Switch Mode

Chapter – 50

Chapter – 50

ထိုနေရာသို့ ချဥ်းကပ်သွားသည်နှင့် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က မှင်သက်သွားကြရသည်။ အကြောင်းမူကား လေထဲတွင် အဆိပ်မြူထုများ ပြည့်နက်နေပြီး ခြင်းတောင်းလောက်ထူသော အဆိပ်နဂါး ရာပေါင်းများစွာက လျှာတစ်လစ်ထုတ်လျှက် ထိုနေရာပတ်ဝန်းကျင်တွင် လျှောက်သွားနေကြောင်း မြင်ရသောကြောင့်ဖြစ်သည်။
ထို့အပြင် တောအုပ်၏ အနက်ရှိုင်းဆုံးအပိုင်းမှလာသော ခပ်အုပ်အုပ် ဟိန်းသံများကို ကြားနေရသေးသည်။ မရေမတွက်နိုင်အောင် ကြီးမားသော သားရဲကြီးပေါင်းများစွာက ရှေ့နောက်သွားလာနေကြသည်။
အချို့သော အကြောင်းပြချက်များကြောင့် သူတို့က တစ်ကောင်နဲ့တစ်ကောင် မတိုက်ခိုက်ကျချေ။ သူတို့အားလုံးက အလွန်တရာ စိုးရိမ်စိတ် ကြီးမားနေသလို ထိုနေရာတွင် စုရုံးရောက်ရှိနေကြသည်။
ပို၍များပြားသော သားရဲပေါင်းများစွာက ဒီရေလို ချဥ်းကပ်လာနေသည်။ သို့သော် အားလုံးက အတွင်းမှ ထွက်လာကြခြင်းဖြစ်နေပြန်သည်။ ကြောက်မက်ဖွယ် သားရဲအများစုကို အမည်မတပ်နိုင်ချေ။
ထိုအချိန်တွင် ကောင်းကင်တွင်လည်း ဆင့်ကဲပြောင်းလဲထားသော ဉာဏ်ရည်မြင့် ငှက်ပေါင်းများစွာက ရောက်လာပြီး ကောင်းကင်ကို ဝိုင်းပတ်ကာ ပျံသန်းနေသည်။ သူတို့၏ ခန္ဓာကိုယ်ကြီးများက မီတာပေါင်းများစွာ မြင့်မားသလို နေကို ပိတ်ဆို့ထားသည့် အနက်ရောင် အစိုင်အခဲတုံးကြီးနှင့်ပင် တူနေသေးသည်။
“ဘာတွေဖြစ်နေတာလဲ … ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အံ့ဩသွားကြသည်။ သူတို့ရှေ့ရှိ မြင်ကွင်းက မတောက်ပဘဲ ကြောက်မတ်ဖွယ်ကောင်းလွန်းသည်။ ထိုသားရဲများနှင့် ငှက်များက ဒီနေရာတွင် စုစည်းနေကြသည်။ အားလုံးက ဂနာမငြိမ်ဖြစ်နေကြပြီး ဒီရေလှိုင်းလို ဟိုဟိုဒီဒီ ရွေ့လျားနေကြပြန်သည်။
ယဲ့ဖန်းက အကဲခက်ပြီးနောက် ပြောလိုက်သည်။
“သူတို့က အပျက်အစီး အနက်ရှိုင်းဆုံးနေရာက တစ်ခုခုကို ကြောက်နေတာ ဖြစ်လောက်တယ်။”
“မိုးကြိုးငှက်နဲ့ ကြေးခွံ မျောက်ဘုရင်ရဲ့ တိုက်ပွဲကြောင့်များလား။”
“ပြောဖို့ခက်တယ်။”
“ဒါဆိုရင် ငါတို့က အထဲကို ဘယ်လိုသွားကြမလဲ။ ဒီလောက်သားရဲတွေ အများကြီးက ဒီနေရာမှာ အပြည့်ရှိနေတာ။ ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ထားလိုက်ပြီ .. ။”
“အရင်ဆုံး ပတ်သွားလို့ရမဲ့ နေရာတစ်ခုရှာရမယ်။ ဒါက အခွင့်အရေးလည်း ဖြစ်လောက်တယ်။ အထဲမှာ ထူးခြားတာ တစ်ခုခုရှိနေနိုင်တယ်။ ဒါမှမဟုတ် အနက်ရှိုင်းဆုံးအပိုင်းမှာ တိုက်ခိုက်နေတဲ့ အဆင့်လွန်သားရဲဘုရင်တွေ ရှိနေနိုင်တာပဲ။ ဒါမှမဟုတ် ဒီသားရဲတွေ အားလုံးကို အပြင်မောင်းထုတ်ရလောက်အောင် ထူးခြားတဲ့ကိစ္စ တစ်ခုက ဖြစ်နေတာ ဖြစ်လောက်တယ်။”
နှစ်ယောက်လုံးက ဆယ်မိုင်ကျော်ကို ကွေ့ပတ်ခါသွားပြီးနောက် နေရာတစ်ခုသို့ ရောက်သွားကြသည်။ သူတို့က နွယ်ပင်များကို သုံးကာ ချောက်ကမ်းပါးကို ကုန်းတက်လိုက်သည်။
ထို့နောက် အခြားသော ချောက်ကမ်းပါး အချို့ကို ဆက်လက်တက်သည်။ အဆုံးတွင် နွယ်ပင်အိုကြီးများ၏ နောက်မှလိုက်လျက် တော၏အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားနိုင်သည်။ ဤနည်းအားဖြင့် အပြင်ဘက်တွင်ရှိ သားရဲပေါင်းများစွာကို ရှောင်ရှားလိုက်နိုင်သည်။
“ဒီနေရာက တိတ်ဆိတ်နေပါလား .. ။”
ထိုနေရာတွင် ရှေးဟောင်းသစ်ပင်များနှင့် နွယ်ပင်အိုများဖြင့် ပြည့်နက်နေသည်။ အလွန်အမင်း စိမ်းလန်းသာယာလှပနေသေးသည်။ သို့သော် အလွန်အမင်း တိတ်ဆိတ်နေသည်။ သက်ရှိ သတ္တဝါများအားလုံးက ထွက်ပြေးလွတ်မြောက်သွားသည့်အလား ထင်ရသည်။ ထို့ကြောင့် တုန်လှုပ်ခြောက်ခြားဖွယ် တိတ်ဆိတ်နေခြင်းဖြစ်သည်။
“ဒီအပျက်အစီးထဲမှာ ဘာတွေဖြစ်နေတာလဲ။ သားရဲဘုရင်တွေကြားက တိုက်ပွဲဆိုရင်တောင်မှ ဒီလောက်ထိတော့ မဖြစ်သင့်ဘူး။ ငါ့အထင် အခြားအကြောင်းပြချက် ရှိလောက်တယ်။ ဒါမှမဟုတ်ရင် အဲ့ဒီသားရဲတွေက ထွက်ပြေးပါ့မလား။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အနည်းငယ်အံံ့ဩလာသည်။ သို့သော်အဆုံးတွင် သူတို့က ရှေ့တက်သွားလိုက်ကြသည်။ သိပ်မကြာခင် ဆယ်ကီလိုမီတာကျော်ခန့်အထိ သွားလိုက်ကြပြီး ရှေးဟောင်းသစ်ပင်များက ပို၍ပင်ကြီးမားလာကာ ရှေးဦးပုံစံပေါက်လာသည်။
ကျောက်တုံးတောအုပ်ထဲတွင် နှာမှုတ်သံကို ကြားလိုက်ရသည်။ မြွေများက လျှာတစ်လစ် ထုတ်နေသလို အသံမျိုးဖြစ်သည်။ ထို့အပြင် ရောင်စုံမြူထုများက လေထဲတွင် ပြည့်နှက်နေပြန်ကာ အညှီနံ့များကို ရလိုက်ကြသည်။
“မြွေကြီးတွေပဲ။” ဖန်းပေါ်က တအံ့တဩ အော်သည်။
ကျောက်တုံးတောအုပ်၏ အလယ်တွင် ရေတိုင်ကီနီးပါး ကြီးမားသော မြွေကြီးတစ်ကောင်ရှိနေသည်။ ထိုအကောင်ကြီးက အပျက်အစီးပုံကို ရစ်ခွေလျက်ရှိပြီး ငါးရောင်ခြယ် အဆိပ်မြူထုကို လွင့်ထုတ်နေသည်။ သူက အလွန်အမင်း စိုးရိမ်ကာ မသက်မသာဖြစ်နေသလို ထင်ရသည်။
“ဒါက သာမန် မြွေမဟုတ်ဘူး။ ခေါင်းမှာ ကျောက်စိမ်းဦးချိုပါတယ်။”
ထိုမြွေက ရေတိုင်ကီလောက် ထူပြီး ကြေးခွံများက လူ၏လက်ဝါးတမျှ ကြီးမားလွန်းလှသည်။ ထို့အပြင် ရောင်စုံရှိနေကာ အလွန်အမင်း တောက်ပနေသေးပြီး နေရောင်အောက်တွင်ပင် တဖျတ်ဖျတ်လက်နေသည်။ ပို၍ထူးခြားသောအရာက ခေါင်းပေါ်ရှိကျောက်စိမ်းဦးချိုဖြစ်သည်။ ထိုဦးချိုက မျက်စိကျိန်းမတက် အလွန်အမင်း တောက်ပနေသေးပြီး နေရောင်အောက်တွင်ပင် တဖျတ်ဖျတ်လက်နေသည်။ ထိုကျောက်စိမ်းဦးချိုက မျက်စိကျိန်းမတက် တောက်ပနေပြီး သက်တန့်ရောင် တိမ် အလင်းတန်းကို လွင့်ထုတ်နေခဲ့ကာ တဖျတ်ဖျတ်လက်နေသည်။
“ဒီဦးချိုပါမြွေက အသိစိတ်ရှိနေပြီး နေမင်းနဲ့လမင်းရဲ့ အဆီအနှစ်ကို ဘယ်လိုဝါးမြိုရမလဲဆိုတာကို နားလည်နေတယ်။ သူ့ရဲ့ဝမ်းဗိုက်အောက်မှာသာ လက်သည်းတွေ ပေါက်လာမယ်ဆိုရင် သူက ဒဏ္ဍာရီလာ ရေနဂါးဖြစ်သွားမှာပဲ။”
နှစ်ယောက်လုံး၏ နှလုံးသားက တုန်ရီသွားသည်။ ကြောက်မက်ဖွယ် သားရဲများက နောက်ဆုတ်ကြခြင်းမဟုတ်ချေ။ အချို့သော စွမ်းအားကြီးမားသော သားရဲပေါင်းများစွာက ကျန်နေရစ်ကြသေးသည်။ သို့ရာတွင် ထိုမြွေကြီးက အလွန်အမင်း စိုးရိမ်စိတ်ကြီးနေသည်။ သူက ထွက်သွားချင်သော်လည်း တစ်စုံတစ်ရာကို တုန့်ဆိုင်းနေသလိုထင်သည်။
ရုတ်တရက် အပျက်အစီးပုံအတွင်းမှ ဖျော့တော့သော အသံကထွက်ပေါ်လာပြန်သည်။ ထိုအသံက ကြီးမားသောဗုံကြီးကို တီးခက်လိုက်သလို အသံမျိုးဖြစ်ပြီး အလွန်ဝေးကွာသောနေရာကို ကျော်ဖြတ်လာသည်။
ထိုအသံကို ကြားသောအခါ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ဘာကြောင့်ရယ်မသိ စိုးရိမ်စိတ် ကြီးမားလာကြသည်။ ထိုအချိန်တွင် ကျောက်စိမ်းဦးချိုနှင့်မြွေကြီးကလည်း အကြိမ်အနည်းငယ် တုန်ရီသွားသည်။ ထို့နောက် သူက ရုတ်တရက် ခန္ဓာကိုယ်ကို ရွေ့ကာ တောအုပ်၏ အနက်ရှိုင်ဆုံးအပိုင်းသို့ ပြေးဝင်သွားသည်။
“မြွေဂူပဲ။”
ကျောက်တုံးတောအုပ်က သူ၏အသိုက်ဖြစ်သည်။ သူစိုးရိမ်တကြီး ကြီးမားသော အနက်ရောင်အပေါက်ကြီးထဲသို့ တိုးဝင်သွားပြီး ထွက်လာရန် ငြင်းဆန်သည်။ ရောင်စုံအဆိပ်မြူထုများကလည်း ပျက်ပြယ်သွားပြီးနောက် အညှီနံ့များကလည်း ပျက်ပြယ်သွားသည်။ ကျောက်တုံးတောအုပ်ထဲရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွားသည်။
“ဒီမြွေက အကြီးအကဲ ပြောပြဖူးတဲ့ မြွေ ဖြစ်နိုင်တယ်။”
အစပိုင်းတွင် သူတို့နှစ်ယောက်က များများစားစား မတွေးခဲ့ကြချေ။ သို့သော် အဆိပ်မြူထုက ပျက်ပြယ်သွားပြီး ထိုမြွေကြီး၏ ဂူကိုလည်း မြင်လိုက်ရသောအခါ တစ်စုံတစ်ရာကို သတိရသွားကြသည်။
“ငါလည်း မှတ်မိတယ်။ ဒီကျောက်စိမ်းမြွေက နေမင်းနဲ့လမင်းရဲ့ အဆီအနှစ်ကို နှစ်ရာပေါင်းများစွာကျော် ဝါးမြိုခဲ့တဲ့ မြွေအိုကြီးပဲ။ သူနေတဲ့နေရာမှာ ကျောက်စိမ်းမြွေသစ်ခွလို့ခေါ်တဲ့ ရှားပါး သစ်ပင်တစ်မျိုးက အလေ့ကျပေါက်တယ်။”
နှသ်ယောက်လုံး၏ အမူအရာက အံ့ဩမှင်သက်မှုရှိနေကြသည့်တိုင်အောင် သူတို့က ရှင်းရှင်းလင်းလင်း မမှတ်မိကျတော့ချေ။ လျှို့ဝှက်ဆန်းကျယ်သော သိုင်းများနှင့် ထိုအကြီးအကဲပြောပြသော အခြားသောဗဟုသုတများက သူတို့၏ခေါင်းထဲတွင် ပြွတ်သိပ်လျက် ရှိနေသည်။ ဥပမာအားဖြင့် သိုင်းများ၊ လက်နက်များ၊ ဝိညာဥ်ဆေးပင်များအကြောင်း ရှင်းပြချက်များဖြစ်သည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ကျင့်ကြံခြင်းကို အာရုံစိုက်ထားကြပြီး အခြားသောကိစ္စများကို ဂရုမစိုက်ထားခဲ့ကြချေ။ ထို့ကြောင့် ဤခရီးမတိုင်ခင်က သူတို့က ဆေးပင်များနှင့်ပတ်သက်သော စာအုပ်ကို သွားရှာလာခဲ့သည်။ မဟုတ်လျှင် သူတို့က အဖိုးတန်ဆေးပင်ပေါင်းများစွာကို တွေ့လျှင်ပင် မှတ်မိလိမ့်မည် မဟုတ်ချေ။
“ဒါက တကယ်ကို ကျောက်စိမ်း မြွေ သစ်ခွပဲ။”
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အလွန်စိတ်လှုပ်ရှားသွားကြသည်။ ပင်းပိတ်အောင် မဲမှောင်သော မြွေဂူ၏အဝတွင် လက်တစ်ဝါးစာရှိတဲ့ ထူးဆန်းတဲ့ အပင်သုံးပင်ကို တွေ့လိုက်ရသည်။ ထိုအပင်များက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေကာ ကိုယ်ထည်တစ်ခုလုံးက ကျောက်စိမ်းရောင်တောက်ပနေသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် သေးငယ်သောမြွေသုံးကောင် လှဲနေသလို ထင်ရသည်။ သူတို့၏ ကိုယ်ထည်တွင်လည်း ကျောက်စိမ်းသစ်ရွက်များစွာ ရှိနေသေးသည်။ ထိုအရာများမှလည်း အလင်းရောင်များကို လွင့်ထုတ်နေသည်။
ထိုအပင်သုံးပင်က အလွန်ထူးဆန်းသည်။ စိုက်ကြည့်ယုံဖြင့်ပင် အလွန်ထူးခြားကြောင်း သိနိုင်လေသည်။ သူတို့၏ပတ်ပတ်လည်တွင်လည်း အလင်းမှုန်များက ရစ်ဆိုင်းနေသေးကာ ဖျော့တော့သော မွှေးရနံ့များကိုထုတ်လွင့်နေသည်။
“အမှန်ပဲ။ ဒါက ကျောက်စိမ်းမြွေသစ်ခွပန်းပဲ။”
သူတို့က ထိုပန်းကို မြင်ရသောအခါ အကြီးအကဲ ဖော်ပြသော ပုံစံနှင့် တစ်ထည်ရာတည်းဖြစ်ကြောင်း သိလိုက်ရသည်။ အကြီးအကဲ၏ စကားသံကိုပင် ကြားလိုက်ရသလို ဖြစ်လာသည်။ ထိုအပင်၏ အဖိုးတန်ပုံကို တွေးလိုက်မိကြသည်။
ပြောကြသည်မှာ မြွေအိုကြီးက နေမင်းနှင့်လမင်း၏ အဆီအနှစ်ကို ဝါးမြိုထားသည့်အတွက် ထိုမြွေဂူက ဝိညာဥ်စွမ်းအင် အလွန်သိပ်သည်းသည်။
သို့ရာတွင် သာမန်အပင်များက ထိုဒဏ်ကို တောင့်မခံနိုင်ကြချေ။ ဝိညာဥ်ဆေးပင်များက အချိန်အတန်ကြာပြီးနောက် မုန်း၍သွားပေလိမ့်မည်။ ထူးဆန်းသော ထိုသစ်ခွပင်ကသာ ရှင်သန်နိုင်သည်။
မြွေအိုကြီးက နေမင်းနှင့်လမင်း၏ အဆီအနှစ်ကို ဝါးမြိုပြီးသောအခါ ထိုအပင်က အဆီအနှစ်ကို စုပ်ယူပေလိမ့်မည်။ ဤနည်းအားဖြင့် နှစ်ရာကျော်ကြာလာပြီးသောအခါ စိတ်ဝိညာဥ် စွမ်းအင်ပေါင်းများစွာက ပို၍များပြားလာပေမည်။
နေမင်းနှင့်လမင်း၏ အဆီအနှစ်ကို သိပ်သည်းနိုင်သော ပမာဏက များပြားသည်ထက် များပြားလာခြင်းအားဖြင့် ထူးဆန်းသော မြွေပုံစံရှိသည့် အပင်တစ်ခု ဖြစ်လာသည်ဟု ဆိုသည်။ ထို့ကြောင့် ကျောက်စိမ်းမြွေသစ်ခွဟု ခေါ် ကြခြင်းဖြစ်သည်။
အလွန်ထူးခြားသည့် အဆိပ်ပြေစေနိုင်သောစွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားသည့်တိုင် လောကမှ ထူးဆန်းသော အဆိပ်များစွာကိုလည်း ကုသနိုင်သည်။ မြွေဂူဘေးနားတွင်သာ ပေါက်လေ့ရှိပြီး အဆိပ်ပိုးကောင်များအပြင် အခြားသောအဆိပ်ပြေ ဝိညာဥ်ဆေးပင်များအဖြစ်လည်း သတ်မှတ်နိုင်သေးသည်။ ထပ်လောင်းဆိုရသော် ထိုမြွေအိုကြီးက နေမင်းနှင့်လမင်း၏ အဆီအနှစ်ကို ဝါးမြိုထားချိန်တွင် အဖော်ပြုနေခဲ့သဖြင့် သူတို့၏ အသက်စွမ်းအင်ကလည်း အလွန်များပြား၏။ ကျင့်ကြံသူများ၏ အကြိုက်ဆုံးအရာပင် ဖြစ်သည်။
သူတို့နှစ်ယောက်က အလျင်စလို မဝင်ရဲကြချေ။ မြွေကြီးက သူကိုယ်တိုင်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုသစ်ခွပန်းကသာ မြွေအိုကြီး၏ ဘဝသွင်ပြင်အဖြစ် တထည်ရာထဲ ပြောင်းလဲသွားချိန်တွင် သူက ဝါးမြိုပေမည်။ အခြားတစ်ယောက်ကသာ ထိုအပင်ကို ယူမည်ဆိုလျှင် ထိုမြွေအိုကြီးက အသက်ကို ရင်းကာ လိုက်လံတိုက်ခိုက်ပေလိမ့်မည်။
“ဒီမြွေအိုကြီးက ကျောက်စိမ်းဦးချိုမြွေအဖြစ် ပြောင်းနေပြီ။ ဒါပေမဲ့ ဒီကျောက်စိမ်းမြွေ သစ်ခွပန်းတွေကတော့ မြွေအိုကြီးရဲ့ ပုံပန်းသွင်ပြင် မပြောင်းသေးဘူး။ ဒီတော့ အပြည့်အဝ မရင့်မှည့်သေးတာဖြစ်နိုင်တယ်။”
“ငါတို့ ဘယ်လိုနုတ်ကြမလဲ။”
“ဒီမြွေအိုကြီးက အခုကြောက်သွားတယ်ဆိုတာ ငါ ယုံတယ်။ သူက မြွေဂူထဲမှာ ပုန်းနေပြီး ယာယီအားဖြင့် ထွက်မလာရဲလောက်ဘူး။ ငါတို့ ချောင်းပြီး နုတ်လိုက်ရင် အဆင်ပြေလောက်တယ်။”
“ဒါက နည်းနည်း မလုံခြုံဘူး။ ခဏ စောင့်ရအောင်။နောက်ထပ် အသံ ထပ်ထွက်လာရင် ငါတို့ အပြေးသွားပြီး ချက်ချင်းနုတ် ချက်ချင်း ထွက်ပြေးကြတာပေါ့။”
“ကောင်းပြီ။ စိတ်ရှည်ရှည်နဲ့ စောင့်ကြမယ်။”
နှစ်ယောက်သားက ဆွေးနွေးနေကြပြီးနောက် ကျောက်တုံးတောအုပ်ထဲတွင် ပုန်းနေလိုက်သည်။ သူတို့ကလည်း ထိုအပျက်အစီး တောအုပ်ထဲတွင် မည်သည့်အရာက ဖြစ်ပျက်နေကြောင်း မသိသော်လည်း ထူးဆန်းသော အခြေအနေဖြစ်တော့မည်ဟု ခံစားနေရသည်။ ထိုတောအုပ် အသံက ဆက်တိုက်မြည်ဟီးနေသေးသည်။
မျှော်လင့်ထားသည့်အတိုင်း တစ်နာရီ၏ လေးပုံ တစ်ပုံခန့် ( ဆယ့်ငါး မိနစ် ) ကြာပြီးနောက် နောက်ထပ်အသံ ထပ်မြည်လာသည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အလန့်တကြားဖြစ်သွားကြပြီး ထူးဆန်းသော ခံစားချက်ကို ရလိုက်ကြသည်။ သူတို့၏ စိတ်ဝိညာဥ်ကပင် တုန်လှုပ်သွားသော ခံစားချက်မျိုး ဖြစ်သည်။
နှစ်ယောက်လုံးက စိတ်ကို ငြိမ်အောင်ထားပြီး ချက်ချင်းလိုလို အပြေးသွားလိုက်ကြသည်။ သူတို့က ကျောက်စိမ်းမြွေ သစ်ခွသုံးပင်ကို မြွေဂူ၏ ဝင်ပေါက်မှ ခပ်မြန်မြန်ဆွဲနုတ်ပြီးသည်နှင့် နောက်ပြန်မကြည့်ဘဲ ပြေးသည်။ ကီလိုမီတာပေါင်းများစွာ ပြေးလွှားပြီးနောက် တစ်နေရာတွင် ရပ်တန့်လိုက်သည်။
ထိုအခိုက် အနောက်မှအသံကို ကြားလိုက်ရသည်။ ငလျင်လှုပ်သလိုအသံမျိုးကလည်း ထွက်ပေါ်လာသည်။ မြွေကြီးက ထွက်လာလေပြီ။
ဒုန်း …။
အတွင်းမှ ခပ်အုပ်အုပ်အသံက ထွက်ပေါ်လာပြန်သည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့၏ နှလုံးသားကလည်း ပြင်းထန်စွာဖြင့် တုန်ခါသွားကာ ရင်နာသွားရသည်။ သို့သော် ၄င်းက သူတို့အတွက် အကူအညီပေးခြင်းလည်းဖြစ်သည်။ ဤနည်းအားဖြင့် မြွေအိုကြီးက ငြိမ်သွားသည်။
“ကံကောင်းစွာနဲ့ ငါတို့ အောင်မြင်သွားတယ်။ ဒီမြွေကြီးက ငါတို့နောက်ကို လိုက်လာမှာကို ကြောက်နေတာ။ ကြည့်ရတာ သူက တကယ်ကို စိတ်ဝိညာဥ်ရှိနေတဲ့ပုံပဲ။ သာမန်ကျွမ်းကျင်ပညာရှင်တွေတောင်မှ ဘာမှ မလုပ်နိုင်လောက်ဘူး။ ငါတို့ဆို ပိုဆိုးတယ်။”
သူတို့နှစ်ယောက်က ကြီးမားသော ကျောက်တုံးပြာကြီးထဲတွင် ဝင်ထိုင်လိုက်ကာ ချွေးစေးများကို သုတ်သည်။ ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ကျောက်စိမ်းမြွေသစ်ခွပန်းကို ကြည့်လိုက်သည်။ ထိုပန်းက မြွေအိုကြီးတစ်ကောင်က အရွက်များပေါက်နေသလို ဖြစ်နေပြီး ခေါင်းတွင်လည်း သစ်ခွပန်းပုံ ရှိနေသည်နှင့်တူသည်။
ဝတ်မှုန်သင်္ကေတကလည်း ကြေးခွံများကို ကိုယ်စားပြုသလိုဖြစ်နေသည်။ ကိုယ်ထည်တစ်ခုလုံးက သလင်းရောင်တောက်ပကာ ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေပြီး ကျောက်စိမ်းသားဖြင့် ထွင်းထုထားသလို ထင်ရသည်။ ထို့အပြင် လန်းဆန်းသောမွှေးရနံ့ကလည်း သူတို့၏ ကိုယ်တွင်းအင်္ဂါများအတွင်းသို့ တိုးဝင်နေသည်။
“ကံဆိုးတာက မရင့်မှည့်သေးဘူး။”
“စိတ်ရှည်စမ်းပါ။ ငါတို့မှာ ဒီလိုအခွင့်ရေးဘဲ ရှိတယ်။”
“ပြောချင်တာက ဒီထဲမှာ အသက်စွမ်းအင်တွေ အရမ်းများတယ်တဲ့။ ဘယ်လိုသက်ရောက်မလဲတော့ မသိသေးဘူး။”
“လုံခြုံတဲ့နေရာကို စောင့်ကြည့်ကြတာပေါ့။”
နှစ်ယောက်လုံးက ထိုအပင်ကို ဆေးရည်နှင့်လဲမည်မဟုတ်ချေ။ ထိုကဲ့သို့သော် အဖိုးတန်အရာက ထိုဆေးရည်ထက် အဆပေါင်းများစွာ တန်ကြေးရှိလေသည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်က နွယ်ပင်များကို ကုတ်တက်ပြီးနောက် ချောက်ကမ်းပါးတစ်ခုပေါ်သို့ ရောက်သွားသည်။ ထိုနေရာတွင် အပင်များက အလွန်စိမ်းလန်းနေသည်။ သို့သော် သားရဲများနှင့် ငှက်များကို မမြင်ရဘဲ အလွန်တိတ်ဆိတ်နေသည်။
“ဒီသစ်ခွပန်းကို စားပြီးရင် ငါတို့ မြွေတွေ ပင့်ကူတွေ အဆိပ်ရှိ ပိုးကောင်တွေနဲ့ တွေ့ရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
နှစ်ယောက်သားက ဆွေးနွေးပြီးသည်နှင့် ယဲ့ဖန်းက တစ်ခုကို အရင်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်အခြေနေက အလွန်ထူးခြားသောကြောင့် သူက စိတ်စွမ်းအား သက်ရောက်မှုအတွက် စိုးရိမ်စရာ မလိုအပ်ချေ။
သို့ရာတွင် ယဲ့ဖန်းက သစ်ခွပန်း၏ တစ်ဝက်ခန့်ကို ကိုက်စားလိုက်သည်။ မွှေးရနံ့က ချက်ချင်းလိုလို မွှေးတက်လာသည်။ ချောက်ကမ်းပါး တစ်ခုလုံးက မွှေးရနံ့ဖြင့် ပြည့်နက်သွားသည်။ သူ၏ပါးစပ်ထဲတွင်လည်း မွှေးရနံ့က ပြည့်နက်နေပြီး မွေးညင်းပေါက်များ အားလုံးကလည်း ပွင့်သွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးလည်း သိပ်သည်းသော ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နက်သွားသည်။
ကျန်ရစ်သော သစ်ခွပန်းက အသက်စွမ်းအင် အဆီအနှစ်များကို ထုတ်လွင့်နေကာ သေးငယ်သော ရောင်စုံအလင်းတန်းများကို ထုတ်လွင့်နေသည်။ ယဲ့ဖန်းက အလျင်စလိုပင် ကျန်သည့် တစ်၀က်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက် ယဲ့ဖန်းက တပ္ပလင်ခွေ ထိုင်ပြီးနောက် တာအိုကျမ်းစာပိုဒ်ထဲတွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်ဆန်းကျယ်သောသိုင်းကို ကျင့်ကြံသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုလိုမျိုး ငြိမ်သက်သွားသည်။
သိပ်မကြာခင် ယဲ့ဖန်း၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူ၏မျက်နှာက သွေးခဲလို နီရဲလာသည်။ သူ၏သွေကြောများကလည်း ပြင်းထန်စွာဖြင့် ထောင်တက်လာသည်။ သူ၏အသားအရေက အလွန်အမင်း နီရဲလာသည်။ ထို့နောက် အလွန်အမင်းတောက်ပသော အလင်းမှုန်များက သူ့ရဲ့အသားရေပေါ်တွင် ပေါ်ထွက်လာသည်။
ဖန်းပေါ်ကမူ အလွန်အမင်း စိုးရိမ်လျက် ထိတ်လန့်စွာ စောင့်ကြည့်နေရသည်။ ယဲ့ဖန်း၏ အသွေးအသားနှင့် ကိုယ်တွင်းအင်္ဂါများကို အလွန်ပြင်းထန်သည့် စွမ်းအားများက တိုက်ခိုက်နေသလို ခံစားရသည်။
ယဲ့ဖန်း၏ သွေးစီးဆင်းသော အနေအထားကိုပင် ပုံမှန်မမြင်နိုင်သည့် အခြေနေမျိုးအထိ ဖြစ်လာ၏။ ထို့အပြင် သူ၏သွေး စီးဆင်းသံကိုပင် ကြားနေရသည်။
ထိုအသံက မြစ်ရေစီးသလို အသံမျိုးဖြစ်သည်။ အလွန်များပြားသော အသက်စွမ်းအင် အဆီအနှစ်ပေါင်းများစွာက သူ၏ခန္ဓာကိုယ်ထဲတွင် အသားကုန် စီးဆင်းနေသည်။ သူ၏အသားနှင့်သွေးများကို သန့်စင်ပေးကာ ပို၍တောက်ပလာစေသည်။
တစ်နာရီခန့် ကြာပြီးနောက် ယဲ့ဖန်း၏ သွေးများမှ အသံက ရပ်တန့်သွားသည်။ သူ၏ သွေးစီးနှုန်းကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ကလည်း ပို၍သန်မာလာသည်။
ဗုန်း ….။
ရုတ်တရက် ထိုအခိုက် ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က ရွှေရောင်အလင်းတန်းများကို လွင့်ထုတ်လာပြန်သည်။ နတ်သက်တန့်ရောင်စင် အလင်းတန်းများက အလွန်အမင်း မျက်စိကျိန်းမတက် တောက်ပလာသည်။
“လာပြီ … ။”
ဖန်းပေါ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူယခင်တစ်ခေါက်က မြင်ခဲ့ရသော မြင်ကွင်းက တစ်ဖန်ပြန်ပေါ်လာသည်။ ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က ရွှေရောင်သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားပြီး ဆူနာမီလှိုင်းလုံးများ၏ တခြိမ်းခြိမ်း တအုန်းအုန်းသံများကိုလည်း ကြားနေရသလို မြင်းသည်တော်များ ချီတက်သံကိုလည်း ကြာနေရသည်။ အရာအားလုံးက ကြောက်စရာကောင်းလွန်းသည်။
ဒေါသတကြီး ဖြစ်နေသော အားလှိုင်းများက အထက်သို့ ထိုးတက်သွားသည်။ ရွှေရောင်အလင်းတန်းက မျက်စိကျိန်းမတက် တောက်ပနေသည်။ အဆုံးအစမဲ့သော သမုဒ္ဒရာ ကျယ်ပြောသော အားလှိုင်းများက ကောင်းကင်သို့ ထိုးတက်ပြန်သည်။ တောက်ပလွန်းသော နတ်အလင်းတန်းကလည်း ကောင်းကင်သို့ လွှမ်းခြုံသွားသည်။
ဗုန်း …။
လျှပ်စီးများ လက်ပြီး မိုးခြိမ်းသံများက ထွက်ပေါ်လာချိန်တွင် ရွှေရောင် လျှပ်စီးအလင်းတန်းများက ကောင်းကင်သို့ ထိုးတက်သွားသည်။ ထောင်ကျော်သော မိုးခြိမ်းသံများက ကောင်းကင်သို့ ပဲ့တင်ထွက်သွားပြန်သည်။ ပျက်စီးခြင်းစွမ်းအား ပေါင်းများစွာက အဆုံးအစမဲ့သော အသက်စွမ်းအင်များကို သယ်ဆောင်ထားသည်။ ချို့ယွမ်းကြမ်းတမ်းသော အသက်ချည်စွမ်းအင်က ပြင်းထန်စွာဖြင့် ကခုန်သည်။
ရွှေရောင်သမုဒ္ဒရာ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများနှင့် လိမ်ယှက်နေသော မျက်စိကျိန်းမတက် တောက်ပနေသည့် လျှပ်စီးမိုးကြိုးများနှင့် ထူးဆန်းသော လောကတစ်ခုက အဆုံးအစမဲ့အောင် တောက်ပနေသည်။
မုန်တိုင်းသံများကလည်း ကပ်ပါလာသည်။ ဖန်းပေါ်ကိုယ်တိုင်ကိုယ်ကျ ယခင်ကမြင်ခဲ့ဖူးသည့်တိုင် ယခုတစ်ခါ ထပ်မြင်ရချိန်တွင်လည်း အနည်းငယ် မှင်သက်မိသေးသည်။ ဒုက္ခဆင်းရဲပင်လယ်ကြီးက ထူးဆန်းသော စွမ်းအင်များကို ပိုင်ဆိုင်ထားပြီး အရာအားလုံးကို လှုပ်ခါနေသည်။
ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က မျက်စိကျိန်းမတက် တောက်ပနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို နတ်အလင်းရောင်ဖြင့် လွှမ်းခြုံထားသည်။
လေးနာရီနီးပါးကြာပြီးမှ အရာအားလုံးက ငြိမ်သက်သွားသည်။ ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီး အသံများကလည်း ပျောက်ကွယ်သွားသည်။ ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က တိတ်ဆိတ်သွားသည်။ သူ၏တစ်ကိုယ်လုံးကလည်း ပို၍ပင် အင်အားကြီးလာကာ သူ့ကိုယ်မှပင် အမတတစ်ပါးလို အရှိန်အဝါကို လွင့်ထုတ်​နေသည်။ သူက အလွန်အမင်း မြင့်မြတ်သန့်စင်သူကဲ့သို့ ထင်ရသည်။
တစ်နာရီခန့် ထပ်ကြာပြီးနောက် ယဲ့ဖန်းကမူ မျက်လုံးပြန်ဖွင့်လာသည်။ သူ၏မျက်လုံးထဲမှ မိုးကြိုးအလင်းတန်းများက လက်သွားပြီး သူ၏မျက်လုံးကပင် နတ်အလင်းတန်းများ တောက်ပနေသလို အားအင်အပြည့်ရှိနေသည်။
“မင်း ဘယ်လို ခံစားရလဲ။”
“ခံစားလို့ အရမ်းကောင်းတယ်။ ဒုက္ခဆင်းရဲပင်လယ်က ပိုကြီးလာပြီ။”
ယဲ့ဖန်းက လျှို့ဝှက်ဆန်းကျယ်သောသိုင်းကို လှည့်ပတ်လိုက်သောအခါ ဒုက္ခဆင်းရဲပင်လယ်က ရွှေရောင်အလင်းဖြင့် တောက်ပလာသည်။ ဒုက္ခဆင်းရဲပင်လယ်၏ နှမ်းစေ့ခံအရွယ်အစားက ယခုအခါ ပဲ့စေ့ခန့် အရွယ်အစားကြီးဖြစ်လာသည်။ ထိုအရာက မှော်မီးအိမ်လိုမျိုး တောက်ပနေသည်။
“ဒီအရှိန်နှုန်းနဲ့ တိုးတက်မှုက တကယ်ကို အံ့ဩစရာပဲ။”
ဖန်းပေါ်က ယဲ့ဖန်းအတွက် ပျော်သွားသည်။ သူ အလွန်အံ့ဩမိသည်။ ဤတစ်ကြိမ်တွင် ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က ပွင့်သွားသောအခါ ယခင်ကထက် များစွာကြီးသွားကြောင်း သူ သိလိုက်သည်။
ထိုပင်လယ်ထဲတွင်လည်း နတ်စွမ်းအင်များက ရှိနေသေးပြန်သည်။ ဤနည်းအားဖြင့် ယဲ့ဖန်းက အလွန်အမင်း သက်တောင့်သက်သာ ရှိလာသည်။ နတ်အလင်းတန်းများက သူ၏အသွေးအသားများကို အားဖြည့်ပေးနေသည့်အတွက် ယဲ့ဖန်းပင် လျှို့ဝှက်ဆန်းကြယ်သောသိုင်းကို အသက်သွင်းကြည့်လိုက်သည်။ ထိုအခါ ရွှေရောင်နတ်အလင်းတန်းက ဒုက္ခဆင်းရဲပင်လယ်ထဲမှ ထွက်လာကာ သူ၏ လက်ညှိုးထိပ်တွင် ရောက်လာသည်။ သူက ခြစ်ခနဲ မြည်သံနှင့်အတူ ပစ်လိုက်ချိန်တွင် အရှေ့တွင်ရှိသော ရှေးဟောင်းသစ်ပင်ကို ထိုးဖောက်သွားသည်။
ဖန်းပေါ်က မှင်သက်သွားသည်။
” မင်း နတ်ရုပ်သေး စွမ်းအင်ကို ထုတ်သုံးနိုင်သွားပြီလား။”
“ကျောက်စိမ်းမြွေ သစ်ခွက အတော်လေးကို ထူးခြားတယ်။ အထဲမှာပါဝင်တဲ့ အသက်အဆီအနှစ်တွေက အရင်တစ်ခေါက်က သုံးတဲ့ ဆေးပေါင်းတစ်ရာဆေးရည်ထက် အဆပေါင်းများစွာ အင်အားကြီးမားတယ်။”
ယဲ့ဖန်းက သက်ပြင်းချသည်။ ဒီတစ်ကြိမ်တွင် သူက ဒုက္ခဆင်းရဲပင်လယ်ကို ချောချောမွေ့မွေ့ ဖွင့်နိုင်ခဲ့သည်။
ဖန်းပေါ်ကမူ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
“ဒီတစ်ကြိမ် အတွေ့အကြုံက အလကားမဟုတ်တော့ဘူးပဲ။ ဒီသုံးပင်နဲ့တင် အကျိုးအမြတ်က အတော်များနေပြီ။”
“အပျက်အစီးနယ်မြေ အတွင်းပိုင်းမှာ ဘာတွေဖြစ်နေလဲတော့ ငါ မသိဘူး။ ငါတို့အထဲကို ဝင်ကြမလား။”
” ဒါပေါ့ …။ ငါတို့ ဆက်သွားရမယ်။ ငါတို့သာ နက်ရှိုင်းတဲ့အပိုင်းကို ဝင်သွားပြီး အကျိုးအမြတ်ကို ရလေလေ ပိုကောင်းလေလေပေါ့။ နောက်ပြီး သိပ်ကြောက်စရာကောင်းတဲ့ ငှက်တွေနဲ့ သားရဲတွေက ထွက်ပြေးနေကြတာပဲ။ ဒီတော့ ဒါက ရှားပါးတဲ့အခွင့်ရေးပဲ။ ပိုဆိုးတာက အတွင်းပိုင်းမှာ အံ့အားသင့်စရာကောင်းတဲ့ အပြောင်းအလဲကြီး ဖြစ်နေနိုင်တယ်။ ဒါက ငါတို့အတွက် အခွင့်အရေးတောင် ဖြစ်နိုင်တယ်။”
အပိုင်း ( ၅၀ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset