Switch Mode

Chapter – 61

Chapter – 61

ချီလင်ဟာ နဂါးများနှင့်ပင် ယှဥ်နိုင်သည့် ဒဏ္ဍာရီလာ တည်ရှိမှုကြီးဖြစ်သည်။ တစ်ဆင့်ပြောစကား တစ်ဆင့်နားများမှသာ အခြားသူများက ကြားဖူးကြခြင်းဖြစ်ပြီး ရှေးခေတ်အချိန်ကတည်းက မည်သူကမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြတော့ချေ။
ဒဏ္ဍာရီထဲတွင်ရှိသော နဂါးများကဲ့သို့ ဤလောကတွင်လည်း မစစ်မှန်သော သွေးမျိုးဆက်များသာ ကျန်ရစ်တော့သည်။ သို့ရာတွင် သူတို့ကို မကြာခဏ နဂါးများနှင့် ထင်မှားလေ့ရှိသည်။ အလားတူပင် ချီလင်များသည်လည်း ထိုအတိုင်းဖြစ်သည်။ သူတို့က ဤလောကတွင် အစစ်အမှန် ချီလင်သားရဲများအဖြစ် မရှိကြတော့ဘဲ ချီလင်အစစ်များနှင့်သာ ထင်မှတ်မှားရသည့် သတ္တဝါကြီးများသာ ရှိကြတော့သည်။
မူလ ရှေးဦးခေတ်ကတည်းက အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့သည့် သွေးမျိုးစိတ်က သူတို့အတွက် အနည်းငယ်သာ ကျန်ရစ်တော့သည်။ ပုံပန်းသွင်ပြင်ကလည်း တူညီနေသည်။ သို့သော် အစစ်အမှန် ချီလင်များ မဟုတ်ကြချေ။ ချီလင်ဟုသာ ဆက်ခေါ်နေသေးသည့် သားရဲဟုလည်း ပြော၍ရသည်။
မသန့်စင်သော သွေးမျိုးဆက်မှ ရှေးဟောင်းသားရဲကြီးများ၏ ကိုယ်ထဲတွင်ပင် အလွန်အမင်း စွမ်းအားကြီးမားသည့် နတ်သွေးများက ရှိနေသေးသည်။ အလွန်အမင်း ပါးလျနေသည့်တိုင်အောင် သူတို့၏ခွန်အားက မိစ္ဆာကြီးများနှင့် ယှဥ်နိုင်နေသည်။ ယခု ရထားလုံးကို ဆွဲလာသည့် ချီလင်သားရဲ ကိုးကောင်ဆိုလျင် ထိုလူ၏အဆင့်အတန်းက မည်မျှမြင့်မားမည်ဖြစ်ကြောင်း သိနိုင်လေသည်။
ဆွစ် …. ။
အဝေးမှ လျင်မြန်စွာ တိုးဝင်လာနေသည့် နတ်သက်တန့်ဆယ်ခုကျော်ကိုလည်း မြင်ရသည်။ ချီလင် သားရဲကြီးများက ရှေ့သို့ပြေးထွက်ကာ ဂူနန်းတော်၏ အရှေ့တွင် ရပ်တန့်သွားသည်။ ကျောက်စိမ်းရထားလုံးက တလက်လက်တောက်ပနေသည့် ခမ်းနားသည့် အလင်းတန်းထောင်ကျော်နှင့် နတ်တိမ်စိုင်များစွာ၏ ခြံရံမှုဖြင့် အလွန်ခမ်းနားထည်ဝါနေသည်။
ယောင်ကွမ်းတော်ဝင်နယ်မြေက အကြီးအကဲ တစ်ယောက်က လေသံတိုးတိုးဖြင့်ပြောသည်။
“ကျစ်မိသားစုဆိုတဲ့ ရှေးဦးခေတ်ကတည်းက တည်ရှိခဲ့တဲ့ မိသားစုကြီးက နဂါးကိုးကောင်ဆွဲတဲ့ ရထားလုံးကိုစီးတယ်။ ယှဥ်ပြောရရင် ဒီလူက ချီလင်သားရဲ ကိုးကောင်ကဆွဲတဲ့ ရထားလုံးကို စီးတဲ့သူဆိုတော့ သူ့ရဲ့နောက်ခံကလည်း အတော်လေးကို ထူးခြားလိမ့်မယ်။”
ကျစ်မိသားစု၏ ရှေးဟောင်းရထားလုံးထဲမှ စွမ်းအားကြီးမားသည့် ကျင့်ကြံသူက ခါးသီးစွာ ပြုံးကာပြောသည်။
“ဒီနဂါးကိုးကောင်ဆွဲတဲ့ ရထားလုံးထဲက လူက ငါတို့မိသားစုခေါင်းဆောင်ရဲ့ ဦးလေးပဲ။ ငါတို့ရှေ့က လူက အတော်လေးကို အဆင့်အတန်းမြင့်မားနိုင်တယ်။ သူက ရှေဟောင်းကလန်အချို့က မိသားစုခေါင်းဆောင် ဟုတ်ရင် ဟုတ် မဟုတ်ရင်တောင်မှ အဲ့ဒီလူတွေလို အဆင့်အတန်းမြင့်မားတဲ့သူ ဖြစ်လိမ့်မယ်။”
ယောင်ကွမ်း အထွတ်အမြတ်နယ်မြေမှ ကျင့်ကြံသူများနှင့် ကျစ်မိသားစုမှ လူများအားလုံးက အံ့အားသင့်သွားကြသည်။ သူတို့က ရှေ့ထွက်ကာ မနှုတ်ဆက်ရဲကြချေ။
လျှို့ဝှက်ဆန်းကျယ်သောလူ၏ အဆင့်အတန်းကြောင့် အားလုံးက အံ့အားသင့်နေကြသည်။ သူက မည်သူမည်ဝါ ဖြစ်ကြောင်းလည်း မသိထားချေ။ ကျောက်စိမ်းရေကန် အထွတ်အမြတ်နယ်မြေမှ မိန်းခလေးဆယ်ယောက်ကျော်က တီးတိုးဆွေးနွေးနေကြသည်။ သို့သော် သူတို့က ထိုသူ၏နောက်ခံကို မသိနိုင်ကြချေ။
ချီလင်သားရဲကိုးကောင်က ရပ်တန့်သွားပြီးနောက် ကျောက်စိမ်းရထားလုံးထဲမှ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ချေ။ ထိုအရေးပါလွန်းသောသူက ထွက်မလာခဲ့ဘဲ တစ်စုံတစ်ရာကို တွေ့ဆုံရန် စောင့်ဆိုင်းနေသလိုသာ ထင်ရသည်။ တစ်ခြားတစ်ဖက်တွင် နတ်ကျောက်စိမ်းသားဖြင့် ပြုလုပ်ထားသည့် နတ်လှေတစ်စီးကမူ လေထုထဲတွင် လွင့်လာသည်။ ယင်းက ကျောက်စိမ်းရထားလုံးကို ကြောက်သလိုမျိုး အနားသို့ ကပ်မလာသေးချေ။
အခြားသော ဂိုဏ်းများစွာကလည်း ရောက်လာကြသည်။ ထိုသို့ဖြင့် မိုးမသောက်ခင် လူအယောက်ထောင်ချီ ရောက်လာသည်။ သတင်းက ပျံ့နှံ့သွားသောအခါ ဤနေရာက လူအစည်ကားဆုံးနေရာ ဖြစ်လာသည်။ မိစ္ဆာဧကရာဇ်၏ ဂူ သင်္ချိုင်းက အရှေ့ပိုင်းနယ်မြေမှ ကျင့်ကြံသူပေါင်းများစွာကို ဆွဲဆောင်နိုင်စွမ်းအားရှိသည်။ မိစ္ဆာဧကရာဇ် ပြန်လည်ထွက်ပေါ်လာသော ကိစ္စက ကြီးကျယ်သော ကိစ္စကြီးဖြစ်သည်။
ဤနေရာနှင့် အလွန်ဝေးကွာသော တော်ဝင်နယ်မြေများက သတင်းကြိုရသွားသောအခါ သူတို့က သူတို့၏ဂိုဏ်းမှ တာအိုသင်္ကေတများကို ချခင်းလျက် ကောင်းကင်စွမ်းအားကို သိပ်သည်းစေ၏။ ထို့နောက် ကောင်းကင်လမ်းကြောင်းကိုဖွင့်ပြီး အာကာပြင်ကို ကျော်ဖြတ်လျက် ဤယန်နယ်မြေသို့ ရောက်လာကြသည်။
မိစ္ဆာသားရဲဧကရာဇ်၏ ဂူသင်္ချိုင်းက ပို၍ပင် တောက်ပလာသည်။ လူများလေလေ သူက ပို၍တောက်ပလာလေလေ ဖြစ်လာသည်။ လူအုပ်ထဲမှလည်း လေသံတိုးတိုးဖြင့် ဆွေးနွေသံများက ထွက်ပေါ်လာသည်။ သူတို့က ဒီထဲမှ ရတနာများကို မရနိုင်ကြောင်း သိနေသည့်တိုင် ဤနေရာသို့ အပြေးလာကြသည်။ အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကို လှုပ်ခါနိုင်ပြီး ကိစ္စကြီးတစ်ခုကို သူတို့က ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ကြုံနိုင်ကြသည်။
ယဲ့ဖန်းက နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။ သူက ဤနေရာတွင် ဆက်မနေသင့်တော့ချေ။ အခြေအနေ ကာလများစွာ ကုန်လွန်သွားခဲ့သည့်တိုင် ဖန်းပေါ်က ပြန်မလာခဲ့သေးချေ။ ထို့ကြောင့် သူက ဤနေရာတွင် ဆက်စောင့်မနေချင်တော့ချေ။
“ကျေးဇူးပြုပြီး ဖန်းပေါ် ဘာမှမဖြစ်ပါစေနဲ့။”
ယဲ့ဖန်းက တောင်တန်းများကို ကျော်ဖြတ်ပြီးနောက် သိပ်မကြာခင် ရှေးဟောင်းနယ်မြေမှ ထွက်ခွာလိုက်နိုင်သည်။ သူက တစ်လမ်းလုံး ပြေးလာခဲ့သည်။သို့သော် ကောင်းကင်က တောက်ပလာသည့်တိုင် သူက ဘာကိုမှ ရှာမတွေ့သေးချေ။
ရှေးဟောင်းနယ်မြေထံသို့ ဦးတည်သွားနေသည့် နတ်သက်တန့်ရောင် တိမ်စိုင်များကို ဆက်တိုက်မြင်နေရသည်။ ကျင့်ကြံသူများအားလုံးက တစ်နေရာထဲသို့ ဦးတည်သွားနေကြသည်။ သူတို့အားလုံးက မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းထံ ဦးတည်နေကြခြင်းဖြစ်သည်။
“ငါ တကယ်ဘဲ ဘယ်ကိုသွားရမှာလဲ။ ငါ ဦးတည်ရာဘက်များ မှားသွားပြီလား။”
ယဲ့ဖန်းက လမ်းတစ်လျှောက်လုံး တောက်လျှောက်ပြေးလာခဲ့သော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ သို့ရာတွင် သူက လက်မလျော့ဘဲ ရှေ့ဆက်သွားသည်။ နေ့လယ်ရောက်မှသာ ပြင်းထန်သည့် အားလှိုင်းတစ်ရပ်ကို ခံစားလိုက်ရသည်။
“ဒါ ဒါက မိစ္တာဧကရာဇ်ရဲ့ ခုန်နေတဲ့နှလုံးသားပဲ။ ငါ ဦးတည်ရာဘက် မှန်တယ်။”
ယဲ့ဖန်းက လျင်မြန်စွာဖြင့် ရှေ့ဆက်သွားကာ တစ်နာရီခန့်ကြာပြီးနောက် သူက နဂိုနေရာကိုပဲ ပြန်ရောက်သွားကြောင်း သိလိုက်ရသည်။ ထိုနေရာမှ ထွက်မသွားခဲ့သလိုသာ ထင်ရသည်။
အရှေ့ဘက်တွင် တောင်ငါးတောင်ရှိနေသည်။ အနှိမ့်အမြင့် အတက်အကျ ရှိနေပြီး အလွန်အမင်း မတ်ဆောက်လွန်းသည်။ သို့သော် ထိုထပ်ဆုံးမှတောင်တွင် လူငါးယောက်က ရပ်နေသည်။
“ဘာတွေဖြစ်နေတာလဲ။”
ယဲ့ဖန်းက အခြေအနေကို နားမလည်တော့ချေ။ သို့သော် များများစားစား မတွေးလိုက်ချေ။ သူက လမ်းပျောက်သွားပြီဟုသာ ထင်လိုက်သည်။ ထို့ကြောင့် ထိုနေရာတွင် ရပ်လိုက်ပြီးနောက် အရပ်မျက်နှာကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် ဦးတည်ရာ ပြောင်းလိုက်ပြန်သည်။ သူက ထိုနေရာကို လှည့်ပတ်နေမိသည်ဟု ယုံကြည်သည်။ သို့ရာတွင် တစ်နာရီခန့် ကြာပြီးနောက် ထိုနေရာသို့ ပြန်ရောက်သွားကြောင်း သိလိုက်ပြန်သည်။ သူက ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဘာလို့ ဒီလိုဖြစ်နေတာလဲ။”
သူက အစနေရာသို့သာ ထပ်ခါတလဲလဲ ပြန်ရောက်သွားသောကြောင့် ယဲ့ဖန်းအနေနှင့် ကိစ္စက ပုံမှန်မဟုတ်ကြောင်း သိလိုက်ရသည်။ ဤနေရာက ဂူ ဗိမ္မာန်နှင့်ဆိုလျှင် မိုင် ရာအနည်းငယ်သာ ကွာဝေးလေသည်။ သို့သော် ယခုက ရှေးဟောင်းနယ်မြေထဲတွင် ရှိနေသေးသည့်တိုင် ထူးဆန်းသော အရာကြီးက ဖြစ်ပျက်နေသည်။
သူက ပတ်ဝန်းကျင်ရှိ ရှူခင်းများကို အာရုံမစိုက်ခဲ့ချေ။ သူက ယခုလို ဂရုတစိုက်ကြည့်လိုက်မှသာ ယဲ့ဖန်းအနေဖြင့် အလွန်အံ့အားသင့်သွားရသည်။ တောင်တန်းကြီးများက သူ၏ရှေ့တွင် နတ်ဘုရားကြီး၏လက်ဝါး ဖြန့်ထားသလို ပုံစံမျိုးဖြင့် လက်ငါးချောင်းသဏ္ဌာန်ဖြင့် တည်ရှိနေခြင်းဖြစ်သည်။ ထိုတောင်ငါးတောင်က လက်ငါးချောင်းနှင့်တူနေသည်။
“ဒီနေရာမှာ ထွင်းထုထားတဲ့ တာအိုသင်္ကေတတွေက လျှို့ဝှက်ဆန်းကျယ်နေတဲ့ စွမ်းအင်တွေ ပါဝင်နေလို့ လူတွေရဲ့အာရုံခံနိုင်စွမ်းအားကို နှောက်ယှက်နေတာလား။”
ယဲ့ဖန်းက တွေးတောလိုက်ပြီးနောက် ခန့်မှန်းချက် ချလိုက်သည်။ သူက မျက်လုံးကို မှတ်လိုက်ပြီး သူ၏ မသိစိတ်က ရှေ့ဆက်သွားသည်။ သူ၏နှလုံးသား၏ ခံစားချက်အရ မိစ္ဆာဧကရာဇ်၏ နှလုံးသားမှ ပြင်းထန်သည့် ခုန်နှုန်းနှင့် များပြားသည့် စွမ်းအင်များပို ခံစားကြည့်ကာ ရှေ့ဆက်သွားသည်။ မရေမတွက်နိုင်အောင် ကြာညောင်းသည်။ ရုတ်တရက် သူ့ထံ စိတ်ဝိညာဥ်စွမ်းအားများက တိုးဝင်လာသလို ခံစားလိုက်ရသည်။
ယဲ့ဖန်း မျက်လုံးဖွင့်လိုက်သောအခါ သူက ပန်းများပွင့်လန်းနေပြီး ငှက်များ တေးဆိုနေသည့် လောကတစ်ခုအတွင်း ဝင်ရောက်လာကြောင်း သိလိုက်သည်။ ထိုနေရာက ဒဏ္ဍာရီလာ အထွတ်အမြတ်နယ်မြေကြီးနှင့် တူသည်။ မြင်ကွင်းများက ပန်းချီကားတစ်ချပ်လို အလွန်အမင်း လှပသည်။
ထိုအချိန်တွင် မိစ္ဆာဧကရာဇ်၏ နှလုံးခုန်နှုန်းကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပြီး သူ၏နှလုံးသားက နာကျင်ကိုက်ခဲလာသည်။ ယင်းက သန့်စင်သောနယ်မြေ၏ အ နက်ရှိုင်းဆုံးအပိုင်း ဖြစ်သည်။ တိတိကျကျဆိုရသော် လှပသောတောင်ထွတ်များ၏ အနောက်ဘက်ဖြစ်သည်။
မြူများက စိုင်းနေပြီး ထာဝရ ရှင်သန်ခြင်း တောင်တန်းအတွင်းပိုင်းတွင်ရှိသည့် ကျောင်းဆောင်များနှင့် နန်းတော်များကို ဖျော့တော့စွာ မြင်နိုင်နေသည်။ ယဲ့ဖန်းက လျင်မြန်စွာဖြင့် လမ်းလျှောက်လိုက်သည်။ ရုတ်တရက် သူ၏ အရှေ့ချောက်ကမ်းပါးနားတွင် ရပ်နေသည့် လှပသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ပတ်ဝန်းကျင်တွင် မြူထုများက ထူထပ်နေသည်။ မိန်းခလေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှင်းကဲ့သို့ ဖြူစင်သန့်ရှင်းနေသည်။ သူမ၏ဝတ်စုံက လေတွင်လွှင့်နေပြီး နတ်မိမယ်တစ်ပါးအလား ထင်ရသည်။
သူမက အလွန်လှပသော မိန်းခလေးဖြစ်သည်။ ရှင်းလင်းနေသော ချိုင့်ဝှမ်းနေရာတွင် ပွင့်နေသည့် သစ်ခွတစ်ပွင့်လိုမျိုး အခြားသောဘုံလောကမှ တစ်စုံတစ်ရာအလား အလွန်အမင်း လှပလွန်းသည်။ သူမက ဤပတ်ဝန်းကျင်ရှိ လှပသောရှုခင်းများနှင့် လိုက်ဖက်နေပြန်သည်။ သူမက ဤလှပလွန်းသော လောကမှ တစ်စိတ်တစ်ပိုင်းဟုလည်း ထင်ရသည်။
ယဲ့ဖန်းက ဤနေရာဟာ လောကတွင် ပြီးပြည့်စုံမှုများ ပေါင်းစည်းထားသောနေရာဟု ယုံကြည်သွားသည်။ ချောက်ကမ်းပါးပေါ်မှ မိန်းခလေးက သူ့ကို ပြစ်မျိုး မှဲ့မထင်သော ခံစားချက်ကို ပေးသည်။ သူမက ပြိုင်ဘက်ကင်းအောင် လှပရုံသာမကဘဲ သူမ၏ စိတ်နေသဘောထားကလည်း မြင့်မြတ်လွန်းသည်ဟု ခံစားရစေသည်။ ဤလောကမှ အလှတရားများအားလုံးက သူမ၏ရှေ့တွင် မှေးမှိန်သွားလောက်သည်ဟု ခံစားရစေသည်။
ထိုလှပသည့်မိန်းခလေးက ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ် အရွယ်သာ ရှိသည်။ သူမ၏ အနက်ရောင်ဆံပင်က လေတွင် ကခုန်နေပြီး မျက်တောင်များက တလက်လက်ခါနေသည်။ သူမ၏ မျက်ဝန်းကမူ အရည်လဲ့နေပြီး နှုတ်ခမ်းပါး နီနီ နှင့်​ ကျောက်စိမ်းဖြူလို သွားလေးက တလက်လက်တောက်ပနေသည်။ သူမ၏လည်တိုင်က သွယ်လျှပြီး အသားအရေကလည်း ချောမွေ့သည်။ ရုပ်ရည်သွင်ပြင်ကမူ အလွန်အမင်း ကျော့ရှင်းကြည့်ကောင်းလွန်းသည်။ သူမ၏ အကွေ့အကောက်များနှင့် ခန္ဓာကိုယ်ကလည်း လူအများအား ပြစ်ချက်ကင်းလွန်းသည်ဟု ခံစားမိစေသည်။
ယဲ့ဖန်းက ဆုံးဖြတ်ချက် ပြတ်သားပြီး ယုံကြည်မှုရှိသောသူဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေက သူ့ကိုမသက်ရောက်ချေ။ တစ်ခဏခန့် စိတ်လွတ်သွားပြီးနောက် ချက်ချင်းလိုလို စိတ်ပြန်ငြိမ်သွားကာ ရှေ့သို့ဆက်သွားသည်။
ထိုအချိန်တွင် ထိုမိန်းခလေးက သူ့ကိုကြည့်ပြီး ညင်သာစွာပြုံးပြသည်။ ချက်ချင်းလိုလို ထာဝရပန်းတစ်ပွင့် ပွင့်လာသလိုမျိုး အလွန်အမင်းတောက်ပလာပြီး ကောင်းကင်ရှိ နေမင်းကိုပင် မှေးမှိန်သွားစေသည်။
ယဲ့ဖန်းက တစ်ခဏခန့် အံ့အားသင့်သွားသည်။ သူ၏နှလုံးသားထဲတွင် ထူးဆန်းသည့် ခံစားချက်က မြင့်တက်လာပြီး ထိုမိန်းခလေးက ပုံမှန်မဟုတ်သလိုမျိုး အိမ်မက်လိုလို ပုံရိပ်ယောင်လိုလို ခံစားရပြီး ပြစ်ချက်ကင်းလွန်းသော အချက်က ပုံမှန်မဟုတ်တော့ချေ။
“အဲ့ဒီမှာ ရပ်။ ဒါဆိုရင် နင် သေမှာ မဟုတ်ဘူး။”
သဘာဝသံစဥ်လိုမျိုး အသံက တိုးဝှေ့လာသည်။ နားထောင်ကောင်းသော်လည်း ယဲ့ဖန်းကမူ ကြောချမ်းသွားရသည်။ ထိုမိန်းခလေးက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူ သိသည်။
ဝှေ့ ဝှေ့ ဝှေ့ ..။
လေထုကို ထိုးခွဲခံရသည့် အသံများက ထွက်လာပြန်သည်။ သိပ်မကြာခင်က ပျောက်ကွယ်သွားသည့် မဟာမိစ္ဆာကြီးများက တောင်တန်း၏ အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်လာကြပြီး မိန်းခလေး၏ အနားသို့ ရောက်လာကြသည်။ ရွှေရောင်ဆံပင်နှင့် တောင်ပံပါသော မိန်းခလေး၊ နဂါးအိုကြီး၊ ကြေးခွံများနှင့် သန်လည်းသန်မာသော လူထွားကြီးနှင့် ခေါင်းတွင် ဦးချိုပါသော လူထွားကြီးတို့အားလုံးက ရောက်လာကြသည်။ သို့သော် သူတို့အားလုံး၏ အသက်စွမ်းအားက ဒဏ်ရာရနေသလို ဖြစ်နေကြကာ မျက်နှာများက ဖြူဖျော့နေကြသည်။ သူတို့က ထိုပြီးပြည့်စုံလွန်းသည့် မိန်းခလေးနားတွင် ရပ်လိုက်ကာ ဂါရဝပြုလိုက်ကြသည်။ သို့သော် ယဲ့ဖန်းကိုကြည့်လိုက်ချိန်တွင် တိုက်ခိုက်လိုစိတ်က အပြည့်ပါသည်။
“သူ့ကို လွှတ်ပေးလိုက်။”
ထိုအချိန်တွင် ချောက်ကမ်းပါးအောက်မှ ဖန်းပေါ်၏ အသံက ထွက်လာသည်။ သူက အလွန်နာကျင်နေသလိုမျိုး ထိုစကားလေးလုံးကိုပင် အံကျိတ်ကာ ပြောရသည်။
“သူ့ကိုသတ်လိုက်။ ဒါဆိုရင် ပြဿနာတွေအားလုံး အဆုံးသတ်သွားမှာပဲ။”
ထိုအချိန်တွင် ရေနဂါးအိုကြီးက ရှေ့ဆက်တိုးလာသည်။
ဗုန်း …။
ရုတ်တရက် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောသည့် မိစ္ဆာချီ စွမ်းအင်များက မြူမှုန်ကဲ့သို့ ထိုးတက်လာကာ အပေါ်သို့ ရောက်ရှိလာသည်။ ချက်ချင်းလိုလို ကောင်းကင်တွင် ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ဖန်းပေါ်၏ အနက်ရောင်ဆံပင်က လေတွင် ရိုင်းစိုင်းကြမ်းတမ်းစွာ လွင့်မျောနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးက ချောက်ကြီးတစ်ခုလိုမျိုး ထင်ရ၏။ တစ်ချိန်ထဲတွင်ပင် သမုဒ္ဒရာကြီးတစ်စင်းအလား နက်ရှိုင်းလာပြီး အဆုံးမသတ်နိုင်သည့် ဖိအားများကို လွင့်ထုတ်လာလေသည်။ သူ၏အရှိန်အဝါက တောင်တန်း သိန်းရာချီ ပေါင်းဆုံထားသလို လေးလံ သိပ်သည်းလွန်းပြီး လူအများကို ပြင်းထန်သည့်ဖိအားကို ခံစားရစေသည်။
ထိုအချိန်တွင် ဖန်းပေါ်၏ ပါးနှင့်နဖူးများတွင်သာ မိစ္ဆာသင်္ကေတများ ပြည့်နှက်ရုံသာမဟုတ်တော့ဘဲ သူ၏အပေါ်ပိုင်း ဗလာ၏လက်မောင်းများတွင်လည်း နဂါးနှင့်ဖီးနစ် သင်္ကေတများက ပြည့်နှက်သွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရှေးဟောင်းသင်္ကေတများဖြင့် ဖုံးလွမ်းနေပြီး အစိမ်းရောင်စွမ်းအင်က သူ့ကိုလှည့်ပတ်နေသည်။ သူ၏မျက်လုံးမှပင် အစိမ်းရောင်အလင်းကို လွှင့်ထုတ်နေသည်။ ထိုအလင်းတန်းကပင် မီတာတစ်ဆယ်ကျော်နေပြီဖြစ်သည်။
“သူ့ကို လွှတ်ပေးလိုက်လို့ ငါ ပြောနေတယ်။”
သူ၏ အမူအရာက အလွန်အမင်း အေးစက်လာပြီး နဂါးအိုကြီးကို ကြည့်သည်။
နဂါးအိုကြီးနှင့် အခြားသော မဟာမိစ္ဆာများက တစ်ချိန်တည်းလိုလို ချောက်ကမ်းပါးနားမှ ပြီးပြည့်စုံသည့် မိန်းခလေးကို ကြည့်လိုက်ကြသည်။ သူမ၏အမိန့်ကိုသာစောင့်သည်။ ထိုမိန်းခလေးက ဖျော့တော့စွာ ပြုံးကာပြောသည်။
“သူ့ကို နာကျင်အောင် မလုပ်နဲ့။ သူ့ကို ဒီနေရာနဲ့ အဝေးကိုသာ ပို့လိုက်ပါ။”
“ဖန်းပေါ် … ။”
ယဲ့ဖန်းက အော်ခေါ်သည်။ ကောင်းကင်ရှိ မိစ္ဆာအရှိန်အဝါအပြည့်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို လွှင့်ထုတ်နေသည့် ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် သူက ထပ်ခါတလဲလဲ အော်ဟစ်သည်။ သို့ရာတွင် ထိုတစ်ခဏတွင် ဖန်းပေါ်က ရင်းနှီးလွန်းကာ ထူးဆန်းနေသေးပြန်သည်။ သူ၏အမူအရာက အေးစက်ပြီး သူ့ကိုကြည့်လိုက်သော အကြည့်ကလည်း အေးစက်နေသည်။ မည်သည့်စကားမှ မဆိုတော့ဘဲ ဝှစ်ခနဲမြည်သံနှင့်အတူ ကောင်းကင်သို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ မျက်တောင်တစ်ခက် အချိန်အတွင်း သူ့ကိုမမြင်ရတော့ချေ။ ထို့နောက် သမုဒ္ဒရာကဲ့သို့ အရှိန်အဝါကလည်း ပျောက်ကွယ်သွားသည်။
ချက်ချင်လိုလို ယဲ့ဖန်း၏ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ အလွန်အမင်းလှပသည့် ရွှေရောင်ဆံပင်နှင့် တောင်ပံကို ပိုင်ဆိုင်ထားသည့် မိန်းခလေးက ချက်ချင်းလိုလို သူ့အနားသို့ လာပြီးနောက် သူ့ကို ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံကာ လုပ်မရအောင် လုပ်လိုက်သည်။ ထို့နောက် ကောင်းကင်ထဲသို့ ချက်ချင်း ထိုးတက်သွားသည်။ ယဲ့ဖန်က ဆက်တိုက် အော်နေသေးသည်။
“ဖန်းပေါ် … ။”
အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ပျံသန်းနေချိန်ဖြစ်သဖြင့် သူ၏ပါးစပ်ထဲသို့ လေများက ဝင်ရောက်လာကာ သူ၏အော်သံကို ပိတ်ဆို့လိုက်သည်။ ရွှေရောင်ဆံပင်နှင့်မိန်းခလေးက သူ့ကိုမြန်ဆန်သော အရှိန်နှုန်းဖြင့် ခေါ်သွားခြင်းဖြစ်သည်။ ကောင်းကင်မှ လေတိုးသံကိုပင် ကြားရအောင် မြန်ဆန်သည်။ ထိုသို့ဖြင့် အလွန်ဝေးကွာသော တစ်နေရာသို့ ရောက်သွားသည်။
ဝှေ့ …။
သိပ်မကြာခင် ရွှေရောင်ဆံပင်နှင့် မိန်းခလေးက ယဲ့ဖန်းကို မြေပြင်ပေါ်သို့ ချပေးသည်။ သူမက သူ့ကို လေးနက်စွာ ကြည့်၍ ပြောသည်။
” နင်က တစ်ယောက်ထဲပဲ။ နင့်ကိုနင်သာ အားကိုးရာပဲ။ ဒီနေရာက ထွက်သွားပါ။”
ထိုသို့ပြောပြီးနောက် သူမက ရွှေရောင်အလင်းတန်းဖြင့် ပြောင်းလဲကာ ကောင်းကင်ကို ထိုးတက်သွားသည်။ ယဲ့ဖန်းက လှမ်းကြည့်ကာ အော်သည်။
“ဖန်းပေါ်ကို ပြန်ပေးခဲ့။”
သို့ရာတွင် မည်သူကမှ သူ့ကို မတုန့်ပြန်ကြချေ။ ရွှေရောင်အလင်းက မျက်တောင်တစ်ခက် အချိန်အတွင် ပျောက်ကွယ်သွားတော့သည်။
ထိုနေရာက မိသ္ဆာဧကရာဇ် ဂူသင်္ချိုင်းမှ အနည်းငယ်သာ ဝေးကွာသည်။ ထို့​ကြောင့် ထိုနေရာမှ ခမ်းနားလွန်းလှသည့် အလင်းတန်းများကို မြင်နေရသေးသည်။ ရှေးဟောင်းနန်းတော်ကြီးကလည်း ကောင်းကင်တွင် မြင့်တက်နေပြီး ကျင့်ကြံသူပေါင်းများစွာ ထိုနေရာတွင် ရှိနေကြသည်။ ယဲ့ဖန်းကမူ ထိုအပျက်အစီးနေရာသို့ ပြန်အပို့ခံလိုက်ရတော့သည်။
အပိုင်း ( ၆၁ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset