Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၃) ဝိဥာဉ်စိတ်ဝိဥာဉ်ခန္ဓာကိုယ်
ထိုစကားကိုကြားသည့်အခါ မြေကမ္ဘာနွားသိုး ပြန်မေးလိုက်မိသည် “ဒီတော့ ဝင်ပေါက်ကလည်း အနီးနားမှာပေါ့”
“ဖြစ်လောက်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
အကုန်လုံး ဘေးပတ်လည်အား လှည့်ပတ် ကြည့်လိုက် ကြသော်လည်း အရင်တစ်ကြိမ် လာခဲ့စဉ်က မြင်ခဲ့ရသည့် အလင်းရောင်တောက်တောက် ဝင်ပေါက်ကို မတွေ့ရချေ။ အကုန်လုံး ရန်ကိုင်၏ အဆိုကို သံသယ ဝင်လာသည့် အချိန်မှာပဲ ရန်ကိုင်က “ဒီလမ်းပဲ”
ပြောပြီးသည်နှင့် သူ့လမ်းအတိုင်း လမ်းလျှောက် ထွက်သွားပြန်သည်။
“မိုးကြိုးနဂါး၊ ဒီကောင်က တကယ်ကို အေးအေးဆေးဆေး ပဲကွ။ အရင်ကများ ဒီနေရာကို ရောက်ဖူးနေလားမသိဘူး” မြေကမ္ဘာနွားသိုးက တိုးတိုးလေး ပြောလိုက်သည်။
“ငါလည်းမသိဘူး” မိုးကြိုးနဂါးက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ အခုလောလောဆယ် သူ့နောက်လိုက်တာ ပိုကောင်းလိမ့်မယ်။ အစကတော့ သူ့ခေါ်လာတာ ဝန်ထုပ်ဝန်ပိုး သက်သက်လို့ပဲ ထင်ထားတာ။ အခုတော့ အဲ့ဝန်ထုပ်ဝန်ပိုးကိုပဲ ငါတို့ မှီခိုနေရပြီ။ တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းတာပါလား…”
“ကြက်ကန်းဆန်အိုး တိုးသလိုပေါ့…” မြေကမ္ဘာနွားသိုးက ပြောလိုက်သည်။
မိုးကြိုးနဂါးက မြေကမ္ဘာနွားသိုးအား တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ရန်ကိုင်နောက်သလို့ အမြန် ပြေးလိုက်သွားလေသည်။
ရန်ကိုင် သွားနေသည့် လမ်းကြောင်းတစ်လျှောက်သည် လုံးဝကို တည်ငြိမ်နေခဲ့သည်။ ယောက်ယတ်ခတ်နေခြင်း၊ မငြိမ်မသက် ဖြစ်နေခြင်းမရှိ။ သူတို့သာ အချိန်အကြာကြီး နောက်တွင် ကျန်ရစ်နေခဲ့ပါက ထိုတည်ငြိမ်သည့် လမ်းကြောင်း ပြိုကွဲသွားနိုင်ပေသည်။ ထိုအခါက အနားပတ်ပတ်လည်ရှိ ထူးဆန်းသော ဖိအားကို သူတို့ဘာသာသူတို့ ခုခံ ရပေတော့မည်။
သူတို့အား အချိန်မရွေး ဆုတ်ဖြဲပစ်ရန် စောင့်ဆိုင်းနေသည့် ဟင်းလင်းပြင်စီးကြောင်းများကို မည်သူမှ ပေါ့သေးသေး မမှတ်ရဲ။
နာရီဝက်ကြာပြီးနောက် သူတို့အဖွဲ့ရှေ့ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ထွက်ပေါက်ပဲ” မြေကမ္ဘာနွားသိုးက ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ရန်ကိုင်ကိုကျော်တက်ကာ ထိုဝင်ပေါက် ထဲသို့ အလျင်စလို ပြေးခုန်ဝင်သွားလေသည်။
မိုးကြိုးနဂါးနှင့် ကိုင်တေတို့သည်လည်း ဝင်ပေါက်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်ကြသည်။
ရန်ကိုင်ကမူ လီရုန်နှင့်အတူ ပုံမှန် အရှိန်ဖြင့်သာ ရှေ့ဆက်သွားနေခဲ့သည်။ ဝင်ပေါက်သို့ ရောက်သည့်အခါ ဝင်ပေါက်၏ အခြားတစ်ဖက်တွင် မည်သည့် အန္တရာယ်မှ မရှိမှန်း သေချာသွားတော့မှပဲ အထဲသို့ ဝင်လိုက်လေသည်။
မျက်စိကျိန်းမတတ် စူးရှသည့် အလင်းကြောင့် ရန်ကိုင် အမြင်အာရုံ ဖြူဖွေးသွားခဲ့ရသည်။ ထို့နောက် သူအမြင်အာရုံကို ပြန်ရလာသည့်အခါ ထူးဆန်းသော မြင်ကွင်းကို တွေ့လိုက်ရ၏။
ထိုနေရာတွင် နေ၊လ၊ ကြယ်မရှိ။ ပရမ်းပတာ ဖြစ်နေသော စွမ်းအင်စီးကြောင်းများနှင့် ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော တိမ်မည်းများသာ ရှိသည်။ ယခုလေးတင်ပင် အနက်ရောင် စွမ်းအင်စီးကြောင်းတစ်ခု ကောင်းကင်ထက် လက်သွားခဲ့သည်။
ဆန်းကြယ်လောကငယ်တစ်ခုပင်…
သို့သော် ထိုဆန်းကြယ်လောကငယ်သည် သူတွေ့ခဲ့ဖူးသော အခြား ဆန်းကြယ်လောကငယ်များနှင့် မသိမသာလေး ကွဲပြားနေခဲ့သည်။
ကြိုရောက်နေပြီ ဖြစ်သော မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည် ရန်ကိုင်နှင့် လီရုန်တို့ အန္တရာယ်ကင်းကင်နှင့် ရောက်လာမည်ကို စောင့်နေခဲ့သည်။ ရန်ကိုင်တို့ ရောက်လာမှပဲ ဟင်းလင်းပြင်ဝင်ပေါက်မှ သူတို့၏ အကြည့်ကို ပြန်ရုတ်သိမ်း လိုက်ကြလေသည်။
ဆန်းကြယ်လောကငယ်ထဲတွင် ရပ်လျက် ရန်ကိုင်သည် သူ့ဘေးပတ်ဝန်းကျင်အား အသေအချာ စူးစမ်းလိုက်သည်။ စူးစမ်းပြီးနောက် သူ့မျက်ခုံးကြောတို့ တွန့်ကွေးသွားလေသည်။
ဤနေရာတစ်ခုလုံးသည် လုံးဝကို ကျတ်တီးမြေကြီး ဖြစ်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ မည်သည့် အသက်စွမ်းအင်ကိုမှ သူအာရုံမခံမိ။ ဤဆန်းကြယ် လောကငယ်တစ်ခုလုံးသည် ပျက်စီးနေသော ဖုန်းဆီုးမြေကြီး တစ်ခုနှင့်ပင် တူနေသေးသည်။
ပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါ မီးခိုးရောင် ကန္တာရကြီးကိုသာ တွေ့ရသည်။ မမြင်နိုင်သော စွမ်းအားတစ်ရပ်ကြောင့် သူ့ကောင်းကင်စိတ်အာရုံကို အဝေကြီး မဖြန့်ကျက်နိုင်ခဲ့ချေ။
“သတိထားကြဦး။ ဒီနေရာက တော်တော်လေး ထူးဆန်းတယ်။ အရင်တစ်ကြိမ် ငါနဲ့ နွားအိုကြီး ရောက်လာတုန်းက ဆယ်ကီလိုမီတာလောက်ပဲ စူးစမ်းလိုက်နိုင်တယ်။ ပြီးတာနဲ့ ပြန်ထွက်ရတာပဲ” မိုးကြိုးနဂါး စီနီယာကြီးက သတိပေးလိုက်လေသည်။
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့အား သတိပေးစရာ မလိုချေ။ ထိုကဲ့သို့သော ထူးဆန်းသည့် နေရာသစ်တစ်ခုတွင် သူ့အနေဖြင့် သတိမထားဘဲ နေလိမ့်မည် မဟုတ်ပေ။
“အဲ့နေရာမှ နတ်ဆိုးစကားလုံးတွေ ရေးထွင်းထားတာ” မိုးကြိုးနဂါးက ရှေ့ရှိလမ်းဆီ ညွှန်ပြလိုက်သည်။ ထို့နောက် ကြောက်လန့်နေသည့် အမူအရာဖြင့် “ဒါပေမယ့် တစ်ချက်ပဲ ကြည့်နော်။ အကြာကြီး စိုက်ကြည့်မနေနဲ့။ မဟုတ်ရင် သေသွားလိမ့်မယ်”
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ညွှန်ပြရာ အရပ်ဆီ လှမ်းကြည့်လိုက်ရာ ကျောက်တိုင်ကြီးတစ်တိုင်ကို မြင်လိုက်ရသည်။ ထိုကျောက်တိုင်ကြီးသည်သည် အချိန်ကာလ၏ တိုက်စားမှုကြောင့် တဖြည်းဖြည်း ယိုယွင်း၊ ပျက်စီးနေခဲ့လေပြီ။
ကျောက်တိုင်ကို နေရာတိုင်းတွင် တွေ့နိုင်သော သာမန် ကျောက်တုံးဖြင့်သာ လုပ်ထားသည်။
သို့သော်လည်း ၎င်းပေါ်တွင် ရေးထွင်းထားသော နတ်ဆိုး စကားလုံးများမှ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေခဲ့လေသည်။
ထိုစကားလုံးကို ကြည့်လိုက်သည့်အခိုက် သိပ်သည်းလှသော အေးစက်သက် သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ပြီး သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။
ထိုနတ်ဆိုးစကားလုံးများသည် အရမ်းကိုမှ အားကောင်းလှသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုစကားလုံးများကို အားကောင်းသော ပညာရှင်တစ်ယောက်မှ ရေးထွင်းသွားခြင်းမှန်း တန်းသိနိုင်သည်။
သို့သော်လည်း အနားပတ်လည်တွင် ထွက်ပေါ်နေသော အရှိန်အဝါဖျော့ဖျော့ကို ရန်ကိုင် အတော်လေး စိတ်ဝင်စားသွားမိလေရာ ထိုအရာကို ခဏကြာအောင် စိုက်ကြည့်နေမိလိုက်သည်။
ခဏအကြာတွင် နက်နဲလှသော နတ်ဆိုးစကားလုံး များသည် အသက်ဝင်လာသည့်အလား ထက်ရှသော ဓါးသွားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်တိုင်ပေါ်မှ ခုန်ထွက်ကာ ရန်ကိုင် မျက်လုံးတည့်တည့်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။
“ကောင်လေး၊ မင်းသေချင်နေတာလား” မိုးကြိုးနဂါးက လှမ်အော်လိုက်ပြီး ရန်ကိုင်အား အလျင်စလို လှမ်းဆွဲကာ သူ့စိတ်စွမ်းအင်ဖြင့် ဝင်ကာလိုက်လေသည်။ ဓါးသွားနှင့် စီနီယာကြီး၏ စိတ်စွမ်းအင်တို့ တွေ့သွားသည့်အခိုက် အသံတိတ် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီး စီနီယာကြီးလည်း ခြေလှမ်း တော်တော်များများ နောက်ဆုတ်လိုက်ရသည်။
“ကောင်လေး၊ အဲ့စကားလုံးတွေကို အကြာကြီး စိုက်မကြည့်ပါနဲ့လို့ ငါမင်းကို မပြောဘူးလား” မိုးကြိုးနဂါးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ဆူပူပြန်လေသည်။
သူ့အမှားမှန်းသိသဖြင့် ရန်ကိုင်သည် ဘာမှပြန်မပြောဘဲ ခြောက်ကပ်ကပ်သာ ရယ်မောလိုက်သည်။ ထို့နောက် လီရုန်ဆီ လှမ်းကြည့်လိုက်သည်။ သူတို့ နှစ်ယောက်စလုံး တစ်ယောက် မျက်လုံးထဲ တစ်ယောက် အံ့အားသင့်နေသည့် အရိပ်အယောင်ကို တွေ့လိုက်ကြရသည်။
ထိုနတ်ဆိုးစကားလုံးများကို ရေးထွင်းထားခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စကားလုံး ပတ်ပတ်လည်တွင် မှိတ်ဖျော့ဖျော့ အရှိန်အဝါတစ်ခု ကျန်ရစ်နေသေးသည်။ ထိုအရှိန်အဝါသည် မဟာနတ်ဆိုး နတ်ဘုရား၏ အရှိန်အဝါပင် ဖြစ်သည်။
မီးတောက်နီမိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့မှာ ထိုအချက်ကို သတိပြုမိသော်လည်း ရန်ကိုင်နှင့် လီရုန်တို့အဖို့မူ သတိမပြုမိစရာ အကြောင်းမရှိချေ။
ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်ရစ်ခဲ့သော စကားလုံးလေး အနည်းငယ်ကို မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး နှစ်ယောက် သတိကြီးကြီး ထားနေခဲ့ရသည်။ ဤလောကကြီးတွင် မဟာနတ်ဆိုးနတ်ဘုရားမှလွဲ၍ မည်သူမှ ထိုကဲ့သို့ မလုပ်နိုင်ချေ။
ထိုစကားလုံးကို ချန်ထားရစ်ခဲ့သူမှာ မဟာနတ်ဆိုးနတ်ဘုရားသာ ဖြစ်ရပေမည်။ ထိုအချက်ကို ရန်ကိုင် ချက်ချင်း တန်းသိလိုက်သည်။
မဟာနတ်ဆိုးနတ်ဘုရား၏ မူရင်း အရေးအသားကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အတွက် ရန်ကိုင်လည်း အတော်လေးကိုမှ အံ့အားသင့်နေခဲ့ရသည်။ သို့သော်လည်း သူ့အား အံ့အားသင့်စေသည့် အရာသည်ကား ဤနေရာတွင် အဘယ်ကြောင့် သတိပေးချက် ရှိနေရသနည်း။
မသိစိတ်အရ ဤနေရာသို့ လာခဲ့လိုက်ခြင်းမှာ မှန်သွားသည်ဟု ရန်ကိုင် တွေးလိုက်မိသည်။
ကံကောင်းလျှင် ထိုနေရာမှ အကျိုးအမြတ် ကြီးကြီးပင် ရကောင်းရနိုင်ပေလိမ့်မည်။
လီရုန်ရင်ထဲ မျှော်လင့်ချက်တို့ဖြင့် ဝေဆာနေခဲ့လေပြီ။ သူသည်လည်း ဤနေရာ၏ လျှို့ဝှက်ချက်ကို အတော်လေး သိချင်နေမိသည်။
“ထပ်မကြည့်တော့နဲ့” မိုးကြိုးနဂါးက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ ရန်ကိုင် ထပ်မကြည့်တော့သည် ကိုမြင်သော် ထိုကောင် သင်ခန်းစာရသွားပြီဟု ထင်ကာ မိုးကြိုးနဂါးက အလျင်အမြန် ထပ်ပြောလိုက်သည် “အဲ့ထဲမှာပါတဲ့ သတ်ဖြတ်လိုစိတ်ကို ငါနဲ့ နွားအိုကြီးတောင် လျစ်လျူရှုရဲတာ မဟုတ်ဘူး။ မင်းရဲ့ မသေမျိုး တတိယအဆင့် ကျင့်ကြံခြင်းလေးနဲ့ဆိုရင် ထိတာနဲ့ တစ်ခါတည်း တန်းသေမှာ”
“ကျုပ်သိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“ဘယ်လို ပညာရှင်ကများ ဒီလို စကားလုံးတွေကို ဒီမှာ ရေးသွားလဲ သိတော့ သိချင်မိသား” မြေကမ္ဘာနွားသိုးက သူ့အတွေးကို ထုတ်ပြောလိုက်သည်။
“သေတော့မသေချာပေမယ့် ဒီစကားလုံးတွေကို ရေးသွားတဲ့ လူက ကျိန်းသေ အဆင့်မြင့်တဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်။ ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရားတောင် ဖြစ်နိုင်သေးတယ်” မိုးကြိုးနဂါးက မျက်မှောင်ကြုံ့၍ သူ့ခန်းမှန်းချက်ကို ထုတ်ပြောလိုက်သည်။
သူ့ခန့်မှန်းချက်သည် အမှန်ဖြစ်နေသည် ဆိုသည်ကိုတော့ မိုးကြိုးနဂါး မသိခဲ့။
“အရှေ့မှာ ဘာတွေရှိဦးမလဲမသိဘူး။ ဆက်သွားကြည့်ရအောင်” မိုးကြိုးနဂါးက လက်ဝှေ့ရမ်း၍ အားတက်သရောဖြင့် ရှေ့မှ ဦးဆောင်သွားလေသည်။
ယခင်တစ်ကြိမ် မြေကမ္ဘာနွားသိုးနှင့် အတူလာစဉ်က ကျောက်တိုင်းကြီးကို ဖြတ်ပြီးနောက် (၁၀)ကီလိုမီတာ လောက်သာ ရှေ့ဆက်သွားနိုင်ခဲ့ပြီး မမျှော်လင့်ထားသည့် အန္တရာယ်အချို့ကြောင့် ယာယီပြန်ဆုတ်ခဲ့ရလေသည်။
ရန်ကိုင်တွင် လက်အောက်ငယ်သားအဖြစ် အားကောင်းသော နတ်ဆိုးများ ရှိနေသည်ကို ပြန်သတိရကာ ကိုင်တေအား ရန်ကိုင်ဆီ အခေါ်လွှတ်ခဲ့လေသည်။
သူတော်စင်အဆင့် တစ်ယောက် ပိုပါလာ၍ ဤနေရာရှိ အန္တရာယ်မှ အပြည့်အဝ လုံခြုံနိုင်မည် မဟုတ်သော်လည်း အခြား နတ်ဆိုးစကားလုံးများကို ထပ်မံတွေ့ရပါက လီရုန်ကို ဘာသာပြန်ခိုင်း၍ ရပေသည်။
လမ်းတစ်လျှောက်တွင် မိုးကြိုးနဂါးသည် သူနှင့် နွားအိုကြီး ဤနေရာသို့ လာခဲ့စဉ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်း ရှင်းပြနေခဲ့သည်။ ပြောနေရင်း မိုးကြိုးနဂါးက ရုတ်တရက် ကောက်မေးလိုက်လေသည် “ကောင်လေး၊ ဒီနေရာကို မင်းဘယ်လိုထင်လဲ”
“မသိဘူးလေ” ရန်ကိုင်က ပခုံးသာ တွန့်ပြလိုက်သည်။
“တစ်ခုခုကို သတိပြုမိတာတို့၊ ပြောစရာ ရှိတာတို့ဆိုရင် ပြောသာပြောလိုက်နော်။ တုန့်ဆိုင်းမနေနဲ့” အစောပိုင်းက ရန်ကိုင်၏ စွမ်းဆောင်ရည်ကြောင့် မိုးကြိုးနဂါးသည် ရန်ကိုင်၏ အထင်အမြင်နှင့် အတွေးတို့အပေါ် တော်တော်လေး အလေးထားလာခဲ့သည်။
ထိုလူသားကောင်လေးသည် ဤနေရာသို့ ယခင်က ရောက်ဖူးသည်ဟုပင် မိုးကြိုးနဂါး ထင်မိလာခဲ့သည်။
ထိုထင်မြင်ချက်နှင့် ပက်သက်၍မူ မိုးကြိုးနဂါး လုံးဝ မှားသွားလေပြီ။ ဟင်းလင်းပြင်ထဲ အန္တရာယ်ကင်းကင်းဖြင့် သွားလာနိုင်ခြင်းနှင့် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင် စီးကြောင်းများကို ပြုပြင်နိုင်ခြင်းမှ ယခင်က ထိုကဲ့သို့ လုပ်ခဲ့ဖူးခြင်းကြောင့် ဖြစ်ပေသည်။ ဆန်းကြယ်လောကငယ်နှင့် ပက်သက်၍ သူဘာမှ မသိပါချေ။
“တစ်ခုခုသတိပြုမိတာရှိရင် ကျုပ်ပြောမယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
(၁၀)ကီလိုမီတာလောက် လမ်းလျှောက်လာပြီးနောက် မိုးကြိုးနဂါးက ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှေ့သို့ညွှန်ကာ “ဒီနေရာက ငါနဲ့နွားအိုကြီးတို့ ပြန်ဆုတ်ခဲ့တဲ့နေရာပဲ”
“ဒီနေရာနဲ့ ပက်သက်ပြီး နည်းနည်း ထူးဆန်းတယ်။ ဒီနေရာမှ ပုံမှန်မဟုတ်တဲ့ စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းနေတယ် ဆိုတာကိုတော့ ငါသိတယ်။ ဘာစွမ်းအင် စီးကြောင်းလဲ ဆိုတာကိုတော့ မသိဘူး” နွားအိုကြီးက ခေါင်းတရမ်းရမ်းဖြင့် ပြောလိုက်သည်။
ရှေ့ဘက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့ရလေသည်။
သူတို့ရှေ့ဘက်တွင် ချောက်နက်ကြီးတစ်ခု ရှိနေခဲ့သည်။
ထိုချောက်နက်ကြီးထဲတွင် ထူးဆန်းသော အစိမ်းရောင် အရည်တို့ ရှိနေခဲ့သည်။ ထိုအစိမ်းရောင်ပင်လယ်ကြောင့် ချောက်နက်အောက်ခြေကို မမြင်နိုင်ခဲ့။ မကြာမကြာဆိုသလို ထိုချောက်ကြီးထဲမှ အော်ဟစ်သံ၊ ဟိန်းသံတို့ကို ကြားနေခဲ့ရရာ အရမ်းကိုမှ ချောက်ချားဖွယ်ကောင်းလှပေသည်။
ချောက်ကမ်းပါးတွင် ရပ်လျက် အောက်သို့ ငုံကြည့်လိုက်ရာ ပျစ်ချွဲချွဲ အစိမ်းရောင်အရည်များနှင့် ထိုထဲတွင် မျောနေသော အကြည်းတန်လှသည့် အရုပ်ဆိုးဆိုး မျက်နှာအချို့ကို မြင်လိုက်ရသည်။ ထို့မျက်နှာများသည် ထိုနေရာမှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေသော်လည်း မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ရံဖန်ရံခါ အစိမ်းရောင်အရည်မျက်နှာပြင်ထက်သို့ ပူပေါင်းလေးများ ပလုံစီတက်လာပြီး ထထပေါက်လေရာမှ ချောက်ချားဖွယ်ရာ ညို့မှိုင်းမှိုင်းအော်သံကြီးတို့ ထွက်ပေါ် လာတတ်လေသည်။
ထိုအော်သံကြောင့် ကိုင်တေနှင့် လီရုန်တို့ နှစ်ယောက်စလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ကြလေသည်။
မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသို့တို့လည်း မျက်နှာ အမူအရာ မကောင်းကြတော့။ နှစ်ယောက်စလုံးသည် သူတို့၏ အစစ်အမှန်ချီကို လှည့်ပတ်၍ အစိမ်းရောင်ပင်လယ်မှ စီးဆင်းလာဟန်ရသော မကျေမချမ်း ခံစားချက်များကို ခုခံရန် ကြိုးစားနေခဲ့ရသည်။
ထိုအကျည်းတန်သော မျက်နှာများသည် လူများ၏ စိတ်ကို ရှုပ်ထွေး၊ ရူးသွပ်သွားအောင် လုပ်နိုင်သော မကျေမချမ်း ခံစားချက်များကို ထုတ်လွှတ်နေခဲ့သည်။
“အဲ့အောက်ခြေကို စစ်ဆေးဖို့ မင်းတို့ရဲ့ ကောင်းကင် စိတ်အာရုံကို နည်းနည်းလေးမှ မသုံးလိုက်နဲ့နော်” မိုးကြိုးနဂါးက အလေးအနက် အမူအရာဖြင့် သတိပေးလိုက်သည် “ငါမမှားရင် ဒီမျောနေတဲ့ မျက်နှာတွေက ဝိဥာဉ်စိတ်ဝိဥာဉ်ခန္ဓာကိုယ်တွေပဲ”
“ဝိဥာဉ်-စိတ်ဝိဥာဉ် ခန္ဓာကိုယ်တွေလား” ရန်ကိုင်က သံယောင်လိုက်မေးလိုက်သည်။
“ဟုတ်တယ်” မိုးကြိုးနဂါးက ခေါင်းညိတ်၍ “မျက်နှာ တစ်ခုချင်းစီတိုင်းက ဒီနေရာဆီ နှင်ထုတ်ခံရပြီး သေသွားခဲ့တဲ့ ပညာရှင်တွေပဲ။ အရင်တစ်ခါလာတုန်းက မဆင်မခြင်နဲ့ ကောင်းကင်စိတ်အာရုံသုံးပြီး အောက်ဘက်ကို သွားစစ်ဆေးတာ ငါ့အသိစိတ်ပါ သူတို့ ဆွဲချတာ ခံရလုနီးနီးပဲ”
ထိုအကြောင်းကို ပြန်ပြောနေစဉ် မိုးကြိုးနဂါး၏ မျက်နှာထက် ကြောက်လန့်နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ “အဲ့ဝိဥာဉ်-စိတ်ဝိဥာဉ်မျက်နှာ ပိုင်ရှင်တွေ အသက်ရှင်တုန်းက သူတို့ရဲ့ ခွန်အားက ငါအောက် မနိမ့်ဘူး။ သူတို့ရုပ်ခန္ဓာ မရှိတော့ပေမယ့် ဝိဥာဉ်တွေကတော့ ဒီနေရာမှ အကျဉ်းချထားခံရတုန်းပဲ။ ဒါကြောင့် သူတို့ကို သွားထိမိလိုက်တာနဲ့ မင်းလည်း သူတို့ဆွဲချတာခံရပြီး သူတို့ထဲက တစ်ယောက် ဖြစ်သွားရလိမ့်မယ်”
“ဒီတော့ ခင်ဗျား ပြောချင်တာက ဒီမျက်နှာပိုင်ရှင်တွေ အသက်ရှင်နေတုန်းက ခင်ဗျားအောက် မနိမ့်တဲ့ ပညာရှင်တွေပေါ့” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။
“အများကြီးပဲ”
“အဲ့ပညာရှင်တွေ အများကြီး ဘယ်ကနေ ရောက်လာတာလဲ မသိဘူး။ ထုန်းရွှမ်လောကကြီးမှာတောင် သူတော်စင် တတိယ အဆင့်က များများစားစား ရှိလှတာမဟုတ်ဘူး။ ငါးဆယ်လား၊ အဲ့ထက် ပိုနည်းသေးလား။ အခုခေတ်က ဒီလောက် ဆိုမှတော့ အရင်ခေတ်လည်း ဒီလောက်ပဲ ဖြစ်မှာပေါ့”
သို့သော် အစိမ်းရောင်ပင်လယ်ထဲ မျက်နှာပေါင်း ထောင်နှင့်ချီကာ ရှိနေခဲ့သည်။ ထိုထောင်နှင့်ချီသော မျက်နှာများထဲမှ အနည်းငယ်သာ မိုးကြိုးနဂါးအောက် မနိမ့်ကျသော ပညာရှင်များ ဖြစ်သည်ဆိုလျှင်ပင် ထိုအရေအတွက်သည် အတော့်ကိုမှ အံ့အားသင့်ဖွယ် ကောင်းနေတုန်းပင်။
ရန်ကိုင် သိထားသလောက် ရှေးဟောင်းခေတ်တွင် အဆင့်မြင့် ပညာရှင်များစွာ ရှိခဲ့ပေသည်။
ထို့ကြောင့် အောက်ဘက်တွင် ရှိနေသော မျက်နှာများ၏ စွမ်းအားကို သူအထင်မသေးချေ။ ထိုထဲမှ အတော်များများသည် အရမ်းကိုမှ အားကောင်းလှကြပေသည်။
“ငါလည်း သေချာမသိပေမယ့် ဟိုးခေတ်တွေတုန်းက ဒီလို ပညာရှင်တွေဆိုတာ ဒီလောကကြီးမှာ မှိုလိုပေါက်နေကြတာ” မိုးကြိုးနဂါးက ခေါင်းတရမ်းရမ်းဖြင့် ပြောလိုက်သည်။