Chapter – 59
ထိုသို့ဖြင့် ခမ်းနားလွန်းသောမြင်ကွင်းကြီးက ဖြစ်လာသည်။ အရှေ့မှ နတ်သက်တန့်ရောင် တိမ်စဥ်သုံးဆယ့်ခြောက်ခုရှိနေပြီး အနောက်မှ ကြောက်မက်ဖွယ်ကောင်းသောသားရဲကြီး နှစ်ဆယ့်ခုနစ်ကောင်က အရှိန်အဝါကြီးမြတ်သည့် ကျင့်ကြံသူ နှစ်ဆယ့်ခုနစ်ယောက်ကို သယ်ဆောင်လာသည်။
ကျင့်ကြံသူအရေအတွက်က နည်းပါးသော်လည်း ခမ်းနားသော စစ်တပ်ကြီးတစ်ခုက ရောက်ရှိလာသလို မြင်ကွင်းမျိုးဖြစ်နေသည်။ ကောင်းကင်ကိုယ်တိုင်ကပင် တဆတ်ဆတ် တုန်ခါလာသည်။ အဆုံးအစမဲ့အောင် များပြားသည့် ကောင်းကင်ဘုံ စစ်သည်တော်များနှင့် ဗိုလ်ချုပ်များက ချီတက်လာသလိုမျိုးပင် ထင်ရသည်။
ကောင်းကင်တွင် လူများ၏အော်သံနှင့် သားရဲများ၏ ဟိန်းသံများကို ကြားရသည်။ ကောင်းကင်တွင် တိမ်စိုင်များက လှိမ့်တက်နေပြီး ရက်စက်သည့် အရှိန်အဝါများက ကျယ်ပြောသော သမုဒ္ဒရာသို့ စီးဝင်သွားလေသည်။
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ ထိုမျှ အင်အားကြီးမားသော ကျင့်ကြံသူပေါင်းများစွာ ရောက်လာလေသည်။ ထို့အပြင် ဒါက ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ လူအရေအတွက်၏ နှစ်ဆခန့်ဖြစ်သည်။
“ယောင်ကွမ်း တော်ဝင်နယ်မြေ။ ဒါက ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေကို ထောက်ပံ့ပေးထားတဲ့ တော်ဝင်နယ်မြေကြီး မဟုတ်လား။”
ယဲ့ဖန်းက ရေရွတ်လိုက်သည်။ ရှေ့ခေတ်တရုတ်ပြည်တွင်ဖြစ်စေ ကြယ်ကောင်းကင် တစ်ခြားတစ်ဖက်မှပင်ဖြစ်စေ ယောင်ကွမ်းဟူသောစကားက ထူးခြားပြီးသားဖြစ်သည်။
“ယောင်ကွမ်း တော်ဝင်နယ်မြေက အတော့်ကို အရှိန်အဝါ ကြီးမြတ်တာပဲ။”
အခြားတစ်ဖက်မှ အေးစက်သည့်အသံက ထွက်လာသည်။ ကောင်းကင်က တုန်ရီသွားပြီးနောက် ရှေးဟောင်းရထားလုံး တစ်ဆယ့်ရှစ်စီးက ခက်ထန်ကြမ်းတမ်းလွန်းသော အရှိန်အဝါအပြည့်နှင့် ဝင်ရောက်လာသည်။ ထိုဖိအားက ကောင်းကင်ကို တသိမ့်သိမ့်တုန်ခါကာ လှုပ်ခါသွားစေသည်။
“မူလရှေးဦးခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းမိသားစုက ရောက်ရှိလာတာ။ ရှေးဟောင်း မိသားစုကျစ် ကလန်”
ယောင်ကွမ်းတော်ဝင်နယ်မြေမှ လူများက မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ထိုရှေးဟောင်းရထားလုံး တစ်ဆယ့်ရှစ်စီးကို ကြည့်သည်။ လူတိုင်းက သတိအနေအထားဖြင့် နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပြင်းထန်သွားသည်။
တစ်ဖန် သူတို့က ရပ်တန့်လိုက်ကြပြီးနောက် ကောင်းကင်၏ တစ်ပိုင်းစီကို နေရာယူထားပြီး အချင်းချင်း ကြည့်နေကြသည်။
“မင်းတို့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ တိုက်ခိုက်ကြစမ်းပါ။”
နှစ်ဖက်လုံးထံမှ ကျယ်လောင်သည့်အသံများက ထွက်ပေါ်လာသည်။ သူတို့က အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လိုကြသော်လည်း မတိုက်ခိုက်ကြချေ။ နှစ်ဖက်လုံးက မီးတောင်ချော်ရည် အက်ကွဲကြောင်းမှ မြောက်တက်လာသည့် ခမ်းနားသည့် ရှေးဟောင်းနန်းတော်ကိုသာ ကြည့်ကြသည်။
ယဲ့ဖန်း၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။ ဒဏ္ဍာရီလာတော်ဝင်နယ်မြေနှင့် ရှေးဟောင်းကလန်ကြီးတစ်ခုက ရောက်ရှိလာသည်။ ယင်းက မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းကြောင့် ဖြစ်ဆသည်။
ထိုအချက်ကပင် အံ့ဩစရာကောင်းနေလေပြီ။ ထိုသတင်းကို ကြားကြသည့် ပုဂ္ဂိုလ်ကြီးများအားလုံးက ချက်ချင်းလိုလို ရောက်လာကြခြင်းဖြစ်သည်။
“ကျစ်ကလန်က မူလရှေးဦးခေတ်ကတည်းက အမွေအနှစ်တွေကို ပိုင်ဆိုင်ထားခဲ့တာ။”
ယဲ့ဖန်းက ရေရွတ်သည်။ မျိုးရိုးနာမည် ကျစ်က တရုပြည်တွင်ပင် အသုံးအများဆုံး ဖြစ်နေသေးသည်။ သူတို့၏မူလဇစ်မြစ်ကပင် မြင့်မားပြီး ရှေးဟောင်းတရုတ်ဒဏ္ဍာရီပေါင်းများစွာတွင်လည်း ပါဝင်ခဲ့ဖူးသည်။
၄င်းက ကြယ်ကောင်းကင် အခြားတစ်ဖက်နှင့် ပတ်သက်နေခြင်း ရှိ မရှိ မသေချာသေးချေ။ မည်သို့ပင်ဆိုစေ ဒါက တော်ဝင်နယ်မြေနှင့် ယှဥ်နိုင်သော နေရာတစ်ခုဖြစ်ကြောင်း သိသာသည်။
ဝုန်း …။
ကောင်းကင်ကို ရေကြီးလာသလိုမျိုး ရုတ်တရက် လှိမ့်ခနဲ အားလှိုင်းများက ထွက်ပေါ်လာသည်။ ယောင်ကွမ်းတော်ဝင်နယ်မြေနှင့် ကျစ်ကလန်တို့ကဲ့သို့ အင်အားစုကြီးနှစ်ခုက အပြေးအလွှား ဝင်ရောက်လာကြပြီးနောက် ခမ်းနားသည့် ရှေးဟောင်းနန်းတော်ဝင်ပေါက်သို့ ရောက်သွားသည်။
ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ် သားရဲပေါင်းများစွာက လူစုခွဲသွားသည်။ သူတို့က လူသားပုံသဏ္ဌာန် မပြောင်းနိုင်သော်လည်း ဉာဏ်ရည်ရှိကြရာ အမြန်အာရုံခံမိသည်နှင့် ချက်ချင်းနောက်ဆုပ်သွားသည်။
အခြားတစ်ဖက်တွင် ထိုဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ အကြီးအကဲများကလည်း အံ့အားသင့်နေကြသည်။ သူတို့က ယောင်ကွမ်းတော်ဝင်နန်းတော်နှင့် သက်ဆိုင်သည်။ သို့သော် မိစ္တာနတ်ဘုရား ဂူသင်္ချိုင်း ပေါ်လာသည့်အခြေအနေကို ရုတ်တရက် သတင်းမပို့နိုင်ခဲ့ချေ။ မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းပေါ်ထွက်လာပြီ ဖြစ်သဖြင့် သဘာအလျှောက်ပင် မသက်မသာခံစားနေရသည်။
ပို၍ဆိုးသည်မှာ ယန် ရှေးဟောင်းနယ်မြေ အနီးအနားတွင် ကျစ်ကလန်က ရောက်လာသေးသည်။ ထိုသို့ အင်အားကြီးမားသော ကလန်ကြီးနှစ်ခု ပေါ်လာသောကိစ္စက ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေကို ခါးသီးသော ခံစားချက်မျိုးကို ရစေသည်။ သူတို့ သီးသန့် ဘာမှမရနိုင်တော့ကြောင်း သေချာသိသွားသည်။
ထိုအချိန်တွင် ခမ်းနားသော နတ်ဘုရားခန်းမကြီးက ဆက်တိုက်တုန်ခါလာသည်။ မဟာမိစ္ဆာအချို့နှင့် ဝိညာဥ်အပျက်အစီးကောင်းကင်ဂူမှ ဂိုဏ်းခေါင်းဆောင် အဆင့်လွန် အကြီးအကဲတို့က ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အတွင်းမှ ပြင်းထန်သည့်အသံများကို ကျယ်သည်ထက် ကျယ်လောင်လာသည်။ ဤနည်းအားဖြင့် အဝေးမှနေနေသည့် လူအများ၏ နှလုံးခုန်နှုန်းကပင် မြန်ဆန်လာရသည်။
ယောင်ကွမ်းတော်ဝင်နယ်မြေမှ လူအများက လျင်မြန်စွာဖြင့် ရှေးဟောင်းနန်းတော်ကို ဝိုင်းလိုက်ကြသည်။ တောရိုင်းသားရဲကြီးများက ခေါင်းကိုခါပြီးနောက် အမှီကိုလည်း ယမ်းလိုက်သည်။ သူတို့က တိမ်စိုင်များကို ရှူထုတ်ပြီး မြူထုများကို ကောင်းကင်အနှံ့ ပျံ့နှံ့စေသည်။
ဤနည်းအားဖြင့် ထိုနေရာတွင် ကဆုန်ပေါက်နေသည့်အလား ထင်ရစေသည်။ ရှေးဟောင်းရထားလုံး တစ်ဆယ့်ရှစ်ခုကလည်း တိုက်ပွဲဝင် ဝင်္ကပါတစ်ခုကို ထုတ်ဖော်လာပြီး ကောင်းကင်ကို ပိတ်ဆို့လိုက်သည်။ ဤနည်းအားဖြင့် ယောင်ကွမ်းတော်ဝင်နယ်မြေကို ရင်ဆိုင်သည်။ တစ်ချိန်တည်းတွင်ပင် မိစ္ဆာနတ်ဘုရားဂူသင်္ချိုင်းက ကောင်းကင်သို့ ဆင်းသက်သွားမည့်အရေးကို တားဆီးလိုက်နိုင်သည်။
ထိုအချိန်တွင် ယောင်ကွမ်းတော်ဝင်နယ်မြေထဲမှ အကြီးအကဲ ရှစ်ယောက်ကိုးယောက်ခန့်က ထွက်လာသည်။ ကျစ်ကလန်မှ အကြီးအကဲများကလည်း ထွက်လာသည်။ သူတို့က လေဟာနယ်အတွင်းသို့ ခုန်ဆင်းသွားပြီး ရုတ်တရက် ရှေးဟောင်းနန်းတော်အတွင်းဝို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ဗုန်း …။
နန်းတော်ကြီးက တစ်ဖန် ခပ်ကြမ်းကြမ်း လှုပ်ခါသွားပြန်သည်။ အတွင်းရှိ တိုက်ပွဲက အထွတ်အထိပ်ထိ ရောက်ရှိသွားသည်။ လက်နက်များက နတ်အလင်းတန်းများကို လွှင့်ထုတ်နေသည်။
တော်ဝင်နယ်မြေနှင့် ကျစ်ကလန်မှ လူများ၏ တိုက်ပွဲက စတင်လေပြီ။ သို့သော် လျင်မြန်စွာဖြင့် အဆုံးသတ်သွားသည်။ အကြောင်းမူကာ အင်အားက တူညီနေလေသည်။ ထိုအပြင် ကန့်သတ်ထားသည့် အရာပေါင်းများစွာကိုလည်း ပျက်စီးသွားအောင် လုပ်လိုက်နိုင်သည်နှင့် သိပ်မပြာခင် အလင်းတန်းပေါင်းများသွာက ထွက်လာပြန်သည်။
အပြင်တွင် စောင့်နေကြသည့် အစောင့်များကလည်း လှုပ်ရှားလိုက်ပြန်သည်။ သူတို့က နတ်သက်တန့် တိမ်စိုင်များကို စီးနှင်းပြီးနောက် အလင်းတန်းများအတွက် တိုက်ခိုက်ကြသည်။ ဤနည်းအားဖြင့် သူတို့က အလင်းတန်းများထဲသို့ ခုန်ဝင်ကြသည်။ အနီးကပ်ကြည့်မည်ဆိုလျှင် ထွက်လာသည့် အလင်းတန်းများက ဆယ်စုနှစ် လက်နက်များဖြစ်ကြောင်း မြင်နိုင်သည်။ သို့သော် သာမန်လက်နက်များနှင့် မတူချေ။
ဗုန်း …။
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်လာပြန်သည်။ ရှေးဟောင်းနန်းတော်၏ ပတ်ဝန်းကျင်ရှိ လူများ၏မျက်နှာက ဖြူဖျော့သွားပြီး ခပ်မြန်မြန် နောက်ဆုတ်ကြသည်။ ရှေးဟောင်းနန်းတော်အတွင်းမှ ဆူနာမီမုန်တိုင်းလိုမျိုး တိုင်းတာရန်ခက်ခဲသည့် ကျယ်ပြောသော စွမ်းအားတစ်ရပ်က ထွက်လာသည်။
ကျစ်ကလန်မှ ရထားလုံး တစ်ဆယ့်ရှစ်ခုကပင် လွှင့်ထွက်သွားပြီး ယောင်ကွမ်းတော်ဝင်နယ်မြေမှ သားရဲများနှင့် ကျင့်ကြံသူများကလည်း နောက်သို့ဆုတ်လိုက်ရသည်။ သူတို့အားလုံးက မြင်းများအပေါ် သားရဲများပေါ်မှ လွင့်ထွက်သွားကြသည်။ ဤနည်းအားဖြင့် အဝေးသို့ရောက်သွားသည်။
အထဲမှ မျက်စိကြိမ်းမတက် တောက်ပနေသော အလင်းတန်းများက ထွက်ပေါ်လာပြီး လူအများက မျက်စိဖွင့်ကာ မကြည့်နိုင်အောင် တောက်ပလွန်းနေသည်။ ထို့အပြင် အလွန်ကျယ်ပြောပြီး ခန့်မှန်းရန် ခက်ခဲလွန်းသည့် စွမ်းအားတစ်ရပ်က အထဲမှ ဖြာထွက်လာကာ ခြေတစ်ချောင်းစာပင် မရှိသည့် သေးငယ်သည့် သလင်းသားရောင် အခေါင်းတစ်ခုကလည်း ထွက်လာသည်။ ပြင်းထန်သော စွမ်းအင်တစ်မျိုးဖြင့် မျက်စိကြိမ်းမတက် အလင်းကထိုထဲမှ လာခြင်းဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း …။
ထိုတုန်ခါနေသောအသံက အနည်းငယ် တုန်ရီနေသည်။ သို့သော် ဒါက နှလုံးခုန်သံနှင့် တူညီနေသည်။ စည်းချက်ကျပြီး ခမ်းနားသော အသက်စွမ်းအား အပြည့်နှင့်ဖြစ်သည်။ သို့သော် ပြင်းထန်လွန်းသည့် စွမ်းအားများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့ပြန်သည်။
“တားထားစမ်း။”
နန်းတော်ထဲမှ စိုးရိမ်တကြီးအသံက ထွက်လာသည်။ ထို့နောက် ပို၍များပြားသော ပုံရိပ်ပေါင်းများစွာက ပေါ်လာပြန်သည်။ ထိုထဲတွင် ဖန်းပေါ်လည်းပါသည်။ ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံးကို အစိမ်းရောင်အလင်းများက လွှမ်းခြုံထားသည်။ သူ၏မျက်နှာမှ နဂါးနှင့် ဖီးနစ် သင်္ကေတများက ပို၍သိပ်သည်းလာသည်။ သူ၏လက်မောင်းတောက်လျှောက်တွင်လည်း အနက်ရောက်လိပ်နှင့် ချီလင်ပုံများက ပျံ့နှံ့နေသည်။
သူ၏မျက်လုံးက အစိမ်းရောင်အလင်းများ ထုတ်လွှင့်လာသည်မှာ မီတာပေါင်းများစွာ ရှည်လာပြီဖြစ်သည်။ ထို့အချိန်တွင် သူ၏ခန္ဓာကိုယ်မှ မိစ္ဆာအရှိန်အဝါက ကောင်းကင်သို့ ထိုးတက်သွားပြီး အနောက်မှ မဟာသားရဲ ပေါင်းများစွာထက်ပင် ပို၍ပြင်းထန်နေသေးသည်။
ထိုအချိန်တွင် မည်သည့်အရာကမှ သူ၏မျက်လုံးထဲတွင် မရှိတော့ချေ။ သူက ထိုအခေါင်းကိုသာ မျက်တောက်မခပ်ဘဲ ကြည့်သည်။ သူက လက်လျော့ခြင်းမရှိဘဲ အခေါင်းနားသို့လာသည်။
ယောင်ကွမ်းတော်ဝင်နယ်မြေနှင့် ကျစ်ကလန်မှ လူများကလည်း နန်းတော်ထဲမှ ချက်ချင်းလိုလို ထွက်လာကြသည်။ သို့သော် သူတို့၏ မျက်နှာများက မသာမယာဖြစ်နေကြသည်။ သူတို့က ကျယ်လောင်စွာဖြင့် အမိန့်ထုတ်လျက် အခေါင်းနားသို့ လိုက်ခိုင်းသည်။
ထိုအချိန်တွင် ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်နှင့် အဆင့်လွန်အကြီးအကဲကလည်း ပျက်ယွင်းသောမျက်နှာထားမျိုးနှင့် ရောက်လာသည်။ သူတို့က လက်မလျော့ချင်ကြချေ။ ဤနေရာတွင် လူပေါင်းများစွာရှိနေသည်ဖြစ်သော်လည်း သူတို့က တိုက်ခိုက်ချင်ကြသည်။ မဟုတ်လျှင် သူတို့၏ ကြိုးစားအားထုတ်မှုများက အလကားဖြစ်ပေလိမ့်မည်။
မဟာသားရဲများအတွက်ကမူ ဒေါသအထွက်ဆုံး ဖြစ်နေသည်။ သူတို့၏မျက်နှာများတွင် လက်သင့်မခံနိုင်သော အခြေအနေမျိုးကို တွေ့နိုင်သည်။
သို့သော် လူသား ကျွမ်းကျင်ပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါ သူတို့လည်း အားအင်မဲ့ရသည်။ သူတို့က အဝိုင်းခံနေရသည့်အထဲမှ လွတ်မြောက်အောင်ကြိုးစားပြီး အခြေအနေအလိုက် ကိုင်တွယ်ရန် ဆုံးဖြတ်ထားကြသည်။
ကျစ်ကလန်မှ ရှေးဟောင်းရထားလုံး တစ်ဆယ့်ရှစ်လုံးက တိုက်ပွဲအနေအထားအရ ရှိနေပြီးသား ဖြစ်သည့်အလျှောက် ကောင်းကင်ကို ပိတ်ဆို့ထားလိုက်သည်။ ဤနည်းအားဖြင့် သလင်းအခေါင်းကို ပိတ်ထားလိုက်နိုင်သည်။ ယောင်ကွမ်းတော်ဝင်နယ်မြေမှ ကျင့်ကြံသူများကလည်း လှုပ်ရှားလိုက်ကြသည်။ အချို့သော သားရဲကောင်ကြီးများကို စီးထားသည့် လူများ၊ အချို့သော နတ်သက်တန့်ရောင်စင်ကို စီးထားသောသူများက ခုန်ဝင်သွားကြသည်။
ခြေထောက်တစ်ချောင်းလောက်ပင် မကြီးသည့် သလင်းအခေါင်းကမူ ချက်ချင်းလိုလို ပိတ်လှောင်ခံလိုက်ရသည်။ ထိုအချိန်တွင် ကျွမ်းကျင်ပညာရှင်တိုင်းက ခုန်အထွက်လာကာ တစ်ချိန်ထဲတွင်ပင် ထိုအခေါင်းကို လက်လှမ်းယူရန် ကြိုးစားကြသည်။
ဗမ်း ..။
လက်ပေါင်းများစွာက သလင်းအခေါင်းကို ဖမ်းဆုတ်ရန်ကြိုးစားသည်။ သို့သော် ထိုလက်များက အလင်းများဖြင့် ဖြစ်တည်လာပြီး အစစ်အမှန် လူအုပ်၏လက်များ မဟုတ်ကြချေ။ သူတို့က သလင်းအခေါင်းကို လိုချင်နေကြသော်လည်း အချင်းချင်း တိုက်ခိုက်နေရသေးသည်။
ကျစ်ကလန်မှ ရထားလုံးတစ်ဆယ့်ရှစ်စီးက လူများနှင့် ယောင်ကွမ်းတော်ဝင်နယ်မြေမှ လူများကလည်း ခုန်ဝင်လိုက်ပါလာကြသည်။
ထိုအချိန်တွင် ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်နှင့် ကျန်ရစ်နေသေးသည့် အဆင့်လွန် အကြီးအကဲနှစ်ယောက်တို့၏ မျက်နှာများက အလွန်ပျက်ယွင်းနေကြောင်း မြင်လိုက်ရသည်။ သူတို့က အင်အားကြီးမားကြသည်။ သို့သော် ဤနေရာတွင် လူပေါင်းများစွာ ရှိနေရာ သူတို့က တစ်ယောက်ထဲကဲ့သို့ ဖြစ်သွားသည်။
သို့သော် ဖန်းပေါ်က တစ်ယောက်ထဲဖြစ်သော်လည်း လက်မလျော့ချေ။ သူ၏ကိုယ်မှ မိစ္ဆာအရှိန်အဝါက ကောင်းကင်သို့ထိုးတက်သွားသည်။ သူ၏မျက်လုံးထဲမှ ထွက်လာသည့် အစိမ်းရောင်အလင်းက ယခင်ထက်ပင် ပို၍ရှည်လျားသွားကာ ပို၍ စွမ်းအားကြီးမားသွားသည်။
ခရော့ ခရော့ …။
ထိုအချိန်တွင် သလင်းအခေါင်းက ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ၏ တိုက်ပွဲကို တောင့်မခံနိုင်တော့ပဲ ကွဲအက်သံ ထုတ်ဖော်လာသည်။ ထို့နောက် ဗမ်းခနဲမြည်သံနှင့်အတူ အက်ကွဲသွားသည်။
ဗုန်း …။
ထိုအချိန်တွင် မကောင်းဆိုးဝါးကဲ့သို့ ပြင်းထန်သော မိစ္ဆာအရှိန်အဝါတစ်ခုက ပေါက်ထွက်လာပြီး လူတိုင်းကို လွင့်ထွက်သွားစေသည်။ မည်သူကမှ ထိုပြင်းထန်သည့် အားလှိုင်းအောက်တွင် မရှင်သန်နိုင်ကြချေ။ ကျစ်ကလန် ရထားလုံးများထဲမှ ရှေ့ဆုံး ရထားလုံးလေးစင်းဆိုလျှင် တိုက်ရိုက်ပင် ပေါက်ကွဲသွားပြီး အထဲမှ ကျင့်ကြံသူနှစ်ဆယ့်နှစ်ယောက်က အဝါရောင်သဲမှုန်များကဲ့သို့ ချက်ချင်းလိုလို ဖုန်အဖြစ်ပြောင်းလဲသွားသည်။
ယောင်ကွမ်းတော်ဝင်နယ်မြေကလည်း ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ ရှေ့ဆုံးမှ ကျင့်ကြံသူဆယ်ယောက်ကျော်က ထိုအရှိန်အဝါအောက်တွင် ကွဲကြေပျက်စီးသွားရပြီး သူတို့၏သားရဲကောင်များနှင့်အတူ သွေးမြူအဖြစ် ပြောင်းလဲကာ သေဆုံးသွားရသည်။
ဂိုဏ်းခေါင်းဆောင်နှင့် အဆင့်လွန် အကြီးအကဲနှစ်ယောက်၏ မျက်နှာကလည်း ဖြူဖျော့သွားသည်။ သူတို့က မီတာတစ်ရာကျော်အကွာသို့ လွင့်ထွက်သွားပြီးမှသာ တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ သူတို့ကဲ့သို့ အင်အားကြီးမားလွန်းသောသူများကပင် ဒဏ်ရာရသွားကြသည်။
အဝေးမှယဲ့ဖန်း၏ နှလုံးသားက တင်းကြပ်သွားသည်။ ဖန်းပေါ် တစ်စုံတစ်ရာဖြစ်သွားမည့်အရေးကို စိုးရိမ်မိသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အမည်မသိရသည့် တည်ရှိမှုတစ်ခုက ရှိနေသည့်တိုင် ယင်းက ဖန်းပေါ်၏ခန္ဓာကိုယ် ဖြစ်နေသည်။
မိစ္ဆာအရှိန်အဝါက ကောင်းကင်သို့ ထိုးတက်သွားသော်လည်း ဖန်းပေါ်က လုံခြုံသည်။ သူက ဒီရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်နှင့် တူသည်။ ထို့ကြောင့် သူတို့အားလုံးထက် အရင် နောက်ဆုတ်ထားပြီးဖြစ်သည်။
ထိုအချိန်တွင် ကွဲကြေသွားသည့် သလင်းအခေါင်းထဲမှ အသက်စွမ်းအား အရှိန်အဝါများက သမုဒ္ဒရာတစ်စင်းလိုမျိုး ဖြစ်လာသည်။ လူတိုင်း၏ အသက်စွမ်းအားများကို ပေါင်းစပ်လိုက်လျှင်ပင် ထိုမှ မပြင်းထန်လောက်ချေ။
အဆုံးအစမဲ့သည့် မိစ္ဆာအရှိန်အဝါက တောက်ပလွန်းသည့် အနီရောင်နှလုံးသားကြီးတစ်ခု ထံမှ ဖြစ်သည်။ ထိုအရာက လက်သီးတစ်ဆုပ်စာသာရှိပြီး အနီရောင်မဟူရာတုံးလိုမျိုး တောက်ပနေသည်။
သို့သော် တစ်ချိန်ထဲတွင်ပင် သလင်းသားလို ကြည်လင်နေသေးပြန်သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းသော ပြင်းထန်လွန်းသည့် သွေးနီရောင်နတ်အလင်းတန်းများက ထိုအရာကို လိမ်ယှက်နွယ်နေကာ အတောမသတ်နိုင်အောင် များပြားသည်ဟုထင်ရသည့် မိစ္ဆာအရှိန်အဝါနှင့် စွမ်းအားကြီးမားသည့် အသက်စွမ်းအား ဝင်သက်ကလည်း အထဲမှ ဖြာထွက်နေသည်။
ဒုန်း ဒုန်း ဒုန်း …။
နှလုံးခုန်သည့် လမ်းကြောင်းကို ထင်ရှားစွာကြားရပြီးဖြစ်သည်။ ထိုအရာက ဆက်တိုက်တုန်ခါနေသေးသည့်အတွက် အသက်စွမ်းအား မလျော့ကျသေးကြောင်း သိထားလေသည်။ ထို့အပြင် အသက်စွမ်းအားက အပြည့်ရှိနေသေးသည်။
ထိုအချိန် မည်သူကမှ အနားမကပ်ရဲကြတော့ချေ။ သလင်းရောင် ကြည်လင်ပြီး တောက်ပသည့် အနီရောင်နှလုံးသားက ခုန်နေကြောင်း မြင်သည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ သွေးများက ဆူပွက်လာပြီး သွေးပြန်ကြောများကလည်း ပေါက်ကွဲထွက်တော့မလို ဖြစ်လာကြရသည်။ လူတိုင်း၏ နှလုံးသားက ပြင်းထန်စွာ နာကျင်လာသည်။ သူတို့၏ပါးစပ်ထဲမှ သွေးများက ဆက်တိုက်စီးကျလာသည်။ သူတို့က ကိုယ့်ကိုကို ထိန်းသိမ်းထားပြီး နောက်သို့သာ ခပ်မြန်မြန် ပြန်ဆုတ်ကြရသည်။
၄င်းက မည်သူကမှ တောင်မခံနိုင်လောက်သည့် ကြောက်စရာကောင်းလွန်းသော နှလုံးသားကြီး၏ ခုန်နှုန်းဖြစ်နေသည်။
“ဒါက မိစ္ဆာဧကရာဇ်ရဲ့ နှလုံးသားပဲ။ ငါတို့ မိစ္ဆာမျိုးနွယ်က မိစ္ဆာဧကရာဇ်ရဲ့ အထွတ်အမြတ် နှလုံးသားပဲ။”
ကောင်းကင်တွင် မိစ္ဆာတစ်ချို့က အံ့အားတကြီး ကြည့်ကြသည်။ သူတို့က တအံ့တဩ အော်ဟစ်ကြသည်။
မိစ္ဆာဧကရာဇ်၏ သလင်းသားရောင် ကြည်လင်နေသည့် နှလုံးသားက ဆက်တိုက်ခုန်နေသည်။ သို့သော် ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားပြီး သွေးရောင် နတ်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အဝေးရှိ ကောင်းကင်သို့ ပျံသန်းသွားသည်။
“တားစမ်း။ ငါတို့ ဒါကို ထွက်သွားခွင့်ပြုလို့ မရဘူး။”
ယောင်ကွမ်း အထွတ်အမြတ်နယ်မြေမှ လူအိုကြီးတစ်ယောက်က စိုးရိမ်တကြီး လှမ်းအော်သည်။
“အသက်စွမ်းရှိသမျှ သုံးပြီး တားကြ .. ။”
ကျစ်ကလန်မှ လူများကလည်း အော်ကြသည်။
” ဒါက မိစ္ဆာမျိုးနွယ်က မိစ္ဆာဧကရာဇ်ရဲ့ နှလုံးသားပဲ။ ဒါက သူ့ရဲ့စွမ်းအား အရင်းအမြစ်။ တခြားမိစ္ဆာတွေသာရသွားရင် နောက်ထပ် မိစ္ဆာဧကရာဇ်တစ်ပါး ဖန်တီးလိုက်သလို ဖြစ်သွားလိမ့်မယ်။”
သူတို့က ထိုသို့ အမိန့်ထုတ်နေကြသဖြင့် မိစ္ဆာများကလည်း ခုန်ဝင်သွားကြပြီ ဖြစ်သည်။ သို့ရာတွင် အားလုံးထက် မြန်သော လူ ရှိသည်။ ထိုလူက ဖန်းပေါ်ဖြစ်သည်။ ဖန်းပေါ်က ကောင်းကင်နှင့်မြေကြီး တသားထဲဖြစ်နေသလိုမျိုး အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် မျက်တောင်တစ်ခပ် အချိန်အတွင်း ထိုနှလုံးသားနားသို့ ဆက်တိုက် ကပ်သွားသည်။
ကျစ်ကလန်က ရှေးဟောင်းရထားလုံး ရှစ်စင်းကို ထုတ်ကာ နောက်က လိုက်စေသည်။ ယောင်ကွမ်း တော်ဝင်နယ်မြေကလည်း သူတို့၏ လူတစ်ဝက်ခန့်ကို လွတ်ကာ နောက်မှ လိုက်ဖမ်းခိုင်းသည်။ ကျန်တဲ့တစ်ဝက်ကမူ နန်းတော်ထံ ပြန်လာသည်။
“ဒါက မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းဖြစ်မှန်းသာ သိရင် ငါတို့ သတင်းပို့ခဲ့ပါတယ်။ ငါတို့ ဒီနေရာကို လာခဲ့ပေမဲ့ လူက မလုံလောက်ခဲ့ဘူး။”
ယောင်ကွမ်းတော်ဝင်နယ်မြေမှ လူကြီးတစ်ယောက်က သက်ပြင်းချကာ ပြောသည်။
“ငါလည်း ဒါကို သာမန်ဂူသင်္ချိုင်းပဲ ထင်နေတာ။ မမျှော်လင့်ထားဘဲ မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းတောင် ဖြစ်နေသေးတယ်။ ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ကိစ္စပဲ။ ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးက အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေ တစ်ခုလုံးကို လှုပ်ခါနိုင်စွမ်းအား ရှိတယ်။”
ကျစ်ကလန်မှ အင်အားကြီးသော ပုဂ္ဂိုလ်များက နောင်တတကြီး ပြောကြသည်။ သူတို့က ဒီကိစ္စကို အထက်ကို မတင်ပြခဲ့ကြဘဲ လာကြခြင်းဖြစ်သည်။
အဝေးတွင်ရပ်နေသော ယဲ့ဖန်းက အံ့အားသင့်နေသည်။ ထိုလူများထဲတွင် ဝိညာဥ်အပျက်အစီးကောင်းကင် ဂူ၏ ဂိုဏ်းခေါင်းဆောင်ထက် အားမနည်းသောသူက အနည်းဆုံး ဆယ်ယောက်မက ရှိသည်။ သို့ရာတွင် သူတို့၏စကားအရ ထိုအထွတ်အမြတ်နယ်မြေမှ အင်းအားအကြီးဆုံးသူ မဟုတ်ကြောင်း သိလိုက်ရသည်။ ထိုအခြေအနေက သူတို့ကို အံ့အားသင့်စေသည်။ ကြည့်ရသည်မှာ ထိုမိသားစုကြီးက အလွန်အမင်း အင်အားကြီးမားလောက်သည်။
“ခေါင်းဆောင် လီ …။ မင်း ဒဏ္ဍာရီလာ တာအိုကျမ်းစာပိုဒ်ကို ရလိုက်လား။”
ယောင်ကွမ်း ကောင်းကင်နန်းတော်က ဂိုဏ်းခေါင်းဆောင်ကို လှမ်းမေးလိုက်သည်။ ဤနေရာက မိစ္ဆာမျိုးနွယ်မှ မဟာဧကရာဇ်၏ ဂူသင်္ချိုင်းဖြစ်ကြောင်း သိပြီးကတည်းက ထိုမျှအဖိုးတန်သည့် ကျမ်းစာက ဤနေရာတွင် မြှုပ်နှံထားကြောင်း နားလည်လိုက်သည်။
အရှေ့ဘက် အပျက်အစီးနယ်မြေမှ ရတနာများနှင့် မိစ္ဆာများက အသုံးပြုနေသာ ရတနာများအပြင် အခြားသော နတ်ဘုရားရတနာများလည်း ရှိရပေမည်။ ထိုအရာများထဲက တာအိုကျမ်းစာပိုဒ်က အရေးအကြီးဆုံးဖြစ်သည်။
ရှိနေသောရတနာများထဲတွင် နှလုံးသားက မိစ္ဆာမျိုးနွယ်၏ မိစ္ဆာ ဧကရာဇ် စွမ်းအား အရင်းအမြစ်တို့က ကောင်းကင်သို့ ထိုးတက်သွားပြီ ဖြစ်သည်။ သူတို့က လိုက်မှီရန် ခက်ခဲလွန်းနေပေလိမ့်မည်။
ထို့ကြောင့် မိစ္ဆာမျိုးနွယ်များက မိစ္ဆာဧကရာဇ်၏ ပြိုင်ဘက်ကင်း ရတနာများကသာ အရေးကြီးတော့သည်။ ယောင်ကွမ်း အထွတ်မြတ်နယ်မြေနှင့် ကျစ်ကလန်မှ မိသားစုများကလည်း ထိုရတနာများကို လိုချင်သည်။ အထူးသဖြင့် လူသားများနှင့် သစ္စာလွန်ရတနာဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်က ခါးသီးစွာ သက်ပြင်းချလိုက်သည်။ သူက ယောင်ကွမ်း အထွတ်အမြတ်နယ်မြေသို့ ကြိုတင်သတင်း မပို့ခဲ့ချေ။ သို့တိုင်အောင် သူက ဘာမှမရခဲ့သေးချေ။ သူကသာ ကြိုသိထားမည်ဆိုလျှင် မျက်နှာသာ အပေးခံရရန် သတင်းပို့ခဲ့လိုက်သည်။ သူက အလောတကြီး ရှင်းပြသည်။
“ပထမဦးဆုံး နတ်ရတနာ တာအိုကျမ်း စာပိုဒ် ပျောက်ဆုံးသွားတယ်။ အဲ့ဒီမှာ ပြောင်ရှင်းနေတဲ့ သေတ္တာပဲ ကျန်ခဲ့တာ။ ဘယ်သူကမှ အစစ်အမှန် ကျမ်းစာပိုဒ်ကို မမြင်ခဲ့ဘူး …။ မျှော်လင့်မထားဘဲ တတိယမြောက် နတ်ရတနာကို အရင်ဖွင့်လိုက်မိတယ်။ နောက်ပြီး မိစ္ဆာမျိုးနွယ်က မိစ္ဆာဧကရာဇ်ရဲ့ နှလုံးသားကလည်း ကောင်းကင်ကို ထွက်ပြေးလွတ်မြောက်သွားတယ်။ အခုဆိုရင် ဒုတိယမြောက် ရတနာပဲ ကျန်ရစ်နိုင်တယ်။ ငါတို့တွေ ကန့်သတ်မှုတွေအားလုံးကို ဖောက်ထွင်းကြည့်ကြဖို့ လိုတယ်။ အဲ့ဒီထဲမှာ အရှေ့ဘက် ပျက်သုဥ်းခြင်းနယ်မြေက အဆင့်လွန် အဆင့် ရတနာရှိနေလောက်မယ်လို့ မျှော်လင့်မိတယ်။ ထပ်ပြီးပြောရရင် မိစ္ဆာမျိုးနွယ်က အခြားရတနာတွေ အားလုံးကလည်း အဲ့ဒီနေရာမှာပဲ ရှိလောက်တယ်။”
“ကျမ်းစာပိုဒ်က ပျောက်သွားတာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ယောင်ကွမ်းတော်ဝင်နယ်မြေနှင့် ကျစ်ကလန်မှ လူများက ဂိုဏ်းခေါင်းဆောင်ကို မယုံကြည်နိုင်သလို ကြည့်ကြသည်။
ဂိုဏ်းခေါင်းဆောင်က စိတ်ထဲတွင်လည်း ခါးသီးစွာ ပြုံးနေမိသည်။
“ငါတို့ တကယ် မမြင်ခဲ့ရဘူး။”
ထိုအချိန်တွင် အဝေးမှ ခမ်းနားသည့် နတ်သံစဥ်က ထွက်လာသည်။ အမျိုးသမီးတစ်ချို့က ပျံသန်းလာပြီး ယဲ့ဖန်း၏ ခေါင်းပေါ်မှ ကျော်သွားသောကိစ္စက သူ့ကိုအံ့အားသင့်သွားစေခဲ့သည်။
အမျိုးသမီးများအားလုံးက နှင်းကဲ့သို့ဖြူဖွေးသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အားလုံးပေါင်း ဆယ်ယောက်ကျော်သည်။ သူတို့ကို ပြိုင်ဘက်ကင်းအောင် လှပသည်ဟု ပြော၍ မရသော်လည်း တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း ကြော့ရှင်းကြည့်ကောင်းကာ အခြားသော ဘုံလောကမှဟု ထင်ရစေသည်။
သူတို့က သေမျိုးလောကနှင့် မအပ်စပ်သော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။ သူတို့က ကြော့ရှင်းကြည့်ကောင်းစွာဖြင့် ပျံသန်းလာနေသေးသည်မှာ လှိုင်းများပေါ်တွင် လမ်းလျှောက်လာသည့် နတ်သူငယ်များ သို့မဟုတ် ကခုန်နေသည့် နတ်မိမယ်များအလား ထင်ရသည်။
သူတို့ထဲမှ အချို့က ဝါး ပုလွေကို မှုတ်နေပြီး အလွန်အမင်း သာယာကာ နားထောင်ကောင်းသည့် သံစဥ်ကို ထုတ်လွင့်နေသည်။ အချို့ဆိုလျှင် ပြုံးနေကြသည်။ ထိုမြင်ကွင်းက လူအများကို နွေဦးလေပြည်ဖြင့် လွှမ်းခြုံခံလိုက်ရသလို ခံစားစေပြီး ငြိမ်းချမ်းသွားစေသည်။ ထိုမင်းသမီးများအားလုံးက ကောင်းကင်ဘုံမှ နတ်မိမယ်များဟု ထင်ရလောက်အောင် ပြိုင်ဘက်ကင်းသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ ယင်းကမှ သူ မျှော်လင့်ထားသည့် ကျင့်ကြံသူများဖြစ်ကြောင်း သေချာသွားသည်။ သူတို့က အလွန်အမင်း မြင့်မြတ်ကာ ထာဝရဆန်ပြီး ကြည့်ကောင်းလွန်းသည်။ သူတို့က သက်တန့်ရောင် တိမ်စိုင်များကို စီးနင်းကြပြီး သေမျိုးလောကသို့ ဆင်းသက်ကာ လောကသို့ လျှောက်သွားနိုင်ပေလိမ့်မည်။
“ကျောက်စိမ်းရေကန် အထွတ်အမြတ်နယ်မြေက ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ သူတို့က လောကမှာ မပေါ်လာတာ ဘယ်လောက်ကြာပြီလဲ။ သူတို့တောင်မှ အထိတ်တလန့်ဖြစ်သွားကြတယ်။ ကြည့်ရတာ ဒီကိစ္စက အခြားဂိုဏ်းတွေကိုလည်း ပျံ့နှံ့သွားလောက်ပြီ။”
“ကျောက်စိမ်းရေကန် အထွတ်အမြတ်နယ်မြေက လောက ကိစ္စရေးရာတွေကို ဝင်ရောက်စွက်ဖက်တာမှမဟုတ်တာ။ ဒါကို မိစ္ဆာမျိုးနွယ်ရဲ့ မိစ္ဆာ ဧကရာဇ်နဲ့ တိုက်ခိုက်ချင်တာလား။”
ယောင်ကွမ်း တော်ဝင်နယ်မြေနှင့် ကျစ်ကလန်မှ လူများက လှမ်းအော်ကာ မေးကြသည်။ သူတို့က ထိုလှပသောမင်းသမီးများကို ကြိုဆိုကြသလို စမ်းသပ်ရန်လည်း မေးမြန်းလာခြင်း ဖြစ်သည်။
” တို့တွေက ဒီနေရာက ဖြတ်သွားရုံပဲ။ ဒါပေမဲ့ ဒီနေရာမှာ ရှိတဲ့ မိစ္ဆာစွမ်းအင်တွေက ပြင်းထန်လွန်းပြီး သမုဒ္ဒရာလို ကျယ်ပြန့်တယ်။ ဒါကြောင့် လာပြီး စစ်ဆေးကြည့်တာ။ မမျှော်လင့်ထားဘဲ နင်တို့အားလုံးနဲ့ တွေ့ရတာပဲ … ။”
ဦးဆောင်လာသည့် အမျိုးသမီးက ဖျော့တော့စွာပြုံးသည်။ ထို့နောက် သူမ၏ အမူအရာက လေးနက်သွားသည်။
“ဒါက မိစ္ဆာမျိုးနွယ်က မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းလို့ ငါမထင်ထားဘူး။ နောက်ရက်အနည်းငယ်အတွင်း အရှေ့ဘက် အပျက်အစီး နယ်မြေကြီး တစ်ခုလုံးက လှုပ်ခါသွားတော့မယ်ထင်တယ်။ မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေက သူတို့ရဲ့လူတွေကို လွှတ်နိုင်တယ် … ။”
အဝေးမှ ယဲ့ဖန်းက ပို၍ အံ့အားသင့်သွားသည်။ ယောင်ကွမ်း၊ ကျစ် ကလန်၊ ကျောက်စိမ်းရေကန်တို့က အလွန်အမင်း ထူးခြားနေလေပြီ။
အထူးသဖြင့် ကျောက်စိမ်းရေကန်ဖြစ်သည်။ ကျောက်စိမ်းရေကန်က တရုတ်ပြည်၏ ရှေးခေတ် ဒဏ္ဍာရီထဲတွင်ပင် ထင်ရှားစွာ ရှိခဲ့သေးသည်။ သို့သော်မမျှော်လင့်ထားသည်မှာ ကြယ်ကောင်းကင်၏ အခြားတစ်ဖက်ခြမ်းတွင်လည်း သူတို့က ကြီးမားသည့် မူလဇစ်မြစ်ကို ပိုင်ဆိုင်ထားသူများ ဖြစ်နေသည်။
အပိုင်း ( ၅၉ ) ပြီး၏။