Switch Mode

Chapter – 905

လီရုန်၏ အခွင့်အရေး

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၅) လီရုန်၏ အခွင့်အရေး

မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးတို့မှာ ပိုပို၍ စိတ်ညစ်လာနေချိန် ရန်ကိုင်နှင့် လီရုန်တို့မှာ ပိုပို၍ ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ကြသည်။

ဤထူးဆန်းသော ဆန်းကြယ်လောကငယ်သို့ စရောက်စဉ်က ဤနေရာသည် မဟာနတ်ဆိုးနတ်ဘုရားနှင့် ပက်သက်နေမှန်း သိရှိခဲ့သည်။ ထိုကဲ့သို သိလျှက်နှင့် အဘယ်ကြောင့် စိတ်ညစ်နေရမည်နည်း။

ဘာကိုမှ ရှာမတွေ့သေးလျှင်ပင် လိုအပ်သော နေရာသို့ မရောက်သေးသည့် အတွက်ကြောင့် မဖြစ်နိုင်လော… ထို့ကြောင့် သူတို့နှစ်ယောက်စလုံး အမြဲတစေ သဲလွန်စများကို ရှာဖွေနေတတ်သည်။

ရန်ကိုင်နှင့် လီရုန်တို့ နှစ်ယောက်စလုံး အနှေးနှင့် အမြန်ဆိုသလို ထူးခြားသည့် အရာတစ်ခုခုကို ရှာတွေ့လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေခဲ့ကြသည်။

တစ်နေ့၊ ထိုအဆုံးမဲ့လောကကြီးထဲ ယောင်လည်လည်နှင့် လမ်းလျှောက်နေစဉ် သူ့နောက်ဘက်မှ ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုကို ရန်ကိုင် ရုတ်တရက် သတိပြုမိလိုက်သည်။

အံ့အားသင့်သင့်နှင့် နောက်သို့ လှည့်ကြည့်လိုက်ရာ လီရုန်သည် အတွေးနက်နေသည့် အမူအရာဖြင့် ကောင်းကင် ပေါ်သို့ ငေးမောကြည့်နေသည်ကို တွေ့လိုက်ရသည်။ စွမ်းအား တစ်မျိုးသည်လည်း သူမခန္ဓာကိုယ်တစ်လျှောက် အဆက်မပြတ် စီးဆင်းနေခဲ့သည်။

ထူးဆန်းသော ဥက္ကာပျံကဲ့သို့ အလင်းတန်းတစ်စင်း ကောင်းကင်ပေါ်မှ ဖြတ်သန်းပျောက်ကွယ်သွားသည့်အခါ လီရုန်၏ ခန္ဓာကိုယ်သိမ်သိမ်လေး တုန်ရင်သွားခဲ့ပြီး သူမ၏ မျက်ဝန်းလှလှလေးများ လင်းလက်တောက်ပသွားခဲ့ကာ သူမကိုယ်မှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများသည်လည်း ပိုပို၍ အားကောင်းလာခဲ့လေသည်။

ရှေ့မှဦးဆောင် သွားလာနေသော မိုးကြိုးနဂါးသည်လည်း ထိုမူမမှန်မှုကို သတိပြုမိလိုက်သဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ အထိတ်လန့်ကြီး ထိတ်လန့်သွားရလေတော့လေသည်။

ရန်ကိုင်၏ အမူအရာလည်း အပြောင်းကြီး ‌ပြောင်းလဲသွားခဲ့ရချေပြီ။ အစပိုင်းတွင် လီရုန် ဘာဖြစ်နေမှန်း နားမလည်သော်လည်း ပီတီဖြာ ရွှင်မြူးနေသည့် သူမ၏ မျက်နှာလေးကို မြင်ပြီးနောက် ရုတ်တရက် နားလည်သွားလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်လေ၏ “ဈာန်ဝင်စားနေတာပဲ”

သူမအား နည်းနည်းလေးမှ အနှောင့်အယှတ် မပေးရဲ ရန်ကိုင်သည် ချက်ချင်း ပြန်ဆုတ်သွားလိုက်ပြီး အနောက်ဘက်တွင် ရှိနေသော မြေကမ္ဘာနွားသိုးနှင့် ကျင်းနီတို့အား လက်ယပ်ပြလိုက်သည်။

ဘာတွေဖြစ်နေမှန်း နားလည်ထားသော မွန်းစတား မျိုးနွယ်စုမှ ပညာရှင်နှစ်ယောက်သည်လည်း လီရုန်နှင့် ခပ်လှမ်းလှမ်းတွင် ခွာနေလိုက်သည်။

“သူအဆင့်ချိုးဖျက်တော့မယ်” မိုးကြိုးနဂါးက လီရုန်ကို အသေအချာ စိုက်ကြည့်ရင်း စကားဆိုလိုက်သည်။

လီရုန် သူတော်စင်ဒုတိယအဆင့်သို့ ရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။

ထို့အပြင် သူတို့အား ဆန်းကြယ်လောကငယ်အတွင်းမှ ရန်ကိုင် ခေါ်ထုတ်လာပေးသည့်အခါ သူတို့အား ထိန်းချုပ်ထားသော အချုပ်အနှောင်များ ပျက်ပြယ်သွားခဲ့ရပြီး သူတို့အား ခွန်အားမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ရသည်။

ဟန်ဖေးနှင့် ဟွာမိုတို့ဆိုလျှင် နောက်တစ်ဆင့်သို့ပင် တစ်ခါတည်း ချိုးဖျက်သွားလေသည်။

ထိုစဉ်က လီရုန်၏ ခွန်အားမှာလည်း တိုးတက်ခဲ့သည်။ သို့သော် နောက်တစ်ဆင့်သို့ ချိုးဖျက်ရလောက်သည်အထိ တိုးတက်ခြင်းမရှိခဲ့။

ယနေ့ လီရုန် တစ်ခုခုအား ကျိန်းသေ နားလည်သွားခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်ပဲ သူမအား နောက်တစ်ဆင့် မတက်နိုင်အောင် တားဆီးထားသော အဆင့်အတက် အတားဆီးကို ချိုးဖျက်ပြီး ကျင့်ကြံခြင်းတွင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

သူမသာ နောက်တစ်ဆင့်သို့ ချိုးဖျက်သွားသည်နှင့် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုအဆင့်သည် ဤလောကကြီးတွင် ကျင့်ကြံသူတစ်ယောက် အမြင့်ဆုံးရောက်ရှိနိုင်သော အဆင့် ဖြစ်ပေသည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် မိုးကြိုးနဂါးနျင့် မြေကမ္ဘာနွားသိုးတို့ နှစ်ယောက်စလုံး သူမအား အသေအချာ အာရုံစိုက်ထားမိလိုက်ကြသည်။

ရန်ကိုင်သည် အပြုံးကြီးပြုံးလျက် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

လီရုန် ပိုသန်မာလေ သူ့အတွက် အကူအညီ ပိုရလေပင်။ ယခု သူတို့သာ ရွှယ့်လီနှင့် နောက်တစ်ကြိမ် ထပ်တွေ့ရပါက အမြီးကုပ်ထွက်ပြေးရမည့်လူမှာ ရွှယ့်လီသာ ဖြစ်သွားပေလိမ့်မည်။

လီရုန် သူတော်စင်ဒုတိယအဆင့်တွင် ရှိနေစဉ်က နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို အသုံးပြု၍ ရွှယ့်လီနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့သည်။ သူတော်စင် တတိယအဆင့်သို့ ချိုးဖျက်သွားပြီးနောက် ရွှယ့်လီအား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ကို သံသယရှိစရာ မလိုချေ။

“စီနီယာကြီးကိုတို့ကို ခဏလောက် စောင့်ဆိုင်းဖို့ တောင်းဆိုရတော့မှာပဲ” ရန်ကိုင်က စီနီယာကြီးနှစ်ယောက် ဘက်သို့ လှည့်၍ အသာအယာ ဦးညွှတ်လိုက်သည်။

“ဘာမှမဖြစ်ဘူး။ ငါတို့လည်း ဘယ်လမ်း သွားရမှန်း သိသေးတာမှ မဟုတ်တာ။ ခဏလောက် စောင့်လိုက်လို့ ဘာမှ ဖြစ်မသွားဘူး” မိုးကြိုးနဂါးက ပြုံးကာ ဆက်ပြောလိုက်သည် “အခုလိုအချိန်ကြီးမှာမူ သူဘာလို့ ရုတ်တရက် အဆင့် ချိုးဖျက်သွားလဲ ငါတကယ်ကို နားမလည်နိုင်ဘူး။ ဒီနေရာမှာ သူ့ခွန်အား တိုးတက်သွားအောင် ကူညီပေးနိုင်တဲ့ အရာ တစ်ခုခုကိုများ ရှာတွေ့သွားလို့များလား”

မြေကမ္ဘာနွားသိုးလည်း ခဏတာမျှ အတွေးနက်သွားပြီး ဝင်ပြောလိုက်သည် “အရင်ရက်တွေးတုန်းက အဲ့မိန်းကလေး ကောင်းကင်ပေါ်ကိုပဲ တောက်လျှောက် မော့ကြည့်နေတာ။ ကောင်းကင်ပေါ်ကနေ ဖြတ်ဖြတ်သွားတဲ့ ထူးဆန်းတဲ့ အလင်းတန်းတွေမှာများ လျှို့ဝှက်ချက်တွေ ရှိနေတာလား မသိဘူး”

“ကောင်းကင်လား” မိုးကြိုးနဂါးက ရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူ့မော့ကြည့်လိုက်သည့် အချိန်မှာပဲ ကောင်းကင်ပေါ်မှ ဥက္ကာခဲကဲ့သို့ အလင်းတန်းတစ်ခု ဖြတ်သန်သွားခဲ့လေသည်။ ခဏအကြာ၌ မိုးကြိုးနဂါးက ခေါင်းညိတ်လိုက်ပြီး “ဖြစ်နိုင်လောက်တယ်။ သူ့အဆင့်နဲ့ဆိုရင် တစ်ခါတစ်ခါ အမှတ်တမဲ့ မတော်တဆ သတိထားမိလိုက်တဲ့ အရာတွေကပဲ သူ့ခွန်အားကို အကြီးအကျယ် တိုးတက်သွားအောင် လုပ်ပေးနိုင်လိမ့်မယ်”

“အဲ့လိုဆိုရင် ဒီနွားအိုကြီးလည်း ကောင်းကင်ပေါ်ကို မော့ကြည့်ရတော့မှာပေါ့။ အဲ့လိုကြည့်နေရင်း ငါ့ခွန်အားလည်း အကြီးအကျယ် တိုးတက်သွားတာ ဖြစ်နိုင်တာပဲလေ။ အဲ့အခါကျရင် မိုးကြိုးနဂါးအိုကြီးရေ၊ ငါ့ကို ဦးညွှတ်ဖို့သာ ပြင်ထားပေတော့ကွ” မြေကမ္ဘာနွားသိုးက ပျော်ရွှင်စွာဖြင့် ပြောလိုက်ပြီး ချက်ချင်း ထိုင်ချကာ ကောင်းကင်ပေါ်သို့ မော့ကြည့်တော့လေသည်။

မိုကြိုးနဂါးသည် ကြိတ်သာရယ်လိုက်သည်။ မြေကမ္ဘာနွားသိုးနှင့် ပြန်ငြင်းမနေတော့ဘဲ နွားအိုကြီးအတိုင်း တင်ပလင်ခွေထိုင်ကာ ကောင်းကင်ပေါ်သို့မော့၍ ထူးဆန်းသော အလင်းတန်းလေးများနှင့် ပက်သက်သည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားတော့လေသည်။

လီရုန်သည် ထိုအရာများဆီမှ တစ်ခုခုကို ရှာတွေ့လိုက်နိုင်သဖြင့် သူတို့လည်း သူမကဲ့သို့လုပ်ပြီး စောင့်နေရုံမှတစ်ပါး အခြားမရှိချေ။ သူတို့ကော ဘာကြောင့် မကြိုးစားကြည့်ဘဲ နေရမည်နည်း။

ကိုင်တေနှင့် ကျင်းနီတို့သည်လည်း တင်ပလင်ခွေထိုင်ကာ စီနီယာကြီးများ လုပ်သည့်အတိုင်း လိုက်လုပ်ကြသည်။

ရန်ကိုင်သည် ခေါင်းတရမ်းရမ်းဖြင့်သာ ထိုလူများကို လျစ်လျူရှု၍ သူ့ဘာသာ တင်ပလင်ခွေထိုင် ကျင့်ကြံနေလိုက်သည်။

လီရုန် ဈာန်ဝင်စားသည်မှာ အတော်လေး ကြာခဲ့သည်။ တကယ့် ရက်အမှန်ကို မတွက်ချက်တတ်သော်လည်း ခန့်မှန်းခြေ အနည်းဆုံး ဆယ်ရက်လောက်တော့ ရှိနေခဲ့ပေပြီ။ ထိုအချိန်အတွင်း လီရုန်သည် ကျောက်ရုပ်ကြီးကဲ့သို့ မလှုပ်မယှတ်သာ ရှိနေခဲ့သည်။ ကောင်းကင်ထက်ရှိ ထူးဆန်းသော အလင်းတန်းများကို ကြည့်နေရင်း သူမ၏ မျက်ဝန်းလေးများသည် တောက်ပသည်ထက် တောက်ပလာခဲ့သည်။

နောက်ဆုံး သူမ၏ ခန္ဓာကိုယ်သွယ်သွယ်လေး တုန်ရီလာခဲ့ပြီး ပြင်းထန်သော စွမ်းအင်တို့ သူမခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ကာ အားကောင်းသော လေဝဲကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့လေသည်။

သူတော်စင်တတိယအဆင့်တို့သာ ပိုင်ဆိုင်နိုင်သော အရှိန်အဝါသည်လည်း လီရုန်ဆီမှာ ဖြာထွက်လာခဲ့သည်။

ကောင်းကင်ထက် သိပ်သည်းလှသော မိုးမြေစွမ်းအင်တို့ စုဝေးလာခဲ့ပြီး လီရုန်အပေါ် နဂါးတစ်ကောင်ပမာ ထိုးဆင်းလာခဲ့သည်။

မာန်သွင်းအော်ဟစ်သံ တိုးတိုးလေးပြုလျက် လီရုန်သည် သူမဆီသို့ ကျဆင်းလာနေသော စွမ်းအင်အစုအဝေးကို အံတုကာ ရင်ဆိုင်လိုက်သည်။

မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုး၏ အမူအရာများလည်း လေးနက်သွားခဲ့ကြလေသည်။

နှစ်ယောက်စလုံး ထိုအဆင့်ကို ကြုံတွေ့ဖူးသူများ ဖြစ်လေရာ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကို ခုခံရန် မည်မျှခက်ခဲကြောင်း သိထားကြပေသည်။

သူတို့ အဆင့်ချိုးဖျက်စဉ်က ထိုအဆင့်ကို ကျော်ဖြတ်ရန် မူလသားရဲအသွင်သို့ ပြန်ပြောင်းခဲ့ရသည်။ သို့သော် သားရဲ ပုံစံနှင့်ပင် ထိုအဆင့်ကို ကျော်ဖြတ်ပြီးနောက် အကြီးအကျယ် စိတ်တုန်လှုပ်ချောက်ချားသွားခဲ့ရာ အချိန်အတော်ကြာမှ ပြန်လည် သက်သာလာနိုင်ခဲ့လေသည်။

သို့‌သော် လီရုန်သည် သူတို့နှင့်ယှဉ်လျှင် အားနည်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မိန်းမသားတစ်ဦး ဖြစ်သည်။ သို့တိုင် သူမသည် ထိုမိုးမြေကောင်းချီးကို ထိပ်တိုက် ရင်ဆိုင် အံ့တုနေသည်ကို မြင်သော် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက်စလုံး မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရလေသည်။

မိုးမြေစွမ်းအင်သည် လီရုန်အပေါ်သို့ အဆက်မပြတ် ကျဆင်းနေခဲ့လေသည်။ မကြာမှီ လီရုန် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်လေးသည်လည်း တုန်ရီလာခဲ့ရလေသည်။ သို့တိုင် လီရုန်သည် အံကို တင်းတင်းကြိတ်၍ တိုးဝင်လာသမျှ မိုးမြေစွမ်းအင်များကို စုပ်ယူရင်း သူမ၏ ခွန်အားအဖြစ်သို့ ပြောင်းလဲပစ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ စီနီယာကြီးနှစ်ယောက် ဖင်ဂနာမငြိမ် ဖြစ်လာခဲ့သည်။ ကိုင်တေသည်လည်း သူမ၏ နှုတ်ခမ်းပါးပါးလေးကို ကိုင်လျက် ကျောက်စိမ်းသားသဖွယ် လက်သွယ်သွယ်လေးများကို ခပ်တင်းတင်း ဆုပ်ထားခဲ့သည်။

“ကောင်လေး၊ သိပ်မဟန်တော့ဘူးနော်…” မိုးကြိုးနဂါးက ရုတ်တရက် ရန်ကိုင်နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အဲ့မိန်းကလေး ဒီမိုးမြေစွမ်းအင်မုန်းတိုင်းကြောင့် သေသွားရလိမ့်မယ်”

“ဟုတ်တယ်” မြေကမ္ဘာနွားသိုးကလည်း ခေါင်းညိတ်လိုက်ပြီး “ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်က ဒီလောကကြီးမှာ အသန်မာဆုံးပဲ။ အဲ့ဒါတောင် မိုးကြိုးနဂါးနဲ့ ငါတို့ နှစ်ယောက်စလုံး မိုးမြေစွမ်းအင်အကုန်လုံးကို သူ့လိုမျိုး မစုပ်ယူရဲဘူး။ သူအခုလုပ်နေတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပဲ”

လီရုန်သည် အစကနေ ယခုထိတိုင် သူမခန္ဓာကိုယ်ကို နတ်ဆိုးချီဖြင့် ကာကွယ်ရန် မကြိုးစားခဲ့။ မိုးမြေစွမ်းအင်ကို သူမ၏ ခန္ဓာကိုယ်အသွေးအသား သက်သက်ဖြင့်သာ တိုက်ရိုက် ခုခံရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် စီနီယာကြီးနှစ်ယောက်စလုံး သူမကိုကြည့်ရင်း ရင်တမမ ဖြစ်နေရခြင်းဖြစ်ပေသည်။

“ဟဲဟဲ။ စိတ်ပူမနေပါနဲ့ဗျာ။ လီရုန် လုပ်နိုင်မှာပါ” ရန်ကိုင်က ယဲ့ယဲ့လေးသာ ပြုံးလိုက်သည်။ နည်းနည်းလေးမှ စိုးရိမ်ဟန်မပြ။

မိုးကြိုးနဂါးလည်း ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်မိလိုက်သည်။ ရန်ကိုင် လီရုန်အား ဘာကြောင့် ထိုမျှ ယုံကြည်နေမှန်း သူတကယ်ကို နားမလည်နိုင်တော့ချေပြီ။

“သူ့လို လက်အောက်ငယ်သားကောင်းတစ်ယောက် ဒီနေရာမှ ကျဆုံးသွားရင် မင်းထိုင်ငိုနေရမှာနော်” မြေကမ္ဘာနွားသိုးက သတိပေးလိုက်သည်။

“ဒါက သူ့လုပ်ပိုင်ခွင့်ပဲလေ” ရန်ကိုင်က ခေါင်းသာခါ၍ ဆက်ရှင်းပြမနေတော့ချေ။

မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာမှ ဆက်မပြောကြတော့။ လီရုန်ကိုသာ သင်္ကာမကင်းအမူအရာဖြင့် ကြည့်လိုက်ကြသည်။ ထိုမိုးမြေစွမ်းအင်မုန်းတိုင်းအား သူမ မည်ကဲ့သို့ တောင့်ခံမည်ကို သူတို့ အမှန်တကယ် စိတ်ဝင်စားနေမိလေသည်။

အချိန်ကြာလာသည်နှင့် မိုးမြေစွမ်းအင်မုန်တိုင်းသည် အားကောင်းသည်ထက် အားကောင်းလာခဲ့ရာ ဘေးပတ်လည်ရှိ လေဟာနယ်ပင် တုန်ခါလာခဲ့ရသည်။ လီရုန်မှာလည်း လေပြင်းမုန်တိုင်းထဲရှိ အချိန်မရွေး ငြိမ်းသွားနိုင်သော ဆီမီးတိုင်လေး တစ်ခုပမာ ဖြစ်နေခဲ့လေပြီ။

သို့တိုင် မလှုပ်မယှတ် အမူအရာဖြင့် ဆက်လက် ခုခံနေဆဲ။

မွန်းစတားမျိုးနွယ်စုဝင် လေးယောက်စလုံး၏ အမူအရာများမှာလည်း လေးနက်တည်ကြည်နေခဲ့ကြလေပြီ။ မည်သို့ပင်ဖြစ်ပါစေ လီရုန် ပြသသွားသော ရဲစွမ်းသတ္တိုနှင့် ခွန်အားသည် သူတို့အား အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

ကောင်းကင်ထက်ရှိ တဝဲလည်လည် စုဝေးနေကြသော မိုးမြေစွမ်းအင်များသည် မုန်တိုင်းမလာခင် လေပြေသွေးနေသည့် ပမာ ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။ ထို့နောက် နောက်ဆုံး ရိုက်ချက်လာတော့မည့်အလား ထိုတည်ငြိမ်သွားသော စွမ်းအင်များသည် ပို၍ အားကောင်းသော စွမ်းအင်အဖြစ်သို့ သိပ်သည်းသွားခဲ့သည်။

နောက်ဆုံး လီရုန် အမူအရာ လေးနက်လာခဲ့ရလေပြီ။ သို့သော်လည်း သေသည့်တိုင် အရှုံးမပေး ဟူသော အကြည့်မျိုးဖြင့် ကောင်းကင်ပေါ်သို့ စိုက်ကြည့်လိုက်သည်။

မြေပြင်တစ်ခွင် တုန်ခါသွားခဲ့ပြီး အကုန်လုံးအား သွေးဆုတ်ဖြူလျော်သွားစေနိုင်သော အဖျက်စွမ်းအားတို့ ရုတ်ချည်း သက်ဆင်းလာခဲ့ပြီး လီရုန် တစ်ကိုယ်လုံကို လွှမ်းခြုံသွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် အကုန်လုံးသည် အသက်ပင် မရှုနိုင်တော့ဘဲ လီရုန် ရပ်နေသည့် နေရာကိုသာ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလိုက်ကြလေသည်။

ထိုမိုးမြေစွမ်းအင် မုန်တိုင်းထဲ သူတို့ မြင်နိုင်သည့် အရာဆို၍ ပြင်းပြင်းထန်ထန် တုန်ခါနေသည့်အတိုင် ဆက်လက် မတ်တပ်ရပ်နေသေးသော ဝေဝါးဝါး အရိပ်တစ်ခုပင်။

တဖြည်းဖြည်းနှင့် ထိုပြင်းထန်းသော မိုးမြေစွမ်းအင်တို့သည် လီရုန်၏ စုပ်ယူခြင်း ခံလိုက်ရသည့်ပမာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားခဲ့ကြလေသည်။ တဝုန်းဝုန်းမြည်အောင် တိုက်ခတ်နေသော လေကြမ်းများလည်း ငြိမ်သက်သွားခဲ့ပြီး ပျောက်ကွယ်ပြုလာသော မုန်းတိုင်းထဲမှ တလက်လက် တောက်ပနေသော အကြည့်တစ်စုံ ထွက်ပေါ်လာခဲ့သည်။

ခဏအကြာတွင် လီရုန်သည် မုန်တိုင်းထဲမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။ သို့တိုင် အမောတကော အသက်ရှူနေရသဖြင့် သူမ၏ မို့မောက်မောက် ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ရလေသည်။

“ဒါက….” မြေကမ္ဘာနွားသိုးမှာ စကားပင်ကောင်းကောင်း မပြောနိုင်တော့ဘဲ သူ့ရှေ့ရှိ မိန်းကလေးကိုသာ ကြက်သေသေနေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

မိုးကြိုးနဂါးစီနီယာကြီသည်လည်း မျက်လုံးမှေးစဉ်းလျက် လီရုန်အား မမှိတ်မသုံ စိုက်ကြည့်လိုက်သည်။

ယခုအချိန်တွင် လီရုန်၏ မျက်နှာလှလှလေးထက် များလှစွာသော ထူးဆန်းသည့် အနက်ရောင် တက်တူးများ ရှိနေခဲ့သည်။ ထိုတက်တူများကြောင့် လီရုန်မှာ တစ်မူထူးကာ အလှသွေးကြွယ်နေခဲ့လေသည်။ သို့သော် သူမရှေ့သို့ လျှောက်လာသည်နှင့် ထိုအနက်ရောင် တက်တူးများ ပျောက်ကွယ်သွားခဲ့သလို သူမကိုယ်မှ ဖြာထွက်နေသော ထိတ်လန့်ဖွယ်ရာ အရှိန်အဝါသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ခုခုကို တွေးမိသွားဟန်ရကာ မိုးကြိုးနဂါး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး အလွန့်ကိုမှ လေးနက်တည်ကြည်သည့် အမူအရာဖြင့် လီရုန်အား ကြည့်လိုက်သည်။

အားလုံးရှေ့ ရောက်သည့်အခါ လီရုန်က ရန်ကိုင်အား ပြုံးပြလိုက်သည်။

လက်ရှိ သူမ၏ အရှိန်အဝါသည် ပင်လယ်တမျှ ကျယ်ပြောသလို သူမ၏ မျက်လုံးလေးများဟာလည်း နတ်ဘုရားသဖွယ် အလင်းရောင်တို့ဖြင့် လင်းလက်နေခဲ့သည်။ အသားအရေဟာဆိုလျှင်လည်း အသန့်စင်ဆုံး ကျောက်စိမ်းသားလေးမှ ထွင်းထုထားသည့်အလား ရွှန်းစိုတောက်ပနေခဲ့သလို တစ်ချိန်တည်းတွင်လည်း မွေးကင်းစ ကလေးငယ်၏ အသားအရေကဲ့သို့ ပျော့ပျောင်း၊ အိစက်နေသည်။ သို့တိုင် သူမ၏ ခွန်အားမူကား အပြောင်းကြီး ပြောင်းလဲသွားခဲ့လေပြီ။

“သခင်၊ ကျွန်မ သူတော်စင် တတိယအဆင့် ဖြစ်လာပြီ” လီရုန်က ရန်ကိုင်အား ပြောလိုက်သည်။

“ကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ငါတို့ ဒီကိုရောက်လာတာ အချည်းနှီး ဖြစ်မသွားဘူးနဲ့တူတယ်”

“အခုလို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်ရှင့်” လီရုန်က မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက်ကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“ဒီလောက်လေး လုပ်ပေးတာက စကားထဲ ထည့်ပြောနေစရာတောင် မလိုပါဘူးဗျာ” မိုးကြိုးနဂါး စီနီယာကြီးက သူ့လက်ကို ဝှေ့ရမ်း၍ “ဒီက အမျိုးသမီးကိုပဲ အခုလို သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာလို့ ဂုဏ်ယူရမှာ မဟုတ်ဘူးလား”

လီရုန်က ပြုံးလိုက်ပြီး ခေါင်းညိတ်ရုံလေးညိတ်ကာ “နောက်ပိုင်းကျ စီနီယာကြီးတို့ နှစ်ယောက်ဆီက အကူအညီတွေ ယူရတော့မယ်နဲ့တူတယ်”

“အားနာနေစရာ မလိုပါဘူး။ နောင်ပိုင်း အားရင် လာသာ လာခဲ့လိုက်။ ကျုပ်တို့ မိုးကြိုးနန်းတော်က ခင်ဗျားကို အမြဲကြိုဆိုနေမှာ” မိုးကြိုးနဂါးက ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်သည်။ လီရုန်သည် သူတော်စင်တတိယ အဆင့်သို့ ချိုးဖျက်သွားပြီ ဖြစ်သဖြင့် သူတို့အဆင့် အဆင့်တူ ဖြစ်လာခဲ့လေပြီ။

“ဟူး… ဒီလောက်အကြာကြီး ဒီမှာ ထိုင်နေတာတောင် ဘာထူးခြားတာကိုမှ ရှာမတွေ့ပါလား… ဈာန်ဝင်စားဖို့ဆိုရင် ပိုတောင်ဝေးသေး” မြေကမ္ဘာနွားသိုးက ခေါင်းခါလိုက်သည်။ ထို့နောက် အနည်းငယ် မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ရုတ်တရက် ကောက်မေးလိုက်လေသည် “ဒါပေမယ့် ခင်ဗျားက မိန်းမသာဖြစ်တာ၊ ခင်ဗျား ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ။ မိုးမြေကောင်းချီးကို ခန္ဓာကိုယ်သက်သက်နဲ့ ခုခံတယ် ဆိုတာမျိုးကို ကျုပ်တစ်သက်နဲ့တစ်ကိုယ် အခုမှပဲ မြင်ဖူး၊ကြားဖူးတော့တယ်။ ပြီးတော့ ခင်ဗျား မျက်နှာမှာ ပေါ်လာတဲ့ အနက်ရောင် မျဉ်းကြောင်းတွေကော ဘာကြီးတွေလဲ။ အဲ့ဒါတွေ ပေါ်လာတာနဲ့ ခင်ဗျားရဲ့ ခွန်အားက သိသိသာသာကို မြင့်တက်သွားတာ”

မြေကမ္ဘာနွားသိုး ထိုမေးခွန်းများ မေးလာသည့်အခါ လီရုန်သည် ချက်ချင်း ပြန်မဖြေသေးဘဲ ရန်ကိုင်ဆီကိုသာ လှမ်းကြည့်လိုက်သည်။

ရန်ကိုင်လည်း ဘယ်လို ပြန်ဖြေလို့ဖြေရမှန်းမသိဖြစ်ကာ အကြပ်ရိုက်သွားခဲ့ရသည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြောတော့မည်အပြု မိုကြိုးနဂါးက ဖြတ်ပြောလိုက်သည် “မင်းဘာတွေသိချင်နေတာလဲ နွားအိုကြီး။ အဲ့ဒါ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ။ သူများ လျှို့ဝှက်ချက်ကို စပ်စုတာ မကောင်းဘူးနော်”

မြေကမ္ဘာနွားသိုးလည်း ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီး “သိချင်လို့ မေးကြည့်ရုံလေးတင်ပါကွ။ မဖြေလည်း ဘာမှ မဖြစ်ပါဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset