Chapter – 68
“ဒါပေါ့။”
“ဒီကြေးနီရောင်တုံးက ဗဟိုရ်ပြင်ကျယ်အပိုင်ဆိုတာ ငါအတည်ပြုနိုင်တယ်။”
စဥ်းလဲသော တာအိုပညာရှင်က တစ်ခဏခန့် တွေးတောပြီးမှ ဆက်ပြောပြသည်။
“အတိတ်ကဖြစ်ခဲ့တဲ့ အဲ့ဒီမတော်တဆမှုကြီးက ကြီးမားတဲ့ တိုက်ပွဲကြီးကို ဖြစ်စေခဲ့တယ်။ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တဲ့ ကောလဟာလအရဆိုရင် မိစ္ဆာဧကရာဇ်က အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေက လူသားမျိုးနွယ်ရဲ့ အဆင့်လွန် ရတနာ ရှေးဟောင်းအပျက်အစီးမျှော်စင်ကို ယူသွားခဲ့တဲ့အပြင် သူ့ဘဝသက်တမ်းကို ဆွဲဆန့်နိုင်ဖို့အတွက် မြှုပ်နှံတဲ့ပစ္စည်းအဖြစ် အသုံးပြုချင်ခဲ့တာ။ ရှေးဟောင်းအပျက်အစီးမျှော်စင်ဆိုတာက အဲ့ဒီအချိန်က ပျောက်သွားခဲ့ပြီလေ။ ဒီတော့ အားလုံးကလည်း ဒီသတင်းက မှန်တယ်လို့ ထင်ရတယ်။ ဒီလိုလုပ်တာကလည်း ရှောင်းချန်က လုပ်ခဲ့တယ်လို့ ယုံကြည်ထားကြတယ်။ အဲ့တာ အပြင် နောက်ထပ် ကောလဟာလထွက်နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ အဲ့တာကတော့ ရှေးဟောင်း အပျက်အစီးမျှော်စင်ကို ခိုးသွားတဲ့သူက မိစ္ဆာဧကရာဇ် မဟုတ်ဘူးလို့ ပြောကြတယ်။ သူက မြှုပ်နှံတဲ့ပစ္စည်းကို ရှာနေတာတော့ မှန်ပေမဲ့လည်း သူ ခိုးသွားခဲ့တာက ဗဟိုရ်ပြင်ကျယ်က အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပစ္စည်းလို့ပြောကြပြန်တယ်။ အဲ့ဒီအစိမ်းရောင် ကြေးနီရောင်ကျောက်တုံးက အဲ့ဒီပစ္စည်းရဲ့ တစ်ပိုင်းတစ်စဆိုတော့ အတော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်။ အရှေးပိုင်း ပျက်သုဥ်းခြင်းနယ်မြေက လူနည်းစုလောက်ကပဲ ဒီအကြောင်းအရာကို သိထားကြတာ။ သူတို့က သိထားတယ် ဆိုရင်တောင်မှပဲ ဗဟုသုတ အများကြီးရှိကြတာ မဟုတ်ဘူး။”
“ဒါဆို ခများက ဘယ်လိုတွေးမိတာလဲ။”
ယဲ့ဖန်းက ပဟေဠိဖြစ်ဟန်ဖြင့် ပြောသည်။
“ရှေးဟောင်း အပျက်အစီးမျှော်စင်က မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ မပေါ်လာခဲ့ဘူး။ ဒီတော့ ပထမ ဒဏ္ဍာရီက မဟုတ်တာ သက်သေပြပြီးသား .. ။ သဘာဝအလျှောက်ပဲ ငါက ဒီအစိမ်းရောင်ကြေးနီရောင်တုံးကိုပဲ တွေးဖို့ ရှိတော့တာပေါ့။”
ထိုအချိန်တွင် နှလုံးသားမဲ့သော တာအိုပညာရှင်က သူ့ပါး သူဖြတ်ရိုက်ပြီး ပြောသည်။
“တစ်ဘဝလုံးနီးပါး ရတနာတွေ ရှာပြီးတဲ့နောက်မှာ အစိမ်းရောင်ကြေးနီရောင်တုံးကိုတောင် မမြင်ပဲ လွဲချော်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။”
“ဒါဆိုရင် ခများနောက်တော့ ဘယ်လိုသိသွားလဲ။ ခများ ရုတ်တရက် တစ်စုံတစ်ရာက မှားယွင်းနေတာကို သတိထားမိသွားတာလား။”
“ဘာလို့လဲဆိုတော့ သာမန်ဖြစ်လွန်းနေတာကကို သဘာဝလွန်နေလို့ပဲ။ ဘာပစ်ချက်မှ မရှိနေဘူး မဟုတ်လား။ ငါက နည်းလမ်းပေါင်းများစွာကို ထုတ်သုံးခဲ့ပေမဲ့ အရူးလုပ်ခံခဲ့ရတယ်။ ပြောင်းပြန်လှန်တွေးကြည့်မယ်ဆိုရင် အဲ့ဒီလိုဖြစ်နေတာကကို အကြီးမားဆုံး ပစ်ချက်ကြီးပဲ။ သာမန်အရဆို အဲ့ဒီကြေးနီရောင်တုံးလေးက သာမန်ကို မဟုတ်နိုင်တာ။”
ယဲ့ဖန်းက သက်ပြင်းချသည်။
“ငါက အတော်လေးကို ညံ့ခဲ့တာပဲ။ လက်ကို အသာယမ်းလိုက်ယုံနဲ့ ဒီလောက်အဖိုးတန်တဲ့ ပစ္စည်းကြီးက ရေကန်ထဲကို ကျသွားရတယ်။ ဘယ်သူမှ မမြင်လိုက်တာ နှမြောစရာပဲ။ မဟုတ်ရင် ငါက သေမျိုးလောကကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလိုမျိုး ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။”
“မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ။ မင်း အရိုက်ခံချင်နေတာ မဟုတ်လား … ဟမ်။”
နှလုံးသားမဲ့သော တာအိုပညာရှင်က အလွန်ဒေါသထွက်လာသည်။ သူ၏ နှာခေါင်းကပင် လှုပ်ခါလာသည်။ ယဲ့ဖန်းက တာအိုပညာရှင်က လူသားချင်း စာနာစိတ်မရှိကြောင်း သိသော်လည်း သူက ကြမ်းတမ်းခက်ထန်သောသူ မဟုတ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် မကြောက်ချေ။ သူက ပြောသည်။
“တာအိုပညာရှင် ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ခများအတွက် အရေးကြီးဆုံးကိစ္စက နည်းလမ်းတစ်ခုကို ခပ်မြန်မြန် ရှာပြီး အဲ့အစိမ်းရောင် ကြေးနီတုံးကို ရအောင်ယူဖို့ပဲ။ ရှေးဟောင်း အပျက်အစီးမျှော်စင်ကလည်း ယင် ဂူသင်္ချိုင်းထဲမှာ ဖြစ်နိင်တယ်။ တကယ်လို့ ခများက ဒီလိုမဟာရတနာကြီးကို လွတ်သွားရင် ဘယ်လိုလုပ်ကြမလဲ။ အနှစ်ချုပ်အနေနဲ့ ခများ နှစ်ခုတောင် ရနိုင်တယ်လေ။”
“ရှေးဟောင်း အပျက်အစီးမျှော်စင်က ဒီနေရာမှာ မရှိနိုင်ဘူး။”
ထိုသို့ပြောပြီးနောက် စဥ်းလဲသော တာအိုပညာရှင်က ယဲ့ဖန်းကို လွတ်ပေးလိုက်သည်။ သူက နောက်ထပ် ဆက်လုပ်ရမည့် ကိစ္စကိုသာ ဆက်တွေးသည်။
“ငါ ဒီလောက်နဲ့ မယိမ်းယိုင်နိုင်ဘူး။ ငါ ဆက်ပြီးကြိုးစားမယ်။”
ဝတုတ်တာအိုပညာရှင်က အနက်ရောင်ရေကန်ထံသို့ တစ်ဖန် လျှောက်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်ကြေးနီရောင်တုံးကို သူက မေ့၍ မရချေ။ ထို့ကြောင့် သူက လက်မလျော့နိုင်တော့ချေ။
ဗုန်း ….။
ထိုအချိန်တွင် အနက်ရောင် ရေကန်၏ အလယ်မှ ရုတ်တရက် ကြီးမားသည့် ရေဘဝဲကြီးက ထွက်ပေါ်လာသည်။ အလွန်အမင်း ကြီးမားသည့် သားရဲကြီးတစ်ကောင်က တဖြည်းဖြည်းချင်း မြှောက်တက်ကာ ထွက်ပေါ်လာပြီးနောက် အနက်ရောင်ရေကန်ထဲမှ ပေါ်ထွက်လာသည်။ သူ၏ တစ်ကိုယ်လုံးက ပိန်းပိတ်အောင်မဲမှောင်နေသည်။ အနက်ရောင် ရွှေသားဖြင့် လုပ်ထားသလိုမျိုး မိစ္ဆာဆန်သော အရှိန်အဝါမျိုးကို လွင့်ထုတ်နေသည်။
ထူးဆန်းသော ပုံသဏ္ဌာန်ရှိသော ထိုအကောင်ကြီးတွင် ခေါင်းသုံးခေါင်း ပါသည်။ အလယ်ခေါင်းက လူသားပုံစံ မျောက်ဝံ ခေါင်းပုံစံ ဖြစ်သည်။ ဘယ်နှင့်ညာ ခေါင်းများကမူ ငှက်ခေါင်းနှင့် မြွေခေါင်းဖြစ်သည်။ ခန္ဓာကိုယ်ကလည်း အနက်ရောင် မြင်းကြီးပုံစံ ဖြစ်နေပြီး အနက်ရောင် ရွှေသားဖြင့် လုပ်ထားသလိုမျိုး ထင်ရပြန်သည်။ ပြောင်လက်နေသော်လည်း မဲနက်နေသေးသည်။ သူ၏ကိုယ်တွင် မည်သည့်ငှက်မွှေးမျှ မရှိဘဲ အနက်ရောင် ကြေးခွံများကသာ သတ္ထုရောင် တလက်လက် ထုတ်လွင့်လျက် တောက်ပစွာဖြင့် ရှိနေသည်။ သူ့ကို ကြည့်ရုံဖြင့် အလွန်အမင်း စွမ်းအားကြီးမားကြောင်း သိသာသည်။
ထိုအကောင်ကြီးက ဆယ်မီတာကျော် ရှည်သည်။ သူက ရေထဲတွင် ဟိန်းဟောက်လိုက်ပြီးနောက် ချက်ချင်းလိုလို ခုန်တက်လာသည့်အခါ ယဲ့ဖန်း၏ စိတ်ဝိညာဥ်က လွင့်ထွက်သွားသလို ခံစားလိုက်ရစေသည်။
“စိတ်ကို ငြိမ်ငြိမ်ထားပြီး အာရုံစိုက်ထားစမ်း။”
တာအိုဝတုတ်က လှမ်းအော်သည်။
“ဒီလို အကောင်းမျိုးတွေက အရမ်းကို ယင် စွမ်းအင်များတဲ့ နေရာမျိုးတွေမှာ နေကြတာ။ သူ့ရဲ့ဟိန်းသံက စိတ်ဝိညာဥ်ကို ပျက်ပြားစေနိုင်တယ်။ ဒီလို အရမ်းထူးဆန်းတဲ့ အကောင်ကြီးကို ရွှေကျီးကန်း မျောက်ဝံလို့ သိကြတယ်။ ”
ထိုအလွန်ကြီးမားသည့် ပုံပန်းသွင်ပြင်ရှိသည့် ထူးဆန်းသည့် အကောင်ကြီးများက ခေါင်းသုံးခေါင်းရှိပြီး ငှက်ခေါင်းနဲ့ မြွေခေါင်းကမူ ဒီအတိုင်း နတ်စွမ်းအင်ကို အသုံးပြုနိုင်စွမ်း ရှိနေသော်လည်း အတွေးများကို မတွေးနိုင်ချေ။ အလယ်မှ မျောက်ဝံခေါင်းကသာ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် သူ့ကို ရွှေကျီးကန်းမျောက်ဝံဟု ခေါ်ခြင်းဖြစ်သည်။
သို့ရာတွင် ဒဏ္ဍာရီအရ ဘေးဘက်မှ ငှက်နှင့် မြွေခေါင်းများက အနက်ရောင် ရွှေသားဖြင့် လုပ်ထားသလိုမျိုး ထင်ရပြီးနောက် တဖြည်းဖြည်းချင်း အသိဉာဏ်ဝင်လာနိုင်သည်ဟုလည်း ဆိုကြသည်။ ထိုရွှေကျီးကန်းမျောက်ဝံကသာ ထိုအဆင့်အထိ အဆင့်တက်သွားပြီးလျှင် အလွန်အမင်း ကြောက်စရာကောင်းသွားပေလိမ့်မည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က လာပြီး မလှုပ်ရှားသမျှ သူ့ကို ကိုင်တွယ်ရန် မဖြစ်နိုင်ချေ။ ဤတစ်ကြိမ်ဆိုလျှင် သူ၏ မှော်စွမ်းအားများက ကောင်းကင်အထိ ရောက်ရှိသွားပြီး အရာအားလုံးကို နင်းချေဖျက်ဆီးနိုင်စွမ်း ရှိသွားပေလိမ့်မည်။
ယဲ့ဖန်းက သူ၏စိတ်ထဲတွင် အရာအားလုံးကို နားထောင်ကာ မှတ်သားထားသည်။ သူက စိတ်ပြန်ငြိမ်သွားပြီးနောက် အာရုံစိုက်ထားလိုက်သည်။ ထိုတာအိုပညာရှင်၏ နတ်အလင်းတန်းဖြင့် လွှမ်းခြုံပေးထားမှုအောက်တွင် သူ၏စိတ်ဝိညာဥ်က တည်ငြိမ်သွားကာ ပျံံ့လွင့်ခြင်း မရှိတော့ချေ။
ဗုန်း …။
ထိုအခိုက် ရွှေကျီးကန်း မျောက်ဝံကြီးက ရေပေါ်မှ ရုတ်တရက် မြှောက်တက်လာပြီးနောက် အဆုံးအစမဲ့သည့် အနက်ရောင် အားလှိုင်းများကို ထုတ်ကာ ဝတုတ်တာအိုပညာရှင်နှင့် ယဲ့ဖန်းထံ ပစ်လွှတ်လိုက်သည်။
စဥ်းလဲသော တာအိုပညာရှင်က ခပ်မြန်မြန် တုံ့ပြန်လိုက်သည်။ သူက လက်တစ်ဖက်ဖြင့် စက်ဝိုင်းပုံစံတစ်ခုကို ရေးဆွဲသည်။ အစိမ်းရောင်အလင်းများက မျောလွင့်ပြီးနောက် ချက်ချင်းလိုလို မီးပန်းများကဲ့သို့ ပေါက်ထွက်လာသည်။ မျက်စိကျိန်းမတက် တောက်ပလာပြီး မြူထုအဖြစ် အုံ့ဆိုင်းနေသည့် မြင်ကွင်းက မြူအဖြစ် ပြောင်းလဲသွားရာ အရာအားလုံးက သူနှင့် ယဲ့ဖန်းကို အုပ်ကွယ်သွားသည်။ မြူထုက ကျောက်သားများကိုပင် အေးခဲအောင် လုပ်နိုင်စွမ်းအား ရှိသည်။ ရေအေးများ အားလုံးကလည်း အပေါ်သို့ မြှောက်တက်လာသည်။ သို့သော် အရာအားလုံးက အပြင်ဘက်တွင် အပိတ်ခံထားရသည်။ တစ်ကြိမ်ထဲတွင်ပင် သူက လေထဲတွင် တစ်စုံတစ်ရာကို ဆွဲလိုက်ဟန်လုပ်ပြီးနောက် ချိပ်စည်းသင်္ကေတတစ်ခုကို ရေးဆွဲလိုက်သည်။
“အညံ့ခံ။”
တာအိုပညာရှင်ဝတုတ်က ထိုသို့အော်ဟစ်လိုက်သည်။ ထိုအညံ့ခံ ချိပ်စည်းသင်္ကေတက လေထဲသို့ မြှောက်တက်သွားပြီးနောက် ခမ်းနားသော အလင်းကို လွင့်ထုတ်သည်မှာ ကျောက်စိမ်းဓားဖြင့် ဖန်တီးထားသည့်အလား ထင်ရသည်။ အလွန်အမင်း တောက်ပပြီး လင်းလက်လျက် အရှေ့သို့ ပျံသန်းတိုးဝင်သည်။
ဆွစ် …။
ဗမ်း …။
ထိုသင်္ကေတများက ရွှေကျီးကန်းမျောက်ဝံ၏ ကိုယ်ပေါ်သို့ ရောက်သွားပြီးနောက် သူ့အပေါ်တွင် ရိုက်နှိပ်လိုက်သလို ဖြစ်သွားသည်။ ထိုအခါ သူ့ထံမှ နှာမှုတ်သံများက ထွက်ပေါ်လာသည်။ အေးစက်နေသည့် အနက်ရောင်မြူထုများက တစ်လွှာပြီးတစ်လွှာ လေထဲသို့ ထွက်လာပြီးနောက်တွင် ထိုကျီးကန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
ရွှေကျီးကန်းမျောက်ဝံ၏ ခန္ဓာကိုယ်က ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။ သူ၏အောက်သို့ ငုံ့ကျနေသည့်ခေါင်းကြီးနှစ်ခေါင်းက ချက်ချင်းလိုလို မြှောက်တက်လာသည်။ ငှက်ခေါင်းက နှုတ်တီးကို ဟပြီးနောက်တွင် ချက်ချင်းလိုလို မျက်စိကျိန်းမတက် တောက်ပသည့် မိုးကြိုးအဖြစ် အလင်းတန်းများကို လွင့်ထုတ်လိုက်ချိန်တွင် ဘယ်လက်မှ မြွေခေါင်းကလည်း လျှာတစ်လစ်ကိုထုတ်ကာ အနက်ရောင်မီးတောက်ကို မှုတ်ထုတ်သည်။ မြူထုက ထိုမီးတောက်အကြား လောင်ကျွမ်းသွားရသည်။
“အဆင့်လွန် ယင် မိုးကြိုးနဲ့ ကောင်းကင်ဘုံ မီးတောက်။”
ဝတုတ်တာအိုပညာရှင်က အံ့အားသင့်သွားပြီး ယဲ့ဖန်းကို အလျင်အမြန်ဆွဲကာ ခြေလှမ်း အနည်းငယ်ဆုတ်သည်။ သူက ပါးစပ်ကို ဟပြီးနောက် သွေးရောင်ဒိုင်းကာ စွမ်းအင်ကို ထွေးထုတ်လိုက်သည်။
ထိုသို့ဖြင့် အလင်းတန်းများက ဖျတ်ခနဲ လက်ပြီးနောက်တွင် လေထဲသို့ ပြန့်ကားသွားသည်။ ထိုသို့ဖြင့် လေးပေမှ ငါးပေလောက်အထိ မြင့်သွားကာ သူတို့နှစ်ယောက်ကို ကာကွယ်လိုက်နိုင်သည်။
ဗမ်း ဗမ်း ဗမ်း …။
လေထဲတွင် မိုးကြိုးစွမ်းအင်များက ကခုန်သွားပြီး မီးတောက်များကလည်း လောင်ကျွမ်းသည်။ သူတို့က ထိုသွေးဒိုင်း အကာအကွယ်လွှာကို ထိမှန်သွားပြီး အနီရောင် အလင်းမှုန်များကို တဖွားဖွားပေါ်လာစေသည်။
“ဒီရွှေကျီကန်း မျောက်ဝံက မရိုးရှင်းဘူး။ ငှက်ခေါင်းနဲ့ မြွေခေါင်းက အရင် အသိဉာဏ်ရထားတဲ့ပုံပဲ။ ဒါပေမဲ့ သူတို့ကို တစ်ယောက်ယောက်က ဓားနဲ့ထိုးသွားခဲ့လို့ သူတို့ အသိဉာဏ် ပြန်ပျောက်သွားတာ။”
ဝတုတ် တာအိုပညာရှင်၏ အမူအရာက လေးနက်သွားသည်။ ထိုရွှေကျီးကန်း မျောက်ဝံ၏ ခေါင်းသုံးခေါင်းက တစ်ချိန်တည်းလိုလို အသိဉာဏ်ရှိနေမည်ဆိုလျှင် သူတို့က ပတ်ပင်းတိုးသည့်အခါ စွမ်းအားကြီးမားလွန်းသည့် ကျွမ်းကျင်ပညာရှင်ကိုပင် သေစေနိုင်သည်။
“ကံကောင်းစွာနဲ့ ခေါင်းနှစ်ခေါင်းက အကောင်းတိုင်းရှိနေတဲ့ အခြေအနေမျိုးမှာ မဟုတ်ဘူး။”
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ရွှေကျီးကန်းမျောက်ဝံ၏ စွမ်းအားကြီးမားသည့် သိုင်းကွက်များက သွေးနီရောင်ဒိုင်းကို တုန်ခါစေသည်။ သို့ရာတွင် နောက်ဆုံးတွင် တားဆီးလိုက်နိုင်သည်။
ထိုအချိန်တွင် ဝတုတ်၏ ဒုက္ခဆင်းရဲပင်လယ်ထဲမှ မျက်စိကျိန်းမတက် တောက်ပသည့် အလင်းတန်းများက ဖြာထွက်လာသည်။ ထိုအရာက တောက်ပလွန်းသည့် လမင်းကဲ့သို့ အလွန်အမင်း ကြည်လင်နေသည်။ ထိုရွှေကျီးကန်းမျောက်ဝံထံ တည့်တည့် တိုးဝင်သွားသည်။
ဗမ်း …။
ရွှေရောင်အလင်းတန်းနှစ်တန်းက ရွှေကျီးကန်းမျောက်ဝံ ခေါင်း၏ မျက်ဝန်းတစ်စုံမှ ထွက်ပေါ်လာပြီးနောက်တွင် လမင်းထဲသို့ တိုးဝင်သွားသည်။ ဤနည်းအားဖြင့် လမင်းကြီးက တုန်ခါသွားသလို ထိုအလင်းတန်းများကလည်း တုန်ခါသွားသည်။
နှလုံးသားမဲ့သော တာအိုပညာရှင်၏ အမူအရာက အံ့အားသင့်သလို ဖြစ်သွားပြီးနောက် ပြောသည်။
“ဒီခေါင်းသုံးခေါင်းက တစ်ယောက်ယောက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ပုံပဲ။ ဒါကြောင့် သူတို့ပေါ်မှာ ကြောက်စရာကောင်းတဲ့ အမာရွတ်ကို ချန်ထားခဲ့တာ။ ကြည့်ရတာ အတိတ်က ခေါင်းသုံးခေါင်းလုံးက အသိဉာဏ်အပြည့် ရထားနိုင်တယ်။ ငါ အဲ့ဒီအချိန်က အခြေအနေနဲ့သာဆိုရင် သေချာပေါက် ပြေးဖို့ပဲ ရှိတော့တယ်။”
ရွှေကျီးကန်းမျောက်ဝံ၏ ဘယ်နှင့်ညာခေါင်းများက အသိဉာဏ်ပျောက်ဆုံးသွားရုံသာမကဘဲ အလယ်ခေါင်းကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေသည်။ ထို့ကြောင့် အတိတ်ကကဲ့သို့ မိစ္ဆာအလင်းတန်းများကို လွင့်ထုတ်ရန် ခက်ခဲနေပြီး နှလုံးသားမဲ့သော တာအိုပညာရှင်၏ ဖိနှိပ်မှုကို ခံရသည်။
ဗမ်း ….။
နှလုံးသားမဲ့သော တာအိုပညာရှင်က ဖိနှိပ်ချင်သောအခါ ရွှေကျီးကန်းမျောက်ဝံက ခပ်ကြမ်းကြမ်း ရုန်းကန်လာသည်။ သူ၏တစ်ကိုယ်လုံးက မျက်စိကျိန်းမတက် တောက်ပသည့် ရွှေရောင်အလင်းတန်းများကို ဖောက်ထုတ်ပြီးနောက် ဖိနှိပ်မှု၊ ရုန်းကန်မှုများအားလုံးထံမှ ရုန်းထွက်ကာ အနက်ရောင်ရေကန်ထဲသို့ ပြန်ခုန်ဆင်းသွားသည်။
“ဒီအကောင်က အတော်လေးကို ကြောက်စရာကောင်းတယ်။ ခေါင်းသုံးသာ အကောင်းတိုင်း အခြေအနေမှာဆိုရင် လူအနည်းစုလောက်ကပဲ သူ့ကို ကိုင်တွယ်နိုင်တော့မယ်။”
ဝတုတ်တာအိုပညာရှင်၏ အမူအရာက အလွန်အမင်း လေးနက်နေသည်။
ထိုအချိန်တွင် အောက်ဘက် အလွန်အမင်း အေးခဲသော ရေကန်က ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။ တစ်စုံတစ်ရာက အောက်ဘက်မှ အပြေးထွက်လာတော့မည်နှင့်တူသည်။
၄င်းက ရွှေရောင်ရွှေကျီးကန်းမျောက်ဝံ ထွက်လာချိန်ကထက် ပို၍ပင် ကြမ်းတမ်းပြင်းထန်နေသေးသည်။ မရေမတွက်နိုင်အောင် များပြားသည့် လှိုင်းပေါင်းများစွာက အနက်ရောင်ရေကန်ထဲမှ တလှိမ့်ပြီး တစ်လှိမ့် ထွက်လာသည်။ အနက်ရောင် မြူထုများကလည်း အရပ်မျက်နှာအနှံ့ ဖုံးကွယ်သွားပြန်သည်။
မြူထုများက ပတ်ဝန်းကျင်တွင် ဝှေ့ဝဲနေသည်။ အရိုးကွဲမတက် အေးစိမ့်သည့် အအေးဓာတ်ကလည်း ပြန့်လွင့်နေသေးပြန်သည်။ တောင်၏ နေရာတိုင်းက အေးခဲနေပြီး ကွဲအက်လာကုန်သည်။ ကျောက်တုံးပေါင်းများစွာက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ အနက်ရောင်မြူငွေ့များကလည်း အဝေးသို့ လွင့်ထွက်သွားသည်။
“တာအိုပညာရှင် ယင် ဂူသင်္ချိုင်းက အမှောင်ထဲမှာ ပုန်းအောင်းနေပြီ။ ဘယ်တော့မှ ပြန်ထွက်မလာဘူးလို့ ပြောထားတာ မဟုတ်လား။ ဘာလို့ ကြောက်စရာကောင်းတဲ့ အရာကြီးက ထွက်လာပြန်ပြီလဲ။”
“ငါ မတော်တဆ တစ်ခုခုကို ထိလိုက်မိလို့ ဒုက္ခရောက်ပြီ ထင်တယ်။”
“ခများ ဘာလုပ်ခဲ့တာလဲ။”
“ငါ ဒီရေကန်ထဲက မီတာထောင်ကျော်လောက် နက်တဲ့နေရာအထိ ခုန်ဆင်းသွားပြီးတော့ အနက်ရောင်ရေကန်လို့ ရေးထားတဲ့ ကျောက်ပြား အကျိုးတစ်ခုကို တွေ့ခဲ့တယ်။ ငါ အဲ့တာကို ဆွဲနုတ်ပြီး အဝေးကို လွင့်ပစ်ခဲ့တာလေ။ ကြည့်ရတာ အဲ့ဒီလွှတ်ပြစ်ခဲ့တဲ့ နေရာက ရေရဲ့အနက်ရှိုင်းဆုံးအပိုင်း ဖြစ်သွားတယ်ထင်ပါတယ်။ ဒီတော့ အဲ့ဒီမိစ္ဆာဧကရာဇ်ရဲ့ ယင် ဂူသင်္ချိုင်းနေရာကို သွားထိမိတာလည်း ဖြစ်နိုင်တယ်။”
“တာအိုပညာရှင် ခများ မိစ္ဆာဧကရာဇ်ရဲ့ ယင် ဂူသင်္ချိုင်းရဲ့ ခမ်းနားမြင့်မြတ်တဲ့ ကျောက်ပြားကို ရိုက်ခွဲဲခဲ့တာတော့ မဟုတ်ပါဘူးနော်။”
“အဲ့ဒီအချိန်က မိစ္ဆာဧကရာဇ်ရဲ့ ယင် ဂူသင်္ချိုင်းက ဒီအောက်မှာ ရှိမယ်လို့ ဘယ်သူက သိမှာလဲ။”
ဗွတ် ….။
ထိုအချိန်တွင် အနက်ရောင်ရေကန်တွင် အားလှိုင်းများ ထလာပြန်သည်။ အနက်ရောင် သံမဏိသံချပ်ကာအပြည့်ဝတ်ဆင်ထားသည့် ရေစစ်သည်တော်တစ်အုပ်က အထဲမှ ထွက်လာသည်။ သူတို့အားလုံးက လက်ထဲတွင် ယင် ဆေဘာ ဓားများကို ကိုင်ဆောင်ထားကြပြီး သေဆုံးခြင်း အရှိန်အဝါများကို လွင့်ထုတ်နေသည်။
“ဒါက …။ ”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ တာအိုပညာရှင်ဝတုတ်ကလည်း အံ့အားတကြီးဖြစ်သွားသော မျက်နှာထားမျိုးဖြင့် ယဲ့ဖန်းကို နောက်သို့ ဆွဲကာပြောသည်။
“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ မိစ္ဆာဧကရာဇ်ရဲ့ ယင်ဂူသင်္ချိုင်းက ဒီလောက်ထိ ထူးဆန်းနေရတာလဲ။ ကြောက်စရာကောင်းတဲ့ အစောင့်အရှောက်တွေ ရှိနေတာလား။ ဘယ်လိုသက်ရှိတွေက ဒီနေရာမှာ ရှိနေမှာလဲ။ ဒါက ဘာတွေလဲ။”
အနက်ရောင် ရေကန်ထဲမှရေက လှိမ့်တက်လာပြီး ကျိုးပဲ့နေသည့် ရှေးဟောင်း စစ်ရထားလုံးတစ်စီးက တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထို့နောက် တစ်စီးပြီး တစ်စီး ထွက်လာပြန်သည်။ သို့သော် ရထားအားလုံးက ရေ စစ်သည်တော်များကို သယ်ဆောင်ထားသည်။ သူတို့က တလက်လက်တောက်ပသည့် သံမဏိ သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ သူတို့ ခန္ဓာကိုယ်၏ နေရာတိုင်းကို ထိုသံချပ်ကာက အပြည့်အစ ဖုံးထားပေးနိုင်သည်။ သို့သော် သူတို့၏ကိုယ်မှ သေဆုံးခြင်း အရှိန်အဝါများက ဖြာထွက်နေသလို သူတို့ထဲတွင် ယင် ဆေဘာ အနက်ရောင် သို့မဟုတ် လှံ များကို ကိုင်ဆောင်ထားသည်။
အပိုင်း ( ၆၈ ) ပြီး၏။