Chapter – 65
ဆွစ် …။
နားကို ထိုးခွဲကာ ဝင်ရောက်လာသည့်အသံလှိုင်း တည့်တည့်နှင့်အတူ အက်ကွဲနေသော တောင်တန်းထံသို့ ဥက္ကာခဲမိုးက ရွာသွန်းသလို နတ်အလင်းတန်း တစ်တန်းက တိုးဝင်လာသည်။ ယခုလေးတင် ဇလုံက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သူက အဝေးသို့ရောက်သွားသည့်တိုင်အောင် ကျန်ရစ်နေခဲ့သည့် အလင်းတန်းများက အခြားသောပစ္စည်းများကို ဆွဲဆောင်နိုင်သေးသည်။
“ကံကြမ္မာကောင်းပဲ …။ ကံကြမ္မာကောင်းပဲ။”
ဝတုတ်တာအို ဘုန်းတော်ကြီးက သဘောတကျရယ်နေသည်။ သူက ယဲ့ဖန်းကို ချက်ချင်း ပစ်ချပြီးနောက် ကောင်းကင်သို့ ခုန်တက်သွားကာ ထိုအလင်းတန်းနောက်သို့ လိုက်သည်။ တစ်ချိန်တည်းတွင်ပင် အရပ်မျက်နှာအနှံ့မှ ကျင့်ကြံသူပေါင်းများစွာက ရောက်လာပြန်သည်။
“အား …။ ”
ဤအရာက ပွဲတော်မဟုတ်ချေ။ ထိုပျံသန်းနေသည့် စိတ်ဝိညာဥ်လက်နက်ပေါင်းများစွာက အလွန်အမင်း ကြမ်းတမ်းပြီး လူဆယ်ယောက်ကျော်ကို ထိုးခွဲသွားကာ ဤနေရာတွင် သေဆုံးသွားခဲ့ရသည်။ သူတို့ကို ဖြတ်သန်းသွားပြီးနောက်တွင် သူတို့၏ကံနှင့် အလောင်းပုံကိုသာ ချန်ရစ်ထားခဲ့သည်။
ဝတုတ်တာအို ဘုန်းတော်ကြီးက ငယ်သံပါအောင် အော်ဟစ်လိုက်ပြီးနောက် ကြောက်လန့်တကြား ပြန်ပြေးလာသည်။ သူ၏ဖင်တွင် ရွှေရောက်ဓားတိုတစ်ချောင်းက စိုက်နေသေးသည်။ သူ၏လက်ကမူ သွေးကဲ့သို့ နီရဲသည့် ဒိုင်းတစ်ခုကို ကိုင်ထားသည်။
သူက နာကျင်နေသောကြောင့် အော်ဟစ်နေသည့်တိုင်အောင် ခန္ဓာကိုယ်တွင်လည်း မည်သည့်ဒဏ်ရာမှ မရှိတော့ချေ။ ထိုရွှေရောင်ဓားတိုကို ဖင်မှ ဆွဲထုတ်ပြီးနောက် မည်သည့်သွေးကမှ ထွက်မလာခဲ့ချေ။ သူကပြောသည်။
“စိတ်ဝိညာဥ်အလင်းတန်းတစ်ခုက သူ့ဘာသာသူ တကယ်သွားတာ မဟုတ်ရင် သူ့ကို တားဖို့က ခက်တယ်။”
ထိုသို့ပြောပြီးနောက် သူက ကံကောင်းလွန်းသည်ဟု ပြော၍ရသည်။ လူအများစုက အပြေးလာခဲ့ပြီး တိုက်ရိုက်ပင် အထိုးဖောက်ခံလိုက်ရသည်။ ထိုသို့ဖြင့် ဆိုးရွားသော သေဆုံးခြင်းဖြင့် သေဆုံးသွားရသေးသည်။
ဆွစ် ….။
တာအိုဘုန်းတော်ကြီးက တဖန် ပြန်ပြီး လိုက်ဖမ်းပြန်သည်။ တခြားသော ကျင့်ကြံသူပေါင်းများစွာကလည်း နတ်သက်တန့် တိမ်စိုင်များကို စီးနှင်းကာ ဆက်တိုက်လိုက်ဖမ်းကြပြန်သည်။ သူတို့ကလည်း စိတ်ဝိညာဥ် ရတနာများကို လိုချင်ကြသည်။
ထိုအချိန်တွင် အဝေးမှ ဖျော့တော့သည့် အလင်းမိုးစက်များက ကျဆင်းလာသည်။ အချို့ကမူ တိုက်ရိုက်ပင် အနီးအနား တောင်ထိပ်များသို့ ကျသည်။ ရောင်စုံအလင်းတန်းပေါင်းများစွာက ယဲ့ဖန်းရှိရာ နေရာသို့ ကျလာသည်။
သို့ရာတွင် ကျလာသော ပစ္စည်းများကို မြင်ပြီးနောက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ အများစုကမူ မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းမှ ထွက်လာသော အုတ်ကျိုးအုတ်စများဖြစ်သည်။ ကျင့်ကြံသူအများစုက လာကြည့်ကြသည်။ သူတို့က တောင်ထိပ်အားလုံးကို ရှာကြပြီးနောက် ယဲ့ဖန်းကိုလည်း စုန်ချည်ဆန်ချည် ကြည့်သေးသည်။
ရွှီ …။
ထိုအချိန်တွင် ကောင်းကင်မှ ပစ္စည်းတစ်ခု ကျလာသည်။ ထိုအရာက မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားသည်။ ယဲ့ဖန်းက ကောက်ကြည့်လိုက်သည်နှင့် လူအများစုက သူ့ကိုဝိုင်းလာသည်။ သူက အလွန်စိတ်ဓာတ်ကျသွားသည်။ သူက ဒီနေ့ ဘာမှရတော့မည်ဟု မထင်ချေ။ သူကကံကောင်းစွာဖြင့် စိတ်ဝိညာဥ် လက်နက်တစ်ရာကို ကောက်ရမည်ဆိုလျှင်ပင် ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။
” ဘယ်သူ လိုချင်လိုချင် ယူသွားကြပါ။”
သူက တိုက်ရိုက်ပင် ထိုပစ္စည်းကို မြေပြင်ပေါ်သို့ ပစ်ပေးလိုက်သည်။
“ဘယ်သူက ဒီအစိမ်းရောင် သံမဏိတုံးကို လိုချင်မှာလဲ။”
” ဒါကိုရတနာလို့ ထင်နေတာ။ ဒီအတိုင်း ကြေးနီရောင် အပိုင်းအစလေး တစ်ခုပါပဲ။”
ထိုသို့ပြောကြပြီးနောက် ကျင့်ကြံသူအများစုက ကောက်၍ ကြည့်ကြသေးသည်။ သူတို့က ဂရုတစိုက် စစ်ဆေးကြည့်ကြသည်။ ၄င်းက ဒီအတိုင်း ကြေးနီရောင် အပိုင်းအစတစ်ခုမျှသာဖြစ်ကြောင်း သေချာသွားသည်။
“မင်းပဲ သိမ်းထားလိုက်ပါ။”
” ဒါ ဘယ်သူ့ကလေးလဲ။ ဒီလောက် ငယ်ငယ်လေးနဲ့ ဒီနေရာမှာ လျှောက်ပြေးမနေနဲ့လေ။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား။”
ကျင့်ကြံသူအများစုက စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူတို့က အခြားတောင်ထိပ်များပေါ်သို့ သွားကြသည်။
ယဲ့ဖန်းက ထိုအရာလေးကို ကောက်ယူလိုက်ပြီးနောက် လက်ထဲတွင် ချိန်ဆကြည့်သည်။ လေးလံသည်ဟုလည်း ခံစားရသည်။ ၄င်းက ဒီအတိုင်း စားပွဲတင် ပစ္စည်းတစ်ခုခုမှ ကျိုးလာခဲ့ခြင်းဖြစ်နိုင်သည်။
နောက်ထပ် ကျင့်ကြံသူ ဆယ်ယောက်ထက်မနည်း ရောက်လာကြပြီး ထိုတောင်ထိပ် ပတ်ဝန်းကျင်အနှံ့တွင် ရှာဖွေကြပြန်သည်။ ထို့နောက် သူတို့က ယဲ့ဖန်း၏ လက်ထဲမှ ထိုအတုံးလေးကို ယူကြည့်သေးသည်။ သူတို့၏ စိတ်ဝိညာဥ် အာရုံခံနိုင်စွမ်းအားဖြင့် စစ်ဆေးကြည့်သည်။ နောက်ဆုံးတွင် သူ့ထံ ပြန်ပစ်ပေးသွားပြီး ထွက်ခွာသွားကြသည်။
ထိုသို့ဖြင့် လူတစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပြီး ဆယ်အဖွဲ့ခန့်အထိ ရောက်လာသေးသည်။ အားလုံးနီးပါးက ယဲ့ဖန်း၏လက်ထဲမှ ထိုကြေးနီအတုံးလေးကို ကောက်ယူကြည့်ကြပြီးနောက် စစ်ဆေး၏။
ထို့နောက် သူ့ထံ ပြန်ပစ်ပေးခဲ့သည်။ ယဲ့ဖန်းကမူ ဆွံ့အနေလေပြီ။ ထိုအဖွဲ့က မြေပြင်ထဲသို့ ၃ပေခန့်နစ်အောင် တူးချင်နေသည်နှင့် တူသည်။ သူတို့က သူတို့၏လက်ထဲမှ ပစ္စည်းကို ဂရုတစိုက် စစ်ဆေးကြည့်သည်။ သူကသာ ဒီနေ့စိတ်ဝိညာဥ်လက်နက်ကို လိုချင်လျှင် ကောင်းကင်ဘုံသို့ တက်လှမ်းရခြင်းထက်ပင် ခက်ခဲနေလောက်သည်။
နောက်ဆုံးတွင် ဝတုတ်တာအို ဘုန်းတော်ကြီးက အပြုံးကြီးနှင့် ပြန်ရောက်လာသည်။ သူက မရပ်တော့ချေ။ သူက အကျိုးအမြတ် အများကြီး ရခဲ့သည်နှင့်တူသည်။
” ဟေ့ ကလေး …။ ဘာကိုဝှက်ထားတာလဲ။ မပြေးစမ်းပါနဲ့။ ဒီတာအိုအဖိုးက မင်းကို မိစ္ဆာတွေ မကောင်းဆိုးဝါးတွေက အနှောက်အယှက်ပေးနေလား ကြည့်ပါရစေ။ ဒီအဖိုးက မင်းကို ကူညီပြီး သူ့ကိုနှိမ်နှင်းပေးမယ်။”
“ဘာဘဲဖြစ်ဖြစ် ဒီတစ်ကြိမ် ခင်ဗျားကို ရတနာတော့မပေးနိုင်ဘူး။”
ယဲ့ဖန်းက ဟန်ဆောင်ပြီးနောက် ထိုအဖုံးကို လက်ထဲတွင် ထိန်းထားသည်။
တာအိုဘုန်းတော်ကြီးက ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။
“ဒီဆင်းရဲတဲ့ တာအိုဘုန်းတော်ကြီးက မင်းနဲ့အတူ တကယ်ကို ကံကြမ္မာပါတာပဲ။ ငါက မင်းကို ကူညီပြီး မိစ္ဆာတွေကို အညံ့ခံအောင် သိမ်းသွင်းပေးမယ်။”
” ငါ့ကို ဘာမှ လာမပြောနဲ့။ ခများလိုချင်ရင် ဒါကို ယူလိုက်။ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ ခများတစ်ခုခုတော့ ပေးရမယ်။”
ယဲ့ဖန်းက လက်ဆန့်လိုက်ပြီး သူက ထိုဘုန်းတော်ကြီးက အလွန်ဆိုးယုတ်သည်ဟု ထင်ရသည့်တိုင်အောင် သူကို နေရာတွင် မသတ်ခဲ့ချေ။ ထို့ကြောင့် သူကလည်း မကြောက်ချေ။
“မင်းနဲ့ ငါနဲ့က ထပ်ခါတလဲလဲကို တွေ့နေဖို့ ကံကြမ္မာပါပြီးသား။ ငါတို့က ကံကြမ္မာပါတယ်ဆိုမှတော့ ဒီလိုဆိုရင် ဘယ်လိုလဲ။ ငါ မင်းကို ဒဏ္ဍာရီလွန် ရတနာတစ်ခုပေးမယ်။”
ထိုဝတုတ် တာအိုဘုန်းတော်ကြီးက သူ၏လက်မောင်းထဲမှ ရတနာတစ်ခုကို ထုတ်လိုက်သည်။
“ဘယ်သူက ခများနဲ့ ကံကြမ္မာပါနေလို့လဲ။ ဒီတစ်ဘဝလုံး ခများနဲဲ့ ကံကြမ္မာမပါရင် အကောင်းဆုံးပဲ။”
တာအိုဘုန်းတော်ကြီးက ပေးလာသည်မှာ ကျောက်စိမ်းတံဆိပ်တစ်ခုဖြစ်ကြောင်း မြင်လိုက်ရသောအခါ ယဲ့ဖန်းက ပို၍ပင် စိတ်ပျက်သွားသည်။ ထိုကျောက်စိမ်းတံဆိပ်က ခပ်ထိုင်းထိုင်းပုံစံ ဖြစ်သည်။ ကျောက်စိမ်းဟုပင် ခေါ်နေတာက ချီးကျူးရာရောက်နိုင်သေးသည်။
ယင်းက ဒီအတိုင်း အကျိုးအပဲ့ ကျောက်တုံးကြီးတစ်တုံးဟုပင် ဆို၍ရလောက်သည်။ ပို၍ပင် ထူးခြားသောအချက်ကမူ ထောင့်တစ်နေရာတစ်ခုက ပျက်နေခြင်းဖြစ်သည်။ ယဲ့ဖန်းကမူ ထိုအရာကို ချက်ချင်းလိုလို လွင့်ပစ်လိုက်ချင်သည်။ သို့သော် တာအိုဘုန်းတော်ကြီးက တားသည်။ တာအိုဝတုတ်က လက်မောင်းထဲသို့ ထိုးထည့်ပြီးနောက် ပြောသည်။
“ထိန်းသိမ်းထားစမ်းပါ။ ဒါက ပစ္စည်းကောင်းပဲ။ မင်းရဲ့အသက်ကိုတောင် ကယ်နိုင်လောက်တယ်။”
ထိုသို့ပြောပြီးနောက် တာအိုဘုန်းတော်ကြီးက ကြေးနီရောင်အတုံးလေးကို ယူလိုက်သည်။
“သောက်ကျိုးနည်း ကောင်းကင်ဘုံဖြစ်တည်မှု။ မင်းပြောတဲ့ ရတနာဆိုတာ ဒါလား။ ဒါက ဒီအတိုင်း ကြေးနီအပိုင်းအစတုံး တစ်တုံး မဟုတ်ဘူးလား။”
ထိုဝတုတ် တာအိုဘုန်းတော်ကြီးက ယဲ့ဖန်းကို တစ်ချက်ကြည့်သည်။ သို့သော် သူက သူ၏သတိကို မလျော့ထားဘဲ ပတ်ဝန်းကျင်ပို စစ်ဆေးကြည့်ပြီးနောက် ၁၅မိနစ်ထိကြာအောင် လေ့လာအကဲခက်ကြည့်ပြီး အဆုံးတွင်မူ သူ၏နတ်ဘုရား အာရုံခံနိုင်စွမ်းအားကို သုံးကာ စစ်ဆေးကြည့်သေးသည်။
ထွီ …။
နောက်ဆုံးတွက် တာအိုဘုန်းတော်ကြီးက မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ကြည့်ရတာ ငါ အတွေးလွန်နေတာပဲ။ မင်းပဲ သိမ်းထားလိုက်ပါ။ ”
ယဲ့ဖန်းကမူ ထိုနှလုံးသားမဲ့သော တာအိုဘုန်းတော်ကြီးကို ကြည့်သည်။ ထိုကြေးနီရောင် အတုံးကိုပင် ထိုမျှအကြာကြီး စစ်ဆေးကြည့်သောလူမျိုးကို မမြင်ဖူးချေ။
“တောက်ပတဲ့ပုလဲက ဖုန်နဲ့လွှမ်းနေတာ။ ဒီလိုဆိုမှတော့ ငါပဲ သိမ်းထားလိုက်တော့မယ်။”
ယဲ့ဖန်းက ထိုအတုံးလေးကို ကောက်လိုက်သည်။ ကျင့်ကြံသူပေါင်းများစွာက ယင်းကို စစ်ဆေးပြီးသားဖြစ်၍ ဒါကို ရတနာဟုလည်း မထင်တော့ချေ။ သူက ဒီအတိုင်း ထိုဘုန်းတော်ကြီးကို လှောင်ရယ်လိုခြင်းဖြစ်သည်။ ထိုအချိန်တွင် သူက ဒီနေရာတွင် ဆက်မနေချင်တော့ချေ။ ဒီနေရာက ထွက်သွားချင်နေပြီဖြစ်သည်။
အကြင်နာမဲ့သော တာအိုဘုန်းတော်ကြီးက မတားခဲ့ချေ။ သူက ရေရွတ်နေသည်။
” အရှေ့ဘက် ပျက်သုဥ်းခြင်း နယ်မြေက လူသားတွေရဲ့ ရတနာက ဘယ်ရောက်သွားတာလဲ … ။ ”
သူက လက်နောက်ပြစ်လျက် တောင်အောက်သို့ ဆင်းသွားပြန်သည်။ သိပ်မကြာခင် ယဲ့ဖန်းက ထိုနေရာနှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်သွားလေပြီ။ သူ၏ဘေးပတ်ပတ်လည်တွင် ကျင့်ကြံသူများ မရှိတော့ချေ။ သူက တာအိုကျမ်းစာပိုဒ်ထဲတွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့်သိုင်းကို စတင်ကာ အသုံးပြုလိုက်ပြီးနောက် ထိုနေရာမှ လျင်မြန်စွာဖြင့် ထွက်လာခဲ့လိုက်သည်။
သူ၏ ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်ထဲမှ ရွှေရောင်အပ်မျှင်ပေါင်းများစွာက ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်၏ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို့နောက် သူ၏ အသွေးအသား ကိုယ်တွင်းအင်္ဂါနှင့် အရိုးများကို အားဖြည့်ပေးသည်။ သူက စွမ်းအားပြည့်ဝသွားသည်ဟု ခံစားလိုက်ရပြီး အရှိန်နှုန်းက မြန်ဆန်သွားသည်။
“အား …။”
ထိုအချိန်တွင် သူက အံ့အားသင့်သွားသည်။ သူက ငုံ့ကြည့်လိုက်သောအခါ သူ ကိုင်ထားသည့် ထိုကြေးနီရောင်အတုံးလေးက ပြောင်းလဲမှုဖြစ်လာနေကြောင်း မြင်လိုက်ရသည်။ အပေါ်မှ သံချေးများက ကွာကျပြီးနောက် ရိုးရှင်းကာ ကြည့်ကောင်းသွားသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် အလွန်သာမန် ဆန်လွန်းနေသေးသည်။ သို့သော် စားပွဲတင်ပစ္စည်းတစ်ခုခုမှ ပဲ့ကျလာသည်ဟု ထင်ရသည့် အပိုင်းအစတစ်ခုဟုသာ ထင်နေရသည်။ ထိုသို့တိုင် အနီးကပ်သာ ကြည့်လိုက်မည်ဆိုလျှင် အပေါ်တွင် ဆွဲဆောင်မှုပြင်းထန်သည့် အရှိန်အဝါများက ထွက်ပေါ်လာသလို ခံစားရလိမ့်မည်။
ကြည့်ရုံဖြင့်ပင် လူအများကို မဆုံးနိုင်အောင် ရိုးရှင်းလွန်းသော်လည်း ကံကြမ္မာကိုပြောင်းလဲစေနိုင်သည့် ကောင်းမှုတစ်ခု ချီးမြှင့်ပေးတော့မလို ထင်ရစေသည်။ယဲ့ဖန်းက တာအိုကျမ်းစာပိုဒ်မှ လျှို့ဝှက်ဆန်းကြယ်သောသိုင်းကို ထုတ်သုံးလိုက်သည်။ သူ၏လက်ချောင်းထိပ်မှ ရွှေရောင်အပ်မျှင်ပေါင်းမျာစွာက ထွက်လာပြီးနောက် ထိုကြေးနီရောင် အတုံးလေးထဲသို့ ဝင်ရောက်သွားသည်။
သို့ရာတွင် သူက ဒုက္ခဆင်းရဲပင်လယ်ထဲမှ ရွှေရောင်အားများကို မည်သို့ပင် အသုံးပြုစေကာမူ ထိုအတုံးလေးက ပြောင်းလဲသွားခြင်းမရှိပဲ နဂိုအတိုင်း တည်ငြိမ်နေသေးသည်။
“သာမန်နဲ့လည်း မတူနေပါဘူး။”
ယဲ့ဖန်းက ထိုအတုံးလေးကို ဒီအတိုင်းသာ ကိုင်ထားလိုက်ပြီး ဆက်လက်ပြီး လေ့လာမနေတော့ချေ။ သူက ဆက်ပြေးသည်။ တစ်ခဏခန့်ကြာပြီးနောက် သူ၏ ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်ထဲမှ ရွှေရောင်အပ်မျှင်များစွာ ထွက်လာပြီးနောက် သူ့ကို မဆုံးနိုင်သည့် အဆီအနှစ် ချီပေါင်းများစွာကို ထောက်ပံ့၏။ ထို့ကြောင့် သူက လျင်မြန်စွာ ပြေးလာနိုင်သည်။
“ဟမ် …။ ”
ရုတ်တရက် ယဲ့ဖန်းက အံ့အားသင့်သွားသည်။ သူ၏ ချက်အောက်ပိုင်းနေရာမှ အေးစက်မှုကို ခံစားလိုက်ရသည်။ ထို့အပြင် ဒုက္ခဆင်းရဲပင်လယ်ထဲတွင် တစ်စုံတစ်ရာရှိလာသလို ခံစားလိုက်ရပြီး သူက အလျင်အမြန် လက်ဆန့်လိုက်ပြီးနောက် သူ့အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်ကာ သိမ်းထားသည့် ကြေးနီရောင်အတုံးလေးက ပျောက်သွားပြန်သည်။ သူက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီးသော အတွင်းသို့ စစ်ဆေးကြည့်လိုက်သည်။
” ဒါ ဒါက …။ ”
ထိုအတုံးလေးက သူ၏ဒုက္ခဆင်းရဲပင်လယ်ထဲသို့ ရောက်သွားသည်။ ထိုနောက် ငြိမ်သက်စွာဖြင့် မြုပ်နေလေသည်။ ထို့အပြင် ရွေ့လျားခြင်းလည်း မရှိတော့ချေ။ ထာဝရအတိုင်း တည်မြဲကာ ကပ်တွယ်နေမည့် ကျောက်တုံးတစ်ခုလိုမျိုး ငြိမ်သက်ကာ ရှိနေသည်။
သူ၏ ပဲစေ့အရွယ်အစားခန့်ရှိသော ဒုက္ခဆင်းရဲပင်လယ်က အမှောင်ထုထဲတွင် တောက်ပသည့် လမင်းနှင့်တူသည်။ ထို့အပြင် ရွှေရောင်စာအုပ်၏ အလွန်သေးငယ်သော အပိုင်းက ထိုနေရာတွင် ရှိနေသေးသည်။ ယခုအခါတွင်မူ နောက်ထပ် အစိမ်းရောင် ကြေးနီရောင်တုံးလေးက ထပ်ပေါင်းဖြစ်သွားပြီဖြစ်သည်။ အလယ်ဗဟိုနေရာတွင် ထိုအတုံးလေးက ရှိနေပြီး ဘေးဘက်အခြမ်းတွင် စာအုပ်က ရှိသည်။
ရွှေရောင်စာအုပ်က ပို၍ပင်မြင့်မြတ်ပြီး ကြယ်ကဲ့သို့ တလက်လက်တောက်ပနေသည့်တိုင်အောင် တစ်ဖက်ဘေးမှ ထိုအစိမ်းရောင်အတုံးလေးကို ရွေ့အောင်မလုပ်နိုင်ချေ။ ထို့ကြောင့် ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်၏ အတွင်းဘက်သို့သာ စာအုပ်က ရွေ့သွားရသည်။
“တကယ်ပဲ ဒါက ဘာလဲဟ .. ။”
ယဲ့ဖန်းက အလွန်အံ့အားသင့်သွားသည်။ သူက ရွှေရောင်ဒုက္ခဆင်းရဲပင်လယ်၏ အတွင်းဘက်သို့ ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ လျှို့ဝှက်ဆန်းကြယ်သည့် တာအိုသင်္ကေတပေါင်းများစွာကလည်း ထိုအပေါ်တွင် ပေါ်ထွက်လာကြောင်း မြင်လိုက်ရသည်။
အပိုင်း ( ၆၅ ) ပြီး၏။