Chapter – 62
တရွှတ်ရွှတ် အသံများက ထွက်ပေါ်လာသည်။
နတ်သက်တန့်ရောင် တိမ်စင်များက ကောင်းကင်ကို ထိုးခွဲသွားသလို အသံများနှင့် ကျင့်ကြံသူပေါင်းများစွာက အဝေးမှတစ်ဆင့် မိစ္ဆာဧကရာဇ်၏ဂူထံ အပြေးသွားနေသော အသံများကို ဆက်တိုက်ကြားနေရသည်။
ယဲ့ဖန်းက ထိုမြင်ကွင်းကို မြင်နေရသည့်တိုင်အောင် စိတ်လှုပ်ရှားသော ခံစားချက်ကို မရချေ။ သူက ခြေလှမ်းကျဲကြီးများဖြင့် အဝေးသို့သွားပြီးနောက် အပျက်အစီးနယ်မြေမှ ထွက်ခွာသည်။ သူက မူလလမ်းကြောင်းအတိုင်း လိုက်ကာ လက်ငါးချောင်းရှိရာ တောင်နေရာသို့ ပြန်ရောက်သွားပြန်သည်။
“ဘာတွေဖြစ်နေတာလဲ။”
ယဲ့ဖန်းက အလွန်အံ့အားသင့်သွားသည်။ ယခင်နေရာသာဖြစ်သော်လည်း ယခင်ကကဲ့သို့ စိမ်းစိုကာ လန်းဆန်းလွန်းလှသည့် မြင်ကွင်းက ပျောက်ကွယ်သွားသည်။ သူ၏ရှေ့ရှိနေရာက လွင်ထီးခေါင် ကျောက်သားတောင်ကြီး ဖြစ်နေလေသည်။ မည်သည့် မြက်ပင်များကိုမှ မမြင်ရချေ။ မည်သည့်အရာမှလည်း ရှိမနေခဲ့ချေ။
ပို၍ဆိုးသည်မှာ ထိုအပင်များက ယခင်ကလောက်ပင် မမြင့်ချေ။ ထို့အပြင် အလွန်တိုသေးသည်။ ကြီးမားသော ကျောက်တုံးကြီး ငါးတုံးကိုသာ အခြားတစ်ဖက်တွင် ဤအတိုင်းချထားသလိုမျိုး ပြောင်ရှင်းနေခြင်းဖြစ်သည်။
ထိုတောင်တန်းကို ကျော်ဖြတ်သွားပြီး ရှေ့ဆက်သွားလိုက်သောအခါ လှပလွန်းသောနေရာကို မမြင်ရသေးပြန်ချေ။ ကျောက်သားများ အဝါရောင်သဲများရှိသော မြင်ကွင်းကြီးသာဖြစ်နေပြီး အလွန်အမင်း လူရှင်းကာ တိတ်ဆိတ်လွန်းသည်။ မရင်းနှီးခဲ့ဖူးသော လူသူရှင်းသည့် လွင်ထီးခေါင်နယ်မြေကြီး ဖြစ်နေသည်။
” ငါ ဦးတည်ရာဘက် မမှားတာ သေချာတယ်။”
ယဲ့ဖန်းကလည်း ဤနေရာဖြစ်ကြောင်း သေချာနေသည်။ သို့သော် အရှေ့ရှိ မြင်ကွင်းကမူ မတူတော့ချေ။ သန့်စင်သောနယ်မြေက ပျောက်ကွယ်သွားသည်။
ယဲ့ဖန်းကလည်း သူ ပုံရိပ်ယောင်လောကထဲသို့ ခြေချလိုက်မိသလားဟု ထင်လိုက်မိသည်။ ထို့ကြောင့် မျက်လုံးကို မှိတ်ပြီးနောက် သူ၏နှလုံးသား ခံစားချက်အတိုင်း မိစ္ဆာဧကရာဇ်၏ နှလုံးခုန်သံကို လိုက်ရှာသည်။ သို့သော် ဘာကိုမှ အာရုံမခံမိတော့ချေ။ ဤနေရာက အလွန်အမင်း တိတ်ဆိတ်နေပြီး လွင်ထီးခေါင် နယ်မြေကြီးနှင့်သာ တူသည်။
သူက ဂရုတစိုက် ဤနေရာကို ရှာဖွေကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် အချက်အလက်ကို သိလိုက်ရသည်။
အားလုံးက အမှန်ဖြစ်နေသော အချက်ဖြစ်သည်။ ဤနေရာတွင် မည်သည့်သန့်စင်သော နယ်မြေမှ မရှိချေ။ ဤအတိုင်း သဲနယ်မြေနှင့် ကျောက်သားကြီးသာရှိသည်။ မည်သည့် သက်ရှိမှလည်း မရှိချေ။ အရာအားလုံးက အသက်မဲ့နေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ .. ။”
ယဲ့ဖန်းက မျက်မှောင်ကြုံ့လိုက်ပြီးနောက် တောင်ငါးတောင်ရှိရာ နေရာရှေ့သို့ ပြန်သွားလိုက်ပြန်သည်။ ရုတ်တရက် အလယ်ရှိကျောက်တောင် တောင်ခြေနားမှ အင်္ကျီလည်အစွန်းနားလေးကို မြင်လိုက်ရသည်။
“ဒါက ဖန်းပေါ်ရဲ့ အင်္ကျီပဲ။”
ယဲ့ဖန်းက အလျင်အမြန် ဂရုစိုက် ရှာဖွေသော်လည်း ဘာကိုမှ မတွေ့ရတော့ချေ။ ဤနေရာက လွင်ထီးခေါင်နယ်မြေဖြစ်ပြီး ဘာမှ ရှိမနေခဲ့ချေ။ ဖန်းပေါ်နှင့် ထိုမဟာမိစ္ဆာများက ပျောက်ကွယ်သွားပြီးလေပြီ။
ထိုနေရာပတ်ပတ်လည်တွင် သူ မည်မျှ ရှာဖွေခဲ့ကြောင်း ဘုရားကသာ သိနိုင်တော့မည့် အချိန်တွင် ယဲ့ဖန်းက မောပန်းနွမ်းနယ်စွာ သဲပေါ်ထိုင်ချလိုက်ရသည်။ သူက အမောတကောဖြင့် ဂရုတစိုက် စဉ်းစားကာ တွက်ချက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်သည်။ သူ၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် သူက ကောင်းကောင်းမွန်မွန် မရှာနိုင်ချေ။ သူက သဲလွန်စကို ရှာတွေ့နိုင်သည့်တိုင် ဖန်းပေါ်အားကယ်တင်နိုင်ဦးမည်လည်း မဟုတ်ချေ။ အဆုံးတွင် ယဲ့ဖန်းက ထွက်သွားရန် ရွေးချယ်လိုက်ရသည်။ သူက ယနေ့ပြီးလျှင် ဖန်းပေါ်ကို မည်သည့်အချိန်မှ ပြန်ဆုံနိုင်မည်ဖြစ်ကြောင်း မသေချာတော့ချေ။
ကြယ်ကောင်းကင်နှင့် မြေပြင်ကြား တစ်ဖက်သို့ရောက်လာပြီးနောက် သူတို့က သေရေးရှင်ရေး အခြေအနေများကို ကျော်ဖြတ်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ကူညီပေးခဲ့သည်။ သို့သော် ယခုလို ခွဲခွာလိုက်ရသည်။ ယဲ့ဖန်းက အလွန်စိတ်ပျက်သွားရသည်။ သူက ခြေတစ်လှမ်းချင်းစီလှမ်းကာ အဝေးသို့ သွားသည်။
မိုင်ရာကျော် လျှောက်ပြီးနောက် ယဲ့ဖန်းက ရှေးဟောင်းအပျက်အစီးနယ်မြေကို ကျော်လွန်ကာ မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းနှင့် မိုင်အနည်းငယ် ဝေးကွာသောနေရာသို့ ရောက်သွားသည်။
ထိုအချိန်တွင် ကျင့်ကြံသူပေါင်းများစွာက စုရုံးရောက်ရှိနေကြသည်။ မိစ္ဆာ ဧကရာဇ်၏ ဂူသင်္ချိုင်းက ကောင်းကင်တွင် နှိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး တောက်ပသည့်အလင်းများကို လွှင့်ထုတ်နေသည်။
ထိုအချိန်တွင် ကျယ်လောင်သည့် အသံကြီးနှင့်အတူ ကောင်းကင်က တသိမ့်သိမ့် တုန်သွားသည်။
ရက်စက်သည့် အရှိန်အဝါအပြည့်နှင့် ရှေးဟောင်းစစ်ရထားလုံးတစ်ခုက ရောက်လာသည်။ ထိုရထားလုံးကို ရွှေသားဖြင့် သွန်းလုပ်ထားပြီး တာအိုသင်္ကေတများ သိပ်သည်းစွာရှိနေကာ ခမ်းနားလွန်းသည့် အစိမ်းရောင်အလင်းများကို လွှင့်ထုတ်နေသည်။
၄င်းအား အစိမ်းရောင်ရေနဂါး ကိုးကောင်က ဆွဲသည်။ သူတို့၏ကိုယ်မှ လေတိုးသံအားလှိုင်းများကို ထုတ်လွှင့်နေသလို မိုးခြိမ်းသံများကိုလည်း ထုတ်လွင့်နေ၏။ ယင်းက ကောင်းကင်ကို ဆက်တိုက် ထိုးခွဲလာကာ တိုးဝင်လာခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဆူနာမီမုန်တိုင်းကဲ့သို့ ပြင်းထန်သည့် ပြိုင်ပွဲဝင် စိတ်ဆန္ဒကို သယ်ဆောင်လာသည်။
အဝေးမှ မြင်လိုက်ရသည့် ကျင့်ကြံသူပေါင်းများစွာက ပင့်သက်ရှိုက်လိုက်ကြသည်။ နောက်ထပ် ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာပြန်သည်။ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကြသည်။ ကျစ် မိသားစုမှ လူများက ပျော်ရွှင်သွားကြသည်။
ထိုအစိမ်းရောင် နဂါးကိုးကောင်ဆွဲသော ရွှေရောင်ရှေးဟောင်း စစ်ရထားလုံးက တိမ်စိုင်များကို စီးနင်းပြီး ချက်ချင်းလိုလို ရောက်လာသည်။ ထို့နောက် ကျစ်ကလန်မှ လူများ၏အရှေ့တွင် ရပ်တန့်ပြီးနောက် တိတ်ဆိတ်သွားသည်။
မည်သူကမှ အံ့အားသင့်မှု မပျက်ပြယ်ခင် အဝေးမှနောက်ထပ် ကောင်းကင်သံစဉ် အားလှိုင်းများက ဖြာထွက်လာပြန်သည်။ ကောင်းကင်မှ ပန်းပွင့်ချပ်များက ကျဆင်းလာသည်။ ထိုပွင့်ချပ်များက တလက်လက်တောက်ပနေပြီး အလွန်မွှေးသည်။
တစ်ပွင့်ပြီး တစ်ပွင့် ကျလာပြီးနောက် နတ်မိမယ်များကဲ့သို့ ထိုပွင့်ချပ်များပေါ် စီးနင်းသည့် လှပသည့် ပုံရိပ်ပေါင်းများစွာက ပျံ့နှံ့ကာ ရောက်ရှိလာသည်။ သူတို့၏ အင်္ကျီလက်များက လေတွင် လွှင့်နေပြီး အခြားသောဘုံလောကမှ အလှလေးများကဲ့သို့ ထူးခြားသောအလှတရားကို ဖော်ထုတ်ပြသနေသည်။
သူတို့က ဘရိုကိတ်များကို ဝတ်ဆင်ထားကြသလို နတ်ပန်းပွင့်များဖြင့် သွန်းလုပ်ထားသော ရထားလုံးများကို စီးနင်းလိုက်ပါလာသည်။ သူတို့က အလွန်ကြော့ရှင်းကြည့်ကောင်းစွာဖြင့် ရောက်လာကြပြီး ကောင်းကင်တွင် ပန်းမိုးကို ရွာသွန်းသွားစေသည်။
တလက်လက်တောက်ပပြီး ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေသည့် ထိုပွင့်ချပ်များက ဤနေရာတစ်ခုလုံးကို အလွန်အမင်း ခမ်းနားသွားစေသည်။
ဂူဘိမ္မာန်၏အရှေ့မှ ကျင့်ကြံသူတိုင်းက အံ့အားသင့်သွားကြသည်။ နောက်ထပ် ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာပြီး မျှော်လင့်ထားသည့်အတိုင်း ရှေ့ဟောင်းနန်းတော်က အင်အားကြီး ကျင့်ကြံသူပေါင်းများစွာကို လှုပ်ဆော်နိုင်စွမ်းအားရှိသည်။ ထိုစွမ်းအားကြီးသူ အားလုံးက အပြေးအလွှား ရောက်လာကြသည်။
ယဲ့ဖန်းက စိတ်ငြိမ်သွားပြီဖြစ်သည်။ သူက ဖန်းပေါ်ကို မရှာနိုင်သော်လည်း ဖန်းပေါ်က မသေနိုင်ကြောင်း ကောင်းကောင်းနားလည်သည်။ အနှေးနှင့်အမြန် သူတို့ပြန်တွေ့ပေလိမ့်မည်။
“အင်အားကြီးလာရမယ်။ ငါ သေချာပေါက် အင်အားဆက်ကြီးထွားနေရမယ်။ အခြားသူတွေကို ငါတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်ခွင့် မပြုနိုင်ဘူး။”
ယဲ့ဖန်း၏ စိတ်ပျက်လက်ပျက်ဖြစ်နေသော အခြေအနေက ပျောက်ကွယ်သွားသည်။ သူ၏ မျက်လုံးများက ကြည်လင်သွားပြီးနောက် ယုံကြည်မှုပြန်ရှိသွားသည်။ သူက ကျင့်ကြံနည်းလမ်းစဉ် ပေါ်သို့ ရောက်ပြီးကတည်းက သူ့ကိုသူ အင်အားကြီးမားအောင် လုပ်ရန်သာ ရှိတော့သည်။ သူက အနာဂတ်တွင် ဖန်းပေါ်ကို ကယ်တင်နိုင်အောင် ကြိုးစားရပေဦးမည်။
သူက ထွက်မသွားခဲ့ချေ။ ထို့နောက် သူက မိုင်ပေါင်းများစွာ ဝေးကွားသော နေရာသို့သာ ပြန်ဆုတ်လိုက်သည်။ သူက ဂူသင်္ချိုင်းနှင့် ရှစ်မိုင် ကိုးမိုင် အကွာတွင် ရှိသည့် တောင်တန်းတစ်ခုပေါ် တက်လိုက်ပြီးနောက် အဝေးသို့သာ လှမ်းကြည့်လိုက်သည်။ သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်ကြောင့် ဤတိုက်ပွဲတွင် ဝင်ပါနိုင်မည် မဟုတ်ချေ။ ထိုနေရာရှိ အားအနည်းဆုံးသူကပင် သူ့ကို ပြာအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထို့ကြောင့် အဝေးမှသာနေပြီး ဗဟုသုတ တိုးအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက် ကျင့်ကြံသူပေါင်းများစွာက ဆက်တိုက်ရောက်ရှိလာကြသည်။ လူအများစုက လှုပ်ရှားခဲ့ကြသည်။ သို့သော် မည်သူကမှ ဂူသင်္ချိုင်းကို မဖွင့်နိုင်ကြချေ။ ကျင့်ကြံသူပေါင်းများစွာကမူ သေရင်သေ မသေရင် ဒဏ်ရာရသွားခဲ့ကြသည်။
ငါးရောင်ခြယ် နတ်တလင်းတုံးဖြင့် လုပ်ထားသည့် ခမ်းနားသော ဂူ ဗိမ္မာန်ကြီးက မိစ္ဆာသင်္ကေတများနှင့် အပြည့်ရှိနေသည်။ ငါးရောင်ခြယ် နတ်အလင်းတန်းများက ဆက်တိုက်ထွက်ပေါ်နေပြီး နဂါးပုံသဏ္ဌာန် သင်္ကေတများ၊ ဖိနစ်ပုံသဏ္ဌာန်သင်္ကေတများနှင့် အနက်ရောင်လိပ်ပုံ သင်္ကေတများက အသက်ဝင်လာသလိုမျိုး ဖြစ်နေသည်။
မိစ္ဆာဆန်သော အရှိန်အဝါကလည်း ဆက်တိုက်ပင် ကောင်းကင်သို့ ထိုးတက်နေပြန်သည်။ ထိုမိစ္ဆာစွမ်းအားများက ကျယ်ပြောသော သမုဒ္ဒရာကြီးအလား ထင်ရသည်။ ကျင့်ကြံသူတိုင်းက အနားမကပ်နိုင်ကြချေ။ အကန့်အသတ်နယ်မြေကို ကျော်ဖြတ်လာနိုင်သော သူများအားလုံးက ချက်ချင်းလိုလို ဖုန်အဖြစ် ပြောင်းလဲသွားကြသည်။
“ဒါက ပထမဦးဆုံး မျိုးဆက်က မိစ္ဆာဧကရာဇ်ကိုယ်တိုင်က ချခင်းခဲ့တဲ့ သတ်ဖြတ်ခြင်း ထာဝရရှင်သန်ခြင်း ဝင်္ကပါပဲ။ ဒီဝင်္ကပါက အချိန်ရဲ့တိုက်စားမှုအောက်ကို မရောက်ခဲ့ဘူးလား …။ ပိုဆိုးတာက ငါတို့က ဒီစွမ်းအင်စည်းချက်ကို ပြည့်ပြည့်ဝဝ ဖမ်းဆုပ်နိုင်သွားပြီ။ ဒီတော့ အခုက အချိန်ကျပြီ။ ငါတို့ လှုပ်ရှားလို့ရတယ်။”
မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းအရှေ့မှ ချီလင်ကိုးကောင်ဆွဲသော ကျောက်စိမ်းရထားလုံးထဲရှိ အေးစက်သောအသံက ထွက်လာသည်။ အသံက မကျယ်သလို မတိုးချေ။ သို့သော် လူတိုင်းနီးပါးက ကြားလိုက်ရသည်။ ကြားလိုက်ရသူတိုင်းကလည်း တုန်ရီသွားကြသည်။ မဟာပုဂ္ဂိုလ်ကြီးက နောက်ဆုံးတွင် လှုပ်ရှားတော့မည်ထင်သည်။
“ဟုတ်တယ်။ ငါတို့တွေ အခု မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို ဖွင့်လို့ရတယ်။”
ညင်သာပြီး သာယာသောအသံက ထွက်လာပြန်သည်။ လူတိုင်းက ထိုအသံပိုင်ရှင် အမျိုးသမီးကို ရှာမတွေ့သေးချေ။ သို့သော် သံသယမဝင်နိုင်လောက်အောင် သူမက ယခုပြောလိုက်သောသူနှင့် အဆင့်အတန်းတူကြောင်း သိနေကြသည်။
“ငါတို့ရဲ့ကလန်မှာ မွေးရာပါ မြေမျက်နှာသွင်ပြင်ကို အားသာမှု ပိုင်ဆိုင်ထားတယ်။ ဒီတော့ ငါတို့က ဂူသင်္ချိုင်းကို ဖွင့်လိုက်ရင် ငါတို့က အများကြီး ပိုရသင့်တယ်။”
ထိုအချိန်တွင် ကောင်းကင်၏ အခြားတစ်ဖက်မှ အသံတစ်သံ ထွက်လာပြန်သည်။ စကားလုံး တစ်လုံးချင်းစီတိုင်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး သူမ၏ နားစည်ကို တုန်ခါသွားစေသည်။
ပန်းမိုးများ ရွာသွန်းရာ ကောင်းကင်အောက်မှ ရထားလုံးထဲမှ အမျိုးသမီးများက ထွက်လာသည်။ သူမကိုလည်း နတ်ပန်းပွင့်များက လွှမ်းခြုံထားသည်။ အသံက ကြည်လင်ကာ နားထောင်ရ ကောင်းမွန်သည်။
“ဒီလိုဆိုရင် ငါတို့ အရင် လှုပ်ရှားလိုက်မယ်။”
“ငါတို့က မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို အင်အားသုံးပြီး ဖွင့်မှာဆိုတော့ အပြစ်ကင်းတဲ့သူတွေကို ဒုက္ခရောက်မိမှာ စိုးရတယ်။ ဒီတော့ အားလုံးပဲ နောက်ဆုတ်ကြပါ။”
ကျစ်ကလန်၏ ရှေးဟောင်းရထားလုံးထဲမှလည်း အိုမင်းသော အသံတစ်သံက ထွက်လာပြန်သည်။ အသံက ဆူနာမီမုန်တိုင်းလိုမျိုး ကောင်းကင်ကို လှုပ်ခါသွားစေသည်။ ထိုထဲတွင် ပြင်းထန်သည့်ဖိအားများကပါသည်။
ပုဂ္ဂိုလ်ကြီးငါးယောက်က ဦးဆောင်ကာ စကားပြောလာသည်။ သူတို့၏အသံက အချင်းချင်း ချိတ်ဆက်မိနေသည်။ ကြောက်မက်ဖွယ် ကောင်းသလို မိုးခြိမ်းသံနှင့်ပင် တူညီနေပြန်သည်။ ထိုအချိန်တွင် လူတိုင်း၏စိတ်က ပြင်းထန်စွာ တုန်ခါနေသည်။ သူတို့၏ခန္ဓာကိုယ်များက ရမ်းခါပြီးနောက် ချက်ချင်းပင် နောက်သို့ဆုတ်လိုက်ရသည်။
လျှို့ဝှက်ဆန်းကျယ်သော ပုဂ္ဂိုလ်ကြီးငါးယောက်က ဤနေရာတွင် အချိန်မဖြုန်းချင်ကြတော့ချေ။ အကြောင်းမူကား အခြားသော အင်အားစုကြီးများမှ လူများက ထပ်မံရောက်ရှိလာဦးမည်ဖြစ်သည်။ သူတို့ငါးယောက်က ပူးပေါင်းပြီး အင်အားသုံးကာ ဖွင့်လိုက်ပြီးနောက် ရတနာများကို ကြိုတင်လက်ဦးမှု ရယူထားချင်သည်။
ရှစ်မိုင် ကိုးမိုင်ခန့်အကွာတွင် ရှိနေသည့်တိုင် ယဲ့ဖန်းကလည်း ပြင်းထန်သည့် ဖိအားများကို ခံစားနေရသည်။ သူက ထိတ်လန့်သွားရသည်။ ထို့နောက် သူက တုန့်ဆိုင်းမနေတော့ဘဲ ခပ်မြန်မြန် နောက်သို့ မိုင်ပေါင်များစွာ ထပ်ဆုတ်လိုက်သည်။
ဗုန်း …။
သိပ်မကြာခင် မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းဘက်မှ မြေကမ္ဘာပေါက်ကွဲသွားသည့် အက်ကွဲသံများက ထွက်ပေါ်လာသည်။ လူတိုင်း၏စိတ်ဝိညာဥ်က တုန်ရီသွားရပြန်သည်။ ခမ်းနားသော နတ်အလင်းတန်းများက တိမ်စိုင်များသို့ ထိုးခွဲသွားပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်စပ်ပေးသည်။
ဤနည်းအားဖြင့် မီးတောင် ပေါက်ကွဲသလိုမျိုး မဆုံးနိုင်သည့် မိစ္ဆာစွမ်းအင်များက ကြမ်းတမ်းစွာ ထိုးထွက်လာသည်။ မျက်စိကြိမ်းမတက် တောက်ပသည့် ထိုအလင်းတန်းများက ဆူနာမီမုန်တိုင်းလို အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ကျင့်ကြံသူပေါင်းများစွာက ရေညှိပင်များလိုမျိုး အားလှိုင်းများဖြင့် အဝေးသို့ လွင့်ထွက်ကုန်သည်။ သူတို့က လုံလောက်အောင် နောက်ဆုတ် ပြီးကြသည့်တိုင် အားလှိုင်းများ၏ သက်ရောက်မှု ခံရသေးလေသည်။
အဝေးမှ ယဲ့ဖန်းကမူ အလန့်တကြားဖြစ်သွားသည်။ သူကလည်း ထိုစွမ်းအားများ၏ သက်ရောက်မှုခံရသည်။ အပင်ပေါင်းများစွာက ကြိုးပဲ့ကုန်ကြသလို ကျောက်တုံးပေါင်းများစွာကလည်း လွင့်စင်ကုန်သည်။ သူက ကျောက်တောင်ကြီးတစ်ခု၏နောက်တွင် ပုန်းအောင်းနေသည့်တိုင် အနည်းငယ် ထိတ်လန့်နေရသေးသည်။
မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းက ကြောက်စရာကောင်းလွန်းသည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးလေပြီ။ မိစ္ဆာဧကရာဇ်က ချနင်းခဲ့သည့် သတ်ဖြတ်ခြင်း ထာဝရ ရှင်သန်ခြင်း စွမ်းအင်က အလွန်အမင်း အားနည်းနေသင့်သည်။
သို့ရာတွင် ထိုကဲ့သို့ အင်အားနည်းနေသည့်တိုင်အောင် ပုဂ္ဂိုလ်ကြီးပေါင်းများစွာက တိုက်ခိုက်ခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာစွမ်းအားများကို ထုတ်လွင့်နိုင်နေသေးသည်။ ထို့ကြောင့် တွေးကြည့်ရုံဖြင့်ပင် တစ်ချိန်က မည်မျှအင်အားကြီးကြောင်း သိနိုင်သည်။
“မိစ္ဆာဧကရာဇ်က မူလရှေးဦးခေတ် မတိုင်ခင်က ရှေးဟောင်းအပျက်အစီးနယ်မြေကို အထင်သေးတဲ့ ကျွမ်းကျင်ပညာရှင် ဖြစ်ထိုက်ပါပေတယ်။ သူ အသက်ရှင်တဲ့အချိန်တုန်းက ချခင်းခဲ့တဲ့ စည်းတံဆိပ်က ဒီလောက်ထိတောင် အင်အားကြီးမားတယ်။ သူကအတိတ်မှာ လုံးဝကို ပြိုင်ဘက်ကင်းတဲ့ မိစ္ဆာပုဂ္ဂိုလ်ကြီးပဲ ဖြစ်ရမယ်။”
ခမ်းနားသော ရှေးဟောင်းနန်းတော်၏ရှေ့တွင် လူငါးယောက်သာ ကျန်တော့သည်။ သူတို့၏ ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ မျက်စိကြိမ်းမတက်တောက်ပသည့် အလင်းလုံးငါးလုံးက မျောလွင့်နေသည်ဟုသာ ထင်ရသည်။ သို့သော် လူတိုင်းကို ကြောက်ရွံ့ရိုသေစေသည်။
“အရင်မျိုးဆက်က မိစ္ဆာဧကရာဇ်က မှင်သက်ဖွယ်ကောင်းလောက်တဲ့ ပါရမီမျိုးကို ပိုင်ဆိုင်ထားတယ်။ သူက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ပဲ။”
“အခု ဒီဂူထဲမှာ ကျန်တဲ့စွမ်းအားတွေက သူရဲ့ အထွတ်အထိပ်အခြေအနေက တစ်ဆယ်ရာခိုင်နှုန်းလောက်တောင် မရှိလောက်တော့ဘူး။ ဒါတောင်မှ ဒီလောက်ထိ ကြောက်စရာကောင်းနေတုန်းပဲ။ တွေးကြည့်ရုံနဲ့တင် သိသာပါတယ်။”
ပုဂ္ဂိုလ်ကြီးငါးယောက်က ထိုသို့ပြောလိုက်သော်လည်း သူတို့က မရပ်တန့်ကြချေ။ သူတို့အားလုံးက သူတို့၏ခန္ဓာကိုယ်ထဲတွင် နတ်စွမ်းအင်များကို စုစည်းလိုက်ပြီး ပို၍ကြောက်မတ်ဖွယ်ကောင်းကာ လွမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် စွမ်းအားများကိုသာ ထုတ်လွင့်လာသည်။
ဗုန်း …။
နတ်ပင်လယ်ကြီးက ကောင်းကင်တစ်ခုလုံးကို ရေလွမ်းကြီးစိုးသည့်အလား နို့နှစ်ဖြူရောင်လမ်းစဥ်တစ်ခုကို ပေါ်ထွက်လာစေလိုက်သည်။
ပြောရလျှင် စွမ်းအင်များကို ထိုနန်းတော်သို့ ပို့လွှတ်လိုက်သဖြင့် တဖြောင့်ထဲတန်းနေသည့် စွမ်းအင်လမ်းကြောင်းကြီး ပေါ်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ကျယ်ပြောသောလောကအတွင်းတွင် မျက်စိကြိမ်းမတက် တောက်ပသည့် အလင်းတန်းများကသာ ကြီးဆိုးသွားသည်။ အဆုံးအစမဲ့လောက်အောင် ပြည့်နက်နေသည့် နတ်အလင်းတန်းများဖြင့် တိုက်ခိုက်လိုက်ချိန်တွင် များပြားလွန်းသည့် မိစ္ဆာစွမ်းအင်များကလည်း တစ်ဖန်ထိုးထွက်လာသည်။ မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းက ဆူပွက်နေသလိုမျိုး ဖြစ်လာသည်။
ကျင့်ကြံသူများက ထိုနေရာမှ ထွက်သွားကြသည်။ မည်သူကမှ ထိုနေရာတွင် ဆက်မနေရဲကြချေ။
ပုဂ္ဂိုလ်ကြီးငါးယောက်က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြသည်။ သူတို့၏လက်နက်များကိုထုတ်ကာ မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းကို ရိုက်နက်သည်။ သူတို့က နေ၊ လနှင့်ကြယ်များကိုပင် ရောင်စဥ် ဆုံးရှုံးအောင် တလောကလုံးကို တုန်ခါအောင် လှုပ်ခါနိုင်သည့် စွမ်းအားရှိသည်။
အကန့်အသတ်မဲ့အောင် များပြားသည့် နတ်အလင်းတန်းများ ကြောက်မတ်ဖွယ်ကောင်းသည့် မိစ္ဆာစွမ်းအင်ပေါင်းများစွာက အရပ်မျက်နှာအနှံ့ တိုးဝင်ကုန်သည်။
အချိန်မည်မျှကြာမှန်းမသိ ကြာညောင်းသွားပြီးသည့်အချိန်တွင် ပုဂ္ဂိုလ်ကြီးငါးယောက်က ဘယ်နှစ်ကြိမ်မှန်းမသိအောင် တိုက်ခိုက်ခဲ့ပြီးချိန်တွင်ပင် ထိုဂူသင်္ချိုင်း၏ သေးငယ်သည့် အက်ကွဲရာတစ်ခုသာ ပေါ်အောင်လုပ်လိုက်နိုင်သည်။
ဗုန်း …။
တစ်ဖန်သူတို့က အင်အားစုကာ တိုက်ခိုက်လိုက်ပြန်သည်။ စွမ်းအားကြီးမားသည့် လက်နက်ပေါင်းများစွာက အလင်းတန်းများကို လွင့်ထုတ်လိုက်ပြီးနောက် အလင်းတန်းများကို အဝေးသို့ တွန်းပို့လိုက်ချိန်တွင် ထိုပုဂ္ဂိုလ်ကြီးငါးယောက်၏ အဆီအနှစ်နှင့် နတ်စွမ်းအားပေါင်းများစွာက လက်ထဲသို့ တစ်ပါတည်း ဝင်ရောက်သွားသည်။ ဤနည်းအားဖြင့် ထိုကွဲအက်ပြီးသားနေရာ မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းအစွန်းနားကို ဆုတ်ဖြဲလိုက်နိုင်သည်။
ဒီတစ်ကြိမ်တွင် ထိုထောင့်နေရာမှ အလင်းတန်းပေါင်းများစွာ ဖြာထွက်လာပြီး အရပ်မျက်နှာအနှံ့ ထွက်ပေါ်သွားသည်။ စိတ်ဝိညာဥ် အလင်းတန်းပေါင်းများစွာက ထွက်ပြေးသွားကြခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ကြီးငါးယောက်က လက်ဆန့်တန်းကာ ကောင်းကင်သို့ ဖမ်းဆုတ်ကြသည်။
သို့သော် အလင်းတန်းများက အလွန်များလွန်းနေရာ လွင့်ထွက်သွားသော ပမာဏများလည်း ရှိနေသေးသည်။ ထိုအရာများက ကောင်းကင်သို့ ထိုးတက်ခြင်း သို့မဟုတ် တောထဲသို့ ဝင်ရောက်သွားကြခြင်း ဖြစ်သည်။
ထိုအခါ အဝေးမှ ကျင့်ကြံသူပေါင်းများစွာက စတင်လှုပ်ရှားလာသည်။ သူတို့က ပြေးလိုက်ပြီးနောက် ထိုရတနာများကို လိုက်ဖမ်းကြသည်။ ဤနည်းအားဖြင့် ကောင်းကင်သို့ တက်ဖမ်းသူများ တောထဲသို့ဝင်ကာ လိုက်ဖမ်းသူများ များစွာရှိနေကြတော့သည်။
ယဲ့ဖန်း ရှိနေသောဘက်သို့ အဖြူရောင်အလင်းတန်းတစ်တန်းက တိုးဝင်လာသည်။ ထို့နောက် ကျောက်တောင်များပေါ် ထိုးခွဲသွားသည်။ ဤအခြေနေက ယဲ့ဖန်းကို အံ့အားသင့်သွားစေသည်။ သူက ဤကုန်းမြေ၏ ရတနာတစ်ခုကို ရရှိထားမည်ဟု မထင်ထားခဲ့ချေ။
ဗမ်း …။
ထိုအချိန်တွင် ပုဂ္ဂိုလ်ကြီးငါးယောက်က ပူးပေါင်းလိုက်ပြန်သည်။ သူတို့က နောက်ထပ် စွမ်းအားကြီးမားသည့် လက်နက်ငါးခုကို ထုတ်သုံးကာ မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းကို ရိုက်ချလိုက်သည်။
အပိုင်း ( ၆၂ ) ပြီး၏။