Switch Mode

Chapter – 73

Chapter – 73

အချိန်က ညနေစောင်းခါနီးပြီ ဖြစ်သည်။ ဆိုင်လေးက လူရှင်းနေသည်။ မည်သည့် စားသုံးသူမှ မရှိချေ။ ထင်ထင်လေး၏ တရှုံ့ရှုံ့ငိုသံကိုသာ ကြားရသည်။ ယဲ့ဖန်းက တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။ သူ ရလာသည့် သမင်၊ ဆန်နှင့် ခေါက်ဆွဲတို့ကို ဆွဲသွားလိုက်သည်။ ရှောင်ထင်ထင်၏ မျက်လုံးက နီရဲနေသည်။ သူမက သဘက်ဖြူကို သုံးပြီး လူအိုကြီး၏ ဒဏ်ရာများကို ဂရုတစိုက် ဆေးကြောပေးနေသည်။ သူမ၏ နှလုံးသားက နာကျင်နေပြီး တရှုံ့ရှုံ့ငိုနေသည်။
လူအိုကြီး၏ ပါးရေတွန့်နေသော မျက်နှာတွင် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ရှိနေသည်။ သူ၏ပါးစပ်နှင့် နှာခေါင်းမှလည်း သွေးများက ထွက်နေသေးသည်။ သူ၏ ထူထဲသော ဆံပင်ကပင် သွေးစွန်းနေသည်။
“ဒီမျုးမစစ်တွေက ဘယ်လိုတောင် လုပ်ရက်တာလဲ။”
ယဲ့ဖန်းကလည်း ရင်နာသွားသည်။ သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက်လှမ်းနေပြီဖြစ်သည့် ထိုကြင်နာတတ်သည့်လူအိုကြီးကို ထိုမျှအထိ ကြောက်စရာကောင်းအောင် တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်ရပ်က ဒေါသထွက်ချင်စရာကောင်းသည်။ ရှောင်ထင်ထင်ဆိုလည်း ချစ်စရာကောင်းပြီး သိတတ်ကာ နာခံလိမ္မာသည်။ သူမက ၅နှစ် ၆နှစ်အရွယ်သာ ရှိသေးသည်။ သို့သော် သူမက နဖူးသို့ အထိုးခံရကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။
ထိုတခဏတွင် သူမ၏မျက်နှာတွင် ဝမ်းနည်းသောပုံရိပ်များ ပြည့်နှက်နေခဲ့သည်။ ထိုမြင်ကွင်းက ရင်နာချင်စရာကောင်းသလို သနားစရာလည်း ကောင်းသည်။
“အကိုကြီး”
ယဲ့ဖန်း ပြန်လာကြောင်း မြင်သောအခါ ရှောင်ထင်ထင်၏ မျက်ရည်များက စီးကျလာသည်။ သူမက ကျယ်လောင်စွာ ငိုသည်။
“ထင်ထင် လိမ္မာတယ် မငိုနဲ့။ အဖိုးက အဆင်ပြေပါတယ်။”
လူအိုကြီးက ထင်ထင်ကို အလျင်အမြန် နှစ်သိမ့်ပြီးနောက် အသားမာတက်နေသည့် လက်များဖြင့် မျက်ရည်များကို သုတ်ပေးသည်။ ထို့နောက် ယဲ့ဖန်းကို အံ့အားတကြီး ကြည့်ကာ ပြောသည်။
” ဒီသမင်၊ ဆန်နဲ့ ခေါက်ဆွဲတွေက…”
“ကျွန်တော် တောထဲမှာ သမင်ဖမ်းမိခဲ့တာ။ ဆန်နဲ့ခေါက်ဆွဲကတော့ သမင်တစ်ကောင်နဲ့ လဲခဲ့တာပဲ။”
ယဲ့ဖန်းက ပစ္စည်းများကို ချပြီး​နောက် ကျောက်စိမ်းပုလင်းလေးကို ထုတ်သည်။ ထိုပုလင်း၏ အဖုံးကို ဖွင့်ပြီးနောက် အထဲမှ အရည်များကို လောင်းထည့်လိုက်ပြီး လူအိုကြီး၏ ဒဏ်ရာများကို ကုသပေးသည်။
“မင်းက ငါတို့ဆီက တစ်နပ်ပဲ စားထားတာပါ။ ဒီလိုမျိုးအထိ လုပ်ဖို့ မလိုပါဘူး။”
လူအိုကြီးက စကားလုံး ကောင်းကောင်း မသုံးတက်ချေ။ သို့သော် သူက ကျေးဇူးတင်စိတ်ကို နားလည်နေသည့်တိုင် စကားလုံး များများစားစားဖြင့် မပြောနိုင်ချေ။
“ဦးလေး ဒီလိုပြောဖို့ မလိုပါဘူး။ တစ်နပ်က ဘာရယ်မဟုတ်ဘူးဆိုပေမဲ့လည်း ရင်းနှီးကျွမ်းဝင်မှုက ပိုပြီးအရေးကြီးတာပဲ။ ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ထင်ထင်လေး၏ မျက်ရည်များကို သုတ်ပေးသည်။
“ထင်ထင် မငိုနဲ့တော့။ အကိုကြီးက အနာဂတ် ဒီမှာနေမှာဆိုတော့ ညီမလေးတို့ ဒုက္ခမဖြစ်စေရဘူး။ ဟုတ်ပြီလား။”
“အကိုကြီး…”
ရှောင်ထင်ထင်၏ မျက်နှာက နီရဲသွားပြန်သည်။ သူမ၏ မျက်တောင်ရှည်များက တုန်ရီလာပြီး မျက်ရည်များက ကျဆင်းလာသည်။ ထို့နောက် သူမ၏ အဖာအထေးပြည့်နေသော ဖိနပ်ကို ငုံ့ကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောသည်။
“ဒါပေမဲ့ အဲ့ဒီ လူဆိုးတွေက ထပ်လာပြီး အနိုင်ကျင့်ဦးမှာပဲ။”
“မကြောက်နဲ့။ အကိုကြီးက ဒီလူဆိုးကောင်တွေက ထင်ထင်းကို ဆက်ပြီး အနိုင်မကျင့်နိုင်အောင် လုပ်ပေးမယ်။”
ယဲ့ဖန်းက သူမ၏ ခေါင်းကို ဖြည်းဖြည်းပွတ်လိုက်သည်။ ထိုမျှချစ်စရာကောင်းပြီး သိတတ်လိမ္မာသည့် မိန်းခလေးက ထိုသို့ အနိုင်ကျင့်ပြီး အရှက်ခွဲခံခဲ့ရသည်။ ထိုဖြစ်ရပ်က သူ့ကို စိတ်ငြိမ်အောင်လုပ်ရန် ခက်ခဲစေသည်။
” ကလေး …။ အလျင်စလို မလုပ်နဲ့။”
လူအိုကြီးက ယဲ့ဖန်း၏ ဒေါသကို ခံစားမိသည့်အတွက် ထိတ်လန့်သွားပြီး ပြောလိုက်သည်။ ထိုလူငယ်လေးက စဥ်းစားဆင်ခြင်မဲ့စွာဖြင့် အလျင်စလို ပြုမူလိုက်မိလျှင် သူ့ကို ကပ်ဘေးဆိုက်သွားပေလိမ့်မည်။ ဤနည်အားဖြင့် သူက မသင်ဆိုင်သည့် ကိစ္စအတွင်း ပါ၀င်ပတ်သက်သွားပေလိမ့်မည်။ ထို့ကြောင့် သူက ပြောသည်။
“ငါတို့ သူတို့ကို ရန်သွားစလို့ မရဘူး။ လေ ကလန်မှာ ကျင့်ကြံသူတွေ ရှိတယ်။ ငါတို့ သေမျိုးတွေက သူတို့ကို ရန်စလို့ မရပါဘူး။”
လူအိုကြီးက သက်ပြင်းအရှည်ကြီးကို ချပြီးပြောသည်။
“ငါက အိုနေပါပြီ။ ငါ ဒီမွေးရပ်မြေက ထွက်မသွားချင်ဘူး။ ဘာဘဲဖြစ်ဖြစ် ဒီနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့တာလေ။ အခုတော့ ရွေးချယ်စရာ မရှိဘဲ ထွက်သွားရ​တော့မယ်။ ထင်းထင်းအတွက် ဒီနေရာက အရာအားလုံးကို စွန်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မွေးရပ်မြေကနေ ထွက်သွားပြီး စားစရာအတွက် တောင်းစားရမယ်ဆိုရင်​တောင်မှ ဒီနေရာမှာတော့ ဆက်နေလို့ မဖြစ်တော့ဘူး။”
“အဖိုး…”
ရှောင်ထင်ထင်၏ မျက်နှာတွင် မျက်ရည်များက ပြည့်နှက်လာသည်။
“လိမ္မာတယ် ကလေး။ ထင်ထင် .. မငိုနဲ့။ ဦးလေး လောလောဆယ်တော့ ဒီနေရာက ထွက်သွားမယ်ဆိုတဲ့အကြောင်း မပြောပါနဲ့ဦး။”
ရှောင်ထင်ထင်ကို နှစ်သိမ့်ပြီးနောက် ယဲ့ဖန်က လူအိုကြီးကို ပြောသည်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော်လည်း ဒုက္ခမရောက်စေရပါဘူး။ အရင်ဆုံး ဒီဆိုင်ကို ပိတ်ထားလိုက်ပါ။ ကျွန်တော်အကြံအစည်တစ်ခု တွေးကြည့်မယ်။ ဘာမှမတွေးနိုင်ဘူးဆိုရင်တောင် ဦးလေးနဲ့အတူ ထွက်သွားမယ် ဟုတ်ပြီလား။”
ယဲ့ဖန်းကလည်း သေမျိုးများတွင် မလုပ်နိုင်သည့် ကိစ္စပေါင်းများစွာရှိကြောင်း နားလည်ထားသည်။ နာကျင်စရာအကောင်ဆုံးကိစ္စက သားတစ်ယောက်ကို ဆုံးရှုံးရပြီးနောက် မွေးရပ်မြေကို စွန့်ခွာသွားရခြင်း​​ ဖြစ်သည်။ လူအိုကြီးက သူ၏ သားကို ဆုံးရှုံးပြီးလေပြီ။
သို့တိုင် ဒီမြို့ငယ်လေးမှ ထွက်သွားရန် ဖိအားပေးခံရသေးသည်။ ထိုသို့ဖြင့် သူ၏နှလုံးသားမှ နာကျင်မှုကို သိနိုင်သည်။ ထိုမြေးအဖိုးနှစ်ယောက်က ထိုသို့ ကံဆိုးမည့်အရေးကို ယဲ့ဖန်းအနေဖြင့် မမြင်ချင်ပေ။
“ကျွန်တော့်ကို အသေးစိတ်ပြောပြပါ။ လ ကလန်မှာ ဘယ်လိုနောက်ခံရှိတာလဲ။ ”
” ကလေး …။ မင်း ဘာလုပ်မလို့လဲ။ ငါတို့ပစ္စည်းတွေ သိမ်းပြီး မနက်ဖန်ပဲ ထွက်သွားရအောင်ပါ။ ငါတို့ ဘယ်တော့မှ ပြန်မလာကြဘူး။ အခု​တော့ သူတို့ကို ရန်မစဘဲနေရအောင်။”
“ကျွန်တော်က စဥ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့သူမှ မဟုတ်တာ။ မစိုးရိမ်ပါနဲ့။”
ယဲ့ဖန်က ဆက်တိုက်မးနေသောကြောင့် လူအိုကြီးက ပြောပြလိုက်ရသည်။
လေကလန်က ဤမြို့မှ အင်အားအကြီးဆုံး ကလန်များထဲမှ တစ်ခုဖြစ်သည်။ ကလန်မှ လူ၃ယောက် ၄ယောက်ခန့်က အပြင်တွင် ကျင့်ကြံနေကြသည်။ ကျင့်ကြံသူများက သာမန်လူများအတွက် အလွန်လျှို့ဝှက်ဆန်းကြယ်သော သူများဖြစ်သည်။ သူတို့ကို သာမန်အားဖြင့် မမြင်နိုင်ကြချေ။ မြို့ထဲရှိ လူများက လေကလန်ကို အလွန်ကြောက်ကြသည်။
ယဲ့ဖန်က လူအိုကြီးက အချို့ကိစ္စများကို မပြောခဲ့ကြောင်း နားလည်လိုက်သည်။ ဥပမာအားဖြင့် ကျန်းကလန်ကလည်း အလွန်ချမ်းသာခဲ့ပြီး မြို့ထဲတွင် စားသောက်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် သူ၏ သားက ရုတ်တရက် သေဆုံးသွားခဲ့သည်။ သို့သော် ထိုအကြောင်းအရာကို သူက မပြောချေ။
“ထင်ထင် ရေနွေးပူနဲ့ သဘက်ကို နွေးထွေးအောင်လုပ်ပြီး အဖိုးရဲ့အနာတွေကို ကပ်ပေးလိုက်ပါ။”
ထင်ထင်လေးကို အဝေးသို့လွှတ်ပြီးနောက် လူအိုကြီးက ပြောသည်။
“ညီငယ်လေး မင်းက သာမန်ကလေး မဟုတ်မှန်း ငါသိတယ်။ ဒီလို အသက်အရွယ်နဲ့ သမင်တစ်ကောင်ကို ဖမ်းဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ ဒီတော့ မင်းက ကျင့်ကြံနည်း အဆင့် နည်းနည်းသိလောက်တယ်။ ဒါပေမဲ့ လေ ကလန်ကို ရန်မစဖို့ ပြောချင်တယ်။”
လူအိုကြီးက ဆက်ပြောသည်။
“သူရဲ့သားနဲ့ချွေးမက ကျင့်ကြံသူတွေပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က သူတို့ကို ဂိုဏ်းတစ်ခုက အတော်လေးကို သဘောကျထားခဲ့တာ။ မြို့ထဲက လေကလန်က သူတို့နဲ့ ဆက်ဆံရေးကောင်း ထူထောင်ထားနိုင်ခဲ့တယ်။ ဘယ်သူကမှ သူတို့ကို ရန်မစချင်ကြဘူး။”
“ကောင်းကင်ဂူတွေထဲကလား။”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ မြူကောင်းကင်ဂူကိုလည်း သူက မှတ်မိနေသေးသည်။ ထိုဂိုဏ်းမှ ဂိုဏ်းခေါင်း​ဆောင် လူအိုကြီး၏ သားက ယန် တိုင်းပြည်ကြီးမှ ကောင်းကင်ဂူ ၆ခု ထဲမှ တစ်ခုတွင် ဖြစ်နေသည်။ နောက်ပြီး ထိုနေရာကလည်း မြို့နှင့် အလှမ်းဝေးနေသည်။
လေကလန်မှ လူအများစုက ကောင်းကင်ဂူတွင် ကျင့်ကြံနေကြသည်။ သူတို့ထဲမှ တစ်ယောက်က လူအိုကြီး၏သားနှင့် တစ်ချိန်တည်းလိုလို ဝင်ရောက်ခြင်းဖြစ်သည်။ သို့သော် တိုးတက်မှုများက နောက်ကျန်ရစ်ခဲ့သည်။
“လေကလန်ရဲ့ကလေးက မကောင်းတဲ့ရည်ရွယ်ချက်ရှိပြီး အကျိုးသင့်အကြောင်းသင့် မလုပ်ဆောင်ဘဲ မကောင်းတဲ့ကိစ္စတွေ လုပ်ခဲ့ပြီး ငါတို့ အိမ်က ကလေးကတော့ ဖြောင့်မတ်လွန်းတယ်။ ဒါကြောင့် သူက ဝင်ပါမိသွားတယ်။ နောက်ဆုံးမှာတော့ သူတို့က ရန်သူတွေဖြစ်သွားကြတယ်။”
” ထင်ထင့်အဖေရဲ့ပါရမီက အရမ်းထူးခြားတယ်။ သူ့ကို မြူကောင်းကင်ဂိုဏ်းက အရမ်းကို အလေးထားကြတာ။ ဒါကြောင့် သူနဲ့ တချိန်ထဲဝင်တဲ့ လေကလန်က တပည့်ဂိုဏ်းသားကို သူက ကြောက်စရာမလိုခဲ့ဘူး။ ဒါပေမဲ့ အခြေအနေဆိုတာ ခန့်မှန်းလို့မှ မရတာ။ လူတွေက ကံကောင်းတာနဲ့ ကံဆိုးတာကို ကြုံတွေ့နေရတာပဲ။ လွန်ခဲ့တဲ့၂နှစ်လောက်က ထင်ထင်ရဲ့အဖေနဲ့အမေက တောင်ပေါ်ကနေ ဆေးပင်တွေရှာဖို့ ထွက်သွားတော့ မိုးကြိုးငှက်တွေရဲ့ လက်သည်းချက်အောက်မှာ သေဆုံးသွားခဲ့ရတယ် … ။”
ထင်ထင်ရဲ့မိဘတွေသေသွားတော့ လေကလန်က ဘာကန့်သတ်ချက်မှ မရှိတော့သလိုမျိုး အရင်ဆုံးစားသောက်ဆိုင်ကို ယူသွားတယ်။ အဲ့ဒီနောက်တော့ တည်းခိုအိမ်ကို ယူတယ်။ သူတို့က ဒီအခြေနေထိရောက်အောင် ဖြစ်သွားစေခဲ့တာပဲ။”
ထိုအချိန်တွင် ရှောင်ထင်ထင်က သဘက်ကို ဆေးကြောပြီးနောက် ပြန်လာသည်။ သူမက ​ကြွေထည်ရုပ်လေးလို ထင်ရသည်။ သို့သော် သူမ၏ အသက်အရွယ်နှင့် မလိုက်သောအရာတစ်ခုကို ပြောပြလိုက်သည်။
“ဒီလောကမှာ ကောင်းတဲ့သူတွေက အမြဲအနိုင်ကျင့်ခံရတာလဲ။ ဆိုးတဲ့သူတွေကတော့ အသက်ရာကျော်ရှည်ကြတယ်။”
သူမ၏စကားနှင့် မတရားခံရသော မျက်နှာအမူအရာအရ ယဲ့ဖန်းနှင့် လူအိုကြီးက တယောက်ကို တယောက်ကြည့်လိုက်ကြပြီး သူမကို မည်သို့နှစ်သိမ့်ရမည်ဖြစ်ကြောင်း မသိကြတော့ချေ။
“ဒီလောကမှာ လူကောင်းတွေ အများကြီးရှိပါသေးတယ်။ ထင်ထင်က တစ်ဖက်ထဲကိုပဲ မြင်နေရလို့ပါ။ အနာဂတ်မှာ ကောင်းတဲ့အရာတွေ အများကြီးဖြစ်လာမှာပါ။”
ယဲ့ဖန်းက သူမ၏ နှလုံးသားထဲကို မကောင်းတဲ့ခံစားချက်တွေ ခပ်စောစော မဝင်စေချင်ချေ။
“ဟုတ်တယ်။ အကိုကြီးဆိုလည်း လူကောင်းပဲလေ။ ညီမတို့ကို အခုလိုကူညီပေးတယ်။ အဖိုးနဲ့ ထင်ထင်က အသက်ရှည်မှာ။”
လူအိုကြီးကလည်း ပြုံးကာဝင်ပြောသည်။
“ဒီနေ့ ထင်ထင်စားဖို့အတွက် သမင်သားနှပ်ပေးမယ်။”
လူအိုကြီးက ယဲ့ဖန်း၏ အကြံပြုချက်အတိုင်း ဆိုင်ကိုပိတ်လိုက်သည်။ ညနေတွင် သူတို့အားလုံးက စားကောင်းသောက်ဖွယ်များကို ​စားသောက်ကြသည်။ ထင်ထင်လေး၏မျက်နှာလေးကမူ သွေးရောင်လွှမ်းလာသည်။ သူမက နောက်ဆုံးတွင် ပြုံးနိုင်လေပြီ။
ထိုညနေစောင်းတွင် ယဲ့ဖန်းက မြို့ငယ်လေးပတ်ပတ်လည် လျှောက်သွားပြီး လေကလန်၏ အခြေအနေကို လေ့လာသုံးသပ်သည်။
လူအိုကြီး၏ စားသောက်ဆိုင်နှင့် တည်းခိုဆောင်နေရာများကိုလည်း လိုက်ကြည့်သည်။ ထို့နောက် သူက လူအများအပြားထံမှ ထပ်မံစုံစမ်းခဲ့သည်။ သူကလည်း အဆုံးတွင် အလျင်စလို ပြုမူခြင်းမျိုး မပြုခဲ့ချေ။ သူက အပြုအမူမှားယွင်းသွားလျှင် လူအိုကြီးနှင့် ရှောင်ထင်ထင်သာ နာကျင်ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် အခြေအနေက ထိုလူများကို ကူညီပြီး အသား နာကျင်အောင်လုပ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
“မြူကောင်းကင်ဂူကို ဝင်နေတဲ့ လေကလန်က ကျင့်ကြံသူတွေက အတော်များတယ် .. ။”
ယဲ့ဖန်းက ယုံကြည်မှု မရှိတော့ချေ။ မည်သို့ပင်ဆိုစေ သူက ကျင့်ကြံခါစ ဖြစ်သည်။ ထို့အပြင် ယင်းက ဒုက္ခများသောကိစ္စ မဟုတ်သေးချေ။ ဒုက္ခအများဆုံးကိစ္စက လေ ကလန်ထဲမှ တစ်ယောက်က မဟာထာဝရရှင်သန်ခြင်းဂိုဏ်းဆိုသည့် ယန်တိုင်းပြည် အပြင်ဘက် ဂိုဏ်းတစ်ဂိုဏ်းတွင် ကျင့်ကြံနေခြင်း ဖြစ်သည်။ သူက ထူးခြားသော အောင်မြင်မှုများကို လုပ်ထားနိုင်သည်နှင့် တူသည်။
” လေ ကလန်က ကိုင်တွယ်ဖို့ အတော်ခက်နေပြီ။ ကြည့်ရတာ ငါ တခြားနည်းလမ်းတစ်ခုကို တွေးရတော့မယ်။”
ထိုအချက်က ယဲ့ဖန်းကို ကျင့်ကြံရန် ဆုံးဖြတ်ချက် ပို၍ ပြတ်သားသွားစေခဲ့သည်။ သူက အင်အားကြီးမားလာမှသာ သူ့လက် သူ့ခြေ အချုပ်အနှောင်ခံရမည့်အရေးမှ ကာကွယ်နိုင်မည် ဖြစ်သည်။ သူက ဦးလေးကျန်းနှင့် သနားစရာကောင်းသော ရှောင်ထင်ထင်ကို မြင်လျှင် သူ အင်အားကြီးမားနိုင်မည့် ကိစ္စက မခက်ခဲလောက်တော့ချေ။
“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီမျိုးမစစ်တွေကို ဒီနေ့လိုမျိုးထပ်လာပြီး တိုက်ခိုက် ခွင့်ပြုလို့ မရဘူး။”
ယဲ့ဖန်းက ချက်ချင်းလိုလို မလှုပ်ရှားခဲ့ချေ။ အလျင်စလို လှုပ်ရှားလိုက်ပါက ကိစ္စများကို ပျက်စီးစေပေလိမ့်မည်။ သူက တည်ငြိမ်စွာဖြင့် စားသောက်ဆိုင်လေးသို့ ပြန်သည်။
ထို့နောက် သူ၏ အခန်းထဲသို့ ဝင်ကာ ကျင့်ကြံနေလိုက်သည်။ ရွှေရောင်စာအုပ်၏ စာရွက်တစ်ရွက်နှင့် လျှို့ဝှက်ဆန်းကြယ်သော ကြေးနီရောင် အတုံးလေးကို ရရှိပြီးနောက် သူက ထိုအရာများကို ဂရုတစိုက် မစစ်ဆေးကြည့်ရသေးချေ။ လက်ရှိအချိန်တွင် ရွှေရောင်စာအုပ်ကို ဦးစွာ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူက တာအိုကျမ်းစာပိုဒ်ကို အသုံးပြုပြီးနောက်တွင် အထဲကို စတင်ကာ စစ်ဆေးကြည့်သည်။ အဝါရောင်ပဲစေ့အရွယ်အစားခန့်ရှိသည့် သူ၏ ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်က အမှောင်ထဲတွင်ရှိသည့် နတ်လမင်းတစ်စင်းအလား ထင်ရသည်။
ရိုးရှင်းသော်လည်း တောက်ပနေသည့် ကြေးနီရောင်တုံးလေးက ရွှေရောင်ပင်လယ်၏ အလယ်ဗဟိုရ်နေရာတွင် ရှိနေသည်။ ထိုအရာက တည်ငြိမ်နေပြီး ကျောက်တုံးအလား မြဲမြံစွာဖြင့် မရွေ့မလျားပဲရှိနေသည်။
ရွှေရောင်စာရွက်ကမူ ထောင့်တစ်နေရာသို့ တွန်းပို့ခံထားရသည်။ သို့သော်သူ၏တောက်ပမှုက စီးဆင်းနေသေးပြီး နတ်ဘုရားဆန်သည့် မြင့်မြတ်သည့်အလင်းတန်းများကို လွှင့်ထုတ်နေသေးသည်။ သိပ်သည်းစွာရှိနေသည့် သင်္ကေတပေါင်းများစွာက ကြယ်စင်များကဲ့သို့ ထင်ရပြီး ရွှေရောင်အလင်းကို ဖြာထုတ်နေကာ အထွတ်အမြတ်ဆန်သည့် အရှိန်အဝါကို ဖော်ထုတ်နေသည်။ ရွှေရောင် စာရွက်က အလယ်သို့ပြန်လာချင်သည်နှင့် တူသည်။ သူက မည်မျှပင် တောက်ပနေစေကာမူ ကြေးနီရောင်တုံးလေးကို ရွှေ့၍ မရချေ။ ဤနည်းအားဖြင့် ထောင့်တစ်နေရာတွင်သာ နေနေရသည်။
ယဲ့ဖန်း၏စိတ်က ရွှေရောင်စာရွက်ထံ နစ်မြှုပ်သွားသည်။ ယခင်တစ်ခေါက်က နည်းတူ တူညီသောပြဿနာကို ရင်ဆိုင်နေရသေးသည်။ စာလုံးပေါင်းများစွာက အလွန်သေးငယ်နေလေရာ မျက်လုံးများ နာကျင်သွားပြီး ဆက်လက်၍ မကြည့်နိုင်တော့ချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ .. ။ ဒီစာအုပ်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းကို ကျင့်ဖို့နည်းလမ်း မရှိတော့ဘူးလား။”
ယဲ့ဖန်းက မျက်မှောင်ကြုံ့သည်။ ၄င်းက တောင်တန်းအလွန်၏ ရတနာရှိနေသော်လည်း မယူထုတ်နိုင်သလို ဖြစ်သွားသည်။ သူက ကြေးပြားတစ်ပြားကိုပင် ပိုင်ဆိုင်ထားသည်။
ရုတ်တရက် ယဲ့ဖန်းက တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ၏ အိတ်ကပ်ထဲမှ တစ်ခုခုကို ဆွဲထုတ်လိုက်သည်။ သူ၏ လက်ထဲတွင် အနက်ရင့်ရောင် ဗောဓိအစေ့လေးက ပေါ်လာသည်။ ထိုအရာက အလွန်သေးငယ်ပြီး သဘာဝအလျှောက် ဖြစ်တည်နေသည့် သင်္ကေတပေါင်းများစွာရှိသည်။ သင်္ကေတများက အချင်းချင်းဆက်စပ်နေပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ခု ပေါ်နေသည်။ ​ဗုဒ္ဓရုပ်ပွားတော်ပုံက သဘာဝအလျှောက် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရိုးရှင်းကာ သဘာဝဆန်သည်။ ထိုအရာမှ ကျမ်းစာ အရှိန်အဝါ ပေါင်းများစွာ ဖြာထွက်နေသည်။
” ဒီဗောဓိသစ်ပင်က သူ့ရဲ့တာအိုကို လူတွေ နားလည်သဘောပေါက်အောင် ကူညီပေးနိုင်စွမ်းအားရှိတယ်။ ငါ ဒီဗောဓိမျိုးစေ့ကို ကြိုးစားပြီး အသုံးပြုကြည့်မယ်။”
ထိုအရာကြောင့် ယဲ့ဖန်းက လျှို့ဝှက်ဆန်းကြယ်သည့် ကျမ်းစာပိုဒ်ကို ကြေးနီရောင် အခေါင်းထဲ မရိုက်ထည့်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုတစ်ခဏတွင် ရွှေရောင်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် လျှိုဝှက်ဆန်းကြယ်သော သိုင်းကို သူ ကျင့်ကြံနိုင်ခြင်း ရှိ မရှိ ဆိုတာက ဒီဗောဓိမျိုးစေ့ပေါ် မူတည်နေသည်။ ဗောဓိသစ်ပင်တွင် အခြား နာမည် ရှိသေးသည်။ ထိုအရာက ဉာဏ်ပညာသစ်ပင်၊ ဉာဏ်အလင်းပွင့်သစ်ပင်နှင့် အတွေးသစ်ပင်ဆို၍ ဖြစ်သည်။ ဒဏ္ဍာရီအရ ထိုသစ်ပင်က လူတစ်ယောက်၏ စဥ်းစားဆင်ခြင်နိုင်စွမ်းအားကို မြင့်မားစေနိုင်ပြီး အတွေးအခေါ်များကို မြင့်မြတ်စေကာ ဉာဏ်အလင်းပွင့်စေနိုင်စွမ်းအား ရှိသည်။
ယဲ့ဖန်းက ထိုဗောဓိမျိုးစေ့လေးကို ကိုင်လိုက်သည့်အချိန်တွင် တာအိုကျမ်းစာပိုဒ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော သိုင်းကို တစ်ခါတည်း ထုတ်သုံးလိုက်သည်။ ရုတ်တရက် ရွှေရောင်အပ်ချည်မျှင်ကဲ့သို့ ထင်ရသော အရာများက ဒုက္ခဆင်းရဲပင်လယ်ထဲမှ ထွက်လာပြီး ဗောဓိမျိုးစေ့ထံသို့ စုစည်းလာသည်။
ထိုအခိုက် ပုံရိပ်ယောင်လား အစစ်အမှန်လား မသိ သူ၏ စိတ်က အလွန်အမင်း ပြောင်ရှင်းသွားကာ အလွန်ငြိမ်းချမ်းသွားသည်။ သူက စတင်ပြီး ဒုက္ခဆင်းရဲပင်လယ်ကို ပြန်ကြည့်လိုက်သောအခါ ရွှေရောင်စာရွက်ကို သေချာ အာရုံစိုက်နိုင်သွားသည်။
” တကယ်အလုပ်ဖြစ်တာပဲ။”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ ဗောဓိမျိုးစေ့က သူ၏စိတ်ကို ဗလာကျင်းကာ တည်ငြိမ်သွားစေသည်။ သူက အလွယ်တကူ အာရုံစိုက်နိုင်သွားပြီး ရှေးဟောင်းစကားလုံးများကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ရွှေအပ်များက မျက်လုံးကို ထိုးဖောက်နိုင်စွမ်းအားရှိသော အခြေအနေမျိုးမှ ညင်သာသွားပြီး မျက်လုံးကို မနာကျင်စေတော့ချေ။
” ငါ နောက်ဆုံးတော့ ရတနာဂူကို ဖွင့်လိုက်နိုင်ပြီ။”
ယဲ့ဖန်းက ဗောဓိမျိုးစေ့ကို ကိုင်ထားရင်း စိတ်မငြိမ်နိုင်တော့ချေ။ သူက အလွန် စိတ်လှုပ်ရှားနေသည်။ သူက တာအိုကျမ်းစာပိုဒ်ထဲမှ ပြန်လည်မွေးဖွားခြင်းစာလိပ်ကို ဖွင့်ကာ ဖတ်လိုက်သည်။ အထဲတွင် ရှိသည့် ရှေးဟောင်းသင်္ကေတများက နတ်အလင်းတန်းများကို လွှင့်ထုတ်နေ၏။ ဆက်တိုက်ပင် သင်္ကေတများထဲသို့ စီးဝင်ကာ သူ၏စိတ်ထဲတွင် ကောင်းကင်ရှိ ကြယ်စင်များကဲ့သို့ တောက်ပနေသည်။
အပိုင်း (၇၃) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset