Switch Mode

Chapter – 901

မြေကမ္ဘာ နွားသိုး

အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၀၁) မြေကမ္ဘာ နွားသိုး

လီရုန်က မျက်မှောင်ကြုံ့လျက် ပြန်မေးလိုက်သည် “ဘယ်လို နတ်ဆိုးစကားလုံးတွေလဲ”

“ဒီလိုမျိုး…” ပြောပြောဖြင့် စီနီယာကြီးက သူမြင်ခဲ့သော စကားလုံးများကို စားပွဲပေါ်တွင် ချရေးပြလိုက်သည်။

မကြာမှီ ရှုပ်ထွေးပြီး နက်နဲသော စကားလုံးများ စားပွဲပေါ်တွင် ပေါ်လာခဲ့လေသည်။

ထိုစကားလုံးများသည် စည်းဝါးကိုက်နေသည့် ပုံစံကွက်တစ်မျိုးနှင့် ဆင်တူသလို ရန်ကိုင် ခံစားလိုက်ရသည်။ သို့သော် ထိုကဲ့သို့သော စကားလုံးမျိုးကို တစ်ခါမှ မမြင်ဖူးလေရာ ကူကယ်ရာမဲ့စွာဖြင့်သာ လီရုန်ဆီ လှည့်လိုက်ရသည်။

လီရုန်သည် ထိုစကားလုံးများကို တစ်ခဏတာမျှ စိုက်ကြည့်နေပြီးနောက် လေးနက်တည်ကြည်သည့် လေသံဖြင့် “ဒါတွေက နတ်ဆိုးစကားလုံးတွေပဲ။ အရမ်းကို ရှေးကျတဲ့ စကားလုံးတွေပေါ့”

“ဒီစကားလုံးတွေက ဘာကို ဆိုလိုတာလဲ” ထိုစကားလုံးများကို လီရုန် နားလည်နိုင်မှန်း သိလိုက်သည်နှင့် စီနီယာကြီးက စိတ်ထားထက်သန်စွာ မေးလိုက်လေသည်။

“ဂိုဏ်းတစ်ဂိုဏ်းရဲ့ တားမြစ်နေရာတွေရှေ့မှာ ထားတဲ့ စကားလုံးတွေနဲ့ အတူတူပဲ… ဆိုလိုတာကတော့ ‘သတိပေးချက်၊ ဝင်လာတဲ့လူတိုင်း သေရမယ်’… အဲ့လိုပြောထားတာ”

စီနီယာကြီး အသာအယာ ခေါင်းညိတ်လိုက်သည်။

“ရှေးဟောင်း နတ်ဆိုး စကားလုံးတွေက နတ်ဆိုး မျိုးနွယ်စုဝင်တွေ နေတဲ့ နေရာမှာပဲ ရှိနေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီမှာ ပေါ်လာရတာလဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။

စီနီယာကြီးက ရယ်ရယ်မောမောဖြင့် “အရင်တုန်းက နတ်ဆိုးကုန်းမြေဆိုတာ ဒီနေ့ နတ်ဆိုးကုန်းမြေထက် အများကြီး ပိုကြီးတာကွ။ ငါတို့ မွန်းစတားပိုင်နက်နဲ့ မင်းတို့လူသားပိုင်နက်ရဲ့ နယ်မြေတော်တော်များများက နတ်ဆိုးမျိုးနွယ်စု အပိုင်တွေချည်းပဲ။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရား ထွက်သွားပြီးတဲ့နောက်ပိုင်း နတ်ဆိုးမျိုးနွယ်စုက သူတို့ပိုင်နက် တော်တော်များများကို လက်လျှော့လိုက်ရတယ်လေ။ နောက်ဆုံး ဒီနေ့လက်ရှိ နတ်ဆိုးကုန်းမြေပဲ ကျန်တော့တဲ့အထိပဲ”

“လတ်စသတ်တော့ အဲ့လိုကိုး…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“အဲ့လေဟာနယ်လိုဏ်ခေါင်းထဲက အင်အားစုက ဘယ်နတ်ဆိုး အင်အားစုမှန်း ငါမသိပေမယ့် အရမ်းကို အားကောင်းတဲ့ အင်အားစုထဲ ပါနေမယ်ဆိုတာတော့ ငါသိတယ်။ အဲ့စကားလုံးတွေကို ရေးထားတဲ့လူက ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်ပဲ။ အဲ့စကားလုံးတွေကို ဖတ်လိုက်တုန်းက နွားအိုကြီးနဲ့ငါ နှစ်ယောက်စလုံး သိပ်သည်လွန်းတဲ့ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်တယ်လေ။ ဒီလောက် နှစ်တွေ ထောင်နဲ့ ချီသွားတာတောင် အဲ့သတ်ဖြတ်လိုစိတ်က မပျောက်ကွယ်သွားသေးဘူး ဆိုတော့ မင်းသိပြီပေါ့”

ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး “အဲ့လောက် အန္တရာယ်များမှတော့ ဘာလို့ စူးစမ်းချင်နေသေးတာလဲ”

“ဒီလို ထူးဆန်းတဲ့ လေဟာနယ်လိုဏ်ခေါင်းမျိုး မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေထဲ ‌ပေါ်လာရင် မင်းကော မစူးစမ်းဘဲ နေမှာလား” စီနီယာကြီးက ပြန်ပြောလိုက်သည်။

ရန်ကိုင် ခဏလောက် စဉ်းစားလိုက်ပြီးနောက် “စူးစမ်းမှာပေါ့”

ထိုလေဟာနယ်လိုဏ်ခေါင်းကို မစူးစမ်းချင်ဘူး ဆိုပင်လျှင် သူ့ဂိုဏ်းနှင့် ဂိုဏ်းတပည့်များကို အန္တာရာယ် မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ထားရပေမည်။

“တကယ်တော့ ငါတို့ မွန်းစတားပိုင်နက်က သိပ်ကြီးတာ မဟုတ်ဘူးကွ။ ဒီလေဟာနယ်လိုဏ်ခေါင်းက နွားအိုကြီးနဲ့ ငါ့ပိုင်နက်ကြားမှာ ပေါ်လာတာ။ မတော်တဆ တစ်ခုခုသာ ဖြစ်မယ်ဆိုရင် သားရဲပင်လယ်တောအုပ်ကို စွန့်ခွာပြီး အခြား နေရာတစ်ခုဆီ ပြောင်းရမှာ။ ငါတို့ရဲ့ မရှိမယ့်ရှိမယ့် နေရာလေး ပိုသေးသွားတာပေါ့ကွာ” စီနီယာကြီးက ရှင်းပြလိုက်လေသည်။ ထို့နောက် လီရုန်ဘက်သို့ လှည့်၍ “ဒါပေမယ့် ဒီဘုရင် မေးချင်နေတာရှိတယ်။ နောက်တစ်ကြိမ် ဒီဘုရင် သွားစူးစမ်းတဲ့ အခါကျ ဒီကမိန်းကလေး အတူလိုက်ပေးနိုင်မလား”

“သခင့်ကိုမေးလိုက်” လီရုန်က ပြုံးလိုက်ပြီး “ကျွန်မမှာ ရှင့်တောင်းဆိုချက်ကို လက်ခံဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရှိဘူး”

စီနီယာကြီး ချက်ချင်းပဲ ရန်ကိုင်ဆီ လှဉ့်လိုက်သည်။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “မွန်းစတားမျိုးနွယ်စုက စီနီယာကြီး နှစ်ယောက်တောင် အဲ့နေရာက အန္တရာယ်ရှိတယ်လို့ ပြောနေမှတော့ အလွယ်တကူ မသွားသင့်တဲ့ နေရာဆိုတာ အသေအချာပဲပေါ့။ ဒီဂျူနီယာက အားနည်းတော့ အဲ့ကိုသွားရင် သေမှာကြောက်ရတယ်ဗျ”

စီနီယာကြီးမျက်နှာ မဲ့သွားခဲ့ပြီး “ငါမင်ကို အတူလာဖို့ တစ်ခါမှ မပြောဘူး။ မင်းနောက်က မိန်းကလေးကိုပဲ ငါတို့နဲ့အတူ လိုက်စေချင်တာ။ မင်းဒီမှာ ကျန်နေခဲ့လို့ရတယ်။ ငါ့လူတွေကို မင်းကို ကောင်းကောင်း ဧည့်ခံထားခိုင်းလိုက်မယ်။ မနေချင်ရင်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ပြန်လို့ ရသေးတယ်။ ဘယ်သူမှ မင်းကိုတားမှာ မဟုတ်ဘူး”

“ခင်ဗျား ဘာပြောနေတာလဲ” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး “လီရုန်က ကျုပ်နဲ့အတူလာတာလေ… ပြန်ရင်လည်း ကျုပ်နဲ့ အတူ ပြန်ရမှာပေါ့”

“မင်း…” စီနီယာကြီး မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး “ပြော၊ မင်းဘာလိုချင်တာလဲ။ ငါ့လခွမ်း၊ မင်းက ဆန်တစ်စေ့တောင် အလွတ်ပေးမယ့်ကောင်းမျိုးမဟုတ်မှန်း ငါသိသားပဲ”

ရန်ကိုင်က ခေါင်းခါလိုက်ပြီး “မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက်က တော်တော်လေး ခေါင်တာလေ။ ရှားပါးတဲ့ ဆေးပင်တွေအချို့ကလွဲလို့ ဘာမှရှိတာ မဟုတ်ဘူး။ အခု လောလောဆယ် ကျုပ်ဆီမှာ ဆေးပင် အလုံအလောက် ရှိနေသေးတယ်ဗျ”

ရန်ကိုင်သည် အသားတုံးကြီးတစ်တုံးလောက်ကို တတ်နိုင်သမျှ မရရအောင် ယူတော့မည့်ဟန် ပြင်ထားသည်ကို မြင်သော် စီနီယာကြီးမှာ ဒေါသလည်းထွက်၊ ကူကယ်ရာလည်း မဲ့ရသည်။ ထိုလောဘအိုလေး မည်ကဲ့သို့သော လွန်ကဲသည့် တောင်းဆိုချက်ကို တောင်းဆိုလာမည်မှန်း စဉ်းစားရင်း စီနီယာကြီး အတော်လေး စိတ်ညစ်မိသွားခဲ့သည်။ လီရုန်ဘက်သို့ လှည့်လိုက်ပြီး နောက်ဆုံး ကောက်ရိုးမျှင်လေးကို ဆွဲနိုင်ရန် ကြိုးစားကြည့်လိုက်သည် “နင်တကယ် မသွားချင်တာလား”

လီရုန်က နှုတ်ခမ်းလေးကို အသာအယာ ကွေးလျက် အခိုင်အမာ ပြောဆိုလိုက်သည် “သခင် ဆုံးဖြတ်တဲ့အတိုင်း ကျွန်မလုပ်မှာ”

ရန်ကိုင်က လီရုန်အား အသေအချာ စိုက်ကြည့်လိုက်ပြီး နောက် ယဲ့ယဲ့လေး ခေါင်းညိတ်လျက် “လီရုန်၊ ခင်ဗျား လိုက်သွားလို့ရတယ်”

လီရုန်လည်း ထိုရှေးဟောင်းနတ်ဆိုးစကားလုံးများကို အတော်လေး စူးစမ်းချင်နေမှန်း ရန်ကိုင် သိပေသည်။

သူလည်း သူမကို တားရန် မစဉ်းစားပါချေ။

“မင်းဘာတောင်းဆိုချင်လဲပြော” စီနီယာကြီးက ရင်တမမဖြင့် မေးလိုက်သည်။

“ဘာမှ မတောင်းဆိုချင်ဘူးဆိုရင် စီနီယာကြီး ယုံမှာလား”

စီနီယာကြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

“ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့…” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး ခဏလောက် စဉ်းစားလိုက်သည်။ ထို့နောက် အပြုံးကြီးပြုံးလျက် စီနီယာကြီး နောက်တွင် ရပ်နေသော ကိုင်တေဆီ လှမ်းကြည့်လိုက်ပြီး “ကိုင်တေ ပြုံးပြတာ ကျုပ်မြင်ချင်တယ်”

ရန်ကိုင်စကားကြောင့် ကိုင်တေ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် မကြာမှီ သူမ၏ မျက်ဝန်းများ ရေခဲတမျှ အေးစက်သွားခဲ့ပြီး ရန်ကိုင်အား စားတော့ဝါးတော့ မတတ်အကြည့်ဖြင့် စိုက်ကြည့်လာခဲ့လေသည်။

“မင်း….” စီနီယာကြီး ဆွံ့အနေခဲ့ရလေပြီ။ ဘာဆက်လုပ်၍ လုပ်ရမှန်း သူမသိတာ့။

“ဟားဟားဟား၊ စရုံစတာလေ။ မိန်းကလေးကိုင်တေ၊ ကျုပ်ပြောတာကို အတည်ယူစရာ မလိုဘူးပါဘူးဗျ” ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး “သွားမယ်ဆိုမှတော့ မြန်မြန် သွားကြတာပေါ့။ မြန်မြန်စနိုင်လေ၊ မြန်မြန် ပြီးနိုင်လေပဲ”

ရန်ကိုင် ဘာမှ ထပ်မတောင်းဆိုချင်သည်ကိုမြင်သော် စီနီယာကြီး တော်တော်လေး အံ့ဩသွားခဲ့ရသည်။

“ကောင်းပြီလေ၊ သွားကြတာပေါ့” စီနီယာကြီးလည်း မတ်တပ်ရပ်လိုက်ပြီး မွန်းစတားချီဖြင့် ရန်ကိုင်ကို ရစ်ပတ်ကာ လေပေါ်သို့ ပျံသန်းလိုက်သည်။ လီရုန်သည် စီနီယာကြီးနောက် အမှီပြေးလိုက်သွားချိန် ကိုင်တေမှာမူ နေရာတွင်သာ မလှုပ်မယှတ် ရပ်၍ ထွက်သွားသော ရန်ကိုင်ကို အရိုးကွဲမတတ် အေးစက်လှသည့် အကြည့်စူးစူးဖြင့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် မလိုက်ချင်လိုက်ချင်ဖြင့် လိုက်သွားလေသည်။

“ကောင်လေး၊ ကိုင်တေကို သိပ်မစနဲ့ကွ။ စပါများရင် သူမင်းကို တကယ် တီးလိမ့်မယ်” ပျံသန်းနေရင်း စီနီယာကြီးက ရန်ကိုင်ကို တိုးတိုးလေး ပြောလိုက်သည်။

ရန်ကိုင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “ကျုပ်သိတယ်။ အခုကြည့်ပါလား၊ နောက်က လိုက်လာနေတဲ့ သတ်ဖြတ်လိုစိတ်က ကြောက်စရာကြီး”

“သွားစချင်ဦးလေ” စီနီယာကြီးက ရန်ကိုင် ဒုက္ခရောက်နေသည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ထို့နောက် သက်ပြင်းချလျက် “တစ်ခါတစ်ခါကျ ဒီဘုရင်တောင် သူ့ကို ထိန်းနိုင်တာတာ မဟုတ်ဘူးကွ။ ဒီဘုရင် မှတ်မိသလောက်ဆို ကိုင်တေ ပြုံးတောင်ပြုံးခဲ့ဖူးရဲ့လား မသိဘူး”

“အဲ့လို ရေခဲတုံးကြီးနားမှာ ခင်ဗျား ဘယ်လို နေနိုင်တာလဲ”

“မင်းလက်အောက်ငယ်သားတွေ ဒီလောက် လေးစားနေရတဲ့ မင်းကမှ ထူးဆန်းနေတာကွ” ပြောနေရင်း စီနီယာကြီး၏ အကြည့် လီရုန်ဆီ အလိုလို ရောက်သွားခဲ့သည်။

သူတော်စင်ဒုတိယအဆင့် ပညာရှင်တစ်ယောက်သည် မသေမျိုး တတိယအဆင့် ကောင်လေးတစ်ယောက်ဆီမှ အမိန့်များကို တသဝေမသိမ်း နာခံနေခဲ့သည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း စီနီယာကြီး လုံးဝ မစဉ်းစားနိုင်ခဲ့ပေ။

“ဟန့်၊ ခင်ဗျား ဘာသိလို့လဲ။ ဒါက ကျုပ်ရဲ့ ညို့ယူနိုင်တဲ့ စွမ်းအားလို့ခေါ်တယ်” ရန်ကိုင်က စီနီယာကြီးအား အထင်အမြင် သေးသေးဖြင့် ကြည့်လျက် ပြန်ပြောလိုက်သည်။

“အရှက်မရှိ လာကြွားနေသေးတယ်” စီနီယာကြီး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ရန်ကိုင်နှင့် ဆက်ဆံပေါင်းများလာသော် ရန်ကိုင်သည် ယခင်တော်ဝင်သခင်ဟောင်းနှင့် နည်းနည်းလေးမှ စရိုက်မတူမှန်း စီနီယာကြီး သိလာခဲ့သည်။ ရန်ကိုင်သည် တစ်ခါတစ်ခါ ယုတ္တိမတန်သလို ပြုမူတတ်ပြီး ကိုင်တွယ်ရ ခက်သော်ငြား သူနဲ့အတူရှိနေချိန် အသက် ပိုငယ်သွားသလို စီနီယာကြီး ခံစားရသည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။ ရန်ကိုင်သည် ကိုယ်တိုင် မပျံသန်းချင်သဖြင့် စီနီယာကြီးကိုသာ သယ်ခိုင်းကာ ပျံသန်းစေခဲ့သည်။

သို့သော်လည်း ဦးတည်ရာနှင့် နီးကပ်လာသည်နှင့် လေထဲ စီဆင်းနေသော ထူးဆန်းသော အရှိန်အဝါမှာ ပိုပို၍ ကြည်လင် ရှင်းလင်းလာခဲ့သည်။

ဟင်းလင်းပြင် အရှိန်အဝါပင်…

ထိုနေရာမှ စိမ့်ထွက်နေသော ဟင်းလင်းပြင်စွမ်းအင်သည် သားရဲပင်လယ်တောအုပ်တစ်ခုလုံး ပျံ့နှံ့နေခဲ့လေရာ ထိုမျှ များပြားလှသော ဟင်းလင်းပြင်စွမ်များ စိမ့်ထွက်ရလေအောင် လေဟာနယ်လိုဏ်ခေါင်း မည်မျှ ကြီးလိုက်မလဲဟု ရန်ကိုင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

လမ်းတစ်လျှောက်ဘာမှ ထူးထူးခြားခြား သတိထားစရာ မရှိ။ သို့သော် သုံးရက်ကြာပြီးနောက် ရန်ကိုင် မြင်ကွင်းထဲ ကျဉ်းမြောင်းသည် အက်ကြောင်းလေးတစ်ခု ပေါ်လာခဲ့သည်။

ထိုအနက်ရောင်အက်ကြောင်းကို မြင်လိုက်သည်နှင့် ရန်ကိုင် အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ထအော်မေးလိုက်လေသည် “အဲ့ဒါ လေဟာနယ်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်လား”

“ဟုတ်တယ်။ ဝင်ပေါက်ပဲ”

“ကြီးလိုက်တာ” ရန်ကိုင် အလန့်တကြား ဆိုလိုက်သည်။

လက်ရှိနေရာမှန် ထိုဝင်ပေါက် အရွယ်အစားကို အသေအချာ မပြောနိုင်သော်လည်း ထိုအက်ကြောင်းသည် အနည်းဆုံး မီတာတစ်ထောင်လောက် ရှည်မည်ဟု ရန်ကိုင် ခန့်မှန်းမိသည်။ ထိုအရာကို ဝင်ပေါက်ဟု ပြောရမည့်အစား တစ်ယောက်ယောက်သည် ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲထားသည်ဟု ဆိုလျှင်ပင် ပိုသင့်တော်လောက်သည်။

ထို့အပြင် ထိုအက်ကြောင်းသည် အမှန်တကယ်ကို မတည်မငြိမ် ဖြစ်နေပေသည်။ တွန့်လိမ်ကောက်ကွေးနေခဲ့ပြီး ဟင်းလင်းပြင်စွမ်းအင်များသည် ထိုနေရာမှ အပြင်ဘက်သို့ တောက်လျှောက် စိမ့်ထွက်နေခဲ့နေခဲ့သည်။ ထိုအက်ကြောင်းသည် အချိန်မရွေး ပြိုကျတော့မည့်ဟန် ပေါက်နေသော်လည်း ပြိုကျသွားခြင်းမရှိ လျင်လျင်မြန်မြန်သာ ကျယ်ပြန်လာနေခဲ့သည်။

စီနီယာကြီးသည် ရန်ကိုင်နှင့်အတူ ထိုနေရာဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။

စီနီယာကြီး၏ အရှိန်အဝါကို သတိပြုမိလိုက်သည်နှင့် သိသိသာသာ ခန္ဓာကိုယ်တုတ်ခိုင်ကြီးမားသော လူကြီးတစ်ယောက် မျက်လုံးပွင့်လာခဲ့သည်။

ခဏအကြာတွင် ထိုလူကြီးက လှမ်းအော်ပြောလေသည် “မိုးကြိုးနဂါး၊ မင်းဘာလို့ ဒီလောက်တောင် ကြာနေတာလဲ။ ဒီနွားအိုကြီး စိတ်မရှည်တော့ဘူးကွ”

စီနီယာကြီးက အသာအယာလေး ပြုံးလျက် “ငါတို့ကို ကူညီပေးဖို့ လူရှာနေလို့ ကြာသွားတာကွ။ ပြီးတော့ ဘယ်လောက် ကြာသေးလို့လဲ။ ခုနှစ်ရက်၊ ရှစ်ရက်ပဲ ရှိသေးတာလေ။ ဘာလို့ ဒီလောက်တောင် လောနေတာလဲ”

နှစ်ယောက်သား အပြန်အလှန် ပြောနေရင်း ရန်ကိုင်တို့ လေးယောက် ဆင်းသက်လိုက်ကြသည်။

ယခုလေးတင် လှမ်းအော်ပြောခဲ့သော လူကြီးကို ကြည့်လိုက်မိသည်နှင့် ရန်ကိုင် အနည်းငယ် စိတ်ပူပန်းသွားပြီး ထိုလူကြီးသည် စီနီယာကြီး ပြောနေသော မွန်းစတား မျိုးနွယ်စု၏ စီနီယာကြီးတစ်ဦးဖြစ်သည် မြေကမ္ဘာနွားသိုး ဖြစ်မည်မှန်း ရန်ကိုင် သိလိုက်သည်။

မွန်းစတာမျိုးနွယ်စုဝင် အများစုကဲ့သို့ လူပုံစံဖြင့် ရှိနေသော်လည်း မွန်းစတားမျိုးနွယ်စု၏ အမှတ်သညာဖြစ်သော ဦးချိုနှစ်ချောင်း ရှိနေသေးသည်။ ခေါင်းမှ ဘေးဘက်သို့ ကားထွက်နေသော အနက်နီရောင်ဦးချိုနှစ်ချောင်းမှ စွမ်းအင်းလှိုင်း ဖျော့ဖျော့လေးများ ဖြာထွက်နေခဲ့သည်။

ထိုဦးချိုနှစ်ချောင်သည် ထိပ်တန်းအဆင့် မှော်ရတနာများ ကဲ့သို့ မာကျောပြီး ထက်ရှမှန်း ရန်ကိုင် တန်းပြောနိုင်သည်။

မြေကမ္ဘာနွားသိုး၏ အဝတ်အစားသည် မီးတောက်နီ မိုးကြိုးနဂါးထက် ပို၍ စုတ်ပြတ်နေသည်။ သားရဲအရေပြားဖြင့် အချို့နေရာများကိုသာ ဖုံးအုပ်ထားခဲ့ပြီး ထူထဲတုတ်ခိုင်သော လက်များ၊ ခြေထောက်များကို အထင်းသား ဖော်ထားခဲ့သည်။

“ဒါ မင်းရှာလာတဲ့ အကူတွေလား” နွားအိုကြီးက ရန်ကိုင်နှင့် လီရုန်တို့အား တစ်လှည့်စီ ကြည့်လိုက်ပြီး ခေါင်းညိတ်၍ “အမျိုးသမီးကတော့ အဆင်ပြေတယ်။ ဒါပေမယ့် ဒီကောင်လေးက ဘာလုပ်ဖို့လဲ”

ရန်ကိုင်ကို လက်ညိုးထိုး၍ ဆက်ပြောလိုက်သည် “သူတော်စင်အဆင့်တောင် မရောက်သေးတဲ့ ကောင်လေး တစ်ယောက်ကို ခေါ်လာပြီး ဘာလုပ်မလို့လဲ။ သေခိုင်းဖို့လား”

သူရန်ကိုင်ကို အထင်သေးနေသည်မှာ အထင်းအရှားပင်။ ပြောနေပုံမှာလည်း ရန်ကိုင်အား လက်ဖျောက်တစ်ချက်ဖြင့် အပျောက်ရှင်းနိုင်သေလိုလို။ သူ့အပြုအမူကြောင့် လီရုန် အမူအရာ အေးစက်သွားခဲ့ပြီး မြေကမ္ဘာနွားသိုးအား အေးစက်စက် အမူအရာဖြင့် စူးရဲဏွာစိုက်ကြည့်လိုက်သည်။

ရန်ကိုင်အား ထိုကဲ့သို့ ရိုင်းရိုင်းပြပြ ပြောလာသော မည်သူ့ကိုမဆို လီရုန် မျက်နှာသာပေးမည်မဟုတ်။ မီးတောက်နီမိုးကြိုးနဂါးကြောင့်သာ မဟုတ်လျှင် ထိုနွားအိုးကြီးနှင့် တစ်ပွဲတစ်လမ်းလောက် နွှဲလိုက်နေလေပြီ။

ရန်ကိုင်က ပြုံးသာပြုံးလိုက်သည်။

မီးတောက်နီမိုးကြိုးနဂါးသည် ဝင်ရောက်ဖြန်ဖြေပေးမည့် အရိပ်အယောင်မပြ၊ ပြုံး၍သာ ပြောလိုက်လေသည် “သူက သူတော်စင်အဆင့်ကို မရောက်သေးပေမယ့် သေသေချာချာ ကြည့်ကြည့်လိုက်ရင် စိတ်ဝင်စားစရာ တစ်ခုခုကို မင်းတွေ့ရလိမ့်မယ်”

“ဘာစိတ်ဝင်စားစရာလဲ” မြေကမ္ဘာနွားသိုး မျက်မှောင် ကြုံ့သွားခဲ့သည်။ ထို့နောက် သူ့မေးစေ့ကို ပွတ်လျပ်၍ ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်လိုက်သည်။ ထိုမျှဖြင့် မကျေနပ်သေး၊ ကောင်ကင်စိတ်အာရုံဖြင့်ကို ဖြန့်ကျက်၍ပါ ရန်ကိုင်ကို စစ်ဆေးကြည့်လိုက်သည်။

ရုတ်တရက် သူ့မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး နောက်သို့ အလိုလို ဆုတ်မိလိုက်သည်။ သူ့မျက်လုံးများ ဆိုလျှင်လည်း မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်လိုက်ရသည့် အလား ထိတ်လန့်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။

“မင်းသတိပြုမိပြိလား” မီးတောက်နီမိုးကြိုးနဂါး ရယ်မောလိုက်သည်။

“သူဘယ်သူလဲ။ သူ့မှာ ဒီလောက်သန့်စင်တဲ့ မွန်းစတားချီ ဘာလို့ ရှိနေတာလဲ” မြေကမ္ဘာနွားသိုးက ရေရွတ်လိုက်သည်။

ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော မွန်းစတားချီသည် မခံစားမိလောက်သည်အထိ ဖျော့တော့လှသည်။ သို့သော် သန့်စင်သည့်အပိုင်းတွင်မူ သူနှင့် မီးတောက်နီမိုးကြိုးနဂါးကိုပင် ကျော်လွန်နေသေးသည်။

ထိုကဲ့သို့သော သန့်စင်သည့် မွန်းစတားချီကို တော်ဝင် သွေးမျိုးဆက်များသာ ပိုင်ဆိုင်ကြပေသည်။

သို့သော်လည်း ရန်ကိုင်သည် လူသားတစ်ယောက် ဖြစ်နေခဲ့လေရာ မြေကမ္ဘာနွားသို့ လုံးဝ မစဉ်းစားတတ်အောင် ဖြစ်နေခဲ့ရသည်။

Comment

Leave a Reply

Options

not work with dark mode
Reset