Switch Mode

Chapter – 55

Chapter – 55

ဝိညာဥ်အပျက်အစီး အံ့ဩဖွယ်နယ်​မြေမှ အကြီးအကဲများက ဖန်းပေါ်ကို တိုက်ခိုက်ကြသည်။ အကြီးအကဲ တစ်ယောက်၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းက ဖြာထွက်လာပြီး ကြီးမားသော သွေးနီရောင် ပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ထိုပိုက်ကွန်မှ အမျှင်တစ်မျှင်ချင်းစီတိုင်းက တဖျက်ဖျက်လက်နေပြီး တောက်ပသည့် အနီရောင် အလင်းတန်းကို လွင့်ထုတ်သည်။ ထိုပိုက်ကွန်ကြီးက ကြီးမားသည့် မဟူရာ သင်္ဘောကြီးအလား ဖန်းပေါ်ထံ ပျံသန်းလာသည်။
ထိုအချိန်တွင် ဖန်းပေါ်၏ မျက်နှာတွင်မူ အသက်မဲ့နေသော ပုံဏ္ဌာန်များပေါ်နေသည်။ သူ၏မျက်ဝန်းတွင် အစိမ်းရောင်အလင်း လက်လာပြီး ညာလက်ကို ဆန့်လိုက်ကာ ကောင်းကင်ကို လက်တစ်ဖက်ဖြင့် ထောက်ထားဟန် ပြုလိုက်သည်။ သူက ထိုအနီရောင်ပိုက်ကွန်ကို ဆွဲဖြဲလိုက်ခြင်းပင်။
အခြားသော အကြီးအကဲတစ်ယောက်၏ ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းဖြင့် ခရမ်းရွှေရောင် ရှစ်ထောင့်မှန်တစ်ချက်က လက်ထဲတွင် ထွက်ပေါ်လာသည်။
သူက လက်ကို တစ်ချက် ယမ်းလိုက်ပြီးနောက် ထိုမှန်၏ အလင်းရောင်ကို ဖန်းပေါ်ထံ ညွှန်ပြလိုက်သည်။ ခရမ်းရောင်အလင်းတန်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီးနောက်တွင် ဖန်းပေါ်ကို လွှမ်းခြုံကာ ထိုနေရာတွင် ပိတ်လှောင်ထားလိုက်သည်။ သူ၏ ကိုယ်ပတ်လည်တွင်လည်း ရစ်ဆိုင်းနေသည့် ခရမ်းရောင်မြူထု နယ်မြေတစ်ခု ပေါ်လာသေးသည်။
ဆွစ် …။
အနီရောင်ပိုက်ကွန်က အောက်သို့ ချောမွေ့စွာ ကျလာပြီးနောက် ဖန်းပေါ်ကို အတွင်းတွင် ပိတ်လှောင်ထားကာ ခပ်တင်းတင်း ချုပ်​နှောင်ထားသည်။
ထိုအချိန်တွင် အကြအကဲ ဝူချင်ဖုန်းက ရှေ့ထွက်လာ​ပြီး လက်ညှိုးတစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ အသုံးပြုသည်။ မျက်စိကြိမ်းမတက် တောက်ပနေသော အလင်းတန်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီးနောက် သူက သူ၏နတ်စွမ်အားကိုသုံးကာ ဖန်းပေါ်ကို ချိတ်ပိတ်လိုက်သည်။
ယဲ့ဖန်းက ဖန်းပေါ်ကို အလွန်စိုးရိမ်နေသည်။ ထို့ကြောင့် အကြီးအကဲများက သူ့ကို ဖမ်းမိသွားကြောင်း မြင်ရမှသာ စိတ်အေးသွားသည်။ တည်ငြိမ်ပြီး အပြုံးမျက်နှာနှင့် လူအိုကြီးက အရာအားလုံးကို ကိုင်တွယ်နိုင်ဟန် ပေါ်နေရာ ပြသနာ မရှိလောက်ချေ။
ဗုန်း …။
ထိုအချိန်တွင် ကွဲအက်ရာထဲမှ ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် ယဲ့ဖန်က ကြိုတင်၍ ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူက တာအိုကျမ်းစာထဲမှ လျှို့ဝှက်ဆန်းကျယ်သည့် ကျမ်းစာပိုဒ်ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။
ဤနည်းအားဖြင့် သူ၏ ဒုက္ခဆင်းရဲပင်လယ်ထဲမှ ရွှေရောင်အလင်းတန်း အမှုန်များစွာက ချက်ချင်းလိုလို နတ်အလင်းတန်းနှင့်အတူ စီးဆင်းလာပြီး သူ၏ နှလုံးသားထံ ရောက်ရှိလာသည်။
ထိုသို့ဖြင့် သူ၏ခံစားချက်က ချက်ချင်းလိုလို ကောင်းမွန်သွားသည်။ ယခင် အကြိမ်များလောက် နာကျင်ခြင်း မရှိတော့ချေ။
ယဲ့ဖန်းက သေချာ လေ့လာသုံးသပ်ပြီးနောက် အလွန်အမင်း ကြီးမားသည့် ငှက်ကြီးများနှင့် သားရဲကြီးများကပင် တုန်ရီသွားကြောင်း မြင်လိုက်ရသည်။ ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ အကြီးအကဲများ ကိုယ်တိုင်ကလည်း သက်ရောက်ခံရသလိုမျိုး တောင့်တင်းသွားသည်။
ထိုအခြေအနေက သူ့ကို အလွန်အံ့အားသင့်စေသည်။ တော်ဝင် သစ်သီးကို စားပြီး နတ်စမ်းရေကို သောက်ခဲ့ပြီးနောက် သူက ပြန်လည်မွေးဖွားလာသလို ခံစားရသည်။ ကျင့်ကြံခြင်း အဆင့်ကို မဆိုထားဘိ။ အသက်ဘီးနှင့် ဒုက္ခဆင်းရဲပင်လယ်တို့ကပင် ထိုအကြီးအကဲများထက် အားနည်းခြင်း မရှိချေ။
ဗုန်း ဗုန်း ဗုန်း ….။
နောက်ထပ် ပေါက်ကွဲသံသုံးချက်က ဆက်တိုက်ထွက်ပေါ်လာသည်။ ကွဲအက်ရာထဲတွင် ရှိနေသည့် ချော်ရည်များက တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်လျက် ကောင်းကင်သို့ ထိုးတက်သွားသည်။ မှောင်မဲနေသော ညက ရုတ်တရက် လင်းထိန် တောက်ပသွားသည်။
ထိုအချိန်တွင် အောက်ဘက်မှ ချော်ရည်များက အပေါ်သို့ ထွက်တက်သွားပြီး မီးတောင်ထဲမှ စီးထွက်လာသည်။
ဤနည်းအားဖြင့် မျက်စိကြိမ်းမတက် တောက်ပသည့် ရှေးဟောင်းနန်းတော်ကြီးက အပေါ်သို့ မြှောက်တက်လာကာ စွမ်းအားကြီးမားသည့် အသက်စွမ်းအားများကို လွှင့်ထုတ်လာသည်။
မီးတောင်ပေါ်တွင် ဝိညာဥ် အပျက်အစီး ကောင်းကင်ဂူ၏ အဆင့်လွန် အကြီးအကဲလေးယောက်နှင့် ဂိုဏ်းခေါင်းဆောင်တို့က တောက်ပသောအလင်းတန်း ခြံရံလျက် မီးတောင်ထံ ချဥ်းကပ်သွားသည်။
အခြားတစ်ဖက်တွင် လူသားပုံသဏ္ဌာန် ပြောင်းထားသည့် မဟာမိစ္ဆာပေါင်းများစွာကလည်း ရှေ့သို့​ လှမ်းတက်လာကြပြီး ချော်ရည်ထဲမှ အကြောက်လန့်မဲ့စွာ ခုန်ထွက်လာကြသည်။ သူတို့က မျက်တောင်မခပ်ဘဲ မြှောက်တက်လာသည့် ရှေးဟောင်းဂူကျောင်းကြီးကို ကြည့်သည်။ သူတို့က မီးတောင်အဝနား ရောက်သွားမှသာ လူသားကျင့်ကြံသူများကို ပြန်ကြည့်လိုက်သည်။
သူတို့ထဲတွင် လက်မောင်းနှစ်ဖက်လုံး ကြေးခွံများ ပြည့်နေသည့်လူက ဂိုဏ်းခေါင်းဆောင်ကို လှမ်းအော်လိုက်သည်။
” လူသား ….။ မင်းတို့ လွန်သွားပြီ။ မူလဖြစ်တည်မှု အပျက်အစီးက နှစ်ခြမ်းကွဲနေပြီးသား။ မင်းတို့က မင်းတို့ဘက်အပိုင်းကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သလို ဒါကငါတို့ရဲ့ အပိုင်းဖြစ်သွားပြီ .. ။ မင်းတို့က စစ်ဖြစ်ချင်တာလား။”
သိပ်မဝေးသောနေရာမှ သုံးမီတာခန့်မြင့်ပြီး ခေါင်းတွင်ဦးချိုရှိသည့်လူကလည်း လေးလံသော အသံဖြင့် လှမ်းအော်သည်။
“မင်းတို့က စစ်ဖြစ်ချင်ရင်လည်း စ လိုက်စမ်းပါ။ ဒီရှေးဟောင်းဂူကို ထိကြည့်လိုက်လေ။”
ဂိုဏ်းခေါင်းဆောင်နှင့် အဆင့်လွန် အကြီးအကဲလေးယောက်တို့က မကြောက်ကြချေ။ သူတို့ထဲက တစ်ယောက်က ရှေ့ထွက်လာပြီးနောက် ပြောသည်။
“ဒီအပျက်အစီး နယ်မြေက မူလကတည်းက ငါတို့ရဲ့ လူသားမျိုးနွယ်က ချန်ရစ်ထားပေးခဲ့တာပဲ။ အခု မဟာရတနာကြီး ပေါ်ထွက်လာတော့ ငါတို့လာပြီး အခွင့်ရေး ရှာကြည့်တာက ပုံမှန်ပါပဲ။ ဘာများ မှားနေလို့လဲ။”
“ဒီအပျက်အစီးက ငါတို့ရဲ့ ပိုင်နယ်မြေပဲ။ ဒီတော့ မင်းတို့ လူသားတွေ ရတနာလာလုတာကို ခွင့်ပြုလို့ ရမလား။”
လက်မပါသည့် တောင်ပံနှင့် ရွှေအိုရောင်ဆံပင် ပိုင်ဆိုင်ထားသည့် မိန်းခလေးက အေးစက်စွာ အော်သည်။
“နင်တို့ ထိရဲရင် ငါ့ကို မယဥ်ကျေးဘူးလို့ အပြစ်မတင်နဲ့။”
“ဒီနေရာကို ငါတို့ရဲ့ လူသားမျိုးနွယ်က ချန်ရစ်ထားခဲ့တာပဲ။ မင်းတို့က ဒီအတိုင်း ဒီနေရာကို ငှားရမ်းပြီး နေနေကြတာ။ ဒါကို ဘာလို့ မင်းတို့က အပိုင်သိမ်းချင်နေရတာလဲ။”
ဂိုဏ်းခေါင်းဆောင်က ကြောက်လန့်ခြင်း မရှိပေ။ သူ၏အသံက တည်ငြိမ်နေသည့်တိုင်အောင် တုပရန် ခက်ခဲသည့် အရှိန်အဝါများကို လွင့်ထုတ်နေသေးသည်။
“ငါ့ရဲ့ဘိုးဘေးက သတင်းစကား ချန်ရစ်ခါးခဲ့တယ်။ ဒါက မင်းတို့ရဲ့ လူသား ပိုင်နက် နယ်မြေမှ မဟုတ်တာ။ ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ တော်ဝင် မြို့တော်ကြီးပဲ ဖြစ်ခဲ့တာ။ ဒီနေရာက အရာအားလုံးက မင်းတို့နဲ့ မသက်ဆိုင်ဘူး။”
ခေါင်းတွင် ဦးချိုရှိပြီး ဗိုက်တွင်လည်း လက်သည်းကုတ်ရာများရှိသည့် ကြီးမားသည့် မြွေကြီးက လှမ်းပြောလိုက်သည်။ သူက မြွေပုံသဏ္ဌာန်ရှိနေသည့်တိုင်အောင် လူသား စကားပြောနိုင်သည်။ သူ၏ခွန်အားက အခြားသူများထက် အားနည်းခြင်း မရှိဘဲ သူ ဤအတိုင်း သားရဲမှ ပုံသဏ္ဌာန်ပြောင်းရာတွင် မတော်ခြင်းဖြစ်သည်။
“မဖြစ်နိုင်တာ ဒီနေရာက အဆောက်အဦးတွေ အားလုံးကို လူသားတွေရဲ့ ပုံစံအတိုင်း ဆောကိထားတာပဲ။ မင်းတို့ မိစ္ဆာမျိုးနွယ်နဲ့ ဘယ်လို ပတ်သက်မှာလဲ။”
အဆင့်လွန် အကြီးအကဲများထဲမှ တစ်ယောက်ကလည်း မေးခွန်းထုတ်သည်။ နှစ်ဖက်လုံးက ငြင်းခုံနေကြသည်။ မည်သည့်ဘက်ကမှ အလျော့မပေးလိုကြချေ။ အရာအားလုံးက ဒီဂူဘုရားကျောင်းနှင့် ပတ်သက်နေသည်။
ဗုန်း …။
ထိုအချိန်တွင် ရှေးဟောင်းဂူကျောင်းထဲမှ အသံများက တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်လာပြန်သည်။ မဟာမိစ္ဆာများနှင့် အကြီးအကဲများက ဤဖိအားကို အနီးကပ်မခံနိုင်ကြသဖြင့် မျက်နှာများက အလွန်ပျက်ယွင်း သွားကြသည်။
ဆူပွက်နေသည့် ချော်ရည်က ပုံမှန်မဟုတ်လောက်အောင် နီရဲနေပြီး သွေးသံရဲရဲ ထွက်လာသလို ဖြစ်နေသေးသည်။ ရှေးဟောင်းဂူကျောင်းကြီးက တဖြည်းဖြည်း မြင့်သည်ထက်မြင့်လာပြီးနောက် မီးတောင်ကွဲအက်သံကြားက တဖြည်းဖြည်းချင်း အပြင်သို့ ရောက်လာသည်။
မဟာမိစ္ဆာများထဲမှ တစ်ကောင်က ရှေ့တက်ရန် ကြိုးစားသော်လည်း ကြီးမားသည့် မြွေကြီးက လှမ်းတားသည်။
“ငါတို့ ရက်ပေါင်းများစွာ စောင့်ပြီးပြီ။ မင်းက အချိန် နည်းနည်းလေးကိုတောင် ထပ်မစောင့်နိုင်ဘူးလား။ မူလဖြစ်တည်မှုနယ်မြေ အဆင့် အကန့်အသတ်က သူ့အလိုလို ပျက်သွားပါစေ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်မလာအောင် ဝင်ရောက်စွက်ဖက်လို့ မရဘူး။”
“မိစ္ဆာကျမ်း စာပိုဒ် … ။ ဒါက ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ ကျမ်းစာပိုဒ်ပဲ။”
ထိုအချိန်တွင် ခေါင်းတွင် ဦးချိုရှိသည့် သုံးမီတာခန့်မြင့်သည့် လူသားကြီးက ရုတ်တရက် ထအော်လာသည်။
“ကြည့်စမ်း ဒါက မိစ္ဆာမျိုးနွယ်ရဲ့ တော်ဝင်ကျမ်းစာပိုဒ်ပဲ။ ဒါကို မိစ္ဆာဧကရာဇ်က ချန်ရစ်ထားခဲ့တာ။”
ရှေးဟောင်းဂူကျောင်းဆောင် တစ်ခုလုံးကို ငါးရောက်ခြယ် နတ်တလင်းကျောက်သားတုံးဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် တဖျတ်ဖျတ် ဆက်တိုက် လင်းလက်နေသည်။ အောက်ခြေပိုင်းတွင်လည်း ရှေး​ဟောင်းသင်္ကေတပေါင်းများစွာ စာလုံးပေါင်းများစွာကို ရေးထိုးထားသေးသည်။
အချို့ကမူ နဂါးနှင့် ဖီးနစ်ပုံစံဖြစ်ပြီး အခြားအရာများကမူ အနက်ရောင် လိပ်နှင့် ချီလင် ပုံသဏ္ဌာန်မျိုးဖြစ်သည်။ အရာအားလုံးက ရှေးဦး မူလခေတ်က မိစ္ဆာမျိုးနွယ်၏ တော်ဝင်ကျမ်းစာပိုဒ်ဖြစ်သည်။
“လူသားတွေ …။ မင်းတို့ ဘာပြောဦးမလဲ။ အခုထွက်သွားလိုက်တော့။ ဒါကို မိစ္ဆာဧကရာဇ်က ရှေးဦး မူလခေတ်ကတည်းက ချန်ရစ်ထားခဲ့တာ။ မင်းတို့နဲ့ မဆိုင်ဘူး။”
ထိုအချိန်တွင် နတ်အလင်းတန်းများ တောက်ပနေသည့် ရှေးဟောင်း ဂူဘုရားကျောင်းက ခမ်းနားထည်ဝါနေသည်။ ငါးရောင်ခြယ် နတ်သလင်းရောင်က ထိုနေရာတွင် ရစ်ဝဲနေပြီး အလွန် ထူးခြား ပြောင်မြောက်သည်နှင့် တူသည်။
ဝိညာဥ် အပျက်အစီး ကောင်းကင်ဂူမှ ဂိုဏ်းခေါင်းဆောင်၏ မျက်နှာ အမူအရာက ထိုစကားကြောင့် ပျက်သွားပြီးနောက် ရှေးဟောင်း ဂူကျောင်းကို ကြည့်ကာ နောက်ဆုံးတွင် တစ်စုံတစ်ရာကို တွေးမိပြီးနောက်တွင် စိတ်လှုပ်ရှားသည့် အမူအရာ ဖြစ်သွားသည်။
” ငါ သိပြီ ဒါက အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေက နောက်ဆုံး မိစ္ဆာဧကရာဇ်ကို မြှုပ်နှံ့ထားခဲ့တဲ့နေရာပဲ။”
ထိုစကားကို ကြားပြီးနောက် မဟာမိစ္ဆာများ၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့အားလုံးက ရှေးဟောင်း ဂူ ဘုရားကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက် အံ့အားသင့်သွားကြသည်။
ဘေးဘက်မှ မြွေအိုကြီးက ရုတ်တရုက် ထလိုက်ပြီးနောက် ကိုယ်တစ်ဝက်ခန့်ကိုပင် ရှေ့သို့ ဆန့်လိုက်သည်။ သူ၏ အမူအရာက အလွန်လေးနက် တည်ကြည်သွားပြီးနောက် တုန်ရီသောလေသံဖြင့် ပြောသည်။
“တကယ်ကို ငါတို့ မိစ္ဆာ ဧကရာဇ်ရဲ့ဂူ သင်္ချိုင်းပဲ။ တကယ်ကို ဘိုးဘေးတွေ ဖော်ပြထားတာနဲ့ တထပ်တည်း တူနေတာပဲ။”
မည်သူကမှ ဒီလို ငါးရောင်ခြယ် နတ် သလင်းကျောက်သားတုံးနှင့် လုပ်ထားသည့် ရှေးဟောင်းဂူကျောင်းသဖွယ် ဖြစ်နေသည့် ရှေးဟောင်း နန်းတော်ကြီးက နောက်ဆုံးသော မိစ္ဆာမျိုးနွယ်မှ ဧကရာဇ်၏ ဂူသင်္ချိုင်းကြီး ဖြစ်နေမည်ဟု မထင်ထားမိချေ။
ချော်ရည်အောက်တွင် ပုန်းကွယ်စွာ ရှိနေခဲ့ပြီး ဒီနေ့မှသာ စည်းတံဆိပ်က ​ပြေလျော့သွားခဲ့ကာ အပြင်ဘက်သို့ လွတ်ထွက်လာပြီး နေ အလင်းရောင်ကို ပြန်မြင်ရခြင်းဖြစ်သည်။
“အရှေ့ပိုင်း ပျက်သုဥ်းခြင်း နယ်မြေရဲ့ နောက်ဆုံးမိစ္ဆာဧကရာဇ်က မိစ္ဆာမျိုးနွယ် တစ်ခုလုံးကို စုစည်းနိုင်ခဲ့တယ်။ သူပဲ .. ။ တကယ်ကို သူပဲဖြစ်ရမယ်။”
ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ ဂိုဏ်းခေါင်းဆောင်က တအံ့တဩ ရေရွတ်လိုက်သည်။ မဟာမိစ္ဆာများက ချက်ချင်းလိုလို တရားမျှတမှုကို ရှာဖွေချင်သွားသလိုမျိုး ဖြစ်သွားပြီး မြွေအိုကြီးက လှမ်းပြောလိုက်သည်။
“မင်းတို့ သိတာ ကောင်းတယ်။ ဒါက နောက်ဆုံးမိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းပဲ။ ဒါက မင်းတို့ လူသားတွေနဲ့ မပတ်သက်ဘူး။ အခု ထွက်သွားကြတော့။”
အခြားသော မဟာမိစ္ဆာကြီးများကလည်း ပြိုင်ဘက်ကင်းသည့် စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် မိစ္ဆာအရှိန်အဝါကြီးများက ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထိုနေရာ တစ်ခုလုံးကို ရက်စက်သည့် အရှိန်အဝါများ ပြည့်လာစေသည်။
ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေ ဂိုဏ်းခေါင်းဆောင်က အသိပြန်ဝင်လာသည်။ သူက ထိုသူများထက်ပင် တက်ကြွနေသေးသည်။ သူက တုန်ရီသောလေသံဖြင့်​ပြောသည်။
“ဒါက မင်းတို့ မိစ္ဆာ ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းဆိုပေမဲ့ လူသားမျိုးနွယ်ရဲ့ တန်ဖိုးရှိ ရတနာ တစ်ခုလည်း ရှိတယ်။ ဒီနေ့ ငါတို့က အဲ့တာကို ပြန်ယူရမယ်။”
“ပေါက်ကရတွေ မင်းတို့ လူသားမျိုးနွယ်ရဲ့ ရတနာကြီးက ငါတို့ မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ဘယ်လိုရှိနေမှာလဲ။ မင်းတို့က ငါတို့ မိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်ထဲက ပစ္စည်းကို ခိုးချင်နေတာ ရှင်းနေတာပဲ။”
မဟာမိစ္ဆာများက ဒေါသထွက်သွားကြသည်။ သူတို့က ရှေ့ထွက်လာကြပြီး ထိုလူများကို တားဆီးကာ အချိန်မရွေး တိုက်ခိုက်ရန် ကြံစည်သည်။
ဂိုဏ်းခေါင်းဆောင်က စိတ်ငြိမ်သွားပြီးနောက် ပြောသည်။
” ငါ အမှန်ပြောနေတာပါ။ အတိတ်မှာ အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေရဲ့ နောက်ဆုံး မိစ္ဆာဧကရာဇ်က နှစ်သောင်းကျော် ကွဲထွက်နေတဲ့ မိစ္ဆာမျိုးနွယ်ကို စုစည်းနိုင်ခဲ့တယ်။ သူက အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေထဲမှာရှိတဲ့ လူသားမင်းဆက်တွေကို အများကြီး ခြိမ်းခြောက်နိုင်ခဲ့တယ်။ အရှေ့ပိုင်း ပျက်သုဥ်းခြင်းနယ်မြေက တန်ဖိုးအရှိဆုံး ရတနာကလည်း အဲ့ဒီအချိန်မှာ ပျောက်သွားတာပဲ။ ဒဏ္ဍာရီတွေအရ မိစ္ဆာ ဧကရာဇ်က ယူသွားတယ်လို့​ ပြောတယ်။ နောက်ပြီး အရှေ့ပိုင်းပျက်သုဥ်းခြင်းနယ်မြေက ကျော်ကြားတဲ့ ထာဝရကျမ်းစာပိုဒ်လို့ခေါ်တဲ့ တာအိုကျမ်းစာပိုဒ်ကလည်း အဲ့ဒီအချိန်က စပြီး ကွဲထွက်သွားတာပဲ။ အရေးအကြီးဆုံးအပိုင်းက ပျောက်နေတယ်။ နောက်ပိုင်းမှာ သက်သေတွေ အားလုံးအရ မိစ္ဆာဧကရာဇ် ယူသွားကြောင်း ထောက်ပြနေတယ်။ တွေးကြည့်စမ်းပါ။ အရှေ့ပိုင်းပျက်သုဥ်ခြင်းနယ်မြေရဲ့ အဲ့ဒီတန်ဖိုးအရှိဆုံး ရတနာနဲ့ တာအိုကျမ်းစာရဲ့ အရေးကြီးဆုံး အပိုင်းက ဒီနေရာမှာ ရှိနေလိမ့်မယ်။ နောက်ဆုံးတော့ သူတို့ကို ပြန်မြင်ရတော့မယ်။”
ထိုသို့ပြောပြီးနောက် မိစ္ဆာတိုင်းက အံ့အားသင့်သွားကြသည်။ သူတို့၏ မျက်ဝန်းက ပို၍တောက်ပလာသည်။ မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ် ကျင့်ကြံသည့် တာအိုကျမ်းစာပိုဒ်ကို မကျင့်ကြံနိုင်သော်လည်း သူတို့၏ စိတ်ဆန္ဒအရ လိုချင်စိတ် ပြင်းထန်ကြသည်။ အထူးသဖြင့် လူသားမျိုးနွယ်မှ ထိုတန်ဖိုးအကြီးဆုံးရတနာ ဖြစ်သည်။ ထိုအရာက အမှန်တကယ်သာ တည်ရှိနေလျှင် သူတို့က သဘာာဝအလျှောက် မလွတ်ပေးနိုင်ချေ။
ဂိုဏ်းခေါင်းဆောင်က အနည်းငယ်ပင် ကြောက်လန့်ဟန်မပြဘဲ ခြေလှမ်း အကျဲကြီးများဖြင့် ရှေ့တက်လာသည်။
ဗုန်း …။
ငါးရောင်ခြယ် နတ်သလင်းကျောက်သားဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်း နန်းတော်ကြီးက နောက်ထပ် ခပ်ထိုင်းထိုင်းအသံကို ထုတ်လွင့်သည်။
ချိတ်စည်းတံဆိပ်မှ စွမ်းအားများက လျင်မြန်စွာဖြင့် ပျက်ပြယ်လာနေသည်။ ဤနည်းအားဖြင့် မီးတောင်အပေါက်ဝထဲမှတစ်ဆင့် တဖြည်းဖြည်းချင်း မြောက်တက်လာကာ ရောင်စုံအလင်းတန်းများကို လွင့်ထုတ်လာသည်။ နောက်ဆုံးမိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းက လောက အရှေ့သို့ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
နန်းတော်အောက်မှ ချော်ရည်ထဲတွင် ရှိနေသည့် မိုးကြိုးငှက်နှင့် အခြားသော မဟာသားရဲကြီး များစွာအပါအဝင် ဝိညာဥ်အပျက်အစီး အံ့အားသင့်ဖွယ်နယ်မြေမှ အကြီးအကဲများစွာက တဖြည်းဖြည်းချင်း မြင့်တက်လာသည့် ထိုနန်းတော်ကြီးကို ကြည့်ကာ တောင်တန်းများကို ခုန်ပျံကျော်လွှားလိုက်ကြသည်။
အဝေးမှ အရာအားလုံးကို ကြည့်နေသည့် ယဲ့ဖန်းက မြင်ကွင်းများကို သေချာမြင်နိုင်ပေသည်။ သို့သော် သူက အလွန်မသက်မသာ ဖြစ်သွားသည်။ သူက ထိုအရာကို လိုချင်သော်လည်း တိုက်ခိုက်နိုင်စွမ်းအား မရှိချေ။ ဤအတိုင်း တိတ်တဆိတ်သာ ကြည့်နေနိုင်သည်။
အပိုင်း ( ၅၅ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset