Chapter – 52
ထိုအချိန်တွင် လီလင်း၊ လီယွန်နှင့် ဟန်ဖေးယီတို့အဖွဲ့က ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ကို အရှင်လတ်လတ် အရေခွံစုပ်ချင်သွားသည်။ သူတို့က မည်သို့ပင်ကြည့်နေစေကာမူ ထိုအပြုံးများက အကြံအစည် ကြီးလွန်းသည်ဟုသာ ခံစားလိုက်ရသည်။ သူတို့က အရိုကိခံရန် တောင်းဆိုနေသည့်အလား ထင်ရ၏။
သို့သော် ဒါက သူတို့၏ ခံစားချက်သက်သက်ဖြစ်သည်။ ပြောရလျှင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အလွန်အမင်း တောက်ပစွာသာ ပြုံးနေခြင်း ဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်မှ မွေးညင်းပေါက်များကပင် ပွင့်နေပြီး အလွန်အမင်း သက်သောက်သက်သာရှိသွားသည်။
“ဖန်းပေါ် နင် သေချင်နေတာပဲ။ မင်းကို လုံးဝမလွှတ်ပေးဘူး။”
လီလင်းက ကျိန်ဆဲသည်။ သူမ၏ လှပသောမျက်နှာက အလွန်အမင်း အေးစက်နေသည်။ သူမှ၏ကိုယ်မှ သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားသည်။
လီယွန်ကလည်း ဒေါသထွက်နေသည်။ ဒါက သူတို့နှင့် မပတ်သက်သည့် ကပ်ဘေးတစ်ခုဖြစ်သည်။ သူတို့က အကြောင်းပြချက်မရှိ ထိုမြွေဝိညာဥ်၏ လိုက်လံ ဖမ်းဆီးခံရသည်။ သူတို့က အော်သည်။
“ဖန်းပေါ် မင်းက ငါတို့ကို ဖိအားပေးတာပဲ။ မင်းက ထာဝရ ရှင်သန်ခြင်း မျိုးစေ့ကောင်းဆိုရင်တောင်မှ ငါတို့ထဲက တစ်ယောက်မှ မသေသမျှ ရပ်တန့်မှာ မဟုတ်ဘူး။ နောက်ပြီး အဲ့ဒီအမှိုက်ကောင် မင်းကတော့ စောင့်နေလိုက်။ ငါ မင်းကို ငါရဲ့လက်နဲ့ ကိုယ်တိုင်သတ်မယ်။
ဖူး ….။
ငါးရောင်ခြယ် အဆိပ်မြူထုက ထွက်လာပြီး လူအုပ်ကို သက်တန့်ရောင်စင် အလင်းတန်းတစ်ခုဖြင့် လွှမ်းခြုံလိုက်သလိုပင်။ လီလင်းနှင့် လီယွန်တို့ကမူ စကားမပြောရဲကြတော့ချေ။ သူတို့က ရှေ့သို့သာ အသားကုန်ပြေးသည်။ သူတို့က မြွေအဆိပ်ဖြင့် အအုပ်ခံရမည့်အရေးကို စိုးရိမ်မိသွားသည်။
အား …။
ထိုအချိန်တွင် ထူးဆန်းသည့်အသံကြီးက ထွက်ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်က မရှောင်ရှားနိုင်ခဲ့ဘဲ အရည်များထွက်နေသည့် အလောင်းကောင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ အရိုးများကလည်း ပုံမှန်မဟုတ်လောက်အောင် မဲတူးသွားပြီး ကွဲအက်ရာများ ထွက်ပေါ်လာသည်။ လူတိုင်းက အလွန်ထိတ်လန့်သွားကြသည်။ မြွေအိုကြီးက ကြောက်စရာကောင်းလွန်းသည်။ ဒီအတိုင်း ရှူရှိုက်လိုက်မိသည့် အဆိပ်မြူများကပင် ကျင့်ကြံသူများကို အရိုးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။
ထိုမြင်ကွင်းက ကြောက်စရာကောင်းလွန်းသည်။ ထိုအခြေအနေက လီလင်း လီယွန်တို့အဖွဲ့ကို ပို၍ပင် ဒေါသထွက်သွားစေသည်။ ထို့အပြင် ပို၍စိတ်ပျက်စေသည့် အချက်က ဖန်းပေါ်က သူတို့ထက်ပင် အပြေးမြန်နေသေးသည်။ သူက ဟိုခုန်ဒီခုန်နှင့် သူတို့ကို နောက်တွင်သာ ချန်ထားရစ်ခဲ့သည်။ သူတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနေသည်မှာ သေချာသည်။
သူတို့၏အမြင်တွင် အမှိုက်ဖြစ်နေသည့် ယဲ့ဖန်းက ပို၍ပင် မြန်သေးသည်။ သူက ရှေ့ဆုံးမှ သွားနေပြီးနောက် လူတိုင်းကို ဦးဆောင်သွားသည်။
ထိုအခြေအနေက ဟန်ဖေးယီတို့၏အဖွဲ့ကို ရူးသွပ်တော့မလို ခံစားလိုက်ရသည်။ ထိုအမှိုက်ကောင်က သူတို့၏ ရှေ့မှ ပြေးနေသည်။ သူတို့က အလွန်ထူးခြားသည့် ပါရမီကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည့်အလျှောက် ဤအခြေအနေကို တောင့်မခံနိုင်ကြတော့ချေ။ သူတို့က ဒေါသထွက်နေသည့် အချိန်တွင် စိတ်ထဲတွင်ပင် မုန်းတီးမှုက အလွန်ပြင်းထန်လာကြသည်။
မြွေအိုကြီး၏ ခေါင်းပေါ်မှ ကျောက်စိမ်း သရဖူက တောက်ပသည့်အလင်းတန်းကို ထုတ်လွင့်လာသည်။ ထို့နောက် ကောင်းကင်ကို မိုးကြိုးပစ်လိုက်သလို ထိုးခွဲသွားပြီးနောက် လူတစ်ယောက်ကို ထိုနေရာတွင်ပင် နှစ်ခြမ်းကွဲထွက်သွားစေသည်။ ထိုလူ၏ သွေးများက ဘေးဘက်သို့ လွင့်စင်သွားပြီး နီရဲသွားစေသည်။ အခြားသောသူများကမူ ထိတ်လန့်တကြား တုန်ရီသွားကြသည်။
” အား …။ ”
အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြားအော်သည်။ ထိုသို့ရက်စက်သည့် သွေးလွှမ်းသောမြင်ကွင်းက သူတို့၏ တွေးတောနိုင်စွမ်းအားကို ကျော်လွန်သွားပြီး ဖြစ်သည်။
ထိုမျှ အင်အားကြီးမားသည့် မိစ္ဆာကြီးအရှေ့တွင် သူတို့ကဲ့သို့ ကျင့်ကြံခြင်းလမ်းစဥ်သို့ တက်ရောက်ခါစ လူများအနေဖြင့် တစ်ချက်ပင် ခံနိုင်မည် မဟုတ်ချေ။
ဗုန်း …။
မြေကြီးက လှုပ်ခါသွားပြီးနောက် ကျောက်စိမ်းသရဖူမြွေ၏ မျက်လုံးများက နီရဲသွားပြန်သည်။ ထို့နောက် တောအုပ်ကို ကျော်ဖြတ်သွားပြီး လျင်မြန်စွာ လူတိုင်း၏ အနားသို့ နီးကပ်လာပြန်သည်။ ကြောက်လန့်မှု၏ နှိပ်စက်မှုအောက်တွင် တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ ကျိန်ဆဲကာ မုန်းမုန်းတီးတီး ပြောသည်။
” သေစမ်း။ ဘာလို့ အဲ့ဒီအမှိုက်က ဒီလောက်ထိ မြန်နေတာလဲ။ သူက မြင်ကွင်းထဲကတောင် ပျောက်သွားပြီ။”
“သောက်ကျိုးနည်း အမှိုက်။ သူက ဘာလို့ ငါတို့ထက်မြန်နေတာလဲ။”
လူတိုင်းက အလွန်မုန်းတီးနေကြပြီး အံတကျိတ်ကျိတ်ဖြစ်လာသည်။ သူတို့၏ နှလုံးသားကပင် စည်းချက်မညီတော့ချေ။ သူတို့၏အမြင်မှာ ထိုအမှိုက်က ပျံသန်းနေသည်ဟု ထင်ရလောက်အောင် မြက်ပင်များပေါ်တွင် လျင်မြန်စွာကျော်ဖြတ်သွားလေရာ အဝေးသို့ ရောက်သွားသည်။ သူက လွင့်မြောနေသည်နှင့်ပင် တူနေသေးသည်။
“မျိုးမစစ် နှစ်ကောင်။ ငါသာ အခွင့်အရေးရရင် ဒီကောင်တွေကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် လုပ်ပြမယ်။”
လီလင်း၏ လှပသော မျက်နှာက အေးခဲလာသည်။ သူမ၏ မျက်နှာတွင် ဒေါသများနှင့် ကြောက်လန့်မှု နှစ်မျိုးလုံးကို ယှဥ်တွဲမြင်နိုင်သည်။ သို့သော် သူမသည်လည်း ဘာမှ မတတ်နိုင်ချေ။
ထိုလူများက ကျင့်ကြံခြင်းအဆင့်တွင် အလွန်အမင်း မြင့်မားကြသော်လည်း သူတို့က မည်သည့်နည်းနဲ့မှ မြွေမိစ္ဆာကို မယှဥ်နိုင်ကြချေ။ လီလင်းနှင့် လီယွန်တို့က ပြည့်စုံသောပါရမီကို ပိုင်ဆိုင်ထားကြသော်လည်း သူတို့က ထိုဂိုဏ်းသို့ ဝင်ရောက်သည်မှာ သုံးနှစ်သာ ကြာသေးသည်။ သူတို့၏ ကျင့်ကြံနည်းအဆင့်က လျင်မြန်စွာတိုးတက်လာခဲ့သည့်တိုင်အောင် သူတို့အနေဖြင့် နတ်သက်တန့်ကို မကျင့်ကြံနိုင်သေးချေ။
ထို့ကြောင့် သူတို့က လေထဲတွင် မပျံနိုင်သေး။ မြေပြင်မှသာ ပြေးလွှားနေရသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်က ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ထက် အဆပေါင်းများစွာ မြင့်သော်လည်း ခန္ဓာကိုယ်ကမူ ထိုနှစ်ယောက်ကိုပင် မယှဥ်နိုင်ကြချေ။ ယဲ့ဖန်းနှင့်ဖန်းပေါ်ကမူ ထိုတော်ဝင်သစ်သီးကြောင့် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ထားသလို ဖြစ်သွားပြီး သူတို့၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားက သာမန်ကျင့်ကြံသူများ ယှဥ်နိုင်သောအဆင့် မဟုတ်တော့ချေ။ ထို့ကြောင့် အားလုံးက နောက်ဆုံးတွင် ကျန်ရစ်ခဲ့ကြသည်။
လီလင်း၊ လီယွန်နှင့် အဖွဲ့က ထိုမြွေက ယဲ့ဖန်းနှင့်ဖန်းပေါ်ကိုသာ မုန်းတီးနေကြောင်း ကောင်းကောင်းသိထားကြသည်။ သူတို့က မြွေဂူထဲမှ ဝိညာဥ်ဆေးပင်များကို သွားနုတ်သောကြောင့်သာ မြွေမိစ္ဆာက သူတို့ကို လိုက်သတ်ခြင်း ဖြစ်လောက်သည်။
ရှင်းလင်းစွာဖြင့်ပင် ထိုလူများက ဦးတည်ရာပြောင်းပြီး ပြေးလိုကြသည်။ ဤနည်းအားဖြင့် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့နှင့် တစ်လမ်းထဲ မပြေးလိုကြချေ။ သူတို့ကလည်း ထိုမြွေအိုကြီးကို မျက်ခြေဖြတ်ထားလိုသည်။ သို့ရာတွင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အလွန်အမင်းမြန်ဆန်စွာ ပျောက်ကွယ်သွားသည့်အတွက် သူတို့က ဒုက္ခရောက်ရတော့သည်။
တစ်ဖက်လူများက အလွန်အမင်းမြန်ဆန်နေပြီး တ၀ှီ၀ှီ အသံများနှင့်အတူ ပျောက်ကွယ်သွားကြသည်။
လီလင်းတို့အဖွဲ့က ဝှက်ဖဲများကို ထုတ်သုံးကာ အခြားတစ်ဖက်ကို ကွေ့ပတ်ပြေးသည်။ ထို့အချိန်တွင် ဝှစ်ခနဲမြည်သံနှင့်အတူ ယဲ့ဖန်းနှင့် ဖန်းပေါ်က သူတို့၏ရှေ့သို့ ရောက်လာပြန်ကာ ချက်ချင်းလိုလို ပျောက်ကွယ်သွားပြန်သည်။ ဤနည်းအားဖြင့် မြွေမိစ္ဆာကလည်း သူတို့ဘက်သို့ လိုက်လာပြန်သည်။
ထိုသို့ ထပ်ခါတလဲလဲဲဖြစ်နေပြီးနောက် လီလင်းကအလွန်အမင်း ဒေါသထွက်လာသည်။ သူမ၏ လှပမှု ပုံရိပ်ကိုပင် မချန်ထားနိုင်တော့ချေ။ သူမက သူမ၏ မာနများကို မြိုချပြီးနောက် ကျိန်ဆဲတော့သည်။
“သောက်ကျိုးနည်း ဖန်းပေါ်ဆိုတဲ့ အကောင် နောက်ပြီး အဲ့ဒီအမှိုက် ငါ လီလင်းက နင်တို့ နှစ်ယောက်လုံးကို မှတ်ထားမယ်။”
ကျောက်စိမ်းဦးချိုမြွေ၏ အလိုက်ဖမ်းခံနေရသော သူတို့၏ ရှေ့ရေးက မသေချာတော့ချေ။ ထိုအချိန်တွင် လီလင်းတို့ အဖွဲ့က ထပ်ခါတလဲလဲသာ ကျိန်ဆဲလာသည်။ ရွှံ့စေးရုပ်ကပင် ဒေါသကြီးတတ်ရာ ယဲ့ဖန်းက သည်းမခံနိုင်တော့ဘဲ ပြန်လည်၍ ကျိန်ဆဲသည်။
“သောက်ကျိုးနည်း မင်းရဲ့အဖွားကိုသာ သွားလုပ်။ လီမျိုးရိုးနဲ့အကောင် ငါလည်းမင်းတို့ကို မှတ်ထားမယ်။ ငါက မင်းတို့ကို စိတ်ဝင်စားလို့တော့ မဟုတ်ဘူး။ ဒီအတိုင်း မင်းတို့က အဝတ်လျှော် ကျောက်ပြားနဲ့တူနေလို့။”
ဖန်းပေါ်က နောက်လှည့်ပြီးနောက် မီးကို လောင်စာ ထည့်သည်။
“အဝတ်လျှော် ကျောက်ပြား လီ …။ မင်းတို့မှာ ငါတို့ကို ကျိန်ဆဲဖို့ အချိန်ရှိသေးတယ်ဆိုရင် ဘာလို့အင်အားကိုသုံးပြီး အနောက်က မြွေကို မကိုင်တွယ်တာလဲ။”
” အတော် ဒေါသထွက်ဖို့ ကောင်းလိုက်တာ။”
( PS. အ၀တ်လျှော် ကျောက်ပြား = ရင်သား မရှိခြင်းအား ဆိုလို )
လီလင်းကမူ အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် ခန္ဓာကိုယ်က တဆက်ဆက်တုန်နေသည်။ သို့ရာတွင် သူ့ဘက်က ရွေးချယ်စရာမရှိဘဲ အားကုန်ထုတ် ပြေးရသည်။ သူမက စိတ်ကို မပြန့်လွင့်ရဲချေ။ လီယွန်ကလည်း ဒေါသတကြီး နောက်မှ လှမ်းအော်သည်။
“မျိုးမစစ်နှစ်ကောင် မင်းတို့က အရမ်းကို ကောက်ကျစ်လွန်းတယ်။ ငါ မင်းတို့ကို ဆိုးရွားတဲ့သေခြင်းတဲ့ သေပါစေလို့ ကျိန်ဆိုတယ်။”
“သောက်ကျိုးနည်း မင်းရဲ့အဖွားက … ။ ဘယ်သူက ကောက်ကျစ်တာလဲ။ မင်းတို့သာ ငါတို့နှစ်ယောက်ကို ရှင်းပစ်ချင်နေခဲ့တာ မဟုတ်လား။ နောက်ပြီး ငါတို့ကလည်း ကံကောင်းလို့ ကြုံကြိုက်ပြီး တွေ့ဆုံတာမဟုတ်လား။ ဒီတော့ ကိုယ့်ကံဆိုးမှုကိုပဲ အပြစ်တင်သင့်တယ်။”
လီလင်း၊ လီယွန်နှင့် ဟန်ဖေးယီတို့က စကားပင် ဆက်မပြောနိုင်လောက်အောင် ဒေါသထွက်သွားကြသည်။ သူတို့က ရှစ်ဘဝလောက် ကြိုဆိုရမည့် ကံဆိုးမှုမျိုးကို ပိုင်ဆိုင်ထားပြီး ထိုကောင်တို့နှင့် လာဆုံသည် ဟုသာတွေးမိကြသည်။ ယခုအခါ သူတို့၏အသက်က မြှားထိပ်ရောက်နေလေပြီ။
လီလင်း၊ လီယွန်နှင့် ဟန်ဖေးယီတို့အပြင် အခြားသူများကလည်း ဆက်လက်ပြီး မပြေးနိုင်ကြတော့ချေ။ အချို့သူများက အရှေ့ဘက်သို့ သနားစဖွယ်အသံဖြင့် လှမ်းအော်သည်။
” ငါ ပြောပြမယ် ဂိုဏ်းတူ ညီငယ်လေးတို့ … ။ ”
“ဘယ်သူက မင်းတို့ရဲ့ ဂိုဏ်းတူ ညီငယ်လေးလဲ .. ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က မကျေမနပ်ဖြစ်သွားကြပြီး လှမ်းအော်သည်။
” မှားပါတယ် ဂိုဏ်းတူ အစ်ကိုကြီးတို့ .. ။”
ထိုသူများက အသနားခံသည့် လေသံဖြင့်အော်သည်။
“အသုံးမကျတဲ့ ဂိုဏ်းတူ အကိုကြီးတွေကဘဲ ဒီလောက်မြန်မြန်ပြေးတာပါ။ မင်းတို့တွေအနေနဲ့ ငါတို့နောက်ကို မလိုက်ခဲ့ပါနဲ့လား။ ငါတို့ တသီးတသန့် ခွဲပြေးကြမယ်လေ …။ မကောင်းဘူးလား။ ငါ တောင်းပန်ပါတယ်။ မြွေအိုကြီးက သိပ်ဝေးဝေး မရောက်သေးဘူး။ သူ့ဆီကို မြန်မြန်ပြေးသွားလိုက်ပါ။”
ယဲ့ဖန်းက အချိန်ကြာကြာ ထွက်ပြေးနေရပြီး ဘယ်အချိန်မဆို သူ၏အသက်က ဆုံးရှုံးရမည်ကို ကောင်းကောင်းနားလည်ထားသည်။ ထိုတစ်ကြိမ်တွင်သူက ညင်သာသိမ်မွှေ့မှုများကို ထုတ်ဖော်မပြနိုင်တော့ချေ။ သူက ထိုစကားကို ကြားသောအခါ ချက်ချင်းလိုလို ဆူပူလိုက်သည်။
“မင်း အဖွားကိုသာ သွားပြီး ပြေးခိုင်း။ ဘယ်သူက အသုံးမကျတဲ့ကောင်လဲ။”
ဖန်းပေါ်ကလည်း နောက်လှည့်ကာ အော်သည်။
“မင်းတို့က ငါတို့နှစ်ယောက်ကို ရှင်းထုတ်ပစ်ချင်နေတာမဟုတ်ဘူးလား။ အခု ငါတို့ကလည်း မင်းတို့ကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုးမှာ ဘဝကဘယ်လောက်ထိ ရှင်သန်ဖို့ ခက်ခဲသလဲဆိုတာကို သိစေချင်အောင် ဥပမာပြပေးတာပဲ။”
ထိုသို့ပြောပြီးနောက် သူက အရှိန်နှုန်း ပိုမြင့်ကာ ထပ်ပြေးပြန်သည်။ သူက ယုန်ထက်ပင် မြန်သွားသည်။ မျက်တစ်ခတ်အချိန်အတွင်း လူအနည်းငယ်ကို ချန်ထားရစ်ခဲ့လိုက်နိုင်သည်။
လီလင်းတို့အဖွဲ့ထဲတွင် နောက်ဆုံးမှ ကျင့်ကြံသူတစ်ယောက်၏ အမူအရာက အလွန် သုန်မှုန်နေသည်။ သူက အဆိပ်ငွေ့များကို ရှူခြိုက်မိပြီးနောက် သူ၏ ခွန်အားများက ကုန်ဆုံးကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ကျောက်စိမ်း ဦးချိုမြွေက ချက်ချင်းလိုလို ရောက်လာပြီး ကြီးမားသောကိုယ်ကြီးက ဖိချလိုက်ပြီး အသားအပိုင်းအစများ ဖြစ်သွားစေသည်။ သွေးများကလည်း ချက်ချင်းလိုလို အပြင်သို့ ပန်းထွက်လာသည်။ မြင်ကွင်းက အလွန်အမင်း ကြောက်စရာကောင်းလွန်းသည်။
” ရှူး ရှူး …။ ”
နှာမှုတ်သံကလည်း ဆက်တိုက်ထွက်နေပြီး သူ၏လျှာတစ်လစ်က အပြင်ဘက်သို့ ဆက်တိုက်ထွက်နေသည်။ တပည့်ဂိုဏ်းသားတစ်ယောက်က မြင်ရသော အားတစ်ခု၏ ဆွဲဖြဲခံရပြီး နောက်သို့လွင့်ထွက်သွားသည်။ ချက်ချင်းလိုလို သူက ထိုမြွေ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။
” အား …။ ”
သူက ကြောက်လန့်တကြား အကူအညီတောင်းလိုက်သည့်တိုင် ဖောင်းခနဲမြည်သံနှင့်အတူ ထိုမြွေပါးစပ်ထဲမှာသာ သွားဖြူဖြူတစ်ခုလုံးကို နီရဲသွားစေသည့်သွေးများက စီးကျလာသည်။ ထို့နောက် ထိုလူက အရှင်လတ်လတ် အစာအိမ်ထဲသို့ ဝါးမြိုခံလိုက်ရသည်။
ပြောရလျှင် ဒီဝါးမြိုသည့် ဖြစ်စဥ်တစ်ခုလုံးအရ ထိုလူ၏ ခန္ဓာကိုယ်က အလယ်တွင်ပင် အရည်ပျော်သွားနှင့်ပြီ ဖြစ်၏။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက လူတိုင်းကို အလွန်ခြောက်ခြားသွားစေသည်။ သူတို့အားလုံးက ခေါင်း အစ ခြေအဆုံး ကျောချမ်း သွားကြသည်။
ထိုသို့ဖြင့် အကွာအဝေးက နီးသည်ထက် နီးလာသည်။ ကျောက်စိမ်းဦးချိုမြွေက အဆိပ်ငွေ့များကို မှုတ်ထုတ်တော့သလို ဦးချိုမှ အလင်းများကိုလည်း မထုတ်လွင့်တော့ချေ။ ထို့အစား ဒီအတိုင်း ပါးစပ်ကိုသာ ဖြဲလျက် လျှာကိုသာ တစ်လစ်ထုတ်ထားသည်။
အလွန်အမင်းကြောက်စရာကောင်းသည့် ဆွဲစုပ်အားက ထွက်ပေါ်လာပြီးနောက်တွက် လူပေါင်းများစွာကို စုပ်ယူကာ အစာအိမ်ထဲသို့ ဝါးမြိုချသည်။
” ဖူး …။ ”
သွေးများက နေရာအနှံ့ လွင့်စင်ကုန်သည်။ နောက်တစ်ယောက်က အရှင်လက်လက် ဝါးမြိုခံလိုက်ရသည်။ သူ၏သွားဖြူဖြူ ကြားထဲတွင်လည်း သွေများက စိုရွှဲနေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း လူ ငါးယောက်က သေဆုံးသွားပြီး ယဲ့ဖန်းနှင့် ဖန်းပေါ်အပြင် လီလင်း၊ လီယွန်နှင့် ဟန်ဖေးယီတို့ကသာ ကျန်ရစ်တော့သည်။
“ဖန်းပေါ် နောက်ပြီး အဲ့ဒီအမှိုက် …။ မင်းတို့ စောင့်နေစမ်းပါ။ ငါ့ရဲ့မဟာဦးလေးက မင်းတို့ကို သေတာထက်ဆိုးအောင် နှိပ်စက်ပေးလိမ့်မယ်။ မင်းတို့ရဲ့အရိုးတွေကို ဖုန်ဖြစ်အောင် ကျိတ်ပေးမယ်။”
ဟန်ဖေးယီက ဒေါသနှင့် ထိတ်လန့်မှုများ ရောနှောနေသောအသံမျိုးဖြင့် လှမ်းအော်လိုက်သည်။ ထိုအချိန်တွင် သူက နောက်ဆုံးမှ ပြေးနေရသဖြင့် မြွေ၏ နောက်ထပ် ပစ်မှတ်ဖြစ်သွားသည်။
မြွေအိုကြီးက နှစ်မီတာခန့်ရှည်သည့် မြွေလျှာကို ထုတ်လိုက်ပြီးနောက် အဆိပ်ပေါင်းများစွာကို တစ်စက်စက်ကျလာစေသည်။ ထိုသို့ဖြင့်မြေပြင်က ချဲခနဲ့မြည်သံကို ထုတ်လွင့်လာသည်။ ထို့အပြင် အငွေ့များကလည်း ထွက်လာသေးပြန်သည်။ သူ၏ သွေးနီရောင် မျက်ဝန်းတစ်စုံက ဟန်ဖေးယီကို ကြည့်သည်။
“မဟုတ်ဘူး။”
ဟန်ဖေးယီက အလန့်တကြား အော်သည်။ သူ၏တစ်ကိုယ်လုံးက မမြင်ရသောအားဖြင့် လာရောက် စုတ်ဖြဲခံရသလိုမျိုး ပေါ့ပါးသွားသည်။ သူက မြေပြင်မှ ထွက်ပြီးနောက် ထိုမြွေ၏ပါးစပ်ထံ မြင့်တက်သွားသည်။ ထိုသို့သော အရေးကြီးသည့်အချိန်တွင် ဟန်ဖေးယီက မိုးပြာရောင်သစ်သား ချိတ်စည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။
လေးလံသည့် ချိတ်စည်းတံဆိပ်က မြွေမိစ္ဆာထံ လျင်မြန်စွာ တိုးဝင်သွားပြီးနောက် အစိမ်းရောင်မြူထုများကို ထုတ်ဖော်ကာ အရှိန်အဝါအပြည့်ဖြင့် ရိုက်ချလိုက်သည်။
ဖြန်း …။
မိုးပြာရောင် သစ်သားစည်းတံဆိပ်က ထိုမြွေကြီး၏ခေါင်းကို ချက်ချင်းထိမှန်သွားပြီး အနည်းငယ်ယမ်းသွားစေသည်။
သို့ရာတွင် အနည်းငယ်မျှပင် မထိခိုက်သွားခဲ့ချေ။ ဦးချိုက နတ်ဘုရားဆန်သည့်အလင်းများကို လွင့်ထုတ်ပြီးနောက် ထိုစည်းတံဆိပ်ကို လွင့်ထွက်သွားစေသည်။ ထို့နောက် အဝေးသို့ ကျသွားစေသည်။
ဤနည်းအားဖြင့် ကျောက်တုံးပုံများက အုန်းခနဲ မြည်သံထွက်လာစေသည်။ မိုးပြာရောင် သစ်သားစည်းတံဆိပ်က ဖျက်ဆီးမခံခဲ့ရချေ။ မည်သို့ပင်ဆိုစေ ယင်းက ဟန်ဖေးယီ၏ ဦးလေး ကိုယ်တိုင်ကိုယ်ကျ သန့်စင်ပေးခဲ့ခြင်းဖြစ်သည်။ အထဲတွင်လည်း များပြားလှသော တာအိုသင်္ကေတပေါင်းများစွာ ရှိနေသေးပြီး အမျိုးမျိုးသောအင်အားကြီး စွမ်းအားများစွာ ရှိနေခဲ့သည်။
ထို့ကြောင့် ဖျက်ဆီးရန် ခက်ခဲသည်။ ဟန်ဖေးယီ၏ ကျင့်ကြံနည်းအဆင့်က မလုံလောက်သောကြောင့်သာ အစစ်အမှန်စွမ်းအားကို မထုတ်နိုင်ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူက မြွေကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
“ဦးလေး ကျွန်တော့်ကို ကယ်ပါ။”
လေထဲသို့ အစုတ်ယူခံရတော့မည့် ဟန်ဖေးယီက အလန့်တကြားအော်ဟစ်လိုက်သည်။ ထိုအချိန်တွင် သူ၏ရင်ဘက်ရှေ့မှ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုက တောက်ပလာပြီးနောက်တွင် အလင်းဖန်သားပြင်ကို ထုတ်ဖော်လိုက်သည်။ ဒီနည်းအားဖြင့် သူ့ကို လေထဲတွင် အေးခဲသွားစေကာ မြွေအိုကြီး၏ အဝါးမြိုမခံရအောင် တားဆီးပေးလိုက်နိုင်သည်။
ဟန်ဖေးယီက ထိုအခါမှသာ ဒီတံဆိပ်ပြားကို သူ၏ ဦးလေးက သူနှင့်တစ်ချိန်လုံး သယ်သွားရန် တပ်ဆင်ပေးခဲ့ကြောင်း သတိရသွားသည်။ တစ်ချက်ကြည့်ယုံဖြင့်ပင် ဒါက သူ၏အသက်ကို ကယ်ဆယ်နိုင်သည်နှင့်တူသည်။
ချောက်ကမ်းပါး တစ်ခုပေါ်တွင် အစိမ်းရောင်အလင်းက ဖျတ်ခနဲလက်သွားပြီးနောက် ထိုးထက်သွားကာ နတ်သက်တန့်ကို စီးနေသည့်ပုံရိပ်တစ်ခုက သူ့ရှေ့တွင် မျက်တောင်တစ်ခက်အချိန်အတွင်း ရောက်လာသည်။ မြွေအိုကြီးက ထိတ်လန့်သွားသလို ချက်ချင်းလိုလို နောက်ဆုတ်ပြီး ဟန်ဖေးယီကို လေထဲတွင် စွန့်ပစ်ထားခဲ့သည်။
လီလင်းနှင့် လီယွန်တို့ကလည်း ထိုအခါမှသာ ပျော်ရွှင်သွားကြသည်။ ဟန်ဖေးယီက အော်သည်။
“ဦးလေး …။ မြန်မြန် ကျွန်တော့ကို ကယ်ပါ။”
နတ်သက်တန့်က အစိမ်းရောင်အလင်းတန်းအဖြစ် ရောက်ရှိလာသည်။ အထဲမှ စုတ်ပြတ်သတ်နေသောဆံပင်နှင့် အကြီးအကဲတစ်ယောက် ပေါ်လာသည်။ သူက ဟန်ဖေးယီကို တစ်ချက် ကောက်ကိုင်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ သူနှင့်အတူ ဆွဲချလိုက်သည်။ လီလင်းနှင့် လီယွန်တို့ကမူ သူတို့နားသို့ အလျင်အမြန်လာကာ ဂါရဝပြု နှုတ်ဆက်သည်။
အဝေးမှ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ကလည်း ရပ်တန့်လိုက်ကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မသက်မသာ ဖြစ်သွားကြသည်။ သူတို့က ဆက်ပြေးချင်သည်။ သို့သော် လူအိုကြီးက သူတို့ဖက်သို့ မကြာခဏ ကြည့်နေကြောင်း သတိထားမိသဖြင့် ဆက်မပြေးရဲတော့ချေ။ နတ်သက်တန့်ကို အသုံးပြုနိုင်စွမ်းရှိသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က သူတို့ကိုသာ ပိတ်လှောင်ထားလိုလျှင် သူတို့အနေဖြင့် ထွက်ပြေးနိုင်ရန် မဖြစ်နိုင်ချေ။
ထို့ကြောင့်နှစ်ယောက်က ဤနေရာတွင်သာ ရပ်ပြီး ကြည့်လိုက်ကြသည်။ သို့ရာတွင် အကြအကဲက အရပ်မရှည်ချေ။ ထို့အပြင် ပိန်လည်းပိန်သေးသည်။ ခန္ဓာကိုယ်က ပုပုသေးသေး ဖြစ်နေသည်။ သူက ၁.၅မီတာပင် မရှည်ချေ။ ဆံပင်များကလည်း ရှုပ်ပွနေသည်။ သူ၏နှင်းဖြူရောင်ဆံပင်က မျက်နှာကို အုပ်နေကာ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရန် ခက်ခဲသည်။
သို့သော် တစ်ချက်ကြည့်ယုံဖြင့် သူ၏လက်များက အလွန်အိုမင်းကာ ပါးရည်တွန့်နေကြောင်း မြင်ရမည်ဖြစ်သည်။ အသားအရေများကလည်း အရိုးပေါ်တွင် ကပ်နေလေပြီး ငှက်တစ်ကောင်လို လက်သည်းများဖြင့်ပင် တူနေသေးလေသည်။
“အကြီးအကဲ ဟန် ..။ ဒီနေရာမှာ တွေ့ရတာ ကံကောင်းတာပါပဲ။ မဟုတ်ရင် ကျွန်မတို့တော့ ဒီနေရာမှာ သေရတော့မယ်။”
လီလင်းနှင့် လီယွန်တို့က သူ့ကို နှုတ်ဆက်လိုက်ကြသည်။ တစ်ချိန်တည်းတွင်ပင် သူတို့က ယဲ့ဖန်းနှင့်ဖန်းပေါ်ကို ခက်ထန်စွာကြည့်ကာ ပြောသဘ်။
“နင်တို့နှစ်ကောင်တော့ ဒီတစ်ကြိမ် သေပြီ။”
ဟန်ဖေးယီက အံကိုကျိတ်ပြီးနောက် အကြီးအကဲကို တစ်စုံတစ်ရာပြောပြသည်။ သူ၏အမူအရာမှ တစ်ဆင့် သူက ယဲ့ဖန်းနှင့် ဖန်းပေါ်ကို မည်သို့ ထိခိုက်အောင် လုပ်ချင်နေကြောင်း သိသာသည်။ သူ၏မျက်လုံးများက အေးစက်ကာ အထင်သေးဆိုးယုတ်မှုများ ပြည့်နှက်နေပြီး မုန်းတီးမှုများကလည်း အပြည့်ပါသည်။
အိုမင်းနေသည့် ထိုအကြီးအကဲက အရှေ့မှသုံးယောက်ကို လျစ်လျူရှုထားလိုက်ပြီးနောက် မြွေကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ သူ၏အသံက တိုးပြီး ဩရှကာ အချိန်မရွေး အသက်ရှူရပ်တော့မလို ထင်ရသည်။
“မဆိုးပါဘူး အရမ်းကောင်းတယ်။ ဒီမြွေက ဆေးသန့်စင်ဖို့ လိုအပ်တဲ့ပစ္စည်းကောင်းပဲ။ ”
ကျောက်စိမ်းဦးချိုမြွေက အလွန်အမင် ဉာဏ်ရည်မြင့်မားသဖြင့် အန္တရာယ်ကို ခံစားမိပြီး ချက်ချင်းနောက်ဆုတ်သည်။ ဤနည်းအားဖြင့်သူက ထွက်ပြေးရန် ကြံစည်နေပြီဖြစ်သည်။
ထိုအချိန်တွင် ထိုဆံပင်ရှုပ်ပွနေသည့် အကြီးအကဲက သရဲတစ်ကောင်လို လေထဲတွင် လွင့်မြောသွားသည်။ သူက မြွေကို လွှတ်ပေးရန် ဆန္ဒ မရှိချေ။ မြွေအိုကြီးက ပါးစပ်ဟကာ အဆိပ်မြူများကို မှုတ်ထုတ်လိုက်ပြီး သူ့ကိုဆွဲသွင်းရန် ကြံစည်သည်။
သို့ရာတွင် အစိမ်းရောင်အလင်းက ဖျတ်ခနဲလတ်လာပြီး လျှို့ဝှက်ဆန်းကျယ်သည့် အလင်းတန်းများက အကြီးအကဲဟန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူကို ထိုမြွေအဆိပ်များကို တားဆီးပေးလိုက်သည်။
မြွေခေါင်းပေါ်မှ ဦးချိုက မျက်စိကြိမ်းမတက် တောက်ပသည့် နတ်အလင်းတန်းများကို လွင့်ထုတ်လိုက်သည်။ ထိုနတ်အလင်းတန်းများက တစ်ခုနှင့်တစ်ခု လိမ်ယှက်နွယ်နေပြီး အကြီးအကဲဟန်ကို ထိုးဖောက်ရန် တိုးဝှေ့သွားသည်။
ဒန်း ဒန်း …။
ဒန်းဆိုသော အသံနှင့်အတူ နတ်လက်နက်ချင်း ထိခိုက်သံများက ထွက်ပေါ်လာလေသည်။ အကြီးအကဲဟန်က လက်ထဲတွင်အစိမ်းရောင် မှော်တုတ်တံကို ကိုင်ထား၏။ ထို့နောက် နတ်အလင်းတန်းများအားလုံးကို ဖျက်ဆီးပစ်လိုက်ကာ တောအုပ်ထဲတွင် ကွဲအက်ကာကျသွားစေသည်။ ကျောက်စိမ်းဦးချိုမြွေကလည်း အန္တရာယ်ကို ခံသားမိကာ ချက်ချင်းလိုလို နောက်လှည့်ကာပြေးသည်။ သူက ဒီနေရာက ထွက်သွားချင်သည်။ သို့သော် အကြီးကဲဟန်က ထိုအခွင့်ရေးကို မပေးနိုင်ချေ။
ရုတ်တရက် သူ၏ အိုမင်းနေသော ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်အလင်းတန်း ဆယ့်နှစ်တန်းက ထွက်လာလေသည်။ ဒါက အစိမ်းရောင်သစ်သားဓား ဆယ့်နှစ်လက်ဖြစ်ပြီး တဖြည်းဖြည်း ကြီးသည်ထက် ကြီးမားလာကာ မြေပြင်သို့ ထိုးစိုက်သွားသည်။ ဤနည်းအားဖြင့် လှောင်အိမ်တစ်ခုသဖွယ်ဖြစ်သွားပြီး ထိုမြွေကို ပိတ်လှောင်လိုက်သည်။
“မင်းရဲ့ဦးချိုကို အလိုက်တသိနဲ့ ဖယ်လိုက်။ မင်းဖျက်ဆီးမယ်ဆိုရင်တော့ ငါက မင်းကို အရှင်လတ်လတ် အရေခွဲစုတ်ပြမယ်။”
အကြီးအကဲဟန်၏ စကားများက ကျောချမ်းဖွယ်ကောင်းသည်။ သူ၏မျက်လုံးများကလည်း အေးစက်နေပြီး ထိုမြွေကို စူးရှစွာကြည့်သည်။
မြွေက အလွန်အမင်း ဒေါသထွက်နေသည်နှင့် တူသည်။ သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများက လက်နေပြီး ကျောက်စိမ်းဦးချိုက ပို၍ပင် တောက်ပလာသေးသည်။ သူက သူ၏ နတ်ဘုရားစွမ်းအင်ကို သုံးပြီး နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်လိုနေသည်။
ရှင်းလင်းစွာဖြင့်ပင် အကြီးအကဲဟန်က ထိုတိုက်ကွက်ကို ထုတ်သုံးခွင့်မပြုနိုင်တော့ချေ။ ဓားဆယ့်နှစ်လက်လုံးက ဖျော့တော့သည့် အစိမ်းရောင်အလင်းကို လွင့်ထုတ်လိုက်သည်။ အပေါ်တွင်ရှိသည့် သင်္ကေတများ အားလုံးက မြွေများ ပိုးကောင်များ တရွေ့ရွေ့သွားနေသလိုမျိုး ပေါ်လာသည်။
ထို့နောက် ဓားဆယ့်နှစ်လက်မှ အစိမ်းရောင်အလင်းများကို တစ်ဖန်ထုတ်ဖော်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါနှင့်အတူ အလယ်ဗဟိုနေရာသို့ တိုးဝင်ကာ ခုတ်ချလိုက်သည်။
လတ်ဆတ်သောသွေးများက ဓားများပေါ်တွင် စိုရွှဲသွားသည်။ ဤနည်းအားဖြင့် ထိုမြွေ၏ကိုယ်က အပိုင်းအစပေါင်းများစွာအဖြစ် ပြောင်းလဲသွားသည်။ ကြီးမားသော မြွေအိုကြီးက သွေးများစွာ ထွက်နေပြီး ထိုနေရာတွင် မြစ်အသေးစားအလား ဖြစ်သွားစေသည်။ အညှီအနံ့က ပြင်းလွန်းနေပြီး လူတိုင်း၏ နှာခေါင်းထဲသို့ သွေးမြူက အထောင်းလိုက်ထိုးတက်လာသည်။ တစ်ချိန်ထဲတွင်ပင် အဆိပ်မြူထုက လေထဲတွင် ထွက်ပေါ်လာသည်။
အဝေးမှ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က သွေးများကို ရှူခြိုက်လိုက်ကြသည်။ ဟန်ဖေးယီ၏ဦးလေးက အလွန်ကြောက်စရာကောင်းသည်။ သူက မြွေကို လက်အနည်းငယ် ယမ်းလိုက်ယုံဖြင့် သတ်လိုက်နိုင်သည်။ ထိုကျင့်ကြံနည်းအဆင့်က လူတိုင်းကို မှင်သက်စေသည်။
သိထားရမည်မှာ ထိုမြွေ၏ခန္ဓာကိုယ်က အလွန်အမင်း ကြီးမားကာ ကြောက်မက်ဖွယ် ကောင်းလွန်းနေပြီးသားဖြစ်သည်။ မျှော်စင်ကဲ့သို့ မြင့်မားလွန်းလှသော ရှေးဟောင်းသစ်ပင်ကြီးများနှင့် ကျောက်ဆောင်ကြီးများကိုတောင် ဝင်ဆောင့်တိုက်ကာ ပြာဖြစ်အောင်လုပ်နိုင်သည်။ မြွေ၏ခန္ဓာကိုယ်က စိန်ကဲ့သို့မာကျောကာ နတ်ဘုရား သတ္ထုတုံးအလား ထင်ရသည်။
သို့တိုင်အောင် ထိုဓားဆယ့်နှစ်လက်ကို မတားဆီးနိုင်ခဲ့ချေ။ ထို့အပြင် ချက်ချင်းလိုလို အသက်ခံလိုက်ရသည်။ လက်ဆက်သောသွေးများက မြစ်ပြင်သဖွယ်ဖြစ်သွားပြီး မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသေးသည်။
ဤနည်းအားဖြင့် စုတ်ပြတ်သတ်နေသော ပုံစံမျိုးဖြင့် ရှိနေသည့် အကြီးအကဲဟန်က လူအများကို ခြောက်ခြားသွားစေသည်။
အပိုင်း (၅၂) ပြီး၏။