Switch Mode

Chapter – 64

Chapter – 64

ယဲ့ဖန်းက ဘေးဘက်ကို ​လျှောက်သွားလိုက်ပြီးနောက် လူကြားရုံလောက် အသံဖြင့် ကျိန်ဆဲသည်။
“သောက်ကျိုးနည်း ဝတုတ် သွမ့်။ -င် မရှိပဲ သားတစ်ယောက်ရပါစေလို့ ကျိန်ဆဲတယ်။”
“ငါက ဘုန်းတော်ကြီးလေ။ ဒီတော့ လက်ထပ်လို့လည်း မရသလို ကလေးလည်း ယူလို့ မရဘူး။”
“ခင်ဗျား ဒါလည်း ကြားတာပဲလား။”
ယဲ့ဖန်းက အနည်းငယ် ကြောက်သွားသည်။
“တာအိုဆရာသခင် သွမ့်ရယ်။ ခင်ဗျား မြန်မြန်လေးသာ ထွက်သွားလိုက်ပါတော့လား။ ခင်ဗျား ငါ့ရဲ့ ရတနာသုံးခုလုံးကို ခိုးသွားပြီးပြီ။ ဒါတောင်မှ မကျေနပ်နိုင်သေးဘူးလား။”
“ငါတို့ကြားမှာက ကံကြမ္မာနည်းနည်း ရှိနေသေးတယ်။”
တာအိုပညာရှင်ဝတုတ်က ရယ်ပြန်သည်။
“မျိုးရိုးနာမည်နဲ့ သွမ့်။ ခင်ဗျား မလွန်လာနဲ့နော်။”
ယဲ့ဖန်း၏ မျက်မှောင်က မဲမှောင်လာသည်။ သူက တောင်ပေါ်မှ ဆင်းသွားသည်။ သူက ထိုနှလုံးသားမဲ့သော တာအိုပညာရှင်ကို ရန်မစနိုင်ချေ။ ထို့ကြောင့် ထွက်သွားရတော့ပေမည်။
“ငါတို့ကြားက ကံကြမ္မာက အတူရှိနေပြီ။ ခွဲခြားဖို့ ခက်ခဲတယ်။ ကြည့်ရတာ ငါတို့ရဲ့ ကံကြမ္မာက ဒီနေ့ အဆုံးသတ်ပြီ ထင်ပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ပြောဖို့ ခက်ခဲသေးတယ်။ ငါတို့ ပြန်တွေ့ကောင်း တွေ့နိုင်ပါသေးတယ်။”
တာအိုပညာရှင်ဝတုတ်က အော်ရယ်လိုက်သည်။ သို့သော် သူက ထွက်မသွားခဲ့ဘဲ ပြောသည်။
“အခု ငါက ဒီကျောက်တုံးနေရာနဲ့ ကံကြမ္မာပါတယ်လို့ ခံစားရတယ်။ ဒီတော့ ဒီနေရာမှာနေပြီး တစ်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ ထိုနှလုံးသားမဲ့သော ဝတုတ်က ထိုမျှထိ ဉာဏ်ကောင်းပြီး ထိုကျောက်တုံး၏ ထူးခြားမှုကို သိသွားမည်ဟု မထင်ထားချေ။ သူကချက်ချင်းလိုလို ရပ်တန့်လိုက်သည်။ သူက ထွက်မသွားချင်တော့ချေ။
“မင်းက နေမယ်ဆိုမှတော့လည်း ငါက မင်းကို တစ်ခုခုရစေမယ်လို့ ကတိပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်း တလက်လက် တောက်ပတဲ့ ရတနာတွေကို အများကြီး လိုက်မဖမ်းရင် အကောင်းဆုံးပဲ။ ငါက မင်း ကောင်းဖို့အတွက် လုပ်ပေးတာ။ မင်းရဲ့ ကျင့်ကြံနည်းအဆင့်နဲ့ဆိုရင် မင်းရဲ့စိတ်ဝိညာဥ် လက်နက်ကို ကာကွယ်နိုင်မှာလည်း မဟုတ်ဘူးလေ။ အခြားတစ်ယောက်ကသာ လိုချင်သွားရင် မင်း ဒုက္ခကြီး ရောက်သွားလိမ့်မယ်။ လူတိုင်းက ငါ့လို သနားညှာတာတတ်တာ မဟုတ်ဘူး။ လူအများစုက လက်နက်ကို ခိုးဖို့ကြိုးစားရင် သတ်ဖြတ်ဖို့ အဓိက ထားတက်ကြတယ်။ အဲ့ဒီအချိန်မှာ သူတို့က ပစ္စည်းရရုံဆိုပြီး လုပ်တတ်ကြတာမဟုတ်ဘူး … ။”
ဖုန်း …။
ထိုအချိန်တွင် အဝေးရှိ ကောင်းကင်မှ ကျွမ်းကျင်ပညာရှင်ငါးယောက်က ​မြေသားကို တုန်ခါကွဲအက်စေသည့် တိုက်ကွက်မျိုးကို ထုတ်ဖော်လိုက်ကြသည်။ ကျယ်ပြောကာ များပြားပြီး တိုင်းတာရန် ခက်ခဲလောက်သည့် နတ်စွမ်းအင်ပေါင်းများစွာက ကောင်းကင်သို့ တက်လှမ်းသည့် တိမ်ဖြူရောင် တောက်ပလွန်းသော လမ်းစဥ်ကိုးသွယ်လိုမျိုး ကောင်းကင်သို့ ထိုးတက်သွားသည်။
ထို့နောက် စွမ်းအင်ပေါင်းများစွာက ကောင်းကင်တစ်ခုလုံးကို ရေသမုဒ္ဒရာကြီး တစ်ခုလုံးလို လွှမ်းခြုံသွားလိုက်ပြန်သည်။
ထိုအချိန်တွင် ကျင့်ကြံသူတိုင်းက တုန်ရီသွားသည်။ လူအများစုက ကိုယ့်သက်တန့်ရောင်စဥ် တိမ်စိုင်များကို မထိန်းသိမ်းနိုင်ကြတော့ဘဲ ကောင်းကင်မှ ပြုတ်ကျကြသည်။ လူအများအတွက် ဖော်ပြရန် ခက်ခဲသော ထုတ်ပြမှုကို ခံစားရစေသည်။
ထိုခမ်းနားမြင့်မြတ်လွန်းသည့် ဖိအားကြီးက တောင့်ခံရန် ခက်ခဲလွန်းသည်။ ကျင့်ကြံသူ အများစု၏ စိတ်ဝိညာဥ်က ထိန်းချုပ်ရန် ခက်ခဲလောက်အောင် တုန်ရီနေသည်။
ယင်းက ထိုပုဂ္ဂိုလ်ကြီးငါးယောက်ထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလည်း ဖြစ်သည်။ သူတို့၏စွမ်းအားများကို သူတို့က အပြည့်အဝ ထုတ်ဖော်လိုက်သည်နှင့် သက်ရှိဖြစ်တည်မှုတိုင်းက ကြောက်လန့်တကြား ဖြစ်သွားကြသည်။ နှလုံးသားက အထိတ်တလန့်ဖြစ်သော ခံစားချက်မျိုး ခံစားလာရသည်။
ဗုန်း …။
ထိုအဆင့်လွန် ကျွမ်းကျင်ပညာရှင် ငါးယောက်၏ နောက်ဆုံးတိုက်ကွက်က နောက်ဆုံးတွင် မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းကို အက်ကွဲသွားစေခဲ့သည်။ ထိုသို့ဖြင့် မြောက်များလှစွာသော မိစ္ဆာ အရှိန်အဝါပေါင်းများစွာက ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့ တိုး​ဝှေ့သွားပြန်သည်။
ခမ်းနားသည့် ရှေးဟောင်းနန်းတော်ကြီးက ဝုန်းခနဲ မြည်သံနှင့်အတူ အပြည့်အဝ ပြိုကျသွားသည်။ တစ်ချိန်တည့်တွင်ပင် အရပ်မျက်နှာအနှံ့ တိုးဝှေ့သွားသည့် ရောင်စုံအလင်းတန်းများစွာ ရှိနေသေးပြန်သည်။ ရှေးဟောင်း ဂူ သင်္ချိုင်းထဲတွင် နှစ်ပေါင်းများစွာကြာအောင် မြှုပ်နှံထားခဲ့ကြသည့် စိတ်ဝိညာဥ် လက်နက်ပေါင်းများစွာက လွင့်ထွက်သွားသည်။
ထိုလက်နက်များထဲတွင် အထူးတလည် ထူးခြားလွန်းသည့် မျက်စိကျိန်းမတတ် တောက်ပသည့် ပစ္စည်းများလည်းပါသည်။ ထိုအရာများက ကောင်းကင်ကို နေအသေးစားများလို တောက်ပနေစေသည်။ ထို့ကြောင့် ပို၍စွမ်းအားကြီးမားသည့် စိတ်ဝိညာဥ် ရတနာများဖြစ်ကြောင်း သိသာနေပြန်သည်။
ကျွမ်းကျင်ပညာရှင် ထိပ်တန်းအဆင့် ငါးယောက်လုံးက သူတို့၏ မဟာကြီးမြတ်သည့် နတ်စွမ်းအင်များကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီးသား ဖြစ်သည်။ သူတို့က သူတို့၏ စွမ်းအားများကို တဖန်ထုတ်လိုက်ကာ သူတို့၏လက်များကို ကြီးသည်ထက် ကြီးလာအောင် စွမ်းအင်များဖြင့် ပုံဖော်၍ ဖြန့်ကားလိုက်သည်။ ထိုသို့ဖြင့် တစ်ယောက်ချင်းစီတိုင်းက ပစ္စည်းတစ်ခုစီ အနည်းဆုံးထားကာ ရယူနိုင်ကြသည်။ ထို့ကြောင့် အားလုံးက ကြမ်းတမ်းဟန် ​ဖြစ်သွားကြသည်။
သို့ရာတွင် မျက်စိကျိန်းမတက် တောက်ပနေသည့် နေအသေးစားများလို လက်နက်အချို့က လွတ်ထွက်သွားခဲ့သေးသည်။ ဤနည်းအားဖြင့် သူတို့၏ ဖမ်းဆုပ်မှုမှ လွတ်သွားကြပြီး ကောင်းကင်သို့ ထိုးတက်ကာ ထွက်ပြေးသည်။
သို့ရာတွင် ထိုအထွတ်အထိပ် ဖြစ်တည်မှုများက လိုက်မဖမ်းကြချေ။ ထို့အစား သူတို့က နေရာတွင်သာ နေကြပြီး သူတို့၏ စွမ်းအားကြီးမားသည့် နတ်အာရုံခံနိုင်စွမ်းအားကိုသုံးကာ ပတ်ဝန်းကျင်ကို အနှံ့ရှာဖွေသည်။ သူတို့က တစ်စုံတစ်ရာကို ရှာဖွေနေသလို ထင်ရသည်။ အမျိုးမျိုးသော စိတ်ဝိညာဥ်လက်နက်ပေါင်းများစွာက အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသည်။
ပို၍များပြားသည့် စွမ်းအင်လှိုင်းပေါင်းများစွာက အဝေးရှိ ကောင်းကင်ယံသို့ ဖြတ်သန်းသွားကြပြန်သည်။ ကျင့်ကြံသူပေါင်းများစွာက မိုးတိုးမတ်တပ်ဖြစ်သွားကြသည်။ သူတို့က အန္တရာယ်ကို သတိမထားမိတော့ဘဲ အဆုံးမသတ်နိုင်အောင် တောက်ပလွန်းသည့် ထိုစိတ်ဝိညာဥ်လက်နက်များ၏ အနောက်သို့ လိုက်ကြသည်။ ဤနည်းအားဖြင့် စိတ်ဝိညာဥ်လက်နက်များကို ရယူနိုင်ရန် ကြိုးစားကြသည်။
မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းက ပြိုကျသွားပြီ ဖြစ်သည်။ အရပ်မျက်နှာအနှံ့ ပြိုကျလာသည့် ပစ္စည်းများက လွင့်စင်လာသည်။ သို့သော် ကျန်ရစ်နေသည်မှာ မျက်စိကျိန်းမတက် တောက်ပလွန်းသော နေစွမ်းအင် အလင်းလှိုင်း ဖြစ်နေသည်။
“အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေရဲ့ လူသားတွေအပိုင် အဆင့်လွန်ရတနာက ဘယ်ရောက်သွားလဲ။”
“မိစ္ဆာဧကရာဇ်သုံးတဲ့ လက်နက်က အဲ့ဒီရတနာထက် အားနည်းစရာ အကြောင်း မရှိဘူး။ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ပေါ်မလာတာလဲ။”
ထိုကျွမ်းကျင်အဆင့်ကဲငါးယောက်က ပဟေဠိဖြစ်ဟန် ဖြစ်သွားကြသည်။ သူတို့က သူတို့၏ ပြင်းထန်သည့် နတ်အာရုံခံနိုင်စွမ်းအားများဖြင့် ပတ်ဝန်းကျင်ကို စမ်းသပ် စစ်ဆေးကြပြန်သည်။
ဗုန်း …။
တစ်ချိန်တည်းတွင်ပင် မျက်စိကျိန်းမတက်တောက်ပလွန်းသော အလင်းတန်းများက မပျောက်ပြယ်သေးပေ။ အလင်းတန်း တစ်တန်းက နေ၊ လနှင့် ကြယ်စင်များကိုပင် မှေးမှိန်သွားစေသည်။
ထိုအရာက ရုတ်တရက် ထိုးထွက်သွားသည်။ ထိုအရာက မျက်စိကျိန်းမတက် တောက်ပလွန်းသည့် နေတစ်လုံး ပေါက်ကွဲသွားသည်နှင့်ပင် တူသည်။
ထိုငါးယောက်ကပင် မျက်လုံးဖွင့်ရန် ခက်ခဲသွားခဲ့သည်။ သူတို့၏ မျက်လုံးများက ပြင်းထန်သည့်နာကျင်မှုဖြင့် စူးရှနာကျင်လာသည်။ သို့သော် သူတို့က ခပ်မြန်မြန် နောက်ဆုတ်လိုက်ကြကာ သူတို့၏ လက်များကို ဆန့်ထုတ်လိုက်ကြပြန်သည်။
နတ်အလင်းတန်းပေါင်းများစွာက ကောင်းကင်ကို ထိုးခွဲသွားသည်။ ထိုထဲတွင် နှိုင်းယှဥ်ရန် ခက်ခဲသည့် စွမ်းအားကြီးမားသည့် စွမ်းအင်ပေါင်းများစွာ ပါဝင်နေခဲ့သည်။ ထိုအရာက စကြာဝဠာကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသလိုမျိုး စကြာဝဠာကြီးကို လှုပ်ခါသွားစေပြန်သည်။ ​
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက အလွန်ကျယ်ပြောကာ တိုင်းတာရန် ခက်ခဲသည်။ ဤနည်းအားဖြင့် ထိုကျွမ်းကျင်ပညာရှင်ငါးယောက်ကို နောက်ပြန်ဆုတ်လိုက်ရစေသည်။ သူတို့၏လက်ထဲမှ လက်နက်များကပင် အရောင်အဝါများ ပျောက်ဆုံးသွားကြသည်။
မျက်စိကျိန်းမတက်တောက်ပလွန်းသည့် နတ်အလင်းတန်းက ကောင်းကင်သို့ ထိုးခွဲသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ဖိအားများကို ထုတ်ဖော်စေကာ အရပ်မျက်နှာအနှံ့မှ ကျင့်ကြံသူပေါင်းများစွာကို ကောင်းကင်မှ ပြုတ်ကျသွားစေသည်။ ထိုနောက် တိုက်ခိုက်ရန် ခက်ခဲသော မိစ္ဆာစွမ်းအင်များကို တဖန် ထုတ်ဖော်လိုက်ပြီး တလောကလုံးက လောက်ကျွမ်းသွားသလို ဘာကိုမှ မနိုင်တော့သလိုမျိုး ဖြစ်သွားပြန်သည်။
“ဒါက မိစ္ဆာဧကရာဇ် အသုံးပြုခဲ့တဲ့ လက်နက်ဖြစ်နိုင်တယ်။ ဒီလက်နက်က အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေက လူတွေအပိုင် အဆင့်လွန် ရတနာနဲ့တောင် ယှဥ်နိုင်တယ်။”
ကျွမ်းကျင်ပညာရှင်ငါးယောက်က အသိပြန်ဝင်သွားကြသည်။ သူတို့ထဲမှသုံးယောက်က ချက်ချင်းလိုလို လိုက်ဖမ်းကြသည်။ အခြားနှစ်ယောက်က ထွက်မသွားကျချေ။ သူတို့က နေရာတွင်သာနေပြီး အရှေ့ပိုင်းပျက်သုဥ်းခြင်းနယ်မြေမှ လူသားများ၏ အပိုင်ပစ္စည်းကို ဆက်လက်ရှာဖွေနေကြသည်။
အဝေးမှ ယဲ့ဖန်းကမူ ကြောင်တောင်တောင်ဖြစ်နေသည်။ အကြောင်းမူကာ ထိုတလက်လက်တောက်ပသော ပစ္စည်းက သူတို့ထံ လာနေကြောင်း မြင်လိုက်ရသောကြောင့်ဖြစ်သည်။
သူ၏ဘေးမှ ခပ်ဝဝတာအိုပညာရှင်ကမူ လက်ကိုပွတ်နေပြီး ဆက်တိုက်ရယ်နေသည်။
“ဒီတာအိုပညာရှင်က အတော်ကံကောင်းတာပဲ။ မိစ္ဆာဧကရာဇ်ရဲ့ လက်နက်က အရှေ့ပိုင်း ပျက်သုဥ်ခြင်းနယ်မြေက လူသားတွေအပိုင် အဆင့်လွန် ရတနာထက် အားနည်းစရာ အကြောင်းကိုမရှိဘူး။ ဒါကို ရလိုက်ရင်”
“ခင်ဗျား ဖမ်းနိုင်မယ်လို့ ထင်လို့လား။”
ယဲ့ဖန်းက စိုးရိမ်တကြီးမေးသည်။ မိစ္ဆာဧကရာဇ်၏ ထိုလက်နက်က သူတို့ထံရောက်တော့ပေမည်။ ဘုန်းတော်ကြီးကသာ မဖမ်းနိုင်လျှင် သူတို့က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် ဝမ်းနည်းစရာ ကောင်းလွန်းပေလိမ့်မည်။
“ဟုတ်သားပဲ။ ဒီဘုန်းတော်ကြီးက ဒီလောက်ထိကံကြမ္မာကောင်း မရှိဘူး။ ငါကသာ ဖမ်းနိုင်ခဲ့ရင်တောင်မှ နောက်ကပါလာတဲ့ ပုဂ္ဂိုလ်ကြီးသုံးယောက်က ငါ့ကိုသေအောင် ဖြတ်ရိုက်သွားလိမ့်မယ် .. ”
ထိုသို့ပြောပြီးနောက်သူက ယဲ့ဖန်းကို ကောက်မပြီး ဝှစ်ခနဲမြည်သံနှင့်အတူ ယုန်ထက်ပင် မြန်ဆန်သော အရှိန်နှုန်းဖြင့် အခြားတစ်တောင်သို့ ခုန်ပြေးသည်။
မိစ္ဆာဧကရာဇ်၏လက်နက်က မရေမတွက်နိုင်အောင် များပြားသည့် နတ်အလင်းတန်းကို လွင့်ထုတ်နေသည်။ မျက်စိကျိန်းမတက် တောက်ပလွန်းနေပြီး ပုံဏ္ဍာန်ကို မြင်ရန်ပင် အလွန်အမင်း ခက်ခဲနေသည်။
ထိုမျက်စိိကျိန်းမတက် တောက်ပနေသောအလင်းတန်းများကို တည့်တည့်ကြည့်ရန် ခက်ခဲသည်။
တစ်ချိန်တည်းတွင်ပင် ကြယ်ဘီလီယံချီက တစ်ပြိုင်နက် လင်းလက်တောက်ပနေသလိုမျိုး ထွက်ပေါ်လာ၏။ ပြီးနောက် တလောကလုံးကို ဆက်တိုက်တုန်ခါသွားစေသည်။ ဗုန်းခနဲမြည်သံကြီးနှင့်အတူ ကျောက်ဆောင်ထဲသို့ ထိုးစိုက်သွားသည်။
“သွားပြီ။”
ဝတုတ်ဘုန်းတော်ကြီးကမူ လက်ကို ထပ်ခါတလဲလဲ ပွတ်နေသည်။
” ဒါက ဆိုးတာပဲ။ ဒီကျောက်တောင်ရဲ့အောက်ခြေမှာ ထူးဆန်းတဲ့ ရတနာတစ်ခု ရှိနေလောက်တယ်။ ဒါပေမဲ့ မကောင်းဆိုးဝါး ဧကရာဇ်ရဲ့ အဆင့်လွန် ရတနာရဲ့ ဒဏ်ကိုတော့ ခံနိုင်မှာမဟုတ်ဘူး။ ဒီလိုဆိုရင်တော့ အခု ပြာဖြစ်သွား​လောက်ပြီ။ နှမြောစရာပဲ။”
ထိုနေရာတစ်ခုလုံးကို အလင်းတန်းများက အပြည့်အဝ လွှမ်းခြုံနေပြီး အလင်းစွမ်းအင် သမုဒ္ဒရာနယ်မြေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတိုင်းက အဝေးသို့ ထွက်သွားရသည်။ အနီးကပ်ရှိနေသော အချို့ဆိုလျှင် တိုက်ရိုက်ပင် အစိတ်စိတ်အပိုင်းပိုင်း အဖြစ်ပြောင်းလဲသွားပြီး သွေးမြူတိမ်စိုင်များအဖြစ် ပြောင်းလဲသွားသည်။
သို့ရာတွင် ထိုအချိန်တွင် အံ့အားသင့်ဖွယ်ကောင်းသောကိစ္စက ဖြစ်ပျက်လာသည်။ ထိုကျောက်တောင်ကြီးက ပြိုကျသွားပြီးနောက် မယုံနိုင်စရာကောင်းသော ညင်သာသည့် အစိမ်းရောင်အလင်းတန်းက ရုတ်တရက် ပေါက်ဖွားကာ ပွင့်လန်းလာသည်။ ထို့နောက် အစိမ်းရောင်အလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွားသည်။ ညင်သာသာယာသော တော်ဝင်အလင်းတန်းက ထွက်ပေါ်လာပြီး လူတို့၏စိတ်ကို တည်ငြိမ်သွားစေသည်။ ဖျော့တော့သော ထိုအစိမ်းရောင်အလင်းတန်းက အသက်စွမ်းအားအပြည့် ပါဝင်နေပြီး ကောင်းကင်တွင် လွင့်မြောနေသည့် နေ စစ်သည်အလားထင်ရသည်။
ထိုအချိန်တွင် ကြီးမားသည့်အစိမ်းရောင် ရတနာတစ်ခုဖြစ်သည့် ဇလုံကဲ့သို့သော အရာကြီးမျိုးက မြေပြင်မှရုတ်တရက် အပေါ်သို့ထိုးတက်သွားလေပြီး ထိုမကောင်းဆိုးဝါးဧကရာဇ်၏ အဆင့်လွန် ရတနာကို စုတ်ယူလိုက်သည်။
“မယုံနိုင်စရာပဲ။ ဒါက ကောင်းကင်ဘုံ ဖြစ်တည်မှု။”
ထိုအချိန်တွင် ဝတုတ် တာအိုဘုန်းတော်ကြီးက စကားကိုပင် ချောမွေ့အောင် မပြောနိုင်တော့ချေ။ သူက အသက်မနည်းရှူနေရပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် အော်သည်။
“ဒါက မိစ္ဆာမျိုးနွယ်က ရတနာဇလုံပဲ … ။”
“တစ်ယောက်ယောက်က ဒီနေရာမှာ ပုန်းနေပြီး ရတနာဇလုံကို အသင့်ပြင်ထားတာ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အကြံလဲ။ သူက မိစ္ဆာဧကရာဇ်ရဲ့ ရတနာအတွက် အသင့်ပြင်ထားတာပဲ။”
ထိုတာအို ဝတုတ်ဘုန်းတော်ကြီးက နောက်ဆုံးတွင် မည်သည့်အတွက်ကြောင့် ကျောက်တုံးနံရံက စိတ်ဝိညာဥ်လက်နက်များကို ဆွဲဆောင်နေကြောင်း နားလည်သွားသည်။ အထဲတွင် ဒဏ္ဍာရီလာ ရတနာ ဇလုံကရှိနေလေသည်။ အထဲတွင် ပုန်းနေသောသူက ထိုဇလုံကို သူ၏နတ်စွမ်းအားဖြင့် ဖုံးကွယ်ထားသည့်တိုင်အောင် အချို့သော စိတ်ဝိညာဥ်လက်နက်များကို ဆွဲဆောင်နိုင်သေးသည်။
ထိုဇလုံက အစိမ်းရောင် မဟူရာကျောက်သားဖြင့် လုပ်ထားခြင်းဖြစ်သည်။ စိမ်းလဲ့နေပြီး လူ၏ နှလုံးသားထဲသို့ပင် အေးမြသော ခံစားချက်မျိုးကို ရစေသည်။ ယခုအခါတွင် အလွန်အမင်း မျက်စိကျိန်းမတက် တောက်ပနေပြီး မြင့်မြတ်သည့် အစိမ်းရောင် တော်ဝင်အလင်းတန်းဖြင့် ကောင်းကင်ကို လွှမ်းခြုံထားသည်။ သို့သော် အလွန်အမင်း ညင်သာသိမ်မွှေ့လွန်းနေပြန်ရာ အလိုလိုပင် စိတ်ခြောက်ခြားစရာ ဖြစ်လာပြန်လေသည်။
ထိုအခိုက် အလွန်အမင်း မျက်စိကျိန်းမတက် တောက်ပလွန်းသည့် တစ်စုံတစ်ရာက ထိုဇလုံထဲတွင် ရှိနေသည်။ ယင်းက မိစ္ဆာဧကရာဇ်၏ အဆင့်လွန်ရတနာဖြစ်သည်။ မျက်စိကျိန်းမတက် တောက်ပလွန်းပြီး စွမ်းအားကြီးမားလွန်းသည်။
ထို့ကြောင့် ပုံပန်းသွင်ပြင် အစစ်အမှန်ကို မြင်ရရန် ခက်ခဲသည်။ ဒီအတိုင်း ထိုဇလုံထဲတွင် လွင့်မြောနေသည်မှာ စကြာဝဠာတစ်ခုလုံးက လှည့်ပတ်နေသည့်အလား ထင်ရသည်။
ထိုအတွင်းရှိ နေရာက ကျယ်ပြောသည့်အပြင် တိုက်ခိုက်ရန် ခက်ခဲသော မိစ္ဆာစွမ်းအင်ပေါင်းများစွာကလည်း ထွက်နေသေးပြန်သည်။ သို့သော် ဇလုံထဲသို့ ရောက်သွားသည့်တိုင် မိစ္ဆာအလင်းတန်းများက အပြင်ဘက်သို့ ထွက်ပေါ်နေသည်။ ယဲ့ဖန်း၏ နှလုံးသားက တုန်ရီသွားသည်။ ထိုဇလုံ၏ရှေ့တွင် ရပ်နေသောသူက ပြိုင်ဘက်ကင်းအောင် လှပလွန်းသည်။ ၄င်းက သူ သိပ်မကြာခင်က တွေ့ထားသည့် မိန်းခလေးဖြစ်သည်။
ထိုအချိန်တွင် သူမက အလွန်အမင်း မြင့်မြတ်သော ပုံပန်းသွင်ပြင်ကို သယ်ဆောင်ထားသည်။ သူမက ပြစ်ချက်ကင်းပြီး ပြိုင်ဘက်ကင်းသည့် ရုပ်ရည်ကို သယ်ဆောင်ထားပြန်သည်။ သူမက လျင်မြန်စွာ ဇလုံကိုသိမ်းပြီးနောက် အလင်းတန်းအဖြစ် ပြောင်းလဲကာ အဝေးသို့သွားသည်။ ဤနည်းအားဖြင့် အနောက်မှ သဘောတကျ ရယ်သံကိုသာ ချန်ထားရစ်ခဲ့သည်။
“စီနီယာတို့ ကူညီတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ မဟုတ်ရင် မိစ္ဆာဧကရာဇ်ရဲ့ ဆက်ခံသူ ကိုယ်တိုင်ကိုယ်ကျ လာရင်တောင်မှ ဒါကို ရဖို့ ခက်ခဲတယ်မဟုတ်လား။ ”
နောက်မှလိုက်လာသော သုံး​ယောက်ကမူ အေးစက်သော မျက်နှာထားမျိုး ဖြစ်သွားကြသည်။ သူတို့က မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်း အပြင်ဘက်မှ သင်္ကေတများစွာကို ထွင်းထုခဲ့ပြီး အလွန်အမင်း စွမ်းအားကြီးမားသည့် ကောင်းကင်စွမ်းအားများကို ထည့်သွင်းခဲ့သည်။
သို့သော် သူတို့က မိစ္ဆာဧကရာဇ်၏ အဆင့်လွန် ရတနာကို မတားဆီးနိုင်ခဲ့သည့်တိုင်အောင် သူတို့ပါဝင်ခဲ့သည့် အခန်းကဏ္ဍက ကြီးမားလွန်း​ကြာင်း သိနိုင်သည်။ အဆုံးတွင်မူ သူတို့က အမှောင်ထဲမှ အခြားသူတစ်ယောက်ကို တွေ့ခွင့်ရသွားအောင် လုပ်ပေးလိုက်သလိုဖြစ်သွားသည်။ မဟုတ်လျှင် တစ်ဖက်သူက ဒဏ္ဍာရီလာ ရတနာဇလုံကို ထိန်းချုပ်နိုင်မည် ဆိုလျှင်ပင် ဤရတနာကို ရယူရန် ခက်ခဲပေလိမ့်မည်။
ထိုပုဂ္ဂိုလ်ကြီးသုံးယောက်က တစ်ချိန်တည်းလိုလို တိုက်ခိုက်လိုက်ကြသည်။ ဤနည်းအားဖြင့် အလင်းတန်းပေါင်းများစွာက ပေါက်ထွက်လာပြီး မိုးကုတ်စက်ဝိုင်း အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထိုကဲ့သို့သော တိုက်ကွက်မျိုးက တားဆီးရန် ခက်ခဲသည်။ သူတို့က မည်သည့်နည်းနဲ့မှ တောင့်ခံနိုင်မည်လည်း မဟုတ်ချေ။
ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီမုန်တိုင်းကဲ့သို့သော စွမ်းအင်က ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်ကပင် လောင်ကျွမ်းမှုအောက်တွင် မှေးမှိန်သွားသည်ဟု ထင်ရပြီး ရုတ်တရက် မျက်စိကျိန်းမတက် တောက်ပလာသည်။ ကျင့်ကြံသူတိုင်းက အလွန်အမင်း ကြောက်လန့်သွားကြပြီး ခပ်မြန်မြန် ရှောင်ကြသည်။
သို့သော် ထိုစွမ်းအားကြီးမားသည့် သိုင်းကွက်က လေဟာနယ်ကို ထိသွားသလိုမျိုး ဘာကိုမှ မထိတွေ့နိုင်လိုက်ချေ။ ရောင်စုံအလင်းတန်းများက ကောင်းကင်သို့ မြှောက်တက်လာပြီး ကောင်းကင်တစ်ခုလုံးကို ပြည့်နက်သွားသည်။ ထိုအမျိုးသမီးက ဖျတ်ခနဲလက်ကာ ပျောက်ကွယ်သွားသည်။ သူမက သိမ်မွှေ့သောအလင်းတန်းများကို ချန်ထားရစ်ခဲ့ပြီး ပျောက်ကွယ်သွားသည်။
“ဒီမိစ္ဆာမက ကြိုတင် ပြင်ဆင်ထားပြီးသား။ သူမက အဲ့ဒီမှာ တာအိုသင်္ကေတကို ထွင်းထုထားလို့ ကောင်းကင်စွမ်းအားကို သိပ်သည်းစေပြီး အာကာပြင်ကို ကျော်ဖြတ်သွားတာ။ သူမက အခုဆိုရင် မိုင်ထောင်ကျော်အကွာကို ရောက်နေလောက်ပြီ။”
ပုဂ္ဂိုလ်ကြီးသုံးယောက်လုံး၏မျက်နှာက အေးစက်သွားသည်။ သူတို့၏အသံကလည်း အေးစက်နေသည်။ လူတစ်ယောက်က သူတို့၏ရှေ့တွင် ထိုကဲ့သို့သော ကိစ္စမျိုးကို လုပ်သွားသည်။ ကျား၏ပါးစပ်ထဲမှ အစာကိုလုသွားပြီး မိစ္ဆာဧကရာဇ်၏ အဆင့်လွန် ရတနာကို ခိုးသွားသည်။ ထိုကဲ့သို့ ကိစ္စမျိုးက တိုက်ခိုက်ရန် ခက်ခဲသည်။
“မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းကို အလွယ်တကူ ဖွင့်နိုင်ပေမဲ့ အဆင့်လွန်ရတနာကို ယူဖို့က ခက်ခဲဦးမှာပဲ။ ဒါပေမဲ့ ငါတို့က ဒီမိန်းမကို ကူညီပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။”
ထိုပုဂ္ဂိုလ်ကြီးသုံးယောက်လုံး၏ မျက်ဝန်းထဲတွင် အလင်းတန်းက လက်နေသည်။ ထို့နောက် သူတို့က ချက်ချင်းလိုလို ပျောက်ကွယ်သွားကြ၏။ သူတို့က လျင်မြန်စွာဖြင့် မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းထံသို့ ပြန်သွားကြသည်။
အကြောင်းမူကား ဒဏ္ဍာရီလာ အဆင့်လွန် ရတနာကြီးက ထိုနေရာတွင် ရှိနေသေးသည်။ ထိုအရာက သူတို့ အလိုချင်ဆုံးအရာလည်း ဖြစ်သည်။
” ဘာလို့ အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေက အဆင့်လွန် ရတနာက မပေါ်လာသေးတာလဲ။”
တာအိုဘုန်းတော်ကြီးကလည်း တိတ်တဆိတ် ရေရွတ်နေသည်။ ယဲ့ဖန်းကလည်း သိလိုစိတ်ပြင်းပြနေသည်။ သူက ထိုအကြောင်းအရာကို ဒီလူများ ပြောစကားအရ သိနေပြီးသားဖြစ်သည်။ သို့သော် ထိုအရာက ဘာမှန်းလည်း မသိသေးချေ။ ပုဂ္ဂိုလ်ကြီးများက အလွန်အမင်း လိုချင်နေသော တစ်စုံတစ်ရာဖြစ်သောကြောင့် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သော အရာ ဖြစ်ရပေမည်။
အပိုင်း ( ၆၄ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset