Switch Mode

Chapter – 51

Chapter – 51

ဖန်းပေါ်က ကျောက်စိမ်းမြွေသစ်ခွကို မဝါးစားရဲချေ။ သူ၏ ဒုက္ခဆင်းရဲပင်လယ်ကြီးက ထိုးဖောက်ခံရပြီး ပေါက်ပြဲသွားမည့်အရေးကို စိုးရိမ်မိသွားသည်။ သူ၏ခန္ဓာကိုယ်က ယဲ့ဖန်း၏ခန္ဓာကိုယ်လောက် ကြောက်မတ်ဖွယ်ကောင်းခြင်း မရှိချေ။
ထို့ကြောင့် ပြင်းထန်သည့် အသက်စွမ်းအားများ၏ ထုထည်ကြီးမားလွန်းလှသော ပမာဏကို တောင့်ခံနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့အနေဖြင့် ဖြေရှင်းချက်တစ်ခု ရှာရဦးမည်ဖြစ်သည်။
“အပျက်အစီး နယ်မြေထဲက ထွက်လာတဲ့ အဲ့ဒီလေးလံလွန်းတဲ့အသံက အကြိမ်အနည်းငယ် ပိုစိပ်လာသလို မထင်မိဘူးလား။”
ယဲ့ဖန်းက မေးလိုက်သည်။
ဖန်းပေါ်ကလည်း ခေါင်းငြိမ့်ကာ ပြောသည်။
“ကုန်လွန်ခဲ့တဲ့ လေးနာရီအတွင်း တစ်ကြိမ်ပေါ်လာပြီး နောက်ထပ်အသံတွေ ဆက်တိုက် ထွက်လာတက်တယ်။ နောက်ပြီး အသံတွေက အတော်လေးကို ဖိနှိပ်ခံနေရတဲ့ ပုံစံမျိုးပဲ။ အဲ့ဒီနောက်တော့ အပျက်အစီးနယ်မြေတစ်ခုလုံးက တိတ်ဆိတ်သွားတော့တာပဲ။ အဲ့ဒီသားရဲကောင်ကြီးတွေတောင် မဟိန်းဟောက်ရဲကြတော့ဘဲ ဒီရေကြီးလာသလိုမျိုး ကိုယ့်ပိုင်နက် နယ်မြေကိုယ် ပြန်ဆုတ်နေကြပြီ။ ဒါပေမဲ့ ဒါကလည်း ကံကောင်းတာပဲ။ မဟုတ်ရင် အဲ့ဒီမြွေအိုကြီးက ငါတို့နောက်ကို လိုက်ဖမ်းလိမ့်မယ်လို့ ငါတော့ သံသယဝင်တယ်။”
“အဲ့ဒီ ခပ်ထိုင်းထိုင်းအသံက သားရဲတိုင်းကို ကြောက်လန့်သလို တုန်ရီစေတယ်။ ကျောက်စိမ်းဦးချိုမြွေ ထွက်သွားပြီလားဆိုတာကို ငါကပိုပြီး သိချင်မိတယ်။”
“ဒီမြွေအိုကြီးက အာရုံခံစားနိုင်စွမ်း စူးရှလွန်းတော့ သေချာပေါက် သူ ဒေါသထွက်နေမှာပဲ။ ဒီတော့ ထွက်သွားပြီဆိုရင်တော့ အကောင်းဆုံးပေါ့။ မဟုတ်ရင်တော့ ငါတို့ အပျက်အစီးနယ်မြေထဲကို ဝင်သွားတဲ့အခါ သူနဲ့ တွေ့ကောင်းတွေ့လောက်တယ်။”
“ဒါက ဘာအနံ့လဲ။”
ယဲ့ဖန်းက ရုတ်တရက် ပဟေဠိဖြစ်သလို ပတ်ဝန်းကျင်ကိုကြည့်ကာ မေးလိုက်သည်။
“ဘာလို့ ငါးညှီအနံ့ကြီး ရ …”
ဖန်းပေါ်က အသက်ပြင်းပြင်းရှူကြည့်ပြီးနောက် အမူအရာကလည်း ချက်ချင်းလိုလို ပြောင်းလဲသွားသည်။
“ဒါ အဲ့ဒီမြွေအိုကြီးရဲ့ အနံ့နဲ့တူတယ်။”
ထိုအချိန်တွင် ယဲ့ဖန်း၏အမူအရာက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည်။ သူက ဖန်းပေါ်ကို ကောက်ဆွဲမပြီးနောက် ခပ်တိုးတိုးပြောသည်။
“သွားရအောင်။”
သူတို့၏ အရှေ့ဘက် မီတာရာဂဏန်း အနည်းငယ်အကွာတွင် ဒေါသတကြီးဖြစ်နေသည့် ကြီးမားသည့်မြွေခေါင်းကြီးက ချောက်ကမ်းပါး၏ အောက်ခြေဘက်မှ ထိုးထွက်လာသည်။ သူ၏တစ်ကိုယ်လုံးကို လက်တစ်ဝါးစာခန့်ရှိမည့် ရောင်စုံကြေးခွံအပြည့်က ဖုံးလွှမ်းထားပြီး အေးစက်သော အလင်းများကို လွင့်ထုတ်နေသည်။ သူ၏မီးအိမ်လို မျက်ဝန်းတစ်စုံကလည်း တစ်စုံတစ်ရာကို ရှာတွေ့ရန် မျှော်လင့်ချက်အပြည့်ရှိနေသည့် မျက်ဝန်းမျိုးဖြစ်နေပြီး အလင်းရောင်များ ဖြာထွက်နေသေးသည်။
ထို့ပြင် နှစ်မီတာ သုံးမီတာခန့်အထိ ရှည်မည့်လျှာကလည်း အပြင်သို့ထွက်ကာ နှာမှုတ်သံကိုပြုပြီး ချောက်ကမ်းပါး ဝန်းကျင်တွင်ရှိသော အပင်များကို ထိတွေ့ကြည့်သည်။ ထိုအခါ တံတွေးက အဝါရောင်အရည်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မြွေကြီးက ငါတို့နောက်ကို လိုက်လာတာပဲ။”
ဖန်းပေါ်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ သူ့အနေဖြင့် ထိုမြွေမိစ္ဆာက သူတို့နောက်သို့ လိုက်လာမည်ဟု မထင်ထားမိချေ။ သူတို့ကို ရှာမတွေ့သွားခဲ့သည့်အတွက် ကျေးဇူးတင်ရတော့ပေမည်။ ချောက်ကမ်းပါး၏ အပေါ်တွင် မိုးထိုးနေသော ရှေးဟောင်းသစ်ပင်ပေါင်း များစွာရှိသည်။ သူတို့နှစ်ယောက်က လျင်မြန်စွာဖြင့် နောက်ဆုတ်လိုက်ကြပြီးနောက် ချောက်ကမ်းပါး၏ ​အနောက်ဘက်ပိုင်းသို့ ရောက်သွားသည်။ ထို့နောက် နွယ်ပင်များကို ကိုင်ဆွဲကာ အောက်သို့ခုန်ချသည်။
ရွေးချယ်ရန် နှေးကွေးနေမည်ဆိုလျှင် သူတို့၏ အသက်က ဒုက္ခရောက်သွားနိုင်သည်။ မြွေအိုကြီးက အလွန်အမင် ဒေါသထွက်နေလောက်သည်။ သူတို့ကိုသာ ရှာတွေ့သွားခဲ့လျှင် ဝမ်းနည်းဖွယ်ကောင်းသောရလဒ်ကို မျှော်လင့်၍ ရသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အလွန်အမင်း မြန်သည်။ သူတို့က မျောက်ဝံနှစ်ကောင်လိုမျိုး ချက်ချင်းအပြေးသွားကာ ခုန်ချလိုက်ကြသည်။ သူတို့က လျင်မြန်စွာဖြင့် နွယ်ပင်များကို တွယ်တန်းလိုက်ပြီး ချောက်ကမ်းပါးထံမှ ခုန်ဆင်းသည်။ သူတို့က နောက်လှည့်မကြည့်ဘဲ ပြေးသည်။
“အခုမြွေအိုကြီးက ငါတို့နဲ့ ရန်ငြိုးထားထားပြီဆိုတော့ ငါတို့ အန္တရာယ်ရှိနေပြီ။”
သူတို့နှစ်ယောက်က အဝေးသို့ ပြေးနေရင်းမှ နောက်သို့လှည့်ကြည့်လိုက်သောအခါ ရောင်စုံအလင်းများ လွင့်ထုတ်နေသည့် ကြီးမားသည့် မြွေကြီးက ချောက်ကမ်းပါး၏ အပေါ်တည့်တည့်တွင် ရပ်နေကြောင်း မြင်လိုက်ရသည်။ သူ၏မျက်ဝန်းမှ သွေးနီရောင် အလင်းတန်းနှစ်တန်းကပင် ထွက်နေပြီး ခေါင်းပေါ်ရှိ ကျောက်စိမ်းဦးချိုကြီးက နေရောင်အောက်တွင် တလက်လက်တောက်ပနေကာ မျက်စိကျိန်းမတတ် ထင်ရသည်။ နေအလင်းတန်းကိုပင် သွေဖယ်နေသလိုဖြစ်နေသည်။
ဗုန်း …။
ချောက်ကမ်းပါးအောက်မှ အသံများကို ကြားနေရသလိုမျိုး ကြီးမားသည့် ကျောက်တုံးကြီးကို သူက တွန်းချလိုက်သည်။ မြွေအိုကြီးကြောင့် သစ်ပင်ပေါင်းများစွာက ပြားကပ်သွားချေပြီ။ သူက ချောက်ကမ်းပါးအောက်သို့ ခုန်ဆင်းလာပြီး ထွက်ပြေးသွားသည့်ဘက်သို့ အပြေးလိုက်ပြန်သည်။
“မကောင်းတော့ဘူး … ။ ငါတို့ကို တွေ့သွားပြီ။”
“မြန်မြန် မြန်မြန် … ပြန်ပြေး။ အကြီးအကဲ ဝူချင်ဖုန်းကို ဒီမြွေမိစ္ဆာကို ကိုင်တွယ်ခိုင်းရအောင်။”
“မဟုတ်ဘူး .. ။ ဒီမြွေရဲ့အရှိန်က အရမ်းမြန်တယ်။ နောက်ပြီး အပြင်မှာ ငါတို့ကို ဖမ်းတားမဲ့ သားရဲတွေလည်း ရှိတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လမ်းလယ်မှာတင် သူငါတို့ကို မိသွားမှာပဲ။ အခုဆိုရင် အခြားနည်းလမ်းမရှိတော့ဘူး။ ငါတို့ အပျက်အစီးနယ်မြေကို ဝင်တိုးဖို့ဘဲ ရှိတော့တယ်။ အဲ့ဒီထဲက ထွက်လာတဲ့ ခပ်ကြမ်းကြမ်းအသံက ဒီမြွေအိုကြီးကို ထိတ်လန့်စေလောက််တယ်။ သူက ဒါကို ကြောက်တဲ့အတွက် အတွင်းဘက်ကို မလိုက်လာရဲလောက်ပါဘူး။”
သူတို့နှစ်ယောက်က ဆွေးနွေးပြီးနောက် ချက်ချင်းလိုလို အလင်းတန်းနှစ်တန်းဖြင့် ပြောင်းလဲလိုက်ကာ အပျက်အစီးပုံထဲသို့ အသားကုန်ပြေးသည်။
သို့ရာတွင် ကျောက်စိမ်း ဦးချိုမြွေက အသိဉာဏ်ရထားပြီးသားဖြစ်ရာ သူ၏အရှိန်နှုန်းက လျှပ်စီးကဲ့သို့ မြန်ဆန်သလို လေပြင်းများကိုပင် ထိန်းချုပ်နိုင်စွမ်းအား ရှိနေခဲ့သည်။ ထို့ကြောင့် သူက မည်သည့်နေရာသို့ ဖြတ်သွားစေကာမူ ပတ်ဝန်းကျင်ရှိ အပင်တိုင်းက ဘေးဘက်သို့ လဲပြိုကျသည်။
ဒီနေရာတွင် သူ့အတွက် လမ်းဖယ်ပေးလိုက်သလို ဖြစ်သွားသည်။
ခြိမ်း …။
ကျောက်သားများက တခြိမ်းခြိမ်း ပေါက်ကွဲနေပြီး ထိုမြွေအိုကြီးက ခက်ထန်ကြမ်းတမ်းစွာဖြင့် လမ်းဒလိမ့်တုံးကြီးထက် မြန်ဆန်သော အရှိန်နှုန်းဖြင့် အပြေးလိုက်လာသည်။
ထိုသို့ဖြင့် သူက တလျောလျောဖြင့် အဝေးသို့ ရောက်သွားသည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ မြေများက ကွဲအက်သွားသည်။ မြက်ပင်များက ပြားကပ်သွားကာ အပင်တိုင်းကလည်း ပြားကပ်သွားသည်။ မည်သည့်အရာကမှ သူ့ကို တားနိုင်လိမ့်မည်ဟု မထင်ရတော့ချေ။ နှာမှုတ်သံက တိတ်တဆိတ် နီးကပ်လာလေပြီး ညှီစုပ်စုပ်အနံ့ကလည်း ယဲ့ဖန်းတို့ထံ ချဥ်းကပ်လာသည်။
ယဲ့ဖန်းကမူ ဘယ်လိုမှ မသက်သာ မခံစားရသော်လည်း ဖန်းပေါ်ကမူ မူးဝေလာသလို ခံစားလိုက်ရသည်။ သူက ပြောသည်။
“ဒီမြွေအိုကြီးရဲ့ အဆိပ်က အတော်လေးပြင်းတယ်။ ငါတို့နဲ့ မီတာရာပေါင်းများစွာ ဝေးကွာနေသေးတာတောင်မှ အဲ့ဒီအဆိပ်မြူထု ဒီနေရာအထိ ရောက်လာနေပြီ။ ငါခန္ဓာကိုယ်က မတောင့်ခံနိုင်ဘူးလို့ ခံစားနေရတယ်။”
“မြန်မြန် ကျောက်စိမ်းမြွေ သစ်ခွ ရိုးတံကို စားလိုက်။” ယဲ့ဖန်းက အလွန်စိုးရိမ်သွားသည်။ မြွေအိုကြီး၏ အရှိန်နှုန်းက မှင်သက်ဖွယ်ကောင်းသည်။ သူက ဖြည်းဖြည်းချင်း နီးကပ်လာပြီး မိတော့မည်ဟုပင် ခံစားနေရသည်။ ဖန်းပေါ်က တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် ပစ်မှတ်ထားခံရပေမည်။
ထိုအချိန်ကျမှ နောင်တရလျှင် နောက်ကျသွားပေလိမ့်မည်။
ဖန်းပေါ်က တစ်ပင်လုံးကို မမြိုရဲချေ။ ထို့ကြောင့် သူက ရိုးတံလေးကိုသာ ချိုးလိုက်ပြီးနောက် ဝါးစားလိုက်သည်။ သို့တိုင်အောင် သူက မလုံခြုံသေးဟု ခံစားလိုက်ရသည်။ ဆေးစွမ်းအား သက်ရောက်မှုက ပြင်းထန်လွန်းနေပြီး သူ၏ဒုက္ခဆင်းရဲပင်လယ်ကို ထိုးဖောက်သွားမည့်အရေးကို စိုးရိမ်မိသေးပြန်သည်။ နောက်ဆုံးတွင် သူက ဝတ်မှုန်အတံလေးများကိုသာ ချိုးဖဲ့ပြီးနောက် ပါးစပ်ထဲသို့ ထည့်ကာ မြိုလိုက်သည်။ “ဘယ်လိုခံစားရလဲ … ။”
ယဲ့ဖန်းကမူ ဖန်းပေါ် တစ်စုံတစ်ရာ ဖြစ်သွားမည့်အရေးကို အလွန်စိတ်ပူနေသည်။
“အံ့အားသင့်စရာပဲ … ။”
ဖန်းပေါ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ သူက ဝါးစားပြီး သိပ်မကြာခင် မူးဝေနေသော ခံစားချက်က ပျောက်ကွယ်သွားသည်။ သူက မူးဝေမနေတော့ဘဲ လန်းဆန်းတက်ကြွသွားသည့် ခံစားချက်ကိုသာ ရလိုက်သည်။ သိပ်မကြာခင် မြွေ၏ အဆိပ်များက သူ့ကို မကျူးကျော်နိုင်တော့ချေ။
“မျှော်လင့်ထားနဲ့အတိုင်း ဝိညာဥ်ဆေးပင်ဆိုတဲ့အတိုင်းလျှိုဝှက်စွမ်းအား ရှိနေတာပေါ့။ ဒီလောကက ရှားပါးအဆိပ်တွေအားလုံးကို သူက ကုသနိုင်တယ်။”
ယဲ့ဖန်းက စိတ်အေးသွားသည်။
မြွေအိုကြီးက တစ်ဖန် နီးကပ်သွားပြန်သည်။ သူက လမ်းတွင် ပိတ်နေသော ရှေးဟောင်းသစ်ပင်ကို ခပ်ကြမ်းကြမ်းအမူအရာမျိုးဖြင့် ထိုးခွဲကာ ပြားကပ်သွားစေသည်။ ဘေးဘက်ရှိ အပင်များကလည်း အလိုလို ကွဲထွက်သွားပြီး မြွေလမ်းကြောင်းက ပေါ်ထွက်လာပြန်သည်။
ထိုမြွေအိုကြီး၏ မျက်ဝန်းက သွေးရောင်လွှမ်းလာပြီးနောက် အဆိပ်မြူထုများကို ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်သည်။ သူက မီတာတစ်ရာတွင် ရှိနေသေးသည့်တိုင်အောင် အလွန်အမင်း နီးကပ်လာပြန်သည်။
တစစ်စစ်အသံများကလည်း သူတို့ဘေးတွင် ပဲ့တင်ထွက်​လာပြီး ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ ပတ်ဝန်းကျင်မှ အပင်များက ပျော်ကျလာကာ အဝါရောင်ရေကန်အဖြစ် ပြောင်းလဲလာသော မြင်ကွင်းက ​မှင်သက်စရာကောင်းသည်။
သူတို့နှစ်ယောက်က ကျောက်စိမ်းမြွေ သစ်ခွကို စားထားခဲ့သောကြောင့် ရလဒ်က ယခုကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ကြောက်စရာကောင်းပေလိမ့်မည်။ သူတို့က အဆိပ်ရည်ထဲမှ အလောင်းပင် ဖြစ်သွားလောက်သည်။
“ဒီမြွေရဲ့အဆိပ်က အတော်လေးကို လွှမ်းမိုးနိုင်စွမ်းရှိတာပဲ။’
“ဒီအတိုင်း ဆက်ဖြစ်နေရင် ငါတို့ သေဘေးက လွတ်ဖို့ ခက်ခဲမှာပဲ။ ဒီမြွေအိုကြီးက ငါတို့ကို မိသွားလိမ့်မယ်။”
သာမန်လူသာဆိုလျှင် မြွေအိုကြီးက သူတို့ကို မိသွားသည်မှာ ကြာလှချေပြီ။ သူ၏အရှိန်နှုန်းကပင် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လွန်းသည်။ ကျောက်စိမ်းသရဖူ မြွေက လေနဲ့ တသားထဲ ပေါင်းနိုင်သည်အထိ အသိစိတ်ရှိနေပြီဖြစ်ပြီး လျှပ်စီးကဲ့သို့ပင် မြန်ဆန်နေသေးပြန်သည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ရှေးဟောင်း တားမြစ်နယ်မြေထဲတွင် တော်ဝင်သစ်သီးကို စားသောက်ခဲ့ကြသည်။ ထိုကြောင့် သူတို့က မြွေ နဂါး ဆင်တစ်ကောင်ကဲ့သို့သော ခွန်အားမျိုးကို ပိုင်ဆိုင်ယုံသာမကဘဲ သူတို့၏ အရှိန်နှုန်းက ပြင်းပြင်းထန်ထန် တိုးတက်သွားခဲ့သည်။ အခြားသူတစ်ယောက်သာဆိုလျှင် မိသွားသည်မှာ ကြာလှချေပြီ။
“တောင့်ထားဦး။ ဒီထွက်လာတဲ့ အသံတွေက သိပ်မကြာခင် တစ်ဖန် ထပ်ထွက်လာတော့မယ်လို့ ငါ ခံစားနေရတယ်။ အဲ့ဒီအချိန်ကျရင် ဒီမြွေအိုကြီးက သေချာပေါက် ကြောက်သွားလိမ့်မယ်။ အဲ့ဒီလိုဆိုရင် ငါတို့ ထွက်ပြေးလို့ရပြီ။”
မြေကြီးပေါ်မှ ကျောက်သားတွေအားလုံးက တလိမ့်လိမ့် ဆင်းသွားသလိုမျိုး ဆက်တိုက်တုန်ခါနေသည်။ မြွေအိုကြီးက သူတို့ကို မှီလုနီးပါးဖြစ်လာပြီး ခုနစ်ဆယ်မီတာ သို့မဟုတ် ရှစ်ဆယ်မီတာလောက်အထိသာ ဝေးတော့သည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ အမူအရာက ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီးနောက်တွင် ချက်ချင်းလိုလို လှည့်ကာ ဘေးဘက်သို့ ရှောင်သည်။
ဝှစ် …။
မြွေကြီးက သူတို့ကို ကျော်ဖြတ်သွားသည်။ သို့သော် မျှော်လင့်ထားသလို ရှေ့မှ တစ်စုံတစ်ရာနှင့် ဝင်မတိုက်မိသွားခဲ့ချေ။ သူက ကြီးမားသော အမြှီးကြီးကို ထူထည်းကြီးမားသည့် သတ္ထုကြာပွတ်လိုမျိုး လွှဲယမ်းချလိုက်ကာ လေထုကို ထိုးကွဲသွားစေသည်။
ချက်ချင်းလိုလို အပင်အတွဲလိုက် ဖြတ်ရိုက်ခံရသည်။ ထိုသို့ဖြင့် သစ်ပင်အမှုန့်များဖြင့်ပင် ပြောင်းလဲသွားကာ အဝေးသို့ လွှင့်ထွက်သွားသလို ယဲ့ဖန်းတို့၏ နှာခေါင်းထဲသို့လည်း ညှီနံ့နှင့်အတူ သစ်မှုန်များက ဝင်လာသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်က ဆယ်မီတာရှည်သော ထို​မြွေအမြှီးဖြင့် အရိုက်ခံရခဲ့သော်လည်း သစ်ပင်များဖြင့် အထိမှန်ခံရသည်။ ကြီးမားသည့် သစ်ပင်ကြီးပေါင်းများစွာက ကျောက်တုံးကြီးများလိုမျိုး သူတို့ထံ စောင့်တိုးဝင်လာခြင်းအားဖြင့် သူတို့ကို လွင့်ထွက်သွားစေခဲ့သည်။
သူတို့၏ အလွန်အမင်းထူးခြားသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ခွန်အားနှင့် မှင်တlသက်ဖွယ်ကောင်းသော ခွန်အားများကြောင့်သာ ဒီလိုပြင်းထန်သည့် ထိပ်တိုက်အရိုက်ခံရသည့် အခြေအနေမျိုးကို တောင့်ခံနိုင်ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူတို့၏အရိုးများက ကျိုးသွားသည်မှာ ကြာလှချေပြီ။ သို့တိုင်အောင် သူတို့နှစ်ယောက်က သူတို့၏ ချီနှင့် သွေးများက ဆက်တိုက် လှည်ပတ်နေသလိုမျိုး ခံစားနေရပြီး ခြေလှမ်းအနည်းငယ် ဆုတ်ပြီးမှသာ တည်ငြိမ်အောင် ထိန်းပေးလိုက်နိုင်သည်။
ရုတ်တရက် သူတို့၏ နှလုံးသားထဲမှ ပြင်းထန်သည့် အသံကို ခံစားလိုက်ရသည်။ ထိုအခိုက် နားကွဲမတက် အသံကြီးက ထွက်လာသည်။ ထိုမြွေအိုကြီး၏ ခေါင်းပေါ်တွင်ရှိသော ကျောက်စိမ်းဦးချိုက မျက်စိကျိန်းမတက် တောက်ပလာပြီးနောက်တွင် ထက်ရှသော ဓားတစ်လက်လိုမျိုး ဆယ်မီတာခန့်ရှည်သော အလင်းတန်းကို ထုတ်လွင့်လာသည်။
“သွားရအောင် … ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူတို့က အရှိန်ကုန်သုံးကာ ချက်ချင်းခုန်ထွက်သွားပြီး ပုံရိပ်ယောင်များကိုသာ ချန်ရစ်ခဲ့သည်။
မီတာနှစ်ဆယ်ကျော်ခန့်ရှည်သည့် နတ်ဘုရားအလင်းတန်းက ရှေးသစ်ပင်ပေါင်းများစွာကို အစိတ်စိတ် အမွမွဖြစ်အောင် ခုတ်ဖြတ်သွားသည်။
ထို့နောက် မြေပြင်တွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်ရာကြီးကို ချန်ရစ်ထားခဲ့သေးသည်။ လမ်းတွင်ပိတ်နေသည့် ကျောက်တုံးကြီးများကပင် အလယ်မှ အပိုင်းဖြတ်ခံရသည်။ ထို့ပြင် ​ပိုင်းဖြတ်ခံရသည့် အရာကလည်း ကြီးမားကာ ချောမွေ့လွန်းနေခဲ့သည်မှာ တိုဟူးကို လှီးထားသလို ထင်ရသည်။
“ဒီမြွေမိစ္ဆာက ကြောက်စရာကောင်းလောက်အောင် အသိစိတ်ဝင်နေတာပဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ နှလုံးသားများက စိမ့်တက်သွားသည်။ ဒီလောကတွင် အလကားရသော အရာဟူ၍ မရှိချေ။ သူတို့အနေဖြင့် တန်ကြေးတစ်ခု မပေးဆပ်ဘဲ ထိုကဲ့သို့သော အရာမျိုးကို ရယူရန် မဖြစ်နိုင်ခဲ့ချေ။ အပျက်အစီးနယ်မြေ အတွင်းမှ ဖြစ်ပျက်နေသော ကိစ္စကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် ထိုသစ်ခွကိုရနိုင်မည်လည်း မဟုတ်ချေ။ သို့တိုင်အောင် ယခုလို လိုက်ဖမ်းခံရပြီး သေရဦးမည်ဖြစ်သည်။
“အနည်းဆုံး ခုနစ်မိနစ်လောက်တော့ ငါတို့ တောင့်ခံနိုင်လောက်တယ်။”
ဒုန်း …။
သူတို့၏စကား ဆုံးသွားသည့်အချိန်တွင် အပျက်အစီးနယ်မြေ အတွင်းပိုင်းမှ ခပ်ထိုင်းထိုင်းအသံက ထွက်ပေါ်လာသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်က တုန်ရီသွားပြီး နှလုံးသားမှ ပြင်းထန်သည့် ခံပြင်းမှုကို ခံစားလိုက်ရသည်။
ကြီးမားသောမြွေကြီးအတွက်ကမူ အခြေအနေပို၍ဆိုးသည်။ သူက မြေပြင်ပေါ်သို့ပင် တုန်တုန်ရီရီ လဲကျသွားပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးက တဆက်ဆက်တုန်နေသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များကလည်း ကွဲကြေသွားသည်။
“သွားရအောင်။”
သူတို့၏စိတ်ကို တည်ငြိမ်အောင်လုပ်ပြီးနောက် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အဝေးသို့ ထွက်သွားသည်။ ထိုနေရာတွင် တခဏမှ ဆက်မနေရဲကြတော့ချေ။
ထိုခပ်ထိုင်းထိုင်းအသံက အပျက်အစီးနယ်မြေ တစ်ခုလုံးအနှံ ပျံ့နှံ့သွားပြီးမှသာ ရပ်တန့်သွားသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့ကမူ နောက်ဆုတ်စရာ နည်းလမ်းမရှိတော့ပေ။ မြွေအိုကြီးက သူတို့၏နောက်ဆုတ်မည့်လမ်းကြောင်းကို ပိတ်ထားပြီးသား ဖြစ်သောကြောင့် ရှေ့ဆက်သွားရန်သာ ရှိတော့သည်။
သိပ်မကြာခင် သူတို့က အရှေ့မှ မီတာရာကျော်မြင့်သည့် ကျောက်တုံးကြီးတစ်တုံးကို မြင်လိုက်ကြပြီး ချက်ချင်းလိုလို နွယ်ပင်ကိုသုံးကာ ခုန်တက်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။
“သေစမ်း။ မြွေအိုကြီးက လိုက်နေတုန်းပဲ။”
အလွန်ဝေးကွာသောနေရာမှ သစ်ပင်ကြီးများက ဆက်တိုက်တိုးဝင်ခံနေရသလိုမျိုး ကွဲထွက်ကုန်သည်။ ကျောက်စိမ်းဦးချိုမြွေကြီးက အရှိန်နှုန်း နှေးသွားသော်လည်း သူတို့နောက်သို့ လိုက်နေသေးသည်။
“ဒီတိုင်းတော့ မဖြစ်တော့ဘူး။ ငါတို့ အပျက်အစီးနယ်မြေထဲ ရောက်တဲ့အထိ သူက လိုက်လာနိုင်တယ်။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က တစ်စုံတစ်ရာက လွဲချော်နေသည်ဟု ခံစားလိုက်ရသည်။
“ဒီလိုသားရဲတွေက အသိစိတ်ဝင်သွားပြီးရင် ဒီလောက်ထိ ကြောက်စရာကောင်းတာလား။ ဒီလိုသားရဲတွေကို သွားရှုပ်လို့တော့ မရဘူး။”
“ငါအရှေ့မှာ လှုပ်နေတဲ့ပုံရိပ်တွေ တွေ့သလိုပဲ။”
ယဲ့ဖန်းက ရုတ်တရက် အံ့အားသင့်သွားသည်။ အရှေ့မှလျင်မြန်စွာသွားလာနေပြီးသား အလင်းများကို ကျော်ဖြတ်သွားသော ပုံရိပ်တစ်ချို့ကို မြင်လိုက်ရသည်။
ဖန်းပေါ်က အဝေးသို့ကြည့်လိုက်ပြီးနောက် ပြောသည်။
“ဒါက လီလင်း၊ လီယွန်၊ ဟန်ဖေးယီိတို့အဖွဲ့ မဟုတ်လား။ ”
“ကြည့်ရတာတော့ သူတို့ကလည်း ငါတို့နဲ့ အတွေးတူနေလောက်တယ်။ သူတို့က ဒီရှားပါးတဲ့အခွင့်ရေးကိုယူပြီး တောအုပ်ရဲ့ အတွင်းပိုင်းကို ဝင်ပြီး ပစ္စည်းကောင်းကို ရှာဖွေချင်နေတာ။”
ထိုအချိန်တွင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရယ်ကြသည်။ သူတို့နှစ်ယောက်က ကျောက်တုံးပေါ်မှ ခုန်ဆင်းပြီးနောက် လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ဝင်ပြေးသွားသည်။
လီလင်း၊ လီယွန်နှင့် ဟန်ဖေးယီတို့၏ ပန်းတိုင်ကမူ တောအတွင်းပိုင်းမှ ရှေးဟောင်းတည်ဆောက်မှုများကို ဖျက်ဆီးရန်ဖြစ်သည်။ သူတို့က ရှေးဟောင်းအပျက်အစီးနယ်မြေအကြောင်းကို ယဲ့ဖန်းနှင့်ဖန်းပေါ်ထက် ပို၍နားလည်​ကြသည်။
ဤပုံမှန်မဟုတ်သောကိစ္စက သားရဲဘုရင်များအကြား တိုက်ပွဲမဟုတ်ကြောင်း ကောင်းကောင်းနားလည်ထား​ကြသည်။ ယင်းက အနက်ရှိုင်းဆုံးအပိုင်းတွင် မမြင်ရသော အန္တရာယ်ကြီးပေါင်းများစွာပင် ရှိနေသေးလေသည်။ သူတို့က အထဲသို့ ချောမွေ့စွာဝင်သွားနိုင်ခဲ့လျှင် သူတို့က မယုံနိုင်စရာကောင်းသော အခွင့်ရေးပေါင်းများစွာကို ရရှိနိုင်သေးလေသည်။ တွေးကြည့်ယုံဖြင့်ပင် မူလရှေးဦးခေတ်ကတည်းက ကျန်ရစ်ခဲ့သည့် အမွေအနှစ်ပေါင်းများစွာကို ရနိုင်စွမ်းရှိနေလေသည်။
“တစ်ယောက်ယောက် ဒီနေရာကို လာနေတယ်။ သူတို့က ငါတို့နဲ့ အတွေးတူနေတယ်။”
ထိုအချိန်တွင် လီယွန်က သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လျက်ပြောသည်။
“သူတို့ကို ခဏတားထား။ ဘယ်သူသိမှာလဲ။ သူတို့က ဝိညာဥ်ပစ္စည်းတွေကို ရှာတွေ့ထားတာလည်း ဖြစ်နိုင်တာပဲ။”
” ဒါ ဖန်းပေါ်နဲ့ အဲ့ဒီအမှိုက်ကောင် ယဲ့ဖန်း မဟုတ်လား။”
လီလင်း၏ သတ်ဖြတ်လိုစိတ်က ထူထည်းသိပ်သည်းသွားသည်။ သူမက ချဥ်းကပ်လာသူနှစ်ယောက်ကို ကြည့်ပြီးပြောသည်။
“နင်တို့က ငါတို့ဆီ လာရဲတယ်။ သေချင်နေတာလား။”
ဟန်ဖေးယီ၏ မျက်နှာက မုန်းတီးမှုများပေါ်လာသည်။ သူ၏မျက်လုံးထဲတွင် ရက်စက်သည့်အလင်းများက လက်လာသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အလွန်မြန်သည်။ ချက်ချင်းလိုလို သူတို့က သိပ်မဝေးသောနေရာသို့ ရောက်သွားသည်။
“လီလင်း အကိုလီယွန် မင်းတို့နဲ့ ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး။ ဒါက ကံကြမ္မာပဲ။”
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က အပျော်လွန်သွားပြီးနောက် လှုပ်ရှားလိုက်သည်။ သူတို့က သူတို့ချစ်ရသောသူများနှင့် ပြန်တွေ့ရသလိုမျိုး ပြုမူနေကြသည်။ ထို့နောက် ခပ်မြန်မြန်ပင် မယုံနိုင်စရာပျော်ရွှင်မှုများ စိတ်အားထက်သန်မှုများဖြင့် ချက်ချင်းလိုလို ခုန်ဝင်လာသည်။
“တစ်ရက်တာ ခွဲခွာရတာက ဆောင်းတွင်းသုံးရာသီလုံး ကွဲကွာသွားခဲ့သလိုပဲ။ နှစ်ရက်တာက ခြောက်နှစ်နဲ့ညီမျှတယ်။ ငါတို့နောက်ဆုံးတော့ ပြန်တွေ့နိုင်ကြပြီ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ခြေလှမ်းကျဲကြီးများဖြင့် ချဥ်းကပ်သွားကြသည်။ သူတို့က ပျော်ရွှင်မှုကြောင့် ပစ်ဝင်ကာ ထိုသူများထံ သိုင်းဖက်ချင်သလို ထင်ရသည်။
ထိုအခြေအနေက လီလင်း၊ လီယွန်နှင့် အခြားသူများကို မသက်မသာဖြစ်သွားစေသည်။ သူတို့တစ်ကိုယ်လုံး ကြက်သီးများပင် ထလာပြီး စိတ်ထဲကပင် တုန်ရီသွားသည်။
လီလင်းက ရွံရှာဟန်ဖြင့် ဖန်းပေါ်နှင့်ယဲ့ဖန်းကို ကြည့်ကာ အထင်တသေးပြောသည်။
“ငါတို့ကို လာဖားမနေနဲ့။ နင်တို့ ဘာလုပ်လုပ် အသုံးမဝင်ဘူး။ နင်တို့ ဘာကိုမှ မပြောင်းလဲနိုင်ဘူး။”
သူမက ကျောက်တုံးကြီးပေါ်တွင်ရပ်လျက် ဖန်းပေါ်နှင့်ယဲ့ဖန်းကို ခပ်ကြမ်းကြမ်း အမူအရာမျိုးဖြင့် ငုံ့ကြည့်လိုက်သည်။ သူမက အေးစက်သည့်လေသံဖြင့်ပြောသည်။
“နင်တို့နှစ်ယောက်က အတော်လေးကို တော်ပါတယ်။ နင်တို့ ဒီတောအုပ်ထဲမှာ သေမှာကို မကြောက်ဘူးလား။ အနက်ရှိုင်းဆုံးအပိုင်းက နင်တို့လို အမှိုက်တွေ ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး။”
လီယွန်၏ မျက်နှာအမူအရာကလည်း အလွန်အေးစက်နေသည်။ သူက ယဲ့ဖန်းနှင့်ဖန်းပေါ်ကို ပြုံးကာကြည့်လိုက်ပြီးနောက် ချက်ချင်း လှုပ်ရှားသင့် မရှားသင့် စဥ်းစားနေသည်။ သူက အကြီးကဲ ဝူချင်ဖုန်းက ဖုန်းပေါ်၏ကိုယ်ပေါ်တွင် အမှတ်အသား ချန်ရစ်ခဲ့မည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်ကျလာသည့်အခါ အဖြစ်အပျက်ကို သိသွားပေလိမ့်မည်။
ထိုနှစ်ယောက်ကို အရှက်ခွဲပြီး သူတို့၏ရက်စက်သည့်စိတ်ကို ဖော်ထုတ်ယုံမျှဖြင့် လုံလောက်လေသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်ကမူ ဘာမှမဖြစ်သလို ဂရုပင် မစိုက်ချေ။ သူတို့က ရင်းနှီးသောသူများနှင့် တွေ့ရသည့်အတွက် အလွန်ပျော်သွားပြီး တူညီစွာပင် အဖွဲ့ထဲဝင်သွားသည်။ ပို၍ထူးခြားနေသောကိစ္စက နှစ်ယောက်လုံးက ဟန်ဖေးယီ၏ လက်နှစ်ဖက်လုံးကို ကိုင်ထား၍ ပြောသည်။
“ဟန်ဖေးယီ မင်းက လူကောင်းတစ်ယောက်ပါ။”
“မင်းတို့နှစ်ကောင် ဝိညာဥ်ဆေးပင်တွေများ ရလာခဲ့လား။ မင်းတို့ရဲ့ကိုယ်ပေါ်က ဆေးပင်အနံ့ရတယ်။”
လီလင်း၏ ရက်စက်သည့်စိတ်က ထုတ်ဖော်လာသည်။ သူမ၏ နှုတ်ခမ်းနားမှ လှပသည့်မှဲ့လေးက တဆက်ဆက်တုန်သွားသည်။ သို့ရာတွင် ချက်ချင်းလိုလို သူမ၏အမူအရာက ပြောင်းလဲသွားပြီး အော်သည်။
“မဟုတ်သေးပါဘူး။ ဘာလို့ အညှီနံ့ထွက်နေတာလဲ။”
ဝုန်း ဝုန်း ဝုန်း ….။
ထိုအချိန်တွင် သူတို့အဖွဲ့က မြေကမ္ဘာလှုပ်ခါလာသည်ဟု ခံစားလာရသည်။ ထို့နောက် လှည့်ကြည့်လိုက်ကြသောအခါ
“ဒါက မြွေဝိညာဥ်ပဲ။ ဒါက မြွေဝိညာဥ်အိုကြီးပဲ။ ဒါက ကျောက်စိမ်း ဦးချိုမြွေ။”
လူတိုင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ မြွေအိုကြီးက နေကိုစီးနှင်းလျက် မြက်ခင်းနှင့် သစ်ပင်များကို ဖြတ်ဖိနင်းကာ သူတို့ထံ အပြေးလာနေကြောင်း မြင်လိုက်ရသည်။ ချက်ချင်းလိုလို အညှီနံ့ကလည်း ကပ်ပါလာသည်။ ထိုအနံ့က အန်ချင်စရာကောင်းသည်။
“သေစမ်း။ ဒါက နင်တို့နှစ်ယောက်…”
လီလင်း၊ လီယွန်နှင့် ဟန်ဖေးယီတို့ အားလုံးက အခြေအနေကို နားလည်သွားကြပြီး ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ အရိုးကို ပြာဖြစ်အောင် ကျိတ်ချင်နေကြသည်။ သို့ရာတွင် သူတို့က ဒေါသထွက်ချိန် မရှိတော့ချေ။ နောက်ပြန်လှည့်ကြည့်ကာ ပြေးရသည်။ သူတို့၏ အခြေအနေက ဆိုးရွားလွန်းလှသည်။
“ဟန်ဖေးယီ …။ မင်းတို့နှစ်ယောက်က တကယ်ကို လူကောင်းတွေပါ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်က ဟန်ဖေးယီတို့အားလုံးကို လှမ်းအော်လိုက်၍ ထွက်ပြေးသွားကြသည်။
အပိုင်း(၅၁)ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset