Switch Mode

Chapter – 54

Chapter – 54

“ကြည့်ရတာ ဝိညာဥ်သွေးကြော အံ့အားသင့်ဖွယ်နယ်မြေရဲ့ အကြီးအကဲတွေတောင်မှ အထိတ်တလန့်ဖြစ်သွားကြပြီး ဒီနေရာကို လာနေကြပြီထင်တယ်။”
ထိုအချိန်တွင် ကောင်းကင်က မဲမှောင်သွားပြီဖြစ်ပြီး မှိတ်တုတ်မှိတ်တုတ် ကြယ်များကိုလည်း မြင်နိုင်လေသည်။
သူတို့နှစ်ယောက်က မိုင်ပေါင်းများစွာ ကျော်ဖြတ်သွားပြီးနောက် လူရှင်းသောနေရာ တစ်ခုသို့ ရောက်သွားသည်။ ထိုနေရာက မည်သည့်နေရာမှန်း မသိသေးချေ။ သို့သော် ထိုနေရာတွင် ဘာမြက်ပင် အနည်းငယ်မှပင် ပေါက်ရောက်ခြင်းမရှိဘဲ ကွဲအက်နေသည့် ချွန်ထက်နေသော ကျောက်တုံးများနှင့် ကျိုးပဲ့နေသော တိုင်များကိုသာ မြင်ရသည်။ ထိုမှလွဲပြီး အခြားအရာမရှိချေ။ ညအမှောင်အတွင်း လျှို့ဝှက်ဆန်းကျယ်သော အရှိန်အဝါနှင့်အတူ ဖျော့တော့သောအလင်းက လေထုအတွင်း တိုးဝှေ့နေသေးသည်။
“နှစ်ပေါင်းသောင်းကျော် ကြာသွားပြီ။ ဘာလို့ ဒီအပျက်အစီးနယ်မြေမှာ ဘာအပင်မှ မပေါက်သေးတာလဲ။ ထူးဆန်းလိုက်တာ။ ဒီနေရာကို ငှက်တွေတောင် ချီးမပါတဲ့ စွန့်ပစ်နယ်မြေလို့ ခေါ်သင့်တယ်။”
ဖန်းပေါ်က မကျေမနပ် ရေရွတ်သည်။ သူက ရေ နည်းနည်း ဆာလာသလို ခံစားရပြီး မနေနိုင်ဘဲ ဆာလောင်မှုကို ဖြေသိမ့်နိုင်ရန် တောရိုင်းသစ်သီးအချို့ကို ကောက်လိုက်သည်။
သူ စကားပြော၍ ပြီးသွားသည့်အချိန်တွင် ရုတ်တရက် သူ၏ ကိုယ်သို့ ပြင်းထန်သည့် အားတစ်ရပ်က ဝင်ဆောင့်လာသည်။ သူက ယိုင်သွားပြီးနောက် အမှောင်ထုအတွင်း ပလုံခနဲ လဲပြိုကျသွားသည်။ ယဲ့ဖန်းကမူ ကြောင်တောင်တောင် ဖြစ်သွားပြီး ကိုယ့်မျက်လုံးကို မယုံကြည်နိုင်တော့ချေ။ ဖန်းပေါ်က ချက်ချင်းလိုလို ထခုန်မိပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ သူ၏ ဦးခေါင်းခွဲက ကြိမ်းစပ်သွားသလို ခံစားလိုက်ရပြီး ခပ်မြန်မြန်နောက်ဆုပ်သည်။
သူ့အရှေ့တွင် အေးစက်သော အလောင်းတစ်လောင်းရှိနေသည်။ အလောင်း၏ အိုမင်းနေသောအရေခွံနှင့် အရိုးကြီးများက ခြောက်သွေ့နေသည့် ထင်းချောင်းနှင့်တူသည်။ ထိုအရာက ခြောက်သွေ့နေသည့် အလောင်းတစ်လောင်း ဖြစ်နေသည်။
” ဘာ … ဘာ … ဘာတွေဖြစ်နေတာလဲ။ ဒီအလောင်းက ဘယ်က ရောက်လာတာလဲ။”
ဖန်းပေါ်က အနည်းငယ် ကြောက်လန့်သွားသည်။ မည်သူမဆို အကြောင်းပြချက်မရှိ အလောင်းတစ်လောင်းနှင့် ဝင်တိုးမိပြီးနောက် ထိတ်လန့်သွားသည့် အခြေအနေမျိုးက ဖြစ်တတ်သည်။
ယဲ့ဖန်းက ကြောင်တောင်တောင်ဖြစ်နေသည်။ သူကလည်း အလောင်းက မည်သို့ပေါ်လာကြောင်း မသိခဲ့ချေ။ သူတို့က ပတ်ဝန်းကျင်ကို မကြာခဏ ကြည့်နေဖြစ်သေးသည်။ သို့သော် ယခင်ကမူ ဤနေရာက ပြောင်ရှင်းနေသည် ဖြစ်သည်။ မြေပြင်မှ အပျက်အစီးများကလည်း ဘာမှ မရှိချေ။
သို့ရာတွင် ထိုသို့ဖြစ်နေသည့်တိုင်အောင် မသက်မသာခံစားရသေးသည်။ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာကြာအောင် စွန့်ပစ်နယ်မြေအဖြစ် တည်ရှိနေခဲ့သော ဤနေရာကြီးက ပုံမှန်မဟုတ်တော့ချေ။ မသန့်ရှင်းသော တစ်စုံတစ်ရာ ရှိနေရပေမည်။
ကောင်းပင်က မဲမှောင်သည်ထက် မဲမှောင်လာပြီး ကြယ်များက မှိန်သည်ထက်မှိန် လာသည်။ အပျက်အစီးနယ်မြေ၏ ပတ်ဝန်းကျင် လေထဲတွင် ရှိသော ဖျော့တော့သည့် မြူထုက ပင်းပိတ်အောင်မဲမှောင်နေတော့သည်။
“ဘာလို့ အရမ်းမှောင်နေတာလဲ။ နောက်ပြီး အေးသထက်လည်း အေးလာသေးတယ်။”
ဖန်းပေါ်က အနည်းငယ် အပြစ်မကင်းသလို ဖြစ်လာသည်။ သူ၏ ကျောက စိမ့်တက်သွားသောအခါ ပြောလိုက်သည်။
” ဒီအလောင်းက ဘယ်က ရောက်လာတာလဲ။”
” ဒီနေရာက မြန်မြန် ထွက်သွားရအောင်။”
ယဲ့ဖန်းက အနည်းငယ် မသက်မသာဖြစ်နေသည်။ ဤနေရာက သူတို့ ခပ်ကြာကြာနေရန် မသင့်တော်ချေ။
“ဒီနေရာက ဘယ်လို သောက်ကျိုးနည်း နေရာလဲ။ ဘာလို့ ဒီလောင်တောင် ထူးဆန်းနေတာလဲ။”
ဖန်းပေါ်က ခပ်တိုးတိုးရေရွတ်လိုက်ချိန်တွင် ကျောက စိမ့်တက်သွားသည်။
ထိုအချိန်တွင် ဖန်းပေါ်က မြေပြင်သို့ တစ်ဖန် အရိုက်ခံလိုက်ရပြန်သည်။ သူက လှစ်ခနဲ ပြန်ကုန်းထလာသောအခါ ဘေးနားတွင် နောက်ထပ် အလောင်းတစ်လောင်းရှိနေကြောင်း မြင်လိုက်ရသည်။
“ဘယ်သူက အလောင်းတွေ လျှောက်ပစ်နေတာလဲ။”
ဟာသက မရယ်ရချေ။ သူတို့ နှစ်ယောက်လုံးက ကျောစိမ့်တက်သွားကြပြန်သည်။ သူတို့ တစ်ကိုယ်လုံး ကြက်သီးတဖျန်းဖျန်း ထနေပြီးနောက် ပတ်ဝန်းကျင်ကို ဆက်တိုက်ကြည့်သည်။
မြေပြင်တွင် ခြောက်သွေ့နေသော အလောင်းနှစ်လောင်းရှိနေသည်။ အဝတ်များက ကိုယ်တွင်ကပ်နေပြီးနောက် အနည်းငယ် ထိလိုက်သည်နှင့် ဖုန်အဖြစ်ပြောင်းသွားနိုင်လောက်သည်။ သူတို့ ရှိခဲ့သည်မှာ မည်မျှကြာမြင်နေကြောင်းပင် မသိနိုင်ချေ။
“ဘာကောင်လဲ ချက်ချင်း ထွက်လာခဲ့လိုက် … ။”
ဗမ်း …။
နောက်ထပ် အလောင်းတစ်လောင်းက ပေါ်လာပြန်သည်။ ဖန်းပေါ်ထံ ပစ်လိုက်ပြန်သည်။
” သေစမ်း …။ ငါက အနိုင်ကျင့်လို့ လွယ်တယ်များ ထင်နေလား။”
ဖန်းပေါ်က ကြောက်နေသော်လည်း အနည်းငယ် ဟန်ကို တင်းသည်။ ထို့ပြင် ယဲ့ဖန်းလည်း အနားမှာရှိနေသည့်တိုင်အောင် အပစ်မခံရချေ။
“သောက်ကျိုးနည်း ဒါက ဘာလဲ။ မြန်မြန်လာ မြန်မြန်လေး ထွက်လာစမ်းပါ … ။”
ယဲ့ဖန်းကလည်း အော်သည်။
ဗုန်း …။
ရှေးဟောင်း အပျက်အစီးနယ်မြေထဲတွင် ရုတ်တရက် မဟာမြေငလျင်က လှုပ်ခက်လာပြီးနောက် ယဲ့ဖန်းကို လွင့်ထွက်သွားစေသည်။ ဖန်းပေါ်ကလည်း အဆက်မပြတ် အလောင်းဖြင့် အပစ်ခံရပြီးနောက် မောပန်းနွမ်းနယ်သွားက လှိမ့်နေရသည်။
ဗမ်း ဗမ်း ဗမ်း …။
ဒီတစ်ကြိမ်တွင် ဖန်းပေါ်သာလျှင် မဟုတ်ဘဲ ယဲ့ဖန်းကလည်း တစ်ကြိမ်ပြီး တစ်ကြိမ် အပစ်ခံရသည်။ ထိုသို့ဖြင့် ကောင်းကင်မှ ရှေးဟောင်းအလောင်းကြီးတစ်လောင်း ပြုတ်ကျလာကာ သူတို့နှစ်ယောက်လုံး ဆက်တိုက်နောက်သို့ လွင့်နေစေတော့သည်။
သာမန်အသွေးနှင့်အသားနှင့် တည်ဆောက်ထားသော ခန္ဓာကိုယ်သာဆိုလျှင် အရိုးများ ကျိုးသွားလောက်လေပြီ။ သို့ရာတွင် သူတို့နှစ်ယောက်မူ အလွန်ထူးခြားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြရာ ခြစ်ရာပင် မရှိချေ။
ထိုသို့ဖြင့် မြေပြင်တွင် အလောင်း ဆယ်လောင်း ကျော်သွားလေပြီ။ ထိုနေရာက အလွန်မဲမှောင်ကာ အေးစက်လာသည်မှာ သူတို့က ရေခဲအိမ်အတွင်း ကျရောက်သွားသည့်အလား ထင်ရသည်။ နှစ်ယောက်လုံးက ထိတ်လန့်နေကြသည်။ သူတို့ကလည်း မည်သည့်အတွက်ကြောင့် အခုလို ဖြစ်လာကြောင်း နားမလည်တော့ချေ။
ဝှေ့ …။
ထိုအချိန်တွင် ယဲ့ဖန်က ရုတ်တရက် ဆံပင်မွှေးများ ထောင်တက်သွားသော ခံစားချက်ကို ခံစားလိုက်ရပြီး တစ်စုံတစ်ရာက အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြင့် ချဥ်းကပ်လာကြောင်း သိလိုက်သည်။ သူက ခေါင်းလှည့်ပင်မကြည့်တော့ဘဲ အရှေ့သို့ ဆက်ပြေးသည်။ ထို့နောက် ခပ်မြန်မြန် ခန္ဓာကိုယ်ကို ဘေးသို့ ယိမ်းကာ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ဘေးသို့ ခုန်ရှောင်သည်။
သူ၏ခန္ဓာကိုယ် ရှိခဲ့သောနေရာသို့ ဖျော့တော့သော အစိမ်းရောင် အလင်းက ကျော်ဖြတ်သွားပြီးနောက် မီတာတစ်ဆယ်ကျော် အကွာတွင် ရပ်တန့်သွားသည်။ ထိုအရာက တစ္ဆေ မီးတောက်လိုမျိုး ထင်ရသည်။
တစ်ချိန်တည်းတွင်ပင် အပျက်အစီးနယ်မြေက ရုတ်တရက် မှင် ထုထည်လို မဲမှောင်သွားသည်။ ကွက်လပ်ကိုပင် မမြင်နိုင်တော့ချေ။ ကောင်းကင်ရှိကြယ်များ အားလုံးကလည်း ပျောက်ကွယ်သွားပြီး မမြင်နိုင်တော့ချေ။
“ငါတို့တော့ တစ္ဆေ အခြောက်ခံရပြီ။”
ဖန်းပေါ်က သတိလက်လွတ် သူ့ဘေးသို့ ထိကြည့်သည်။ ကံဆိုးစွာဖြင့်ပင် သူက မဟာမိုးကြိုးမုန်တိုင်း ဂူဘုရားကျောင်းမှ ကျောက်ပြားကြီးကို မယူလာမိခဲ့ချေ။
ထိုအချိန် ဖျော့တော့သော အစိမ်းရောင်အလင်းအပြင် သူတို့က ဘာကိုမျှ မမြင်ရတော့ချေ။ အနက်ရောင် မြူထုတစ်ခုကလည်း နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနေသေးသည်။ ထိုအစိမ်းရောင် အလင်းနှစ်ခုက ပန်းကန်ဆေး ဇလုံ လောက်သာ ကြီးသည်။ ထိုအရာက တစ္ဆေမီးတောက် တစ်ခုလိုမျိုး ထင်ရသည့် မျက်လုံးကြီးတစ်စုံနှင့်လည်း တူနေပြန်သည်။ ဤအနက်ရောင် မြူထုထဲတွင် မဲမှောင်နေသော စွမ်းအားများက အလွန်အမင်း သိပ်သည်းလာသည်။
“တကယ်ကို ဒီနေရာမှာ မသန့်တဲ့အရာတွေ အများကြီး ရှိနေတာပဲ … ။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က အလွန်အမင်း ထိတ်လန့်လာကြသည်။
ဝှေ့ ….။
ဒီတစ်ကြိမ်တွက် အစိမ်းရောင် အလင်းတစ်ခုက လျင်မြန်စွာ လှုပ်ရှားသွားသည်။ သူတို့က မျက်တောင်တစ်ခပ် အချိန်အတွင်း ချက်ချင်းရောက်လာပြီးနောက် ယဲ့ဖန်း၏ ကိုယ်ထဲသို့ တရကြမ်း တိုးဝင်သွားသည်။ ဖန်းပေါ်က ကူညီချင်သော်လည်း သူကိုယ်တိုင်က အလောင်း လေး ငါးလောင်း၏ ဆောင့်တိုးခံရပြီးနောက် လွင့်ထွက်သွားရပြန်သည်။
အစိမ်းရောင် အလင်းများ၏ အရှိန်က မြန်သည်ထက် မြန်သွားသည်။ သူတို့က ယဲ့ဖန်းကို ပိတ်လှောင်ထားလိုက်ပြီး ချက်ချင်းလိုလို ဘယ်မှညာသို့ ပြောင်းကာ ရွှေ့လျားသည်။ ထိုနောက်ဆုံးတွင် မျက်စိကြိမ်းမတက် တောက်ပသော အလင်းတန်းများက ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းများက ဆက်လက် မရှိတော့ဘဲ ပျောက်ကွယ်သွားသည်။
” ယဲ့ဖန်း …။ ”
ဖန်းပေါ်က အသားကုန်အော်သည်။ သို့ရာတွင် ဒီအခြေအနေကို ရပ်တန့်၍ မရချေ။
တစ်ချိန်တည်းတွင်ပင် ယဲ့ဖန်ကလည်း သူ၏ ဒုက္ခဆင်းရဲပင်လယ်က အေးစက်သွားပြီး အေးခဲသွားတော့မလို ခံစားလိုက်ရသည်။ သူက အလျင်စလိုဖြင့် တာအိုကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် လျှို့ဝှက်ဆန်းကျယ်သော ဓားသိုင်းကို အသုံးပြုလိုက်သည်။ ချက်ချင်လိုလို သေးငယ်သည့် ရွှေရောင်အလင်းက တောက်ပလာသည်။
ဗုန်း ဗုန်း ဗုန်း ….။
ဆူနာမီမုန်တိုင်း ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က ရွှေရောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများက ထွက်ပေါ်လာပြီးနောက်တွင် အစိမ်းရောင် အလင်းတန်းများကို ကောင်းကင်သို့ မြှောက်တက်သွားစေသည်။
ဗုန်း …။
ခပ်ကြမ်းကြမ်း လှုပ်ခါသွားသော အခြေအနေမျိုးနှင့်အတူ အစိမ်းရောင် အလင်းနှစ်လင်းက အလွန်အမင်း ထိတ်လန့်သွားသလို ဖြစ်သွားသည်။ သူတို့က ယဲ့ဖန်း၏ ဒုက္ခဆင်းရဲ ပင်လယ်ထဲမှ ထွက်လာပြီး အဝေးသို့ပြေးရန် ကြံစည်သည်။
တစ်ချိန်ထဲတွင်ပင် ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က ချက်ချင်းလိုလို ပြန်လည်ငြိမ်သက်သွားသည်။ ပဲစေ့ခန့် ရှိသော ရွှေရောင်အလင်းက မှော်မီးအိမ်အလား ထိုနေရာတွင် တောက်ပနေသည်။
ဝှေ့ …။
အစိမ်းရောင်အလင်းက အလွန်အမင်း လျင်မြန်စွာဖြင့် ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်ထဲမှ ထွက်ပြီးနောက် ဖန်းပေါ်ထံ တိုက်ရိုက်သွားသည်။
မျက်တောင်တစ်ခက်အချိန်အတွင်း သူ၏ခန္ဓာကိုယ်အတွင်း ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ဖန်းပေါ်ကမူ ကျိန်ဆဲရန်သာ အချိန် ရှိလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုအခြေအနေက ယဲ့ဖန်းကို အံ့အားသင့်စေသည်။ ချက်ချင်းလိုလို အပြေးသွားမိစေသည်။
“ဖန်းပေါ် ဘာဖြစ်တာလဲ။ ”
သို့ရာတွင် သူက အနီးကပ် ရွေ့၍ပင် မရသေးဘဲ ဖန်းပေါ်က ချက်ချင်းလိုလို ထထိုင်လာသည်။ သူ၏မျက်လုံးကပင် အစိမ်းရောင် သန်းသွားသည်။ သူက ချက်ချင်းလိုလို မတ်တပ်ထရပ်ပြီးနောက် သားရဲတစ်ကောင်လို ဟိန်းသံကို ပြုသည်။ သူက ယဲ့ဖန်းကို အေးစက်စွာ မိနစ်အနည်းငယ် ထိုင်ကြည့်နေပြီးမှသာ အကြည့်ပြန်လွှဲလိုက်သည်။
“မင်း ဘာဖြစ်သွားတာလဲ။ ဒီခန္ဓာကိုယ်က ထွက်စမ်း။”
ယဲ့ဖန်းကလည်း လေသံတိုးတိုးဖြင့် အော်သည်။
ဗုန်း ….။
ထိုအချိန်တွင် လေပြင်းက ခပ်ကြမ်းကြမ်း တိုက်ခက်လာသည်။ အပျက်အစီးနယ်မြ တစ်ခုလုံးက သဲနှင့်ကျောက်တုံးများဖြင့် ပြည့်နက်သွားသည်။ အနက်ရောင်မြူထုကလည်း ထိုးထွက်လာသည်။
ဖန်းပေါ်က ထိုနေရာတွင် ရှုပ်ပွနေသော ဆံပင်နှင့် ရပ်နေသည်။ ထို့နောက် သူက ရုတ်တရက် ထွက်သွားတော့သည်။ သူ၏ပတ်ပတ်လည်တွင်လည်း ရှေးဟောင်းအလောင်းပေါင်း များစွာက မြောလွင့်လာပြီးနောက်တွင် အပျက်အစီးနယ်မြေထဲသို့ ဝင်သွားသည်။ သူ၏ အနားတွင် အလောင်းများက ကပ်လိုက်သွားကြသည်။
ချက်ချင်းလိုလို ထိုနေရာက တစ်ဖန်ပြန်လည် ကြည်လင်သွားသည်။ ကြယ်များကလည်း ထွက်ပေါ်လာသည်။ အဝေးမှ ကြည့်မည်ဆိုလျှင် ဖန်းပေါ်က အဝေးသို့ ပျံသန်းသွားကြောင်းကို မြင်ရမည်ဖြစ်သည်။ ပတ်ဝန်းကျင်တွင် အနက်ရောင် မြူထုက လေထုကို ထိုးခွဲကာ လိုက်ပါသွားသည်။ ဖုန်မှုန့်နှင့် သဲမှုန့်များကလည်း လှိမ့်တက်သွားကြသည်။ သူက ရှေးဟောင်အလောင်းပေါင်းများစွာကို သယ်ဆောင်ပြီးနောက် အဝေးသို့ ပျောက်ကွယ်သွားသည်။
“ဖန်းပေါ် ”
ယဲ့ဖန်းက အော်ပြီးနောက် နောက်မှ ပြေးလိုက်သည်။
သို့ရာတွင် ဖန်းပေါ်၏ လက်ရှိ အရှိန်က အလွန်မြန်သည်။ နတ်သက်တန့်များကို စီးသော အကြီးအကဲများနှင့်ပင် ယှဥ်၍ရသည်။ ထို့ကြောင့် သူက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွေ့လျားနေခဲ့ပြီး ယဲ့ဖန်း၏ မြင်နိုင်စွမ်းအားမှ ပျောက်ကွယ်သွားသည်။
ဖန်းပေါ်၏ ခန္ဓာကိုယ်က အသယ်ခံလိုက်ရပြီးနောက် သူကသေသလား ရှင်သလား မပြောနိုင်တော့ချေ။ ထိုအချိန်တွင် ယဲ့ဖန်းက အလွန်အမင်း စိုးရိမ်စိတ် ဝင်နေသည့်တိုင်အောင် ဘာမှလုပ်၍ မရချေ။
သူ၏ရှေ့တွင်လည်း ဘာမှ မရှိတော့ချေ။ ယဲ့ဖန်းက ရွေးချယ်စရာ မရှိတော့ဘဲ တောအုပ်အတွင်းပိုင်းသို့သာ ဝင်ရောက်သွားသည်။ ထိုအချိန်တွင် သူက အထဲရှိ အခြေအနေက မည်မျှ အန္တရာယ်များကြောင်း တွေးတောချိန်ပင် မရှိတော့ချေ။
ညက နက်လာသည်။ ယဲ့ဖန်းက သူ မည်မျှကြာအောင် သွားလာခဲ့ပြီးကြောင်း မသိတော့ချေ။ နောက်ဆုံးတွင် သူက အပျက်အစီးနယ်မြေ အနက်ရှိုင်းဆုံးအပိုင်းသို့ နီးကပ်သွားသည်။ အထဲမှ ခပ်အုပ်အုပ် အသံက ပို၍စွမ်းအား ကြီးမားလာပြီး ပို၍ကျယ်လောင်လာကာ မကြာခဏဆိုသလို မြည်ဟိန်းလာသည်။
အချိန်တိုင်းလိုလို လူ၏နှလုံးသားကို အခုန်နှုန်း မြန်ဆန်စေပြီး လူ့ နှလုံးခုန်နှုန်းကဲ့သို့ပင် နိုးထလာတော့မလို ဖြစ်လာခြင်းဖြစ်သည်။ ယဲ့ဖန်း၏ အသားရောင်က ဖြူဖပ်သည်ထက် ဖြူဖပ်လာပြီး အရှေ့သို့ နွမ်းလျားစွာဖြင့် ရှေ့တက်ရသည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က တောင့်ခံနိုင်ရုံသာ လုပ်နိုင်သည်။ သာမန်လူတစ်ယောက်သာဆိုလျှင် နှလုံးသားက ပေါက်ကွဲသွားလောက်ပြီးလေပြီ။
ဤနေရာရှိ သစ်ပင်များက ပို၍ ကျဲပါးလာပြီးနောက် အဆောင်အဦးများ၏ အရေအတွက်က တိုးလာသည်။ ဝိညာဥ်စွမ်းအင်များကလည်း သိပ်သည်းသည်ထက် ပို၍ သိပ်သည်းလာသည်။ ထိုနေရာက ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူထက် ပို၍ ရတနာနယ်မြေနှင့် တူသည်။
ဗုန်း …။
နောက်ထပ် ပေါက်ကွဲသံက တစ်ဖန် ထပ်ပေါ်လာသည်။ ယဲ့ဖန်းက မြင့်မားသော တောင်တန်းတစ်ခုပေါ်သို့ ကုန်းတက်ပြီးနောက် ရှေ့ဆက်သွားသည်။ အပျက်အစီးနယ်မြ၏ အနက်ရှိုင်းဆုံးနေရာဟုခေါ်သော အပိုင်းက သူ၏ရှေ့တွင်ဖြစ်သည်။ ထိုနေရာတွင် ရှေးဟောင်းအဆောက်အဦးများက သိပ်သည်းစွာဖြင့် ကပ်လျက်ရှိနေသည်။
သို့သော် အားလုံးက ပြိုကျနေပြီး အပျက်အစီးပုံအဖြစ် ပြောင်းလဲနေသည့်တိုင်အောင် ကြည့်ကြည့်ယုံဖြင့်ပင် အတိတ်က မည်မျှခမ်းနားကြောင်း ခံစားမိနိုင်သည်။
အံ့အားသင့်စရာ အကောင်းဆုံး အချက်က ရှေးဟောင်း အဆောက်အဦးကြီးကို မီးတောင်များက ပတ်ပတ်လည်ဝိုင်းနေပြီး အထဲမှ မရေမတွက်နိုင်အောင် များပြားသည့် ချိန်းကြိုးများက ထွက်လာကာ ချုပ်နှောင်ထားခြင်းဖြစ်သည်။ မီးတောက်များက ကောင်းကင်ထိတိုင် အညွှန့်တလူလူ ထိုးတက်နေသည်။ ထို့အပြင် ထိုးထွက်နေသည့် ချော်ရည်များကလည်း အက်ကွဲကြောင်းထဲတွင် အပြည့်ရှိနေသေးပြန်သည်။ အပြင်သို့ စီးမလာခဲ့သည့်တိုင် အလွန်အမင်း ကြောက်စရာကောင်းလွန်းနေ၏။ ကောင်းကင်တစ်ဝက်ကိုပင် နီရဲနေစေသည်။
မရေမတွက်နိုင်သည့် မှော် ရှေးဟောင်း အဆောက်အဦး ပေါင်းများစွာကလည်း မီးတောင်ကို ဝိုင်းထားသည်။ ဤနည်းအားဖြင့် လူတိုင်းကို ထူးဆန်းသော ခံစားချက်ပေးသည်။
ထိုအချိန်တွင် ယဲ့ဖန်းက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်နေသည်။ ထို့အပြင် တောက်လောင်ကာ အပေါ်သို့ ထိုးတက်နေသည့် ချော်ရည်များနှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ တလကလက် တောက်ပနေသည့် ရှေးဟောင်းနန်းတော်ကြီးက ချော်ရည်အတွင်းရှိ အက်ကွဲရာကြားတွင် လွင့်မြောနေသလို ဖြစ်နေခြင်းဖြစ်သည်။
ဗုန်း …။
နောက်ထပ် အသံက ထပ်ထွက်လာပြန်သည်။ ထို့အပြင် သိသိကျကျပြောရသော် ချော်ရည်ထဲတွင် လွင့်မြောနေသည့် ရှေးဟောင်း အဆောက်အဦးထဲမှ ထွက်လာခြင်းဖြစ်သည်ဟု ဆိုရပေမည်။ တောက်ပစွာ လင်းထိန်နေပြီးနောက်တွင် အချိန်က စီးဆင်းနေသလိုမျိုး ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေသော အလင်းတန်းကို လွင့်ထုတ်နေသည်။
တစ်ချိန်တည်းတွင်ပင် နတ်အလင်းတန်းများကလည်း သူ့ကို ဝိုင်းပတ်ထားသေးသည်။
ရှေးဟောင်း အဆောက်အဦး၏ အောက်ဘက် ချော်ရည်ထဲတွင် ငါးမီတာခန့်ရှည်သည့် နတ်ငှက်တစ်ကောင်လည်း ရှိသည်။ ထိုငှက်၏ တစ်ကိုယ်လုံးက ရွှေရောင်အလင်းတန်းများဖြင့် တလက်လက် တောက်ပနေပြီး အလင်းတန်းများက သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ဝိုင်းရံထားသည်။
၄င်းက လွန်ခဲ့သော နှစ်ရက်ခန့်က ကြေးခွံမျောက်ဘုရင်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့သည့် မိုးကြိုးငှက်ဖြစ်သည်။ သူက အကောင်းအတိုင်း ပေါ်လာသောကြောင့် မည်သူမဆို ကြေးခွံ မျောက်ဝံဘုရင်၏ ကံကြမ္မာကို သိနိုင်သည်။
ထိုမိုးကြိုးငှက်က အလွန်အမင်း စွမ်းအားကြီးမားသည့် ကြောက်မက်ဖွယ်ကောင်းသော ငှက်ကြီးဖြစ်သည်။ အကြီးအကဲ ဝူချင်ဖုန်းကပင် သူသာ ယင်းကို ကြုံတွေ့ခဲ့ရလျှင် ဝါးမြိုခံရနိုင်သည်ဟု ပြောခဲ့ဖူးသည်။ သူက ဒီအဆောက်အဦးနယ်မြေကို လွှမ်းမိုးထားသောအခါ မည်သည့်သတ္တဝါကမှ အနားမကပ်ရဲကြတော့ချေ။
သို့သော် တစ်ကောင်ထဲပင် မဟုတ်ချေ။ အခြားသော အဆောက်အဦးများတွင်လည်း ဖြန့်ကျက်ကာရှိနေသည့် အမျိုးမျိုးသော ကြောက်မက်ဖွယ် သားရဲ သို့မဟုတ် ငှက်အကောင် နှစ်ဆယ်ကျော်ရှိနေသေးသည်။ သူတို့အားလုံးက ထူးဆန်းသော မျိုးစိတ်များဖြစ်သည်။ အများစုကမူ မြင်ပင် မမြင်ဖူးချေ။
ဥပမာအနေဖြင့် လူ လက်မောင်းလုံးလောက် ထူပြီး နှစ်မီတာခန့်မြင့်သည့် ငွေရောင်အမြှီးနှင့် ကင်းခြေမြားဖြစ်သည်။ တစ်ကိုယ်လုံးက တလက်လက် တောက်ပနေသည်မှာ ငွေရောင်ဖြင့် ဖန်တီးထားသလို ဖြစ်နေသည်။ သူက တိတ်တဆိတ်ဖြင့် အပျက်အစီးနယ်မြေတွင် ရပ်နေကာ ရှိနေသည့်တိုင် အခြားသောသတ္တဝါများက ခြေတစ်လှမ်းပင် ရှေ့သို့ မတိုးလာရဲချေ။
နွားထီးခန္ဓာကိုယ်နှင့် ခြင်္သေ့ခေါင်း ပိုင်ထားသည့် သားရဲကြီးတစ်ကောင်လည်း ရှိနေသေးသည်။ တစ်ကိုယ်လုံးက မိုးပြာရောင်ကြေးခွံများဖြင့် အပြည့်ရှိနေပြီး ဆယ်မီတာခန့် မြင့်သည်။ ထိုသို့ဖြင့် အပျက်အစီးပုံထဲတွင် ထောင့်အသေးစားလို ရှိနေပြီး ကိုယ်ပိုင်နယ်မြေကို သတ်မှတ်ထားပြန်သည်။
နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါ အကောင်နှစ်ဆယ်နီးပါးက ထိုနေရာတွင် ရှိနေကာ အပျက်စီးနယ်မြေ အနက်ရှိုင်းဆုံးအပိုင်းက မည်မျှအန္တရာယ်များကြောင်း ပြသနေသည်။
ထိုအချိန်တွင် သူတို့က မီးတောင်ကို ဝိုင်းထားပြီးနောက် လွင့်မြောနေသည့် ရှေးဟောင်းနန်းတော်ကို ကြည့်သည်။
ထိုအချိန်တွင် ယဲ့ဖန်က ဖန်းပေါ်က ချော်ရည်အောက် အပျက်အစီးနယ်မြေများကြား ရပ်နေကြောင်း မြင်လိုက်ရသည်။ သူက ထိုအခါမှသာ သက်ပြင်း အရှည်ကြီးကို ချလိုက်သည်။
ထိုအချိန်တွင် အကြီးအကဲ ဝူချင်ဖုန်းနှင့် အကြီးအကဲ လူအိုကြီး အချို့တို့က သူ့ကို ဝိုင်းထားသည်။ သူတို့က မတိုက်ခိုက်သော်လည်း ပိတ်လှောင်ထားသည် နှင့်တူသည်။
သူတို့အားလုံးက ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံမှ လူအိုကြီး အယောက်နှစ်ဆယ်ကျော်ဖြစ်ပြီး ငှက်များ၏ အရေအတွက်နှင့် အတူတူသာလျှင် ဖြစ်သည်။ ပြောရလျှင် သူတို့၏ ခွန်အားက တူညီနေနိုင်သည်။
“ဒါက …။ ”
ရုတ်တရက် ယဲ့ဖန်းက လူ အနည်းငယ်ကိုလည်း သတိထားလိုက်မိသည်။ ချော်ရည်ထဲတွင်လည်း သတ္တဝါတစ်ကောင် ရှိနေသေးသည်။ ထိုအကောင်က နှစ်မီတာခန့်မြင့်သော လူသားတစ်ယောက်ပုံစံဖြစ်သည်။ သူ၏လက်မောင်းက ကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး ချော်ရည်မှ ရောင်ပြန်ဟပ်မှုအောက်တွင် မျက်စိကြိမ်းမတက် တောက်ပနေသည်။
ထို့အပြင် သူ၏ဘေးနားတွင်လည်း မိန်းခလေးငယ်လေး တစ်ယောက်ရှိသည်။ ထိုကောင်မလေးက လက်မောင်းများ မရှိဘဲ တောင်ပံတစ်စုံ သာလျှင်ရှိသည်။ ထပ်ပေါင်းဆိုရသော် သူမ၏ ဆံပင်ရှည်က ရွှေရောင်အပ်ချည်မျှင်များကဲ့သို့ ဖြစ်နေပြီး အလင်းရောင်အောက်တွင် တောက်ပနေသည်။ သူတို့ နှင့် တစ်ဆင့်ထဲ ရှိနေသည်မှာ ခေါင်းပေါ်တွင် ကြီးမားသော ဦးချိုကြီးနှင့် ဗိုက်နားတွင် ထက်ရှသည့် အနာများ ရှိနေသည့် မြွေကြီးတစ်ကောင် ဖြစ်သည်။
ထိုအကောင်က ဒဏ္ဍာရီလာ ရေနဂါးအဖြစ် သတ်မှတ်၍ ရနိုင်သည်။
ယဲ့ဖန်း၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားကာ တုန်ရီသွားသည်။ ချက်ချင်းလိုလို သူက ဒဏ္ဍာရီလာ မဟာမိစ္ဆာက လူတစ်ယောက်အဖြစ် ပြောင်းလဲထားသည့်ပုံစံမျိုး မြင်လိုက်ရသည်။
“ပိုဆိုးတာက…”
ယဲ့ဖန်းက တစ်ဖန် ထပ်ပြီး ကြောင်အသွားရပြန်သည်။ အကြောင်းမူကာ မီးတောင်၏ အခြားတစ်ဖက်ခြမ်းတွင်လည်း မဟာမိစ္ဆာများ ဖြစ်ဟန်တူသော ကြည့်ရှုသူတစ်ဦးကိုလည်း မြင်လိုက်ရသည်။ တစ်ခုကမူ အလွန်အမင်း အရပ်ရှည်ကာ သန်မာပြီး သုံးမီတာခန့်မြင့်သည်။ သူက လူသားပုံစံ ပိုင်ဆိုင်ထားသည့်တိုင်အောင် ဦးချိုနှစ်ချောင်း ရှိနေသေးသည်။
တစ်ချိန်တည်းတွင်ပင် ယဲ့ဖန်က အခြား အစစ်အမှန် လူ လေးယောက် ငါးယောက်ခန့်ကို တွေ့လိုက်ရသည်။ တစ်ယောက်က ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံမှ ဂိုဏ်းခေါင်းဆောင် နှင့် တူသည်။ ဘေးနားတွင်လည်း ဆံပင်ဖြူနှင့် လူအိုကြီးလေးယောက် ရှိနေသေးသည်။ သူတို့က မီးတောင်၏ အက်ကွဲကြောင်းနှင့် သိပ်မဝေးကြချေ။
သူတို့အားလုံးက အင်အားချင်း ပိုင်းခြားကာ တသီးတခြား နေနေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ငှက်နှင့်သားရဲများက မီးတောင်အောက်ခြေတွင် ပို၍ များပြားလာသည်။
အလားတူပင် မိစ္ဆာ အပျက်အစီး ကောင်းကင်ဘုံထဲတွင်လည်း အကြီးအကဲတစ်စုက တစ်ဖန် ထပ်ထွက်လာသေးသည်။ မီးတောင်၏ အထက်တွင် ပို၍အဆင့်မြင့်မားသည့် တည်ရှိမှုများ ရှိနေသည်။ သူတို့၏ ပန်းတိုင်ကမူ အလားတူစွာပင် ဖြစ်သည်။ သူတို့က ချော်ရည်ထဲမှ ရှေးဟောင်း နန်းတော်သို့ လာခြင်းဖြစ်သည်။
ကျွမ်းကျင် ပညာရှင်တိုင်းက အထိတ်တလန့်ဖြင့် အက်ကွဲကြောင်းကိုသာ ကြည့်နေကြသည်။ ချော်ရည်က ထိုနေရာတွင် ဆက်တိုက်ဆူပွက်နေပြီး ရှေးဟောင်းနန်းတော်ကလည်း နတ်ဘုရားဆန်သော အလင်းတန်းများကို လွင့်ထုတ်ကာ ရှိနေသည်။
ထို့ကြောင့် အချိန်၏ စွမ်းအားက လှည့်ပတ်ခံနေရသည့်တိုင်အောင် လူတိုင်းကို ထူးဆန်းသည့် ခံစားချက်မျိုးကို ပေးနိုင်သေးသည်။
အပိုင်း ( ၅၄ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset