Switch Mode

Chapter – 71

Chapter – 71

ယဲ့ဖန်းကလည်း နောက်ရက်အနည်းငယ်အတွင်း ဒီနေရာက ငြိမ်းချမ်းမည်မဟုတ်ကြောင်း နားလည်ထားသည်။ ပို၍များပြားသော တိုက်ပွဲများ ထပ်ဖြစ်လာနိုင်သေးသည်။ အ​ကြောင်းမူကား ပို၍များပြားသော အဖွဲအစည်းများ ရောက်လာနိုင်သောကြောင့်ဖြစ်သည်။ ဤအပျက်အစီးနယ်မြေတစ်ခုလုံးက မိစ္ဆာဧကရာဇ်၏ ယင် ဂူသင်္ချိုင်းကြောင့် မွှေနှောက်ခံရတော့မည်ဖြစ်သည်။
နောက်သို့ပြန်လှည့်ကြည့်ပြီးနောက် အပျက်အစီးနယ်မြေထဲမှ ကောင်းကင်သို့ ထိုးတက်သွားသည့် အလင်းတန်းကို သူက ထင်ရှားစွာ မြင်လိုက်ရသည်။
“ရှေးဟောင်းအပျက်အစီး​ မျှော်စင်က ယင် ဂူသင်္ချိုင်းထဲမှာ ရှိရှိ မရှိရှိ ဒါက ငါနဲ့မှ မဆိုင်တာ။”
ယဲ့ဖန်းက ယခုအခြေနေကို အလွန်ကျေနပ်နေပြီဖြစ်သည်။ လက်ရှိအချိန်တွင် သူက ငြိမ်းချမ်းသောနေရာကို ရှာကာ ကျင့်ကြံရန်သာ လိုတော့သည်။
အပျက်အစီးနယ်မြေ အစွန်အဖျားနားတွင် ထူးဆန်းသောသားရဲကြီးများနှင့် ငှက်ကြီးပေါင်းများစွာက နေရစ်ကြခြင်း မရှိတော့ချေ။ ရုတ်တရက် သူက အပြင်ထွက်သောအခါ မည်သည့်သားရဲနှင့် ငှက်များကိုမှ မမြင်ရချေ။
ထိုအခိုက် ကောင်းကင်တွင် ကြယ်စင်များ ပြည့်နှက်နေပြီး လမင်းကြီးကိုလည်း ထင်ရှားစွာမြင်နိုင်သည့်အချိန် ရောက်နေလေပြီ။ ယဲ့ဖန်းက ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူကို ကျော်ဖြတ်သွားသောအခါ တုန့်ဆိုင်းနေသော ခြေလှမ်းကျဲကြီးများဖြင့် ကျော်ဖြတ်သွားသည်။ သူက ထွက်ခွာရန် အချိန်ကျနေလေပြီ။ သူက ထိုနေရာထံမှ ကျေးဇူးကြီးများတင်ထားသော်လည်း ထွက်မသွား၍ မဖြစ်ချေ။ သူက အကြီးအကဲဟန်နှင့် အတူနေလျှင် ဒုက္ခရောက်ပေလိမ့်မည်။
အရေးအကြီးဆုံးအချက်က ဗောဓိမျိုးစေ့က သူနှင့်အတူရှိနေခြင်းဖြစ်သည်။ ယာယီအားဖြင့် အခြားသော လက်နက်များကို ဆုံးရှုံးသောကိစ္စက သူ့ကို နှမြောသလို မခံစားရချေ။ အထူးသဖြင့် သူ၏ အသက်က ပို၍အရေးကြီးသည်။ ယဲ့ဖန်းက အလွန်မြန်သည်။ သူက ညတွင်းချင်း ထိုတောင်တန်းမှ ထွက်သွားလိုက်နိုင်သည်။ သူ၏နောက်မှ အန္တရာယ်နယ်မြေက ဝေးသည်ထက် ဝေးသွားသည်။ သို့ရာတွင် သူက စိတ်မအေးသေးချေ။
၃ ရက် ကြာပြီးနောက် ယဲ့ဖန်းက ကီလိုမီတာ၂၀၀၀အကွာသို့ ရောက်သွားသည်။ သူက လမ်းတစ်လျှောက်လုံးတွင် ကွင်းပြင်များတွင်သာ အိပ်ကာ သတိကြီးကြီးထားသည်။ လူအများရှိလောက်သည့် နေရာမျိုးသို့ မသွားချေ။ တောထဲမှသာ ဖြတ်သွား​နေခဲ့သည်။ အဝေးသို့ရောက်မှသာ သူက စိတ်အေးသွားနိုင်သည်။ သူ၏ နှလုံးသားကလည်း ငြိမ်းချမ်းသွားရသည်။
ညအချိန် ရောက်သွားခဲ့ပြန်ချေပြီ။ ကောင်းကင်တွင် လမင်းနှင့်ကြယ်စင်များကို မြင်နိုင်သည်။ ထို့အပြင် အလွန်အမင်း မဲမှောင်လွန်းနေသည်။ သို့သော်သူ၏အရှေ့တွင် အလင်းရောင်များကို မြင်နေရသောကြောင့် မြို့ငယ်တစ်ခုဖြစ်ကြောင်း သိသာသည်။ ယဲ့ဖန်းက လုံခြုံသောနေရာသို့ ရောက်ပြီဟု ခံစားလိုက်ရသဖြင့် ထွက်ပြေးနေစရာလိုနေသေးသည်ဟု မထင်ချေ။ ထို့ကြောင့် ခြေလှမ်းကျဲကြီးများဖြင့် မြို့ထဲသို့ ဝင်လိုက်သည်။
သူက နီးကပ်သွားသောအခါ ယင်းက မြို့ငယ်လေးတစ်မြို့ဖြစ်ကြောင်း မြင်လိုက်ရသည်။ ထိုအချိန်တွင် လူအများစုက အိပ်နေကြပြီဖြစ်သည်။ မီးအနည်းငယ်ကသာ ကျန်တော့သည်။ ယဲ့ဖန်းက မြို့ထဲသို့ဝင်ပြီးနောက် မြို့တစ်ပတ်ပတ်ကြည့်ပြီး နောက်ဆုံးတွင် လူရှင်းသောနေရာ ချောင်ကြိုချောင်ကြားမှ ဆိုင်အသေးလေးတစ်ဆိုင်ကို မြင်လိုက်ရသည်။ ထိုဆိုင်က မပိတ်သေးချေ။
၄င်းက စားသောက်ဆိုင်ငယ်လေးဖြစ်သည်။ စားပွဲခုနှစ်လုံး ရှစ်လုံးခန့်သာရှိသည်။ စားပွဲနှင့် ကုလားထိုင်များက အလွန်ဟောင်းနေလေပြီ။
သို့သော် အရောင်တင်ထားသောကြောင့် တလက်လက်တော့ တောက်ပနေသေးသည်။ ထို့အပြင် ပစ္စည်းကိရိယာများကလည်း သန့်ရှင်းသပ်ရပ်နေသည်။
“ဦးလေး .. ။ ဦးလေးမှာ ဘာစားစရာရှိလဲ။ နည်းနည်းယူလာခဲ့ပါ။”
ဆိုင်ရှင်က ဆံပင်ဖြူများနှင့် လူအိုကြီးဖြစ်သည်။ သူ၏မျက်နှာတွင် ပါးရေတွန့်များ အပြည့်ရှိနေသည်။ သူက ဖြစ်ရပ်ပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသူနှင့်တူသည်။ သူ၏ အဝတ်အစားများကပင် အဖာအထေးများ ပြည့်နှက်နေသည်။ သူက ဘဝကောင်းတစ်ခုကို ပိုင်ဆိုင်ထားဟန် မရချေ။
ထိုလူအိုကြီးက အသက် ၁၁နှစ်၊ ၁၂နှစ်အရွယ်ခန့် ကောင်လေးတစ်ယောက်က ညအချိန် တစ်ယောက်ထဲ လျှောက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ သို့သော် သူက ကြင်နာစွာ ပြုံးသေးသည်။
“ကြက်ကင်တစ်ခြမ်းပဲ ကျန်တော့တယ်။ ကြက်ကင်တစ်ခြမ်း၊ အမဲသားကြော် ပန်းကန်တစ်ဝက်နဲ့ တခြားပေါက်စီနည်းနည်းပဲ ကျန်​တော့တယ်။”
“အားလုံး ယူလာခဲ့လိုက်ပါ။”
“ခဏနေဦး။ ငါ မင်းအတွက် ပြန်နွေးပေးမယ်။”
စားသောက်ဆိုင်က အလွန်သေးသည်။ လူအိုကြီး၏ ဖြတ်သန်းရသည့် ဘဝအခြေအနေက မကောင်းချေ။ သူက ဆိုင်ရှင်ဖြစ်သည်။ စားပွဲထိုးကလည်း သူဖြစ်သည်။ စားဖိုမှူးကလည်း သူဖြစ်သည်။
သိပ်မကြာခင် မွှေးပျံ့သောအနံ့နှင့် အမဲသားကင်ရနံ့က ပျံ့နှံ့လာသည်။ ယဲ့ဖန်း သရေကျမတက်ဖြစ်သွားသည်။ လွန်ခဲ့သော တစ်နှစ်လုံးလုံး သူနှင့် ဖန်းပေါ်တို့က အရွက်ကိုသာ စားခဲ့ရသည်။ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူတွင် မည်သည့်အသားမှ မရှိချေ။ ထို့ကြောင့် သူ့ရှေ့ရှိ ထိုစားစရာများက သူ၏အစာအိမ်ကို အော်ဟစ်မြည်ဟီးစေသည်။
သူက လျင်မြန်စွာဖြင့် ပန်းကန်လုံးနှင့်တူများကို ကိုင်ပြီး နှင်းကဲ့သို့ ဖြူဖွေးသည့် ပေါက်စီကို တစ်ကိုက်ကိုက်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် ကြက်ပေါင်ကိုလည်း ကိုက်ဆွဲလိုက်သည်။ ဤနည်းအားဖြင့် အသားကုန် စားတော့သည်။
ထိုအချိန်တွင် တလောကလုံးရှိ အရသာအရှိဆုံးအစားအစာများက ဒီထက် မသာလွန်နိုင်ကြောင်း ခံစားလိုက်ရသည်။ ဤကုန်းမြေကြီးနှင့် ပင်လယ်ပေါ်မှ အရသာအရှိဆုံး စားစရာများကို ဘေးဖယ်ထားပြီး သူက သူ့ရှေ့ရှိ အရာအားလုံးကိုသာ ကျေနပ်နှစ်သိပ်သွားသည်။
“အလောတကြီး မစားပါနဲ့။ ဖြည်းဖြည်း စားပါ။ အစာအိမ်ထဲ ချောချောမွေ့မွေ့ အစာတွေရောက်သွားအောင် စွတ်ပြုတ်လေး နည်းနည်း သောက်လိုက်ပါဦး။ မသီးစေနဲ့။”
လူအိုကြီးက နောက်ထပ် ဟင်းချိုပူပူကို ယူလာပေးပြီး ကြင်နာစွာသတိပေးသည်။
“ကျေးဇူးတင်ပါတယ်ဦးလေး။ ဦးလေးရဲ့ လက်ရာက ကျွန်တော့်ရဲ့ စားချင်စိတ်ကို ဖြစ်ပေါ်လာစေတယ်။”
ယဲ့ဖန်းက စည်ပင်နေသောအပြုံးဖြင့် ပြောလိုက်ရင်း ပါးစပ်ထဲသို့ အစားများ ထိုးထည့်သည်။
ယဲ့ဖန်း၏ ဝတ်စုံကို ကြည့်ရုံဖြင့် သူက ဆင်းရဲသောမိသားစုမှ ကလေးတစ်ယောက်နှင့် မတူချေ။ သို့ရာတွင် ထိုတခဏတွင် သူက အစားအစာကို အသည်းအသန်စားနေသည့်အတွက်ကြောင့် ထိုလူအိုကြီးက အံ့အားသင့်သွားရသည်။ သူက အင်္ကျီလက်ကို တစ်ဖန်ပြန်တင်လိုက်ပြီး ဘေးဘက်မှ သန့်ရှင်းပြီးသား စားပွဲနှင့် ကုလားထိုင်များကို ဆက်လက်ပြီး သုတ်နေလိုက်သည်။ သူက ပြုံးကာ ခေါင်းကို ခါပြီး ပြောသည်။
“မင်း အတော်လေးကို ဗိုက်ဆာနေတဲ့ပုံပဲ။ အခု မင်း ဘာကိုစားစား အရသာရှိနေမှာ သေချာတယ်။”
“အဖိုး အဖိုး ဘာလို့ မအိပ်သေးတာလဲ .. ။”
ထိုအချိန်တွင် ၅နှစ်၊ ၆နှစ်ခန့်ရှိမည့် ကောင်မလေးက အိမ်ထဲမှ ထွက်လာသည်။ သူ ဝတ်ထားသော ဝတ်စုံများကလည်း အဖာအထေးများ အပြည့်ဖြစ်နေသည်။ သို့သော် သူမက ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသည်။ သူမက ခေါင်းတွင် ဆံထုံးလေးနှစ်ခုကို ထုံးထားပြီး အလွန်ချစ်စရာကောင်းသည်။ သူမ၏ မျက်နှာလေးက ပန်းသီးလေးလို နီရဲနေသည်။
“အရင် သွားအိပ်နှင့်ပါ။ ခဏနေ ပိတ်တော့မှာ။”
ကောင်မလေးက စားပွဲပေါ်မှ စားကြွင်းစားကျန်များကိုကြည့်သည်။ သူမ၏ မျက်ဝန်းများက မရွှေ့နိုင်တော့ချေ။ သူမက တိတ်တဆိတ် တံတွေးမျိုချပြီးနောက် သတိလက်လွတ် ခေါင်းကို ငြိမ့်သည်။
“အိုး …။ ”
သိပ်မကြာခင် ယဲ့ဖန်းက အားလုံးကို စား၍ပြီးသွားသည်။ သူက မတ်တပ်ထရပ်ကာပြောသည်။
“ကောင်းပြီ။ ဦးလေးပိတ်လိုက်ပါလား။”
ထိုသို့ပြောပြီးနောက် အိတ်ကိုလက်လှမ်းလိုက်သောအခါ ကြောင်တောင်တောင်ဖြစ်သွားသည်။ သူ့တွင် ပိုက်ဆံမရှိကြောင်း မေ့နေခြင်း ဖြစ်သည်။ ထို့အပြင် သူ့တွင် ငွေထည်၊ ရွှေထည်ပစ္စည်းများလည်း မရှိချေ။ ထို့ကြောင့် ပိုက်ဆံ မပေးနိုင်ချေ။
“ညီငယ်လေး။ မင်း ပိုက်ဆံပေးဖို့ အခက်ခဲရှိနေပြီလား။ ”
ထိုလူအိုကြီးက အတွေ့အကြုံရှိပြီးသားသူဖြစ်သည့်အလျှောက် သူ၏အမူအရာ သူ၏ ရှက်ရွံ့မှုကို မြင်နိုင်သည်။
” ကျွန်တော် ကျွန်တော် ပိုက်ဆံမယူလာခဲ့မိတာ … ။”
“အား …။ နောက်ထပ် လူဆိုးကောင် လာပြန်ပြီ။”
နောက်ကကောင်မလေးက မျက်လုံးပြူးကြီးဖြင့် ငိုတော့မလို ဖြစ်သွားသည်။ သူမက ယဲ့ဖန်းကို စိုက်ကြည့်ကာ ပြောသည်။
“နင်တို့တွေက အတော်ဆိုးတာပဲ။ နေ့တိုင်း အလကားလာစားသောက်နေကြတယ်။ ငါနဲ့ ငါ့အဖိုးကိုလည်း အနိုင်ကျင့်ချင်ကြသေးတယ်။ ငါတို့မှာ ကိုယ့်ဘာသာကိုယ်တောင် စားစရာ မရှိတော့ဘူး။”
ထို့နောက် သူမက စားပွဲပေါ်ရှိ ကြက်ရိုးများကို ကြည့်ပြီးနောက် သူမ၏ မျက်ဝန်းက နီရဲသွားသည်။
“အဖိုးက ပြောတယ်။ လာဝယ်တဲ့သူမရှိတော့ရင် အဲ့ဒီကြက်ပေါင် ငါ့အတွက်တဲ့။ အဆုံးမှာတော့ နင်ကအလကားစားပြီး ငါတို့ကို အနိုင်လာကျင့်နေတယ်။ ”
၅နှစ်အရွယ်ရှိသော ကောင်မလေးက နှုတ်ခမ်းဆူသည်။ သူမ၏မျက်တောင်ရှည်များက တဖြတ်ဖြတ် တုန်ရီသွားပြီး​နောက် မျက်ရည်များက ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။ သူမ၏နီရဲသော ပါးများတွင် မျက်ရည်များက အပြည့်ရှိနေသည်။ သူမက အင်္ကျီလက်ကို မြှောက်ပြီး မျက်ရည်ကို သုတ်သည်။
သူတို့၏ နေထိုင်ရသော ဘဝအခြေနေက အလွန်ဆိုးရွားသောကြောင့် မကြာခဏ အနိုင်ကျင့်ခံရသည်။
“ညီမလေး မငိုပါနဲ့ .. ။”
ယဲ့ဖန်းကလည်း အလွန်ရှက်သွားသည်။ တစ်ချိန်တည်းတွင်ပင် သူ့ကိုသူလည်း စိတ်ပျက်မိသည်။ ထိုလူအိုကြီးနှင့် ကလေးမလေးတို့၏ ဘဝက မလွယ်ကူကြောင်း သိလိုက်သည်။ သူတို့၏ ဘဝက အလွန်အမင်း ဆိုးရွားနိုင်သည်။
“ရပါတယ် ..။ ညီငယ်လေးရယ်။ ကိုယ့်ကိုကို အပြစ်မတင်ပါနဲ့။ ဒီအတိုင်း မင်းက အဲ့ဒီလူရမ်းကားတွေနဲ့ မတူနိုင်တာ ငါ မြင်ပြီးသားပဲ။ မင်းက အလကားစားမဲ့သူမျိုးမှ မဟုတ်တာ။ ဒီအတိုင်း ပိုက်ဆံယူဖို့ မေ့သွားတာဖြစ်မှာပါ။”
ပါးရေတွန့်နေသည့် လူအိုကြီးက ကောင်မလေးကို ဘေးဘက်သို့ ဆွဲခေါ်ကာပြောသည်။
“အဖိုးက သမီးကို ကြက်သားတစ်တုံးနဲ့ အသားပေါက်စီတစ်ဝက် ချန်ထားပေးသေးတယ်။ သမီးကို အငတ်မခံပါဘူး။”
“အဖိုး .. ။”
ကောင်မလေးက ချက်ချင်း ထငိုပြန်သည်။
“သမီးက သမီးအတွက် သမီးလုပ်နေတာ မဟုတ်ဘူး။ အဖိုးကိုယ်တိုင်လည်း ညစာမစားရသေးဘူးမလား။ အဲ့ဒီ မကောင်းတဲ့ကောင်တွေက နေ့တိုင်းလာပြီး အနိုင်ကျင့်နေကြတာ။ သမီးတို့မှာ ဘာမှ စုထားတာ မရှိတော့ဘူး။ သမီးတို့ ဒီလိုဆိုရင် နေ့တိုင်း ဘယ်လိုလုပ်ရမလဲ။”
ယဲ့ဖန်းက ကောင်မလေးနှင့်လူအိုကြီးတို့၏ အဝတ်အစားများက အဖာအထေးများဖြင့် ပြည့်နှက်နေပြီး သူတို့၏စကားများကို ကြားလိုက်သောအခါ ရင်နာသွားသည်။ သူ၏နှလုံးသားက ခံစားသွားရသည်။ သူ၏နှာခေါင်းကပင် ကျိန်းစပ်လာသည်။
သာမန်သူများ၏ သာမန်ဘဝက အလွန်အမင်း ခါးသီးသည်။ ထိုလူအိုကြီးနှင့် ကောင်မလေး၏ ချစ်မြတ်နိုးမှုကမူ ချိုမြိန်နေသေးသည့်တိုင် ကူကယ်ရာမဲ့မှုကလည်း သူ့အပေါ်ခံစားရစေသည်။
“ညီမလေး မငိုနဲ့တော့။ ဒီလူကြီးက လူဆိုး မဟုတ်ပါဘူး။ အကိုကြီးမှာ ပိုက်ဆံမရှိပေမဲ့လည်း ဒီတစ်နပ်အတွက် အစားထိုးပေးနိုင်ပါတယ်။”
ယဲ့ဖန်းက သေးငယ်သောပုလင်းထုတ်သည်။ ထိုထဲတွင် သူ အပျက်အစီးနယ်မြေ အပြင်ဘက်ရှိ အဖွဲ့တစ်ဖွဲတွင် ရထားသည့် ဆေးပင်တစ်ရာဆေးရည် ဖြစ်သည်။
“ဒါက အရေအသွေးမြင့် ကျောက်စိမ်းအမျိုးအစားပဲ။ အတော်လေးကို စျေးကြီးတယ်။”
“လက်မခံနိုင်ဘူး … ။”
လူအိုကြီးက ခေါင်းကို ခါပြီး ပြောသည်။
“လူတိုင်းမှာ အခက်အခဲရှိတာပဲ ညီငယ်လေး။ မင်း ဒီနေရာ အနားက ဖြတ်သွားတဲ့အခါ ဒီအတိုင်း ပြန်ပေးသွားလိုက်ပါ။”
ယဲ့ဖန်းက သက်ပြင်းချသည်။ လူအိုကြီးက အလွန်အမင်း ဆင်းရဲသည်။ သို့သော် ထိုသို့ စိတ်ဓာတ်ခိုင်မာနေသေးသည်။ သူက ပို၍ပင် လေးစားမိသွားသည်။
“ကျေးဇူးပြုပြီး လက်ခံလိုက်ပါ။ ဒါက ကျွန်တော့်အတွက် ဘာမှ မဟုတ်တာ။”
“ဒါက စျေးကြီးလွန်းတယ်။ ငါ လက်မခံနိုင်ဘူး။ လူတိုင်းက အပြင်ရောက်သွားတဲ့အခါ အခက်အခဲတွေ ကြုံရတာပဲလေ။ ကိုယ့်ကိုကို အပြစ်မတင်ပါနဲ့။”
လူအိုကြီး၏လက်တွင် အသားမာများက တက်နေသည်။ သူက ကျောက်စိမ်းပုလင်းကို ပြန်တွန်းပေးသည်။ ယဲ့ဖန်းကလည်း လူအိုကြီးက ငြင်းဆန်နေပြောင်း မြင်သောအခါ ပြန်ယူလိုက်ရသည်။
“ဒါကို မလိုချင်ဘူးဆိုမှတော့ ကျွန်တော် ဒီမှာနေပြီး အလုပ်လုပ်ပေးဖို့ပဲ ရှိတော့တယ်။”
ပြောရလျှင် သူအနေဖြင့် သွားစရာ နေရာမရှိချေ။ သူက ထိုလူအိုကြီးက ရိုးရှင်းပြီး ပါးနပ်ကြောင်း မြင်ရပြီး ဤနေရာတွင် ခဏနေရန် ဆုံးဖြတ်လိုက်သည်။
ဤနည်းအားဖြင့် သူက ကူညီပေးနိုင်သလို ကျင့်ကြံရန်လည်း အာရုံစိုက်ထားနိုင်သည်။
၅နှစ်၊ ၆နှစ်အရွယ်ခန့်ရှိမည့် ကောင်မလေးက တဖြည်းဖြည်းချင်း ခေါင်းငုံ့သွားပြီးနောက် ကိုယ့်ခြေထောက်ကိုယ် ကြည့်သည်။ သူမ၏ ကြီးမားသည့် မျက်ဝန်းကြီးများက နီရဲနေသည်။ သူမက ခပ်တိုးတိုးပြောသည်။
” ငါတို့မှာတောင် စားစရာမရှိတဲ့ဟာကို … ။”
ယဲ့ဖန်းက ဆောင့်ကြောင့်ထိုင်ပြီးနောက် ကောင်မလေး၏ ခေါင်းကို သနားညှာတာမှုအပြည့်ဖြင့် ပုတ်လိုက်ကာ ပြောသည်။
“ဒီအကိုကြီးက ညီမလေးတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး … ။”
အပိုင်း (၇၁) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset