Chapter – 72
ထိုလူကြီးက အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့သည်။ ယဲ့ဖန်းအနေဖြင့် ဤနေရာတွင်နေပြီး ဒုက္ခခံနေစရာမလိုချေ။ အနာဂတ်တွင် ဤနေရာမှ ဖြတ်သွားပြီး ပြန်ကြည့်ပေးသွားနိုင်သည်။
” အဘိုး …။ ပြောရရင် ကျွန်တော့်မှာ အခု နေစရာမရှိဘူး။ သွားစရာလည်း မရှိဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို နေခိုင်းပါ။ ကျွန်တော် ကူညီပေးနိုင်ပါတယ်။”
“အကိုကြီးမှာ အိမ်မရှိဘူးလား။”
ကောင်မလေးက အပြစ်ကင်းစင်ကာ ချစ်စရာကောင်းသည်။ သူမ ၏မျက်နှာရှိ မျက်ရည်များကပင် မခြောက်သေးချေ။ ယဲ့ဖန်းကိုမူ စာနာသနားသောမျက်လုံးဖြင့် မော့ကြည့်သည်။
အဆုံးတွင်မူ ယဲ့ဖန်းကို နေခွင့်ပြုလိုက်ရသည်။ သူက ခြံအနောက်ဘက်ပိုင်းမှ အခန်းတစ်ခန်းကို သန့်ရှင်းပေးပြီးနောက် အချိန်မရွေး ထွက်သွားနိုင်ကြောင်းလည်း ပြောသေးသည်။
ညအခါ ယဲ့ဖန်းက အိပ်ယာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့် လှိမ့်ပြီး အိပ်မပျော်နိုင်သေးချေ။ သူက နောက်ဆုံးတွင် ထလိုက်ပြီးနောက် ခေါင်မိုးပေါ်သို့ တိတ်တဆိတ်တက်သွားလိုက်သည်။ သူက ထိုနေရာတွင် လှဲပြီးကောင်းကင်ကို မော့ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ရှိ တိမ်စိုင်များက ပျက်ပြယ်သွားပြီသည်။ တောက်ပသည့်လမင်းက ထင်ရှားစွာရှိနေပြီး သူက အလင်းရောင်ကို ပါးလျာသည့် မြူထုသာထုတ်ပေးနေသည်။ ကောင်းကင်က ကြယ်များဖြင့် အစက်ချထားသလို တောက်ပပြီး ထင်လင်း လွန်းနေသည်။ လူအိုကြီးနှင့် ကလေးမလေးကြားက ချစ်ခြင်းက သူ၏နှလုံးသားမှ ဖုံးကွယ်နေသည့် တစ်စုံတစ်ရာကို ထိသလိုဖြစ်သွားသည်။ သူ၏ မိဘများ မျက်နှာက မျက်စိထဲတွင် ပေါ်လာသည်။
“အားလုံး ဘယ်လိုများနေကြလဲ … ။”
ယဲ့ဖန်းက ကြယ်ကောင်းကင်ကို ကြည့်နေရင်း အဆုံးအစမဲ့အောင် ကျယ်ပြောသည့် ကောင်းကင်ကို ကျော်ဖြတ်ပြီး အခြားတစ်ဖက်ခြမ်းသို့သွားကာ မိဘများထံသို့ ပြန်ချင်သွားသည်။ သူက သူ၏ မိဘများအကြောင်း တွေးမိသည့်အချိန်တွင် သူ၏ နှလုံးသားက မတည်ငြိမ်နိုင်တော့ချေ။ ရုတ်တရက် သူ လွမ်းဆွတ်တမ်းတလာသည်။ သူ၏ အသက်အရွယ်က ကြီးရင့်နေပြီဖြစ်သည်။ မိဘများကို လွမ်းဆွတ်တမ်းတသွားမိသည်။ ထိုမိဘများက သူ့ကို လွမ်းနေကြတော့ပေမည်။
သူ၏ မိဘများကမူ အသက်ကြီးမှ ရထားသော တစ်ဦးတည်းသော သားကို ဆုံးရှုံးရသောအခါ ပြင်းထန်လွန်းသော နာကျင်မှုမျိုးကို တောင့်ခံနိုင်မည် မဟုတ်ချေ။ မိဘများ၏ ဝမ်းနည်းမှုအကြောင်း တွေးမိသောအခါ ယဲ့ဖန်းက ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။ သူကချက်ချင်းလိုလို မိဘများထံပြန်ပြီး သူတို့၏ နှလုံးသားကို တည်ငြိမ်အောင် ပြုံးပြချင်သည်။
သို့ရာတွင် အဆုံးအဆမဲ့အောင် ကျယ်ပြောသော ကြယ်ကောင်းကင်ကြီးတစ်ခုလုံးက သူတို့ကို ခြားထားသည်။ အကွာအဝေးက အလွန်ကြီးမားသည်။ သူ့အနေဖြင့် ပြန်နိုင်တော့မည်ဟုပင် မထင်ချေ။ သူ၏နှလုံးသားထဲတွင် ကူကယ်ရာမဲ့မှုများက ပြည့်နှက်လာသည်။ သူက ကြယ်ကောင်းကင်ကိုသာ ဒီအတိုင်း ကြည့်နေလိုက်သည်။ သူက မိဘများ၏ စိတ်အခြေအနေအကြောင်း တွေးမိလာကာ အလွန်စိုးရိမ်လာမိသည်။ သူက ဒီလောကသို့ လာပြီးချိန်ကတည်းက ထိုမိဘများကိုသာ နေ့စဥ် လွမ်းဆွတ်တမ်းတနေရသည်။ သူက ဖုန်းခေါ်၍ မရသလို ဆက်သွယ်၍လည်း မရချေ။ သူက ထိုသို့တွေးမိချိန်တိုင်းတွင် စိတ်မငြိမ်နိုင်တော့ချေ။
“မဟုတ်ဘူး။ ငါ သေချာပေါက် ပြန်မဲ့နည်းလမ်းကို တွေ့ရမယ်။ ငါကို သေချာဂရုစိုက်ပေးခဲ့တဲ့ မိဘတွေကို အသက်ကြီးမှ မျက်ရည်နဲ့ မျက်ခွက် မဖြစ်စေချင်ဘူး။”
ယဲ့ဖန်းက ချက်ချင်း ထထိုင်လိုက်ကာ ပြောသည်။
“နည်းလမ်းတော့ ရှိမှာပါ။ သေချာပေါက် ပြန်ရမယ်။”
ရှေးဦးမူလခေတ်ဖြစ်တည်မှု အပျက်အစီးနယ်မြေထဲတွင် ကျင့်ကြံသူပေါင်းများစွာက ကောင်းကင်သို့ ပျံသွားပြီး မြေလျိုးနိုင်ကြောင်း သိခဲ့ရသည်။
ပုဂ္ဂိုလ်ကြီး ၅ယောက်ဆိုလျှင် ပြိုင်ဘက်ကင်းသော နတ်အရှိန်အဝါများကို သုံးနိုင်ကြသည်။ ထိုအခြေအနေအရ ကျင့်ကြံသူများ၏ စွမ်းရည်ကို သူ့ကိုသိစေသည်။ ဖြစ်နိုင်သည်မှာ တစ်ရက်တွင်သူက အင်အားကြီးမားလာခဲ့ပြီး အဆုံးအစမဲ့အောင် ကျယ်ပြောသော စကြာဝဠာကြီးကို ဖြတ်ကျော်ပြီး မွေးရပ်မြေသို့ ပြန်နိုင်ပေလိမ့်မည်။
သူ၏ကိုယ်ပေါ်တွင် မမျှော်လင့်ထားသည့် လုပ်နိုင်စွမ်းအားကို မျက်မြင်တွေ့ကြုံပြီးနောက် ယဲ့ဖန်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တို့ ပြည့်နှက်လာသည်။ သူ၏ အိမ်ပြန်နည်းလမ်းက ပြတ်တောက်မနေသေးချေ။ မျှော်လင့်ချက် ရှိလောက်သေး၏။
” ငါ ပိုပြီး အင်အားကြီးမားလာချင်တယ်။ ငါ ဒီကြယ်စင်ကောင်းကင်တစ်ခုလုံးကို ကျော်ဖြတ်သွားချင်တယ်။ ငါ့ရဲ့မိဘတွေကို မငိုစေချင်ဘူး။ ငါ သူတို့ အသက်ကြီးနေတဲ့အချိန်မှာ အမြဲပြုံးနေတာကိုပဲ မြင်ချင်တယ်။”
ယဲ့ဖန်း၏ စကားလုံးများက ပို၍ပင် ပြတ်သားလာသည်။ သူ၏ခန္ဓာကိုယ်တွင် ယုံကြည်မှုအပြည့်ရှိလာကာ ပြောသည်။
” ငါ သေချာပေါက် လုပ်နိုင်ပါတယ်။ ငါ သူတို့ရဲ့အနားကို ပြန်နိုင်ရမယ်။”
ဝမ်းနည်းပြီး ပူပန်နေလျှင် အသုံးမဝင်ချေ။ ယဲ့ဖန်းက သူ၏စိတ်အခြေအနေကို ထိန်းညှိလိုက်ပြီးနောက် ပြန်ငြိမ်သွားသည်။ ဒီနေ့ သူက လူအိုကြီးနှင့် ကလေးမလေးကြားမှ ချစ်ခြင်းတရားကြောင့် နောက်ဆုံးသော စိတ်ရှုပ်ထွေးမှုများအားလုံးကို ပျက်ပြယ်သွားအောင်လုပ်နိုင်လိုက်သည်။ သူ၏ပန်းတိုင်က သေချာသွားသည်။
“အခေါင်းကို ဆွဲတဲ့ နဂါးကိုးကောင် ကြယ်စင်နယ်မြေကို ကျော်ဖြတ်ပြီး ရောက်လာတယ်။ သူတို့က လုပ်နိုင်မှတော့ ငါလည်း လုပ်နိုင်ရမှာပေါ့။ ငါ လုံလောက်အောင် အင်အားကြီးဖို့ပဲ လိုတယ်။ အနှေးနဲ့အမြန် ငါလေဟာနယ်ကို ကျော်ဖြတ်ပြီး မွေးရပ်မြေကို ပြန်နိုင်ရမယ်။”
ယဲ့ဖန်း၏ မျက်ဝန်းက တောက်ပသည့်ထက် တောက်ပလာသည်။ သူက အင်အားကြီးသည်ထက် ကြီးမားချင်သည်။ ဖန်းပေါ်ကို ကယ်တင်နိုင်ရန်၊ မွေးရပ်မြေသို့ ပြန်နိုင်ရန် လုံလောက်သည့် အင်အားကြီးရန် လိုအပ်သည်။
သူက အိပ်ချင်စိတ်ဖြစ်လာပြီးနောက် အခန်းသို့ပြန်ကာ အိပ်လိုက်သည်။ နောက်တစ်နေ့ မနက်မှသာ လူအိုကြီး၏အသံကြောင့် သူ နိုးလာသည်။
” ကလေး …။ ဘာလို့ အခန်းထဲ ပြန်မအိပ်တာလဲ။ ဂရုစိုက်ဦး ပြုတ်ကျဦးမယ်။”
ယဲ့ဖန်းက အခန်းထဲ ပြန်အိပ်ရန် တွေးခဲ့မိသည့်တိုင် အိပ်ချင်စိတ်ကြီးမားလွန်းပြီး ဤနေရာတွင် အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။
ဘေးနားမှ ကောင်မလေးကလည်း အခန်းထဲမှ အိပ်ချင်နေသေးသော မျက်လုံးများဖြင့် ထွက်လာသည်။ ယဲ့ဖန်းကို ခေါင်မိုးပေါ်တွင် မြင်သောအခါ ချက်ချင်းလိုလို မျက်လုံးအပြူးသားဖြင့် လှမ်းခေါ်သည်။
“အကိုကြီးက ဘာလုပ်နေတာလဲ။”
လူအိုကြီးနှင့် ကလေးမလေးတို့၏ ပဟေဠိဖြစ်နေသောမျက်လုံးများကို မြင်သောအခါ ယဲ့ဖန်းက အနည်းငယ်ရှက်သွားသည်။
“မနေ့ညက တအားပူတော့ အပြင်ဘက် ထွက် လေညင်းခံရင်း အိပ်ပျော်သွားတာပါ .. ။”
ယဲ့ဖန်းက ရှေ့သို့ သက်ဆင်းပြီးနောက် လူအိုကြီးက သူ့ကို ခေါ်သည်။ သူ၏အရှေ့တွင် ဆန်ပြုတ်ဖြူတစ်ပန်းကန်နှင့် ဆားဖြင့် ကြော်ထားသော အရွက်တစ်ပန်းကန်သာ ရှိသည်။ အလွန်ရိုးရှင်းသော်လည်း သူတို့၏ အခြေအနေအရ အကန့်အသတ်ရှိနေသေးသည်။ ကောင်မလေးကမူ နာခံသိတတ်သည့်အတွက် ပန်းကန်လုံးနှင့် တူများကို ပြင်ဆင်ပေးသည်။ ထို့နောက် ကောက်မလေးက ယဲ့ဖန်းအတွက်လည်း ဆန်ပြုတ်ဖြူ တစ်ပန်းကန် ထည့်ပေးသလို အဖိုးအတွက်လည်း အပြည့်ထည့်ပေးသည်။
သို့သော် သူမ၏အလှည့်တွင် အနည်းငယ်သာ စားသည်။ မူလက သူမက ပန်းကန်လုံးလေးဖြင့် အနည်းငယ်သာ စားနေသော်လည်း ထိုအနည်းငယ်ကိုပင် အနည်းငယ် ထပ်စားပြီးနောက် တစ်ဖန် တူနှင့် ပန်းကန်လုံးကို ချလိုက်သည်။
“ဘာလို့ နည်းနည်းပဲစားတာလဲ။”
လူအိုကြီးက သူမကို မေးသည်။
ကောင်မလေးက အဖာအထေးများဖြင့် ပြည့်နေသောဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ မျက်နှာက ရွှေစင်များကဲ့သို့ တောက်ပကာ ဖြူစင်ပြီး ချစ်စရာကောင်းသည့် အရုပ်မလေးအလား လှပ၏။ သူမက ဗိုက်ကလေးကို ပွတ်ပြီးနောက် ပြောသည်။
“သမီး ဗိုက်ပြည့်သွားပြီ။”
“ပေါက်ကရတွေ။ တစ်လုတ် နှစ်လုတ်ပဲ စားထားတာ ဘယ်လို ဗိုက်ပြည့်မှာလဲ။”
“သမီး တကယ် ဗိုက်ပြည့်နေပါပြီ။ မနေ့ညက အဖိုးချန်ထားပေးတဲ့ ကြက်သားတုံးကို စားလိုက်သေးတယ်လေ။ ပေါက်စီတစ်ဝက်လည်း စားလိုက်သေးတယ်မလား။ ဒီတော့ ဗိုက် သိပ်မဆာပါဘူး … ။”
ကောင်မလေးက ပြောပြီးနောက် သူမ၏ ပန်းကန်လေးကို ကိုင်ကာ သွားဆေးရန် ပြင်ဆင်သည်။
လူအိုကြီးက ကောင်မလေးကို ဆူပူပြီးနောက် ဆံပြုတ်ဖြူ နည်းနည်း ထပ်ဖြည့်ပြီးနောက် ပြောလိုက်သည်။
“လိမ္မာတဲ့ ကလေး။ သမီးက ဖွင့်ဖြိုးခါစပဲရှိသေးတယ်။ ဒီတော့ များများစားဖို့ လိုအပ်တယ်။ မစိုးရိမ်ပါနဲ့။ အိမ်မှာ ဆန်ရှိပါတယ်။”
“သမီးက မစိုးရိမ်ပါဘူး။ တကယ် ဗိုက်ပြည့်နေတာပါ အဖိုး။ အဖိုးသာ များများစားပါ။ ”
ကောင်မလေးက သူမ၏ ပန်းကန်လုံးထဲမှ ဆန်ပြုတ်များကို ပန်းကန်လုံးကြီးထဲသို့ ပြန်ထည့်ပေးသည်။
အဖိုးက သူမကို မတားနိုင်တော့ချေ။ သူက ဒီအတိုင်း သက်ပြင်းသာချသည်။
“အဖိုး အဲ့ဒီလူဆိုးတွေက ဒီနေ့ လာဦးမှာလား .. ။”
ကောင်မလေး၏ မျက်နှာလေးက ကြောက်လန့်မှု အပြည့်ရှိနေသည်။ သူမ၏အသံကလည်း တုန်ရီနေသည်။
“သူတို့က သမီးတို့ရဲ့ဆိုင်ကို လိုချင်နေတာ။ အဖိုးကို နေ့တိုင်းနီးပါး ပြဿနာရှာနေတာပဲ။ သမီးတို့ စီးပွားရေးကို မလုပ်နိုင်ဘူး။ သမီးတို့ စားစရာလည်း မရှိတော့ဘူး။ ဘာလို့ သူတို့က သမီးတို့ကို အလွတ်မပေးကြတာလဲ။”
“အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့။ အဖိုး ဒီမှာရှိနေတမျှ သမီး မငတ်စေရဘူး။”
အဖိုးက သူမ၏ ခေါင်းကို ပွတ်သည်။ ကလေးမလေးပန်းကန်ထဲသို့ ဆန်ပြုတ် ထပ်ဖြည့်လိုက်ပြန်သည်။ ယဲ့ဖန်းက ဘာစကားမှမဆိုဘဲ တိတ်တဆိတ်သာ စားနေသည်။ သို့သော် သူ၏ နှလုံးသားကမူ မတည်ငြိမ်နိုင်တော့ချေ။
လူအိုကြီး၏ မျိုးရိုးနာမည်က ကျန်းဖြစ်သည်။
၄င်းက အလွန်ရှေးကျသော မျိုးရိုးနာမည်ဖြစ်သည်။ ခြေရာကောက်လိုက်လျှင် သဲလွန်စများဖြစ်ပေလိမ့်မည်။ လူအိုကြီးက သက်ရှိများထဲမှ သာမန်သာ ဖြစ်နေသည်။ သူ့ဘဝက အလွန်ခက်ခဲသည်။
ထို့အပြင် နာခံကာ အလွန်သိတက်သည့် ကောင်မလေးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ မိဘများက လွန်ခဲ့သော ၂နှစ်ကတည်းက သေဆုံးသွားခဲ့ပြီး သူမကိုသာ ချန်ထားရစ်ခဲ့သည်။ ဤနည်းအားဖြင့် မြေးအဖိုးနှစ်ယောက်က အချင်းချင်း မှီခိုနေကြရသည်။
ယဲ့ဖန်းက ဘာစကားမှ မဆိုချေ။ မနက်စာစားပြီးနောက် လူအိုကြီးကိုပြောသည်။
“ဦးလေး ကျွန်တော် အပြင်ခဏထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်။”
“မင်းက ဒီနေရာနဲ့ ရင်းနှီးတာ မဟုတ်ဘူး။ သတိထားဦး … ။”
လူအိုကြီးက သတိပေးသည်။
မြို့က သိပ်မကြီးချေ။ သို့်သော် သေးငယ်သည်ဟုလည်း ဆို၍မရချေ။ မိသားစု ထောင်ကျော်ရှိသည်။ လူကား တစ်ထောင်ကျော်ဝန်းကျင် နေထိုင်သည်။
လူအစည်ကားဆုံး ဖြတ်သွားဖြတ်လာလမ်းများတွင် တည်းခိုခန်း အနည်းငယ် ရှိသည်။ အခြားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် သူများလည်းရှိသည့။ အခြားသောနေရာများတွင်သာ လူနေထိုင်သော နေရာများဖြစ်သည်။
သူက မြို့ပတ်ပတ်လည် လျှောက်သွားပြီးနောက် မြို့ထဲမှ ထွက်သည်။ မြို့နှင့်အနီးဆုံးက လယ်ကွင်းများရှိသည်။ ထို့နောက် အဝေးတွင် တောင်တန်းတောအုပ်ကြီးရှိသည်။ အမဲလိုက်သမားများက နေ့စဥ်အမဲလိုက်ကြသည်။ ယဲ့ဖန်းက တောင်တန်းအတွင်းသို့ ဝင်လိုက်ပြီးနောက် နက်ရှိုင်းသောအပိုင်းသို့ဝင်လေ ပို၍ အံ့အားသင့်လာလေဖြစ်သည်။
အလွန်မြင့်မားသည့် တောင်တန်းကြီးပေါ်တွင် ရပ်နေပြီးနောက် အဝေးကို ကြည့်လိုက်သောအခါ မြူထုများပြည့်နက်နေပြီး ဝေဝါးသော မူလရှေးဦးဖြစ်တည်မှုတောအုပ်အိုကြီးကို မြင်နိုင်လေသည်။ သို့သော် အဆုံးကို မမြင်ရချေ။
ဝါး …။
တောင်တောအုပ်၏ အနက်ရှိုင်းဆုံးအပိုင်းမှ ဟိန်းသံက တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်ပေါ်လာသည်။ သို့သော် ယဲ့ဖန်းက မစိုးရိမ်ချေ။ ထို့ကြောင့် သူက ပျော်ရွှင်သွားသည်။ ဒီတောင်က သူ့ကို ငြိမ်းချမ်းစွာ ကျင့်ကြံပေးစေနိုင်ယုံသာမကဘဲ တောင်းတန်းများနှင့် အလွန်နီးကပ်နေသောကြောင့် ထူးဆန်းသောသားရဲများနှင့် ဝိညာဥ်ဆေးပင်များလည်း ရှိနိုင်သည်။ ထိုအရာများက သူအလိုရှိသော အရာများဖြစ်သည်။
ယဲ့ဖန်းက နေ့တစ်ဝက်ခန့်နီးပါး လျှောက်သွားလိုက်သည်။ သို့သော် ဝေးဝေး မသွားရချေ။ သူ့တွင် အနာဂတ်တွင် အချိန်များစွာ ရပေလိမ့်မည်။
ထို့ကြောင့် အလောတကြီး လုပ်ရန် မလိုအပ်ချေ။ သူက နေလယ်စောင်းခါနီးမှသာ လမ်းလျှောက်ထွက်လိုက်ပြီးနောက် အမဲလိုက်သမားအချို့နှင့် ဆေးပင်စုဆောင်းသူများနှင့် တွေ့ရသည်။
“သာမန်သူတွေရဲ့ဘဝက တကယ်မလွယ်တာပဲ။”
ယဲ့ဖန်းက သက်ပြင်းချသည်။ သူက အမဲလိုက်သမားအချို့၏ ဆိုးရွားသောဘဝကိုလည်း မြင်နိုင်သည်။ အချို့သော အမဲလိုက်သမားများက သွေးသံတရဲရဲ အလောင်းတစ်လောင်းကို သယ်သွားရသည်။ သူတို့က မြို့ဆီသွားနေသောကြောင့် သားရဲတစ်ကောင်ကြောင့် လူတစ်ယောက်အသတ်ခံရကြောင်း သေချာနေလေသည်။
အဝေးရှိ တောင်စမ်းရေကန်တွင် ရေသောက်နေသည့် သမင်တစ်ကောင်ကိုမြင်ပြီး တိတ်တဆိတ် တစ်ဘက်လှည့်သွားလိုက်သည်။ ထို့နောက် လက်ထဲတွင်ရှိသော တောင်ကျောက်ခဲတစ်ခုကို ကောက်ကိုင်ပြီးနောက် ဗမ်းခနဲပစ်လိုက်သောအခါ ထိုသမင်က ရေကန်ထဲသို့ ဗုန်းခနဲ ပြုတ်ကျသွားသည်။
ထို့နောက် သူက တောင်တောအုပ်ထဲမှ နောက်ထပ် သမင်တစ်ကောင်ကို ဖမ်းမိခဲ့သည်။ ဤနည်းအားဖြင့် သူက နှစ်ကောင်လုံးကို သယ်ကာ ပြန်လာခဲ့သည်။
လမ်းတွင် တချို့သော အမဲလိုက်သမားများက ၁၁နှစ် ၁၂နှစ်အရွယ်ခန့်ရှိမည့် ကလေးတစ်ယောက်က သမင်တစ်ကောင်စီ သယ်ပြီး ပြန်လာသည်ကို တွေ့သောအခါ အံ့အားသင့်သွားကြသည်။ ယဲ့ဖန်းက စိတ်ထဲမထားချေ။ သူက ဒီနေရာတွင် အချိန်ကြာကြာနေမည်ဖြစ်သောကြောင့် ဒီလိုကိစ္စမျိုးကို ရှောင်ရှား၍ မရနိုင်ချေ။
ညနေစောင်းခါနီးပြီဖြစ်သဖြင့် ယဲ့ဖန်းက မြို့ထဲသို့ပြန်သည်။ သူက သမင်တစ်ကောင်ကို သားသတ်သမားတစ်ယောက်ထံ ရောင်းချပြီးနောက် ဆန်နှင့်ခေါက်ဆွဲအချို့ ဝယ်ခဲ့လိုပ်သည်။ အခြားသော သမင်တစ်ကောင်ကိုမူ ဦးလေးကျန်း၏ ဆိုင်အတွက် ပြန်ယူခဲ့လိုက်သည်။
အဝေးမှတစ်ဆင့် ဆိုင်ကို လူအများက ဝိုင်းနေကြောင်း မြင်ရသည်။ ထင်ထင်၏ ကူကယ်ရာမဲ့စွာ အော်သံကိုလည်း ကြားရ၍ ငိုသံကိုလည်း ကြားရသည်။ ယဲ့ဖန်း၏နှလုံးသားက နှလုံးခုန်နှုန်းမြန်ဆန်သွားပြီးနောက် ခပ်မြန်မြန်သွားလိုက်သည်။
လူအိုကြီး၏ ဆံပင်ဖြူများက ဖွာလှန်ကျဲနေသည်။ သူ၏မျက်နှာတွင် သွေးစွန်းရာများက ထင်နေသည်။ သူက မြေပြင်တွင် အားအင်မဲ့စွာ ထိုင်နေရသည်။ သူ၏အဖာအထေးများပြည့်နေသော ဝတ်စုံများလည်း ဖုန်မှုန့်များ လူးနေသည်။ ငယ်ရွယ်သော ထင်ထင်လေးကလည်း သူမ၏ အင်္ကျီလက်သေးသေးလေးဖြင့် လူအိုကြီး၏မျက်နှာမှ သွေးစွန်းရာများကို သုတ်ပေးနေသည်။ သူမက အရှေ့မှလူများကို ကြည့်ကာ အော်ငိုလျက် ပြောသည်။
“နင်တို့က လူဆိုးတွေ။ နင်တို့က အဖိုးရဲ့ဆိုင်ကို လာလုနေတာလား။ အခု ငါတို့မှာ စားစရာတောင် မရှိတော့ဘူး။ ဒါတောင် ငါတို့ကို မလွှတ်ပေးသေးဘူး။”
အဝါရောင်မျက်နှာနှင့် လူက ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် ထင်ထင်လေး၏နဖူးကို ခပ်ပြင်းပြင်းတို့ကာ သူမကို နောက်သို့ လှန်ကျသွားစေသည်။
“မင်းက ဘာသိလို့လဲ။ ကောင်မစုတ်လေး။”
“မင်းမှာ ပြောစရာရှိရင် ငါ့ကိုပြောပါ။ ကလေးကိုတော့ ဒီလိုမလုပ်ပါနဲ့။”
ဦးလေးကျန်းက ထင်ထင်လေးကို သူ့နောက်တွင်ထားကာ ကာသည်။ သူ၏ မျက်နှာမှ သွေးများကိုလည်း သုတ်ပြီးနောက် ပြောသည်။
“မင်းတို့က ဘာလိုချင်တာလဲ။”
“ငါတို့ ဘာမှမလိုချင်ဘူး။ ငါတို့ ဒီနေရာကို စားဖို့လာတာ။ ဒါပေမဲ့ ခများက စားစရာမရှိဘူးလို့ ပြောတယ်လေ။ ဘာလို့ဆိုင်ကို ဖွင့်နေသေးတာလဲ။ ဒီလိုဆိုမှတော့ ဒီအတိုင်း ပိတ်လိုက်ပါတော့လား။”
“လူဆိုးတွေ …။ နင်တို့က နေ့တိုင်း အလကား လာစားနေသေးတယ်။ ငါတို့က ဘယ်ကပိုက်ဆံနဲ့ နင်တို့ကို ကျွေးရမှာလဲ။”
ထင်ထင်လေးက ဦးလေးကျန်းနောက်မှ ငိုသည်။
လူအုပ်ထဲရှိ အခြားသူများက ဆက်မကြည့်နိုင်ကြတော့ချေ။ သို့သော် ဘယ်သူမှ ရှေ့ထွက်ပြီးတော့ မပြောရဲကြချေ။ ဒီအတိုင်း ဦးလေးကျန်းကိုသာ ဖြောင့်ဖြနေကြသည်။
“ဦးလေးကျန်း ဒီဆိုင်ကြီးကို ပိတ်လိုက်ပါတော့ မင်းရဲ့မြေးကိုခေါ်ပြီး ထွက်သွားလိုက်ကြပါလား။”
“ဟုတ်တယ်။ သူတို့ရဲ့မိသားစုမှာ ကျင့်ကြံသူတွေရှိတယ်။ ငါတို့လို သာမန်သူတွေက ရန်စလို့ ဘယ်ဖြစ်ပါ့မလဲ။ မင်းတို့ အမြန်ထွက်သွားလိုက်ပါတော့။”
“ငါတို့က မွေးရပ်မြေက ထွက်သွားရမယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ ပိုကောင်းကောင်းထွက်သွားနိုင်မှာပါ။”
“မင်းတို့ ဘာတွေလာပြောနေတာလဲ။”
အဝါရောင်မျက်နှာ လူက မတ်တပ်ထရပ်လိုက်ပြီးနောက် လူအုပ်ကို ကြည့်သည်။ အားလုံး၏အသံက တိတ်သွားသည်။
ယဲ့ဖန်း၏ ဒေါသများက ထောင်တက်လာသည်။ သို့သော် သူက ချက်ချင်းမလှုပ်ရှားခဲ့ချေ။ သူတို့၏မိသားစုရှိ ကျင့်ကြံသူရှိသည်ဟု ပြောကတည်းက အလျင်စလို လှုပ်ရှားလိုက်မိလျှင် ထိုမြေးအဖိုးကို ဒုက္ခရောက်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် ထိုလူများကို အလွတ်မပေးသော်လည်း သူက ချင့်ချိန်နေရဦးပေမည်။ နောက်မှသာ လှုပ်ရှားရပေမည်။
ထိုအချိန်တွင် နောက်လိုက်ပါသူများနှင့် အခြားသူများက အဝေးသို့ ထွက်သွားကြသည်။ ပတ်ဝန်းကျင်ရှိ လူများကလည်း ဦးလေးကျန်းတို့ကို လာရောက်ဖြောင့်ဖြကြသည်။ ထင်ထင်လေး၏ ရင်ကွဲနာကျနေသော ငိုသံကိုလည်း ထင်ထင်ရှားရှား ကြားနေရသေးသည်။
အချိန်အတန်ကြာမှသာ လူအုပ်က ရှင်းသွားသည်။
ထင်ထင်၏မျက်လုံးများက နီရဲနေပြီး လူအိုကြီးကို ထနိုင်ရန် ကူညီပေးသည်။ ထို့နောက် ဆိုင်ထဲသို့ ဝင်သည်။
ထိုသို့ ကြင်နာတက်သောလူအိုကြီးက ထိုသို့အနိုင်ကျင့်ခံရကြောင်း မြင်ရသည့်အပြင် ထင်ထင်းလေးက အဖာအထေးပြည့်နေသော ဝတ်စုံဖြင့် ဝမ်းနည်းညှိုးငယ်စွာငိုနေကြောင်း မြင်လိုက်ရသောအခါ ယဲ့ဖန်းက အလွန်အမင်း ဒေါသထွက်လာသည်။ သူက ထွက်သွားသောလူများ ရှိရာနေရာသို့ ကြည့်လိုက်ပြီးနောက် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
အပိုင်း (၇၂) ပြီး၏။