Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၄) ကျောက်ပြားများ
“ဆက်သွားချင်ရင် အဲ့ကျောက်စင်မြင့်တွေကို သုံးမှပဲ ရလိမ့်မယ်” မိုးကြိုးနဂါးက ရှေ့သို့ကြည့်ကာ ပြောလိုက်သည်။
ဘယ်ရော၊ ညာရောတွင် လမ်းမရှိတော့ချေ။ သို့သော် ထူးဆန်းသော အစိမ်းရောင်ပင်လယ်ထက်တွင် ဝဲနေသော အလျားအနံ သုံးမီတာလောက်ရှည်လျားသည့် ကျောက်ပြား တစ်ချပ်ရှိနေခဲ့သည်။
ပထမကျောက်ပြားနောက်တွင် နောက်ထပ် ကျောက်ပြားတစ်ချပ် ရှိနေခဲ့ပြီး ဒုတိယတစ်ခုနောက်တွင် တတိယတစ်ခု၊ စသဖြင့် အစဉ်လိုက် ရှိနေခဲ့လေသည်။ ကျောက်ပြားများသည် တစ်ခုပြီးတစ်ခု မြင့်မြင့်သွားရာ ကောင်းကင်ပေါ်သို့ ထောင်တက်နေသော လှေကား တစ်ခုနှင့်ပင် တူနေပေသေးသည်။
အစိမ်းရောင်ပင်လယ်ပြင်ထက်တွင် ထူးဆန်းသော စွမ်းအင်များ ပါဝင်နေသည့် လေကြမ်းများ တိုက်ခတ်နေသဖြင့် မည်သူမှ ထိုပေါ်သို့ ဖြတ်မပျံသန်းရဲကြချေ။
“ဆက်သွားကြမှာလား” မြေကမ္ဘာနွားသိုးက မေးလိုက်သည်။ ဆက်သွားသင့်၊ မသွားသင့်ကို သူလည်း သေချာမသိတော့ချေ။
ရှေ့ဆက်သွားနိုင်သည့် လမ်းရှိနေသော်လည်း ထိုလမ်းအတိုင်း ဆက်သွား၍ အန္တရာယ်ရှိ၊မရှိကို ဘယ်သူမှ သေချာမသိကြချေ။
“ဒီတစ်ကြိမ်နဲ့ ဒုတိယအကြိမ်ပဲ။ ဒီတစ်ကြိမ် ဒီနေရာကို သေချာမစူးစမ်းနိုင်သရွေ့ ဒီဘုရင် ထွက်သွားမှာ မဟုတ်ဘူး” မိုးကြိုးနဂါးက အခိုင်အမာ ပြောဆိုလိုက်ပြီးနောက် ပထမဆုံး ကျောက်ပြားပေါ်သို့ တက်လိုက်သည်။
ကိုင်တေသည် တုန့်ဆိုင်းခြင်းမရှီ မိုးကြိုးနဂါးနောက်မှ လိုက်သွားလေသည်။
“ကောင်လေး။ မိုးကြိုးနဂါးနောက်ကနေ အနီးကပ် လိုက်သွားလိုက်။ ဒီနွားအိုကြီးကတော့ နောက်ဆုံးကနေ လိုက်လာခဲ့မယ်” မြေကမ္ဘာနွားသိုးက ရန်ကိုင်ကို ခေါင်းညိတ် ပြလိုက်သည်။
ရန်ကိုင်လည်း ပြန်ခေါင်းညိတ်ပြလိုက်ပြီး ကျောက်ပြားပေါ်သို့ လီရုန်နှင့်အတူ တက်လိုက်လေသည်။
ကျောက်ပြားများမှား တစ်ချပ်နှင့်တစ်ချပ် အရမ်း မလှမ်းသဖြင့် တစ်ချပ်မှ နောက်တစ်ချပ်သို့ ခြေလှမ်းဖြင့် ရောက်နိုင်ပေသည်။
မိုးကြိုးနဂါးသည် မမျှော်လင့်ထားသော အန္တရာယ်များ ရုတ်တရက် ပေါ်လာမည်ကိုစိုးသဖြင့် ပတ်ဝန်းကျင်ကို သေသေချာချာ သတိထားစစ်ဆေးရင်း ဖြည်းဖြည်းချင်း လှမ်းသွားနေခဲ့သည်။
အစပိုင်းတွင် ကျောက်ပြားပေါ်သို့ တက်ရာ၌ ဘာမှ မဖြစ်သဖြင့် သူတို့အဖွဲ့လည်း အနည်းငယ် စိတ်လက် ပြေလျော့သွားခဲ့ကြသည်။
သို့သော်လည်း နည်းနည်းလောက် ထပ်တက်ပြီးနောက် အောက်ဘက်ရှိ အစိမ်းရောင်ပင်လယ် ရုတ်တရက် ဆူပွက်လာပြီး များစွာသော မျောနေသည့် မျက်နှာများသည် ချောက်ချားဖွယ်ရာကောင်းစွာ အော်ဟစ်ရင်း ပင်လယ် မျက်နှာပြင်ပေါ်သို့ တိုးထွက်လာခဲ့ကြလေသည်။
ခဏအကြာတွင် ထိုမရေမတွက်နိုင်သော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ အစိမ်းရောင်ပင်လယ်၏ အချုပ်အနှောင်မှ ချိုးဖျက်သွားနိုင်ခဲ့ပြီး သားကောင်အနံ့ရသော မုဆိုးများပမာ ရန်ကိုင်တို့ အဖွဲ့ဆီသို့ ပျံသန်းတက်လာခဲ့လေသည်။
ထိုချောက်ချားဖွယ်ရာ အူမြည်သံနှင့် စူးစူးရှရှ အော်ဟစ်မြည်ကြွေးသံတို့သည် တရမ်ကြမ်း တိုက်ခတ်နေသော လေတိုးသံများနှင့် ရောနှောသွားခဲ့ပြီး ထွင်းဖောက်မြင်နိုင်သော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ရန်ကိုင်တို့ဆီသို့ အဘက်ဘက်မှ ပျံသန်းတက်လာခဲ့ကြလေသည်။
အကုန်လုံး သွေးဖုတ်ဖြူလျော်သွားခဲ့ပြီး ဘာကြောင့် ထိုကဲ့သို့ ရုတ်တရက် ဖြစ်သွားမှန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
မျက်တောင်တစ်ခတ်အတွင်း လူခြောက်ယောက် ရပ်နေသော ကျောက်ပြားများသည် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ၏ ဝိုင်းရံခြင်းခံလိုက်ရပြီး သိပ်သည်းလှသော စိတ်စွမ်းအင်လှိုင်းများသည်လည်း သူတို့အပေါ်သို့ မိုးသီးမိုးပေါက်ပမာ အဆက်မပြတ် ကျဆင်းလာတော့သည်။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသို့ပင်လျှင် ထိုစိတ်စွမ်းအင်လှိုင်းများအောက်၌ အသက်ရှင်ချင်စိတ် ပျောက်ဆုံးလာခဲ့ရသည်။
ဟိန်းသံကျယ်ကြီးနှင့်အတူ မိုးကြိုးနဂါးဆီမှ လျှပ်စီးတန်းတို့ ဖြာထွက်လာခဲ့ပြီး ပါးလျသော အလင်းအကာအရံတစ်ခု ဖြစ်သွားခဲ့လေသည်။
ဖျစ်…. ဖျစ်… ဖျစ်…
အလျင်မပြတ် စီးဆင်းနေသော ရေးစီးကြောင်းတစ်ခုပမာ တိုးဝင်လာနေသော စိတ်စွမ်းအင် တိုက်ခိုက်မှုများကြောင့် အလင်းအကာအရံမှာ တဖျတ်ဖျတ် လက်နေခဲ့လေသည်။ မကြာမှီ ပျက်စီးတော့မည့် အရိပ်အယောင်တို့ ပြလာခဲ့လေ၏။
မြေကမ္ဘာနွားသိုးသည် အချိန်ဆိုင်းမနေဘဲ သူတို့ ပတ်လည်တွင် ဒုတိယအရံအတားတစ်ခုကို ဖန်တီးလိုက်လေသည်။
ကိုင်တေ၏ ခုနှစ်ရောင်ခြယ်တောင်ပံများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး များစွာသော အလင်းတန်းများကို ထုတ်လွှတ်ကာ တိုးကပ်လာနေသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များကို ပြန်တွန်းလွှတ်လေသည်။
လီရုန်နှင်း ကျင်းနီတို့သည်လည်း သူတို့ အစွမ်းအစကို တစ်ပြိုင်တည်း ထုတ်ပြကြလေသည်။
သို့သော်လည်း ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များဆီမှ ထွက်ပေါ်လာနေသော စိတ်စွမ်းအင်တိုက်ခိုက်မှုများမှာ နည်းနည်းလေးမှပင် လျော့ကျသွားခြင်း မရှိလေရာ ရန်ကိုင်တို့ အဖွဲ့မှာလည်း မလွတ်မြောက်နိုင် ဖြစ်နေခဲ့ရလေသည်။
“ပြေးတော့” မိုးကြိုးနဂါးက အော်ဟစ်လိုက်ပြီး ချက်ချင်း အရှိန်ကုန်တင်လိုက်လေသည်။ ကျန်ငါးယောက်လည်း နှေးကျန်ရစ်မနေဘဲ ကျောက်ပြားတစ်ချပ်မှ တစ်ချပ်သို့ မြန်နိုင်သမျှ မြန်မြန် ခုန်တက်ကြတော့လေသည်။
စီနီယာကြီးနှစ်ယောက် ဖန်တီးထားသော အလင်း အကာအရံမှာ အရမ်းကိုမှ အားကောင်းလှသော်လည်း မရေမတွက်နိုင်သော တိုက်ခိုက်မှုများကြောင့် အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ်အတွင်း ပျက်စီးသွားခဲ့ရလေသည်။ အလင်းအကာအရံ ပျက်စီးသွားချိန် ရန်ကိုင်တို့အဖွဲ့မှာ မီတာသုံးရာလောက်ပင် ရှေ့ဆက်မသွားရသေးချေ။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့ကြပြီး ကျိုင်းကောင်အုပ်ပမာ ရန်ကိုင်တို့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေသည်။
ထိုဝိဥာဉ်စုတ်များသည် သားရဲအဆင့်လောက်သာ ရှိတော့သော်ငြား အားနည်သူကိုအနိုင်ကျင့်၊ အားကြီးသူကို ကြောက်ရွံ့ ဆိုသော သဘောတရားကို နားလည်ထားသည့် ပုံပင်။ မိုးကြိုးနဂါးနှင့် အခြားသူတော်စင်များသည် အဖွဲ့ထဲတွင် အားအကောင်းဖြစ်မှန်း အလိုလို သိထားကြရာ အားအနည်းဆုံး ဖြစ်သော ရန်ကိုင်ကို စတင် ပစ်မှတ်ထားလာကြလေသည်။
ထွင်းဖောက်မြင်နိုင်သော ဝိဥာဉ်များသည် ကြုံသလို ပျံသန်းနေခဲ့ကြပြီး အများစုကို သူတောင်စင်ငါးယောက်က တားဆီးထားကြသော်လည်း အနည်းစုမှာ လွတ်ထွက်သွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားကြလေသည်။
ရန်ကိုင်ဆီသို့ ရောက်သည်နှင့် ထိုဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ရန်ကိုင်ကိုယ်ထဲသို့ ချက်ချင်း တိုးဝင် ပျောက်ကွယ်သွားလေသည်။
“သခင်” လီရုန်၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး သူမဆီ တိုးဝင်လာနေသော ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များ ကိုပင် လျစ်လျူ၍ကာ ရန်ကိုင်ဆီသို့ အသည်းအသန် ပြေးသွားလေသည်။
အနီးအနားမှ အလင်းတစ်ချက် လက်သွားခဲ့ပြီး လီရုန် နောက်သို့လိုက်နေသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များကို ရှင်းထုတ်လိုက်သည်။ သို့သော်လည်း များလှစွာသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ၏ ဝင်စီးခြင်းခံလိုက်ရသော ရန်ကိုင် ကံကြမ္မာကို မပြောင်းလဲနိုင်လိုက်ချေ။
ချက်ချင်းဆိုသလို ရန်ကိုင် မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး သူ့မျက်လုံးများသည်လည်း သွေးရောင်ရဲလာခဲ့ကာ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။
ရန်ကိုင်ပုံစံကိုကြည့်ရင်း အကုန်လုံး သူတို့၏ နှလုံးသားကို လက်အေးကြီးတစ်ဖက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။ ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းသည် အနည်းဆုံး သူတော်စင်အဆင့်သို့ ရောက်နေသော ပညာရှင်များ ဖြစ်ကြသည်။ အစိမ်းရောင် ပင်လယ်ထဲတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ပိတ်လှောင် ထားခံခဲ့ရပြီးနောက် အပြီးတိုင် ဖျက်စီးခြင်း မခံရသေးသော်ငြား သူတို့စိတ်ထဲ ကိန်းအောင်နေသော အမုန်းတရား၊ နာကျည်းချက်တို့မှာ ရန်ကိုင်ကဲ့သို့ ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။
သူ့ဝိဥာဉ် ဖျက်စီးခံလိုက်ရပြီး သူ့ခန္ဓာကိုယ် အပိုင်စီးခြင်း ခံလိုက်ရသည်ပင် ဖြစ်နိုင်သေးသည်။
မိုးကြိုးနဂါးမှာလည်း အထိတ်တလန့်ဖြင့် ဘာလုပ်ရာ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။
သို့သော် ခဏအကြာတွင် ရန်ကိုင်၏ မျက်လုံးများ တဖျက်ဖျက် လင်းလက်လာခဲ့ပြီး ယခင်ကကဲ့သို့ တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။ ထို့နောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလျက် “ဘာတွေကြောင်ကြည့်နေကြတာလဲ၊ ဆက်သွားမယ်လေ”
“မင်း… အဆင်ပြေနေတာလား” မိုးကြိုးနဂါးက အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။
ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များ ရန်ကိုင် ခန္ဓာကိုယ်ကို ဝင်စီးခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ အသက် တစ်ရှိုက်စာသာ ကြာသေးသည်။ ဖြစ်ပျက်သွားသည်မှာ အရမ်းကိုမှ မြန်ဆန်လွန်းသဖြင့် မည်သူမှ အလျင်မှီအောင် မတုန့်ပြန်နိုင်ခဲ့ပေ။ အရေးကြီးဆုံးအရာသည်ကား သူ့ခန္ဓာကိုယ် အပိုင်စီးခံရခြင်းမှ ရန်ကိုင် မည်ကဲ့သို့ လွတ်မြောက်လာသလဲ ဆိုသည်ကို မိုးကြိုးနဂါး လုံးဝ နားမလည်နိုင်ခြင်းပင်။
ရန်ကိုင် ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ် အရေအတွက်မှာ မသေးလှချေ။ ထို့အပြင် ထိုဝိဥာဉ် တစ်ကောင်ချင်းစီတိုင်းသည် သူတော်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် တူညီသော ဝိဥာဉ်ခွန်အားကို ပိုင်ဆိုင်းထားခြင်း ဖြစ်သည်။
“အခုနေမသွားရင် မမှီတော့ဘူးနော်” ရန်ကိုင်က အလေးအနက်ဖြင့် ပြောလိုက်သည်။
ယခုအချိန်သည် စကားများနေလို့ကောင်းသည့် အချိန်မဟုတ်မှန်း မိုးကြိုးနဂါးလည်း နားလည်ပေသည်။ ထို့ကြောင့် ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များလက်မှ ထွက်ပြေးနိုင်ရန် ပြန်အာရုံစိုက်လိုက်သည်။ သူ့ပတ်လည်တွင် တဖျတ်ဖျတ် လက်နေသော လျှပ်ပန်းလျှပ်နွယ်များကြောင့် ဝိဥာဉ်-စိတ်ဝိဥာဉ်ခန္ဓာကိုယ်များသည် အလျင်စလို မချဉ်းကပ်လာရဲကြလေရာ ရန်ကိုင်တို့ ခြောက်ယောက်အဖို့ ရှေ့သို့ ဆက်သွားနိုင်ခဲ့လေသည်။
လီရုန်သည် ရန်ကိုင်ဘေးသို့ ရောက်လာပြီး သူ့အား ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးသည်။ တစ်ချိန်တည်းတွင် သူ့အားလည်း တိတ်တဆိတ် စစ်ဆေး လေ့လာနေခဲ့သည်။ ခဏအကြာတွင် လီရုန်၏ မျက်လုံးလေးများ ဝင်းလက်သွားခဲ့ပြီး ထိုမိစ္ဆာဝိဥာဉ်များ၏ ဝင်စီးမှုမှ ရန်ကိုင် အဘယ်ကြောင့် ဘေးကင်းနေရမှန်း နားလည်သွားခဲ့သည်။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် နတ်ဆိုးနတ်ဘုရား၏ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး ရှိနေပေသည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရွှေရောင် အလင်းတန်သည် စိတ်စွမ်းအင် အသွင်ပုံစံမှန်သမျှကို ရှင်းလင်သုတ်သင်ပစ်နိုင်ပေသည်။ ရန်ကိုင် ကိုယ်ထဲသို့ ဝင်ရောက်လာသော ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များမှာ ထိုသုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ ရှင်းလင်းခြင်း ခံလိုက်ရသည့်ပုံပင်။
ထိုအဖြစ်အပျက်ပြီးနောက် ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်များသည် ရန်ကိုင်တို့ အဖွဲ့နားသို့ သိပ်မကပ်ရဲတော့ဘဲ ခပ်ခွာခွာကနေသာ အော်ဟစ်မြည်ကြွေးရင်း သူတို့၏ အမုန်းတရားများကို ဖွင့်ထုတ်နေခဲ့သည်။
သူတို့၏ အပြုအမူကြောင့် မိုးကြိုးနဂါးနှင့် နွားအိုကြီး ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သို့သော် ယခုအချိန်သည် ကျောက်ပြားများအပေါ် ဘာကြောင်း အလွယ်တကူ ဖြတ်သွားနေနိုင်လဲ ဆိုသည်ကို တွေးနေရန် အချိန်ကောင်း မဟုတ်။
အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကြာသွားပြီးနောက် ကျောက်ပြား၏ အဆုံးကို ရန်ကိုင်တို့ မြင်တွေ့လိုက်ရသည်။
နောက်ဆုံး ကျောက်ပြားပေါ်သို့ တက်ပြီးနောက် အကုန်လုံး၏ အမူအရာ ရှုပ်ထွေးသွားခဲ့ကြရသည်။
အကြောင်းမှာ သူတို့ရောက်ရှိလာသော နေရာတွင် ပရမ်းပတာ ဖြစ်နေသော ကောင်းကင်ကြီး မဟုတ်တော့ဘဲ နောက်တစ်ရာ ဖြစ်နေသောကြောင့် ဖြစ်သည်။
သူတို့ စဝင်လာခဲ့သော နေရာသို့ ပြန်ရောက်လာသည်ဟုပင် ထင်မှတ်ရသည်။ ပတ်ပတ်လည် ဧရိယာတစ်ခုလုံး လွင်တီးခေါင်ပြင် ဖြစ်နေသော်လည်း ကောင်းကင်မှာမူ ယခင်က ကဲ့သို့ မီးခိုးရောင်ကြီးမဟုတ်တော့။ ကောင်းကင်တစ်ခွင် ထူးဆန်းလှစွာသော အလင်းစက်လေးများ မှိတ်တုတ်မှိတ်တုန် လင်းလက်နေလေသည်။
ထိုအလင်းစက်လေးများသည် သူတို့ လက်တစ်ကမ်းတွင် ရှိနေသည်ဟု ထင်ရသော်လည်း တကယ်တမ်း ဖမ်းဆုပ်ဖို့ရာ မဖြစ်နိုင်ပေ။
“ဒီနေရာက တကယ်ကို ထူးဆန်းတာပဲ” မြေကမ္ဘာ နွားသိုးက ခေါင်းခါရမ်းလိုက်သည်။
မိုးကြိုးနဂါးသည် ကောင်းကင်စိတ်အာရုံကို အရင်ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။ ဘာအန္တရာယ်မှ မရှိမှန်း သေချာသွားသည့်နောက် ရန်ကိုင်တို့ဘက်သို့ လှည့်၍ ပြောလိုက်သည် “ခဏလောက် အရင်နားကြတာပေါ့”
ကျောက်ပြားများကို ဖြတ်ကျော်ရန်အတွင် အကုန်လုံး အတော်လေး ပင်ပန်းခဲ့ရသည်။ ယခုကဲ့သို့ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သော နေရာမျိုးတွင် ခွန်အားအပြည့်ဖြင့် ရှိနေခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။
မိုးကြိုးနဂါးသည်ပင် ဤနေရာ၌ အလျင်စလို မဆင်မခြင် မလှုပ်ရှားရဲချေ။
မည်သူမှ သူ့စကားကို မကန့်ကွက်ခဲ့ကြ။ အကုန်လုံး ချက်ချင်း တင်ပလင်ခွေထိုင်ချလိုက်ပြီး စိတ်စွမ်းအားရော၊ အစစ်အမှန်ချီကိုပါ ပြန်ဖြည့်ကြတော့လေသည်။
စီနီယာကြီးနှစ်ယောက်သည် ဘေးချင်းကပ်ထိုင်၍ တိုးတိုး တိုးတိုးဖြင့် အချင်းချင်း ဆွေးနွေးနေခဲ့ကြသည်။ ထိုကဲ့သို့ ဆွေးနွေးနေရင်း ရံဖန်ရံခါ ရန်ကိုင်အား လှမ်းလှမ်း ကြည့်တတ်လေသည်။
တရားထိုင်ခြင်းဖြင့် အားပြန်ဖြည့်ရာတွင် မျက်လုံးများကို ပိတ်ထားရသော်လည်း ထိုနှစ်ယောက်၏ အပြုအမူသည် ရန်ကိုင် မျက်လုံးအောက်မှ မလွတ်မြောက်ခဲ့ပေ။
မျက်လုံးဖွင့်လျက် မဲ့ပြုံးပြုံးကာ ရန်ကိုင်က အရင် စပြောလိုက်သည် “စီနီယာကြီးတို့နှစ်ယောက် ကျုပ်ဝင်စီးခံရတယ်ဆိုပြီး သံသယ ဝင်နေကြတာလား”
မိုးကြိုးနဂါး မျက်မှောင်ကြုံ့သွားခဲ့ပြီး နောက်ဆုံး ဆက်လက် ထိန်ချန်မထားတော့ရန် ဆုံးဖြတ်လိုက်လေသည် “ဟုတ်တယ်။ နွားအိုကြီးရော၊ ငါရော အဲ့လို ထင်နေကြတာ။ ဒါပေမယ့် မင်းလေသံအရ ဆိုရင်တော့ မင်းပုံစံ ဝင်းပူးခံရတဲ့ ပုံစံမျိုး မပေါက်ဘူးဟ”
“ဟုတ်တာပေါ့။ ဝင်စီးခံရစရာလား” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မင်းမှာ ဘာသက်သေ ရှိလို့လဲ” မိုကြိုးနဂါးက လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ကောင်လေး၊ အဲ့လောက်များ ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်တွေကို မင်းဘယ်နည်းလမ်းနဲ့ ခုခံခဲ့လဲ ဆိုတာကို ဒီဘုရင် တကယ် မစဉ်းစားတတ်ဘူး။ ငါတို့ သက်သေမပြနိုင်ရင် ပြောတာက ပြောတာပဲရှိမှာ။ အဲ့လိုသာဆိုရင် ဒီဘုရင်လည်း မတတ်သာတဲ့ အဆုံး မင်းခွန်အားကို ချိတ်ပိတ်ထားရလိမ့်မယ်။ မင်းနားလည်ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်”
“စီနီယာကြီးကို ဘယ်လို သက်သေပြပေးစေချင်လဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေသည်။
“မင်း ရန်ကိုင် ဖြစ်နေသေးတယ် ဆိုတဲ့ သက်သေ တစ်ခုခုပေါ့”
“သက်သေပြနေစရာ မလိုဘူး။ သူဝင်စီးမခံရဘူး ဆိုတာကို ကျွန်မ အာမခံပေးလို့ရတယ်။ ကျွန်မ အမှုထမ်းနေလူက ကျွန်မ သခင် ဟုတ်၊မဟုတ် ဆိုတာကို မှားစရာအကြောင်းမရှိဘူး” လီရုန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်ကာ ခေါင်းညိတ်လိုက်လေသည် “ကောင်းပြီလေ။ ဒီမိန်းကလေးရဲ့ စကားကိုပဲ ယုံလိုက်ကြတာပေါ့။ ရှင်းရှင်းပြောရရင် မင်းခန္ဓာကိုယ်ကို ဟိုကောင်တွေ ဝင်စီးသွားတယ်လို့ ငါတို့လည်း မယုံပါဘူး”
“စီနီယာကြီးတို့က စိတ်ကောင်းနဲ့ မေးတာပဲလေ။ ကျုပ်နားလည်ပါတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
ထိုကိစ္စယာယီ ဖြေရှင်းပြီးသွားပြီဖြစ်၍ အကုန်လုံး အားပြန်ဖြည့်ကြတော့လေသည်။
နေ့တစ်ဝက်ကြာပြီးနောက် သူတို့အဖွဲ့ နောက်တစ်ကြိမ် ခရီးစပြန်သည်။
အစိမ်းရောင်ပင်လယ်ကို ဖြတ်ကျော်လာပြီးနောက် လုံးဝကို ကွဲပြားခြားနားသည် နေရာတစ်ခုသို့ သူတို့ ရောက်လာခဲ့သည်။
တစ်ခါတစ်ရံ ကောင်းကင်ထက် ဥက္ကာပျံကဲ့သို့ အလင်းတန်းများ ဖြတ်ပျံသွားသည်ကို မြင်တွေ့ခဲ့ရသည်။
သို့သော် အားလုံးကို အံ့အားသင့်စေသည်ကား ထိုမျှ အချိန်ကြာသွားသည့်တိုင် အန္တရာယ်ကို မဆိုထားနှင့် အခြား သတိပြုထိုက်သည့် ဘာကိုမှ မတွေ့ခဲ့ရခြင်းပင်။
အစမရှိ၊ အဆုံးမရှိ လမ်းတစ်လျှောက် စတင်ခြေချ လမ်းလျှောက်မိနေသလို အကုန်လုံး ခံစားလိုက်ရသည်။
ထိုထူးဆန်းကြောင့် အကုန်လုံး စတင် စိုးရိမ်ပူပန် လာခဲ့ရလေ၏။
မကြာမီ အဖွဲ့သားခြောက်ယောက်သည် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိတော့ဘဲ ထိုစွန့်ပစ်မြေထဲ ယောင်လည်လည်နှင့် လျှောက်သွားနေမိကြလေသည်။
အားလုံးထဲတွင် စိတ်မရှည်ဆုံးသော မြေကမ္ဘာနွားသိုးသည် တဖျစ်တောက်တောက်ဖြင့် စတင် ညည်းညူနေခဲ့လေပြီ။
မိုးကြိုးနဂါးသည်လည်း နောင်တရချင်နေလေပြီ။ ယခုကဲ့သို့ ဖြစ်မည်မှန်း ကြိုသိခဲ့ပါ ဤနေရာအား မရမက လာရောက် စစ်ဆေးခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ပြန်လှည့်ချင်လျှင်ပင် မလှည့်နိုင်တော့လေရာ ဆက်လက်၍ ရှေ့ဆက်သွားရန်သာ ရှိတော့လေသည်။ ကံကောင်းလျှင် စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့ကောင်း တွေ့နိုင်ပေသည်။