Chapter – 49
ယင်းက ယဲ့ဖန်းအတွက် သတင်းကောင်းဖြစ်သည်။ သူက ထိုနေရာမှ ဝိညာဉ်ဆေးပင်များကို စုဆောင်းရရှိနိုင်မည်ဆိုလျှင် သို့မဟုတ် ရှားပါးသည့်သားရဲများကို အမဲလိုက်နိုင်မည်ဆိုလျှင် သူ၏အရေးတကြီး လိုအပ်နေသော အရင်းအမြစ်ပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။ သူ၏ ရွှေရောင် ခါးသီး ဒုက္ခဆင်းရဲပင်လယ်ကြီးက ရေကန်ကြီးတစ်ခုလိုမျိုး ခြောက်ကပ်နေပြီး စွမ်းအင် အရင်းအနှီးပေါင်းများစွာဖြင့် အားဖြည့်ရန် လိုအပ်နေသေးသည်။
သို့မှသာ ဆက်လက်ပြီး ကျယ်ပြန့်ကြီးထွား လာနိုင်တော့မည်ဖြစ်သည်။
“ဒီတစ်ကြိမ်မှာ အကြီးအကဲ ဝူချင်ဖုန်းက အဖွဲ့ကိုဦးဆောင်မှာ။ ဒီတော့ အဲ့ဒီသောက်ကျိုးနည်း အကြီးအကဲဟန်ကို ဂရုစိုက်စရာ မလိုအပ်ဘူး … ။”
ထို့ကြောင့် ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က ထိုလေ့ကျင့်ရေးပွဲတွင် ဝင်ပါရန် ဆုံးဖြတ်လိုက်ကြသည်။
နှစ်ရက်ခန့်ကြာပြီးနောက် ဝူချင်ဖုန်းနှင့် အခြားသောအကြီးအကဲ တစ်ယောက်က ဝိညာဉ်အပျက်အစီး ကောင်းကင်ဘုံမှ တပည့်ဂိုဏ်းသား တစ်ရာကျော်ကို ဦးဆောင်လျက် အနီးအနားတွင်ရှိသော ရှေးဟောင်းအပျက်အစီးနေရာသို့ ဝင်ရောက်လာခဲ့ကြသည်။
ရှေးဟောင်းသစ်ပင်များက ကောင်းကင်သို့ ထိုးထွက်နေပြီး ရှေးကျလွန်းသော မြင်ကွင်းမျိုးကို ဖြစ်ပေါ်စေသည်။ ထို့အပြင် အလွန်ဝေးကွာသောနေရာမှ တောရိုင်းသားရဲကြီးများ၏ ဟိန်းသံကိုလည်း ဆက်တိုက်ကြားနေရပြီး ထိုထဲတွင် ပြင်းထန်သောလေသံကို ခံစားမိနေသည်။ ထူးဆန်းသော ကြီးမားသည့်ငှက်ကြီးများကလည်း ကောင်းကင်တွင် ဖြတ်သန်းသွားလာနေကြောင်း မြင်နေရသည်။ သူတို့၏ ခန္ဓာကိုယ်များက မီတာပေါင်းများစွာ ရှည်လျားပြီး အလွန်အမင်း ကြီးမားလွန်းနေသည်။
” မင်းတို့ကို ထပ်ပြီးသတိပေးရမယ်။ မင်းတို့ ဂရုစိုက်မှဖြစ်မယ်။ မင်းတို့ရဲ့ သေရေးရှင်ရေးနဲ့ ပတ်သက်နေလို့ ဒီခရီးကို အထင်မသေးမိကြစေနဲ့။”
အကြီးအကဲဝူချင်ဖုန်းက သတိထားသင့်သော အရာအားလုံးကို ရှင်းပြပေးသည်။ နောက်ဆုံးတွင် သူကဥပမာ တစ်ခုပြောသည်။
“အတိတ်မှာ တပည့်ဂိုဏ်သားသစ်တွေက ဒီအပျက်အစီးနဲ့ အနက်ရှိုင်းဆုံးနေရာကို ဝင်ရောက်သွားခဲ့ကြပြီး ကြီးမားတဲ့သားရဲတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ သေသွားကြရတယ်။ ဒါကြောင့် နက်ရှိုင်းတဲ့အပိုင်းကို ဝင်လေလေ ကြောက်စရာကောင်းလေလေ ကြီးမားတဲ့ ငှက်တွေ တောရိုင်းကောင်တွေနဲ့ တွေ့ရလေလေ ဖြစ်လာမှာပဲ။ ဒီတော့ အဲ့ဒီမှာ ရှိတဲ့ သားရဲအများစုက ထူးဆန်းတဲ့မျိုးနွယ်တွေဖြစ်ပြီး ရှေးဦးမူလခေတ်ကတည်းက ကျန်ရစ်ခဲ့ကြတာပဲ။ ဝိညာဉ်အပျက်အစီး ကောင်းကင်ဘုံက အကြီးအကဲတွေတောင်မှ သူတို့ကို ရင်မဆိုင်ရဲကြဘူး။ ဒါကြောင့် မင်းတို့ မရင်းကြတာ ကောင်းမယ်ထင်တယ်။”
အကြီးအကဲ နှစ်ယောက်က တပည့်ဂိုဏ်းသားရာကျော်ကို ဦးဆောင်ကာ လျင်မြန်စွာဖြင့် အထဲသို့ ဝင်ရောက်သွားသည်။ သိပ့်သည်းသော ဝိညာဉ်စွမ်းအင်မြေများက ဝိညာဉ်အပျက်အစီး ကောင်းကင်ဘုံကို မယှဉ်နိုင်ချေ။ ထို့ကြောင့် သူတို့ရောက်သွားပြီး သိပ်မကြာခင် အချို့က ဆေးပင်များကို ရှာတွေ့လာသည်။
“သူတို့က သက်တမ်းနုသေးတယ် မခူးနဲ့ဦး။”
မျိုးရိုးနာမည် လီအမည်ရ အကြီးအကဲက သတိပေးသည်။
ဤနေရာတွင်ရှိသော ကြီးမားသောသစ်ပင်ကြီးများက အလွန်အမင်း မြင့်မားလွန်းသည်။ လူအနည်းငယ်က အချင်းချင်း လက်ချည်းဆက်ကာ သစ်ပင်၏ပင်စည်ကို ဖက်မည်ဆိုလျှင်ပင် တစ်ပင်လုံးပြည့်အောင် မဖက်နိုင်လောက်ချေ။ ထို့အပြင် နွယ်ပင်ကြီးများကလည်း အလွန်အမင်း ထူတုတ်လွန်းသည်။ ဒီနေရာကို အပျက်အစီးနယ်မြေဟု ခေါ်နေသော်လည်း ရှေးဟောင်းတောအုပ်ကြီးနှင့်ပင် တူနေသေးသည်။
“မဟာမြွေကြီး … ။”
သူတို့က အထဲသို့ဝင်လိုက်သည်နှင့် လူတစ်ယောက်က လှမ်းအော်သည်။ ထိုအခါ အလွန်အမင်း လင်းလက်တောက်ပနေသည့် ခြင်းတောင်းတစ်တောင်းစာကြီးမားသော မြွေကြီးကို မြင်လိုက်ရသည်။
ထိုမြွေကြီး၏ ကိုယ်လုံးအနှံ့တွင် ရောက်စုံအစက်အပျောက်များကို မြင်ရပြီး ပါးစပ်ကြီးကဖြဲကာ မြူထုများကို မှုတ်ထုတ်နေသည်။ တပည့်ဂိုဏ်းသားများက ထိုနေရာတွင်ပင် အော်ဟစ်နေကြသည်။
ရုတ်တရက် စူးရှသောအော်သံကို ကြားလိုက်ရသည်။
အခြားသော တပည့်ဂိုဏ်းသားများ အားလုံးက ဒီမြင်ကွင်းတွင် ဆံပင်မွှေးများ ထောင်တက်သွားပြီး ခပ်မြန်မြန် နောက်ဆုတ်လိုက်ကြသည်။ မြူထုက ပျောက်ကွယ်သွားသောအခါ ထိုနေရာတွင် နှင်းဖြူရောင်အရိုးစုနှင့် အဝါရောင်အရေများသာ ကျန်ရစ်ခဲ့ကြောင်း မြင်ရသောကြောင့် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ အပင်များအားလုံးကလည်း သေသွားကြသည်။
အကြီးအကဲ ဝူချင်ဖုန်းက ခပ်မြန်မြန် ချဉ်းကပ်လာပြီးနောက် မျက်မှောင်ကြုံ့လိုက်သည်။ သူက ပြောသည်။
“ဘာလို့ ဒီအပျက်အစီးနယ်မြေရဲ့ အစွန်ပိုင်းမှာ အဆိပ်နဂါးနဲ့ လာတွေ့နေတာလဲ။ တစ်ခုခုတော့ မဟုတ်တော့ဘူး။”
ထိုအချိန်တွင် အကြီးအကဲလီကလည်း နောက်သို့လျှောက်လာသည်။
“ဒီမြွေကို အဆိပ်နဂါးလို့ခေါ်တယ်။ သူရဲ့ခန္ဓာကိုယ်က အဆိပ်အရမ်းများတယ်။ မင်းတို့အားလုံး သတိထားရမယ်။ သူ မှုတ်ထုတ်တဲ့မြူထုကို မရှူမိစေနဲ့။ ဒီလိုဆိုရင် အဆိပ်ပြန့်ပြီး ချက်ချင်းလိုလို သေသွားလိမ့်မယ်။”
အကြီးအကဲလီက စကားဆုံးသွားပြီးနောက် သတိထပ်ပေးသည်။
“သူ့ရဲ့သည်းခြေက ဆေးဝါးသန့်စင်ဖို့အတွက် အသုံးဝင်တယ်။ ဒီတော့ စွမ်းရည်ရှိတဲ့ တပည့်ဂိုဏ်းသားတွေက တိုက်ခိုက်ကြည့်နိုင်တယ်။”
သူတို့က အစွန်းပိုင်းတွင်သာ ရှိနေသေးသည်။ သို့သော် အဆိပ်ပြင်းမြွေကိုပင် တွေ့နေရလေပြီ။ အတွင်းတွင်ရှိသော အခြားသော ကြောက်စရာသားရဲများက မည်မျှကြောက်စရာကောင်းကြောင်း မသိနိုင်သေးချေ။ ထို့ပြင် တပည့်ဂိုဏ်းသားတစ်ယောက်က ထိုနေရာတွင်ပင် ပွဲချင်းပြီးသေသွားလေပြီ။ အခြားသော တပည့်ဂိုဏ်းသားများကလည်း ကျောစိမ့်သွားကြသည်။ လူအများစုကမူ သတိကြီးကြီးထားကြသည်။
“ဒါဆိုရင်လည်း ကျွန်မ မြွေသည်းခြေကို ယူလာမယ်။”
လူအုပ်ထဲမှ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် အရွယ်ရှိမည့် ကောင်မလေးတစ်ယောက်က လမ်းလျှောက်ထွက်လာပြီး လူတိုင်းကို ကျော်ဖြတ်သွားသည်။ သူမ၏ ဒုက္ခဆင်းရဲပင်လယ်က အစိမ်းရောင်အလင်းများ တောက်ပလာပြီးနောက်တွင် သူမ၏ လက်မောင်းထံ ပျံ့နှံ့လာကာ သူမက လက်ချောင်းများကို မြှားပစ်သလိုလုပ်လိုက်သည်။
ထိုအခါ အစိမ်းရောင် အလင်းတန်းက ဓားတစ်စင်းလို ခြစ်ခနဲ့ မြည်သံနှင့်အတူ ထိုအဆိပ်နဂါးကို လေထဲတွင် ထပ််ခြမ်းခွဲပစ်လိုက်သည်။
ကောင်မလေးက ဂရုတစိုက်ဖြင့် လက်သီးဆုပ်အရွယ်အစားရှိသော မြွေသည်းခြေကို ယူလာသည်။ ထိုနေရာတွင်ပင် သူမက အကြီးအကဲလီထဲမှ ဆေးရည်တစ်ပုလင်းနှင့် လဲလိုက်သည်။ အခြားသော တပည့်ဂိုဏ်းသားများကလည်း ချက်ချင်းလိုလို အားအင်တက်ကြွသွားကြပြီး လူတိုင်းနီးပါးက ထိုမြွေကို သတ်နိုင်သမျှ စွမ်းရည်ရှိကြောင်း ပြသလိုကြသည်။
သူတို့၏နှလုံးသားထဲတွင် အကြောက်အလန့်မဲ့မှုများပါလာသလို သူတို့၏ခြေလက်များကို လှုပ်ရှားပြီး လိုက်လျှင် ဤနယ်မြေမှ ဆုလာဘ်တစ်ချို့ကို ရရှိပေလိမ့်မည်။
“မကြောက်ကြနဲ့။ ဒါပေမဲ့ သတိလက်လွတ်လည်း မနေကြနဲ့။ နောက်ပိုင်း အချိန်ကာလအတောအတွင်း သွေးသံရဲရဲတိုက်ပွဲတွေကို မြင်တွေ့ရလောက်တယ်။ ဒါပေမဲ့ မင်းတို့အားလုံးက အတွေ့အကြုံရှိနေကြမှာပါ။ ဖန်လုံအိမ်ထဲမှာဘဲ ပျိုးထောင်ထားတဲ့ပန်းတွေက အပြင်လောကရဲ့ ရိုက်ခက်မှုကို တစ်ရက်မှာ ကြုံဆုံရမဲ့ အချိန်ရှိနေသေးတာပဲ။ မဟုတ်ရင် ဘယ်နည်းနဲ့မှ အဲဒီပန်းတွေ ရင့်ကျက်တတ်မှာ မဟုတ်ဘူး။”
အကြီးအကဲ နှစ်ယောက်က ထိုသို့ပြောလိုက်ပြီးနောက် မျက်နှာက ကြုတ်နေသေးသည်။ အကြောင်းမူကား ဒီနေရာက အစွန်းပိုင်းသာ ဖြစ်နေသေးသည့်တိုင်အောင် တပည့်တစ်ယောက်က သေသွားသည်။ ရလဒ်က မကောင်းချေ။
ထိုအချိန်တွင် အခြားသောတပည့်ဂိုဏ်းသားများက တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားကြသည်။ တစ်ယောက်က နဂါးလျှာကို တူးထုတ်လိုက်သည်။
တစ်ချိန်ထဲတွင်ပင် တပည့်တစ်ယောက်ကလည်း မိုးပြာရောင်နဂါးနွယ်ပင်ကို ရှာတွေ့သည်။ ရုတ်တရက် အလွန်အမင်း စူးရှသော ငှက်အော်သံက အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာသည်။
ထို့နောက် ကောင်းကင်ကို သတ္တုက ထိုးဖောက်သွားသလို ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာပြီး လူတိုင်း၏နားစည်ကို တုန်ခါသွားစေသည်။
ထိုအချိန်တွင် လူတိုင်းက အလွန်အံ့ဩသွားကြသည်။ သူတို့က ရပ်တံ့လိုက်ကြကာ အသံလာရာဘက်သို့ ကြည့်လိုက်ကြသည်။ ထိုအခါ ကောင်းကင်ကို ထိုးတက်သွားသည့် ရွှေရောင်အလင်းတန်းကိုသာ မြင်လိုက်ရလေသည်။ ထိုအလင်းတန်းက ရွှေရောင် မိုးကြိုးအလင်းတန်းဖြစ်ပြီး တောင်ထိပ်တစ်ခုပေါ်သို့ ကျဆင်းသွားသည်။
“ဒါက ဘာလဲ။”
လူတိုင်းက အံ့ဩသွားသည်။ ထိုရွှေရောင်မိုးကြိုးက မြန်ဆန်လွန်းသည်။ ထို့ပြင် သေသေချာချာ မမြင်ရချေ။
အကြီးအကဲဝူချင်ဖုန်း၏ မျက်နှာကလည်း ပျက်ယွင်းသွားသည်။ သူကပြောသည်။
“ဒါက မိုးကြိုးငှက်ပဲ။ သူက လျှပ်စီးလို မြန်ဆန်ပြီး မိုးကြိုးလို ကြောက်စရာကောင်းတယ်။ သူက မိုးကြိုးနဲ့ လျှပ်စီးစွမ်းအားနဲ့ မွေးဖွားလာခဲ့တာ။ ငါတောင်မှ သူနဲ့တွေ့ရင် ထွက်ပြေးရလောက်တယ်။”
ဝါး …။
ရုတ်တရက် ကောင်းကင်ကို လှုပ်ခါစေသည့် ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာပြန်သည်။ လျှပ်စီးငှက်ရှိနေရာ တောင်ထိပ်ပေါ်သို့ တစ်ကိုယ်လုံး ကြေးခွံကြီးများရှိနေသော သိပ်သည်းသော မျောက်ဝံကြီးတစ်ကောင်က ခုန်ချလာသည်။ သူက လေထဲသို့ မီတာတစ်ရာခန့်အထိ ခုန်တက်လိုက်ပြီးနောက်တွင် ထိုမိုးကြိုးငှက်ထံ ခုန်ဝင်သွားသည်။
“ဒါက ကြေးခွံမျောက်ပဲ။”
အခြားတစ်ဖက်တွင် အကြီးအကဲလီ၏ မျက်နှာကလည်း ပျက်သွားပြန်သည်။
“ဒါက ကြေးခွံမျောက်တွေရဲ့ဘုရင်တောင် ဖြစ်မှာဆိုးရတယ်။ မဟုတ်ရင် သူ ဒီလောက်ထိ အင်အားကြီးဖို့ မဖြစ်နိုင်ဘူး။”
အကြီးအကဲ ဝူချင်ဖုန်းက မျက်မှောင်ကြုံ့သည်။
“ကြည့်ရတာ ဒီအပျက်အစီးနယ်မြေက မငြိမ်းချမ်းဘူးပဲ။ ဒီတစ်ကြိမ်မှာ ကံကြမ္မာ အလှည့်အပြောင်းတွေတောင် ကြုံတွေ့ရနိုင်တယ်။ ဒီတော့ အားလုံးပဲ နက်ရှိုင်းတဲ့အပိုင်းကို မသွားကြပါနဲ့။”
အပျက်အစီးနယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှ နားကိုပင် ထိုးတက်မတတ် စူးရှတဲ့သည့်ငှက်များ၏ အော်သံများနှင့် သားရဲဟိန်းသံများက ဆက်တိုက်ထွက်ပေါ်နေသည်။ ကောင်းကင်ကပင် စုတ်ဖြဲခံရသလို ဖြစ်နေသည်။
အဝေးမှကြည့်မည်ဆိုလျှင်ပင် ထိုမျှကြောက်စရာကောင်းနေရာ တပည့်ဂိုဏ်းသားများ၏ မျက်နှာများက ဖြူဖျော့လာတော့သည်။ အခုလေးတင် သူတို့ထဲကတစ်ယောက်က အဆိပ်နဂါးကြောင့် သေဆုံးသွားကြောင်းကို မြင်လိုက်ရသည်။
သို့ရာတွင် သူတို့ကလည်း မြွေကို ပြန်သတ်လိုက်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေကြသေးသည်။ နောက်ဆုံးတွင် အထဲတွင် ကြောက်စရာကောင်းလွန်းသော အရာများက ရှိနေသေးကြောင်းကို သိလိုက်ရပြန်သည်။
အနက်ရှိုင်းဆုံးအပိုင်းတွင် ရန်စရန် မသင့်တော်သည့် ကြောက်စရာကောင်းသော အရာကြီးများ ရှိနေသည်။
” တခြားနေရာကနေ အထဲကိုဝင်ရအောင်။”
အကြီးအကဲ ဝူချင်ဖုန်းကလည်း ဒီနေ့က မငြိမ်းချမ်းလောက်တော့ကြောင်း သိနေသည်။ မည်သို့ပင်ဆိုစေ ဒီအပျက်အဆီးနယ်မြေက အလွန်အမင်း ကျယ်ပြောလေသည်။ ထို့ကြောင့် သူက လူအုပ်ကို အခြားတစ်နေရာသို့သာ ခေါ်သွားလိုက်တော့သည်။
ဆယ်လီခန့်သွားလာပြီးနောက် လူအုပ်က ကျောက်တုံးတောအုပ်သို့ ရောက်သွားသည်။ ထိုကျောက်တုံးတောအုပ်ကို ဖြတ်သန်းပြီးနောက် တစ်ဖန် အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ရပြန်သည်။
“မင်းတို့ကို ထပ်ပြီး သတိပေးရဦးမယ်။ မင်းတို့ အတွင်းပိုင်းကို ဝင်ချင်ရင်တောင်မှ ဆယ်လီထက်ကျော်ပြီး မဝင်ကြနဲ့။ မဟုတ်ရင် မင်းတို့ အသက်က အန္တရာယ်ရှိလိမ့်မယ်။ မင်းတို့ ကိုယ်ပိုင်အင်အားအပေါ်ဘဲ မှီခိုပြီး လုပ်ဆောင်ကြရမယ်။”
ထိုနေရာသို့ ရောက်လာပြီးနောက် လူအုပ်က လူစုခွဲသည်။ အဖွဲ့များ ဖွဲ့ကြခြင်းဖြစ်သည်။ သူတို့အားလုံးက တစ်စုံတစ်ရာကို လိုချင်ကြလေသည်။ ဆေးပေါင်းတစ်ရာဆေးရည်က ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်ခါစ တပည့်ဂိုဏ်းသားများအတွက် အလွန်အသုံးဝင်သည်။
ဟန်ဖေးယီလည်း ပါသည်။
သူက ယဲ့ဖန်းနှင့်ဖန်းပေါ်ကိုကြည့်ပြီး သူ၏မျက်ဝန်းအတွင်း ထူးဆန်းသော အေးစက်သည့် အလင်းက လက်လာသည်။ ယဲ့ဖန်းနှင့် ဖန်းပေါ်က ခေါင်းလှည့်ကာ သူ့ကိုကြည့်သော်အခါ သူက ချက်ချင်းလိုလို အကြည့်လွှဲသွားသည်။
“ဟန်ဖေးယီ။ နင် ဒီလူနှစ်ယောက်ကြောင့် သေတော့မလို ဖြစ်သွားတယ်မဟုတ်လား။”
ဟန်ဖေးယီနှင့်အတူ အမဲလိုက်ထွက်လာသော မင်းသားအချို့နှင့် မင်းသမီးအချို့ပါသည်။ သူတို့အားလုံးက ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ် အရွယ်ဖြစ်သည်။
တစ်ယောက်ချင်းစီတိုင်းက အားအင်အပြည့်ရှိနေကြသည်။ သူတို့၏ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင်လည်း နတ်စွမ်းအင်များက လင်းလက်တောက်ပနေသည်။ ဟန်ဖေးယီက သူတို့ကို အဖော်ပြုပေးထားသည်။ သူက ဘာကောင်မှ မဟုတ်ရာ လူတိုင်း၏ အာရုံစိုက်မခံရချေ။ ထို့ကြောင့် ဘေးဘက်ကသာ လိုက်လာသည်။
“အဲ့ဒီထဲမှာ အမန္တမျိုးစေ့ တစ်ယောက်ပါတယ် ဆိုပေမဲ့လည်း သူက ဂိုဏ်းကို ဝင်ခါစဆိုတော့ ဘာမှ မသင်နိုင်သေးဘူး။ နောက်ပြီး အခြားတစ်ကောင်ကတော့ အမှိုက်ပါ။ ကျင့်ကြံလို့ မရဘူး။ ဒီလိုအရူးဆီမှာ ရှုံးသွားတဲ့အတွက် အကြီးအကဲဟန်က မင်းကို အတော်လေး စိတ်ပျက်မှာပဲ။”
ပထမပြောလိုက်သောလူက အမျိုးသားဖြစ်ပြီး နောက် ပြောလိုက်သောသူက အမျိုးသမီးဖြစ်သည်။ နှစ်ယောက်စလုံးက ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ်ဖြစ်သည်။ သူတို့က ဘေးဘက်တွင်ရှိသော လူများထက်စာလျှင် အတန်ငယ် ငယ်ရွယ်ကြသည့်တိုင်အောင် လမင်းကို ကြယ်စင်များက ဝိုင်းထားသလို ဝိုင်းနေကြသည်။
ဖန်းပေါ်၏ဒေါသများက ထိုစကားကြောင့် မြှောက်တက်လာသည်။ ထိုလူနှစ်ယောက်က လွန်လွန်းသည်။ သူတို့က ယဲ့ဖန်းကိုပင် အမှိုက်ဟု ပြောရဲသည်။ သူကချက်ချင်းလိုလို ဒေါသထွက်သွားသည်။
“မင်းတို့ ဘာပြောလိုက်တာလဲ။ လူ စကားကို ဘယ်လိုပြောရမလဲ မသိဘူးလား။”
ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ် အရွယ်ခန့်ရှိမည့် ကောင်မလေးက အေးစက်စွာ ရယ်သည်။ သူမ၏နှုတ်ခမ်းထောင့်တွင် အလှအပဆိုင်ရာ မှဲ့လေးရှိသည်။ သူမက အလွန်အမင်း လှပသော်လည်း ထိုတခဏတွင်မူ သူက အေးခဲမတက် ခံစားချက်ကိုသာ ထုတ်ဖော်ပေးနေသည်။ သူမက အေးစက်စွာပြောသည်။
” နင့်ရဲ့ မာနကတော့ မသေးဘူးပဲ။ နင်က အမတ မျိုးစေ့ ဖြစ်တာနဲ့ဘဲ လူတိုင်းကို ငုံ့ကြည့်လို့ရပြီ ထင်နေတာလား။ နင်က အနာဂတ်ကို ခန့်မှန်းနိုင်တဲ့သူမဟုတ်ဘူး။ အမတ မျိုးစေ့ကလည်း တစ်ရက်မှာ သေရမှာပဲ။”
“ဘယ်သူက မာနကြီးတာလဲ။ ငါတို့က မင်းကို ရန်စလို့လား။ မင်းတို့သာ ရောက်လာတာနဲ့ ငါတို့ကို ချက်ချင်းလိုလို အမှိုက်လို့ လာခေါ်နေတာ မဟုတ်လို့လား။ ငါတို့ကိုသာ မောက်မာတယ်လို့သာ သတ်မှတ်မယ်ဆိုရင် မင်းကတော့ ကန်းနေတာပဲ ဖြစ်လိမ့်မယ်။”
ဖန်းပေါ်ကလည်း ယဥ်ကျေးမှုမဲ့စွာဖြင့် ပြန်ငြင်းလိုက်သည်။
“အကြီးအကဲတွေက တပည့်တွေအချင်းချင်း တိုက်ခိုက်တာ ခွင့်မပြုထားတာကြောင့်သာ … မဟုတ်ဘူးဆိုရင် ငါနင့်ကို ဘယ်လိုကောင်းကောင်း ဆက်ဆံရမလဲ ဆိုတာကိုသိအောင် သင်ခန်းစာပေးလိုက်ပြီ။”
ထိုမိန်းခလေး၏ မျက်ဝန်းထဲရှိ အးစက်သောအလင်းက ပို၍တောက်ပလာသည်။ သူမက ယဲ့ဖန်းကိုကြည့်ပြီးနောက် ဖန်းပေါ်ကို ကြည့်ကာပြန်ပြောသည်။
“မင်းက အမတ မျိုးစေ့ ဖြစ်ရမယ်။ နင်ကြောင်တောင်တောင်တွေကို ဒီနေရာကို ခေါ်လာလို့မရဘူး။ ဒီနေရာက ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံရဲ့အရေးကြီးတဲ့နေရာပဲ။ ဒီတော့ အခြားသူတွေက စိတ်ထင်သလို ဝင်လျှောက်သွားလို့ ဘယ်ရပါ့မလဲ။”
ဆယ်ခုနစ်နှစ် ဆယ့်ရှစ်နှစ် အရွယ်ခန့်ရှိမည့် လူငယ်ကလည်း ဝင်လာသည်။
“မကျင့်ကြံနိုင်ရုံတင် မကဘူး အကန့်အသတ်ကိုတောင် မသိသေးဘူး။”
သူ၏မျက်ဝန်းတွင် အေးစက်အကြည့်က ထွက်ပေါ်လာသည်။ ယဲ့ဖန်းကို ကြည့်ကာ ပြောသည်။
“အမြန်ဆုံး ထွက်သွားလိုက်ပါ။ ဒီနေရာက ငါတို့ရဲ့ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက တပည့်ဂိုဏ်းသားတွေ လေ့ကျင့်တဲ့နေရာပဲ။ အပြင်လူတွေက ဝင်ခွင့်မရှိဘူး။”
“မင်းသောက်ပါးစပ်ကို ပိတ်စမ်း။”
ယဲ့ဖန်းကို အရှက်ခွဲခြင်းက သူ့ကို အရှက်ခွဲခြင်းဖြစ်သည်။ ထို့ကြောင့် ချက်ချင်းလိုလို သူက ရှေ့တက်ရန် ကြိုးစားလိုက်သည်။ သို့ရာတွင် ယဲ့ဖန်းက သူ့ကို လှမ်းတားပြီးနောက် တစ်ချက်ကြည့်သည်။ သူက မည်သည့်စကားမျှ မဆိုလေဘဲ ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ပြပြီး သူတို့၏အရှေ့တွင် ယမ်းလိုက်သည်။
“အကြီးကဲဝူရဲ့ ကျောက်စိမ်းတံဆိပ်ပြားပဲ။”
သူတို့၏ မျက်နှာထားများက ပျက်ယွင်းသွားကြသည်။ မူလက သူတို့က ယဲ့ဖန်းကို မောင်းထုတ်ချင်ကြသည်။ သို့သော် စကားလုံးများကိုသာ ဖြုန်းတီးလိုက်မိလေသည်။
ဟန်ဖေးယီက အရှေ့တက်လာကာ ပြောသည်။
” ဂိုဏ်းတူအစ်မ လီလင်း ဂိုဏ်းတူအကို လီယွန် သူတို့နဲ့ ပြဿနာ သွားရှာမနေပါနဲ့။ ကျွန်တော့ရဲ့မဟာဦးလေးက သူတို့ကို အခု ရန်မစခိုင်းထားဘူး။ ဒါပေမဲ့ သေချာပေါက် သူတို့ကိုလည်း အပြစ်ပေးခိုင်းမှာပါ။”
မီတာရာကျော် လမ်းလျှောက်ပြီးနောက် ဖန်းပေါ်ကပြောသည်။
“ငါ အခု မှတ်မိတာမှန်မယ်ဆိုရင် သူတို့ကို ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံရဲ့ တောင်အနောက်ဘက်ပိုင်းမှာ မြင်ခဲ့ဖူးသလိုပဲ။ ဒါပေမဲ့ အဲ့ဒီတုန်းကတော့ အရမ်းဝေးနေခဲ့တာ။ ဒါကြောင့် သေချာအာရုံမစိုက်ခဲ့မိဘူး။ အကြီးအကဲ ဝူချင်ဖုန်းကလည်း အဲ့ဒီအမျိုးသမီးက လီလင်းလို့ခေါ်ပြီး အမတ မျိုးစေ့ဘဲလို့ ပြောတယ်။
” အမျိုးသားကတော့ လီယွန်တဲ့။ သူက အမတ မျိုးစေ့ မဟုတ်ပေမဲ့ သူက အတော်လေး ထူးခြားပြီး ငါ့ထက်နည်းနည်းတောင်မှ မြင့်လောက်တယ်။”
ယဲ့ဖန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
“ကြည့်ရတာ မင်း ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံမှာဆိုရင် အန္တရာယ်မရှိတာတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ အနာဂတ်ကတော့ သက်တောင့်သက်သာရှိမှာမဟုတ်ဘူး။”
ဖန်းပေါ်ကလည်း ဂရုစိုက်ဟန်မရချေ။
“ဖိအားရှိမှဘဲ တိုးတက်ချင်စိတ် ရှိမှာပေါ့။ ငါ့ရဲ့လက်ရှိ ပန်းတိုင်က ဒီမျိုးမစစ်တွေကို သုံးနှစ်လောက်နေရင် ဖိနှိပ့်နိုင်ဖို့ပဲ။ နောက်ဆုံးတော့ အကြီးအကဲဝူချင်ဖုန်းက ဘာလို့သက်ပြင်းချပြီး ဒီနှစ်တွေမှာ ကောင်းတာတွေ ဆိုးတာတွေက ဒွန်တွဲနေတယ်လို့ ပြောတာကို နားလည်သွားပြီ။”
ယဲ့ဖန်းက သတိပေးသည်။
“ဝိညာဥ်အပျက်အစီး ကောင်းကင်ဘုံက အပေါ်ယံမှာ မြင်ရသလောက် မရိုးရှင်းဘူး။ အတွင်းပိုင်းမှာလည်း အကြီးအကဲတွေကြားက တိုက်ခိုက်မှုတွေ ရှိနေနိုင်သေးတယ်။ ဒီတော့ မင်း အနာဂတ်မှာ သေချာ ဂရုစိုက်သင့်တယ်။”
” ငါ သိပါတယ်။ အကြီးအကဲ ဝူချင်ဖုန်းကလည်း သူကငါ့ကို သူရဲ့နောက်ဆုံးတပည့်အဖြစ် လက်ခံချင်တယ်လို့ ပြောထားတယ်။ ငါ့အထင် မင်း ထွက်သွားတာနဲ့ငါ တောင်အနောက်ဘက်ပိုင်းကို သွားလေ့ကျင့်သင့်တယ်။ ငါ မအောင်မြင်မချင်း ပြဿနာမရှာသင့်ဘူး။”
ယဲ့ဖန်းကလည်း တခဏသာ တွေးတောပြီးနောက် ခေါင်းကိုခါသည်။
“နှမြောစရာကောင်းတာက ငါတို့က လုံလောက်အောင် မသန်မာသေးတာပဲ။ မဟုတ်ရင် ငါတို့အကြံအစည်တစ်ခုချပြီး ဒီအကောင်တွေကို တိုက်ခိုက်လို့ရပြီ။”
“ရပါတယ် မစိုးရိမ်ပါနဲ့။ သူတို့က ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး။”
ဖန်းပေါ်ကမူ ဒေါသထွက်နေသေးသည်။
“ဘာမှ မဖြစ်ဘူး စိတ်ထဲမထားနဲ့။”
ယဲ့ဖန်းက ပြုံးကာ ပြောသည်။
“မစိုးရိမ်ပါနဲ့။ ငါ သူတို့ကို အာရုံစိုက်ဖို့ ပျင်းလွန်းနေတာ။ ဒီတော့ သေချာပေါက် စိတ်ထဲမထားဘူး။”
“ဒီလိုဆိုရင် ကောင်းတယ်။ အခု ဘာမှ စိုးရိမ်မနေနဲ့။ မင်း စိုးရိမ်ရမှာက မင်း ကျင့်ကြံခြင်း အဆင့်ကို အာရုံစိုက်ထားဖို့ပဲ။ မင်းရဲ့ ဒုက္ခဆင်းရဲပင်လယ် ပွင့်တဲ့အထိစောင့်။ ပြီးရင် အစစ်အမှန် အမှိုက်ဆိုတာ ဘာလဲဆိုတာကို ပြပေးလိုက်။”
သိပ်မကြာခင် လီလင်း၊ လီယွန်နှင့် ဟန်ဖေးယီတို့က သူတို့ကို မှီလာသည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင် သူတို့က ယဲ့ဖန်းသို့နောက် လိုက်လာခြင်း မဟုတ်ဘဲ ဒီအတိုင်းဖြတ်သွားခြင်းဖြစ်သည်။
“နက်ရှိုင်းတဲ့ အပျက်အစီးနယ်မြေထဲကိုဝင်ပြီး ဒီအမှိုက်တွေကို ချန်ထားခဲ့ရအောင်။”
လီလင်းက နှာခေါင်းရှုံ့သည်။ သူမ၏ နှုတ်ခမ်းထောင့်နားလေးက အမှတ်လေးက အလွန်အမင်း တောက်ပလာပြီး လူအများကို အေးစက်သည့် ခံစားချက်ကို ရစေသည်။
ယဲ့ဖန်းက ဘေးဘက်တွင် ရပ်နေလျက် ထွက်သွားသောသူတွေကို စကားတစ်ခွးန်ပင် မဆိုဘဲ ကြည့်သည်။
“ခွေးမကတော့ …။”
ဖန်းပေါ်က အလွန်ဒေါသထွက်နေသည်။ သို့သော် သူက တောင့်ခံရန်သာ တတ်နိုင်တော့သည်။ ခွန်အားခြင်းကလည်း ကွာခြားလွန်းနေသည်။
နောက်နှစ်ရက်အတောအတွင်း ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က ဆေးပင်အမျိုးအစား ဆယ်မျိုးကျော်ကို ရှာတွေ့ခဲ့သည်။ သို့သော် အပင်များကို အကြီးအကဲများထံ လဲလှယ်သောအခါ ဆေးပုလင်းနှစ်ပုလင်းသာ လက်ခံရရှိသေးသည်။
ပြောရလျှင် အများစုက တူညီသော အခြေအနေကို ကြုံနေကြသည်။ လူအများစုက ဆေးပုလင်း တစ်ပုလင်းသာ လက်ဝယ်ရသေးပြီး လုံလောက်သော ပမာဏကို မရရှိကြသေးချေ။ ထို့အပြင် တပည့်ဂိုဏ်းသား သုံးယောက်ကလည်း သေသွားပြန်သည်။
“မဟုတ်သေးဘူး။ အပြင်ဘက်နယ်မြေမှာ အချို့မှော်ဆေးပင်တွေ ရှိနေတယ်ဆိုရင်တောင်မှ လုံလောက်အောင် သက်တမ်းက မရင့်သေးဘူး။ ဒီတော့ ငါတို့ထက် အရင်ရောက်လာပြီးတဲ့ သူတွေက ခူးပြီးနေပြီ။ ရှားပါးတဲ့သားရဲတွေအတွက်ကတော့ သူတို့က လူတွေအများကြီး ဝင်လာတာနဲ့ အဝေးကို ထွက်ပြေးသွားလောက်ပြီ။”
ဆေးနှစ်ပုလင်းက ယဲ့ဖန်းအတွက် ဘာမှမဟုတ်ချေ။ ထို့ကြောင့် နောက်ပိုင်းတွင် သုံးစရာမရှိတော့မည်ကို စိုးရိမ်သည့်အတွက် နှစ်ယောက်လုံးက အစစ်အမှန် ဆေးပင်နှင့်ဆေးမြစ်များကို တူးထုတ်ခြင်းနှင့် သားရဲများကို အမဲလိုက်ခြင်းကို လုပ်ချင်လာကြသည်။ သူတို့က လီလင်းနှင့် အခြားသောသူများက တောအုပ်၏ နက်ရှိုင်းဆုံးအပိုင်းကို ဝင်သွားကြလေပြီ။
သူတို့နှစ်ယောက်က အချိန်အတန်ကြာ တွေးတောနေပြီးမှ အဝေးကို ကြည့်သည်။
အဝေးတွင် ဤနေရာနှင့် ထိုနေရာကြားက အကွာအဝေး အနည်းငယ်ခြားနေသည်။ လွန်ခဲ့သော နှစ်ရက်ခန့်ကမူ မိုးကြိုးငှက်က သူ၏ မျက်စိစူးဖွယ် တောက်ပနေသော ရွှေရောင်ခန္ဓာကိုယ်ဖြင့် ထိုတောင်တန်းကို ဖြတ်သန်းသွားသော မြင်ကွင်းက သူတို့ကို လေးနက်သောစိတ်ကို ကျန်ရစ်နေစေသည်။
၄င်းက ကြေးခွံမျောက်ဘုရင်နဲ့ မြေပြင်တွင် ပထမဆုံးအကြိမ် တိုက်ပွဲတစ်ခုလုံးကို အလေးအနက်ဖြစ်စေသေးသည်။ ထိုအချက်က လူအများစုကို ပို၍ပင် အံ့ဩစေသည်။
ထိုတခဏတွင် မိုးကြိုးငှက်နှင့် ကြေးခွံမျောက်ဝံတို့က အချိန်တိုင်းလိုလို သူတို့၏ မျက်စိရှေ့တွင် ပေါ်ထွက်လာလေသည်။ လွန်ခဲ့သော နှစ်ရက်ခန့်အတွင် သူတို့က စူးရှသောငှက်အော်သံနှင့် ဟိန်းသံများကို ကြားခဲ့ရသည်။ ထို့ကြောင့် ထိုအခြေအနေက အလွန်အမင်း ကျယ်လောင်လွန်းကာ ပုံမှန်အတိုင်း ဖြစ်နေသေးပြန်သည်။ သို့သော် ယခုမှသာ အနည်းငယ် ငြိမ်သက်သွားသည်။
ဒီကြောက်စရာကောင်းတဲ့ သားရဲနှစ်ကောင်က တိုက်ခိုက်နေတာလား။
နှစ်ယောက်လုံးကမူ အခြေအနေက ပုံမှန်မဟုတ်ဟု ခံစားနေရသည်။ ထိုအခြေအနေတွင် အပျက်အစီးနယ်မြေ အတွင်းနက်ပိုင်းက ငြိမ်သက်သွားပြန်သည်။ သူတို့က ထိုနေရာသို့ ဝင်နိုင်မည်ဆိုလျင် အံ့အားသင့်စရာကောင်းသော ဆုလာဘ်များကို ရရှိမည်ဖြစ်ကြောင်း တွေးမိလိုက်ကြသည်။
ယဲ့ဖန်းနှင့် ဖန်းပေါ်တို့က အလွန်အမင်း ခေါင်းမာသောသူများ ဖြစ်ကြသည်။ သူတို့က သူတို့၏ စိတ်ကို ဆုံးဖြတ်လိုက်ပြီးသည်နှင့် ဘယ်အရာကမှ သူတို့ကို မပြောင်းလဲနိုင်တော့ချေ။
အပိုင်း ( ၄၉ ) ပြီး၏။