Switch Mode

Chapter – 60

Chapter – 60

အရှေ့ပိုင်းပိုင်နက်နယ်မြေတွေထဲတွင် ယန်နယ်မြေက သေးငယ်သော တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ထိုသတင်းက ပျံ့နှံ့သွားခဲ့မည်ဆိုလျှင် မရေမတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာက ဤနေရာတွင် အပြည့်ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင် စိတ်အပျက်ရဆုံးက ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။ အထွတ်အမြတ်နယ်မြေများနှင့် ရှေးဟောင်းကလန်ကြီးများစွာက ပေါ်ထွက်လာတော့မည်ဖြစ်သည်။ သူက ဒီတစ်ကြိမ်တွင် ဘာမှပင် မရလောက်တော့ချေ။ သူက ထိုပုဂ္ဂိုလ်ကြီးများနှင့် ယှဥ်ပြိုင်နိုင်မည်လည်း မဟုတ်ချေ။
ရှေးဟောင်း ကျစ် ကလန်မှ ရထားလုံးတစ်စီးက ကောင်းကင်ကို ဖြတ်သန်းသွားပြီးနောက် ကောင်းကင်ကို တသိမ့်သိမ့် တုန်သွားစေသည်။ ထို့နောက် အဝေးသို့ ထွက်ခွာသွားသည်။ ဤမြင်ကွင်းကို မြင်သောအခါ ယောင်ကွမ်း တော်ဝင်နယ်မြေမှ လူများ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ လူအိုကြီးတစ်ယောက်က အလျင်အမြန်ဖြင့် ကျင့်ကြံသူနှစ်ယောက်ကို အမိန့်ထုတ်သည်။
“အထွတ်အမြတ်နယ်မြေကို အမြန်ပြန်ပြီး ဒီအကြောင်းကို သတင်းပို့ … ။ တပ်ကူတွေ လွှတ်ခိုင်းလိုက် … ။”
မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းပေါ်ထွက်လာသည်ဆိုသောကိစ္စက သတင်းကြီးဖြစ်သည်။
ဤသည်က အရှေ့ဘက် ကုန်းမြေကြီးတစ်ခုလုံးကို လှုပ်ခါနိုင်စွမ်းရှိသည်။ ပို၍ဆိုးသည်မှာ ပို၍များပြားသောဂိုဏ်းများက အပြေးလာကြတော့မည်ဖြစ်သည်။ ထိုထဲတွင် ဤကလန်ကြီးများနှင့် ယှဥ်နိုင်သောသူများလည်း ပါဝင်လာနိုင်သည်။ ထိုကြောင့် သူတို့က အကူအညီတောင်းခံရပေလိမ့်မည်။
“ငါတို့တွေ အတူ ပူးပေါင်းပြီး ဂူသင်္ချိုင်းကို ဖွင့်ပြီး ရတနာတွေ ထုတ်ယူကြတာပေါ့။ ဘယ်လိုလဲ။”
ယောင်ကွမ်းတော်ဝင်နယ်မြေက လူအိုကြီးက ကျစ်ကလန်မှ လူများကို မေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းရေကန်မှ လူများကိုလည်း ကြည့်သည်။ နောက်ဆုံးတွင် သူက ဂိုဏ်းခေါင်းဆောင်ကို လှည့်ကြည့်သည်။
“ကောင်းပြီ။ အဲ့ဒီလိုပဲ ဖြစ်သင့်တယ်။”
ကျစ်ကလန်မှ ကျင့်ကြံသူများက ပြောသည်။
ကျောက်စိမ်းရေကန် တော်ဝင်နယ်မြေမှ မင်းသမီးဆယ်ယောက်ကျော်က အလွန်အမင်း ကြော့ရှင်းကြည့်ကောင်းသည်။ တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း လှပကာ ပြိုင်ဘက်ကင်းသော စွမ်းအားအရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။ သူတို့က ဒီလိုပြိုင်ပွဲမျိုးတွင် မပါဝင်ချင်ကြသဖြင့် နောက်ဆုတ်သွားကြသည်။ ခေါင်းဆောင်လာသော အမျိုးသမီးက အနီရောင်နှုတ်ခမ်းပါးကို ဖွင့်ဟကာ ပြောသည်။
” ငါတို့တွေက ဖြတ်သွားရုံပဲ။ ဒီရတနာတွေနဲ့လည်း မတိုက်ခိုက်ချင်ပါဘူး။”
“ဒီလိုဆိုမှတော့ ငါတို့က ဖိအားမပေးတော့ဘူး။ ငါတို့အတူ ပူးပေါင်းပြီး ဒီဂူသင်္ချိုင်းကို ဖွင့်ကြရအောင်။”
ယောင်ကွမ်း တော်ဝင်နယ်မြေနှင့် ကျစ် ကလန်က ထိုကျောက်စိမ်းရေကန်မှ လူများကို ထွက်သွားစေချင်နေလေပြီ။ ဤဂူသင်္ချိုင်းထဲတွင် ရတနာပေါင်းများစွာ ရှိသော်လည်း မည်သူကမှ မမြင်ရသောကြောင့် မသိနိုင်ကြသေးချေ။ ထို့ကြောင့် လူနည်းလေ ကောင်းလေ​ဖြစ်သည်။
“ခေါင်းဆောင် လီ …။ ဒီနေရာကို လူ နည်းနည်း ခေါ်လာခဲ့ပါ။”
ယောင်ကွမ်း တော်ဝင်နယ်မြေမှ လူက အဝေးသို့ ကြည့်လိုက်သည်။
ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူမှ ဂိုဏ်းခေါင်းဆောင်က ခါးသီးစွာ ပြောသည်။
“ငါတို့ အကောင်းဆုံးကြိုးစားပါ့မယ်။”
ယောင်ကွမ်းတော်ဝင်နယ်မြေမှ လူအိုကြီးက ခေါင်းငြိမ့်ကာပြောသည်။
“မင်းတို့ရဲ့ဂိုဏ်းက ဒီတစ်ကြိမ်မှာ အများကြီး အားစိုက်ထုတ်ခဲ့ရတယ် .. ။ ဒီတော့ ဒီဂူသင်္ချိုင်းကို ဖွင့်ပြီး ကျေနပ်အောင် လုပ်ပေးမှာပါ။”
ထို့နောက် ဂူသင်္ချိုင်းထဲသို့ စွမ်းအားကြီး ပုဂ္ဂိုလ် အယောက်နှစ်ဆယ်ကျော်က ဝင်ရောက်သွားကြပြီး ရှေးဟောင်းဂူသင်္ချိုင်းကို အပြည့်အဝ ဖွင့်နိုင်ရန် ကြိုးစားကြသည်။
ဗုန်း …။
ငါးရောင်ခြယ် နတ်သလင်းသားဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းနန်းတော်ကြီးက ဆက်တိုက် တုန်ခါလာ၏။ ထို့နောက် မျက်စိကြိမ်းမတက် တောက်ပသော အလင်းတန်းများကို လွှင့်ထုတ်လာကာ လောကတစ်ခုလုံးကို လှုပ်ခါလာစေသည်။
” တစ်ခုခုတော့ ဖြစ်နေပြီ .. ။ ”
ကျောက်စိမ်းရေကန်မှ အမျိုးသမီးတိုင်းက ထူးဆန်းသောမျက်နှာထားမျိုး ဖြစ်သွားကြသည်။
“ဒီနန်းတော်က သင်္ကေတတွေက တောက်ပသည်ထက်တောက်ပလာတယ်။”
” ဒီသင်္ကေတတွေအားလုံးက ကိုယ်ပိုင်အသက်ရှိနေသလိုပဲ။ သူတို့က အချိန်မရွေး ဒီအဆောက်အဦးကနေ လွန်ထွက်လာမလို ခံစားရတယ်။”
နံရံများပေါ်တွင်ရှိ မိစ္ဆာသင်္ကေတများက ပို၍ပင်တောက်ပလာပြီး ထိုနေရာတွင်ရှိသည့် နဂါး ပုံသဏ္ဌာန် သင်္ကေတများက နဂါးများ လည်ပတ်နေသလို ဖိနစ်ပုံသဏ္ဌာန်များက ဖိနစ်များ တောင်ပံကို ဖြန့်ကားကာ ပျံထွက်လာနေသလို လိပ်ပုံ သဏ္ဌာန်သင်္ကေတများက မရပ်မနား လှိမ့်လာတော့မလို ဖြစ်လာသည်။
ဂူသင်္ချိုင်းတစ်ခုလုံး လျှို့ဝှက် ဆန်းကျယ်နေသော အရှိန်အဝါများနှင့် ပြည့်နက်နေသည်။ စွမ်းအားကြီးမားသည့် မိစ္ဆာစွမ်းအင် အရှိန်အဝါများက အလွန်အမင်း သိပ်သည်းလာပြီးနောက်တွင် ဂူသင်္ချိုင်းတစ်ခုလုံးကို မြူထုဖြင့် လွှမ်းခြုံထားသည်။
ကျောက်စိမ်းရေကန် အထွတ်အမြတ်နယ်မြေမှ အမျိုးသမီး ဆယ်ယောက်ကျော်၏ အမူအရာများက ပြောင်းသွားပြီးနောက် စွမ်းအားကြီးမားလာသည့် ထိုမိစ္ဆာစွမ်းအင်များကို ခံစားလိုက်ကြရသည်။ တဖြည်းဖြည်းချင်း ထိုစွမ်းအင်များက သက်တံ့သဖွယ်ဖြစ်လာသည်။
ယောင်ကွမ်း တော်ဝင်နယ်မြေနှင့် ကျစ်ကလန်မှ လူများအားလုံးက အထဲသို့ ဝင်သွားခြင်း မဟုတ်ချေ။ အပြင်ဘက်တွင် စောင့်နေသော အစောင့်များလည်း ရှိသည်။ သူတို့ကလည်း ဤအခြေအနေကို အာရုံခံမိကြသည်။ သူတို့၏ မျက်နှာအမူအရာများက ပြောင်းလဲသွားကြပြီး အထဲသို့ လှမ်းအော်သည်။
” မကောင်းတော့ဘူး။ ဂူသင်္ချိုင်းက အပြောင်းအလဲဖြစ်လာပြီ။ အမြန် တား။”
အထဲရှိ လူများက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိပြီးသားဖြစ်သည်။ ထို့ကြောင့် ရှေ့ဆုံးက လူများကလည်း ချက်ချင်းသွေးမြူအဖြစ် ပြောင်းသွားသောအခါ ထိတ်လန့်သွားကြသည်။ သူတို့က အခြေအနေပေါ် မူတည်ပြီး လျင်မြန်စွာ မလှုပ်ရှားနိုင်ခဲ့ကြချေ။
ဆွေ့ ဆွေ့ …။
လူတိုင်းက ချက်ချင်းနောက်သို့ ဆုတ်ကြသည်။ သူတို့၏ခန္ဓာကိုယ်များက နတ်သက်တန့်ရောင်တိမ်စိုင်များကိုလည်း စီးနင်းလျက် အပြင်သို့ ထွက်သည်။
ဗုန်း …။
ရုတ်တရက် ဂူ သင်္ချိုင်းက အဆုံးမသတ်နိုင်အောင် များပြားသည့် အလင်းတန်းများဖြင့် တောက်ပသွားသည်။ အနောက်ဘက်ရှိ လူတိုင်းက ထိုနေရာတွင်ပင် လောင်ကျွမ်းခံလိုက်ရသည်။ သူတို့က ရုန်းကန်သည့်တိုင်အောင် အသုံးမဝင်ဖြစ်ကြရသည်။ အားလုံးက ပြာအဖြစ် ပြောင်းသွားသည်။
” သွား …။ ”
ဂိုဏ်းခေါင်းဆောင်နှင့် အဆင့်လွန် အကြီးအကဲ နှစ်ယောက်က ထိုနန်းတော်အပြင်သို့ ထွက်သည်။ ယောင်ကွမ်း တော်ဝင်နယ်မြေနှင့် ကျစ် ကလန်မှ လူ လေးယောက် ငါးယောက်ခန့်ကလည်း နောက်မှ လိုက်ထွက်လာသည်။ အခြားသူများကမူ အထဲတွင် အပိတ်ခံလိုက်ရသည်။
ထိုအချိန်တွင် ရှေးဟောင်းနန်းတော်၏ တံခါးက တဖြည်းဖြည်းချင်း ပိတ်လာပြီ ဖြစ်သည်။ အဟကြားမှတစ်ဆင့် အထဲရှိ မြင်ကွင်းများကို မြင်ရသည်။ အလင်းက အလွန်အမင်း ခမ်းနားနေပြီး အထဲရှိ လူများကမူ လှုပ်ရှား၍ မရတော့ချေ။ သူတို့၏ ခန္ဓာကိုယ်က ဖောက်ထွင်းမြင်ရမတတ် ကြည်လင်လာပြီး သွေးများက လောင်ကျွမ်းသွားသည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါများက လျင်မြန်စွာဖြင့် မဲတူးသွားပြီးနောက်တွင် အသွေးအသားများနှင့် အရိုးများက ချက်ချင်းလိုလို ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းက ထိတ်လန့်ဖွယ်ဖြစ်သည်။ လူတိုင်းကလည်း ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ထွက်လာခါစ လူများ ဖြစ်သည်။ သူတို့က အလွန်ကြောက်လန့်နေကြသည်။ သူတို့သာ ခြေတစ်လှမ်း နောက်ကျသွားခဲ့လျှင် ပြန်ထွက်နိုင်တော့မည် မဟုတ်ချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာဖြစ်သွားတာလဲ။ ဘာလို့ ဂူသင်္ချိုင်းက ရုတ်တရက်ကြီး ကြောက်စရာကောင်းသွားရတာလဲ။”
ယောင်ကွမ်း တော်ဝင်နယ်မြေမှ လူအိုကြီးတစ်ယောက်က ဖြူဖျော့သော မျက်နှာထားမျိုးနှင့် ပြောသည်။ သူက ရတနာကိုပင် မယူရသေးချေ။ သို့သော် လူပေါင်းများစွာကို ဆုံးရှုံးလိုက်ရသည်။ ထိုအရာက လက္ခဏာကောင်း မဟုတ်ချေ။
” ဒါက မိစ္ဆာမျိုးနွယ် ယောင်ကလန်က အဲ့ဒီမိစ္ဆာဧကရာဇ်ရဲ့ နောက်ကွယ်က အကြံအစည်ဖြစ်လိမ့်မယ် … ။ မဟာမိစ္ဆာတွေရဲ့ အကူအညီမရှိဘဲ ဒီနန်းတော်က လူသားကျင့်ကြံသူတွေအတွက် ဒုက္ခပေးနိုင်တယ်။”
ကျစ်ကလန်မှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က မှတ်ချက်ချသည်။
အခြားသူများက ထိုအခြေအနေကို တွေးမိပြီး သင့်တော်သည်ဟု ခံစားလိုက်ကြရသည်။ ယခင်က မဟာမိစ္ဆာများက ဤနေရာတွင်ရှိနေသည့်အခါ မည်သည့်အခြေအနေမှ ပြောင်းလဲခဲ့ခြင်း မရှိချေ။ သို့သော် မဟာမိစ္ဆာများက ဤနေရာတွင် မရှိတော့သည့်အခါ ယခုလို ပြောင်းလဲသွားသည်။
“အဲ့ဒီလို ဖြစ်နိုင်တယ်။ ယောင်ကလန်က မိစ္ဆာဧကရာဇ်က လူသားတွေ သူ့ရဲ့အမွေအနစ်ကို ရယူမှာကို သဘောမကျလောက်ဘူး။”
“ဒီလိုဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ငါတို့တွေ တစ်ချို့မိစ္ဆာတွေကို ဖမ်းဖို့လိုလား။ ငါ စိုးရိမ်တာက နောက်ကျသွားမှာပဲ။ လူအများစုက ဒီနေရာကို လာနေကြပြီတဲ့။”
ယောင်ကွမ်းတော်ဝင်နယ်မြေနှင့် ကျစ်ကလန်မှ လူများအားလုံးက ခဏခန့်ဆွေးနွေးပြီးနောက် အပြင်ဘက်သို့သွားကာ အတူတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်​ကြသည်။ ထို့နောက် သူတို့က ဤနန်းတော်ကို အရင်လာဖွင့်ရန် လိုအပ်သည်။ သို့မဟုတ်လျှင် သူတို့က ဘာမှရတော့မည်မဟုတ်ချေ။
“ဒါဆိုရင် အရင်ဆုံး ဖွင့်ဖို့ ကြိုးစားကြတာပေါ့။”
ယောင်ကွမ်းတော်ဝင်နယ်မြေနှင့် ကျစ်ကလန်မိသားစုမှ လူများက မဟာမိတ်ပြုလိုက်ကြပြီးနောက် သာမန်ဂိုဏ်းများကို နှိမ်နှင်းနိုင်သွားပြီဖြစ်သည်။ သို့သော် အင်အားကြီးမားသော ဂိုဏ်းနှင့် တော်ဝင် နယ်မြေများကလည်း ရောက်လာ​ခဲ့လျှင် သူတို့က ဒုက္ခရောက်ပေလိမ့်မည်။
အရှေ့ဘက် အပျက်အစီးကုန်းမြေက အလွန်ကြီးမားသည်။ အင်အားကြီးမားသော ကျင့်ကြံသူများကို မဆိုထားဘိ။ တိုင်းပြည်များကိုပင် ရေတွက်ရန် ခက်ခဲသည်။ တော်ဝင်နယ်မြေ တစ်ခုစီလောက်က ဒီအရှေ့ပိုင်း နယ်မြေကြီးတစ်ခုလုံးကို မလှုပ်ခါနိုင်ချေ။
ဝှေ့ ဝှေ့ ဝှေ့ …။
ဂူသင်္ချိုင်းကို အလွန်အမင်း တောက်ပလွန်းသည့် နတ်ပေါင်းများစွာက တိုက်ခိုက်လိုက်ကြသည်။ ပြင်းထန်ကြမ်းတမ်းသည့် စွမ်းအင်ပေါင်းများစွာကလည်း ပေါက်ကွဲသွားပြန်သည်။ သို့ရာတွင် အံ့အားသင့်စရာကောင်းသောအချက်က ထိုဂူသင်္ချိုင်းက ပျက်စီးခြင်း မရှိခြင်း ဖြစ်သည်။ သင်္ကေတများက ပို၍ပင် တောက်ပလာသည်။
“ဒီသင်္ကေတတွေက အသက်ဝင်နေသလိုပဲ။”
ထိုအချိန်တွင် ကျင့်ကြံသူများက ကြောင်အသွားကြသည်။ ဂူသင်္ချိုင်းထဲမှ နဂါးငယ်လေးများက တဖြည်းဖြည်း ထွက်လာသလို ဖိနစ်များကလည်း တောင်ပံကို ဖြန့်ကားလာကြသည်။ လိပ်များကလည်း တရွေ့ရွေ့လိမ့်ထွက်လာသည်။
ဂူသင်္ချိုင်းမှ သင်္ကေတပေါင်းများစွာက နန်းတော်အနှံ့ လှုပ်ရှားသွားလာပြီးနောက် နန်းတော်တစ်ခုလုံးကို ဖြန့်ကျက်လိုက်သည်။ သူတို့က ဂါထာများဖြင့် ပြုစားခံရသလိုမျိုး လျှို့ဝှက်ဆန်းကျယ်လွန်းကာ မယုံနိုင်စရာ ဖြစ်စေသည်။ ထို့အပြင် မိစ္ဆာစွမ်းအင်ပေါင်းများစွာကလည်း လှည့်ပတ်နေသေးသည်။
ယောင်ကွမ်း တော်ဝင်နယ်မြေနှင့် ကျစ် မိသားစုက လျင်မြန်စွာ တိုက်ခိုက်ခဲ့ကြသော်လည်း ကျရှုံးသွားသည်။ သူတို့က ရှေးဟောင်းရထားလုံး နှစ်စီးနှင့် သားရဲခုနစ်ကောင် ရှစ်ကောင်ကိုပင် ဆုံးရှုံးလိုက်ရသည်။
မိစ္ဆာမျိုးနွယ်မှ ထိုမိစ္ဆာဧကရာဇ်၏ သင်္ကေတများက ထူးဆန်းသော စွမ်းအင်များကို သယ်ဆောင်ထားသည်။ အချိန်တိုင်းလိုလို နတ်အလင်းတန်းများကို လွှတ်ထုတ်ကာ လူတိုင်းကို ထိုးဖောက်ကာ တိုက်ခိုက်နေသည်။
“အဆုံးသတ်သွားပြီ။ ဒါက မိစ္ဆာမျိုးနွယ် ယောင်ကလန်မိစ္ဆာဧကရာဇ်ရဲ့ သင်္ကေတတွေပဲ။ သူတို့ကို အဲ့ဒီနောက်ဆုံး မိစ္ဆာဧကရာဇ်က ချန်ထားခဲ့တာ ဖြစ်မယ်။”
ယောင်ကွမ်းတော်ဝင်နယ်မြေမှ လူအိုကြီး၏မျက်နှာက ဖြူဖျော့သွားသည်။ သူက လက်သီးကိုဆုပ်ပြီးနောက် အံကြိတ်ကာပြောသည်။
“ငါတို့ကိုယ်တိုင် ဒါကို ဖွင့်လို့မရဘူး။ ငါတို့ တခြား တော်ဝင်နယ်မြေက ကျင့်ကြံသူတွေလာမှာကို စောင့်ဖို့ဘဲရှိတော့တယ်။ ဒါပေမဲ့ ဂိုဏ်းတွေ ဘယ်လောက်များများ လာမလဲဆိုတာကို မသိနိုင်သေးဘူး။”
ကျစ်မိသားစုမှ အင်အားကြီးသော ကျင့်ကြံသူများကလည်း မျက်နှာများ ပျက်ယွင်းသွားကြသည်။ သူတို့က ထိုလူများ လာမည့်အရေးကို စောင့်ရန်သာ ရှိတော့သည်။
ဝှစ် ဝှစ် …။
တဝှစ်ဝှစ်အသံများက ထွက်ပေါ်လာပြီးနောက် နောက်ထပ် နတ်သက်တန့် တိမ်စိုင်ဆယ်ခုကျော် ထွက်ပေါ်လာသည်။ သတင်းက ပျံ့နှံ့သွားပြီးနောက် ပထမဦးဆုံး ကျင့်ကြံသူများက ရောက်လာလေပြီ။ သို့ရာတွင် သူတို့က အခေါင်းထက်မှ သင်္ကေတများကို မြင်သောအခါ အမူအရာများက ပျက်ယွင်းသွားကြသည်။
သို့သော် နန်းတော်က ဒီအတိုင်း ရှိနေသေးကြောင်း မြင်၍ သူတို့က စိတ်အေးသွားကြပြန်သည်။ ရောက်လာသောသူများကလည်း ဂိုဏ်းကြီးများမှ မဟုတ်ချေ။
ဝုန်း ဝုန်း …။
အလွန်ဝေးကွာသော ကောင်းကင်တစ်နေရာမှ တိမ်စိုင်များက လှိမ့်တက်လာပြီးနောက် ခမ်းနားသောအလင်းက ပျံ့နှံ့လာသည်။ အလွန်အမင်း ကြီးမားသည့် နတ်သလင်းတုံးဖြင့် လုပ်ထားသည့် နတ်လှေတစ်စီးက ကောင်းကင်ကို ထိုးခွဲလာကာ သူတို့ထံ ချဥ်းကပ်လာသည်။ ယောင်ကွမ်း တော်ဝင်နယ်မြေ၊ ကျစ်မိသားစုမှ လူများ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူတို့ကြောက်လန့်သောသူများက ရောက်လာလေပြီ။ နောက်ဆုံးတွင် မဟာဂိုဏ်းကြီးများက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
သို့ရာတွင် သူတို့ကို ပို၍အံ့အားသင့်စေသည်မှာ အဝေးမှ မုန်တိုင်းကဲ့သို့ထင်ရသည့် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများက ဖြာထွက်လာခြင်းဖြစ်သည်။ အခြားသောတစ်ဖက်မှလည်း လမ်းကြောင်းဖွင့်ကာ ထွက်လာသည့် အလင်းတန်းပေါင်းများစွာကို မြင်ရသည်။ ချီလင်နှင့်တူသည့် မူလဖြစ်တည်မှု သားရဲဆယ်ကောင်ကျော်က ကျောက်စိမ်းရထားလုံး တစ်စီးကိုဆွဲလျက် ထွက်လာသည်။
ထိုရထားလုံး၏ ပတ်ဝန်းကျင်တွင်လည်း နတ်အလင်းတန်းများက ဖြာထွက်နေပြီး တိမ်စိုင်များကို ကျော်ဖြတ်ကာ မိုးခြိမ်းသံများကို ခြံရံလျက် ချဥ်းကပ်လာလေသည်။
ယောင်ကွမ်းတော်ဝင်နယ်မြေနှင့် ကျစ်မိသားစုမှ အင်းအားကြီးမားသော ကျင့်ကြံသူပေါင်းများစွာ၏ အမူအရာများက ပျက်ယွင်းကုန်သည်။
ယခုလိုရောက်လာကတည်းက ၄င်းက အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီး ဖြစ်ရပေမည်။ သို့မဟုတ်လျှင် ယခုလောက်ထိ ခမ်းနားစွာ ရောက်လာလိမ့်မည်မဟုတ်ချေ။
” ဒီလိုလူတောင် ကိုယ်တိုင်လာတာပဲ .. ။”
အပိုင်း ( ၆၀ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset