Chapter – 19 မကောင်းဆိုးဝါး ကြာပွတ်
ကိုဘိုးအကြီးအကဲ၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည့်အချိန်တွင် အိုင်တမ်များက မြေပြင်ပေါ်၌ ပြန့်ကျဲ၍ ကျန်ခဲ့လေသည်။ ကြေးပြားများကလည်း မြေပြင်ပေါ်တွင် လမ်းခင်းထားသကဲ့သို့ ကြေးရောင်တောက်ပနေသဖြင့် မိုင်းတွင်းတစ်ခုလုံးက ရှီဖုန်း၏ အောင်မြင်မှုကို အခမ်းအနား ကျင်းပပေးနေသလိုပင်။
ဘလက်ကီကတော့ မြေပြင်ပေါ်တွင် ထိုင်ချကာ ကြက်သေ သေနေပြီး တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်နေလေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အားအင်များက ကုန်ခမ်းသွားသကဲ့သို့ ခံစားနေရပြီး မြေပြင်ပေါ်ရှိ အိုင်တမ်များကိုပင် ဂရုမစိုက်နိုင်သေးပေ။ သူတို့၂ယောက် တိုက်ခဲ့သည့် တိုက်ပွဲက တစ်ကယ်ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ဝိညာဉ်ကိုတောင် တုန်လှုပ်စေနိုင်သည့် အခိုက်အတန့်များဖြင့် ပြည့်နေပြီး သူက အသက်ပင် ကောင်းကောင်း မရှုနိုင်ခဲ့ပေ။
တိုက်ပွဲ၏ ပုံရိပ်တိုင်းက ဘလက်ကီ၏ နှလုံးသားထဲတွင် စွဲထင်သွား၏။ သူထံ၌ သန်မာသည့် နှလုံးသား မရှိခဲ့လျှင် တိုက်ပွဲကို တိုက်ခိုက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သည်အတိုင်းဆိုလျှင် ကိုဘိုးအကြီးအကဲနှင့် ရင်ဆိုင်တိုက်ခဲ့သည့် ရှီဖုန်းက မည်သို့သော နှလုံးသားမျိုးကို ပိုင်ဆိုင်ထားသနည်း။
“ဒါတွေက အရမ်းမိုက်တယ်… အစ်ကိုဖုန်း… ကျွန်တော်တို့ နိုင်သွားပြီ… အစ်ကိုဖုန်းက ကျွန်တော့်ရဲ့ အိုင်ဒေါစစ်စစ်ပဲ… “ ဘလက်ကီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူက ရှီဖုန်း၏ တည်ငြိမ်နေသည့် မျက်နှာကို မြင်ပြီး ပို၍ပင် လေးစားလာသည်။
ယခင်က ရှီဖုန်းသည် ကစားသမားကောင်းတစ်ဦး ဖြစ်သော်လည်း သူ၏ကျွမ်းကျင်မှုက သာမန်ကစားသမားအများစုထက် သာရုံလေးသာ ရှိပြီး ဘလက်ကီနှင့်လည်း သိပ်မကွာခဲ့ပေ။ ထို့အပြင် ရှီဖုန်းက စိတ်လှုပ်ရှားလွယ်ပြီး ဓားအိမ်မှ ချွတ်ထားသည့် ဓားတစ်ချောင်းကဲ့သို့ သာမန်လက်နက်များကြောင့် ဖြစ်ပေါ်လာသည့် မဆုံးနိုင်သော ပြဿနာများထဲတွင် ခဏခဏ ဝင်ပါခဲ့သည်။ သို့သော်လည်း ယခုတော့ ရှီဖုန်း၏ အပြုအမူများက တခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားလေပြီ။ လက်ရှိ ရှီဖုန်းက အလွန်တည်ငြိမ်ပြီး လုပ်ရမည့်ကိစ္စများကို ပြတ်ပြတ်သားသား လုပ်ခဲ့သည်။ သူက ဝပ်နေသည့် နဂါးတစ်ကောင်းကဲ့သို့ ခံစားချက်ကိုလည်း ပေးစွမ်းနေသည်။
“ဘလက်ကီ… မင်းရဲ့ အိုင်ဒေါက ဂျမ်းတဲလ်စနိုး မဟုတ်ဘူးလား… “
ရှီဖုန်းက ပြောရင်း မသိမသာ ပြုံးလိုက်သည်။
“ဂျမ်းတဲလ်စနိုးက ကျွန်တော့်ရဲ့ အိုင်ဒေါပဲလေ… ဒါပေမဲ့ အစ်ကိုဖုန်းကလည်း တော်တာပဲ… အရမ်းစွမ်းထက်တဲ့ ကိုဘိုးအကြီးအကဲတောင် အစ်ကို့လက်ချက်နဲ့ သေသွားရတယ်… တစ်ကယ့် ကျွမ်းကျင်ကစားတစ်ယောက်တောင်မှ အစ်ကို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး… အဲ့တာကြောင့် အစ်ကိုဖုန်းကို အားမကျဘဲ ဘယ်လိုနေနိုင်မှာလဲ… အပင်ကြီးလေ အရိပ်အာဝါသ ကောင်းကောင်းရလေတဲ့… အစ်ကိုဖုန်း ကျိန်သူအသုံးပြုသူကို ဘယ်လိုကစားရမလဲ ပြောပြပေးနိုင်မလား… ကျွန်တော်က ကျွမ်းကျင်ကစားသမားတစ်ယောက်ဖြစ်ဖို့ အိမ်မက်ထဲတောင် ထည့်မက်တာ… “
ယခုအချိန်မှာတော့ ဘလက်ကီ၏ မျက်လုံးထဲတွင် ရှီဖုန်းက ရွှေတောင်ကြီးတစ်ခုနှယ် ဖြစ်သည်။ ဘလက်ကီက မှန်ကန်စွာ ချနိုင်ခဲ့သည့် သူ့ဆုံးဖြတ်ချက်အတွက်လည်း အလွန်ပျော်ရွှင်နေလေသည်။ သူသာ ရှဲဒိုးအဖွဲ့ကို ဝင်ခဲ့လျှင် နာမည်မရှိသည့် သာမန်အဖွဲ့ဝင်တစ်ဦးအဖြစ်သာ ရှိနေဦးမည် ဖြစ်သည်။ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာရန်လည်း အခွင့်အရေးတစ်ခုတောင် ရမှာ မဟုတ်ပေ။
“ကောင်းပြီ… “ ရှီဖုန်းက ပြုံးပြလိုက်သည်။ ဘလက်ကီ၏ အမူအကျင့်က အလွန်ကို ပွင့်လင်းလွန်းလှသည်။
ယခင်တွင် ရှီဖုန်း အလုပ်ထုတ်ခံရစဉ်အချိန်၌ ဘလက်ကီက တွေဝေခြင်းမရှိဘဲ ရှဲဒိုးမှ နှုတ်ထွက်ခဲ့သည်။ ဘလက်ကီက သူနှင့် ဒုက္ခများကို မျှဝေခံစားရန်အတွက် လစဉ် သန်းနှင့်ချီရသည့် အလုပ်ကို စွန့်လွှတ်ခဲ့လေသည်။ ထို့ကြောင့် သူကလည်း ဘလက်ကီအား သစ္စာဖောက်မည် မဟုတ်ဘဲ တတ်ကျွမ်းသမျှကို အကုန်သင်ပေးရန် ဆုံးဖြတ်ထား၏။ သူက ကျိန်စာအသုံးပြုသူနေရာတွင် မကစားဖူးသော်လည်း ကျိန်စာအသုံးပြုသူကစားသမားများကို အများကြီး တွေ့ခဲ့ဖူး၏။ ထို့ကြောင့် သူသိထားသည့် အချက်အလက်များက ဘလက်ကီကို သင်ပေးရန်အတွက် လိုသည်ထက်ပင် ပိုနေသေး၏။
“အစ်ကိုဖုန်း… အစောပိုင်းကို ကျွန်တော့်စွမ်းရည်အမှတ်တွေ ဘယ်လိုထားရမယ် ထင်လဲ… ဉာဏ်ရည်ထက်မြက်မှုကိုပဲ ဖြည့်လိုက်ရမလား… “ ဘလက်ကီက မေးလိုက်သည်။
ရှီဖုန်းက ခေါင်းကို ခါလိုက်ပြီး အတွေးတစ်ချို့ကို ပြောပြလိုက်သည်… “အစပိုင်းတွေမှာ ဉာဏ်ထက်မြတ်မှုကို အားလုံး ပေါင်းထည့်တာက မကောင်းတာတော့ မဟုတ်ပေမဲ့… မင်းက အစွမ်းထက်တဲ့ ကျိန်စာအသုံးပြုသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သွက်လက်မှုကိုလည်း ပေါင်းထည့်ပေးဖို့ လိုတယ်… သွက်လက်မှုက မင်းရဲ့ ရွေ့လျားမှုနှုန်းကို တိုးစေရုံတင် မဟုတ်ဘူး ကျိန်စာရွတ်ဆိုတဲ့နှုန်းကိုပါ မြန်စေတယ်… ကျိန်စာအသုံးပြုသူတွေအတွက် အသက်ကယ်စကေးက နည်းနည်းပဲ ရှိတယ်… ပြီးတော့ ကျိန်စာအသုံးပြုသူတွေက ပြေးတဲ့နေရာမှာ နှေးတဲ့သူတွေလည်း ဖြစ်တဲ့အပြင် မန္တန်တွေကလည်း ဂါထာတွေ ရွတ်နေရသေးတယ်… ကျိန်စာတိုက်သူတွေရဲ့ မန္တန်တွေက စွမ်းအားအရာမှာ အားနည်းကြတယ်… ဒါ့ကြောင့် သူတို့က တိုက်ခိုက်မှုစွမ်းအားအတွက် ကျိန်စာတွေအပေါ် အားထားကြရတယ်… ဒါပေမဲ့ တိုက်ရိုက်တိုက်ခိုက်တဲ့ ဒြပ်စင်ထိန်းချုပ်သူတွေနဲ့ မတူတဲ့ အချက်က ကျိန်စာအသုံးပြုသူတွေဟာ တိုက်ခိုက်မှုစွမ်းအားကို အပြည့်အဝ ပွင့်သွားစေဖို့ အချိန်တစ်ခု လိုအပ်တာပဲ… ဒါ့ကြောင့် မင်းက ဉာဏ်ထက်မြတ်မှုကို အမှတ်၂၀အထိ ထည့်ပြီးရင် မင်းရဲ့ အခမဲ့စွမ်းရည်တစ်ဝက်ကို သွက်လက်မှုထဲ ထည့်သင့်တယ်… ဒါက မင်းရဲ့ လုံခြုံမှုအတွက် သေချာစေပြီးတော့ မင်းရဲ့စွမ်းအားတွေကိုလည်း ပိုပြီး ထုတ်နိုင်အောင် ကူညီပေးလိမ့်ယ်… “
ရှီဖုန်း၏ ယခင်ဘဝတွင် အလွန့်အလွန် အစွမ်းထက်သည့် ကျိန်စာအသုံးပြုသူတစ်ယောက် ရှိခဲ့ဖူး၏။ ထိုလူက အခမဲ့စွမ်းရည်အမှတ်များကို တခြားကျိန်စာအသုံးပြုသူများကဲ့သို့ ပေါင်းမထည့်ခဲ့ဘဲ သွက်လက်မှုတွင် အမှတ်များစွာ ပေါင်းထည့်ခဲ့သည်။ သူ၏ တိုက်ခိုက်မှုများက လျင်မြန်ပြီး အလွန်ပြင်းထန်လာသည့်အတွက် သူက သတ်ဖြတ်သည့်နေရာတွင် ပိုပြီး အစွမ်းထက်လာခဲ့သည်။ သူက မှော်ဆရာများ၏ သဘာဝရန်သူဖြစ်သည့် လုပ်ကြံသတ်ဖြတ်သူများကိုပင် ပြန်လည်သတ်ဖြတ်နိုင်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူများက သေသည်ထိတိုင်အောင် ထိုလူကို တစ်ချက်မှ ထိအောင် မတိုက်နိုင်ခဲ့ကြပေ။ ထိုအဖြစ်အပျက်များ ဖြစ်ပြီးနောက်တွင် ကျိန်စာအသုံးပြုသူများက စွမ်းရည်အမှတ်များကို သွက်လက်မှုထဲသို့ ပေါင်းထည့်လာကြပြီး လုပ်ကြံသတ်ဖြတ်သူများအား ပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြသည်။
ဘလက်ကီက ခေါင်းကို ညိတ်လိုက်သည်။ ရှီဖုန်း၏ စကားများက အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။
“ကောင်းပြီ… ဉာဏ်ထက်မြက်မှုကို အမှတ်၂၀ထိ ပေါင်းထည့်ပြီးရင် သွက်လက်မှုထဲကိုပဲ ပေါင်းထည့်လိုက်မယ်… “
ကျိန်စာအသုံးပြုသူတစ်ယောက်အတွက် အမှတ်များအား ဘယ်လိုပေါင်းထည့်ရမည်ကို ဆွေးနွေးပြီးနောက် ရှီဖုန်းနှင့်ဘလက်ကီက အိုင်တမ်များကို လိုက်ကောက်ကြသည်။
ကိုဘိုးအကြီးအကဲက အကြီးအကဲအဆင့် မွန်းစတားတစ်ကောင် ဖြစ်ထိုက်ပါပေသည်။ အကြီးအကဲအဆင့် မွန်းစတားအား ပထမဆုံးသတ်ဖြတ်နိုင်ခြင်း ဖြစ်သဖြင့် ကျသည့်အိုင်တမ်များက အလွန်ကို များပြားလှသည်။
ကြေးအဆင့်အိုင်တမ် ၈ခု ရရှိပြီး ကြီးမားသော မီးခိုးရောင်ပုဆိန်တစ်လက်၊ သတ္တုချပ်ဝတ် ၂ခု၊ သားရေချပ်ဝတ်၂ခု၊ ကိုယ်ကြပ်ချပ်ဝတ် ၃ခုဖြစ်သည်။ ထို့အပြင် ကြေးပြား ၂၇၃ပြားနှင့် စကေးစာအုပ် ၃အုပ်လည်း ရရှိသေး၏။ စကေးစာအုပ် ၃အုပ်မှာ ဒိုင်းစစ်သည်များအတွက် မော့စကေး၊ လုပ်ကြံသတ်ဖြတ်သူများအတွက် လျှို့ဝှက်ခြေလှမ်းစကေးနှင့် ကျိန်စာအသုံးပြုသူများအတွက် မကောင်းဆိုးဝါးကြာပွတ်စကေးတို့ ဖြစ်သည်။
“ဘလက်ကီ… မင်းရဲ့ကံက တစ်ကယ်ကို ကောင်းတာပဲ… ဒီမကောင်းဆိုးဝါးကြာပွတ်စကေးက အရမ်းရှားပြီးတော့ ကျတဲ့နှုန်းကလည်း အရမ်းနည်းတယ်… ဒီစကေးက ကျိန်စာအသုံးပြုသူတွေရဲ့ ထိန်းချုပ်မှုနဲ့ တိုက်ခိုက်မှုစွမ်းအား ကောင်းတဲ့ စကေးအနည်းငယ်ထဲက တစ်ခုပဲ… စကေးအဆင့် မြင့်လာတာနဲ့ မွန်းစတားတွေကို သတ်ဖို့အတွက် နတ်ဘုရားစကေးတစ်ခုလို ဖြစ်လာလိမ့်မယ်… “
ရှီဖုန်းက မကောင်းဆိုးဝါးကြာပွတ်စကေးကို ဘလက်ကီထံသို့ ပစ်ပေးလိုက်သည်။ ထို့အပြင် အဆင့်၂ ကိုယ်ကြပ်ချပ်ဝတ်၂စုံကိုလည်း ပေးလိုက်သည်။
မကောင်းဆိုးဝါးကြာပွတ်
ကျိန်စာပစ်လွှတ်နိုင်ရန်အတွက် ကြာချိန် = ၃စက္ကန့်
သတ်မှတ်ထားသည့် ဧရိယာအတွင်း ပစ်မှတ်ကို ဆူး၅ချောင်းဖြင့် ပိတ်လှောင်နိုင်သည်။ ပစ်မှတ်က ဧရိယာအတွင်းမှ ထွက်ပြီး ဆူးများကို ချိုးဖြတ်တိုင်း ဆူးတစ်ချောင်းစီက အခြေခံထိခိုက်မှု အမှတ်၂၀ကို လျော့ကျစေမည့်အပြင် မန္တန်စွမ်းအားကိုလည်း ၃၀ရာခိုင်နှုန်း ထပ်ပေါင်းပေး၏။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၂၀စက္ကန့်
ဘလက်ကီက စကေးကို မြင်သောအခါ အလွန်ပျော်ရွှင်သွားပြီး ချက်ချင်း သင်ယူလိုက်သည်။ ဤစကေးဖြင့် ဆိုလျှင် သူ၏ တိုက်ခိုက်မှုကလည်း အလွန်အစွမ်းထက်လာမည်ဖြစ်သည်။ ကိရိယာ၂ခုကို လဲလိုက်ပြီးနောက် သူက လေသေနတ်ဘဝမှ အမြောက်တစ်လက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘလက်ကီ၏ ဉာဏ်ထက်မြတ်မှုက ၂၀အထိ ရောက်သွားပြီး သူ၏မန္တန်တိုက်ခိုက်မှုကလည်း ၄၈မှတ်အထိ တိုးသွားကာ လျှို့ဝှက်အခြေခံစကေး (မြန်နှုန်းမြင့် ရွတ်ဆိုခြင်း)က အသက်ဝင်သွား၏။
မြန်နှုန်းမြင့် ရွတ်ဆိုခြင်း
တစ်စက္ကန့် ခွဲအောက်ရှိ မန္တန်များ၏ ရွတ်ဆိုမှုကို ကျော်နိုင်ပြီး ကျိန်စာရွတ်ဆိုဟန် ပြုလုပ်ရန်သာ လိုအပ်၏။
ထို့အပြင် ကျိန်စာရွတ်ဆိုသူအား ပစ်မှတ်အပေါ် တိုက်ခိုက်မှုတွင် ပို၍ အာရုံစိုက်နိုင်စေသည်။
သတ္တုချပ်ဝတ်၂ခုတွင် တစ်ခုက တပ်သားသစ်များ ဝတ်ဆင်သည့် လေးလံသည့်ချပ်ဝတ်အမျိုးအစားတစ်ခု ဖြစ်ပြီး ကျန်တစ်ခုက စတီးနက်လက်မောင်းကာဖြစ်သည်။ ထိုချပ်ဝတ်၂ခုက ကြေးအဆင့်များ ဖြစ်ကြသော်လည်း ရှီဖုန်းက စတီးနက်လက်မောင်းကာ၏ စွမ်းရည်များကို ပို၍ သဘောကျမိ၏။
စတီးနက် လက်မောင်းကာ (ကြေးအဆင့်၊ သတ္တုချပ်ဝတ်)
အဆင့် ၃
ကိရိယာတပ်ဆင်ရန် လိုအပ်မှု = သန်မာမှု ၉
ခုခံမှု +၁၄
သန်မာမှု +၂၊ ခံနိုင်ရည် +၂၊ သွက်လက်မှု +၁
သက်တမ်း ၂၀/၂၀
လေးလံသည့် ချပ်ဝတ်ကတော့ သာမန်မျှသာ ဖြစ်သည်။ သို့သော်လည်း သတ္တုချပ်ဝတ်များက တန်ဖိုးရှိနေဆဲ ဖြစ်သည့်အတွက် ဈေးကောင်းကောင်းဖြင့် ရောင်းနိုင်သေး၏။
အဆင့်၃ ကြေးကိုယ်ကြပ်ချပ်ဝတ်၂ခုကလည်း ဈေးကောင်းကောင်း ရနိုင်သည်။
ထိုထဲတွင် အဖိုးအတန်ဆုံး အိုင်တမ်မှာ မီးခိုးရောင်ပုဆိန်ကြီး ဖြစ်သည်။ ၎င်းကက စစ်သည်တော်များ၏ အချစ်တော်လက်နက်ဖြစ်မှာ ကျိန်းသေလေသည်။
မီးခိုးရောင် ဧရာမ ပုဆိန် (ကြေးအဆင့်)
အဆင့် ၅
ကိရိယာတပ်ဆင်ရန် လိုအပ်မှု = သန်မာမှု ၁၅
တိုက်ခိုက်မှုစွမ်းအား +၂၁
သန်မာမှု +၅ ၊ ခံနိုင်ရည် +၂
သက်တမ်း ၃၀/၃၀
စစ်သည်တော်တစ်ယောက်ကသာ ဤလက်နက်ကို ကိုင်ထားလျှင် သူတို့၏ တိုက်ခိုက်မှုက အလွန်ကို ကြောက်မက်ဖွယ်ကောင်းမှာ ကျိန်းသေနေသည်။
“ဒီမီးခိုးရောင်ပုဆိန်ကို ကြော်ငြာလိုက်ရင် ပိုက်ဆံအများကြီး ရမှာပဲ… “ ရှီဖုန်းက မသိမသာ ပြုံးလိုက်ပြီး ပုဆိန်ကို အသုံးပြု၍ ပိုက်ဆံရှာမည့်အစီအစဉ်ကို ချမှတ်လိုက်သည်။
ထို့နောက်တွင် ရှီဖုန်းနှင့် ဘလက်ကီက ပန်းပဲဖိုဆီသို့ ပြန်လာခဲ့ကြသည်။
“မာစတာဂျက်… ကိုဘိုးအကြီးအကဲကို ကျွန်တော် သတ်ခဲ့ပါပြီ… ဒီမှာ ဦးခေါင်းခွံပါ… “ ရှီဖုန်းက ဦးခေါင်းခွံကို တလေးတစားဖြင့် ကမ်းပေးလိုက်သည်။
စတီးကို ထုရိုက်နေသည့် မာစတာဂျက်က ကိုဘိုးဦးခေါင်းခွံကို တစ်ချက်ကြည့်ပြီး ရှီဖုန်းက အောင်မြင်ခဲ့သည်ကို အတည်ပြုလိုက်သည်။ ထို့နောက် သူက အားရကျေနပ်စွာ ပြောလိုက်သည်… “မဆိုးဘူး ကောင်လေး… ကြည့်ရတာ မင်းက ငါ့ရဲ့ ပန်းပဲအမွေကို ဆက်ခံဖို့ ရောက်လာတာ ထင်တယ်… “
စနစ်။ ။ လျှို့ဝှက်တာဝန် ‘ပန်းပဲပညာရပ်လမ်းစဉ်’ ပြီးဆုံးသွားပါပြီ။ ကစားသူက ပန်းပဲပညာရပ်ကို သင်ယူပြီးပါပြီ။ ကစားသူက အခြေခံ ပန်းပဲအလုပ်သင်တစ်ယောက် ဖြစ်သွားပါပြီ။ ကစားသူက ပန်းပဲစွမ်းရည် ‘ပန်းပဲပါရမီရှင်’ ကို လက်ခံရရှိပါသည်။ သန့်စင်စတီး ၁၀၀ကိုလည်း ဆုအဖြစ် ရရှိပါသည်။
ပန်းပဲပါရမီရှင်
ပန်းပဲပညာရပ်တစ်ခုကို အောင်မြင်လျှင် ကျွမ်းကျင်မှုအမှတ်၂မှတ် ရရှိမည်။
ကျွမ်းကျင်မှုအမှတ် ၂မှတ်ကို အထင်မသေးသင့်ပေ။ အခြေခံပန်းပဲပညာသင်တစ်ယောက်က သာမန်အဆင့် လက်နက်အစိတ်အပိုင်းတစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ချေ ၂၀% သာ ရှိ၏။ လက်နက်ကို အောင်မြင်အောင် လုပ်ပြီးသွားလျှင် ကျွမ်းကျင်မှုအမှတ် ၁မှတ်ရနိုင်ရန် 40% အခွင့်အရေး ရှိသည်။ သို့သော်လည်း ယခု ရှီဖုန်းက ပန်းပဲပညာရပ်တစ်ခု အောင်မြင်သည်နှင့်တစ်ပြိုင်နက် ကျွမ်းကျင်မှုအမှတ် ၂မှတ်ကို ရရှိတော့မည် ဖြစ်သည်။ သူ၏ကျွမ်းကျင်မှုက တိုးလာသည်နှင့် နောက်တစ်ဆင့်တက်နိုင်ရန်အတွက်လည်း အဆပေါင်းများစွာ လွယ်ကူလာပေလိမ့်မည်။
အလယ်အလတ်အဆင့် ပန်းပဲအလုပ်သင်ဖြစ်ရန် ကျွမ်းကျင်မှုအမှတ် ၁၀၀၀လိုအပ်၏။ သာမန်ကစားသမားတစ်ယောက်အတွက် အလတ်အလတ်အဆင့် ပန်းပဲပညာသင်ဖြစ်ရန် အနည်းဆုံး ၁၀ရက်ခန့် လိုအပ်သည်။ ထို့အပြင် သူတို့ကို လိုအပ်သည့်ပစ္စည်းများလည်း အဆက်မပြတ် ထောက်ပံ့ပေးနေရမည် ဖြစ်သည်။ ပန်းပဲစွမ်းရည်ကို ရရှိထားသည့် ရှီဖုန်းကတော့ လိုအပ်သည့်ပစ္စည်းများ အရမ်းမလိုဘဲ ပိုက်ဆံကို အတော်အသင့် ချွေတာနိုင်လိမ့်မည် ဖြစ်သည်။
တခြားတစ်ဖက်တွင် သန့်စင်စတီး ၁၀၀က ကြေးအဆင့် လက်နက်ကိရိယာများ ပြုလုပ်ရန်အတွက် ကောင်းမွန်သည့် အထောက်အပံ့တစ်ခု ဖြစ်သည်။ သန့်စင်စတီး (သန့်စင်ထားသည့် စတီး)က ကြေးအဆင့် လက်နက်ကိရိယာများ ပြုလုပ်ခြင်း၏ အောင်မြင်မှုနှုန်းကို ၁၀ရာခိုင်နှုန်း မြှင့်ပေးနိုင်သည်။
ပန်းပဲစွမ်းရည်နှင့် ပန်းပဲပညာရပ်စာအုပ်ကြောင့် ရှီဖုန်းက ချက်ချင်းပင် ပန်းပဲထုချင်လာသည်။ သို့သော်လည်း သူက လက်နက်ကိရိယာများ ပြုလုပ်ရန် သတ္တုပစ္စည်း အများအပြား လိုအပ်၏။ လိုအပ်သည့်ပစ္စည်းများကို သူကိုယ်တိုင် စုလျှင် အချိန်အများကြီး ကုန်မှာ ဖြစ်သည့်အတွက် ဝယ်ယူရန်ကလွဲ၍ တခြားနည်းလမ်း မရှိချေ။
သို့သော် ပစ္စည်းများကို ဝယ်ရန် ငွေအများကြီး ကုန်လိမ့်မည်ဖြစ်သည်။ သာမန်အဆင့် လက်နက်ကိရိယာများက သူ့ကို ငွေပြန် မပေးနိုင်သည့်အတွက် အရှုံးကိုသာ ဖြစ်စေပေလိမ့်မည်။ ကြေးအဆင့် လက်နက်ကိရိယာများကသာ ဈေးကောင်းကောင်းဖြင့် ရောင်းနိုင်သော်လည်း လက်ရှိတွင် ရှီဖုန်းထံ၌ ပန်းပဲဒီဇိုင်းများ မရှိသေးပေ။
“သေဆုံးခြင်းသစ်တောကို ကျိန်းသေ သွားရမယ်… “
သေဆုံးခြင်းသစ်တောမှ ပန်းပဲဒီဇိုင်းများ ရနိုင်သည်ကို ရှီဖုန်းက စဉ်းစားမိလိုက်သည်။ ပန်းပဲဒီဇိုင်းဖြင့် ပြုလုပ်ထားသည့် လက်နက်များက လုပ်ရသည်မှာ လွယ်ကူပြီး စွမ်းရည်များကလည်း အလွန်ကောင်း၏။ ယခင်ဘဝက ပန်းပဲဒီဇိုင်းများကြောင့် ချမ်းသာသွားသည့် ပန်းပဲဆရာ အနည်းငယ်ပင် ရှိ၏။
ရှီဖုန်းက ထွက်သွားရန် ပြင်လိုက်ချိန်တွင်… ။
“ကောင်လေး… ငါက မင်းကို ကြည့်အောင် မင်းက တစ်ကယ် လုပ်နိုင်တာပဲ… ငါက နှစ်ပေါင်းများစွာ ပန်းပဲထုလာတာတောင်မှ မှော်လက်နက်ကို အခုမှ ပထမဆုံး မြင်ဖူးတာပဲ… “ မာစတာဂျက်က ရှီဖုန်းအား ပြောလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက ရှီဖုန်း၏ခါးတွင် ချိတ်ထားသော အနက်ရောင်ဓားဆီကိုသာ ရောက်နေလေသည်။ ဓားက သံချေးတက်နေသည့် မီးဆွတံတစ်ချောင်းနှင့် တူသော်လည်း ပန်းပဲမာစတာတစ်ယောက်၏ မျက်လုံးများမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
အပိုင်း ၁၉ ပြီး၏။