အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၈) ရောင်းရန် မဟုတ်
သွေးပင်လယ်ထဲတွင် ပိတ်မိနေသော ရန်ကိုင်တို့ အဖွဲ့သည် အမျိုးမျိုးသော ပညာရပ်များကို ထုတ်ဖော်ပြသကာ ထိုအန္တရာယ်များသည့် နေရာမှ လွတ်မြောက်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ကြသည်။
သို့သော် သူတို့ မည်မျှပင် ပြေးစေကာမူ သွေးပင်လယ်ကြီးသည် သူတို့အား ပိတ်လှောင်မြဲ၊ ပိတ်လှောင်ထားဆဲ။
သွေးပင်လယ်ကပဲ အကန့်အသတ် ကျယ်ပြောနေခြင်းလား၊ သို့မဟုတ် ထွက်ပြေးနေသည့် သူတို့နောက်ကိုပဲ တောက်လျှောက် လိုက်ပါနေခြင်းလား၊ မည်သူမှ မပြောတတ်။
တဖြည်းဖြည်းနှင့် မိုးကြိုးနဂါးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ရပြီး အားကုန်သုံးကာ သွေးလူများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်လာခဲ့ရသည်။
မီတာတစ်ထောင်ပတ်လည် အတွင်းတွင် လျှပ်စီးကြောင်းလေးများသည် ဟိုဟိုဒီဒီ ပျံသန်းရင်း သွေးပင်လယ်ဆိုသော အတားအဆီးကို ချိုးဖျက်၍ လွတ်လပ်ရှာရန် ကြိုးစားနေခဲ့ကြသည်။
မိုးကြိုးနဂါး၏ သားရဲအသွင်မှာ မီးတောက်နီမိုးကြိုးနဂါး ဖြစ်သည်။ သူသည် မီးဓါတ်ရော မိုးကြိုးဓါတ်ကိုပါ နိုင်နင်းကျွမ်းကျင်ကာ အရမ်းကိုမှ အားကောင်းလှသော ပညာရှင် တစ်ယောက် ဖြစ်ပေသည်။ သို့တိုင် သူပင်လျှင် လက်ရှိ အခြေအနေ၌ ကူကယ်ရာ မဲ့လာခဲ့ရလေပြီ။
မြေကမ္ဘာနွားသိုး ဖန်တီးထားသည့် အညိုရောင် အလင်းစက်ကွင်းများသည် ခဏတာသာ တောင့်ခံနိုင်ပြီး သွေးပင်လယ်၏ တိုက်စားမှုကြောင့် တဖြည်းဖြည်း အရောင် မှိန်ဖျော့လာခဲ့ရသည်။
ကျင်းနီခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စူးရှလှသည့် အဝါရောင်ချီတို့မှာလည်း မှိန်ဖျော့စ ပြုလာခဲ့သည်။
ကိုင်တေ၏ ခုနှစ်ရောင်စဉ်နှင့် လီရုန်၏ ပိန်းပိန်းပိတ် မည်းနက်နေသော နတ်ဆိုးချီတို့သည် သွေးပင်လယ်ထဲသို့ တရဟော တိုးဝင်သွားခဲ့ကြသော်လည်း သွေးပင်လယ်ကြီးသည် အောက်ခြေမဲ့တွင်းနက်ကြီးတစ်ခုပမာ တိုးဝင်လာသမျှ သူတို့၏ စွမ်းအင်အားလုံးကို ဝါးမြိုပစ်ခဲ့သည်။
သွေးပင်လယ်မှ ဖြစ်ပေါ်လာသော သွေးလူများသည် သန်မာခြင်းမရှိကြချေ။ ရှင်းရှင်းပြောရလျှင် တကယ့်ကိုပင် အားနည်းလှသည်။ သူတော်စင်အဆင့် ပညာရှင်များအဖို့ အခြေခံတိုက်ကွက်လေးများဖြင့် အသုံးပြုတိုက်ခိုက်လျှင်ပင် သူတို့ထဲမှ တော်တော်များများကို ဖျက်စီးပစ်နိုင်သည်။
သို့သော်လည်း သွေးလူများသည် ပျက်စီးသွားသော်ငြား ပြန်ပြန်၍ ဖြစ်ပေါ်လာကြသည်။
တစ်ချိန်တည်းတွင် သွေးမြူသည် အရံအတားထဲသို့ စိမ့်ဝင်၍ သူတို့၏ ခွန်အားကို တတိတိ တိုက်စားနေခဲ့သည်။
ရန်ကိုင်သည် အဖွဲ့ထဲတွင် အားအနည်းဆုံး ဖြစ်သည်။ ထို့အတွက်ကြောင့်ပဲ သူသည် သူတော်စင်ငါးယောက်၏ ကာကွယ်ပေးထားခြင်းခံရကာ အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။
သူတော်စင်ငါးယောက်သည် သွေးပင်လယ်၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံကာကွယ်နေစဉ် ရန်ကိုင်သည် သွေးပင်လယ်နှင့် သွေးလူများကို သေသေချာချာ ဆန်းစစ်လေ့လာနေခဲ့သည်။
ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် လေ့လာနေစဉ် ရုတ်တရက် တေဇောဓါတ်အသိစိတ်စွမ်းအင်ကို ထုတ်လွှတ်၍ လီရုန်ဆီ ချဉ်းကပ်လာနေသော သွေးလူကို တိုက်ခိုက်လိုက်သည်။
ချစ်ချစ်းတောက် ပူလောင်သည့် အပူစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး နယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုနယ်ပယ်အတွင်း ၎င်းနှင့် ထိတွေ့သမျှ အရာအားလုံးကို လောင်ကျွမ်းပစ်တော့လေသည်။
လက်ရှိအချိန်တွင် အကုန်လုံးသည် ရေခဲကန်ထဲ ရောက်နေသလို ခံစားနေခဲ့ရသည်။ သို့သော်လည်း ရန်ကိုင် ဖန်တီးလိုက်သော နယ်ပယ် ထွက်ပေါ်လာသည်နှင့် သူတို့ အရေပြား မီလောင်းသွားသကဲ့သို့ ခံစားလိုက်ရကာ မွန်းစတားမျိုးနွယ်စုဝင် လေးယောက်စလုံး ရန်ကိုင်အား အံ့ဩတကြီးဖြင့် စိုက်ကြည့်လာခဲ့ကြလေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော သွေးလူ ဆူပွက်လာသည်ကိုလည်း မြင်တွေ့လိုက်ရ၏။
သွေးလူသည် သွေးသက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းတွင် အသားမရှိသလို အရေပြားလည်း မရှိချေ။ ထို့ကြောင့် သူတစ်ကိုယ်လုံး ဆူပွက်လာသည်နှင့် ပူပေါင်းများ သူ့ခန္ဓာကိုယ်တစ်လျှောက် ပလုံစီထလာခဲ့ပြီး အလျင်အမြန် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အကုန်လုံး၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ကြသည်။
“လုပ်တာကောင်းတယ် ကောင်လေး” မြေကမ္ဘာနွားသိုးက အော်ပြောလိုက်သည်။
ဤသွေးပင်လယ်ထဲ ပိတ်မိနေသည့်အချိန်မှစ၍ ယခုမှသာ သွေးလူတစ်ယောက်အား အပြီးတိုင် ဖျက်စီးပစ်လိုက်နိုင်ခြင်း ဖြစ်ပေသည်။
“စီနီယာကြီး မီးကိုပဲသုံး” ရန်ကိုင်က မိုးကြိုးနဂါးက လှမ်းပြောလိုက်သည်။
မိုးကြိုးနဂါးကို ရန်ကိုင် သတိပေးစရာပင် မလိုတော့။ သူ့ဘာသာ မီးဓါတ်ကို စတင်အသုံးပြုကာ တိုက်ခိုက်နေခဲ့လေပြီ။
သွေးလူသားတို့၏ တိုက်ခိုက်မှုများမှာလည်း တစ်မုဟုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။ မီးတောက်သည် သူတို့နှင့် ဝေးကွာနေသောလည်း ထိုမီးတောက်မှ ဖြာထွက်နေသော အပူအရှိန် သက်သက်နှင့်ပက် သူတို့၏ ခန္ဓာကိုယ်များ ဆူပွက်စပြုလာခဲ့သည်။ ဝိုးတဝါးတား မျက်နှာများသည်လည်း နာကျင်မှုကြောင့် မဲ့ရွဲ့လာခဲ့သည်။
မိုးကြိုးနဂါးက မာန်သွင်းအော်ဟစ်လိုက်ပြီး မီးနဂါးကြီး တစ်ကောင်ကို ဖန်တီးကာ သွေးပင်လယ်ကို တိုက်ခိုက်လိုက်သည်။ ရန်ကိုင်သည်လည်း သူ့တေဇောဓါတ် အသိစိတ်စွမ်းအင်ဖြင့် အနီးအနာရှိ သွေးလူများကို စတင် တိုက်ခိုက်တော့လေသည်။
“ဒါက ရေရှည်အတွက်မကောင်းဘူး။ ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့လိုလိမ့်မယ်” မိုးကြိုးနဂါးက လှမ်း၍ အော်ဟစ်သတိပေးလိုက်သည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း သွေးပင်လယ်၏ အကန့်အသတ်ကို ဘယ်သူမှ မမြင်တွေ့နိုင်ခဲ့။ ထိုအချိန်အတွင်း သွေးမြူသည် အရံအတားထဲသို့ ဖောက်ဝင်၍ သူတို့၏ ခွန်အားကို တတိတိ တိုက်စားနေခဲ့သည်။ ဤအတိုင်းသာ ဆက်သွားနေပါက သွေးပင်လယ်တစ်ခုလုံးကို အငွေ့ပျံအောင် မလုပ်နိုင်ခင် သူတို့အား သေသွားရပေလိမ့်မည်။
“မင်းနဲ့ဒီကောင်လေး နှစ်ယောက်ပေါင်းပြီး လမ်းရှင်းပေးသွားလို့ မရဘူးလား” မြေကမ္ဘာနွားသိုးက အကြံပေးလိုက်သည်။
“မရဘူး။ ဒီသွေးပင်လယ်က အရမ်း ထူးဆန်းတယ်။ ကြည့်ရတာ ငါတို့နောက်ကို တကောက်ကောက် လိုက်နေတဲ့ပုံပဲ။ ငါတို့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဒါကြီးကလည်း ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး” မိုးကြိုးနဂါးက သွေးလူများကို သူ့မီးစွမ်းအင်ဖြင့် လောင်ကျွမ်းပစ်နေရင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် အကုန်လုံး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်ကာ စိတ်ဓါတ်ကျချင်စ ပြုလာခဲ့ကြသည်။
“ဟုတ်သားပဲ” ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်ရကာ စိတ်လှုပ်ရှားဖြင့် ထအော်လေသည်။
သူ့အမူအရာကို မြင်လိုက်သည်နှင့် မိုးကြိုးနဂါးက စိတ်လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းပဲ ကောက်မေးလိုက်သည် “ကောင်လေး၊ ဒီကနေ ထွက်ဖို့ လမ်းရှာတွေ့ပြီလား။ စဉ်းစားမိတာရှိရင် တုန့်ဆိုင်းမနေနဲ့ ပြောသာပြောလိုက်။ သေရမှာထက်စာရင် တစ်ခုခု လုပ်လိုက်တာက ပိုကောင်းတယ်”
“ကျပ်မှာအကြံရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လီရုန်ဘက်သို့လှည့်ကာ မေးလိုက်လေသည် “လီရုန်၊ ခင်ဗျားမှာ ဟိုသွေးအဆီအနှစ်ကျောက်တုံး ပါလာသေးလား”
ရန်ကိုင် မေးခွန်းကို ကြားကြားချင် လီရုန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် မကြာမီမှာပင် သူမ၏ မျက်ဝန်းလေးများ တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင် အကြံကို ချက်ချင်းပဲ သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သွေးအဆီအနှစ်ကျောက်တုံးကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ ပေးလိုက်လေသည်။
ထိုအသွေးအဆီအနှစ်ကျောက်တုံးသည် ကြယ်တရာကောင်းကင်မှ ပစ္စည်းတစ်ခုဖြစ်ပြီး သွေးများကို စုပ်ယူကာ မည်သူမဆို အသုံးပြုနိုင်သော သွေးချီအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။
ထိုပစ္စည်း၏ မူရင်းပိုင်ရှင်မှာ ကြယ်ရောင်ဖြာနန်းတော်၏ ကျန်းအောင်ဖြစ်လေသည်။ သို့သော် နှင်းတောင်းတန်းမှ အဖြစ်အပျက်ပြီး နောက်ပိုင်း ကျန်းအောင် အသတ်ခံရလိုက်ရပြီး ထိုသွေးအဆီအနှစ်ကျောက်တုံးသည် ရန်ကိုင် လက်ထဲသို့ ရောက်ရှိလာခဲ့ရလေသည်။
ယခင်တစ်ကြိမ် ရန်ကိုင်သည် ထိုသွေးအဆီအနှစ် ကျောက်တုံးဖြင့် သွေးများစွာကို စုပ်ယူကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော ရှေးဟောင်းနတ်ဆိုးကလန်သား တစ်ယောက်ကို ပြန်လည်ကုသပေးခဲ့သည်။ ထို့နောက်ပိုင်း သွေးအဆီအနှစ်ကျောက်တုံးကို လီရုန် လက်ထဲတွင် ထားခဲ့လိုက်လေသည်။
ယခုမှပဲ ထိုအသွေးအနှစ်ကျောက်တုံးကို ရန်ကိုင် ပြန်စဉ်းစားမိလိုက်ခြင်းဖြစ်သည်။
“သွေးအဆီအနှစ်ကျောက်တုံးလား” မိုးကြိုးနဂါးက အလန့်တကြားဖြင့် အော်ပြောလိုက်သည် “ကြယ်တာရာကောင်းကင်က ပစ္စည်းကို ပြောနေတာလား”
ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြိးလိုက်ပြီး “စီနီယာကြီးက ဗဟုသုတ တော်တော် နှံ့စပ်တာပဲ”
“မင်းမှာ အဲ့ဒါရှိနေတာလား” မိုးကြိုးနဂါး စိတ်အားတက်သွားခဲ့ပြီး အကျယ်ကြီး အော်ရယ်မောလိုက်ကာ “ကြည့်ရတာ ငါတို့ကိုတော့ ဘုရားမပြီပဲ”
“အနည်းဆုံးတော့ ကြိုးစားကြည့်ရမှာပေါ့” ရန်ကိုင်က တုန့်ဆိုင်းမနေတော့ဘဲ သွေးအဆီအနှစ်ကျောက်တုံးထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်းလိုက်လေသည်။ သွေးအဆီအနှစ် ကျောက်တုံးသည် တလက်လက် တောက်ပလာခဲ့ပြီး ၎င်းဆီမှ အားကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမမြင်နိုင်သော စွမ်းအားထဲ ဖမ်းဆီးခြင်း ခံလိုက်ရသော သွေးလူများသည် ကြောက်လန့်တကြား အော်ဟစ်ရင် သွေးပင်လယ်ထဲသို့ ထွက်ပြေးရန် အသည်းအသန် ကြိုးစားကြတော့လေသည်။
သို့သော် သူတို့ အပြေးနောက်ကျသွားခဲ့သည်။ သွေးအဆီအနှစ်ကျောက်တုံး၏ စုပ်ယူအားသည် သူတို့ကဲ့သို့သော သွေးလူများ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
အသက်တစ်ရှိုက်စာအတွင်းမှာပင် သူတို့ခြောက်ယောက် အဖွဲ့၏ ဆယ်မီတာပတ်လည်တစ်ခုလုံး ဗြောင်တလင်း ခါသွားခဲ့သည်။
သို့သော်လည်း ၎င်းသည် အစသာရှိသေးသည်။ သွေးအဆီအနှစ်ကျောက်တုံးသည် ထိုမျှနှင့်ပင် မတင်းတိမ်သေးဘဲ ဘေးပတ်ပတ်လည်ရှိ သွေးပင်လယ်ထဲမှ သွေးများကို စတင်စုပ်ယူရန် ကြိုးစားလာတော့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်မှပဲ အကုန်လုံး သက်ပြင်း အမောကြီး ချလိုက်နိုင်ကြသည်။
သူတို့ ဤဒုက္ခဘေးမှ ကင်းလွတ်နိုင်ခဲ့လေပြီ။
အချိန်ကြာလာသည်နှင့် သွေးအဆီအနှစ်ကျောက်တုံးမှ ထွက်ပေါ်နေသော သွေးရောင်မှာ ပိုပို၍ ရဲတောက်လာခဲ့သည်။ လက်သီးဆုပ်အရွယ်လေးသာ ရှိသော သွေးအဆီအနှစ် ကျောက်တုံးသည် ဘေးပတ်ဝန်းကျင်ရှိ သွေးများကို စုပ်ယူရင်း တဖြည်းဖြည်း ကြက်သွေးရောင် ပြောင်းလာခဲ့လေ၏။
ယခု သွေးအဆီအနှစ်ကျောက်တုံးထဲတွင် ရှိနေသော သွေးပမာဏမှာ မတိုင်းတာနိုင်လောက်အောင် များပြားနေခဲ့လေပြီ။
ကျောက်တုံးအား လက်ထဲတွင် ကိုင်ထားသော ရန်ကိုင်သည်ပင် သွေးအဆီအနှစ်ကျောက်တုံးသည် တကယ့် နှလုံးတစ်ခုကဲ့သို့ တဒုတ်ဒုတ် ခုန်နေသည်ကို ခံစားမိနေသည်။
တစ်နာရီလောက်ကြာပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ကြည်လင်စပြုလာခဲ့ပြီး သူတို့ခြောက်ယောက်အား လွှမ်းခြုံထားသော သွေးပင်လယ်မှာလည်း သိသိသာသာကို မှေးမှိန်စ ပြုလာခဲ့လေသည်။
နောက်တစ်နာရီကြာပြီးသည့်နောက်တွင် သွေးပင်လယ် လုံးဝကို ပျောက်ကွယ်သွားခဲ့လေသည်။
ယခုအချိန်တွင် သွေးအဆီအနှစ်ကျောက်တုံးမှ ထွက်ပေါ်နေသော သွေးချီသည် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက်ကို မှင်သက်စေနိုင်သည်အထိ အားကောင်းနေခဲ့ချေပြီ။
သူတို့၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်လျှင်ပင် ထိုမျှအားကောင်းလှသော သွေးချီကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
“တကယ့် ရတနာကောင်းပဲ။ ဒါကို မင်းဘယ်ကနေ ရလာတာလဲ ကောင်လေး” မြေကမ္ဘာနွားသိုးက သွေးအဆီအနှစ် ကျောက်တုံးကို စိတ်ဝင်တစား စိုက်ကြည့်ရင်း ရန်ကိုင်ကို မေးလိုက်သည်။
မိုးကြိုးနဂါးက ရယ်ရယ်မောမောဖြင့် ခေါင်းခါလိုက်ပြီး “စဉ်းတောင်မစဉ်းစားနဲ့။ ဒီလိ ကြယ်တာရာကောင်းကင်ကနေ လာတဲ့ ပစ္စည်းမျိုးဆိုတာ ကံပါမှပဲ ရနိုင်တာ။ ဒီဘုရင်တောင် ဒါကို ကြားပဲကြားဖူးတာ။ အမှန်အတိုင်း ပြောရရင် ဒီဘုရင်လည်း ဒီပစ္စည်းကို ဒီနေ့မှပဲ ပထမဆုံး စတွေ့ဖူးတာ”
ပြောပြီးသည်နှင့် ရန်ကိုင်အား ကြည့်၍ “ကောင်လေး၊ မင်းကံကတော့ တကယ်ကို မနာလိုချင်စရာကြီးကွာ”
“ဘာမှမဟုတ်ပါဘူးဗျာ” ရန်ကိုင်က ရယ်မောလိုက်ပြီး သွေးအဆီအနှစ်ကျောက်တုံးကို ကစားနေလိုက်သည်။ ထိုသွေးအဆီအနှစ်ကျောက်တုံးသည် ကျောက်တုံးအစား နှလုံးတစ်ခုနှင့်ပင် ပိုတူလာနေခဲ့လေသည်။
“ငါ့ဆီ မရောင်းချင်ဘူးလား။ ဒီဘုရင်ပေးမယ့်ဈေးကို မင်းကျိန်းသေ စိတ်ကျေနပ်စေရမယ်” မိုးကြိုးနဂါးက မေးလိုက်သည်။
ရန်ကိုင်သည် သွေးအဆီအနှစ်ကျောက်တုံးကို အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲသို့ ချက်ချင်း ပြန်ထည့်သိမ်းလိုက်ပြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်၏။
မိုးကြိုးနဂါး မျက်နှာမဲ့ပြလိုက်ပြီး “မရောင်ချင်ရင်လည်း ပြောလေ။ အခုလိုလုပ်တာက ဘာလဲ။ ဒီဘုရင်က အဲ့ကျောက်တုံးကို မင်းဆီကနေ လုယူမှာ စိုးနေတာလား”
“မိုးကြိုးနဂါး၊ မင်းဘာလို့ အဲ့ကျောက်တုံးကို ဝယ်ချင်နေတာလဲ” မြေကမ္ဘာနွားသိုးက ဝင်မေးလိုက်သည်။
“မင်းဘာသိလို့လဲ” မိုးကြိုးနဂါးက အထင်အမြင်တသေးဖြင့် “ဒါက သွေးတွေကိုစုပ်ယူပြီး သွေးချီအဖြစ် ပြောင်းနိုင်တယ်ကွ။ သွေးချီဆိုတာကို ဒဏ်ရာတွေကုသတဲ့နေရာကော၊ သွေးနဲ့ဆိုင်တဲ့ ပညာရပ်တွေ၊ ကျင့်စဉ်တွေမှာကော သုံးလို့ရတယ်။ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတဲ့အချိန် ဒါနဲ့ အသက်စွမ်းအင်ကို ပြန်ဖြည့်တင်းပြီး ကိုယ့်ခွန်အားကို တိုးတက်သွားအောင်တောင် လုပ်လို့ရသေးတယ်။ ပြီးတော့ ဒါကို သုံးလိုက်လို့ ဘာဘေးထွက်ဆိုးကျိုးမှ ရှိတာမဟုတ်ဘူး”
“အံ့ဩစရာပဲ” မိုးကြိုးနဂါးပြောသည်ကို နားထာင်ပြီး မြေကမ္ဘာနွားသိုး၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားရသည်။
“ကျုပ်ကို အဲ့လို လာကြည့်မနေနဲ့။ ခင်ဗျားတို့ ဘာဈေးပဲ ပေးပေး၊ ဒီသွေးအဆီအနှစ်ကျောက်တုံးကို ရောင်းမှာ မဟုတ်ဘူး” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး “ကျုပ်လို တော်ဝင်သခင်တစ်ယောက်အတွက် မရှားဆုံးက ငွေပဲ”
ပြောပြီးသည်နှင့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်နန်းတော်ကို ပြန်ထုတ်ယူလိုက်သည်။ ထို့နောက် ကျန်လူများကို လက်ယပ်ပြလိုက်သည် “ဒီလမ်းပဲ”
“ဒီကောင်လေးကတော့…” မိုးကြိုးနဂါးက ပြောစရားစကား မဲ့နေခဲ့ရသည်။ မဲ့ပြုံးပြုံးလျက်သာ ခေါင်းခါရမ်လိုက်ရင်း ဆေးလုံး အနည်းငယ်ထုတ်ယူ၍ မျိုချလိုက်သည်။
အချိန်ကြာလာသည်နှင့် ကောင်းကင်နန်းတော်မှ ဖြာထွက်နေသော အလင်းရောင်းမှာ ပိုပို၍ အားကောင်းလာခဲ့သည်။
ရန်ကိုင်သည်လည်း ပိုပို၍ စိတ်လှုပ်ရှားလာနေခဲ့သည်။ မန်ဝူရ ဤနေရာတွင် ရှိနေမည်ဟုလည်း သူ့စိတ်ထဲတွင် ပိုပို၍ ယုံကြည်လာနေခဲ့သည်။
မန်ဝူရ ထွက်သွား၍ သူ့အရှိန်အဝါ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါက ကောင်းကင်နန်းတော်အနေဖြင့် ထိုကဲ့သို့ တုန့်ပြန်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်နန်းတော်၏ လက်ရှိတုန့်ပြန်မှုကြောင့် မန်ဝူရ ဤနေရာတွင် ရှိနေမည်ဟု ရန်ကိုင် ထင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင်သည် မျှော်လင့်ချက်အပြည့်ဖြင့် အရှိန် တင်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် ကောင်းကင်နန်းတော် ရုတ်တရက် စူးစူးရှရှ ထတောက်လာခဲ့ပြီး ရန်ကိုင်လက်မှ ရွှတ်ခနဲ လွတ်ထွက်သွားကာ အဝေးတစ်နေရာဆီသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။