတင်တာပဲ” ဒေါင်ချင်းယန်က ပျော်ရွှင်အော် အော်ပြောလိုက်ပြီး ထိုသလင်းကျောက်ကို သူမ အိတ်ထဲ သေသေချာချာ ထည့်သိမ်းလိုက်သည်။

ထိုမိန်းကလေး ရန်ကိုင်၏ လှည့်စားခြင်း ခံရမည်ကို မမြင်ရက်သဖြင့် လီရုန်နှင့် ဟန်ဖေးတို့သည် ထိုကျောက်တုံးမှာ သာမန်ပစ္စည်းသာဖြစ်ကြောင်း အလျင်အမြန် ရှင်းပြလိုက်ရ၏။ ပြီးသည်နှင့် ခေါင်းလေး တရမ်းရမ်းဖြင့် တခစ်ခစ် ရယ်မောလိုက်ကြလေသည်။

“ညီမလေး၊ အပြင်မှာ သွားဆော့နှင့်ပါလား။ အစ်ကို ရန်ကိုင်နဲ့ တစ်ခုခု ဆွေးနွေးချင်လို့” ဒေါင်ချင်းဟန်က ဒေါင်ချင်းဟန်အား အဓိပ္ပါယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဟန့်၊ တိုးတိုးကြိတ်ကြိတ်နဲ့၊ သိတာပေါ့၊ မကောင်းတဲ့ အကြောင်းတွေ ပြောတော့မှာမှန်း” ဒေါင်ချင်းယန်က နှာခေါင်းရှုံ့လိုက်ပြီး အလျင်အမြန် ပြေးထွက်သွားလေသည်။

ရန်ကိုင်နှင့် ဒေါင်ချင်းဟန် နှစ်ယောက်တည်း ရှိတော့သည့် အချိန်၌၊ ဒေါင်ချင်းဟန်၏ အမူအရာ လေးနက်သွားခဲ့ပြီး ရန်ကိုင်အား အသေအချာ စိုက်ကြည့်၍ မေးလိုက်လေသည် “မင်း ရန်မိသားစု တစ်ခုလုံးကို ထုန်ရွှမ်လောကကြီးဆီ ခေါ်သွားချင်တာ တကယ်ကြီးလား”

“ဒေါ်လေးနဲ့ ဦးလေးဆီက သတင်းကြားပြီး ချက်ချင်း ပြေးလာတာ။ ကျန်တဲ့ ဒေါင်မိသားစုဝင်တွေလည်း မင်းနောက် လိုက်ဖို့ အထုပ်အပိုးတွေ ပြင်နေကြပြီ” ဒေါင်ချင်းဟန်က တည်ကြည်လေးနက်သည့် လေသံဖြင့် မေးလိုက်သည် “မင်းတကယ် သေချာတာလား”

“မသေချာရင် ငါ့တစ်မိသားစုလုံးကို သွားခိုင်းမလားဟ။ ငါ့မိသားစုရဲ့ အသက်ကို လောင်းကြေးထပ်ပြီး ဘာလို့ အဲ့လို လုပ်ရမှာလဲ” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ငါနားလည်တာပေါ့။ ဒါပေမယ့် ဒီကိစ္စက နည်းနည်း… ကိုယ့်မွေးရပ်မြေကို ရုတ်တရက် စွန့်ခွာပြီး အခြား နေရာအသစ် တစ်ခုဆီ ပြောင်းရမှာဆိုတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့ကွာ”

“နောက်ပိုင်းကျ အသားကျသွားလိမ့်မယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်မယ် “ငါဆိုရင်လည်း ဟိုဘက်စရောက်တုန်းက တော်တော်လေးကို လမ်းပျောက်ခဲ့တာ။ ဒါပေမယ့် အဲ့ဘက်မှာ ငါတို့လို လူငယ်တွေအတွက် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီးပဲကွ”

“ဟားဟား” ဒေါင်ချင်းဟန် ရယ်မောလိုက်ပြီး “မေးကြည့်ရုံ မေးကြည့်တာပါကွာ။ ချူရီမန်တောင် သွားမယ်လို့ ဆုံးဖြတ်ထားမှတော့ ဘာပြဿနာမှ မရှိတာ သေချာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ မင်းစကားထက် ချူမိသားစု ပထမသခင်မလေးရဲ့ အမြင်ကို ပိုယုံတယ်ကွ”

ရန်ကိုင် ကြက်သေသေသွားခဲ့သည်။

“မင်းတို့ ရန်မိသားစု ဘယ်အချိန် ထွက်ခွာမှာလဲ”

“မြန်နိုင်သမျှ မြန်မြန်ထွက်မှာ။ သွားရမယ့်ခရီးက တော်တော်လေး ဝေးတယ်ကွ။ ဒီကနေ ငါတို့သွားမယ့် နေရာဆီ ရောက်ဖို့ဆိုရင် အနည်းဆုံး သုံး၊လေးလလောက် လိုလိမ့်မယ်။ လမ်းမှာ နှောင့်နှေးတာတွေရှိရင် ပိုပြီးတော့တောင် ကြာနိုင်သေးတယ်”

“အဲ့လောက်တောင် ကြာတာလား” ဒေါင်ချင်းဟန် အံ့ဩသွားခဲ့သည်။

“ကြာတာပေါ့ဟ။ ထုန်းရွှမ်လောကကြီးဆိုတာ မင်းစိတ်ကူးနိုင်တာထက်တောင် ပိုကျယ်သေးတယ်။ အဲ့ဒါကြောင့် မင်းတို့ ဒေါင်မိသားစု ရန်မိသားစုဆီ မလာတော့နဲ့။ အထုပ်အပိုး ပြင်ပြီး ကောင်းကင်စံအိမ်ကနေသာ စောင့်နေ။ အဲ့ကလူတွေကိုလည်း အထုပ်အပိုး ပြင်ထားဖို့ ပြောလိုက်ဦး။ ရန်မိသားစုကော၊ အဲ့က လူတွေကိုပါ တစ်ခါတည်း ခေါ်သွားမှာ”

“ကောင်းပြီ” ဒေါင်ချင်းဟန်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆို ငါသွားပြင်ဆင်လိုက်ဦးမယ်”

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၃၉)

ရန်မိသားစု၊ ချူမိသားစုနှင့် ဟော်မိသားစုတို့ ထွက်ခွာရန်အတွက် အထုပ်အပိုး ပြင်နေကြပြီ ဖြစ်သဖြင့် ဗဟိုမြို့တော်တစ်ခုလုံး အတော်လေးကိုမှ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ ရန်ကိုင်က ‘အထုပ်အပိုးပြင်ထား’ ဟူ၍ လွယ်လွယ်နှင့် ပြောလိုက်သော်လည်း ထိုရိုးရှင်းသော စကားအတိုင်း လုပ်ရန် အရမ်းကိုမှ အချိန်ကုန်လှပေသည်။

ဆယ်ရက်ကြာအောင် စောင့်ပြီးနောက်တွင် အကုန်လုံး ထွက်ခွာရန် အဆင့်သင့် ဖြစ်နေကြလေပြီ။

ဤသို့ဖြင့် လူတစ်ထောင်နီးပါး ရှိသော မိသားစုကြီး သုံးခုနှင့်အတူ ရန်ကိုင်သည် ဗဟိုမြို့တော်မှ ကောင်းကင်စံအိမ်သို့ စတင် ထွက်ခွာတော့လေသည်။

သို့သော် မိသားစုကြီး သုံးခုစလုံးမှ လူအကုန်လုံး လိုက်လာခဲ့ကြခြင်း မဟုတ်ချေ။ မလိုက်ချင်၍ ကျန်ခဲ့သည့် လူများလည်း ရှိပေသည်။ လိုက်လာသူများ၏ (၉၀) ရာခိုင်နှုန်းမှာ ရန်မိသားစုဝင်များ ဖြစ်ကြပြီး ခရီးရှည် မသွားချင်သည့် အကြီးအကဲအချို့နှင့် သူတို့၏ မိသားစုဝင်အချို့သာ ကျန်နေရစ်ခဲ့သည်။

ဟော်မိသားစုနှင့် ချူမိသားစုအတွက်မူ၊ သူတို့ မိသားစု၏ တစ်ဝက်လောက်သာ လိုက်ပါလာကြသည်။ အများစုမှာ ဟော်ရှင်းချန်နှင့် ချူရီမန်တို့နောက် လိုက်ချင်ကြသော လူငယ်မျိုးဆက်များပင် ဖြစ်ပေသည်။

ရန်ကိုင်နှင့် ရင်းနှီးသော မိတ်ဆွေများလည်း လိုက်လာခဲ့ကြသည်။ ဂိုဏ်းတို့ သူတို့ ပြန်အကြာင်းကြားပြီးပေပြီ။ သူတို့၏ အင်အားစုများ မည်ကဲ့သို့ ဆုံးဖြတ်မလဲ ဆိုသည်ကမူ ဂိုဏ်းချုပ်နှင့် အကြီးအကဲများပေါ်တွင်သာ မူတည်ပေသည်။

လိုက်ချင်သည့်သူများ ကောင်းကင်စံအိမ်သို့ တိုက်ရိုက် သွားလိုက်ပါဟု ရန်ကိုင် ပြောပြီးသွားလေပြီ။ ကောင်းကင်စံအိမ်၌ နည်းနည်းလောက် ထပ်စောင့်ပေမည်။ သူမ အလျင်မလိုပေရာ။

ဗဟိုမြို့တော် ဂိတ်ပေါက်မှ လူတန်းရှည်ကြီး စီတန်း ထွက်လာနေခဲ့သည်။ လူများစွာတို့သည် ဂိတ်ပေါက်ဝတွင် စုဝေးလျက် ထိုလူများ ထွက်ခွာနေသည်ကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။

ထိုလူအများစုမှ မိသားစုကြီးငါးခုမှ အဖွဲ့ဝင်များ ဖြစ်ကြပေသည်။

“အစ်ကိုမန်၊ ငါတို့ နေခဲ့ဖို့ ရွေးချယ်လိုက်တာ မှန်ပါ့မလား” ခန်မိသားစုခေါင်းဆောင် ခန်ကျန်းက မေးလိုက်သည်။ တဖြည်းဖြည်း ထွက်ခွာသွားနေသော လူတန်းရှည်ကြီးကို ကြည့်ရင်း သူ့မျက်နှာထက် မပြတ်သား၊ တွေဝေသည့် အမူအရာတို့ ရှိနေခဲ့လေသည်။

ထိုလူများသည် ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်သည့် အဆင့်မြင့် လောကတစ်ခုဆီ သွားတော့ပေမည်။ သို့သော် သူတို့ကမူ ကျန်နေရစ်ရန် ရွေးချယ်ခဲ့ကြသည်။

မန်မိသားစုခေါင်းဆောင် မန်ရှန်းရီက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက် “နေဖို့ ရွေးချယ်လိုက်တာ မှန်လား၊ မှားလား ငါမသိဘူး။ ငါတို့… ရန်ကိုင်နဲ့ အရမ်းကြီး မရင်းနှီးဘူး ဆိုတာတော့ မှန်တယ်။ သူ့နောက်လိုက်သွားလို့လည်း ဒီမှာ နေတာထက် ပိုကောင်းမှဦမဟုတ်ဘူး။ သူ့မှာ ပစ္စည်းကောင်းတွေ ရှိရင် ရန်၊ ချူနဲ့ ဟော်မိသားစုတွေကိုပဲ ဦးစားပေးမှာ။ ငါတို့ မိသားစုငါးခုကို နည်းနည်းလေးတောင် မပေးတာလည်း ဖြစ်နိုင်တာပဲ။ ငါတို့ မိသားစုငါးခုစလုံးကို သူ့လက်အောက်ကို သွတ်သင်းတာမျိုးတောင် လုပ်နိုင်သေးတယ်”

“အစ်ကိုမန်ပြောတာ မှန်တယ်” ရီမိသားစုခေါင်းဆောင် ရီကျင်းက ခေါင်းညိတ်လိုက်ပြီး “အဲ့လို တွေးပူစရာတွေ ရှိနေလို့ပဲ သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာ။ သူလည်း ဒီအချက်ကို နားလည်မယ်လို့ ငါထင်တယ်။ အဲ့ဒါကြောင့်ပဲ ငါတို့ကို ဆက်ပြီး ခေါ်မနေတော့တာ”

“ငါတို့ အတွေးလွန်နေတာကော မဖြစ်နိုင်ဘူးလား။ အဲ့နေရာက ဒီလောကကြီးထက် ပိုအဆင့်မြင့်မှတော့ ငါတို့ရဲ့ ခွန်အားနဲ့ အရင်းအမြစ်တွေက ရန်ကိုင်အတွက် ဘာမှ အသုံးမဝင်လောက်ဘူးလေ” ခန်ကျန်း တုန့်ဆိုင်းနေဆဲ။ “ဒီတစ်ကြိမ် ငါတို့ကို ကမ်းလှမ်းလိုက်တာလည်း ငါတို့ သူတောင်းဆိုချက်ကို လက်ခံခံ၊ လက်မခံခံ၊ အရေးမကြီးလို့လည်း ဖြစ်နိုင်တာပဲ”

“အဲ့လိုတွေးနေလို့ ဘာထူးမှာလဲ။ သူ့တောင်းဆိုချက်ကို ငြင်းပယ်ပြီးသွားပြီလေ။ ဘာလဲ၊ အခုမှ သူ့နောက် ပြေးလိုက်ချင်နေတာလား”

“အစ်ကိုလျူ၊ မင်းကော ဘယ်လိုထင်လဲ” ကောင်းမိသားစု ခေါင်းဆောင် ကောင်းရန်ရှန်းက လျူချင်းယောင်ဘက်လှည့်၍ မေးလိုက်သည်။

လျူချင်းယောင်သည် တစ်ချိန်က ဗဟိုမြို့တော် လူငယ်မျိုးဆက် အားအကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ့အထင်အမြင်မှာလည်း သူတို့၏ ဆုံးဖြတ်ချက် အပေါ် အနည်းနှင့်အများ သက်ရောက်နိုင်ပေသည်။

“ငါမှာ ဘာမှ ပြောစရာမရှိဘူး” လျူချင်းယောင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

———————————-

ဗဟိုမြို့တော်မှ ဆယ်မိုင်အကွာတွင်၊ ရန်ကိုင်၊ ဟော်ရှင်းချန်နှင့် ချူရီမန်တို့ ဘေးချင်းယှဉ် လမ်းလျှောက်နေခဲ့ကြသည်။

ဟော်ရှင်းချန်က နောက်သို့ ရုတ်တရက် ပြန်လှည့်ကြည့်၍ “သခင်လေးရန်၊ အဲ့လူတွေကို မင်းတကယ်ကြီး ဒီအတိုင်း ထားခဲ့လိုက်တော့မလို့လား”

“မင်းငါ့ကို ဘာလုပ်စေချင်တာလဲ။ သူတို့မှ မလိုက်ချင်တာကို၊ ငါက အတင်းအကြပ် လိုက်ခိုင်းရမှာလား။ သူတို့လမ်း သူတို့ လျှောက်တာပဲလေ။ သူတို့ကြိုက်သလို လုပ်ပါစေပေါ့”

“ဟုတ်တယ်။ သူတို့ပဲ ဒီလို ရွေးချယ်ခဲ့တာလေ။ ဘာလို့ စိတ်ထဲထားနေသေးတာလဲ” ချူရီမန်က ဟော်ရှင်းချက်ကို ကြည့်၍ ဝင်ပြောလိုက်သည်။

ဟော်ရှင်းချက်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး “ငါသူတို့ကို ကူညီပေးချင်လို့ပါဟာ။ တကယ်တော့ ငါတို့တွေက ငယ်ငယ်လေးကတည်းက တစ်မြို့တည်းမှာ နေလာခဲ့ကြတာလေ။ အခုလို ရုတ်တရက်ကြီး ခွဲရမယ်ဆိုတော့ နည်းနည်းလေး တုန့်ဆိုင်းနေမိတာ… ကဲ။ ဘာပဲဖြစ်ဖြစ် ထားလိုက်ပါတော့လေ။ သခင်လေးရန်၊ ငါ့မိန်းမနဲ့ကိုယ်လုပ်တော် (၁၅)ယောက်နဲ့ မင်းကို မိတ်ဆက်ပေးမယ်။ အကုန်လုံးက မင်းကို တွေ့ချင်နေကြတာ။ ငါ့ကို မင်းနဲ့ မိတ်ဆက်ပေးပါဆိုပြီး တပူပူ တစာစာ လုပ်နေကြတာကွာ”

ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး “ရပါတယ်၊ မလိုပါဘူးကွာ”

အမျိုးသမီး ဆယ်ယောက်ကျော်နှင့် တွေ့ဆံရမည်မှာ အတော့်ကိုမှ ဗျာများရမည့်ကိစ္စပင်။ တော်ကြာ မသကာမှ ‘အခုမှ ပထမဆုံး အကြိမ်တွေ့ရတာ၊ လက်ဆောင်လေး ဘာလေးများ မပေးချင်ဘူးလား’ ဆိုပြီး လုပ်နေမှဖြင့်…

“မင်းဘယ်လို ပြောရက်တာပဲ။ မင်းသူတို့နဲ့ သွားမတွေ့ရင် ဒီညငါ့ကို လာရှာကြီး စိတ်ဒုက္ခရောက်အောင် လုပ်ကြမှာကွ”

ကူကယ်ရာမဲ့မဲ့နှင့် ရန်ကိုင်လည်း ဟော်ရှင်းချန်၏ တောင်းဆိုချက်ကို သဘောတူလိုက်ရလေသည်။ ရုတ်တရက် ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး တစ်ဖက်ဆီ လှမ်းကြည့်လိုက်သည်။

“သခင်” လီရုန် အမူအရာလည်း လေးနက်သွားခဲ့သည်။

“ကျုပ်သိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဟော်ရှင်းချန်နှင့် ချူရီမန်တို့ဘက်လှည့်၍ “နင်တို့ အရင်ဆက်သွားထားနှင့်၊ ငါတစ်နေရာ သွားလိုက်ဦးမယ်”

ပြောပြီးသည်နှင့် သွားနေရာမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

လီရုန်နှင့် ဟန်ဖေးတို့သည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်း ပြေးလိုက်သွားကြသည်။

ချူရီမန်နှင့် ဟော်ရှင်းချန်တို့မှာ နေရာတွင်သာ ကြောင်တောင်တောင်ဖြင့် ရပ်နေကြလေသည်။ ရုတ်တရက်ကြီး ရန်ကိုင် ဘာကြောင့် ပြေးထွက်သွားမှန်း သူတို့ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။

“ကိုင်အာ ဘယ်ထွက်သွားတာလဲဟင်” ဒေါင်စုကျုက လမ်းလျှောက်လာပြီး မေးလိုက်သည်။

“သမီးလည်း မသိဘူး ဒေါ်လေးရဲ့။ တစ်ခုခု ရှာတွေ့သွားလို့နဲ့ တူတယ်” ချူရီမန်က စဉ်းစဉ်းစားစားဖြင့် ပြန်ပြောလိုက်သည်။

“အန္တရာယ်တစ်ခုခုကို သတိပြုမိလိုက်တာလား” ဒေါင်စုကျု စိုးရိမ်တကြီး ပြန်မေးလိုက်သည်။

“စိတ်အေးအေးထားပါ ဒေါ်လေးရယ်၊ ရန်ကိုင်နားမှာ ဟိုပညာရှင်နှစ်ယောက် ရှိနေတယ်လေ။ အဲ့နှစ်ယောက် ဘယ်လောက် အားကောင်းလဲ သေချာမသိပေမယ့် အရမ်း အားကောင်းတာတော့ သေချာတယ်” ချူရီမန်က ပြုံးကာ ဒေါင်စုကျု၏ စိတ်မပူရအောင် နှစ်သိမ့်ပေးလိုက်သည်။

သူမပြောသည်ကို ကြားမှပဲ ဒေါင်စုကျု အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

ရန်ရင်ဖုန်းက ရယ်မောလို့ပြီး ခေါင်းညိတ်၍ “ငါတို့သားက လူကြီးဖြစ်နေပါပြီကွာ မိန်းမရာ၊ ဒီလောက်ကြီးလည်း စိတ်ပူမနေစမ်းပါနဲ့။ သူ့ဘာလုပ်ဖို့ပဲ ထွက်သွားသွား၊ ဒီကောင်က သူ့အကြောင်းသူ ကောင်းကောင်းသိတဲ့လူပါ”

လူတန်းရှည်ကြီးသည် ဆက်လက် သွားလာနေဆဲ။ ရန်ကိုင် ထွက်သွားသည်ကို မြင်လိုက်သည့် လူအနည်းငယ်မှလွဲ၍ အခြား ဘယ်သူမှ ရန်ကိုင် ထွက်သွားသည်ကို သတိမပြုမိခဲ့ချေ။

မိုင်တစ်ရာကွာ၌…

နီကြင့်ကြင့်နှင့် အနက်ရောင် အလင်းတန်းနှစ်ခုသည် လူတန်းရှည်ကြီးဆီ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။

ထိုအလင်းတန်းနှစ်ခု၏ အရှိန်မှာ အရမ်းကိုမှ မြန်လှသည်။ သူတို့ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် ရှိနေသော မြက်ပင်၊ ပန်းပင် အားလုံး ခြောက်သွေ့ညိုးလျော်သွားကြရသည်။

ထိုနှစ်ယောက်ဆီမှ ဖြာထွက်နေသော ထိတ်လန့်ဖွယ်ရာ နတ်ဆိုးချီကို အာရုံခံသူများအဖို့ ချက်ချင်း နေရာတွင်ပင် လဲပြိုကျသွားနိုင်သည်။

ထိုဆိုးရွားလှသော နတ်ဆိုးချီသည် ဤလောကကြီး၏ ကျင့်ကြံသူများ ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

“အို…” အာမေဋိတ်သံနှင့်အတူ အနက်ရောင်အလင်းတန်း ရုတ်ချည်း ရပ်တန်းသွားခဲ့သည်။ အနက်ရောင် အလင်တန်းဆီမှ တောင်တစ်လုံးကဲ့သို့ မယိမ်းယိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် တုတ်ခိုင်ထွားကြိုင်းသော လူကြီးတစ်ယောက် ပေါ်လာခဲ့သည်။

သွေးနီရောင် အလင်းတန်းလည်း ရပ်တန့်သွားခဲ့ပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်‌ ပေါ်လာခဲ့သည်။

“တစ်ယောက်ယောက် ငါတို့ရှေ့ ကြိုရောက်နေတာလား” လူကြီး မျက်မှောင်ကြုံ့လိုက်သည် “အဲ့လူက ငါတို့ နတ်ဆိုး မျိုးနွယ်စုကပဲ။ ကျိုးချဲလားမသိဘူး”

အမျိုးသမီးက ခေါင်းခါလိုက်ပြီး “မဖြစ်နိုင်ဘူး။ ကျိုးချဲသာ ဒီကိုလာချင်ရင် ငါတို့နဲ့အတူ တစ်ခါတည်း လိုက်လာခဲ့မှာ။ သူ့ဘာသာ တစ်ယောက်တည်း လာခဲ့မှာမဟုတ်ဘူး”

“ကျိုးချြမဟုတ်ဘူးလား။ နတ်ဆိုးမျိုးနွယ်စုထဲမှာ ဒီလောက် ကျင့်ကြံခြင်းမြင့်တဲ့လူ ဘယ်သူ ရှိသေးလို့လဲ” လူကြီး စိတ်ရှုပ်သွားခဲ့သည်။ သို့သော် မကြာခင် ထပ်မံ မျက်မှောင်ကြုံ့သွားခဲ့ပြန်ပြီး “မဟုတ်သေးဘူး။ တစ်ခုတည်း မကဘူး။ လူသားတစ်ယောက်ပါ လာနေသေးတယ်… ဒါပေမယ့် ဒီလူသားရဲ့ အရှိန်အဝါက ရင်းနှီးနေသလိုပဲ”

လူကြီးက သူ့ဘာသာ ရေရွတ်လိုက်သည်။ သို့သော် ထိုလူသားကို ယခင်က မည်သည့် နေရာတွင် တွေ့ခဲ့ဖူးမှန်း မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့သည်။

သူဘာသာ အတွေးနက်နေစဉ်မှာပဲ အမျိုးသမီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “ဘယ်သူလာနေလဲ၊ ငါသိသွားပြီ”

“ဘယ်သူလဲ”

အမျိုးသမီးက လှောင်ပြုံးပြုံးလျက် “လောကကြီးက တကယ်ကို ကျဉ်းကျဉ်းလေးပါလား… လတ်စသတ်တော့ အဲ့မိန်းမ ဖြစ်နေတာကိုး”

“ရှင်းရှင်းလင်းလင်းပြော” လူကြီးက စိတ်မရှည်သည့်ဟန်ဖြင့် အော်ပြောလိုက်သည်။

အမျိုးသမီးက ထိုလူကို အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ “လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်က ငါဒဏ်ရာရလာခဲ့တာကို နင်မှတ်မိသေးလား”

ထိုလူ၏ နှုတ်ခမ်း တွန့်ကွေးသွားခဲ့ပြီး “အော်၊ နင်လူသား ပိုင်နက်ထဲ ခိုးဝင်သွားပြီး ဟိုက လူသားပညာရှင်တစ်ယောက် ပြန်တိုက်လို့ ခွေးပြေး၊ ဝက်ပြေး၊ ထွက်ပြေးလာခဲ့ရတာကို ပြောတာလား။ ငါမှတ်မိတာပေါ့၊ မမှတ်မိဘဲ ဘယ်နေပါ့မလဲ။ ဘာလဲ၊ အခုလာနေတဲ့လူက အဲ့လူနဲ့ ဘာဆိုင်လို့လဲ”

အမျိုးသမီးက အံ့ကြိတ်လိုက်ပြီး “ဘာလို့ မဆိုင်ရမှာလဲ။ အဲ့တုန်းက ငါနဲ့တိုက်ခိုက်ခဲ့တဲ့လူက အခုလာနေတဲ့ အမျိုးသမီးပဲ။ သူက နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ပေမယ့် ဘာမဟုတ်တဲ့ လူသားတစ်ယောက်နဲ့ မဟာမိတ်ဖွဲ့ထားတယ်လေ။ ကျက်သရေ တုံးလိုက်တာ”

လူကြီး မျက်ခုံးပင့်လိုက်ပြီး မိစ္ဆာဆန်ဆန် ပြုံးလျက် “ဒါဆို နင်ဒီနေ့ လက်စားပြန်ချေခွင့် ရှိပြီပေါ့”

အမျိုးသမီးလေ၏သံ ပြတ်ကျသွားပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည် “သူက အားမနည်းဘူး။ ငါနဲ့ တိုက်တုန်းက သူတော်စင် ဒုတိယအဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် ငါနဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်တယ်။ သူအားနည်းလား၊ မနည်းဘူးလား နင့်ဘာသာနင်ပဲ စဉ်းစားကြည့်ပေတော့”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အဲ့တုန်းက နင့်ဘာသာ လမ်းလျှောက်ရင်း အိမ်မက်မက်နေတာလားမှ မသိတာ” လူကြီး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည် “နင်က နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်လေ။ နင့်ထက် အဆင့်တစ်အဆင့် နိမ့်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး မနိုင်ရတာလဲ”

“အဲ့မိန်းမက အခြားလူတွေနဲ့ မတူဘူး။ ငါထင်တာသာ မှန်ရင် သူက အဲ့ကလန်ကပဲ”

“ဘယ်ကလန်လဲ”

အမျိုးသမီးက လူကြီးကြည့်၍ လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ဘယ်ကလန် ရှိရမှာလဲ။ မဟာနတ်ဆိုးနတ်ဘုရား လက်အောက်မှာ တိုက်ရိုက် အမှုထမ်းခဲ့တဲ့ ကလန်ပေါ့”

ထိုစကားကို ကြားလိုက်သည်နှင့် လူကြီး၏ အမူအရာ ဖြူလျော်သွားခဲ့ပြီး တုန့်ဆိုင်းနေသည့် အမူအရာတို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။ ‘အဲ့ကလန်’လို့ ပြောလိုက်ရုံဖြင့် သူ့အား တော်တော့်ကိုမှ ကြောက်သွားစေသည့် ပုံပင် “အဲ့ကလန်ကဆိုတာ သေချာလား”

“ငါကိုယ်တိုင် သူနဲ့တိုက်လာတာ။ မသေချာဘဲ နေမလား။ သူသုံးသွားတဲ့ နတ်ဘုရားစွမ်းရည်က မဟာနတ်ဆိုးနတ်ဘုရား အဲ့ကလန်ဆီ ချီးမြှင့်ပေးခဲ့တဲ့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းပဲ”

“ထူးဆန်းလိုက်တာ။ အဲ့ကလန်ရဲ့ သွေးမျိုးဆက်က ဒီနေ့ထိတောင် ရှိနေသေးတာလား” ထိုလူ၏ တဖြည်းဖြည်း တောက်ပလာခဲ့သည်။ ရှားပါရတနာတစ်ခုကို တွေ့လိုက်ရသည့် အလား သူ့မျက်လုံးများမှာ လောဘကြောင့် တလက်လက် တောက်ပလာခဲ့လေသည်။

“မန်ကဲ၊ နင်အဲ့မိန်းကို စိတ်ဝင်စားနေတာလား” အမျိုးသမီးက ထိုလူကြီးကို ကြည့်၍ မေးလိုက်သည်။

“သူ့ကို စိတ်ဝင်စားတာ မဟုတ်ဘူး။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကိုပဲ စိတ်ဝင်စားတာ” မန်ကဲဆိုသော လူကြီးက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

“ငါလည်း စိတ်ဝင်စားနေတာရှိတယ်” အမျိုးသမီးက ရယ်သွမ်းသွေးလိုက်ပြီး “ဒီလိုလုပ်ကြရအောင် နင်နဲ့ငါ ပူပေါင်းကြမယ်။ အခုလာနေတဲ့လူ သုံးယောက်ရှိတယ်။ နှစ်ယောက်က အဲ့ကလန်ကပဲ။ ဒါကြောင့် နင်နဲ့ငါ တစ်ယောက်စီ ခွဲယူလို့ရတယ်။ လူသားကိုတော့…”

“နင်အဲ့လူသားကိုလည်း စိတ်ဝင်စားနေတာလား” မန်ကဲ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ချက်ချင်း နိုးကြားသွားပြီး “ရွှယ့်လီ၊ နင်ဘာတွေ ကြံနေတာလဲ။ နင်သူ့ကို အာရုံစိုက်ရအောင် အဲ့လူသားက ဘာမို့လို့လဲ”

ထိုမြွေဟောက်မအကြောင်း ကောင်းကောင်း နားလည်ထားရာ ထိုလူသားသည် တစ်ခုခုကို ထူးခြားနေရပေမည်။ မဟုတ်လျှင် ရွှယ့်လီ အနေဖြင့် သူ့အား အာရုံစိုက်လိမ့်မည် မဟုတ်။ ယခု သူတို့ဆီ လာနေသော လူသားသည် မသေမျိုးတတိယအဆင့်သာ ရှိသေးသည်။ သူတို့ နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်ရှေ့ ထိုသူသည် ပုရွက်ဆိတ်နှင့်မခြား၊ သူတို့ သတ်ချင်လျှက် အလွယ်လေး ကောက်သတ်၍ ရပေသည်။

ရွှယ့်လီက သာယာချိုမြစွာ ရယ်မောလိုက်ပြီး “မန်ကဲ၊ နင်ဘာတွေ အတွေးလွန်းနေတာလဲ။ တကယ်တော့ အဲ့လူသားက ဟိုနှစ်တုန်းက ငါ့သဲမြို့တော်ကနေ လွတ်သွားတဲ့ တစ်ယောက်ပဲ။ သူ့ကြောင့်ပဲ ဒီဘုရင်မ မျက်နှာပျက်ခဲ့ရတာလေ။ ဒီတော့ သူ့ကို သဲမြို့တော်ဆီ ပြန်ခေါ်သွားပြီး ငါစိတ်ကျေနပ်တဲ့အထိ နှိပ်စက်ချင်နေတာ”

သူမစကားကြောင့် မန်ကဲ ကြောင်သွားခဲ့ပြီး ထိုအဖြစ်အပျက်ကို ပြန်သတိရလိုက်သည်။

ယခင်က၊ သဲမြို့တော်မှ လူသားတစ်ယောက် ထွက်ပြေး လွတ်မြောက်သွားသဖြင့် နတ်ဆိုးကုန်းမြေတစ်ခုလုံး လှုပ်လှုပ်ယှတ်ယှတ် ဖြစ်သွားခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့် ရွှယ့်လီလည်း ကျန်နတ်ဆိုးဗိုလ်ချုပ်သုံးယောက်၏ လှောင်ပြောင်၊ ရယ်မောခြင်း ခံခဲ့ရသည်။ သူတို့ တွေ့သည့်အခါတိုင်း ထိုကိစ္စအကြောင်း အစဖော်၍ ရွှယ့်လီအား လှောင်ပြောင်ကြသည်။

“နင်ကြိုက်သလိုသာလုပ်” မန်ကဲက စိတ်မရှည်သည့်ဟန်ဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ငါ့ဝေစုကို လာမထိခိုက်သရွေ့ နင်ဘာလုပ်လုပ် ငါဂရုစိုက်နေမှာမဟုတ်ဘူး။ မဟုတ်ရင်တော့ ငါ့ကို မယဉ်ကျေးဘူးဆိုပြီး လာအပြစ်မတင်နဲ့”

ရွှယ့်လီက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ မျက်ဝန်းနက်များထဲ ကောက်ကျစ်ဥာဏ်များသည့် အရိပ်ယောင်တို့ ဖြတ်ပြေးသွားသည်ကိုမူ မန်ကဲ သတိမပြုမိခဲ့ချေ။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၀)

ထိုလူသားကောင်လေး သဲမြို့တော်မှ ထွက်ပြေးသွားသည့် အချက်နှင့်ပက်သက်၍ ရွှယ့်လီ စိတ်ပျက်မိသော်လည်း၊ သူမ၏ တကယ့် ရည်ရွယ်ချက်မှာ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးနတ်ဘုရား သွေးပင်။ ထိုလျှို့ဝှက်အား ဘယ်သူ့ကိုမှ ရွှယ့်လီ မပြောခဲ့ချေ။

ရန်ကိုင်ကို ဖမ်းပြီး သူ့ကိုယ်ထဲမှ နတ်ဆိုးနတ်ဘုရားသွေးကို စုပ်ယူလိုက်သည်နှင့် လက်ရှိနတ်ဆိုးဗိုလ်ချုပ်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိပေသည်။ ထိုအခါ သူမသည် နတ်ဆိုးကုန်းမြေ၏ ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီး ဖြစ်လာပေလိမ့်မည်။

ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လိုက်မည်နည်း။

ထိုအကြောင်းကို စဉ်းစားရင်း ရွှယ့်လီသွေးများ ဆူပွက်လာခဲ့ရသည်။

“သူတို့ လာနေပြီ။ ဒီကောင်တွေရဲ့ သတ္တိတွေက မသေးပါလား” မန်ကဲက အကြောက်အလန့် ကင်းကင်းနှင့် လေထဲတွင်ရပ်လျက် လှောင်ပြုံးပြုံးနေခဲ့သည်။

နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်ရှိနေသည်ကို ဘာကို ကြောက်ရမည်နည်း။

“ရွှယ့်လီပဲ” အဖွဲ့နှစ်ဖွဲ့ကြား အကွာအဝေး ကျဉ်းမြောင်းလာသည့်အခါ နတ်ဆိုးပညာရှင် နှစ်ယောက်ထဲမှ တစ်ယောက်ကို ရန်ကိုင် တန်းသိလိုက်သည်။ ထို့နောက် မျက်မှောင်ကြုံ့လျက် “ဒါပေမယ့် အခြားတစ်ယောက်ကို… ငါရင်းနှီးနေသလိုပဲ။ ဘယ်မှာတွေ့ဖူးတာလဲ မသိဘူး”

ရန်ကိုင်နှင့် မန်ကဲတို့ နှစ်ယောက်စလုံး တစ်ယောက်နှင့် တစ်ယောက် မြင်လိုက်သည့်နှင့် ရင်းနှီးနေသလို ခံစားလိုက်ကြရသည်။

“သခင်။ သူတို့နားရောက်ရင် သတိထားနော်”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ သူ့ခေါင်းထဲ အတွေးများစွာတို့ ဖြတ်ပြေးသွားခဲ့သည်။ အစောပိုင်းက ပညာရှင် နှစ်ယောက်၏ အရှိန်အဝါကို ခံစားမိလိုက်သဖြင့် လီရုန်နှင့် ဟန်ဖေးကိုခေါ်ကာ လာစစ်ဆေးကြည့်သည်။

နှစ်ယောက်ထဲမှ တစ်ယောက်သည် ရွှယ့်လီ ဖြစ်နေမှန်း သိလိုက်သည့်အခါ ရန်ကိုင် အတော်လေး စိုးရိမ်သွားခဲ့သည်။

ဤလောကကြီးသည် မကျဉ်းလှ။ ထို့ကြောင့် ထုန်းရွှမ်လောကကြီးဆီသို့ ဦးတည်နေသည့် ဝင်ပေါက် တစ်ခုထက်မက ရှိနေရပေမည်။ သူသည် ကောင်းကင်စံအိမ်မှ လာခဲ့သည်။ ထိုသို့ဆိုလျှင် ရွှယ့်လီသည် မည်သည့်နေရာမှ လာခဲ့သနည်း။

ခဏအကြာ၌ ရန်ကိုင်သုံးယောက် နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်ရှေ့သို့ ရောက်လာခဲ့သည်။

သွားနေခြင်းကို ရပ်လိုက်ပြီး အဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မီတာတစ်ထောင်အကွာမှ စိုက်ကြည့်လိုက်ကြသည်။

“လူသားကောင်လေး၊ နင့်ကို ဒီနေရာမှာ ထပ်တွေ့ရမယ်လို့ မထင်ထားဘူး။ ရန်သူတွေအတွက် လောကကြီးက တကယ်ကို ကျဉ်းတာပဲ” ရွှယ့်လီ၏ မျက်ဝန်းလေးများ ဒေါသတရားတို့ဖြင့် လောင်မြိုက်လာခဲ့သည်။ သူမ၏ အကြည့်သည် လောကကြီး တစ်ခုလုံးကို ပြာပုံအတိရောက်အောင် လောင်ကျွမ်းပစ်နေချင်သည့် အလား။

“ရန်သူတွေအတွက် လောကကြီးက တကယ်ကို ကျဉ်းလွန်းတယ်။ အရင်အကြိမ်တုန်းက ပြေးလို့လွတ်ပေမယ့် ဒီတစ်ကြိမ်တော့ အဲ့လောက် ကံကောင်းတော့မှာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“အပြောကတော့ ကြီးချက်ပဲ” မန်ကဲက ပျော်ရွှင်စွာ ရယ်မောရင်း ရန်ကိုင်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လျက် “ကောင်းလေး၊ ငါတို့ အရင်တုန်းက တွေ့ဖူးလား။ မင်းကြည့်ရတာ ရင်းနှီးနေသလိုပဲ”

“ခင်ဗျားဘယ်သူလဲ” ရန်ကိုင်လည်း မျက်မှောင် ကြုံ့သွားခဲ့သည်။ ထိုလူကြီးကိုလည်း သူရင်းနှီးနေသလိုပင်။

ထိုလူကို တစ်နေရာရာတွင် သူကျိန်းသေ တွေ့ဖူးရပေမည်။

“ဒီဘုရင်က နတ်ဆိုးဗိုလ်ချုပ်ကြီးရဲ့ လက်အောက်ငယ်သား၊ နတ်ဆိုးဗိုလ်ချုပ် မန်ကဲပဲ” မန်ကဲက ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။

“မန်ကဲလား” ရန်ကိုင်က ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ စပ်ဖြဲဖြဲပြုံးလျက် “ရင်းနှီးနေပါတယ်လို့ မှတ်နေတာ။ လတ်စသတ်တော့ ခင်ဗျားကြီး ဖြစ်နေတာကိုး”

မန်ကဲ ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ဘာလဲ၊ ကျုပ်ကို မမှတ်မိဘူးလား” ရန်ကိုင်က အားပါးတရ ရယ်မောရင်း “ခင်ဗျားရဲ့ ဝိဥာဉ်ကိုယ်ပွားအကြောင်းကို မမှတ်မိတော့ဘူးလား”

မန်ကဲ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင် မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ နောက်ဆုံး ရန်ကိုင် မျက်နှာကို မှတ်မိသွားသည့် အခိုက် ဒေါသတကြီး ထအော်တော့လေသည် “လတ်စသတ်တော့ မင်းကို။ ဖိနပ်စီးပြီး ကိုယ့်ဖိနပ်ကိုယ် လိုက်ရှာမိနေတာပါလား။ ဘယ်လိုတွေတောင် ကံကောင်းလိုက်တာပါလိမ့်”

မန်ကဲသည် တိမ်မိစ္ဆာနယ်မြေ မိစ္ဆာလိုဏ်ဂူထဲသို့ သူ့ဝိဥာဉ်ကိုယ်ပွားကို စေလွှတ်ခဲ့ဖူးသည်။ သို့သော်လည်း ထိုဝိဥာဉ်ကိုယ်ပွားကို ရန်ကိုင်က နတ်ဆိုးချုပ်နှောင်ချိန်းကြိုး၏ အကူအညီဖြင့် ဖျက်စီးပစ်ခဲ့သည်။

ထိုအဖြစ်အပျက်သည် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း မန်ကဲသည် သူအရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည့် ထိုအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ချေ။ ထို့ကြောင့် ရန်ကိုင်ကို ရင်းနှီးနေပါသည်ဟု ခံစားနေရခြင်း ဖြစ်ပေသည်။

ရန်ကိုင်သည် သူ့ဝိဥာဉ်ကိုယ်ပွားကို ဖျက်စီးခဲ့သူမှန်း မှတ်မိသွားသည်နှင့် မန်ကဲ ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး ကြမ်းကြုတ်စွာ ပြုံးလျက် “အဲ့ကတည်းက ငါမင်းကို တောက်လျှောက် လိုက်ရှာနေခဲ့တာ။ မင်းဘာသာ ငါ့ရှေ့ရောက်လာမယ်လို့တော့ မထင်ထားဘူး။ ကောင်းတယ်။ ဒီနေ့ မင်းကိုသတ်ပြီး ငါ့ရင်ထဲက အမုန်းတရားကို‌ ဖြေဖျောက်ရမယ်”

ပြောနေရင်း သူ့သတ်ဖြတ်လိုစိတ်သည် ပုံသဏ္ဍာန် ဖွဲ့တည်လုနီးပါးအထိ ဖြစ်လာပြီး ရန်ကိုင်အား ရိုက်ချလာ၏။

ရွှယ့်လီ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူမလက်ကို ဝှေ့ရမ်း၍ မန်ကဲ၏ တိုက်ခိုက်မှုကို တားဆီးလိုက်ရင်း လှမ်းအော်ပြောလိုက်သည် “မန်ကဲ၊ နင်နဲ့ငါ သဘောတူထားတယ်လေ။ ဒီလူသားကောင်လေးက ငါ့အပိုင်လို့။ နင်သူ့ကို သတ်ရဲရင် ငါ့အဆိုးမဆိုနဲ့နော်”

မန်ကဲသည် ရွှယ့်လီ၏ ခြိမ်းခြောက်မှုကို နည်းနည်းလေးမှပင် ဂရုမစိုက်၍ ပြန်၍သာ လှောင်ပြောင်ပြောဆိုလိုက်သည် “ဒီနေ့ သူသေကို သေရမယ်။ ဘယ်သူမှ ငါ့ကို တားလို့မရဘူး။ ရွှယ့်လီ၊ နင်ဝင်ရှုပ်ရဲရင် ငါ့ကို ရိုင်းတယ်ဆိုပြီး လာမပြောနဲ့နော်”

သူ့ဝိဥာဉ်ကိုယ်ပွား ဖျက်စီးခံလိုက်ရသည့် အဖြစ်အပျက်သည် မန်ကဲအတွက် အရှက်ရှစရာ တစ်ခုဖြစ်သည်။ ထိုအဖြစ်အပျက်သည် သူ့ရင်ထဲ ငါးအရိုးစူးသလို နှစ်ပေါင်းများစွာ မပျောက်မပျက် တည်ရှိနေခဲ့သည်။ ယခု တရားခံကို တွေ့ပြီ ဖြစ်လေရာ သူဘာကြောင့် လွှတ်ပေးလိုက်ရမည်နည်း။ ရန်ကိုင်ကို ကြည့်နေရင်း ထိုသကောင့်သားကို တစ်စစီဖြစ်အောင် ဆွဲဖြဲပစ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့ရသည်။

သူ့ဝိဥာဉ်ကိုယ်ပွား ဖြစ်ပေါ်လာရန် အချိန်လည်း ကုန်သလို လူလည်း ပင်ပန်းခဲ့ရသည်။ သို့သော် ဝိဥာဉ်ကိုယ်ပွား ဖြစ်ပေါ်လာချင်းချင်းမှာပဲ ဖျက်စီးခံခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင်ပင် နောက်ထပ် ဝိဥာဉ်ကိုယ်ပွားတစ်ခု ထပ်မံ မဖန်တီးနိုင်ခဲ့ချေ။

ရန်ကိုင်၏ လုပ်ရပ်သည် သူ့အား ကြီးကြီးမားမား နစ်နာစေခဲ့ပေသည်။

“သူ့ကိုသတ်ချင်ရင် ငါ့ကို အရင်ကျော်မှပဲ ရလိမ့်မယ်” ရွှယ့်လီကလည်း နည်းနည်းလေးမှ မလျှော့မပေးချေ။

ရန်ကိုင်ကမူ ထိုနတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ကိုက်နေသည်ကို အားပါးတရဖြင့် ရပ်ကြည့်နေခဲ့သည်။ လီရုန်နှင့် ဟန်ဖေးတို့ပင်လျှင် ထိုနှစ်ယောက်ကို ကြည့်ရင် အံ့ဩတကြီးဖြင့် ခေါင်းရမ်းနေမိကြသည်။

တိုက်ပင် မတိုက်ရသေးသော်လည်း တစ်ဖက်အဖွဲ့မှ နှစ်ယောက်သည် အချင်းချင်း စကားများနေခဲ့ကြလေပြီ။ တကယ်ကို ရယ်စရာပင်။

ရွှယ့်လီနှင့် မန်ကဲတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကို စိုက်ကြည့်နေခဲ့ကြသည်။ မည်သူမှ အလျှော့ပေးလိုစိတ် မရှိကြ။ သို့သော် ရုတ်တရက် နှစ်ယောက်စလုံး သဘောတူညီချက်တစ်ခု ရသွားသည့်အလား သူတို့၏ ရန်လိုစိတ်တို့ ပျောက်ကွယ်သွားခဲ့ရသည်။

မန်ကဲက ခေါင်းညိတ်လိုက်ပြီး “အဲ့မိန်းမနှစ်ယောက်ကို အနိုင်ယူပြီးမှပဲ ဒီလူသားကို ဘယ်လိုလုပ်မလဲ ဆုံးဖြတ်ကြမယ်”

“ငါလည်း အဲ့လိုတွေးနေတာ” ရွှယ့်လီက ခေါင်းညိတ်လိုက်ပြီး လီရုန်နှင့် ဟန်ဖေးဆီ လှမ်းကြည့်လိုက်သည်။

ရှေးဟောင်းနတ်ဆိုးကလန်မှ ဗိုလ်ချုပ်ကြီး နှစ်ယောက်စလုံးသည် အကြောက်အရွံ့ကင်းကင်းဖြင့် ထိုနှစ်ယောက်အား ပြန်စိုက်ကြည့်လိုက်ကြသည်။

“သွားကြတော့၊ နည်းနည်းလေးတောင် ညှာမနေနဲ့” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

မန်ကဲက ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်ပြီး “ကောင်လေး၊ မင်းသတ္တိက မသေးပါလား။ နတ်ဆိုးဗိုလ်ချုပ်ကိုတောင် မျက်လုံးထဲ မထည့်ဘဲ နေရဲတယ်။ အဲ့မိန်းမနှစ်ယောက် ငါတို့ကို အနိုင်ယူနိုင်တယ်လို့ တကယ်ကြီး ထင်နေတာလား”

“အရင်အကြိမ်တုန်းက အရမ်း အလျင်လိုနေတော့ ကောင်းကောင်း မတိုက်လိုက်ရဘူး ဖြစ်သွားတယ်။ ဒီတစ်ကြိမ်တော့ သေချာ ဂရုစိုက်ဖို့လိုမယ်နော်” ရွှယ့်လီက အေးစက်စက် လေသံဖြင့် လီရုန်ကို တည့်တည့် စိုက်ကြည့်လျက် ပြောလိုက်သည်။

“ကောင်းပြီလေ” လီရုန်က ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် ရပ်နေရာမှ ပျောက်သွားပြီး ရွှယ့်လီ၏ နံဘေးတွင် ပြန်ပေါ်လာကာ သူမ ရင်ဘတ်အား အသာအယာ ရိုက်ချလိုက်သည်။

ရွှယ့်လီ မျက်နှာထက်ရှိ အေးအေးဆေးဆေး အမူအရာ ပျောက်ကွယ်သွားခဲ့ပြီး အားကောင်းလှသော သွေးချီဖြင့် လီရုန်၏ ရိုက်ချက်ကို အလျင်အမြန် တန်ပြလိုက်ရသည်။

တစ်ချိန်တည်း၌ ရွှယ့်လီ၏ မျက်နှာထက် နတ်ဆိုးအမှတ်အသားများ ထွက်ပေါ်လာပြီး သူမ လက်ဝါးရိုက်ချက်မှာလည်း အဆပေါင်းများစွာ ပိုမို ပြင်းထန်သွားကာ ရွှယ့်လီ၏ သွေးချီ အကာအကွယ်ကို အလွယ်တကူ ချိုးဖျက်၍ သူမ ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ကျသွားလေသည်။

အလန့်တကြား ထအော်လျက် လီရုန်၏ ရိုက်ချက်ကို ရွှယ့်လီ ကမန်းကတန်း ရှောင်တိမ်းလိုက်ရသည်။ ရှောင်တိမ်းပြီးသည်နှင့် မီတာတစ်ထောင်အကွာသို့ ချက်ချင်း ပြန်ဆုတ်လိုက်သည်။

လီရုန်သည် ရွှယ့်လီနောက်သို့ ဆက်မလိုက်ဘဲ နေရာတွင်ရပ်၍ ရွှယ့်လီအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“နင့်ကျင့်ကြံခြင်းက…” ရွှယ့်လီ စိုးရိမ်စိတ်ဝင်လာလေပြီ။ သူမ၏ လေသံမှာလည်း အရမ်းကို အံ့ဩနေသည့်ဟန် ပေါက်နေခဲ့သည်။

ယခင်အကြိမ် တိုက်ခိုက်သည့်အခါက နတ်ဆိုးအမှတ်အသား အသုံးပြုထားသော လီရုန်သည် ရွှယ့်လီနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်၌ လီရုန်၏ ရိုးရှင်းသော လက်ဝါးချက်သည် ရွှယ့်လီအား ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားစေခဲ့သည်။

လီရုန်ဆီမှ ခံစားနေရသော ဖိအားသည် နတ်ဆိုးဗိုလ်ချုပ်ကြီးနှင့် ရင်ဆိုင်နေရသည့် အခါမျိုးတွင်သာ ရတတ်သော ဖိအားမျိုးဖြစ်သည်။

ထို့ကြောင့် ရွှယ့်လီ လုံးဝကို မှင်သက်နေရလေသည်။

သူတို့သာ နောက်တစ်ကြိမ် ထပ်တိုက်မည် ဆိုပါက သူမ ကျိန်းသေ သေရပေလိမ့်မည်။ ထိုအကြောင်းကို ရွှယ့်လီ ဆက်မစဉ်းစားရဲတော့။

ထိုကဲ့သို့ တွေးမိရုံဖြင့်လျှင် ရွှယ့်လီ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး အသံကုန် လှမ်းအော်ပြောလိုက်လေသည် “နင်သူတော်စင် တတိယအဆင့် ရောက်သွားတာလား”

လီရုန်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်”

ရွှယ်လီမျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်နှင့်အညီ မဟာနတ်ဆိုးနတ်ဘုရား၏ လက်အောက်တွင် အမှုထမ်းခဲ့သော ကလန်၏ စွမ်းအားကို အခြားသူများထက် ပိုနားလည်ပေသည်။ မဟာနတ်ဆိုးနတ်ဘုရား ပေးထားသော နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကြောင့် တစ်ယောက်ချင်းစီတိုင်းသည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်ကြပေသည်။

မသေမျိုးဒုတိယအဆင့်တွင် ရှိစဉ်က ထိုလီရုန်ဆိုသော အမျိုးသမီးသည် သူမနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်သည်။ ယခု သူမသည် မသေမျိုးတတိယအဆင့်သို့ ရောက်သွားပြီ ဖြစ်လေရာ ရွှယ့်လီအနေဖြင့် နိုင်ရန် မျှော်လင့်ချက် မရှိတော့ချေ။

မန်ကဲဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်သည်။

သူမ လီရုန်နှင့် တိုက်ခိုက်နေစဉ်၊ ရန်ကိုင်နှင့်အတူ ပါလာသော အခြားအမျိုးသမီး တစ်ယောက်သည် မန်ကဲနှင့် တိုက်ခိုက်ခဲ့သည်။ ထိုအမျိုးသမီးသည် မိုင်ဒါဇင်ကျော် ကျယ်ဝန်းသော ရေခဲနယ်ပယ် တစ်ခုကို ဖန်တီးထားပြီး တိုက်ခိုက်နေခဲ့လေရာ ကောင်းကင်နှင့် မြေပြင်ပင် အေးခဲတော့မယောင် ထင်ရသည်။ သိမ်မွေ့သော နှင်းပွင့်လေးများသည် မြေပြင်ထက်ဆီသို့ အသာအယာ ကျဆင်းနေခဲ့လေရာ မြေပြင်တစ်ခုလုံး နှင်းဖြူရောင် သန်းနေခဲ့ရသည်။

ထိုအအေးဓါတ်ကို နတ်ဆိုးဗိုလ်ချုပ်ကြီး နှစ်ယောက်ပင် လျစ်လျူမရှုဝံ့။ သူတော်စင်ချီကို အဆုံးစွန်ထိ လှည့်ပတ်၍ ခုခံနေခဲ့၇သည်။

ယခင်က မာနတစ်ခွဲသားဖြင့် လေကြီးလေကျယ်စကား ဆိုခဲ့သော မန်ကဲသည် ယခုအချိန်၌ လုံးဝကို အကြပ်ရိုက်နေခဲ့သည်။ အမျိုးသမီးကို တိုက်ခိုက်ရန် ထုတ်လွှတ်လိုက်သော နတ်ဆိုးချီများသည် သူမဖန်တီးထားသော ရေခဲနယ်ပယ်ကြောင့် တောက်လျှောက် အေးခဲနေခဲ့ရသည်။ သူ့မျက်နှာထက်တွင်ပင် ရေခဲစလေးများ ညိတွယ်စ ပြုနေပေပြီ။ အအေးဓါတ်ကြောင့် သူ့လှုပ်ရှားမှုများသည်လည်း အတော့်ကိုမှ နှေးကွေးနေခဲ့ရလေရာ မန်ကဲမှာ ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေခဲ့သည်။

ထိုအမျိုးသမီးသည် သူ့လောက် အားမကောင်းပင်လျှင် သူတို့ကြားရှိ ကွာခြားချက်သည် သိသိသာသာ ကြီးမားခြင်းမရှိပေ။

မန်ကဲအနေဖြင့် သူမကို သတ်ချင်သော်လည်း မသတ်နိုင်၊ ဖမ်းချင်သော်လည်း မဖမ်းနိုင် ဖြစ်နေခဲ့သည်။

မန်ကဲ ဒုက္ခရောက်နေသည့် မြင်ကွင်းကိုကြည့်ရင်း ရွှယ့်လီ စိတ်ဓါတ်လုံးလုံး ကျသွားခဲ့သည်။ သူမ စိတ်ကူးထားသည့် နိုင်ပွဲကို ရနိုင်တော့လိမ့်မည် မဟုတ်ချေ။ သူမနှင့် မန်ကဲသည် တစ်ဖက်အဖွဲ့၏ ခွန်အားကို လုံးဝ အထင်သေးခဲသည့်အတွက် ဒုက္ခကောင်းကောင်း ရောက်ခဲ့ရနေခဲ့ရလေပြီ။

တစ်ဖက်လူ ဤနေရာသို့ လာရဲခြင်းမှာ မောက်မာမှုကြောင့် မဟုတ်ဘဲ သူတို့၏ ခွန်အားအပေါ် ယုံကြည်ချက် အပြည့်အဝ ရှိသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။

“ရွှယ့်လီ၊ ငါတို့ ပြန်ဆုတ်မှ ဖြစ်တော့မယ်” မန်ကဲသည်လည်း ထိုအချက်ကို နားလည်လိုက်ကာ ဟန်ဖေးကိုသာ ဒေါသတကြီး စိုက်ကြည့်နေတော့လေသည်။

“သွားကြမယ်” ရွှယ့်လီသည် နည်းနည်းလေးမှပင် တုန့်နှေးမနေတော့ဘဲ သူမတစ်ကိုယ်လုံးကို သွေးအလင်းရောင်ဖြင့် ခြုံရံလျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

မန်ကဲသည်လည်း သူ့ကိုယ်သူ အနက်ရောင်အလင်းဖြင့် လွှမ်းခြုံလျက် ရွှယ့်လီနောက် ပြေးလိုက်သွားသည်။

နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်သည် လေပြင်းမုန်တိုင်း တစ်ခုသဖွယ် ရောက်ရှိလာခဲ့သော်လည်း မိုးနည်းနည်းမှ မရွာနိုင်ခဲ့။ တိုက်ပွဲစပြီး အသက်ဆယ်ရှိုက်စာ အတွင်းမှာပဲ ပြန်ထွက်ပြေးသွားခဲ့ရသည်။

“မလိုက်တော့နဲ့” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။ ထိုအခါမှပဲ လီရုန်နှင့် ဟန်ဖေးတို့ ရပ်တန့်လိုက်ပြီး နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

တစ်ဖက်လူနှစ်ယောက် မသေမျိုးတတိယအဆင့် သူတော်စင်များ ဖြစ်ကြသည်။ သူတို့သာ မလွတ်လွတ်အောင် ထွက်ပြေးမည်ဆိုပါက လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ထိုနှစ်ယောက်အား တားနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်ဘေးသို့ ပြန်သွားလိုက်ပြီးနောက်၊ သုံးယောက်သား နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ထွက်ပြေးသွားရာ အရပ်ဆီ လှမ်းကြည့်နေလိုက်ကြသည်။

“အဲ့ဘက်မှာ ယန်မင်းဆက်ဆိုတာလား၊ ဘာလားမသိဘူး မင်းဆက်တစ်ခုတော့ ရှိတယ်” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။

ဤလောကကြီးနှင့်ပက်သက်၍ သူသည် ဟန်မင်းဆက်နှင့် အိမ်နီးနားချင်း တန်လန်းမင်းဆက် အကြောင်းကိုသာ ကောင်းကောင်း သိသည်။ ယန်မင်းဆက်ကိုမူ တစ်ခါမှ မရောက်ဖူးချေ။

“သခင်၊ နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ပေါ်လာတာက…” လီရုန်က စိုးရိမ်တကြီး မေးမြန်းကြည့်လိုက်သည်။

“သူတို့ ကောင်းကင်စံအိမ်ဆီ လာတာ မဟုတ်လောက်ဘူး။ ဒီလောကကြီးကနေ ထုန်းရွှမ်လောကကြီးဆီ ဦးတည်နေတဲ့ လမ်းကြောင်းတစ်ခုထက်မက ရှိတယ်။ ပြီးတော့ အဲ့ထက တစ်ခုက နတ်ဆိုးကုန်းမြေဆီ ဦးတည်နေတာပဲ။ နတ်ဆိုးမျိုးနွယ်စုက လူတွေရဲ့ စရိုက်နဲ့ဆိုရင်တော့ အဲ့ဘက်က လူတွေ အကုန် ဒုက္ခရောက်ပြီပဲ”

“ဒါဆို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ”

“ဘာမှမလုပ်ဘူး။ သူတို့ ဒီတစ်ကြိမ် ဒီကိုလာခဲ့တာ ဗဟိုမြို့တော်ကို စူးစမ်းဖို့ဖြစ်လောက်တယ်။ ဒါပေမယ့် အခု တိုက်ပွဲကြောင့် ဒီကို နောက်တစ်ကြိမ် ပြန်လာရဲမယ်လို့တော့ ကျုပ်မထင်ဘူး” ရန်ကိုင်က အသက်တစ်ချက် ရှူသွင်းလိုက်ပြီး “ပြန်ကြမယ်။ လောကကြီးက အကျယ်ကြီးပဲ။ လူတိုင်းမှာ ကိုယ့်လမ်းနဲ့ကိုယ် ရှိပြီးသား။ လူတိုင်းကို ကျုပ်လိုက်မကယ်နိုင်ဘူး။ ကျုပ်မှာ ကိုယ်ချစ်ရသူတွေနဲ့ မိသားစုကို ကာကွယ်နိုင်တဲ့ စွမ်းအားပဲ ရှိသေးတယ်။ သူတို့ကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ပြန်ခေါ်သွားနိုင်ဖို့က အရေးအကြီးဆုံးပဲ”

“သခင်ပြောတဲ့အတိုင်းပါပဲ” လီရုန်က ခေါင်းညိတ်လိုက်၏။

ခဏအကြာ၌ လူတန်းရှည်ကြီးဆီသို့ ရန်ကိုင်တို့အဖွဲ့ ပြန်ရောက်လာခဲ့သည်။ ရန်ရင်ဖုန်း မေးသော မေးခွန်းအချို့ကို ရန်ကိုင်က ကျွမ်းကျွမ်းကျင်ကျင်ပဲ ရှောင်တိမ်း ဖြေဆိုသွားခဲ့လေသည်။

တစ်လကြာသွားပြီးနောက် လူတစ်ထောင်လောက်ရှိသော လူတန်းရှည်ကြီးသည် ကောင်းကင်စံအိမ်သို့ ရောက်လာခဲ့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၁)

ကောင်းကင်စံအိမ်သို့ ပြန်ရောက်ပြီးနောက် ထုန်းရွှမ် လောကကြီးဆီသို့ ချက်ချင်း ပြန်မသွားသေးဘဲ ထိုနေရာတွင် ရက်အနည်းငယ် ထပ်စောင့်နေလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ဒေါင်မိသားစု ရောက်လာခဲ့သည်။

နောက်ထပ် ရက်နည်းနည်းကြာပြီးနောက် ပန်းတစ်ထောင် နန်းတော်မှ မိန်းမလှလေးအုပ်စု ရောက်လာခဲ့သည်။

နောက်ထပ် ရက်အနည်းငယ် ထပ်ကြာပြီးနောက်၊ ရတနာဂိုဏ်း ရောက်လာခဲ့သည်။

နှစ်ရက်နေ၊ သုံးရက်နေတိုင်း အမျိုးမျိုးသော နေရာများမှ အုပ်စုတစ်ဖွဲ့ဆီ ရောက်လာခဲ့သည်။ ထိုလူများကို ရန်ကိုင် မငြင်းဆန်ခဲ့ချေ။ သူ့မိတ်ဆွေများနှင့် တစ်ဂိုဏ်းသားများ ဖြစ်နေသရွေ့ ရန်ကိုင်က အားလုံးကို လက်ခံပေးခဲ့သည်။

ထို့အတွက်ကြောင့် အသစ်ရောက်လာသူများသည်လည်း ရန်ကိုင်အား အရမ်းကိုမှ ကျေးဇူးတင်ခဲ့ကြသည်။

လောကကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး ဗဟိုမြို့တော်သည်လည်း ဒုက္ခရောက်သွားခဲ့ရသည်။ သူတော်စင်အဆင့်ဟု ခေါ်သော ပညာရှင်များသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ကြသည်။ ထိုသလင်းသည် ဟန်မင်းဆက် တစ်ဆက်အနှံ့ တောမီးလောင်သည့်ပမာ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ထိုဂိုဏ်းများ ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန်မှာပဲ ရန်ကိုင်က သူတို့အားလုံးဆီ လက်လှမ်းကူညီပေးခဲ့သည်။

ထို့ကြောင့် ဗဟိုမြို့တော်တွင် ရှိနေသော သူတို့ တပည့်များဆီမှ သတင်း ကြားလိုက်ရပြီးနောက် ဂိုဏ်းအားလုံး တုန့်ဆိုင်းမနေကြတော့။ အကုန်လုံးသည် ထုပ်ပိုးစရာ ရှိသည်များကို အလျင်အမြန် ထုပ်ပိုး၍ ကောင်းကင်စံအိမ်သို့ အပြင်းခရီးနှင်တော့လေသည်။

လူအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုပို၍ များလာခဲ့သည်။ မကြာခင် တစ်ယောက်လောက်သာ ရှိသော လူအရေအတွက်သည် လေးထောင်၊ ငါးထောင်အထိ ရောက်ရှိလာခဲ့သည်။

စောင့်နေစဉ်အတွင်း ရန်ကိုင်သည် ဒီအတိုင်း မနေခဲ့။ လီရုန်၊ ဟန်ဖေးနှင့် ရှီခွန်တို့အားလုံးကို လမ်းညွှန်သင်ကြားစေခဲ့သည်။ ထို့အပြင် ဆေးလုံးများကို ဖြန့်ဝေပေးရင်း သူ့မိတ်ဆွေများ၏ ခွန်အား တိုးနိုင်သမျှ တိုးတက်လာအောင် ကူညီပေးခဲ့သည်။

အကုန်လုံး ပျော်ရွှင်အူမြူးနေခဲ့ကြသည်။ လီရုန်၊ ဟန်ဖေးနှင့် ရှီခွန်တို့သည် တစ်နေ့တစ်နေ့၊ လူထောင်ပေါင်းများစွာရှေ့တွင် ထိုင်လျက် သိုင်းတာအိုနျင့် ကောင်းကင်လမ်းစဉ်အပေါ် သူတို့၏ နားလည်သဘောပေါက်မှုများကို သင်ကြားပေးကြသည်။

ရန်ကိုင်နောက် လိုက်လာသော သူတော်စင် သုံးယောက်သည် နေ့စဉ်နေ့တိုင်း ပါးစပ်မစေ့နိုင်အောင်ကို ပြောနေခဲ့ကြရသည်။ သို့သော် လူအုပ်ကြီး၏ စိတ်အားထက်သန်နေသော မျက်လုံးများကို မြင်သော် သူတို့ကို စိတ်မပျက်စေရက်တော့ချေ။

ထို့ကြောင့် အားတင်းလျက် ကျင့်ကြံခြင်းနှင့် ပက်သက်သည့် သင်ခန်းစာများကို ဆက်လက် ပို့ချသင်ကြားပေးခဲ့သည်။

လူအုပ်ကြီးအနက် ရန်မိသားစု သွေးစစ်တော်များနှင့် ဟူညီအစ်မနှစ်ယောက်သည် တိုးတက်မှုအရှိဆုံးဖြစ်သည်။ ရက်အနည်းငယ် အတွင်းမှာပင် တစ်ယောက်ချင်းစီငတိုင်း၏ ကျင့်ကြံခြင်း အနည်းနှင့်အများဆိုသလို တိုးတက်လာခဲ့ရသည်။

ဤလောကကြီး၏ အချုပ်အနှောင်ကြောင့် မသေမျိုး အဆင့်သို့ ရောက်လျှင်ပင် ကောင်းကင်လမ်းစဉ်အပေါ် သူတို့၏ နားလည်သဘောပေါက်နိုင်မှုသည် အကန့်အသတ်နှင့် ရှိသည်။

လူအုပ်ကြီးကု၏ အပြင်ဘက်တွင် ချူရီမန်သည် ထိုမသေမျိုးအဆင့် ကျင့်ကြံသူများကို အားကျစွာဖြင့် ကြည့်နေပြီးနောက် သူမ၏ ကျင့်ကြံခြင်းကို တစ်ချက် စစ်ဆေးကြည့်ကာ သက်ပြင်းချလိုက်သည်။

ထိုရက်အတောအတွင်း ရန်ကိုင်ဆီမှ အကြောင်းအရာများစွာ သိခဲ့ရသည်။ တစ်ဖက်လောကကြီးတွင် မသေမျိုးအဆင့်များ မှိုပေါက်သလို ပေါများလှပြီး ထိုလူများကို အစစ်အမှန် ပညာရှင် တစ်ယောက်ဟု မသတ်မှတ်ကြချေ။

ဆန့်ကျင်ဘက်အနေနှင့်၊ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့ ရောက်လျှင် ဤလောကကြီး၌ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်လေပြီ။ သို့သော်လည်း ထိုကျင့်ကြံခြင်းသည် တစ်ဖက်လောကတွင် ဘာဆိုဘာမှ မဟုတ်ချေ။

ထိုလောကကြီးတွင် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများသည် နွားကိုယ်ပေါ်ရှိ အမွှေးအမျှင်များနှယ် များပြားလှသည်။

သူမနှလုံးသားထဲ အရမ်းကိုမှ စိုးရိမ်နေခဲ့ရသည်။

“သူတို့ကျင့်ကြံခြင်းကို အားကျနေတာလား” ရန်ကိုင် သူမဘေးတွင် ရုတ်တရက် ပေါ်လာပြီး မေးလိုက်သည်။

“အားကျလို့ကော ဘာထူးမှာလား။ ငါ့အရည်အချင်းက ဒီလောက်ပဲဟိုကို” ချူရီမန်က ပြုံးလိုက်ပြီး “ပြီးတော့၊ ငါက မိန်းမတစ်ယောက်လေ။ နောက်ပိုင်းကျ အိမ်မှုကိစ္စတာဝန်နဲ့ ကလေးထိန်းဖို့ပဲ အာရုံစိုက်ရတော့မှာ။ ကျင့်ကြံခြင် မြင့်နေလို့ကော ဘာထူးမှာမို့လို့လဲ”

“နင်က ဒီလောက်လေးနဲ့ ကျေနပ်တတ်တဲ့ မိန်းကလေး တစ်ယောက် ဟုတ်လို့လား” ရန်ကိုင်က ချူရီမန်အား ပြန်စိုက်ကြည့်ကာ မေးလိုက်သည်။

ချူရီမန်က အားတင်ပြုံးလိုက်ပြီး “ငါက အရမ်းကို ရောင့်ရဲတတ်တဲ့လူ။ နင်ကသာ လက်မခံနိုင်တာ”

“တော်လိုက်တော့။ မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့တော့” ရန်ကိုင် တကယ်ကို ဆက်သည်းမခံနိုင်တော့ချေ။

ချူရီမန်က ရန်ကိုင်ကို ကြည့်၍ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ဟုတ်တယ်ဟယ်။ ငါသူတို့ကို အားကျတယ်။ အဲ့တော့ ဘာဖြစ်လဲ။ သူတို့ကို အားကျလို့ မရဘူးလား။ မနာလိုလို့ မရဘူးလား။ အထူးသဖြင့် အဲ့ဟူညီအစ်မ နှစ်ယောက်ပဲ။ နင်လည်း သိတာပဲ။ အရင်တုန်းကဆိုရင် သူတို့ကျင့်ကြံခြင်းက ငါ့ထက်တောင် နိမ့်ကျတာလေ။ ဒါပေမယ့် နင်ထွက်သွားပြီးတဲ့ နောက်ပိုင်း သူတို့ တိုးတက်လာနှုန်းက ကြောက်ဖို့လန့်ဖို့တောင် ကောင်းတယ်။ ခဏလေးနဲ့ မသေမျိုးအဆင့်ကို ရောက်သွားတာ အကုန်လုံး မနာလိုလိုက်ကြတာလေ။ ငါ့မျက်လုံးလည်း မနာလိုလွန်းလို့ နီနေတာ နင်သတိမထားမိဘူးလား”

ပြောနေရင်း ရန်ကိုင်ဆီ တိုးကပ်သွားလိုက်ပြီး သူ့ခါးကို လိမ်ဆွဲလိုက်သည်။ ထို့နောက် အံတင်းတင်းကြိတ်၍ “ငါ့ကို အမှန်အတိုင်းပြော။ နင်သူတို့ကို ကောင်းတာ တစ်ခုခု ပေးလိုက်တာမလား။ ငါကိုတော့ မပေးဘဲနဲ့လေ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါနင့်ကိုကို ဆေးပေါင်ရည်တွေ အများကြီး မပေးခဲ့လို့လား။ အဲ့ဆေးရည်နဲ့ဆို နင့်အရည်အချင်းကို အများကြီး တိုးတက်လာအောင် လုပ်လို့ရနေပြီလေ”

“အဲ့ဒါဆိုရင် သူတို့က ဘာလို့ ဒီလောက်တောင် တော်နေတာလဲ”

“အခွင့်အလမ်းတစ်ခုခုနဲ့ ကြုံသွားလို့ နေမှာပေါ့” ရန်ကိုင် မည်ကဲ့သို့ ရှင်းပြ၍ ရှင်းပြရမှန်း မသိတော့။

“အဲ့လိုဆို နင့်မိန်းမရဲ့ မောင်လေးကျတော့ကော” ချူရီမန်က သနားစဖွယ် အမူအရာလေးဖြင့် “နင်ထွက်သွားတုန်းက သူက အဲ့ညီအစ်မနှစ်ယောက်ထက်တောင် ကျင့်ကြံခြင်း နိမ့်နေသေးတယ်”

“သူလည်း အခွင့်အလမ်း တစ်ခုခုနဲ့ ကြုံသွားလို့ နေမှာပေါ့…” ရန်ကိုင်အနေဖြင့် အားတင်း၍ ထိုစကားကိုသာ ထပ်ပြောလိုက်ရသည်။

သို့သော်လည်း ချူရီမန် ပြောခဲ့သလိုပင်။ ကောင်းကင် အမွေအနှစ်လိုဏ်ဂူထဲမှ အကျိုးအမြတ် ရခဲ့သော လူငယ်များသာ အားလုံးထက် အပြတ်အသတ် သာလွန်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ချူရီမန်ကဲ့သို့သော လူမျိုးပင်လျှင် မသေမျိုးအဆင့်သို့ မချိုးဖျက်နိုင်သေးချေ။

ထိုအချက်ကို ကြည့်ရုံဖြင့် ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲမှ အကျိုးအမြတ်များသည် လူတစ်ယောက်အား သိသိသာသာ တိုးတက်သွားအောင် လုပ်ပေးနိုင်သည်ကို မြင်တွေ့နိုင်ပေသည်။

“ငါနင့်ကိုယုံတယ်” ရန်ကိုင် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို မြင်သော် ချူရီမန်လည်း ရန်ကိုင်ကို ထပ်မံ မေးခွန်းမထုတ်တော့။ ထို့ကြောင့် “နင်က နင့်မိတ်ဆွေတွေကို မိသားစုဝင်တွေလို သဘောထားတဲ့လူဆိုတော့ ငါ့အပေါ် မမျှမတ ဆက်ဆံမှာ မဟုတ်မှန်း ငါသိတယ်”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ချူရီမန်က ကောင်းကင် စိတ်အာရုံဖြင့် တိတ်တဆိတ် စစ်ဆေးကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ “ထုန်းရွှမ်လောကကြီးဆီ ရောက်တဲ့အထိပဲစောင့်၊ အဲ့ရောက်ရင် နင်အံ့ဩသွားအောင် ငါလုပ်ပြမယ်”

“ဘယ်လိုမျိုးလဲ” ချူရီမန်၏ မျက်ဝန်းလေးများ တောက်ပလာခဲ့သည်။

“အဲ့ဘက်ရောက်ရင် သိလိမ့်မယ်။ အခုတော့ မမေးနဲ့ဦး။ နင့်ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထား”

ချူရီမန်က အထင်အမြင် သေးသေးဖြင့် မျက်နှာမဲ့လျက် “အပေါစားလှည့်ကွက်တွေ လာပြန်ပြီ။ နင်ဘာယုတ်ညစ်တဲ့ အစီအစဉ်တွေ ချနေပြန်ပြီလဲ”

ရန်ကိုင်ကမူ ပြုံးသာပြုံးလိုက်ပြီး ချူရီမန် အရမ်းမုန်းသော လျှို့ဝှက်သည့် ပုစံမျိုးသာ လုပ်ပြနေလိုက်သည်။ ထို့ကြောင့် ချူရီမန်မှာ မျက်လုံးကြီးပြူးလျက် ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သော်လည်း ရန်ကိုင်က နေမထူးသာ လုပ်နေသဖြင့် ချူရီမန်လည်း လက်မှိုင်ချသွားခဲ့ရသည်။

ချူရီမန်၏ အကြီးမားဆုံး အားသာချက်မှာ သူမကိုယ်သူမ အပြင်လူတစ်ယောက်အဖြစ် သဘောမထားခြင်းပင်။ သူမနှင့် ရန်ကိုင်ကြား ကွာခြားချက် ကြီးကြီးမားမား ရှိနေသည်ကို သိသော်လည်း ရန်ကိုင်အပေါ် ယခင်အတိုင်း ရင်းရင်းနှီးနှီးသာ ဆက်ဆံသည်။ သူမကိုယ်သူ နှိမ့်ချခြင်းမပြုသလို အောက်ကျို့သည့် အပြုအမူမျိုးလည်း လုပ်မပြချေ။

ထိုအရာသည် ချူရီမန်နှင့် ပက်သက်ပြီး ရန်ကိုင် အမှန်တကယ်ကို ချီးမွမ်းရသည့် အရာပင်။

ဟော်ရှင်းချန်လည်း အတူတူပင်။

တစ်ဖက်တွင်မူ၊ ပန်းတစ်ထောင်နန်းတော်မှ မိန်းကလေးများ၊ သူ၏ အခြားမိတ်ဆွေများသည် သူ့နှင့် ယခင်ကကဲ့သို့ မဆက်ဆံတော့ချေ။ သူ့ရှေ့ ရောက်သည့်အခါ သူတို့၏ အပြုအမူကို ချုပ်တည်းထာကြသည်။ ယခင်ကလို လွတ်လွတ်လပ်လပ် ပုံစံမျိုး မရှိကြတော့။

သူတို့၏ အဆင့်အတန်းနှင့် ခွန်အား ကွာခြားချက်ကို စိတ်ထဲထားနေသည့် အတွက်ကြောင့်ပဲ ဖြစ်သည်။

ချူရီမန်နှင့် ပျော်ရွှင်စွာ စကားပြောနေစဉ် ရန်ကိုင် မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဘဲ တစ်ဖက်ဆီ လှမ်းကြည့်လိုက်သည်။

“သခင်” အခြားသူများကို သူတို့၏ အတွေ့အကြုံများ သင်ကြားပို့ချပေးနေသည့် လီရုန်နှင့် ဟန်ဖေးသည်လည်း ချက်ချင်း လှမ်းအော်ခေါ်လိုက်သည်။

“ငါ့လခွမ်း” ရန်ကိုင် ကျိန်ဆဲမိလိုက်သည်။ သူ့အမူအရာ မှာလည်း သိသိသာသာကို သုန်မှုန်လာခဲ့သည်။

အခြားသူများရှေ့တွင် ကျိန်ဆဲလေ့ မရှိချေ။ သူအရမ်း စိတ်ညစ်၊ စိတ်ချဉ်ပေါက်နေသည့် အခါမျိုးမှသာ ကျိန်ဆဲတတ်၏။

“ဘာဖြစ်လို့လဲ” ချူရီမန်က အလျင်စလို မေးလိုက်သည်။ ရန်ကိုင်၏ ထူးထူးခြားခြားကို ခက်ထန်နေသည့် အမူအရာအရ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေပြီမှန်း ချူရီမန် သိလိုက်သည်။

“သတိထားနေ။ တိုက်ပွဲဖြစ်သံကြားရင် လေဟာနယ် လိုဏ်ခေါင်းဆီသာ ချက်ချင်းသွား။ ငါတို့ကို မစောင့်နဲ့တော့” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ဘာတွေဖြစ်နေလို့လဲ” ချူရီမန်က စိုးရိမ်တကြီး ခြေဆောင့်လိုက်သည်။

“အားကောင်းတဲ့ ရန်သူတွေ လာနေပြီ။ အများကြီးပဲ” ပြောပြီးသည်နှင့် ဆက်အချိန်ဖြုန်းမနေတော့ဘဲ လီရုန်နှင့် ဟန်ဖေးကို အချက်ပြကာ အသစ်ရောက်လာသူများကို ကြားဖြတ်တားဆီးရန် ထွက်သွားလေသည်။

သူ့ဆီ ဘယ်သူလာနေလဲ စူစမ်းနေစရာပင် မလိုချေ။ တလှိုက်လှိုက် ဖြာထွက်နေသော နတ်ဆိုးချီအရ၊ ရောက်လာသူများသည် နတ်ဆိုးဗိုလ်ချုပ်မန်ကဲနှင့် ရွှယ့်လီ ဖြစ်မည်မှာ ယုံမှားသံသယရှိစရာ မလိုချေ။

လွန်ခဲ့သောတစ်လက ရန်ကိုင်သည် ထိုနှစ်ယောက်ကို ဗဟိုမြို့တော်မှ မောင်းထုတ်ခဲ့သည်။ ထိုစဉ်က ထိုနှစ်ယောက် ပြန်မလာလောက်ဟု ရန်ကိုင် တွေးခဲ့သည်။ သို့သော်လည်း သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာဘဲ ထိုနှစ်ယောက် အမှန်တကယ် ပြန်ရောက်လာခဲ့ပေသည်။

ထို့အပြင် သူတို့နှင့်အတူ အခြားတစ်ယောက်ပါ ပါလာသေးသည်။ အသစ်ပါလာသည့် ပညာရှင်၏ အရှိန်အဝါမှာ မန်ကဲနှင့် ရွှယ့်လီတို့ထက် သိသိသာသာကို အားကောင်း၏။

နောက်ထပ် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်လား

နတ်ဆိုးဗိုလ်ချုပ်သုံးယောက် ဆိုပါက လီရုန်နှင့်ဟန်ဖေး ပေါင်းတိုက်လျှင်ပင် ထိုသုံးယောက်ကို အချိန်တိုအတွင်း အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ တိုက်ပွဲကိုသာ အချိန်တိုအတွင်း အပြီးမဖြတ်နိုင်ပါက သူ့မိသားစု၊ မိတ်ဆွေများ၏ လုံခြုံရေးကို စိုးရိမ်ရပေသည်။

ထို့ကြောင့် ထိုလူများ ဤနေရာသို့ မချဉ်းကပ်လာနိုင်စေရန် သူ့ဘက်မှ အရင်စထွက်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမလှုပ်ရှားရသေးခင်မှာဘဲ အနက်ရောင် တိမ်တိုက်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “ဒီစီနီယာက တော်ဝင်သခင်ရန်နဲ့ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာပါ။ တော်ဝင်သခင် အပြစ်မယူဖို့ မျှော်လင့်ပါတယ်”

အသံပိုင်ရှင်သည် မိုင်တစ်ရာအကွာတွင် ရှိနေသော်လည်း ရန်ကိုင်သည် အသံကို သူ့နားဘေးတွင် ကပ်ပြောခဲ့သလို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

အနားတွင် စုဝေးနေသော လူတစ်ထောင်ကျော်သည်လည်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ယခင်က တောက်ပနေသော နေမင်းကို မည်းမှောင်သိမ်းသည်သော အနက်ရောင် တိမ်တိုက်တို့က ခြုံလွှာတစ်ခုပမာ လွှမ်းခြုံသွားခဲ့လေပြီ။ တစ်ချိန်တည်းတွင် ထိုအနက်ရောင် တိမ်တိုက်များသည် သူတို့အပေါ် ဖိချလာသလို ခံစားနေရသဖြင့် အကုန်လုံး မသက်မသာ ဖြစ်သွားခဲ့ကြရသည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး နေရာတွင်သာ ရပ်နေလိုက်သည်။

လီရုန်နှင့် ဟန်ဖေးတို့ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကြ၏။ သို့သော် ရန်ကိုင်က ဘာမှမလုပ်သေးရန် ခေါင်းသာ ခါပြလိုက်သည်။

တစ်ဖက်လူသည် မရောက်ခင်ကတည်းက သူလာကြောင်း လှမ်းအကြောင်းကြားခြင်းဖြင့် ယဉ်ယဉ်ကျေးကျေး ပြုမူခဲ့သည်။ ထို့ကြောင့် ယခုရောက်လာသည့်လူသည် မည်သူများ ဖြစ်နေမည်နည်း၊ ဘာကြောင့်များ ရောက်လာရသနည်း၊ ဆို၍ ရန်ကိုင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

မိုးကုတ်စက်ဝိုင်းအောက်မှ အနက်ရောင်အလင်းတန်း တစ်ခုသည် လျင်မြန်လှသော အမြန်နှုန်းဖြင့် သူတို့ဆီ ချဉ်းကပ်လာနေခဲ့သည်။ ကပ်ဘေးတစ်ခုကို သယ်ဆောင်လာဟန် ထင်ရသော ထိုအနက်ရောင် အလင်းတန်းကို မြင်လိုက်ရသည့် လူအားလုံး ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ကြသည်။

ရန်ကိုင်က အေးစက်စက် လေသံဖြင့် လှမ်းအော်ပြောလိုက်လေသည် “လူကြီးမင်း အနေနဲ့ ခင်ဗျားရဲ့ နတ်ဆိုးချီကို ရုတ်သိမ်းထားပေးလို့ ရမလား၊ ကျုပ်မိတ်ဆွေတွေ ခင်ဗျားကြောင့် လန့်ကုန်ပြီ”

ရန်ကိုင်၏ အသံသည် မြှားတစ်စင်းပမာ အနက်ရောင် တိမ်တိုက်များကို ထိုးဖောက်သွားခဲ့ရာ နေအလင်းရောင် တစ်ဖန်ပြန်လည်း ထွန်းတောက်လာခဲ့ရလေသည်။

အားလုံးပေါ် သက်ရောက်နေသော ဖိနှိပ်အားသည်လည်း ပြေလျော့သွားခဲ့လေရာ ထိုအခါမှ အကုန်လုံး အသက်ကောင်းကောင်း ရှူနိုင်ကြတော့သည်။

ခဏအကြာ၌ တစ်ဖက်မှ တောင်းပန်သည့် လေသံဖြင့် “တောင်းပန်ပါတယ် တော်ဝင်သခင်ရန်၊ ဒီစီနီယာက ဒီအတိုင်း လွတ်လွတ်လပ်လပ် နေရုံပါပဲ။ ဒီမှာ လူတွေ အများကြီး ရှိနေမယ်လို့ တကယ်ကို မထင်လို့ပါ”

ပြောနေရင် ကောင်းကင်ထက်ရှိ အနက်‌ရောင် တိမ်တိုက်များသည် လက်ကြီးတစ်ဖက်၏ ဖယ်ရှားခြင်း ခံလိုက်ရသည့်မပါ ပြန့်ကျဲပျောက်ကွယ်သွားလေသည်။

ယခုမှပဲ အကုန်လုံးကို နေ့အလင်းရောင်ကို သေသေချာချာ ပြန်မြင်ကြရတော့သည်။

ရန်ကိုင် နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး လီရုန်ပင်လျှင် လေးနက်တည်ကြည်လာခဲ့သည်။

ယခုရောက်ရှိလာသည့်လူ မည်မျှ အားကောင်းကြောင်းကို သူတို့ အလျင်အမြန်ပဲ သတိပြုမိသွားခဲ့သည်။

မကြာမီ အကုန်လုံးရှေ့ လူသုံးယောက် ထွက်ပေါ်လာခဲ့သည်။

ထိုသုံးယောက်အနက် တစ်ယောက်သည် နဂါးဖီးနစ်ရုပ်တို့ ထိုးထွင်းတန်ဆာဆင်ထားသော တော်ဝင်ဆန်သည့် တောက်တောက်ပြောင်ပြောင် အဝတ်အစားကို ဝတ်ဆင်ထားသော ရိုးရှင်းသော ပုံစံဖြင့် သက်လတ်ပိုင်လူကြီးတစ်ဦး ဖြစ်သည်။

ထိုလူကြီး၏ နောက်တွင် နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီနှင့် မန်ကဲတို့သည် ခါးမတ်မတ်ထားလျက် ရပ်နေခဲ့ကြသည်။ ထိုသက်လတ်ပိုင်းလူကြီးကို ကြည့်သည့် သူတို့၏ အကြည့်ထဲ ကြောက်ရွံ့ရိပ်နှင့် လေးစားရိပ်တို့ ရောယှတ်နေခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး သူ့ရင်ထဲ မုန်တိုင်းတစ်ခု အစပြုလာလေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၂)

ထိုလူကြီးကို မမြင်ခင်အထိ၊ မန်ကဲနှင့် ရွှယ့်လီသည် တစ်ကြိမ်ခံရပြီးသည်ကို မမှတ်သေးဘဲ နောက်ထပ် နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်ကို အဖော်သွားခေါ်သည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော်လည်း ထိုရိုးရှင်းသော သက်လတ်ပိုင်း လူကြီးသည် သာမန် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

သူ့စိတ်ထဲ ဝရုန်းသုန်းကား ဖြစ်နေသော်လည်း ဟန်မပျက် အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲ။ သို့သော် သေချာ စိုက်ကြည့်မည်ဆိုပါက သူ့မျက်ဝန်းနက် အတွင်းပိုင်းထဲ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်ကို မြင်တွေ့နိုင်ပေသည်။

သက်လတ်ပိုင်းလူကြီး၏ပုံစံသည် ရိုးရှင်းသော်လည်း သူ့မျက်ဝန်းများသည် လွန်စွာကိုမှ ထက်ရှကာ အခြားသူများ တည့်တည့် စိုက်မကြည့်ရဲစေအောင် ဖြစ်စေသည်။ သူ့အရှိန်အဝါဟာ ဆိုလျှင်လည်း ပင်လယ်တမျှ ကျယ်ပြော၊ နက်ရှိုင်းပေသည်။

သက်လတ်ပိုင်းလူကြီးက ခေါင်းငုံ့လျက် အောက်ဘက်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံး၌ သူ့အကြည့်သည် ရန်ကိုင်ပေါ်သို့ ရောက်ရှိလာခဲ့ကာ ယဲ့ယဲ့လေး ပြုံးလျက် “တော်ဝင်သခင်ရန်လား”

ထိုလူကြီးနှင့် ရန်ကိုင် တစ်ခါမှ မတွေ့ဖူးချေ။ သို့သော် လူထောင်ပေါင်းများစွာအနက်မှ ရန်ကိုင် ဘယ်သူမှန် အကြည့် တစ်ချက်နှင့် ချက်ချင်း တန်းပြောနိုင်လေရာ ထိုလူကြီးသည် အရမ်းကိုမှ အမြင် စူးရှကြောင်း မြင်တွေ့နိုင်သည်။

ရန်ကိုင်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး လေးနက်တည်ကြည် လေသံဖြင့် “နတ်ဆိုးဗိုလ်ချုပ်ကြီးလား”

သက်လတ်ပိုင်းလူကြီးက မျက်ခုံးပင့်လိုက်ပြီး အကျယ်ကြီး အော်ရယ်လျက် ချီးကျူးလိုက်သည် “တော်ဝင်သခင်ရန်က တကယ်ကို အမြင်စူးရှတာပဲ။ မြင်လိုက်တာနဲ့ ဒီစီနီယာ ဘယ်သူမှန်း ချက်ချင်း တန်းသိသွားတယ်ဆိုတော့ တကယ်ကို လေးစားစရာပဲ”

ရန်ကိုင် ထိုမျှ အမြင်စူးရှလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း ပို၍ အထင်ကြီးစရာကောင်းသည်ကား သူ့ဘယ်သူမှန်း သိသွားသည့်တိုင် မျက်နှာတစ်ချက် ပျက်ယွင်းသွားခြင်း မရှိသော ထိုလူငယ်လေး၏ အမူအရာပင်။ သူ့ဘယ်သူမှန်း သိလိုက်သည့်လူတိုင်း အနည်းနှင့်အများဆိုသလို ထိတ်လန့်တုန်လှုပ်သွားကြစမြဲပင်။ ထို့နောက် ချက်ချင်း တိုက်ခိုက်လျှင်တိုက်၊ မတိုက်လျှင် ထွက်ပြေးရန် ကြိုးစားကြပေလိမ့်မည်။

ရန်ကိုင်ကမူ သေမထူး၊ နေမထူးဟန်ဖြင့်သာ ရှိနေခဲ့သည်။ သူ့အကြည့်ထဲ သတိထားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသော်လည်း တုန်လှုပ်သွားသည့် အမူအရာမျိုး မရှိချေ။ အကြွင်းမဲ့ တည်ငြိမ်နေခဲ့သည်။

ရန်ကိုင်ကို သူတကယ် လေးစားမိသွားလေပြီ။

ရန်ကိုင် နှာခေါင်းရှုံ့လိုက်သည်။ ထိုလူကြီး ဘယ်သူမှန်း သိလိုက်ခြင်းသည် မန်ကဲနှင့် ရွှယ့်လီတို့၏ ပုံစံကြောင့်သာ ဖြစ်ပေသည်။ ထိုနှစ်ယောက်သည် နတ်ဆိုးဗိုလ်ချုပ်များ ဖြစ်ကြပေသည်။ ထို့ကြောင့် အခြား တစ်ယောက်နောက်တွင် နာနာခံခံနှင့် ဘယ်တော့မှ ရပ်လိမ့်မည် မဟုတ်ချေ။ ရပ်လျှင်လည်း သူတို့၏ ခေါင်းဆောင်ကြီး ဖြစ်သော နတ်ဆိုးဗိုလ်ချုပ်ကြီး၏ နောက်တွင်သာ ရပ်ပေလိမ့်မည်။

နတ်ဆိုးဗိုလ်ချုပ်ကြီးသည် မည်ကဲ့သို့သော လူဖြစ်မလဲဟု အကြိမ်ပေါင်းများစွာ သူတွေးခဲ့ဖူးသည်။

အရမ်းကိုမှ အားကောင်းလှသော လူထွားကြီး တစ်ယောက် ဖြစ်နိုင်ပေသည်။

ကောက်ကျစ်ဥာဏ်များသည့် လူတစ်ယောက်လည်း ဖြစ်နိုင်သေးသည်။

လှည့်လည်သွားလာနေသော အနှောင်အဖွဲ့ကင်းသည့် လူတစ်ယောက်လည်း ဖြစ်နိုင်ပေသည်။

သို့သော် လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြီးသည် အရမ်းကိုမှ သာမန်ဆန်လိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ သူဝတ်ဆင်ထားသည့် အရောင်တလက်လက် ထနေသော အဝတ်အစားများကြောင့်သာ မဟုတ်လျှင် လူအုပ်ထဲသို့ ရောထွေးကာ သာမန်လူတစ်ယောက်အဖြစ် ရုပ်ဖျက်နိုင်ပေ၏။

သူ့ကို မြင်လိုက်သည့် သာမန်လူတိုင်း ထူးခြားသည့် သူ့အဝတ်အစားကိုသာ သတိပြုမိမည်ဖြစ်ပြီး လူကိုတော့ သတိပြုမိလိမ့်မည် မဟုတ်ချေ။

ဒီတော့ သူက မန်ဝူရရဲ့ ခွန်အားကို ချိတ်ပိတ်ခဲ့တဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီးပေါ့

ရန်ကိုင်အနေဖြင့် ယုံရခက်ခက် ဖြစ်နေခဲ့သည်။

“တော်ဝင်သခင်ရန် သံသယများမနေပါနဲ့။ ဒီစီနီယာက တကယ်ကို နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ပါ။ ရွှယ့်လီနဲ့ မန်ကဲတို့ သက်သေခံပေးလို့ရတယ်” နတ်ဆိုးဗိုလ်ချုပ်ကြီးက ပြုံး၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ကျုပ်ခင်ဗျားကို သံသယမဝင်ပါဘူး” ရန်ကိုင် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး “နားမလည်ရုံလေးပဲ။ ခင်ဗျားလို လူတစ်ယောက်က နတ်ဆိုးကုန်းမြေမှာ အေးအေးဆေးဆေး မနေဘဲ မိုင်သောင်းကျော်ဝေးတဲ့ ဒီလို ဘာမဟုတ်တဲ့ နေရာဆီ ရောက်လာတာက… နည်းနည်းတော့ သံသယဝင်စရာ ကောင်းတယ်လေ။ ခင်ဗျားကိုယ်တိုင် လာလည်ရအောင် ထိုက်တန်တဲ့ တစ်ခုခုများ ဒီနေရာမှာ ရှိလို့လား”

ရန်ကိုင်က သူ့အပေါ် ရန်လိုနေသည်ကို မြင်သော် ကျန်းယွမ်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ပြုံး၍ “ဒီစီနီယာ၊ ပြောပြီးသွားပြီလေ။ ငါရောက်လာတာက တော်ဝင်သခင်ရန်နဲ့ ဆွေးနွေးစရာရှိလို့”

“ဆွေးနွေးစရာ ဘာရှိလို့လဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။

“ရှိတာပေါ့” ကျန်းယွမ်က ဆက်ပြောလိုက်သည် “ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာတစ်ခုမဟုတ်ဘူး။ အေးအေးဆေးဆေး ထိုင်စရာပြောလို့ရမယ့် တိတ်ဆိတ်တဲ့ နေရာတစ်ခုလောက်များ စီစဉ်ပေးလို့ရမလား တော်ဝင်သခင်ရန်”

ပြောပြီးသည့်နောက် ရန်ကိုင်အား အပြုံးဖြင့် စိုက်ကြည့်နေလိုက်သည်။

“သခင်” လီရုန်က ရန်ကိုင်ဘေးနား တိုးကပ်ရပ်လိုက်ပြီး ကျန်းယွမ်အား သေသေချာချာ စိုက်ကြည့်လျက် တိုးတိုးလေး ပြောလိုက်သည် “သူလိမ်တာ မခံရအောင် သတိထားပါနော်”

“သူ့တောင်းဆိုတာကို သဘောမတူပါနဲ့” ဟန်ဖေးကလည်း ဝင်ကန့်ကွက်လိုက်သည်။

ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီးနောက် ခေါင်းခါရမ်း၍ “ကျုပ်သူနဲ့ စကားပြောရမယ်။ သူ့ကြည့်ရတာ ဒီနေရာကို ပြဿနာရှာဖို့ လာတာနဲ့ မတူဘူး။ ကြည့်ရတာက သူတကယ် ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုခု ရှိနေတယ်နဲ့တူတယ်”

မန်ကဲ သို့မဟုတ် ရွှယ့်လီအတွက် လက်စားချေချင်သည် ဆိုပါက ကျန်းယွမ်၏ ခွန်အားအရ ယခုကဲ့သို့ အပိုစကားများ ပြောနေစရာ မလိုတော့ချေ။

သူ့အနေဖြင့် ရန်ကိုင်အား သတ်လည်းမသတ်နိုင်၊ ဖမ်းလည်း မဖမ်းနိုင်မည် ဖြစ်သော်လည်း သူတော်စင် တတိယ ထိပ်တန်းအဆင့် ပညာရှင်များသာ ဤနေရာတွင် တိုက်ခိုက်ပါက ကောင်းကင်စံအိမ်တွင် စုဝေးနေသော လူထောင်ကျော် ဒုက္ခရောက်ရပေလိမ့်မည်။

ထိုနည်းသည် ရန်ကိုင်အား လက်စားချေဖို့ အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။

“ကျုပ်နောက်လိုက်ခဲ့” ရန်ကိုင်က အော်ပြောလိုက်ပြီး ကောင်းကင်စံအိမ်ထဲသို့ ဦးဆောင်ဝင်သွားလေသည်။

“အခုလို ပျူငှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ကျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နောက်သို့ မန်ကဲ၊ ရွှယ့်လီတို့နှင့်အတူတူ လိုက်သွားလေသည်။

ထိုလူခြောက်ယောက် ပျောက်ကွယ်သွားတော့မှပဲ ထောင်နှင့်ချီသော လူများ အသက်ကောင်းကောင်း ရှူနိုင်ကြတော့သည်။ ထိုလူများဆီမှ ဖြာထွက်နေသော အရှိန်အဝါကြောင့် သူတို့အဖို့ အသက်ပင် ကောင်းကောင်း မရှူရဲကြချေ။

“အဲ့လူ ဘယ်သူလဲမသိဘူး။ သူ့ကြည့်ရတာ အရမ်း အားကောင်းသလိုပဲ”

“စီနီယာအစ်ကိုရန်က သူ့ကို နတ်ဆိုးဗိုလ်ချုပ်ကြီးလို့တော့ ခေါ်လိုက်တယ်… နတ်ဆိုးဗိုလ်ချုပ်ကြီးဆိုတာ ဘယ်သူလဲ”

“စီနီယာရှီခွန်၊ အဲ့လူကြီးအကြောင်းသိလား” လင်းတိုင်ရှု၊ ရန်ရင်ဖုန်းနှင့် အခြားခေါင်းဆောင်များက ရှီခွန်အား သွားမေးကြည့်ကြသည်။

လူအုပ်ကြီးဆီမှ တီးတိုးပြောသံများစွာကို ကြားလိုက်ရချိန် ရှီခွန်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ခါးသက်သက် အမူအရာဖြင့် ရယ်မောလျက် “မသိတာကောင်းတယ်”

နတ်ဆိုးဗိုလ်ချုပ်ကြီး… သူပင်လျှင် ယခင်က ထိုပုဂ္ဂိုလ်နှင့် တစ်ခါမှ မတွေ့ဖူးချေ။ သို့သော်လည်း ဤနေရာရှိ လူများသည် နတ်ဆိုးဗိုလ်ချုပ်ကြီးမျာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို စိတ်လွတ်ကိုယ်လွတ် ပြောဆိုဆွေးနွေးနေကြသည်။

ထိုလူကြီး၏ နာမည်ကိုသာ ထုန်းရွှမ်လောကကြီးတွင် ထုတ်ဖော်ပြောဆိုလိုက်ပါက လူများစွာအား အကြီးအကျယ် ပူပန်ကြောင့်ကြ စိုးရိမ်သောက ရောက်သွားစေနိုင်သော်လည်း ဤနေရာတွင်မူ အများဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုသာ ဖြစ်လာခဲ့သည်။

“နတ်ဆိုးဗိုလ်ချုပ်ကြီးဆိုတာ ထုန်းရွှမ်လောကကြီးရဲ့ အားအကောင်းဆုံး ပုဂ္ဂိုလ်တွေထဲကတစ်ယောက်ပဲ။ သူဘယ်လောက် အားကောင်းလဲ ဆိုတာကိုတော့… အင်း၊ သေချာ စစ်ဆေးကြည့်မှပဲ သိလိမ့်မယ်။ ကျုပ်သန်မာတယ်လို့ ခင်ဗျားတို့ ထင်လား”

ရှီခွန်နားတွင် စုဝေးနေသော လူအားလုံး ခေါင်းညိတ်လိုက်ကြသည်။

လွန်ခဲ့သော နှစ်ဝက်က၊ သူတော်စင်အဆင့် ဆိုသည်မှာ ဘာလဲဆိုသည်ကိုပင် သူတို့ မသိသေးချေ။ သို့သော်လည်း ထိုသူတော်စင်များနှင့် နည်းနည်းပါးပါးလောက် တိုက်ခိုက်ပြီးနောက် ရန်မိသားစု၏ သွေးစစ်သည်တော်များသည် သူတော်စင်တစ်ယောက်နှင့် မသေမျိုးတစ်ယောက်ကြား မည်မျှ ကွာခြားချက် ကြီးမားကြောင်းကို ကောင်းကောင်း နားလည်သွားခဲ့သည်။

သူတော်စင်တစ်ယောက်အတွက် သူတို့အားလုံးသည် ပုရွက်ဆိတ်လေးများသာ ဖြစ်ကြသည်။

ရှီခွန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး “မင်းတို့ မျက်လုံးထဲမှာတော့ ငါက‌ အရမ်း ကြမ်းနေမှာပေါ့။ ဒါပေမယ့် ငါလိုလူမျိုး အယောက်တစ်ရာ ရှိရင်တောင် နတ်ဆိုးဗိုလ်ချုပ်ကြီးက ငါ့ကို ပုရွတ်ဆိတ်တစ်ကောင်လို နင်းခြေပစ်နိုင်တယ်”

အကုန်လုံး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ကြသည်။ ရှီခွန် ရှင်းပြလိုက်မှပဲ နတ်ဆိုးဗိုလ်ချုပ်ကြီး မည်မျှ ကြောက်စရာ ကောင်းကြောင်း အကုန်လုံး နားလည်သွားခဲ့ကြသည်။

“ဒါဆိုရင် ကိုင်အာ အန္တရာယ်ရှိနေတာပေါ့” ဒေါင်စုကျု စိုးရိမ်တကြီး ထအော်လေသည်။

ရှီခွန်က ခေါင်းကုတ်လိုက်ပြီး “မဖြစ်နိုင်လောက်ဘူး။ နတ်ဆိုးဗိုလ်ချုပ်ကြီးက ပြဿနာရှာဖို့လာတာ မဖြစ်လောက်ဘူး။ ပြီးတော့ တော်ဝင်သခင် ဘေးနားက လီရုန်ဆိုတဲ့ အမျိုးသမီးကလည်း ပေါ့သေးသေးမှ မဟုတ်တာ။ အဲ့အမျိုးသမီး ဘေးမှာ ရှိနေမှတော့ နတ်ဆိုးဗိုလ်ချုပ်ကြီးလည်း တော်ဝင်သခင်ကို ဘာမှ လုပ်နိုင်လောက်မှာ မဟုတ်လောက်ဘူး”

“အဲ့အမျိုးသမီးက နတ်ဆိုးဗိုလ်ချုပ်ကြီးလို အားကောင်းတယ်လို့ ပြောချင်တာလား” လူအုပ်ကြီး အံ့အားသင့်သွားခဲ့သည်။ ယခုမှပဲ လီရုန် မည်မျှ အားကောင်းကြောင်းကို သူတို့ နားလည်သွားခဲ့သည်။

“ကျုပ်လည်း သေချာမသိဘူး” ရှီခွန်က ပခုံးသာ တွန့်ပြလိုက်သည်။ ထို့အပြင် နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ဤနေရာသို့ ကိုယ်တိုင်ရောက်လာပြီး ဘာကြောင့် ရန်ကိုင်နှင့် တွေ့ချင်သလဲ ဆိုသည်ကိုလည်း သူမသိချေ။

သူတို့ နှစ်ယောက် ယခင်က တစ်ခါမှ မတွေးဖူးချေ။ ထို့ကြောင့် နှစ်ဦးသားကြား ဘာများ ဆွေးနွေးစရာရှိမည်နည်း။

ကောင်းကင်စံအိမ်၏ အဓိကခန်းမထဲ ရန်ကိုင်နှင့် နတ်ဆိုးဗိုလ်ချုပ်ကြီးတို့ မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။ လီရုန်နှင့်ဟန်ဖေးသည် ရန်ကိုင်နောက်တွင် ရပ်နေကြပြီး မန်ကဲနှင့် ရွှယ့်လီတို့သည် နတ်ဆိုးဗိုလ်ချုပ်ကြီးနောက်တွင် ရပ်နေကြသည်။

ခန်းမတွင်းထဲ အခြေအနေသည် တင်းမာသယောင် ထင်နေရသည်။ အချိန်မရွေး တိုက်ပွဲထဖြစ်မည့်နှယ်။

ရန်ကိုင်စိတ်ထဲ သံသယရေလှိုင်းတို့ ပြေးလွှားနေ၏။ အရင်ဆုံး စကားမပြောဘဲ နတ်ဆိုးဗိုလ်ချုပ်ကြီးကိုသာ သေသေချာချာ စိုက်ကြည့်နေသည်။

နတ်ဆိုးဗိုလ်ချုပ်ကြီးကမူ အလည်အပတ် ရောက်လာသူ တစ်ယောက်ပမာ ခန်းမအားတစ်ခုလုံး၏ ဝေ့ကြည့်ရင်း မှတ်ချက်ပေးနေသည် “တော်ဝင်သခင်ရန်လို လူမျိုးကို မွေးထုတ်ပေးနိုင်တယ် ဆိုတော့ ဒီနေရာက တကယ်ကို ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ ဖြစ်ရမယ်။ ဒီစီနီယာလည်း နှစ်တစ်ထောင်လောက် နောက်ကျပြီး ဒီနေရာမှာ မွေးချင်လိုက်တာ။ အဲ့လိုဆို တော်ဝင်သခင်ရန် ပခုံးဖက် အတူကြီးပြင်းလာလို့ ရပြီ”

ခန်းမထဲတွင် ရှိနေသူ အကုန်လုံး ကိုးယိုးကားယား ဖြစ်နေခဲ့ကြသည်။ ကျန်းယွမ် ဘာတွေ ပြောနေမှန်း သူတို့ တကယ်ကို နားမလည်နိုင်ပါချေ။

ထိုင်ပြီးပြီးချင်း ထိုကဲ့သို့ စချီးကျူးလိုက်ခြင်းသည် ကျန်းယွမ်အား ပို၍ မယုံကြည်ထိုက်သလို ဖြစ်သွားခဲ့သည်။

“နတ်ဆိုးဗိုလ်ချုပ်ကြီး ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ဒီနေရာက ခင်ဗျားကို မကြိုဆိုဘူး” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ သူသိပ်ပြီး စိတ်မရှည်ချင်တော့ပေ။

ထိုကဲသို့ ပညာရှင်တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေရသည်မှာ ရန်ကိုင်အတွက် အတော့်ကိုမှ ဖိအားကြီးလှသည်။

သူ့လုံခြုံရေးနှင့် ပက်သက်၍ စိုးရိမ်နေခြင်းမဟုတ်။ တိုက်ပွဲသာ ထဖြစ်လျှင် နတ်ဆိုးဗိုလ်ချုပ်ကြီးအတွက် ပြိုင်ဘက် မဖြစ်နိုင်သော်လည်း လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ပြေးနိုင်၏။ ထို့နောက် ကောင်းကင်လွန်းကို ထုတ်၍ ထွက်ပြေးလိုက်ရုံပင်။ ကောင်းကင်လွန်းပျံ၏ အမြန်နှုန်းနှင့်ဆိုလျှင် နတ်ဆိုးဗိုလ်ချုပ်ကြီးပင် သူ့အား လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သူ့အား လိုက်ဖမ်းချင်လျှင် ဖုန်သာ ရှူရပေလိမ့်မည်။ တစ်သက်လုံး လိုက်ဖမ်းလျှင်ပင် လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်။

သို့သော် သူသာ ထွက်ပြေးသွားလျှင် ဤနေရာ၌ စုဝေးနေသော လူတစ်ထောင် ဘာဖြစ်သွားမည်နည်း။ ထိုလူများထဲ သူ့မိတ်ဆွေများ၊ မိသားစုဝင်များ၊ ကလန်သားများ ပါနေသည်။

သူ့တွင် စိုးရိမ်စရာ အများကြီး ရှိပေသည်။

“မောက်မာလိုက်တာ” မန်ကဲက အော်ဟစ်လိုက်သည် “ကောင်လေး။ မင်းကိုယ်မင်း ဆရာကြီး ထင်မနေနဲ့။ နတ်ဆိုးဗိုလ်ချုပ်ကြီးကိုယ်တိုင် ဒီခရီးရှည်ကြီးကိုလာပြီး မင်းကိုလာတွေ့တာ မင်းအတွက် ဂုဏ်ယူစရာကွ”

“သူက မဖိတ်ခေါ်ဘဲ ရောက်လာတဲ့လူ။ ကျုပ်က ဒီနေရာရဲ့ အရှင်သခင်။ ကိုယ့်အိမ်ကနေတောင် သူစိမ်းတစ်ယောက်ကို မောင်းထုတ်လို့ မရဘူးလား” ရန်ကိုင်က လှောင်ပြောင်လိုက်သည်။

“မန်ကဲ၊ တိတ်တိတ်နေ” ကျန်းယွမ်က တိုးတိုးလေး အော်လိုက်ရာ မန်ကဲလည်း ချက်ချင်း ခေါင်းငုံ့သွားလေသည်။

နှစ်ယောက်စလုံးသည် သူတော်စင် တတိယအဆင့်များသာ ဖြစ်ကြသော်လည်း နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ကျန်နတ်ဆိုး ဗိုလ်ချုပ်များထက် အများကြီး ပိုအားကောင်းပေသည်။

ကျန်းယွမ်က ရန်ကိုင်ကို ကြည့်၍ အပြုံးဖြင့် ပြောလိုက်သည် “တော်ဝင်သခင်ရန်က ဒီစီနီယာကို တော်တော်လေး သတိထားနေတာပဲ။ ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဒီစီနီယာလည်း အချိန်မဖြုန်းတော့ဘဲ လိုရင်းကိုပဲ တိုက်ရိုက်ပြောရတော့မှာပေါ့”

ကျန်းယွမ်က အပြုံးမပျက် အမူအရာဖြင့် ဆက်ပြောလိုက်သည် “တကယ်တော့ တော်ဝင်သခင်ရန် ဒီလို လုပ်နေစရာမ လိုပါဘူး။ တော်ဝင်သခင်လက်ထဲမှာ ရှိနေတဲ့ စွမ်းအားက ဒီစီနီယာအောက် နိမ့်ကျတာမှ မဟုတ်တာ။ ပြီးတော့ တော်ဝင်သခင်နောက်က အမျိုးသမီး။ အဲ့အမျိုးသမီးက ဒီစီနီယာလောက် အားမကောင်းဘူး ဆိုပေမယ့် ကွာခြားချက်က မပြောပလောက်ရုံလေးပဲ။ ဒီစီနီယာလက်အောက်မှာ နတ်ဆိုးဗိုလ်ချုပ် လေးယောက်ရှိတယ်။ ဒါပေမယ့် တော်ဝင်သခင်ရန်ရဲ့ လက်အောက်ငယ်သားတွေကလည်း အားနည်းတာ မဟုတ်ဘူးလေ။ တကယ်တမ်း တိုက်ပွဲသာ ဖြစ်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် ကောင်းမှာ မဟုတ်ဘူး”

ရန်ကိုင် မျက်မှောင်သာကြုံ့သွားခဲ့ပြီး ဘာမှပြန်မပြောခဲ့။

နတ်ဆိုးဗိုလ်ချုပ်ကြီး ဘာကြောင့် ထိုအရာများကို ပြောနေမှန်း ရန်ကိုင် နားမလည်ချေ။

သို့သော် နတ်ဆိုးဗိုလ်ချုပ်ကြီး ပြောပြသွားသည်ကို နိဂုံးချုပ်ရမည်ဆိုပါက ရန်ကိုင်နှင့် တိုက်ပွဲမဖြစ်ချင်ခြင်းပင်။ နှစ်ဖက်စလုံး၏ ခွန်အားသည် တူညီလုနီးနီး ရှိသည်။ မည်သူ့ဘက်ကမှ အပြတ်အသတ် သာလွန်သော အားသာချက်မျိုး ပိုင်ဆိုင်ထားခြင်း မရှိခဲ့။ ထို့ကြောင့် နှစ်ယောက်စလုံး၏ အဆင့်တန်းသည် တူညီသည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာ မရောက်ချေ။

ကျန်းယွမ်က သက်ပြင်းချကာ ပြောလိုက်သည် “အဲ့အမြင်ကျဉ်းတဲ့ ငါ့လက်အောက်ငယ်သားနှစ်ယောက် တော်ဝင်သခင်ကို လာပြဿနာ ရှာခဲ့တယ်ဆိုတာကို ဒီစီနီယာ ကြာပြီးသွားပြီ။ ဒီစီနီယာရဲ့ လက်အောက်ငယ်သားက ပြဿနာ ရှာတာဆိုတော့ အပြစ်ပေးဖို့ကလည်း ဒီစီနီယာရဲ့ တာဝန်ပေါ့။ ကဲ၊ မင်းတို့နှစ်ယောက်၊ တော်ဝင်သခင်ရန်ကို တောင်းပန်လိုက်ကြစမ်း။ ကြီးတဲ့ပြဿနာ ငယ်အောင်၊ ငယ်တဲ့ ပြဿနာ ပပျောက်အောင် လုပ်ရမယ်။ ဒါမှ နောက်ပိုင်း ငါတို့နှစ်ဖက်စလုံး တစ်ဖက်နဲ့တစ်ဖက် ရန်ကြွေးတွေ မရှိတော့မှာ”

သူ့ပါစပ်မှ ထိုစကား ထွက်လာလိုက်သည်နှင့် မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး မျက်လုံးပြူးသွားပြီး မှင်သက်နေသည့် အမူအရာဖြင့် ကျန်းယွမ်ကို စိုက်ကြည့်လိုက်ကြသည်။

ကျန်းယွမ်ပါးစပ်မှ ထိုစကားမျိုး ထွက်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားခဲ့ချေ။

ရန်ကိုင်ပင်လျှင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ကျန်းယွမ်အနေဖြင့် ရန်ကိုင်အပေါ် စိတ်ကောင်းစေတနာ ထားကြောင်း ပြချင်လျှင်ပင် ထိုကဲ့သို့ လုပ်စရာမလိုချေ။ ထို့အပြင် သူ့အဆင့်အတန်းဖြင့် သူ့ဘက်မှ အရင်စပြီး ရန်ကိုင်အား ဘာကြောင့် ကောင်းပြနေစရာ လိုမည်နည်း။

ကျန်းယွမ်အနေဖြင့် ရည်ရွယ်ချက်တစ်ခုခုဖြင့် ရောက်လာမည်မှန်း ရန်ကိုင် လုံးဝကို သေချာသွားခဲ့သည်။ မဟုတ်လျှင် သူ့လက်အောက်ငယ်သား နှစ်ယောက်ကို ဤကဲ့သို့ အရှက်ခွဲလိမ့်မည် မဟုတ်။

ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် ရန်ကိုင် အမူအရာ ပြေလျော့သွားခဲ့ပြီး သူ့မျက်နှာထက် အပြုံးတစ်ခု ဝေ့သီလာသည်။

လက်ရှိနတ်ဆိုးဗိုလ်ချုပ်ကြီး ဘာတွေကြံနေလဲ၊ သူ့ဆီမှ ဘာလိုချင်နေလဲဆိုသည်ကို ရန်ကိုင် မြင်ချင်နေလေပြီ။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၃)

ရန်ကိုင်နှင့် နတ်ဆိုးဗိုလ်ချုပ်ကျန်းယွမ်တို့ နှစ်ယောက်စလုံး ပြုံးနေခဲ့ကြသည်။

ကျန်းယွမ်နောက်တွင် ရပ်နေသော မန်ကဲနှင့် ရွှယ့်လီတို့မှာမူ မျက်လုံးပြူးနေခဲ့ကြသည်။ ထိတ်လန့်မှုကြောင့် တုန်ရီနေပြီး မယုံကြည်နိုင်မှုတို့မှာလည်း မျက်နှာထက် အထင်းသား ထွက်ပေါ်နေခဲ့သည်။

သူတို့၏ နတ်ဆိုးဗိုလ်ချုပ်သည် ထိုစက်ဆုပ်ဖွယ်ကောင်းသော လူသားကောင်လေးကို တောင်းပန်ရန် တကယ်ပဲ အမိန့်ပေးလိုက်သည်လား။

နှစ်ယောက်စလုံး ကိုယ့်နားကိုယ် မယုံနိုင်ကြ။ မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် ကျန်းယွမ်အား ကြည့်လိုက်ကြသည်။

ကျန်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး “ဘာလဲ၊ မင်းတို့ နားပင်းနေကြတာလား။ ဒီစီနီယာ ပြောလိုက်တာကို မကြားဘူးလား။ ဒါမှမဟုတ် ဒီစီနီယာကပဲ မင်းတို့အစား တောင်းပန်ပေးရမှာလား”

“မလုပ်ရဲပါဘူး” မန်ကဲနှင့် ရွှယ့်လီတို့၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ ကျန်းယွမ် ဒေါသထွက်နေမှန်း သတိပြုမိသည်နှင့် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ အလျင်စလို လက်သီးဆုပ်၍ အံကြိတ်ကာ အော်ပြောလိုက်သည် “အရင်က တော်ဝင်သခင်ရန်ကို အပြစ်ပြုမိတာများရှိရင် စိတ်သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

ဤကဲ့သို့ တောင်းပန်လိုက်ရခြင်းသည် သူတို့အား စော်ကားလိုက်ခြင်း မည်ပေသည်။ ကျန်းယွမ်ကြောင့် ရန်ကိုင်ကို တောင်းပန်လိုက်ရသော်လည်း အခွင့်အရေး ရသည်နှင့် ဤအကြွေးအား သူတို့နှစ်ယောက် ကျိန်းသေပြန်တောင်းမည်ကို မည်သူမှဆို သတိပြုမိနိုင်ပေသည်။

ကျန်းယွမ်၏ စကားကြောင့် သူတို့ကြားရှိ ရန်ငြိုးကို မဖြေရှင်းနိုင်ရုံမက နှစ်ဖက်ကြားမှ အမုန်းတရားကို ပို၍ပင် တိုးပွားလာခဲ့ရသည်။

ရန်ကိုင်ကမူ ဘာမှမပြောဘဲ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့သည်။

ကျန်းယွမ်ကမူ ပျော်ရွှင်စွာရယ်မောလိုက်ပြီး ပြုံးကာ “ကောင်းတယ်။ အမှားလုပ်ရင် တောင်းပန်ရမှာပေါ့။ အင်း၊ အခုကနေစပြီး တစ်ယောက်နဲ့ တစ်ယောက် မမုန်းမတီးနဲ့ နေကြတာပေါ့။ ငါလည်း တော်ဝင်သခင်ရန်နဲ့ မိတ်ဆွေ ဖြစ်ချင်နေတာ”

“ကျုပ်ကတော့ မဖြစ်ချင်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ကျန်းယွမ် မျက်နှာ မဲ့သွားခဲ့ပြီး “တော်ဝင်သခင်က နည်းနည်းလေးတောင် မျက်နှာသာ မပေးပါလားနော်”

နှစ်ယောက်စလုံးသည် ရန်လိုစိတ်မရှိဘဲ ဒီအတိုင်း သာမန်ကာလျှံကာ လေသံဖြင့် ပြောနေသော်လည်း နောက်တွင် ရပ်နေသော လေးယောက်မှာမူ ရင်တမမ ဖြစ်နေခဲ့ရလေပြီ။ အကောင်းပြောနေရင်းမှ ဘယ်အချိန် ထတိုက်ကြမည်မှန်းကို ဘယ်သူမှ မပြောနိုင်ကြပေ။

သို့သော်လည်း အပြင်လူတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်လိုက်ပါက သူတို့ ထင်မည်မှာ ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး ပြုံးလျက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည် ဟူ၍ပင်။

မန်ကဲနှင့် ရွှယ့်လီတို့မှာမူ အတော်လေးကိုမှ စိတ်ညစ်နေခဲ့ရသည်။

ယခင်အခါက၊ ရွှယ့်လီသည် လူသားပိုင်နက်ထဲသို့ တစ်ယောက်တည်း ခိုးဝင်လာခဲ့သည်။ ထိုစဉ်က ချူလင်းရှောင်ကြောင့် ဒဏ်ရာရပြီး နတ်ဆိုးကုန်းမြေထဲသို့ အသည်းအသန် ပြန်ထွက်ပြေးခဲ့ရသည်။ ထိုကိစ္စနှင့် ပက်သက်သည့် အသေစိတ်ကို မည်သူ့ကိုမှ သူမ မပြောခဲ့ချေ။

ထို့နောက် လွန်ခဲ့သော လဝက်က သူမနှင့်မန်ကဲ ရန်ကိုင်နှင့် မတော်တဆ ထပ်တွေ့ခဲ့သည်။ ထိုအချိန်တွင်လည်း တိုက်ပွဲဖြစ်ပြီး သူမနှင့်မန်ကဲ ထပ်၍ ထွက်ပြေးရပြန်သည်။

ရွှယ့်လီသည် ထိုအဖြစ်အပျက်ကိုလည်း ဘယ်သူ့ကိုမှ မပြောဘဲ နှုတ်ဆိတ်ချင်နေသေးသည်။ သို့သော် မန်ကဲသည် နတ်ဆိုးဗိုလ်ချုပ်ကြီးအပေါ် အရမ်းကိုမှ သစ္စာရှိသူ ဖြစ်လေရာ နတ်ဆိုးကုန်းမြေသို့ ရောက်သည်နှင့် ဖြစ်ပျက်သမျှ အလုံးစုံကို ကျန်းယွမ်အား ပြန်လည် တင်ပြခဲ့လေသည်။ ကျန်းယွမ် ထိုအကြောင်းကို ကြားလိုက်ရသည့်နှင့် နည်းနည်းလေးပင် နှောင့်နှေးမနေဘဲ တော်ဝင်သခင်ရန် ဆိုသော လူငယ်လေးနှင့် တွေ့ရန် နတ်ဆိုးကုန်းမြေမှ ချက်ချင်း ထွက်လာခဲ့လေသည်။

အခြေအနေက ထိုအတိုင်းအတာထိ ရောက်သွားပြီး ဖြစ်မှဖြင့် ရွှယ့်လီလည်း ဘာတတ်နိုင်မည်နည်း။ မန်ကဲနှင့်အတူ ရှေ့မှ ဦးဆောင်ရုံသာ တတ်နိုင်ခဲ့လေသည်။

နတ်ဆိုးဗိုလ်ချုပ်ကြီးသည် သူတို့ ခံစားခဲ့ရသည်များအတွက် လက်စားပြန်ချေရန် ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့သည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် နှစ်ယောက်စလုံး လမ်းတစ်လျှောက် အတော့်ကိုမှ စိတ်လှုပ်ရှားခဲ့ကြရသည်။ စိတ်ထဲတွင် ထိုလူသား ကောင်လေး သူတို့လက်ထဲ ရောက်လာပြီး လူမဆန်သော နှိပ်စက်မှုအား ခံစားနေရသည့်ပုံကို ကြိုမြင်ယောင်နေခဲ့သည်။

သို့သော်လည်း နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ရုပ်တည်ကြီးဖြင့် သူတို့အား ရန်ကိုင်ကို ပြန်တောင်းပန်ခိုင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

ရန်ကိုင်အား တောင်းပန်လိုက်ရခြင်းသည် ဤလောကတွင် ရှိသော အခါးတကာ့အခါးဆုံး ဆေးများကိုမှ တလုံးတခဲ မြိုချလိုက်ရသည့်နှယ် ခံစားရသည်။

“ကျန်းယွမ်၊ အပိုတွေ တောက်လောက်ပြီ။ ခင်ဗျား ဘာလုပ်ဖို့ ရောက်လာတာလဲ” ရနက်ိုင်က ယဲ့ယဲ့လေးပြုံးလျက် လိုရင်းကို မေးလိုက်သည်။

ထိုကဲ့သို့သော ပညာရှင်တစ်ယောက်နှင့် စကားစစ်ထိုးလျှင် သူသာ ရှုံးမည်ဖြစ်သဖြင့် ရန်ကိုင်လည်း လိုရင်းဆီကိုသာ တိုက်ရိုက် သွားလိုက်လေသည်။

ကျန်းယွမ် သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ကြည့်ရတာ တော်ဝင်သခင်လည်း ဒီစီနီယာ ဒီကို အခြားရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာမှန်း သိပြီးသားနဲ့တူတယ်။ အဲ့လိုဆိုမှတော့ ကောင်းပြီလေ။ လိုရင်းကိုပဲ တိုက်ရိုက် ပြောရတာပေါ့။ ဒီစီနီယာ တစ်ခုခုကို အတည်ပြုချင်လို့ ရောက်လာခဲ့တာ”

“အို၊ ဘာကိုများလဲဟင်” ရန်ကိုင် မျက်လုံးမှေးစဉ်း၍ ကျန်းယွမ်ကို စိုက်ကြည့်လိုက်သည်။

ကျန်းယွမ်ကမူ အပြုံးမပျက် အမူအရာဖြင့် ပြန်မေးလိုက်သည် “ဒီစီနီယာက သိချင်တာက တော်ဝင်သခင်ရန်က… မဟာ နတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူလား ဆိုတာပဲ”

ထိုစကား ထွက်လာချိန် အခန်းထဲတွင် ရှိနေသော လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဟန်ဖေးနှင့် လီရုန်တို့၏ မျက်ဝန်းများ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ကျန်းယွမ်ကို နိုးနိုးကြားကြား သတိကြီးကြီးထားလျက် စိုက်ကြည့်လိုက်သည်။

မန်ကဲနှင့်ဟန်ဖေးတို့မှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားသလို တစ်ချိန်တည်းတွင် ထိတ်လန့် ထိတ်လန့်သွားသည်။

မဟာနတ်ဆိုးနတ်ဘုရား ဟူသော နာမည်သည် သာမန်ကာလျှံကာ နာမည်တစ်ခု မဟုတ်ချေ။ ထိုနာမည်သည် နတ်ဆိုးမျိုးနွယ်စုဝင်များအပေါ် အကြွင်းမဲ့ သက်ရောက်မှု ရှိသည်။

“တော်ဝင်သခင်ရန် ငြင်းမနေပါတော့နဲ့” ရန်ကိုင် ပြန်မပြောရသေးခင်မှာဘဲ ကျန်းယွမ်က လက်မြှောက်၍ ကြားဖြတ်ပြောလိုက်သည် “ဒီစီနီယာက အဲ့ကိစ္စနဲ့ပက်သက်ပြီး သံသယဝင်နေလို့ ဒီကို အပြေးလာ အတည်ပြုခဲ့တာ။ တကယ်တော့ တော်ဝင်သခင်ရန်သာ ဒီကနေ ထွက်သွားပြီး ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ပြန်ရောက်သွားရင် ဒီစီနီယာ အနေနဲ့ လူသားပိုင်နက်ထဲကို အဲ့လောက်ထိ တိုးဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ဒါပေမယ့် အခု မြင်ရသလောက်တော့ တော်ဝင်သခင်ရန်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူဆိုတာ သေချာသွားပြီ။ ဟုတ်တယ်။ သံသယရှိစရာကို မလိုတာ”

ကျန်းယွမ်၏ (၁၀၀)ရာခိုင်နှုန်း သေချာနေသည့် အမူအရာကို ကြည့်ရင်း ရန်ကိုင်က သဘောလည်း မတူသလို၊ ငြင်းလည်းမငြင်းဘဲ နှုတ်ခမ်းလေး ကွေး၍သာ ပြန်မေးလိုက်သည် “ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သေချာနေတာလဲ”

“တော်ဝင်သခင်ရန်နောက်က အမျိုးသမီး နှစ်ယောက်ကြောင့်ပေါ့” ကျန်းယွမ်က လီရုန်နှင့်ဟန်ဖေးတို့အား အနည်းငယ် မနာလိုနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် ဆက်ပြောလိုက်လေသည် “နတ်ဆိုးကုန်းမြေမှာ နတ်ဆိုးဗိုလ်ချုပ်ကြီးတွေပဲ ဖတ်ခွင့်ရတဲ့ ရှေးဟောင်းစာအုပ်တွေ ရှိတယ်။ အဲ့စာအုပ်တွေထဲက တစ်အုပ်က မဟာနတ်ဆိုးနတ်ဘုရား လက်အောက်မှာ အမှုထမ်းတဲ့ ကလန်အကြောင်းကို ရေးထားတာ”

“အဲ့ကလန်က သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဆိုး ကလန်လို့ ခေါ်တယ်။ ပြီးတော့ အဲ့ကလန်မျိုးဆက်တွေ အကုန်လုံးက မဟာနတ်ဆိုးနတ်ဘုရားကိုပဲ သစ္စာရှိတယ်။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရား မပျောက်ကွယ်ခင် အဲ့ကလန်လည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒီလောကက လူတွေကတော့ ထင်ကြမှာပေါ့။ သူသာ မရှိတော့ရင် အဲ့ကလန်ကို ထိန်းနိုင်မယ့်လူ မရှိတော့ဘူးလို့ ထင်လို့ မဟာနတ်ဆိုးနတ်ဘုရား ကိုယ်တိုင် အဲ့ကလန်ကို ဖျက်စီးပစ်လိုက်တယ်ပေါ့”

“အဲ့ကောလဟာလတွေ အကုန်လုံးက အမှားတွေမှန်း ဒီစီနီယာ သိပြီးသား။ တကယ်တော့ မဟာနတ်ဆိုးနတ်ဘုရားက အဲ့ကလန်ကို ချိတ်ပိတ်ခဲ့တာ။ တော်ဝင်သခင်နောက်က အမျိုးသမီး နှစ်ယောက် ရှေးဟောင်းနတ်ဆိုးကလန်ကပဲ။ ဒါပေမယ့် သူတို့က တော်ဝင်သခင်အပေါ် သစ္စာရှိနေမှတော့ တော်ဝင်သခင်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူမှန်း သေချာသွားပြီလေ။ ရှေးဟောင်းနတ်ဆိုးကလန်သားတွေက အခြားတစ်ယောက်ကို ဘယ်လိုလုပ်ပြီး သွားသစ္စာခံမှာလဲ။ သူတို့ မျက်လုံးထဲမှာတော့ ဒီစီနီယာတောင် ထိုက်တန်တာ မဟုတ်ဘူး”

နတ်ဆိုးဗိုလ်ချုပ်ကြီးကျန်းယွမ်က ရှင်းပြနေစဉ်က ရန်ကိုင်က ကြားဖြတ်မပြောဘဲ တိတ်တိတ်လေးသာ နားထောင်နေခဲ့သည်။

သူပြောပြီးသွားသည့်နောက် ရန်ကိုင်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး “နတ်ဆိုးဗိုလ်ချုပ်ကြီးက အခြားသူတွေ မသိတဲ့ လျှို့ဝှက်ချက် တော်တော်များများကို သိထားတာပဲ”

ထိုကဲ့သို့ ငြင်းမရသည့် သက်သေကြီး ရှိနေပြီ ဖြစ်လေရာ ရန်ကိုင် ငြင်းချင်လျှင်ပင် အသုံးမဝင်တော့ချေ။

“ဟုတ်တာပေါ့” ကျန်းယွမ်က ဂုဏ်ယူစွာဖြင့် “မဟာနတ်ဆိုးနတ်ဘုရားက အဲ့ကလန်ကို ချိတ်ပိတ်ပြီး သူ့အမွေဆက်ခံသူအတွက် ဘာလို့ ချန်ရစ်ပေးခဲ့တာလဲ ဆိုတာကိုလည်း ဒီစီနီယာ သိထားသေးတယ်။ ဒီကိစ္စ၊ အခြားကိစ္စတွေနဲ့ ပက်သက်ပြီး မဟာနတ်ဆိုးနတ်ဘုရားက သဲလွန်စအများကြီး ချန်ထားခဲ့တယ်”

“အို၊ ဘာကြောင့်လဲ ပြောပါဦး” ရန်ကိုင် သိချင်သွားခဲ့သည်။ သို့သော်လည်း သူ့ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် ကျန်းယွမ် ဆင်ထားသည့် ထောင်ချောက်ထဲသို့ ကျသွားပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။ ထို့ကြောင့် ရန်ကိုင်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်ကာ သွေးပင် အန်ချင်မိသွားသည်။

ရန်ကိုင်မှာ ကျန်းယွမ် ဘာပြောပြော ထူးမခြားနားဟန်ဖြင့်သာ တုန့်ပြန်ချင်သော်လည်း ထိုမြေခွေအိုကြီး ဆင်ထားသည့် ထောင်ချောက်ထဲသို့ ကျဖြစ်အောင်ကို ကျသွားခဲ့သည်။ ထို့ကြောင့် သူအပြည့်အဝ မရင့်ကျက်သေးမှန်း ရန်ကိုင် နားလည်သွားခဲ့ရ၏။

ကျန်းယွမ်က တိုးတိုးလေး ရယ်ကာ ပြန်ပြောလိုက်သည် “လာမယ့် ကပ်ဘေးအတွက်ပဲ”

“ကပ်ဘေးလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

“ဟုတ်တယ်။ ဘယ်လိုကပ်ဘေးလဲ ဆိုတာကိုတော့ ဒီစီနီယာလည်း မသိသေးဘူး။ ဒါပေမယ့် တော်ဝင်သခင်ရန်တော့ အဖြေထုတ်နိုင်လောက်လိမ့်မယ်” ကျန်းယွမ်က ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်သည်။

“ခင်ဗျားတောင် မသိတာကို ကျုပ်က ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မှာလဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

ကျန်းယွမ်အမူအရာ လေးနက်သွားခဲ့ပြီး “နတ်ဆိုးမြို့တော်မှာ မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်ချက်ရှိတယ်။ ဒါပေမယ့် အဲ့လျှို့ဝှက်ချက်ကို အားကောင်းလွန်းတဲ့ အစီအရင် တစ်ခုနဲ့ ချိတ်ပိတ်ထားတယ်။ ဘယ်နတ်ဆိုးဗိုလ်ချုပ်ကြီးမှ အဲ့အစီအရင်ကို မဖယ်ရှားနိုင်ခဲ့ဘူး။ ဒီတော့ အထဲက ဟာကိုလည်း မသိရတော့ဘူးပေါ့”

“အဲ့အစီအရင်ကို ခင်ဗျားလည်း မဖျက်စီးနိုင်ဘူးလား”

ကျန်းယွမ်က မဲ့ပြုံးပြုံးလျက် ခေါင်းခါလိုက်ပြီး “မဟာနတ်ဆိုးနတ်ဘုရားဆိုတာ သာမန်နတ်ဆိုး တစ်ယောက်မှ မဟုတ်တာ။ ဒီစီနီယာက ဘယ်လိုလုပ်ပြီး သွားယှဉ်နိုင်မှာလဲ။ ဒီစီနီယာ အထင်အရဆို မဟာနတ်ဆိုးနတ်ဘုရားက သူတော်စင် အဆင့်ကိုကျော်ပြီး ပိုမြင့်တဲ့အဆင့်တစ်ခုစီ ရောက်နေခဲ့လောက်တယ်”

ရန်ကိုင် ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူ့အတွေးနှင့် ကျန်းယွမ် အတွေးတို့ တစ်ထပ်တည်း ကျနေသည့် အပေါ်ကိုလည်း အတော့်ကိုမှ အံ့အားသင့်သွားခဲ့ရသည်။

သူနှင့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက် ထူးဆန်းသော ဆန်းကြယ်လောကငယ်တစ်ခုထဲ ဝင်သွားပြီး မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းရည်မျာကို မြင်တွေ့ပြီးနောက် ရန်ကိုင်လည်း ထိုကဲ့သို့ ခန့်မှန်းခဲ့ဖူးသည်။ သို့သော် သူ့အထင်ကို ယုံလည်း မယုံနိုင် ဖြစ်နေခဲ့သည်။

အံ့အားသင့်စရာသည်ကား ကျန်းယွမ်သည်လည်း သူ့ကဲ့သို့ တွေးနေခြင်းပင်။

“ဒီစီနီယာ မဖွင့်နိုင်ဘူးဆိုပေမယ့် တော်ဝင်သခင်ရန်ကတော့ ဖွင့်နိုင်လောက်တယ်” ကျန်းယွမ်က ဆက်ပြောလိုက်သည် “တော်ဝင်သခင်ရန်ကို မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူ အဖြစ် ဘာကြောင့်ရွေးခဲ့မှန်း မသိဘူးဆိုပေမယ့် ဆက်ခံသူ ဖြစ်မှတော့ နတ်ဆိုးစာအုပ်လည်း တော်ဝင်သခင်ရန်ရဲ့ လက်ထဲမှာ ရှိနေမှာပေါ့ ဟုတ်တယ်မလား”

“နတ်ဆိုးစာအုပ်လား” မန်ကဲနှင့် ရှုဟွေတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ နှစ်ယောက်စလုံး အရူးအမူး ဖြစ်လာခဲ့ကြလေပြီ။

ထိုစကားသုံးလုံးသည် သူတို့၏ သွေးများကို ဆူပွက်လာခဲ့လေပြီ။

“မဟာနတ်ဆိုးနတ်ဘုရားက ဝိဥာဉ်ကျောက်တုံးကြီး တစ်တုံးကိုရပြီး နတ်ဆိုးစာအုပ်အဖြစ် သွန်းလုပ်ခဲ့တယ်။ အဲ့ထဲမှာ သူ့နတ်ဘုရားစွမ်းရည်တွေ၊ ပညာရပ်တွေ အများကြီးရှိနေတယ်။ အဲ့ဒါကို ဖွင့်နိုင်တဲ့ဘယ်သူမဆို သူ့ဆက်ခံသူ ဖြစ်လာလိမ့်မယ်။ တော်ဝင်သခင်ရန်က သူ့ဆက်ခံသူ ဖြစ်မှတော့ နတ်ဆိုးစာအုပ်ကိုလည်း ရထားမှာပေါ့၊ ဟုတ်တယ်မလား။ အဲ့နတ်ဆိုးစာအုပ်က နတ်ဆိုးမြို့တော်မှာရှိတဲ့ စိတ်ဝိဥာဉ် အစီအရင်ကို ဖွင့်ဖို့ သော့ပဲ”

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ ထို့နောက် အနက်‌ရောင် စာအုပ်ကို ထုတ်ယူလိုက်ပြီး “ဒါကိုပြောနေတာလား”

အခန်းထဲတွင် ရှိနေသော အကြည့်အားလုံး ထိုအနက်ရောင် စာအုပ်ပေါ် ရောက်ရှိလာခဲ့သည်။ မန်ကဲနှင့် ရွှယ့်လီတို့၏ အကြည့်များသည် လောဘတို့ဖြင့် လောင်မြိုက်လာခဲ့သည်။ နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ပင်လျှင် နှလုံးခုန်မြန်သွားသည်။

အထင်မှာ အထင်၊ အမြင်မှာ အမြင် ဖြစ်ပြီး အထင်နှင့်အမြင်မှာ မတူညီချေ။ ရန်ကိုင်တွင် နတ်ဆိုးစာအုပ် ရှိနေမှန်း သိထားသော်လည်း တကယ်တမ်း မြင်လိုက်ရသည့်အခါ သူတို့ စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ (ထင်တာက ထင်တာတစ်မျိုး၊ နတ်ဆိုးစာအုပ်ကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်တာနဲ့ တကယ် မြင်ရတာနဲ့ မတူဘူးကို ပြောချင်တာ)

သို့သော်လည်း မကြာခင်မှာပင် ကျန်းယွမ် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းညိတ်၍ “ဟုတ်တယ်။ ဒါက နတ်ဆိုးစာအုပ်ပဲ။ ကြည့်ရတာက ဒီစီနီယာ ခန့်မှန်းတာတွေ အားလုံးက မှန်နေတယ်နဲ့ တူတယ်။ ကောင်းကင်က တကယ် မမြင်တတ်လိုက်တာ။ နတ်ဆိုးစာအုပ်ကို လူသားတစ်ယောက်ရဲ့ လက်ထဲ ရောက်သွားစေတယ်လို့ကွာ”

ကျန်းယွမ် နောင်တရနေခဲ့သည်။ အတော်လေးကိုမှလည်း စိတ်ပျက်နေခဲ့သည်။ သူ့ခံစားချက်များကို ဖုံးကွယ်ထားရန် မကြိုးစားခဲ့။

မဟာနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို ရသင့်သူမှာ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်သင့်သော်လည်း တကယ် ရသွားသည့်သူမှာ ရန်ကိုင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် ကျန်းယွမ် ကြိတ်မနိုင်ခဲမရ ဖြစ်နေခြင်းဖြစ်သည်။

“ဒီတော့ ဒါကို နတ်ဆိုးစာအုပ်လို့ ခေါ်တယ်ပေါ့။ နာမည်ကို မသိတော့ ဒီအတိုင်းပဲ အနက်ရောင်စာအုပ်ဆိုပြီး ခေါ်နေတာ” ပြောလိုက်ပြီးနောက် အနက်ရောင်စာအုပ်ကို ပြန်သိမ်းလိုက်၏။

ထိုစာအုပ် ရုတ်တရက် ပျောက်သွားသည်ကိုမြင်သော် မန်ကဲနှင့် ရွှယ့်လီတို့သည် ရန်ကိုင် ထိုစာအုပ်ကို မည်သည့် နေရာတွင်များ သိမ်းလိုက်သလဲ ဆိုသည်ကို သိရအောင် သူ့အား သေချာစူးစမ်းနေခဲ့သည်။

မဟာနတ်ဆိုးနတ်ဘုရား၏ လျှို့ဝှက်ချက်များနှင့် သူ့အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည်များကို မဆိုထားနှင့်၊ ထိုဝိဥာဉ်ကျောက်တုံးကြီး တစ်ခုကပင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်နေလေပြီ။

ထိုပစ္စည်းကို မြင်သူတိုင်း လိုချင်စိတ် ဖြစ်မိမှာ အမှန်ပင်။

“ငါရှင်းရှင်းပဲ ပြောတော့မယ်” ကျန်းယွမ်က သူ့စိတ်ကို ငြိမ်အောင် လုပ်လိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့်၍ “ဒီစီနီယာက ဒီကို လူကိုယ်တိုင် ရောက်လာခဲ့တာက ငါ့ဘက်ကနေ ရိုးသားကြောင်း ပြချင်လို့ပဲ။ အမှန်အတိုင်း ပြောရရင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူဆိုတဲ့ အဆင့်အတန်းနဲ့တင် နတ်ဆိုးကုန်းမြေ တစ်ခုလုံးကို အုပ်ချုပ်လို့ ရနေပြီ။ တကယ်တော့ နတ်ဆိုးကုန်မြေကို မဟာနတ်ဆိုးနတ်ဘုရားက ဖန်တီးခဲ့တာလေ။ အချိန်သာရှိရင် တော်ဝင်သခင်ရန်လည်း မဟာနတ်ဆိုးနတ်ဘုရား ရောက်ခဲ့တဲ့အဆင့်ကို တစ်နေ့ကျ ရောက်နိုင်မယ်လို့ ဒီစီနီယာ ယုံပြီးသား”

ထိုစကား ထွက်လာသည်နှင့် မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး တံတွေးတစ်လုတ် မြိုချလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲ ထိတ်လန့်နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်၏ အန္တရာယ်များသည့် အကြည့်ကို သတိပြုမိသော် လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး သူတို့၏ စွမ်းအင်ကို တိတ်တဆိတ် စုစည်းထားလိုက်ကြပြီး အချိန်မရွေး တန်ပြန်တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားလိုက်ကြသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၄)

ကျန်းယွမ်၏ စကားလုံးများကြောင့် ခန်းမတွင်းရှိ အခြေအနေသည် ရုတ်ချည်း တင်းမာလာခဲ့သည်။

အချိန်သာရှိသရွေ့ တစ်နေ့ကျလျှင် ရန်ကိုင်သည် မဟာနတ်ဆိုးနတ်ဘုရား ရောက်ခဲ့သည့် အဆင့်သို့ ကျိန်းသေ ရောက်ရှိပေလိမ့်မည်။ ထိုအကြောင်း တွေးလိုက်ရုံဖြင့် ရွှယ့်လီနှင့် မန်ကဲတို့ ထိတ်လန့်တုန်လှုပ်မိသည်။ မဟာနတ်ဆိုးနတ်ဘုရား အဆင့်သို့ နတ်ဆိုးဗိုလ်ချုပ်ကြီးပင် မရောက်ရှိနိုင်ဟု ယခုလေးတင် ပြောသွားခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့် ရန်ကိုင်ကိုသာ ကြီးထွားခွင့် ပြုပေးလိုက်ပါက ဘာဆက်ဖြစ်မည်နည်း။

မဟာနတ်ဆိုးနတ်ဘုရားသည် ထုန်းရွှမ်လောကကြီး တစ်ခုလုံးတွင် အတုမရှိ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာနိုင်ခဲ့သဖြင့် ရန်ကိုင်လည်း နောက်ဆုံးကျ ထိုကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ထိုအခါကျ မည်သူသေမည်၊ ရှင်မည် ဆိုသည်ကို သူဆုံးဖြတ်နိုင်ပေလိမ့်မည်။

နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်သည် နောင်ရေးအေးစေရန် ရန်ကိုင်ကို ဤနေရာတွင် တစ်ခါတည်း သတ်ပစ်ရန် တွေးလိုက်မိကြသည်။

“မယဉ်မကျေး မလုပ်နဲ့” ကျန်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး “တော်ဝင်သခင်ရန်နဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့ ငါပြောပြီးသား။ ဒါကြောင့်ပဲ ဘာကိုမှ မဖုံးကွယ်ပဲ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာ။ နောက်တစ်ကြိမ် မင်းတိုရဲ့ သတ်ဖြတ်လိုစိတ်ကို ထုတ်ပြရဲ ထုတ်ပြကြည့်၊ ငါကိုယ်တိုင် မင်းတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်မယ်”

မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး တုန်လှုပ် ချောက်ချားသွားခဲ့သည်။ ကျန်းယွမ်သည် ရန်ကိုင်အား ထိုကဲ့သို့ ကာကွယ်ပေးလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။ ထိုအခြင်းအရာကို ကြည့်လျှင် နတ်ဆိုးဗိုလ်ချုပ်ကြီး စိတ်ပိုင်းဖြတ်ထားပြီးပြီမှန်း မြင်တွေ့နိုင်သည်။ သူသည် စကားသက်သက် ပြောနေခြင်း မဟုတ်ချေ။ ထိုအချက်ကို နားလည်လိုက်သည်နှင့် နှစ်ယောက်စလုံး သူတို့၏ အမှားကို အလျင်အမြန် ဝန်ခံပြီး ခေါင်းငုံ့နေလိုက်ကြသည်။

ကျန်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ “ကျုပ်ပြောလိုက်ပေမယ့် တော်ဝင်သခင်ရန်လည်း အများကြီး မျှော်လင့်မထားသင့်ဘူး။ နတ်ဆိုးကုန်းမြေက အခုလောလောဆယ် ဒီစီနီနီယာရဲ့ လက်ထဲမှာ ရှိနေသေးတယ်။ တော်ဝင်သခင်ရန်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ လူသားတစ်ယောက် ဖြစ်နေတဲ့အတွက် ဒီရာထူးကို တော်ဝင်သခင်ရန် လက်ထဲ ထည့်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ကျုပ်လည်း နတ်ဆိုးကုန်းမြေကို စိတ်မဝင်စားပါဘူး”

“အဲ့လိုဆို ပိုကောင်းတာပေါ့” ကျန်းယွမ်က ခေါင်းညိတ်၍ ရယ်မောလိုက်ပြီး “တကယ်တော့ အလုံခြုံဆုံး နည်းလမ်းကို ပြောခိုင်းရင် တော်ဝင်သခင်ရန်ကို သတ်ပြီး နတ်ဆိုးစာအုပ်ကို လုယူလိုက်တာပဲ။ ဒါပေမယ့် တော်ဝင်သခင်ရန်ကို သတ်လိုက်မယ် ဆိုရင်တောင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ်ကို ရနိုင်မှာ မဟုတ်မှန်း ဒီစီနီယာ သိပြီးသား။ မဟာနတ်ဆိုးနတ်ဘုရားက တော်ဝင်သခင်ရန်ကို ရွေးချယ်လိုက်မှတော့ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိလိမ့်မယ်။ နတ်ဆိုးမျိုးနွယ်စုတွေဆိုတာ မဟာနတ်ဆိုးနတ်ဘုရားရဲ့ မျိုးဆက်တွေပဲ။ ဒီတော့ နောက်ပိုင်းကျ တော်ဝင်သခင်ရန်အနေနဲ့ ငါတို့ကို ရန်သူတွေလို မဆက်ဆံဖို့ မျှော်လင့်ပါတယ်။ ငါလည်း မဟာနတ်ဆိုးနတ်ဘုရားကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ နောက်နောင် တော်ဝင်သခင်ရန် အပေါ် ရန်သူလို မဆက်ဆံပါဘူး၊ ဒီတော့ ဘယ်လိုလဲ”

ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။

မည်သည့် နတ်ဆိုးမှ မဟာနတ်ဆိုးနတ်ဘုရား၏ အမည်နာမကို ပေါ့သေးသေးထား၍ လက်လွတ်စပယ် မကျိန်ဆိုဝံ့ကြချေ။ မဟာနတ်ဆိုးနတ်ဘုရားသည် နတ်ဆိုး မျိုးနွယ်စုဝင် အားလုံး၏ ရင်ထဲရှိ နတ်ဘုရားဖြစ်သည်။ လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြီး ဆိုလျှင်ပင် အတူတူသာ ဖြစ်သည်။

ကျန်းယွမ် လိမ်ပြောမနေမှန်း သိလေရာ ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် “ကောင်းပြီ”

ကျန်းယွမ် ရယ်မောလိုက်လေသည်။ ထို့နောက် ကျေနပ်နေသည့် အမူအရာဖြင့် “အဲ့လိုဆို ဒီကိစ္စ ပြီးသွားပြီပေါ့။ တော်ဝင်သခင်ရန်က ငယ်ပေမယ့် ပြတ်သားတယ်။ ဒီစီနီယာရဲ့ အကြိုက်နဲ့ ကွက်တိပဲ။ တော်ဝင်သခင်ရန်လို လူမျိုးနဲ့ ဆက်ဆံရတာ တကယ်ကောင်းတယ်”

“ခင်ဗျားနဲ့ ဆက်ဆံရတာလည်း အတူတူပါပဲ”

“အဲ့လိုဆို ကျုပ်တို့ အခုမိတ်ဆွေတွေ ဖြစ်သွားပြီပေါ့” ကျန်းယွမ်က ရန်ကိုင်အား အပြုံးဖြင့် ကြည့်လိုက်သည်။

“အနည်းဆုံးတော့ ရန်သူတွေ မဟုတ်တော့ဘူးလေ” ရန်ကိုင်က ပြန်ပြုံးလိုက်သည်။

“အဲ့လောက်ဆို တော်ပါပြီလေ” ကျန်းယွမ် ထရပ်လိုက်ပြီး “ပြောစရာရှိတာ ပြောပြီးသွားပြီ ဆိုမှတော့ ကျုပ်သွားလိုက်ဦးမယ်။ တော်ဝင်သခင်ရန် အားရင်လည်း နတ်ဆိုးမြို့တော်ဆီ လာလည်ပေါ့။ ဒီစီနီယာ ကောင်းကောင်း ဧည့်ခံပါ့မယ်။ ဒီစီနီယာလည်း မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေကို အတော်လေး စိတ်ဝင်စားနေတာ ဆိုတော့ တော်ဝင်သခင်ရန် အနေနဲ့ နတ်ဆိုးစာအုပ်ကိုသုံးပြီး ဟိုအစီအရင်ကို ဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တော်ဝင်သခင်ရန် လုပ်ပေးမယ်မလား”

“အင်း၊ ကျုပ်လာခဲ့မယ်”

“ကျေးဇူးအများကြီးတင်ပါတယ်။ အင်း၊ နတ်ဆိုးမြို့တော်ဆီ လာမယ်ဆိုရင် ကျုပ်ဆီ အရင်အကြောင်းကြားနော်။ အဲ့လိုမှ ဒီစီနီယာလည်း တော်ဝင်သခင်ရန်အတွက် လုံခြုံတဲ့ လမ်းကြောင်းတစ်ခု ပြင်ဆင်ပေးနိုင်မှာ” ကျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး ခန်းမထဲမှ ချက်ချင်း ထွက်သွားလေသည်။

“လီရုန်၊ သူတို့ကို လိုက်ပို့ပေးလိုက်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

လီရုန်သည် ချက်ချင်းပဲ ကျန်းယွမ်နှင့် နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်ကို ခန်းမအပြင်သို့ လိုက်ပို့ပေးလေသည်။

ခဏအကြာ၌ ရန်ကိုင်နှင့် ဟန်ဖေး စောင့်နေသည့် နေရာဆီ ပြန်လာခဲ့သည်။

“သခင်၊ အဲ့ကျန်ယွမ်း ပြောသွားတာကို တကယ် ယုံတာလား”

“ခင်ဗျား ဘယ်လိုထင်လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

လီရုန်က ခဏလောက် တွေးလိုက်ပြီးနောက် “သူ့ကြည့်ရတာ လိမ်နေတဲ့ပုံတော့ မပေါက်ဘူး။ ဒါပေမယ့် ကျွန်မတို့ကလည်း သူနဲ့ ရင်းနှီးတာမဟုတ်ဘူး ဆိုတော့ သူ့ကို ယုံဖို့က နည်းနည်းတော့ ခက်လိမ့်မယ်”

“ကျွန်မလည်း အဲ့လိုပဲထင်တယ်” ဟန်ဖေး ခေါင်းညိတ်လိုက်၏။

“ကျုပ်ကတော့ သူအမှန်အတိုင်း ပြောနေတယ်လို့ ထင်တာပဲ” ရန်ကိုင် ပြုံးလိုက်သည်။ ထို့ကြောင့် အမျိုးသမီးနှစ်ယောက် နားမလည်နိုင် ဖြစ်သွားခဲ့ရလေသည်။

ရန်ကိုင်သည် ကလေးမဟုတ်တော့ချေ။ ကျန်းယွမ်သည် စကားနည်းနည်းဖြင့် သူ့အား လှည့်စားနိုင်မည် ဆိုပါက သူယနေ့ထိ အသက်ရှင်နေလိမ့်မည် မဟုတ်ချေ။ ကျန်းယွမ်၏ အပြုအမူ၊ သဘောထားနှင့် ပက်သက်ပြီး ရန်ကိုင်မှာလည်း ကိုယ်အတွေးနှင့် ကိုယ် ရှိနေပေသည်။

“နတ်ဆိုးမြို့တော်ကို သွားဖို့ စီစဉ်ထားတာလား”

“သွားရမှာပေါ့” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း သူ့ဆုံးဖြတ်ချက်သည် ကျန်းယွမ်း၏ ဖိတ်ခေါ်မှုနှင့် ဘာမှမဆိုင်၊ မဟာနတ်ဆိုးနတ်ဘုရား ချန်ခဲ့သည့် လျှို့ဝှက်ချက်များကို သိချင်စိတ် သက်သက်ကြောင့်သာ ဖြစ်သည်။ သူ့အထင်သာ မှန်လျှင် နတ်ဆိုးမြို့တော်ထဲ ချန်ခဲ့သော လျှို့ဝှက်ချက်များသည် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွား ပြောခဲ့သော စကားများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေရပေမည်။

မန်ဝူရနှင့် ရှနင်းချန်ကို ကယ်ခဲ့စဉ်က အခွင့်ရလျှင် နတ်ဆိုးမြို့တော်သို့ သွားသင့်သည်ဟု မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားက ပြောခဲ့သည်။ ထိုနေရာသို့ သွားလျှင် အားလုံးကို သူနားလည်သွားပေလိမ့်မည်တဲ့။

အစကမူ အချိန်တိုအတွင်း နတ်ဆိုးမြို့တော်သို့ သွားရန် မစဉ်းစားထားချေ။ သို့သော် ကျန်းယွမ်က ဖိတ်ခေါ်လာမှဖြင့် သူလည်း သွားရတော့ပေမည်။

ထိုနေရာကို ဖျက်စီးခဲ့သည့်အတွက် ဆန်းကြယ်လောကငယ် များစွာ ထွက်ပေါ်လာခဲ့ရသည်။ ထို့အပြင်၊ ထိုနေရာသည် ထုန်းရွှမ်လောကကြီး တစ်ခုလုံး၏ အချက်အချာနေရာ ဖြစ်သည်ဟု မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားက ပြောခဲ့သည်။ ထိုနေရာသည် မည်ကဲ့သို့သော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားလေသနည်း။ ရန်ကိုင် လုံးဝ နားမလည်နိုင်ပေ။ ထို့အတွက်ကြောင့်နှင့် သူအအိပ်ပျက်ခဲ့ရသည်မှာလည်း ညပေါင်း မနည်းတော့။

ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပဲ လင်းတိုင်ရှု ဦးဆောင်သော လူတစ်အဖွဲ့ ခန်းမထဲသို့ ဝင်လာခဲ့သည်။ ရောက်သည်နှင့် နတ်ဆိုးဗိုလ်ချုပ်ကြီး ဘာကြောင့် ရောက်လာကြောင်း၊ အန္တရာယ်ရော ရှိသလားဟု မေးခဲ့သည်။

ရန်ကိုင်ကမူ ရယ်သာရယ်မောလျက် ဘာအန္တရာယ်မှ မရှိကြောင်း ပြန်ပြောခဲ့သည်။

ကောင်းကင်စံအိမ်နှင့် မိုင်ဒါဇင်ကျော်အကွာရှိ ကောင်းကင်ထက်တွင် ကျန်းယွမ်၊ မန်ကဲနှင့် ရွှယ့်လီတို့ ပျံသန်းနေခဲ့ကြသည်။ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်စွာ ကြည့်နေခဲ့ကြသည်။

သူတို့ တစ်သက်နှင့်တစ်ကိုယ် နတ်ဆိုးဗိုလ်ချုပ်ကြီးသည် ထိုကောင်လေးကို မသတ်သည့်အပြင် သူ့ဘက်နေ၍ ထိုလူသား ကောင်လေးနှင့် အရင်ဆုံး မိတ်ဆွေစဖွဲ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။

ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းလွန်းသည့် လူတစ်ယောက်ကို နတ်ဆိုးကုန်းမြေ၏ ကပ်ဆိုးတစ်ခု မဖြစ်လာအောင် ကြိုသတ်လိုက်ခြင်းသည် မကောင်းပေဘူးလော။

မန်ကဲနှင့် ရွှယ့်လီတို့ သူ့အပြုအမူအား နားမလည်နိုင် ဖြစ်နေသည်ကို သတိပြုမိလိုက်သည့်အလား ကျန်းယွမ်က နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည် “သူ့ကို သတ်လို့မရဘူး။ နည်းနည်းလေးတောင် မကြိုးစားမိစေနဲ့”

မန်ကဲနှင့်ရွှယ့်လီတို့ တုန်ရီသွားကြသည်။

ကျန်းယွမ်က ဆက်ပြောလိုက်သည် “မဟာနတ်ဆိုး နတ်ဘုရားရဲ့ ဆက်ခံသူဆိုမှတော့ သူက ဘယ်လိုလုပ်ပြီး သာမန် ဖြစ်နိုင်မှာလဲ။ သူ့ကို သာမန် မသေမျိုး တတိယအဆင့် တစ်ယောက်လို သွားမတွေးနဲ့။ တကယ်သာ တိုက်မယ်ဆိုရင် သူ့ရဲ့ ခွန်အားက သူတော်စင် ဒုတိယအဆင့်အောက် မလျော့ဘူး”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြသည်။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ” ကျန်းယွမ်က ရယ်မောလိုက်ပြီး “မဟာနတ်ဆိုးနတ်ဘုရားဆိုတာ အမြဲတမ်း အဆင့်ကျော်ပြီး တိုက်ခိုက်လာခဲ့တာ။ သူ့ထက် အများကြီး သန်မာတယ်လို့ ယူဆရတဲ့ ရန်သူတွေကိုတောင် အနိုင်ယူလာတာ တစ်ပုံကြီးပဲ။ မင်းတို့နှစ်ယောက်လည်း နတ်ဆိုးဗိုလ်ချုပ်တွေပဲ။ အဲ့ဒါကို ကောင်းကောင်း နားလည်မှာပေါ့”

မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး ဆွံ့အသွားကြသည်။ သူတို့လည်း ထိုကြောင်းကို သိထားပေသည်။ သို့သော် ရန်ကိုင်နှင့် သွား၍ မဆက်စပ်နိုင်ခဲ့။

“ဒါတောင် သူ့ခွန်အား သက်သက်ပဲ ရှိသေးတယ်။ သူနားလည်ထားတဲ့ ပညာရပ်တွေကို ထည့်မတွက်သေးဘူး။ မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူဆိုတော့ မဟာနတ်ဆိုး နတ်ဘုရားရဲ့ နတ်ဘုရားစွမ်းရည်တွေကိုလည်း နားလည်ထားဦးမှာပဲ။ ငါတို့ သူ့ကို မသတ်နိုင်ဘူး။ သူ့ကို သတ်ဖို့ကြိုးစားတာက ငါတို့နဲ့ သူ့ကြား အမုန်တရားကို ပိုပြီး ကြီးထွားလာစေတာပဲ ရှိမှာ။ အဲ့လို ဖြစ်သွားရင် နောက်ပိုင်း၊ သူအားကောင်းလာတဲ့အခါကျ နတ်ဆိုးကုန်းမြေတစ်ခုလုံး ပွဲသိမ်းပြီပဲ။ ဒါက အရဲစွန့်လို့ မကောင်းဘူး”

“ပြီးတော့ သူ့ဘေးမှာ အမြဲနေနေတဲ့ ရှေးဟောင်းနတ်ဆိုး ကလန်က အမျိုးသမီး… ဒီစီနီယာ အဲ့မိန်းမကို အနိုင်မယူနိုင်ဘူး။ သူသာ ရန်ကိုင်နဲ့ ရှိနေသရွေ့ ဒီလောကကြီးက ဘယ်သူမှ ရန်ကိုင့်အသက်ကို မခြိမ်းခြောက်နိုင်ဘူး”

နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်စလုံး လွန်စွာကိုမှ တုန်လှုပ်ချောက်ချား သွားခဲ့ကြလေသည်။ လီရုန်၏ ခွန်အားကို ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံဖူးသော်လည်း၊ သူမ၏ ခွန်အားသည် နတ်ဆိုးဗိုလ်ချုပ်ကြီးနှင့် ယှဉ်နိုင်သည်ဟု တွေးထင်ခဲ့သော်လည်း၊ ကျန်းယွမ် ကိုယ်တိုင် ဝန်ခံလာသည့် အချိန်၌ သူတို့ မထိတ်လန့်ဘဲ မနေနိုင်သေးချေ။

“အဲ့လိုဆိုရင် စီနီယာ ဒီနေ့ ပြောခဲ့တာတွေက..” မန်ကဲက ပြောချင်သော်လည်း တုန့်ဆိုင်းနေခဲ့သည်။

“ငါလိမ်ပြောတာ မဟုတ်ဘူး။ ငါသူနဲ့ တကယ် မိတ်ဆွေဖွဲ့ချင်တာ။ လူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ချင်ရင် သူအားနည်းနေတုန်းမှာ လုပ်ရတယ်။ သူတို့ သန်မာလာတော့မှ သွားမိတ်ဆွေဖွဲ့ချင်ရင် နောက်ကျသွားလိမ့်မယ်။ ငါ့ပြောတာကို မှတ်ထား။ မင်းတို့ကြားမှာ ဘာရန်ငြိုးပဲရှိရှိ၊ အကုန်လုံးကို သင်ပုန်းချေပစ်လိုက်တော့။ သူ့အပေါ် တစ်ခုခုကြံဖို့ နည်းနည်းလေးတောင် မစဉ်းစားတော့နဲ့။ မင်းတို့ကြောင့် ငါအသည်းအသန် လုပ်ထားရတဲ့ ဒီဆက်ဆံရေးလေးကို မပျက်စီးသွားစေချင်ဘူး”

မန်ကဲနှင့် ရွှယ့်လီတို့ နှစ်ယောက်စလုံး အတော့်ကိုမှ စိတ်ရှုပ်ထွေးနေခဲ့ကြသည်။ ဘာပြန်ပြော၍ ပြောရမှန်းမသိ၊ ထို့ကြောင့် လောလောဆယ်အချိန်၌ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

ငါးရက်ကြာပြီးနောက်သည် ရန်ကိုင်၏ အမိန့်အရ ထောင့်နှင့်ချီသော လူအုပ်ကြီးသည် လေဟာနယ်လိုဏ်ခေါင်းမှ တစ်ဆင့် ထုန်းရွှမ်လောကကြီးဆီသို့ စတင် ချီတက်လေသည်။

ရက်ပေါင်းများစွာ စောင့်ပြီးသည့်နောက် လာမည့်သူများ ရောက်လာခဲ့ပြီး မရောက်မည့်သူများကမူ ရောက်မလာခဲ့ကြ။ ထို့ကြောင့် ဆက်စောင့်နေစရာ မလိုတော့ချေ။

ရန်ကိုင်အား စိတ်အားတက်သွားစေသည်ကား ဤလောကတွင် ရှိနေသော သူ့မိတ်ဆွေအားလုံး လိုလိုသည် သူ့ကိုယုံကြည်၍ သူတို့အသက်ကို သူ့လက်ထဲသို့ ပုံအပ်ကာ သူနှင့်အတူ ထုန်းရွှမ်လောကကြီးဆီသို့ လိုက်ခဲ့ကြသည်။

အကုန်လုံးသည် ရန်ကိုင်အပေါ် ယုံကြည်ကြသည်။

ရန်ကိုင်သည် လီရုန်၊ ဟန်ဖေး၊ ရှီခွန်တို့နှင့်အတူ လေဟာနယ်လိုဏ်ခေါင်းထဲသို့ အရင်ဝင်သွားလိုက်ပြီး အနီးအနား မိုင်ငါးဆယ်ပတ်လည်အတွင်းတွင် ရှိနေသော ကျင့်ကြံသူများကို မောင်းထုတ်၍ အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ ကျင့်ကြံသူများကို ရှင်းထုတ်ပစ်ခဲ့သည်။

ရှီခွန်က နားမလည်နိုင်သည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်၍ “တော်ဝင်သခင်၊ ဒီလိုလုပ်တာ ပြဿနာများမယ်နော်။ ဆယ်မိုင်လောက်ဆိုရင်တောင် လုံလောက်နေပြီလေ”

ရန်ကိုင် ဘာကြောင့် ထိုမျှ နေရာအကျယ်ကြီး လိုချင်နေမှန်း သူတကယ် နားမလည်နိုင်ချေ။

“မကြာခင် ခင်‌ဗျား နားလည်ပါလိမ့်မယ်” ရန်ကိုင်က ရယ်မောလိုက်ပြီး လေဟာနယ်လိုဏ်ခေါင်းကို စိုက်ကြည့်လိုက်သည်။

လူတစ်အဖွဲ့ပြီးတစ်ဖွဲ့ စတင် ထွက်လာခဲ့ကြသည်။ ပထမဆုံး ထွက်လာသည့်လူများမှာ ရန်မိသားစု၏ သွေးစစ်သည်တော်များ ဖြစ်ကြပေသည်။ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ကို သိလိုတကြီးဖြင့် စူးစမ်းကြတော့သည်။

မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းကြောင်း သတိပြုမိလိုက်သည်နှင့် အကုန်လုံး စိတ်အားတက်သွားကြပြီး အားပါးတရ အသက်ရှူသွင်းကြတော့လေသည်။

ရန်ကိုင်၏ ဦးဆောင်မှုဖြင့် ပထမဆုံး ထွက်လာသော ရန်မိသားစု သွေးစစ်သည်တော်များသည် လေထဲသို့ပျံ၍ နေရာလွတ်တစ်ခုရှာကား အခြာသူများ ထွက်လာမည်ကို စောင့်နေလိုက်ကြသည်။

ရန်မိသားစုဝင်များနှင့်ရောလျက် လှပသောမိန်းကလေး တစ်ယောက် ထွက်လာခဲ့သည်။ လေဟာနယ်လိုဏ်ခေါင်းထဲမှ ထွက်လာပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး အပြုံးကြီးပြုံးလျက် ရန်ကိုင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။

“နင်တို့ ချူမိသားစုက လေးခုမြောက်အဖွဲ့မှာလေ။ မိသားစု ခေါင်းဆောင်ဖြစ်တဲ့ နင်က ဘယ်လိုလုပ်ပြီး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရှေ့ကနေ ထွက်လာရတာလဲ” ရန်ကိုင်က ချူရီမန်ကို ကြောင်ကြည့်နေခဲ့သည်။

ချူရီမန်ကမူ သူမလက်ကိုသာ ဆန့်ထုတ်လိုက်ပြီး “ဘယ်မှာလဲ ငါ့လက်ဆောင်”

“ဘာလက်ဆောင်လဲ”

“နင်ကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒီဘက်ရောက်ရင် ငါ့ကို အထူးလက်ဆောင်တစ်ခု ပေးမယ် ဆိုပြီးတော့လေ” ပြောပြီးသည့်နောက် မျက်ဝန်လေးများကို မှေးစဉ်းလျက် “ဘာလဲ၊ မေ့သွားတာတော့ မဟုတ်ပါဘူးနော်”

“အို၊ အဲ့လက်ဆောင်လား” ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။ သူ့နဖူးကို ပုတ်လိုက်ပြီး ခေါင်းလေး တညိတ်ညိတ်ဖြင့် “ငါမှတ်မိတာပေါ့။ နင့်အတွက် ပြင်တောင် ပြင်ပြီးသွားပြီ”

ချူရီမန်၏ မျက်လုံးလေးများ ရုတ်ချည်းဆိုသလို တောက်ပလာခဲ့ပြီး “အဲ့လိုဆိုရင် မြန်မြန်သာပေးတော့။ ဒါပေမယ့် နင့်လက်ဆောင်ကို ငါအကြိုက်မတွေ့ဘူး ဆိုရင်တောင် နင်နောင်တရသွားအောင် ငါလုပ်ပြမယ်”

“ငါပေးတဲ့ လက်ဆောင်နဲ့ပက်သက်ပြီး နင်လုံးဝကို စိတ်ကျေနပ်စေရမယ်” ရန်ကိုင်က ပြုံးကာ ချူရီမန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။

“နင်ဘာလုပ်နေတာလဲ” ချူရီမန်က ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်ပြီးနောက် သူပုတ်လိုက်သည့် သူမ ပခုံးကို ပြန်ကြည့်လိုက်သည်။ တစ်ခုခုတော့ ပုံမှန်မဟုတ်ချေ။

“နင်နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်အောင်လို့ ငါ့စွမ်းအား အများကြီးကို အခုလေးတင် သုံးလိုက်တာ” ရန်ကိုင်က သူမအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ “နင့်ကိုယ်နင် ပြန်စစ်ဆေးကြည့်လိုက်။ တစ်ခုခု ထူးခြားနေတယ်လို့ မခံစားရဘူးလား”

ချူရီမန်က ရန်ကိုင်အား မယုံတစ်ဝက်၊ ယုံတစ်ဝက် အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော် သူမကိုယ်သူမ စစ်ဆေးကြည့်လိုက်ပြီးနောက် ရုတ်ချည်းဆိုသလို ကြောင်သွားခဲ့ပြီး “အို… ငါတကယ်ကြီး အဆင့်ချိုးဖျက်တော့မှာပါလား”

“သွား၊ နေရာတစ်ခုရှာပြီး အဆင့်ချိုးဖျက်ဖို့ ပြင်လိုက်။ ဒီနေရာမိုင်းငါးဆယ်ပတ်လည်ကို ငါရှင်းထားလိုက်ပြီ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည်။

ချူရီမန်လည်း နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ အလျင်အမြန် ပျံသန်းထွက်သွားလေသည်။

“လွယ်လိုက်တာ” ရန်ကိုင် အသာအယာ သက်ပြင်းချလိုက်သည်။

လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက် တခစ်ခစ် ရယ်နေခဲ့ကြသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၄၅)

အကုန်လုံး ထုန်းရွှမ်လောကကြီးဆီသို့ လုံလုံခြုံခြုံ ရောက်ရှိလာနိုင်ရန် စုစုပေါင်း အချိန်သုံးရက်တိတိ ကြာခဲ့သည်။

မိုင်ငါးဆယ်ပတ်လည်အတွင်း၊ ဟန်မင်းဆက်မှ ကျင့်ကြံသူ များစွာတို့သည် ထိုင်စရာအသီးသီးရှာ၍ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို နားလည်ဆင်ခြင်ကာ နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ရန် ကြိုးစားနေခဲ့ကြသည်။ ယခင်လောကကြီး၏ အကန့်အသတ်ကြောင့် နောက်တစ်ဆင့်သို့ မချိုးဖျက်နိုင်ခဲ့။ သို့ရာတွင် ထုန်းရွှမ်လောကကြီးသို့ ရောက်ပြီးနောက် ထိုအချုပ်အနှောင်များ ကျိုးပျက်သွားလေပြီ။ ထို့ကြောင့် အကုန်လုံးလိုလို အဆင့်တက်လုနီးနီး ဖြစ်နေကြခြင်း ဖြစ်သည်။

အဆင့်ချိုးဖျက်လုဆဲဆဲ အခြေအနေတွင် ရှိနေသော လူများမှာမူ နောက်တစ်ဆင့်သို့ တိုက်ရိုက် ချိုးဖျက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင်အနေဖြင့် အားလုံးထက်စော၍ အရင်ဆုံးထွက်လာကာ မိုင်ငါးဆယ်ပတ်လည်ကို ရှင်းလင်း ထားလိုက်ခြင်း ဖြစ်သည်။ ရှေးဟောင်းနတ်ဆိုးကလန်သားများကို ဆန်းကြယ်လောကငယ်အတွင်းမှ ခေါ်လာခဲ့စဉ်ကလည်း ထိုကဲ့သို့ ဖြစ်ခဲ့သည်။

ယခု ဟန်မင်းဆက်မှ ကျင့်ကြံသူများ အလှည့်ပင်။ သူ့မိတ်ဆွေများ၊ မိသားစုဝင်များ လုံလုံခြုံခြုံ၊ ဘေးကင်းကင်းနှင့် အဆင့်တက်နိုင်ရေးအတွက် ရန်ကိုင်သည် ဤလောကကဲသို့ အရင်ခြေချ၍ အနှောင့်အယှတ်များကို ရှင်းလင်းထားခဲ့သည်။

ရောက်လာခဲ့သော ထောင့်နှင့်ချီသည့် လူများအနက် သုံးပုံတစ်ပုံသည် နောက်တစ်ဆင့်သို့ ချက်ချင်း ချိုးဖျက်သွားနိုင်ခဲ့သည်။ အဆင့်မတက်နိုင်ခဲ့သော သူများမှာလည်း အနည်းနှင့်အများဆိုသလို တိုးတက်ခဲ့ရသည်။

ချူရီမန်သည် အံကြိတ်၍ တိုးတိုးတိုးတိုးနှင့် ရေရွတ်ရင်း ဆယ်မိုင်အကွာမှ ပျံသန်းလာခဲ့သည်။ သူမ ကြည့်ရသည်မှာ တစ်ယေက်ယောက်ကို ကျိန်ဆဲနေသည့်ပုံပင်။

ရန်ကိုင်ရှေ့သို့ ရောက်သည်နှင့် ရှေ့သို့ တိုးကာ မျက်လုံးချင်းစုံအောင် စိုက်ကြည့်လိုက်ပြီး “ဒါက နင်ငါ့အတွက် ပြင်ဆင်ပေးထားတဲ့ ‘လက်ဆောင်ကြီး’ ဆိုတာလား”

“မကျေနပ်ဘူးလား” ရန်ကိုင် စပ်ဖြီးဖြီး ဖြစ်သွားသည်။

“အရမ်းကို ကျေနပ်တာပေါ့။ ဒါပေမယ့် ဒါက နင်နဲ့ ဘာဆိုင်လို့လဲ။ နင့်မျက်လုံးကို သေသေချာချာ ပြူးပြီးကြည့်။ အဆင့်တက်သွားတာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ လူအများကြီး တက်နေကြတာ…” ချူရီမန်က တင်ပလင်ခွေ ထိုင်လျက် မိုးမြေစွမ်းအင်ကို စုပ်ယူနေကြသော ဟန်မင်းဆက်သာများကို ညွှန်ပြလိုက်သည်။

“ကျေနပ်မှတော့ အထွန့်မတက်သင့်တော့ဘူးလေ။ ဟုတ်တယ်မလား”

“ငါ့စကားကို မှတ်ထားလိုက်။ ဒီအမျိုးသမီးကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် နင်နောင်တရအောင် ငါလုပ်ပြမယ်” ချူရီမန်က ဒေါသတကြီး ခြေဆောင့်ပြီး ချူမိသားစုဝင်များ ရှိရာဆီ လှည့်ထွက်သွားလေသည်။

ရန်ကိုင်မှာ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ခေါင်းကို ကုတ်လျက်သာ ကျန်ရစ်ခဲ့လေသည်။

“တော်ဝင်သခင်” ထိုအချိန်မှာပဲ ရှီခွန် ရုတ်တရက် ပေါ်လာပြီး ကမန်းကတန်း ပြောလေသည် “ဒီနေရာဆီ အဖွဲ့တစ်ဖွဲ့ လာနေတယ်။ ပြီးတော့ အဲ့လူတွေကို ကြည့်ရတာ သာမန် မဟုတ်ကြတဲ့ပုံပဲ”

“ဘယ်သူတွလဲ”

“သေချာတော့ မစစ်ဆေးလိုက်ရဘူး။ ဒါပေမယ့် သူတို့ကို ဦးဆောင်လာတာ သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ပဲ”

“ကျုပ်သွားကြည့်လိုက်မယ်” ရန်ကိုင်က စိတ်ညစ်ညစ်ဖြင့် ပြောလိုက်သည်။ ဤနေရာတွင်ရှိသည့် အင်အားစုကြီးဆို၍ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်သာ ရှိပေသည်။ သို့သော် ထိပ်တန်းအဆင့် ပညာရှင်များစွာ ဆုံးရှုံးလိုက်ရပြီး နောက်ပိုင်း အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် ပျောက်ကွယ်သွားခဲ့သည်။ အကုန်လုံး မထွက်လာခင်၊ ရန်ကိုင်သည် မည်သည့် ရှုပ်ရှုပ်ယှတ်ယှတ် ကိစ္စမှ မဖြစ်လာစေရအောင် လီရုန်အား အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်ဆီသို့ စေလွှတ်၍ စစ်ဆေးစေခဲ့သည်။ သို့သော် လီရုန်ပြန်လာပြီးနောက် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် မရှိတော့ကြောင့် ပြန်ပြောခဲ့သည်။

ဘယ်ဘဝင်ရူးတစ်သိုက်ကများ ဤနေရာသို့ လာချင်နေလဲ ဟူ၍ ရန်ကိုင်စိတ်ထဲ တွေးလိုက်မိသည်။

သူဝေးဝေး မသွားရသေးခင်မှာဘဲ သူတို့ဆီ ချဉ်းကပ်လာနေသည့် အနက်ရောင် အစက်လေးများကို လှမ်းမြင်လိုက်ရသည်။ အချိန်ကြာလာသည်နှင့် ပုံရိပ်များမှာ တဖြည်းဖြည်း ရှင်းလင်း ပြတ်သားလာခဲ့သည်။

ထိုအသစ်ရောက်လာသည့် လူအုပ်ကို ကောင်းကင် စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

ရောက်လာသည့် လူများထဲတွင် သူတော်စင်ပထမအဆင့် တစ်ယောက်သာပါပြီး ကျန်လူအားလုံးသည် မသေမျိုးအဆင့်၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။

သူ့ကို ကြောင်အမ်းအမ်း ဖြစ်သွားစေသည်ကြား ထိုအသစ် ရောက်လာသော အဖွဲ့ထဲတွင် ရင်းနှီးနေသော အရှိန်အဝါ များစွာကို အာရုံခံမိလိုက်ရခြင်းပင်။

သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မဲ့ရယ်ရယ်လိုက်လေသည်။

အသစ်ရောက်ရှိလာသောအဖွဲ့သည် ဤနေရာရှိ အခြေအနေကို သိပြီးသားနှင့်တူပေသည်။ တစ်မိုင်အကွာတွင် ရပ်တန့်လိုက်ပြီး သူတို့၏ ခေါင်းဆောင်မှ လှမ်းပြောလိုက်သည် “ဒီက အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်က တပည့်တွေလားမိသဘူး။ ဒီနိမ့်ကျတဲ့တစ်ယောက် နဂါးဖီးနစ်နန်းတော်ရဲ့ နန်းတော်သခင် ချန်ကျိုးပါ။ အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်နဲ့ တစ်ခုခု ဆွေးနွေးချင်လို့ အဆင်ပြေမလားမသိဘူး”

“နဂါးဖီးနစ်နန်းတော်လား” ရန်ကိုင် ဘေးနားတွင် ရပ်နေသော လီရုန် မျက်မှောင်ကြုံ့သွားခဲ့သည်။

“ကိုယ့်လူအချင်းချင်းတွေပဲ” လီရုန်အား ထိုကဲ့သို့ ပြောလိုက်ပြီးနောက် “စွန်းယု ခင်ဗျားတို့နဲ့ အတူပါလား”

ထိုမေးခွန်းကို ကြားလိုက်သည်နှင့် နဂါးဖီးနစ် နန်းတော်မှ ကျင့်ကြံသူအားလုံး မျက်မှောင်ကြုံ့သွားခဲ့ပြီး နန်းတော်သခင် ချန်ကျိုးသည် လူအုပ်ထဲတွင် ရှိနေသော လူငယ်လေး တစ်ယောက်ကို ရန်ကိုင် မမြင်ရစေအောင် ချက်ချင်း ပြေးကာထားလိုက်လေသည်။

“တပည့်ရေ၊ တစ်ယောက်ယောက် မင်းကို ခေါ်နေတယ်။ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်ထဲမှာ မင်းနဲ့ခင်တဲ့လူ ရှိလို့လား” လင်းကျန်းက စွန်းယုအား သင်္ကာမကင်း အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

ဆရာ ဖြစ်သည်နှင့်အညီ လင်းကျန်းသည် သူ့တပည့် အကြောင်း ကောင်းကောင်း သိပေသည်။

စွန်ယု ငယ်ရွယ်စဉ်က သူ့ကို လင်းကျန်းမှ မွေးစားခဲ့ပြီး နဂါးဖီးနစ်နန်းတော်သို့ ကျင့်ကြံရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်အတောအတွင်း စွန်းယုသည် နဂါးဖီးနစ်နန်းတော် အပြင်ဘက်သို့ တစ်ခါမှ မထွက်ခဲ့။ တကယ်တော့ စွန်းယုသာ ဤနေရာသို့ မရမက လာချင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် လင်းကျန်းလည်း သူ့အား အပြင်သို့ အလွယ်တကူ ခေါ်လာဝံ့လိမ့်မည် မဟုတ်ချေ။

ယခု စွန်းယုသည် နဂါးဖီးနစ်နန်းတော်၏ မျှော်လင့်ချက် ဖြစ်သည်။ ထို့ကြောင့် သူ့အား မတော်တဆ နည်းနည်းမှ ဖြစ်စေ၍ မရချေ။

နဂါးဖီးနစ်နန်းတော်မှ တစ်ခါမှ အပြင်မထွက်ဖူးသော လူတစ်ယောက် ဖြစ်သည်နှင့်အညီ စွန်းယုတွင် အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ မိတ်ဆွေတစ်ယောက် မည်ကဲ့သို့ ရှိနိုင်မည်နည်း။ လင်းကျန်း လုံးဝကို စိတ်ရှုပ်နေခဲ့သည်။

နန်းတော်သခင် ချန်ကျို့ကလည်း စွန်းယုဘက်သို့ လှည့်၍ မေးလိုက်လေသည် “အခု အော်ပြောလိုက်တဲ့လူကို မင်းသိလား”

စွန်းယုမူ အရမ်းကို ပျော်နေခဲ့သည်။ သူ့ဆရာနှင့် နန်းတော်သခင် အမေးကိုပင် ပြန်မဖြေနိုင်တော့ဘဲ ချက်ချင်း လူအုပ်ကြီးထဲမှ ရှေ့သို့ထွက်လိုက်ပြီး ပြန်အော်မေးလိုက်သည် “စီနီယာရန်လား”

ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်”

“တကယ်ကြီး စီနီယာရန်လား” စွန်းယု ပျော်သွားခဲ့သည်။ ထို့ကြောင့် လူအုပ်ကြီးဆီမှ ရန်ကိုင်ဆီသို့ ချက်ချင်း‌ ပြေးသွားလေသည်။

ထိုအဖြစ်အပျက်ကြောင့် နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ ထိတ်လန့်တုန်လှုပ်သွားကြပြီး ချက်ချင်းပဲ စွန်းယုနောက်သို့ ပြေးလိုက်သွားလေသည်။

“အကြီးအကဲလင်း၊ အဲ့စီနီယာရန်ဆိုတဲ့ လူအကြောင်း စွန်းယု ပြောဖူးလား” ပြေးလိုက်နေရင်း ချန်ကျို့က လင်းကျန်းအား သိချင်စိတ်ဖြင့် မေးမြန်းကြည့်လိုက်သည်။

“ဒီလူအိုကြီးလည်း မသိဘူး” လင်းကျန်းလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

ပြောနေရင်း အကုန်လုံး ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့သည်။ စွန်းယုသည် ပိုပို၍ စိတ်လှုပ်ရှားလာနေခဲ့ပြီး လေးလေးစားစားဖြင့် လက်သီးဆုပ်လျက် “စီနီယာရန်ကို နှုတ်ဆက်ပါတယ်။ စီနီယာရန် ရောက်နှင့်နေမယ်လို့ မထင်ထားဘူး”

ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး စွန်းယုဆီမှ အကြည့်ခွာကာ သူ့နောက်တွင် ပါလာသော လူအုပ်ကြီးကို ကြည့်လိုက်သည်။

နဂါးဖီးနစ်နန်းတော်မှ ပညာရှင်တိုင်းသည် ရှေ့သို့တက်၍ စွန်းယုအား သေသေချာချာ ကာကွယ်ပေးထားကြသည်။ ရန်ကိုင် ကိုလည်း သတိထား၍ စောင့်ကြည့်နေကြလေသည်။

“ဟုတ်သားပဲ။ မိတ်ဆက်ပေးရဦးမယ်” စွန်းယုက စိတ်အားတက်ကြွစွာဖြင့် ရန်ကိုင်ကို ညွှန်ပြ၍ “ဒါက စီနီယာရန်ပဲ”

ထို့နောက် နဂါးဖီးနစ်နန်းတော်မှ လူများကို ပြန်ညွှန်ပြ၍ “ဒါက နန်းတော်သခင်ချန်ကျို့၊ ဒါက ကျုပ်ဆရာ လင်ကျန်း၊ ဒါက အကြီးအကဲ ရှောင်လင်၊ ဒါက…”

စဿဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို မိတ်ဆက်ပေးသွားခဲ့သည်။ ရန်ကိုင်ကလည်း ခေါင်းညိတ်၍ ပြန်နှုတ်ဆက်လိုက်လေသည်။

“ဒီလူငယ်လေးက ဘာအရည်အချင်းရှိလို့ စီနီယာလို့ ခေါ်ရတာလဲ” ချန်ကျို့ မချိုမချဉ် အမူအရာဖြင့် မေးလိုက်သည်။

စွန်းယုသည် နဂါးဖီးနစ်နန်းတော်၏ နဂါးဧကရာဇ် ဖြစ်နေပေပြီ. သူ့အဆင်းအတန်း တကယ်တမ်း ဆိုရလျှင် နန်းတော်သခင်ထက်ပင် ပိုမြင့်သေး၏။ သို့သော်လည်း ထိုလူငယ်လေးနှင့် တွေ့သည့်အခါ စွန်းယုသည် ထိုလူအား အားတက်သရောဖြင့် စီနီယာဟု ခေါ်နေခဲ့သည်။ ထိုကဲ့သို့ ခေါ်ခြင်းသည် နဂါးဧကရာဇ်ဖြစ်သော စွန်းယုအနေဖြင့် သူ့ကိုယ်သူ အရှက်ရအောင် လုပ်နေသလို ဖြစ်နေခဲ့သည်။

ရန်ကိုင်က သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သဖြင့် စီနီယာဟုခေါ်လျှင် ချန်ကျို့ ဘာမှပြောလိမ့်မည် မဟုတ်ချေ။ သို့သော် သူ့ရှေ့ရှိ လူငယ်လေးသည် အသက်သုံးဆယ်ပင် မပြည့်သေးချေ။

“နန်းတော်သခင်၊ စီနီယာရန်အပေါ် ကျေးဇူးကြွေးကြီး ကျုပ်တင်ထားတယ်။ သူ့ကို မလေးမစား မလုပ်ပါနဲ့”

ချန်ကျို့ ကြောင်သွားခဲ့သည်။ ထို့နောက် ကိုးယိုးကားယား အမူအရာဖြင့် လက်သီးဆုပ်၍ ပြောလိုက်သည် “ရောင်းရင်း ကျုပ်အပြုအမူကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ ဒီချန်က စကား အပြောအဆို သိပ်မတတ်တော့ မလေးစားသလို ဖြစ်သွားတာပါ”

“နန်းတော်သခင် စိတ်ထဲထားစရာ မလိုပါဘူး” ရန်ကိုင်က ပေါ့ပေါ့ပါးပါးပင်။ စွန်းယုဆီမှ စကားနည်းနည်းပါးပါးကြောင့် ချန်ကျို့ သူ့အပြုအမူအား ချက်ချင်း ပြင်လိုက်သည်ကို မြင်သော် နဂါးဖီးနစ်နန်းတော်အတွက် စွန်းယု မည်မျှ အရေးပါကြောင်းကို ရန်ကိုင် နားလည်သဘောပေါက်သွားခဲ့လေသည်။

အနားတွင် ရှိနေသော နဂါးဖီးနစ်နန်းတော်မှ အကြီးအကဲ ရှောင်လင်က ရှီခွန်ကို ခဏကြာသည်အထိ စိုက်ကြည့်နေပြီးနောက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “ဒီက လူကြီးမင်းက ဘုံကိုးခုထွတ်မြတ်နယ်မြေက အကြီးအကဲရှီခွန်လား မသိဘူး”

“ဟုတ်တယ်။ အဲ့ရှီပါပဲ။ ကျုပ်တို့ အရင်က တွေ့ဖူးလား” ရှီခွန်က ပြန်မေးလိုက်သည်။

ရှောင်လင်က အပြုံးကြီးပြုံးလျက် ပျာတီးပျာယာ အမူအရာဖြင့် “ဒီက လူကြီးမင်းကို ရင်းနှီးနေပါတယ် မှတ်နေတာ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက ဒီရှောင်က ဘုံကိုးခုထွတ်မြတ် နယ်မြေဆီ လာပြီး ဆေးဖော်စပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲ့တုန်းက တောင်ထွတ်ကိုးလုံး အပြင်ဘက် ကျောက်အိမ်တော်မှာ အကြီးအကဲရှီခွန် ထိုင်နေတာကို ဒီရှောင် တွေ့ခဲ့တယ်လေ။ အဲ့ဒါကြောင့် မှတ်မိနေတာ”

“အဲ့လိုကိုး…” ရှီခွန် ခေါင်းညိတ်လိုက်သည်။ သူတာဝန်ကျသည့် နေ့တိုင်း လူပေါင်းများစွာနှင့် တွေ့ဆုံ၊ နှုတ်ဆက်နေရလေရာ အကုန်လုံးကို ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါ့မလဲ။

“နဂါးဖီးနစ်နန်းတော်က ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုတာလား” ရန်ကိုင်က ရှီခွန်အား လှည့်မေးလိုက်သည်။

“အင်း။ အပြင်ဘက်မှာ စောင့်နေတဲ့ လူတွေက အများကြီးပဲတဲ့။ သူ့အလှည့်ရောက်ဖို့ တစ်လလောက် စောင့်လိုက်ရတယ်တဲ့။ အကြီးအကဲရှောင် ပြန်လာတုန်းက ပြန်ပြောပြတာ” စွန်းယုက ရယ်မောလိုက်သည်။

“နောက်ပိုင်း ဆေးလုံးလိုရင် ငါ့ကိုသာ ပြောလိုက်။ အပြင်မှာ စောင့်နေစရာ မလိုဘူး” ရန်ကိုင်က ပြောလိုက်သည်။

ထိုအခိုက်၊ နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ ရန်ကိုင်ကို ကြည့်သည့်အကြည့် အပြောင်းလဲကြီး ပြောင်းလဲသွားရလေသည်။

ချန်ကျို့ ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “ဒီက ရောင်းရင်းနဲ့ တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင်ရန်ကိုင် ဘယ်လိုပက်သက်လဲ သိလို့ရမလား”

အကြီးအကဲရှီခွန်သည် ရန်ကိုင်နောက်တွင် လေးလေးစားစားဖြင့် ရပ်နေသဖြင့် ထိုလူငယ်လေး၏ အဆင့်အတန်းမှာ သာမန် မဟုတ်လောက်ချေ။

စွန်းယုသည်လည်း သူ့အား စီနီယာရန်ဟု ခေါ်ခဲ့သည်။

ချန်ကျို့သည် တုံးအသည့်လူတစ်ယောက် မဟုတ်လေရာ အကုန်လုံးကို ပေါင်းစပ်၍ သေသေချာချာ စဉ်းစား ကြည့်လိုက်ပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။

“ဒါက တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင်ပဲ” ရှီခွန်က ပြန်ပြောလိုက်သည်။

နဂါးဖီးနစ်နန်းတော်မှ လူအားလုံး ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။

ချန်ကျို့လည်း ရှက်ကိုးရှက်ကန်း အမူအရာဖြင့် လက်သီးဆုပ် ဦးညွှတ်၍ “လတ်စသတ်တော့ တော်ဝင်သခင်ရန်ကိုး။ ခဏတုန်းက ရိုင်းပြသလို ဖြစ်သွားခဲ့ရင် အပြစ်မယူဆို့ တော်ဝင်သခင်ရန်ကို တောင်းဆိုပါတယ်”

စစချင်းမြင်စဉ်က ရန်ကိုင် ဘယ်သူမှန်း ချန်ကျို့ မသိခဲ့။ ထို့ကြောင့် သူ့ကို မေးခွန်းထုတ်ခဲ့မိသည်။ ထိုလူငယ်လေးသည် ထုန်းရွှမ်လောကကြီး၏ လူသိများထင်ရှားကျော်ကြားသော လူတစ်ယောက် ဖြစ်နေလိမ့်မည်မှန်း ချန်ကျို့ မည်ကဲ့သို့ သိနိုင်မည်နည်း။

နဂါးဖီးနစ်နန်းတော်နှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေကြားမှ ခွန်အား ကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလှပေသည်။ သူ၏ ရူးမိုက်သော အပြုအမူကြောင့် ရန်ကိုင် ဒေါသထွက်သွားပါက နဂါးဖီးနန်နန်းတော် ဒုက္ခလှလှ တွေ့ရပေလိမ့်မည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ချန်ကျို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

“နန်းတော်သခင်ချန် စိုးရိမ်နေစရာ မလိုပါဘူး။ စွန်းယုက ကျုပ်သူငယ်ချင်းပဲဟာကို။ ဒီလိုဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ” ရန်ကိုင်က ပြုံးလိုက်သည်။

“မိတ်ဆွေတွေလား…” နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ ထပ်မံ မှင်သက်သွားပြန်သည်။ ရန်ကိုင်နှင့် မိတ်ဆွေဖြစ်ခြင်းသည် သူတို့အတွက် ဂုဏ်တက်စရာတစ်ခုပမာ အကုန်လုံး စိတ်လှုပ်ရှားလာခဲ့ကြသည်။

အကုန်လုံးသည် စွန်းယုအား လေးစားကြည်ညိုစွာ စိုက်ကြည့်လိုက်ကြသည်။

အကုန်လုံး တွေးနေသည်ကား နဂါးဧကရာဇ်ဆိုတဲ့အတိုင်း တော်ဝင်သခင်ရန်လို လူနဲ့တောင် မိတ်ဆွေဖွဲ့နိုင်ပါလားဟုပင်။

သူသည် ငယ်ရွယ်ပြီး အားနည်းသော်လည်း ဘုံကိုးခု ထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။ တော်ဝင်သခင်ရန်သည်လည်း စွန်းယု၏ ထူးခြားချက်ကို မြင်နိုင်လေရာ သူသည်လည်း သာမန်လူတစ်ယောက် မဟုတ်လောက်ချေ။

နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များ သူတို့ အတွေးကမ္ဘာထဲ နစ်မြောနေစဉ် ရန်ကိုင်က စွန်းယုဘက်သို့ လှည့်၍ “မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

စွန်းယုက ခေါင်းကုန်လိုက်ပြီး “အရင်က စီနီယာရန်ပဲ ကျုပ်ကို ဆန်းကြယ်လောကငယ်အကြောင်း စုံစမ်းခိုင်းထားတယ်လေ။ စီနီယာရန် တောင်းဆိုထားတဲ့ ဆန်းကြယ်လောကငယ်နဲ့ ပက်သက်တဲ့ သတင်းကြားတော့ ကျုပ်လည်း ကိုယ်တိုင် လာစစ်ဆေးကြည့်လိုက်တာ။ စီနီယာရန်ကိုယ်တိုင် ကြိုရောက်နေမယ်လို့တော့ မထင်ထားဘူး”

“ငါလည်း သတင်းရတာ မကြာသေးဘူး”

“အဲ့လိုဆို အဲ့လူတွေက…” စွန်းယုက ဝေ့ကြည့်လိုက်ရာ အနီးအနားတွင် လူ လေး၊ငါးထောင်လောက် ရှိနေသည်ကို တွေ့လိုက်ရလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset