Switch Mode

Chapter – 66

Chapter – 66

ယဲ့ဖန်းက တာအိုသင်္ကေတအကြောင်း များများစားစားမသိချေ။ အကြီးအကဲ ဝူချင်ဖုန်းထံမှ ကြားရသော စကားများအရ တာအိုသင်္ကေတများ ပါဝင်သည့် အစစ်အမှန် စွမ်းအားကြီး လက်နက်ပေါင်းများစွာအကြောင်း သိထားသည်။ ထိုကဲ့သို့သော လက်နက်များတွင် နတ်ဝိညာဥ်များရှိသည်။
တာအိုသင်္ကေတများက ထိုဝိညာဥ်များကို ကန့်သတ်၍ မရသေးပြန်ချေ။ ယင်းက ထိုလက်နက်များ၏ ထူးခြားချက်မှ တစ်ခုဖြစ်သည်။ အခြားသောနယ်ပယ်များတွင်လည်း အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် တောင်တန်းနှင့် သစ်ပင်များတွင် သင်္ကေတများကို ထွင်းထုထားပြီး စွမ်းအားတစ်ရပ်အဖြစ် ပြောင်းလဲနိုင်သော အခြေအနေတစ်ရပ်လည်း ရှိသည်။
ထူးဆန်းသော စွမ်းအားများကို စုစည်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်သော အခြေအနေများလည်း ရှိသေးပြန်သည်။
အဆင့်မြင့် တာအိုသင်္ကေတများက အလွန်အမင်း ထူးခြားသည်။ သူတို့တွင် ပြောင်မြောက်သော ဓာတ်စွမ်းအားပေါင်းများစွာ ရှိသည်။ သူတို့ကို ထွင်းထုပြီးနောက် ထွင်းထုခံရသည့် အရာ၏ သဘောသဘာဝ၊ တည်ဆောက်ပုံနှင့် အရာရာက ပြောင်းလဲသွားသည့်အပြင် သေခြင်း၊ ရှင်ခြင်းကိုပင် ဆုံးဖြတ်နိုင်သည်။ အချို့သော အံ့အားသင့်ဖွယ်ကောင်းသည့် တာအိုသင်္ကေတများဆိုလျှင် အချိန်၏ စီးဆင်းမှုကိုပင် အတိုင်းအတာတစ်ခုအထိ ကြာရှည်အောင် ပြုလုပ်နိုင်သည်။ သူတို့က အတွေးတစ်ခုနှင့်တင် အချိန်ကို နှောက်ယှက်ဖျက်ဆီး၍ရသလို အချိန်ကို တားမြစ်၍လည်း ရသည်။ အချိန်ကို ထိန်းချုပ်၍လည်း ရပြန်သည်။
အချို့သော အဆင့်မြင့် တာအိုသင်္ကေတများဆိုလျှင် ရှားပါးသော လက်နက်ပစ္စည်းများတွင် ထွင်းထုထားပြီး သင့်တော်သလို အသုံးပြုနိုင်သည်။
ထိုသို့သင်္ကေတများကို ထွင်းထုလိုက်ခြင်းအားဖြင့် စွမ်းအားကြီးမားသည့် လက်နက်စွမ်းအင်များအဖြစ် အထောက်အပံ့ပေးလိုက်သလိုမျိုး ဖြစ်သွားခဲ့သည့်အတွက် ကောင်းကင်နှင့် မြေပြင်ကိုပင် ထိုးခွဲနိုင်သလို လေဟာနယ်ပြင်ကိုလည်း ပြောင်းပြန်လှန်နိုင်စွမ်း ရှိ၏။ ချက်ချင်းလိုလို အခြားနေရာသို့ ကူးပြောင်းနိုင်သည့် စွမ်းအားလည်း ရှိနေပြန်သည်။
ပို၍ရှုပ်ထွေးပြီး အဆင့်မြင့်သည့် တာအိုသင်္ကေတများဆိုလျှင် သဘာဝ၏ စွမ်းအားအဖြစ်ပင် ပြောင်းလဲသိပ်သည်းနိုင်ပြီး မယုံနိုင်စရာကောင်းသည့် စွမ်းအားအပြောင်းအလဲအဖြစ် ပြောင်းလဲထုတ်သုံးနိုင်စွမ်း ရှိသည်။
စွမ်းအားကြီးမားသည့် တာအိုသင်္ကေတအများစုက ဤလောကအတွင်း ပျံ့နှံ့နေခြင်းပင် ရှိသည်။ တာအိုသင်္ကေတအများစုကို ဤလောကတွင် တွေ့ရခဲသည်။ အများအားဖြင့် ရှေ့ခေတ်ကတည်းက တည်ရှိခဲ့သည့် ကလန်ကြီးများ သို့မဟုတ် မိသားစုကြီးများ၊ တော်ဝင်နယ်မြေများတွင်သာ တွေ့ရတတ်သည်။ သူတို့က ၄င်းကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားကြပြီး အပြင်လူများက ထိုသင်္ကေတများ မည်မျှစွမ်းအားကြီးမားကြောင်း သိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကောလဟာလ အနည်းငယ်ကိုသာ သိရသည်။
ပြောရလျှင် တာအိုသင်္ကေတများက အလွန်ကျယ်ပြန့်ကာ အဆင့်မြင့်မားပြီး နယ်မြေအများအပြား ကွဲထွက်နေသည်။ တာအိုသင်္ကေတများကို ရှေးခေတ်အချိန်ကာလမှ ပုဂ္ဂိုလ်ကြီးပေါင်းများစွာက သဘာဝ၏ သဘောသဘာဝကို ဖမ်းဆုပ်နိုင်အောင် ကြိုးစားလေ့လာသုံးသပ်ပြီးမှသာ ထွင်းထုနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူတို့က လောကနှင့် မပြတ်လပ်အောင် မျိုးဆက်များကို လက်ဆင့်ကမ်းပေးခဲ့သည်။ ဤနည်းအားဖြင့် လက်ရှိ တာအိုသင်္ကေတပေါင်းများစွာကို ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
သာမန်ကျင့်ကြံသူများက ထိုကဲ့သို့သော နယ်ပယ်နှင့် ထိတွေ့ဆက်ဆံနိုင်မည် မဟုတ်ချေ။ သူတို့၏ လက်ရှိအင်အားက အသက်အရွယ်တစ်ခုအထိ ရောက်ရှိသွားမှသာ သူတို့က တာအိုသင်္ကေတများကို လေ့လာနိုင်ပေလိမ့်မည်။ တာအိုသင်္ကေတများကို ရှေးခေတ်အချိန်က မဟာပုဂ္ဂိုလ်ကြီးများ ထွင်းထုခဲ့သည်ဆိုသောကြောင့် ထိုအတိုင်း ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ကျင့်ကြံသူက ပို၍အင်အားကြီးမားလေလေ သူက လောကကို လက်ဆင့်ကမ်းပေးခဲ့သည့် တာအိုသင်္ကေတများကို ပို၍ လေ့လာနိုင်လေလေ ဖြစ်ပေလိမ့်မည်။
လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင် ထိုကြေးနီရောင်ကျောက်တုံး၏ အပေါ်တွင် မည်သည့်တာအိုသင်္ကေတများမှ မရှိချေ။ အစက ထိုလျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်ကြေးနီတုံးပေါ်တွင် မည်သည့် တာအိုသင်္ကေတပုံစံမှ မရှိခဲ့ချေ။
သို့သော် တစ်စုံတစ်ရာနှင့် ထိတွေ့ ပွတ်တိုက်မိပြီးမှ ပေါ်ထွက်လာသလိုမျိုး တာအိုသင်္ကေတများက သိပ်သည်းစွာဖြင့် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တာအိုသင်္ကေတများက ရှုပ်ထွေးနေသလို အဆင့်အတန်းမြင့်၏။ မမျှော်မှန်းနိုင်လောက်အောင် လက်လှမ်းမမှီနိုင်သော နယ်ပယ်အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။ ထို့ကြောင့် သူက ထိုသင်္ကေတများကို နားမလည်နိုင်ချေ။ ထိုအရာများက အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်နေသည့်တိုင် သဘာဝအလျှောက် ဆွဲဆောင်မှုရှိနေသလိုမျိုး ငေးကြည့်ရုံနှင့်ပင် စူးနစ်ဝင်သွားစေသည်။
“ဒါက သဘာဝအလျှောက် ဖြစ်လာနေသလိုပဲ … ။”
ယဲ့ဖန်းက ရေရွတ်လိုက်သည်။ အကြီးအကဲ ဝူချင်ဖုန်းကလည်း တစ်ကြိမ်က ပြောဖူးသည်။ အချို့သော အဖိုးတန်ရတနာများက မွေးရာပါ တာအိုသင်္ကေတများကို သယ်ဆောင်လာနိုင်ကြသည်။ ထို့ကြောင့် သူတို့ကို အထူးတလည် မသန့်စင်သော သင်္ကေတများက ပါနေဦးမည်ဖြစ်သည်။ သို့သော် သင်္ကေတပုံစံက ကွဲပြားသည်။ သူတို့ကို တုပထားလို့ မရသလို သူတို့၏ စွမ်းရည်အရင်းအမြစ်ကလည်း ကွာခြားပေလိမ့်မည်။
“ဒါက မွေးရာပါ တာအိုသင်္ကေတလား … ။”
ယဲ့ဖန်းအနေဖြင့်လည်း တာအိုသင်္ကေတများအကြောင်း များများစားစား မသိထားသဖြင့် နားမလည်နိုင်တော့ချေ။ သူ၏နှလုံးသားတွင် သံသယများက ပြည့်နှက်လာသည်။
ရုတ်တရက် ယဲ့ဖန်းက ထူးဆန်းသည့်ဖိအားကို ခံစားလိုက်ရသည်။ သူက အရှေ့ဘက်မှ အပိတ်ခံထားရသည့်လမ်းကို မြင်လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ ထိုလမ်းက ဝေဝါးနေသေးသည့်အတွက် သူက အဆုံးကို မမြင်နိုင်ချေ။ သို့သော် သူ၏ရှေ့တွင် ထူးဆန်းသည့် မြူထုက အုပ်နေသည့်လမ်းမထက် ပေါ်နေကြောင်း မြင်လိုက်ရသည်။
တစ်ချိန်တည်းတွင်ပင် အစိမ်းရောင်မြွေနဂါးတစ်ကောင်၏ ဟိန်းသံ သဲ့သဲ့ကိုပင် ကြားလိုက်ရသေးသည်။ ရှေ့ဟောင်းကလန်ကြီးဖြစ်သည့် ကျစ် ကလန်က ရှေးဟောင်း ရွှေရောင်ရထားလုံးက လျင်မြန်စွာဖြတ်သန်းသွားသည်။ သူတို့၏တိုက်ခိုက်လိုစိတ်က တောင်တန်းအနှံ့ ပျံ့နှံ့သွားသည်။
“အပျက်အစီးနယ်မြေကို ယာယီ ချိတ်ပိတ်လိုက်။ ဘယ်သူမှ ထွက်ခွင့်မရှိဘူး။”
ရေနဂါးကိုးကောင်ဆွဲသော ထိုရထားလုံးက အရှေ့မှလမ်းကို ပိတ်လိုက်သည်။ ကျစ်ကလန်မှ အရေးကြီးသော ပုဂ္ဂိုလ်ပေါင်းများစွာက တောင်တန်းနှင့်မြေပြင်တွင် မရေမတွက်နိုင်သည့် တာအိုသင်္ကေတများကို ချက်ချင်းလိုလို ထွက်ပေါ်လာအောင် ထွင်းထုလိုက်၏။ ပြီးနောက် ရှေ့ရှိလမ်းကို မမြင်ရသော အားလှိုင်းတစ်ခုဖြင့် ပိတ်ဆို့လိုက်သည်။
အခြားသော ဦးတည်ရာဘက်တစ်ခုတွင်လည်း ချီလင် သားရဲကိုးကောင်ကဆွဲသည့် ကျောက်စိမ်းရထားလုံးက ရှိသည်။ ထိုရထားလုံးက တိမ်စိုင်များထဲသို့ ထိုးတက်သွားပြီး မြူထုများထဲသို့ ထိုးဝင်ကာ သူတို့၏ နတ်အရှိန်အဝါကို ကောင်းကင်ထိတိုင် ဖြန့်ကျက်လျက် အရှေ့ဘက်လမ်းကြောင်းကို ပိတ်လိုက်ပြန်သည်။
တစ်ချိန်တည်းတွင်ပင် အခြားသောလမ်းများတွင်လည်း အလားတူ အော်သံများ ထွက်နေသည်။ အရေးကြီးပုဂ္ဂိုလ်ပေါင်းများစွာက ဒီအပျက်အစီးနယ်မြေတစ်ခုလုံးကို ချိတ်ပိတ်လိုက်ကြသည်။ ဤနည်းအားဖြင့် မည်သူကမှ မထွက်သွားနိုင်တော့ချေ။
ယဲ့ဖန်းက ကြောင်အသွားသည်။ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သူ သိလိုက်သည်။ သူက ခပ်မြန်မြန် ရပ်တန့်လိုက်ပြီးနောက် ထိုတာအိုကျမ်းစာပိုဒ်မှ လျှို့ဝှက်ဆန်းကြယ်သည့်သိုင်းကို ဆက်၍ မကျင့်ကြံတော့ချေ။ ဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်က ငြိမ်သက်သွားပြီး အရာအားလုံးက ပျောက်ကွယ်သွားသည်။
အပျက်အစီးနယ်မြေက ချက်ချင်းလိုလို ဆူညံပွက်လောရိုက်သွားသည်။ ကျင့်ကြံသူပေါင်းများစွာက ဘာဖြစ်နေမှန်း မသိကြသေးသည့်အတွက် ဤပုဂ္ဂိုလ်ကြီးများက လွန်လွန်းသည်ဟု ခံစားနေရသည်။ ထိုပုဂ္ဂိုလ်ကြီးများက သူတို့အားလုံးကို နှုတ်ပိတ်သည့်အနေနှင့် သတ်ဖြတ်တော့မည်လား မသေချာတော့ချေ။
“ဘာတွေဖြစ်နေတာလဲ။”
“သူတို့က ဘာဖြစ်လို့ ငါတို့ကို ထွက်သွားခွင့်မပြုတာလဲ။”
ခပ်ကြမ်းကြမ်း ကျင့်ကြံသူများက အလွန်အမင်း မသက်မသာဖြစ်သွားကြသည်။ ဂိုဏ်ကြီးမှ ကျင့်ကြံသူများကသာလျှင် စိတ်အေးနေကြသည်။ သို့သော် သူတို့က အထိတ်တလန့်ဖြစ်သည့် အမူအရာမျိုး ပြကြသည်။
“အရှေ့ဘက် အပျက်အစီးနယ်မြေက အဆင့်လွန်ရတနာက မပေါ်ထွက်လာသေးဘူး။ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေက အထိတ်တလန့်ဖြစ်နေကြပြီ။”
“ဟုတ်တယ်။ သူတို့ လမ်းကို ပိတ်လိုက်တာက တယောက်ယောက်က ရတနာနဲ့အတူ ထွက်သွားမှာဆိုးလို့ပဲ။”
“အရေးကြီးတဲ့ ပုဂ္ဂိုလ်ငါးယောက်တောင် ဒီရတနာကို မရှာဖွေနိုင်ရင် အခြားသူတွေက ရနိုင်မှာတဲ့လား။”

ကျင့်ကြံသူပေါင်းများစွာက ဆွေးနွေးကြသည်။ သူတို့ကလည်း ဤနေရာကို ချိတ်ပိတ်ခဲ့သည်မှာ အရှေ့ဘက် အပျက်အစီးနယ်မြေမှ လူသားမျိုးနွယ်၏ ရတနာကြောင့်ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားကြသည်။ အရင်ကတည်းက သူတို့က ထိုရတနာကို မျှော်လင့်ချက်မထားခဲ့ချေ။
ထိုအရေးကြီးပုဂ္ဂိုလ်ငါးယောက်က တောင်တန်းနှင့်မြစ်ပြင်များတွင် တာအိုသင်္ကေတ ရာပေါင်းများစွာကို ထွင်းထုခြင်းအားဖြင့် ပတ်ဝန်းကျင်ကို ချိတ်ပိတ်လိုက်နိုင်သည်။ သူတို့က ဂူသင်္ချိုင်းနေရာသို့ ပြန်သွားပြီး တဖန် ရှာကြပြန်သည်။
“ဘာလို့ အရှေ့ဘက် ပျက်သုဥ်းခြင်း နယ်မြေရဲ့ လူသားမျိုးနွယ်က အဆင့်လွန် ရတနာက တိတ်ဆိတ်နေတာလဲ။ မိစ္ဆာဧကရာဇ် ဂူ သင်္ချိုင်းက ပြိုကျသွားပြီးပြီ။ အခုဆိုရင် တလောကလုံးကို လှုပ်ခါစေနိုင်တဲ့ အရှိန်အဝါနဲ့ ပေါက်ကွဲနေသင့်လောက်ပြီ။”
ပုဂ္ဂိုလ်ငါးယောက်က ခပ်တိုးတိုး ရေရွတ်ကြသည်။ သူတို့က လျှို့ဝှက်သိုင်းကို မသုံးကြချေ။ ဖုံးကွယ်ထားရန်လည်း မလိုအပ်ခဲ့ချေ။
“ရှေးဟောင်း အပျက်အစီး မျှော်စင်က ဘယ်နေရာမှာလဲ။ ဘာလို့ အဲ့တာက ပေါ်မလာသေးတာလဲ။”
” အဲဒါပျောက်နေတာ နှစ်တစ်သောင်းကျော်သွားပြီ။ ရှေးဟောင်းအပျက်အစီးမျှော်စင် ပေါ်ထွက်လာဖို့ အချိန်ကျနေပြီ။ ဘာလို့ ပျောက်နေသေးတာလဲ။”
ကျင့်ကြံသူပေါင်းများစွာကလည်း အံ့ဩ​နေသည်။ အရေးကြီးသော ပုဂ္ဂိုလ်များက ရယူရန် ဆုံးဖြတ်ခဲ့ပြီးသည်မှာ ရှင်းလင်းနေသည်။ သို့သော် ရတနာကို ရှာမတွေ့လျှင် သူတို့က မည်မျှကြာအောင် ချိတ်ပိတ်ခံရမည်မှာ မသေချာတော့ချေ။
ယဲ့ဖန်းကလည်း အံ့အားသင့်သွားသည်။ အရှေ့ဘက်ပျက်သုဥ်ခြင်းနယ်မြေ၏ လူသားမျိုးနွယ် အဆင့်လွန်ရတနာကို ရှေ့ဟောင်း အပျက်အစီးမျှော်စင်ဟု ခေါ်ကြောင်း ယခုမှသာ သူက သိလိုက်ရသည်။ ထိုနာမည်တစ်ခုထဲကတင် အလွန်ထူးခြားကြောင်း နားလည်မိစေသည်။
ဂိုဏ်းကြီးများမှ ကျင့်ကြံသူပေါင်းများစွာက သူတို့၏ ဂိုဏ်းမှကြားထားသည့် အဆင့်လွန် ရတနာအကြောင်း ဆက်လက်ပြီး ဆွေးနွေးနေသည်။
“ပြောကြတာက အဲဒီရှေးဟောင်း အပျက်အစီးမျှော်စင်ကနှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့ပြီးပြီ။ ဘယ်အချိန်ကတည်းက တည်ရှိခဲ့မှန်း ဘယ်သူမှ မသိကြဘူး။”
“ငါ ကြားထားတဲ့အတိုင်းဆို ရှေးခေတ် ပျက်သုဥ်းခြင်းနယ်မြေ တည်ရှိစဥ်ကတည်းက တည်ရှိခဲ့တယ်လို့ပြောတာပဲ။ အသက်စွမ်းအားက ကျယ်ပြောတဲ့နယ်မြေကြီးမှာ ပထမဦးဆုံး ပေါ်လာတည်းက ရှေးဟောင်းမျှော်စင်က တည်ရှိနေပြီတဲ့လေ။”
“ရှေ့ဟောင်း အပျက်အစီးမျှော်စင်က ဘယ်လိုပုံစံရှိနေမယ်လို့ထင်လဲ။”
လူအများစုက နားမလည်နိုင်ကြချေ။
“နာမည်အတိုင်းပဲ မျှော်စင်ပုံစံလေ။ ရှေးဟောင်းအပျက်အစီး မျှော်စင်က ကိုးထပ်ရှိတယ်။ အရမ်းကျယ်ပြီး ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါတွေကို လွှင့်ထုတ်နိုင်တယ်။ ဒါက ထာဝရတည်ရှိနေမှာဖြစ်လို့ ကျွမ်းကျင်ပညာရှင်တိုင်းကို ဖိနှိပ်နိုင်တယ်။”
“ဒီလောက် ကြောက်စရာကောင်းတာလား။”
“မင်းဘာသာ ပြိုင်ဘက်ကင်းပြီး ရှေးဟောင်း ပျက်သုဥ်းခြင်းနယ်မြေတစ်ခုလုံးကို ရှုံ့ချပြီး ​ငုတ်ကြည့်မယ်ဆိုရင်တောင်မှ ရှေးဟောင်း အပျက်အစီး မျှော်စင်ရဲ့ ဖိနိုပ်မှုကို တားဆီးနိုင်မှာ မဟုတ်ဘူး။ မဟုတ်ရင် အဆင့်လွန် ရတနာလို့ ခေါ်ပါတော့မလား။”
“ရှေးခေတ်အချိန်ကတည်းက ဒီမျှော်စင်ရဲ့လက်အောက်မှာ ကျွမ်းကျင်ပညာရှင် ဘယ်လောက်သေသွားပြီးလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ ဘယ်သူကမှလည်း ဒီမျှော်စင်ရဲ့ ဖိနှိပ်မှုကို မတားဆီးနိုင်ဘူး။”
လမ်းကြောင်း အပိတ်ခံလိုက်ရသည်ကြောင့် ယဲ့ဖန်းက ရှေ့ဆက်မသွားနိုင်တော့ချေ။ သူက အပျက်စီးနယ်မြေထဲသို့ ပြန်သွားလိုက်သောအခါ ကျင့်ကြံသူပေါင်းများစွာ၏ စကားသံကို ကြားလိုက်ရသည်။ သူက တမ်းတကာ လိုချင်စိတ်ပြင်းပြသည့် ခံစားချက်မျိုးကို ရလိုက်သည်။ ရှေးဟောင် းအပျက်အစီး မျှော်စင်က ကောင်းကင်ကိုပင် အန်တုနိုင်စွမ်းအားရှိသည့် မျှော်စင်ကြီးဖြစ်နေသည်။
ထိုအချိန်တွင် တာအိုပညာရှင်သွမ့်သဲ့က ပြန်ပေါ်လာသည်။ သူက ယဲ့ဖန်းထံ အလျင်စလို ပြေးလာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မီးလောင်နေသလိုမျိုး ဆက်တိုက်တုန်ခါနေသည်။ သူ၏အရှိန်နှုန်းက အလွန်အမင်း မြန်ဆန်သည်။ သူက ချက်ချင်းလိုလို ယဲ့ဖန်းထံသို့ ရောက်လာသည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုက ပြင်းထန်နေသည်။ သူကမေးသည်။
” အဲ့ဒီကြေးနီတုံးက ဘယ်ရောက်သွားလဲ။”
” ငါ ရေကန်ထဲပစ်လိုက်ပြီ။”
“ဘာ”
ထိုတာအိုပညာရှင်၏မျက်နှာတွင် အံ့ဩသောအမူအရာက ပြည့်နှက်သွားသည်။ ထို့နောက် သူက အလွန်အမင်း စိုးရိမ်စိတ်ဝင်သွားပြီးနောက် ယဲ့ဖန်း၏ပုခုံးကိုကိုင်ကာ ခပ်ကြမ်းကြမ်းလှုပ်ခါပြီး ပြောသည်။
“ဘယ်ရေကန်လဲ။ အခု ချက်ချင်း ငါ့ကို ခေါ်သွား။”
ယဲ့ဖန်း၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။
‘ဒီကြေးနီရောင်အတုံးမှာ ကြီးကျယ်တဲ့ နောက်ခံများရှိနေလို့လား။’
အစပိုင်းတွင်မူ ၄င်းက အရှေ့ဘက်ပျက်သုဥ်းခြင်းနယ်မြေက အဆင့်လွန်ရတနာနှင့် ပတ်သက်မည်ဟု တွေးမိသေးသည်။ သို့သော် မျှော်စင်တွင် ကိုးထပ်ရှိကြောင်း သိပြီးကတည်းက မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်သည်။
“ရှေးဟောင်းအပျက်အစီးမျှော်စင်က ဒီလောက်ကြီးတာ နေရာတိုင်းမှာ တောအုပ်တွေ တောင်တန်းတွေက အပြည့်ပဲ။ ငါက လျှောက်သွားနေခဲ့တာကြာပြီ။ ဘယ်နေရာမှာ ပစ်ခဲ့မှန်းတောင် မသိတော့ဘူး။”
“မဟုတ်ဘူး မင်း မှတ်မိရမယ်။”
တာအိုပညာရှင်၏ မျက်နှာက ညိုးကျကာ ကြောက်စရာကောင်းလာသည်။ သူ၏မျက်လုံးက သွေးရောင်လွှမ်းလာပြီးနောက် ယဲ့ဖန်း၏ လက်ကို ကိုင်ကာ လွတ်ရန် ငြင်းဆန်သည်။
” ဒါက ဒီအတိုင်း ကြေးနီရောင်အတုံးပဲ မဟုတ်ဘူးလား။ ခများကိုယ်တိုင် ၁၅မိနစ်လေ့လာခဲ့ပြီးတာပဲ။ ဒါပေမဲ့ နောက်တော့ မြေပြင်ကို လွင့်ပစ်လိုက်တယ်လေ။ ဘာလို့ ခုမှလာရှာနေတာလဲ။ ဒီကြေးနီရောင်အတုံးမှာ နောက်ခံရှိနေလို့လား။”
” ငါပြောလည်း မင်း နားမလည်ပါဘူး။ မြန်မြန်သာ ငါ့ကို ရှာပေးစမ်းပါ။”
တာအိုပညာရှင်၏ မျက်နှာက တည်တံ့နေသည်။ ထိုအချိန်တွင် သူ၏မျက်နှာက အလွန်အမင်း လေးနက်နေပြီး ယဲ့ဖန်းကို ဆွဲခေါ်သွားသည်။
ယဲ့ဖန်းကလည်း နားလည်လိုက်သည်။ ထိုကြေးနီရောင်အတုံးက ကြီးမားသည့် နောက်ခံရှိနေနိုင်သည်။ ထို့အပြင် အလွန်အမင်းလည်း အရေးကြီးနေနိုင်သေးသည်။
” တိုးတာလို့မရအောင် မြင့်မြတ်တဲ့ ကောင်းကင်ဘုံဖြစ်တည်မှု။ ဒီသနားစရာကောင်းတဲ့ တာအိုပညာရှင်ရဲ့လက်က ဘာလို့စျေးပေါရတာလဲ။ ငါက ငါ့လက်ပေါ်ရောက်ပြီးသား ပစ္စည်းကိုတောင် လွင့်ပစ်လိုက်မိတယ်။”
တာအိုပညာရှင်၏ မျက်နှာက ပြာနှမ်းနေသည်။ သူက အလွန်အမင်း နောင်တရနေသည်။ သူ၏ ယခင်ပြုံးနေသော အမူအရာနှင့် အလွန်အမင်း ကွာခြားသွားသည်။ ယဲ့ဖန်း၏ နှလုံးသားက တုန်ရီသွားသည်။ ထိုတာအိုပညာရှင်က သူ့ကို သတ်ချင်စိတ်ရှိနေကြောင်း ခံစားမိနေသည်။ သူက နာခံစွာဖြင့် ရှေ့ဆက်သွားလိုက်ရသည်။
” မိတ်ဆွေလေး မင်း သေချာပေါက်ကို မှတ်မိရမယ်။ အဲ့ဒီကြေးနီရောင် အပိုင်းအစကို မင်းရှာနိုင်မယ်ဆိုရင် ငါမင်းကို ဘာလိုချင်ချင်ပေးမယ်။”
ထိုတာအိုပညာရှင်ဝတုတ်၏ အမူအရာက တင်းမာသွားပြီးနောက် ခြိမ်းခြောက်သလိုပြောသည်။
” ဒီ​တော့ သေချာပေါက် မှတ်မိအောင် ကြိုးစားပါ။”
” တကယ်ပဲ အဲ့တာက ဘာလဲ။”
“ဆက်မမေးနဲ့တော့။ မင်း ဆက်မေးမယ်ဆိုရင် ငါ ရူးသွားတော့မယ်။”
တာအိုပညာရှင်ဝတုတ်က သူ၏ညာဘက်လက်ကို ဖြတ်ရိုက်ပြီးနောက် ပြောသည်။
” ငါ ဘာလို့ ဒီလောက်တောင် တုံးရတာလဲ။ ငါ တဘဝလုံးနီးပါးသုံးပြီး ရတနာတွေကို လိုက်ရှာခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ မျက်လုံးရှိပေမဲ့ မမြင်နိုင်ခဲ့ဘူး။”
သူက သူ့ကိုသူသာ အပြစ်တင်နေခဲ့သည်။ သူက သရုပ်ဆောင်နေသည်လည်း မဟုတ်ချေ။ သူ့လက် သူ ခုတ်ဖြတ်ချင်လာသည်။
“ငါတို့ ဒီနေရာမှာ လမ်းခွဲသွားတာ။ အဲ့ဒီနောက် မင်းအဝေးကို ပြေးသွားတာ ငါ မြင်လိုက်ရတယ်။”
ယဲ့ဖန်းကို တာအိုပညာရှင်ဝတုတ်က တောင်ထိပ်တစ်နေရာသို့ ခေါ်သွားသည်။ ထိုနေရာက သူတို့လမ်းခွဲလိုက်သည့်နေရာဖြစ်သည်။
“ဟုတ်တယ် ဒီနေရာပဲ။ ငါ ဒီနေရာက ဖြတ်သွားတာပဲ။ နေဦး တွေးကြည့်လိုက်ဦးမယ်။ ”
ယဲ့ဖန်းက တောင်ပေါ်မှဆင်း၍ စဥ်းစားသလို လုပ်သွားသည်။ တာအိုပညာရှင်ကလည်း နောက်ကလိုက်လာသည်။ သူ့ကို အလောတကြီး မတိုက်တွန်းချေ။ ဖြည်းဖြည်းချင်း တွေးကြည့်ခိုင်းသည်။
ယဲ့ဖန်းက တဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ သူက ထိုတာအိုပညာရှင်ဝတုတ်ကို မည်သို့ရှင်းလင်းရမည်ဖြစ်ကြောင်း တွေးတောနေသည်။ ထို့နောက် သူတို့က တောင်တန်းသုံးခုကို ကျော်ဖြတ်ခဲ့ပြီးလေပြီ။ ထို့နောက် လေးတောင်မြောက်တောင်တန်းကို တက်ပြီးနောက် ယဲ့ဖန်းက ပျော်ရွှင်သလိုဖြစ်သွားကာ ပြောသည်။
” ဒီနေရာမှာပဲ။”
သူ ညွှန်ပြသောနေရာကို ကြည့်လိုက်သောအခါ တာအိုပညာရှင်ဝတုတ် အမူအရာက အလွန်ပျက်ယွင်းသွားသည်။ ထိုနေရာတွင် အလွန်နက်ရှိုင်းပြီး မဲမှောင်နေသည့် ရေကန်ကြီးရှိနေသည်။ ၄င်းက အားလှိုင်းများ မထသည့် ကျောက်တုံးကြီးနှင့်လည်း တူသည်။ အလွန်အမင်း နှလုံးကွဲမတက် အေးစိမ့်သည့် အအေးဓာတ်ကိုလည်း လွင့်ထုတ်နေသေးသည်။
” မင်း ကြေးနီရောင်ကျောက်တုံးကို ဒီထဲပစ်ချလိုက်တယ်လို့တော့ မပြောနဲ့။”
တာအိုပညာရှင်ဝတုတ်က မိစ္ဆာဆန်သော အလင်းမျိုးကို လွင့်ထုတ်လျက် အော်ထုတ်လိုက်သည်။ ချက်ချင်းလိုလို ယဲ့ဖန်း၏စိတ်က လွတ်ထွက်သွားသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ရာက များယွင်းနေ​ကြောင်းကို သူက ခပ်ရေးရေး ခံစားလိုက်ရသည်။ တစ်ဖက်သူက သူ၏စိတ်ကို ကျော်ဖြတ်ကာ ကြည့်နိုင်ရန် ဆုံးဖြတ်နေကြောင်း သူက သိလိုက်ရသည်။
ထိုအချိန်တွင် ယဲ့ဖန်းက ထိတ်လန့်လာသည်။ သူကချက်ချင်းလိုလို စိတ်ကို စုစည်းလိုက်ပြီးနောက် သူက အနက်ရောင်ရေကန် ဘေးနားတွင်ရပ်လျက် ကြေးနီရောင်ကျောက်တုံးကို အထဲသို့ ပစ်သွင်းလိုက်သည့် ပုံဏ္ဌာန်ကိုဖော်ကာ စိတ်ကူးယဥ်လိုက်သည်။
တာအိုပညာရှင်ဝတုတ်၏ မျက်လုံးက ပုံမှန်ပြန်ဖြစ်သွားကာ အံကိုကျိတ်ပြီးနောက်​ ပြောသည်။
“မင်း လူမိုက်။ ငါ မင်းကို အဲ့ဒီထဲကို ပစ်ထည့်ချင်လိုက်တာ။”
“ဒါက ဒီအတိုင်းကြေးနီရောင် ကျောက်တုံးပဲမဟုတ်ဘူးလား။”
ယဲ့ဖန်း၏ အမူအရာက မှိန်တေတေသာ ဖြစ်သည်။
ပလုံ …။
တာအိုဝတုတ်က ထိုရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။ အစပိုင်းတွင် ထိုရေ၏အောက်တွင် နတ်အလင်းတန်းက ခပ်ပြာပြာလက်နေသည်။ သို့သော် သိပ်မကြာခင်မှေးမှိန်သွားသည်။ နက်ရှိုင်းကာ မဲမှောင်နေသည့် ထိုရေကန်က ယခင်အတိုင်း ပြန်ဖြစ်သွားသည်။
ယဲ့ဖန်းက နာရီဝက်ခန့် စောင့်သည်။ သို့တိုင်အောင် မည်သူ့ကိုမှ မမြင်ရသေးချေ။ သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။
“အဲ့ဒီဝတုတ်က ဒီရေကန်ထဲမှာ သေသွားပြီလို့တော့ မပြောနဲ့နော်။”
နောက်ထပ်၁၅မိနစ်ခန့် ကြာပြီနောက် မျက်နှာပြင်က ပွတ်ခနဲထလာသည်။ တာအိုဝတုတ်၏ တစ်ကိုယ်လုံးတွင် အနက်ရောင်ရေခဲတုံးများက ထူပိန်းနေအောင် လွှမ်းနေသည်။ သူက အနက်ရောင်ရေခဲတုံးကြီး တစ်ခုအလား ဖြစ်နေလျက် အပေါ်သို့ ကုန်းတက်နိုင်ရန် ကြိုးစားနေသည်။
ဗမ်း …။
အလင်းတန်းများက ဖြတ်ခနဲ လက်သွားလေသည်။ ဝင်သက် တစ်ဆယ်ကျော်မျှ ကြာပြီးနောက် ထိုနှလုံးသားမဲ့သော တာအိုပညာရှင်ဝတုတ်က နောက်ဆုံးတွင် ရေခဲတုံးကြီးကို ခွဲလိုက်နိုင်သည်။ ရေခဲတုံးကြီးက ဘေးဘက်သို့ ကျသွားပြီးနောက် သူ၏မျက်နှာက အစိမ်းရောင်နှင့်ခရမ်းရောင် သန်းသွားသည်။ သူ၏ နှုတ်ခမ်းများကပင် တဆက်ဆက်တုန်နေသည်။
“နှလုံးသားမဲ့တဲ့ ကောင်းကင်ဘုံ ဖြစ်တည်မှု။ ဒီတာအိုပညာရှင်အဖိုးက အေးခဲလွန်းလို့ သေတော့မယ်။”
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီနေသည်။ သူ၏ခန္ဓာကိုယ်က နတ်အလင်းများဖြင့် ဆက်တိုက်လက်နေပြီး အအေးများကို ဖယ်ရှားနေရသည်။
မြူနက်များက သူ၏ခန္ဓာကိုယ် အပေါ်မှပင် ပေါ်ထွက်လာသေးသည်။ ပတ်ဝန်းကျင်ရှိ အပင်တိုင်းကလည်း ထိုမြူနက်များကြောင့် အေးခဲသွားပြီး ချက်ချင်းလိုလို အမှုန့်အဖြစ် ပြောင်းသွားသည်။
အဝေးမှ ယဲ့ဖန်းက အသက်ပြင်းပြင်းရှူသည်။ သူကဒီရေကန်ကို ရွေးခဲ့သည်မှာ အလွန်နက်သောကြောင့်ဖြစ်သည်။ ထိုမျှ ကြောက်စရာကောင်းမည်ဟု မထင်ထားမိချေ။ ထိုမျှကြီးမားသော ရေခဲတုံးကြီးက မြေပြင်သို့ကျသွားပြီးနောက် တစ်ဆယ်မီတာဝန်းကျင် အတွင်းရှိ အရာအားလုံးကို ခဲသွားနိုင်စွမ်းရှိသည်။ ကျောက်သားပေါင်းများစွာကလည့း ကွဲအက်သွားသည်။ ယဲ့ဖန်းက အလွန်ဝေးကွာသော နေရာမှဖြစ်သည်။ သို့တိုင်အောင် အရိုးကွဲမတက် အေးခဲနေသည့် ခံစားချက်ကို ခံစားရနေသေးသည်။
“တာအိုပညာရှင် ခများ ဘာမှမရခဲ့ဘူးလား။”
“ငါ မီတာထောင်ကျော် နက်တဲ့အထိ ဆင်းသွားခဲ့တယ်။ အဲ့ဒီမှာ ပျက်စီးနေတဲ့ ဂူသင်္ချိုင်းတစ်ခုပဲ ရှိတယ်။ အော် …။ အဲ့ဒီပေါ်မှာ ကောင်းကင်ဘုံလို့ ရေးထားတာတော့တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ငါအောက်ပိုင်းကို မမြင်နိုင်ခဲ့ဘူး။ အောက်ပိုင်းက အရမ်းနက်တယ်။ ဒီရေကန်က ဘယ်လောက်ထိ နက်မှန်းတောင် မသိရပါဘူး။”
“တာအိုပညာရှင် အစထဲက ဘာလို့ အဲ့တာကို လွင့်ပစ်ခဲ့သေးလဲ။ ခုတော့ နောင်တရနေပြီ မဟုတ်လား။”
“ဆက်မပြောနဲ့တော့။”
တာအိုပညာရှင်ဝတုတ်၏ မျက်နှာက ဖိအားများသော မျက်နှာကဲ့သို့ ဖြစ်သွားပြီးနောက် မျက်နှာအမူအရာက တင်းမာခက်ထန်သွားသည်။ ယဲ့ဖန်းက အော်ရယ်လုနီးပါးဖြစ်သွားသည်။ သူ၏စိတ်ထဲတွင် အလွန်ခံစားချက် ကောင်းသွာသည်။ သို့သော် မျက်နှာတွင်မူ အလွန်အမင်း ထိတ်လန့်နေသလိုမျိုး ဖြစ်နေသည်။
ဒါက တကယ်ပဲ ရတနာလား။”
တာအိုပညာရှင်ဝတုတ်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူက ဒေါသတကြီးဖြစ်သွားပြီးနောက် ဟိုလျှောက်ဒီလျှောက် လျှောက်ကာပြောသည်။
“ငါ မင်းနဲ့ ဘာမှပြောစရာကို မရှိဘူး။”
ယဲ့ဖန်းက နားလည်မှုအပြည့်ဖြင့် ဘေးဘက်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် အသီးရိုင်းနှစ်လုံးကို ထုတ်ပြီးနောက် စားလိုက်သည်။
သူက ဂရုစိုက်ခြင်းမရှိဘဲ အသီးစားချင်စိတ်ပင် ရှိနေကြောင်း မြင်သောအခါ တာအိုပညာရှင်ဝတုတ်က ပို၍ဒေါသထွက်လာသည်။ သူက တုန်မှုန်နေသော မျက်နှာထားမျိုးဖြင့်ပြောသည်။
“မင်းက တလောကလုံးမှာ အဆိုးရွားဆုံး ငမြွေထိုးပဲ။ ငါမင်းကို အဲ့ဒီရေကန်ထဲကို တကယ်ပစ်ထည့်လိုက်ချင်တယ်။ ငါ မင်းကို တကယ်သတ်ချင်တယ်။”
“တာအိုပညာရှင်အဖိုးရေ။ ခများ အရင်ဆုံး အဲ့တာကို လွင့်ပစ်လိုက်တယ်လေ။ ဘာလို့ အခုမှလာပြီး အပြစ်တင်နေတာလဲ။ ခများက အစထဲက အဲ့တာကို အမှိုက်လို့ ဆက်ဆံခဲ့တာ မဟုတ်ဘူးလား။
“ငါ မုန်းလိုက်တာ။”
နှလုံးသားမဲ့သော တာအိုပညာရှင်ကြီးက သူ့ကိုသူ ပါးဖြတ်ရိုက်ချင်သွားသည်။ သူက ရေကန်ထဲသို့ တစ်ဖန် ပလုံ ခနဲမြည်သံဖြင့် ဆင်းသွားပြန်သည်။
ဤတစ်ကြိမ်တွင် နှစ်နာရီကျော် ကြာပြီးမှသာ ပြန်တက်လာခဲ့သည်။ သူ၏တစ်ကိုယ်လုံးက ကြီးမားသည့်​ ရေခဲတုံးကြီးအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်အလင်းများကလည်း တလက်လက် ဖြာထွက်နေလေသည်။ အရိုးကွဲမတက် အေးစိမ့်သည့် အအေးဓာတ်ကလည်း ပါနေသည်။
ယဲ့ဖန်းက အဝေးတွင် ပုန်းအောင်းသည်။ ဤတစ်ကြိမ်တွင် နှလုံးသားမဲ့သော တာအိုပညာရှင်က တစ်နာရီ၏လေးပုံတစ်ပုံခန့် ကြာပြီးမှသာ ရေခဲကို ခွဲထုတ်နိုင်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ခရမ်းပုတ်ရောင် သန်းနေလေပြီ။ သူ၏ခန္ဓာကိုယ်ရှိ မွှေးညင်းပေါက်များက အနက်ရောင်အငွေ့များ ထွက်လာသည်။ တောင်တန်း၏ နေရာအများအပြားက အနက်ရောင်ရေခဲတုံးကြီးအဖြစ် ပြောင်းလဲကာ အေးခဲသွားသည်။ မရေမတွက်နိုင်သည့် အပင်ပေါင်းများစွာက နွမ်းလျသွားလေပြီ။ တောင်တန်းကျောက်သားပေါင်းများစွာက အအေးဓာတ်ကြောင့် ကွဲအက်သွားသည်။
အချိန်အတန်ကြာပြီးနောက် ထိုနှလုံးသားမဲ့သော တာအိုပညာရှင် ဘုန်းတော်ကြီးက အသိပြန်ဝင်လာက ထိုနေရာမှ လမ်းလျှောက်ထွက်လာသည်။ ထို့နောက် သူက မြေပြင်တွင် ထိုင်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါ မုန်းလိုက်တာ။”
ဘေးဘက်မှ ယဲ့ဖန်းကမူ လျှို့ဝှက်စွာဖြင့် သဘောကျနေသည်။ နှလုံးသားမဲ့သော တာအိုပညာရှင် ဘုန်းတော်ကြီး၏ စိတ်ဓာတ်ကျနေသော အမူအရာကို မြင်ရသည့်အခါ သူက ပျော်ရွှင်သွားသည်။ ရုတရက် နှလုံးသားမဲ့သော တာအိုပညာရှင် ဘုန်းတော်ကြီးက တစ်ခုခုကို တွေးမိပြီးနောက် ချက်ချင်းလိုလို ခုန်ထလိုက်သည်။ သူက အဝေးရှိ မီးရောင်ကိုကြည့်ပြီးနောက် သူ၏အရှေ့ရှိ ရေကန်ဘက်ကို ပြန်ကြည့်ပြန်သည်။ သူက တအံ့တဩရေရွတ်လိုက်သည်။
” ငါ အခု နားလည်သွားပြီ။ မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက နှစ်ခုရှိတယ်။ တစ်ခုက ယန်သင်္ချိုင်း နောက်တစ်ခုက ယင်သင်္ချိုင်းပဲ။”
ယဲ့ဖန်းကလည်း အံ့အားသင့်သွားပြီးနောက် မေးလိုက်သည်။
“တာအိုပညာရှင် ဘုန်းတော်ကြီး ဘာတွေပြောနေတာလဲ။”
ထိုဝတုတ်က သူ့ကို လျစ်လျူရှုပြီးနောက် မြေပြင်ကို အလေးနက်ထားကာ စတူးသည်။ သူက မီးတောင်နှင့် ရေကန်ကိုပင် မြေပြင်တွင် အမှတ်အသားပြုပြီးနောက် ပတ်ဝန်းကျင် ပိုက်နက်နယ်မြေများကို အတိုင်းအတာတစ်ခုအထိ အမှတ်အသားပြုပြန်သည်။
“ဘုရားရေ … ။”
“တကယ်ကို ဒီလိုဖြစ်နေတာပဲ။ တစ်ခုက ယန် တစ်ခုကယင် …။ ထိုက်ချီ ပုံစံနဲ့ ပွေ့ဖက်နေကြတာ။ စွမ်းရည်အရင်းအမြစ်အရဆိုရင် နှလုံးသားက ယန်သင်္ချိုင်းထဲမှာ မြှုပ်နှံထားခဲ့တယ်။ ဒီအစစ်အမှန် အအေးဓာတ်အလောင်းကိုတော့ ယင် သင်္ချိုင်းထဲမှာ မြှုပ်နှံထားလိမ့်မယ်။”
နှလုံးသားမဲ့သည့် တာအိုပညာရှင်၏ မျက်နှာက အလွန်အမင်း မဲမှောင်နေသည်။

အပိုင်း ( ၆၆ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset