အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၁၆) တော်ဝင်သင်္ချိုင်း၏ ပြောင်းလဲမှု
တော်ဝင်နယ်မြေ၏ လေးထောင့်ကွပ်လပ်နေရာတွင် သူတော်စင်အဆင့် ပညာရှင်များ စုဝေးနေခဲ့ကြသည်။
ရန်ကိုင်က ဘဏ္ဏာထိန်းမန်နှင့် ရှနင်းချန်တို့အား မိတ်ဆက်ပေးခဲ့ရာ တော်ဝင်နယ်မြေ၏ အကြီးအကဲများနှင့် ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီးများကလည်း ပြန်၍ ဆီးကြိုနှုတ်ဆက်ကြသည်။
ရှနင်းချန်နှင့် ရန်ကိုင်သည် တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြသည်ကို ကြားသည့်အခါ အကုန်လုံး၏ အမူအရာ လေးနက်သွားခဲ့ကြပြီး နည်းနည်းလေးမှ မရိုမသေ မလုပ်ရဲကြတော့ပေ။
ရန်ကိုင်နှင့် ရှနင်းချန်တို့ လွန်စွာကိုမှ ရင်းနှီးနေသည်ကို မြင်သော် သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို အကုန်လုံး ချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။
“တော်ဝင်သခင်က မိန်းမတွေကို စိတ်မဝင်စားဘူးလို့ ငါထင်နေခဲ့တာ။ လတ်စသတ်တော့ သူ့ရင်ထဲမှာ အခြား တစ်ယောက် ရှိနေပြီးသားကိုး” ယုယင်က အစွန်းဘက်တွင် ရပ်လျက် ဖွဖွလေး ရယ်လိုက်သည်။
“ငါ့ရဲ့ သနားစရာလင်းအာလေး…” ချုန်ယွဲ့ထုန် အန်လင်းအာအတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်။ အန်လင်းအာသည် ရန်ကိုင်နှင့်အတူ တော်ဝင်နယ်မြေ၏ အမွေအနှစ်ကျင့်စဉ်ကို စတင် လေ့ကျင့်နေကြပြီဟု အကုန်လုံး ထင်နေကြခြင်းဖြစ်သည်။ သူတို့ မသိသည်ကား အန်လင်းအာသည် ရန်ကိုင်နှင့် အတူ ပူးပေါင်း၍ သူတို့အား အရူးလုပ်နေသည် ဆိုသည်ကိုပင် ဖြစ်သည်။
“အန်လင်းအာလည်း ဒီအကြောင်းကို သိပြီးသား ဖြစ်လောက်တယ်” ယုယင်က ပြုံးလိုက်သည်။ “တော်ဝင်သခင်ဆိုတာ ဒါမျိုးပဲလေ။ မိန်းမ တစ်ယောက်မက ရှိတာ ဘာဆန်းလို့လဲ။ လင်းအာကလည်း သဘောထား သေးသိမ်တဲ့လူမှ မဟုတ်တာ။ ဒါကြောင့် သူ့အစား တွေးပူနေစရာ မလိုဘူး။ ပြီးတော့ ဒီမိန်းကလေက အရမ်းကို သိမ်မွေ့ယဉ်ကျေးတာ။ လင်းအာနှင့် ဖက်မပြိုင်နေလောက်ဘူး”
“ငါလည်း အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်တာပဲ” ချန်ုယွဲ့ထုန်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်သည်။
“မန်ဝူရလား…” ထိုအချိန်မှာပဲ ရှုဟွေက အလန့်တကြား ထအော်လိုက်လေသည်။ ရှုဟွေသည် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် မန်ဝူရအား မျက်လုံးပြုတ်ထွက်မတတ် စူးစိုက်ကြည်နေခဲ့သည်။
“ဘာလို့ သူ့နာမည်ကို အော်ခေါ်နေတာလဲ အကြီးအကဲချုပ်။ ကျုပ်အခုလေးတင်ပဲ မိတ်ဆက်ပေးခဲ့တာ မဟုတ်ဘူးလား” ရန်ကိုင်လည်း ကြောင်နေခဲ့သည်။
“အဲ့နာမည်ကို အရင်းက ကြားဖူးနေပါတယ်လို့ စဉ်းစားနေတာ။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က လူသားမျိုးနွယ်စုရဲ့ အားအကောင်းဆုံး ပညာရှင်ကို မန်ဝူရလို့ ခေါ်တယ်လေ။ ခင်ဗျားက…”
“အသန်မာဆုံးလူသားလား” မန်ဝူရ အားတင်းပြုံးလိုက်ပြီး “ဒီလောကကြီးက လူတွေက ခေါင်းစဉ်တွေ လိုက်ပေးရတာ ကြိုက်ကြတယ်လေ။ အသန်မာဆုံးပဲဖြစ်ဖြစ်၊ ဒုတိယ အသန်မာဆုံးပဲဖြစ်ဖြစ်၊ အဲ့ဒါတွေက အရေးပါတာမှ မဟုတ်တာ”
“ခင်းဗျားက တကယ်ကြီး အဲ့လူပဲ” ရှုဟွေက အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။
အခြားအကြီးအကဲများသည်လည်း မန်ဝူရမှာ မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ လျှပ်စစ်ဖြင့် တို့ခံလိုက်ရသည့်အလား အကုန်လုံး မှင်သေသေ ဖြစ်နေခဲ့ကြသည်။
ရှုဟွေ သတိပေးလိုက်တော့မှပဲ သူတို့လည်း မန်ဝူရ ဆိုသော နာမည်ကို ပြန်သတိရလိုက်ကြသည်။
“ကောင်းလိုက်တာ။ ကျုပ်ဘဝမှာ အစ်ကိုကြီးမန်ကို တွေ့ရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ ကျုပ်အတွက် တကယ်ကို ဂုဏ်ယူစရာပဲ” ရှဒဟွေက လက်သီးဆုပ်၍ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ရန်ကိုင် မန်ဝူရကို မိတ်ဆက်ပေးခဲ့စဉ်က ရှုဟွေသာ သာမန်ကာလျှံကာသာ နှုတ်ဆက်ခဲ့သည်။
တကယ်တော့ ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ထုန်းရွှမ်လောကကြီးတစ်ခွင် လူသိများကျော်ကြားသော အင်အားစုတစ်ခု ဖြစ်ပေသည်။ တော်ဝင်နယ်မြေ၏ အကြီးအကဲချုပ် ဖြစ်သည်နှင့်အညီ သူ့အဆင့်အတန်းသာ သာမန်ပညာရှင်များထက် အများကြီး ပိုမြင့်ပေသည်။
မန်ဝူရသည် ရန်ကိုင်၏ စီနီယာ ဖြစ်နေသည့် အတွက်ကြောင့်သာ ရှုဟွေက ဘဏ္ဏာထိန်းမန်ကို အရင်စနှုတ်ဆက်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် တစ်ဖက်လူသည် ဘယ်သူမှန်း သေသေချာချာ သိသွားသည်နှင့် ရှုဟွေ၏ သဘောထား အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ့အကြည့်ထဲ လေးစားသည့် အရိပ်အယောင်တို့ပင် ပါဝင်နေခဲ့လေပြီ။
“အင်း၊ ဘဏ္ဏာထိန်းမန်နဲ့ စီနီယာမမလေးက ဒီမှာ ခဏနေလိမ့်မယ်။ ဒါကြောင့် နောက်ပိုင်းကျ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရမယ့် အခွင့်အရေးတွေ အများကြီး ရှိလာမှာပဲ” ရန်ကိုင်က လက်ဝှေ့ရမ်း၍ တတွတ်တွတ် ပြောနေသော ရှုဟွေ၏ စကားလမ်းကြောင်းကို ဖြတ်ပစ်လိုက်သည်။
“အို၊ အစ်ကိုကြီးမန်က တော်ဝင်နယ်မြေမှာ နေဖို့ ရည်ရွယ်ထားတာလား။ ကြိုဆိုတာပေါ့ဗျာ” ရှုဟွေ၏ မျက်လုံးများ ဝင်းလက်တောက်ပသွားခဲ့သည်။
“ဘဏ္ဏာထိန်းမန်နဲ့ စီနိယာမမလေးတို့ ကျုပ်နေနေတဲ့ တော်ဝင်သခင်ရုံးတော်မှာ နေလို့ရတယ်။ ဘယ်လိုလဲ” ရန်ကိုင်က မန်ဝူရ၏ အထင်အမြင်ကို မေးမြန်းလိုက်သည်။
“သန့်ရှင်းသရွေ့ အဆင်ပြေတယ်” မန်ဝူရက ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆိုရင် ကျုပ်နဲ့လိုက်ခဲ့ပေတော့” ရန်ကိုင်က လက်ယပ်ပြလိုက်သည်။
“တော်ဝင်သခင်၊ ဒီကိစ္စကို အကြိးအကဲယုယင် လက်ထဲပဲ အပ်ထားလိုက်ပါတော့လား။ ကျုပ်တော်ဝင်သခင်ကို ပြောစရာ ရှိသေးလို့” ရန်ကိုင် ထွက်သွားဖို့ လုပ်နေသည်ကိုမြင်သော် ရှုဟွေက ချက်ချင်းပဲ လှမ်းတားလိုက်လေသည်။
“ဘာကိစ္စပဲဖြစ်ဖြစ် နည်းနည်းလေးတောင် စောင့်လို့ ရမဘူးလား”
“တကယ်ကို စောင့်လို့မရလို့ပါ တော်ဝင်သခင်ရယ်” ရှုဟွေက အလေးအနက် ပြန်ပြောလိုက်သည်။
ရန်ကိုင်လည်း ရှုဟွေစကားကြောင့် အံ့အားသ့င်သွားခဲ့ရ၏။ ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့်သာ သဘောတူရတော့လေသည် “ကဲ၊ အကြီးအကဲယုယင်၊ သူတို့ကို တော်ဝင်သခင်ရုံးတော်ဆီ ခေါ်သွားပြီး အန်လင်းအာကို သူတို့အတွက် နေရာတစ်ခုလောက် စီစဉ်ပေးခိုင်းလိုက်ပါဦး”
“ကောင်းပါပြီ၊ တော်ဝင်သခင်။ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါနော်” ယုယင်က ချက်ချင်းပဲ လှုပ်ရှားလိုက်သည်။
ရှနင်းချန်သည် ရန်ကိုင်ဆီမှ မခွာချင်ခွာချင်ဖြင့် ထွက်သွားခဲ့ရလေသည်။
“သခင်၊ အခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်မလည်း သွားလိုက်ဦးမယ်နော်” လီရုန်က ခွင့်ပြုချက်တောင်းပြီး ရှေးဟောင်းနတ်ဆိုးကလန်မှ အခြားခေါင်းဆောင်များကို ဦးဆောင်၍ သူတို့နေထိုင်ရာ တောင်ထွတ်ဆီ ပြန်ထွက်သွားလေသည်။
မကြာမီ မြေကွက်လပ်နေရာတွင် တော်ဝင်နယ်မြေမှ အကြီးအကဲများနှင့် ရန်ကိုင်သာ ရှိတော့သည်။
“ကဲ၊ ဘာအရေးကြီးကိစ္စလဲ ပြောပါဦး” ရန်ကိုင်က စိတ်ညစ်နေသည့် အမူအရာဖြင့် ရှုဟွေကို မေးလိုက်သည်။
“တော်ဝင်သင်္ချိုင်းကိစ္စပါ” ရှုဟွေက ချက်ချင်းပဲ ပြန်ပြောလိုက်သည် “တော်ဝင်သင်္ချိုင်းမှာ တစ်ခုခုဖြစ်နေလို့ပါ တော်ဝင်သခင်၊ မြင်ရင် တော်ဝင်သခင် နားလည်မှာပါ”
“တော်ဝင်သင်္ချိုင်းထဲမှာ ဘာဖြစ်နိုင်မှာမို့လို့လဲ” ရန်ကိုင်က စိတ်မဝင်စားဟန်ဖြင့် ပြန်မေးလိုက်သည်။
တော်ဝင်သင်္ချိုင်းသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တာမြစ်နေရာတစ်ခုဖြစ်ကာ ယခင်တော်ဝင်သခင်များ လဲလျောင်းရာ သင်္ချိုင်းတစ်ခုလည်း ဖြစ်ပေသည်။ သို့သော် ထိုထဲသို့ ရန်ကိုင် ဝင်သွားပြီးနောက် တော်ဝင်သင်္ချိုင်းသည် ဘာမှမရှိသော ဗြောင်တလင်းခါနေသည့် နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက်ပိုင်း တော်ဝင်နယ်မြေမှ ထောင့်နှင့်ချီသော တပည့်များသည် ထိုထဲတွင် နှစ်နှစ်၊ သုံနှစ်မျှကြာအောင် ပုန်းခိုနေခဲ့သည်။
လွန်စွာကိုမှသေးငယ်ပြီး အရိုင်းဆန်သော ထိုနေရာသည် တံခါးပိတ်ကျင့်ကြံ၍ ကောင်းသည့် နေရာတစ်ခုဖြစ်သည်မှလွဲ၍ လူမနေသင့်သည့် နေရာတစ်ခု ဖြစ်ပေသည်။
ထိုနေရာတွင် မည်ကဲ့သို့သော ပြဿနာကများ ဖြစ်လာနိုင်သည်ကို ရန်ကိုင် မတွေးတတ်အောင် ဖြစ်နေခဲ့၏။
တော်ဝင်သင်္ချိုင်းရှေ့သို့ ရောက်သည့်အခါ ရန်ကိုင်သည် ကျောက်တုံးဝင်ပေါက်ကြီးအား လေးနက်တည်ကြည်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
မူလက ထိုကျောက်တုံးပြားကြီးပေါ်တွင် စိတ်ဝိဥာဉ် အစီအရင်တစ်ခု ရှိနေခဲ့ပြီး တော်ဝင်သခင်၏ လက်စွပ်သာ ထိုဝင်ပေါက်ကို ဖွင့်နိုင်ပေသည်။
သို့သော်လည်း ယခုအချိန်၌ ထိုကျောက်ပြားကြီးပေါ်တွင် ပိန်းပိန်းပိတ် မည်းမှောင်နေသော လေဟာနယ်လိုဏ်ခေါင်း တစ်ခု ရှိနေပေသည်။
တော်ဝင်နယ်မြေမှ အကြီးအကဲများသည် အတူတကွ စုပေါင်း၍ တော်ဝင်သင်္ချိုင်းမှ မီတာတစ်ထောင် ပတ်လည်၌ အရံအတားတစ်ခု ဖန်တီးကာ မည်သည့် တပည့်ကိုမဆို ထိုနေရာသို့ လာရောက်ခြင်းအား ပိတ်ပင်ထားခဲ့သည်။
“ဘာဖြစ်တာလဲ” ရန်ကိုင်က မေးလိုက်သည် “တော်ဝင်သင်္ချိုင်းက ဘယ်လိုလုပ်ပြီး ပွင့်နေတာလဲ”
“ကျုပ်လည်း ဒီမှာဘာတွေဖြစ်နေလဲ မသိဘူး။ တော်ဝင်သင်္ချိုင်းက ရုတ်တရက်ကြီး သူ့ဘာသာ ပွင့်လာတာ။ ဒီနေရာကို တပည့်တွေ မလာအောင်လို့ အနားပတ်လည်မှာ အရံအတားတွေ ဖန်တီးထားခဲ့ရသေးတယ်”
“သွားစစ်ဆေးကြည့်ပြီးသွားပြီလား” ရန်ကိုင်က ရှုဟွေကို မေးလိုက်သည်။
“အကြီးအကဲရှီခွန်နဲ့တော့ သွားစစ်ဆေးကြည့်ထားတယ်”
“ဘာတွေ့လဲ”
“ဘာမှမတွေ့ဘူး။ တော်ဝင်သင်္ချိုင်းက အရင်အတိုင်းပဲ။ ဘာမှပြောင်းလဲမသွားဘူး”
“ကျုပ်တစ်ချက်သွားကြည့်လိုက်ဦးမယ်။ ခင်ဗျားတို့ ဒီမှာစောင့်နေ” ပြောပြီးသည်နှင့် ရန်ကိုင်သည် ထိုလေဟာနယ် လိုဏ်ခေါင်းထဲသို့ ဝင်သွားလေသည်။
အမွေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် ရန်ကိုင်သည် နားမလည်နိုင်သည့် အမူအရာဖြင့် တော်ဝင်သင်္ချိုင်းထဲမှ ပြန်ထွက်လာခဲ့သည်။
ရှုဟွေ ပြောခဲ့သလို၊ တော်ဝင်သင်္ချိုင်းသည် သူ့ဘာသာ ပွင့်လာသည်မှလွဲ၍ အခြားဘာမှ ပြောင်းလဲမသွားခဲ့ချေ။ တော်ဝင်သင်္ချိုင်းထဲရှိ မိုးမြေစွမ်းအင်မှာလည်း ယခင်ကကဲ့သို့ သိပ်သည်းနေဆဲပင် ဖြစ်ပြီး ဘာအန္တရာယ်လက္ခဏာကိုမှလည်း မတွေ့ခဲ့ပေ။
အချိန်အတော်ကြာသည်အထိ စဉ်းစားနေပြီးသည့်တိုင် ရေရေရာရာ ရှင်းပြချက်တစ်ခုလောက်ကိုမှ မစဉ်းစားနိုင်ခဲ့ရာ နောက်ဆုံး မေးလိုက်သည် “ဘယ်တုန်းက စဖြစ်တာလဲ”
“လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ကပါ”
“နှစ်ရက်၊ သုံးရက်လောက်ကလား” ရန်ကိုင်မျက်လုံး မှေးစဉ်းလိုက်ပြီး တစ်ခုခုကို ပြန်စဉ်စားမိလိုက်သည်။
“အင်း၊ တော်ဝင်သခင် တစ်ခုခုကို တွေးမိလိုက်လို့လား”
ရန်ကိုင် ခေါင်းခါလိုက်သည်။
လွန်ခဲ့သော နှစ်ရက်သုံးရက်ခန့်သည် ဘဏ္ဏာထိန်းမန်နှင့် ရှနင်းချန်ကို သူကယ်ဆယ်ခဲ့သော အချိန်ဖြစ်ပေသည်။
သို့သော်လည်း ထိုကိစ္စနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေရဲ့လေလော။ တကယ်တော့ နေရာနှစ်ခုသည် ကီလိုမီတာပေါင်း သောင်းနှင့်ချီ ကွာဝေးနေခြင်းပင် မဟုတ်ပေလော။ မသေမျိုးအဆင့် ပညာရှင်တစ်ယောက် အဖို့ နှစ်လသွားရသော ခရီးပင်။
“တိုက်ဆိုက်မှုသက်သက်ပဲလား”
“အခုလောလောဆယ်တော့ ဘယ်တပည့်ကိုမှ ဒီနား မလာခိုင်းနဲ့ဦး။ အန္တရာယ်တွေ မထွက်ပေါ်လာသေးတာလည်း ဖြစ်နိုင်တယ်။ အခြေအနေကိုပဲ အရင်တစ်ချက် စောင့်ကြည့်ထားလိုက်” ရန်ကိုင်လည်း ကူကယ်ရာမဲ့မဲ့ဖြင့်သာ ထိုကဲ့သို့ အမိန့်ပေးလိုက်ရသည်။ တော်ဝင်သင်္ချိုင်း၏ ဝင်ပေါက် ဘာကြောင့် သူ့ဘာသာသူ ပွင့်လာမှန်း ရန်ကိုင်လည်း မစဉ်းစားတတ်ချေ။
ရန်ကိုင် အမိန့်ပေးလိုက်သည့်အခါ အကြီးအကဲများလည်း သူ့အမိန့်အတိုင်း အလျင်အမြန် ဆောင်ရွက်ကြတော့လေသည်။
တော်ဝင်သခင်ရုံးတော်သို့ ပြန်ရောက်သည့် အချိန်မှာပဲ သူ့အား အကြည့်များစွာ စိုက်ကြည့်နေသည်ကို ခံစားမိလိုက်၏။
ဆေးဝိဇ္ဇာကြီး ငါးယောက်သည် သူပြန်လာသည်ကို ကြားထားသည့် အတွက်ကြောင့်ပေလားမသိ၊ ထိုနေရာတွင် သူ့အား ရပ်စောင့်နေခဲ့ကြသည်။
“ကောင်လေး၊ မင်းငါ့တို့ကို လိမ်တယ်။ မင်းသုံးလ ခရီးကြောင့် ငါတို့လူအိုကြီးတွေ အကုန်လုံး အားပြတ်ပြီး သေတော့မယ်သိလား” ချန်ပေါင်းက ရန်ကိုင်ကို မြင်သည်နှင့် ချက်ချင်း အော်ပြောလေသည်။
လျျပ်စီးသွားမြို့တော် ဆေးပညာရှင်အစည်းအရုံးအခွဲ၏ တာဝန်ခံဖြစ်သလို သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်လည်း ဖြစ်သည်နှင့်အညီ သူ့အဆင့်အတန်းသည် အရမ်းကိုမှ မြင့်မားလှပေသည်။ ဆေးဖော်စပ်ပေးပါဟု တစ်ယောက်ယောက် သူ့ဆီ လာရောက်အကူအညီ တောင်းလျှင်တောင်မှ သူသဘောတူမတူသည် သူ့စိတ်အခြေအနေပေါ် မူတည်ပေသည်။
လွန်ခဲ့သော သုံးလကကဲ့သို့ သူ့ဆီ လာအပ်သမျှ အားလုံးအတွက် ဆေးဖော်စပ်ပေးနေခဲ့ရသည့် အဖြစ်အပျက်မျိုး သူ့မှတ်တမ်းတွင် မရှိခဲ့ဘူး။
သူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ လာပြီး ရန်ကိုင်အတွက် အလကား အလုပ်လုပ်ပေးသည်နှင့်ပင် တူနေသေးသည်။
သုံးလလုံးလုံး မရမ်းမနား ဆေးဖော်စပ်ခဲ့ရပြီးနောက် ချန်ပေါင် အဆီကီလိုဂရမ် ဒါဇင်ကျော်လောက် ကျသွားသလို သူ့ခန္ဓာကိုယ်မှာလည်း သိသိသာသာကို ပိန်သွားခဲ့သည်။
“ဟုတ်တယ်။ မင်းသာ စောစောပြန်မလာရင် ငါတို့လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ ဂုဏ်သတင်းကို ဂရုမစိုက်တော့ဘဲ ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုတဲ့ တောင်းဆိုချက် အားလုံးကို လျစ်လျူရှုပြီး ဒီကနေ ထွက်သွားဖို့ ဆွေးနွေးနေကြတာ” ဟုန်ဖန်းကလည်း အော်ပြောလိုက်ပြန်၏။
“တော်လောက်ပြီ။ မသိရင် ရှင်တို့ကချည်းပဲ မတရား ခံစားနေရသလိုလို” ခုန်ရို့ယုက ထိုနှစ်ယောက်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “သုံးလလုံးလုံး ဆေးဖော်စပ်နေခဲ့လို့ ရှင်တို့လည်း အကျိုးအမြတ် အများကြီး ရခဲ့တယ် မဟုတ်ဘူးလား။ တုဝမ်ကို ကြည့်ပါလား၊ သူအခု သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီ။ ရှင်တို့ကကော သူ့လိုမျိုး မဖြစ်ချင်ကြတာလား။ ပင်ပန်းတာတော့ မှန်တယ်။ ဒါပေမယ့် ရှင်တို့ရခဲ့တဲ့ အကျိုးအမြတ်တွေကလည်း နည်းတာမှ မဟုတ်တာ”
ခုန်ရို့ယု၏ ပြစ်တင်စကားကြောင့် ထိုနှစ်ယောက် တိတ်သွားခဲ့သည်။ နှစ်ယောက်စလုံး သူမအား ဘာမှ ပြန်မပြောခဲ့။ ထို့အစား ရန်ကိုင်ကိုသာ မကျေမနပ်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။
ရန်ကိုင်ကလည်း ရှေ့တက်၍ တောင်းတောင်းပန်ပန်ဖြင့် လက်သီးဆုပ်ကာ “ကျုပ်တကယ် တောင်းပန်ပါတယ်ဗျာ။ ဒီတစ်ကြိမ်ခရီး ဒီလောက် ကြာလိမ့်မယ်လို့ ကျုပ်လည်း တကယ်ကို မထင်ထားဘူး။ အစတော့ ရက်နည်းနည်းလောက်ပဲ ကြာမယ်ထင်ထားတာ။ ဆေးဝိဇ္ဇာကြီးတို့ကြောင့်ပဲ ကျုပ်တို့ တော်ဝင်နယ်မြေရဲ့ ဂုဏ်သတင်းကို အခုလိုဆက်ပြီး ထိန်းထားနိုင်တာ။ ကျုပ်တကယ် ကျေးဇူးတင်ပါတယ်”
“ဟန့်၊ မင်းနားလည်ရင်ပြီးရော” ဟဲဖုန်း ခေါင်းတညိတ်ညိတ် ဖြစ်သွားပြီး “ပြီးတော့ ငါတို့ မင်းအတွက် အလကားဆေးဖော်စပ်ပေးခဲ့ရတာ။ မင်းငါတို့ကို ဘယ်လို ပြန်ကျေးဇူးတင်မယ် စဉ်းစားထားလဲ”
ရန်ကိုင် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ရာ အနားတွင် အန်လင်းအာနှင့် ပျော်ရွှင်စွာ စကားပြောနေသော သူ့စီနီယာ မမလေးကို မြင်သွားခဲ့လေသည်။ ထို့နောက် သွားပေါ်အောင် ပြုံးလိုက်ပြီး “နောက်ဆယ်ရက်အတွင်း ဘယ်ဆေးလုံးကိုမှ မဖော်စပ်ပေးတော့ဘူးလို့ ကျုပ်အမိန့်ပေးထားလိုက်ပြီး။ ဆေးဝိဇ္ဇာကြီးတို့ ကောင်းကောင်း နားလို့ရတာပေါ့”
“နားရုံလေးနဲ့ ငါတို့ကို ကျေနပ်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား” ချန်ပေါင်က ခေါင်းခါလိုက်သည်။
“အခုကနေစပြီး ဆယ်ရက်ကြပြီး ဆေးဝိဇ္ဇာကြီးတို့ စိတ်ကျေနပ်လောက်မယ့် လျော်ကြေးကို ဂျူနီယာပေးမှာပါ”
“ကောင်းပြီလေ” ယခုမှပဲ ချန်ပေါင်မျက်နှာ ပြန်လည် ဝင်းပပြုံးလာနိုင်တော့သည်။ “ငါတို့ အခြားဘာမှ မတောင်းဆိုချင်ဘူး။ မင်းငါတို့ရှေ့မှာ ဆေးဖော်စပ်ပြပေးရင်ကို ကျေနပ်ပြီ”
“ဆေးဝိဇ္ဇာကြီးတို့ ဆယ်ရက်လောက် စောင့်နေလိုက်။ တကယ့်အံ့အားသင့်စရာကြီးကို မြင်ရလိမ့်မယ်”
ဆေးဝိဇ္ဇာငါးယောက် သင်္ကာမကင်းအမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြရသည်။ ရန်ကိုင် ဘာတွေများ ကြံနေသလဲ ဆိုသည်ကို သူတို့စိတ်ထဲ အတွေးနယ်ချဲ့ နေမိခဲ့ကြ၏။
နောက်ဆုံးတွင် တုဝမ်က ပြုံးကာ ပြောလိုက်သည် “ငါတို့ ဆယ်ရက်နားချိန် ရသွားပြီဆိုတော့ မင်လည်း နားလိုက်ဦး။ အင်း။ မင်းကြည့်ရတာက အဲ့ကမိန်းကလေးဆီ အရမ်းကို သွားချင်နေတဲ့ပုံပဲ။ ကဲ၊ ငါတို့ လူအိုကြီးတွေ မရှုပ်တော့ပါဘူးလေ။ ငါတို့ ဒီကို ရောက်ကတည်းက ဒီက ရှုခင်းတွေကို တစ်ခါမှ သေချာ မကြည့်ရသေးဘူး။ ငါ့မိတ်ဆွေတို့၊ အပျင်းပြေ လမ်းလေးဘာလေးများ မလျှောက်ချင်ကြဘူးလား”
“ဟုတ်တယ်။ တောက်လျှောက် ထိုင်နေရတာ တစ်ကိုယ်လုံး တောင့်တင်းနေပြီ။ လမ်းလျှောက်ပြီး အကြောအချဉ်တွေ သွားလျှော့ကြရအောင်”
ဤသတို့ဖြင့် ဆေးဝိဇ္ဇာအားလုံး တော်ဝင်သခင်ရုံးတော်မှ ထွက်လာခဲ့ကြလေသည်။