Chapter – 17 မှော်လက်နက် ပေါ်ထွက်လာပြီး ကျော်ကြားလာမည့် ဓားသမားတစ်ယောက် မွေးဖွား
“အစ်ကိုဖုန်း… ကျွန်တော်တို့ ဒီကိုဘိုးအကြီးအကဲကို နိုင်ပါ့မလား… “ ဘလက်ကီက ကိုဘိုးအကြီးအကဲကို မြင်ပြီးနောက်တွင် ယုံကြည်မှုများ ပျောက်ဆုံးကုန်သည်။
ကိုဘိုးအကြီးအကဲ၏ သွေးပမာဏကို လျစ်လျှူရှုထားလျှင်တောင်မှ နောက်ကျောရှိ ပုဆိန်နှင့်တင် တခြားသူများကို ထိတ်လန့်စေရန် လုံလောက်၏။ သူသာ ပုဆိန်နှင့် ခုတ်ခံရလျှင် အသားတုံးဘဝ ပြောင်းသွားမည်ကို ဘလက်ကီ သိနေသည်။
“ငါ မသိဘူး… “
ရှီဖုန်းက ခေါင်းကို ယမ်းလိုက်သည်။ သူ၏ အစီအစဉ်များက ဤသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ဤမိုင်းတွင်းထဲတွင် အသုံးပြုနိုင်သည့် မြေအနေအထားလည်း မရှိချေ။ ထို့ကြောင့် ကိုဘိုးအကြီးအကဲကို သတ်ချင်လျှင် ထိပ်တိုက်ရင်ဆိုင်ရပေမည်။
ရှီဖုန်း တွေ့ဖူးသမျှ မွန်းစတားထဲတွင် ကိုဘိုးအကြီးအကဲသည် အစွမ်းထက်ဆုံး မွန်းစတား ဖြစ်သည်။
ရှီဖုန်းသည် သူ့ထံ၌ အချိန်ရှိခဲ့လျှင် အဆင့်၅ ရောက်မှသာ ကြေးအဆင့် လက်နက်အပြည့်အစုံနှင့်အတူ လာလိမ့်မည်ဖြစ်သည်။ ထိုအချိန်ဆိုလျှင် သူက နိုင်ချေ ၈၀%ခန့် ရှိ၏။ သို့သော်လည်း မာစတာဂျက် ပေးလိုက်သည့်အချိန်ကား အနည်းငယ်သာ ကျန်တော့၏။ မိနစ်၂၀အတွင်း တိုက်ပွဲကို အပြတ်ဖြတ်ချင်လျှင် အဆင့်၅ လက်ရွေးစင်အဖွဲ့တစ်ဖွဲ့ ရှိမှ အဆင့်ပြေလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခု သူတို့ ၂ယောက်သာ ရှိ၏။ ထို့အပြင် သူတို့၏ လက်နက်ကိရိယာများကလည်း အဆင့် နိမ့်နေသေး၏။ ထို့ကြောင့် မိနစ်၂၀အတွင်း ကိုဘိုးအကြီးအကဲကို သတ်ရန် မဖြစ်နိုင်ချေ။
သို့သော်လည်း တာဝန်မပြီးမြောက်လျှင် ခံရမည့် အပြစ်ဒဏ်ကလည်း ရှိသေးသည်။ ထို့အပြင် လျှို့ဝှက်တာဝန်ကို ဆောင်ရွက်ရန် အခွင့်အရေးက တစ်ကြိမ်သာ ရှိသည်ဖြစ်၍ ရှီဖုန်းအတွက် အရှုံးပေးရန် မဖြစ်နိုင်ချေ။
“ငါ ကြိုးစားကြည့်လို့ ရတာပဲ… “ ရှီဖုန်းက မှော်လက်နက်ဖြစ်သည့် အသူရာဓားသွားကို မထုတ်ချင်၊ထုတ်ချင်ဖြင့် ထုတ်လိုက်သည်။
ယခင်ဘဝတွင် ရှီဖုန်းသိသည့် မှော်လက်နက်အရေအတွက်က လက်ချိုးရေတွက်လို့ ရ၏။ မှော်လက်နက်၏ စွမ်းအားကို မြင်ဖူးသည့် လူတိုင်းကလည်း မှော်လက်နက်ကြောင့် အရှုံးပေးခဲ့ကြရသည်။ ထို့အတူ မှော်လက်နက်ကို ကောင်းမွန်စွာ ကိုင်ဆောင်အသုံးပြုသူ အရေအတွက်ကလည်း ဖီးနစ်ငှက်မွှေးကဲ့သို့ အလွန်ကို ရှားပါး၏။
ကြက်သွေးရောင်စစ်နတ်ဘုရားကလည်း ထိုထဲမှ တစ်ယောက်ဖြစ်သည်။ သူက ကစားသမား ၁သိန်းကျော် ပါဝင်ခဲ့သည့် အစည်းအရုံးတိုက်ပွဲတွင် ကျော်ကြားလာခဲ့သူ ဖြစ်၏။ တိုက်ပွဲအတွင်းတွင် ကြက်သွေးရောင် စစ်နတ်ဘုရားက သွေးပေနေသော မှော်လက်နက်(ကြက်သွေးရောင် တစ္ဆေပုဆိန်)ကို ကိုင်ဆွဲပြီး ထောင်ပေါင်းများစွာသော စစ်သည်အုပ်စုထဲသို့ ပြေးဝင်သွားပြီး စစ်သည်များကို သတ်ဖြတ်ခဲ့သည်။ သူ့ကို မည်သူကမှ မတားဆီးနိုင်ခဲ့ကြပေ။ နောက်ဆုံးတွင် ရန်သူအစည်းအရုံက ရှက်ရွံ့စွာဖြင့် နောက်ပြန်ဆုတ်ခဲ့ရ၏။ ကြက်သွေးရောင် စစ်နတ်ဘုရားက ကစားတစ်သောင်းကျော်ကို တစ်ယောက်တည်းနှင့် တန်ပြန်တိုက်ခိုက်ခဲ့သည့် ပုံရိပ်ကို ဖန်တီးနိုင်ခဲ့ပြီး တိုက်ပွဲအပြီး၌ သူက ခမ်းနားကြီးကျယ်သည့် စစ်နတ်ဘုရားအင်ပါယာကို တည်ဆောက်ခဲ့သည်။
အရူးလူသား(ဝင်းချေ့ဆာ)ဆိုသည့် ကစားတစ်ယောက်လည်း ရှိသေး၏။ သူက မိစ္ဆာစိတ်ဝိညာဉ်ဟိန်းသံဆိုသည့် မှော်လက်နက်ကို ကိုင်ဆောင်ခဲ့သည်။ သူက လက်ထဲတွင် လေးကို ကိုင်ပြီး မြို့ကို ကာကွယ်ခဲ့သည်။ ရန်သူကစားသမားထောင်ပေါင်းများစွာက လာရောက်တိုက်ခိုက်ခဲ့သော်လည်း တစ်ယောက်မှ မြို့၏ ကိုက်၁၀၀အတွင်းသို့ မဝင်နိုင်ခဲ့ကြပေ။ ထို့အပြင် သူက မြို့နှင့် ကိုက်၁၀၀ကျော်အဝေးတွင် ရပ်နေသော ခန့်ညားထည်ဝါသော ပညာရှင်အစည်းအရုံး၏ ခေါင်းဆောင် ထူးထူးကဲကဲပြောင်မြောက်သူကိုတောင် မြှားတစ်ချောင်းတည်းဖြင့် ပစ်ခတ်ခဲ့သေး၏။
သူတို့က မှော်လက်နက်များကို အသုံးပြုနေသရွေ့ ကျော်ကြားလာမည်ဖြစ်ပြီး နတ်ဘုရားနယ်မြေတွင် အများက လေးစားရသည့် ထိပ်တန်းအဆင့် ကစားသမားများ ဖြစ်လာပေလိမ့်မည်။
စနစ်။ ။ အသူရာဓားသွားကို ပေါင်းစည်းရန် ဆန္ဒရှိပါသလား။
ရှီဖုန်းက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားဖြင့် ပေါင်းစည်းရန် ရွေးချယ်လိုက်သည်။ ယခုအချိန်တွင် သူက မှော်လက်နက်မှ ဆိုးကျိုးများကို ဂရုစိုက်မနေတော့ပေ။ ထိုလူများပင် သူတို့၏ မှော်လက်နက်များကို ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ပြန်လည်မွေးဖွားလာသည့် သူက ထိုကစားသမားထက် ညံ့နေလိမ့်မည် မဟုတ်ပေ။
ပေါင်းစည်းခြင်းက ခဏလေးနှင့် ပြီးသွား၏။ ရှီဖုန်းက သူ့ကိုယ်ထဲမှ စွမ်းအင်များအားလုံးက ကုန်ခန်းသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အဆင့်ကလည်း အဆင့်ပြီး တစ်ဆင့် ကျသွားကာ နောက်ဆုံးတွင် အဆင့် သုညသို့ ရောက်သွား၏။ သို့သော်လည်း ချက်ချင်း ဆိုသလိုပင် အားအင်တစ်မျိုးက သူ့ကိုယ်ထဲသို့ စီးဝင်လာသည်။ လက်ရှိ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ယခင် အဆင့်၃ထက်တောင်မှ ပိုပြီး သန်မာနေသည်။
ထို့နောက် သူက အသူရာဓားသွား၏ စွမ်းရည်များကို စစ်ဆေးကြည့်လိုက်သောအခါ ပို၍ပင် အံ့ဩသွား၏။
အသူရာဓားသွား (မှော်လက်နက်၊ လက်တစ်ဖက်ဓား)
တိုက်ခိုက်မှုစွမ်းအား +၂၄
စွမ်းရည်အားလုံး +၁၀
တိုက်ခိုက်မှုနှုန်း +၃
မွန်းစတားများကို အဆင့်၅ဆင့် အထိ လျှစ်လျှူရှုနိုင်သည်။ တိုက်ခိုက်မှုစွမ်းအားက ၂ဆဖြစ်ရန် ၁၅%၊ သေဆုံးခြင်းကျိန်စာ ဖြစ်ပေါ်လာရန် ၁၀%နှင့် အခြေအနေအားလုံးကို လျော့ချရန် ၃၀%ရှိပြီး ကြာချိန်က စက္ကန့်၂၀ ဖြစ်၏။
ဓားကို ကိုင်ဆောင်သူက ဓားသမားအမျိုးအစားဖြစ်လျှင် စကေးအဆင့်အားလုံးကို ၂ဆင့် တိုးပေးမည်။ ထို့အပြင် အဆင့်တစ်ဆင့်တက်တိုင်း အခမဲ့စွမ်းရည်အမှတ် ၂မှတ် ရရှိမည်။
လက်နက်အဆင့် ၀ (အဆင့်တက်နိုင်)
အဆင့်၅ ကြေးလက်နက်၁၀ခုနှင့် အဆင့်၅ ထူးခြားသံလက်နက်တစ်ခုကို ဝါးမြိုစုပ်ယူခိုင်းခြင်းဖြင့် အဆင့်တက်နိုင်ပါတယ်)
ပြောင်းလဲမှု (မသိ)
ထပ်ပေါင်းစကေး ၁။ ။ တစ္ဆေစကေး။ ကိုယ်ပွားတစ်ခုကို ချက်ချင်း ဖန်တီးနိုင်သည်။ ကိုယ်ပွားကို ထိန်းချုပ်နိုင်သည်။ ကိုယ်ပွားက မူရင်းခန္ဓာကိုယ်၏ စွမ်းအား ၅၀%ကို ပိုင်ဆိုင်ထားလိမ့်မည်။ ကိုယ်ပွားနှင့် မူရင်းခန္ဓာကိုယ်ကို နေရာပြောင်းလဲနိုင်သည်။ ကြာချိန် စက္ကန့်၃၀။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၅မိနစ်
ထပ်ပေါင်းစကေး ၂။ ။ အသူရာနှောင်ကြိုး။ ရန်သူများကို ချုပ်နှောင်ပြီး လှုပ်ရှားမှုများကို ကန့်သတ်နိုင်သည့်အပြင် ခုခံမှုကိုလည်း ၁၀၀%လျှော့ချပေး၏။ ကြာချိန် ၃စက္ကန့်။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၁မိနစ်။
ထပ်ပေါင်းစကေး ၃။ ။ နဂါးကိုးကောင်ခုတ်ချက်။ ကိုင်ဆောင်သူအတွက် အသုံးပြုရန် အသူရာဓားကိုယ်ပွား ၉ချောင်းကို ချက်ချင်း ဖန်တီးနိုင်သည်။ ကိုယ်ပွားဓားတစ်ချောင်းစီတွင် မူရင်းစွမ်းအား၏ ၃၀% ပါဝင်နေမည်။ ကြာချိန် ၂ဝစက္ကန့်။
ပြန်လည်အသုံးပြုရန် ကြာချိန် = ၅မိနစ်။
အသူရာဓားသွားကို နဂါးနက်ဘုရင်၏ အစွယ်ဖြင့် ပန်းပဲမာစတာ အိုလက်စီကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်၏။ အသူရာဓားသွားက ကျော်ကြားသည့် ဓား ၃၆ချောင်းတွင် တစ်ချောင်းအပါအဝင် ဖြစ်ပြီး အဆင့်၃၁ဖြစ်သည်။ သို့သော်လည်း ဓားက နဂါးနက်ဘုရင်၏ ကျိန်စာတိုက်ခြင်းကို ခံထားရ၏။ အသူရာဓားသွားက ကိုင်ဆောင်သူကို အလွန်ကြီးမားသည့် စွမ်းအားကို ပေးသော်လည်း အချိန်တစ်ခုကြာလာသည့်အခါ ဆိုးကျိုးကိုလည်း ခံစားရမည်ဖြစ်သည်။ ကိုင်ဆောင်သူကသာ ဓားကို မထိန်းချုပ်နိုင်လျှင် ကိုင်ဆောင်သူက နဂါးနက်ဘုရင်၏ ကျိန်စာကို လက်ခံရရှိမည် ဖြစ်ပြီး စွမ်းရည်အားလုံးကို ၅၀ရာခိုင်နှုန်း လျော့ချခံရပေလိမ့်မည်။
သေသွားလျှင်တောင်မှ ပြုတ်မကျနိုင်။
ရောင်းချခြင်း မပြုနိုင်။
ဤကဲ့သို့ စွမ်းရည်များနှင့် ထပ်ပေါင်းစကေးများကြောင့် အသူရာဓားသွားက နတ်ဘုရားလက်နက်တစ်ခုနှင့် မခြားတော့ပေ။ သို့သော်လည်း ကျော်ကြားသည့် ဓားက ၃၅ချောင်း ကျန်နေသေး၏။ ထို့အပြင် ဓား၃၆ချောင်းထဲ၌ အသူရာဓားသွားက အဆင့်နိမ့်ဓားတစ်ချောင်း ဖြစ်သည်။
“အစ်ကိုဖုန်း… ကျေးဇူးပြုပြီး ကျွန်တော့်ကို မခြောက်လှန့်ပါနဲ့… အစ်ကိုက ဘယ်လိုလုပ်ပြီး အဆင့် သုညဖြစ်သွားတာလဲ… “
ပြောင်းလဲသွားသော ရှီဖုန်း၏ အဆင့်ကြောင့် ဘေးတွင် ရပ်နေသည့် ဘလက်ကီက အံ့အားသင့်သွားရသည်။ ကိုဘိုးအကြီးအကဲကို သည်အတိုင်းဆိုလျှင်တောင်မှ ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။ ယခု ရှီဖုန်းကပါ အဆင့် သုညဖြစ်သွားသည့်အတွက် ကိုဘိုးအကြီးအကဲကို တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
“စိတ်အေးအေးထား… ကိုဘိုးအငယ်တွေကို ရှင်းဖို့ မီးခိုးဗုံးတွေကို အရင်ဆုံး သုံးလိုက်ရအောင်… ကိုဘိုးအကြီးအကဲကိုတော့ ငါ့တာဝန်ထားလိုက်… “
ရှီဖုန်းက စွမ်းရည်ဇယားကို ခေါ်လိုက်ပြီး အခမဲ့စွမ်းရည်၆မှတ်လုံးကို သွက်လက်မှုထဲသို့ ပေါင်းထည့်လိုက်သည်။ သူ၏ သွက်လက်မှုက အမှတ်၂၀သို့ ရောက်ရှိပြီး ဖြစ်သဖြင့် လျင်မြန်သွက်လက်မှုစကေးက ပွင့်နေပြီးသား ဖြစ်သည်။ ရှီဖုန်းက သူ၏ဓားကို ကိုဘိုးအကြီးအကဲဖြင့် စမ်းသပ်ရန် အလွန်စိတ်အားထက်သန်နေလေသည်။
ဇာတ်ကောင် = ရီဖုန်း (လူသား)
အသင်းဝင်နိုင်ငံ = စတားမွန်း
ဘွဲ့နာမည် = စစ်သည်တစ်ထောင်အလား ခွန်အားရှိသူ
အလုပ် = ဓားသမား
အဆင့် ၀ (သုည)
HP = 460/460
တိုက်ခိုက်မှုစွမ်းအား = ၇၂
ခုခံမှု = ၄
တိုက်ခိုက်မှုနှုန်း = ၁၀
ရွေ့လျားမှုနှုန်း = ၈
စွမ်းရည်များ။ ။ သန်မာမှု ၂၄၊ သွက်လက်မှု ၂၀၊ ခံနိုင်ရည် ၂၂၊ ဉာဏ်ထက်မြက်မှု ၁၃၊ အသက်စွမ်းအင် ၁၃။
စနစ်။ ။ သန်မာမှု အမှတ်၂၀ ပြည့်သွားပါပြီ။ အခြေခံလျှို့ဝှက်စကေး(ပေါက်ကွဲလက်သီး)ကို အသက်သွင်းလိုက်ပါပြီ။ အမှိုက်အဆင့် လက်နက်ကိရိယာများကို လက်ဖြင့်ပင် ဖျက်ဆီးပစ်နိုင်ပါပြီ။
စနစ်။ ခံနိုင်ရည် အမှတ်၂၀ ပြည့်သွားပါပြီ။ အခြေခံလျှို့ဝှက်စကေး(ကြံ့ခိုင်သောခန္ဓာကိုယ်)ကို အသက်သွင်းလိုက်ပါပြီ။
သန်မာမှုနှင့် ခံနိုင်ရည်တို့၏ အခြေခံစကေးများ အသုံးပြုထားသရွေ့ ရှီဖုန်းက လက်ရှိ ခန္ဓာကိုယ်၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်တော့မည် ဖြစ်ပြီး ၃စက္ကန့် သူရဲကောင်းတစ်ယောက် မဟုတ်တော့ချေ။
သူက အဆင့် သုည ဆိုသော်လည်း လက်ရှိ သူ၏တိုက်ခိုက်မှုစွမ်းအားနှင့် စွမ်းရည်များက ယခင် အဆင့်၃ထက် အပြတ်အသတ် သာလွန်နေသည်။ သူ၏ HPဆိုလျှင် အဆင့်၅ ဒိုင်းစစ်သည်တစ်ဦး၏ HPအောက် မကျပေ။ ထို့အပြင် ရှီဖုန်းထံ၌ အဆင့်မြင့်စကေးများ ရှိသည့်အတွက် ကိုဘိုးအကြီးအကဲကို ကျိန်းသေ တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။
ရှီဖုန်းက သူ၏ ခန္ဓာကိုယ်ကို အသားကျအောင် ပြုလုပ်နေချိန်တွင် ဘလက်ကီက ကိုဘိုးအငယ်အားလုံးကို သတ်ပစ်ခဲ့ပြီး ကိုဘိုးအကြီးအကဲတစ်ကောင်ကိုသာ ချန်ထားလေသည်။
“ငါ့ကို စောင့်ဦး… ပြီးရင် မင်း ကြိုက်သလောက် တိုက်လို့ ရပြီ… “ ရှီဖုန်းက ဘလက်ကီကို ပြောလိုက်ပြီး ရှေ့သို့ တစ်လှမ်းလှမ်းကာ ကိုဘိုးအကြီးအကဲဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။
“လေဓားသွား… “
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှီဖုန်းက ကိုဘိုးအကြီးအကဲ၏ ရှေ့သို့ ရောက်သွား၏။ ကိုဘိုးအကြီးအကဲ၏ လည်ပင်းကို ဓားအလင်း၂ခု ဖြတ်သွားသော်လည်း ကိုဘိုးအကြီးအကဲက တုန့်ပြန်ချိန်ပင် မရလိုက်ချေ။ ချက်ချင်း ဆိုသလိုပင် လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး ကိုဘိုးအကြီးအကဲက နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ထို့အတူ ကြောက်စရာကောင်းလွန်းသည့် ထိခိုက်မှု၂ခုကလည်း ကိုဘိုးအကြီးအကဲ၏ ခေါင်းထက်တွင် ပေါ်လာသည်။
“-63 , -128… “
နောက်ဆုံးတွင် ကိုဘိုးအကြီးအကဲက ရှီဖုန်းအား ပြန်လည်တိုက်ခိုက်ရန် ပုဆိန်ကို မြှောက်လိုက်သည့်အချိန်၌ နောက်ထပ် ဓားအလင်းတစ်ချက်က သူ့ခန္ဓာကိုယ်၏ မကာကွယ်ထားသော အစိတ်အပိုင်းကို ဖြတ်သွား၏။
“ခုတ်ချက်… “
နောက်ထပ် ထိခိုက်မှု -105က ကိုဘိုးအကြီးအကဲ၏ ခေါင်းထက်တွင် ပေါ်လာလေသည်။ အဆင့်၄ခုတ်ချက်၏ စွမ်းအားက တစ်ကယ်ကို ကြောက်စရာကောင်းလှသည်။
ပုဆိန်ကြီးက မြေပြင်ပေါ်သို့ ကျသွားသောအခါ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း ရှီဖုန်းက နောက်သို့ ဆုတ်ပြီးနေပြီ ဖြစ်သည်။ ထို့နောက် ရှီဖုန်းက အဆင့် ၄ မိုးကြိုးလျှပ်စီးစကေးကို အသုံးပြုလိုက်သည်။
ပြင်းထန်သည့် မိုးကြိုးလျှပ်စီးကြောင်း ၃ခုက ကိုဘိုးအကြီးအကဲ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ထိခိုက်မှု -၈၄, -၁၀၁, -၁၂၃ ကို ဖြစ်ပေါ်လာစေသည်။
ရှီဖုန်းက တစ်ခုလေး ပြောင်းလဲလိုက်သည်နှင့် ကိုဘိုးအကြီးအကဲ၏ HP 600ကျော်ကို တစ်ခဏတည်းနှင့် နုတ်ယူသွားနိုင်လေသည်။ အသူရာဓားသွား၏ စွမ်းအားက ရှီဖုန်းကို အံ့အားသင့်သွားစေခဲ့သည်။
အဝေးတွင် ရပ်နေသည့် ဘလက်ကီဆိုလျှင် ပိုတောင်မှ အံ့အားသင့်သွားခဲ့၏။
အပိုင်း ၁၇ ပြီး၏။