အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၁၂) သူ့မျက်နှာအစစ်ကို မမြင်ဖူးဘူးလား
လေထဲတွင် အနက်ရောင်အပေါက်တစ်ပေါက် ရုတ်တရက် ပေါ်လာပြီး ထိုအပေါက်ထဲမှ မွန်းစတားမျိုးနွယ်စုဝင် လေးယောက်၊ မန်ဝူရနှင့်အတူ လီရုန် ထွက်လာခဲ့သည်။ သူတို့နောက်မှ ရန်ကိုင်သည် ရှနင်းချန်ကို ပွေ့ချီလျက် ထွက်လာခဲ့သည်။
သူတို့ ထွက်လာပြီးသည်နှင့် အနက်ရောင်အပေါက်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့ပြီး နောက်ဆုံး အနက်ရောင် အစက်လေးတစ်စက်အစိ ကျုံ့ဝင်သွားခဲ့ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင် ကျောတစ်ပြင်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့သည်။ နည်းနည်းလေးသာ နောက်ကျသွားခဲ့လျှင် သူနှင့် သူ့စီနီယာ မမလေးတို့ နှစ်ယောက် ထိုဆန်းကြယ်လောကငယ်ထဲ ထာဝရ မြေမြုပ်ခံလိုက်ရပေလိမ့်မည်။
အောက်သို့ ငုံ့ကြည့်လိုက်ရာ စိမ်းလန်းစိုပြည်သော သစ်ပင်တို့ဖြင့် လန်းဆန်းသစ်လွင်နေသော တောအုပ်တစ်ခုကို တွေ့လိုက်ရသည်။
လီရုန်က အောက်ဘက်ရှိ နေရာလွတ်တစ်ခုမှ ရန်ကိုင်အား လှမ်း၍ လက်ဝှေ့ရမ်းပြလိုက်သည် “သခင်၊ ဒီဘက်မှာ”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အောက်ဘက်သို့ ပျံသန်းသွားလေသည်။
တစ်ချိန်တည်းတွင် ဘေးပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
သားရဲပင်လယ်တောအုပ်ထဲ ရောက်နေသည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်းဖြစ်သည်။ တကယ်တော့ သူတို့သည် ထိုထူးဆန်းသော ဆန်းကြယ်လောကငယ်ထဲသို့ သားရဲပင်လယ်တောအုပ်မှတစ်ဆင့် ဝင်သွားခဲ့ခြင်း မဟုတ်ပေလာ။ သို့သော်လည်း သူ့စစ်ဆေးမှုအရ ကီလိုမီတာ ဒါဇင်ဝန်းကျင်တွင် မွန်းစတားသားရဲ တစ်ကောင်တစ်လေပင် မရှိသည်ကို တွေ့လိုက်ရလေသည်။
ရန်ကိုင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့သော်လည်း အနီးအနားတွင် မည်သည့် အန္တရာယ်မှ မရှိမှန်း သေချာသွားပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။
ထို့နောက် ရှနင်းချန်ကို အသာအယာလေး ချလိုက်ပြီး အလျင်စလို မေးလိုက်လေသည် “အခြေအနေဘယ်လိုလဲ”
“သိပ်အဆိုးကြီးတော့မဟုတ်ဘူး။ အချိန်တိုအတွင်း ပြန်ကောင်းလာလိမ့်မယ်။ ဒါပေမယ့် ဒီလူအိုကြီးကတော့…” လီရုန်က လွန်စွာကိုမှ အခြေအနေ ဆိုးရွားနေသော မန်ဝူရဆီ လှမ်းကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
မိုးကြိုးနဂါး ပြောသည့်ပုံအရ ထိုလူသည် လူသားမျိုးနွယ်စု၏ နံပါတ်တစ် ပညာရှင် ဖြစ်ပေသည်။ သို့သော်လည်း လူသားမျိုးနွယ်စု၏ နံပါတ်တစ် ပညာရှင်မှာ ဤကဲ့သို့ ဖြစ်နေခဲ့လေပြီ။ စောစောသာ မကုသလျှင် သိပ်မကြာခင်မှာပဲ သူသေသွားရပေလိမ့်မည်။
“ငါရှိနေမှတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး” ပြောပြီးသည့်နောက် မန်ဝူရဆီ လမ်းလျှောက်သွားလိုက်ပြီး သူ့အား မထူပေးလိုက်သည်။
မန်ဝူရ၏ လက်ရှိအခြေအနေမှာ အလွန်ကိုမှ ဆိုးရွားနေရာ ရန်ကိုင်ပင် စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ မန်ဝူရကို သိလာသည့် တစ်လျှောက်လုံး သူ့အား ဤမျှဆိုးရွားသည် ပုံစံမျိုးဖြင့် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
မန်ဝူရသည် ညိုးခြောက်လုနီးပါး ဖြစ်နေသည့် ပိန်လှီနေသော သူ့လက်ဖြင့် ရန်ကိုင် အင်္ကျီစကို မနည်းကြိုးစား၍ လှမ်းကိုင်လိုက်ပြီး အားမရှိတော့သည့် ဖျော့တော့တော့ မျက်လုံးများဖြင့် ရန်ကိုင်ကို ကြည့်၍ တစ်ခုခုပြောရန် လုပ်လိုက်သည်။
“ဘာမှမပြောနဲ့။ ခင်ဗျား ဘာပြောချင်လဲ ကျုပ်သိတယ်။ စီနီယာမမလေးကို ကျုပ်ကျိန်းသေ ဂရုစိုက်ပေးမှာ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
မန်ဝူရ၏ မျက်လုံးများ လင်းလက်သွားခဲ့ပြီး သူ့နှုတ်ခမ်းအစုံ မသိမသာလေး ကွေးတက်သွားခဲ့သည်။
ရန်ကိုင်က ဆေးပေါင်ရည်ထည့်ထားသည့် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး မန်ဝူရအား သောက်ခိုင်းလိုက်သည်။
ဆေးပေါင်းရည်သည် ဒဏ်ရာများကို ကုသရာ၌ အရမ်းကိုမှ အစွမ်းထက်ရှသည်။ ထို့ကြောင့် မန်ဝူရသည် အသက်ရှူဖို့ရာပင် ခဲယဉ်းနေသော်လည်း ထိုဆေးပေါင်းရည်ကို သောက်လိုက်ပါက ချက်ချင်း သေတော့လိမ့်မည် မဟုတ်ချေ။
ထို့နောက် သွေးအဆီအနှစ်ကျောက်တုံးကို ထုတ်လိုက်သည်။
သွေးအဆီအနှစ်ကျောက်တုံးဆီမှ အားကောင်းသော နှလုံးခုန်သံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သွေးအဆီအနှစ်ကျောက်တုံးထဲရှိ မြောက်များလှစွာသော သွေးစွမ်းအင်ကို အာရုံခံမိလိုက်သည်နှင့် ညိုးကျနေသော မန်ဝူရ၏ မျက်ဝန်းများ တောက်ပလာလေသည်။
ကျောက်တိုင်များသည် ချုပ်နှောင်ထားခံရသည့် မည်သူဆီမှမဆို အသက်စွမ်းအင်ကို စုပ်ယူနိုင်သည်။ ထို့ကြောင့် လက်ရှိ လောလောဆယ်တွင် မန်ဝူရ အလိုအပ်နေဆုံးသော အရာမှာ အသက်စွမ်းအင်ပင် ဖြစ်လေသည်။
ထို့ကြောင့် သွေးချီအလုံလောက်သာ ရလိုက်သည်နှင့် သူ့အသက်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းရန်မှာ ပြဿနာ တစ်ခုမဟုတ်တော့ချေ။
ထို့ကြောင့် သွေးအဆီအနှစ်ကျောက်တုံးသည် သူ့အသက်စွမ်းအင် ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံး အဖြေဖြစ်သည်မှာ သံသယ ရှိစရာမလိုချေ။
ဆေးပေါင်းရည်နှင့် သွေးအဆီအနှစ်ကျောက်တုံး နှစ်မျိုးစလုံးကို အသုံးပြုလျှင် မန်ဝူရအား မကယ်နိုင်မည်ကို ရန်ကိုင် စိတ်မပူချေ။
သွေးအဆီအနှစ်ကျောက်တုံးထဲသို့ အစစ်အမှန်ချီ ထည့်သွင်းလိုက်ပြီး သွေးချီအမျှင်တန်းတစ်ခုကို ထုတ်ယူကာ မန်ဝူရဆီသို့ ပို့ပေးလိုက်သည်။
သူ့ကိုယ်ထဲသို့ သွေးချီများ ပေါင်းစပ်လာသည်နှင့် သူ့အသက်စွမ်းအင် အလျင်အမြန် ပြန်ပြည့်လာနေသည်ကို မန်ဝူရ ခံစားမိ၏။ ထို့ကြောင့် ဘာမှမလုပ်ဘဲ မျက်လုံးကို မှိတ်၍သာ ရန်ကိုင်အား ကုသနေစေလိုက်သည်။
အချိန် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။
မန်ဝူရ၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်သော နှုန်းဖြင့် ပြန်ကောင်းလာနေခဲ့သည်။
ပိန်လှီညိုးလျော်နေသော သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ပြန်လည် ပြည့်ဖြိုးလာနေခဲ့သည်။
သူ့ကိုယ်ထက်ရှိ မရေမတွက်သော ဒဏ်ရာဒဏ်ချက်များ အားလုံး ပျောက်ကင်းသွားခဲ့ပြီး ခြောက်သွေ့၊ အရေးကြောင်း ထနေသော သူ့အသားအရေမှာလည်း ပြန်လည် စိုပြေ၊ တောင့်တင်းလာခဲ့သည်။
တစ်နာရီကြာသွားပြီးနောက် မန်ဝူရ ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်၍ အသံအောအောကြီးဖြင့် “ကျန်တာကို ငါ့ဘာသာငါ ဆက်လုပ်လို့ ရတယ်။ ရှနင်းချန်ကိုသာ သွားဂရုစိုက်လိုက်”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သွေးအဆီအနှစ် ကျောက်တုံးကို မန်ဝူရ လက်ထဲသို့ ထည့်ပေးလိုက်ကာ အခြားသူများအား လှည့်ကြည့်လိုက်သည်။
မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည် တင်ပလင်ခွေထိုင် အားပြန်ဖြည့်နေဆဲပင်။ သို့သော် တစ်နာရီလောက်ကြာအောင် အားပြန်ဖြည့်ပြီးနောက် သူတို့၏ အသားအရေသည် တဖြည်းဖြည်းချင်း ပြန်လည် စိုပြည်ဝင်းပလာခဲ့လေသည်။
ရန်ကိုင်သည် တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဆေးပေါင်းရည်တစ်စက်ကို ဆေးလုံးအနည်းငယ်ထဲသို့ စိမ့်ဝင်သွားစေလျက် ထိုဆေးလုံများအား မွန်းစတားမျိုးနွယ်စုဝင် လေးယောက်ဆီ ဝေပေးလိုက်လေသည်။
မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည်လည်း နည်းနည်းလေးမှပင် တုန့်ဆိုင်းမနေဘဲ ရန်ကိုင် ပေးလာသော ဆေးလုံးများကို ချက်ချင်း မျိုချလိုက်လေသည်။
ထို့နောက် ရန်ကိုင်သည် ရှနင်းချန်ဆီသို့ လမ်းလျှောက်သွားလေသည်။
လီရုန်သည် တစ်ခဏမျှပင် အနားမယူဘဲ ရှနင်းချန်အား တစ်ချိန်လုံး စောင့်ရှောက်ပေးနေခဲ့သည်။ ထိုဇာပဝါ ဝတ်ဆင်ထားသော မိန်းကလေးသည် ရန်ကိုင်အတွက် အရမ်းကို အရေးပါမှန်း သူမ သိနေခဲ့ပေသည်။
ရှနင်းချန်၏ လက်ရှိ အခြေအနေသည် မန်ဝူရနှင့်စာလျှင် အများကြီး ပိုကောင်းပေသည်။ သူမ သတိလစ်သွားရခြင်းမှာ ခွန်အား အလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။
ရန်ကိုင်သည် ဆေးပေါင်းရည်တစ်စက်ကို ထုတ်ယူ၍ ရှနင်းချန်အား တိုက်ကျွေးလိုက်သည်။ ထို့နောက် သူမဘေးတွင် ထိုင်ချ၍ ရှနင်းချန် နိုးလာမည်ကို စောင့်နေလိုက်သည်။
“သခင်…” လီရုန်က ရုတ်တရက် ပြောလာခဲ့သည် “အစာပိုင်းတုန်းက သခင့်အမိန့်ကို ဖီဆန်ပြီး ကျွန်မ ကိုယ်တိုင်နဲ့ ကျွန်မတို့ မိသားစုကို အရှက်ရအောင် လုပ်ခဲ့မိလို့ ကျွန်မကို အပြစ်ပေးပါ”
“ဟန်” ရှနင်းချန်ကို စိုက်ကြည့်နေသော ရန်ကိုင်သည် လီရုန်၏ စကားများကို ကြာလိုက်ရသည့် သူမအား မလှည့်ကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ခဏကြာမျှသာ သူမဘာကြောင့် ထိုစကားများကို ပြောနေမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။
“ဪ၊ ဟိုကိစ္စလား… အဲ့အကြောင်း တွေးနေစရာ မလိုတော့ဘူး။ တကယ်တော့ ကျုပ်ကိုယ်တိုင်ကလည်း မဟုတ်တာပါ။ ခင်ဗျားကို မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကိုယ်ပွားကို ဆန့်ကျင်ဖို့ အမိန့်မပေးခဲ့သင့်ပါဘူး။ ဒါကြောင့် အဲ့ဒါက ခင်ဗျားအပြစ် မဟုတ်ဘူး”
“ဒါပေမယ့် သခင်ရယ်၊ ကျွန်မနဲ့ ကျွန်မကလန်က သခင်အပေါ် သစ္စာစောင့်သိပါမယ်လို့ သစ္စာဆိုထားတာလေ။ သခင်ပေးတဲ့ ဘယ်အမိန့်ကိုမဆို ကျွန်မတို့က လွန်ဆန်လို့မှ မရတာ”
“အဲ့လောက်ကြီး လုပ်နေစရာမလိုပါဘူး။ တကယ်တော့ ဟိုလူက မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကိုယ်ပွားလေ။ ခင်ဗျား တုန့်ဆိုင်းနေတယ်ဆိုတာလည်း ဖြစ်သင့်တာပဲလေ။ တစ်နေ့ မဟာနတ်ဆိုးနတ်ဘုရား ရုတ်တရက် ပေါ်လာပြီး ကျုပ်ကို သတ်ဖို့အမိန့်ပေးလာရင် ခင်ဗျား တုန့်ဆိုင်းနေမှာလား”
ထိုမေးခွန်းကြောင့် လီရုန် တုန်လှုပ်သွားခဲ့ပြီး မည်ကဲ့သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားခဲ့သည်။
ရန်ကိုင်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည် “ခင်ဗျား တုန့်ဆိုင်းနေမှာပေါ့၊ မဟုတ်ဘူးလား။ တကယ်တော့ ကျုပ်က ခင်ဗျားရဲ့ သခင်ပဲလေ။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရားက ခင်ဗျားတို့အတွက် နတ်ဘုရားတစ်ပါးပဲလေ။ ဒါကြောင့် အတိတ်ကဟာတွေကို ထပ်ပြောမနေတော့နဲ့”
လီရုန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်၏ “ဟုတ်ကဲ့ပါ”
ရုတ်တရက် လီရုန်က ပြုံးလျက် “သခင်၊ ဒီမိန်းကလေးက သခင် ချစ်ရတဲ့သူလား”
“အင်း” ရန်ကိုင်က နည်းနည်းလေးမျှ တုန့်ဆိုင်းမနေဘဲ ဝန်ခံလိုက်သည်။
“သူ့ကို ကြည့်တဲ့ သခင့် အကြည့်တွေက ဒီလောက် သိမ်မွေ့ကြင်နာနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” လီရုန်က နွေးထွေးစွာပြုံးလိုက်ပြီး “အရင်တုန်းက သခင်က ဘယ်မိန်းမကိုမဆို ဒီလို အမူအရာမျိုးနဲ့ မကြည့်ဖူးတော့ ဘယ်လို မိန်းမမျိုးကများ သခင့်ကို ဆွဲဆောင်နိုင်ပါမလဲလို့ တွေးနေခဲ့တာ။ ဒီမိန်းကလေးက ဇာပဝါကို ဝတ်ဆင်ထားလို့ သူ့ရုပ်ကို မမြင်ရပေမယ့်၊ မိန်းမလှလေး တစ်ယောက် ဆိုတာကတော့ သေချာတယ်”
“အလှလေးလား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး မဲ့ပြုံးပြုံးလျက် “သူလှလား၊ မလှလား ဆိုတာကိုတော့ ကျုပ်လည်း သေချာမသိဘူး။ ဘာလို့လဲဆိုတော့ သူ့မျက်နှာ အစစ်ကို ကျုပ်လည်း တစ်ခါမှ မမြင်ဖူးဘူး”
“အန်” လီရုန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ကြားလိုက်ရသည်ကို မယုံကြည်နိုင်သည့် အမူအရာဖြင့် “သခင်က သူ့မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးတာလား”
ရန်ကိုင် ခေါင်းခါလိုက်သည်။
ရှနင်းချန် ဝတ်ဆင်ထားသည့် ဇာပဝါသည် မှော်ရတနာ တစ်မျိုးမျိုး ဖြစ်လောက်သည်။ ယခင်က ထိုဇာပဝါကို မည်သည့် အရာဖြင့် ပြုလုပ်ထားသလဲ ဆိုသည်ကို မသိခဲ့သလို ဇာပဝါ၏ အရည်အသွေးကိုလည်း နားမလည်ခဲ့ချေ။ သို့သော် ယခု သူသိသွားခဲ့လေပြီ။
ထိုဇာပဝါကိုသာ ဝတ်ဆင်ထားသရွေ့ တစ်ယောက်ယောက်သည် သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် သူမ၏ မျက်နှာကို စစ်ဆေးကြည့်ရန် ကြိုးစားလျှင်ပင် ဘာကိုမှ မြင်ရလိမ့်မည် မဟုတ်ချေ။
“သူ့အပေါ် သခင့်အချစ်က တကယ်ကို နက်ရှိုင်းလွန်းတာ ဖြစ်ရမယ်” လီရုန်က ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်သည်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် မျက်နှာပင် တစ်ခါမှ မမြင်ဖူးသော မိန်းကလေး တစ်ယောက်ကို အဘယ်ကြောင့် မမေ့လျော့နိုင် ဖြစ်နေရမည်နည်း။ ထို့အပြင် သူမကို မြင်သည့်အခါတွင်လည်း သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့လောက်အောင် ဖြစ်သွားလိမ့်မည် မဟုတ်ချေ။
လီရုန် သိထားသလောက် ရန်ကိုင်သည် အလွန်ကိုမှ တည်ငြိမ်သည့် လူစားမျိုးဖြစ်သည်။ သူ့အား စိတ်လှုပ်ရှားအောင် လုပ်နိုင်သည့်အရာဆို၍ အနည်းအကျဉ်းသာ ရှိသည်။
“ကောင်လေး၊ သူသာ ရုပ်ဆိုးနေရင်း မင်းဘာလုပ်မှာလဲ” မိုးကြိုးနဂါးက ရုတ်တရက် မေးလာခဲ့သည်။
“ကိစ္စမရှိဘူး။ စီနီယာမမလေးရဲ့ နှလုံးသားက တုနှိုင်းမရအောင်ကို သန့်စင်တာ။ ကျုပ်မျက်လုံးထဲမှတော့ စီနီယာမမလေးက အမြဲတမ်း မိန်းမလှလေး တစ်ယောက်ပဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးလိုက်သည်။
မိုးကြိုးနဂါးက တစ်ခဏကြာအောင် မျက်မှောင် ကြုံ့နေပြီးနောက် ရုတ်တရက် ခေါင်းညိတ်၍ “ဟုတ်တယ်နော်။ စိတ်ခံစားချက်က နက်ရှိုင်းလွန်းနေရင် ဆက်ဆံရေး ဆိုတာလည်း လှပသွားတတ်တယ်”
“ဒါပေမယ့် သူဘယ်လိုရုပ်ရှိလဲဆိုတာကို မင်းမသိချင်ဘူးလား” မြေကမ္ဘာနွားသိုးက ရုတ်တရက် ကောက်မေးလိုက်သည် “သူအခု သတိမေ့နေတာ။ အခုအချိန်က တကယ့်ကို ရွှေရောင်အခွင့်အရေးကြီးနော်”
“ဟင့်အင်း။ စီနီယာမမလေးကိုယ်တိုင် သူ့မျက်နှာကာကို ချွတ်ပြလာမယ့်နေ့ကို ကျုပ်စောင့်နေမှာ။ အဲ့အချိန်က ကျုပ်ကြည့်ချင်သလောက် ကြည့်လို့ရပြီလေ” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး “ကျုပ်သာ အခုနေ ချောင်းကြည့်လိုက်ရင် အကျိုးရှိသွားမယ့်လူက ခင်ဗျားတို့ နှစ်ယောက် ဖြစ်သွားမှာ”
ရန်ကိုင်စကားလုံး မိုးကြိုးနဂါး ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “မင်းချစ်တဲ့ မိန်းကလေးရဲ့ မျက်နှာကို အခြားသူတွေဆီ မပြချင်လောက်အောက် မင်းဒီလောက် ဥစ္စာရူးထလိမ့်မယ်လို့ ငါမထင်ထားဘူး”
“ကိုယ့်ဘာသာနေစမ်းပါဗျာ” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်သည်။ တကယ်တော့ ရှနင်းချန်၏ မျက်နှာအစစ်ကို သူကော မမြင်ချင်ဘဲ နေမလား။ မြင်ချင်လှပါဘိ၊ သို့ရာတွင် ပထမဆုံးအကြိမ်အဖြစ် သူမ မျက်နှာကို မြင်ရသည့်သူမှာ သူတစ်ယောက်တည်း ဖြစ်နေလျှင် ပို၍ မကောင်းပေဘူးလား။
“ဒါပေမယ့် ဒီဘုရင်လည်း သိချင်မိသား။ မင်းတို့နှစ်ယောက် ဘယ်ဂိုဏ်းကနေလာတာလဲ။ ငယ်ငယ်လေးတွေနဲ့ ဒီလောက် ကျင့်ကြံခြင်းအဆင့် မြင့်နေတာ၊ ငါတစ်ခါမှ မမြင်ဖူးဘူး။ ကောင်းကင်ဂိုဏ်းတော်က လာတယ်လို့တော့ လာမပြောနဲ့။ ကောင်းကင်ဂိုဏ်းတောမှ အဲ့လိုစွမ်းရည် မရှိဘူး”
“ကျုပ်မှာ အခြား စီနီယာမတစ်ယောက် ရှိသေးတယ်။ သူကလည်း ကျုပ်တို့နှစ်ယောက်အောက် မညံ့ဘူး” ရန်ကိုင်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။
မိုးကြိုးနဂါး၏မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး “အခွင့်အရေးသာရှိရင် ဘယ်လိုနေရာကများ မင်းတို့လို မွန်းစတားတွေကို ပျိုးထောင်ပေးနိုင်လဲ ငါတကယ် မြင်ချင်တယ်”
“အခွင့်အရေးရှိရင်လား…” ရန်ကိုင် ရုတ်တရက် စိတ်ဓါတ်ကျသွားခဲ့သည်။ ယခုထိတိုင် ဗဟိမြို့တော်ဆီ မည်ကဲ့သို့ ပြန်ရမည်ကို သူမသိသေးချေ။
“မေ့လိုက်တော့။ အခုလောလောဆယ် အဲ့ကိစ္စကို ဘေးဖယ်ထားလိုက်တော့” မိုးကြိုးနဂါးက ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်ပြီး အလေးအနက် အမူအရာဖြင့် “ကျောက်တိုင်ရှစ်တိုင်မှာတုန်းက ဟိုလူနဲ့ မင်းတို့ ဘာတွေ ပြောနေတာလဲ။ သူကကော ဘယ်သူလဲ”
ရန်ကိုင်နှင့် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားသည် ကောင်းကင်စိတ်အာရုံဖြင့်သာ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေခြင်း ဖြစ်သည့်အတွက် သူတို့၏ အမူအရာ ပြောင်းလဲသွားသည်မှလွဲ၍ သူတို့ ဘာပြောနေလဲ ဆိုသည်ကို မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးများ နားမလည်ခဲ့ကြပေ။
“သူဘယ်သူလဲ။ မိုးကြိုးနဂါးစီနီယာကြီး သိပြီးသား မဟုတ်ဘူးလား” ရန်ကိုင်က ပြုံးပြလိုက်သည်။
မိုးကြိုးနးဂါး၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် “ဒီတော့… သူက မဟာနတ်ဆိုးနတ်ဘုရားကြီးလား”
“မဟာနတ်ဆိုးနတ်ဘုရာလား” မြေကမ္ဘာနွားသိုး အလန့်တကြား ထအော်လိုက်သည် “မဟုတ်သေးဘူး။ အဲ့လူက ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ကျော်ကတည်းက သေသွားပြီးပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလို နေရာမှာ ပေါ်လာရတာလဲ”
“သူက အကြွင်းအကျန် စိတ်ဝိဥာဉ်တစ်ခု ဖြစ်လောက်တယ်” မိုးကြိုးနဂါးက ခန့်မှန်း ပြောဆိုလိုက်သည် “သူ့မှာ ရုပ်ခန္ဓာမရှိတာတောင် သူ့အကြွင်းအကျန် ဝိဥာဉ်က အဲ့လောက်တောင် အားကောင်းတယ်။ သူအသက်ရှင်နေတုန်းက ဆိုရင် ဘယ်လောက်တောင် အားကောင်းမလဲ မသိဘူး”
မဟာနတ်ဆိုးနတ်ဘုရားသည် ဤလောကကြီး၏ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်ဟု ကောလဟာလများ ရှိကြသည်။
သို့သော် ထိုနေရာတွင် သူတို့မြင်ခဲ့၊ တွေ့ကြုံခဲ့သမျှ အရ မဟာနတ်ဆိုးနတ်ဘုရားသည် သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက် လုပ်နိုင်စွမ်းထက် ပို၍ သာလွန်သော နည်းလမ်းများအား ပိုင်ဆိုင်ထားသည်ကို သူတို့ တွေ့ရှိလိုက်ရဿည်။
သူတော်စင် တတိယအဆင့် ပညာရှင်သုံးယောက်နှင့် ဒုတိယအဆင့် ပညာရှင်နှစ်ယောက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူစီစဉ်ထားခဲ့သည် နည်းလမ်း တစ်ခုကြောင့် လုံးဝကို မကူနိုင်မကယ်နိုင် ဖြစ်သွားခဲ့ရသည်။
မဟာနတ်ဆိုးနတ်ဘုရားသာ သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစနေမည်ဆိုပါက ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။