Switch Mode

Chapter – 220.2

ငါ့ဘေးကနတ်မိမယ်

အပိုင်း ၂၂၀•၂

” ငါဘေးကနတ်မိမယ် ”
°°°
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ဘယ်လိုမျိုးအနိုင်ရသွားခဲ့လဲဆိုတာ ဘယ်သူမှမသိခဲ့ပါဘူး။ ဘာကိုမှအာရုံမခံနိုင်လိုက်သလို အရာအားလုံးက ဟို့ယွိဟောင်ရဲ့ထိန်းချုပ်မှုထဲမှာရောက်ရှိလို့နေခဲ့တယ်။

မူလတုန်းက နှစ်ယောက် ငါးယောက်တိုက်ပွဲရဲ့အဆုံးသတ်ကို ဘယ်သူမှမသိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အကုန်လုံးအံ့ဩနေခဲ့ကြပါပြီ။ သူတို့တွေက လက်ရှိအချိန်မှာ အနိုင်ရသွားတဲ့ကိစ္စကိုတောင် အာရုံမစိုက်နိုင်တော့ပါဘူး။

အားလုံးက ၀မ်သုန့်အယ်ဆီကိုသာ အကြည့်ရောက်နေခဲ့ကြပါတယ်။ သူမရဲ့အလှတရားက အမျိုးသားကျောင်းသားတွေကို အထိတ်တလန့်ဖြစ်စေရုံတင်မက အမျိုးသမီးကျောင်းသူတွေကပါ အားကျရလောက်တဲ့အလှတရားမျိုးဖြစ်နေခဲ့ပြန်ပါတယ်။

” ငါတို့ရော အခုအချိန်မှာ သတို့သမီး၀င်လုလို့ရလား ”

တချို့အမျိုးသားကျောင်းသားတချို့က ခပ်တိုးတိုးပြောလာခဲ့ပါတယ်။ သူ့စကားကအခုလက်ရှိအချိန် တော်တော်များများတွေးနေကြတဲ့ စိတ်ထဲကအတွေးပါပဲ။ အကယ်၍ သူမသာဒီလောက်လှမယ်လို့သာသိခဲ့မယ်ဆိုရင် သေချာပေါက် ဟို့ယွိဟောင်လဲ ပိုမိုများပြားတဲ့ယှဥ်ပြိုင်သူတွေနဲ့ တွေ့ရပါလိမ့်မယ်။

ကျန်းလဲ့ရွှမ်ကတော့ ပြောလာခဲ့သူ အမျိုးသားကျောင်းတော်သာဖက်ကိုလှည့်ကာ အော်တော့တယ်။

” အပိုတွေပြောမနေနဲ့ ဒါ့အပြင် သတို့သမီးကိုလုယူဖို့အတွက် မင်းက သူတို့နှစ်ယောက်စလုံးကို စိန်ခေါ်ရမှာ ဒီနှစ်ယောက်ကိုအနိုင်ရနိုင်မယ်လို့ ယုံကြည်ချက်ရှိလား သတို့သမီးကိုပြန်ပေးဆွဲရတဲ့အပိုင်းကပြီးသွားပြီ ဒါကြောင့် အခုဟို့ယွိဟောင်နဲ့ ”

အခုလက်ရှိအချိန်မှာ သူမက ဆက်မပြောနိုင်ပဲရပ်သွားခဲ့ရပါတယ်။ ဒီအချိန်မှာပဲ ဘေးကိုရောက်နေတဲ့ပေ့ပေ့က ၀မ်သုန့်အယ်ရဲ့နာမည်ကို ၀င်ပြီးသတိပေးရတော့တယ်။

” ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အယ်တို့နှစ်ယောက်ထာ၀ရအချစ်အစီအစဥ်ကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့ပြီလို့ ကြော်ငြာပါရစေ ကောင်းမွန်တဲ့အနာဂတ်တစ်ခုပိုင်ဆိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အယ်တို့က လူတွေအားလုံးကိုအရိုအသေပြုလိုက်ပါတယ်။ အဲ့ဒီနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းကမ်းခြေဖက်ဆီကို ပျံသန်းလို့သွားခဲ့ကြပါပြီ။

ဟို့ယွိဟောင်ကိုယ်တိုင်းလဲ ဒီနေ့ကြင်ဖက်တွေ့ဆုံပွဲကြောင့် အတော်ကိုထိတ်လန့်လို့နေခဲ့ရတယ်။ ပထမဆုံးအကြိမ်အဖြစ် အတွင်းနယ်မြေရဲ့ကျောင်းသားတွေအားလုံးရဲ့အရှေ့မှာ သူ့ရဲ့အဆုံးစွန်းရေခဲအစွမ်းအစနဲ့ အင်အားကို ထုတ်ဖော်ပြသခဲ့ရတာပါ။ ဒါပေမယ့် ၀မ်သုန့်အယ်က မိန်းကလေးဖြစ်နေတယ်ဆိုတဲ့ကိစ္စကြောင့်ပိုပြီး အံ့အားသင့်လို့နေခဲ့ရတယ်။

လက်ရှိအချိန်မှာတော့ အလှုပ်ရှားဆုံးဖြစ်နေတဲ့နေရာက ဆရာတွေရှိနေတဲ့ လှေကြီးပေါ်မှာပါပဲ။ အကြီးအကဲနဲ့ ဆရာတွေအားလုံးကလဲ အတော်ကိုမယုံနိုင်ဖြစ်နေခဲ့ကြတယ်။ လက်ရှိအချိန်မှာရေကန်ရဲ့ရေတွေအေးခဲသွားပြီဖြစ်တာကြောင့် သူတို့ရဲ့လှေကြီးကဆက်ပြီးမရွေ့နိုင်တော့ပါဘူး။

ရန်ရှောင်ကျဲ့ကတော့ တောက်ပနေတဲ့မျက်လုံးတွေနဲ့ အကြီးအကဲရွှမ်ကို လှမ်းပြီးတော့မေးနေခဲ့တယ်။

” အကြီးအကဲရွှမ် အခုဟို့ယွိဟောင်ကို သူ့ရဲ့စိတ်၀ိညာဥ်အကြောင်း သွားမေးရတော့မလား ”

သူတို့တွေအားလုံးက ထိပ်တန်းအဆင့်၀ိညာဥ်ပညာရှင်တွေပါ။ ဒါကြောင့် စိတ်၀ိညာဥ်တစ်ခုကနေ ရရှိနိုင်တဲ့အကျိုးအမြတ်တွေကိုကြည့်လိုက်ရုံနဲ့ သိိနိုင်နေပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့လိမ္မော်ရွှေရောင်၀ိညာဥ်စက်ကွင်းတွေကလဲ အရမ်းကိုလန့်စရာကောင်းနေခဲ့တယ်။ ဒါက စိတ်၀ိညာဥ်ကြောင့်ဖြစ်လာတာလား သို့မဟုတ်ရင်းတခြားအရာကြောင့်ဖြစ်လာတဲ့ ၀ိညာဥ်စက်ကွင်းတွေလား လောကမှာတစ်ခါမှမပေါ်ထွက်ဖူးတဲ့အရောင်တွေဖြစ်နေခဲ့တာကြောင့် လက်ရှိအချိန် ဒါတွေအားလုံးကိုသိရတဲ့အထိ မမေးမြန်းရဘူးဆိုရင် သေချာပေါက် သူတို့တွေနေမထိထိုင်မသာဖြစ်နေခဲ့မှာပါ။

အကြီးအကဲရွှမ်က သူ့ကိုလာရိုက်ပါတော့တယ်။

” မေးလို့ရတယ်..ဒါပေမယ့် အရမ်ကြီးအနှောင့်အယှက်မဖြစ်စေနဲ့ ဒီကလေးတွေကအခုမှစုံတွဲဖြစ်လာရတာ သူတို့တွေရင်းနှီးဖို့အချိန်ခဏပေးလိုက်ဦး မနက်ဖြန်မနက် မင်းပင်လယ်နတ်ဘုရားခန်းမဆောင်ကိုလာခဲ့လိုက် ငါတို့တွေအားလုံးအတူတူပေါင်းပြီ မေးကြမယ်….၀မ်သုန့်အယ်ကတော့လေ တကယ်ပဲ လျှိူ့လျှိူ့၀ှက်၀ှက်နေတတ်လွန်တာပဲ ”

” ဒါပေမယ့် ဟို့ယွိဟောင်ကမှ တကယ်ငတုံးကောင် သူတို့တွေအခန်းထဲအတူတူနေလာခဲ့တာ ဒီလောက်အချိန်တွေကြာပြီ အခုအချိန်အထိ ကောင်မလေးမှန်းမသိဘူးတဲ့ ဟားးးဟားးး ”

အကြီးအကဲလင်းကတော့ ပြုံးပြရင်းနဲ့သာ ပြောနေခဲ့ပြန်တယ်။

” ဒီကလေးတွေက စိတ်၀င်စားစရာကောင်းတာပဲ ဟို့ယွိဟောင်ရဲ့ နယ်မြေအစွမ်းအစကအတော်လေးကိုသန်မာတယ်…ကြည့်ရတာ လိမ္မော်ရွှေရောင်၀ိညာဥ်စက်ကွင်းတွေ တောက်ပလာတဲ့အချိန်မှသာ ဒီနယ်မြေကိုသုံးရတဲ့ပုံပဲ ဒါကတကယ်နယ်မြေအမျိုးအစား၀ိညာဥ်စွမ်းရည်များဖြစ်နေမလား ”

အကြီးအကဲရွှမ်ကတော့ ၀င်ပြောလာခဲ့ပါတယ်။

” အဲ့ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး…သူ့မှာအရင်ကထဲက နယ်မြေအမျိုးအစား၀ိညာဥ်စွမ်းရည်ရှိပြီးပြီ ဒါပေမယ့် အဲ့ဒီလောက်ကြီးမသန်မာဘူး ဒီလိုနယ်မြေအများစိတ်ကိုမဖုံးလွှမ်းနိုင်ပေမဲ့ ကြည့်ရတာဒီကောင်စုတ်လေး အံ့ဩစရာကောင်းတဲ့ကိစ္စတစ်ခုခုကို ကြုံခဲ့ပြန်ပြီနဲ့တူတယ် ”

” သူ့ရဲ့ဒီနယ်မြေက စိတ်၀ိညာဥ်နဲ့သက်ဆိုင်နေမယ်လို့ ငါယုံကြည်တယ်..အားလုံးကလဲ သူ့စိတ်၀ိညာဥ်ကိုဒီလောက်စိတ်၀င်စားနေတယ်ဆိုမှတော့ မနက်ဖြန်ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ အစည်းအဝေးပွဲတစ်ခုကို အထူးခေါ်ယူလိုက်မယ်..သူ့ကိုလဲ ပါ၀င်ခွင့်ပြုလိုက်မယ်…သူက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အထူးအဖွဲ့၀င်တစ်ယောက်ဖြစ်ပြီပြီဆိုမှတော့ အားလုံးလဲသေချာတွေ့ဆုံဖို့အချိန်တန်ပြီ ”

အကြီးအကဲတွေအားလုံးလဲ ခေါင်းညိတ်လို့နေခဲ့ပါတယ်။ သူတို့ဘယ်လိုပဲအငက်အရွယ်ကြီးရင့်နေပါစေ သိလိုစိတ်ကတော့မလျောပါးခဲ့ပါဘူး။ အထူးသဖြင့် အမျက်ဒေါသကျောင်းတော်ရဲ့အနာဂတ်တိုးတက်မှုနဲ့ပတ်သက်လာရင် ပိုပြီးစိတ်အားထက်သန်လာကြပါတယ်။

°°°
ကမ်းခြေဆီပြန်ရောက်ပြီတဲ့နောက် ဟို့ယွိဟောင်က ၀မ်သုန့်အယ်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲပါ။ သူမကိုပြောဖို့အတွက် စကားတွေအများကြီးရှိနေခဲ့ပါတယ်။ ဒါကြောင့် အရင်ဆုံးသွားဖြီးပြီ ရယ်ပြလာရင်းနဲ့ သူမေးလာခဲ့တယ်။

” သုန့်အယ် အခုအချိန်ကနေစပြီ ဘယ်လိုခေါ်ရတော့မလဲ ”

၀မ်သုန့်အယ်ကတော့ ခေါင်းငုံ့နေဆဲပါ။

” ဟုတ်တယ်ဘယ်လိုခေါ်ရမလဲမသိဘူး…ဒါနဲ့အခုပွဲကြီးတစ်ခုလုံးပြီးသွားမှ ထွက်သွားရင်း မကောင်းဘူးလား ”

” မရပါဘူး သူတို့တွေ မင်းကိုဒီလောက်ကြည့်ရရုံနဲ့တင် တော်လောက်ပြီပေါ့ ”

ဟို့ယွိဟောင်ကခေါင်းသာခါနေခဲ့ပါတယ်။

” ဒါဆိုရှင်ကောကျွန်မကို မြင်ရတာလုံလောက်သွားပြီလား ”

” ဒီဘ၀မှာတော့ ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး ”

၀မ်သုန့်အယ်ကလဲ ပြုံးနေခဲ့ပါတယ်။ လက်ရှိဒီနေရာမှာ အပြင်လူတွေမရှိတဲ့အတွက် သူမအစောပိုင်းကလောက်မရှက်တော့ပါဘူး။ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ခွင့်ရနေပါပြီ။

” ယွိဟောင် ငါတောင်းပန်ပါတယ် ဒီလိုမျိုးတမင်တကာဖုံးကွယ်ထားရတာဘာကြောင့်လဲဆိုရင် ”

” နားလည်ပါတယ်…တကယ်တော့အများကြီး၀မ်းသာမိတယ် ”

” ၀မ်းသာတယ်တဲ့လား”

၀မ်သုန့်အယ်က ဒါကိုကြားချိန်မှာ မျက်လုံးအပြူးသားလေးနဲ့ ပြန်ကြည့်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ရယ်မောရင်းနဲ့သာ ပြန်ဖြေလာခဲ့ပါတယ်။

” ဒါပေါ့ သေချာပေါက် ၀မ်းသာတာပေါ့ အကယ်၍ အမျိုးသမီးကျောင်းသူအဖြစ်သာ ကျောင်းတော်ထဲ၀င်လာခဲ့မယ်ဆိုရင် သေချာပေါက် တစ်ဘ၀တာလုံးဒီလိုနီးစပ်ခွင့်လေးရနိုင်မှာမဟုတ်ဘူး…မင်းက အရမ်းကိုလှလွန်တယ်လေ လူတိုင်းရဲ့အာရုံကိုသေချာပေါက် ဖမ်းစားသွားနိုင်မှာပဲ ”

” အခန်းလဲအတူတူနေဖြစ်ကြမှာမဟုတ်သလို ဒီလိုခံစားချက်တည်ဆောက်ဖို့အတွက်လဲ အခွင့်အရေးရမှာမဟုတ်ဘူး…သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တောင်ရှိလာမှာမဟုတ်ဘူးလေ ဒီနေ့ဖြစ်လာတဲ့ကိစ္စတွေဆိုတာဘယ်လိုရှိလာနိုင်မလဲ ”

” ဒါဆိုပင်လယ်နတ်ဘုရားခန်းမဆောင်ကို အခုပြန်ကြတော့မလား ”

၀မ်သုန့်အယ်က မေးလိုက်ပါတယ်။

ဟို့ယွိဟောင်ကတော့ ပျော်ရွှင်မှုအပြည့်နဲ့တောက်ပနေခဲ့တာပါ။ ၀မ်သုန့်အယ်ကို လုံး၀အကြည့်တစ်ချက်မလွဲနိုင်ခဲ့ပါဘူး။ ဘယ်လိုပဲကြည့်ကြည့် သူမကို ကြည့်လို့မ၀ပဲဖြစ်နေခဲ့ပါတော့တယ်။

ပင်လယ်နတ်ဘုရားခန်းမဆောင်ဆီလျှောက်လာနေရင်း ဟို့ယွိဟောင်က ပြောလာခဲ့ပြန်ပါတယ်။

” ၀မ်သုန့်အယ် အခုအချိန်မှပဲ ကျောင်းတော်ထဲကို၀င်လာကထဲက ဘာဖြစ်လို့ထူးထူးဆန်းဆန်းတွေလုပ်နေလဲဆိုတာ နားလည်တော့တယ်…ဥပမာအားဖြင့် အမြဲတမ်းကိုယ်ဘာသာကိုယ်တစ်ယောက်ထဲတိတ်ိတ်လေးသွားပြီ ရေချိုးတာမျိုးပေါ့ ဒါ့အပြင် အိပ်ရာပေါ်တက်လာပြီအတူတူလာအိပ်ရင်း ဒေါသထွက်တာမျိုးတွေ အကုန်လုံးက အဓိပ္ပာယ်ရှိသွားပြီပဲ ”

” ဘာဖြစ်လို့ အခုမှဒါတွေကိုလာပြောနေရတာလဲ ”

၀မ်သုန့်အယ်ကတော့ မျက်နှာတစ်ခုလုံးနီရဲကာ ဟို့ယွိဟောင်ကိုရိုက်ပုတ်ပါတော့တယ်။

” အမှန်တွေကိုပြောနေတာလေ မှတ်မိသေးရဲ့လား ပထမဆုံးရွှေရောင်လမ်းကိုဖန်တီးနိုင်တဲ့အချိန်မှာ စွမ်းအားတွေအများကြီးကုန်ဆုံးသွားသလို သတိလစ်သွားခဲ့တယ်လေ ဒါကြောင့် ဒုတိယရက်မှာအတန်းတက်ဖို့နောက်ကျသွားခဲ့တယ်လေ..ဆရာကျိုးကလဲ ငါတို့ကိုအပြစ်တောင်ပေးခဲ့သေးတယ်…ပြတင်းပေါက်အပြင်က လက်တွဲလာတဲ့ငါတို့ကိုကြည့်ပြီ တွဲနေကြတာလားလို့ သူကအော်နေသေးတယ်လေ အခုတော့တကယ်အဲ့ဒီလိုတွဲနေပြီဆိုတာ သူထင်တောင်ထင်ထားမှာမဟုတ်ဘူး ”

အဲ့ဒီနေ့က ဖြစ်သွားခဲ့တဲ့ကိစ္စကို ပြန်တွေးရင်း၀မ်သုန့်အယ်လဲ ပြုံးနေခဲ့ပါတယ်။

” ဒါပေါ့ မှတ်မိတာပေါ့ အဲ့ဒီကထဲက နင်ကအရူးလေးဖြစ်နေခဲ့တာ နေ့တိုင်းနေ့တိုင်း ကြိုးကြိုးစားစားတိုက်ခိုက်တဲ့အပြင် အတန်းကလူတွေအားလုံးကိုပါ အတူတူတိုက်ခိုက်လာအောင်လုပ်နိုင်ခဲ့သေးတယ်…တွေးကြည့်ပါဦး ငါတို့အတန်းထဲမှာရှိတဲ့ ကျောင်းသားတွေအများကြီးက ဆဠမအတန်းကိုအောင်မြင်ပြီတဲ့နောက်မှာ အတွင်းနယ်မြေထဲကို ၀င်နိုင်ကြမယ်နဲ့တူပါတယ် ”

” သေချာပေါက် ငါလိုမျိုးအတန်းခေါင်းဆောင်စောစေားစီးစီးအတွင်းနယ်မြေထဲမှာရှိနေတာ သူတို့အတွက် ကံကောင်းတာပေါ့ ”

” ကိုယ့်ကိုကိုယ်တအားကြီးအမွန်းတင်မနေနဲ့ဦး ”

” အားဟုတ်သား ဒါဆိုရင် အမြွှာအစ်မဆိုတာ မရှိလောက်တော့ဘူးပေါ့ ဟုတ်တယ်ဟုတ် ”

” အခုအချိန်မှာဘယ်လိုဖြစ်လို့ဒီလိုတုံးတုံးအအမေးခွန်းမျိုးတွေလာမေးနေရတာလဲ သေချာပေါက် မရှိဘူးပေါ့ ဘာဖြစ်လို့အမြွှာအစ်မရှိရမှာလဲ ”

” ဒါဆိုရင်တော့ ကိုယ်ဘာသာကိုယ်ဖူးစာကံကြမ္မာဖတ်ပေးတယ်လို့ပဲပြောရမယ် ”

” ဘယ်သူကများ နင့်ကိုဒီလိုမျိုးသစ်သားတုံးလို တုံးနေအောင်လို့ မွေးပေးထားတာလဲ ”

” ဟုတ်သား ဒီလိုမျိုးစောစောစီးစီးသိခဲ့သင့်တာ အဲ့ဒီမြင်လိုက်ရကထဲက သိသင့်တာပဲ ဒါနဲ့ အဲ့ဒီနေ့မှာတုန်းက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ကံကြမ္မာဆီခေါ်လာနိုင်ဖို့အတွက် ၀မ်ချိုးအယ်ဆိုတဲ့နာမည်ကို တမင်တကာထားခဲ့တာလား ဒါမှမဟုတ်ရင် မျက်နှာကာကိုတမင်ချွတ်ပြီတော့ပြခဲ့တာလား ”

” ဘာမျက်နှာကာလဲ ဘယ်က၀မ်ချိုးအယ်လဲ ”

” အမ်း အခုအချိန်အထိ ဒီကိစ္စတွေကိုဖုံးကွယ်ထားချင်တုန်းလား ကျောင်းတော်ကိုပြန်လာတဲ့နေ့မှာ ငါမင်းနဲ့တွေ့ခဲ့တယ်လေ အဲ့ဒီတုန်းကလဲ မင်းအမျိုးသမီးတစ်ယောက်လို ၀တ်ထားခဲ့တယ်လေ ဒါ့အပြင် မျက်နှာကာတောင် ဖုံးထားသေးတယ်လေ အဲ့ဒီတုန်းက ငါကိုဖြတ်လျှောက်သွားရင်နဲ့ မျက်နှာကာကိုကျွတ်ကျခဲ့တာကြောင့် ဖမ်းမိပြီလိုက်ပေးရသေးတယ်. ”

” အဲ့ဒီမျက်နှာကာကိုတစ်ချက်ကြည့်လိုက်ချိန်မှာတော့ ၀မ်ချိုးအယ်ဆိုတဲ့ စာလုံးသုံးလုံးကိုတောင်ပန်းထိုးပြီ ရေးထားတာတွေ့သေးတယ်…ငါဘယ်လိုပဲလိုက်လိုက်အမျက်ဒေါသမြို့တော်ကိုရောက်တဲ့အချိန်မှာ လိုက်မမီနိုင်တော့ပဲလမ်းပျောက်သွားရတာပဲ ”

” နင်ဘာတွေပြောနေတာလဲငါမသိပါဘူး နင်ပြန်လာပြီကထဲက ငါအခုအချိန်အထိ တစ်ခါမှမတွေ့ရသေးဘူး…ပင်လယ်နတ်ဘုရားခန်းမဆောင်အပြင်ဖက်မှာ နင်ငိုနေတာကိုသာငါချောင်းကြည့်ခဲ့တာပဲရှိတာ ၀မ်ချိုးအယ်ဆိုတာဘယ်ကသူလဲ ငါလဲမသိပါဘူး ”

” ဟင် တကယ်ပဲမင်းမဟုတ်ဘူးလား ”

ဟို့ယွိဟောင် မျက်လုံးပြူးနေခဲ့မိပါတယ်။ ၀မ်သုန့်အယ်က သူ့ကိုအခုအချိန်မှာ လုံး၀မလိမ်နိုင်တော့မှန်းသူသိနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနေ့တုန်းကဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးက အရမ်းကိုအမှန်တကယ်ဖြစ်လွန်တဲ့အပြင် တိုက်ဆိုင်လွန်နေခဲ့ပါတယ်။

” ယွိဟောင် သေချာနောက်တစ်ခေါက် ပြန်တွေးကြည့် ငါနဲ့တစ်ပုံစံထဲတူတဲ့သူကို တကယ်ပဲတွေ့ခဲ့တာလား လုံး၀ကိုမကွာခြားဘူးပေါ့ ”

၀မ်သုန့်အယ်ကတော့ တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိတဲ့အတိုင်းမေးလာခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်ရင်းနဲ့ အဲ့ဒီနေ့က ကိစ္စတွေအားလုံးကို မှတ်မိဖို့ပြန်လည်ကြိုးစားလို့နေခဲ့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးက အင်မတန်ကိုစူးရှထက်မြက်တဲ့အပြင် ၀ိညာဥ်စွမ်းအားကလဲ ကောင်းမွန်တာကြောင့်မှတ်ဉာဏ်ကလဲ အင်မတန်ကိုကောင်းလွန်ပါတယ်။

အသေးစိတ်တွေကို မှတ်မိဖို့အတွက် သူစတင်ပြီကြိုးစားတော့တယ်။

” အခုကြည့်မှသိပ်မတူတော့သလိုပဲ မင်းပြောတဲ့အတိုင်း သူကမင်းထက်နည်းနည်းလေးပိုပြီးတော့ အရပ်ရှည်တယ်…ဒါ့အပြင် အသက်အရွယ်လဲပိုကြီးတဲ့ပုံပေါ်တယ်..အသံကလဲ မတူဘူး…ဒါပေမယ့် တခဏလောက်ပဲမြင်လိုက်ရတယ်ဆိုတော့ သိပ်ပြီတော့ ဒါကိုသတိမထားမိဘူးလေ ဒါ့အပြင် သူ့ဆီကနေရတဲ့ခံစားချက်က ရင်းနှီးတဲ့ပုံစံပေါ်ပေမဲ့ မင်းဆီကရတဲ့ရင်းနှီးတဲ့ခံစားချက်နဲ့လဲ သိပ်ပြီမတူပြန်ပါဘူး ”

ဟို့ယွိဟောင်ကိုကြည့်ရင်းနဲ့ ၀မ်သုန့်က အထိတ်တလန့်မေးလာခဲ့ပါတော့တယ်။

” တကယ်ကြီး ငါနဲ့တူတဲ့လူလောကမှာရှိနေတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

” ကိုယ်လဲမသိတော့ဘူးလေ ဒါပေမယ့် သူလဲကျောင်းတော်ဆီကို အဲ့ဒီတုန်းကအပြေးသွားနေတယ်ဆိုမှတော့ ကျောင်းထဲရောက်နေလောက်ပြီ တခြားကျောင်းကနေလာတဲ့သူဆိုတော့ အတွင်းနယ်မြေထဲကို ၀င်ခွင့်ရဖို့စာမေးပွဲလာဖြေတဲ့သူလဲ ဖြစ်နိုင်တယ်လေ သုန့်အယ် တကယ်ပဲ အမြွှာအစ်မမရှိဘူးဆိုတာ သေချာရဲ့လား ”

၀မ်သုန့်အယ်ကတော့ တစ်ချက်လေးတောင်မတွေဝေပဲ ပြန်ဖြေလာခဲ့ပါတယ်။

” သေချာတာပေါ့ လုံး၀ညီမလဲမရှိဘူး အစ်မလဲမရှိဘူး မနက်ဖြန်သွားပြီတော့ မေးကြည့်လိုက်ဦးမယ်…အကယ်၍ သူအတွင်းနယ်မြေထဲကို၀င်ဖို့ကြိုးစားခဲ့တယ်ဆိုရင် သေချာပေါက် မှတ်တမ်းရှိမှာပဲလေ ”

” ဒီလိုလဲကောင်းသားပဲ ”

ဟို့ယွိဟောင် အခုအချိန်မှာတော့ အတော်ကိုသံသယများနေခဲ့ပါပြီ။ သူ့ရဲ့မှတ်ဉာဏ်ထဲမှာ ၀မ်ချိုးအယ်က ၀မ်သုန့်အယ်နဲ့ အရမ်းကိုတူနေခဲ့တယ်။ ကွာခြားချက်ဆိုတာက ခွဲလို့မရနိုင်လောက်အောင်ပါပဲ တိကျသေချာတဲ့ လေ့လာမှုလုပ်ပြီတဲ့နောက်မှာတောင် သူတို့နှစ်ယောက်ကိုခွဲခြားဖို့အတော်ကိုခက်နေခဲ့တယ်။

” ငါအခုတော့နားလည်ပြီ ”

ဟို့ယွိဟောင်ရုတ်တရက်ပြောလာခဲ့ပါတော့တယ်။

” ဘာနားလည်တာလဲ ”

၀မ်သုန့်အယ်က ပြန်အော်ပြီမေးတော့တယ်။

အပိုင်း ၂၂၀•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset